Wednesday, July 11, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၂ဝ)

သို့သော် မီးဖို ချောင် ရှိ ဟင်းအိုးထဲတွင် ထည့်ထားသော အိမ်လခငွေလေးများကို တစ်ဖန်ပြန်လာပြီး ယူရပုံ။  ကျွန်တော် တို့မှာ အမြဲတမ်းပြေးလွှားနေရသည်။ ပုန်းအောင်းနေရသည်။ သူ့ဇနီး အဆုံးခံသွားရှာ သော အဘိုးကြီး ကို သွားသတိရမိပြန်သည်။ "ကလိုက်ဘဲနတ်" အကြောင်း။ "ဂျိမ်းစ်မဲရီဒစ်" အ ကြောင်း။ သူတို့ ကား ပြေးသူများ မဟုတ်ကြ။ "ဖီလဒယ်လ်ဖီးယား" တစ်မြို့လုံးတွင်ကား အာရုံ တက်လုပြီ။ ကျွန်တော့် အာခေါင် များ ခြောက်လာသည်။ ရေနွေးပူလာသည် တစ်ကိုယ်လုံး စီးဆင်း လာပြန်ချေပြီ။ ကျွန်တော့် အခန်းလေး သည် ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးဖြစ်သော အမေရိ ကန်ကို ကြည့်ရှုရန် အထူးတန်း စင်မြင့် ဖြစ်လာနေပေပြီ။ ပြိုင်ပွဲကား ဆက်လက်တည်တံ့ရေးပြိုင်ပွဲ။ ကျွန်တော့်အတွင်းစိတ်အင်အားကမူ "ဆက်လက်ချီတက်" ရန် အမိန့်ပေး လိုက်ချေပြီ။ ကို ဆက်ဖတ်ရန်...........

"ကျုပ်တို့ ချီတက်ဖို့ အသင့်ဖြစ်ကြပြီ။ မစ္စတာ ဂရီဂိုရီ။ ခင်ဗျား ဘယ်လိုများ ယူဆပါသလဲ"
"မှန်ပါတယ်။ ကျွန်တော်ည်း ပါဝင်ပါ့မယ်"
ကျွန်တော် တို့ ချီတက်ကြသည်။ အဘိုးကြီးအဘွားကြီးများ၊ ကလေးများ၊ မဲဆန္ဒရွေးကောက်ပွဲ အမှုထမ်းများ အမျိုးသမီး များ၊ ကျွန်တော်ကား ခြေတစ်လှမ်း လှမ်း တိုင်းပင် အသည်းထတ်နေ၏။ ဘယ်ခေါင်မိုးပေါ် ကများ သေနတ် နဲ့ လှမ်းပစ်လိုက် မှာပါလိမ့်မလဲ။ ဘယ်ကားပဲ မောင်းမာပြီး ငါ့နားကပ်ပြီး ပစ်သတ်သွားမှာ ပါလိမ့် မလဲ။
ရပ်ကွက်တစ်ခု ကို ဖြတ်ကျော်အပြီးတွင် ရဲမျာူးက ကျွန်တော်တို့ကိုတားကာ မြို့ထဲသို့ လှည့်သည် ချီတက် ဆန္ဒပြခွင့် မပြုကြောင်း ပြောသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကားများပေါ်သို့ ခုန် တက်လိုက်ကြပြီး နှစ်မိုင် ခန့်ဝေးသော တရားရုံးချုပ်ရှိရာသို့ ဆက်သွားကြသည်။

ရုံးချုပ်ရောက် သောအခါ ရုံးပတ်ပတ်လည်တွင် အစောင့်များ ချထားသည်ကို တွေ့လိုက်ကြရသည်။ ထို့ပြင် ရုံး ကိုလည်း နံနက်စောစောမှ စ၍ ပိတ်လိုက်ရာ မည်သည့်နီဂရိုးမှ မဲဆန္ဒစာရင်းမသွင်းနိုင်တော့ချေ။ ကျွန်တော်တို့သည် အုပ်စုကလေးများခွဲကာ လမ်းလျှောက်ာကြသည်။ ရုတ်တရက် ကျွန်တော့် ၀မ်းဗိုက်ကို လက်တစ်ခုက လှမ်းထားလိုက်ပြီး ရဲတစ်ဦးက "ငါပစ်သတ်လိုက်ရမလား"ဟု လှမ်း ပြောနေသံ ကြားလိုက်ရသည်။ ထို့နောက် မရှေးမနှောင်းတွင်ပင် ကျွန်တော့် နောက်ကျောမှ နေ၍ လက်မောင်းကို လှန်အချိုးခံလိုက်ရပြီး လမ်းတစ်ဘက်ကမ်းသို့ တွန်းပို့သွားခြင်းကို ခံလိုက်ရ သည်။ "ဂရင်းဝုဒ်" ရဲတစ်ယောက် ၏ လက်ချက်ပင် ဖြစ်သည်။

"ဟေ့ကောင် ငမဲစုတ်၊ သွားစမ်းကွာ"
"ကျေးဇူးအထူးတင်ပါတယ်ဗျာ"
"ဘာကို ကျေးဇူးတင်တာလဲကွ"
"သြော်...မြောက်ပိုင်းက ပုလိပ်တွေက လမ်းတစ်ဘက်ကနေ ကျုပ်ကို လိုက်မစောင့်နေတော့ လို့ပါ"
"ငါပြောနေတယ်နော်၊ သွားဆိုသွားစမ်း ငမဲစုတ်ကောင်"
"ကျုပ်က လမ်းမသိဘူးဗျ။ ဒီမြို့မှာ ကျုပ်က လူစိမ်း"
ထိုရဲက ကျွန်တော့် လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး နောက်ဘက်လှည့်ပြီး ပြောလိုက်သည်။ "ဟေ့ တစ်ယောက်ယောက်လာပြီး ဒီငမဲ ကို ဘယ်သွားရမယ်ဆိုတာ လမ်းပြလိုက်စမ်း"
သူတို့သည် ဆန္ဒပြသမားများကို တွန်းပစ်နေကြသည်။ အမြဲတမ်း ရဲများရော၊ အရန်ရဲများပါ အားဖြည့်ကာ တုတ်များ၊ သေနတ်များကိုင်လျက် နှိမ်နင်းနေကြသည်။

သတင်းထောက်နှင့် ဓာတ်ပုံ ဆရာများကလည်း လမ်းထောင့်များတွင် ရပ်ကြည့်နေကြသော လူဖြူများကြားတွင် ၀င်ချီထွက်ချီ လုပ်နေကြသည်။ ကျွန်တော်က လက်မောင်းတစ်ဖက် ကို ရုန်းထွက်လိုက်ပြီး လူအုပ်ထဲသို့ လက်ညှိုး ထိုးလိုက်သည်။
"ဟို လူဖြူမ ကို ခေါ်ပြီး ကျုပ်ကို လာလမ်းပြခိုင်းပါလားဗျ"
ရဲ၏ မျက်နှာ သည် နီသွား၏။ နှုတ်ခမ်းလည်း တစ်ချက်တွန့်သွားကာ "ငမဲ၊ ငမဲစုတ်၊ ငမဲညစ်ပတ်" ဟူသော စကားလုံးများကိုသာ ရေရွတ်နိုင်တော့သည်။

ကျွန်တော်က သူ့ကို ပြန်ကြည့်ကာ "မင်း အမေ လည်း ငမဲပဲကွ၊ ငါ့ဆီမှာရှိတဲ့ ငမဲသွေးထက် တောင် မင်းအမေ မှာ ရှိတဲ့ ငမဲသွေးက ပိုလိမ့်ဦးမယ်"
သူသည် ကျွန်တော့်လက်မောင်းကို ဖမ်းဆုပ်ထားရာမှ ချက်ချင်းလွှတ်ချလိုက်သည်။ သူ့လက် မှာ သေနတ်ဆီ သို့ ရောက် သွား၏ ကျွန်တော့်ကိုပစ်တော့မည်ဟုပင် ထင်လိုက်သည်။ သို့သော် ဘာမှ မပစ်ပါ။ ကျွန်တော်မှာ ဇောချွေးများ ပင် ပြန်သွားရ၏။ ကျွန်တော်တို့ကို တစ်လမ်းလုံးပင် ရဲများက ဆဲဆိုရေ ရွတ်ပြီး မောင်းနှင် သွားကြသည်။ ကျွန်တော်တို့ဌာနချုပ်သို့ ပြန်ရောက်သောအခါ၌ မွန်းလွဲပိုင်း တွင် နောက်တစ်ချီထပ်ပြီး ဆန္ဒပြ ချီတက်ကြရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုနေ့က ကျွန်တော် အတော်ပင် သိနားလည်ခဲ့ရပါသည်။ အမေရိကန်မြို့ကလေး တစ်မြို့မှ အဆိပ်ဓာတ်ပြင်းထန် လှသော အမုန်းတရားမျာ။ လှပသော မြို့ကလေးတွင် စာတိုက်ရုံး၌ လွှင့်ထူ ထားသော အစည်းအရုံး ၏အလံ။ "အကြမ်းမဖက်ရေး ကျောင်းသားအည်းအရုံး"မှ ကောလိပ် ကျောင်းသားလေးများ၏ အလှအပ။ သူတို့သည် နေ့ရော ညရော မအိပ်မနေ မစားမသောက်ဖြင့် ပူလောင်ညစ်ပတ်သော အခန်းကျဉ်းလေး များထဲတွင် နီဂရိုးအိုကြီးများကို စာဖတ်တတ်ရေးတတ် အောင် အပတ်တကုတ် သင်ပေးနေကြ သည်။ သို့မှသာ သူတို့သည် မဲဆန္ဒစစ်ဆေးပွဲများ တွင် အောင်မြင်နိုင်မည် ဖြစ်သည်။ တောင်ပိုင်းသားလူဖြူတစ်ချို့၏ အသားအရောင် မခွဲခြားသော စိတ်ဓာတ်ရှိပုံ များ ကိုလည်း တွေ့ခဲ့ရသည်။ သူတို့သည် အိမ်သာကိုသာ ခွဲခွဲခြမ်းခြမ်းထားပြီး သွားကြသည်ကလွဲ၍ တခြားခွဲခြား စိတ်ဓာတ်ရှိကြပုံ မပေါ်ပါ။

နောက်တစ်ချီ ကျွန်တော်တို့ တရားရုံးသို့ ချီတက်သွားကြသောအခါ အချိန်ပင် အတော်နောက် ကျနေပေပြီ။ အသက် ၉၈ နှစ်ရှိပြီဟုဆိုသော အဘွားအို ပိန်ပိန်ကြီးတစ်ယောက်က ကျွန်တော့်ထံ လာပြီး "မစ္စတာ ဂရီဂိုရီ၊ အဘွား ငါ့မြေး နဲ့အတူတူ လိုက်လျှောက်ချင်တယ်ကွယ်။ ငါ့မြေးမှာ အနှောင့်အယှက်များ ဖြစ်မလားမသိဘူး။ ဒီနေ့ အဖို့တော့ ငါ့မြေးနဲ့အတူတူ လိုက်လာချင်ပါ တယ်။ အဘွားအနေနဲ့ သေရမှာကိုတောင် မကြောက်ဘူး ကွယ်"
ကျွန်တော် တို့ ချီတက်သွားကြသည်။

တောင်ပိုင်းပြည်နယ်များတွင် ဆန္ဒပြရခြင်းဟူသည်မှာ စစ်ပွဲကြီးတစ်ပွဲတွင် တိုက်ပွဲငယ်လေးတစ်ပွဲ တိုက်နေရသည့် အလား ဖြစ်သည်။ အသံဗလံများ၊ ရှုပ်ထွေးမှုများ၊ တွန်းတိုက်မှုများဖြင့် ရုတ်ရုတ် သဲသဲဖြစ်နေ သည်။ ရှေ့ပြေးလိုက်၊ နောက်ပြေးလိုက်လည်း ဖြစ်နေကြသည်။ ဘာတွေ ဖြစ်နေမှန်း ပင်သေသေချာချာမသိရ။ ထိုသို့ ရုတ်ရုတ်ရက်ရက်များ မြင်နေကြားနေရသည့်ကြားမှပင် ဆက်ချီ တက်ကြရသည်။

တဒင်္ဂအနေနှင့် အောင်ပွဲလေးများရသည့်အလား ခံစားရခဲ့သည်လည်း ရှိသည်။ ထိုညနေပိုင်းချီ တက်ရာတွင် ကျွန်တော် တို့ သည်လည်း လမ်းကြောင်းပြောင်း ချီတက်ခဲ့သည်။ မြို့လယ်ကို ဖြတ်၍ ချီတက်သည့် လမ်းအစား လူဖြူရပ်ကွက် များကြားမှ ချီတက်ရသော လမ်းကို အသုံးပြုခဲ့ကြသည်။ ဤသို့ လုပ်ချင်းဖြင့် ရဲများသည် ကျွန်တော် တို့ကို အချိန်တစ်နာရီခွဲခန့်အကြာမှ မီလာနိုင်သည်။
"ငမဲ အစုတ်အပြတ်တွေ"
"မင်းအမေလည်း ငမဲစုတ်ပဲကွ"ကျွန်တော်က ရဲသားကို ပြန်အော်ပြောလိုက်သည်။

"အမျိုးယုတ် မျောက်မဲကောင်"
"ဘယ်သူ့ကို မင်းခေါ်တာလဲကွ ဟင်၊ မျောက်ဆိုတာက နှုတ်ခမ်းပါးရတယ်၊ မျက်လုံးပြာရတယ်၊ ဆံပင်ဖြောင့် ရတယ်"
"ကဲ သွားမှာသွားစမ်းပါတော့ကွာ"
ရဲမှာ စိတ်မရှည်နိုင်တော့။ သူတို့သည် ကျွန်တော်တို့အား လူစုခွဲရန်ကြိုးစားကြပြန်သည်။ တစ်ချီ တွင်ရဲများက အမျိုးသမီး တစ်ဦး အား အတော်ခပ်ပြင်းပြင်းပင် ရိုက်ချလိုက်ကြသည်။ အမျိုးသမီးမှာ စိုက်ခနဲကျသွားပြီး အုတ်နံရံနှင့် ပြေးဆောင့်မိကာ ခေါင်းဟက်တက်ပင် ကွဲသွားရှာသည်။

သူ့ခမျာ နေရာတွင်ပင် ပုံကျသွားတော့သည်။ ကျွန်တော်တို့အထဲမှ တစ်ယောက်မှာ သည်းမခံနိုင်တော့ သည့် အလျောက် ရဲတစ်ဦးအား သွားရောက် ထိုးကြိတ်လိုက်မိသည်။ သူ့ကို ရဲကားဆီ တရွတ် တိုက်ဆွဲသွားကြပြီး ရဲကားပေါ် တွင် ရဲသားငါးယောက်တို့က ခေါင်းကို ထိုးသူထိုး၊ ဗိုက်ကို ထိုးသူ ထိုးဖြင့် ၀ိုင်းနှိပ်စက် လိုက်ကြသည်။ ထိုရဲများထဲမှ တစ်ယောက်မှာ အသံအတော်ကျယ်ကျယ်ဖြင့် ပင် လှမ်းအော်ပြောနေသံ ကို ကြားလိုက်ရသည်။ သူ့စကားမှာ ကျွန်တော်တို့ ဆန္ဒပြသမားများ အတွက်အမြတ်ပင် ဖြစ်သည်။

"ဟေ့ကောင် ဂျော့၊ ငါ့ကို ဓားပေးစမ်းကွာ၊ ဒီငမည်းလေးရဲ့ ဝှေးစေ့ကို ဖောက်ပစ်လိုက်ရအောင်၊ ဒါမှ နောက်ဘယ်တော့ မှ ဘာတစ်ခုမှ မလုပ်နိုင်မှာကွ"
ယခုအခါ ကျွန်တော်သည် ဆန္ဒပြသမားများ၏ ထိပ်ဆုံးရှေ့တန်းတွင် ရောက်နေပေသည်။ ကျွန်တော်ကလည်း ထိုအဖမ်းခံရသော ရဲဘော်ကလေး ပြန်မလွှတ်မချင်း ဤနေရာမှ တစ်လက်မ မျှမရွေ့တော့ဟု ပြောလိုက်သည်။ ရဲနှစ်ယောက်က ကျွန်တော့်အား ၀င်ဖမ်းကာ ရဲကားနောက်ခန်း သို့အတင်းတွန်းပို့ကြသည်။
ကားမောင်းနေသော ရဲသားက ကျွန်တော့်ဘက်လှည့်ကာ ခေါင်းကိုလက်ဝါးနှင့် စရိုက်တော့သည်။ ကျွန်တော်က မျက်နှာကိုလက်ဖြင့် ပြန်ကာထားလိုက်သည်။

"မင်း လက်တွေကို အောက်ကို ချထားလိုက်စမ်း ငမည်းစုတ်"
သူက အော်ပြကာ ခေါင်းကို ဆက်ရိုက်နေပြန်သည်။ သိပ်ပြင်းပြင်း ထန်ထန်တော့မဟုတ်ပါ။ ထို့ နောက်ကားစက်နှိုး ကာ ရပ်ကွက်သုံးကွက်မျှ မောင်းထွက်ခဲ့သည်။ ထို့နောက် ကားကိုရပ်ပစ်လိုက် ကာ ကျွန်တော့်ဖက် လှည့်ပြီး ငိုပါတော့သည်။
"ဘုရားရေ.....ဘာဖြစ်ရတာတုံးဗျ"
သူက ကားထဲထိုင်ကာ ကျွန်တော့်ကို ကြည့်ပြီး ပြောပြသည်။ ညဘက်သူအိမ်ပြန်သွားလျှင် သူ့ကလေးများက သူ့ကိုပြောင်စပ်စပ်ဖြင့် ကြည့်နေ တတ် ကြသဖြင့် ၀မ်းပန်းတနည်း ခံစားမိ ကြောင်းပြောနေသည်။

ကျွန်တော့်ကို မကြာခင် မိနစ်ပိုင်းကပင် ငမည်းခြင်း မိုးမွှန်နေအောင်ခေါ်ကာ ရိုက်မောင်းပုတ် မောင်း လုပ်ခဲ့သော ထိုလူဖြူရဲသား ၏ ပါးစပ် မှ ထိုစကားလုံးများ ထွက်လာသည်ကို ကျွန်တော် မယုံနိုင်တော့။
"ခင်ဗျား လုပ်တာ မှန်ပါတယ်ဗျာ၊ ခင်ဗျားက ဒီဆင်းလာပြီး လူတွေကို ကူညီနေတယ်၊ ကျွန်တော်က ခင်းဗျားကို ဟန့်တားနေ တယ်၊ ဒီလိုမှမလုပ်ရင်လည်း မရဘူးလေဗျာ၊ ကျွန်တော် တစ်ခါတစ်ခါ တွေးမိတယ်၊ ခင်ဗျားက ကျွန်တော့် ထက်ပိုပြီး မွန်မြတ်ပါတယ်လို့"
သူ ကျွန်တော့် ကို ထောင်သို့ ခေါ်မသွားပါ။ မဲဆန္ဒရုံးချုပ်သို့သာ ပြန်လှည့်မောင်းပို့ပါသည်။ ကျွန်တော်က ကားပေါ်မှ ဆင်းသောအခါ သူ့ကို နှစ်ဒေါ်လာ ထိုးပေးလိုက်သည်။

"ဒါက ဘာလဲဗျ"
"ကျွန်တော်က ကားသမားကို အမြဲဘောက်ဆူးပေးတတ်တယ်လေ၊ ခုလဲခင်ဗျားက တောင်ပို့ခိုင်း တာ ထောင်ကို မသွားတော့၊ ခင်ဗျားလဲ ကျွန်တော့်ကားသမား ဖြစ်သွားတာပေါ့ဗျ"
ကျွန်တော် လည်း အဖွဲ့မှ ကားတစ်စီးပေါ် ပြန်တက်ကာ ဆန္ဒပြရာ အရပ်သို့ ပြန်လာခဲ့သည်။ ကားပေါ်မှ ဆင်းသောအခါ ရဲအရာရှိ "ဟမ်မွန်"သည် ကျွန်တော့်ထံ တည့်တည့်မတ်မတ် လျှောက် လာနေတော့သည်။
"ဘာဖြစ် လို့ ပြန်လာရပြန်တာလဲကွာ"
"ဒီမှာ ဟမ်မွန်၊ ကျွန်တော့်ကို ဖမ်းတိုင်း ထောင်ကိုသာ တန်းပို့လိုက်ဖို့ ကောင်းတယ်ဗျ၊ ဒါမှမ ဟုတ် ကဲပြန်ပေး ဆွဲသလို ခေါ်ခေါ်သွားနေရင်တော့ ကျုပ်ကလည်း ပြန်ပြီး ဆန့်ကျင် ဆန္ဒပြ ရမှာချည့်ပဲဗျ"
ရဲသားငယ် တစ်ဦး ရောက်လာ၏။

"ဘယ်လိုလဲ ငမည်းစုတ်ရဲ့၊ မင်းက ထောင်ထဲဝင်ချင်လို့လား"
"ဒီကို လာစမ်းပါဦးကွာ၊ ငါပြောပါရစေဦး။ ငါမင်းကို ဒီနေ့ရှီကာဂိုကို ခေါ်သွားပြီး ငါ့အိမ်လာကြည့် စေ ချင်တယ်။ နောက်ပြီး မင်းဒီကို ပြန်လာပြီး မင်းအိမ်ကို ပြန်ကြည့်။ ကဲ အဲဒီအခါကျရင်တော့ တို့နှစ်ယောက် ဟာ ဘယ်ကောင်က ငမည်းစုတ်ဆိုတာကို မင်းသိသွားလိမ့်မယ်"
ထို့နောက် ရဲများသည် နောက်သို့လှည့်ကာ ပြန်လျှောက်သွားကြသည်။ ကျွန်တော်တို့အား လမ်း ထောင့်တစ်ခု တွင် ထားရစ်ခဲ့ကြသည်။ ချီတက်ပွဲကား ပြီးဆုံးခဲ့လေပြီ။ ကျွန်တော်တို့သည် နှစ်ယောက် တစ်တွဲ၊ သုံးယောက်တစ်တွဲ ခွဲကာ ပြန်ခဲ့ကြတော့သည်။

ထိုညတွင် ကျွန်တော်နှင့် "ဂျင်မိဆင်းဒါးစ်"တို့သည် မိုင်ငါးဆယ်မျှဝေးသော "ကလပ်စ်ဒေးလ်"မြို့ တွင် လူထုအစည်းအဝေးတစ်ခု တက်ရောက်ရန်အတွက် ကားမောင်းထွက်ခဲ့ကြသည်။ ဘယ်ပ ဘစ်သာသနာပြု ဘုရားကျောင်း အတွင်းဝယ် လူပေါင်း ၈၀၀ခန့်မျှပင် စုရုံးရောက်ရှိနေကြလေပြီ။ ကျွန်တော်တို့သည် ရဲများကြား မှပင် အတင်းတိုးပြီး အထဲဝင်ခဲ့ကြရသည်။ စင်မြင့်ပေါ်တွင် ထိုင်ပြီး စကားပြောရန် စောင့်နေစဉ်တွင် တံခါးပေါက်မှနေ ၍ ဗုံးတစ်လုံး ကျလာသည်။ ထိုဗုံးသည် လူ တစ်ယောက်၏ ခေါင်းပေါ်တည့်တည်ကျပြီးမှ ခုန်ကာ မိန်းမကြီးတစ်ဦး ၏ လက်ပေါ်ကျပြီး ကြမ်း ပြင်ပေါ်လိမ့်ကျသွားသည်။

ကျွန်တော်သည် ထိုင်နေရင်းနှင့် ကြောက်လာသည်။ ကျွန်တော့်ဇနီးများနှင့် ကလေးများ မျက်နှာ များကို မြင်ယောင် လာသည်။ ဤနေရာတွင် သက်သက်လာထိုင်ပြီး အသေခံကာ အားလုံးကို စွန့် ပစ် သွားမည်လော။ သို့သော် ထိုအချိန်တွင် ကျွန်တော့်စိတ်ထဲတွင် လျှပ်လက်သွားသလို ခံစား လိုက်မိသည်။ ဤသို့အသေခံရသည် ပင် ထိုက်တန်လွန်းလှသည်ဟူ၍။ သတင်းထောက်များနှင့် ဓာတ်ပုံဆရာများသည် မတ်တပ်ရပ်လျှက် ရှိကြပြီး မှတ်စုစာအုပ်များတွင် ရေးမှတ်ကြ၊ ဓာတ်ပုံများ နှင့် ရိုက်ကြနှင့် အလုပ် ရှုပ်နေကြသည်။ နီဂရိုး အများစုကား ဟိုပြေးသည်ပြေး ပြေးနေကြရှာ သည်။ ကျွန်တော်က ခုန်ထကာ စကားပြောခွက် ကို ဆုပ်ကိုင် လိုက်သည်။

"ဘယ် သွားကြမလဲ ရဲဘော်တို့၊ ဒီဗုံးကို ပစ်တဲ့လူက ဘုရားသခင် ကျောင်းတော်ရဲ့ ပြင်ပကပါ။ ရဲဘော်တို့ကို ကယ်တင်မဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ ဘုရားသခင်ဟာ ဒီကျောင်းတော်ထဲမှာ ရှိပါတယ်။"
သူတို့သည် ပြေးနေရာမှ ရပ်လိုက်ကြသည်။ လူတစ်ယောက်က ဗုံးကို ကောက်ယူကာ အပြင်ကို လွှင့်ပစ် လိုက်သည်။ ဗုံးမှာ ပင်မဖြုတ်ဘဲ ပစ်လိုက်သော ဗုံးမို့လို့သာ တော်တော့သည်။
မကြာခင် တွင် အခြေအနေမှာ ငြိမ်သက်သွားသည်။

ထို့နောက် အစည်းအဝေးစသည်နှင့် ကျွန်တော် စကားစပြောသည်။ သို့သော် ဤ"ကလပ်စ် ဒေးလ်"ရှိ နီဂရိုးများ သည် "ဂရင်းဝုဒ်"မှ နီဂရိုးများလောက် မတက်ကြွကြ။ သူတို့သည် ပုလိပ်ကို ပိုကြောက်ကြ၍ ဖြစ်သည်။ ထို့ပြင် ခုနက လက်ပစ်ဗုံးကြောင့်လည်း ချောက်ချားနေကြဟန်တူ သည်။ အစည်းအဝေး ပြီးသည်နှင့် လူတစ်ယောက် ကျွန်တော်ထံလာပြီး ယနေ့ညတွင်ပင် ကျွန်တော့်ကို သတ်ပစ်ကြ လိမ့်မည်ဟု ပြောသည်။ "ဂရင်းနစ်"သို့ အပြန်လမ်းတွင် လမ်းပိတ်ဆို့ ထားကာ လုပ်ကြံကြလိမ့်မည်ဟု ဆိုသည်။ သတင်းပေးမှာ နီဂရိုးတစ်ယောက်ဖြစ်ည်။ သို့သော် သူက သူ့ကို ရဲအရာရှိကြီး က စေလွတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘုရားကျောင်းမှ လူများသည် "ဂျင်မ်ဆင်းဒါးစ်"နှင့် ကျွန်တော်တို့ကို ၀ိုင်း ထားကာ ထောင့်တစ်ထောင့် သို့ ခေါ်သွားကြသည်။ ကျွန်တော်တို့သည် ထက်မြက်သော နီဂရိုးခေါင်း ဆောင် တစ်ဦးဖြစ်သော ဆေးပိုင်ရှင် "အေရွန်ဟင်နရီ"၏ အိမ်တွင် တစ်နာရီ ပုန်းခိုကာ နောက်ဖေး ပေါက်တွင် ရောက်လာမည့် ကားအလာကို စောင့်ကြရမည်ဖြစ်သည်။ ထို့နောက် ကားအနောက် တွင်ပင် ထိုင်ကြကာ ကျွန်တော်တို့နှစ်ယောက်သည် "ကလပ်စ်ဒေးလ်" နီဂရိုးတစ် ဦး၏ အိမသို့ လိုက်သွားကြရမည် ဖြစ်သည်။
ထိုနေ့တွင် သူတို့သည် ၉၈နှစ်အရွယ် အဘွားကြီးကို လမ်းပေါ်တွင်ပင် ရိုက်ခဲ့ကြသည်။ အဘွား ကြီးမှာ ခေါင်းတစ်ခုလုံး ချင်းချင်းနီအောင် သွေးများယိုစီးလျက်က ကျွန်တော့် ကို မော့ကြည့်သွား ပုံ မြင်ကွင်းလေးကို ကျွန်တော့်တစ်သက်တွင် မမေ့နိုင်တော့ချေ။

ထိုနေ့၌ပင် "ဂျင်မ်"ကို သူတို့ဖမ်းခဲ့ကြသည်။ ပထမဆုံးအကြိမ် သူထောင်ထဲရောက်ဖူးခြင်းပင်။ ဤသည်မှာ သူ့အတွက် အတွေ့အကြုံကောင်းများ ရစေပြီး စားရေးဆရာတစ်ဦး ပိုဖြစ်လာစေရန် ဖန်တီးခြင်းပင် ဖြစ်သည်ဟု သတင်းထောက် များအား ကျွန်တော်က ပြောလိုက်ရသည်။ သို့သော် သူ့အတွက် ကျွန်တော် စိတ်တော့ပူရ၏။ အဘယ်ကြောင့် ဆိုသော သူသည် အေးအေးချမ်းချမ်း၊ ချိုချိုသာသာနှင့် သဘောသကန် အလွန်ကောင်းသော ပုဂ္ဂိုလ် တစ်ဦးဖြစ်၍ ဖြစ်ပါသည်။ အခြား နီဂရိုးခေါင်းဆောင် ဆယ့်ရှစ်ယောက်တို့ကိုလည်း ဖမ်းသွားကြ ပါသည်။ ကောင်းလေးတစ်ယောက် ကိုပလက်ဖောင်းပေါ်တွင် ရိုက်ချပစ်ကြသည်။

တစ်ယောက်ကိုကား ဘတ်စ်ကားပေါ်တွင် ရိုက်နှက် ခဲ့ကြသည်။ သင်းအုပ်ဘုန်းတော်ကြီး "ရောဘတ်ကင်လော့ရှ်"အား အတင်းဆုပ်ပြီး ဖမ်းကြရာ ဘုန်းတော်ကြီး၏ ကော်လာပင် ကျွတ်ပါသွားရှာသည်။ ရဲသား တစ်ယောက် က သူ့လက်ကိုင် တုတ်ဖြင့် ဆန္ဒပြသမားများထဲမှ ဓာတ်ပုံ ရိုက်ကူးနေသူတစ်ဦးအား ပစ်ထည့် လိုက်သည်။ ပခုံးမှန် သွား၍သာ တော်တော့သည်။ ထိုနေ့က ရဲများသည် အကောင်းဆုံး အမူအရာ လှုပ်ရှားမှု များဖြင့် တာဝန်ထမ်းဆောင်နေကြသည်။ ဘယ်ကြောင့်ဆိုသော် ရုပ်ရှင်မှုများဖြင့် တာဝန် ထမ်းဆောင်နေ ကြသည်။ အဘယ်ကြောင့်ဆိုသော် ရုပ်ရှင်ကင်မရာများ ကိုင်ဆောင်ထားကြသော် "အက်ဖက်ဘီ ဆိုင်" အဖွဲ့ဝင်များစွာပင် မြို့ သို့ ရောက်နေကြ၍ ဖြစ်ပါသည်။

သူတို့ က ကျွန်တော့်ကိုမူ မဖမ်းဆီကြသေးပါ။ တွန်းလိုက် ထိုးလိုက်နှင့် ထိကပါးရိကပါးသာ လုပ်ကြပါသည်။ ကျွန်တော် က စိတ်ဆိုးလာသောအခါ ရဲအာဏာပိုင် "ဟမ်းမွန်း"အားသာ ဆဲရေး တိုင်းထွာလိုက်တော့၏။ သို့သော် သူတို့ကလည်း တွက်ထားဟန် တူသည်။ ကျွန်တော့်ကို ဖမ်းဆီ လိုက်ခြင်းသည် ပို၍ အကျော်ဇေယျဖြစ်သွားလိမ့် မည်စိုးနေကြပုံရသည်။ ရဲသားတစ်ယောက်က ကျွန်တော့်ထံလာကာ မျက်နှာ တည့်တည့် ကို ပစ်ကနဲ တံတွေးနှင့် ထွေးသွားသည်။ ကျွန်တော်က ပြန်ပြီး တုံ့ပြန်ရန် ကြံလိုက်မိသည်။ သို့သော် နီဂရိုးအဘိုးကြီးအား ကတိပေးခဲ့သော စကားကို ပြန်သတိရလိုက်သည်။ ထို့ကြောင့် ကိုယ့်ကိုယ် ကို ပြန်ထိန်းလိုက်ရသည်။ နေရာတွင်ပင် မရွေ့ဘဲ ရပ်နေပြီး မျက်နှာတစ်လျှောက်တံတွေများ စီးကျလာပြီး ကျွန်တော့် ပါးစပ် ထဲဝင်သည်ထိပင် ပေပြီး ရပ်နေလိုက်သည်။

"မင်းဒီလိုလုပ်လိုက်တာငါလည်း မင်းလိုဘဲ လူဖြူဖြစ်လာပြီလို့ ငါထင်သကွ။ ဒီမှာကြည့်ပါလား။ မင်းတံတွေးတွေ က ငါ့ကိုယ်ထဲ ၀င်သွားခဲ့ပြီးလေ"
နောက်တစ်နေ့တွင် ကျွန်တော်က လီလီယန်ကို ဖုန်းဆက်ခေါ်လိုက်ပါသည်။ သူသည် ဆေးရုံမှ ဆင်းပြီး အိမ်ပြန်ရောက်ခါစ ရှိသေးသည်။ သူ့ကိုမှီရာ လေယာဉ်ဖြင့် အမြန်ဆုံးဆင်းလာခဲ့ရန် မှာလိုက်သည်။ ကျွန်တော်က ဤတောင်ပိုင်း သားနီဂရိုးများ၏ အလှအပများကို သူ့ကို မြင်စေ ချင်သည်။

အဘိုးအို၊ အဘွားအိုများ စာရေးစာဖတ် သင်နေကြပုံများ၊ လူကြီးရော၊ လူငယ်ပါ ချီတက် ဆန္ဒပြပုံများ၊ အိမ်ရှင်မများ တစ်နေကုန်တစ်နေခန်း မီးဖိုခန်းမှမထွက်ဘဲ ချက်ပြုတ်ပြင် ဆင်နေကြပုံများ သို့မှာသာ သူတို့၏ ခင်ပွန်းသည် သို့မဟုတ် သားချင်းများသည် ဆန္ဒပြရာမှ အချိန်ရတုန်း အခိုက်အတန့်ကလေးတွင် ကမန်းကတန်းအိမ်ထဲဝင်ပြီး အစာ တစ်ကိုယ်တစ်ဖဲ့ မျှပင်ဖြစ်စေ စားသုံးနိုင်မည် ဖြစ်သည်။ ဤသည်တို့ကို လီလီယန် မြင်စေချင်သည်။ လီလီယန်က မနက်ဖြန် မနက် လေယာဉ်ဖြင့် လာခဲ့မည်ဟု ပြောသည်။

"ဂရင်းဝုဒ်"သို့ ရောက်နေသော တတိယမြောက်နေ့။ ဗုဒ္ဓဟူးနေ့။ ထိုညတွင် ကျွန်တော်သည် တစ်ယောက်တည်း ဖြစ်နေကာ ချောက်ချား၍ပင် နေမိပါသည်။ တစ်မြို့လုံး ငြိမ်သက်တိတ်ဆိတ် နေကြသည်။ လမ်းလျှောက် ထွက်ပါကမိုးမလင်းမီပင် အသတ်ခံချင်ခံရမည်။ ရဲကို တိုင်ရန်ပင် အချိန်ရနိုင်တော့မည်မဟုတ်။ မတော်တဆ ခြေသပွတ်တိုင်လည်ပြီး လမ်းမပေါ်လဲကျသွားလျှင် ပင်သူနာတင်ကား ရောက်လာပါက သင့်ကို မည်သူမည်ဝါမှန်း သိသွားသည်နှင့် တစ်ပြိုင်နက် ချထားကာ မောင်းထွက်ပြေးသွားမည်သာ ဖြစ်သည်။ ကြိတ်သတ်လျှင်ပင် သတ်သွားနိုင်ပေမည်။

သို့သော် သင့်အနေနှင့် လမ်းမလျှောက်နေလို့လည်း မဖြစ်။ သင့်တွင်အိပ်စရာနေစရာက မရှိ။ ဘယ်နီဂရိုးအိမ်မှ မ၀င်ရဲ။ သူတို့က သင့်ကို မြင်သွားလျှင် အိမ်ကို ဖောက်ခွဲပစ်လိုက်ပေမည်။ အိမ်ရှင်များပင် သင့်ကြောင့် အန္တရာယ်ရှိနိုင်ကသည်။ သို့တည်းမဟုတ် သိပ်ကြောက်တတ်သော နီဂရိုးအိမ်တစ်အိမ်ဝင် တည်းမိပါက ထိုအိမ်ရှင်ကပင် ကျွန်တော် ရောက်နေကြောင်း သတင်းပို့ တိုင်းကြားကောင်း တိုင်ကြားပေမည်။
ကျွန်တော်သည် ခေါင်းငိုက်စိုက်ချပြီး လမ်းလျှောက်လာခဲ့ရာ ထောင့်ချိုးတစ်ခုအရောက်တွင် မော့ကြည့်လိုက်သောအခါ ခေါင်းမွေးပြောင်ပြောင်နှင့်လူခပ်ထွားထွား ခပ်၀၀ကြီးတစ်ယောက်လို တွေ့လိုက်ရပါသည်။ ထိုသူက နှစ်လုံးပြူးသေနတ်ကြီးကို ကစားစရာလေးသဖွယ် သဘောထားပြီး ဟိုရမ်းသည်ရမ်း ဟိုချိန်သည်ချိန်နှင့် လုပ်နေပါသည်။ နောက်ဆုံး ကျွန်တော့် ဗိုက်ကို သေနတ် ပြောင်းဝဖြင့် လာထောက်လိုက်သည်။

"ငါတော့ ငမဲရဲ့အူတွေ ပေါက်သွားအောင် ပစ်ထည့်လိုက်တော့မဟေ့"
ကျွန်တော်ကလည်း ပင်ပန်းနွမ်းနယ်လှပြီ။ ကြောက်ရွံ့ထိတ်လန့်မှုတို့သည်လည်း ထုံတိုင်းနေပေ ပြီ။ ထို့ကြောင့် သူ့ကိုသာ စိုက်ကြည့်လိုက်မိသည်။
"ဒါပဲလားကွ မင်းအကြံအကုန်၊ ဒါဆို ပစ်လိုက်လေကွာ။ ပစ်လေကွာ။ ဟိုမအေ... ခလုတ်ဆွဲပြီး ပစ်လိုက်ပါတော့ လားကွ၊ ဟေး မအေ... ခလုတ်ကို ဆွဲလိုက်တော့လေ"
ကျွန်တော့် ပါးစပ်မှ ထွက်လာသော အယုတ္တအနတ္တ ညစ်တီးညစ်ပတ်စကားလုံးများကို ကြောက်ရွံ့ သွား၍လား မသိ။ သူသည် သူ့သေနတ်ကြီးကို အောက်သို့စိုက်ချကာ ကျွန်တော့်အပါးမှ ခွာသွား တော့သည်။ သူသည် သူ့ကို နီဂရိုး တစ်ဦး စေခိုင်းသည့်အတိုင်းဆိုလျှင် လိုက်လုပ်မည့် လူစားမျိုး မဟုတ်ပေ။

ကြာသပတေးနှင့် သောကြာနေ့များတွင် ကျွန်တော်သည် လီလီယန်နှင့်အတူ ချီတက်ခဲ့သည်။ ရဲများအတွက်ဆိုလျှင် သူသည်လည်း အခြားဆန္ဒပြသမားတစ်ယောက်၊ မျက်နှာသစ်လေးတစ်ဦး ဟု ထင်ကြဖွယ်ရာ ရှိသည်။ လူတော်တော်များများကမူ ဇနီးသည်ကို ခေါ်လာခြင်းသည် ကျွန်တော့် မိုက်တွင်းနက်မှုပင် ဖြစ်သည်ဟုပြောကြသည်။ သို့သော် ကျွန်တော်ကား ဤအလှအပများနှင့် အရုပ်ဆိုး အကြည့်တန်မှု များကို သူ့ကို မြင်စေ့ချင်သည်။

ကျွန်တော်တို့သည် သင်းအုပ်ဆရာကြီး "တပ်ကာ"၏အိမ်တွင် တည်းခိုကြသည်။ ရဲများကလည်း ကျွန်တော် တို့အား နှောင့်ယှက်တားဆီးဆဲပင်။ ရုပ်မြင်သံကြားသမားများကမူ ကျွန်တော်တို့၏ဆန္ဒ ပြပွဲကို စောစောစီးစီး ကျင်းပစေလိုလှသည်။ သို့မှသာ မနက် ၆ နာရီသတင်းတွင် ထည့်သွင်းပြသ နိုင်မည်ဟု ဆိုကြသည်။ ရဲများကလည်း ကျွန်တော်တို့ကို ဓာတ်ပုံရိုက်ကူးကြသည်။
သူတို့ ဓာတ်ပုံရိုက်ကြသောအခါ ကျွန်တော်တို့က ပြန်တပ်ခေါက်လိုက်ကြသည်။ ရဲများက ထိုဓာတ် ပုံများဖြင့် တစ်သက်လုံးပြပြပြီး မြို့ခံနီဂရိုးများဖြင့် သွေးကွဲအောင် နှောင့်ယှက်၊ သွေးထိုးဖျက်ဆီး ကြမည်ဖြစ်သည်။ ဤသို့ဖြစ်မည် ကို ကျွန်တော် မလိုလား။ ကျွန်တော်တို့က ပြီးလျှင် ပြန်ကြရုံသာ ရှိသည်။

သူတို့အဖို့မူ ဤ "ဂရင်းဝုဒ်" တွင် အတော်ကြာ ဆက်နေရစ်ကြပေဦးမည်။
ဧပြီလ ၆ ရက်နေ့၊ စနေနေ့တွင် ကျွန်တော်တို့ "ဂရင်းဝုဒ်"မှ ထွက်ခဲ့ပါသည်။ အခြေအနေအရပ်ရပ် သည် ငြိမ်သက်သွားပါချေပြီ။ အတော်တုံ့ပြန်မှုများလည်း ရရှိခဲ့သည်။ ဖမ်းဆီးထားသော ဆန္ဒပြ သမားများ ကို ပြန်လွှတ်ပေးသည်။ မဲဆန္ဒမှတ်ပုံတင်ရန်အတွက် တရားရုံးသို့ နီဂရိုးများသည် လမ်း လျှောက်သွားစရာမလိုတော့ဘဲ ဘတ်စ်ကားများဖြင့် အကြိုအပို့ လုပ်ပေးရန် စီစဉ်ပေးကြသည်။
ကျွန်တော်တို့ဘက်မှလည်း အပြန်အလှန်အာဖြင့် နှောင့်ယှက်ဆန္ဒပြမှုများကို မပြုလုပ်တော့ရန် ချ မှတ်လိုက်ရသည်။ ကျွန်တော်ကလည်း ထိုမြို့မှ ခွာရန် ကတိပေးလိုက်သည်။ ကျွန်တော်ကား အတွေ့အကြုံ တော်တော်များများ ရခဲ့ပေပြီ။ ပိုမိုခိုင်မာ သတ္တိရှိလာပြီ။ ကြောက်စိတ်လျော့နည်း သွားပြီ။ ပထမဆုံးစစ်မြေပြင်မှ ပြန်လာသော စစ်သားတစ်ဦးကဲ့သို့။

သို့သော် အဖြစ်အပျက်ပေါင်းများစွာ ဖြစ်ပျက်ခဲ့ကြောင်းကိုကား ကျွန်တော် မသိခဲ့။ ဘာတွေဖြစ် ပျက်ခဲ့သည်ကိုလည်း ကျွန်တော် ယခု ဖွင့်မပြောပြနိုင်။ တိုက်ပွဲမပြီးဆုံးသေး၍ ဖြစ်ပါသည်။ ကျွန် တော် မြောက်ပိုင်းသို့ရောက်သောအခါ တစ်နည်းတစ်ဖုံအားဖြင့် ချောက်ချားတုန်လှုပ်ဖွယ်ရာများ ကို တွေ့ရပြန်တော့သည်။
ဥပမာပြော ရလျှင် မြောက်ပိုင်းထုတ် သတင်းစာများ၌ "ကလပ်စ်ဒေးလ်" တွင် ကျသော ဗုံးမှာ ဘောလုံးသားရေ ကျွတ်လုံးလေးသာ ဖြစ်ပါသည်ဟူသော သတင်းမျိုး။ အချို့ကလည်း ကျွန်တော် တို့သည် "ဂရင်းဝုဒ်" ၌ တိုက်ပွဲရှုံးနိမ့်ခဲ့ရပါသည်တဲ့။ ဤသည်တို့မှာ ကျွန်တော်တို့ထံ ကိုယ်တိုင် ကိုယ်ကျ မျက်မြင် လက်တွေ့ လာ သတင်းယူကြသော သတင်းထောက်များ၏ လက်ချက်ကား ဖြစ် ဟန်မတူ။ သူတို့ပို့လိုက်သော သတင်းမှန် များကို ပြန်လည်လုပ်ကြံကာ စီစဉ်ကာ ထားသွင်းသော အယ်ဒီတာများ၏လက်ချက်ပင် ဖြစ်သည်။

သို့သော် ပိုပြီး ကျွန်တော့်ကို ချောက်ချားစေသည်မှာကား နီဂရိုးများကိုယ်တိုင်က ကျွန်တော်ထံ လာပြီး ကျွန်တော် "ဂရင်းဝုဒ်" သွားခြင်းသည် ထင်ပေါ်ကျော်ကြားလို၍သွားခြင်းဆိုသည်မှာ မှန်ပါ သလားဟု အမေးခံ ရသည့် အခါ ဖြစ်ပါသည်။
အမေရိက တွင် နီဂရိုးတစ်ယောက်ကို သင်က ကယ်တင်ကူမ ရန် ကြိုးစားပါက နီဂရိုးများကိုယ်တိုင် ကပင် သင့်ကို မယုံမရဲနှင့် သင့်ရည်ရွယ်ချက် ဘယ်ပုံဘယ်နည်းရှိသည်ကို ပြန်လှန်မေးခွန်းထုတ် ကြမည်ဖြစ်၏။ ကျွန်တော် သာ ဖျော်ဖြေရေးလုပ်ငန်း ကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေး တပ်ဖွဲ့ထဲဝင် ပြီး ဗီယက်နမ်သို့သွားခဲ့ပါလျှင် ကျွန်တော့် ကို မည်သူမျှ (အဖြူရော၊ အမည်းရော) ဘာကြောင့် ဤ သို့လုပ်ရသနည်း ဟု လာမေးမည် မဟုတ် ပါချေ။ သို့သော် နီဂရိုးများ ကို ကူညီပါလျှင်ကား....။
""
ဆက်ရန်
.

1 comment:

Angelhlaing(May everybody be happy and healthy! said...

အသားရောင် ခွဲခြားခံရတဲ့ ဘဝကလည်း မသက်သာပါလားနော်.... ဖတ်ရင်းနဲ့တောင် ရင်မောရတယ်....မမရေ..ကျေးဇူးပါလို့...