၎င်းပြင် အထက်တန်းစား တောင်ပိုင်းသားများဖြင့် ပြည့်နှက်နေသော ခန်းမကြီးတစ်ခုလုံးကို ထိန်းသိမ်း ဖို့ ဆိုသည် မှာလည်း မလွယ်ကူလှ။ သို့သော် ကျွန်တော်ကား ချမ်းလွန်းလှပြီ။ စိတ်ဓာတ်မှာ လည်း ရူးလု မတတ် ပင် ဖြစ်နေချေပြီ။ ရပ်ကွက် နှစ်ဆယ်ကျော် ဖြတ်ပြေးလာရသည့် အပြင် ယခု အိမ်ပြန်ရန်လည်း ချူးတစ်ပြားမှပင် မရှိတော့။ ထို့ကြောင့် ကျွန်တော် က ပြန်ပြောရသည်။
သူတို့က လာရောက်ဖျော်ဖြေပါဆို၍ ကျွန်တော် လာခဲ့ရသည်။ ကျွန်တော်လာရသည်မှာ အဝေးကြီးဖြစ် ရာ ယခု ဒီနေရာမှနေ ၍ တပ်ခေါက်ပြန်ရန် မဖြစ်တော့။ ထို့ကြောင့် အခန်းထဲတွင် ထိန်းမနိုင် သိမ်းမရ၊ မင်းမဲ့ဆန်သော လူစု မည်မျှပင် ရှိပါစေ ကျွန်တော့်အနေဖြင့်မူ ဂရုမစိုက်နိုင်၊ ဒီညအဖို့ ဖြေဖျော်မှုလုပ်ကို လုပ်မှ ဖြစ်တော့မည်ဟု။ သူက ကျွန်တော့်ကို ကြည့်ပြီး ပခုံးတွန့်ပြလိုက်သည်။ ထို့နောက် ဘေးသို့ လမ်းဖယ်ပေးကာ အပေါ်ထပ် သို့ တက်သည်။ တံခါးမကြီးကို ဖွင့်ပေးလိုက်လေတော့သည်။ ကို ဆက်ဖတ်ရန်.....
(၆)
"ကောင်းသော ညနေခင်းပါ လူကြီးမင်းများ ခင်ဗျာ၊ ဒီည ဒီအခန်းမှာ စိတ်ထား သဘောထား ကောင်းမွန် တဲ့ တောင်ပိုင်းသားများစွာ စုရုံးရောက်ရှိနေကြတယ်ဆိုတာ ကျွန်တော် နားလည်ထား ပါတယ်။ ကျွန်တော် က တောင်ပိုင်းပြည်နယ်နဲ့ ပတ်သက်လို့လည်း အတော်ပဲ သိရှိပြီးဖြစ်ပါတယ်။ တောင်ပိုင်းမှာ ကျွန်တော် နှစ်ပေါင်းနှစ်ဆယ် ကြာ နေခဲ့ဖူးပါတယ်"
တစ်ည မှာတော့ ကျွန်တော် ပျော်ပွဲစားရုံတစ်ခုကို ရောက်ခဲပါတယ်။ အဲဒီအခါ အသားဖြူစားပွဲထိုးမလေး တစ်ယောက် က ကျွန်တော့်ဆီလာပြီး "ဒီနေရာမှ အသားမည်းတွေ ဘာမှမရနိုင်ဘူး" လို့ ပြောပါတယ်။
ကျွန်တော်ကလည်း "မှန်ပါတယ်၊ ကျွန်တော်ကလည်း အသားမည်း မစားချင်ပါဘူး။ ကျွန်တော့်ကို ကြက်ကောင်လုံးကြော် သာ ယူပေးပါ လို့ ပြောလိုက်တယ်"
အဲဒီအချိန် မှာ နောင်တော် သုံးပါးရောက်လာတော့တာပဲ၊ လူကြီးမင်းတို့ သိကြတဲ့အတိုင်း ဒီနောင် တော်သုံးပါး က တစ်ခြားတော့ မဟုတ်ပါဘူး။ ကလူး၊ ကလပ်၊ ကလန် ခေါ်တဲ့ ကေသုံးလုံး ဂိုဏ်းသားတွေပဲပေါ့။ သူတို့က ကျွန်တော့် ကို လာပြောကြတယ်။
"ဒီမှာ မင်း ကို ငါတို့ သတိတစ်ခုပေးထားမယ်နော်၊ ကြက်ကင်ကြော်ရောက်လာတာနဲ့ ကြက်ကင် ကြော်ကို မင်း လုပ် သလို ငါတို့ မင်းကို အကုန်ပြန်လုပ်ပစ်မယ် သိလား" လို့ ပြောကြပါတယ်။
အဲဒီအချိန်မှာပဲ စားပွဲထိုးမလေး က ကြက်ကင်ကြော် ကို ယူလာပါတယ်။ သူတို့က ထပ်ပြီး သတိ ပေးကြပြန် ပါတယ်။
"ဟေ့ကောင် ဒီမှာနော်၊ ငါတို့ပြောတာ မှတ်ထား၊ မင်း ကြက်ကင်ကြော်ကို လုပ်တဲ့အတိုင်း ငါတို့ မင်းကို အကုန် လိုက် လုပ်ပစ်မယ်"
"ကျွန်တော်က ကြက်ကင်ရဲ့ရင် ကို ဓားနဲ့ခွဲရင် ကျွန်တော့်ရင်ကိုလည်း ဓားနဲ့ပြန်ခွဲမယ်။ ကြက်ပေါင် ရိုးလေးကို ခက်ရင်းနဲ့ထိုးဖဲ့ရင် ကျွန်တော့်ပေါင်ရိုးကိုလည်း ချိုးပစ်မယ်ပေါ့။ ဒါနဲ့ ကျွန်တော်က လည်း ခက်ရင်းတွေ ဓားတွေကို ဘေးမှာ အသာလေးချထားလိုက်ပါသည်။ နောက်ပြီး ကြက်ကင် ကြီးကို ကောက်ယူပြီး နမ်းပြလိုက်ရ ပါတော့တယ်"
ထိုတစ်ညလုံးပင် "ပလေးဘွိုင်ကလပ်" ၌ ကျွန်တော် ကလေးဘဝဇာတ်ကြောင်းကို ဖြစ်ကြောင်း ကုန်စင် ခင်းပြခဲ့ သည်။ အမေ့အပြုံးများ၊ ခါးသီးမှုဒဏ်ရာဒဏ်ချက် အလုံးစုံတို့ကို ရင်ထဲမှာ သိမ်း ဆည်းထားရသော လူမည်း ကလေး ၏ ဘဝခရီးလမ်း။ ပရိသတ်အချို့က ကျွန်တော့်အား ညစ်တီးညစ်ပတ် ဆဲရေးတိုင်းထွာမှု များ၊ စော်ကား မော်ကား မှု များဖြင့် ပြန်တုံ့ပြန်ကြသည်။
သို့သော်… ကျွန်တော်က ခပ်သွက်သွက် ခပ်မြန်မြန်ပင် ပြောချင်တာတွေ ကို စီကာပတ်ကုံး အာ ဝဇ္ဇန်းရွှင်ရွှင် ဟာသ ပါပါဖြင့် ပြော သွားရာ တဖြည်းဖြည်းနှင့် ပရိသတ်ကြီးသည် ငြိမ်ကျလာသည်။ ဆူညံသံများ တစ်စထက် တစ်စ ချုပ်ငြိမ်း သွားကာ ကျွန်တော် ပြောသမျှ နားစိုက်ထောင်လာကြ သည်။
မိနစ်ငါးဆယ်ကြာ မျှ ကပြဖျော်ဖြေရမည့် အခန်းမှာ တစ်နာရီနှင့် မိနစ်လေးဆယ်မျှ ကြာသည်ထိပင် ကျွန်တော် ပြောဟောနိုင် ခဲ့သည်။ ဇာတ်ခုံပေါ်မှ ကျွန်တော် ဆင်းမည်ပြုတိုင်း သူတို့က ပြန်တက် ခိုင်းကြ သည်။ နောက်ဆုံး တွင် နှုတ်ခွန်းဆက်စကား ပြောလိုက်သောအခါ၌ကား ထိုတောင်ပိုင်း သားများအားလုံးသည် မတ်တပ် ရပ်ပြီး လက်ခုပ်ဝိုင်းတီးကာ သြဘာပေးကြလေသည်။ ကျွန်တော် တံခါးဝသို့ ထွက်လာသောအခါ၌ကား အိတ် များ ထဲ မှ အသီးသီး ပိုက်ဆံများထုတ်ကြပြီး ကျွန်တော့် ကို ထိုးပေးကြ သည်။ တောင်ပိုင်းသား တစ်ယောက် ကမူ ကျွန်တော့်ကိုကြည့်ပြီး "ခင်ဗျား သိတယ် မဟုတ်လား။ ခင်ဗျားမှာသာ မှန်ကန်တဲ့ မန်နေဂျာ တစ်ယောက် ရှိမယ် ဆိုရင် ခင်ဗျားဟာ တကယ့် မဟာသန်းကြွယ်သူဌေးကြီးဖြစ်လာမဲ့လူဗျ"
သူ့စကား ကို ကျွန်တော့် တစ်သက်တာတွင် မမေ့နိုင်ပါတော့ချေ။
"ပလေးဘွိုင်ကလပ်ပိုင်ရှင်" "ဟက်ဖ်နာ" သည် ထိုညတွင် ကျွန်တော် တင်ဆက်သော ဒုတိယပွဲ သို့ လာကြည့် သည်။ ပွဲပြီးသည်နှင့် သူက စာချုပ်တစ်ခု လာချုပ်တော့သည်။ စာချုပ်မှာ ၃ နှစ် စာချုပ်ဖြစ်သည်။ စလျှင်စခြင်း တစ်ပတ်လျှင် ဒေါ်လာ ၂၅၀ နှုန်းနှင့် ၁၉၆၁ တွင် ခြောက်ပတ်မျှ ဖြေဖျော်ရမည်ဖြစ်သည်။ ကျွန်တော်လည်း ယုံပင် မယုံနိုင်။ "ပလေးဘွိုင်ကလပ်" ကြီးမှာပင် အလုပ်ရခဲ့ချေပြီကော။
"ဟက်ဖ်နာ"က ကျွန်တော့် ကို ငှားရမ်းလိုက်ပြီးသည့်နောက်တွင် အခြေအနေများ အကုန်ပြောင်း ကုန်သည်။ စာနယ်ဇင်များမှာ ကျွန်တော့်ကို အသားပေးဖော်ပြလာကြသည်။ သတင်းစာများမှ ကျွန်တော့်သရုပ်ဆောင်မှုနှင့် ပတ်သက်သော ဝေဖန်ချက်များ၊ ဆောင်းပါးရှင်များ၏ ကျွန်တော့် ပြက်လုံးများကို ကိုးကားသုံးစွဲမှုများ စသဖြင့်။ ထို့ကြောင့် ညတိုင်း သတင်းစာအားလုံး ဝယ်ဖတ်ရ သည်။
အကယ်၍ သတင်းစာတစ်စောင်တွင် ကျွန်တော့်နာမည်ပါကြောင်း တွေ့ရသည်နှင့် သတင်းစာ ရောင်းသောဆိုင်များသို့ တစ်ခါထဲထပြေးပြီး ထိုသတင်းစာများကို ပြန်ကြည့်ပြီး သတင်းစာအားလုံး တွင် ကျွန်တော့်နာမည်ပါ မပါ၊ စစ်ဆေးရသေးသည်။ "တိုင်းမဂ္ဂဇင်း"ကလည်း ကျွန်တော့်ဓာတ်ပုံ ထည့်ကာ ကျွန်တော့်အကြောင်း ရေးသားဖော်ပြခဲ့သည်။
ယခုအချိန်တွင်ကား ပွဲငှားကိုယ်စားလှယ်များ၊ မန်နေဂျာများ၊ ညကလပ်များနှင့် ဓာတ်ပြားကုမ္ပဏီ များသည် ကျွန်တော့်အပါးဝယ် ဝိုင်းဝိုင်းလည်နေကြပေပြီ။ တယ်လီဖုန်းဆိုသည်မှာကား အားရ သည်ပင် မရှိတော့။
ထိုနှစ်တွင် ကျွန်တော်သည် အကူအညီတော်တော်များများကို ရခဲ့ပါသည်။ ရောင်းရင်းဟောင်းကြီး ဖြစ်သော "တင်မ်ဘောက်ဆာ" မှာ ကျွန်တော်၏သတင်းကိုယ်စားလှယ်အဖြစ်ဖြင့် ကြိုးကြိုးပမ်း ပမ်း လုပ်ဆောင်ပေးနေ သည်။ ရှီကာဂိုရုပ်မြင်သံကြား ကုမ္ပဏီမှ "အလက်ဒရိုင်ရာ" သည် ကျွန် တော့်အား သူ့အိမ်သို့ပင် ဖိတ်ကြားပြီး အစီအစဉ်များ ကို ရေးဆွဲပေးခဲ့သည်။"အလက်" နေသော ရပ်ကွက်သို့ ညတစ်ညတွင် ကျွန်တော် ကားမောင်း ထွက်ခဲ့ရာ လမ်းတွင် ရဲများက သုံးကြိမ်တိုင် တိုင် ကားကိုတားပြီး စစ်ဆေးခြင်းကို ခံခဲ့ရသည်။
သူတို့က အချိန်မတော်တွင် နီဂရိုးတစ်ယောက် ကားမောင်းလာပါက ရာဇဝတ်မှု တစ်ခုခု ကျူးလွန် ရန်ပင်ဖြစ်မည် ဟု တွက်ဆထားကြ၍ဖြစ်သည်။ "အလက်" အိမ်သို့ ရောက်သောအခါတွင်ကား ဝမ်း ပန်းတသာ လှိုက်လှိုက်လှဲလှဲပင် ခရီးဦးကြိုပြုကာ ဧည့်ခံကြသည်။ သူက "ရာ့ဖ်မင်း" နှင့် "မာ့စ် ဂျို ဇက်စင်" ဆိုသူနှစ်ဦးနှင့် လည်း မိတ်ဆက်ပေး သည်။ သူတို့သည် ကျွန်တော့် မန်နေဂျာများဖြစ်လာ ကြသည်။
ကျွန်တော့်အတွက် ရှေ့နေလည်း ရလာခဲ့သည်။ "ဒစ်ရှယ်လ်တန်" ဆိုသူဖြစ်သည်။ "ဘာနီကလိုင်း မင်း" မှာကား ကျွန်တော့် စာရင်းကိုင်။ လုပ်ငန်းအောင်မြင်သည်နှင့်အမျှ အသိုင်းအဝိုင်း ကောင်းဖို့ က အရေးကြီးလာသည်။ ထို့ကြောင့် လူကောင်းသူကောင်း၊ ရိုးရိုးသားသား တည်တည်ကြည် ကြည် အသိုင်းအဝိုင်း အထောက်အကူကို ယူရလေ သည်။ တစ်နေ့တွင် တယူးယောက်မြို့မှ "ဂျက်ပါးကပွဲ" တွင် လာကပြဖြေဖျော်ရန် ဖိတ်ခေါ်စာရခဲ့သည်။ သို့နှင့် ပထမဦးဆုံးလေယာဉ် စီးဖူးလာတော့သည်။ ပထမဆုံးလည်း လူဖြူဟိုတယ်ကြီးတွင် တည်းခိုဖူးတော့ သည်။
"ဂျိုးဂလေဂါ" အမည်ရှိ ဇာတ်ကန်ထရိုက် သန်းကြွယ်သူဌေးကြီးတစ်ဦးနှင့်တွေ့ပြီး သူက ကျွန်တော် ဟိုတယ်တွင် လိုတာရှိ က ဖုန်းကောက်ကိုင်ပြီးသာ မှာစရာရှိတာမှာရန် ပြောသည်။ "ဂျက်ပါးကပွဲ" ကား ခမ်းနားလွန်းသည်။ အမေရိကန်ပြည် တစ်ဝှမ်း တွင် ကြီးဆုံးဖြစ်သော ရုပ်မြင် သံကြားအဖွဲ့မှလည်း ရုပ်မြင်သံကြားရိုက်ကူးခဲ့သည်။ နယူးယောက်မှ အပြန်တွင် လေဆိပ်၌ပင် လီလီယန်အား ဖုန်းဆက်လိုက်သည်။
"အချစ်ရေ ဘာတွေများ ထူးခြားသလဲဟေ့"
"ဒေးဗစ်ဆပ်စ်ကင်က ဖုန်းဆက်တယ် မောင်၊ သူ့ဆီမှာမောင် လာဖြေဖျော်ပေးပါတဲ့။ နောက်ပြီး "ဂျက်ပါး" အဖွဲ့က လည်း သူတို့ဆီနောက်တစ်ခေါက် လာပါဦးတဲ့။ မောင်တော့ နာမည်ကြီးဖို့သာ ပြင်ထားပေတော့နော်"
"ဒါကတော့ ရပါတယ် အချစ်ရယ်"
"ဒါပေမဲ့ မောင်ရေ၊ ရုပ်မြင်သံကြားစက်ကိုတော့ သူတို့ပြန်ပြီးလာတောင်းနေကြတယ်"
"နေပစေ အချစ်ရေ၊ ဒါအတွက်တော့ ဘာမှမပူနဲ့"
ကျွန်တော် အိမ်အပြန်လမ်းတွင် ကျွန်တော့်ရှေ့နေထံသို့ဝင်ပြီး ဆေးရောင်စုံ ရုပ်မြင်သံကြားစက် တစ်လုံး ကို ဈေးမှဝယ်ပေးရန် ပြောလိုက်သည်။
"ဘယ်လောက်ကြီးကြီး လိုချင်တာလဲဟင်"
"သူတို့ကိုသာ ပြောလိုက်ပါဗျာ။ ကျွန်တော့်အခန်းကိုလာပြီး တံခါးမကြီးတွေကိုသာ လာတိုင်းလှည့် ပါလို့။ အဲဒီတံခါးမကြီး နဲ့ ဆန့်သလောက်ကြီးတဲ့ စက်မျိုးလိုချင်တယ်လို့သာ ပြောလိုက်ပါ"
ကျွန်တော့် အတွက်ကာား ရုပ်မြင်သံကြားအစီအစဉ်များ၊ ညကလပ် ဖျော်ဖြေပွဲများ၊ ကပွဲလက်ခံများ လက်မလည်နိုင်လောက်အောင် ပင် ရှိနေသည်။ မဂ္ဂဇင်း ဂျာနယ်များမှလည်း ကျွန်တော့် အကြောင်း ဆောင်းပါး များ ထပ်တလဲလဲ ပါနေသည်။ ကျွန်တော်သည် လီလီယန်မွေးနေ့ပွဲတွင် သူ့အတွက် "သန်ဒါဘတ်ဒ်" ကားတစ်စီး ၀ယ်ပေးလိုက်သည်။ သို့သော် လီလီယန်မှာ ကားမမောင်းတတ်ချေ။ ထို့ကြောင့် အိမ်ရှေ့ခန်း တွင်သာ အလှပြရပ်ထားရတော့သည်။ ထိုနှစ် သြဂုတ်လတွင်ပင် ဒုတိယ သမီးလေး "လန်းလူစီ" ကို မွေးဖွား ခဲ့သည်။ သီးသန့်ဆေးရုံတစ်ခုတွင် ဖြစ်သည်။
ကျွန်တော်ကား တစ်ချိန်ထက် တစ်ချိန်ပင် အောင်မြင်သည်ထက် အောင်မြင်လာနေသည်။ "ဟက်ဖ်နာ" "ပါး""ဘော့ဟုပ်" စသည့် အောင်မြင်သူကြီးများနှင့်လည်း တွေ့ဆုံရင်းနှီးနေရသည်။ ကာလီဖိုးနီးယားနှင့် နယူးယောက် ကို စုန်ချီဆန်ချီပင် ပထမတန်းမှနေ၍ လေယာဉ်ဖြင့်သွားလာနေ ရသည်။ တစ်နေ့တွင် အကြီးဆုံး ဓာတ်ပြား ကုမ္ပဏီကြီးတစ်ခုက ကျွန်တော့်ပက်လုံးများကို ဓာတ်ပြားသွင်းလိုကြောင်း လာရောက်တောင်းခံသည်။ ကျွန်တော် မှာ အတော်ပင်ထိတ်လန့်သွားရ သည်။ သူက ကျွန်တော့်ကို "လန်ဒန်ဂေဟာ" ဟုခေါ်သော ထိပ်တန်း ဟိုတယ်ကြီးတစ်ခုသို့ ခေါ် သွားပြီး လုပ်ငန်းကိစ္စများကို ဆွေးနွေးခဲ့သည်။ ထိုဟိုတယ်တွင် ကျွန်တော် မှာ အကြီးအကျယ် ချောက်ကျရတော့သည်။ ထိုလူက ပုစွန်မြီးဟင်းမှာသည်။ ကျွန်တော်ကလည်း သူ့ကို အတုလိုက် ပြီး ပုစွန်မြီးဟင်း ပင်မှာသည်။ စာပွဲထိုးက ပုစွန်မြီးဟင်းများ ယူလာသောအခါ၌ကား ကျွန်တော့်အဖို့ ဒုက္ခတွေ့ရချေပြီ။ မည်သို့ မည်ပုံ စ၍ စားရမည်မှန်းပင် မသိ၍ ဖြစ်သည်။
ထို့ကြောင့် ဓာတ်ပြားကုမ္ပဏီမှလူ စားသလို လိုက်စားရတော့သည်။
သူက ပုစွန်များကို သံပရာရေညှစ်နေသည်။ ကျွန်တော်လည်း သူ့ကဲ့သို့ပင် သံသရာရည် ညှစ်ချ လိုက်သည်။ သို့သော် ကျွန်တော် သံပရာရေ ညှစ်နေဆဲမှာပင် သူသည် ပုစွန်အမြီးလေးကို ကျင် လည်စွာ ခွဲပြီး စားနေလေပြီ။ သူ ပုစွန်မြီးလေး ကို ခွဲစားနေပုံကို ကျွန်တော် မမြင်လိုက်ရ။ သို့နှင့် ကျွန်တော် ဘာဆက်လုပ်ရမှန်း မသိတော့။ ထို့ကြောင့် သူ့ကို ကျွန်တော် ဗိုက်အောင့်လာ၍ဆိုကာ ဟိုတယ်ခန်းမှ ထွက်ခဲ့ရသည်။
မကြာမီပင် "ကောလ်ပစ်" ဓာတ်ပြားကုမ္ပဏီနှင့် ဓာတ်ပြားထုပ် နှစ်ထုပ်သွင်းရန် စာချုပ်ချုပ်ဆိုခဲ့၏။ စရန်ငွေ ဒေါ်လာ ၂၅,၀၀၀ မျှပင် ရခဲ့သည်။
ကျွန်တော် တစ်ခါ က လံကြုတ် ဇာတ်လမ်းဆင်၍ ကြေးနန်းတု ညာရိုက်ကာ လိမ်လည်ခဲ့သော ဒေါ်လာ ၂၅,၀၀၀ တန် အလုပ်ကြီး။ ယင်းလံကြုတ်ဇာတ်လမ်းမှာ ယခုတော့ တကယ်ပင်ဖြစ်လာ နေချေပြီ။ ရှေ့ဆက် လိမ်လည်နေစရာ မလိုတော့သည့် အခြေအနေ ဖြစ်လာနေပေပြီ။
ထိုနှစ်နွေရာသီ ဆန်ဖရန်စစ်ကို၌ ဖခင် "ပရက်စ်ကြီး" နှင့် ပြန်ဆုံရပြန်သည်။ ကျွန်တော်တို့မှာ သိပ် စကား ရှည်ရှည် မပြောခဲ့ကြပါ။ ပြောစရာစကားလည်း သိပ်မရှိပါချေ။
သူသည် နောက်အိမ်ထောင်သစ်ပြုပြီး ဖြစ်နေသည်။ ကလေးတွေလည်း ရနေသည်။ အလုပ်ကြိုး စားပမ်းစား လုပ်ပြီး တင့်တောင့်တင့်တယ်နေနိုင်သော အခြေအနေသို့ ဆိုက်ရောက်နေသည်။
ကျွန်တော် အံ့သြရသည်မှာကား ယခုအခါ သူနှင့် ကျွန်တော်သည် အရပ်တစ်တိုင်းတည်းပင် ရှိနေ သည်ပင် တွေ့နေရ ၍ ဖြစ်ပါသည်။ ငါးပေဆယ်လက်မ၊ ကျွန်တော့်က သူ့ကို တစ်ချိန်လုံး လူ့ဘီလူး ကြီးသဖွယ် ထင်ခဲ့လေသည်။
အဖေ့အတွက်ကား ဝမ်းနည်းမိပါသည်။ ထို့ကြောင့်ပင် အဖေသည် မည်သို့ပင်ဖြစ်စေကာမူ ကျွန် တော့်ကလေးများ အတွက်ကား အဘိုးမှာ အဘိုးသာဖြစ်နေသည့်အတွက် ကလေးများကို အဘိုး ထံ ခေါ်လာရဦးမည်ဖြစ်သည့်အကြောင်း၊ အဘိုးကို မြေးများက လာရောက် ဂါရဝပြုလာမည်ဖြစ် ကြောင်းများ ကို ပြောပြခဲ့သည်။
ထိုနှစ် တွင် အဖေ့ ကို နောက်တစ်ခါ ထပ်မတွေ့တော့ပါ။ သို့သော် ကျွန်တော့် ကတိစကားများကိုမူ ကျွန်တော် မမေ့ခဲ့ပါ။
"ဘတ်ဖလိုး"ပြည်နယ် တွင် ပွဲတစ်ပွဲသွားကစားနေစဉ် လူတစ်ယောက်က ကျွန်တော့်ထံလာပြီး အမျိုးသမီးတစ်ဦး က ကျွန်တော့် ကို တွေ့လိုကြောင်း လာပြောသည်။ အကြောင်းတစ်ခုကြောင့် ထိုအမျိုးသမီးမှာ မည်သူဖြစ်မှန်းကို ချက်ချင်းပင် ကျွန်တော် သိလိုက်မိပါသည်။
သူ "ဘတ်ဖလိုး" တွင် နေကြောင်းသိခဲ့ရသည်မှာ အတော်ကြာခဲ့ပေပြီ။ စိတ်လှုပ်ရှားရ၍ သူ့ထံ တိုက်ရိုက်ပင် မသွားနိုင်သေး ဘဲ အရင်ဆုံး အဝတ်လဲခန်းထဲဝင်ပြီး ဆေးလိပ်ဖွာနေရသေးသည်။ ထို့နောက် ရေချိုးခန်းသို့ သွားပြီးမှ သူ့ထံသို့ သွားခဲ့သည်။
လူတစ်ယောက် သည် အသက်ခုနစ်နှစ်အရွယ်မှ နှစ်ဆယ့်ကိုးနှစ်အရွယ်သို့တိုင် ၂၂ နှစ်မျှ ကာလ ပတ်လုံးတွင် တစ်စုံတစ်ခု ကိုစောင့်ဆိုင်းခဲ့၊ တစ်စုံတစ်ခုကို တောင်းခံခဲ့၊ တစ်စုံတစ်ခုကို ဆုတောင်း ခဲ့ရှာသည်။
ထိုအရာမှာ… ယခုကား ထိုအရာကို မလိုတော့ပြီ။ သူကား "ဟယ်လင်တပ်ကား"။ သူ့ကိုဖြင့် ယခု မလိုတော့ပါပြီ။ ယခုသော် ကျွန်တော့်တွင် ကိုယ်ပိုင် "ဟယ်လင်တပ်ကား" ရှိခဲ့ချေပြီ။ သူ့ကို အိမ် တွင် ထားခဲ့သည်။ သူ့နာမည်မှာ "လီလီယန်"။
၁၉၆၁။
ထိုနှစ်ကား တကယ့်နှစ်ပင်။ ထိပ်တန်းအဆင့်သို့ ရောက်ခဲ့သည်။ အဖေနှင့် ပြန်တွေ့သည်။ "ဟယ် လင်တပ်ကား" နှင့် ပြန်တွေ့သည်။ ဒေါ်လာ ၂၅,၀၀၀ လိမ်လည်မှုကြီးကို ချေဖျက်ဖြေရှင်းနိုင်ခဲ့ သည်။
ထို့ကြောင့် နိုဝင်ဘာလ၏ ရက်တစ်ရက်တွင် ကျွန်တော်သည် ရှီကာဂိုသို့ အပြန်လမ်းတွင် ရောက် နေခဲ့သည်။ ထို့နောက် ဤမျှလှပသော ၁၉၆၁ ခုနှစ်ကလေးအား မည်သို့မည်ပုံ လှပစွာ နိဂုံးချုပ် လိုက်ရမည်ကို စဉ်းစားနေ မိသည်။ ကျွန်တော့်တွင် ကောင်းမွန်သော အကြံအစည်တစ်ခုကား ရှိခဲ့ ပြီဖြစ်သည်။
ကျွန်တော့် မိတ်ဆွေတစ်ဦးသည် အိမ်တွင်းခန်း အလှပြင်ဆင်မှုပညာရှင် ဖြစ်သည်။ သူသည် "ဟိုက်ပတ်ရပ်ကွက်" တွင် အိမ်တစ်လုံးကို တွေ့ထားသည်။ တက္ကသိုလ်အနီးရှိ အိမ်ဖြစ်သည်။ ကျွန်တော်က သူ့ကို ထိုအခန်းယူထားရန် ပြောလိုက်သည်။ ထိုအိမ်သို့ ခရစ်စမတ်နံနက်တွင် ပြောင်းရွှေ့ရန် ကြံစည်ထားသည်။ အိမ်ဟောင်းမှနေ ၍ ရွှေ့ယူလာမည့် တစ်ခုတည်းသော ပစ္စည်း မှာ ဆေးရောင်စုံ ရုပ်မြင်သံကြားစက်ကြီးတစ်လုံးသာဖြစ်သည်။
ကျွန်တော်သည် ဤနေရာကို အပြည့်စုံဆုံး ဖြစ်နေအောင် စီစဉ်ထားသည်။ ခရစ်စမတ်နံနက်တွင် ဤနေရာတွင်၌ လမ်းလျှောက် မည်။ ဤနေရာတွင် စတင် အခြေစိုက်မည်။ ရေခဲသေတ္တာအသစ် ကြီးကို ဖွင့်ပြီး ကြက်ဥနှင့် ဝက်ပေါင်ခြောက်များ ချက်စားကြမည်။
မိတ်ဆွေဖြစ်သူ သည် အစစအရာရာ စီစဉ်ပေးနေသည်။ ပရိဘောဂဝယ်သည်။ ကော်ဇောတွေ ခင်း သည်။ ခန်းဆီး၊ စားပွဲခင်း စသော အဝတ်အထည်များဝယ်သည်။ ကျွန်တော် ရောက်သွားသော အခါ မျက်လုံးများ ပင် ပြူးသွားရသည်။ ဤမျှ လှပခမ်းနားသော အိမ်ကြီးတွင် နေရမည်ကိုပင် ကိုယ့်လိပ်ပြာ ကိုယ့်မလုံနိုင်အောင် ဖြစ်သွားရသည်။
ဤသည်များ ကို လောလောဆယ် လီလီယန် မသိစေချင်။ ထို့ကြောင့် ရှေ့နေကြီးကို လီလီယန် အား ကျီစယ်ရန် အကြံအစည်တစ်ခု လုပ်ကြသည်။ ခရစ်စမတ်မတိုင်မီ သုံးရက်တွင် ရှေ့နေကြီး က လီလီယန်ထံ ဖုန်းဆက်ရမည်။ အမြတ်တော်ကြေးများဖြင့် ကျွန်တော် ဖိနေကြောင်း၊ ယခုနှစ် တွင် ရှာဖွေသမျှငွေအားလုံး အမြတ်တော်ကြေးပေး ရမည်ဖြစ်ကြောင်းကို ပြောရမည်။
ကျွန်တော် တို့ မွဲပြာကျသွားပြန်မည့် အဖြစ်မျိုးများကို ပြောခိုင်းသည်။ ထိုနံနက်တွင် ကျွန်တော် သည် အခန်းထဲ တွင် အသာလှဲနေပြီး လီလီယန် တယ်လီဖုန်း စကားပြောသည်ကို နားထောင်နေ လိုက်သည်။
ထို့နောက် အသာအိပ်ရာပေါ် တွင် လှဲနေပြီး ထိုသတင်းကို လီလီယန် လာအပြောကို စောင့်နေ လိုက်သည်။ သို့သော် လီလီယန် မှာ တော်တော်နှင့်ပေါ်မလာ။ နောက်ဆုံး မအောင့်နိုင်တော့သည့် အဆုံး ကျွန်တော်ပင် အပြင်ထွက်ခဲ့ ရသည်။
"မောင် အိပ်နေတုန်း ဘယ်သူ ဖုန်းဆက်တာလဲဟင်"
"ဘယ်သူမှ မဆက်ပါဘူး မောင်ရဲ့"
"တယ်လီဖုန်းမြည်သံ မောင် ကြားပါတယ်ကွာ"
"သြော်… ဒါက ရှေ့နေကြီးကပါ"
"ဘာကိစ္စတဲ့ လဲ"
"သူက ဘာမှမပြောဘူး မောင်"
ထို့ကြောင့် ကျွန်တော်က ရှေ့နေကြီးဆီသို့ ပြန်ဖုန်းဆက်ကြည့်ရသည်။ ဘာကြောင့် လီလီယန်ကို ကျွန်တော် ပြော ခိုင်းတာ မပြောသလဲဟု မေးသည်။ သူက ခုနကပဲ အကုန်ပြော လိုက်ပါပြီ ဟု ပြန် ပြောလိုက်သည်။
ဇနီးသည် ပါးစပ်မှ မကောင်းသတင်းထွက်စရာလမ်းကား မမြင်၊ သူ့နှုတ်ဖျားည် မကောင်းသတင်း ကို မသယ်ဆောင်တတ်ပေ။
"လီလီယန်"
"ဘာလဲ မောင်"
"ကလေးတွေအတွက် ဝယ်ထားတဲ့ ကစားစရာတွေ ပြန်ရောင်းပစ်ကြရတော့မယ်ကွယ်၊ မင်းရဲ့ ကားကြီး လည်း ပြန်ထုတ်ပစ်ရတော့မှာဘဲ"
"ရပါတယ် မောင်၊ ဘာဖြစ်သလဲ"
"မောင် သိပ်ဝမ်းနည်းတယ် ကွယ်၊ ဒီခရစ်စမတ်ဟာ မောင်တို့အတွက် အဆိုးဝါးဆုံး ခရစ်စမတ်ပဲ ဖြစ်မှာပဲကွယ်"
"စိတ်မပူပါ နဲ့ မောင်ရယ်… မကြာခင် အားလုံး အေးဆေးသွားမှာပါ"
သူ့အား ဆက်၍ စိတ်ညစ်စရာများ လျှောက်ပြောရန် ကြံသေးသည်။ သို့သော် သူ့မျက်နှာပြင်မှာ ငြိမ်းချမ်းပြီး တုန်လှုပ်မှု ကင်းနေသဖြင့် ကျွန်တော့်အကြံများကို လက်လျှော့ပစ်လိုက်သည်။
သို့သော် ကျွန်တော်တို့အိမ်သစ်အတွက် ဝယ်စရာ ပစ္စည်းများစွာ ကျန်နေသေးသည်။ ဤပစ္စည်း များကို လီလီယန်မှ လွဲ၍ သူများကို ဝယ်ခိုင်း၍မဖြစ်နိုင်။ ထို့ကြောင့် ခရစ်စမတ်မတိုင်မီ နှစ်ရက် အလိုတွင် သူ့ကို ပြောရ သည်။ ကျွန်တော့်မိတ်တွေတစ်ယောက်က လင်မယားတစ်စုံတွဲ ရှီကာဂိုသို့ ပြောင်းစရာမရှိသဖြင့် ပစ္စည်းပစ္စယများ ကူဝယ်ပေးဖို့ပြောကြောင်း၊ ထို့အတွက် လီလီယန်က ကူညီနိုင် မကူညီနိုင် မေးကြည့်သည်။
ထိုစုံတွဲမှာ ငွေတော့ အတော်ရှိသေးသည်။ သို့သော် ဤမြို့တွင်မူ အကြွေးဝယ်ခွင့်မရနိုင်။ ထို့ ကြောင့် ကုန်ပဒေသာ ဆိုင် တွင် ကျွန်တော်တို့နာမည်ဖြင့် အကြွေးဝယ်ပေးရန်လည်း ပြောလိုက် သည်။ လီလီယန်က ဝမ်းမြောက် ဝမ်းသာ ပင် ကူညီမည်ဟု ပြောသည်။
ထိုနေ့တစ်နေ့လုံး ကျွန်တော်တို့ ဈေးဝယ်ကြသည်။ လီလီယန် မသိသော စုံတွဲတစ်တွဲကိုပါ ခေါ် လာ၊ သူတို့ အတွက် ဝယ်ပေးရသလို သူ့ကို ဝယ်ခိုင်းသည်။
ပန်းကန်ခွက်ယောက်များ၊ ငွေထည်ပစ္စည်းများ၊ အိပ်ရာဖုံး၊ အိပ်ရာခင်းများနှင့် မျက်နှာသုတ်ပဝါများ မှအစ လီလီယန် သည် သေသေချာချာရွေးပြီး ဝယ်ပေးရှာသည်။
ဆိုင်မှထွက်သောအခါ ကျွန်တော့်ကား၊ သူငယ်ချင်းကား နှစ်စီးအပြင် အခြားကား ဆယ်စီးတိုက် ပစ္စည်းများ ပါလာ၏။ လီလီယန်ကို ကားတစ်စီးနှင့် အိမ်ပြန်ပို့လိုက်ပြီး ကျန်ကားများဖြင့် ကျွန်တော် တို့ တိုက်သစ်လေးဆီသို့ သယ်လာခဲ့ကြသည်။
ကျွန်တော်တို့ အိမ်ဟောင်းတွင် ကား ခရစ်စမတ် အကြိုနေ့ညတွင် ခရစ်စမတ်သစ်ပင်လည်း မရှိ။ ကလေးများ အတွက် ကစားစရာလည်းမရှိ။ တစ်ယောက်နှင့်တစ်ယာက်အတွက် ပေးစရာ လက် ဆောင်များလည်း မရှိ။
ကျွန်တော် ကလပ်သို့ သွားသည်ကိုပင် သူ့အား ခေါ်မသွားခဲ့။ ကလပ်မှ အပြန်တွင်ကား သူ့ကိုဝင် ခေါ်ကာ ဟိုက်ပတ်ရပ်ကွက် တွင် နာမည်ကျော် ရှီကာဂိုသတင်းစာဆရာ "တိုနီ ဝစ်ဆယ်" တို့ ဇနီး မောင်နှံ၏ပါတီပွဲသို့ သွားကြ သည်။ လီလီယန်သည် "တိုနီ" ၏တိုက်ကိုကြည့်ပြီး အလွန် အံ့သြနေ ရှာသည်။
"ဒီထက်ပိုပြီး အသစ်ကျပ်ချွတ်ဖြစ်တဲ့ တိုက်ခန်းတစ်ခုကို လီလီယန်ကြည့်ချင်ရင် ကျွန်တော် လိုက် ပြဦးမယ်လေ" ဟု တိုနီ က ဆိုကာ တိုက်၏ကိုးထပ်မြောက်သို့ ခေါ်သွားသည်။
တိုက်ခန်း သို့ သူ ရောက်သွားသောအခါ သူ့မျက်နှာမှာ အထူးဝင်းပသွားသည်။ သူ့မျက်နှာ ဝင်းပပ လေးသည်ပင် ချစ်စရာကောင်းနေသည်။
"သိပ်လှတာပဲနော်၊ သိပ်ကောင်းတာပဲ။ ဒီအခန်းမှာ နေရတဲ့ လူတွေတော့ သိပ်ပျော်ကြမှာပဲနော်"
တိုက်ခန်းတစ်ခုလုံး ကို လှည့်ပတ်ကြည့်သည်။ သူ့မျက်နှာတစ်ပြင်လုံးမှာ ဝမ်းသာမှုဖြင့် လျှမ်းလျှမ်း တောက်နေ ရှာ သည်။ တစ်ခြားသူ တစ်ဦး အတွက် သူသည် အမှန်တကယ်ပင် ဝမ်းသာနေရှာသည်။
ထို့နောက် လွန်ခဲ့သောနှစ်ရက်က သူ ဝယ်ခဲ့သော ပစ္စည်းများကို တစ်နေရာတွင် သွားတွေ့လိုက် သည်။ သူသည် ကျွန်တော့် လက်မောင်း ကို အတင်းဆုပ်ကိုင်ကာ
"ဂရီဂိုရီ၊ မောင်၊ မောင်…"
ဟုပင် အော်နေချေသည်။
သူ့မျက်လုံးများ ပြူးကျယ်လာသည်။ ပါးစပ်ကလည်း အဟောင်းသားနှင့်။
ဧည့်ခန်းကြမ်းပြင် အလယ်ခေါင် ရှိ ခရစ်စမတ်သစ်ပင်တွင် ချိတ်ထားသော သမီးလေး "မီရှယ်လ်" ၏ ကစားစရာတစ်ခု ကို သွားမြင်လိုက်သည်။ သူငယ်သံပါအောင်ပင် အော်လိုက်သည်။ နောက် မေ့ မျော၍ပင် သွားတော့လေ သည်။
ဤသည်မှာ ၁၉၆၁ ခုနှစ်၊ ခရစ်စမတ်။
ကျွန်တော် ကြုံဖူးခဲ့သမျှ ခရစ်စမတ်များနှင့် လုံးဝခြားနားသည့် ခရစ်စမတ်။
ဆက်ရန်
.

No comments:
Post a Comment