Tuesday, July 10, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၁၃)

ဥတ္တရအလင်း ၏ အခြေအနေက သန်းခေါင်ထက် ညဥ့်မနက်နိုင်တော့။ ယိမ်းယိုင်ပြိုကွဲဖို့ တည်းတည်း သာ ကျန်တော့ သည်။ ကြွေးရှင်တွေက ပတ်ချာဝိုင်း။ လစာတွေက မပေးနိုင်။ သတင်းစာ စက္ကူက အကြွေးဝယ်မရ ။ အလုပ်သမားခေါင်းဆောင်တွေ က “မပေးနိုင် ရောင်းပစ်” လေသံဟစ်။ ယခုတစ်ဖန် ပုံနှိပ်စက်ခန်းတိုက် ကို အပိတ်ခံ လိုက်ရပြန်လေပြီ။ ကို ဆက်ဖတ်ရန်....

"ဟင်နရီပေ့ နားအေးပါးအေး အိမ်ပြန်မပြေးနိုင်။ ဘယ်နည်းနှင့်မှ မပြန်နိုင်။ လက်မှ နာရီကို ကြည့် လိုက်သည်။ ၅ နာရီ မထိုးတတ်သေး။ အချိန်တွေ က အများကြီးရှိသေး။
အငှားကားခပေးပြီး လှေကားမှ မမောမပန်း တက်လာခဲ့သည်။ မိတ်တလန်ကို သူ့စားပွဲတွင် ထိုင် လျက်သား တွေ့ရသည်။ မင်နှိပ်စက္ကူပေါ်တွင် အမေ့မေ့ အလျော့လျော့ ရုပ်ပုံတွေ ရေးဆွဲနေသည်။ စိတ်ပျက် လက်ပျက် အတွေးကျွံနေသည်။. ပေ့ကို မြင်လိုက်မှ ငေါက်ခနဲ ထရပ်လိုက်သည်။
"ဘာလုပ်ဦး မလို့လဲ။ ဘာလုပ်ဖို့ပြန်လာရပြန်တာလဲဗျာ"
သူ့မျက်လုံးများ တွင် အံ့အားသင့်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ ထင်ဟတ်ပေါ်လွင်နေသည်။

"သတင်းစာ ထုတ်ရအောင်ပေါ့"
မယ်လ်ကမ် မိတ်တလန၏ မျက်နှာ နီတွတ်တွတ်ကြီးသည် ဖြူဖတ်ဖြူယော် ဖြစ်သွားသည်။ ပေ့ တစ်ယောက် စိတ်ဖောက် သွားပြီဟု ထင်လိုက်မိ၏။
"ကိုင်း… ဟင်နရီ… ခင်ဗျားလည်း တစ်နေ့လုံး ပန်းနေတာ အိပ်လိုက်ဖို့ ကောင်းပြီဗျာ"
"ပြီးတော့ မှ အိပ်တာပေါ့"
မိတ်တလန် ပို၍ စိတ်ပူလာသည်။ အလန့်တကြားပင် ဖြစ်ပါသည်။
"ကိုယ့်လူ လည်း သိသားပဲ။ စက်တွေက ရိုက်လို့မရတော့ဘူးလေဗျာ။ စာတစ်ကြောင်းတောင် ရိုက်လို့ မရနိုင်တော့ ဘူး"
"ကိစ္စမရှိပါဘူးလေ။ ကျွန်တော့ကို ဒီလိုကြီး ကြည့်မနေစမ်းပါနဲ့ဗျာ။ ဥတ္တရအလင်းက ဘယ်တုန်းက မှ တစ်ရက် မပျက်ခဲ့ဖူးဘူး။ နှစ်ပေါင်း ၁၈၀ နှစ်လုံးလုံး တစ်စောင်မထွက်တဲ့နေ့ တစ်နေ့မရှိခဲ့ဖူးဘူး။

ခင်ဗျားလည်း သိသားပဲ မဟုတ်လား။ နပိုလီယန်စစ်ပွဲတွေ ဖြစ်နေတုန်း ဂျိမ်းစ်ပေ့ ကိုယ်တိုင် လက် ရေးနဲ့ ရေးပြီး သတင်းစာ ထုတ်ခဲ့ရတာတောင် တစ်ရက်မပျက်ခဲ့ဘူး။ ကျွန်တော် အသက်ရှင်နေ သရွေ့ ဖြစ်တဲ့နည်းနဲ့ သတင်းစာ ထုတ်မယ်"
"ဖြစ်တဲ့နည်း နဲ့ ဟုတ်လား" မိတ်တလန်က သံယောင်လိုက်ပြောသည်။
"ကျွန်တော်တော့ နားမလည်ဘူးဗျာ"
"အထိမ်းအမှတ် သဘောလောက်ပေါ့။ စာကူးစက်နဲ့ လှည့်ထုတ်မယ်ဗျာ။ စာသားကို ဒီမှာပဲ လက်နှိပ်စက်နဲ့ ရိုက်မယ်။ ဒီမှာပဲ စာကူးစက်လှည့်မယ်"
မိတ်တလန် သိသိသာသာ မျက်နှာဝင်းထိန်လာသည်။ ဟင်နရီပေ့ကို ရူးနေပြီဟု မထင်တော့။ သို့ သော် သံသယ ကတော့ မစင်သေး။

"ဖယောင်းစက္ကူက အရွက် ၈၀၀ လောက်ပဲ ကောင်းတာ။ ဒါတောင်နောက်ဆုံး စောင်ရေ တစ်ရာ လောက်ဆိုရင် ဝါးသွားတော့ တာဗျ"
"ဖယောင်းစက္ကူ ပိုရိုက်မှာပေါ့ဗျာ။ စာမျက်နှာ အရွယ် ကိုလည်း အငယ်ဆုံးပဲ ထားမယ်။ လက်နှိပ် စက်စာရေး ၆ယောက် ကို တစ်ညလုံး ရိုက်ခိုင်းရင် ရွက်ချင်းသတင်းစာ အစောင် ၅၀၀၀တော့ ထုတ် နိုင်မှာပေါ့။ ကဲ.. ပြောနေကြာ တယ်။ စလုပ်ရအောင်။ မစ်ရန်းရှော တို့ ဆိုင်ကို လှမ်းပြော။ လက်နှိပ် စက်တွေရော။ လက်နှိပ်စက် စာရေးတွေရော ရှိသမျှပို့ပေးပါလို့။ အချိန်ပို တစ်ဆခွဲ ပေးပါ့မယ်လို့ လည်း ပြော ဗျာ။ အေပီတယ်လီပရင်တာ က လာတဲ့သတင်းတွေ ကျွန်တော့်ကို အားလုံးပေး။

ဖန်းဝစ် တို့၊ ပူးလ်တို့၊ လူးဝစ်တို့ကို ကျွန်တော့် အခန်းထဲ ချက်ချင်းလာခိုင်းလိုက်ဗျာ"
၁၅ မိနစ်ခန့်အကြာ တွင် ပေ့ အပေါ်အကျီချွတ်သည်။ တည်ငြိမ်သော ယစ်မူးမှု၊ ရှင်းကြည်သော မာန်ကြွမှုတို့ဖြင့် စိတ်ဝမ်းပြည့်လျှမ်းကာ ကုလားထိုင် တွင် ထိုင်ချလိုက်သည်။ ဖန်းဝစ်၊ ပူးလ်နှင့် လူးဝစ်တို့က သူ့စားပွဲတွင် ဝိုင်းထိုင်ကြ သည်။ စာမူများကို ပြင်ဆင်ကြသည်။ မစ်မော့ဖတ်ကမူ ထိုင် နေကျ ကုလားထိုင်ပျောက်နေ၍ လက်နှိပ်စက် ခုံကလေးကို ယူလာသည်။ မိတ်တလန်က ပေ့ ဘေး တွင် ထိုင်နေသည်။ နှုတ်ခမ်းကို တကြိတ်ကြိတ် ကိုက်နေ ၏။ မျက်လုံးထဲတွင် မျှော်မှန်းချက် အရောင်လက်နေ၏။

"ဒီခွေးသူခိုးတွေ တို့ကို ဘယ်လိုနှိပ်စက်တာ တစ်မြို့လုံး သိစေ့မပေါ့ကွာ"
"တစ်ခွန်း မှ ပြောမနေနဲ့တော့ မယ်လ်ကမ်၊ ဒီသတင်းစာ အလိုလို ပြောသွားလိမ့်မယ်။ တစ်ပြည် လုံး သိသွား လိမ့်မယ်"
ဟင်နရီပေ့ သည် ရွှင်လန်းအားရမှုဖြင့် ဆူဝေနေသည်။ ရူးတူးတူးပင် ဖြစ်ကောင်း ဖြစ်နေသလား မသိ။
"ဒီသတင်းစာလေး အသံဟိန်းလွန်းတာ နဲ့ မော်ကွန်းလည်း တစ်ခါတည်း ကြွတော့မှာပဲ။ သူတို့က သူတို့ကိုယ် သူတို့ လျင်တယ် ထင်မှာပဲ။ ဒါပေမဲ့ ကျွန်တော်ပြောတာ မှတ်ထား။ နောက်ဆုံးတော့ သူတို့ ကိုယ့်ရှူးကိုယ်ပတ် မှာပဲ"
ပေ့က မစ်မော့ဖတ် ကို လှည့်ကြည့်သည်။ မစ်မော့ဖတ်က အစိမ်းသရဲ မြင်လိုက်ရသလို သူ့ကို အထိတ် တလန့် ပြန်ကြည့်နေ၏။

"ဥတ္တရအလင်းဆိုတဲ့ နာမည်ကို စာလုံးကြီးနဲ့ ရိုက်။ အောက်ကမှ ရိုက်နိုင်သမျှ သတင်းစုံဆိုတဲ့ စာတန်းကလေး ထည့်" ဟု ပေ့က ပြောလိုက်လေသည်။
-----------------------------------------------------------------------------------------
နောက်တစ်နေ့နံနက်တွင် မစ္စစ်အဲလစ်ပေ့ မြို့ထဲထွက်လာသည်။ အဲလစ်ခမျာ စိတ်အားအငယ် ကြီး ငယ်နေရှာ၏။ နွမ်းနွမ်းပါးပါး အဖြစ်မျိုးသို့ ရောက်ရလေခြင်းဟူသော အသိကြောင့်ထက် လူမှုရေး ဝိုင်းပယ်စ များ ပြုနေလေပြီလားဟူသော စိုးရွံ့စိတ်ကြောင့် စိတ်အားပို၍ ငယ်နေရလေသည်။

လွန်ခဲ့သည့် အပတ်အတွင်းက လေဒီဝဲလ်စ်ဘီ ဧည့်ခံပွဲကြီး ခင်းသည်။ ဟင်နရီပေ့ရော သူပါ ဖိတ်ကြားခြင်း မခံရ။ အသည်းနာစရာ ကောင်းလိုက်လေသည်။ သူနှင့် အယ်လီနာဝဲလ်စ်ဘီ အလွန် ရင်းသည်ဟု အဲလစ် အမြဲ ဂုဏ်ယူ သည်။ ကက်သရင်းဘတ် အပါအဝင် အခြားအပေါင်းအသင်းများ နှင့်လည်း စိမ်းတိမ်းတိမ်း ဖြစ် လာတော့ မည့် ရှေ့ပြေးနိမိတ်ပင်။
ဈေးသည်များ ကပင် အရိုအသေတန်လာသည်ဟု ယနမကင်းဖြစ်လာသည်။ အသားဆိုင်ရှင် မစ္စတာစကိတ် ဆိုလျှင် စနေနေ့ က ကြိုကြိုတင်တင် ပြောမထားပဲ အသားမှာရကောင်းလားဟု ဆိုကာ မကြည်မသာ လုပ်ခဲ့သေး သည်။ ထို့ကြောင့် လူစည်ကားရာ လမ်းများပေါ်တွင် အဲလစ် မလျှောက်ချင်။ သို့သော် ရွှင်ရွှင်ပြပြ နေချင်စိတ် ကလေးပေါက်လာ၍ သူ့အကျီများကို ချုပ်ပေးနေသူ မစ်ဂျင်နီရော်ဘင်ဆန်ထံ ထွက်လာခဲ့သည်။

ပန်းခြံ အတိုင်း လျှောက်လာခဲ့သည်။ ဘာမှ ထူးထူးခြားခြား မတွေ့ရ။ အဲလစ် ကျေနပ်နေမိသည်။ မြို့လယ်ပိုင်း သို့ ရောက်လုနီးပါးချိန်တွင် ထူးထူးခြားခြား မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ဝိတိုရိယကွက်လပ် သတင်းစာ ဆိုင်တွင် လူတွေစုနေကြ၏။ ဆူညံဆူညံ ပြောဆိုနေကြ၏။ လက်ကမ်း သတင်းလွှာကို စာရွက်များကို အလုအယက် တိုးဝှေ့ ဝယ် ယူနေကြ၏။
အဲလစ် စပ်စုချင်စိတ် ပေါက်လာသည်။ ဝင်ပြီး တန်းစီသည်။ လက်နှိပ်စက် ရိုက်ထားသည့် တစ်လွှာ ချင်း စာရွက်ကလေး ကို ခက်ခက်ခဲခဲ ဝယ်ရသည်။ ခေါင်းစဉ်ကို မြင်လိုက်ရသည်။ ဥတ္တရအလင်း…
ပထမတော့ အဲလစ် နားမလည်နိုင်။ ကြော်ငြာစာရွက်ဟုပင် ထင်မိလိုက်၏။ ပြီးမှ သဘောပေါက် လာတော့သည်။ တကယ့် သတင်းစာ ပါတကား။
အဲလစ် တုန်လှုပ်ချောက်ချားလာသည်။ ရှေ့ဆက်သွားသေးသည်။ ပြီးမှ ရပ်လိုက်သည်။ မကြည့် ရက်ဘူး ဟု ရေရွတ်မိသည်။

အပ်ချုပ်ဆိုင် သို့ သွားရန် အစီအစဉ်ကို ဖျက်လိုက်သည်။ အိမ်ပြန်လာခဲ့သည်။ လမ်းမကြီးများ ကို ရှောင်ကွင်းလာခဲ့သည်။ ပါးစပ်ကလည်း ဆုံးပြီ… ဆုံးပြီဟု တတွတ်တွတ် ရေရွတ်လာခဲ့လေသည်။
သတင်းစာ အရောင်းဆိုင် ပတ်ပတ်လည်၌ကား ဝရုန်းသုန်းကား ဖြစ်ဆဲရှိသေးသည်။ အရှိန်သေ မည့်ပုံ မပေါ်သေး။ အာချီဘောဝဲဘ်စ်ဘီသည် သူ့ရုံးခန်းပြတင်းပေါက်မှ စူးစူးစိုက်စိုက် ကြည့်နေ သည်။သူ့ကိုယ်သူ မြို့လူထု အကြော ကို နောကြေအောင် သိသူဟု ထင်ထားခဲ့သည်။ သို့သော် လက်နှိပ်စက်ဖြင့် ရိုက်ထားသည့်  ဥတ္တရအလင်း ၏ ဂယက်ကမူ သူ့ကို အံ့သြခြင်းမလှ အံ့သြစေ တော့သည်။
ယခုပင် သူ စက်ရုံ လှည့်၍ စစ်ခဲ့သည်။ စက်ရုံငှာနခွဲတိုင်းတွင် ထိုကိစ္စကို မကျေမချမ်း ပြောဆိုနေ ကြသည်။

သူနှင့်အတူ လိုက်နေခဲ့သည့် စက်ရုံစီမံခန့်ခွဲရေးမှူး ဟောလီဒေးကပင် မော်ကွန်းလုပ်ပုံ ကို မိုက်ကန်းရမ်းကား မတရား ကျလွန်း လှသည်။ ဟက်ဒယ်လ်စတန်မြို့၏ ကျက်သရေဆောင် အဖွဲ့အစည်းတစ်ခုကို အပြင်လူတွေ က ချောင်ပိတ်နှိပ်စက်နေသည် မှာ ရှက်ဖွယ်လိလိ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ စက်ရုံဖိုမင်ချုပ်လည်း ဖြစ်၊ လက်ရွေးစင် ရပ်ဘီဘောလုံးသမား လည်း ဖြစ်၊ လူချစ်လူခင် ပေါသူလည်းဖြစ်၊ ဝဲဘ်စ်ဘီ ကိုယ်တိုင် လေးစား ခန့်ငြားရသူလည်း ဖြစ်သော ဂျင်းဒေး ဗီးစ်ကဆိုလျှင်….
"ဒါကတော့ သက်သက် ကလိန်ကျတာပဲ ဆာအာချီဘောရဲ့။ ပေ့က အသာစီး ရလာနေတာကိုး။ တစ်ခုခုတော့ လုပ်သင့် တာပဲဗျာ။ ဒါပေမဲ့ လုပ်ဖြစ်တော့မယ်လို့တော့ မထင်တော့ပါဘူးလေ" ဟု ပြောသည်။
ထိုစကား၊ အထူးသဖြင့် "ပေ့က အသာစီးရလာနေတာကိုး" ဆိုသော စကားလုံးသည် ဝဲလ်စ်ဘီ၏ စိတ်အာရုံ နဂါးပတ် ထဲတွင် ဖြတ်သန်းလှည့်လည်နေလေသည်။ တစ်ဦးချင်းအရဆိုလျှင် ဤကိစ္စ အတွက် ပြောပလောက်အောင် သူ စိတ်လှုပ်ရှားမှု မဖြစ်။ သို့တစေ ချက်ဆိုနားခွက်က မီးတောက် သော သူ့ကို အပြင်း အထန် ဆွဲဆောင်နေ သည့် အချင်းအရာတစ်ခုတော့ ရှိသည်။

ဝဲဘ်ဘီသည် ဝင့်ဝါပလွှားသူပီပီ သူ့ကိုယ်သူ မြို့နယ် ၏ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီး အဖြစ် သွေးနားထင် ရောက်နေ သူ ဖြစ်သည်။ အားကစားပွဲများ၊ ကျောင်းဆုပေးပွဲများတွင် ကြားရသည့်သူ့အတွက် သြဘာသံသည် သူ့အဖို့ နားဝင်ပီယံ ဖြစ်လှသည့်။ မြင့်မြတ်သော တောင်ကြားချိုင့်ဝှမ်း သားများ အသင်းတွင် ကျော်ကြားသော သူ့မိန့်ခွန်းများ ကို ပြောကြားပြီး သည့်အခါတိုင်း ကြားရလေ့ ရှိသည့် ရယ်သံမောသံ လက်ခုပ်သံများကလည်း အလားတူ ပင်။ ထိုသို့သော ပွဲလမ်းသဘင်များမှ အပြန် တွင် သူ့ဇနီးကို…
"မင်းယူခဲ့တဲ့ လူက ဟက်ဒယ်လ်စတန် ရွှေမြို့တော်ရဲ့ ပွဲတိုင်းကျော်ကြီးကွ" ဟု ရယ်ရွှမ်းပတ်ရွှမ်း ပြောလေ့ရှိသည်။

ယခု ကိစ္စသည် စားရကံကြုံ၍ မုတ်ဆိတ်ပျားစွဲသော တကယ့်အခွင့်ကောင်းကြီးမှန်း သူ ရိပ်စားမိ သည်။ သူ့ အတွက် အကွက်ကောင်းကလေးကို ဘေးပန်းမှ ရှာရန်ဟူသော သူ့အဓိက ကြံရွယ်ချက် ကို ဖြည့်စွမ်းနိုင်မည့် အခွင့်ကောင်း မှန်း ရိပ်စားမိလာသည်။ လူပို၍ အထင်ကြီးလာအောင် လုပ်နိုင် မည့် အခွင့်ကောင်းမှန်း ရိပ်မိ လာသည်။
ပေါင်တစ်သောင်း၊ တစ်သောင်းခွဲ၊ နှစ်သောင်းအတိ ဖြစ်ဖြစ် ထုန်ချေးလိုက်လျှင် ဟင်နရီပေ့နှင့် ဥတ္တရအလင်းကို ဧကန်မုချ ကယ်တင်နိုင်ပေလိမ့်မည်။ ထိုသတင်းစကားသည် မြို့တွင်း၌ တောမီး လောင်သလို ပျံ့သွားပေ လိမ့်မည်။ ဓားခုတ်ရာ လက်လျှိုရဲသူ၊ တရားမျှတမှုနှင့် နည်းမှန်လမ်းမှန် လုပ်မှုဘက်မှ မားမားမတ်မတ် ရပ်သူ၊ ဟက်ဒယ်လ်စတန်မြို့ ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အဖတ်ဆည်သူအဖြစ် သူ့ကို မြို့လူထုက သူဆိုမှ သူ ဖြစ်လာကြပေလိမ့်မည်။

ထို့ပြင် ပါလီမန်အမတ် ရွေးကောက်ပွဲဝင်ချိန်တွင် အတိုးအညွှန့်ခံစားရစေနိုင်မည့် ရင်နှီးမြုပ်နှံသူ တစ်ခု လည်းဖြစ်လာနိုင်သည်။ ပေ့က စည်းဝါးရိုက်၍ ရသော လူစားမျိုးမဟုတ်။ သို့သော် ရွေးကောက်ပွဲတွင် သူ့ကို အစွမ်းကုန် ထောက်ခံမည်မှာ သေချာသည်။ ဟင်နရီပေ့က ကိုးစားအား ထား လောက်သည်။ ညေးကတော့ လည်လွန်း သည်။
ဝဲလ်ဘီ သည် အဆုံးအဖြတ် မြန်သူပီပီ အတွင်းရေးမှူးကို ခေါ်သည်။ "ဥတ္တရာအလင်းနဲ့ ဆက်ပေး စမ်း"ဟု ခိုင်းသည်။ စောင့်နေ ရင်း စိတ်ကူးတစ်မျိုး ရလာသည်။ "နေပလေ့စေ။ လေဒီဝဲလ်ဘီနဲ့ပဲ ပြောတော့မယ်" ဟု ပြော လိုက်သည်။

အိမ်ပြန်ရောက်ချန်တွင် မစ္စစ်ပေ့ စိတ်ညစ်ပြေသွားသည်။ စာကြည့်ခန်းထဲသို့ ဝင်ထိုင်သည်။ စိတ်ငြိမ်ငြိမ် ခေါင်းအေးအေး ထားရန် ဆုံးဖြတ်လိုက်လေသည်။
ကနဦး ကပင် ဟင်နရီပေ့ကို သူ သတိပေးခဲ့သည်။ ပေ့က သူ့စကားကို အရေးမထားခဲ့သဖြင့် ဤ အဖြစ်မျိုး ကြုံရသည်။
အဲလစ် သည် မချိပြုံးကလေးပြုံးပြီး တစ်ယောက်တည်း စကားပြောလိုက်မိ၏။ "ကဲ… မရွှေချောရေ... ဟာဝိုင်ယီ ကျွန်းနဲ့တော့ ဘယ်တော့မှ ရေစက်ဆုံတော့မှာ မဟုတ်တော့ဘူး။ ဂီတဝိုင်း ဧည့်ခံပွဲကြီး လည်း ရေစုံမြောပြီ"

ပြီးမှ အနာဂတ် ကို ကြံ့ကြံ့ခိုင်ခိုင်၊ ကြံနိုင်ဖန်နိုင်၊ ရင်ဆိုင်နိုင်ရန် အားတင်းလိုက်သည်။ ဟင်နရီပေ့ နှင့် ဆိုးတူကောင်းဖက် လက်တွဲသွားရပေတော့မည်။ ဘာတွေပဲ ဖြစ်နေနေ သူ ဇနီးကောင်းတစ်ဦး ဖြစ်ခဲ့၏။ မအောင့်နိုင် ၍ အပြစ်တင်လျှင်သော်မှ ညှာညှာတာတာ  ပြောမည်။ မိသားစု ပံ့ပိုးရေး အတွက် သူ အနစ်နာခံရန် အစီအစဉ်တွေ က သူ့ခေါင်းထဲတွင် ရှိနေပြီးသား။ ရှိစုမဲ့စု သူ့လက်ဝတ် လက်စားကလေးတွေကို အလျင်ရောင်းပစ် မည်။ မိသားစု စားဖို့သောက်ဖို့ ပြည့်စုံအောင်တော့ လုပ်ရပေတော့မည်။

အဲလစ် လုပ်နိုင်တာတွေ ရှိသေးသည်။ အများကြီး ရှိသေးသည်။ တွေးကြည့်လေ ဖြစ်နိုင်တာတွေ မျက်စိ ထဲ ပေါ်လာလေပင်။ ဇာထိုး ပန်းထိုးဆိုင်ကလေး ထောင်နိုင်သားပဲ။ ဒါမှမဟုတ် လက်ဖက် ရည်ဆိုင် ဖွင့်နိုင် သားပဲ။ အမျိုးကောင်းသမီးပီပီ လုပ်ကိုင်သွားခြင်းဖြင့် နေ့လယ်နေ့ခင်းတိုင် အထက်တန်းစား ဖောက်သည်တွေ ရနိုင် သားပဲ။ အနုလုံ ပဋိလုံ စဉ်းစားပြီးနောက် လက်ဖက်ရည် ဆိုင်ကို "သင်းမမမွှေးစားမြိန် ကွန်းသာယာ"ဟု အမည်မှည့်ရန် ဆုံးဖြတ် လိုက်လေသည်။ သူနှင့် ဒေါ်ရော်သီတို့ ဝတ်ဆင်ဖို့ တူညီဝတ်စုံပုံစံကိုပင်လ စိတ်ကူးနှင့် မှန်းကြည့် သည်။ သူ့အသားရောင် နှင့် လိုက်ဖက်သော ခရမ်းနုရောင်ကို ရွေးချယ်လိုက်သည်။

ဘင့်ခ်စ်ဟုမ်းရွာ တွင် သူတို့ နေခဲ့စဉ်က သူ့အစ်မ ရို့စ်ဖုတ်လေ့ရှိသည်။ ကိတ်မုန့်ကလေးများကို စဉ်း စားမိသည်။ လက်ဖက်ရည်ဆိုင် တွင် တင်ရောင်းလျှင် လူတိုင်း စွဲလိမ့်မည်မုချဟု တွေးမိသည်။ ကိတ်မုန့်ကလေးများကို စဉ်းစား မိရာမှ စိတ်ကူးကောင်းကလေးတစ်ခု ပေါ်လာပြန်၏။ ရို့စ်ထံသို့ စာရေးမည်။ ကိတ်မုန့်ဖုတ်နည်း ကလေး တောင်းမည်။ ယနေ့ပင် စာရေးမည်။ အစ်မဖြစ်သူနှင့် အိမ်ဟောင်းကို သတိရမိနေရင်း အနာဂတ်မှ အတိတ်ကာလ ဆီသို့ လွင့်မြောသွားပြန်သည်။ ကလေးဘဝသို့ ရောက်သွားသည်။ ကိတ်မုန့်နံ့ကလေး သင်းနေသော မီးဖိုချောင်ထဲ သို့ ဝင်သွားပြီး ကိတ်မုန့် ပူပူနွေးနွေးကလေးတစ်ခုကို ယူပြေးသည့် သူ့ကိုယ် သူ ပြန်၍ မြင်ယောင်မိနေမိလေသည်။
တခါးခေါက်သံ ကြားရသည်။ အိမ်ဖော် ဟန်နာဝင်လာသည်။

"နေ့လယ်စာ မစားသေးဘူးလာ မစ္စစ်ပေ့"
အဲလစ် တစ်ယောက် ဗြုန်းခနဲ ဟက်ဒယ်လ်စတန်သို့ ပြန်ရောက်လာသည်။ မျက်တောင် တဖျတ် ဖျတ်ခတ်နေ၏။ ပြီးမှ ညင်ညင်သာသာပင် ပြောလိုက်၏။
"ပေါင်မုန့်မီးကင် နဲ့ ဒိန်ခဲကလေး။ နို့ကလေးလောက်ပဲ ယူခဲ့ပါကွယ်"
"တခြား ဘာမှ မစားတော့ဘူးလား"
"တော်ပါပြီကွယ်။ ကျေးဇူးပါပဲ ဟန်နာရေ"
စားစရာတွေ ယူလာသောအခါ မြိန်ရေရှက်ရေ စားသည်။ ပြီးတော့ အပေါ်ထပ် တက်သည်။ နားသည်။
အဲလစ် အိပ်ပျော် သွားသည်။ သူ့ကိုယ်သူပင် အံ့သြနေမိသေးသည်။ တယ်လီဖုန်း ခေါင်းလောင်း သံကြား ၍ နိုးလာတော့ ၃ နာရီထိုးနေပြီ။ တယ်လီဖုန်းကို ကောက်ကိုင်ပြီး နားထောင်လိုက်သည်။ လေဒီဝဲလ်စ်ဘီ၏ အသံမှန်း ချက်ချင်း သိလိုက်သည်။

"အဲလစ် အချစ်ရေ… ခုပြောနေတာ အဲလစ်လား။ အယ်လီနာဝဲလ်စ်ဘီ ပြောနေတာပါ။ အဲလစ်ရေ ရှင်နဲ့ ဟင်နရီ ကို ညစာဖိတ်ချင်လို့ပါ။ လာမယ့်ကြာသပတေးနေ့လေ။ ပါတီ မဟုတ်ပါဘူး။ ကျွန်မတို့ လင်မယားရယ်၊ ရှင်တို့ လင်မယားရယ် အားလုံး လေးယောက်တည်းပါ။ နားအေးပါးအေး ဆုံရ အောင်ပေါ့ရှင်။ အဆင်ပြေပါ့မလား" အဲလစ် မနိုးတစ်ဝက် နိုးတစ်ဝက်ဖြစ်နေ၏။
"ဟုတ်ကဲ့…. ဟုတ်ကဲ့။ ကျွန်မတို့ အားပါတယ်" ဟု သာ အနိုင်နိုင် ဖြေလိုက်ရ၏။

"ဟန်ကျတာပေါ့ ရှင်။ မျှော်နေမယ်နော် ဒီနေ့မနက်ပဲ အာချီက ပြောသေးတယ်။ ရှင်တို့နဲ့ မဆုံတာ လည်း ကြာလှပြီကွာ တဲ့လေ"
"ဒါပေါ့… မှန်တာ ပြောရရင် ပြီးခဲ့တဲ့ အပတ်က ဧည့်ခံပွဲမှာ ကျွန်မတို့ကို မဖိတ်တော့ စိတ်တောင် မကောင်းဘူး" အဲလစ် က မအောင့်နိုင် မအည်းနိုင် ပြောမိရက်သား ဖြစ်သွားလေသည်။
"အချစ်ရယ်… ပျင်းခြောက်ခြောက်ပွဲကြီးပါ။ ပြီးတော့ ဟင်နရီ ခေါင်းပူနေမယ်ဆိုတာလည်း ကျွန်မတို့ သိနေတာ ကိုး။ ရှင်လည်း စိတ်အေးရမှာ မဟုတ်ဘူးဆိုတာလည်း ကျွန်မ သိတယ်။ ဒီတော့ လာချင်ကြမှာမဟုတ်ဘူးလို့ ထင်နေ တာပေါ့။ ဒါကြောင့် ခုမှ ရှင်တို့ နှစ်ယောက်တည်းကို ဖိတ်တာပေါ့။

ရှင့်ယောက်ျား ကတော့ အာဂလူပါပဲရှင်။ တစ်မြို့လုံး သွက်သွက်ခါအောင်ကို ကိုင်လှုပ် ပစ်လိုက်နိုင်တာပဲ။ ကဲ… ကြာသပတေးနေ့ မှ တွေ့ကြစို့ရဲ့။ စောစောစီးစီးသာ လာခဲ့နော…"
တယ်လီဖုန်းခွက်ကို ပြန်ချရင်း အဲလစ် တစ်ကိုယ်လုံး နွေးထွေးသွားသည်။ ကံဆိုးမိုးမှောင်ကျနေ ချိန်မှာပင် သူ့ကို အရေးထားဖော် ရကြပါသေးကလား။ သူ့အပေါင်းအသင်းများအနက် အယ်လီနာ ဝဲလ်စ်ဘီလို မိတ်ဆွေက ယခုလို သေရေးရှင်ရေး အခိုက်အတန့်၌ အားပေးဖော်ရခြင်းမှာ သူ့အဖို့ မကြုံစဖူး ဧရာမ ချီးပင့်မြောက်စားမှုကြီးပင် ဖြစ်ချေတော့သည်တကား။
ဆံပင် ကို သပ်သပ်ရပ်ရပ် ပြင်လိုက်သည်။ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဟန်နာက လက်ဖက် ရည်ကျကျ တစ်ခွက်နှင့် ဘီစကွတ်မုန့် ယူလာသည်။

"ဒီညစာအတွက် သိုးသားချက်ရမလား မစ္စစ်ပေ့"
ခါတိုင်းလိုပင် အရိုးအသားတွဲကိုသာ ချက်ရန်ပြောလိုက်သည်။ တကယ်တော့ ကိုယ့်အိမ်မှာ ကိုယ် တော်သလို စား၍ ဖြစ်သည်။ နေ့ဖို့ညစာ တွေးရသေးသည် မဟုတ်လား။
တရွေ့ရွေ့ အချိန်ကုန်လာသည်။ တရေးတမောအိပ်ပြီး လက်ဖက်ရည်ခါးခါးလေး သောက်လိုက်ရ ၍ လန်းဆန်း လာသည်။ ထို့ကြောင့် လုပ်စရာရှိတာတွေ လုပ်ရန် အဲလစ် ဆုံးဖြတ်လိုက်၏။
ဟင်နရီပေ့ ပြန်မလာသေး။ တစ်နေ့လုံးလည်း သူ့ထံမှ ဘာမျှမကြားရ။ ပေ့ကို စောင့်ရင်း အစ်မ ဖြစ်သူထံ စာရေး သည်။ ကိတ်မုန့်ဖုတ်နည်းကလေး တောင်းရုံသာမက စီးပွားပျက်ရသည့် အကြောင်းများကိုပါ ထည့်ရေးမည်။ အဲလစ်စားပွဲ တွင် ထိုင်သည်။ စာရွက်တစ်ရွက်ယူသည်။ ခဏ စဉ်းစားသည်။ စာ ကုန်းရေးသည်။

ချစ်တဲ့မမရိုစ့် ရေ….
စိတ်မချမ်းသာစရာ အကောင်းဆုံး ကိစ္စကြီး တစ်ခုတော့ ပေါ်နေပြီ။

အပြင်ဘက် တွင် ကားရပ်သံကြားရ၏။ ခေါင်းမော်ကြည့်လိုက်စဉ် သော့ဖွင့်သံ ကြားရ၏။ ခဏ အကြာတွင် ဟင်နရီပေ့ ပေါ်လာသည်။ ပေ့ကို သူ ပြောစရာတစ်ပုံကြီးရှိသည်။ ဒေါသစကား မဟုတ်။ ဝမ်းနည်းစကား၊ သို့သော် သူမပြောရသေးမီ မှာပင် သူ့ထံ ပေ့ လျှောက်လာ၏။ သူ့လက် ကို ဆုပ်ကိုင်လိုက်၏။

ပေ့ ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ ပါးတစ်ဖက်တစ်ချက်ပေါ်တွင် သွေးရောင်ရှိတော့သည်။
ဟင်နရီပေ့ အောင့်အည်းမထားနိုင်တော့သလို မဆိုင်းမတွ ပြောလိုက်၏။
"အဲလစ်..ရေ လူတွေမှာ သိက္ခာတရား ရှိတယ်။ စာနာချင့်ချိန်မှု ရှိတယ် စိတ်ရင်းကောင်းရှိတယ် ဆိုတဲ့ ငါယုံကြည်မှုတွေ ပြန်ခိုင်သွားပြီ"
အဲလစ် မျက်လုံးကျယ်သွားသည်။ ထိုစကားသည် ပေ့ စိတ်အားတက်ကြွတိုင်း ပြောနေကြစကား ဖြစ်သည်။ သို့သော် မမျှော်လင့် ဘဲ ကြားလိုက်ရ၍ အံ့အားသင့်သွားသည်။ ပေ့စကားကို ဆက်၍ ကြားလိုက်ရသည်မှာ အသက်ရှူ ပင် မှားလောက်သည်။

“ဒီနေ့မနက် ဘဏ်က ငါ့ကို ငွေထုတ်ချေးတယ်။ ၀ဲလ်စ်ဘီ ဆိုပါတော့လေ။ တကယ်တော့ သူ့အိတ်ထဲက ထုတ်ချေးတာ ကိုး။ ငါမှန်းထားတာထက်တောင် များနေသေးတယ်။ ဘာအာမခံပေး ရတယ် ထင်သလဲ။ ဥတ္တရအလင်း နာမည် ပဲ ပေးရတယ်”
“ကျွန်မတော့ နား ကို မလည်ဘူး။ ဒီနေ့ ကျွန်မ တွေ့တာတော့ စိတ်မချမ်းသာစရာ စာရွက်စုတ်ကလေး ပါပဲ လား”
အဲလစ်က ဟင်နရီပေ့ အားတက်သရော ဖြစ်နေခြင်းကို ကျွဲမြီးတိုပြီး အထစ်ထစ် အငေါ့ငေါ့ပင် ဖြစ်နေလေသည်။

“အဲဒါပဲပေါ့ …အချစ်ရဲ့”
ဟင်နရီပေ့ စိတ်ငြိမ်လာသည်။ သူ့ကိုယ်သူ ထိန်းပြောသည်။ တကယ်တော့ ပေ့ ဤမျှ စိတ်ထိခိုက် ပုံကို အဲလစ် တစ်ခါမှ မမြင်စဖူး။
“သတင်းစာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ထုတ်လိုက်တာ လထုအသည်း ကျွဲဝင်ခတ်တော့တာပေါ့။ တစ်မနက်လုံး သံကြိုးစာတွေလာ၊ တယ်လီဖုန်းတွေခေါ်နဲ့ ပြောင်းဆန်နေတာပဲ။ ဒီနေ့ညနေထုတ် တိုင်းကာဆယ်ပဲ့တင်သံက ဒိကိစ္စ ကို ခေါင်းကြီးပိုင်းက လက်သံပြောင်ပြောင် တွယ်ထားတယ်။ နက်ဖြန်ထုတ် မန်ချက်စတာ စေတမန် က လည်း ရေးလိမ့်ဦးမယ်တဲ့"
ပေ့ ပြုံးလိုက်သည်။ ရက်ပတ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အပြုံး။

"ဘုန်းကြီးတွေ ကတောင် ငါတို့ကို ထောက်ခံလာကြတယ်။ တနင်္ဂနွေနေ့ကျရင် ငါတို့အကြောင်း တရားထည့်ဟောမယ် လို့ ဘုန်းကြီးဂီလ်မိုးက ဖုန်းဆက်သေးတယ်။ အကြောင်းအရာက "အလင်းတည်စေ သတည်း….. တဲ့"
"ရှင် ဘယ်လိုဆက်ပြီး စခန်းသွားနိုင်ဦးမှာမို့လို့လဲ"
အဲလစ် က စောဒကတက်သည်။ပေ့ စကားကိုနားရှင်းဟန်မတူ။
"တနင်္လာနေ့အထိ ဒီအတိုင်း ဆက်ထုတ်သွားမယ်။ တို့လည်း ပိုအကျိုးရှိတာပေါ့" ပေ့က ပြုံးလိုက်ပြန်သည်။

"လက်ပွေ့ရောင်းသမား ကွလေး အပြောဆိုရင် စုချင်ဆောင်းချင်တဲ့လူတွေက တစ်စောင်ကို ၂ ရှီလင် ခွဲတောင် ပေးသတဲ့။ အဘိုးကြီးတော့ ပွတာပဲ။ တနင်္လာနေ့ကျရင် စက်နဲ့ စရိုက်မယ်။ ဗိုလ်မှူးဆီတန်က လက်နက် တိုက် ဂိုထောင်ကြီးကို  ခဏငှားထားတယ်။ နက်ဖြန်ခါ စက်တွေရွှေ့မယ်။ ပူးလ်တို့ရော။ လူးဝစ် တို့ရော အားလုံးပဲ။ ဟက်ဒလေတောင် ပါတယ်။ အင်္ကျီချွတ်ပြီး ဝိုင်းကူနေကြချည်လေရဲ့"
"အဲဒီနေရာ မှာ အကြာကြီး ပုံနှိပ်နေလို့ ဘယ်ရမလဲ ဟင်နရီရယ်"
"ဟုတ်တာပေါ့။ ဘယ်ရနိုင်မလဲ။ သစ်မရခင် ဝါးပေါင်းကူတာပေါ့။ ယာယီသဘောပေါ့ကွယ်။ ဒီနှစ်မကုန်ခင် တို့နေရာ တို့ပြန်ရမှာ ပါ။ စောင့်သာကြည်နေ။ သူတို့ ကိုယ့်အတတ်နဲ့ ကိုယ်စူးတာ။

ပုံနှိပ်စက်ခန်းတိုက်ကို သူတို့ ဝယ်လိုက်ပေမယ့် အငှားစာချုပ်က ငါ့လက်ထဲမှာ။ ဥပဒေအရဆိုရင် သူတို့ ၃ လ အတွင်း ပြင်တာဆင်တာ ပြောင်းတာလဲတာတွေ အပြီးလုပ်ပေးရမယ်။ အဲဒါတွေ ပြီးတဲ့အချိန်လည်းကျရော သူတို့လည်း ပြုတ်ရော ဖြစ်နေတော့မှာ။ ဒီတော့ ဝယ်ပါ ယူပါတောင်ဖြစ်လာဦးမှာပေါ့။ အဲလစ်ရေ… ငါဘယ်တုန်း ကမှ ဒီလောက်မပျော်ဖူးဘူး။ မြောက်ပိုင်းစက္ကူစက်ကိုလည်း ကြွေးတွေ ဆပ်ပြီးပြီ။ လခတွေလည်း ပေးပြီးပြီ။ ဘာကြွေး မှ မရှိတော့ဘူး။ ဘုရားမတာပဲကွာ။ တို့ဂြိုဟ်စီးဂြိုဟ်နင်း လွတ်ပြီ။ မင်းအိမ်မင်း လက်ထဲ ပြန်ရောက်ဖို့လည်း သိပ်မကြာတော့ပါဘူးကွယ်။
"ရှင်တကယ် ထင်နေတာလား"
အဲလစ် မယုံနိုင်အောင်ဖြစ်နေ၏။ ယုံတောင်မယုံချင်အောင်ဖြစ်နေ၏။

"ငါ သိပ်မျှော်လင့်ထားတယ်လို့ပဲ ဆိုကြပါစို့ကွယ။ ကဲ….. ငါလည်း လက်နက်တိုက် ဂိုထောင် ကို ပြန်သွားလိုက် ဦးမယ်။ ဗိုလ်မှူးဆီတန်နဲ့ ညနေ ၆ နာရီမှာ တွေ့စရာရှိသေးတယ်။ မင်းကို သတင်းကောင်း ကလေး ပြောပြချင်လို့ ဝင်လာတာ"
"အဲဒီလို ဆိုရင် ဒီနှစ် ဂီတပွဲကြီးကရော လုပ်နိုင်ဦးမလား"
"လုပ်မှပေါ့ကွယ်။ ငါ ဆက်လုပ်သါားမျာပါ။ အဲဒီပွဲက သတင်းစာကို လူသိများအောင် လုပ်တဲ့နေရာမှာ အကောင်းဆုံး ကိစ္စပဲဟာ။ တို့လည်း လုပ်ရတာပျော်တယ်လေကွာ"
"ဒါဖြင့် ကျွန်မ ခါတိုင်းလိုပဲ ဧည့်ခံပွဲလုပ်နိုင်ဦးမှာပေါ့ ဟုတ်လား"
ပေ့က မြူးမြူးကလေး ရယ်သည်။ အဲလစ်ပါးကို ပွတ်သပ်လိုက်သည်။

"ဒါပေါ့ အချစ်ရယ်။ မဖြစ်ဖြစ်အောင်သာလုပ်ပေတော့ပေါ့။ ငါ့ကို ဂုဏ်ပြုထောက်ခံတဲ့ ညစာစားပွဲကြီးကိုလုပ်ဖို့ စီစဉ်နေတယ်လို့လည်း ကြာတယ်။ အဲဒီပွဲကျရင် မင်းလည်းပျော်မှာပါ"
ပေ့ ထွက်သွားသည်။ အဲလစ်အကြာကြီးထိုင်နေသည်။ ပြီးမှ သူ နားမလည်နိုင်စရာတွေ ရှိသေးပါလား ဟူသော အချက် ကို အသိအမှတ်ပြုသည့် အလား ခေါင်းကို တစ်ရမ်းရမ်း ခါလိုက်သည်။ ရေးလက်စစာကို တဖြည်းဖြည်း ဆုတ်ဖြဲ သည်။ စာရွက်သစ်တစ်ရွက်ယူပြီးနောက် အသစ်ရေးနေပြန်လေ၏။
ချစ်တဲ့ မမရိုစ်ရေ….

အထူးခြားဆုံး ကိစ္စကြီးတစ်ခုတော့ ပေါ်နေပြန်ပြီ…..

အပိုင်း - ၂
အခန်း(၁)

မိုးရွာနေ၏။
လီထိုနတ်ညေးသည် ဘိလိယက်ထိုးတံကို စင်ပေါ်တွင် ပြန်တင်ထားလိုက်သည်။ လူသူကင်းဆိတ်နေသော လမ်းပေါ် သို့ ငေးကြည့်နေသည်။ အမှတ်ဒိုင်ဂျိုးက ဘိလိယက်ခုံသုံး မြေဖြူတုံးကလေးကိုကိုင်ရင်း သူနှင့်အတူ ရပ်နေသည်။
"စိုတိုစိုစွတ်နဲ့ ဗျာ။ နောက်ထပ် တစ်ရာလောက် ဆက်ထိုးနေလိုက်ပါဦးလား မစ္စတာညေးရဲ့" ဟု ဂျိုး က ပြောသည်။
ညေး စိတ်မပါတော့။ ခုံကလည်းမကောင်း။ ထိုးရတာလည်း မကောင်း အပြင်တွင် အလုပ်သမားတစ်ခု ဝိုင်းဖွဲ့ကာ လက်ဖက်ရည်သောက်နေကြ၏။ သူတို့ကိုကြည့်ရသည်မှာ တစ်နေ့လုံးတစ်ညလုံး လက်ဖက် ရည် သောက်နေကြရော့ သလား ထင် ရသည်။ သူတို့ တူးဖော်ထားသည့် လမ်းမပေါ်မျာတော့ တွင်းကြီး က အရာမယွင်းသေး။

ဤရှုခင်း သည် သာမန်အားဖြင့် ညေးအဖို့ ပြုံးစရာဖြစ်သည်။ သို့သော် ယခုတော့ စိတ်ပေါက်စရာ ဖြစ်နေသည်။ စမစ်နှင့် သူတို့ အဖြစ်ကလည်း တိုးလိုးတန်းလန်း။ တစ်ထေရာတည်း ဖြစ်နေသည်။ သို့သော် သူတို့လို စိမ်ပြေနပြေ လက်ဖက်ရည်ထိုင်သောက် မနေနိုင်တော့။ ငွေကြေးအခြေအနေက ခန်းခြောက်လာနေပြီ။
ညေး သည် မိုးကာအင်္ကျီနှင့် ထီးကိုယူပြီးဟိုတယ်မှာ ထွက်ခဲ့၏။ သတင်းစာတိုက်ခွဲသို့ ခြေဦးလှည့်မည့်သာ လှည်ခဲ့ ရသည်။ အလုပ်က မယ်မယ်ရရမရှိ။ လွန်ခဲ့သည့် လပိုင်းမှစ၍ မော်ကွန်းသတင်းစာ ထုတ်ရသည် မှာ ပြက်ကယ်ပြက်ကယ် သဘောဖြစ်နေခဲ့သည်။ စောင်ရေက ၂၆,၀၀၀ အထိ စိုက်ဆင်းသွားသည်။ ဥတ္တရအလင်း ကတော့ စောင်ရေ ၇၀,၀၀၀ သို့ ပြန်တက်သွားသည်။ မူလ စောင်ရေအတိုင်းနီးပါး။

ပေ့ကို လိုက်၍ မမီနိုင်တော့မှန်း သူသိသည်။ အယ်ဒိတာအဖွဲ့ဝင်အားလုံးလိုလိုလည်း လန်ဒန်သို့ ပြန်ကုန်ကြပြီ။ စမစ် တစ်ယောက် သာ သူနှင့်အတူ ကျန်ရစ်သည်။ သူတို့ သတင်းစာတိုက်သို့ ဝယ်သူပေါ် လိုပေါ်ငြား စောင့်စားနေရခြင်းသာဖြစ်သည်။ ပိုင်ရှင်ဟောင်း ရစ်ကဘီကို ပြန်ရောင်းရန် တီးခေါက်ကြည့်သည်။ အဘိုးကြီး က ဝယ်ချင်စိတ်မရှိ။
ရုံးချုပ် ကမူ အရှုံးထဲမှ ရနိုင်သမျှ အဖတ်ဆည်ချင်သည်။ သို့သော် စကားခေါ်သူပင်မရှိ။ ရှိလိမ့်မည်လည်း မထင်တော့။ စမစ် ကတော့ ဟန်မပျက် လုပ်နေတုန်းပင်။ သို့သော် ကြာလေ၊ အဓိပ္ပါယ်မရှိလေ၊ အငမ်းမရ လုပ်လေဖြစ်နေလေ သည်။ လမ်းဆုံးနေပြီ။ ဒါကိုသိသည်။ ဤနှုန်းအတိုင်းသာ စောင်ရေကျနေလျှင် ဆမ်မာဗီးလ် က ကြာရှည်တောင့်ခံနေတော့မည်မဟုတ်။ သူတို့ နှစ်ယောက်စလုံး အလဲထိုးခံကြရတော့မည်။ ထိုအချိန် ကိုသာ နေ့တိုင်း မျှော်နေမိလေသည်။

ဆက်ရန်
.

1 comment:

ဖိုးပါ said...

အရမ်းကျေးဇူးတင်တယ် အစ်မရေ...။

ရတိုင်းကျေးဇူးတန်ဟယ် မယ့်မယ်ဝေး...။