သို့သော် အသားအရောင် ခွဲခြားမှု ဥပဒေများ၊ နီဂရိုး (Negro) ဟူသော စာလုံးကို (n) ဖြင့် စာလုံးပေါင်းသူ ဆရာများအကြောင်း၊ နီဂရိုးကျောင်းသူများကို အဆောင်နေခွင့် မပြုသော အာဏာပိုင် များ၊ နှစ်မိုင်ခန့်ဝေးသော အိပ်ခန်းများတွင် သွားနေရပြီး ဘတ်စ် ကားမရှိ။ ဘာမရှိနှင့် လမ်းလျှောက်လာသော ကျောင်းသူများအကြောင်း စသည်တို့ကိုမူ ကျွန်တော်နှင့် ဆွေးနွေး၍ မရခဲ့ပေ။ နီဂရိုးကျောင်းသား များကား အဆောင်နေခွင့်ရကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့အများစုမှာ သူရဲကောင်း များ ဖြစ်ကြသည် မဟုတ်လော။ သို့သော် ကျွန်တော်တို့မှာ စောင့်အကြည့်ခံနေကြရသည်။ ကို ဆက်ဖတ်ရန်....
စောင့်အကြည့်ခံနေကြရသည်။ ကျွန်တော်တို့ နီဂရိုးများမှာ ဘောလုံးပွဲကျ လျှင် "တောင်ပိုင်းအီလီနွိုက်စ်"အသင်းကို အားပေးကြရသည်။ တစ်ဘက်အသင်းတွင် နီဂရိုးမည်မျှ အများအပြားပင် ပါနေစေကာမူ "အီလီနွိုက်စ်" အသင်းဘက်မှသာ အားပေးခိုင်းသည်။ ထို့ကြောင့် ဘယ်အသင်းကပဲဖြစ်ဖြစ် နီဂရိုး တစ်ယောက်ယောက်များ ဘောလုံးရသွားလျှင် ကျွန်တော်တို့က ဂိုးသွင်းနိုင်ပါစေဟုသာ ဆုတောင်းနေ လိုက်ကြသည်။ ကျွန်တော်တို့အားလုံး တစ်စုတစ်ဝေးတည်း စု ထိုင်ကြည့်ကြသည်။ အဘယ့်ကြောင့်ဆိုသော် လူဖြူများဖြင့် ရောများ ထိုင်ကြည့်မိလျှင် သင့်နောက်မှ အသံများ ကြားနေရဦးမည်။
"ကြည့်စမ်း၊ ဟိုငမဲကောင် လုပ်လိုက်ပုံက"
ထို့နောက် ဘောလုံးပြေးသယ်လာသော နီဂရိုးတစ်ယောက်ကို လူဖြူတစ်ယောက်က တားဆီးပိတ်ဆို့ ရန် ကြိုးစားသော် လည်း နီဂရိုးက ကိုယ်ကလေးကို အသာတိမ်းကာ လှည့်ပတ်ဆွဲယူသွားပြီး တိုက်ရိုက် ဂိုးသွင်း လိုက်သော အခါ၌ကား ကျွန်တော်တို့သည် နောက်ဘက်သို့လှည့်ပြီး "ကဲ ခေါ်ဦးလေ၊ ငမည်းလို့ ထင်ခေါ်ကြပါဦး လားဟ" ဟု အော်လိုက်ချင်သည်။ သို့သော် မအော်နိုင်ခဲ့ပါ။
၁၉၅၄ ခုနှစ်တွင် စစ်ထဲဝင်ရသည်။ သို့သော် စစ်တပ်ထဲတွင် ဘာတစ်ခုမှ သိပ်ဂရုမစိုက် ဘဲ ပေပေတေ တေ နေပစ်လိုက်သည်။ တစ်ခါတစ်လေ တစ်နေ့လုံးပင် ထိုးအပ်နေလိုက်သည်။ ဖိနပ် အပြာဖြစ်ဖြစ် ဝတ်ချင် ဝတ်ပစ်လိုက်သည်။ ဘယ်ဘက်လက်နဲ့ဖြစ်ဖြစ် အလေးပြုချင် ပြုသည်။ တစ်ခါကမူ အိုးကြီး တစ်လုံး ထဲ ဝင်အိပ်နေလိုက်သည်။ အစားအသောက်တာဝန်ခံ တပ်ကြပ်ကြီးက အိုးကို ခေါက်ပြီး ထွက် လာခိုင်းသော အခါ ကန်တော်က ရသင့်ရထိုက်သော လုပ်ခကိုရမှ ထွက်မည်ဟု ပြောလိုက်သည်။ တစ် နေ့တွင် ဗိုလ်မှူးကြီး တစ်ယောက်ရောက်လာပြီး ကျွန်တော် အိုးထဲ ဘာဝင်လုပ်နေသနည်းဟု မေးသည်။
"ကျွန်တော်တို့ အမဲသားပြုတ်နေတာ ကြာပြီဆရာ၊ ဒါကြောင့် နေ့လယ်စာအတွက် ချက်ဖို့ ကျွန်တော့် ကို ကျွန်တော် လှူထားတာပါ" ဟု ပြန်ပြောလိုက်သည်။
နောက်တစ်နေ့တွင် ဗိုလ်မှူးကြီး ရုံးခန်းသို့ လာတွေ့ရန် ကျွန်တော့်ကို ခေါ်သည်။ ကျွန်တော်ကလည်း အလေးပြုခြင်း မရှိဘဲ ထိုင်ခွင့်လည်း မတောင်းဘဲ ရုံးခန်းထဲ ဝင်ထိုင်လိုက်သည်။ သူက ခေါင်းကိုသာ ရမ်း လိုက်သည်။ "ဂရီဂိုရီ" သူက စားပွဲခုံပေါ် ခါးကိုင်းပြီး ပြောလိုက်သည်။
"မင်းက တကယ့်လူရွှင်တော်လည်း ဖြစ်၊ ဒါမှမဟုတ် တကယ့်ဟန်ဆောင်ကောင်းတဲ့ လူတစ်ယောက် လည်းဖြစ်လို့ မင်းကို ဒီညမှာ ရုံပွဲသွင်းကမလို့ကွ၊ မင်း အဲဒါ စင်ပေါ်သာတက်ပြီး ပြောချင်တာပြော၊ လုပ် ချင်တာလုပ်ပြ၊ ဒါမှ မင်းမလုပ်ရင်တော့ မင်းကို စစ်ခုံရုံးတင်ပစ်မယ်၊ ကဲ သွားတော့"
ကျွန်တော် အောင်မြင်ခဲ့ပါသည်။ ကျွန်တော်သည် ဇာတ်ခုံပေါ်တွင်ပင် ရပ်ပြီး စစ်တပ်အကြောင်း၊ ရာထူး အကြောင်း၊ အရာရှိများ စည်းစနစ်များအကြောင်းကို ရောက်တတ်ရာရာ လျှောက်ပြောပြလိုက်သည်။ ကျွန်တော့် ရိုင်ဖယ်သေနတ်ပျောက်တုန်းက ရှစ်ဆယ့်ငါးဒေါ်လာမျှ တပ်မတော်ကို လျော်လိုက်ရ ကြောင်း၊ ထို့ကြောင့် ပင် ရေတပ်မတော်မှ ကတ်ပတိန်များသည် သင်္ဘောမြုပ်လျှင် မိမိပါ တစ်ခါတည်း လိုက်ပါ သွားရခြင်းဖြစ်မည် ဖြစ်ကြောင်းများကိုလည်း ပြောပြသည်။ နောက်တစ်ချီပွဲတွင် လည်းကောင်း၊ နောက်ထပ် အချီများတွင်လည်းကောင်း အောင်မြန်ခဲ့ပြန်သည်။ သို့နှင့်ပင် ကျွန်တော့်ကိုယ် ကျွန်တော် စစ်တပ်ထဲတွင် လှည့်လည်ပြီး အထူးတာဝန် ထမ်းဆောင်ရသူ ဖြစ်မှန်းမသိ ဖြစ်လာကြောင်း သိရှိ လာ တော့သည်။
အပြေးကိုကာ မပြတ်သေး။ အားကစားကွင်းတွင် နာမည်ကျော် အပြေးသမား "ဂျင်မ်အဲလစ်" နှင့်တွေ့ ဆုံသိကျွမ်းမိပြီး ကျွန်တော်၏အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးဖြစ်လာခဲ့သည်။ "ဂျင်မ်" သည် အမေရိက လက်ရွေးစင်အပြေးသမား၊ ထောင်ထောင်မောင်းမောင်း ခန့်ခန့်ချောချော စစ်ဗိုလ်တစ်ဦးဖြစ်သည်။ သူက ကျွန်တော့်ကို တပ်မတော်အရာရှိ ဝတ်စုံတစ်ခုပင် ပေးထားပြီး တပ်မတော်အရာရှိ လူပျိုရိပ်သာ တွင် ကျွန်တော် မကြာခဏ ဝင်အိပ်တတ်သည်။ သူ့ကားနှင့်ပင် လျှောက်လည်ကြသည်။ ကပွဲများ သွား ကြသည်။ ပိုက်ဆံများ ကုန်သွားလျှင် ညသန်းခေါင်မှာပင်ဖြစ်စေ "ဒေါ့လင်ဂဲယ်လ်" အားခေါ်ပြီး ပိုက်ဆံ ရှင်းခိုင်းတတ်ကြသည်။
ကျွန်တော်မှာ အစီအစဉ်သစ်ကလေးများ တိုးတက်လို့လည်း လုပ်ဆောင်လာသည်။ လူရွှင်တော်အလုပ် အပြင် ဗုံကိုတီးခြင်း၊ သီချင်းဆိုခြင်းများပါ လှမ်းတက်လုပ်ဆောင်လာသည်။ ဗာဂျီးနီးယားပြည်နယ် "ပီတာ့စ်ဘတ်ဂ်" မြို့ရှိ နီဂရိုးကလပ်ကလေးတစ်ခုတွင် ဝင်အလုပ်လုပ်ခဲ့သည်။ စင်ပေါ်သို့ အဖြူရောင် ဘောင်းဘီရှည်ဝတ်၊ အနက်ရောင် နွားကျောင်းသား ဦးထုပ်ဆောင်း၊ နှုတ်ခမ်းမွှေးနှင့် နသယ်မွှေးများ များ ဆေးချယ်တပ်ဆင်ပြီး တက်လာခဲ့ သည်။ ပရိသတ်၏အာရုံ စူးစိုက်မှုရသည်နှင့် ကျွန်တော်က စပြောတော့သည်။ စိန့်လူဝီရှိ ကျွန်တော့် အိမ်အကြောင်းပြောပြသည်။ အေးလွန်းသဖြင့် အိမ်ထဲတွင် ဆီး နှင်းများပင် အရည်မပျော်နိုင်ပုံ၊ ညသန်းခေါင် အိမ်သာတက် လျှင် ခုတင်ပေါ်တွင် နေရာပျောက်မည်စိုး၍ ကိုယ့်နေရာပင် ကိုယ်မှတ်ထားခဲ့ရပုံများ၊ ကျွန်တော် သည် ထိုပွဲများအတွက်လည်းကောင်း၊ တပ်မတော် ပွဲများအတွက်လည်းကောင်း မည်သည့်အခါမျှ တင်ကြိုပြင်ဆင် ထားခြင်း မရှိခဲ့လေ။
၁၉၅၅ တွင် နယူးဂျာစီပြည်နယ် ဒစ်ခံတပ်၌ တပ်မတော်တစ်ခုလုံးအတွက် ဟောပြောပွဲရုံသွင်းခံရ သည်။ ထိုမှ အောင်မြင်သွားလျှင် "အက်စူဘီငှန်" ရုပ်မြင်သံကြား အစီအစဉ်သို့ ဝင်ရောက်ဖျော်ဖြေနိုင် မည်ဖြစ်သည်။ သို့သော် ကျွန်တော် မလုပ်ခဲ့ပါ။ ရုပ်မြင်သံကြား သဘောတရားနှင့် စီးပွားရေးလုံးဝနားမ လည်ဘဲ အမှတ်မထင် ဝင်ပြီး ဖျော်ဖြေရမည်ဖြစ်သဖြင့် ကျွန်တော်မလုပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော့် အနေအထားမှားချင် မှားပေမည်။ ၁၉၅၆ တွင် တပ်မတော်မှ ထွက်ပါသည်။ ဘယ်သွားရမှန်းမသိပင် ဖြစ်တော့သည်။ ဘာလုပ်ရမှန်းလည်း မသိ။ တစ်နေ့ ကျွန်တော့်လိပ်စာ ရေးစာလိုသဖြင့် ရေးရာ တောင် ပိုင်းအီလီနွိုက် တက္ကသိုလ်၊ ကာဘွန်ဒေးလ်မြို့၊ အီလီနွိုက်ပြည်နယ် ဟုသာ လိပ်စာတပ်ပေးလိုက်ရ သည်။ ယင်းသည်ပင် ကျွန်တော့်အတွက် တစ်ခုတည်းသော အိမ်ဖြစ်ဟန်တူသည်။ ထို့ကြောင့်ပင် ကျွန် တော် ထိုနေရာသို့ ပြန်ခဲ့သည်။
ကျောင်းသို့ ယခုတစ်ချီပြန်ရခြင်းသည် ယခင်နှင့် လုံးလုံးမတူတော့ပေ။ ကျောင်းတွင် အားကစားစနစ် အသစ်ပြောင်းနေပြီး ဘောလုံးကို အထူးဦးစားပေးနေသဖြင့် "ဒေါ့လင်ဂဲယ်လ်" ခမျာ ချောင်ထိုးခံနေရ သည်။ ကျွန်တော်က အပြေးအဖွဲ့ထဲ ပြန်ဝင်သည်။ သို့သော် တကယ်တန်း သိပ်စိတ်မဝင်းစားလှတော့ ချေ။ ဘာရည်ရွယ်ချက်နှင့် ပြေးရမှန်းပင် သိပ်မတွက်မိတော့။ ကျောင်းပြန်တက်သည်။ သို့သော် အမှတ် မျာမှးာ သမပ်မကောင်းလှ။ ကျွန်တော် ဒီလာနေရခြင်းသည် တခြားနေစရာမရှိ၍ပင် လာနေရခြင်းဖြစ် ကြောင်း တခြားလူများ ကို ပြောပြလိုက်ရာ ကျွန်တော့် သူငယ်ချင်း အများစုမှ မရှိတော့ပြီ။ ကျောင်းပိတ်ခါ နီးတွင် ကျွန်တော်တို့တွင် "ဒေါ့လင်ဂဲယ်လ်" အတွက် ရန်ပုံငွေဖွင့် ငွေစုကြပြီး သူ့ကို ဟဲယ်လ်စင်ကီ အို လံပစ်အတွက် နည်းပြဆရာ အဖြစ် လွှတ်လိုက်သည်။ "ဒေါ့" ထွက်သွားသောနောက်ပိုင်းတွင် ကျွန် တော် လည်း ကျောင်းမှခွာတော့ရန် ဆုံးဖြတ်လိုက်သည်။
တစ်ကြိမ်ကမူ ကျွန်တော် ဒီပလိုမာလေး တစ်ခုမျှပင် မရဘဲနှင့် လူဖြူတို့ ကမ္ဘာထဲရောက်ရန် ထိတ်လန့် မိခဲ့ဖူးသည်။ ယခုမူ ယင်းသည် အကြောင်းမဟုတ်တော့ကြောင်း သိလေပြီ။ လူဖြူတို့၏တက္ကသိုလ်များမှ ဘွဲ့ရခဲ့ကြသော နီဂရိုးများသည် ဘွဲ့လက်မှတ်ကလေးများကို ကိုင်ပြီး ကားမောင်းနေကြရသည်။ စာပို့ သမား လုပ်နေကြ ရသည်။ စီးပွားရေး ဘာသာရပ်တွင် ထိပ်တန်းအမှတ်ကောင်းကောင်းဖြင့် အောင်မြင် ခဲ့သော နီဂရိုး များသည် ကုန်ပဒေသာတိုက်ကြီးများသို့သွားကာ "ဒီနေ့ ငါတို့အထမ်းသမား မငှားတော့ တာ ဝမ်းနည်း ပါတယ်ကွယ်"ဟူသော အသံကိုသာ နာခံနေကြရရှာသည်။ ဘွဲ့လက်မှတ်ကား အဓိပ္ပာယ် ရှိလာနိုင်ပေမည်။
ကျွန်ောတ်ကား ခေါင်းကလေးငိုက်စိုက်ချပြီး "ကာဘွန်ဒေးလ်"မှ လေးဘက်ထောက် ထွက်ခဲ့မည်တော့ မဟုတ်ချေ။ ကျွန်တော့်အတွင်းစိတ်ထဲမှ အင်အားများသည် ပြန်ပေါ်လာပြန်ချေပြီ။ ထို့ကြောင့် ကြေးနန်း တစ်စောင် ရိုက်လိုက်သည်။ မိမိထံ မိမိ ပြန်ရိုက်လိုက်ခြင်း ဖြစ်၏။
တစ်နေ့ အဆောင်ခန်းထဲ လှဲနေစဉ်တွင် ကြေးနန်းစာတစ်စောင် ရောက်လာသည်။ ယခင်က တစ်ကြိမ် တစ်ခါ မျှ ကြေးနန်းစာမရဖူးခဲ့။ သို့သော် ကျွန်တော်က လှမ်းမယူဘဲ ကိုယ့်ဆီ တစ်နေ့ ကြေးနန်းတစ် စောင် လာနေကျ ပုံစံ အတိုင်း ခပ်အေးအေးပင် နေလိုက်သည်။ ကျွန်တော့်အခန်းဖော်က ယူကြည့်ပြီး အလွန် အံ့သြသွားသည်။
"ဖွင့်မကြည့်တော့ဘူလား ဂရီဂိုရီ"
"တစ်ဆိတ် ဖတ်ပြစမ်းပါကွယ်…"
ထိုကြေးနန်းကို ကျွန်တော် အလွတ်ပင် ရနေပါတော့သည်။
"ဘောလ်တီမိုး၊ မေရီလန် ပြည်နယ်သို့ အမြန်လာ၊ စစခြင်း တစ်နှစ် ဒေါ်လာ ၂၅၀၀၀ အာမခံမည်။ ဖရင့် ဒီအလီဆန်ဒရို"
"ဒါတကယ်လား ဂရီဂိုရီ"
"စစ်တပ်တုန်းက ဖရင့်နဲ့အတူ နေခဲ့ရတယ်လေ။ သူ့အဖေက ဘောလ်မိုးမြို့တော်ဝန်။ ကျွန်တော် လုပ် ချင်ရင် ဘယ်အချိန်မဆိုရုံသွင်းပြပွဲအလုပ် သူရှာပေးမယ်လို့ ပြောခဲ့ဖူးတယ်။ အဲဒါ လုပ်ရကောင်းမလား"
သူအခန်းထဲမှ ပြေးထွက်သွားသည်။ ကြေးနန်းစာကို ဝှေ့ယမ်းပြရင်း အဆောင်တစ်ခုပြီးတစ်ခု တက်ချီ ဆင်းချီ လုပ်ပြီး အော်ဟစ်နေသည်။ အားလုံးက ကျွန်တော့်ထံဝိုင်းလာပြီး ဂုဏ်ပြုချီးကျူးကြသည်။ နှစ် ရက်မျှ ကြာအောင် ပင် ကျွန်တော်သည် ထိုကြေးနန်းစာကို ဖတ်တတ်သူအားလုံး တက္ကသိုလ် ပါမောက္ခ ချုပ်မှအစ ကစားကွင်းသန့်ရှင်းရေး အလုပ်သမားအထိ အကုန်လျှောက်ပြသည်။ ကျောင်းသားရေးမှူး က ဖတ်ပြီး ကျွန်တော်သွားသင့်သည်ဟု ပြောသည်။ သူက ကျွန်တော့် ပခုံးများကို ဖက်ကာ ပြတင်း ပေါက်မှနေ၍ သမဂ္ဂ အဆောက်အဦ အသစ်ကြီးဆောက်ရန် မြေကြီးများတူးနေသည်ကို နှစ်ယောက် သား ကြည့်နေကြသည်။ သမဂ္ဂအသစ် ရရေးအတွက် ကျွန်တော်ပင် ဦးစီးဦးဆောင် တိုက်ယူခဲ့သည်။ ယခု အဆောက် အဦး ဆောက်နေသည်ကိုကား နောက်တစ်ကြိမ် မြင်ရတော့မည်မဟုတ်တော့ချေ။
"ဒစ်၊ မင်းဟာ ဒီမှာ သာမန်ကျောင်းသားတစ်ယောက်အနေနဲ့ မဟုတ်တော့ဘူးကွာ။ ဒီကျောင်းရဲ့ အသက်ရှင်နေတဲ့ အစိတ်အပိုင်း တစ်စိတ်တစ်ပိုင်းကို ဖြစ်နေပြီ။ ဒါကြောင့် တောင်ပိုင်းအီလီနွိုက် တက္ကသိုလ်ဟာ မင်းရဲ့အရည်သွေးတွေ ကို ရယူလိုက်ရသလို မင်းကတည်း ဒီတက္ကသိုလ်ရဲ့ အရည် အသွေးတွေ ကို ပြန်ယူဆောင်ရွက်သွားနိုင်ပါပြီကွာ…"
ကောင်လေးတွေ က နှုတ်ဆက်ပွဲကျင်းပကြသည်။ လူတိုင်းက ကျွန်တော့်ကို ကံကောင်းပါစေဟု ဆု တောင်းကြ သည်။ ကျွန်တော် နည်းနည်းတော့ ရှက်မိပါသည်။ သို့သော် ရှက်စရာ သိပ်မလိုပါတော့ချေ။ သူတို့အောက် တွင် ရောက်ခဲ့ရသော ကျွန်တော်သည် မကြာခင်တွင်ပင် တစ်နေရာရာတွင် တစ်နည်း နည်းဖြင့် ချမ်းသာ မလာနိုင်ဘူးဟု မပြောနိုင်ပေ။ တစ်နေ့တွင် ဒေါ်လာ ၂၅၀၀၀ တန် ကြေးနန်းသည် ပင် တကယ်ဖြစ်လာနိုင်ပေ သည်။
ထိုညတွင် ဘတ်စ်ကားဂိတ်သို့သွားပြီး ရှီကာဂိုသို့ လက်မှတ်ဝယ်သည်။ ကျွန်တော့်အစ်ကို "ပရက် စလေ" သည် ရှီကာဂိုတွင် အလုပ်လုပ်နေရာ သူက ကျွန်တော့်အတွက် အလုပ်ရရေးအတွက် အကူအ ညီများပေးကောင်းပေးနိုင်ပေ မည်။ ကျွန်တော့်ကို လိုက်ပို့သော ကောင်လေးများကို ရှီကာဂိုတွင် အမျိုး သမီးတစ်ယောက်နှင့် တွေ့ရန်ရှိပြီး "ဘောလ်တီမို" သို့ လေယာဉ်ဖြင့် မသွားခင် သူနှင့်နည်းနည်းတွဲက လိုက်ချင်သေး ၍ဟု ဖြီးလိုက်ရသည်။ နောက်မှ "ဘောလ်တီမို" တွင် ရုံပွဲသွားဝင်မည်ဟု ပြောပြလိုက် သည်။ ကားပေါ် တက်ပြီး ပြတင်းပေါက်မှတစ်ဆင့် လက်ယမ်းပြလိုက်သည်။ ကျွန်တော်ကား ကမ္ဘာတစ် ခုလုံးကို ကျောခိုင်းရတော့ မှာပါလား။ "ဟိုမှာ ဒစ်ဂရီဂိုရီ လာပြီဟေ့" ဟု ပြောကြသောသူ အားလုံးနဲ့ ခွဲ ခွာရတော့မှာ ပါလား။ စိတ်အလွန် ထိခိုက်သွားသည်။ ထို့ကြောင့် ကားသမားကို ပြန်အရပ်ခိုင်းလိုက် သည်။ ကျွန်တော့် ဝန်စည်စလယ်များကို ပြန်ချသည်။ ထို့နောက် တက္ကသိုလ်ဝင်းအတွင်းသို့ ပြန်ပြေး ကာ တစ်လမ်း လုံးအော်ဟစ် သွားတော့သည်။
အဆောင်များကို ရောက်သောအခါ ကျွန်တော့်ကို ယုံကြည်နားလည်ကြသောသူများ၏ ပြုံးရွှင်သော မျက်နှာများကို ပြန်တွေ့ရသည်။ ကျွန်တော့်ကို နောက်တစ်ကြိမ် လက်ဆွဲနှုတ်ဆက်ချင်သည့် သူများ၊ ကံကောင်းပါစေ ဟုထပ်ပြီး ဆုတောင်းလိုသူများနှင့် ပြန်ဆုံရသည်။ သူတို့အားလုံးနှင့် နှုတ်ဆက်ကြရ သည်။ သူတို့ အားလုံး က ကျွန်တော့်အတွက် ဂုဏ်ယူကြသည်။ ခုတော့ ကျွန်တော်သွားရပေတော့မည်။ ကျွန်တော် သည် ရုပ်ရှင်မင်းသားဖြစ်လာပြီ ဖြစ်သဖြင့် ဘတ်စ်ကားနှင့် မသွားသင့်တော့ကြောင်း လံကြုတ် ဇာတ်လမ်းဆင် ပြောပြရပြီး လမ်းစရိတ်ပိုက်ဆံ ထပ်ချေးကာ ဘူတာရုံသို့ ထွက်ခဲ့သည်။ ကောင်လေးများက ဘူတာရုံ သို့ပင် လိုက်ပို့ကြသည်။
ညရထား စီးရခြင်းသည် ကမ္ဘာပေါ် တွင် ပျင်းရိစရာ အထီးကျန် နုင်လွန်းလှဆုံး အလုပ်တစ်ခုဖြစ်သည်။
""ပြတင်းပေါက် မှ သင်မြင်ရမည့်အရာမှာ အမှောင်ထုကြီး ခပ်သုတ်သုတ် ပြေးနေသည်ကိုသာ ဖြစ်ပေမည်။ ကျွန်တော် က ရထားပေါ်မှ အထမ်းသမားတစ်ဦးကို ကျွန်တော် ကြေးနန်းစာ ပြလိုက်သည်။
"မင်းအလုပ်ကောင်း တစ်ခုရတာပဲ သားရယ်၊ မင်းကို သူတို့ အားလုံးကြည့်ကြလိမ့်မယ်။ ငါတို့ဘာတေ၊ွ စွမ်းဆောင်နိုင် တယ် ဆိုတာ အားလုံးလုပ်ပြ လိုက်စမ်းပါကွယ်။"
ကျွန်တော် က သူ့ကို လက်ကျန်ပိုက်ဆံအားလုံးပင် ဘောက်ဆူးပေးပစ်လိုက်ပါသည်။ ကျွန်တော်ကို ယုံကြည်ခြင်း တစ်ခုတည်း အတွက် ဖြစ်ပါသည်။
အပိုင်း (၂)
(၁)
နှင်းမုန်တိုင်းကြားကို ဖြတ်၍ ဓါတ်ဆီတိုင်တိုင်ကီ တွင် ဓာတ်ဆီတစ်စက်မှ မရှိတော့သည့်အခြေအနေနှင့် ကား ကိုမောင်းနေခဲ့ ပါသည်။ ကျွန်တော့် အမျိုးသမီးမိတ်ဆွေ၏အမေကလည်း "စကော့ဝီစကီ" သောက် ချင်သည် ဟု ပြောနေပြန်သည်။ အမျိုးသမီးမိတ်ဆွေ၏မောင်လေးနှင့် ညီမလေးများမှာလည်း ဆာလှပြီ ဟု တကျီကျီ အော်နေကြသည်။ ကျွန်တော့်မှာ ရူးလုမတတ်ပင် ဖြစ်နေရသည်။ ကျွန်တော့်အိတ်ကပ်ထဲ တွင်ကား ငါးဒေါ်လာမျှသာ ပါလာခဲ့သည်။ ကားထိုးပြီး ကြည့်ရတာ ရုပ်ရှင်ရုံသို့ ဝင်လျှင်လည်း ငွေကုန် ဦးမည်။ ကလေးတွေ အတွက် အစားအသောက်ဖိုးတွေ ကလည်း ရှိသေးသည်။ အဘွားကြီးအတွက် "စကော့ဝီစကီ" တစ်ပုလင်းနှင့် ပင် ကျွန်တော့်အိပ်ကပ်မှာ ပြောင်သလင်းခါလုပြီ။ ဤကားမှာ သူတို့ ကားဖြစ်သည်။ ကားဓာတ်ဆီ ထည့်ချင်သည်ဟု ပြောလျှင်လည်း ကျွန်တော့်မှာအခက်။ သို့သော် ကျွန် တော်က အခွင့်အလမ်း ယူနိုင်လျှင် ကားလမ်းခုလတ်တွင် ဓာတ်ဆီပြတ်သွားစေပြီး အငှားကားခေါ်ကာ ဆက်သွားနိုင်ပေမည်။
"ငါတို့တစ်နေရာရာရပ်ပြီး ဓာတ်ဆီထည့်ရင် ကောင်းမယ်ထင်တယ် ဒစ်"
အမျိုးမျိုး တွေးပူနေတုန်းမှာပင် မေရီအန်း၏အမေကြီးက ဆိုလာချေပြီ။
"ဟုတ်တာပေါ့ အမေ၊ ကျွန်တော်လည်း ခု ဓာတ်ဆီဆိုင် လျှောက်ရှာနေတာပဲ"
လမ်းတစ်ဖက်ရှိ ဓါတ်ဆီဆိုင်တစ်ခုကို တမင် မမြင်ယောင်ဆောင်ဖြတ်ခဲ့ပြီး ပြောလိုက်သည်။
အချက်ပြ မီးတိုင်များမှ မီးများက ကျွန်တော်ကို မျက်စေ့မှိတ်ပြနေကြပြီး "မင်းကံကောင်းရင်တော့ အဖမ်းခံရမှာပဲဟေ့" ဟု ပြောနေသကဲ့သို့ ရှိနေပါသည်။ မီးနီများကို ကျွန်တော်မရပ်ဘဲ ကျော်တက်ခဲ့သည်။ ခုထိတော့ ဘာမှ မဖြစ်သေး။ သင်တွေ့ချင်လျှင် ဘယ်တော့မှ ပုလိပ်က မရှိတတ်။
"ဟိုမှာ ဓါတ်ဆီဆိုင်၊ ဟိုမှာ တွေ့ပြီ ဓါတ်ဆီဆိုင်"
ကားနောက်မှ ကောင်လေးတစ်ယောက်က ထအော်လိုက်သည်။
မတတ်သာ၍ ကျွန်တော်လည်း ကားထိုးဆိုက်လိုက်ပြီး ဓါတ်ဆီ ထည့်လိုက်ရတော့သည်။
"ကဲ…ချာတိတ်ရေ ဓါတ်ဆီ ဖြည့်ပေးပါဦး"
ပြောပြောဆိုဆိုပင် ကားနောက်သို့ ခုန်ဆင်းပြီး ဓါတ်ဆီ ထည့်သောကောင်လေးအား "တစ်ဒေါ်လာဖိုး ထည့်ပေးပါနော်၊ ကျေးဇူးတင်ပါတယ်ကွာ"
မေရီအန်း၏ အမေကြီးသည် ကားရှေ့ခန်းတွင် သူ့သမီးနှင့်အတူ စကားပြောနေသည်ကို တွေ့ရသည်။ ကလေးလေးယောက်အား ဗိုက်ကလေးများကို ပွတ်ပြီး ကားနောက်ခန်းတွင် ထိုင်နေကြသည်။ သူတို့ သည် ကျွန်တော်လိုအနုပညာရှင်ကြီး တစ်ယောက်နှင့်အတူ ခရီးသွားရသည်ကို အတော်ကျေနပ်ဂုဏ် ယူနေကြဟန် တူသည်။ ဒစ်ဂရီဂိုရီ၊ ပွဲလမ်းသဘင်းများတွင် သူမပါလျှင် မပြီးသူ၊ ရှီကာဂို အက်စကွိုင်း ယား ဇာတ်ရုံမှ လူရွှင်တော် မင်းသား၊ နာမည်ကြီး "လစ်တန်"ဆိုင်မှ ဝတ်စုံများကိုသာ အော်ဒါမှာဝတ် သူ။ မြို့လယ် ကိုယ်ပိုင် တိုက်ခန်းနှင့် နေနိုင်သူ။
ကျွန်တော်က မျက်နှာရှစ်ခေါက်ချိုးနှင့် ကားဆီ ပြန်လာခဲ့သည်။
"ဘာဖြစ်တာလဲ ဒစ်"
"အလကားပါဗျာ၊ ဒီချာတိတ်အမူအရာကို ကျွန်တော် သိပ်မကြိုက်ချင်ဘူး။ ကျွန်တော်က ကျွန်တော် မကြိုက်တဲ့ အမူအရာမျိုးရှိတဲ့ လူဆီမှာတော့ အလကား ငွေကုန်မခံချင်ဘူး"
"ဒါမှန်တာပေါ့ကွ၊ မေရီအန်းကိုတောင် မနေ့က ပြောခဲ့ရသေးတယ်"
အဘွားကြီးက ထောက်ခံနေသည်။ အကယ်၍ ခုချိန်တွင် မေရီအန်းတစ်ယောက်တည်းကိုသာ ခေါ်ထုတ်ပြီး လက်ငင်း အခြေအနေကို တင်ပြလိုက်လျှင်ပင် အားလုံး အဆင်ပြေသွားနိုင်မည် ဖြစ်သည်။ သို့သော် သူ့မိသားစု အသိုင်းအ၀ိုင်းရှေ့တွင် သူ့ခမျာ မျက်နှာမထားတတ်အောင် ဖြစ်ရှာမည်ကိုလည်း တွေးရသေးသည်။ သို့သော် လူတွေက ကျွန်တော့်လို နာမည်ကျော်ကြီး တစ်ယောက်မှာ တစ်ပတ်မှ လုပ်ခ ဒေါ်လာ သုံးဆယ်ရသည်ကို လည်းကောင်း၊ အ၀တ်အစားများမှလည်း အကြွေးဝယ်ဝတ်ရသည် ကိုလည်းကောင်း ၊ အခန်းမှာလည်း ငှားနေရ သည် ဖြစ်ကြောင်း မသိကြချေ။
"တကယ့်ကို အေးတာပဲ၊ ဟု သူ့အမေက ပြောသည်။"
"ရောက်တော့မှာပဲ အမေရ၊ ဟိုကျမှ ကော်ဖီပူပူလေးတွေ သောက်တာပေါ့"
"စကော့သောက်မှ ပိုပြီး အအေးမြန်မှာ ဒစ်ရဲ့"
"ဟိုမှာ အရက်ဆိုင် မဟုတ်လား၊ အရက်ဆိုင် ဟိုမှာ"
ကောင်လေးတစ်ယောက်က အော်ပြန်သည်။
ဘုရားသခင်က ကောင်းကင်မှ ပေးချပေးလိုက်သကဲ့သို့ပင် လမ်းမကြီးကိုဖြတ်၍ ဆိုင်းဘုတ်ကြီးတစ်ခု က ထင်းထင်းပြတ်ပြတ်ကြီး ပေါ်လာနေသည်။
"ရုပ်ရှင်ရုံ မရောက်ခင် နောက်ဆုံး အရက်ဆိုင်"
မတတ်နိုင်တော့ ရှောင်လွှဲလို့လည်း မရတော့ဘဲကိုး။ တစ်ပိုင့်ကို ၁.၂၅ ဒေါ်လာ ဟု ရေးထား သည်။ တော်ပါသေးရဲ့။ မေရီအန်းနှင့် ကျွန်တော်က မသောက်။ အဘွားကြီး တစ်ယောက်ထဲ အတွက် တစ်ပိုင့် ၀ယ်ပြီး ကားဆီသို့ပြန်လာခဲ့သည်။
"သူတို့မှာ ခွက်တွေ ဘာတွေ မရှိဘူးလား ဒစ်"
အဘွားကြီးက ချေးထူပြန်သည်။
အခြေအနေက ပိုပြီး ကြပ်တည်းစပြုလာပေပြီ။ လက်ကျန်ကလည်းနှစ်ဒေါ်လာနှင့် ဆင့်ငါးဆယ်။ ရုပ်ရှင် ရုံရှေ့ လက်မှတ်ရုံသို့ ရောက်လာသောအခါ ခိုက်ခိုက်တုန် ချမ်းနေသော ရာသီဥတုကြီးတွင် ကျွန်တော့် တကိုယ်လုံး မှာ ချွေးပြန်နေပေပြီ။
ဆက်ရန်
.

No comments:
Post a Comment