သြော်၊ အမေ...အမေ၊ အဖေ့ကို အနိုင်ယူလို့အားမရသေးဘဲ သက်သက်မဲ့ အရူးလုပ်သွားတာ ပါလား...၊ အဖေတော့ ရူးမရူးမသိဘူး၊ လောလောဆယ်တော့
မူးပြီးမှောက်နေပြီဟု တွေးရင်း မိုးကျော်အောင်သည် ကတော့မခို ခုန်တော့မလို အမူအရာဖြင့် အိမ်ဘက်သို့ လှမ်းအော် သည်။ ကို ဆက်ဖတ်ရန်.................
××× ××× ×××
××× ××× ×××
"ဒေါ်လေးနဲ့ ညီလေး ဒီကိုအမြန်လာကြဦး...ဟေ့" သန်းဆိုင်သည် တစ်ညလုံးတောက်လျှောက်၊ အိပ်မက်ပင်မမက်အားအောင်
အိပ်မောကျခဲ့ပြီး နောက်မိုးလင်းခါနီးတွင် ရင်တလှပ်လှပ်တုန်၊ လည်ချောင်းတွေ ပူလောင်ခြောက်သွေ့၊ ချွေးစေးတွေ ယိုစိမ့် လျက် ကယောင်ချောက်ချား လန့်နိုးလာသည်။ သူ့ကိုယ်ပေါ် တွင် သားတွေလွှမ်းခြုံပေးထား သောစောင်လည်း မကပ်တော့။ ပုဆိုးကလည်း သူ့ခြေရင်းမှာ ပစ်စလက်ခတ် ပုံလျက်သား ရောက် နေသည်။ အဆိုးဆုံး အခြေအနေကတော့ သူ၏နားရွက်အစုံတစ်ဝိုက်ရှိ ဦးခေါင်းနှစ်ခြမ်း သည် တူကလေးတွေဖြင့် တဆတ်ဆတတ်ထုနှက်ခြင်းခံရသလို ကိုက်ခဲဖူးအုံနေခြင်း ဖြစ် လာသည်။
(ဘုရား...ဘုရား...ရား...ရား အတော်ပြင်းတဲ့ နိုင်ငံခြား အရက်ပါလား၊ ဘယ်လိုကဘယ်လို သတိ လစ်သွားမှန်းကို မသိတော့ဘူး၊ အတော်ကြီးအားယူပြီးမှ
ထထိုင်သည်။) ခြင်ထောင်ထဲမှ ထွက်လာသောအခါ စန်းချိုမှန်တင်ခုံပေါ် တွင် သောက်ရေ ထည့်ထားသော ရေသန့် ဘူးနှစ်ဘူးနှင့် လဲကျနေသော ရေသန့်ဘူးခွံ တစ်ဘူး ကို တွေ့ရသည်။ သူညက ကယောင်ကတန်း အော်၍ ရေတောင်းခဲ့သဖြင့် သားကြီးက ရေလာတိုက်ခဲ့သည်ကို သူလုံးဝ မမှတ်မိတော့ပေ။ ရေဘယ်နှကြိမ်တောင်းခဲ့မှန်းလည်း သတိမရတော့ပေ။
ယခု.... ရေဗူးတွေမြင်သည့်အခါ၊ ရေငတ် ဝေဒနာ ပိုမိုနိုးထလာပြီး ရေတစ်ဘူးဆွဲယူ၍ ဘူးထဲ မှာ ရေတစ်စက်မျှ မကျန်အောင် အငမ်းမရ တကွပ်ကွပ်နှင့်
သောက်ချ လိုက်သည်။ ရေသောက်ပြီးနောက် ဆီးသွားရန် အိပ်ခန်းထဲမှ ထွက်၍ မီးဖိုခန်းထဲ သို့ ဖြတ်လျှောက်ခဲ့ရာ ကြက်သွန်နွှာနေသော မိထူးက မျက်လုံးစွေကြည့်သည်။
သန်းဆိုင် အခြေအနေကို စူးစမ်းခြင်း ဖြစ်သည်။ သန်းဆိုင်က မိထူးရှိနေသည်ဟုပင် သတိ မထားမိသောဟန်ဖြင့် အိမ်သာဆီသို့ ဒယိမ်း ဒယိုင် လှမ်းဆင်းသွားသည်။
အိမ်သာမှ ပြန်ဆင်းလာသောအခါ၌လည်း မိထူးကိုမကြည့်ဘဲ ခေါင်းငိုက်စိုက်ကြီးဖြင့် လျှောက်သွား သည်။ အိပ်ခန်း ထဲ ပြန်မ၀င်ဘဲ ဘုရားစင်ရှေ့ ဖယောင်းပုဆိုးပေါ်မှာ မှောက်လျက်လှဲအိပ်လိုက် သည်။ သူ့တစ်သက် မှာ တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော အခံရခက်လှသည့် ဝေဒနာတစ်ရပ်ကို ခံစားနေရမှန်း သိလိုက်ခြင်းနှင့် အတူ၊ စိတ်ပျက်အားငယ်မှုက သူတို့ ဖိစီးညှန်းပန်းလာတော့၏။ စင်စစ်... လိုအပ်သည် ထက် အရက်ပိုသောက်မိသူတို့ အိပ်ရာထမှာ တွေ့ကြုံရင်ဆိုင်ရသော "အရက်နာကျခြင်း" ဝေဒနာပြစ်ဒဏ် (၀ါ)သေရည် ၏ ဘေးထွက်ဆိုးကျိုးပါတကား...။
"အစ်ကိုကြီး...ညက ထမင်းမစားဘူး၊ အခုစားမလား" မိထူးက ထိုမေးခွန်းကို သုံးကြိမ်မေးတော့မှ သန်းဆိုင် မှောက်လျက် ကနေ ပက်လက်လှန်ပြီး ဖြည်းညင်းစွာ ခေါင်းခါသည်။ "မ....စား....ချင်....ဘူး" မိထူးက ပျော့တိပျော့်ဖတ် ပက်လက်လှဲနေသော သန်းဆိုင်အား ဒဏ်ရာအနာတရနှင့် အပူအညီမဲ့ လဲကျနေ သည့် ဒုက္ခသည်ကြီး ကို ကြည့်သည့်အလား....ကြည့်နေ၏။ "သံပရာရည်သောက်မလား...." "ကွမ်းစားတဲ့ ပါးစပ်ကြီးနဲ့ သံပုရာရည်နဲ့ မကိုက်ပါဘူးဟာ"ဟု ညည်းပြောပြာကာ သန်းဆိုင်လက၀ဲ နံတောင်းဘက် သို့ စောင်းအိပ်လိုက်သည်။
"အစ်ကိုကြီးသန်းဆိုင် အမူးကောပြေပြီလား" သန်းဆိုင်က ထိုမေးခွန်းကိုကြားသော်လည်း မဖြေ။ သူ့ဘာသာ လည်း အမူးပြေမှန်း မပြေမှန်း မသိပါ။
"အမူးပြေရင် အစ်ကိုကြီးသန်းဆိုင် အရမ်းဝမ်းသာသွားမယ့် သတင်းကိုပြောမလို့" သန်းဆိုင် က ခေါင်းကို လှည့်၍ မိထူး ကို မျက်လုံးပြူးကြည့်ကာ....
"ဘာဝမ်းသာစရာ တုံးဟ၊ ထီဖွင့်နေပြီမဟုတ်လား၊ ထီရောင်းတဲ့ကောင်လာပြောသလား ငါမင်္ဂလာ စုံတွဲ သုံးထောင်ဖိုး ထိုးထားတယ်၊ ထီပေါက်ပြီလားဟ"ဟု ထင်ရာမြင်ရာ ပြောနေရာမှ ထထိုင် သည်။
မိထူးသည် နှုတ်ခမ်းရှေ့ သို့ ငေါထွက်နေကြသော် လည်း ဖွေးစင်ညီညာလှသော ရှေ့သွားပေါ် အောင်ပြုံး လိုက်၏။ "ထီပေါက်တာ မဟုတ်ဘူး၊ တခြားဟာ...၊ သိချင်ရင်ဆိုင်လဲ မိုးကျော်အောင်ရှိတယ်၊ သူ့ကို သွား မေးကြည့်...." မိထူး က ချာခနဲ လှည့်ထွက်သွားရာ သန်းဆိုင်လက်တစ်ဖက်ကို မြှောက်လိုက်ရင်း ပါးစပ် အဟသား ဖြစ်နေ၏။ လက်ကလည်း လေထဲမှာ တွဲလောင်းတွဲထားသလို ဆန့်တန်း ငြိမ်သက်နေသည်။
××× ××× ×××
××× ××× ×××
အချိန်စောသေး၍ ဆိုင်မှာ လူဝင်လူထွက်ကျဲသည်။ လမ်းပေါ်မှာလည်း လူသွားလူလာ တစ်ဦးစ နှစ်ဦးစသာ သွားလာနေကြ သည်။ ဆိုင်နီးချင်းတချို့က ဆိုင်တံခါးတောင် မဖွင့်ကြသေး။ လူသူရှင်း လင်းနေခြင်းကြောင့် သန်းဆိုင်အသံကို မထိန်းတော့။ "မဟုတ်သေးဘူးကွာ...မဟုတ်သေးဘူး"ဟု စိတ်ဆိုးမာန်ဆိုးပြောကာ
စန်းချို၏စာ ကို သားကြီး၏ ရင်ခွင်ထဲသို့ အပြီးစလွယ်ပစ်ချသည်။ သားကြီးက စာရွက်ကလေးကို ဂရုတစိုက်ကောက်ယူပြီး စာအိတ် ထဲသေချာပြန်ထည့်၏။ သူ့ဖခင် ၀မ်းသာကြည်နူးဟန်ပြ မလာသည်ကို မိုးကျော်အောင် နားဝေတိမ်တောင် ဖြစ်နေရပြီ။
"မင်းတို့ အမေလုပ်ပုံမဟုတ်သေးဘူး၊ ဘုရားဖူးသွားတာကို လင်နောက်လိုက်ပြေးသလို ဘာလို့ ခိုးကြောင်ခိုးဝှက် လုပ်ရမှာလဲ၊ ဘာလို့ရွှေတွေအကုန်ယူသွားရသလဲ၊ ဘာလို့ ပိုက်ဆံတွေ လေး ငါးခြောက်သောင်း ထည့် သွားရသလဲ... ဒါဟာ မရိုးမသား ကလိန်ကကျစ် လုပ်တာကွ... ငါ့ကို လည်း.... ဂရုမစိုက်တဲ့အပေါက်မျိုး ချိုးတာ"
မိုးကျော်အောင်က သက်ပြင်းခိုးရှူကာ မျက်နှာလွှဲ၍ ထိုင်နေလိုက်၏။ သူ့ဖခင် အရက်မူးမပြေသေး ဟု ထင်သည်။ အကြောင်းမှာ သန်းဆိုင်ပါးစပ်က အနံ့ဆိုးအကြွင်းအကျန်တွေ ထွက်လာနေ ဆဲဖြစ် သောကြောင့် ပင်။
"ငါ့ကိုများ တိတ္ထိတဲ့ကွာ...၊ ကြည့်စမ်း ဒီမယ်သားကြီး အဖေဟာ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ သုံးနှစ် သုံးမိုး နေလာခဲ့တဲ့ကောင်ကွ၊ မင်းတို့ဘိုးအေကြီး ဦးကံငွေက စာတတ်ရဟန်းလူထွက် ကွ၊ ဟောဒီဘုရားကြီး ဆိုရင်လည်း အဖေကိုယ်တိုင် လှူလာတာ ရေအလှူ၊ ငွေအလှူ၊ ဆီးမီးအလှူ၊ ပန်းအလှူ နည်းနည်းနောနော လားကွာ ဟင်၊ ငါက ဆိုင်တစ်ဖက်နဲ့မအားလို့ အားရင် ဘုရားဂေါပ ကအဖွဲ့ဝင်တောင် ၀င်လုပ်ရသေးရဲ့၊ ဒါကိုများကွာ... စန်းချိုမို့ တိတ္ထိလို့ စွပ်စွဲရက်ပါပေ့..." မိုးကျော်အောင်သည် စိတ်ကသိ ကအောက်ဖြစ်ရသည့်ကြား မှ ခြောက်ကပ်ကပ်ရယ်လိုက်၏။
"ဒါကတော့ အဖေရာ... အမေ အဖေ့အဖေသူ့ယောက္ခကြီးရဲ့ စကာလုံးကို သတိရလို့နေမှာပါ၊ အဖေပြောဖူး တာပဲလေ၊ အဘိုးက အမေနဲ့သဘောမတူတာနဲ့ပဲ အဖေ့ကို (ဘုရားနားမှာနေတဲ့ တိတ္ထိ)လို့ ရွာမှာ လျှောက်ပြောဆိုအဖေရဲ့" သန်းဆိုင်က ကလေးဆိုးကြီးကို နှုတ်ခမ်းစူသည်။ "ငါ့အဖေကလည်း အလကား လူကြီးပါကွာ၊ ဘုန်းကြီးဝတ်နဲ့တုန်းကကော သီလသမာဓိရှိခဲ့ပုံပဲ၊ လူဝတ်လဲပြီး မိန်းမယူတော့မှ သီလကြောင်ကြီးဖြစ် သွားတာ၊ ငါတို့ဒီဘုရားကြီးနားမှာ စနေက တည်းက ငါ့ဆီတစ်ခေါက်တစ်ကျင်းတောင် မလာဘူး၊ ငါ့ကိုလည်း သူ့ဆီအလာမခံဘူး၊ ဒါပေမဲ့ ငါပို့ပေးတဲ့ ကိတ်မုန့်တွေ၊ ပန်းသီး၊ သပျစ်သီးတွေကျတော့ ငွေကြေးအများဆုံးအကုန်အကျခံပြီး မသာချခဲ့ရတာ....(တောက်)သူက လူသေ သွားပေမဲ့ သူ့စကားလုံး "တိတ္ထိ"ကိုတော့ သူ့ချွေးမပါ၊ ထပ်ထဲထည့်ထားခဲ့သေးသကို"
မိုးကျော်အောင် က လှိုက်လှိုက်လှဲလှဲရယ်မောသောအခါ သန်းဆိုင်သည် သားဖြစ်သူကို မကျေမ ချမ်းစောင်းကြည့် ၏။ "ဒီမယ်သားကြီး...ဒါတွေအသာထားဦး။ အရေးကြီးတာတစ်ခုငါစဉ်းစားမိတယ်ကွ" မိုးကျော်အောင် အရယ်ရပ်သွား၏။ သူ့ဖခင်၏ မှုန်တေလေးနက်စွာ လိမ်ရှုံ့ထားသည့် မျက်နှာကြီး ကိုကြည့် ၏။ မနေ့က ၀ီစကီအရှိန်ဖြင့် မျက်လုံးအိမ်က နီတွတ်တွတ်နှင့် မိုးကျော်အောင် မမြင်ဖူး သော မျက်နှာကြီးဖြစ်နေသည်။
"စာလာပေးတဲ့ကောင်လေးပြောသွားပုံဆို....၊ သူတို့ ဘုရားဖူးကားမှာ ယောက်ျားသုံးယောက်ပါ သွားတယ် တဲ့၊ ဒါက...သားကြီးပြောလို့ အခုမှ
အဖေ သိရတာနော်၊ အဲဒီသုံးယောက်ထဲမှာ ကုလား ဒိန်တစ်ကောင် ပါသွား မသွား အဖေသိချင်တယ်" "ဟာ...အဖေ ကလည်းဗျာ၊ တရုတ်မတွေရဲ့ ဘုရားဖူးကားမှာ ကုလားဒိန်ပါမတဲ့လား"ဟု မိုးကျော် အောင်စိတ်ရှုပ်ဟန်ဖြင့် ပြောလျှင် သန်းဆိုင်က လက်ညှိုးကြီးထောင်ကာ "မင်းတို့အမေရဲ့ ကုလားဒိန်ဟာ ကားဒရိုင်ဘာမဟုတ်ဘူးလို့ပြောနိုင်သလားဟင်"ဟု သူ့ထင်မြင် ချက်ကိုဖွင့်ထုတ်၏။
"ကုန်စုံဆိုင်က တရုတ်ကြီး ဦးကျူးဆီမှာ တိုယိုတာဟိုင်းလပ်ခရီးသည်တင်ကား (၃)စီးတောင် ရှိတာ အဖေ မသိဘူးလား၊ တရုတ်မတွေက သူတို့ကားနဲ့
သူတို့သွားကြမှာပေါ့၊ အဲဒီကားသုံးစီး စလုံး ရန်ကုန်နဲ့လိုင်းပြေးနေကြတော့ ကျွန်တော်လည်း စီးဖူးတယ်။ ကျွန်တော် တို့ ကားဝပ်ရှော့ မှာလည်း သုံးစီးစလုံး လာပြင်ဖူးတယ်။ ဒရိုင်ဘာတွေထဲမှာ ကုလားဒိန်မပါဘူး။ တရုတ်ကပြားတစ် ယောက် ကရင်တစ်ယောက်နဲ့ ရခိုင်တစ်ယောက်ဆိုတာ ကျွန်တော်ကောင်းကောင်း သိ တာပေါ့။ အမေ့စာဖတ်ရပြီးမှ တောင်တောင်အီအီ လျှောက်မတွေးစမ်းပါနဲ့ အဖေရာ.. အမေဘုရားဖူးသွား တယ်လို့ စိတ်နှလုံး ဒုန်းဒုန်းချယုံလိုက်စမ်းပါ" မိုးကျော်အောင်၏ တောင်းပန်နှစ်သိမ့်စကားကို သန်းဆိုင် နားဝင်ဟန် မရှိ။
"သေချာအောင်တော့်...ဘုရားဖူးကားမှာ ကုလားဒိန်တစ်ယောက်ပါ မပါ တရုတ်ကြီးကို သွားမေးဦး မယ်၊ ယောက်ျားသုံးယောက် ပါတယ်ဆိုတော့... ကားစပယ်ယာထဲမှာ
ကုလားဒိန် တစ်ယောက် ပါကောင်း ပါနိုင်တယ်ကွ...၊ ကုလားဒိန်ပါလို့သာ မင်းတို့အမေ ငါကို အသိမပေးတာ၊ အသိပေးလို့ ငါလိုက်ကြည့်ရင် သူ့ကုလားဒိန်ကိုတွေ့သွားမှာပေါ့၊ မဟုတ်ဘူးလား" "အဖေပြောသလို မဟုတ်ရဘူးဗျာ၊ ကျွန်တော် လောင်းကြေးစားကြေး ပြောတယ်" "ဟေ့ကောင်..... သားအဖ ချင်း အလောင်းအစားတော့ လာမလုပ်နဲ့"
သန်းဆိုင် သည် ဆိုင်ထဲမှဆင်းကာ အိမ်ပေါ်သို့ရေးကြီးသုတ်ပျာ ပြန်တက်သွားစဉ်၊ မိုးကျော်အောင် တစ်ယောက် တည်း ရှုံ့မဲ့ခေါင်းယမ်းနေမိလေတော့၏။
××× ××× ×××
××× ××× ×××
တရုတ်ကုန်စုံဆိုင်မှ သန်းဆိုင်ပြန်ရောက်ချိန်တွင် ဆိုင်ထဲမှာ သားငယ်ပြည့်ဖြိုးအောင်က ကျောင်းမသွားမီ အလှည့်ကျ ဈေးရောင်းပေးနေပြီး၊ ခုံတန်းလျားအုပ်စုအဖွဲ့ဝင် ရန်ပိန် တစ်ယောက်သား၊ အစာမျှော် ကာ ခွေးတစ်ကောင်၏ အမူအရာမျိုးဖြင့် သန်းဆိုင်ကို ဆီးကြိုး လျက်ရှိသည်။
ရန်ပိန်က မနေ့ကကဲ့သို့ အပိုဝင်ငွေရဖို့ မျှော်လင့်နေသည်။ "အစ်ကိုသန်းဆိုင်..နေကောင်းသွားပြီလားဗျ" ဟုရန်ပိုင် က အဓိပ္ပာယ်ပါသော အပြုံးဖြင့် လှမ်းမေးသည်။ "မနေ့ကထက် ပိုဆိုးတယ်ကွာ..." ဟု သန်းဆိုင် က ခေါင်းခါရှုံ့မဲ့ရင်း ပြောကာ အိမ်ပေါ်သို့ ပျာယီး ပျာယာတက်သွား၏။ ရန်ပိုင်က သူ့အတွေးနှင့် သူပြုံးသည်။
သန်းဆိုင် နေမကောင်း သေးသရွေ့၊ သူ သည် "ဝီစကီအဝယ်တော်" သို့မဟုတ် သန်းဆိုင်၏ တစ်ကိုယ်တော် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားမှ
တစ်ဦးတည်းသောဖြစ်မြောက်ရေး ကော်မတီဝင် ရာထူး ရရှိနေမည်ဟု ရန်ပိန်စိတ်ကူး ယဉ်နေလေသည်။ သန်းဆိုင် ၏ စိတ်အခြေအနေပြောင်းလဲသွားသည် သာမက အရက်နာကျ၍ အရက် ပုလင်းကိုပင် မကြည့်ဝံ့တော့မှန်း သူ သနားစရာ ရန်ပိုင် မသိရှာ။
သန်းဆိုင်အိမ်ပေါ်ရောက် သည်နှင့်သူဘာပြော မည်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေဟန်ရှိသည့် မိထူး ကို တွေ့ရသည်။ မိထူးမှာမနေ့က စန်းချိုထံမှ
စာရောက်လာပြီး အကျိုးအကြောင်း သိရကတည်းက... မျက်နှာထားပိုမိုကြည်လင်လာ၏။ " အစ်ကိုကြီး ထင်တဲ့ အတိုင်းပဲလား " ဟု မိထူးက မေးတော့ သန်းဆိုင်ခေါင်းယမ်းပြပြီး.. " မဟုတ်ဘူးဟ.... ကားပေါ်မှ ဘယ်ကုလား မှ ပါမသွားဘူး" ဟုညောင်နာနာဖြေသည်။ "အစ်ကိုကြီးသန်းဆိုင်က စိတ်အပူအလွန်နေတာပါ။ မိုးကျော်အောင် က ကျွန်မကို အလုပ်မသွားခင် ပြောသွားသေးတယ်။ အဖေ့ကို ဂရုစိုက်ပါ ဒေါ်လေးရယ်..တဲ့ အဖေတော့ အမေ့စိတ် နဲ့ ရူးကြောင် ကြောင် ဖြစ်နေပြီတဲ့။
"သူ ဘုရားဖူးလိုက်သွားတယ်ဆိုတိုင်း ငါမယုံနိုင်သေးဘူး၊ လမ်းခုလတ်မှာ သူ့အကောင်နဲ့ ချိန်ထားပြီး ကားပေါ် က ဆင်းနေခဲ့လည်း ဖြစ်တာပဲ။
" မဖြစ်နိုင်တာပဲ" စိတ်ပျက်လက်ပျက်ညည်းလိုက်သော မိထူးကို...၊ သန်းဆိုင်မဲ့ပြုံးပြုံးကြည့်သည်။ " လောကကြီး မှာ မဖြစ်နိုင်တာမရှိဘူး မိထူး၊ မဖြစ်သေးတာပဲ ရှိတယ်။
ဖြစ်လာရင် ဘယ်သူမှ မတတ်နိုင်ဘူး၊ ဒီစကားကို မှတ်ထား" မိထူးက သန်းဆိုင်ကို ရဲရဲတင်းတင်း စိုက်ကြည့်ပြီး တစ်ခါ မျှ မရွယ်ဖူးသော လက်ညှိုးဖြင့် ရွယ်သည်။
" ဒီမယ်နော်...၊ စိတ်ညစ်တယ်။ အသည်းကွဲတယ်ဆိုပြီး မနေ့ကလိုတော့ အရက်တွေ မသောက်နဲ့။ အစ်ကိုကြီး ကို တွဲရထိန်းရတာ ဘယ်လောက် စိတ်ညစ်စရာကောင်းတယ်မှတ်လဲ၊ ငယ်ငယ်တုန်းက အဖေမူးရင် မောင်နှမတစ်တွေ ဝိုင်းတွဲရတာကိုသတိရပြီး ကျုပ်ငိုချင်လိုက်တာ၊ ကျုပ်တို့အဖေလည်း
အရက်ကြောင့် သက်တမ်းစေ့မနေရဘဲ သေသွားရတာ၊ ကျုပ်က အမေ့ထက် အဖေ့ကို ပိုချစ်တာကြောင့်... " စန်းချိုမရှိချိန်မှာ...မိထူး ဘာကြောင့် စကားတွေများများပြောပြလာပါလိမ့်ဟု သန်းဆိုင်ဖျတ်ခနဲ တွေးမိ၏။
သြော်... သူဟာ ငါ့လက်ထဲမှာ လူလားမြောက်ခဲ့တဲ့ ရုပ်ဆိုးကျည်းတန်မကလေးပဲ၊ ရည်းစားသနံတောင် မရှိရှာဘူး သန်းနိုင် သည် မိထူးကိုသာ စိုက်ကြည့်နေမိ၏။
" စိတ်ချပါဟာ အစ်ကိုကြီးအရက်မသောက်တော့ပါဘူး " သို့စဉ်ခိုက်မှာ....မိထူးက သန်းဆိုင်လုံးဝ...လုံးဝ မမျှော်လင့်သော မေးခွန်းတစ်ခုကို မင်မောင် ကောင်းသည့် ရှေ့နေမတစ်ယောက်က.... စိတ်လှုပ်ရှား စိုးရွံ့နေသော တရားခံတစ်ဦးကို တရားခွင်မှာ မေးခွန်းထုတ်သံဖြင့် မေးလာပေ၏။
" တကယ်လို့.... အစ်မကြီးစန်းချို ဘုရားဖူးသွားတာမဟုတ်ဘဲ ...သူ့အဆက်နောက် လိုက် ပြေးတယ် ဆိုရင်ကော... အစ်ကိုကြီးသန်းဆိုင် ဘာဆက်လုပ်မလဲ။
သန်းဆိုင် ၏ မျက်စိတွေ၊ ပါးစပ်တွေ သာမက၊ လက်တွေခြေတွေပါ ဂနာမငြိမ် လှုပ်လှုပ်ရွရွ ဖြစ်သွားကြကာ၊ မိထူး ကို အသနားခံသလို မော့ကြည့်သည်။
"မ-မ-မပြောတတ်ဘူးမိထူး...ငါရူးချင်လည်း ရူးသွားမယ်။ ဒါမှမဟုတ်စိတ်ညစ်ညစ်နဲ့ အရက်ဖိ သောက်ရင်း အရက်သမားကြီး ဖြစ်သွားမယ်၊
အေးလေ.... ဒီလိုမှ မဟုတ်ရင်လည်း.... ငါဘုန်းကြီးဝတ်ချင်ဝတ်သွားမှာပေါ့ဟ...၊ ဘာမှမသေချာပါဘူး..... " မိထူး က ရိတိတိကလေး ပြုံးနေသည်။ ပြုံးရာကသဲ့သဲ့ရယ်၏။
"ကျုပ် မယုံချင်ပါဘူး အစ်ကိုကြီးသန်းဆိုင် ရာ...ဟပ်ဟပ်၊ ကျုပ်တို့ရွာတစ်ကြောက ယောက်ျား တွေကျတော့ တစ်မျိုး...." "ဘယ်လို တစ်မျိုးလဲဟ"
"မိန်းမက တစ်ခြားယောက်ျားနောက်လိုက်သွားခဲ့ရင်၊ ကျန်ခဲ့တဲ့ လင်ကလည်း အမြန်ဆုံး နောက် အိမ်ထောင် ပြုလိုက်တော့တာပဲ၊ အစ်ကိုကြီးသန်းဆိုင်
ပြောသလို ရူးလည်းမရူးပေါင်...၊ အရက်သမားလည်းမဖြစ်ပေါင်....၊ ကဖိုးသီးဆိုတဲ့ လူဆိုရင် သူ့မယား လည်း ဖောက်ပြန်သွားရော. ... ဘာမှမကြာဘူး၊
သူက ရွာထဲက သူ့ထက် အသက် ၂၀လောက်ကြီးတဲ့ မုဆိုးမအဘွားကြီးကို ယူလိုက်ရောတော့ ဟပ်-ဟပ်-ဟပ်" "အဘွားကြီးက ပိုက်ဆံရှိလို့ နေမှာပေါ့ဟ"
"မရှိပေါင်...၊ သားသမီးတွေ ပေးစာကမ်းစာထိုင်စား နေရတာ" "ဒီလိုဆို...အဲဒီမိန်းမကြီးက ငါတို့မြန်မာ ရုပ်ရှင်မင်းသမီြးိကီးတွေ ကို အမေခန်းက သရုပ်ဆောင် ရတဲ့ အဘွားကြီးဖြစ်ပေ မဲ့ ချောတုန်းလှတုန်းမို့ နေမှာပေါ့" "အို...မချောပေါင်၊ မလှပေါင်၊ ငါးကျီးခြောက်လို မည်းပြီးပိန်ရတဲ့အထဲ၊ မျက်စိ တစ်ဖောက်က စွေနေသေး...."
သည်တစ်ခါတော့... နာရီပေါင်းများစွာ မရယ်မမောနိုင်ခဲ့သော သန်းဆိုင်သည် လွတ်လွတ်လပ်လပ် ကြီး၊ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား လွှတ်ရယ်လိုက်တော့သည်။
"အဲဒီ...ဖိုးသီး ဆိုတဲ့လူ...မယားတရူး...ရူးသွားတာ...၊ တော်တော်တုံးတဲ့ ငတုံးပဲကွာ...ဟားဟား မယားရွေးတော် လိုက်တာ....ဟားဟား"
ရယ်ချင်စိတ် ကုန်သွားသောအခါ ငါလည်း ဖိုးသီးလိုမယားတရူး...ရူးချင်နေသလား မသိဘူး...ဟု သန်းဆိုင်ယောင်နန တွေးမိလေ၏။
ဤဝေဒနာဆိုး သည် ယခုမှ ခံစားဖူးသော ဝေဒနာသစ်မဟုတ်မှန်း သန်းဆိုင်သတိရလာ၏။ စန်းချို နှင့် အိမ်ထောင်စ ကျသည့် မင်္ဂလာဦးည လွန်မြောက်ပြီး နောက်တစ်နေ့မှာလည်း သူအလူးအလဲ... အမေအဘ တယူလောက်အောင် ခံစားခဲ့ရဖူး၏။ မင်္ဂလာဦးညမှာ၊ သုံးအိမ်စုကာလသားတွေ ဂုဏ်ပြုသည့် ချက် အရက်များ သောက်မိရာက တန်ဆေးလွန်ဘေးဖြစ်ကာ....၊ နောက်တစ်နေ့ မှာ "အရက်နာ ကျခြင်း"ဆိုသည့် သေရည်ကြိုက် လူမိုက်များ၏ လက်စွဲတော်၊ ဖွားဖက်တော်ရဲဘော် ရဲဘက်ကြီးနှင့် နပန်း လုံးခဲ့စဉ် မရှုမလှ ရှုံးနိမ့်ခဲရပုံကို ယခုသန်းဆိုင် တစိမ့်စိမ့်တွေတော အမှတ်ရ နေသည်။ ရင်ကလည်း တုန်၊ ခြေတွေ လက်တွေလည်းတုန်၊ စကားပြာရင် လည်း အသံကတုန်ပြီး တစ်ဆို့ဆို့နဲ့ အတော် ခံရခက်တာပဲ၊
အရက်ရဲ့မျက်မှောက်အပြစ်ဒဏ်ပါကလား....ဟူ၍ သန်းဆိုင် သည် ဈေးရောင်းရင်း သံသယပွားနေ ၏။ ဝေဒနာကို နောက်ကြောင်းပြန်ရာက စန်းချိုနှင့် မင်္ဂလာဦး
ညမှာတူနှစ်ကိုယ်မလျောင်းမွေးခဲ့ရသည့် ကမောက်ကမဖြစ်ရပ်ကလေးကို သတိရရင်း စိတ်အာရုံ မှာ စန်းချို၏ အသွင်သဏ္ဌာန် အမျိုးမျိုးတို့သည် စင်မြင့်ပေါ်မှာ
မော်ဒယ် အလှမယ်တွေ စုပေါင်း သရုပ်ပြနေကြသည့်သဖွယ် ရောထွေးလှုပ်ရွထင်တပ်လာကြ၏။ သန်းဆိုင် ကို ရာခိုင်နှုန်းအများဆုံး ဖမ်းစားညှို့ငင်နေ သည်မှာ စန်းချိုအပျိုဘ၀ရုပ်သွင်လည်း မဟုတ်၊ အိမ်ထောင် ဦး ခေါင်းရွက်ဈေး သည် ဘ၀ရုပ်သွင် လည်းမဟုတ်။
ကျိုက်ဒေးယျုံ ဘုရားကြီးအနီးမှာ၊ ခနော်ခနဲလေးတိုင်စင် ကွမ်းယာ ဆိုင်ကလေး ဖွင့်၍ ကွမ်းယာ ထိုင်ရောင်းနေခဲ့သော ဆိုက်ကားသမား မယားဘ၀ရုပ်သွင်လည်း
မဟုတ်။ လမ်းထဲက ကြေးရတတ်သားသမီး အပျိုမကလေးတွေ၏ဖက်ရှင်မျိုး ဝတ်ဆင်ထားသော မိတ်ကပ် အပြောင်းသား နှုတ်ခမ်းနီ အရဲသား၊ ရွှေထည်တဝင်းဝင်းနှင့်
ဆံပင် တိုနံ့နံ့ ရင်မောက်မောက်၊ တင်ကောက်ကောက်နှင့် လေးဆယ်ကျော်အလှရှင်အတု ကျည်းတန်မ စန်းချို ၏တောက်ပ ပြုံးပြက် သော ရုပ်သွင်သာဖြစ်တော့သတည်း။
ငါ စတွေ့ခဲ့တဲ့ စန်းချိုပုံနဲ့ လက်ရှိပုံ ဘယ်လိုမှ ဆက်စပ်လို့မရပါကလား၊ သင်းဟာ ပုံပြင်ထဲကလို ဖားပြုပ်ကြီး ဘဝကနေ ရွှေမင်းသားကလေးဘဝ ပြောင်းသွားတာမျိုးပဲ၊ ပုံပြင်ထဲမှာတော့ ရွှေမင်းသား ကလေးဟာ ဖားပြုပ်ရုပ်ဆိုးကြီး ဘဝကို ပြန်ရောက်သွားလေရဲ့… စန်းချိုကော… သင်း ဘုရားဖူး အယောင်ပြပြီး မဟုတ်မဟတ် လော်လီဖောက်ပြားသွားရင်… စုတ်ပြတ်နေတဲ့ ငါးစိမ်းသည်မ ဘဝ ပြန် ရောက်သွား မှာ သေချာ တယ်။ သိပ်သိပ်သေချာတယ်… ဟူသော အတွေးများနှင့်အတူ သန်းဆိုင် သည် ဆိုင်နံရံရှိ စန်းချို၏ ဓာတ်ပုံကြီးကို စောင်းကန်းစောင်းကန်း ကြည့်ကြည့်နေ၏။
"နာရီပြန်တစ်ချက် ထိုးပြီ အစ်ကိုကြီးသန်းဆိုင်…၊ ထမင်းမစားသေးဘူးလား ဝက်သားနဲ့ ဝက်ကလီစာ ချက်ထားတာနော်" ဟူသော မိထူး၏အသံကို ကြားလိုက်ရသည်။
အရက်နာ ကျခြင်းက တစ်ဖက်…၊ စန်းချိုအတွက် မယုံကြည် စိတ်မချနိုင်သေးခြင်းတို့က တစ်ဖက်ဖြင့် စိတ်ယောက်ယက် ခတ်နေရာမှ မိထူးရပ်နေသော ဆိုင်နောက်ဘက်သို့ မျက်နှာအိုကြီးဖြင့် လှည့်ကြည့် သည်။ မိထူး က လေးကွေးသော လှုပ်ရှားမှု ညှိုးနွမ်းသော မျက်နှာတို့ကို စူးစမ်းနေဟန်ရှိ၏။
"မဆာသေးပါဘူး…" ဟု အက်ကွဲကွဲလည်ချောင်းကို အားယူညှစ်ထုတ်၍ ညည်းသံပါပါ ပြောလိုက် သည်။ စိတ်မသာယာ သည့် အချိန်မှာ စိတ်ရှုပ်စရာအသေးအမွှားက ဝင်လာပြန်၏။ ခုံတန်းလျားမှာ ဦးဘာဘူက တင်ပျဉ်ချိတ် ၍ အခန့်သားထိုင်နေသည်။ မိထူးအသံပြုသည်ကို ကြားသည်နှင့် ဦးဘာဘူသည် ထိုင်ရာမှ သုတ်ခနဲထပြီး… "ဝက်သားဝက်ကလီစာ စားတာလည်း စားပေါ့ကွာ၊ တစ္ဆေကုလားပု ကို ကျွေးမွေးပသဖို့ လည်း မမေ့နဲ့ ဟေ့ သန်းဆိုင်" ဟု ပြောရင်းထွက်သွားသည်။
သန်းဆိုင်၏ဝက်ခြံအမာရွတ်ဟောင်းကျင်းချိုင့်တွေ ဗျစ် ထူနေသည့် မျက်နှာကြီး ဖျတ်ခနဲ တင်းမာသွား၏။ စန်းချိုမရှိတုန်း… ဦးဘာဘူကို ထိုးနှက်ဖို့ သတိရ လိုက်ပြီ။
"ဒီမယ်… ဦးဘာဘူ၊ တစ္ဆေကုလားပုကို ဒီလောက်စေတနာပိုနေလည်း ခင်ဗျားအိမ်မှာခေါ်ပြီး ကိုးကွယ် ထားတော့ဗျို့" ဟု အော်လိုက်ရာ ဦးဘာဘူက ခြေလှမ်းတုံ့လျက် သမင်လည်ပြန် လှည့်ကြည့်၏။ "ငါ့အိမ်မှာနေရာ မဆံ့တော့လို့ကွ…၊ တချို့ ပုဂ္ဂိုလ်တွေဆို ငါ့ကားပေါ်မျာ နေရာပေးထားရတာ မင်း မတွေ့ဖူးလား…၊ တော်တော် လက်ပေါက်ကပ်တဲ့ကောင်ပဲ…၊ မိစန်းချို ပြန်လာမှ ငါ တိုင်ပြောဦးမယ် မှတ်" ဦးဘာဘူ ထံမှ စန်းချိုနာမည်ကြားလိုက်ရသည်နှင့် သန်းဆိုင် အားပျော့ပျော့ ဓာတ်လိုက်ခံရသလို တစ် ကိုယ်လုံး စူးခနဲ ကျဉ်တက်သွားလေသည်။
ထိုမှတစ်ဆင့်… သန်းဆိုင်၏စိတ်နှလုံးထဲသို့ အမျက်ဒေါသမီးကြောင်းလည်း ဒလဟော လှိမ့်ဝင် ထိုး ဖောက် လာသည်။ သူသည် စန်းချို၏ဓာတ်ပုံကြိးကို ထ၍ ဖြုတ်ကာ ကြမ်းပေါ်တွင် မှန်ကွဲမတတ် ဆောင့်ပြီး မှောက်ချ ထား လိုက်၏။
ဆက်ရန်
.

No comments:
Post a Comment