Saturday, August 25, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၃)

မဟုတ်သေးဘူး ...မဟုတ်သေးဘူး။ တစ်နေ့ကျတော့ တစ်နည်းနည်းနဲ့ သူသိသွားရင် ဘယ်လို လုပ်မလဲ။ အဲဒါမှ ပိုဆိုး သွားလိမ့်မယ်။ ငါ့အနေနဲ့ အပြစ်ကြီး နှစ်ခုကို ထပ်ဆင့် ကျူးလွန်ရာ ရောက်သွား လိမ့်မယ်။ အဲဒီတော့ .... အခုကတည်း က ပွင့်ပွင့်လင်းလင်း ၀န်ခံလိုက်တာ အကောင်းဆုံး ပါပဲ။ အဲဒီလို  ပြောပြရင်လည်း သူက စာကို ဖတ်ချင်မှာပဲ။ အဲဒီတော့ စာကို ဆုတ်ပစ်ဖို့ လည်း မဖြစ်သေးဘူး။ အင်း ....လွယ်မယောင်တော်တော် စဉ်းစားရ ကျပ်တဲ့ ကိစ္စပါလား။ အဲလေ... ဘာပဲဖြစ်ဖြစ် သိပ်ပြီး အလောတကြီး ဆုံးဖြတ်ချက်ချလို့တော့ မဖြစ်သေးပါဘူး။ ရေချိုး ပြီးသွားတော့ ကိုယ်ကို ရေစင်စင်သုတ်သည်။  ပီးတော့ တစ်ကိုလုံး မျက်နှာသုတ်ပ၀ါကြီးနှင့် သိုင်း ပတ်လိုက်သည်။ ထို့နောက် ရေလဲဝတ်စုံအိတ်ထဲမှ စာကို  ဆွဲထုတ် လိုက်သည်။ အင်း ... သူ့သားကလေးကို ငါနဲ့ဘယ်တော့မှ အဆက်အသွယ်မလုပ်စေချင်ဘူးကိုး။  သည် အကြောင်း တွေမိပြန်တော့လည်း ရင်ထဲတွင် ကြင်နာမှု လှိုင်းဂယက်တွေ ရိုင်ခတ် လာပြန်သည်။ ကို ဆက်ဖတ်ရန်

တကယ်တော့ ဆွန်ယာ့ကို သူမမေ့ပါ။ ဆွန်ယာသည် သူ့ဘ၀တွင် တစ်ကဏ္ဍ တစ်နေရာ၌ အမြဲတမ်း ရှိနေသည်သာ ဖြစ်သည်။ ထို့ကြောင့်လည်း ဆွန်ယာအကြောင်းတွေးမိတိုင်း သူ့ရင်ထဲ နွေးထွေးသော ခံစာချက်တစ်ရပ် အမြဲတမ်း ဖြစ်ပေါ်လာတတ်သည်။ သို့ပေမဲ့ .... လော်ရာအပေါ် ထားရှိသော အချစ် နှင့်တော့ နှိုင်းယှဉ်၍ မရ။ သူ့ဘ၀တွင် ဆွန်ယာဆိုသော ကိုရီးယားသူကလေး တစ်ယောက် ရှိခဲ့ဖူးသည် ဟူသော အသိအမှတ် ပြုခြင်းမျှလောက်သာ ဖြစ်သည်။ ဒါနဲ့တောင်မှ ကလေးက သူ့အမေစကား ဘာလို့ နားမထောင်ရတာလဲ။ သူက စာရွက်ကို ဖြန့်၍ နောက်စာတစ်ကြောင်းကို ဖတ်ကြည့်လိုက်သည်။
ယခုအခါ သားမောင်မှာ ကျောင်းလည်း မနေရပါဖေဖေ။

သူ ကိုရီးယားမှ ထွက်ခွာလာခဲ့သော အချိန်တွင် သူ့သားကလေးမှာ တစ်လသား အရွယ်မျှသာ ရှိသေး သည်။
ကလေးမွေးတဲ့ ရာသီကလည်း ဆောင်းဦးပေါက်ကာလ။ ပတ်ဝတ်းကျင် တစ်ခွင် တစ်ပြင်လုံးတွင် နှင်းတွေဝေပြီး မှုန်မှိုင်းလျက် ရှိသည်။ ချမ်းအေးလိုက်သည်မှ လေမလုံသော ဖြစ်ကတတ်ဆန်း အခန်းကျဉ်းကလေး။ အအေးဒဏ်ကို ကာကွယ်ရန် တစ်ခုတည်းသော အားကိုးရာကတော့ ဂွမ်းကပ်လွှာ စောင်ကလေး မျှသာ။အပြောကျယ်လှသော ဆိုက်ဘေးရီးယား ရေခဲပြင်ကြီးကို ဖြတ်ကျော် ကာ မြောက်ပိုင်း တောင်ထွတ် ဖျားပေါ်မှ တိုက်ခတ်လာသည့် ရေခဲဖုံးသော လေစိမ်းကလည်း သူ၏ အရိုးအရေကို မဆိုထား ဘိ၊ ကျောက်စိုင်ကျောက်ခဲ များထဲသို့ပင် ထိုးဖောက် ၀င်ရောက်နိုင်လိမ့်မည် လားဟု ထင်မှတ်ရသည်။ ထိုအချိန်က သူ့အဖို့ တစ်ခုတည်းသော နှစ်သိမ့်စရာမှာ ဆွန်ယာနှင့် အသား ချင်း ထိကပ်၍ အိပ်ရခြင်း အန္တရာယ်မှ ကယ်တင်ခဲ့သည် အဓိက အကြောင်းတစ်ရပ် ဖြစ်သည်။

သည်အကြာင်းတွေကို သူ့အနေဖြင့် လော်ရာအား ပြောပြ၍ ဖြစ်နိုင်ပါမည်လား။ လော်ရာသာမဟုတ်။ တခြား မိန်းမများကော သည်ကိစ္စမျိုးတွင် နုားလည် ခွင်လွှတ်နိုင်ပါမည်လား။
တခြားလူတွေကို မဆိုထားဘိ။ ကာယကံရှင်ဖြစ်သော သူကိုယ်တိုင်ပင်လျှင် သည်ဖြစ်ရပ်ကြီး တစ်ခုလုံးကို ကျိုးကြောင်း ဆက်စပ်၍ နားလည်နိုင်စွမ်းမရှိတော့။
သို့သော် ...သူက မေ့တော့ မမေ့ပါ။ ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ်မှတ်မိနေတုန်းပင် ဖြစ်သည်။
အထူးသဖြင့် ...ကလေး ကိစ္စ။ ဆွန်ယာ့တွင် ကိုယ်ဝန်ရှိနေပြီဟု သိရသော နေ့ကဆိုလျှင် သူသည် အကြီးအကျယ် စိုး၇ိမ် တုန်လှုပ် သွားမိကြောင်းကို အွန်ယာ့အား ဖွင့်ဟပြောပြရန် သတ္တိတော့ သူ့တွင် မရှိ။ ဆွန်ယကတော့ သူမတွင် ရင်သွေးကလေး ရတော့မည်ကို တွေးပြီး အတိုင်းမသိ ၀မ်းသာပျော်ရွှင်ဟန်ဆောင် လိုက်ရပါတော့ သည်။ သည်အချက်ကိုတော့ သူ ကောင်းကောင်းကြီး မှတ်မိနေပါသေးသည်။

အချိန်က နွေဦးပေါက်ရာသီ။ ဧပြီလ၏ နေ့တစ်နေ့ ....။
အပြင်ဘက်တွင် နေရောင်ဖြင့် နွေးထွေးသော်လည်း အ၇ိပ်အောက်တွင်တော့ ချမ်းအေးနေတုန်းပင် ရှိသေးသည်။ သူတို့နှစ်ယောက်သည် ထမင်းထုပ်နှင့် ချိုချဉ် သစ်သီးဝလံတွေယူကာ မြို့ပြင်မှ တောင်ပေါ်သို့ တက်လာခဲ့ကြ သည်။ နက်စောက်သောတောင် ကမ်းပါးယံကို တက်သောအခါ လေက တဟူးဟူး တိုက်ခတ် သည်။ နောက်ဆုံး နေရောင်၇သော ကျောက်တောင်ကြားမှ အက်ကြောင်း တစ်ခုတွင် စခန်း ချကြသည်။ မြေကြီးပေါ် တွင် မြက်ခြောက်များခင်းကာ နှစ်ယောက်သား ဘေးချင်းကပ်၍ ထိုင်ကြသည်။

သူက တပ်တွင်း ကုန်စုံဆိုင်မှ ၀ယ်လာသော ချော့ကလက် တောင့်များကို သူမအား ထုတ်၍ကျွေး သည်။ သူမက ချော့ကလက် ကို အလွန်ကြိုက်သည်။ သို့ပေမဲ့ ... သူမက ပြောသည်။
''နေပါဦး။ ထမင်း အရင်စားပါ။ ပြီးတော့မှ အချိုစားတာ ပိုကောင်းတယ်''
သူမက စည်းကမ်း ကို အလွန်လေးစားသည်။ ဘယ်အရာကိုမဆို စည်းကမ်းအတိုင်းသာ လုပ်တတ် သည်။ ထို့ကြောင့်လည်း ချော့ကလက် ကို ဘယ်လောက်ပင် ကြိုက်ကြိုက် ထမင်း မစားခင် ဘယ်တော့ မှ စားလေ့မရှိ။
သို့ပေမဲ့ .... သူမအနေဖြင့် စည်းမစောင့်တာ တစ်ခုတော့ ရှိသည်။ ယင်းမှာ အခြားမဟုတ်။ သူ့ဆန္ဒကို အချိန်မရွေး လိုက်လျောခြင်း ပင် ဖြစ်သည်။
သူတို့ နှစ်ယောက်တည်းသာ ရှိကြသောအခါ နေ့ညမဟူ သူတောင်းဆိုလာတိုင်း အမြဲတမ်း လိုက်လျော တတ်သည်။ သူမ က သူ့''အချစ်''ကို တပ်မက်သည်။ တကယ်တော့ သူတို့နှစ်ယောက်၏ ''အချစ်''ကို အချစ် ဟုခေါ်၍ ရနိုင် ပါမည်ဘား။ သို့သော် ... ရုပ်သွင် အမျိုးမျိုးရှိသော အချစ်ကို အဘယ်သူသည် အဓိပ္ပာယ်အတိ အကျ ဖွင့်ဆိုနိုင် ပါမည်နည်း။

သူ့အချစ်ကိုပဲ ပိုင်းခြား ဝေဖန်ကြည့်ပါ။ ဆွန်ယာ့ကို ချစ်သော အချစ်က တစ်မျိုး။ လော်ရာကို ချစ်သော အချစ်က တစ်ဖုံ။ ယင်းအချစ်နှစ်ခုသည် တူသယောက်ရှိသော်လည်း လုံးဝ မတူပါချေ။ သို့သော် ... သူက ဆွန်ယာ့ကို ချစ်တာတော့ အမှန်ပင်။
ဆွန်ယာ့အချစ် က အညှာလွယ်သော အချစ်။ ရက်ရောသော အချစ်။ လော်ရာ အချစ်က လေးနက်သော  အချစ်။ လေးစားမှု ရှိသော အချစ်။
သူ ကိုရီးယားတွင် ရှိနေစဉ်တုန်းက ဆွန်ယာသည် သူ့အဖို့ ဤကမ္ဘာတွင် တစ်ဦးတည်းသော ချစ်သူ။ တစ်ဦးတည်းသော မိန်းမ။ သို့သော် ယောက်ျား တစ်ယောက်နှင့် မိန်းမ တစ်ယောက်တို့၏ အချစ်ကို သူက မခွဲခြားတတ်သေး။ သူ့အသက်က အလွန် ငယ်သေးသည်။ အချစ်သဘာဝကို ပိုင်းခြား ဝေဖန်ခြင်း မပြုတတ်သေး သည့် အရွယ်။
သို့သော်....... ဆွန်ယာနှင့် ချစ်နေရတာကိုတော့ သူက အလွန် ကျေနပ်နေခဲ့သည်မှာ အမှန်။

ထိုနေ့က တောင်ကြားကျောက်ခေါင်း ထဲတွင် ထမင်းလက်ဆုံစားကြ။ တစ်ယောက် ပါးစပ်ထဲ တစ်ယောက် ချော့ကလက်တွေ ခွံ့ကြဖြင့် ပျော်လိုက်ကြသည့်ဖြစ်ခြင်း။
ဆွန်ယာ က သူ့လက်ကို ဆုပ်ကိုင်ကာ သူမ၏ ၀မ်းဗိုက်စူစူကလေးပေါ်တွင် တင်လိုက်သည်။
''ဒါ မောင့်ကလေးပေါ့'' ဟု သူမက ပြုံးပြုံးကလေး ပြောသည်။
''မောင်.... ၀မ်းမသာဘူးလား.....ဟင်''
အမှန်အတိုင်းပြောရလျှင် ကြားလိုက်ရသောစကားကြောင့် သူ လုံး၀၀မ်းမသာမိ။ တစ်ကိုယ်လုံး ကြက်သီးတွေဖြာပြီး ကျောစိမ့် သွားခြင်းသာ ဖြစ်မိလိုက်သည်။ အာတွေခြောက်ပြီး ခေါင်းလည်း ချာချာလည် သွားမိသည်။ သူက ဆန့်ကျင်ဘက် စကားပြောရန် ပါးစပ်ကို ဖွင့်လိုက်တော့ သူမ၏ မျက်နှာ အမူအရာကြောင့် ပါးစပ်ပြန်ပိတ် သွားမိသည်။ သူမ၏ မျက်နှာတွင် ၀မ်းသာ ကြည်နူးခြင်း ရောင်ခြည်သည် လင်းဖြာ ၀င်းထိန်နေသည်။

အဖြစ်မှန်ကို သူ ချက်ချင်း သိလိုက်ပြီ။ သူမတွင် ကိုယ်ဝန်ရှိခြင်းဖြင့် သူက သူမအား မလွဲမသွေ လက်ထပ် ရတော့မည်ဟူ၍ သူမက ယုံကြည်သွားချေပြီ။
ဤမိန်းကလေးတွေ အားလုံးပင် ဤသဘောကို စွဲမြဲစွာ ခံယူထားကြသည်။ ဒေါ်လီ လို မိန်းကလေးတောင်မှ ဤသို့ပင် သဘောထားသည်။ သို့သော်...... ဆွန်ယာက သူတို့နှင့်မတူ။ သူတို့နှင့် ခြားနားသော မိန်းကလေး။
ထို့ကြောင့် ပင် သူက ကန့်ကွက်လိုစိတ် မရှိတော့။ ဟန်ဆောင်ခြင်းဖြင့်သာ ကျိတ်ခံလိုက်ရတော့သည်။
''မင်း တကယ် ပြောတာလား ဆွန်ယာ။ ဒါနဲ့..... ဘာမှလည်း မကြာသေးဘဲနဲ့..... မင်းဗိုက်ကလည်း ဒီလောက်တောင် ကြီးနေပြီလား''
သူ့စကား တွင် စိုးရိမ်ရိပ်က ထင်ရှား ပေါ်လွင်နေသည်။ သူက ဘာကြောင့်များ စိုးရိမ်ရတာပါလိမ့်။ ကိုယ့်ရင်သွေး ကလေး မွေးတော့မည်ကို သိရသော ယောက်ျားတိုင်းသည် သည်လိုပဲ စိုးရိမ်စိတ်တွေ ဖြစ်တတ်ပါသလား။

တကယ်တော့ ဆွန်ယာနှင့် ဆက်ဆံပေါင်းသင်းရာဝယ် သူ့အနေဖြင့် ကလေးမွေးဖို့ ကိစ္စကို လုံးဝ ထည့်မတွက်ခဲ့ရိုး အမှန်ပါ။ အကယ်၍ ကိုယ်ဝန်ရှိလာသည့်တိုင်အောင် ဆွန်ယာ့အနေဖြင့် တစ်နည်းနည်းနှင့် ကာကွယ် လိမ့်မည်ဟု သူက ယူဆနေခဲ့သည်။ သူမ အနေဖြင့် ကလေးမွေးရန် ကိစ္စကို လုံးဝ စဉ်းစားလိမ့်မည် မဟုတ် ဟုလည်း သူက ထင်မှတ်နေခဲ့သည်။ အမှန်ဆိုလျှင်... သူက ဆွန်ယာနှင့် မွေးဖွားသော ကလေးကို လုံးဝ မလိုချင်။ ဆွန်ယာနှင့် ပေါင်းသင်း ဆက်ဆံနေရခြင်းကိုသာ လိုလားခဲ့ခြင်း ဖြစ်သည်။
''ကျွန်မက အလကားသက်သက် ပြောရမှာလား မောင်။ တကယ်ရှိနေလို့ တကယ်ေ ပြာတာပေါ့''
ဆွန်ယာက သူ့ ပခုံးပေါ်တွင် ပါးကလေးအပ်ကာ ကျေနပ်စွာဖြင့် ပြန်ပြောသည်။
သို့သော် ဆွန်ယာ က ဘယ်လိုပင် ပြောပြော သူကတော့ စိတ်ထိခိုက်သွားပြီ။ လောလောဆယ် ချစ်တင်းနှောနေ ရခြင်းကိုလည်း စိတ်မပါတော့။ သည်အချက်ကို ဆွန်ယာက သတိပြုမိသဖြင့် သူ့မျက်နှာကို မော့ကြည့်ကာ စိုးရိမ်တကြီး မေးသည်။

''မောင်.... နေမကောင်းဘူးလား.... ဟင်''
''ငါ နည်းနည်း အအေးပတ်သွားလို့ပါ။ တို့ပြန်ကြမှ ထင်တယ်.... ဆွန်ယာ''
ထိုအချန်တွင် နေသည် လျှိုမြောင်တောင်ကြားမှ တက်လာသော တိမ်လွှာထုထဲသို့ ၀င်သွားခဲ့ပြီ။
ဆွန်ယာက အ၀တ်အစားများ ပြန်ဝတ်သည်။ ပြီးတော့ သူ့လက်ကို ဆွဲကာ တောင်ပေါ် မှ ပြန်ဆင်း လာခဲ့ကြသည်။ တောင်အောက် ရောက်တော့လည်း သူက သူတို့နှစ်ယောက် ချိန်းတွေ့နေကျ တဲအိမ်ကလေး ထဲသို့ မ၀င်တော့။
ဆွန်ယာ ၏ ပါးပြင်မို့မို့ကလေးကို တစ်ချက် နမ်းပြီးနောက် ဘာစကားမှ မပြောတော့ဘဲ ချာခနဲသာ လှည့်ထွက်လာခဲ့တော့ သည်။
ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ သူက နောက်ပြန် လှည့်ကြည့်သည်။ ဆွန်ယာက တဲအိမ်တံခါးဝတွင် ရပ်ကာ သူ့ကို စိုက်ကြည့်နေ သည်။ သူမ၏ ချစ်စရာ မျက်နှာကလေးပေါ်တွင် ၀မ်းနည်းခြင်းနှင့် ဝေခွဲမရခြင်း အရိပ်အရောင် များကို မြင်ရသည်။

သူသည် ဆွန်ယာ့ဆီကို ငါးရက်တိတိ မသွားဘဲ နေလိုက်သည်။
နောက်တော့ သူ မနေတတ်မထိုင်တတ် ဖြစ်လာသည်။ အထီးကျန် ဖြစ်လာသည်။ ဆွန်ယာ့ ဗိုက်ထဲမှကလေးဟာ ငါ့ရင်သွေး အစစ်အမှန်ပါကလား ဟူ၍လည်း ခံယူလာသည်။
သည်နောက် သူ ဆွန်ယာ့ဆီသို့ ဆက်လက်၍ သွားဖြစ်တော့သည်။
သည်လိုနှင့် ကလေးမွေးပြီးနောက် ရက်ပိုင်းအတွင်းတွင်ပင် သူသည် မွေးရပ်ဌာနီ အမေရိကန်ပြည် သို့ ပြန်ရတော့မည်ကို သိရှိခဲ့ရသည်။
အမိနိုင်ငံ ကိုပဲ ပြန်သွားရမည်လား။ ကိုရီးယားနိုင်ငံတွင်ပဲ ဆွန်ယာနှင့်အတူ နေကျန်ရစ်ရမည်လား.... ဟူသော ဘေးကျပ်နံကျပ် ပြဿနာနှင့် အကြိတ်အနယ် နပန်းလုံးရတော့သည်။ နောက်ဆုံးတော့ အမိနိုင်ငံ သို့ ပြန်ရန်..... မျက်စိကို ဇွတ်မှိတ်ပြီး ဆုံးဖြတ်လိုက်သည်။

သူ့ ဆုံးဖြတ်ချက်ကို ဆွန်ယာအား ပြောပြတော့ ဆွန်ယာက သူ့ကိုဖက်ပြီး ရှိုက်ကြီးတငင် ငိုရှာသည်။ သူတို့နှစ်ယောက်ဘေးမှ ဖျာကြမ်းပေါ်တွင် ပက်လက်ကလေး သိပ်ထားသော သားကလေး ကလည်း ခြေလက်ကလေးတွေ ယက်ကန်ယက်ကန်ဖြင့် တ၀ါးဝါး အော်ငိုနေသည်။
''ငါ မပြန်လို့ မဖြစ်လို့ပါ ... ဆွန်ယာရယ်။ ငါ့မှာ မိဘတွေရှိသေးတယ်။ ငါ့မိဘတွေကို ပြုစုစောင့်ရှောက် ရမယ့် တာဝန်က ရှိသေးတယ်'' ဟု သူက ပြောပြသည်။
သူက ''ငါ့မှာ အမေရိကားမှာ လက်ထပ်ပြီးသား မိန်းမ ရှိနေလို့ပါကွယ်'' ဟုတော့ လုံးဝ မပြော။ တကယ်တော့ လည်း သူ့မှာ အိမ်ထောင်ရှိကြောင်း သူက ဆွန်ယာအား ဘယ်တုန်းကမှ မပြောခဲ့ပါချေ။
''ဟုတ်ပါတယ်... ဟုတ်ပါတယ်။ မိဘကို ဦးစားပေးရမယ်ဆိုတာ ကျမလည်း သိပါတယ် မောင် ရယ်။ နောက်ပြီးတော့ ... မောင်... ကျွန်မဆီကို  ပြန်လာဦးမှာပေါ့နော်''
သူမက မျှော်လင့်ခြင်း ကြီးစွာဖြင့် မေးလိုက်သည်။

''ငါ အတတ်နိုင်ဆုံးကြိုးစားပါ့မယ် ဆွန်ယာ'' ဟု သူက မယုတ်မလွန်ပြန်၍ ကတိပေးသည်။ စင်စစ် သူကလည်း လိမ်ညာ ၍ မပြောချင်။ အကြောင်းကတော့ သူ ဘယ်တော့မှ ပြန်မလာနိုင်တော့ ဆိုသည် ကိုသိထားပြီး ဖြစ်သောကြောင့်ပင်။
နောက်ဆုံး ခွဲခွာကြရသည့် အချိန်မှာတော့ သူ့အနေဖြင့် ရင်ဆို့ဝမ်းနည်းစရာ ကောင်းလှတော့သည်။ ယခုလောလောဆယ် ပြန်တွေးမိသော အချိန်တွင်ပင် အလားတူ ဝေဒနာကို တဆို့တနင့် ခံစားရမိ သည်။
သူက တစ်လသား အရွယ် သူ့ရင်သွေးကလေး၏ မျက်နှာကို နောက်ဆုံးအကြိမ်အဖြစ် ကြည့်လိုက်
သည်။
ကလေးငယ်သည် အေးဆေးငြိမ်သက်စွာဖြင့် မိခင် ရင်ခွင်ထဲတွင် ပက်လက်ကလေး အိပ်နေသည်။ တစ်ကိုယ်လုံး ခြုံ၍ ကြည့်လိုက်လျှင်တော့ အာရှတိုက်သားကလေး ရုပ်သွင်မျိုး ပေါ်လွင်နေသည်။ သို့သော် မျက်နှာ ကျတော့ အာရှတိုက်သား မျက်နှာမျိုးမဟုတ်။

ငါဟာ သူ့အဖေဆိုတာ သိနေတဲ့ ပုံစံမျိုးပါလား ဟု သူက တွေးလိုက်မိသည်။ တစ်ချိန်တည်းတွင် သူ့ရင်ထဲ၌ အမည် မဖော်တတ်သော ဝေဒနာတစ်ရပ်ကိုလည်း စူးစူးရှရှ ခံစားလိုက်ရသည်။ ''သားကလေးက မချော ဘူးလား ....မောင်''
ဆွန်ယောင် က မျက်ရည်တွေ ရွဲရွှဲစိုနေသည့်ကြားမှ ဂုဏ်ယူသော လေသံဖြင့် မေးသည်။
''ဟုတ်ပါတယ်။ ချောပါတယ်။ မင်းနဲတူလို့ ချောတာပေါ့''
သူက စိတ်ကို တင်းလိုက်သည်။ ပြီးတော့ ... သူ့လည်ပင်းကို တင်းတင်း ဖက်ထားသော ဆွန်ယာ၏ လက်နှစ်ဖက် ကို ဆွဲဖြုတ်လိုက်သည်။
ဆွန်ယာ သည် ရှိုက်ကြီးတင် ငိုယိုရင်း ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။ သူက ကိုယ်ကို ကုန်းကာ ဆွန်ယာ အား ပွေ့ချီထူမရန် မကြိုးစား။ ကြိုးစားနိုင်သော သတ္တိလည်း မရှိတော့။
သူ့လည်ချောင်း တွင် ဆို့ကျပ်လာသည်။ ဘာစကားမှ ပြော၍မထွက်တော့။ ဘာစကားကို ဘယ်လို ပြောရမှန်း လည်း မသိတော့။
မျက်နှာ ကို ချာခနဲ လှည့်ကာ တဲအိမ်ကလေးမှ ရုတ်တရက် ပြေးထွက်လာခဲ့လေတော့သည်။

ယခုတော့မူ သူ့သားကလေး သူ့ရင်သွေးကလေးက ''သားမောင်လေးစားစွာ စာရေးလိုက်ပါတယ် ... အမေရိကန်ဖေဖေ'' ဟူ ၍ သူ့ထံသို့ စာရေးလိုက်ပါရောလား ....။
''ဒေါက်...ဒေါက်....ဒေါက်.....မောင် နေကောင်းရဲ့လားဟင်''
တံခါးခေါက်သံနှင့်အတူ လော်ရာ၏ အသံကိုပါ ဆက်တိုက်ကြားလိုက်ရသည်။
''အို...အဲ....ကောင်းပါတယ်....အေး....ကိုယ်လာပါပြီကွယ်''
လက်ထဲမှစာကို ရေချိုးဝတ်ရုံ အင်္ကျီအိတ်ထဲသို့ ကမန်းကတန်း ထိုးထည့်လိုက်သည်။ ကတ္တီပါရေလဲ ၀တ်ရုံကြီးကို ကပျာကယာ ကောက်စွပ်သည်။
သူ့စိတ် က ဂနာမငြိမ်။ အတွေးက မပြတ်။ အတိတ်ကာလဆီသို့သာ ပြန်၍ လွင့်မျောနေသည်။ ထို့ကြောင့် သူကစကားမရှိ စကားရှာ၍ ပြောသည်။

''အံမယ်...ဒီလိုဆိုတော့လည်း ကိုယ့်ဇနီးက တယ်ချောပါလား .... ''
''ဟုတ်တယ်....ချောလိမ့်မယ် အားကြီးကြီး။ ဒီအ၀တ်အစားဟောင်းကြီးနဲ့များ''
သူမက ရှက်စနိုး အမူအရာဖြင့် ပြန်ပြောသည်။ တကယ်တော့ သူမ၏ လင်တော်မောင်က သူမအား ယခုကဲ့သို့ မြှောက်ပင့်စကား ပြောခဲလှသည်။
''ဟောင်းပေမဲ့....ကိုယ်ကတော့ ဒီအဆင်ကိုပဲ သိပ်ပြီး သဘောကျတယ်''
လော်ရာ ၀တ်ထားသော ၀တ်စုံမှာ လည်ဟိုက်ကျကျဖြင့် ပါးလွှာအိစက်သော အနက်ရောင် အပျော့စား လက်ရှည်ဝတ်ရုံ ဖြစ်သည်။ သူမ၏ ကြည်စင် ၀င်းမွတ်နေသော အသားအရေနှင့် အလွန်လိုက်ဖက် သည်။ သူမ၏ ရုပ်ရည်နှင့် ပတ်သက်၍ ပိန်လွန်းခြင်း တစ်ခုသာ ပြောစရာ ရှိသည်။ သို့ပေမဲ့ အရိုး အဆစ် ကတော့ ပျော့ပျောင်းနူးညံ့ သည်။
လော်ရာ့ ရုပ်သွင် ကို ကြည့်နေရင်းမှ ဆွန်ယာ့ ရုပ်သွင်ကို ရုတ်တရက် မြင်ယောင်လာမိသည်။

ဆွန်ယာက လော်ရာလောက် အရပ်မရှည်။ ကိုယ်လုံးကိုယ်ပေါက် အိအိဖိုင့်ဖိုင့်နှင့် တစ်တစ်ရစ်ရစ် ရှိသည်။ သူက သူ့အတွေး ကို စိတ်အာရုံထဲမှ အတင်း မောင်းထုတ် ပစ်လိုက်သည်။
ပြီးတော့ ....စားပွဲ အံဆွဲထဲတွင် လက်ကိုင်ပ၀ါ အသစ်တစ်ထည် နှိုက်စမ်းနေရင်းမှ ပြောလိုက်သည်။
''ကဲ .....အားလုံး ကျွန်မအောက်ထပ်ဆင်းပြီး ညစာ ပြင်ပြီးပြီလား ....သွားကြည့်လိုက်ဦးမယ်''
သူ့ဇနီး လှေကား မှ ဆင်းသွားသံ ကြားရသည်။ သူ ကုလားထိုင်တွင် ခေတ္တ ၀င်ထိုင်လိုက်သည်။ တစ် ကိုယ်လုံး နုံးချည့် နွမ်းခွေကျသွားသည်။ ရွေးကောင်ပွဲအတွက် မဲဆွယ်ရေး လုပ်ငန်း ကြီးကြောင့် ခေါင်းမီး တောက်နေသည့် အထဲ သည်ကိစ္စက ဆိုင်းမဆင့် ဗုံမဆင့် ၀င်လာပြန်သောအခါ တစ်ပူပေါ် နှစ်ပူဆင့် သလို ဖြစ်သွားတော့သည်။
ဘာဘဲဖြစ်ဖြစ် သည်ကိစ္စ ကို အလေးအနက်ထား၍ မဖြစ်။ သားကလေးထံ မှ ပေးစာကိုလည်း ပြန်စာမပို့ဘဲ သည်အတိုင်းပဲ ထားလိုက်မည်။ သူ့ဖေဖေထံ သူ့စာ မရောက်၍ စာမပြန်တာဟု ကလေးက ထင်လိမ့်မည်။

မဖြစ်ဘူး .... မဖြစ်ဘူး။ ဒီိလိုလုပ်လို့လည်း မဖြစ်သေးဘူး။ ဒီကလေးက တခြား ကလေးမှ မဟုတ်ဘဲ... ငါ့ရင်သွေး ...ငါ့သား။
အကယ်၍သာ ဆွန်ယာ သည် သူမ၏ သားကလေးအား ဖခင်ထံ စာရေးဖြစ်အောင် ရေးပါဟု ခိုင်းခဲ့လျှင် ...သူ့အနေဖြင့် ယင်းစာ ကို လုံးဝ ဂရုမစိုက်ဘဲ ဆုတ်ပစ်လိုက်နိုင်သည်။
ဟင့်အင်း....ဒါလည်း မဟုတ်သေးဘူး။ ဘာဖြစ်လို့ဆို စာရေးတဲ့ကလေးက တခြားကလေးမှ မဟုတ် တာ။ ငါ့သား ....ငါ့ရင်သွေး ပဲ။
ဘာပဲပြောပြော ကလေး၏ ဖခင် တစ်ယောက်အနေဖြင့် တရားဝင် မဟုတ်သော်မှ လူ့ကျင့်ဝတ်အရ သူ့တွင် တစ်စုံ တစ်ခုသော အတိုင်းအတာအထိ တာဝန်ရှိသည်။ အာရှနိုင်ငံများတွင် သားသမီးများ အတွက် ဖခင်ဖြစ်သူ ကသာ လုံးဝ တာဝန်ယူရသည်ဟု သူကြားဖူးခဲ့သည်။

မှန်ပါသည်။ ယင်းဓလေ့ထုံးစံကို သူကြားဖူးခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။ နောက်တော့ ...သူ မေ့သွား သည်။ တမင် မေ့ချင် ၍ မေ့ပစ်တာလား။ ယင်းသို့တော့ မဟုတ်။ အမှတ်မထင် မေ့သွားခြင်းသာ ဖြစ်သည်။
''ဒေါက်.... ဒေါက်....ဒေါက်''
တံခါးခေါက်သံ ကြားရပြန်သည်။
သူနောက်ပြန် လှည့်ကြည့်လိုက်သည်။
''ဘယ်သူတုန်း''
''ကျွန်မပါ အစ်ကိုကြီး''
ဂရီတာ က အပြင်ဘက်မှ ပြန်ပြောသည်။
''ညစာ အဆင်သင့် ပြင်ထားပြီးပါပြီ....အစ်ကိုကြီး။ မမလည်း စားပွဲမှာရောက်နေပြီ။ ဖယောင်းတိုင် တွေလည်း ထွန်းထားပြီးပါပြီ။

''ကောင်းပြီလေ...ငါခုပဲ လာခဲ့မယ်''
ဒီစာကို ဘယ်လိုလုပ်ရမလဲ။ ရေချိုးဝတ်စုံ အိတ်ထဲ ထည့်ထားတာထက် လက်ဆွဲသားရေအိတ်ထဲ ထည့်ထား တာက ပိုပြီး စိတ်ချရလိမ့်မယ်... ဟုတွေးမိသည်။
ထိုနောက် အောက်ထပ်သို့ ဆင်းလာခဲသည်။
လော်ရာသည် စားသောက်ခန်းထဲမှ မီးလင်းဖိုဘေးတွင် ရပ်နေသည်။ မီးလင်းဖိုတွင် မီးသွေး တရှိန်းရှိန်း တောက်နေသည်။ လော်ရာ၏ မျက်နှာနှင့် ဆံပင်များပေါ်တွင် မီးရောင်ဟပ်ကာ အလှတိုးနေသလို ထင် မှတ်ရသည်။
''ခဏ....ခဏ...ကိုယ်လာခဲ့မယ်။ စာရေးစားပွဲပေါ်မှာ ကြည့်စရာတစ်ခု ရှိလို့''
သူက စားသောက်ခန်း တံခါးပေါက်ဘေးမှ ဖြတ်သွားရင်း ဇနီးဖြစ်သူအား လှမ်းပြောလိုက်သည်။]

ပြီးတော့ စာကြည့်ခန်းထဲ ၀င်လာခဲ့သည်။ တံခါးရွကို ပြန်ပိတ်လိုက်သည်။
စိတ်ချရပြီ။ အခန်းထဲတွင် သူ တစ်ယောက်တည်းသာ ရှိသည်။
လက်ဆွဲသားရေအိတ်ကို သော့ပြန်ပိတ်သည်။ သော့ကို အ၀တ်ဗီရိုတွင် ချိတ်ထားသော ကုတ်အင်္ကျီအ တွင်းအိတ် ထဲ ထည့်ထားလိုက်သည်။
စိတ်ထဲ တွင် တော်တော် သက်သောင့်သက်သာ ရှိသွားသည်။
ဒီလောက်ဆို စိတ်အေးရပြီ။

ထို့နောက်တွင်တော့...စားသောက်ခန်းစားပွဲတွင် ဇနီးဖြစ်သူနှင့် အတူထိုင်ကာ မြိန်ယှက်စွာ စား သောက်နေတော့ သည်။ ဇနီးဖြစ်သူက စကားပြောနေစဉ် သူက ဘဲဥပုံ စားပွဲကြီးထိပ်ဆုံး ၌ထိုင်ရင်း နောင်တရသော ကြင်နာမှုဖြင့် နားထောင်နေသည်။ သူက သူမ၏စကားကို စိတ်လည်း အလွန်ဝင်စားသည်။ တစ်ချိန်တည်းတွင် သူမအား ကြောက်သလိုလိုလည်း ခံစားရမိသည်။ သူမ၏ဝါသနာထွေပြားမှုကို အခြားယောက်ျားတွေ နာမှလည်နိုင်ပါမလားဟူ၍ သူ တွေးမိခဲ့သည့် အကြိမ်ပေါင်း မနည်းတော့။
သူမသည် ဆာဂက်ဆို ပင်လယ်ရေအောက်ရှိ အယ်လဂျီ အမည်ရှိ အပင်တစ်မျိုးမှ ပဋိဇီဝဆေးနည်း တစ်မျိုး ကို ဖော်ထုတ်နိုင်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးစားရှာဖွေချိန်တွင် သူတို့ နှစ်ယောက် စတင်သိကျွမ်း ခဲ့ကြသည်။ သူမသည် စကူဘာ ခေါ် ကိရိယာတစ်မျိုးကို အသုံးပြုကာ ယောက်ျားများနှင့် ရင်ပေါင်တန်း၍ ပင်လယ်ရေအောက် အနက်ကြိးထဲသို့ စွန့်စွန့်စားစား ငုပ်ပြီး အယ်လဂျီ ဆေးပင်ကို ရှာဖွေသည်။

“စကူဘာဆိုတာ ဘာလဲ”
သူတို့နှစ်ယောက် စတွေ့ကြတော့ သူက မသိ၍ မေးကြည့်သည်။
“အလိုအလျောက် ရေအောက်အသက်ရှုကိရိယာကို ခေါ်တာပါ” ဟု သူမက ရှင်းပြသည်။
သူက “စကူဘာ” အကူအညီဖြင့် ကိုယ်တိုင်စမ်း၍ ရေငုပ်ကြည့်သည်။ လော်ရ၏သတ္တိကို အံ့သြမိသည်။ ချီးလည်း ချီးကျူးမိသည်။ အလိုအလျောက်အသက်ရှူကိရိယာပါသော် ရေအောက်တွင် ပုံမှန် အသက်ရှူသွင်းခြင်း၊ မှုတ်ထုတ်ခြင်း ပြုလုပ်ရန် သတိမရခဲ့ပါလဆင် အဆုတ်ထဲ တွင် လေတွေဖောင်းပွ ပြီး သေနိုင်ကြောင်း တွေ့ ရသည်။
ထို့ကြောင့် သူက လော်ရာအား အန္တရယ်များသော ရေအောက်သုတေသနလုပ်ငန်းကို မလုပ်ပဲ ရေပေါ် သုတေသန လုပ်ငန်းကိုသာ လုပ်ရန်မေတ္တာရပ်ခံသည်။ သူမကလည်း ရှောရှောရှူရှူပင် သဘောတူသည်။

ယခုတော့ သူမသည် နယူးယောက်မြို့မှ “အဏ္ဏဝါဗေဒ သိပ္ပံကျောင်း”တွင် ဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းကိုသာ အာရုံစိုက်၍ လုပ်ကိုင်လျက်ရှိသည်။
“ဒါနဲ့ ဒီနေ့ အစည်းအဝေးမှာ မင်းဘာတွေ ပြောခဲ့သလဲ”
“ပထမတော့ ဝီလတန်ရဲ့ စာအုပ်ပါ အချက်အလက်တွေကို ဝေဖန်ကြတယ်။ နောက်ပိုင်းတော့ ပင်လယ် အပင်တစ်ပင် ဟာ ဘယ်အချိန်မှာ ဘယ်လိုပင်လယ်သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလြ လာနိုင်သလဲ ဆိုတဲ့ အချက် ကိုပဲ ဆွေးနွေးကြတယ်။ ဒါက သိပ်တော့ အရေးမကြိးပါဘူး။ ဒါပေမဲ့ ကျွန်မထင်ပါတယ်။ သက်ရှိ ဟူသမျှမှာ တစ်နည်းမဟုတ် တစ်နည်းအားဖြင့် တူညီတဲ့ ဆက်စပ်မှုတွေရှိကြတယ်ဆိုတာကတော့ တကယ့်ကို အံ့သြစရာကောင်းတာပဲ မောင်” “ကဲ ကျေးဇူးပြုပြီး လင်းစမ်းပါဦး”
“ဟုတ်ကဲ့ သဘောကတော့ ဒီလိုပါ။ တချို့ပင်လယ်အပင်တွေက အစိမ်းရောင်တွေပါပဲ။ ဒါပေမဲ့ ထူးခြားတာက ဒီအပင်တွေဟာ ငါးတွေလိုပဲ ရေကူးတတ်ကြတယ်။ ငါးတွေလိုပဲ အစားစားကြတယ်။ တကယ်တော့ ဒါဟာ ပရိုတိုဇွာ ပညာရပ်ဆိုင်ရာ အံဖွယ်တစ်ရပ်ပါပဲ။”

သူမသည် သိပ္ပံအကြောင်း ပြောရမယ်ဆိုလျှင် ထမင်းမေ့ဟင်းမေ့ အားရပါးရပြောပြတတ်သည်။ သူမ မျက်လုံးတွေက အရောင်တောက်နေသည်။ အသားအရေက ကြည်စင်နေသည်။
သူက ကိုယ်ကိုရှေ့ သို့ကိုင်းပြီး စိတ်ပါလက်ပါ နားထောင်နေသည်။ သူမက ရှက်တက်တက်ဖြစ်လာပြီး စကားကို ရုတ်တရက်ရပ်ပစ်လိုက်သည်။
“ကဲ နောက်ကော ဘာကိုပြောရဦးမှာလဲ”
သူမက မေးလိုက်သည်။
သူက သူမမျက်နှာကို စေ့စေ့ကြည့်ကာ ဖြည်းဖြည်းကလေးပြောသည်။
“မင်းက ရေအောက်က ကြောက်စရာအကောင်ဗလောင်တွေအကြောင်းပြောတော့ ငါက မဆီမဆိုင် ဖက်ရှင်ပြပွဲလုပ်တဲ့နေ့ကို သွားပြီး သတိရမိတယ် အဲဒီတုန်းက ကိုယ်က အလုပ်င် သတင်းထောက်ကလေးဘဝနဲ့ ဖက်ရှင်ပြပွဲ သတင်းယူဖို့ ရောက်သွားတယ်။ တက္ကသိုလ်ပိတ်ရက်မှာ အပျော်တမ်းပညာဆည်းပူးတဲ့ သဘောပါ။

 ဒါနဲ့ ပြပွဲရောက်သွားတော့ အရပ်ရှည်ရှည်နဲ့ သွယ်သွယ်နှောင်းနှောင်းနဲ့ သိပ်ပြီးလှတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရတော့ ကိုယ်ဖြင့် အသက်တောင် မရှူနိုင်လောက်အောင်ဖြစ် သွားမိတယ်။ အဲဒီမိန်းကလေးဟာ အဖြူရောင် နွေရာသီဝတ်စုံ၊ အဖြူရောင်ဦးထုပ်ကြီးနဲ့ ခုံတန်းလမ်းကြာ အတိုင်း ဆင်မယဉ်သာ လျှောက်ပုံမျိုးနဲ့ ဖြည်းဖြည်းကလေးလျှောက်လာတယ်။ အဲဒီမိန်ကလေးဟား မင်းပဲဖြစ်ရမယ်”
သူမက သူ့အပြောကို သဘောကျ၍ ရယ်သည်။
“ကျွန်မလည်း အဲဒိနေ့က ကိုလူပျိုကလေးတစ်ယောက်ကို သတိထားမိခဲ့တယ်။ ထောင်ထောင် မောင်းမောင်း ထွားထွား ကျိုင်းကျိုင်းနဲ့ သိပ်ချောတဲ့မောင်တစ်ယောက်ပဲ။ သူက ရှေ့တန်းမှာ ထိုင်နေတယ်။ ဒူးပေါ်မှာ မှတ်စု စာအုပ်ကလေးတင်ထားတယ်။ လက်ထမြှာတော့ ခဲတံကိုင်လို့ သူ့ကို မြင်တော့ ကျွန်မက ကျိတ်ပြီး မှတ်ချက် ချလိုက်မိတယ်။ ဧကန္တတော့ ဒီလူဟာ ဖက်ရှင်ပြပွဲကိုရော။ ကိယ်ဟန်ပြမယ်ကိုရော။ အထူးသဖြင့် အရပ်ရှည်ရှည် နဲ့ မိန်းကလေးကိုရော တစ်ဖက်ကလေးမှ စိတ်ဝင်စားပုံမရဘူးလို့..”

“ကိုယ့်အနေနဲ့တော့ သိပ်ပြီးမရှည်လှပါဘူး။ ကိုယ်က အရပ်ရှည်ရှည်မိန်းကလေးမျိုးကိုမှ ကြိုက်တာ။ တတ်နိုင်ရင် ကိုယ့်အရပ်ထက် နည်းနည်းပိုရှည်ရင် ပိုကြိုက်သေးတယ်။ သုံးလက်မလောက်ဆိုပါတော့။ ဒါနဲ့ နောက်တစ်ပတ် နှစ်ပတ်လောက်အကြာမှာ အဲဒီမိန်းကလေးနဲ့ ကိုယ်နဲ့ အရပ်တိုင်းကြည့်ကြတယ်။ တကယ် ပါပဲ။ သူက ကိုယ့်အရပ်ထက် သုံးလက်မတိတိ ပိုရှည်နေတယ်။ အဲဒီမှာပဲ ကိုယ်က တစ်ချီတည် ချစ်ခွင်ပန်တော့တာပဲ အဲဒါ ဟုတ်သလားဟင်”
“ကျွန်မကလည်းသူ ချစ်ခွင်မပန်မျာကိုပဲ ကျိတ်ပြီး ပူနေမိတယ်လေ။ အင်း ကျွန်မတိုပ နှစ်ယောက်လည်း တော်တော်ပဲ ရူးကြသေးတာပဲနော်။ ဒါနဲ့ မီလ်ဂရန့် ဖက်ရှင်တိုက်က ဒီနှစ်ပြပွဲ အတွက် ကျွန်မကို ပြန်ခေါ်တာ မောင်သိပြီးပြီလားဟင် အပျော်သဘော အဖြစ် သွားလုပ်ရင် ကောင်းမယ် ထင်တယ်။ ကြီးကြပ်သူအဖြစ် တာဝန်ပေးမယ်လို့ ထင်တာပဲ”
“တို့နှစ်ယောက် စေ့စပ်ကြောင်းလမ်းပြီး တဲ့ နောက်သုံးပတ်ကြာတော့မှ မင်းစာ သိပ္ပံပညာရှင်တစ်ယောက်ဆိုတာ ငါ သိရတာတော့ လွန်လွန်းပါတယ်”

“တောင်းပန်ပါတယ်ရှင်”
“ငါကလည်းဦးနှောက်ရှိတဲ့ မိန်းမကိုမှ လက်ထပ်ချင်တာ”
လော်ရာ က ဓားနှင့်ခက်ရင်းကို ပန်းကန်ပြားပေါ် ပြန် ချလိုက်ပြီး
“ကဲပါ.... မောင်၊ ဒီအကြောင်တွေ ဒီတင်ပဲ ရပ်လိုကြပါစို့..”
“ဘယ်တော့မှ မရပ်နိုင်ဘူး။ တစ်သက်လုံး ပြောသွားမယ်”
“တကယ်လား ဟင်”
“တကယ်မကဘူး.. နှစ်ကယ်”
ရုတ်တရက် တံခါးပွင့်ပြီး ဂရီတာ ဝင်လာသည်။ သူမအား အစားအစာ လာချသော အချိန်မှတစ်ပါး ဘယ်တော့မှ စားသောက်ခန်းထဲ ဝင်မလာရန် ခရစ္စက ပြောထားသည်။
“ငါက စားသောက်ချိန်မှာ တို့လင်မယားနှစ်ယောက်တည်းပဲ ရှိစေချင်တယ်”ဟု သူက အမြဲတမ်း ပြောလေ့ ရှိသည်။

ဆက်ရန်
.

No comments: