"အချိန်မရွေး မြေသားတွေ နဲ့ အတူ ကျသွားနိုင်တယ်ကွ။ ဒီသစ်ပင်ကလည်း အောက်ကို လဲသွားနိုင် တယ်။ ဒီလောက် အန္တရာယ်များ တဲ့ဟာ မင်းကိုမင်း ဘာများအောက်မေ့လို့ ဒီနေရာကို လာရ တာလဲ၊ ဒါ အန္တရယ်ဇုန်ကွ နားလည်လား"
"သိပ်အော်မနေပါနဲ့ အန်ကယ်ကြီးရဲ့။ ကျချင်ရင် အစောကတည်းက ကျပြီးနေပြီ"
"မင်း ကျတာ အရေးမကြီးဘူး၊ နောက်က ဖြေရှင်းချက်ထုတ်ဖို့ ငါကအားတာမဟုတ်ဘူး၊ နောက်ဆို ဒီနေရာ ကို မင်း မလာနဲ့။ လုပ်ကွက်တွေထဲ သွားချင်ရင်...ဟေ့...ဘယ်လဲ...ငါပြောနေတယ်"
ကိုမြတ်မင်း က ကမ်းပါးဆင်ခြေလျှောအတိုင်း ပြေးဆင်းသွားသည် စုကို အော်ဟစ်ရင်း ကျန်နေခဲ့ တော့သည်။ စုက တစ်ချက်မျှပင် လှည့်မကြည့်တော့။ ကို ဆက်ဖတ်ရန်............
ဇော်ဟိုးသည် အချန်းခမြစ်ငယ်နှင့် မေခမြစ်တို့ဆုံသည့် မြစ်ဆုံ၏အပေါ်ပိုင်း တောင်ထိပ်ပေါ်တွင် ရပ်နေ သည်။ မေခမြစ် သည် ဟိုးမြောက်ဖျားပိုင်း ရေခဲတောင်များတွင် မြစ်ဖျားခံခဲ့ပြီး ထလာဝမ်၊ အဒုံဝမ်၊ ဆန်ခူးဝမ် တို့ ပေါင်းစည်းရာမှ နမ်တမိုင်မြစ်အဖြစ် ဆက်၍စီးဆင်းလာခဲ့သည်။ နမ်တမိုင် မြစ်ဆီသို့ ဥပ္ပလူဝမ်၊ တဇူဝမ်မြစ်နှင့် တဂုန်ဝမ်မြစ်တို့က ထပ်၍ပေါင်းဖွဲ့လာကြသည်။
ဇော်ဟိုး ရပ်နေသည့် တောင်ထိပ်မှကြည့်လျှင် အချန်းခမြစ်ငယ်နှင့် မေခမြစ်တို့ဆုံသည့်နေရာကို စီး၍မြင်နေ ရသည်။ မက်ရာမေး၊ မောကျောင်း၊ ငေါ်ချမ်းခတို့နှင့် ထပ်ဆုံဦးမည်။ ကျဖွီခ၊ အင်လီးခ၊ ရှာငေါ်ခ၊ ဒွမ်ဘန်ခတို့ ထပ်၍စီးဝင်ကြဦးမည်။ ထိုမှတစ်ဆင့် တစ်ဖက်နှင့် စီးဆင်းလာသော မေလိခမြစ်နှင့် ဆုံတွေ့ရာ မှ မြစ်ကြီး ဧရာဝတီ ဖြစ်ပေါ်သွားပေမည်။
မေခမြစ်သည်သာ မြစ်အသွယ်သွယ် စုပေါင်းစီးဆင်းလာရသည် မဟုတ်သေး။ မလိခမြစ်သည် လည်းနမ့်လန်၊ နမ့်ယက်၊ ရှန်ခ၊ ခရန်းခ၊ ဂျထီခ၊ နမ့်တီးခ၊ အင်ဆွပ်ခ၊ ဖွန်အင်ခ မြစ်ငယ်အသွယ် သွယ်တို့ စီးဝင်ပြီး တစ်ဖက်မှ စီးဆင်း လာသော မလိခမြစ်နှင့်ဆုံကာ မြစ်ကြီးဧရာဖြစ်လာသည်ပဲ။
ဟိုးဝေးဝေး မှ ငွေရောင်တ၀င်းဝင်း ရေခဲတောင်ကြီးများနှင့် ပတ်သက်၍လည်း ဒဏ္ဍာရီပုံပြင်တို့က မရိုးနိုင်တော့ပြီ။ လှပဆန်းကြယ်သည့် ရေခဲတောင်ကြီးများ အလယ်မှ သဘာဝရေကန်ကြီးနှင့် ပန်းမန် ဥယျာဉ်ကြီးအကြောင်း၊ နတ်သမီးပုံပြင်များအကြောင်း ဇော်ဟိုးကြားဖူးခဲ့သည်။ ထိုအလှ အပ သဘာဝတရား များကို သူမြတ်နိုးသည်။ သစ်တောနှင့်တစ်တောင်၊ တစ်တောင်နှင့် တစ်လျှို ကြားမှ ဖြတ်သန်း စီးဆင်းနေသော ချောင်းသွယ်သွယ်မြစ်ငယ်ငယ်များကို ကြိုးတံတား၊ ကြိမ်တံတား များဖြင့် ဖြတ်သန်း ခရီးနှင်ရသည် ကို သူသဘောကျသည်။
ထိုဒေသတစ်ဝိုက် ကွေ့ပတ်စီးဆင်း နေသော ချောင်းရေတို့သည် ကြည်ပြာစိမ်းလံနေ၏။ ရွှံ့တို့နွံတို့မမြင်ရ။ ကျောက်ဆောင်ကျောက် ခက်များကြားမှာ တိုးဝှေ့ စီးဆင်းနေသော ရေကြည်ပြာစိမ်း တို့သည် အမြူအမှုန် အမှိုက်တစ်စ မရှိပါချေ။
သည်တော သည်တောင် သည်ချောင်း သည်မြစ် သည်သစ်ပင်ပန်းမန်တို့သည် ဇော်ဟိုး၏ ဘ၀ဖြစ် သည်။ ဘိုးဘွားမိဘ လက်ထက်ကပင် သစ်ခွမုဆိုးဘ၀ဖြင့်သာ အသက်မွေးလာကြသည်။ ကမ္ဘာ့အရှားပါးဆုံး သစ်ခွနက် ကိုပင် သူရှာတွေ့ခဲ့ဖူးသည်။ သူရင်ထဲမှာ မကျေမချမ်း ဖြစ်နေသည် ကရွှေရှာနေသူများ မဆမတန် တိုးပွားနေသည့် အရေးကိုပင်။ ထိုလူမျာက မြေကိုလည်းမမူ၊ ရေကိုလည်းမမှု၊ ရွှေမှုန်ရွှေမွှားများကို အငမ်းမရ ရှာဖွေရင်း အလှတရားတို့ကို စိတ်တိုင်းကျ ဖျက်ဆျီ နေကြသည်ကော။
တစ်ချိန်က တန်ဖဲကျေးရွာလေးသည် ငှက်ကြည့်သမားတို့ စသည်ချရာ အရပ်၊ မြစ်ဆုံအလှ ကို ဆေးခြယ်ရာအရပ်၊ လေ့လာရာအရပ်၊ ခရီးသွားတို့အပန်းဖြေ အနား ယူကာ မြစ်ကြီး ဧရာ မွေးဖွားလာပုံကို တစိမ့်စိမ့် ကြည်နူးရာအရပ်ဖြစ်သည်။ ထိုအချိန်ကာလမျာ်းမှာ ရုတ် ခြည်းပျောက်ကွယ် ခဲ့လေပြီ။ ရွှေထွက် သည်ဟူသော စကားတစ်ခွန်းကြောင့် နေ့ချင်း ညချင်း မွှေ နှောက် ဖျက်ဆီးခံ ရလေပြီ။ ရွှေထွက်သည်ဟူသော စကားတစ်ခွန်းကြောင့် နေ့ချင်းညခင်း မွှေနှေက် ဖျက်ဆီးခံရလေပြီး။
စီမံကိန်းလုပ်ကွက်ကြီးများကလည်း တောကို ဖြိုသည်။ တောင်ကိုဖြိုသည်။ သစ်ပင်ပန်းမန်တို့ ခုတ် လှဲသည်။ တောင်ကတုံးတို့ တစ်နံတစ်လျား ပြိုကျနေကြသည်။ မြေသယ်၊ မြေတူး ယာဉ်ကြီး ယာဉ်ငယ်များဖြင့် အပိုင်း လိုက် အတစ်လိုက် သယ်ယူနေကြသည်။ ထိုမြင်ကွင်းများကို သူ ကြည့် ရက်၊ သာယာသော ကျေးငှက် သာရကာတို့ အသံများ ကွယ်ပျောက်ခဲ့လေပြီ၊ ငြိမ့်ညောင်းသော ချောင်းရေစီးသံတို့ ကွယ်ပခဲ့လေပြီ။ စိမ်းစိုအေးမြသော သစ်ပင် သစ်တော တို့ မိုင်ဖြင့်ချီကာ ကွယ် ပျောက်နေကြသည်။
ကချင်ပြည်နယ်၏ အလှတရားသည် ကမ္ဘာမြေပေါ်မှ ဝါးမျိုခံနေရလေပြီ။ သစ်တစ်ပင်ကို မည်သူ စိုက်နိုင် သနည်း။ မြေတစ်ခဲ ကို မည်သူ ဖန်တီးနိုင်သနည်း။ ဇော်ဟိုး အတွေးများက နာကျင်နေဆဲ။ ထို့ကြောင့် နက်ရှိုင်းသော တောတောင်များဆီသို့ ထွက်ခွင့်ရဖို့သာ သူ တွေးနေတတ်သည်။ လူသံ သူသံ စက်ယန္တရားသံ များကို သူငြီးငွေ့လှပြီ။
သူ့မှာ တာဝန်ကြီး တစ်ရပ် ရှိနေသည်။ ထိုတာဝန်ကြောင့်ပင် ရွှေမုဆိုးများကို အစဉ်တစိုက် သူ လေ့လာနေ ခဲ့ခြင်းပင်။ မြစ်ဆုံ သည် ရွှေမုဆိုးတို့ကြောင့် အလှတရာများ ကွယ်ပျောက်ခဲ့လေပြီ။ သို့ရာတွင် ထိုမုဆိုး တို့၏ လောဘ မှာ မပြီးသေး။ သူတို့က တတ်နိုင်ရင် မေလမြစ်တစ်ကြော၊ မလိခ မြစ်တစ်ကြော ကို မြေလှန်ပစ်ချင် သူတွေ။ သူတို့သိသည် ကား ရွှေ။ ရွှေထက် ဘာကိုမှ တန်ဖိုးမ ထား။
ထိုလောဘစိတ် များက တဖြည်းဖြည်း မြင့်တက်လာကြသည်။ မြစ်ဆုံတစ်ဝိုက်မှာ ရွှေကုန် တော့မည်ကို ကြို သိနေသော ရွှေမုဆိုးများက မြစ်ညာဘက်ဆီသို့ ဆက်၍ ရှာဖွေနေကြသည်။ ဤ ကိစ္စကို ဟန့်တားရမည်က သူ့တာဝန်၊ သူမွေးရာပါ တာဝန်ဖြစ်ပါသည်။ ထိုလူများကို အနုနည်းနှင့် တား၍ ရမည်မဟုတ်၊ စင်စစ် ထိုအလုပ်မျိုး ကို သူ မလုပ်ချင်။ သွေးထွက်သံယိုဖြင့် ပြဿနာကို မဖြေရှင်းချင်။ သို့ရာတွင် မလုပ်၍ မဖြစ်လေသော အခါ သူ စိတ်မချမ်းမြေ့စွာ ဆောင်ရွက်ရတော့ သည်။
အကယ်၍ ဤ အရပ်ဒေသ ၌ ရွှေမုဆိုးများက လုံးဝကင်းစင်သွားမည်ဆိုလျှင် သူ ဒီအလုပ်ကို စွန့် လွတ်လိုက်ရန် အသင့်။ ယခုတော့ သူ မစွန့်နိုင်သေး။ ရွှေမုဆိုတို့ တောတိုးလေတိုင်း ဖြစ်သည့်နယ် ဖြင့် တားမြစ်နေရသည့် သူ့တာဝန် ကို သူမစွန့်လွှတ်နိုင်သေး။
............................................................................................................................................
စစ္စတာကြီးက လူနာကိုကြည့်၍ သက်ပြင်းချလိုက်သည်။ ခြေထောက်နှစ်ချောင်းစလုံး အရိုးပေါ် နေပြီ။ ပြီးတော့ တောထဲ မှာ လေးရက်ကြာခဲ့သည်။ ဆေးရုံ သို့ အမြန်မပို့နိုင်လျှင် အသက် ဆုံးရှုံး ရပေမည်။
လူနာရှင်များက စစ္စတာကြီးကို ကြည့်နေကြသည်။
"ဆေးရုံကို အမြန်ပို့လိုက်တော့၊ ဒီမှာဆက်ထားရင် မလွယ်ဘူး"
သူ့စကားကြောင့် အသက်သုံးဆယ်အရွယ် ရုပ်ရည်ကြမ်းကြမ်းဖြင့် လူက အိတ်ထဲမှ ပိုက်ဆံဆွဲ ထုတ်လိုက်ရင်း
"ရော့ဗျာ၊ ကျုပ်တို့လည်း ဒီအထိခေါ်လာပေးပြီးပြီ။ ကျန်တာ ခင်ဗျားဘာသာ ဆက်လုပ်ချည်။ ကျုပ် တို့ တောင်ပေါ်ပြန်တက် ရဦးမယ်"
စစ္စတာကြီး ထိုလူ ကို စူးစူးစိုက်စိုက် ပြန်ကြည့်လိုက်သည်။
"မင်း တို့ ဘယ်နယ်ကလာတာလဲ"
ထိုလူက ကြောင်အမ်းအမ်း ဖြစ်သွားရင်း သာစည်ဟု ဖြေသည်။
"မင်းတို့လူနာ ကို ချက်ချင်း ငါ့ဆေးခန်းကခေါ်သွား။ မြစ်ကြီးနားကိုပို့ပါ။ ငါ စာရေးပေးလိုက်မယ်"
စစ္စတာကြီး က ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။ လူနာရှင်လေးဦးမှာ ဘာမှမပြောရဲ တော့။ လူနာခမျာ အသံသဲ့သဲ့ မျှပင် မထွက်လေပြီ။
"ဘယ်လိုလုပ်မလဲ ဆရာ။ သူ့ကို ပို့ပေးရမလား"
လူတစ်ယောက်က မေးလာသည်ကို ရုပ်ရည်ကြမ်းကြမ်ဖြင့်လူက ခေါင်းကုတ်နေတော့သည်။ ပြီးတော့မှ အသက်နှစ်ဆယ်အရွယ် ကောင်လေးနှစ်ယောက်ကို ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်က ဆေးရုံလိုက်သွား၊ ရော့ ဒါကစရိုတ်၊ ဆေးရုံရောက်ရင် သစ်ပင်ပိတာလို့ ပြော၊ ကြားလား။ ပြီးရင် မင်းတို့နှစ်ယောက် သူ့အိမ်ကို အကြောင်းကြားပေးလိုက်။ ပြီးရင် ဒီကို ပြန်လာခဲ့။ ဆေးရုံကမသိအောင် ထွက်လာခဲ့ ကြားလား"
သူ့စကား ကို ကျန်နှစ်ယောက်က နားထောင်ပြီး ကမ်းပေးလာသော ပိုက်ဆံကို ယူလိုက်သည်။ သူက ကျန်နှစ်ယောက် ကို ခေါ်၍ ဆေးခန်းအပြင်သို့ ထွက်သွားတော့၏။
အခန်း (၆)
ကိုဇော်ပြန်ပါတော့...
ကိုဇော်ပြန်ပါတော့...
ကိုဇော်ပြန်ပါတော့...
ကိုဇောမင်း နားထဲမှာ ငြိမ်းနု ပြောလိုက်သောစကားသံက ပဲ့တင်ထပ်နေတော့သည်။ ငြိမ်းနုက ဒွန်း စဏ္ဍားဟူသောစကားကို သုံးစွဲခဲ့သေးသည်။ တကယ်တော့ ထိုကဲ့သို့သော ခံစားချက်မျိုး ငြိမ်းမှာ ရှိနေ မည်ဟု သူ မတွေးခဲ့မိချေ။ ငြိမ်းနှင့် မတွေ့သည်မှာ ငါးနှစ်ကျော်ခဲ့ပြီ။ ကျောင်းပြီးကတည်းက ငြိမ်းရော၊ ရဲထွန်းရော သူနှင့် မဆုံဖြစ်ကြတော့။ သူတို့လက်ထက်ကြမှာပဲဟု တွေးနေမိဆဲမှာပင် သူတို့ချင်း အခန့် မသင့်ဖြစ်သည်ဟု ကြား ခဲ့ရသည်။ သူ နယ်သို့ အလုပ်ဝင်ခဲ့ချိန်တွင် ငြိမ်း စင်ကာပူသို့ ထွက်ခွာသွား သည်ဟု သတင်းကြာခဲး့ရသည်။
တက္ကသိုလ်နယ်မြေတွင် ငြိမ်းတို့ စုံတွဲနှင့် သူသည် တပူးတွဲတွဲ။ သူ့အကြောင်း ကိုယ့်အကြောင်းအတွင်း သိ အစင်းသိ ဖြစ်ခဲ့ကြသည်။ ငါးနှစ်ဟူသော ကာလသည် ထိုခင်မင်ရင်းမှုများကို တိုက်စားခဲ့ပြီ။ သူ သည် ငြိမ်းကို လက်ရှိ အခြေအနေမျိုးဖြင့် ပြန်မတွေ့လို။ သူ ရပ်တည်နေသော ဘဝမျိုးနှင့် ငြိမ်းကို ရင် မဆိင်လိုသော်ငြား ရင်ဆိုင်ခဲ့ ရလေပြီ။ ဒီအလုပ်က သူ့ဝါသနာနှင့် လားလားမှမဆိုင်။ သူ ကျင်လည်ချင် သည့်စာပေနယ်ကို စွန့်ခွာခဲ့ ရပြီးပြီ။ ငြိမ်းသည် သူ့ကို စာပေတိုက်တစ်တိုက်တွင် ဇောက်ချကျင်လည်နေ သည့် စာဂျပိုးအဖြစ် ယူဆနေ လိမ့်မည်။ ကျောင်းမပြီးခင်ကပင် သူကိုယ်တိုင်က စာပေနယ်မှာ ပျော်မွေ့ တော့မည်ဟု အားခဲခဲ့သည်။ စာအုပ်များ ကို သူ မြတ်နိုးသည်။
စာဖတ်နေရသည့် ဘဝ ကို သူ ကျေနပ် သည်။ သို့ရာတွင် ဦးလေးဖြစ်သူက ကောက်ခါငင်ကာ ဆွဲခေါ် ခဲ့သောကြောင့် ပြည်မြို့သို့ သူရောက်ခဲ့ရ သည်။ ဦးလေးမှာက မယားနှစ်ယောက်ရှိသည်။ သို့ရာတွင် သားသမီး မထွန်းကား။ ထို့ကြောင့်ပင် ဦးလေးက သူ့ကို လက်ရုံးတစ်ဆူလို အားကိုးခဲ့သည်။ သူ့စိတ် သူ့ ခံယူချက် များနှင့် နှိုင်းယှဉ်လိုက်ပါက ဦးလေးဖြစ်သူ၏အကျင့်ဗီဇကို တစ်စက်ကလေးမှ မကြိုက်။ ဦးလေးက ရသမျှ ယူမည်။ မြတ်မည်ထင် လျှင် ကိုယ့်ဦးခေါင်းကိုပင် ဖြတ်ရောင်းမည့်လူစား။ ဦးလေးထံမှ သင်ကြားပို့ချသမျှ သူ တအံ့တသြဖြစ်မိ သည်။ တကယ်တော့ ဤစက်ရုံလုပ်ငန်း၏မူလအစသည် ဦးလေး၏မယားကြီးဘက်မှ လုပ်ငန်းဖြစ် သည်။ ဦးလေး က လုပ်ငန်းချဲ့ထွင်လုပ်ကိုင်ရင်း စက်ရုံအကြီးစားဖြစ်လာခဲ့သည်။
ထိုအချိန်မှ စ၍ ဦးလေး က လက်ဝါးကြီးအုပ်လာခဲ့သည်။ ထိုမျှမကသေး၊ ရှေ့လုပ်ငန်းစဉ်များတွင် သူ့ခြေ သူ့လက် ဖြစ်စေရန် ကုမ္ပဏီ၏အစုရှယ်ယာများကို တစ်ဖက်လှည့်ဖြင့် ချရောင်းသည်။ ဝယ်သူက တခြားလူ မဟုတ်ပါချေ။ ကိုဇော်မင်း၏အမေမှ ဝယ်ယူခဲ့ခြင်းပင်။ သို့ရာတွင် အမေသည် လက်မှတ်လေး ထိုးလိုက်သည် မှအပ ရှယ်ယာကိစ္စကို ဘာမှမသိ။ ငွေလည်း တစ်ပြားမှ ထုတ်ခဲ့ရသည်မဟုတ်။ ကိုဇော်မင်းက ဦးလေး လုပ်ရပ်များ ကို သိနေပါသော်ငြား သူစိမ်းမဟုတ်လေသည်မို့ တစ်ခွန်းမှစွက်ဖက်ရန် မဝံ့ခဲ့။ ဤစက်ရုံ တွင် သူသည် စီမံဌာန ၏အရေးပါသူ ဖြစ်လာခဲ့သည်။ ကြာတော့လည်း သူ ဘာမှမပြောချင်တော့ပြီ။
ဦးလေးဖြစ်သူ လွန်ကျူးထားသော လုပ်ရပ်များပေမို့ ဘယ်သူ့ကိုမှလည်း ထုတ်မပြောဖြစ်။ တချို့လည်း သိကြပါ လျက် ဥက္ကဋ္ဌ၏အမျက်ဒေါသနှင့် ကိုယ်ကျိုးကြီးသမားစိတ်ကို သိထားသည်မို့ ဘာသိဘာသာ နေ လိုက်ကြသည်။ ဦးလေး၏မယားကြီးဘက်မှ ဆွေမျိုးများကတော့ မကျေနပ်ကြ။ မယားကြီးခမျာ ကျန်း မာရေးချို့ငဲ့နေသူ မို့ ယောက်ျားလုပ်သူ၏လုပ်ရပ်များကို မပြောဝံ့ချေ။ လစဉ်ပေးပို့လာသည့်အသုံးစရိတ် ကိုသာ အားကိုးတကြီး သုံးစွဲ ရင်း စက်ရုံပိုင်ရှင်ကတော် အဖြစ် ဟန်လုပ်နေရရှာ၏။
ဦးလေး၏ဒုတိယမယား မှာ စက်သုံးဆီလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူတို့နှစ်ဦးက လုပ်ငန်း ဖက်၊ စီးပွားဖက် များအဖြစ် ခရီးဆက်နေကြသည်။ သူတို့မှာလည်း သားသမီးမထွန်းကား။ ထို့ကြောင့် ဘာပြဿနာမှ ကြီးကြီးမားမား မရှိကြ။
သူ့အတွေးက ငြိမ်းနုထံသို့ ဝေ့ဝဲသွားပြန်သည်။
ရဲထွန်း ကိုလည်း မြင်ယောင်လာမိသည်။ ငြိမ်းကို စ၍ချစ်မိသည်ကား သူ။ ငြိမ်းကို စ၍ပိုးပန်းသည်က သူ။ ငြိမ်းက သူ့ကို စာဂျပိုးအဖြစ်သာ မြင်သည်။ ပါဝါမျက်မှန်အထူစား၊ ပိန်ပိန်ကုပ်ကုပ်၊ လူပုံသေးသေး သူ့ကို ငြိမ်းက ခင်မင်ရုံ ထက် မပိုခဲ့။ ရဲထွန်းက အသားညိုသည်။ အရိုးအရပ်ကောင်းသည်။ မျက်နှာက ခက်ထန်သည် ထင်ရသော်ငြား သဘောထားကဖြူစင်သည်။ သူ ငြိမ်းကို ပိုးပန်းနေသည့်ကာလတစ် လျှောက်လုံး မငြီးမငြူ ကူညီပေးခဲ့သည်။ သူ လက်လျှော့ပြီဆိုတော့မှ ရဲထွန်းက သူ့ကို ခွင့်တောင်းကာ ငြိမ်းထံသို့ ချစ်ခွင့်ပန်ခဲ့ခြင်းပင်။ သူက သူငယ်ချင်းအဖြစ်နှင့် ရဲထွန်းကို သဘောတူခဲ့ပါသည်။ ရင်ထဲက သံယောဇဉ်မီးစကိုလည်း သူငယ်ချင်းကောင်း ဟူသော တာဝန်အသိဖြင့် ငြှိမ်းသတ်နိုင်ခဲ့သည်။
ရဲထွန်း သင်္ဘောတက်တော့မည် ကာလတွင် ငြိမ်းနှင့် ကတောက်ကဆဖြစ်ကြသည်ဟု ကြားရသည်။ သို့ရာတွင် သံယောဇဉ်မီးစ ကို သူ ပြန်မပျိုးလိုတော့။
အခုတော့ ငြိမ်းနှင့် သူ ကမ်းပါးတစ်ဖက်စီ ရပ်မိကြလေပြီ။ ငြိမ်း ရင်ထဲမှာ ဘယ်သို့ခံစားရသည်ကို သူ မသိ။ ရဲထွန်းဟူသော နာမည်ကို ပြောလိုက်မိချိန်တွင် ငြိမ်း မျက်နှာညှိုးသွားသည်။ ပြီးတော့ မိမိက မသိဆိုးဝါး အလှူငွေ ထည့်ပါမည့် အကြောင်း စကားစခဲ့မိသည်။ ငြိမ်းသည် စာကြည့်တိုက်မှာ တွေ့စဉ် ကလိုပင် ကျားရဲ မလေး အသွင်ဖြင့် တုံ့ပြန်လာခဲ့ပြီကော။
တကယ်တော့ ဧရာဝတီအရေးတော်ပုံကို သူ သိသင့်သလောက် သိနေပါသည်။ ဂျာနယ်များထက်၌ ကချင်ပြည်နယ်နှင့်ပတ်သက်သော သတင်းဖော်ပြချက်များကိုလည်း သူ စိတ်ဝင်းစား မိသည်။ မြစ်တစ် လျှောက် သောင်ထွန်းမှုတိုးပွားလာခြင်းကိုလည်း သူ သိနေခဲ့သည်။ ထိုပြဿနာ သည် သိပ်ဝေးလှသည် မဟုတ်။ သူ့စက်ရုံမှဝန်ထမ်းဖြစ်သူ ဦးဘအုန်း၏ပြဿနာကို သူ သိခဲ့ရသည်။
ဦးဘအုန်းမှာ သားနှစ်ယောက် ရှိခဲ့သည်။ အကြီးကောင် မျိုးဝင်းကို သူ ရင်းနှီးပါသည်။ မျိုးဝင်းက ငါးသ လောက် ကန်ထရိုက် လုပ်သည်။ ပြည်မြို့နယ်တစ်လျှောက် ငါးသလောက်ပိုက်တန်းများတွင် နှစ်စဉ် ငါး အဝယ်တော် လုပ်နေသူ။ သူ့ဝင်ငွေက ငါးရာသီရောက်လေတိုင်း ရွှင်ရွှင်ပျပျ ရှိခဲ့ရာမှ ဒီဘက်နှစ်များ တွင် အဆင်မချောတော့။ မြို့ပေါ် မှ ဒိုင်ချုပ်များထံက အကြွေးတင်လာသည်။ ထိုပြဿနာ၏အရင်းခံမှာ မြစ်ထဲ၌ ငါးသလောက် ရှားပါး လာခြင်းပင်။ သောင်တွေ ထွန်းလာသည်။
ရေစီးကြောင်းပြောင်းလာ သည်။ ငါးသလောက်များ နေနိုင်သော မြစ်တွင်းအစာရေစာရှားပါးလာသည်။ အရင်တုန်းက ငါးဆွဲ ကောင်းလေတိုင်း စက်ရုံသို့ငါးလာပို့တတ်သဖြင့် ငါးသလောက်ပေါင်းစားကြသည်။ မျိုးဝင်း တစ်ယောက် အလုပ်အကိုင် ယိုယွင်းလာရာမှ ငါးဒိုင်ချုပ်နှင့် အမှုဖြစ်တော့သည်။ သူ ကြိုငွေ ထုတ်ထားသည့်အတိုင်း ငါးမသွင်းနိုင်၍ အမှုတက်ခဲ့ခြင်းပင်။ ထိုပြဿနာသည် မဖြေရှင်းနိုင်သည့်အဆုံး ရုံးရောက် ဂတ်ရောက် ဖြင့် နောက်ဆုံး ငွေအလွဲသုံးစားမှုဖြင့် စီရင်ချက်ချခံရသည်။ မည်သူမှ ကူညီပေးနိုင်သော ကိစ္စ မဟုတ်ပါ ချေ။
မြစ်၏ရိုက်ခတ်မှုသည် ဤမှ ထိုမှ ကြားနေရသည်။ မြစ်ရေကျချိန်တွင် မြစ်ကို အမှီသဟဲပြု၍ လုပ်ကိုင် စားသောက်နေသူများ နှစ်စဉ် အတိဒုက္ခတိုးပွားလာနေသည်။
ယခု ကြုံတွေ့ရသော ပြဿနာမှာ ကိုဇော်မင်းအဖို့ ဖြေရှင်းရခက်လှတော့သည်။ စက်ရုံပိုင်ရှင်က ဦးလေး ဖြစ်နေသည်။ စက်ရုံအတွက် တာဝန်ရှိသူက မိမိဖြစ်နေသည်။ ငြိမ်းက စက်ရုံမှ ထုတ်လွှတ်နေ သော စွန့်ပစ်ပစ္စည်း များနှင့် ဓာတုပစ္စည်းများ၊ စက်သုံးဆီ အကြွင်းအကျန်များ၏ပြဿနာကို ဖြေရှင်းပေး ရန် တောင်းဆိုနေပြီ။
သူသည် ငြိမ်းနှင့် ကမ်းတစ်ဖက်စီ။ ပြဿနာ၏တစ်ဖက်စီ၌ ရပ်တည်ရင်ဆိုင်ရလိမ့်မည်ဟု ဘယ်တုန်း ကမှ မမျှော်လင့်ခဲ့။ သည့်အတွက် သူ့ကိုယ်သူ နာကြည်းလာမိသည်။ စာအုပ်ပုံများ ကြား တွင် ပျော်မွေ့ မိ နေသောဘဝမှ စက်ရုံတာဝန်ခံဘဝကို ရောက်လာရသည့်အပေါ် နဂိုကပင် ကျေနပ်လှသည် မဟုတ်။ ယခု ငြိမ်းက သူ့ကိုအထင်လွဲပေပြီမို့ သူ ပို၍ စိတ်ထိခိုက်ရတော့သည်။
သူ တွေးတောရင်းဖြင့်ပင် ငြိမ်းကို တွေ့ချင်လာမိသည်။ ထို့ကြောင့် စာရွက်ကိုယူ၍ ငြိမ်းထံသို့ စာတစ် စောင် ရေး လိုက်မိပါတော့သည်။
.............................................................................................................................................
နူးက ကြားရသောစကားကို မယုံနိုင်အောင် ဖြစ်သွားသည်။ လောဟိုက နူးကို သက်သေပြသည့်အနေ ဖြင့် စာရွက်တစ်ရွက် ကို ကမ်းပေးလိုက်၏။ ဒူးဝါး (ရွာလူကြီး) များကိုယ်တိုင် တက်ရောက်ခဲ့သော အစည်းအဝေး စာရွက်ဖြစ်သည်။ "ငါတော့ မပြောင်းနိုင်ဘူး။ ဖြစ်ချင်ရာဖြစ်ပဲ" "မရဘူး အစ်မ။ ဆည်စီမံကိန်းက ဒီရွာပါတယ်တဲ့။ ပြီးတော့ ကျိန်ခရမ်၊ မြစ်ဆုံ၊ ခပ္ပါး လည်း ပါတယ်။ သောင်ဂျာယန်နဲ့ ဒေါင်ပန်ရွာလည်း ပါတယ်။ ရွှေ့ရ ဖို့တော့ သေချာ တယ်။ ဘယ်တော့လဲတော့ မသိဘူး"
"ငါ စိတ်ညစ်လိုက်တာဟယ်။ မနေ့ကလည်း တောင်ပေါ်က ဆင်းလာတဲ့ လူတွေ သစ်ပင်ပိတဲ့လူနာ ပါ လာတယ်။ အချန်းခမြစ်ဆုံမှာ တောင်တွေပြိုလို့တဲ့။ ကိုဇော်ဟိုးက အဲဒီဘက်မှာ"
သူတို့ စကားကောင်းနေစဉ်မှာပင် စစ္စတာကြီးနှင့် ကိုမြတ်မင်းတို့ ဝင်လာကြသည်။ လောဟိုက စာရွက် ကို သိမ်းလိုက်ပြီး ထမင်းဆိုင်နောက်ဘက်သို့ ထွက်သွားသည်။
"အစ်ကို၊ ကျွန်မတို့ရွာ ရွှေ့ပေးရမယ်တဲ့"
"အစ်ကို ကြားပြီးပြီ။ အခု ညီမကို မြစ်ကြီးနားဆေးရုံပို့ဖို့ စစ္စတာကြီးနဲ့ တိုင်ပင်ပြီးပြီ"
"ရှင်" နူးက အံ့အားသင့်စွာဖြင့် စစ္စတာကြီးကို ကြည့်နေလိုက်သည်။
"သမီးကိုယ်ဝန်က ဒီမှာ မွေးလို့မရဘူး။ ကလေးက ထွားတဲ့အပြင် အနေအထားက ကန့်လန့်ဖြစ်နေ တယ်။ ခွဲမွေးမှ ရမယ်" နူးက ခေါင်းခါသည်။
"ကိုဇော်ဟိုးက လာရင် မြစ်ကြီးနားကို လိုက်လာလိမ့်မယ်။ အစ်ကို ဒီမှာရှိနေမှာ။ ပြီးတော့..."
ကိုမြတ်မင်း က ပိုက်ဆံအုပ်နှစ်အုပ်ကို ထုတ်ပြီး နူးလက်ထဲသို့ ထည့်ပေးလိုက်သည်။
"ညီမနဲ့ အတူ စုစုပါ လိုက်လိမ့်မယ်။ လိုအပ်တာအားလုံး သူ ဆက်လုပ်ပေးလိမ့်မယ်... နော်"
နူးက အံ့အားသင့်နေဆဲပင်။ စစ္စတာကြီးက ဝင်ပြောပြသည်။
"သမီး က မွေးခါနီးနေပြီ။ အခု ကားကြုံရှိတုန်း လိုက်သွားချည်လေ။ ခြေထောက်ထိထားတဲ့ လူနာလည်း ပါတယ်" သူတို့စကားပြောနေချိန်မှာပင် စုက အပြင်မှရောက်လာသည်။ နူးကို ဆေးရုံသို့ အဖော်လိုက်ပေးရန် ကိုမြတ်မင်း ပြောထားသဖြင့် ရောက်လာခြင်းပင်။ စုက နူးကို လာရောက်အားပေးသည်။
"နူး ဘာမှအားမငယ်နဲ့နော်။ စု ကိုယ်တိုင် ဆေးရုံမှာ စောင့်ပေးမယ်နော်"
"ကဲ... သမီးရေ၊ ပစ္စည်းတွေ ထည့်စရာရှိတာ ထည့်တော့။ကားက မှာထားပြီးပြီ။ သစ်ပင်ပိတဲ့လူနာ လည်း စောင့်နေတယ်။ သူ့ကို မြန်မြန်ပို့နိုင်မှဖြစ်မှာ"
စစ္စတာကြီးစကားကြောင့် စုက အိပ်ခန်းထဲဝင် ၍ ကျောပိုးအိမ်ကို ပြင်ဆင်ပါတော့ သည်။ နူးကလည်း ဆေးရုံ တက်ရမည်မို့ ယူဆောင်ရမည့်ပစ္စည်းများ ကို ထုပ်ပိုးနေသည်။ ပြီးတော့ ဇော်ဟိုးပြန်လာလျှင် လိုက်လာခဲ့ ဖို့ လောဟိုကို မှာကြားနေပြန်သည်။ သူ့နှုတ်ကလည်း ညည်းတွားနေသည်။
"တဲက ဖျက်ရရင် ဒုက္ခပဲ။ ဘယ်ကိုပြောင်းရမလဲ မသိဘူး။ ပြန်လာရင်တော့ ဒုက္ခပဲနော်"
"အဲဒါတွေ ဘာမှစိတ်မပူနဲ့ ညီမရေ။ အစ်ကိုတို့ လုပ်ကွက်တွေထဲမှာ နေလို့ရတယ်။ ဆိုင်တွေလည်း ဖွင့် လို့ရတယ်။ ဇော်ဟိုး လာရင်လည်း အစ်ကိုကိုယ်တိုင် ပြောပေးမယ်။ ဟုတ်ပြီလား၊ ကဲ လောဟို မင်းပဲ ဆေးရုံကို လိုက် ပို့လိုက်၊ ပြီးမှ ပြန်လာခဲ့"
"အစ်ကို ကျွန်တော်က ဒီမှာ..." "ငါပြောတာ မင်းလုပ်၊ ဘာမှ ထပ်မပြောနဲ့ ကြားလား"
ကိုမြတ်မင်း က ထပ်ဆင့်မိန့်ကြားသည်။ လောဟိုက ခေါင်းညိတ်နေ၏။
စစ္စတာကြီးက နူးကို လမ်းခရီးတွင် ချောချောမွေ့မွေ့ဖြစ်စေရန် ဘုရားသခင်ထံ ဆုတောင်းပေးပြီး နောက် ဆေး တစ်လုံး ထိုးပေးပါသည်။ ခဏအကြာတွင် ဆေးခန်းမှ ကောင်လေးတစ်ယောက် ရောက် လာပြီး ကားအဆင်သင့်ဖြစ်ပြီ ဟု အကြောင်းကြားလာ၏။
စုက နူးကို တွဲခေါ်ရင်း ကားဆီသို့ ထွက်လာခဲ့သည်။
ကိုမြတ်မင်းက ပစ္စည်းထုပ်များကို သယ်ယူပေးရင်း စုကို အနီးကပ် မှာကြားနေသည်။
"သူ့ကို ဂရုစိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဆီကို ဖုန်းဆက်လိုက်။ တကယ်လို့ တစ်စုံတစ်ခု စိုးရိမ်ရတယ် ဆိုရင် ရန်ကုန်ထိခေါ်သွား၊ မြစ်ကြီးနားမှာ ရုံးက လူတွေရှိတယ်။ သူတို့ကို ဘာလိုလိုပြောပါ၊ ဟုတ်ပြီ လား"
စုက အံ့အားသင့်နေသည်။ နူးလို ထမင်းဆိုင်ရှင်တစ်ယောက်အပေါ် ကိုမြတ်မင်း ယခုလို အထူး တလည် ဂရုစိုက်နေသည် ကို တွေးတော၍မရ။ သို့ရာတွင် ကားဆီသို့အရောက်တွင် စု အာရုံက ပြောင်း သွားသည်။
ခြေထောက်နှစ်ဖက်စလုံး လုံချည်အဟောင်းများနှင့် ထုပ်ထားလျက် အခြေအနေဆိုးလှ သော လူနာကို တွေ့လိုက်ရခြင်းကြောင့် ပင်။ လူနာရှင်နှစ်ဦးက အသက်နှစ်ဆယ်ဝန်းကျင် လူငယ် များ ဖြစ်သည်။ ရှေ့ခန်း မှာက နူး လွတ်လွတ်လပ်လပ် ထိုင်နိုင်ဖို့။ ခေါင်းအုံးများနှင့် အခင်းများ ပြုလုပ်ပေး ထားသည်။ စုက နူးကို ခေါင်းခန်းထဲသို့ထည့်ပြီးသည်နှင့် ဟိုင်းလတ်ကားနောက်ခန်းထဲသို့ ဝင်ထိုင် လိုက်သည်။ ခြေထောက်လူနာကမျက်လုံးမပွင့်တော့။ အနံဆိုးဆိုးတစ်ခုက စုကို ဆီးကြို၍နှုတ်ဆက်၏။
"ကင်မရာ... ကင်မရာ"
စုက အလန့်တကြား အော်ရင်း ကားဘေးမှ ကိုမြတ်မင်းကို အကူအညီတောင်းလိုက်သည်။ ကိုမြတ်မင်း က ထမင်းဆိုင် ထဲပြန်ပြေးသွားပြီး စားပွဲပေါ်မှ ကင်မရာကို ပြန်ယူလာပေးသည်။
"ကျေးဇူးပဲ... ဟီး"
စုက ရယ်ကျဲကျဲ။ ကိုမြတ်မင်းက မရယ်။
"ငါ ပြောတာ မမေ့နဲ့။ ဘာပဲဖြစ်ဖြစ် ဖုန်းဆက်ပါ၊ ကြားလား"
စုက ခေါင်းညိတ်ပြသည်။
ကားသမားက စ၍ထွက်ခွာဖို့ ပြင်ဆင်လိုက်ပါတော့သည်။
ရွာငါးရွာ ပြောင်းရွေ့ရမည့်သတင်းအတွက် ရွှေလုပ်ကွက်များအတွင်း အချေအတင် ပြောနေကြသည်။ စီမံကိန်းနယ်မြေထဲသို့ ရွှေလုပ်ကွက်များ ပါ၊ မပါဆိုသည်မှာ ရွာများ ပြောင်း၊ မပြောင်းပေါ်တွင် များစွာ မူတည်နေကြသည်။
လုပ်ကွက်များအားလုံး ရွှေ့ပြောင်းရမည်ဟု ပြောနေသံများ ထွက်လာသည်။ ဤသတင်းက မကြာခဏ ထွက်ပေါ်နေကြပေမယ့် ယခု ဒူးဝါးကြီးများကိုယ်တိုင် ရွာပြောင်းပေးဖို့ အစည်းအဝေးထိုင်နေသည်ဆို သော သတင်းက ဂယက်ကြီးမားလှသည်။ စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးခဲ့ရသော မြစ်ဆုံတစ်ဝိုက်မှ ရွာများကို ကြားနေရသည်။ ရေဝင်ဧရိယာနှင့် မလွတ်ကင်းသောကြောင့် ပြောင်းရွှေ့ပေးနေရခြင်း ပင်။ မြစ်ဆုံဆည် ၏ ဧရိယာတစ်ခွင် က ကျယ်ပြန့်ကြီးမား လှသည်။ မြေတူးစက်၊ မြေသယ်စက်၊ လမ်းဖောက် သည့် ယာဉ်ကြီးများက တစစ တိုးပွားလာနေသည်။ ဆည်တည်ဆောက်ရေး စီမံကိန်း များက မြစ်ဆုံ တွင် နေရာယူ.လာသည်။ တော တို့သည် တစ်တောပြီး တစ်တော ရှင်းလင်းခံနေရသည်။ တောင်တို့သည် တစ်တောင်ပြီး တစ်တောင် ပြားပြားဝပ်နေ သည်။ ရေဝင်ဧရိယာ၏ပမာဏ ကြီးမားလာလေလေ တော တို့ တောင်တို့ ရွာတို့ စက်ကွင်း မလွတ်လေ ဖြစ်လာကြသည်။
ထိုစီမံကိန်းမှာ ရွှေလုပ်ကွက်များအပေါ် သက်ရောက်မှုမရှိခဲ့ရာမှ ရွာများပြောင်းရွှေ့ရမှုအပေါ် တစစ စိုး ရိမ် လာကြရပြီ။ ရွှေလုပ်ကွက်များ၏ရှေ့အလားအလာမှာ မသေမချာဖြစ်လာကြသည်။ သို့ရာတွင် တိကျသေချာသော အဖြေ ကား မထွက်သေး။ ရွှေလုပ်ကွက်များဆီသို့ တားမြစ်သောအမိန့် မည်သူမှ မပေးသေး။ ထို့ကြောင့်ပင် လုပ်မြဲအတိုင်း ဆက်၍လုပ်နေကြသည်။
တန်ဖဲရွာသည် တဒင်္ဂဆူပွက်ခဲ့သော သတင်းအပြီးတွင် ပြန်၍မေ့ပျောက်သွားကြပြန်သည်။ ရွှေလုပ် ကွက်များ သည် နဂိုအတိုင်းပင် စက်ကြီးသံများထွက်နေဆဲ။ ရေစုပ်စက်သံများ ထွက်နေဆဲ။ ရွှေကျင်သူ တို့၏ အားထုတ်ကြိုးပမ်းမှုများမှာ ပြန်၍သက်ဝင်လှုပ်ရှားလာခဲ့ပြန်၏။ တန်ဖဲရွာသည် သူ့တာဝန် ကိုသူ ကျေပြွန်သကဲ့သို့ ပြန်၍ လှုပ်ရှားရုန်းကန်နေပါတော့သည်။
ဆက်ရန်
.

1 comment:
မမ ကျေးဇူးပါ
ဆက်ရန်လေး မျှော်နေမယ်......ဆရာမာန်စာတွေကြိုက်တယ် တခြားစာအုပ်လေးတွေရှိရင်လဲ တင်ပေးပါအုန်း
Post a Comment