အမေရှာပုံတော် ခရီးဆန့်ခဲ့ကြသော သားနှစ်ယောက်သည် နံနက်ခင်အရုဏ်ရောင်နီ လာလုလုအချိန်ျ မှပင်... ကိုယ်စီ ခေါင်းငိုက်စိုက်ဖြင့် ပြန်ရောက်လာခဲ့ကြ၏။ သူတို့သည် မြို့တစ်ခွင်လုံးပြဲပြဲစင်အောင် မိုင်ပေါင်းများစွာ လှည့်လည် စူးစမ်းနေခဲ့ကြ၏။ ပါစပ်မှလည်း မိခင်၏ ပုံသဏ္ဍာန်နှင့် ခရီးဆောင် သား ရေအိတ် အမျိုးအစား၊ အရောင်အသွေးကို ဖော်ပြ၍ လမ်းသွားလမ်းလာတို့ထံ၌ မေးမြန်းခဲ့ကြ၏။မီး ရထားဘူတာရုံရှိ ညဘက်တာဝန်ကျ ၀န်ထမ်းအချို့ထံမှာလည်း ချဉ်းကျပ်စုံစမ်းခဲ့ကြ၏။
ညလုံးပေါက် မိုးအလင်းဖွင့်သော လက်ဖက်ရည်ဆိုင်မှာလည်း လက်ဖက်ရည်မသောက်ချင်ဘဲ ၀င်သောက်ကြ ရင်း စားပွဲထိုးထံ တီးခေါက်ကြည့်ခဲ့ကြ၏။ ညဈေးတစ်ဝိုက်မှာ ကျက်စားနေတတ်သော လေလွင့်စိတ္တဇ ဝေ ဒနာရှင်ကြီးကိုပင် လူကောင်းထင်ပြီး မေးမြန်းအကူအညီတောင်းခဲ့ရာ... အရူးကြီးတောင်ဝှေး ကို မြောက်ရွယ်ပြီး... "မိန်းမ ၊မိန်းမ...မိန်းမဆို ဘယ်မိန်းမှမှ မသိဘူးကွ၊ ငါ့ကို မွေးထုတ်လိုက်တဲ့သူတောင် မိန်းမမဟုတ်ဘူး၊ ငါ့အဖေက သူ့ဗိုက်ခွဲပြီးမွေးတာ၊ လာမရှုပ်နဲ့၊ သွားကြစမ်း-သွားကြစမ်း" ဟုငေါက်ထုတ်သဖြင့် အမြန် ရှောင်တိမ်းခဲ့ကြ ရ၏။
သားနှစ်ယောက်တို့စိတ်နှလုံးညှိုးချုံစွာ အိမ်ပြန်ရောက်ချိန်၌ သန်းဆိုင်သည် ဘုရားစင်ရှေ့ ဖယောင်း ပုဆိုး ကောဇောပေါ်တွင် ခေါင်းအုံးမပါ၊ ဖျာမခင်းဘဲ လာက်မောင်းနှစ်ဖက်ပေါ် မျက်နှာအပ်လျက် အား လျားမှောက်ကြီး လူသေကောင်လို လဲကျနေသည်။ အသက်ပြင်းစွာ ရှူနေသဖြင့် သူ့ကျောကုန်းကြီးကို ဖားခုံညင်းတစ်ကောင် အန္တရယ်တွေ့သကဲ့သို့ ဖောင်းချည်၊ ပိန်ချည်ဖြစ်နေမှန်း... ဂရုစိုက်ကြည့်မှ တွေ့နိုင်လိမ့်မည်။ မတွေ့ခဲ့ဘူး မဟုတ်လား ဟုမိထူးက ဆီးမေးသည်ကို သားငယ်ပြည်ဖြိုးအောင်က မျက်နှာကလေး ရှုံးမဲ့ကာ ခေါင်းတယမ်းယမ်းခါသည်။ သားကြီး မိုးကျော်အောင်ကမူ အေးစက်ခက်ထန်နေသည့် မျက်နှာ ထားဖြင့်ကုလားထိုင်မှာ ခြေပစ်လက်ပစ် ထိုင်ချသည်။ ပြီးလျှင် မျက်နှာမော့၍ ကျယ်လောင်စွာ သက်ပြင်းမှုတ်လိုက်လေသည်။ "မသမာတဲ့နည်းနဲို့းကြောင်ခိုးဝှက် ထထွက်သွားချင်တဲ့ သူဆိုတော့ ကြိုတင်ပြီး ပိရိအောင် ကြံစည် ထားမှာပေါ့ကွာ၊ အိမ်က ထွက်ပြီဆိုတာ နဲက သင်က ခြေရာဖျောက်ပြီးသားပဲ၊ ခြေရာလည်းပျောက်… ရေလည်း နောက်ဆိုတဲ့ စကားလိုပါပဲကွာ...အဟင်း"
သန်းဆိုင်က မျက်နှာမှောက်လျက်ကနေ ချွေးအောင်းနေသော မီးနေသည် မိန်းမသံမျိုးဖြင့် ညည်းပြော ပြောသည်။ ကျန်သုံးယောက်ကတော့ ငူငိုင်ငိုင်နှုတ်ဆိတ်နေကြ၏။ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ဝံ့ကြသလို၊ တစ်နေရာဆီသို့သာ ကြည့်နေကြရှာတော့၏။ "သားကြီးနဲ့ သားလေး.... ရေ၊ မင်းတို့ အမေ သူတော်ကောင်းမကြီး လူ့ပြည့်မှာ မရှိတော့ဘူးလို့ ပဲမှတ်လိုက်ကြပါတော့ကွာ.... (ဟီးဟီး)။ ဆိုင်လုပ်ငန်းကိုတော့ ပုံမှန်အတိုင်း ဆက်လုပ်ကြပါ။ ဘယ်သူမေမေး...၀က်လူးက မင်းတို့အဘွားနေမကောင်းလို့ မင်းတို့အမေ ပြုစုနေတယ်လို့ သာဖာထေးပြီး ဟန်မပျက်သော နေသွားကြကွာ၊ အဖေ အဖေတော့ (ဟီးဟီး) လူပုံအလယ်မှာ
မျက်မှာ မပြ၀ံ့တော့ဘူး၊ မေးရင်...အဖေလည်း ဖျားနေတယ်လို့သားဖုံးဖုံးဖိဖိပြောကြပေတော့ဟေ့၊ အင်း..ဒုက္ခ.....ဒုက္ခ" သန်းဆိုင်က မှောက်လျက် ငိုနေစဉ် မထူးကလည်း သူ့ပခုံးပေါ်မှာ ဘယ်အချိန်က ပြန်ရောက်နေ မှန်းမသိသော (စောစောက သန်းဆိုင်မျက်ရည်သုတ်သည့်) မျက်နှာသုတ်ပ၀ါဖြင့် မျက်နှာ ကို အုပ် လိုက်ပြီး၊ မိုးကျော်အောင်က မော့ထားသော မျက်နှာကို ငုံ့ပစ်လိုက်ကား ပြည်ဖြိုးအောင်က အိမ်အောက်သို့
ဆင်းသွားလေသည်။
××× ××× ×××
××× ××× ×××
တစ်မနက်ခင်းလုံး မိုးမျက်ရည်စွေခဲ့ပြီးသော်......၊ မွန်းလွှဲနာရီ ပြန် (၂) ချက်တီးတွင် သန်းဆိုင် သည်ဇနီးသူတစ်ပါးနောက်သို့ ကောက်ကောက်ပါအောင် ရွှေငွေတွေ အကုန်ယူ၍ လိုက်ပြေးသည့် အရေးအခင်း အတွက် .....၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနား ကျင်းပလေ၏။ အခမ်းအနား ကျင်းပမည့်နေရာမှာ သူ့အိမ်မှ မီးဖိုးဆောင်အတွင်းရှိ ထမင်းစားစာပွဲမှာဖြစ်သည်။ အခမ်းအနားသို့ ဖိတ်ကြားခံရသူမရှိဘဲ အခမ်းအနားကျင်းပသည့် ပုဂ္ဂိုလ်တစ်ဦးတည်းသာ တက်ရောက် ဆင်နွှဲသည်။
စားပွဲပေါ်တွင် "ဂရင်းရွိုင်ရယ်ဝီစကီ"လေးထောင့်ပုလင်းကြီး တစ်လုံးကို ခံ့ညားစွာ နေရာချထားသည်။ ပုလင်းဘေးတွင်၊ စတီးမတ် ခွက်ဖြင့် ထည့်ထားသော သောက်ရေ တစ်ခွက်၊ ဧည့်သည်လာလျှင် အသုံးပြုသည့် လက်ကိုင်ပါသည့် ကိုင်းဖန်ခွက်ကြီးတစ်ခွက်၊ ကြွေ ပန်းကန်ငယ်တစ်ချပ်ဖြင့်ဖြင့် ထည့်ထားသော နီနီရဲရဲအကောင်တုတ်တုတ် ပုစွန်ခြောက်ကြီးများကို တွေ့ရပြီး အခမ်းအနား
ဦးစီးကျင်းပသူသည် ပုဆိုးအဟောင်းကြီးဝတ်လျက် အင်္ကျီမ၀တ် ဗလာ ကိုယ်လုံးကြီးဖြင့် စားပွဲဘေးမှာ၊ ဖင်ထိုင်ခုံပုကလေးတစ်စုံဖြင့် ဒူးနှစ်လုံးတောင်၍ ထိုင်လျက်ရှိ၏။ (ယုတ္တိရှိရှိ အယုံသွင်းနိုင်ရန် သန်းဆိုသည် ဆိုက်ကားသမားကလေး ရန်ပိန်(၀ါ) ရန်ပိုင်အား လက်တို့ခေါ်၍....၊ ငါရေချိုးမှား အအေးပတ်ပြီးဖျားချင် သလိုလိုဖြစ်နေတယ်။
ဒီလိုဖြစ်ရင် ငါက သွေးဆေးနဲ့ အရက်ရော သောက်ရင် ပျောက်တယ်။ နတ်စင်မှာ ကိုကြီးကျော်အတွက် စန်းချို ဆက်ထားတဲ့ အကောင်းစား အရက်မျိုးတစ်ပုလင်းလောက် ၀ယ်ပေးစမ်းကွာ၊ ဘယ်သူ့မှတော့ လျှောက်မပြောနဲ့နော်.......၊ မင်းကို ဆိုက်ကားခအပြင် မင်းညနေ ဘီအီးသောက်ဖို့ တစ်ပုလင်းဖိုး သတ်သတ်ပေးမယ်၊ ဟုတ်ပြီလား....ဟု
ညှိနှိုင်းလိုက်သောအခါ ရန်ပိန်ကလည်း သန်းဆိုင်ကို ကြည့်၍....ဟုတ်တယ်။ ခင်ဗျားဖျားနေပြီ၊ ခင်ဗျားမျက်လုံးကြီးတွေ နီပြီး နှာသံတွေပါနေတယ် ဟုပြော၏။ သန်းဆိုင် ငိုယိုထားခြင်းကြောင့် မျက်စိနီ နှာသံပါနေမှန်း
ရန်ပိန် မသိ။ မည်သို့ဆိုစေ...၊ ရန်ပိန်သည် သန်းဆိုင်၏ အခမ်းအနားဖြစ်မြောက်ရေးကော်မတီမှ တစ်ဦးတည်း သော အဖွဲ့ဝင် ရာထူးရရှိသွားတော့သည်။)
အိမ်ထဲတွင် သန်းဆိုင်မှလွှဲ၍ ဘယ်သူမျှမရှိ။ ဆိုင်မှာမိထူးထိုင်နေပြီး လူငယ်နှစ်ယောက်မှာ စိတ် နောက်ကျိညှိုးနွမ်းနေကြသော်လည်း ပတ်ဝန်းကျင်က သူတို့အတွင်းရေးကို မရိပ်မိအောင် ကျောင်း သွားသည့်သူသွား၊ အလုပ်ဆင်းသူက ဆင်းနေသည်။ စန်းချို၏ အရိပ်အယောင်ကို မတွေ့၍ မေးမြန်းလာသူများကို စကားအပြောခြိုးခြံချွေတာတတ်သူ မိထူးခမျာ...၊ စိတ်ရှည်လက်ရှည် အစီရင် ခံနေရလေသည်။ ကျွန်မတို့အမေ....အသည်းအသန်ဖြစ်လို့ ညက ကျွန်မအစ်ကိုလာခေါ် တာနဲ့ အစ်မကြီးစန်းချိုရွာကို လိုက်သွားရတယ်၊ ဟူသော ၀ါကျကို ယနေ့မိထူး ဘယ်နှကြိမ် ဘယ်နှခါ ပြောမိမှန်းပင် မမှတ်မိနိုင်တော့။
သန်းဆိုင်၏ ၀မ်းနည်းခြင်းအထိမ်းအမှတ်စတင်ကျင်းပသည်မှာ နာရီဝက်ခန့်တော့ကြာခဲ့ပြီ။ ၀ီစကီ ပုလင်းထဲမှ ယင်းရောင်ယစ်ရွှေရည် လက်လေးလုံးခန့်လည်း လျော့နေပြီ။ သန်းဆိုင်၏ နားရွက်တွေ၊ နှာခေါင်း၊ တွေပါးတွေလည်း နီစပ်စပ်ဖြစ်စ ပြုလာပြီ။ သန်းဆိုသည် အိမ်ရှေ့ခန်းသို့ထလာပြီး နံရံမှ စန်းချို၏ ရောင်စုံဓာတ်ပုံကြီးကို ဖြုတ်ယူလိုက်၏။ ဓာတ်ပုံမျာ (၅×၈)လက်မအရွယ်ဖြစ်သည်။ ကျိုက်ဒေးယျုံစေတီတော်၏ ရင်ပြင်တော်နေရာမှာ စေတီတော် အထက်ပိုင်းကို နောက်ခံပြု၍ စန်းချို၏ ဒူးလောက်ကနေ ဦးခေါင်းအထိပေါ်အောင် ဓာတ်ပုံဆရာက လက်စွမ်းပြထားခြင်းဖြစ်သည်။
စန်းချိုကလည်း စိတ်တိုင်းကျ မိတ်ကပ်တွေမှုန်း နှုတ်ခမ်းနီတွေဆိုး အကွက်အဆင် အပေါ်လွင်ဆုံး ထက်အောက်ဆင်တူဝတ်စုံကို ကိုယ်လုံးနှင့် အံ ကိုက်ဝတ်ဆင်၊ ဓာတ်ပုံဆရာကလည်း စန်းချို၏ ခေါမောက်သောသွားတွေမပေါ်လွင်စေရအောင် အတတ်နိုင်ဆုံး ဆေးရောင်ပြုပြင်ပေးထားသဖြင့်.... ဤဓာတ်ပုံကို ကြည့်မိသောသူတစိမ်း တစ်ယောက်သည် (စန်းချိုကိုသာအပြင်မှာ မတွေ့ဖူးပါက)
ဓာတ်ပုံရှင်အမျိုးသမီးသည် ကျက်သ ရေရှိလှသော လူကုံထံကြေးရတတ်တစ်ဦးပါကလား...ဟု ထင်ကြေးပေးရန် ၀န်လေးမည်မဟုတ်။ စန်းချိုးကလည်း ထိုဓာတ်ပုံကို မိမိသာသာ နှစ်သက်သဘောကျလွန်း၍
နောက်ဓာတ်ပုံတစ်ပုံပွား၊ မှန်ပေါင်သွင်းပြီး ကွမ်းယာဆိုင်ထဲမှာ ချိတ်ဆွဲထားလိုက်သေးသည်။ ဓာတ်ပုံချိတ်ကာစက၊ ခင်မောင်ငြိမ်းက အများရှေ့တွင် ဓာတ်ပုံကိုကြည့်ပြီး .....(အစ်မ..စန်းချိုက ဖိုတိုဂျင်းနစ်
သိပ်ဖြစ် တာပဲဗျာ)ဟု မှတ်ချက်ချသည်။ ထိုစဉ်က.... ဦးဘာဘူလည်း ဆိုင်ရှေ့မှာရှိသည်။ ဦးဘာဘူက မလိုတမာမျက်နှာထားဖြင့်......(ဟေ့ကောင်ဗမာလိုပြောစမ်းကွာ...မင်းပြေတဲ့ ဖိုးသိုးဂျီးနစ်ဆိုတာ ကြီး တို့နားမလည်ဘူး)ဟု ထုံးစံအတိုင်း မြည်တွန်တောက်တီးလိုက်၏။
ခင်မောင်ငြိမ်းက (ဖိုတို ဂျင်းနစ်ဆိုတဲ့ အင်္ဂလိပ်စကားက မြန်မာလိုဓာတ်ပုံစားတယ်လို့ အဓိပ္ပာယ်ရတယ်)ဟု ရှင်းပြစဉ်၊ ရန်ပိန်က ဆိုင်ထဲမှာ ထိုင်နေသော စန်းချိုအား.... (မစန်းချိုက ဓာတ်ပုံ စားသတဲ့ဟ၊ ဘယ်နှပုံ
တောင်စားလိုက်သလဲ၊ မ၀သေရင်ပြော၊ ကျွန်တော့်ဆိုက်ကားလိုင်စင်ကတ်ပြားထဲက ဓာတ်ပုံကိုပါ စားလိုက်ဦး)ဟု နောက်ပြောင်ပြီး၊ စန်းချိုထံမှ အယုတ္တ အနတ္တဝေါဟာရတွေ ထွက်ပေါ်မလာမီ ထွက်ပြေးသည်။ ထိုအခါ... ခင်မောင်ငြိမ်းက ဆက်၍ (ဓာတ်ပုံ စားတယ်ဆိုတာက ဓာတ်ပုံထဲမှာ အကြည့်ခံတယ်လို့ပြောတာ၊ တချို့က ကင်မရာရှေ့ မျက်နှာမထားတတ်ဘူး၊ ပြုံးလိုက်မဲ့သလို ဖြစ်နေတယ်၊
ကင်မရာမှန်ဘီလူးကို တည့်တည့်ကြီး စိုက်ကြည့်ပြန်တော့... ပြူးပြဲပြသလို ဖြစ်နေ ပြန်ရော၊ မစန်းချိုကျတော့ ဓာတ်ပုံထဲမှာ အပြင်ကအတိုင်
အသက်ကိုဝင်လို့၊ ခုချက်ချင်း ဓာတ်ပုံ ထဲကလျှေက်ထွက်လာတော့မယ့်အတိုင်းပါပဲဗျာ)ဟု ဟိမ၀န္တာ ချီးမွန်းခန်းဆက်ဖွင့်ရာ...၊ ရန်ပိန်တို့
စိတ်ခုသွားသော စန်းချိုသည် ဒေါသမြားဦးကို ခင်မောင်ငြိမ်းထံလှည့်လိုက်တော့သည်။
(ဟေ့.. တော်တော့် ခင်မောင်ငြိမ်း၊ ငါ့ဆီမှာ ကွမ်းယာ
အကြွေးစားလို့ကောင်းအောင် ပလီမနေနဲ့၊ အရင် အကြွေးဟောင်းတွေလည်းဆပ်ဦး၊နင်မို့လို့ မရှက်တယ်...၊ သူဌေးသားဘွဲ့ရပညာတတ်လုပ် နေပြီး ကွမ်းယာအကြွေး
၂၆ကျပ်ကျတော့ မဆပ်နိုင်ဘူး)ဟု စန်းချိုက စူပွပွထလုပ်လိုက်သည်နှင့် ဓာတ်ပုံချီးကျူးဝေဖန်ခန်းလည်း ရပ်စဲသွားသည်။
ယခု...ထိုဓာတ်ပုံနှင့် ဆင်တူပုံသည် အခမ်းအနားစားပွဲပေါ်သို့ ရောက်လာသည်။သန်းဆိုင်က မှန်ပေါင်သွင်းဓာတ်ပုံကို အရက်ပုလင်း၊ ဘေးမှာ အမှီတစ်ခုယူ၍
(၄၅)ဒီဂရီခန့်စောင်း၍ ထောင် ထားလိုက်သည်။
ဓာတ်ပုံရိုက်စဉ်က...စန်းချိုသည ကင်မရာကို တည့်တည့်ကြည့်နေခဲ့သဖြင့်.... ယခုလည်း အရက်မော့နေသည့်
သန်းဆိုင်ကို မပွင့်တပွင့် အပြုံးကလေးနှင့် စိုက်ကြည့်နေသလို ထင်ရ၏။ သန်းဆိုင်က ၀ီစကီအရည်အနည်းငယ်ကို ရေသောက်သကဲ့သို့ သောက်ချပြီးလျှင်
သောက်ရေ သကဲ့သို့ သောက်ချပြီးလျှင် သောက်ရေနှစ်ငုံစာလောက်ကို ကမန်းကတန်းသောက်မျိုလိုက်၏။ ပြီးနောက် ပုစွန်ခြောက် သုံးလေးကောင်ကို
ပါးစပ်ထဲသို့ ပစ်သွင်း၍ တမြုံ့မြုံ့ဝါးရင်း သူ့မျက်လုံး များနှင့် တစ်ပေခန့်အကွာမှ စန်းချိုဓာတ်ပုံကြီးကို ရီမှိုင်းမှိုင်းမျက်လုံးများဖြင့်
တစိမ့်စိမ့်ကြည့်သည်။ တစ်မိနစ်ခန့်ကြာတော့...မျက်လုံးအိမ်တွေမှာ မျက်ရည်တွေ အိုင်ဖွဲ့လကြလျက် မျက်လု့းတွေ တောက်လက်လာကြသည်။
ခံစားမှုပြင်းပြပူလောင်စွာ တောက်လက်လာကြသော မျက်လုံးကြီးအစုံ သည်... ဓာတ်ပုံကို မီးတောက်မီးလျှံများ ထတောက်စေတော့မည်ပမာ၊
စူးစူးရဲရဲရှိနေကြတော့၏။
သန်းဆိုင်က ဓာတ်ပုံထဲရှိ မျက်လုံးအစုံကို မမှိတ်မသုန် တည့်တည့်စိုက်ကြည့်လိုက်သည်။ ပြီးလျှင် စန်းချို၏ ပြည့်ဖောင်းသောရင်အုံ
အလယ်သို့ သူ၏ညာလက်ညှိုးဖြင့် ထောက်လိုက်ပြန်သည်။ "နင်ဟာ...မိန်းမဆိုး မိန်းမယုတ်၊ နှိုင်းစရာမရှိအောင် ရိုင်းစိုင်းတဲ့
မိန်းမရိုင်း မိန်းမပျက်...." စန်းချိုကိုယ်တိုင် သူ့ရှေ့မှာ ရှိနေသကဲ့သို့ ခံစားပြီး ရေရွတ်လိုက်ခြင်းဖြစ်ရကား၊ မီးဖိုဆောင်ထဲ တွင်သူ့အသံက လှိုင်းထသွား၏။
လက်ညှိုးကို ပြန်ရုပ်ပြီးနောက် သန်းဆိုင်သည် သူ့မျက်နှာကို ကိုမဲ့မဲ့ကြီးဖြစ်အောင် တွန့်ရွဲ့ကာ... "တကယ်တော့...နင်ဟာ အသည်းစားဘုရင်မကြီးပါ စန်းချိုရာ"ဟု ညည်းလိုက်ပြန်၏။
အရက်မသောက်မိကမူ နင့်နင့်နဲနဲခံစားနေရသော အပူသောကဝေဒနာအားလုံးကို မေ့ပျောက်သွား စေဖို့ ရည်စူးချက် သန်းဆိုင်မှာ ရှိခဲ့သည်။ အရက်သုံးလေးခွက
သွေးကြောထဲ စီးဝင်သွားပြီးဆို သည်နှင့် သန်းဆိုင်မူလရည်ရွယ်ချက်ကို မေ့သွားသည်။ စိတ်တက်ကြွလာခြင်းနှင့်အတူ ၀မ်းနည်း ကြေကွဲဖွယ်များက
ဆပွားများပြားလာကြ၏။ ထို့အတူ မုန်းတီးနာကြည်းစရာတွေကလည်း အားကောင်းလာကြပြန်၏။ သူသည် ၀မ်းနည်းခြင်းအတွက် အရက်တစ်မော့သောက်ပြီးသော်
မုန်းတီးခြင်းတွက် တစ်မော့မျိုချပြန်လေသည်။ မတွေးဖူးခဲ့သော စကားလုံးများသည် သူ၏အသိ လမ်းကြောင်းထဲသို့ အလွယ်တကူ စီးဆင်းဝင်ရောက်
လာကြသည်။
ငါတို့လက်တွဲပြီး နှစ်ပေါင်း (၂၀)ကျော် တည်ဆောက်ခဲ့တဲ့ ကမ္ဘာကလေး ပျက်သွားပါပြီ စန်းချို၊ ငါကအုတ်တိုက်ကြီးလို့ ထင်မှတ်ထားခဲ့တဲ့
ငါတို့ရဲ့ မေတ္တာအိမ်ကလေးဟာ ချောင်းစပ်မှာ ရွှံ့နဲ့ ဆောက်ထားတဲ့ ကစားစရာ ရွှံ့အိမ်ကလေးလိုပဲ ချောင်းရေလည်းတက်လာကရော တစ်ပိုင်းတစ်စ
စီပြိုကျပျက်စီးသွားပါပြီ၊ ငါ့အသည်းလည်း လောင်းမီကျသလို ကျွမ်းသွားပြီ စန်းချို၊ ဒီတော့ငါအရက် တွေသောက်လို့လည်း ငါ့အသည်းကျွမ်းမှာ
မဟုတ်တော့ဘူး၊ အသည်းကျွမ်းမှာ မပူရတော့တဲ့ နောက် ငါသောက်မယ်၊ သေအောင်သောက်မယ်ဟူသော အတွေးအဆုံးမှာ လက်တစ်ဖက်က အရက်ဖန်ခွက်ကြီးကို
လှမ်းကိုင်လျက်သား ဖြစ်နေသည်။ သူငိုချလိုက်သောအခါ နဂိုက ရွဲ့လိမ်ထားသည့် မျက်နှာကြီးမှာ အရေးပြားတွေ၊ ကြွက်သားတွေ ပြတ်သတ်ထွက်က်ုတော့မလို ပုံပျက်ပန်းပျက် တွန့်ရှုံ့လာလျက်၊
သူ့ငိုသံကလည်း ဒဏ်ရာရ တိရစ္ဆာန်တစ်ကောင် ညည်းတွားသံနှင့် တူလာတော့သည်။
"စန်းချို... စန်းချို...၊ နှလုံးသားကင်းမဲ့တဲ့ မိန်းမ....၊
ရက်စက်မှုအပေါင်း သရဖူဆောင်းလိုက်ပြီပေါ့ လေ...ဟီးဟီး...."
××× ××× ×××
××× ××× ×××
မွန်းလွဲ(၃)နာရီကျော်ကျော်မှာ သားငယ်ပြည့်ဖြိုးအောင် ကျောင်းကပြန်လာသည်နှင့် မိထူးက အိမ် ပေါ်သို့ပင်မတက်ခိုင်ဘဲ ကွမ်းယာဆိုင်မှာ တန်းထိုင်ပြီး ဈေးရောင်းဖို့တာဝန် ပေးလိုက်၏။ သန်းဆိုင်
အရက်သောက်နေမှန်း မိထူးက ကြိုသိပြီး၊ သူကိုယ်တိုင်လည်း အိမ်ပေါ်မတက်။ ပြည့်ဖြိုးအောင်ကိုလည်း ဖအေအရက်သောက်နေသည်ကို မတွေ့စေလို။
သူတို့ညီအစ်ကို၏ တစ်သက်တွင် ယနေ့ထိ သူတို့ဖခင် အရက်သောက်ခြင်းကို တစ်ခါမျှ ကြုံဖူးခဲ့သည်မှာ မဟုတ်ဘဲ။
မိထူးလည်း ထိုနည်းလည်းကောင်းပါပဲ။
သို့တစေ...မိထူးက အရက်ကိုလည်းကောင်း၊ အရက်သောက်ခြင်းကိုလည်းကောင်း အရက်သမား တို့၏ စိတ်ညစ်ညူးစရာ စရိုက်ကြမ်းများကိုလည်းကောင်း၊
အနည်းငယ်မျှပင် အမှုထားဂရုစိုက်သူ မဟုတ်။ အဘယ်ကြောင့်ဆိုသော်...မိထူးသည် သူမလူမဖြစ်ခင်ကတည်းက အရက်စွဲခဲ့ပြီး အရက် မူးလာလျှင်
"နာဠာဂီရိ"ဆင်ကြီးပင် အရှုံးပေးဆလံသရအောင် မူးရူးရမ်းကားလေ့ရှိသော ဖခင်ဦးဖိုးလူ၏ ကျွေးမွေးပြုစုမှုအောက်တွင် (၁၀)နှစ်သမီးအထိ
ကြီးပြင်းရှင်သန်းလာခဲ့ရေသော အဖိုးမဖြစ်နိုင်သည့် အတွေ့အကြုံရရှိထားသောကြောင့်ပေတည်း။
မိထူးက အိမ်ပေါ်သို့ ခပ်သုတ်သုတ်တက်ခဲ့ပြီး အိမ်ရှေ့တံခါးကို မူလအတိုင်း ပြန်စေ့ထားလိုက်၏။ သန်းဆိုင်က သူ၏အခမ်းအနားကျင်းပနေစဉ်....
အိမ်ရှေ့တံခါးမကြီးစေ့ထားရန် မိထူးအား ကြိုတင်မှာ ကြားထားသည်။ ထို့ကြောင့် ယခုထိ သန်းဆိုင်အိမ်ထဲမှာ အရက်သောက်နေမှန်း မိထူး
နှင့်ဆိုက်ကားသမား ရန်ပိန်တို့သာ သိကြ၏။ ရန်ပိန်မှာ အရက်ဖြူတစ်ပုလင်းဖိုး "လာဘ်"ရထား သဖြင့် ပါးစပ်ငြိမ်နေ၏။ အိမ်ဘက်သို့ပင် မျက်စိမကစားမိအောင်၊
မိမိ၏သမာဓိကို ထိန်းချုပ်ထား၏။ သည်လိုသာ မစန်းချိုမရှိတုန်း ကိုသန်းဆိုင် အရက်သောက်နေမယ်ဆိုရင် ငါလည်း ညနေစာမူရတော့ဘူး၊ ဆိုက်ကားခလည်းရ၊
အရက်ဖိုးလည်းရနဲ့ အိုကေမှာ စိုပြည်ပြီဟု ရန်ပိန်က ကျေနပ်စွာ တွေးနေသည်။\
မိထူးအိမ်ပေါ်တက်လာခဲ့ခြင်းမှာ၊ ညနေစာချက်ပြုတ်ကြော်လှောဖို့ဖြစ်၏။ သန်းဆိုင်ကို လာကြည့် ခြင်းမဟုတ်။ သို့ရာတွင်.... "မကြည့်ချင်
မြင်ချင်လျက်သား"ဖြစ်နေသည်။ သန်းဆိုင်မှာ စားပွဲခုံ ဘေး၊ မီးဖိုခန်းသမံတလင်းပေါ်မှာ ခွေခွေကလေး လဲကျနေ၏။ လုံချည်ကလည်း
ခါးပုံစပြေနေ၏။ ပါးစောင်းတစ်ဖက်စွန်းမှ သွားရည်များယိုစီးကာ သမံတလင်းပေါ်တွင် အိုင်ထွန်းလျက် ယင်းတ လောင်းလောင်းဖြစ်နေသည်။ သူ၏
လက်တစ်ဖက်ကမူ... စန်းချို၏ ဓာတ်ပုံကိုကိုင်ထားပြီး ဓာတ်ပုံ ကသွားရည်တွေ၊ တံတွေးတွေစွန်းပေစိုစွတ်လျက် ရှိသည်။ သန်းဆိုင်သတိလစ်ခြင်းတော့ မရှိပါ။
အိပ်ပျော်နေခြင်းလည်း မရှိပါ။ သူ့ပါးစပ်က ဗလုံး ဗထွေးစကားသံတွေ ထုံ့ပိုင်းထုံ့ပိုင်း မြည်န၏။ မျက်စိတွေကိုလည်း ဖွင့်မထားခဲ့ပါ။
မိထူးက အရက်စက်တွေ၊ ရေစက်တွေ ရွှဲစိုနေသော စားပွဲခုံကို ကြည့်သည်။
ဝီစကီပုလင်းထဲတွင် အရက်တစ်ဝက်ခန့်သာ ကျန်တော့သည်။ သာမန်အရက်ချိုး (ကြွက်တွင်း) တစ်ဦးပင်လျှင်၊ အယ်လကိုဟော ဒီဂရီပြင်းလှသည့်၊
ဤ၀ီစကီမျိုးကို ဤမျှသောက်မျိုလိုက်လျှင် ချာချာလည် အောင်မူသွားနိုင်၏။ မင်္ဂလာဦးညကတည်းက နောက်ဆုံးအရက်သောက်ခဲ့ပြီး အနှစ် (၂၀)ကျော်
အရက်တစ်စက်မျှ လျှာပေါ်မတင်ခဲ့သဖြင့် အူရိုင်းဖြစ်နေသော သန်းဆိုင်ကို "ဂရင်းရွိုင်ရယ်ဝီစကီ" ကနောက်ထပ် စိန်မခေါ်ရဲအောင် အလဲအကွဲ
ထိုးလှဲလိုက်ပေပြီ။ သမံတလင်းပေါ် ကိုယ်တုံးလုံြးိကီး လှဲအိပ်နေတာကိုး၊ အအေးပတ်ပြီး လေတွေဘာတွေဖြတ်သွား မှဖြင့်တစ်ပူပေါ်နှစ်ပူဆင့်ဦးမယ်ဟု တွေးရင်း မိထူးက
ပြဿနာကို ဖြေရှင်းဖို့ အမြန်ဆုံးအဖြေရှာ သည်။ သန်းဆိုင်ကား သူ့အနီးမှာ ယင်ဖိုပင်မနားဖူးသေးသည့် သူ့ခယ်မ အပျိုကြီးရပ်နေသည်ကို လုံးဝမသိ၊
ပါးစပ်ကတော့ မပီမသ စကားတွေ ရေရွတ်နေ၏။
"မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လုပ်တဲ့ကောင်....၊ ပစ်စာရေးတဲ့လက်ကို ဓားနဲ့ခုတ်ဖြစ်မယ်...၊ ငါ့မိန်းမကို ခိုးတဲ့ကောင်ကိုတော့ ငါအစိမ်းလိုက်
ကိုက်စားမယ်ကွ...." မထူးသည် အတိတ်က ယဉ်းပါးခဲ့သော်လည်း ယခုအခါ စိမ်းနေပြီဖြစ်သော အနံ့ဆိုးတွေ
ဝေ့ပျံ့ လွင့်ပါးနေရာ၊ သန်းဆိုင်အနီးတွင်ထိုင်ပြီး၊ ပထမဆုံး ဓာတ်ပုံကို ဆွဲယူကာ စားပွဲပေါ် မှောက်တင် ထားလိုက်၏။ (ဓာတ်ပုံကြီးကွဲပြီး မှန်မရှတာ
ဘုရားမလို့) ဓာတ်ပုံက သန်းဆိုင်၏ သွားရည်တွေ ပေစွန်းနေသော လက်ကို ထဘီတင်ပါးမှာ သုတ်၏။ "အစ်ကိုကြီးသန်းဆိုင်... အစ်ကိုကြီးသန်းဆိုင်..."ဟု တိုးတိုးခေါ်ကြည့်သည်။
သန်းဆိုင်ကြားပုံ မရသဖြင့် ချွေးတွေဖြင့် ချောကျိနေသော ပခုံးတစ်ဖက်ကို လှုပ်ပြန်သည်။ "အစ်ကိုကြီးသန်းဆိုင်..." သုံးလေးခွန်းခေါ်လိုက်မှ၊ သန်းဆိုင်၏ ထုံထိုင်းနေသော
နားအာရုံပွင့်သွားပုံရ၏။ မျက်ခွံတွေကို အားယူ၍ ဖွင့်သည်။
မျက်ဝတ်တွေပိတ်နေသဖြင့် ဘာကိုမှ မြင်ပုံတော့ မရပေ။ "ဘူရဲ...ဘူ...ငါ့ကိုခေါ်တာလဲ၊ ဘူရဲကွ...ငါ့ကိုကိုင်တာ" လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ၊ မိထူး၏ဒူးခေါင်းကို စမ်းမိပြီး
"ဒါ...ဘူရဲ..၊ ဘူရဲ...စန်းချိုလား...၊ မသာမ...." မိထူးက သန်းဆိုင်လက်ကို ညင်သာစွာဆွဲဖယ်သည်။ သန်းဆိုင်ထက် အပြန်တစ်ရာမက
မူးယစ် ကြောင်စီခဲ့သည့် ဖခင်ဦးဖိုးလူပေးသော သင်ခန်းစာများက ... မိထူးကို ဘယ်လိုမှ စိတ်မလှုပ်ရှား စေနိုင်။
"ကျွန်မ မိထူးပါ အစ်ကိုကြီးသန်းဆိုင်၊ ဒီမှာ မအိမ်နဲ့လေ၊ အအေးပတ်လေဖြတ်နေဦးမယ်၊ ထ ထ ပုဆိုးပြင်ဝတ်...အိပ်ရာပေါ်သွားအိပ်"
ဈေးဆိုင်ဘက်ကလည်း မကြားရအောင်၊ သန်းဆိုင်လည်း ပီပီသသကြားရအောင်၊ မိထူးအနံအစော် ခံပြီး သန်းဆိုင်မျက်နှာအနီးသို့ ငုံ့ပြီးပြောသည်။
သန်းဆိုင်မျက်လုံးကြီးတွေ ကျယ်လာသည်။ စောစောကထက် အမြင်ကြည်လင်လာပုံ ရ၏။
စကာေးတာ့ မပီသေး။ "အို...နမရေး မိထူးလား...နမရေး..."ဟု ဆိုကာ လက်တစ်ဖက် ယမ်းနေပြန်သည်။
မိထူးသည် ပင့်သက်တစ်ချက်ရှိုက်ရင်း ရဲတင်းသောလက်များဖြင့် ပြေလျော့နေသော ပုဆိုးခါးပုံစကို ကြိုးချည်သလို ခိုင်အောင်ပြုပြင်စည်းနှောင်ပေးလိုက်၏။
"အစ်ကိုကြီးသန်းဆိုင် ထ၊ ပြီး အိပ်ရာထဲသွားအိပ်"ဟု ထပ်ပြောစဉ် သန်းဆိုင်က မျက်စိတွေမှိတ် လျက် ပက်လက်လှန်အိပ်ချလိုက်ပြန်တော့၏။
"မိထူး မိထူး... နမရေး မိထူး... စန်း...စန်းချို ငါ့ကိုအသည်းခွဲသွားပြီ၊ ငါ့အသည်းတွေ အစိတ်စိတ် အမြွှာမြွှာ ကွဲသွားပြီ၊ ငါမနေရတော့ဘူး၊
ငါသေရတော့မယ် အဟီး ဟီး...." မျက်ရည်တွေကော သွားရည်တွေပါ ယိုစီးကျလာလျက် ရှိသော
မျက်နှာကြီးကိုကြည့်ကာ...၊ မိထူး သက်ပြင်းရှိုက်ထုတ်သည်။ .... အဖေမူးတဲ့ဝဋ် ကျွတ်ပြီလားအောက်မေ့တာ၊ ဒီမှာ နောက်တစ်
ယောက်နဲ့ကြုံရပြန်ပြီဟု မချိတရိ တွေးမိသည်။ သို့ရာတွင် ဤအခြေအနေအတိုင်း အချိန်ကုန်ခံ၍ မဖြစ်မှန်း မိထူးနားလည်သည်။ ဘယ်သူမှလည်း မတွေ့စေချင်၊
ထမင်းဟင်းလည်း မြန်မြန်ချက် ချင်သည်။
မိထူး ထဘီတိုတိုပြင်ဝတ်၏။ ကားစင်အတင်ခံထားရသလို လက်မောင်းနှစ်ဖက် ကားထားသည့် သန်းဆိုင်၏ ချိုင်းနှစ်ဖက်ကြားမှာ သူမ၏တုတ်တိုသန်မာသည့်
လက်ချောင်းတွေ လျှိုသွင်းဆုပ်ကိုင် လိုက်သည်။ "ရက်စက်တယ်.... ရက်စက်တယ်...စန်းချို ရက်စက်တယ်.... ငါ့ကို တစ်ခါတည်း
ဘာလို့အသေ သတ်မသွားခဲ့တာလဲ စန်းချိုရယ်... ဟူး...." သန်းဆိုင်ကတော့ ပါးစပ်ကနေ တံတွေတဖွားဖွားထွက်အောင် မြည်တမ်းရင်း
မိထူးလက်ထဲမှာ အရုပ်ကြိုးပြတ်ဖြစ်နေ၏။ အရက်မူးသမားဟူသည် လူသေအလောင်းကဲ့သို့ သာမန်ကိုယ်အလေး ချိန်ထက်ပိုမိုလေးလံသယောင်ရှိရာ၊
ခွန်အားတောင့်တင်းသည့် မိထူးပင် သန်းဆိုင်ကိုမတ်တတ်ရပ် နိုင်သည်အထိ ထူမတ်မပေးနိုင်။ ထို့ကြောင့် သန်းဆိုင်၏ ဦးခေါင်းက မိမိ၏ ရင်အုံကို
ဖိလျက်သား နှင့်ပင် သန်းဆိုင်ကို နောက်ပြန်တရွတ်ဆွဲလာခဲ့ရလေသည်။
မိးဖိုဆောင်ကနေ အိပ်ခန်းထဲအထိ ပျော့အိအိခန္ဓာကိုယ်ကြီးကို ဆွဲယူလာရသည့် ခရီးမှာ အကွာ အဝေး ပေ(၂၀)ထက်မပို။ သို့သော်မိထူးမှာ ငါးပိဿာချိန်
(၂၀)လောက်ကို မိုင်(၂၀)လောက် ခေါင်းဖြင့်ရွယ်၍ သယ်ရသည်ထက် ပိုပင်ပန်းနေသည်။ အိပ်ခန်းထဲရောက်တော့ သန်းဆိုင်ကို ခုတင်ပေါ်ရောက်အောင်
ကတ်သီးကတ်သတ် ကြိုးပမ်းရပြန်လေ၏။ ပထမဆုံး မိထူးက ခုတင်ပေါ် ကိုယ်တစ်ပိုင်းထိုင်ပြီး ပေါင်နှစ်လုံးကြားမှာ သန်းဆိုင်ကို ညှပ်ထားကာ
လက်မောင်းရင်းနှစ်ဖက်က နေမယူသည်။ ပြီးလျှင် မိထူးက နောက်သို့ တဖြည်းဖြည်းချင်း ဖင်ရွှေ့ဆုတ်လျက် သန်းဆိုင်ကို အားစိုက်ဆွဲသည်။
သန်းဆိုင်က စိတ်အသိကို လွှတ်ချင်ရာလွှတ်ထားလိုက်ဟန် ရှိ၏။ မိထူးက သူ့ကို အိပ်ရာပေါ်တင်နေခြင်းဟုလည်း အသိအမှတ်ရှိပုံမရ။ ပြောမိပြောရာတွေ
တရစပ်မြည်တမ်း လျက်ရှိသည်။
"ကမ္ဘာအဆက်ဆက် သံသရာအဆက်ဆက်မှာ နင်နဲ့ ပြန်မဆုံပါရစေနဲ့လို့ ငါဆုတောင်းပါတယ် စန်းချိုရယ်၊ ဒီဘ၀မှာ ငါ့အသည်းကို ခွဲရရုံနဲ့
ကျေနပ်ပါတော့....." သန်းဆိုင်၏ ခန္ဓကိုယ်အပေါ်ပိုင်း ခုတင်ပေါ်ရောက်ချိန်မှာ၊ မိထူးကလည်း သတိလစ်ပြီး အားလျှော့ လိုက်မိရာ၊ လေးပင်သော ခန္ဓာကြီးသည် မိထူးကို
နောက်ပြန်ဖိလှဲချလိုက်သလို ဖြစ်သွားတော့ သည်။ "အို ကိုယ့်ကိုယ်ကိုလည်း ထိန်းပါဦးတော့"ဟု ခပ်အုပ်အုပ်အော်ရင်း၊ မိထူးက
သန်းဆိုင်၏ လေးတွဲ့ ပျော့အိလျက် နံဟောင်ချွဲကျိနေသော ခန္ဓာကြီးကို အားစိုက်တွန်းဖယ်ချသည်။ သန်းဆိုင်သည် ခုတင်ပေါ်မှာ ကန့်လန့်ဖြတ်
မှောက်လျက်ကြီးကျသွား၏။
"ရက်စက်ပါပေ့ စန်းချိုရယ် ရက်စက်ပါပေ့"ဟု ညည်းတွားပြီးနောက် ရှိုက်ရှိုက်ငင်ငင် ငိုကြွေးပြန် လေသောသန်းဆိုင်ကို စောင်တစ်ထည်
ဖြစ်ကတတ်ဆန်းလွှမ်းပေးပြီး မိထူးက ကပျာကသီ ပြန်ထွက် ခဲ့၏။ ခုမှပဲ ရင်ဖိုရမှန်း၊ မောဟိုက်ရမှန်း ချွေးတစိုစိုပြန်ရင်း ခံစားနားလည်လာမိတော့
သည်။
××× ××× ×××
××× ××× ×××
ည(၈)နာရီကျော်ကျော်ခန့် ဆိုင်မှာ လူပါးချိန်တွင် အသက် (၁၄/၁၅)ရွယ် မျက်နှာစိမ်းလူငယ် တစ်ဦး စက်ဘီးတစ်စင်းဖြင့် ဆိုင်ရှေ့သို့ရောက်လာသည်။
ထိုအချိန်က ဆိုင်မှာ မိုးကျော်အောင် အလှည့်ကျထိုင်နေလျက်ရှိ၏။ လူငယ်မှာ အသားညိုညို၊ နွမ်းပါးသော အ၀တ်အစားနှင့် ဖြစ်သည်။ မျက်နှာထားမှာ
စိတ်အနှောင့်အယှက် တစ်ခုခုခံစားနေရဟန် ညှိုးမှိုင်နေ၏။ "ဦးသန်းဆိုင် ရှိလား..." ဟု အသံခြောက်ကပ်ကပ်နှင့် မေးသည်။ "ရှိတယ်ကွ၊ ဘာကိစ္စရှိလို့လဲ"မိုးကျော်အောင်ကိုယ်တိုင်လည်း စိတ်သောကဖိစီးနေသဖြင့် ပြန်မေးသံ က ခြောက်ကပ်ကပ်နှင့်ပင်။ လူငယ်သည် သူ၏ရှပ်အင်္ကျီလက်ကို အိပ်ကပ်ထဲမှ၊ ပိတ်ထားသော စာအိတ်တစ်အိတ်ကို ထုတ် လိုက်၏။ မိုးကျော်အောင်က စာအိတ်ကိုကြည့်ပြီး....လာပြန်ပြီ
စာတစ်စောင်၊ ဒီတစ်ခါတော့ ခိုင်ကြောင် ခိုးဝှက်မပစ်ဘဲ ပေါ်တင်လာပေးနေပြီဟု တွေးမိသည်။
"ကျွန်တော်က ဦးကျူးကုန်စုံဆိုင်က အလုပ်သမားပါ အစ်ကို၊ ဒီဆိုင်က
ဒေါ်စန်းချိုမုန့်တွေ၊ ဆေးလိပ်တွေ ၀ယ်နေကျတရုတ်ဆိုင်လေ" မိခင်နာမည်ပါလာ၍ မိုးကျော်အောင် ရင်တဒုတ်ဒုတ်ခုန်လာမိ၏။ လူငယ်က စာအိတ်ကို
ကိုင်မြှောက် ထားရင်း... "ဒီနေ့မနက် သုံးနာရီကတည်းက ဒီစာကို ဒေါ်စန်းချိုက ကျွန်တော့်ကို ပေးထားခဲ့တာ၊ မိုးလင်းရင် ဦးသန်းဆိုင်ကို သွားပေးဖြစ်အောင်
ပေးပါလို့လည်း မှာခဲ့တယ်၊ ကျွန်တော့်ကိုတောင် စာပို့ခ လက်ဖက်ရည်ဖိုး (၁၀၀)ပေးသွားသေးရဲ့" "ဒေါ်စန်းချိုက ငါတို့အမေကွ၊ မင်းကို စာဘယ်မှာပေးတာလဲဟင်"ဟု
မိုးကျော်အောင် အသက်မရှူ အားဘဲမေးသည်။ "ဦးကျူးဆိုင်မှာပေးခဲ့တာ....၊ မနက်မိုးလင်းလို့ စာကိုသွားပေးမယ်လည်း
လုပ်ရော စားကျွန်တော် အထားမှားပြီး ရှာမရဘူးဖြစ်နေတယ်။
စာအိတ်ကို အသေပိတ်ထားတော့ အထဲမှာ ဘာတွေရေး ထားမှန်းလည်း မသိဘူး၊ ဒေါ်စန်းချိုကလည်း
အရေးကြီးတဲ့စာလို့ မမှာခဲ့ဘူး အဘဦးကျူးက ကျွန်တော့်ကို လှိမ့်ဆဲတာနဲ့ ကျွန်တော် တစ်နေကုန်အလုပ်လုပ်ရင်း စာကိုရှာတာ စောစောကမှ
သတင်းစာအဟောင်းတစ်စောင်ကြားမှာ ပြန်တွေ့တာနဲ့ ကျွန်တော် ကမန်းကတန်း လာပေးတာ၊ ဒေါ်စန်းချိုးပေးခဲ့တဲ့ လက်ဖက်ရည်ဖိုးလည်း
ကျွန်တော်မသုံးပါဘူးဗျာ"ဟု ပြောရင်း လူငယ်က စာအိတ်နှင့်အတူ ငွေရာတန်တစ်ရွက်လှမ်းပေးသည်။ "လက်ဖက်ရည်ဖိုး ယူလိုက်ပါင့ါညီ"ဟု ပြောလျက် ပိုက်ဆံကို ပြန်ပေးပြီး
စာအိကို မိုးကျော်အောင် ကဖင်ပြန်ခေါင်းပြန် ကြည့်၏။
"ဖိတ်စာ"ထည့်သောအိတ်မျိုးလည်း မဟုတ်၊ စာအိတ်ပေါ်မှာလည်း ဘာမျှရေးမထား။ "နေဦး ငါ့ညီ၊ ဒီစာပေးပြီးတော့ ငါတို့အမေ ဘယ်သွားလဲ"ဟု ခြေလှမ်းပြင်နေသော
လူငယ်ကို အလျင်စလိုအသံဖြင့် မေးလိုက်ပြန်၏။ "သူတို့ ဘုရားဖူးကားနဲ့ ထွက်သွားကြတာပဲဗျ...." "သူတို့ဆိုတာ ဘယ်သူတွေလဲ..." "ဦးကျူးရဲ့ မိန်းမနဲ့ သမီးတွေ၊ ခယ်မတွေ တူမတွေပေါ့၊ ဒေါ်စန်းချိုကလည်း
သူတို့နဲ့အတူ ဘုရား ဖူးပါသွားတာ" "ဘယ်ဘုရားသွားဖူးမှာလဲ..." "မော်လမြိုင်၊ မြိတ်၊ ထာားဝယ်ဘက်က ဘုရားတွေ အနှံ့ဖူးမယ်လို့ပြောတာလဲ၊ အပြန်ကျရင် သာမညတောင်နဲ့ ကျိုက်ထီးရိုးလည်း ၀င်ဖူးကြဦးမတဲ့၊ ကားသမား
သုံးယောက်ကလွဲလို့ သူတို့ ဘုရားဖူး အမျိုးသမီးချည်း (၁၅)ယောက်ပါသွားတယ် ပျော်စရာကြီးဗျာ" "အေး ကျေးဇူးပဲကွာ" စာလာပေးသူ စက်ဘီးပေါ်မရောက်မီမှာပင်၊ မိုးကျော်အောင်က အိတ်ကို
ဖောက်လိုက်ပြီးဖြစ်သည်။ စိတ်လှုပ်ရှားသည့်ကြားမှ စိတ်သက်သာမှုရသည့်အချက်မှာ လောလောဆယ်၌ ဆိုင်ကို ဆူဆူညံညံ အသက်ဝင်စေတတ်ကြသည်။ ခုံတန်းလျားအုပ်စု
ရှိမနေခြင်းပင် ဖြစ်လေသည်။ သူတို့ထဲမှ တစ်ယောက်ယောက် ရှိနေလျှင် (၀က်လူးရွာက နေမကောင်းသော မိခင်ထံသို့ စန်းချိုသွားနေ သည်)ဟူသော မိမိတို့၏ "လိမ်စဉ်"ကြီး ပေါ်ကာဖြေရှင်းနေရဦးမည်။
ငွေရပြေစာ၊ အလွတ်တစ်ခုပေါ်မှာ၊ စာမတတ်တတတ်စန်းချို၏ မညီမညာစာကြောင်းအနယ်ငယ်ကို တွေ့ရလေသည်။
သန်းဆိုင်
စိတ်မပူနဲ့၊ ငါဘုရားဖူးလိုက်သွားတယ်၊ ၁၀-ရက်လောက်ကြာမယ်၊ နင့်ကို
တိုင်ပင်ရင်... ပိုက်ဆံ ကုန်သလေး ဘာလေးနဲ့ ဂဂျီဂကြောင်လုပ်မှာစိုးလို့၊
စားစရိတ်ပဲကုန်မှာ၊ ဘုရားဖူးထွက်ကြရ အောင်လို့ ပြောတိုင်း နင်က ဘုရားပဲ
အိမ်နားတင်ဖူးလို့ရတယ်၊ ဒါမှမဟုတ် အိမ်ကဘုရားစင်မှာ လည်း
ဖူးလို့ရတာပဲလို့ နင်ပြောဖူးတဲ့စကားကို မမေ့ပါနဲ့...တိတ္ထိကောင်ရဲ့...။
ငါကုသိုလ်ယူနေတုန်း...အိမ်မှာ အဆင်ပြေပြေနေကြပါ။ ငါခိုးထွက်တာသိရင်
နင်လိုက်ဖျက်မှာစိုး လို့ ခြံသော့ကိုအပြင်ကခတ်ပြီး သော့တံ ငါယူသွားတယ်။
တော်သေးပြီး
စန်းချို
စာဖတ်ပြီးနောက် မိုးကျော်အောင်သည် လေပူများအဖြစ် အယောင်ဆောင်၍ သူခန္ဓာကိုယ်ထဲမှာ ခိုအောင်းနေကြသော စိတ်သောကများကို သက်ပြင်းချသည့်
ပုံဟန်ဖြင့် မှုတ်ထုတ်လိုက်စရာ သူ့တစ်ကိုယ်လုံးမှာ ငှက်တောင်ကလေးတစ်ချောင်းပမာ ပေါ့ပါးသွားဟန် ရှိသည်။ ဆိုင်ကြမ်းခင်း
ပေါ်မှာပင်... စိတ်စွမ်းအင်တန်ခိုးဖြင့် မြောက်ကြွသွားသည်ဟုပင် ခံစားလိုက်ရသေးသည်။ သြော်၊ အမေ...အမေ၊ အဖေ့ကို အနိုင်ယူလို့အားမရသေးဘဲ သက်သက်မဲ့
အရူးလုပ်သွားတာ ပါလား...၊ အဖေတော့ ရူးမရူးမသိဘူး၊ လောလောဆယ်တော့ မူးပြီးမှောက်နေပြီဟု တွေးရင်း မိုးကျော်အောင်သည် ကတော့မခို ခုန်တော့မလို
အမူအရာဖြင့် အိမ်ဘက်သို့ လှမ်းအော်သည်။

ဆက်ရန်
.
1 comment:
အောင်မလေးဗျာ
တော်သေးတာပေါ့ နောက်ယောင်္ကျားနောက်လိုက်ပြေးတာမဟုတ်လို့
ရင်ထဲကို ပေါ့သွားတာပဲ
Post a Comment