တာကောဒီ ၏ မှော်ရုံဟေ၀န် တောမြိုင်စွန်
ကျွန်တော့်မျက်စိ ထဲတွင် “အရောင်လွင့်နေသော ဂျင်း အင်္ကျီအပြာလက်ရှည်” ၊ပုဆိုးအဖြူခံအပြာ ကွက်တောက်၊ ဆံပင် တစ်ခေါင်းလုံးဖွေး ကာ ဆေးတံခဲ ထားသည့် စူးရှတောက်ပသော မျက်လုံးအစုံ ပိုင်ရှင် ထူထဲ နက်မှောင်သော မျက်ခုံးမွှေး များဖြင့် အမြဲတမ်း ပြုံးနေသည့် ကိုစိန်၊ ကျွန်တော် ၏ အပ်စိုက် ပညာလက်ဦး ဆရာကိုစိန်၊ ကျွန်တော့် အား ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ (ဘော်လ်ရှီဗင်) သမိုင်းအကျဉ်းချုပ် ကို အကြိမ်ကြိမ် ပြောပြဆွေးနွေးခဲ့သည့် ကိုစိန့်ကို မြင်ယောင်နေ မိ ပါသည်။ “လောက်တိုက်“ တွင်သူပြောပြခဲ့သည့် သူ့ဝတ္ထုလေး “နန်းရှေ့ချိုင့်စံ” ကို အမှတ်ရနေ မိ ပါသည်။

..............................................................................................................................................
ဝေးလံသောအရပ် မှ ရေစီးသံလို အသံသဲ့သဲ့ကြားနေရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက ညဖြစ်လေသလား မသိ မှောင်မှောင်မည်းမည်း။ အရင်းတုတ်ကာ အဖျားသွယ်သွားသော အမျိုးအမည်မသိ ပင်အုပ်ကြီး များနှင့် တော၏ အလယ်ခေါင်တွင် ကျွန်တော်ရောက်နေသည်ထင် သည်။ မျက်စိတဆုံး ပင်အုပ် တောအုပ် ကြည့်လေရာ ချာချဖာလည်၊ ထိုပင်အုပ် ထိပ်ဖျား လွတ်ရာနေရာတွင် ကောင်းကင်ကိုမှိန်ဖျဖျဖြစ်နေရသည်။ ကြယ်တစ်ပွင့် လတစ်စင်းမရှိ၊ ဟိုး ကောင်းကင်မှ နှင်းစက်လား မိုးစက်လားမသိ ရေစက်များကခြောက်သွေ့ တင်းမာနေသော ကျွန်တော့်နှုတ်ခမ်းထက် သို့ ကျလာသည်။ ရေစက်များ၏ အတွေ့က အေးမြစူးရှစွာ ကျွန်တော့် မနောအာရုံထဲ ထိုးဖောက်ဝင်လာသည်။ ရေစီးသံသဲ့သဲ့က ခေါ်သံအဖြစ် တဖြေးဖြေး ပီပြင် ကျယ်လောင် လာသည်။
ညီလေး. . . ညီလေး . . . ကျွန်တော့်မျက်လုံးအစုံပွင့်လာသည်။ ကျွန်တော်က ဖျာတစ်ချပ်ပေါ်တွင် လဲလျောင်း အိပ်စက်နေပြီး ကျွန်တော့်ဘေး တွင် စိုးရိမ်သောမျက်နှာများဖြင့် ၀ိုင်းပြုစုနေသူ (၄) ဦး၊ ထိုသူများမှာ ကိုမောင်စိန်၊ ကိုမြအေး၊ ဦးအောင်နုနှင့် ဦးစော တို့ဖြစ်ကြသည်။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း၊ တောက်ပပြူးကျယ်သော မျက်လုံးကောင်းကောင်း၊ မျက်ခုံးကောင်းကောင်းနှင့် ကိုစိန် က ကျွန်တော့် နဖူးနှင့် နှုတ်ခမ်း များပေါ် သို့ ရေပတ် တင်ပေးနေ သည်။ ကျွန်တော် သတိကောင်းကောင်းရလာပြီ ကျွန်တော်သည် အင်းစိန်ထောင် အမှတ် (၂) ကြိုးတိုက်ထဲ တွင် မစင်တိုက် (ခေါ်) လောက်တိုက် တွင် တိုက်ပိတ်ပြစ်ဒဏ်ဖြင့် ရောက်ရှိ ရင်း ခြစ်ခြစ်တောက် အဖျားသွေး တက်ကာ သတိလစ်သွားတာ မဟုတ်ပါလား၊ အချိန်က ၁၉၇၉ ခုနှစ် မေလ၊ ရက် အတိအကျတော့ မမှတ် မိတော့။
ထိုအချိန်က ကျွန်တော်သည် တက္ကသိုလ်ကျောင်းသားလူငယ်တစ်ဦးအဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရာပြည့်ကျောင်းသား လှုပ်ရှားမှုများ တွင် ပါဝင်ရင်း အင်းစိန်ထောင်တွင် ထောင်ဒဏ် (၇) နှစ် ကျခံနေရချိန်ဖြစ် သည်။ ကိုစိန် (ခ) ကိုမောင်စိန် မှာ စစ်တောင်းစက္ကူစက် အင်ဂျင်င်္နီယာ တစ်ဦးဖြစ်သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ ကို လိုလားသူ၊ ပါတီနှင့် အဆက်အသွယ်ရှိသူ အုပ်စုများက ထုတ်ဝေသော “မီးမောင်း” စာစောင်ဖြန့်ချီ ရာ တွင် ခေါင်းဆောင် တစ်ဦး အဖြစ် ပါဝင်ရင်း အလုပ်နှင့် ထောင်ဒဏ် (၉) နှစ် ချမှတ်ခြင်း ခံရသူဖြစ်သည်။ ကိုမြအေး မှာ ရ-က-သ ကျောင်းသားတစ်ဦးဖြစ်ပြီး ကိုးကိုးကျွန်း တွင် ကိုယ်ထူကိုယ်ထ စနစ် ဖျက်သိမ်းရေး၊ ကျွန်းတိုက်ပွဲများ တွင် ဖြတ်သန်းခဲ့သူဖြစ်သည်။
သူသည် လည်း “မီးမောင်း” ခေါင်းဆောင်တစ်ဦး အဖြစ် ထောင်ဒဏ် (၉) နှစ် ချမှတ်ခံရသူဖြစ်သည်။ ဦးစောနှင့် ဦးအောင်နု တို့မှာ သမိုင်းချည်စက်မှ အလုပ်သမားကြီးများဖြစ်ကြပြီး ၁၉၇၄ အလုပ်သမားအရေးတော်ပုံကြီးတွင် ပါဝင် ခဲ့သဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၄) နှစ် ချမှတ်ခံရသူများ ဖြစ်ကြပါသည်။ ကျွန်တော်တို့ အားလုံး ပြစ်ဒဏ်တိုက်ပိတ်များ အဖြစ် အမှတ် (၂) ကြိုးတိုက်ရင်ကွဲတိုက်တွင် ထောင်အခေါ် လောက်တိုက် (သို့မဟုတ်) မစင်တိုက်ပိတ်ပြစ်ဒဏ်ဖြင့် ရောက်ရှိနေကြသူများဖြစ်ပါသည်။ သွားလေသူ ကိုစိန်နှင့် ကျွန်တော် တို့ အတူဖြတ်သန်းခဲ့ရသည့် ထိုကြမ်းတမ်းခက်ထန်သော ပြစ်ဒဏ်တိုက်ပိတ်အဖြစ်စုံကား ဤသို့လျှင် အစပျိုး ခဲ့ပါသည်။
၁၉၇၆ သြဂုတ်လတွင် ရန်ကုန်တိုင်း စစ်ခုံရုံးအမှတ် (၂) မှ ကျွန်တော့်အား ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက် ဥပဒေ ၅(ည)အရ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်ချမှတ်ပြီး တစ်လနှစ်လခန့် အကြာတွင် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီး စစ်ခုံရုံးများ ကိုလည်း ဖျက်သိမ်းလိုက်သည်။
ဤအခြေအနေဆိုးများကို နှစ်ပေါင်းများစွာ အကြိမ်ကြိမ် ဖြတ်သန်းရင်း ထောင်ကျနိုင်ငံရေး အကျဉ်းသားများက မိမိတို့ အချင်းချင်း “စားအိုးတွဲ”ကာ လူပြန်စုကြသည်။ ကိုစိန်နှင့် ကျွန်တော် တို့ ပြဿနာဖြစ်လုနီး တွင် ရောက်ရှိ စုရုံးမိသည်မှာ အဆောင် (၅) ထောင်ကျဆောင်ဖြစ် သည်။ အဆောင်မှူးမှာ ထောင်မှူးကြီး ဦးဘိုနီနှင့် ထောက်လှမ်းရေး အကူတပ် (ဗ-ထ-လ) မှ တပ်ကြပ်ကြီး စောမောင်စိန်ဖြစ်သည်။ ကျွန်တော်တို့ အဆောင် ရှိ ၁၉၇၄၊ ၁၉၇၅ အလုပ်သမား သပိတ်ကြီးမှ အလုပ်သမားရဲဘော်များအားလုံး စုစုပေါင်းလူ (၄၀) ခန့်စားအိုးတွဲထားကြ သည်။
နိုင်ငံရေးအကျဉ်းသားများထဲမှ ကျွန်တော်တို့နှင့် စားအိုးမတွဲသူမှာ 'အလံနီ' အုပ်စု (၃)ဦးသာ ဖြစ်သည်။ ၄င်းတို့ မှာ ကိုမြင့်စိုး (ယခု) စာရေးဆရာ မောင်သွေးချွန်၊ အောင်မြင်သောင်း (အင်းစိန် ဂျီတီအိုင် သပိတ်မှောက်ကျောင်းသား ပခုက္ကူ)နှင့် အလုပ်သမား ကိုနေဝင်း (ခ)သက်ပြင်းတို့ ဖြစ် ကြပါသည်။ ကျွန်တော် တို့ စားအိုး တွဲရာ တွင် အလုပ်သမားရဲဘော်ကြီးများက ''အလုပ်ကြီး" ဟုခေါ်သော လက်သမား ဘုတ်၊ လွှစက်၊ ပန်းရံဘုတ်၊ ယက်ကန်း စသည့် ထောင်အလုပ်ဌာနများ တွင် အလုပ်လုပ်ကြရသည်။
ကျွန်တော်တို့ ၅(ည) ကျောင်းသားများနှင့် မီးမောင်းရဲဘော်များကို ထောင်အာဏာပိုင်များက တရားဝင် အလုပ်မချဘဲ အခန်းသန့်ရှင်းရေးအဖြစ် စာရင်းထည့်ထားပေးသည်။ အချိန်မကျသေး ၍ ပြဿနာ ကို ရှောင်ထားခြင်း သာဖြစ်သည်။ ၁၉၇၉ မတ်လ (၁၅) ရက်နေ့တွင်ကား ထောင်ပိုင်ကြီး မက္ကနား ကိုယ်တိုင်ရောက် ရှိ လာပြီး ကျွန်တော်တို့ ကျောင်းသားများနှင့် မီးမောင်းရဲဘော်များကို အလုပ်ဌာနများသို့ အသီးသီး ခွဲဝေ ချထားသည်။ ကျွန်တော်တို့က ကျန်းမာရေးအကြောင်းပြပြီး ငြင်းဆန်သော်လည်း အလုပ်ကြီး သို့ လိုက်သာသွားပါ ရွေဘော်တစ်ချက်မထိုး အမှိုက်တစ်ပင်မလှဲစေရ ဟု တာဝန်ခံသဖြင့် ကျွန်တော်တို့ အများစု က ဘ၀တူ အကျဉ်းသားများကို စည်းရုံး၍ အကြောင်းအချက် ခိုင်လုံရမည်၊ အကန့်အသတ်ရှိရမည်။
အကျိုးအမြတ်ရှိရမည် ဟူသော “အ” သုံးလုံးပေါ်လစီအရ တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပါသွားခဲ့ကြပါသည်။ အလုပ်ကြီး တွင် လေ့လာရေးအစုများဖွဲ့ကာ မာ့ခ်ဝါဒလေ့လာခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ မတရား ဖိနှိပ်ချုပ်ခြယ်မှုများကို စနစ်တကျတုံ့ပြန်ခြင်း များ ပြုလုပ်လာသော အခါတွင် ကား ထောင်အာဏာပိုင် များက ကျွန်တော်တို့ကို အထွေထွေထောင်သပိတ်ကြီးထရန် လှုံ့ဆော်သည်ဟူသော စွဲချက်ဖြင့် ထောင်တွင်း မှာပင် ညအချိန် အိပ်ဆောင်များ သို့ မီးမှိတ်ဝင်ရောက်ကာ ဖမ်းဆီးကြပါတော့သည်။ ။
ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထောင်တွင်းပါတီ ကလာပ်စည်းများ ဖြစ်သည်ဟု မသင်္ကာသူများ ကို ရွေးထုတ်ကာ ကြိုးတိုက်တွင် တိုက်ပိတ်ပါတော့သည်။ ကျွန်တော်တို့၏ ပြင်ပဆက်သွယ်ရေး တာဝန်ခံဟု စွပ်စွဲခံရသူ မှာ မကြာခင်ကမှ လွတ်မြောက်သွားသည့် ဦးသန့်ဈာပနကောမတီဝင် ရန်ကုန်တက္ကသိုလ် စိတ်ပညာ အဓိကကျောင်းသား စောလှငွေ (ယခု KNU Spokesman ဗိုလ်မှူးစောလှငွေ) ဖြစ်ပါသည်။ သို့ဖြင့် ကျွန်တော်နှင့် ကိုစိန်သည် အမှတ် (၂) ကြိုးတိုက် မစင်တိုက် (ခ) လောက်တိုက် ပြစ်ဒဏ်သို့ အတူ တကွ ရောက်ရှိခဲ့ကြခြင်း ဖြစ် ပါသည်။
မစင်တိုက်ဟုခေါ်ရခြင်းမှာ ကျွန်တော်တို့တိုက်ခန်းထဲတွင် အခင်းကြီးအခင်းလေး သွားရန် ဂန်ဖလား ထားမပေး ဘဲ အခန်းထောင့်တွင် “သဲ” ပုံပေးထားခြင်း ဖြစ်ပါသည်။ ထို သဲပုံပေါ် တွင် အခင်းကြီး အခင်းလေး သွားရသဖြင့် ရက်ကြာ လာသောအခါ “လောက်”များပေါက်ဖွား လာပြီး အခန်းအနှံ့ တရွရွတွားသွားကာ မင်းမူနေကြသဖြင့် “လောက်တိုက်” ဟု ခေါ်ခြင်းဖြစ်ပါသည်။ တိုက်ပိတ်ချိန် တွင် အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် “စစ်ကြောရေး” မှ ခေါ်လာကာ စီးစရာ ဖိနပ်ပင်မပေးဘဲ တိုက်ပိတ်ခြင်း ဖြစ်ပါသည်။ အခန်းဝ သံတံခါး ကို ဖျာကာထားသည်။ မျက်နှာခြင်းဆိုင် အခန်း တွင် မီးမောင်း ရဲဘော်များဖြစ်သော ကိုဗေဒါ၊ ကိုအေးကြည်နှင့် စီးပွားရေး တက္ကသိုလ်ကျောင်းသား ကိုကျော်အောင် ရှိသည်။ ကျွန်တော်တို့၏ အခြားဘက် တွင် ကြိုးသမားများရှိသည်။ “ကဲကဲ . . .လုပ် . . .ညီလေး ...လ္ဘက်ရည်ကျစိမ့်လေးနဲ့ အလန်ကွာတာမိန်း တစ်ပုဒ် လောက်” ။
ကိုစိန်က ဖျာကာထားသော သံတံခါးကို ကျောမှီရင်း အပြင်မှ မီးရောင်ကြောင့် အနည်းငယ်ရောင်ပြန်ကာ ခပ်မှိန်မှိန် ဖျော့ဖျော့လင်းနေသော အခန်းတွင် “လောက်” နှိမ်နှင်းရေး လုပ်နေသော ကျွန်တော့်ကို လှမ်းပြော သည်။ လောက်တိုက်ပိတ်ပြီး တစ်လခန့်အကြာတွင် ညတာဝန်ကျ ၀ါဒါလေးတစ်ဦး ကျွန်တော့် အမည်ကို စုံစမ်း ၍ ရောက်လာသည်။ ကလေးမြို့သားဖြစ်ပြီး မန်းတက္ကသိုလ် မှ ဖြစ်ကာ ကိုသန်းဝင်းလား ကိုအောင်ဝင်းလား နာမည် ကိုတော့ အတိအကျမမှတ်မိတော့ သူက စားစရာတချို့နှင့် စာတိုလေး တစ်စောင်ယူလာသည်။ အဆောင် မှ ကျွန်တော်၏ အစ်ကိုသဖွယ် ဖြစ်သည့် မန္တလေးသား စာရေးဆရာ မောင်ဖေငယ် (ကိုတင်ဖေ) က လျှို့ဝှက်ပေးပို့လိုက်ခြင်း ဖြစ်သည်။
စာအရ ၀ါဒါလေးမှာ တက္ကသိုလ်စာပေးစာယူ သင်တန်းတက်နေသူဖြစ်၍ ၄င်းအား အင်္ဂလိပ်စာသင်ပေးရန် အင်္ဂလိပ် စာ စာစဉ်များ ဖြေပေးရန်ဖြစ်သည်။ ဤတွင် ကျွန်တော်တို့၏ ဆက်သွယ်ရေး လမ်းကြောင်း ပွင့်သွားပြီး လျှို့ဝှက် လမ်းကြောင်း မှ စားစရာနှင့် အခြားလိုအပ်သော ဆေးဝါးများ ရလာသည်။ ဦးစွာ ဖိနပ်စုတ် တစ်ဖက် တောင်းပြီး လောက်များ ကို နေ့စဉ်သုတ်သင်ရသည်။ ညရောက်လျှင် တစ်ဦးဘ၀အကြောင်းပြောကြ တစ်ဦး ရင်ကို တစ်ဦး ဖြတ်သန်းကြ၊ ကျွန်တော်က မုဆိုးကြီး အလန်ကွာတာမိန်း၏ စွန့်စားခန်းဝတ္ထု များကို ပြောပြဖြင့် အချိန်ဖြုန်းကြသည်။ နေ့ခင်းပိုင်း တွင် ကိုစိန်က ကျွန်တော့်ကို တရုတ်အပ်စိုက် (Acupuncture) သင်ပေးသည်။
ကိုစိန်မှာ စစ်တောင်းစက္ကူစက်တွင် အလုပ်လုပ်ရင်း တရုတ်ပြည်သို့ ပညာတော်သင်သွားရာမှ အပ်စိုက်ပညာကို စိတ်ဝင်စားပြီး မြန်မာပြည်ပြန်ရောက်တော့ ကိုမောင်လှိုင် ဟူသည့် ရဲဘော်တစ်ဦးထံမှ အပ်စိုက် ပညာ တတ်ကျွမ်း ခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် ရီစရာကောင်းသည်မှာ မီးမောင်းစာစောင်ကိစ္စဖြင့် ကိုစိန် အဖမ်းခံရတော့ သတင်းစာ များတွင် “ပီကင်းပြန်မောင်စိန်” ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြခံရခြင်းပင်ဖြစ်သည်။ ကိုစိန် ပီကင်းရောက်သည် မှာ စက္ကူစက် ပညာတော်သင်အဖြစ် သွားခြင်းဖြစ်သည်။ ကိုစိန်မှာ စစ်ကွင်း ဇာတိဖြစ်သည်။ ၁၉၆၂ ခုနှစ် တွင် မက်ထရစ်အောင်ပြီး တက္ကသိုလ်ရောက်တော့ ဇူလိုင် (၇) ရက် အရေးတော်ပုံကြီးနှင့် ပက်ပင်းတိုး ပါတော့သည်။
သို့နှင့်ပင် လုလင်ငယ်သွေးကျောင်းသားလေး မောင်စိန်၏ နှလုံးအိမ် အတွင်းဝယ် အာဏာရှင် စနစ် ဆန့်ကျင်ရေး မျိုးစေ့ များ အညွှန့်အတက်ထွက်လာပါတော့သည်။ လုပ်ငန်းခွင်ထဲရောက်သောအခါ ဗမာပြည် ကွန်မြူနစ် ပါတီ မြေအောက်ကလာပ်စည်းများ နှင့် ဆက်သွယ်မိကာ ကွန်မြူနစ်တစ်ယောက် ဖြစ်လာပါသည်။
အခန်းထဲတွင် ကျွန်တော်၊ ကိုစိန်နှင့် ကိုမြအေးတို့မှာ မာ့က်ခ်လီနင်ဝါဒမော်အ တွေးအခေါ် လက်ခံကာ ဗမာပြည် ကွန်မြူနစ်ပါတီ ကို ထောက်ခံသူများဖြစ်ကြသဖြင့် ပို၍ပို၍ နက်နက်ရှိုင်းရှိုင်း သံယောဇဉ် တွယ်လာခဲ့ကြပါသည်။ ဖျာစကို “အပ်” လုပ် လှည့် ၍ လေ့ကျင့်ကာ အလုပ်သမားကြီး ဦးစောက ခါးတောင်းကျိုက် အ၀တ်ဗလာဖြင့် အပ်စိုက်ကွက်များ ကို သရုပ်ပြပေးသည်။ တစ်နှစ်ကျော်တိုက်ပိတ်ပြစ်ဒဏ်မှ တိုက်ပြန်ဖွင့် တော့လည်း ကိုစိန်နှင့် ကျွန်တော် မှာ (၅) ဆောင်ပြန်ရောက်ပြီး စားအိုးတွဲကြပြန်သည်။ ဒီတစ်ခါတော့ ထောင်အာဏာပိုင်များက ကျွန်တော် တို့ကို အလုပ်မခိုင်းတော့ဘဲ ဘေးမဲ့ပေးထားလိုက်သည်။ ကျွန်တော်တို့စားအိုးတွဲ (၄၀) ကျော်ခန့် ရေနွေးဘုတ် ဈေးရောင်းဘုတ် ပုတီးဘုတ်စသဖြင့် အလုပ်တာဝန်ခွဲစေကာ စားဝတ်နေရေး ဖြေရှင်းပြီး လျှို့ဝှက်လေ့လာရေး များ လုပ်ကြသည်။
ကျွန်တော်က အလုပ်သမားရဲဘော်များကို အင်္ဂလိပ်စာသင်ပေးပြီး ကိုစိန်နှင့် ကိုဝင်းမြင့် (တေးရေး …၀င်းမင်းထွေး) တို့က on practice (လက်တွေ့)ကို မြန်မာဘာ သာပြန်ပေးသည်။ ဖ-ဆ-ပ-လ အစိုးရ လက်ထက် ထောင်စာကြည့်တိုက်ဟောင်း မှ မာ့က်ခ်-အိန်ဂျယ်လက်ရွေးစင်ကျမ်း (၂) တွဲရရှိထားသဖြင့် ခိုးဝှက် လေ့လာကြသည်။ နေ့ခင်းပိုင်းများတွင် ကိုစိန်နှင့် ကျွန်တော်တို့ ဗ-က-ပ မြေအောက်အဖွဲ့များ တိုက်ခိုက် ခံရ ခြင်းနှင့် ပတ်သက် ၍ သင်ခန်းစာများကို မကြာခဏ ထုတ်ယူဆွေးနွေးဖြစ်သည်။
နောင် ယူဂျီလုပ်သည့်အခါ ဆက်သွယ်ရမည့် ရဲဘော်များ စာရင်းကို ပြုစုကြသည်။ ဤသို့ဖြင့် တိုက်ပွင့် အဆောင်ပြန်ရောက်ပြီး ၁လကျော်ခန့် အကြာတွင် ၁၉၈၀-မေ (၂၉) အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကြီးဖြင့် ကျွန်တော် တို့ အားလုံး လွတ်မြောက်ခဲ့ကြပါ တော့သည်။ ကိုစိန်နှင့် ထိုနောက်ပိုင်း ပြန်မဆုံဖြစ်ကြသော်လည်း သူနှင့် ကျွန်တော် သည် မြေအောက်လှုပ်ရှားမှုများတွင် အလံတစ်ခုတည်းအောက်မှ ဆက်လက် လှုပ်ရှားနေကြခြင်း ဖြစ်မည် ကိုကား လုံးဝသံသရ မဖြစ်ခဲ့ပေ။
၁၉၈၉-၃လပိုင်းခန့်တွင် ထောင်ကလွတ်ပြီးကတည်းက မဆုံဖြစ်တော့သော ကျွန်တော်ရှိရာ မန္တလေးသို့ ကိုစိန်ရောက်လာ သည်။ ထိုစဉ်က ကျွန်တော်က မန္တလေးအခြေစိုက် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ပါတီ (မ-န-တ) ၏ တွဲဘက် အထွေ ထွေ အတွင်းရေးမှူး (၂) အဖြစ်ဆောင်ရွက်နေချိန်ဖြစ်သည်။ နေ့ခင်း အစည်းအဝေး အပြီး ကိုစိန်ရောက်လာသဖြင့် သူ့ကို အိမ်ခေါ်ကာ ညစာထမင်းကျွေးပြီး စကားတွေ အများကြီး ပြောဖြစ်သည်။
“ကဲ ဂေါင်းဖြူကြီး ဘာဖြစ်လာပြန်ပလဲ ထုံးစံအတိုင်းဘဲလား ပြောပါဦး” ကျွန်တော်က ဆံပင်ဖြူသော သူ့ကိုခေါင်းဖြူကြီး ဟု ချစ်စနိုးခေါ်သည်။ သူက “ကောင်လေး”ဟုခေါ်သည်။ “ဟုတ်တယ်…ကောင်လေးရ …ထုံးစံ အတိုင်းပေါက်ပြန်ပြီ ကွ ဒီတခါတော့ အဖမ်းမခံနိုင်ဘူး။ ငါ (L.A) လွတ်မြောက်နယ်မြေ သွားတော့မယ်” သူက ဆေးတံဖွာရင်း ပြန်ပြောသည်။ သူ့အပြောအရ မြစ်ဝကျွန်းပေါ်ယူဂျီ ပေါက်ရာတွင် သူလည်း ပေါ်သွားပြီဟု ဆိုသည်။ ဘယ်သွားမလဲမေးတော့ “ပါတီ (ဗ-က-ပ) ကို မသွားတော့ဘူးကွာ ငါ့ကျောင်းသားတော်လှန်ရေးကို အလုပ်အကျွေးပြုမယ်၊ မြောက်ပိုင်း အေဘီ ကိုဘဲ သွားတော့မယ်” ဟု လှိုက်လှိုက်လှဲလှဲ ဖြေခဲ့သည်။
ဤသည်မှာ ဘ၀တွင် ကိုစိန်နှင့် ကျွန်တော် နောက်ဆုံး ဆုံစည်းခဲ့ခြင်းဖြစ်သည်ဟု ထိုစဉ်က မတွေးမိသေး။ ထို့နောက် သူ အင်းတော်ဘက် သို့ ထွက်သွားသည်။ သူ့ခမျာ သူအလုပ်အကျွေးပြုချင် ရှာ သော ကျောင်းသားတော်လှန်ရေး တွင် ခိုးဝှက်ဝင် ကာ တော်လှန်ရေး အရေခြုံထား သည့် အာဏာရူး တို့က သူ့အား သူ တစ်ဘ၀လုံး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည့် အာဏာရှင်တို့ ၏ ဒေါက်တိုင်ထောက်လှမ်းရေး ဗိုလ်မှူး ဟု လုပ်ကြံ စွပ်စွဲကာ မသေမချင်း ရိုက်နှက်သတ်ဖြတ် ခံခဲ့ရလိမ့်မည်ဟု မျှော်လင့်ထားရှာမည် မဟုတ်ပေ။ သူအသတ်ခံ ရသည့် သတင်းကြားရစဉ် က ကျွန်တော်သည် မန္တလေး နန်းတွင်းထောင်တွင်း ရှိနေ သဖြင့် တိတိကျကျ မသိရ ဘဲ အသတ်ခံရသူ မြောက်ဥက္ကလာမှ ဦးစိန် ဆိုသည်မှာ ကျွန်တော့် ရဲဘော်ကိုစိန်ဟု ကျွန်တော် လုံးဝ မထင်ခဲ့ပေ။ မီးမောင်း ရဲဘော်ဟောင်း ကိုဗေဒါနှင့်ဆုံတော့မှ ကိုစိန်၏ ရင်နင့်ကြေကွဲ ဖွယ်ဇာတ်လမ်း ကို သိရှိရပါသည်။
ကျွန်တော့် မျက်စိထဲ တွင် “အရောင်လွင့်နေသော ဂျင်းအင်္ကျီအပြာလက်ရှည်”၊ ပုဆိုးအဖြူခံ အပြာကွက်တောက်၊ ဆံပင်တစ်ခေါင်းလုံးဖွေးကာ ဆေးတံခဲထားသည့် စူးရှတောက်ပသော မျက်လုံးအစုံပိုင်ရှင် ထူထဲနက်မှောင်သော မျက်ခုံးမွှေးများဖြင့် အမြဲတမ်းပြုံးနေသည့်ကိုစိန်၊ ကျွန်တော်၏ အပ်စိုက်ပညာလက်ဦးဆရာကိုစိန်၊ ကျွန်တော့်အား ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ (ဘော်လ်ရှီဗစ်) သမိုင်းအကျဉ်းချုပ်ကို အကြိမ်ကြိမ် ပြောပြဆွေးနွေးခဲ့သည့် ကိုစိန့်ကို မြင်ယောင်နေမိ ပါသည်။ “လောက်တိုက်” တွင်သူပြောပြခဲ့သည့် သူ့ဝတ္ထုလေး “နန်းရှေ့ချိုင့်စံ” ကို အမှတ်ရနေမိပါသည်။
ကိုစိန် ကောင်းရာသုဂတိလားပါစေ။ အာဇာနည်များ ထာဝစဉ် ဥဒါန်းတွင်ရစ်ပါစေ။
တာကောဒီ
နွယ်နီမဂ္ဂဇင်း၊ ဇွန်လ ၂ဝ၁၂
.

No comments:
Post a Comment