Sunday, July 8, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၁၂)

"ကဲ ... ဆိုပါဦးလေ" ဟု ပြောလိုက်၏။
"ကျွန်တော် ပြောထားတယ် မဟုတ်လား။ တိုက်ကြီးက အိုလှပြီ။ ဒီကိစ္စကို ကျွန်တော် အူသေးချေးမ မကျန် စုံစမ်းပြီးသား ဗျ။ ဘုရားဟော လိုသာ ယုံပေတော့။ စက်ရုံ အလုပ်ရုံ ဥပဒေနဲ့ မကိုက်ညီတာ အချက် သုံးချက် ရှိတယ်။ (၁) ပြတင်းပေါက်တွေက ကြမ်းပြင်အကျယ်ရဲ့ ဆယ်ပုံတစ်ပုံ မရှိဘူး။ (၂) မီးဘေးကိစ္စ ပေါ်ရင် ထွက်နိုင် ဖို့ တံခါးနှစ်ပေါက် ဖောက်မထားဘူး။ (၃) အတွင်းခန်းတွေရော စင်္ကြံတွေပါ ထုံးမသုတ်တာ တစ်နှစ်ကျော် လာပြီ"
ကို ဆက်ဖတ်ရန်....

ဂရီလီ ကြားဖောက်မပြောနိုင်အောင် ညေးက သွက်သွက်ကြီး ဆက်ပြောနေသည်။
"အဲဒီ အခန်း ကို ၀ယ်လိုက်ရင် ကျွန်တော်တို့ ပိုင်ရှင် ဖြစ်ပြီ။ ပိုင်ရှင်အနေနဲ့ စက်ရုံ အလုပ်ရုံ အက်ဥပဒေအတိုင်း လိုက်နာ ဖို့ တာဝန်ရှိလာပြီ။ မြို့နယ်အင်ဂျင်နီယာနဲ့ သွားတွေ့ပြီး အဲဒီအခန်းကို အသုံးစာရင်းက ချက်ချင်း ပယ်ဖျက်ခိုင်းမယ်။ အရင်က လက်ပိုက်ကြည့်နေခဲ့တာကို ဖွင့်ချမယ်လို့ အင်ဂျင်နီယာကို ကျွန်တော် လှန့်ထား ပြီးပြီ။ ဒီတော့ သူ စာရင်း ဖျက်ပေးရမှာပဲ။ ဖျက်ကို ဖျက်ပေးရ မှာပဲ။ ဒါက ဥပဒေနဲ့ အညီပဲ။ ပြင်ဆင်မွမ်းမံမှုတွေ ကို စိမ်ပြေနပြေဆွဲပြီး လုပ်မယ်။ အဲဒီ အတောအတွင်းမှား အခန်းကို ပိတ်ထာိးရမှာပေါ့။ ဥတ္တရအလင်း မထွက်နိုင်တော့ ဘူး။ အခန်းသစ် ရှာရမယ်။ ပုံနှိပ်စက်တွေ ရွှေ့ရမယ်။ အဲဒီအလုပ်က မဖြစ်နိုင်တဲ့ အလုပ်ပဲ။ ချုပ်ပြော ရရင် ပေ့ ပြုတ်ပြီ" ငြိမ်ကျသွားသည်။ စမစ်က သက်ပြင်းရှည်ကြီး ချလိုက်သည်။

"ဒီတစ်ခါတော့ ပိုင်ပြိ။ တရားလည်း ၀င်တာပဲ" ဟု ပြောသည်။
ဂရီလီက ညေး ကို စေ့စေ့ကြည့်သည်။ အထင်ကြီးသွားသည်။ "သို့သော် သူ့သဘောထားကို အမြွက်မျှပင် မပြချင်။
"တခြားနေရာ မှာ အခန်းရှာလို့ ဖြစ်နိုင်ပါသေးတယ်လေ။ စက်တွေရွှေ့လို့လည်း ဖြစ်နိုင်သေးတာပဲဗျာ"
"အားလေး အင်လေးလည်း ရှိဦးမှကိုးဗျ။ ကြွေးပတ်ချာဝိုင်းနေတာကို ဘယ်သွားထားမလဲ"
"နာလန်မထူနိုင်တော့ပါဘုးဗျာ" စမစ် က အားတက်သရော ၀င်ပြောသည်။

"ကျင့်ဝတ်သိက္ခာတော့ မဲ့မဲ့ပဲဗျ" ဂရီလီက ပြောသည်။
"တရားဝင်တာတော့ သေချာ ပါတယ်။ ပြီးတော့ ကျွန်တော်တို့က အက်ဥပဒေအတိုင်း လိုက်နာတာပဲ" ညေး က ဖြည့်ပြောသည်။
ဂရီလီ က သဘောမတူသလို ခေါင်းခါသည်။ မေးစေ့ကို ပွတ်ပြီး အနုလုံ ပဋိလုံ စဉ်းစားသည်။
"ပြုပြင်စရိတ် က ဘယ်လောက်ကုန်မယ်မှန်းသလဲ"
"ပေါင် ၁,၅၀၀ လောက်တော့ ကုန်မှာပေါ့။ လျော့ရင်သာ လျော့မယ်။ ပြင်ပြီးသွားရင် အသစ်လောက် နီးနီး ကောင်းလာ မှာ။ အဲဒီအချိန်ကျတော့ ကျွန်တော်တို့ ရွှေ့ဝင်လိုက်ရုံပေါ့ဗျာ"
ငြိမ်သွားပြန်၏။ ဂရီလီက ညေးကို ခြေဆုံး ကြည့်နေလေသည်။

"တိုက်ခန်း အတွက်ကရော  ဘယ်လောက်တောင်းနေသလဲ"   
ညေးက ဂရီလီနှင့် မျက်လုံးချင်းဆိုင်လိုက်သည်။
"ကြားလူ ဈေးဖြတ်တာတော့ ပေါင် ၄,၀၀၀ ပဲ။မစ္စစ် ဟားဘော်တယ်က ၃,၅၀၀ ရရင် ကျေနပ်ပြီတဲ့။ အရောင်းအ၀ယ် စာချုပ်ကို ဒီနေ့ညနေပဲ လက်မှတ်ထိုးပေးမယ် တဲ့"
ဂရီလီက သူ့လည်ပင်းရှည်ကြီးကို အစင်းသားဆန့်ပြီး စဉ်းစားချိန်ဆနေပြန်သည်။ ဥတ္တရအလင်းကို ၀ယ်ရန် လက်မွန်မဆွ စီမံချက်ချသူများအနက် သူလည်း တစ်ဦးအပါအ၀င် ဖြစ်ခဲ့၏။ ထိုစီမံချက် ပျက်ပြားခြင်းသည် သူ့အကျိုးစီးပွားနှင့် လည်း ဆန့်ကျင်၏။ ဂရီလီက ချောင်းတစ်ချက်ဟန့်လိုက်သည်။

"ကျုပ် လုံးဝဥဿုံ သဘောတူတယ်လို့တော့ မပြောနိုင်ဘူး။ ခင်ဗျား ပြောတဲ့ အခြေအနေ အတိုင်းဆိုရင် ဥပဒေကြောင်း အရ ကန့်ကွက်စရာ မရှိတာ မှန်တယ်။ ဒါပေမဲ့ စည်းကမ်းနည်းလမ်း ကျတဲ့ အဆိုပြုချက်တော့ လည်း မဟုတ်ဘူး" ဟု ပြောလိုက်၏။
သူ့မျက်နှာက ရုတ်ချည်းပင် အလောင်းကောင်အပြုံးမျိုး တွန့်ရှုံ့သွားသည်။ ထရပ်လိုက်၏။ "ခင်ဗျားတို့ ဆက်လုပ် မယ့် ကိစ္စတွေပဲ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူးနော်။ အခြေအနေ အရတော့ အဲဒီကို သွားကြည့်သင့်တယ် ထင်တာပဲ"
ဂရီလီက ဖြည်းဖြည်းချင်း အပေါ်အကျီ်ကိုဝတ် ၊ လက်စွပ်အိတ်ကို စွပ်ကာ အပြင်သို့ထွက်သွား၏။ စမစ်က သူ့နောက်မှ ကပ်လိုက်ရင်း ညေး၏ လက်ကို ဆွဲကိုင်ဖျစ်ညှစ် လိုက်၏။
"ခင်ဗျား ကယ်တာပဲ။ ဘုရားစူးရစေရဲ့ ခင်ဗျား တကယ်ဥာဏ်သွားတဲ့ လူပါပဲဗျာ"
ညေးက မျက်စောင်းခဲပြီး သူ့လက်ကို ဆက်ခနဲ ပြန်ရုပ်လိုက်လေသည်။

(၁၂)

ဇူလိုင်လ၊၁ ရက်၊နံနက်ပိုင်းတွင် ခါတိုင်းထက်စော၍ ဟင်နရီပေ့ သတင်းစာတိုက်သို့ ရောက်လာသည်။
နံနက်ခင်း က သာယာနေ၏။ ပူပြင်းမည့် အရိပ်အယောင်ပင် ပြနေ၏။ ယခု ရက်ပိုင်း အတွင်း ရာသီဥတုက ပူစပ်ပူလောင်။ နေခြစ်ခြစ်ပူလိုက်။ မိုးဖွဲဖွဲရွာလိုက်။
ပေ့သည် သတင်းစာစောင်ရေ စာရင်းကို ပထမဆုံးကြည့်သည်။ စိတ်ထဲတွင် ရောင့်ရဲကျေနပ် သွားသလို ပင့်သက်ကြီး ရှိုက်လိုက်၏။ သတင်းစာစောင်ရေ  ပြန်တက်လာသည်။  တိုးလာသည့်စောင်ရေမှာ ၉၀၀ မျှသာ ဖြစ်သည်။ သို့သော် အတက်ရှိန်ဆက်၍ မြင့်လာသည်ကား အမှန်။ ဒွိဟ ဖြစ်စရာ မရှိတော့ ။ ဦးတည်ကြော က မှားစရာမရှိနိုင်တော့ ။ နည်းနည်းကြာကြာ ဆက်တောင့်ထားလိုက် လျှင် ဘေးကင်း ရန်ကင်း ဖြစ်တော့မည်။ သို့သော် ဟန်မပျက် ဆက်ထိန်းသွားရန် မည်မျှခက်ခဲကြောင်း သူ့ထက် ဘယ်သူမှ ပိုမသိနိုင်။

လွန်ခဲ့သည့် တစ်လလုံးလုံး ခြောက်အိပ်မက်ဆိုးကြီးပမာ ဖြစ်ခဲ့ရ၏။ ကြွေးပတ်လည် အ၀ိုင်းခံခဲ့ ရ၏။ ကြွေးတောင်းခံ မှုမှန်သမျှကို နည်းမျိုးစုံဖြင့် ကန်တော့ ဆွမ်းလုပ်ခဲ့ရသည်။ ကတိစကား များ၊ နေ့ရွှေ့ညရွှေ့မှုများ၊ အလုပ်သမားများ၏ စာနာထောက်ထားမှုများဖြင့် အလျှင်မီရုံ အသက်ဆက်ခဲ့ရ၏။ ဒုတိယ အယ်ဒီတာချုပ် မိတ်တလန်၏ စွဲစွဲမြဲမြဲ ထောက်ခံအားပေးမှု အပေါ်တွင် အားကိုး အားထားပြုခဲ့ ရ၏။သို့သော် အစွမ်းကုန်  ခြစ်ကုတ်ခြိုးခြံမှုများ၊ ကူညီရိုင်းပင်းမှုများကြားမှ သူ့အဖြစ်က လမ်းဆုံး ကမ်းဆုံး ရောက်သလောက်နီးနီး ဖြစ်လာခဲ့ရသည်။ မျှော်လင့်ချက်နှင့် မရေမရာမှုအကြား ကြိုးတန်းလျှောက်နေ ရသည့် အဖြစ်က မခံနိုင် မရပ်နိုင် အနေအထားနီးနီး ဖြစ်ခဲ့ရသည်။ အခြေအနေနှယ် ဆိုးလိုက်လေစွ ဟု ရင်နာနာနှင့် တွေးမိခဲ့သေး၏။

မစ်မော့ဖတ် ပေါ်မလာသေး။ စောင့်မနေတော့။စားပွဲပေါ်မှ မဖောက်ရသေးသည့် ပေးစာများကို ကြုံးယူလိုက် သည်။ ငွေတောင်းခံလွှာမှန်း သိသာ နေသော စာများကို ဘေးဖယ်လိုက်သည်။
မန်ချက်စတာမြို့ စာတိုက်တံဆိပ်ဖြင့် ရောက်လာသည့် စာအိတ်ထူကြီးတစ်ခုကို ပေ့ ဖောက်ဖတ်လိုက်သည်။ ငယ်ထိပ်မြွေပေါက် ခံရသလို မွှန်ထူတုန်လှုပ် သွားလေသည်။ မြောက်ပိုင်း ပျော့ဖတ်နှင့် စက္ကူစက်များ ကုမ္ပဏီ က ရေးလိုက်သည့် ပေးစာ။ လွန်ခဲ့သည့်နှစ်ပေါင်း၂၀လုံးလုံး ဥတ္တရ အလင်းအတွက် စက္ကူပေးသွင်းနေခဲ့သည့် ကုမ္ပဏီ။ ဇွန်၊ ၂၅ ရက်စွဲဖြင့် ပို့လိုက်သည့် စက္ကူအမှာစာကို လက်မခံနိုင်၍  ၀မ်နည်းကြောင်း အပြန်စာ။

ဟင်နရီပေ့က စာကို ၀ါးစားတော့မလို စိမ်းစိမ်းကြည့်နေစဉ် မစ်မော့ဖတ် ၀င်လာသည်။ လစဉ်သတင်းစာ စက္ကူမှာ ယူရေး ကိစ္စကို မစ်မော့ဖတ်က တာဝန်ယူဆောင်ရွက်ရသည်။ ပေ့က မော့မကြည့်။
"မြောက်ပိုင်းစက်ရုံက မစ္စတာ စပင်စာ နဲ့ စကားပြောရအောင်"
"စက္ကူတွေ ရောက်မလာ လို့ မနေ့ညကတည်းက ကျွန်မ တယ်လီဖုန်းခေါ်ပြီးပြီ။ မရှိဘူးတဲ့။"
"မရှိဘူး ဆိုတာ ခရီးသွားနေလို့လား"
"ကျွန်မတော့ မထင်ပါဘူး" မစ်မော့ဖတ်၏ လေသံကြောင့် ပေ့ ဆက်ခနဲ ခေါင်းထောင်လာသည်။

"သူ့တယ်လီဖုန်းနံပါတ် ပေးစမ်းဗျာ"
ခဏတွင်းမှာပင် မန်ချက်စတာနှင့် အဆက်အသွယ်ရသည်။ မစ္စတာစပင်စာကိုတော့ ရှာမရ။ စာရေးကြီးနှင့် စကားပြောရသည်။ စာရေးကြီးက သတင်းစာစက္ကူ မရောင်းနိုင်ဟု ဇွတ်ပေ၍ ငြင်းနေသည်။
ပေ့ တယ်လီဖုန်းချ လိုက်သည်။ ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်။ စက္ကူ....စက္ကူ....စက္ကူ... ရမျှဖြစ်မည်။ စက္ကူမရှိ လျှင် စာတစ်လုံးမှ ပုံနှိပ် နိုင်တော့မည် မဟုတ်။ မစ်မော့ဖတ် က ထိုင်မြဲထိုင်နေ၏။ လက်ရေးတိုစာအုပ်ကို ခဲတံဖြင့် ခေါက်နေ၏။ ပေ့ကို စောင်းကြည့်နေ၏။

မစ်မော့ဖတ်သည် ပိန်ခြောက်လာပြီး ခါတိုင်းထက်ပို၍ အမြင်ကတ်စရာ ကောင်းလာသည်။ လူကသာ ဇွဲသန်သန် တာဝန်ကျေကျေ ကုန်းရုန်းလုပ်နေသည်။ စိတ်ကတော့ လက်တစ်ဆစ်သာ။ ပေ့ အပေါ် သူ့သဘောထားက အပြစ် အနာအဆာ ရှာလွန်းသည်။ ရံဖန်ရံခါ ရန်စွယ်ငေါငေါပင် ဖြစ်နေတော့သည်။
"သူတို့လည်း ငွေလိုချင်မှာပေါ့"
မစ်မော့ဖတ်က ပေ့ကို သတိပေးသလိုလိုနှင့် ဘာသာလ၀ါ ပြောသည်။
"ဘယ်နေ့ အထိ ငွေပေးပြီးပလဲ"
"ဧပြီကုန် ကတည်းက မပေးရသေးဘူး။ ငွေတောင်းစာတွေ ပို့တာလည်း ထပ်နေပြီ။ ငွေကလည်း များတာကိုး။"

"ဘယ်လောက်တောင်မှလဲ"
"ပြီးခဲ့တဲ့အပတ်တုန်းက ရှင့် ကို စာရင်းအတိအကျ ပေးထားသားပဲ"
"သိပါတယ်။ ဒါပေမဲ့ အားလုံးတော့ ဘယ်မှတ်မိနိုင်ပါ့ မလဲဗျ"
"၁,၉၆၅ ပေါင်နဲ့ ၁၀ရှီလင်။ ကုန်းဖိုးလွှာ ကြည့်ဦးမလား"
"နေပါစေတော့"
ဥတ္တရအလင်း၏ ဘဏ်ငွေစာရင်းတွင် ၇၀၉ ပေါင်နှင့် ၅ ပဲနီသာ  ကျန်တော့သည်။ လက်ကျန်စာရင်းကို လှန်ကြည့်စရာ မလိုတော့။ ပုံနှိပ်ဌာန အလုပ်သမားမျာ၏ လုပ်ခကလည်း တစ် ပတ်စာပေးရန် ကျန်နေသေး သည်။ ဖြန့်ချီရေး လုပ်သားများအား လုပ်ခ မပေးနိုင်သည်မှာလည်း နှစ်ပတ်ရှိခဲ့သည်။ ပူးလ်နှင့် လူးဝစ်တို့က လခ မယူပဲ လုပ်နေကြ၏။ မိတ်တလန်ကလည်း ပေါင် ၂၀၀ ထုတ်ချေး ထားသည်။ လွန်ခဲ့သည့် ၄ လစာ သူ့လခ ကိုပင် ဘဏ်မှ ထုတ်မယူသေး။

"ဖန်းဝစ်ကို လှမ်းမေးးစမ်း ။ စက္ကူ ဘယ်နှစ်ရက်စာ ရှိသေးသလဲလို့"
မော့ဖတ် ချက်ချင်း ပြန်ရောက်လာသည်။
"၈ ရက်စာ ပဲ ရှိတော့တယ်တဲ့"
"မဖြစ်နိုင်တာဘဲ။ ကျွန်တော်ကို ဘာဖြစ်လို့ မပြောရတာလဲ"
"ရှင်ပဲ ပြောတာ ပဲ။ စရိတ်တွေ လျှော့ပါဆို။ သုံးပတ်စာနဲ့ပဲ လှည့်ပတ်လုပ်မယ်ဆို။ ဒါကြောင့် ဒီလောက်ပဲ ကျန်ရတော့ တာပေါ့"
"ဆိုင်းထားလိုက်ပေါ့ဗျာ။ ရှေ့အပတ်လောက်အထိ ဖြစ်ဖြစ်ပေါ့"
"သူက အလုပ်သမားတွေ ကို ခေါ်ထုတ်သွားနေမှာရှင့်"
"တနင်္လာနေ့ကျမှ တွေ့မယ်လို့ ပြောရင် ရနိုင်ပါတယ်ဗျာ"
"တနင်္လာနေ့ကျတော့ ဘာလုပ်ကြမလဲ" မစ်မော့ဖတ်က မေးခွန်းထုတ်နေပြန်၏။

ပေ့က အော်ငေါက်မပစ်လိုက်မိစရေန် မနည်းပင် ချုပ်တည်းထားရသည်။
"ရထားချိန်စာရင်းသာ ပေးစမ်းပါဗျာ"
မနက်အမြန်ရထား က ထွက်သွားပြီ။ မြန်မြန်ဆန်ဆန် တစ်စင်းမှ မရှိတော့။ ထို့ကြောင့် လော်ကယ် ရထားကိုပင် စီးရတော့၏။
မွန်းလွှဲ၁နာရီခွဲ မှ မန်ချက်စတာမြို့သို့ ရောက်သည်။ စက္ကူစက်များ ရှိရာ ရော့စ်လမ်းသို့ သွားသည်။
စက်ရုံ တွင် သူ့ကို မသိသူ မရှိသလောက် ဖြစ်သည်။ စီမံခန့်ခွဲရေးမှူးရုံးခန်းသို့ တံခါးမရှိ ဓားမရှိ ၀င်နိုင်ခွင့် ရှိခဲ့သည်။ ယနေ့မူ သူ့ကို နမူနာပစ္စည်း ပြခန်းထဲတွင် စောင့်ခိုင်းထားသည်။ ၁၅မိနစ် လုံးလုံး ငုတ်တုတ် ထိုင်နေရသည်။ ပြီးမှ စပင်စာ ၀င်လာသည်။

"ခင်ဗျား ကိုယ်တိုင်တော့ မလာတန်ဘူး ထင်နေတာ ... ဟင်နရီ"
"ဘယ်လို ဖြစ်နေတာလဲဗျာ"
"အေးအေးဆေးဆေး ပြောတာပေါ့ဗျာ။ ထိုင်ပါဦး"
စပင်စာက ပေ့ အနီးကုလားထိုင်တွင် ၀င်ထိုင်လိုက်၏။ အသက်အရွယ်ကလည်း အငြိမ်းစား ယူချိန် နီးနေပြီ။ ကိုယ်လုံးကိုယ်ဖန်က ကြီးကြီး။ လုပ်ကိုင် လှုပ်ရှားမှုက လေးလေးဆေးဆေး။ စကားပြော က နှေးနှေး။ အရေးထဲ တွင် စကားဟ၍ မရသလို ဖြစ်နေသေး။ သူ့မျက်နှာထားက အားနာပါးနာ ဖြစ်နေသလိုလို၊ စိတ်အိုက် အကြံအိုက် ဖြစ်နေသလိုလို။
"ကျွန်တော် က ခင်ဗျားကို တမင်ရှောင်နေတာ။ ဒါကြောင့် ခင်ဗျားကို ကျွန်တော့်ဆီ မလွှတ်လိုက်နဲ့ လို့ ပြောထား မိတာဗျ" "ဘာဖြစ်လို့" စပင်စာ က ပြောင်နေသောစားပွဲကို ဖုံခါသလို လုပ်နေသည်။

"ကျွန်တော့်လို လူက ခင်ဗှားလို လူကို ပြောလို့ မထွက်နိုင်တဲ့ စကားမျိုး ပြောရမလို ဖြစ်နေတာကိုး ဗျ။ အခု ကျွန်တော် ပြောရမလား" ဟု မေးသည်။
ပေ့ မျက်နှာ သွေးဖြာသွားသည်။
"ကျွန်တော် ငွေ မကျေတာ သိပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်က နာမည်တစ်လုံးနဲ့ နေတဲ့သူပါဗျာ။ အရင်က ခင်ဗျားတို့ ၆လ အထိတောင် ကြွေးပေးခဲ့ဖူးတာပဲဟာ"
"အခြေအနေတွေ က တစ်မျိုး ဖြစ်နေပြီဗျာ"
"ဘာဖြစ်လို့ တစ်မျိုးဖြစ်ရမှာလဲဗျာ။ ဒီကြွေးတွေ မဆုံးနိုင်မှန်း ခင်ဗျားတို့ သိပါတယ်"
"တကယ် မဆုံးနိုင်ဘူးလား"
ပေ့သည် မာနချိုး ခံလိုက်ရသလို နားထင်နားရင်း ပူထူသွားသည်။

"လောလောဆယ် ကျွန်တော် ဘေးကျပ်နံကျပ် ဖြစ်နေတာ မှန်ပါတယ်။ ဒါပေမဲ့ အခု တက်ရိပ်ပြန်ပြ လာပါပြီ ဗျာ ဖောက်သည်ဟောင်းတွေပဲဗျာ။ လူသား လွန့်သာလေးရှိအောင်တော့ လုပ်ပေးဦးမှပေါ့"
"ကျွန်တော် တို့ သိပါတယ်ဗျာ။ ဒီအဖြစ်မျိုး ခင်ဗျား မကြုံချင်တာထက် ကျွန်တော်တို့က ပိုမကြုံချင် သေးတာပေါ့။ အခုလို ကျပ်တည်းချိန်မှာတော့ အလုပ်သဘောအတိုင်း လုပ်ရတော့တာပဲဗျာ။ ဝေပုံကျစနစ်က ကြွေးတောင်း မရတဲ့ လုပ်ငန်းတွေနဲ့ ဆက်လုပ်လို့ မရဘူး။ ဘုတ်အဖွဲ့က ညွှန်ကြား ထားတာတွေဆိုတော့ ကျွန်တော်တို့လည်း မလွန်ဆန်နိုင်ဘူးဗျာ။ ဒါ စကားကုန် ပြောတာပဲ ဟင်နရီ။ စောဒက တက်နေလို့လည်း မထူးတော့ဘူး"
ပေ့က စပင်စာကို ငေးကြည့်နေသည်။ စကားတစ်လုံး မဟ။ စိတ်လှုပ်ရှားမှု ကို ပြန်ထိန်းချုပ်နေ၏။ ပြန့်ကျဲအတွေးများကို ပြန်စုစည်းနေ၏။ ခဏကြာမှ ...
"စက္ကူ ကတော့ ရမှကို ဖြစ်မယ်။ ခင်ဗျားတို့ ကြွေးတွေကို ပြန်ဆပ်နိုင်တဲ့အထိ ရုန်းနိုင်လောက်ရုံ တော့ ရမှ ဖြစ်မယ် ဗျာ။ ဘယ်မှာ ၀ယ်လို့ ရနိုင်မလဲ"
စပင်စာ အတော်ကြာ စဉ်းစားနေသည်။

"တစ်နေရာ နှစ်နေရာတော့ စမ်းကြည့်ပေါ့။ ခေါင်းပုံဖြတ်သမားတွေတော့ ခေါင်းပုံဖြတ်သမားတွေပဲ။ လိပ်စာတော့ ရေးပေးလိုက်မယ်လေ"
အင်္ကျီအိတ်ထဲ မှ ခဲတံတိုကလေးတစ်ချောင်းထုတ်သည်။ နာမည်နှစ်ခုနှင့် လိပ်စာနှစ်နေရာ ရေးပေး လိုက်သည်။
"ဒီလိုတွေ ဖြစ်လာ ရတာ စိတ်မကေင်းဘူးဗျာ။ ဘယ်လိုမှ သဘောမထားပါနဲ့နော်"
စပင်စာ ရပ်လိုက်သည်။ လက်ဆွဲနှုတ်ဆက်သည်။
ပေ့ လမ်းပေါ် ထွက်လာခဲ့၏။

ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဘူးသည့် တစ်နေ့တာအချိန်ကိုပေ့ ကြုံရပေပြီ။ စပင်စာနှင့် တွေ့ဆုံ ပြောဆိုရခြင်းကြောင့် စိတ်တွေ ကတုန်ကယင် ဖြစ်လာသည်။ ကြာလေ ဆိုးလေ ဖြစ်လာ သည်။
၁၀ရက် အတွင်း ဥတ္တရအလင်း ပိတ်ရတော့မည်အခြေ စိုက်နေသည့် အဖြစ်သနစ်ကို ရင်ဆိုင်နေ၍ အခြားသောက ဗျာပါဒများမှာ မပြောပလောက်အောင် ဖြစ်သွားသည်။ သူ့စိတ်ထဲတွင် တမြိုက်မြိုက် လောင်နေ သည့် သောက မှာ ချက်ချင်းလက်ငင်း သတင်းစာစက္ကူ အလုံအလောက် ၀ယ်ယူရရှိရေး သာ ဖြစ်တော့သည်။ အခြားအရေး ကိစ္စများကိုတော့ နောင်ခါလာ နောင်ခါဈေးပင်။ ထိုအရေးကိစ္စ များသည် ကဏှာမငြိမ်ဖြစ်နေသော သူ့စိတ်ထဲ ၌ ဝေးလံဝိုးဝါး ဖြစ်နေသည်။ အရေးကြီးဆုံးကိစ္စဟု သူ ထင်ထားသည် မှာ ရော့ပတ္တမြား ရော့နဂါးလုပ်နိုင်မည့် ချက်ချင်းလက်ငင်း ကိစ္စသာ ဖြစ်တော့ သည်။
စပင်စာ စာရေးပေး လိုက်သည့် ပထမလိပ်စာအတိုင်း မြို့အရှေ့ပိုင်းသို့ သွားသည်။ လူသိများသော ကုမ္ပဏီ တစ်ခု သို့ ရောက်သွားသည်။ ထိုကုမ္ပဏီတွင် စက္ကူလက်ကျန် မရှိတော့။ ရောင်းနိုင်လိမ့်မည် မထင်။ ကတိမပေးနိုင်။

ဒုတိယလိပ်စာ ရှိရာသို့ သွားပြန်သည်။ တလည်လည် ရှာရသည်။ ပြီးတော့မှ ဟက်ဆော့လမ်းထဲ တွင် ဂိုဒေါင်ပျက်ကြီး တစ်ခုလုံးကို တွေ့သည်။ နေရာကို ကြည့်ကြည့်၊ ပိုင်ရှင်ကို ကြည့်ကြည့် မှောင်ခိုစော်နံနေသည်။ သို့သော် ရောင်းစရာတော့ စက္ကူရှိသည်။ မပြီးနိုင် မဆုံးနိုင် ဈေးဆို ဈေးဆစ်လုပ်ရ၏။ ပြီးမှ ဈေးတည့် သည်။ ငွေချေ ဖို့ လုပ်သည်။
ပေ့သည် ဖရန့်ဟိုလ်ဒင်ထံ ဖုန်းဆက်သည်။ ပေါင် ၆၅၀တန် ချက်လက်မှတ် ပို့ပေးခိုင်း လိုက်သည်။ နှစ်ရက် အတွင်း အရောက်ပို့ပေးမည်ဆိုသော အာမခံချက်ဖြင့် စက္ကူ ၁၂ တန်ရသည်။
အ၀ယ်အခြမ်း ကိစ္စပြီးတော့ ညနေ ၃နာရီ ထိုးနေပြီ။ အငှားကား ရှာမရ။ ဘူတာသို့ အပြေးအလွှား သွားရသည်။ ၃နာရီ ၁၀မိနစ် အမြန်ရထားကို မီရုံကလေး မီလိုက်သည်။ သူ တွဲပေါ်တက်သို့ ရထားက ဘီးလိမ့်စပင် ပြုနေပြီ။ အမောဆို့နေ ၍ တွဲထောင့်တစ်နေရာတွင် ထိုင်ချလိုက်ရသည်။

အလုပ်ကတော့ ပြီးစီးခဲ့ပါ၏။ လူကတော့ စိတ်ထောင်းကိုယ်ကျေ ဖြစ်နေတော့သည်။ ပေ့သည် ဦးထုပ်ချွတ်၊ နဖူးချွေးသုတ်ပြီး သက်သောင့်သက်သာ နေလိုက်၏။ ခဏတော့ ကောင်းသလိုလို ရှိသား။ သို့သော် လူမှန်း မသိချင် သလိုလို ဖြစ်လာသည်။ အသက်ရှူမှန်နေသော်လည်း ဗြုန်းခနဲ ရီဝေေ၀ ဖြစ်လာသည်။ လက်သန်းနှင့် လက်သန်းကြွယ် အထိ လက်ဝဲလက်တစ်လျှောက်လုံး နာကျင်လာသည်။ ဓားဖြင့် ဆွနေသလို။ သွားကိုက်နေ သလိုလို အခံရခက်ခက် နာကျင်ပုံမျိုး။ ပထမတော့ ပုခုံးမျက်၍ လက်နာသည်ဟု သူထင်မိ၏။ သို့သော် ပို၍ ရီဝေေ၀ မူးနောက်နောက် ဖြစ်လာ၏။ ရင်တထိတ်ထိတ် ခုန်လာ၏။ သည်တော့မှ တစ်နေ့ခင်းလုံး ပင်ပန်းလွန်း ၍ နှလုံးက ဒုက္ခ ပေးလာခြင်းဖြစ်ကြောင်း သတိထားမိတော့၏။
နိုင်ထရိုဂလစ်စရင်းဆေးပြား စားရန် အိတ်ထဲတွင် စမ်းသည်။ မတွေ့။ သုတ်သီးသုတ်ပြာထွက်လာ ခဲ့၍ ဆေးပြားတွေ ပါမလာ။ မျက်စိစုံမှိတ်ကာ မှေးအိပ်နေလိုက်ရုံသာ ရှိတော့သည်။ ခရီးသည်များ က သူ့ကို ၀ိုင်းကြည့်နေမှန်း သိသည်။ လူရယ်စရာမဖြစ်အောင်သာ ထိန်းနေလိုက်ရတော့သည်။

ဟယ်ဒယ်လ်စတန် သို့ ပြန်ရောက်သည်။ ဘူတာပြင်သို့ရောက်မှ လေစိမ်း ရှူရှိုက်လိုက်ရ၍ လန်းလန်းဆန်းဆန်း ဖြစ်လာသည်။ အငှားကားစီးသည်။ သတင်းစာတိုက်သို့ ပြန်လာခဲ့သည်။ တိုက်သားတွေ အားရှိအောင် စက္ကူဝယ် ၍ ရလာကြောင်း ပြောလိုက်ဦးမည်။ ပြီးလျှင် ဆေးပြား နည်းနည်း သောက်လိုက် မည်။ နေကောင်းသွားလိမ့်မည်ဟု တွေးထင်ထားသည်။ ပေ့သည် သတင်းစာတိုက် လှေကားပေါ်သို့ သတိထား ၍ တက်သွားသည်။ သူ့အခန်းတံခါးကို ဖွင့်ဝင်လိုက် သည်။ မစ်မော့ဖတ်က စာရွက်များကို ဖိုင်တွဲနေသည်။
"မစ္စတာ မိတ်တလန်ကို ခေါ်လိုက်စမ်းပါ"
မစ်မော့ဖတ် က မထုံတတ်တေး လုပ်နေ၍ "စက္ကူကိစ္စကိုတော့ ကျွန်တော် ရှင်းခဲ့ပါပြီ" ဟု ဆက်ပြော လိုက်သည်။

မစ်မော့ဖတ် က သူ့ကို မလှုပ်တလှုပ် လှည့်ကြည့်သည်။ မျက်နှာထားက ထူးခြားလွန်းနေသည်။
"ရှင် ဒီလောက် ဒုက္ခခံနေစရာတောင် မလိုပါဘူး"
"ဘာဖြစ်လို့လဲဗျ" "မနက်က စာတွေအားလုံးကိုသာ ဖတ်သွားရင် ရှင် ဒီစာကို တွေ့မှာ"
မစ်၏မော့ဖတ်က သူ့စားပွဲသို့လာပြီး စာတစ်စောင် ထိုးပေးလိုက်၏။ ဖတ်မကြည့်ရမီမှာပင် မစ်မော့ဖတ်က စကား ဆက်ပြောသည်။
"ပုံနှိပ်စက်ခန်းတိုက် သို့ သူတို့ ၀ယ်လိုက်ကြပြီ။ သုံးရန်မသင့်ဟု သတ်မှတ်လိုက်သည်။ အနည်းဆုံး သုံးလတော့ မသုံးနိုင်တော့ ဘူး။ ရဲအစောင့် လည်း ချထားတယ်။ လမ်းဆုံးပါပြီ"
ထိုစကားလုံးများ သည် ပေ့၏ ခြေကုန်လက်ပန်းကျမှု မြူဝတ်လွှာရုံကို အတန်ကြာအောင်ပင် ထိုးဖောက်နိုင်စွမ်း မရှိ။ ထိုးဖောက်နိုင်လိုက်သည်နှင့် တစ်ပြိုင်နက် မူးနောက်ရီဝေမှု ပြန်ပေါ်လာ၏။ အခန်းထဲတွင် ရှိရှိ သမျှ ရွေ့လျားခြင်းမရှိ။ သူတစ်ယောက်တည်းသာ ထူးထူးဆန်းဆန်း ချာချာလည်ပြီး ခွေယိုင်သွားသည်။ ဂျင်လုံးလေး အရှိန်သေပြီး လဲကျသွားသည့်အလား။

(၁၃)

ပေ့ သတိပြန်လည်လာသောအခါ ကြမ်းပေါ်တွင် အဆန့်သား ဖြစ်နေသည်။ လည်ပင်းမှာက အင်္ကျီ ကြယ်သီး ပြုတ် လျက်သား။ နဖူးပေါ်က အ၀တ်ရေစို အုပ်လျက်သား။ ပြတင်းပေါက် နှစ်ပေါက်စလုံး က ပွင့်လျက် သား။ မိတ်တလန် ရောက်နေသည်။ ကြမ်းပေါ်တွင် ဒူးထောက်ထိုင်ပြီး ဥတ္တရအလင်း တစ်စောင်ဖြင့် သူ့ကို ယပ်ခပ်ပေးနေ ၏။
"ကောင်းသွားပါပြီ။ ခေါင်းအေးအေးထားပေါ့ဗျာ"
"ငါ့နှယ်ကွာ ဒီလောက်တောင် ဖြစ်ရတယ်လို့"
ဟင်နရီပေ့ က ရေရွတ်လိုက်၏။ ပေ့က သူ့ကိုယ်သူ ဒေါသ ဖြစ်နေသည်။ မစ်မော့ဖတ်က ဒေါက်တာဘတ်ထံ တယ်လီဖုန်းဆင်နေ သည်ကို တွေ့ရ၍ ဒေါသ ပိုထွက်လာသည်။
"ဆရာဝန်ခေါ်နေဖို့ မလိုပါဘူးဗျ" ဟု ပြောပြီး ထထိုင်သည်။

လည်စည်းကို ပြင်စည်းသည်။ ပုံပျက်ပန်းပျက် မဖြစ်အောင် ကိုယ်ဟန်ပြင်လိုက်သည်။
မစ်မော့ဖတ် က ပြန် "ပက်" လိုက်ဦးမည် လုပ်ပြီးမှ နှုတ်ပိတ်နေလိုက် သည်။ ဒေါက်တာဘတ် ရောက် လာသည်။ ပေ့ လက်ကို ကိုင်ပြီး သွေးစမ်းသည်။
"နေပူ မိသွားလို့ပါ" ပေ့ က ပြောသည်။
"ဟုတ်တယ်။ ဒီနေ့ နည်းနည်း ပူတယ်"
"ကျွန်တော် ဒီနေ့တစ်နေ့လုံး မန်ချက်စတာ ရောက်နေတာ။ အပင်ပန်းခံလိုက်လို့ပါဗျာ"
သူ ဆို့တက်သွားရသည့်အကြောင်းကိစ္စကိုတော့ ထုတ်မပြော။
"ဒါပေါ့ ..." ဘတ်က နားထောင်မြဲ နားထောင်နေသည်။ နောက်ဘက်တွင် စိုးရိမ်မကင်း ရပ်ကြည့်နေသည့် မိတ်တလန် ကိုသာ တစ်ချက်တစ်ချက် မော့ကြည့်သည်။

"ကဲ ... ကျွန်တော် အိမ်လိုက်ပို့ပေးမယ်။ လမ်းမှာ ကျွန်တော် ဆေးခန်း ခဏ၀င်တာပေါ့"
ကားပေါ်တွင် ပေ့ စကားမပြော။ သူ့အတွေးနှင့် သူ။ ပေ့ လဲကျသွားတာ ပင် ကောင်းကောင်း ဖြစ်နေ သည်။ မော်ကွန်း၏ အငိုက်ထိုးချက် ကို ခံသာသွားသည်။ သူ့ဦးနှောက်က ကြည်ကြည် လင်လင် ကြောင်းကျိုးကောင်းဆိုး ဆက်ဆက်စပ်စပ် စဉ်းစားနိုင်လာသည်။ သူ လုပ်ရမည့် အစီအစဉ်ကို ဆုံးဖြတ် လိုက် သည်။
နှိပ်စက်ကလူပြုလာသည့် ခြိမ်းခြောက်မှုအောက်တွင် တည်ငြိမ်အေးချမ်းသော သူ့စိတ်က ကျစ်လစ် သိပ်သည်း လာသည်။ အတိုင်းအဆ မရှိ ခုခံတွန်းလှန်နိုင်စွမ်းပေါ်လာသည်။ မပျော့မခွေ မညွတ်မပျောင်း ခိုင်မာလာသည်။ သူ့စိတ် ဒုံးဒုံးချ လိုက်ချိန် တွင် သန္နိဌာန်အရှိန်ဖြင့် နားထင်၌ သွေးတဒိန်းဒိန်း ဆောင့်တိုးနေလေ၏။

ဆေးခန်းသို့ ရောက်လာသောအခါ ဒေါက်တာဘတ်က သူ့ကို ကွပ်ပျစ်ပေါ်တွင် အိပ်ခိုင်း သည်။ သွေးတိုးနှုန်း တိုင်းကြည့်သည်။ ပေ့က နာရီနှင့် မျက်လုံးမခွာ။ စိတ်မရှည် လက်မရှည် စောင့်ကြည့် နေ သည်။ ဒေါက်တာဘတ် က နှလုံးတိုင်း လျှပ်စစ်ကိရိယာ ကို တွန်းယူလာသည်။
"အဲဒါကြီး လုပ်မနေပါနဲ့တော့ဗျာ။ နားကြပ်နဲ့ တိုင်းလည်း ပြီးရောပေါ့" ပေ့က ပြောသည်။
"ဒါလေးတော့ လုပ်လိုက်တာပေါ့ဗျာ"
ပေ့ ငြိမ်ခံနေလိုက်သည်။ လျှပ်စစ်ကိရိယာများဖြင့် တိုင်းပြီးနောက် ဒေါက်တာဘတ်က မင်ခြစ် စာရွက်ရှည် ကို ပြတင်းပေါက်အနီးသို့ ယူသွားသည်။ အတော်ကြာကြာ ကြည့်နေသည်။
"ဟင်နရီ ... ခင်ဗျား လေကြောင်းကာကွယ်ရေးမှူး လုပ်နေတုန်းက ကျွန်တော် ပြောခဲ့တာ မှတ်မိသေးရဲ့လား"
ဒေါက်တာဘတ် က ကွပ်ပျစ်စွန်းတွင် လာထိုင်ပြီး ပေ့ကိုမေးသည်။

“မှတ်မိသားပဲ”
“အဲဒီတုန်းက ခင်ဗျား နားမထောင်ခဲ့ဘူး။ အခုတော့ နားထောင်မှ ဖြစ်တော့မယ်။ အလုပ်တွေရပ်ထားပြီး အနည်းဆုံး တစ်လခွဲလောက်တော့ အနားယူပေတော့”
“နောက်မှပေါ့လေ”
“ကျွန်တော် မရမက တိုက်တွန်းနေတာနော်”
“ကျေးဇူး ပါပဲဗျာ။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော် ဘာမှ ကတိမပေးနိုင်ဘူးဗျာ” ခဏငြိမ် သွားသည်။ ဒေါက်တာဘတ်က…
“နားထောင်စမ်းပါ၊ ဟင်နရီ။ ခင်ဗျား နှလုံးက ဂရုစိုက်နိုင်မှ တန်ကာကျလိမ့်မယ်။ ဂရုစိုက်ရင် ကျွန်တော့်ထက် အသက်ရှည် မယ်။ ပစ်ထားရင်တော့…”ဟု လေးလေးနက်နက် ပြောသည်။
“ကျွန်တော် ဂရုစိုက်ပါတယ်ဗျ”
“ခင်ဗျား ကသာ ထင်နေတာကိုး။ ဒါပေမဲ့ မှားတယ်။ အပြင်ပန်းမှာတော့ ခင်ဗျား စိတ်ငြိမ်တယ်။ အတွင်းမှာတော့ ခင်ဗျား သိပ်စိတ်ပင်ပန်းနေတယ်။ စိတ်သောကတွေ ဖိစီးနေတာ အတော်ကြာနေပြီ။ ကိုယ့်ကိုယ်ကိုယ် သတ်နေတာ နဲ့ အတူတူပဲ”
ဒေါက်တာဘတ် က အသံကို နှိမ်လိုက်ပြီး နှစ်သိမ့်ဖျောင်းဖျသလို ဆက်ပြောသည်။

“အသိတရားရှိတဲ့လူဆိုတာ တန်ဆေး လွန်ဘေးကို နားလည်တယ်။ ခင်ဗျားရဲ့ ဆရာဝန်၊ ခင်ဗျားရဲ့ မိတ်ဆွေအနေနဲ့ ကျွန်ေ်တ်ာပြောမယ်။ ခင်ဗျားမှာ ဒီတိုက်ပွဲကို ဆက်တိုက်ဖို့ ရုပ်အင်အား မရှိတော့ဘူး။ ဒီအနေအထားမှာ အလျှော့ပေးတာဟာ အရှုံးပေးတာ မဟုတ်ပါဘူးဗျာ။ ဆော့ခရာတီး ပြောတာ မှတ်မိတယ် မဟုတ်လား။ မလွှဲမရှောင်သာ လို့ အညံ့ခံရတာဟာ ရှုံးနိမ့်မှု မဟုတ်ဘူးတဲ့။ ဘယ်အချိန်မှာ အလျှော့ပေးရမယ် ဆိုတာကို သိတာဟာ အောင်နိုင်မှု တစ်မျိုးပဲတဲ့”
“ခင်ဗျား က ကျွန်တော့်ကို အလွယ်လမ်းလိုက်ခိုင်းနေတာလား”
“ခင်ဗျား အကျိုးအတွက် . . . ဟုတ်တယ်”
“မလုပ်နိုင်ဘူးဗျာ။ ကျွန်တော်ကတော့ ဆက်ပြီး စခန်းသွားရမှာပဲ”
ငြိမ်သွားပြန်သည်။ အပြင်မှ ယာဉ်အသွားအလာ အသံဗလံများကို ကြားနေရ၏။

“ကောင်းပါပြီလေ။ ခင်ဗျားကိုယ်ခင်ဗျား သတ်ချင်တယ်ဆိုလည်း သတ်တော့ပေါ့”
ဒေါက်တာဘတ် ကွပ်ပျစ်ပေါ် မှထပြီး ဆေးထိုးအပ်ပြင်သည်။
“လောလောဆယ်တော့ အိပ်ဆေး ထိုးပေးလိုက်မယ်။ အိမ်တန်းပြန်ပြီး အိပ်လိုက်ပေတော့ပေါ့”
ဆေးထိုးပြီးနောက် ပေ့ အင်္ကျီဝတ်သည်။ ဒေါက်တာဘတ်၏ စကားကြောင့် ထူးထူးခြားခြား အနှောင့်အယှက် မဖြစ်။ သူ့စိတ်ထဲတွင် ပြဿနာပေါင်းစုံ ခိုအောင်းနေသည်။ ဒေါက်တာဘတ်ကို အစိုးရိမ်လွန်သူအဖြစ်သာ အမြဲ သဘောထား ခဲ့သည်။
သို့သော် သူ့စကားကို ပစ်ပစ်ပယ်ပယ် လုပ်လိမ့်မည်ဟု အထင်မရောက်စေလို။
“တစ်ပတ်လောက် အတွင်း အလုပ်လျှော့လုပ်တော့မှာပါဗျာ။ ဒါထက် စောချင်လည်း စောမှာပေါ့လေ”
ဒေါက်တာဘတ် က မျက်ခုံးချီလိုက်သည်။

“ခင်ဗျား ကောင်းသွားပါလိမ့်မယ်။ ခင်ဗျား လူနာကောင်း မဟုတ်ပေမယ့် လူကောင်းပဲဗျာ။ နက်ဖြန်ကျတော့ ၀င်ခဲ့ဦးလေ” ဟု ပြောသည်။ ဆေးတောင့်ကလေးများ ထည့်ထားသည့် ဘူးတစ်ဘူးပေးသည်။
“မူးနောက်နောက် ဖြစ်လာရင် ဒါလေးတစ်လုံး ချိုးပြီးရှူလိုက်”
ဒေါက်တာဘတ် က အငှားကားခေါ်သည်။ ပေ့ကို ကားပေါ်အထိ လိုက်ပို့သည်။ ဟန်လေလမ်းသို့ ပို့ပေးရန်ပင် မှာလိုက်သေး၏။ ပန်းခြံလမ်းထောင့် မီးပြတိုင်သို့ရောက်တော့ ပေ့က ကားသမားကို ညာဘက်ချိုးခိုင်းသည်။ ဥတ္တရအလင်း သတင်းစာတိုက်သို့ မောင်းခိုင်းသည်။

ပေ့သည် လုံးဝ သက်သာလာသလို ခံစားရသည်။ ယခင်ထက်ပင် ပို၍ နေကောင်းထိုင်သာ ရှိလာ သလိုလို။ ခေါင်းထဲတွင် ရှင်းကြည်လာ၏။ နာတာကျပ်တာ မရှိတော့။ အသက်ရှူ မကျပ်တော့။ ဆရာဝန် က ဆေးထိုးပေးလိုက်၍လားတော့ မဆိုနိုင်။ ထူးထူးခြားခြား စိတ်တည်ငြိမ်မှု ရလာသည်။ ရှုမြင် မြှော်ခေါ်မှုပင် ကြည်လင် ခိုင်ခန့်လာသည်။
ဥတ္တရအလင်း ၏ အခြေအနေက သန်းခေါင်ထက် ညဥ့်မနက်နိုင်တော့။ ယိမ်းယိုင်ပြိုကွဲဖို့ တည်းတည်းသာ ကျန်တော့ သည်။ ကြွေးရှင်တွေက ပတ်ချာဝိုင်း။ လစာတွေက မပေးနိုင်။ သတင်းစာ စက္ကူက အကြွေးဝယ်မရ ။ အလုပ်သမားခေါင်းဆောင်တွေ က “မပေးနိုင် ရောင်းပစ်” လေသံဟစ်။ ယခုတစ်ဖန် ပုံနှိပ်စက်ခန်းတိုက်ကို အပိတ်ခံ လိုက်ရပြန်လေပြီ။

ဆက်ရန်
.

No comments: