Wednesday, August 22, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၁၈)

"ဒီမယ်… ဦးဘာဘူ၊ တစ္ဆေကုလားပုကို ဒီလောက်စေတနာပိုနေလည်း ခင်ဗျားအိမ်မှာခေါ်ပြီး ကိုးကွယ် ထားတော့ဗျို့" ဟု အော်လိုက်ရာ ဦးဘာဘူက ခြေလှမ်းတုံ့လျက် သမင်လည်ပြန် လှည့်ကြည့်၏။ "ငါ့အိမ်မှာနေရာ မဆံ့တော့လို့ကွ…၊ တချို့ ပုဂ္ဂိုလ်တွေဆို ငါ့ကားပေါ်မျာ နေရာပေးထားရတာ မင်း မတွေ့ဖူးလား…၊ တော်တော် လက်ပေါက်ကပ်တဲ့ကောင်ပဲ…၊ မိစန်းချို ပြန်လာမှ ငါ တိုင်ပြောဦးမယ် မှတ်" ဦးဘာဘူ ထံမှ စန်းချိုနာမည်ကြားလိုက်ရသည်နှင့် သန်းဆိုင် အားပျော့ပျော့ ဓာတ်လိုက် ခံရသလို တစ် ကိုယ်လုံး စူးခနဲ ကျဉ်တက်သွားလေသည်။
ထိုမှတစ်ဆင့်… သန်းဆိုင်၏စိတ်နှလုံးထဲသို့ အမျက်ဒေါသမီးကြောင်းလည်း ဒလဟော လှိမ့်ဝင် ထိုး ဖောက် လာသည်။ သူသည် စန်းချို၏ဓာတ်ပုံကြိးကို ထ၍ ဖြုတ်ကာ ကြမ်းပေါ်တွင် မှန်ကွဲ မတတ် ဆောင့်ပြီး မှောက်ချ ထား လိုက်၏။
ကို ဆက်ဖတ်ရန်.............
.....................................................................................................................................................

အိမ်မှ တိတ်တဆိတ်ထွက်သွားပြီး (၁၁) ရက်အကြာ၊ ည (၈) နာရီခန့်တွင် စန်းချိုသည် ဆိုက်ကားတစ် စီးဖြင့် ရုတ်တရက် ပြန်လည်ရောက်ရှိလာချိန်၌ ခုံတန်းလျားအုပ်စုကလည်း လူစုံတက်စုံရှိနေကြပြီး ဆိုင် ပေါ်တွင်လည်း မိထူးတို့ သုံးယောက်စလုံး ထိုင်နေကြသဖြင့် စန်းချိုကို အံ့သြဝမ်းမြောက်စွာ ဆီးကြိုနှုတ် ဆက်သံတွေက အနီးဝန်းကျင် မှာ အသံဗလံမျိုးစုံကို ဖုံးလွှမ်းပစ်လိုက်သည်။
စန်းချို ဘုရားဖူးခရီးထွက်မှန်းမသိသော တစ်ယောက်က-
"ဝက်လူးက လူမမာကို သွားပြုစုတဲ့လူကလည်း ကျိုက်ထီးရိုးတောင်ဝှေးကြီးနဲ့ပါလား" ဟု အူကြောင် ကြောင်ရေရွတ်စဉ်၊ ယမကာ အရှိန်ကလေး ယူထားသည့် ရန်ပိန်က တက်ကြွမြူးထူးစွာဖြင့် "ဟေး ငါတို့ မမကြီး နန္ဒလှိုင်ပြန်လာပြီကွ" ဟု အော်ပြီး ဆိုက်ကားအနီးကပ်သွားရာ စန်းချိုက ကျိုက်ထီးရိုး တောင်ဝှေးဖြင့် ရိုက် မလို မြှောက်ရွယ်လိုက်သည်။

"ဟေ့- အကုသိုလ်ကောင် အရက်သမား၊ ငါ ဘုရားဖူးပြီး စိတ်သန့်သန့်ရှင်းရှင်းနဲ့ ပြန်လာတာနော်၊ အရက်နံ့ထောင်းထောင်း ထပြီး ငါ့နားမလာနဲ့"
"အို- မသိလို့ ငါ့အစ်မကြီးနန္ဒာလှိုင်ရယ်… မောင်လေးကို ခွင့်လွှတ်ပါ" ဟု ဖြဲစပ်စပ်ပြောရင်း ရန်ပိန် နောက်ဆုတ် သွားသည့်အခါ စန်းချို၏အထုပ်အပိုးတွေ၊ ဆွဲခြင်းတွေကို ဝိုင်းဝန်းသယ်ပေးရန် မိုးကျော် အောင်တို့ ညီအစ်ကို ဆိုက်ကားအနီးသို့ ရောက်လာကြသည်။ စန်းချိုက ခရီးပန်းလာဟန်မပြ၊ သွက် လက်ဖျတ်လတ်စွာဖြင့် ဆိုက်ကားပေါ် မှဆင်းရင်း၊ သန်းဆိုင်ကို တွေ့မြင်လိုဟန် မျက်လုံးတွေကစား၊ ခေါင်းကို ဘယ်ညာရွေ့စောင်း သည်။

"ဟိုဆရာကြီးကော… သားတို့" ဟု စန်းချိုမေးလျှင် ပြည့်ဖြိုးအောင်က "အဖေ အိမ်ပေါ်မှာ ပုတီးစိပ်နေ တယ်အမေ၊ သက်စေ့အဓိဋ္ဌာန်ဝင်မယ်လို့ ပြောတယ်၊ ပုတီးစိပ်တာ လေးငါးရက်ရှိသွားပြီ" ဟု ဖြေလိုက် သော်၊ စန်းချို၏ မျက်ခုံးထူကြီးတွေ နဖူးဆံစပ်အထိ မြင့်တက်သွားကြသည်။ နှစ် (၂၁)ကျော် အိမ် ထောင်သက် တစ်လျှောက် သန်းဆိုင် ပုတီး စိပ်သည်ကို တစ်ခါမျှ မကြုံဖူးခဲ့ပါတကား…။
"သြော်- သြော် သာဓုပါတော်၊ သာဓုပါ၊ အပါယ်တံခါးပိတ်ပြီး နိဗ္ဗာန်တံခါးဖွင့်တော့မှာလား၊ သမထအား ယူပြီး အဟောအပြော ဘိုးတော် လုပ်တော့မှာလား"
စန်းချိုသည် ဘုရားကြီးနားမှာ နှစ်များစွာနေထိုင်လာသည့်ပြင် လောလောဆယ် မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်း မှ တန်ခိုးကြီးစေတီဘုရားများစွာကို ဖူးမြော်လာခဲ့ရသဖြင့် ရတနာသုံးပါးကို ကိုင်းညွှတ်သည့် အာရုံတွေ မပြေသေး ဘဲ သူမ၏ပါးစပ်မှ ထွက်ခဲသော ဝေါဟာရအချို့ကိုလွှတ်ထုတ် လိုက်မိ၏။

တစ်ချိန်တည်း၌ သူမ ဘုရားဖူးခရီးသို့ တိတ်တိတ်ခိုးပြီး လိုက်သွားစဉ်၊ သန်းဆိုင် အံ့သြစ ဖွယ် ပြောင်းလဲ သွားပုံကို သံသယဝင်သည်။ ငါ့ကို ဆီးပြီး ရန်စကားပြောမယ်ထင်ထားတာ၊ ဘသားချော က အဓိဋ္ဌာန် ပုတီးစိပ်နေသတဲ့၊ ဆန်းတော့ အဆန်းသားဟု မှတ်ချက်ချသည်။

"မစန်းချို ဘာစားစရာတွေပါလာသလဲဗျို့၊ ဒူးရင်းသီးနံ့က မွှေးပါ့ကွာ၊ ငါတို့ဆရာမကြီးက ဘုရားဖူးထွက် မှ ဆုတောင်းပြည့်ပြီး ပိုဝ၊ ပိုလှလာသလိုပဲဟေ့၊ အစ်မ စန်းချို ဘယ်ဘုရားတွေ ဖူးခဲ့သလဲ" စသော စသော ခုံတန်းလျား အုပ်စု၏ဆူညံပွက်ထနေသည့် မေးခွန်းတွေကို မဖြေအား။ စန်းချိုက အိမ်လှေကား ကနေ ခြေဖွ နင်းပြီး အိမ်ပေါ်သို့ အလျင်စလို တက်လိုက်၏။ ဖိနပ်ချွတ်ကနေ ခေါင်းပြူကြည့်လိုက်တော့ (ဟုတ်သားပဲ) ဟု ရင်ထဲမှာ မြည်တမ်းမိသွားသည်။ ဟုတ်ပါသည်။ သန်းဆိုင်သည် ဘုရားစင်ရှေ့ တွင် စောင်တစ်ထည် ကို ခေါက်ချိုးခင်းထိုင်ကာ လည်ပင်းမှာ မာဖလာကြီးပတ်လျက်၊ တင်ပျဉ်ခွေထိုင် ပုတီး စိပ်နေပါသည်။ ပုတီးဆင်းသံ တိုးတိုး ကိုပင် စန်းချိုကြားရသည်။
စန်းချို သည် ခေါင်းတညိတ်ညိတ်နှင့် လျှာကလေးတစ်လစ်ထုတ်လိုက်ပြီး ခြေဖော့နင်းကာ အိမ်ထဲသို့ လှမ်းဝင်သွားလေ သည်။

×××        ×××        ×××
×××        ×××        ×××

စန်းချိုနောက်သို့ အလုံးအရင်းနှင့် လိုက်ပါလာကြသော အိမ်နီးချင်းမိန်းမအချို့၊ ဆိုင်နီးချင်းဈေးသည် အချို့နှင့် ရင်းနှီးသော ဆိုက်ကားသမားအချို့သည် ဘုရားစင်ရှေ့မှာ ငြိမ်သက်တောင့်မတ်စွာ ထိုင် လျက်ပုတီးစိပ်နေသော သန်းဆိုင် ကို တွေ့လျှင် ရုတ်တရက် ရှိုးတိုးရှန့်တန့် ခြေလှမ်းတွေ တုံ့သွားကြသည်။ ကျယ်လောင်သော စကားသံတွေ ရပ်ဆိုင်း သွားကြသည်။ အများစုမှာ မသွားအပ် မလာအပ်သောနေရာတစ်ခုသို့ လမ်းမှား ဝင်လာမိသူကဲ့သို့ အလန့်တကြား နောက်ဆုတ်၍ အိမ်အောက် ပြန်ဆင်းသွားကြသည်။ အရင်းနှီးဆုံးအိမ်နီးချင်း မိန်းမကြီးတချို့သာ စန်းချိုရှိနေသော မီးဖိုဆောင်ထဲသို့ ရို့ရို့ကလေးတွေ ဝင်သွားကြ၏။ အချင်းချင်း မျက်နှာရိပ် မျက်နှာကဲဖြင့် မဆူညံဖို့ သတိပေးနေကြရင်း အထူးအဆန်း ဖြစ်ရပ်ကိုတွေ့မြင်ကြသကဲ့သို့ သန်းဆိုင် ကို စောင်းကန်းစောင်းကန်း လှမ်းကြည့်ကြ သည်။

စန်းချို၏အဆူအပူအဆဲအဆိုနှင့် ရင်းနှီးအသားကျနေသော ရန်ပိန်ကမူ သန်းဆိုင်၏ကျောဘက် နှစ်လံ လောက် ကွာသည့် ကြမ်းပြင်ပေါ်မှာ ကုပ်ချောင်းချောင်းထိုင်၍ အရက်ရှိန်ဖြင့် ရီဝေနေသောမျက်လုံးများ ဖြင့် ရောင်စုံ "ဒစ္စကို" မီးတွေ ပူဇော်ထားသည့် ဘုရားစင်ကို ကြည်ညိုသဒ္ဓါပွားဟန် မော့ကြည့်နေသည်။
သန်းဆိုင်ကား ပုတီးစိပ်သောလက်ချောင်းများမှလွဲ၍ ကျန်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ တုတ်တုတ်မျှ မလှုပ်။

"အံမာလေးတော်… ကွမ်းယာသည်မ ပြန်လာတာကိုပဲ ဘုရင်မကြွလာသလိုပဲ ရုတ်ရုတ်သဲသဲ ကြိုကြဆို ကြနဲ့ အဖြစ်သည်း လိုက်ကြတဲ့ဟာတွေ၊ ဟိုဟာမကလည်း ဘုရားဖူးဆိုပြီး ဘုရားဖူးတစ်ဝက်၊ ပျော်ပွဲစား တစ်ဝက် ထွက်တာပါ" ဟု စန်းချိုကို တစ်ဖက်သတ် မျက်မုန်းကျိုးနေသော အမဲအူ တုတ်ထိုးဆိုင်မှ မိန်း မကြီး က မေးတငေါ့ငေါ့ဖြင့် ရေရွတ်လိုက်၏။
တုတ်ထိုးသည်၏ဘေး မှ ဝါဒတူဘက်တော်သားဖြစ်သည့် အိုးကလေးဘိန်းမုန့်သည် မိန်းမက လည်း ဆေးပေါ့လိပ်တဖွာဖွာနှင့်- "ဘုရားဖူးသွား တာကိုပဲ သူ့အိမ်က ပထမပိုင်း စန်းချိုအမေ နေမကောင်းလို့ သွားပြုစုသလေး ဘာလေး နဲ့ ပလီစိချောက်ချက် ကြေညာနေသေးတယ်၊ ဘုရားဖူးသွားတာပဲ ဘုရားဖူးသွား တယ်ပေါ့၊ ဘာလို့ ဝက် လူးက အဘွားကြီးကို မဆီမဆိုင် နေမကောင်းခိုင်းရသလဲ၊ ဘယ်လိုဟာတွေပါလိမ့်" ဟု မြည်တမ်းပြန် သည်။

"သင်းတို့ပြောသမျှ တင့်တယ်ရမယ်ဆိုပြီး အလကား (ပဲများ) နေကြာတာပါအေ၊ ဘဝမေ့နေကြတာ၊ ဟို အပျိုကြီးမ မိထူး ဆို ဒီလာတုန်းက ရှင်မီးအင်္ကျီစုတ်ကလေးဝတ်ပြီး ရောက်တာ၊ သန်းဆိုင်တို့ စန်းချို တို့ ခုထက်ထိ ဖင် မှာ ရွှံ့မစင်သေးဘူးဆိုတာ ငါ အသိဆုံး၊ စန်းချိုဆိုတဲ့ဟာမကလည်း ငါးစိမ်းသည်ဘဝ က လာတာ ဆိုတော့ ရွှေတွေဝတ်လည်း ရွှေတခြား လူတခြားပဲ"
တုတ်ထိုးအဒေါ်ကြီးသည် ဈေးအရောင်းထိုင်းပြီး စိတ်ညစ်ညစ်နှင့် သူမ၏ အခက်အခဲ ပြဿနာ များကို ဖြေဆည်ရာ ရှာသလို၊ နောက်ထပ်နာရီဝက်ခန့်အထိ စန်းချိုတို့မိသားစုကို မှိုချိုးမျှစ်ချိုး ဝေဖန် လျက်ရှိ လေသည်။ သို့ရာတွင် မိန်းမကြီး၏ဝေဖန်ရေးတွင် ဒေါသစိတ်တွေ လွန်ကဲလွန်းသဖြင့်၊ ဝေဖန်သည်နှင့် မတူတော့ ဘဲ ကျိန်စာတိုက်သကဲ့သို့ ဖြစ်နေကြောင်းကို တုတ်ထိုးအဒေါ်ကြီးမသိနိုင်။

×××        ×××        ×××
×××        ×××        ×××

ဧည့်သည်တွေလည်း ရှင်းလင်းသွားကြပြီ၊ ဈေးဆိုင်လည်း ပိတ်လိုက်ပြီ၊ ခြံဝင်းတံခါးလည်း သော့ခတ် လိုက်ပြီဖြစ်သော် လည်း သန်းဆိုင် ပုတီးစိနပ်လို့ မပြီးသေးပါ။
စန်းချို က မိထူးကို လက်တို့၍ မီးဖိုဆောင်ထဲခေါ်ပြီး လေသံဟဟဖြင့် ကျိတ်မေးသည်။
"ညည်းတို့ဆရာကြီးက ပုတီးစိပ်တာ ကြာလှချေလား၊ ဘယ်နှပတ်တောင် စိပ်နေတာလဲ၊ ဘာပုတီးစိပ် နည်းလဲ"
စန်းချို၏မေးခွန်းတွေ ကို မိထူးအတိအကျတော့ မဖြေတတ်။

"ခါတိုင်းနေ့တွေက ဒီနေ့လောက် မကြာဘူး အစ်မကြီးရဲ့"
"ငါပြန်လာပြီး လူတွေ ရုတ်ရုတ် ရုတ်ရုတ်နဲ့မို့ ပုတီးစိပ်ပျက်ပြီး အသစ်ပြန်ပြန်စိပ်နေရလို့လား မသိပေါင်"
"မပြောတတ်ဘူး"
စန်းချို က တစ်ခုခုကို သဘောကျသကဲ့သို့ တစ်ယောက်တည်း ပြုံးလိုက်၏။
စန်းချိုနှင့် မိထူးတို့ မီးဖိုချောင်ထဲမှာ တိတ်ဆိတ်ညင်သာစွာ ပြန်ထွက်လာကြချိန်တွင် သန်းဆိုင်သည် ထိုင်ရာမှ လက်တစ်ဖက်ထောက်ပြီး အားယူထရပ်သည်။ ထအရပ်မှာ ကြာမြင့်စွာထိုင်ခဲ့၍ သွေးလေ အလျှောက် မမှန်သော ခြေထောက်နှစ်ဖက်မှာ ဒူးကောက်ကွေးမှ ရိုက်ချိုးခြင်းခံရသကဲ့သို့ စူးစူးမျက် မျက်ကြီး ကျဉ်တက်ကာ သန်းဆိုင် ညည်းညူ ရင်း ခွေလဲသွားတော့သည်။

"အား… ကျွတ်ကျွတ်၊ ဘုရား… ဘုရား… ဘုရား" မိထူးက ရှေ့ဆုံးမှလှစ်ခနဲ ပြေးကပ်ပြီး သန်းဆိုင်၏ လည်တိုင် ကို ပွေ့ယူထူမတ်လိုက်သည်။ စန်းချိုက လိုက်လာပြီး သန်းဆိုင်၏ခြေထောက်တွေကို ဖမ်း ဆုပ်သည်။
"သန်းဆိုင်… ဘာဖြစ်သွားတာလဲ ဟင်"
သန်းဆိုင် က မျက်စိတွေ တင်းကျပ်စွာမှိတ်၍ မျက်နှာကြီးရှုံ့ကာ တကျွတ်ကျွတ် စုတ်သပ်လျက် ညည်း တွားသံသဲ့သဲ့ဖြင့် ဘုရားတနေ၏။
"နင် အကြာကြီး တင်ပျဉ်ခွေထိုင်နေလို့ သွေးမလျှောက်တာဖြစ်မှာ" စန်းချိုက သန်းဆိုင် ၏ကွေးခေါက် နေကြသော ခြေသလုံးကြီးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဆွဲဆန့်သည့်အခါ သန်းဆိုင်က အလွန်အမင်း နာကျင်သော ဟန်ဖြင့် "အား… ဖြည်းဖြည်းလုပ်ပါ၊ ငါ… ငါ… ငါ လေဖြတ်သွားပြီ စန်းချို"
"ဟာ- ငါ ဘုရားဖူးပြီးပြန်လာစ ဆဲလိုက်ရရင် မကောင်းဘူး၊ ဘယ်က နိမိတ်မရှိ နမာမရှိ လေဖြတ်ရမှာ လဲဟဲ့၊ သွေးမလျှောက် လို့ အကြောတွေ ခဏဆိုင်းသွားတာ၊ ဟေ့ကောင်မ မိထူး၊ သူ့ကို ပက်လက်ချ ထားလိုက် ဒီကိုလာ၊ ခြေချင်းဝတ် အကြောကို တအားကုန်နှိပ်စမ်း၊ ခြေမတွေ၊ ခြေချောင်းတွေကိုလည်း လှန်ချိုး၊ ခြေဖဝါး အလယ်ကောင်ကို လက်မနဲ့ဖိပေး" ဟု စန်းချိုက အရေးပေါ်ကုသခန်းထဲမှ ထဘီပြာ သူနာပြုဆရာမကြီး တစ်ဦး၏လေသံဖြင့် ညွှန်ကြားလျက်ရှိသည်။

"လေ- လေဖြတ်ချင်လည်း ဖြတ်လိုက်စမ်းပါဟာ၊ အ အနားရ ရတာပေါ့" ဟူ၍ သန်းဆိုင်က ငိုကြွေး တော့မည့် ဆဲဆဲ အသံကြီးဖြင့် ညည်းသော် စန်းချိုက လက်ဝါးတစ်ဖက်ဖြင့် သန်းဆိုင်၏ပေါင်ကို ဖြန်းခနဲ မြည်အောင် ရိုက်ချလိုက်သည်။
"ဟဲ့- သန်းဆိုင်၊ နင် ပုတီးစိပ်ပြီး သမာဓိမရဘဲ၊ အလေဏတောတွေ လျှောက်ပြောနေပါလားဟင်"
"ငါ ငါ အဲဒါ သမာဓိစကားပြောတာ စန်းချို"
"အိုး ××× ရူးစကား"
သားနှစ်ယောက် လည်း ဝိုင်းဝန်းလာကြပြီဖြစ်ရာ၊ ယခုအခါ မိန်းမနှစ်ယောက်နှင့် ယောက်ျားနှစ်ယောက် တိုးသည်။ သန်းဆိုင်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းအချို့ကို ချန်လှပ်၍ ကျန်တစ်ကိုယ်လုံးကို ဆုပ်နှယ်ဖျစ် ညှစ်ဖိကြိတ် လှုပ်ခါနေကြတော့သည်။

စန်းချို၏ဟန်နှင့် သဏ္ဌာန်တို့သည်လည်း ဘုရားဖူးခရီးသည်အသွင်အလွှာတွေ တစ်စချင်း ကွာကျသွား ပြီး နဂိုမူလ ခက်မာကြမ်းတမ်းသည့် ရုပ်လွှာထုထည်ကြီးက အစားထိုးဝင်ရောက်လာခဲ့ပြီ ဖြစ်သေး၏။
စန်းချိုသည် တောင်တက်သမားတစ်ယောက်၏ခြေသလုံးကဲ့သို့ မာတင်းနေသော သန်းဆိုင်၏ခြေသ လုံးကို သူမ၏ ပန်းပဲဆရာလက်ချောင်းကြီးများဖြင့် အရေပြားတွေ၊ ကြွက်သားတွေ ပြတ်ထွက်ကုန်မ တတ်၊ ဆုပ်ညှစ် လျက်ရှိရာ၊ သန်းဆိုင် သည် ဝမ်းဗိုက်ကလီစာတွေ ဖောက်ပြန်သွားသည့် နွားကြီးတစ် ကောင် တုံးလုံးလဲပြီး အော်ညည်းနေ သလို တအီးအီး မြည်တမ်းနေသည်။
"သွေးကြောင် လိုက်တာဟယ်၊ ဒီလောက်နှိပ်တာလေးနဲ့ ညည်းနေရလား သန်းဆိုင်"
"နင့်လက်ကြီးက နှိပ်တာနဲ့မှမတူဘဲ၊ ပလာယာနဲ့ ညှပ်နေသလား အောက်မေ့ရတယ်"
"ဒီလောက်တောင်ရှိလှတာ နေတော့ဟယ်" ဟု ငေါက်ငမ်းငမ်းပြောပြီး စန်းချိုသည် သန်းဆိုင်၏ခြေသ လုံးကို လွှတ်လိုက်ကာ ကုလားထိုင်မှာ သွားထိုင်နေသည်။

စန်းချို၏ အတွင်းအပြင် စိတ်သန္တာန်တွေ ပြောင်းလဲသွားသကဲ့သို့ သန်းဆိုင်ကလည်း လူမမာအသွင်ဖြင့် ခယ်မနှင့် သားနှစ်ယောက်၏ လက်ချောင်းတွေအောက်မှာ ရှုံ့မဲ့မဲ့မျက်နှာထားဖြင့် ငြိမ်သက်နေသော်ငြား နာရီပေါင်း များစွာ ပြင်ဆင်ထားသည့်ထိုးစစ်ကို စတင်ဖို့ စိတ်ထဲမှာပြန်လည်စစ်ကြော ချိန်ဆလျက်ရှိ၏။ သို့ရာတွင် စန်းချို က လက်ဦးမှုရယူသွားသည်။
"ဒါနဲ့ နေစမ်းပါဦး၊ ပုတီးသမားကြီးရဲ့" ဟု စန်းချိုက ကုလားထိုင်ပေါ်မှာ ဟန်ပါပါ ခြေသလုံးတွေ လိမ် ချိတ်၍ ပြင်ထိုင်ရင်း မထီတရီမျက်နှာဖြင့် တိုက်ပွဲစသည်။
"ငါ ဘုရားဖူးထွက်နေတုန်း နင် တရုတ်ကြီးဦးကျူးကို ဘာတွေသွားမေးတာတုံး"
သန်းဆိုင် အငိုင်မိသွားသဖြင့် မျက်လုံးတွေ ဖျတ်ခနဲပွင့်ကာ ပြူးကျယ်သွားကြ၏။

"ဘာ ဘာမေးလို့လဲ"
"နင် မေးတာ နင်မသိဘူးလား၊ နင် လူမှန်းကို မသိတတ်ဘူး သန်းဆိုင်၊ ငါ စာရေးထားခဲ့ပြီပဲ၊ အေးအေး နေပေါ့၊ ခုတော့ ယုန်ထင်ကြောင်ထင် နဲ့ တရုတ်ကြီး စိတ်ရှုပ်အောင် ပေါက်ကရတွေ သွားမေးတယ်၊ ငါ လည်း ကားပေါ် က ဆင်းရော၊ တရုတ်ကြီးက ငါ့ကိုတန်းတိုင်တော့တာပဲ (နင့်ယောက်ျား ဦးနှောက် မကောင်းဘူးလား) လို့လည်း ဆိုသေးရဲ့"
သန်းဆိုင်က ဦးခေါင်းကို စန်းချိုဘက်သို့စောင်းပြီး လက်ညှိုးထိုးကာ
"နင်ဟာ ငါ့မယား၊ နင် ဘယ်ခရီးပဲသွားသွား နင်နဲ့ပတ်သက်တာကို ငါ စုံစမ်းမေးမြန်းခွင့်ရှိတယ်၊ နား လည်လား"
"ကားပေါ်မှာ ကုလားဒိန်တစ်ယောက်ပါလားလို့ မေးတာ စုံစမ်းတာလား သေခြင်းဆိုးကြီးရဲ့၊ အဲဒါ ဘာ မေးခွန်း လဲ၊ ဘာအဓိပ္ပာယ်လဲ၊ နင် အဲသလို ပါးစပ်စည်းကမ်းမဲ့ပြီး ထင်ရာလျှောက်မေးလို့ တရုတ်ကြီးက နင့်ကို အရူးအပေါ ထင်သွားတာ"
စန်းချို အားမလိုအားမရဟန်ဖြင့်၊ ဖြုန်းခနဲထရပ်ကာ သန်းဆိုင်အပြုစုခံနေရာအနီး လျှောက်လာပြီး တင် ပါးဆုံပေါ် မှာ လက်တွေထောက်လိုက်၏။

သန်းဆိုင်က သူ့ပခုံးတွေ၊ လက်မောင်းတွေကို နှိပ်ပေးနေသော မိထူး၊ ခြေထောက်အစုံကို နှိပ်ပေးနေ ကြသော သားနှစ်ယောက် တို့ကို သူ့ဘက်မှ အရန်စစ်ကူများဟု သဘောထားသည်။ ထို့ကြောင့် သူက စန်းချို၏ထိုစကား ကို ထိရောက်သောခံစစ်ဖြင့် တွန်းလှန်လိုက်၏။
"သေကာနီး တရုတ်ကြီးက ဘာထင်ထင် ငါ ဂရုမစိုက်ဘူး၊ ငါ သူကျွေးတဲ့ထမင်း စားနေတာမဟုတ်ဘူး၊ ငါ့ထမင်း ငါစားနေတာ၊ သူ့ကားနဲ့ ငါ့မယားလိုက်သွားလို့ လမ်းမှာတစ်ခုခုဖြစ်ရင် ကားပိုင်ရှင်သူ့မှာ တာဝန်ရှိတယ်"
"အဲဒါနဲ့ ကားသမားထဲမှာ ကုလားဒိန်ပါလားလို့ နင် သွားမေးတာ ဘာဆိုင်လို့လဲ သေနာရဲ့၊ နင့်စကား က ဘယ်ရောက်သွားပြီလဲ၊ ငါ့ကိုပြောစမ်း"
စန်းချို မခံချိမခံသာဖြစ်လာပြီး၊ သန်းဆိုင်အနီးမှာ အသားတဆတ်ဆတ်တုန်လျက် ဝင်ထိုင်သဖြင့် အနှိပ်သမားတွေ ပင် လန့်ဖျပ်ပြီး အနှိပ်ရပ်သွားသည်။

"ငါ မေးချင်လို့မေးတာ၊ ငါ့မှာ မေးပိုင်ခွင့်ရှိတယ်၊ ဒီလိုမေးတာ အပြစ်ရှိလား၊ တရုတ်ကြီးကို ငါ စော်ကား ရာကျလား…"
"တရုတ်ကြီးကို စော်ကားရာမကျပေမဲ့… ငါ့ကို စော်ကားရာကျသဟဲ့ မသာရဲ့"
စန်းချိုက သန်းဆိုင်၏မျက်နှာကို ထိုးကြိတ်တော့မလို လက်သီးကြီးရွယ်လိုက်စဉ်၊ ငြိမ်းချမ်းရေးတပ်ဖွဲ့ သည် ရုတ်တရက်ကြားဝင် ဖြန်ဖြေဟန့်တားရတော့၏။ သားကြီး မိုးကျော်အောင်ဖြစ်သည်။
"ကဲပါဗျာ… အမေ တို့ အဖေတို့ကလည်း ပြီးပြီးသားကိစ္စကို အလကားပြဿနာလုပ်နေတယ်၊ ကလေး မဟုတ် သူငယ် မဟုတ်နဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ၊ ခုတစ်လော စိတ်ချမ်းသာမယ် ကြံလိုက် အမေကတစ်မျိုး အဖေက တစ်မျိုး ပြဿနာကို မီးခွက်ထွန်းရှာလိုက်နဲ့၊ ကျွန်တော်တို့ စိတ်ရှုပ်လာပြီ၊ စိတ်ရှုပ်တော့ မခံဘူးဗျာ၊ မိန်းမယူပြီး ယောက္ခမ အိမ်မှာ ကျွန်သွားခံနေလိုက်တော့မယ်"
"ဟုတ်တယ်၊ အဖေတို့ လင်မယား ဂဂျီဂဂျောင်များနေရင်… သားလည်း စစ်တပ်ထဲသွားဝင်လိုက်တော့ မယ်" ဟု သားငယ် ပြည့်ဖြိုးအောင်ကလည်း လူပျိုပေါက်အသံအောကြီးဖြင့် ဝင်ပြောသည်။

တိုက်ပွဲမှာ နှစ်ဖက်စစ်သည်အားလုံး တစ်ယောက်မကျန် ပြိုင်တူလေဖြတ်ခြင်းခံရလိုက်ရသည့်နှယ် ငြိမ် သက်ရပ် တန့်သွားတော့၏။ စန်းချိုက အိပ်ခန်းထဲသို့ ဗျစ်တီးဗျစ်တောက် ရေရွတ်ရင်း ဝင်သွားသည်။ သန်းဆိုင်လည်း လူကောင်း ပကတိအတိုင်း ထထိုင်သည်။ ဘာမျှမခံစားခဲ့ရသော လူကောင်းပကတိ အသံဖြင့် လည်း ပြောလိုက်သည်။
"ယောက္ခမအိမ်မှာလည်း ကျွန်သွားမခံနဲ့၊ စစ်ထဲလည်း မဝင်နဲ့၊ မိထူးရေ အစ်ကိုကြီးကို ဒီဘုရားစင်ရှေ့ မှာပဲ အိပ်ရာ ခင်းပေးတော့…"

×××        ×××        ×××
×××        ×××        ×××

သူ ဖြစ်လေ့ရှိသည့်အတိုင်းပင် အိပ်ရာပြောင်းအိပ်လိုက်သဖြင့် သန်းဆိုင် အိပ်မပျော်နိုင်တော့ဘဲ တလူး လူးလိမ့်လိမ့်ဖြင့် မျက်လုံးကြောင်နေ၏။ အိပ်မပျော်သောကြောင့် အတွေးစိတ်ကူးမျိုးစုံက နယ်ပယ်မျိုးစုံ သို့ ဖြန့်ကျက်လွင့်မျောလျက်ရှိကြကာ… ဘာကိုမျှ ဦးတည်ချက်ထားပြီး မည်မည်ရရ ဝေခွဲနိုင်ခြင်းမရှိ။ စန်းချို ပြန်မလာမီကမူ…၊ စန်းချို လည်ရောက်ရှိလာပါက သူ့ဘက်က ဟာကွက်၊ ပျော့ကွက်မရှိသော ထိုးနှက်ချက်တွေဖြင့် ဖိဖိစီးစီး ထိုးလှဲအနိုင်ယူမည်ဟု ကြံစည်ထားခဲ့သည်။ ယခုတော့ ကြံစည်အားခဲ ထားသမျှတွေ စန်းချိုနှင့် မျက်နှာချင်းဆိုင်မိပြီဆိုကတည်းက ကြက်ပျောက်၊ ငှက်ပျောက် လွင့်စဉ်ကုန် ကြပြီ။

သင်း ယူသွားတာ အတိအကျ မမှတ်မိပေမဲ့ ငွေသားငါးသောင်းခွဲလောက်ရှိတယ်။ အခု ဘယ်လောက် ပြန်ပါလာသေးသလဲ မသိဘူး။ ငွေဘယ်လောက်ကျန်သေးသလဲဆိုတာ ငါ စစ်ရမယ်၊ ငါ့မှာ စစ်ခွင့် ရှိ တယ်။ တစ်သက်လုံး ငွေနဲ့ပတ်သက်ရင် သူ့ကို အာဏာကုန်လွှဲထားခဲ့တယ်ဆိုတောတ့ အခု ငါက ငွေ စစ်ရင် သင်းက စူးစူးဝါးဝါး လုပ်ချင်လုပ်လာမယ်၊ အဲလိုလုပ်လာရင် ငါ ငြိမ်ခံလို့မဖြစ်ဘူး။ ဒီအိမ်မှာ ငါ ဟာ အိမ်ထောင်ဦးစီးဖြစ်တဲ့အကြောင်း နဂါးမှန်းသိအောင် အစွယ်ထောင်ပြရလိမ့်မယ်၊ လက်ဝတ်လက် စားတွေလည်း လမ်းမှာ အပျောက်အရှ ရှိမရှိ စစ်ရမယ်။ ဘုရားဖူးသွားတာပဲ၊ ဘာလို့ ရွှေတွေ အကုန် ဝတ်သွားရတာလဲ။ သိပ်လှချင်တဲ့ဟာမ၊ လှချင်တာကို အပြစ်မပြောပါဘူး။ အကျည်းတန်မှန်ကြိုက်ပဲ၊ ကြွားချင်တာ၊ သင်းက ဘုရားရှေ့ မှာတောင် ကြွားပြချင်တဲ့သတ္တဝါ… ဟူသော အတွေးစကားအဆုံးမှာ သန်းဆိုင် သည် ခြင်ထောင်ထဲမှ ဖြည်းညင်းစွာည အသံဗလံမမြည်စေရဘဲ ထွက်လိုက်သည်။

တိုင်ကပ်နာရီကို မော့ကြည့်လိုက်သည်။ နံနက် (၈)နာရီထိုးတော့မည်။ စန်းချို အိပ်မောကျချိန်ဖြစ် သည်။ ပို၍ သေချာအောင်… သက်သေပြနေသည်ကား…၊ တစ်အိမ်လုံးကို စိုးမိုးအုပ်စီးထားသော စန်း ချို၏တဂူးဂူးဟောက်သံကြီး က စည်းချက်မှန်စွာ ထွက်ပေါ်ဂယက်ထနေခြင်းဖြစ်လေသည်။
သန်းဆိုင် သည် အိပ်ခန်းအဝမှာရပ်၍… အခန်းထဲသို့ ဝင်တော့မည့် သူခိုးတစ်ယောက်ပမာ… ခန်းဆီးစ ကို ဟသည်ဆိုရုံကလေးဖယ်၍ အခန်းထဲသို့ ဦးခေါင်းသွင်းကာ စူးစမ်းသည်။ စန်းချို၏ဟောက်သံကြီး က ယခုမှ ကြောက်မက်စဖွယ် ပိုမိုကျယ်လောင်လာသလိုထင်ရ၏။ အိပ်ခန်းမီးရောင်က ခြင်ထောင်ထဲမှ စန်းချို၏ကိုးရိုးကားရားသဏ္ဌာန်ကို မထင်မရှား ညွှန်ပြနေသည်။ လမ်းခရီးမှာ အိပ်ပျက်ဖန်များခဲ့၍ စန်းချို တစ်ယောက် ကျားဝင်ဆွဲတာတောင် မသိအောင် အိပ်မောကျနေမှာ သေချာသည်ဟု သန်းဆိုင် ကျေနပ်စွာ တွေးမိသည်။

သူသည် ပကတိ တိတ်ဆိတ်နေသော မိထူး၏အိပ်ခန်း၊ သားနှစ်ယေယာက်တို့၏အိပ်ခန်းများကို မျက်စိ ကစား၍ကြည့်လိုက်ပြီးသည်နှင့် ခန်းဆီးကို ဖယ်ကာ၊ အိပ်ခန်းထဲသို့ ခြေဖော့နင်း၍ ကုပ်ချောင်းချောင်း ကလေး လှမ်းဝင်လိုက်၏။
မိုးသာ… ပြိုချင်ပြိုကျသွားမယ်၊ စန်းချိုနိုးလာမှာတော့ ပူစရာမရှိဘူးဟု ကျေနပ်စွာတွေးရင်း ပါးလွှာ သော ခြင်ထောင်ဇာ အတွင်းမှ ပိုးလိုးပက်လက်အိပ်ပျော်နေသော စန်းချိုကို လည်တိုင်ကိုင်းပြီး ကြည့် လိုက်၏။ အို ဘုရား… ဘုရား၊ ဟိုတစ်ခါ ခင်မောင်ငြိမ်းယူလာတဲ့ အင်္ဂလိပ်စာအုပ်ထဲမှာပါတဲ့ လူရိုင်း ကပ္ပလီမကြီး လိုပါပဲလား… ဟု သူ့ဇနီးကို ယခုမှတွေ့ရသော အနိဋ္ဌာရုံမြင်ကွင်းလို ခံစားကြည့်လိုက်လေ သည်။

ပြီးလျှင်… သန်းဆိုင်က ဘယ်တော့မှ သော့ခတ်ထားလေ့မရှိသော ဗီရိုကြီးမှ တံခါးနှစ်ချပ်ကို အထူးဂရု စိုက်၍ အသံတိတ် ဖွင့်လိုက်၏။ ဗီရို အလယ်ဆင့်နေရာတွင် အံဆွဲနှစ်ခုပါရှိပြီး ထိုအံဆွဲတွေ ကိုလည်း သော့ခတ်ထားခဲ့သည်။ အဘယ့်ကြောင့်ဆိုလျှင် စန်းချိုက ထိုအံဆွဲနှစ်ခုကို နေ့စဉ် မကြခဏဖွင့်ချည် ပိတ်ချည်နှင့် အသုံးပြုလေ့ရှိသောကြောင့် ဖြစ်သည်။ အသုံးပြုစရာအကြောင်းကလည်း ရှိသည်။ ဘယ် ဘက်အံ ဆွဲတွင်း စန်းချို၏ရွှေထည်လက်ဝတ်ရတနာများကိုသိမ်းဆည်းကာ ညာဘက်အံဆွဲ မှာ ငွေစက္ကူ တွေထားသည်။ ဤဗီရိုနှင့် အံဆွဲများကို သူတို့လင်မယားကလွဲလို့ ဘယ်သူမှ ခွင့်ပြုချက်မဲ့ မဖွင့်ရ၊ ခွင့်ပြု ချက်လည်း မပေး၊ ဗီရိုနားမပြောနှင့် အိပ်ခန်းထဲသို့ပင် အကြောင်းမဲ့မဝင်ရ… ဟူသော စန်းချို၏သံမဏိ စည်းကမ်း ထုတ်ပြန်ထားသည်။

ပထမဦးစွာ ရွှေအံဆွဲကို အသက်ပင်မရှုဘဲ ဖွဖွညင်ညင်ကလေး ဆွဲထုတ်ကြည့်သည်။ အံဆွဲအတွင်း အနီရောင် ကတ္တီပါစကလေးကလွဲ၍ ဘာတစ်ခုမှမရှိ၊ ရုတ်တရက် သန်းဆိုင် ချွေးစို့လာ၏။ ငွေအံဆွဲကို ဖွင့်ပြန်သည်။ ကျပ်တန်အနွမ်းကလေး သုံးလေးရွက်ကလွဲ၍၊ ဘာငွေကြေးမျှ မမြင်ရ၊ သိမ်းနေကျနေရာ မှာ မသိမ်းဘဲ ဘယ်မှာ သွားသိမ်းပါလိ့မ်… ဟူ၍တွေးကာ၊ သူ့မျက်လုံးတွေက ဗီရိုဘေးရှိ အဝတ်အစား အသစ်များ၊ မချုပ်ရေးသေးသော အထည်စများ သိမ်းဆည်းရာ သံသေတ္တာကြီးကို စူးစမ်းသည်။ သည် သေတ္တာ ကလည်း သော့ခတ်လေ့ မရှိ၊ ရွှေငွေလည်း သိမ်းဆည်းလေ့မရှိ။

ပို၍သေချာခိုင်မာအောင်၊ သန်းဆိုင်က သေတ္တာအဖုံးကို ပန်းကလေးတစ်ပွင့်ကဲ့သို့ တယုတယဖော့ဖော့ ဖွဖွကလေး ဖွင့်လိုက်သည်။ အဝတ်အစားကတစ်ပုံ၊ အထည်ပိတ်စတွေက တစ်ပုံ၊ သပ်သပ်ရပ်ရပ် ရှိနေ ကြ၏။ ပရုပ်နံ့လုံး အများအပြားထည့်ထား၍ ပရုပ်နံ့ထောင်းထောင်းထမွှန်ရှခြင်းကို ထိတွေ့ရသည်သာ အဖတ်တင် သည်။ သူတွေ့လိုသော အရာတွေ သေတ္တာထဲမှာလည်း မရှိ၊ (ဘယ်နေရာမှ ရှိမလဲ…၊ ဘယ်နေရာများရှိမလဲ…) သေတ္တာအဖုံးကိုဖွင့်တုန်းကလို အသာအယာပြန်ပိတ်ပြီး အခန်းထဲမှာ မျက် လုံးကစားသည်။ ချွေးတွေက စို့ရုံမဟုတ်တော့၊ ပြိုက်ပြိုက်ယိုစီးနေကြပြီ။

သန်းဆိုင် မျက်လုံးတွေ ကျယ်သွားသည်။ စန်းချို ခရီးထွက်စဉ်က ယူသွားသော ခရီးဆောင်အိတ်ကြီး ကို ခုတင်ဘေး မှာ ဇစ်ပွင့်လျက်တွေ့လိုက်သောကြောင့် ဖြစ်လာသည်။ နဖူးမှ ချွေးတွေကို လက်ခုံဖြင့် သုတ်ပြီး အိတ်ကို ဖြဲကာ ထဘီတွေ အင်္ကျီတွေ၊ အတွင်းခံစကတ်တွေကြားမှာ ကသောကမျော ထိုးနှိုက် စမ်းသပ်တော့သည်။ စန်းချို၏အလှပြင်ဆေးဝါးတွေ၊ ကိရိယာတွေကိုသာ စမ်းမိ၏။ မလျှော်မဖွပ်ဘဲ ထိုး သိပ်ထားသော အဝတ်အဟောင်းနံ့နှင့် အမွှေးနံ့သာနံ့တို့ ရောနှောပေါင်းစည်းပြီး ထွက်ပေါ် လာသော အောက်သိုးသိုးအနံ့ကို ရှုမိကာ သန်းဆိုင် အော်ဂလီပင် ဆန်ချင်လာမိ၏။
ငါ သူခိုးမှ မဟုတ်တာ၊ ဖြစ်ချင်ရာဖြစ်စေတော့ဟု ဆုံးဖြတ်ပြီး ခြင်ထောင်နားကပ်ကို စန်းချိုကိုကြည့် သည်။ သူ့မျက်လုံးတွေ ပြူးကျယ်သွားကြပြန်သည်။ ရင်တဒုတ်ဒုတ် ခုန်သံကို… စန်းချိုကြားမှာစိုး၍ ယောင်ယမ်းပြီး ရင်ဘတ်ကို ဘက်လက်ဝါးဖြင့် ဖိသည်။ (သြော်… ဒီလိုကိုး) ရွှေကော ငွေပါထည့်ထား သော စန်းချို၏ အဖိုးတန်သားရေအစစ် ပိုက်ဆံအိတ်ဖောင်းဖောင်းကြီးက စန်းချို၏ခေါင်းအုံးအောက်က နေ တစ်ဝက်ခန့် ပြူထွက်နေသည်။ သူတွေ့ချင်သော အရာဝတ္ထုများ ပိုက်ဆံအိတ်ထဲမှာ ရှိနေမည်ကို သံသယ ပွားစရာ မလိုတော့။

ရွှေတွေ ငွေတွေ မတွေ့တွေ့အောင် ရှာပြီး စစ်ဆေးဝေဖန်ကြည့်မည်ဟု ဆုံးဖြတ်ချက်ချထားသည့် တိုင်…၊ ပါးစပ်ကြီးဖြဲပြီး တဂူးဂူးဟောင်နေသည့် စန်းချို၏ဦးခေါင်းအောက်မှ ပိုက်ဆံအိတ်ကို သန်းဆိုင် မတို့ မထိရဲတော့…၊ ကျားပါးစပ်ထဲသို့ ခေါင်းလျှိုသွင်းလျှင်မှ…၊ ကျားက ကိုက်ချင်မှ ကိုက်ဦးမည်၊ ပိုက်ဆံအိတ်ကို သွားဆွဲစဉ် စန်းချို နိုးသွားပါမူ အာဠာဝကဘီလူး၏သံလျက်ကို ဆွဲမိသူထက် မခန့်မှန်း နိုင်အောင် အခြေအနေ ဆိုးသွားမည်။
သို့ရာတွင် သန်းဆိုင်သည် ဇွဲတင်းလိုက်၊ ဇွဲလျှော့လိုက်နှင့် ချွေးပေါက်ပေါက်ကျရင်း ချီတုံ၊ ချတုံ ဖြစ်နေ သေး၏။ ထိုသို့ရှိစဉ်… ကြမ္မာငင်လာတော့သည်။
ကိုယ်လက်ညောင်းညာ ကိုက်ခဲလျှင် အိပ်ပျော်ရင်းမှ သူမ၏ပင်ကိုအသံအောကြီးနှင့် ယောင်ယမ်းရေ ရွတ်တတ်သော စန်းချိုအသံ မြည်လာခြင်းဖြစ်၏။

"အဘိုး… အဘိုး…"
စန်းချိုက ဘုရားဖူးခရီးစဉ်တစ်နေရာမှာ၊ တွေ့ဆုံပူဇော်ခဲ့ရသော သီလ၊ သမာဓိ၊ ပညာတို့၏ဂုဏ် သတင်းကြီးများ ပျံ့နှံ့သည့် ရသေ့သူတော်စင်ကြီးတစ်ပါးကို အိပ်မက်မက်ပြီး ယောင်ယမ်းတမ်းတလိုက် သည်ကိုး…၊ စိတ်အသိကပြောင်းကပြန် ဖြစ်လျက်ရှိသည့် သန်းဆိုင်၏နားအာရုံတွင် (သူခိုး… သူခိုး) ဟူ ၍ ကြားလိုက်လေ သည်။
ကြားလိုက်သည်နှင့်…၊ သူ့အာရုံအလုံးစုံ ဗြောင်းဆန်ရှုပ်ထွေးသွားပြီး သူ့ပါးစပ်မှလည်း (သူခိုး… သူခိုး) ဟု မြည်တမ်းကာ၊ အခန်းထဲမှ အမြန်ဆုံးထွက်ပြေးဖို့ ခြေလှမ်းတွေရွေ့သည်။ အရှိန် ယူပြီး ရှေ့တိုးလိုက် သော ခြေတစ်ဖက်က စန်းချို၏ကြွေရည်သုတ်သံထည် "ညအိုး" ကို ကန်ထုတ် လိုက်သလို ဖြစ်သွား သည်။ ဂန်ဖလားအဖုံး ရိုက်ခတ်သံ၊ ဂန်ဖလားခွက်က လွင့်ပြီး သံသေတ္တာကို ကျယ်လောင်စွာ ဝင်တိုး လျက် ဘေးတစောင်းလိမ့်သွားရာမှ နံရံကို ဝင်တိုက်ပြန်သော အသံတို့ကို…၊ သန်းဆိုင် ကတော့ ငလျင် လှုပ်ပြီးသူ့အိမ်ကြီး ပြိုကျသံဟုသာ ထင်လိုက်မိတော့၏။

စန်းချို လန့်နိုးပြီး ခြင်ထောင်ထဲက ခုန်ထွက်လာသည်အထိ မိထူးနှင့် သားနှစ်ယောက် အိပ်ခန်းထဲသို့ အူယား ဖားယား ပြေးဝင်လာကြသည်အထိ…၊ သန်းဆိုင်သည် ဆီးအိုးကို ကန်မိသောနေရာ၌ နေလှန်းခံ ရသော အပြစ်သား တစ်ဦး ကဲ့သို့ ချွေးဒီးဒီးကျလျက် ရပ်နေဆဲဖြစ်သည်။
×××        ×××        ×××

ဆက်ရန်
.

No comments: