Tuesday, July 3, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၁၂)

အခြေအနေက ပိုပြီး ကြပ်တည်းစပြုလာပေပြီ။ လက်ကျန်ကလည်းနှစ်ဒေါ်လာနှင့် ဆင့်ငါးဆယ်။ ရုပ်ရှင် ရုံရှေ့ လက်မှတ်ရုံသို့ ရောက်လာသောအခါ ခိုက်ခိုက်တုန် ချမ်းနေသော ရာသီဥတုကြီးတွင် ကျွန်တော့် တကိုယ်လုံးမှာ ချွေးပြန်နေပေပြီ။ ကို ဆက်ဖတ်ရန်.........

"တစ်ဒေါ်လာကျတယ် ဆရာ''
"ဘာပြောတာလဲကွ ဟင်၊ သတင်းစာထဲမှာ ရေးထားတော့ တစ်ဒေါ်လာဆို၊ ခုမှ…"
"ကျွန်တော်ကလည်း တစ်ဒေါ်လာပဲ ပြောနေတာပဲ ဆရာရဲ့"
ကျွန်တော် ချောက်ချားစပြုလာပြန်သည်။ ယခုကဲ့သို့ ကားထဲဝင်ပြီး ရုပ်ရှင်ကြည့်ဖူးခဲ့သည်မှာ ကျွန်တော့်အဖို့ လွန်ခဲ့သောနှစ်နှစ် ကောလိပ်ကျောင်းသားဘဝတုန်းက တစ်ကြိမ်သာ ဖြစ်ခဲ့သည်။ ယခု ရုံထဲရောက်သော ကားမောင်းသူ ဘာလုပ်ရမလဲ။ ဘယ်နေရာမှာ သွားရပ်ရမလဲ။ အသံချဲ့စက်နဲ့ အနွေး ဓာတ်ပေးစက်တွေကို ဘယ်မှာ သွားယူရမလဲ။ ကျွန်တော် အစီအစဉ်တွေကို နားမလည်။
"တို့နောက်မှာ ကားတွေ ပိတ်ဆို့ကုန်ပြီ ဒစ်"

သို့သော် မှန်းသမ်း စမ်းသမ်းနှင့်ပင် အဆင်ပြေသွား၍သာောတ်တော့သည်။ ကလေးများကို လက်ကျန် ပိုက်ဆံ အကုန်ပေးလိုက်ပြီး မုန့်ကျွေးလိုက်သဖြင့် တစ်ရန်က အေးသွားရသည်။ ယခုမှ ကျွန်တော့်ဗိုက် က ဆာလာ သည်။ လက်တွေမှာမူ ခုထိတုန်နေဆဲ။ သို့သော် အားလုံးစကား မစကြဘဲ ငြိမ်သက်နေပြီး ရုပ်ရှင်ကြည့်နေကြသည် ကိုပင် ဘုရားသခင်အား ကျေးဇူးတင်မိပါသည်။ ကျွန်တော်ကတော့ မျက်စိကို အသာမှိတ် ထားလိုက်ကာ ဒီနေရာသို့ ဘယ်ပုံဘယ်နည်း ရောက်လာခဲ့သည်ကို ပြန်စဉ်းစားကြည့်နေ လိုက်ရသည်။
"ကာဘွန်ဒေးလ်" မှ "ရှီကာဂို" သို့ ရထားဖြင့် ဖြတ်သန်းခဲ့ရသော ခရီးမှာကား တိုတောင်းလှပါသည်။ သို့သော် နောက်ပိုင်းနေ့ရက်များကား အထူးရှည်လျားပါသည်။ "ပရက်စလေ" သည် ယခင်နေ ထိုင် သော နေရာမှ ပြောင်းရွှေ့သွားခဲ့သည်။ ဘယ်နေရာကို ထပ်ပြောင်းသွားသည်ကိုလည်း မသိရ။ သို့ သော် သူ့အိမ်ရှင် အဘွားကြီးက ကျွန်တော့်ကို ရက်အနည်းငယ်နေထိုင်ခွင့်ပြုခဲ့၍သာ တော်တော့သည်။  ထို့နောက် စာတိုက်နှင့် ဟိုတယ်ခန်းတစ်ခုတွင် ခရစ်စမတ်များအတွက် အလုပ်များကိုရခဲ့သည်။ သို့သော် ဇန်နဝါရီလ အထိ သာဖြစ်သည်။

ရှီကာဂိုတွင် မိတ်ဆွေသစ်များသည် တစ်ယောက်မျှမရ။ နောက်ထပ်ဘာအလုပ်မှလဲ မရခဲ့ဘဲ ရှိနေ သည်။ ထို့ကြောင့် ဦးတည်ချက်ဟူ၍ ရေရေရာရာမရှိဘဲ ခြေဦးတည့်ရာ သွားတော့ရန် ဘူတာရုံဘက် လျှောက်ခဲ့စဉ် အထက်တန်း ကျောင်းသားဘဝတုန်းက ပြေးဖော်ပြေးဖက်တစ်ဦးနှင့် သွားတွေ့မိသည်။ ဘူတာရုံ ထောင့်ကွယ် တစ်ခုတွင် မတ်တပ်ရပ်ပြီး စကားလက်ဆုံကျနေကြသည်။ လေကား တဟူးဟူး နှင့် တိုက်နေသည်။ အအေးစက် မှာလည်း ပိုသည်ထက် ပိုလာသည်။ ကျွန်တော်က သူ့ကို ကောလိပ် အကြောင်း၊ စစ်တပ်အကြောင်း၊ ဗိုလ်ဂျင်မ်အဲလစ်အကြောင်းများ လျှောက်ပြောပြနေသည်။
"ဘာလဲ၊ ဟို ဘောသမား တင်အဲလစ်ကို ပြောတာလား"
သူက ပြောသည်။ "မနေ့ညကတောင် သူ့အိမ်က ပါတီကို ကျွန်တော် ရောက်ခဲ့သေးတယ်"
"သူ ဘယ်မှာနေတာလဲဗျ"
"၅၁၀၃ ဝါဘက်ရှ်ရပ်ကွက်မှာ"
ထိုအိမ် သို့ ကျွန်တော် ပြေးတော့၏။

ဂျင်မ်အဲလစ် အိမ်ရောက်၍ သူ့အိမ်တံခါးကို ဖွင့်လိုက်ခြင်းသည်ပင် ကျွန်တော့်အတွက် ရှီကာဂိုလမ်းကြီး ပွင့်သွားခြင်းပင် မည်ပေသည်။ သူသည် ကျွန်တော့်အား အချိန်အတော်ကြာ ပျောက်ဆုံးသွားခဲ့သော ညီ တစ်ယောက်အား ပြန်တွေ့ရသကဲ့သို့ပင် ဝမ်းသာအယ်လဲ ဆက်ဆံပြုစုပါသည်။ ထို့နောက် သူ အလုပ် လုပ်နေသော "ဖို့ဒ် လေယာဉ် စက်ရုံ"တွင် အလုပ်သွင်းပေးပါသည်။ အလုပ်ဆင်းလျှင် သူနှင့် ကျွန်တော် အပြေးလေ့ကျင့်ကြပါသည်။ သူက နွေဦးပေါက်ရာသီ ဘောလုံးပွဲများအတွက် လေ့ကျင့်နေ ခြင်းဖြစ်သည်။ ကျွန်တော်သည် ပြေးရင်း ပြေးရင်းနှင့် ပုံမှန်စိတ်များ ပြန်ရလာပါတော့သည်။ ကျွန်တော် က သူ့ကို နေ့တိုင်းပင် အနိုင် ရခဲ့သည်။ သူက အပြေးသမားမဟုတ်။ သို့သော် သူလို အမေရိက လက် ရွေးစင်ကြီးကို အနိုင်ရသည်ကိုမူ ကျွန်တော်က ကျေနပ်လှသည်။ ဂျင်မ်နှင့်အတူ ပါတီပွဲများကို တက်ကြ သည်။ ကျွန်တော့်ကို လိုလားနှစ်ခြိုက် ကြသော ကျွန်တော့်ဟာသများကို သဘောကျကြသော လူများ နှင့် တွေ့ရသည်။ ဂျင်မ် နွေရာသီ လေ့ကျင့် စခန်းသို့ ဝင်သွားသောအခါ၌ ကျွန်တော်သည် ရှီကာဂို တက္ကသိုလ် အပြေးအသင်းတွင် ပါဝင်နေပြီဖြစ်သည်။

ယင်းအသင်းတွင် မိတ်တွေသစ်များ ရရှိခဲ့သည်။ "ဟားဘတ်ဂျူးလတ်" နှင့် "အီရာမတ်ချီဆင်" တို့လို လူများ။ "မတ်ချီဆင်" သည် ကမ္ဘာ့ကိုက်တစ်ရာ အပြေးချိန်ပီယံဖြစ်သည်။ ကျွန်တော့်အစ်ကို "ပရက်စလေ" မှာ အိမ်ပေါက်စေ့ ဈေးလိုက်ရောင်းသော ဈေးသည်တစ်ဦးဖြစ်နေပြီး၊ ညီအငယ်ဆုံး "ရွှန်" မှာ နော်ဒါဒိန်း တက္ကသိုလ် တွင် အပြေးလက်ရွေးစင်ဖြစ်နေသည်ကို ပြန်တွေ့ရသည်။ စက်တင်ဘာလတွင် "အော့ဇဲလ်" နှင့် "ဝီလျံ အန်ဒါဝတ်" ဇနီးမောင်နှံတို့ ပိုင်အိပ်ခန်းသို့ ငှားရမ်းကာ ပြောင်းရွှေ့နေထိုင်ခဲ့ သည်။ သူတို့ကလည်း ကျွန်တော် ကို မိသားစုထဲမှကဲ့သို့ ဆက်ဆံကြပါသည်။ ဖို့ဒ်လေယာဉ်ပျံရုံမှ အောက်တိုဘာလတွင် အလုပ်ပြုတ်ခဲ့ပါသည်။ သို့သော် သိပ်မဆိုးရွားလှပါ။ ကျွန်တော် စိတ်ဓာတ်ကျပြီ ဆိုလျှင် အပြေး ဝတ်စုံ ကောက် ဝတ်ကာ ပြေးလိုက်သည်ပင်။ မကြာမီတွင် ကျွန်တော် အထက်တန်း ကျောင်းသားဘဝက အကျင့် မျိုး ပြန်ရ လာသည်။ မနက်စောစော တစ်ကြိမ်၊ ညဘက်တစ်ကြိမ်၊ အလုပ် သွား အလုပ်ပြန် လူများရှေ့ တွင် လျှောက်ပြေးခြင်းဖြစ်သည်။ သူတို့ မြင်သာအောင်လည်း တမင်ပြေး ခြင်းဖြစ်သည်။

ထိုနှစ်က "အန်ဒါဂတ်" ဇနီးမောင်နှံတို့နှင့်အတူ ခရစ်စမတ်ပွဲသဘင်ကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။ စိန့်လူဝီသို့ တယ်လီဖုန်းဆက်ပြီး ညီမ "ဒေါ်လော်ရက်စ်" နှင့် ညီ "ဂါလင်" နှင့် "ပေါ်လင်း" တို့ကို ကျွန် တော် အဆင်ပြေပြေဖြစ်နေကြောင်း ပြောပြ လိုက်သည်။ "ခေါက်ဘင်" ၌ ရောက်နေသော ညီငယ် "ဘင်" ထံသို့လည်း ရထား စီးပြီး သွားတွေ့ခဲ့သည်။
သို့သော် ဇန်နဝါရီလရောက်သည်အထိ အလုပ်က မရနိုင်သေးပါ။ အလုပ်မက်မဲ့ဘဝတွင် ခံစားရမှုများ သည် ယခင်ထောက်ပံ့ခံ ဘဝ ခံစားမှုများကို သွားသတိရစေပါသည်။ အလုပ်တစ်ခုခုအတွက် တန်း အရှည်ကြီးစီရပုံ၊ အထင်သေး အမြင်သး မျက်လုံးများဖြင့် ကြည့်ကာ အမေးအစမ်းခံရနှင့်။ သို့ဖြင့် ကျွန် တော်သည် တဖြည်းဖြည်း ပို၍ ပို၍ စိတ်ဓာတ်ကျလာရသည်။ ဤအတိုင်းသာဆိုလျှင် ဣနြေ္ဒမပျက် ဆက်နေနိုင်ဖို့ရက်ကလည်း သိပ်မဝေးနိုင်တော့ပြီ ကို သိလာရသည်။ ယခုမူ ဘာတစ်ခုမှလည်း မလုပ်။ ဘာတစ်ခုမှလည်း မရ။ ဇန်နဝါရီလ ကုန်ခါနီး စနေနေ့ညတွင်ကား အပြောင်းအလွဲတစ်ခု ဖြစ်ပေါ်လာ သည်။ ညကလပ်ထဲတွင်။

အိမ်တွင် ဧည့်သည်များ ရောက်နေသဖြင့် ကျွန်တော်က အသာလစ်ထွက်ခဲ့ရသည်။ ကျွန်တော် မရောက်ဖူးသော လမ်း၊ မသွားဖူးသော နေရာများကိုပင် ခြေဦးတည့်ရာ လျှောက်သွားနေမိသည်။ လမ်း ထောင့်ချိုး တစ်ခုတွင် ညကလပ်ကလေး တစ်ခုကို တွေ့ရသည်။

ကလပ်ထဲတွင် စင်မြင့်လေးတစ်ခုရှိကာ စနေနေ့ညများတွင် ဖျော်ဖြေမှုတစ်ခုခု ရှိတတ်သည်။ အထဲတွင် ကား ပျော်ရွှင်သောမျက်နှာများဖြင့် အနားယူအပန်းဖြေသူများဖြင့် ပြည့်ကျပ်နေသည်။ ကျွန်တော်လည်း အထဲဝင်ခဲ့သည်။ လူရွှင်တော်တစ်ယောက်က ညစ်တီးညစ်ပတ်နှင့် ရိုးလွန်းသော ပျက်လုံးများထုတ် ကာ ဖြေဖျော်နေသည်။ သို့သော် ခဏကြာတော့ သူ့ပျက်လုံးများထဲတွင် နစ်မျောပြီး ကျွန်တော်လည်း လိုက်ရယ်နေ မိသည်။ ကျွန်တော် အပြင်ထွက်ခဲ့ရသော အကြောင်းကိုပင် မေ့သွားမိသည်။ ပွဲပြီးသော အခါ ဇာတ်ခုံနောက် သို့သွားပြီး ထိုလူရွှင်တော်အား ချီးကျူးမိသည်။
ကျွန်တော်တို့ နှစ်ယောက်သား စကားလက်ဆုံကျပြီး ကျွန်တော် လူရွှင်တော်တစ်ဦးဖြစ်ကြောင်း သူ့ကို ပြောပြ လိုက်မိသည်။ ထို့နောက် သူ့ကို ကျွန်တော် နောက်ဆုံးလက်ကျန် နှစ်ဆယ့်ငါးဒေါ်လာထုတ်ပေး လိုက်သည်။ ထို့ကြောင့် သူက နောက်တစ်ချီပွဲ တွင် ကျွန်တော့်အား ပွဲထုတ်လိုက်သည်။

"ရယ်ရမဲ့ လူတစ်ယောက် ဒီမှာရောက်နေပါတယ်၊ ကဲ သူ့ကို ရှုမျှော်စောင့်စားပြီး ရယ်ရ မရယ်ရသာ ကြည့်ကြပါတော့" သူက ပရိသတ်အား မိတ်ဆက်ပေးလိုက်သည်။
ကျွန်တော် လည်း ကြောက်ကြောက်လန့်လန့်နှင့်ပင် စင်ပေါ်တက်သွားသည်။ အစပထမမူ ကျွန်တော် သည် မရယ်ရဟု ထင်သည်။ သို့ကြောင့် ကြံဖန်လုပ်ဇာတ်များ ခင်းတန်ခင်းပြီး ပြောချင်တာ စွတ်ပြောခဲ့ သည်။ ဘာတွေ ဘယ်လိုပြောမိသည်ပင် မသိတော့။ ပရိသတ်များထံမှ လေးစားလောက်ဖွယ်ရာ ရယ် မောသံများ ရရှိတော့သည်။ ပွဲပြီးသောအခါ ယခင့်ယခင် လူရွှင်တော်ကလာပြီး "ခင်ဗျားက တကယ် ရယ်ရတဲ့ လူဗျ၊ ပွဲကြီးပွဲကောင်းတွေမှာ သွားဖျော်ဖြေဖို့ကောင်း တယ်" ဟု ပြောလာသည်။

သူက သက်သက်မြှောက်ပေးသလား၊ တကယ်ပဲ ပြောသလားတော့မသိ။ သို့သော် သူ့ကဲ့သို့ ညစ်တီး ညစ်ပတ် ပြက်လုံးများ မထုတ်ဘဲ သန့်သန့်ရှင်းရှင်းဖြင့် ပရိသတ်သြဘာပေး ရယ်မောခြင်း ခံရအောင် ကျွန်တော် ဖြေဖျော်နိုင်ခဲ့ သည်ကိုကား ကျွန်တော်ကိုယ် ကျွန်တော် သိပါသည်။
နောက်စနေနေ့ညတွင် ကျွန်တော်သည် အခြားနီဂရိုး ညကလပ်တစ်ခုဖြစ်သော "အက်စကွိုင်းယား ပျော်ရွှင်ပွဲကလပ်" သို့သွားပါသည်။ ကျွန်တော်က ထိုကလပ်မှ လူရွှင်တော် အား ငွေငါးဒေါ်လာလာဘ် ထိုးပြီး စင်ပေါ်တက်ခဲ့သည်။ ဤတစ်ကြိမ်မူ ကျွန်တော့်ကိုယ်က သူက ကောင်းကောင်းမိတ်ဆက်ပေးခဲ့ ပါသည်။ ထိုညအတွင် ကျွန်တော်သည် အကောင်းဆုံးဖြေဖျော်မှုပေးနိုင် ခဲ့ပါသည်။ ကျွန်တော်မှာ အကောင်းဆုံး ဖြေဖျော်မှု ပေးနိုင်ခဲ့ပါသည်။ ကျွန်တော်မှာ စိုးရိမ်ပြာလောင်ခြင်း အလျဉ်း မရှိတော့ဘဲ စိတ်အေးလက်အေးနှင့် ပြက်လုံးများ ခပ်မှန်မှန် ထုတ်သွားရာ ပရိသတ်မှာ ပတ်တုတ်၍ မရအောင် ပင် ပွဲကျနေကြပါသည်။

ကျွန်တော် ကလည်း သူတို့အား ပါးစပ်အနားမပေးတော့ဘဲ တဝါးဝါးဖြစ်နေရအောင်ပင် ပြက်လုံးများ တရစပ် ထုတ်လွှတ်ပေး ခဲ့သည်။ အာကာသအကြောင်း၊ ဆေးခြောက်အကြောင်း၊ နောက်ဆုံးပေါ်ကား များအကြောင်း၊ မြို့မှ လူများ အကြောင်း၊ ကျွန်တော်၏ညီဝမ်းကွဲ အအလေးအကြောင်း၊ ကျွန်တော့် ယောက္ခမကြီးအကြောင်း စသည် တို့ကို ပြက်လုံးများ ထုတ်ခဲ့သည်။

ပွဲပြီးသောအခါ ကျွန်တော့်လက်ကိုင်ပဝါတစ်ခုလုံးပင် စိုရွှဲနေသည်။ စီးကရက်သောက်ရင်းနှင့်ပင် ကျွန် တော် အောင်မြင် သွားပြီဆိုသည်ကို ခံစားမိလာသည်။ ဇာတ်ခုံပေါ်မှ ဆင်းလာသောအခါ "အက်စကွိုင်း ဟား" ကလပ်ပိုင်ရှင် က ထောင့်တစ်ထောင့်သို့ ကျွန်တော့်ကို ခေါ်သွားသည်။ သို့သော် ထိုအပေါစား လူ ယုတ်မာ က အရက်မတိုက်သည့်အပြင် ကျွန်တော့်ပိုက်ဆံဖြင့် ကျွန်တော် အရက်ဝယ်သောက်စေပြီးမှ ဤကလပ် တွင် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် လာရောက်ဖြေဖျော်ခြင်း ပြုနိုင် မပြုနိုင်မေး သည်။ တစ်ညကို ဆယ်ဒေါ်လာပေးမည် ဟုလည်း ပြောသည်။ ကျွန်တော်က ထိုင်ချလိုက်ပြီး သူ့ကို စေ့ စေ့စပ်စပ် ပြန်ကြည့်နေမိသည်။ သူ့ကို ကျွန်တော် သိပ်မယုံလှပေ။ သူက နောက်တစ်ကြိမ်ထပ်ပြောပြန် သည်။ ကျွန်တော့် မှာ စဉ်းစားရကြပ်ပြန်တော့သည်။

ယခုပွဲ များမှာ အခြားလူရွှင်တော်၏နေရာသို့ ကျွန်တော်က ရုတ်တရက် ဝင်လာကာ ဖြေဖျော်မှုပေးခြင်း ဖြစ်၍ ကျွန်တော့် တွင် တစ်ညအတွက်စာ ဟာသအပြည့်ရှိခဲ့သည်။ နောက်နောင် ဆက်တိုင် ဖြေဖျော်ရ မည်ဆိုလျှင် ကား တစ်ညနှင့်တစ်ည မထပ်ရအောင် ပြက်လုံးရှာနိုင်မှဖြစ်ပေမည်။ ထိုသို့သော တတ်နိုင် ပါမည်လော။ သို့သော် ကျွန်တော်ဖြစ်အောင် လုပ်ခဲ့ပါသည်။ "အက်စကွိုင်းဟား" ပရိသတ်မှာ ကျွန် တော့်အတွက် လူသစ်များဖြစ်ပါသည်။ ကျွန်တော့်အတွက် မိသားစုသစ်များဟုပင် ခေါ်ဆိုနိုင်ပါသည်။ ကျွန်တော် ကျောင်းသားဥက္ကဋ္ဌဖြစ်ခဲ့တုန်းက ကျောင်းသားများနှင့်လည်း တူပါသည်။ အမျိုးသမီးပရိ သတ်မှာ ကျွန်တော့် အား တကယ့်ဖြေဖျော်ရေးပညာရှင်ကြီးအဖြစ် တလေးတစား မော့ကြည့်ခဲ့ကြပါ သည်။ "မေရီအန်း" လို ကောင်မလေး တစ်ယောက်အဖို့လည်း သူ သိသမျှအထဲတွင် ကျွန်တော်သည် တကယ့်ဒိတ်ဒိတ်ကြဲ ပညာရှင်ကြီး တစ်ဦး ဖြစ်နေပါသည်။

"ဒစ်၊ ထတော့လေ။ ရုပ်ရှင်ပြီးသွားပြီ"
"အိပ်ပျော်နေတာ မဟုတ်ပါဘူးကွယ်"
ကိုယ်တိုင်မင်းသား အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ကိုယ်ပိုင်ရုပ်ရှင်လေးတစ်ခုကို ကြည့်နေခြင်း သာ ဖြစ်ကြောင်း ကိုမူ သူ့အား မပြောခဲ့။

ကျွန်တော်က ကားစက်နှိုးပြီး ဂီယာသွင်းလိုက်၏။ တာယာများလည်သွားသော်လည်း ကားက မရွှေ့။ ပထမ ဂီယာ၊ ဒုတိယ ဂီယာ၊ ဘက်ဂီယာ၊ ပထမဂီယာ တစ်ဖန်ပြန်ထိုး။ ကားကမထွက်။ ဆီးနှင်းထဲတွင် နစ်နေချေပြီ။ ကားအောက်ဆင်းခဲ့မှ နောက်ဘီးသည် ဆီးနှင်းထဲတွင် အတော်နစ်နေသည်ကို တွေ့ရ၏။ အခြားကားတော်တော် များများလည်း ထိုကဲ့သို့ပင် ဘီးကျွံနေကြပါသည်။ ဂျင်းဘောင်းဘီ၊ ဇစ်တွေ အများကြီးတပ်ထားသော သားရေအင်္ကျီ၊ ဖိနပ်ရှည်များဖြင့် လမ်းသူရဲဆန်ဆန် လူဖြူကောင်လေး ခုနစ် ယောက်တို့က ကားများကို တွန်းပေးနေသည်ကို ကျွန်တော် ကြည့်နေလိုက်သည်။ သူတို့က တစ်ကား တွန်းပေးတိုင်း "ကောင်းပြီဆရာ၊ ငါးဒေါ်လာသာ မစပါ" ဟုဆိုကာ ငွေတောင်းနေကြသည်ကို တွေ့ရ သည်။ ငွေရပြီးလျှင် သူတို့က ကားကို ဂိတ်ဝအထိ ဝိုင်းတွန်းပေးလိုက်ကြသည်။ ထို့နောက် နောက်တစ် ကား ဆက်တွန်းပေးကြပြန်သည်။ ဂိတ်ဝရောက်ပြီး လမ်းမပေါ်တွ င် ထိုပထမကားသည် ထပ်ဘီးကျွံပါ က သူတို့ကထပ်တွန်းပေးပြီး ထပ်ပြီး ပိုက်ဆံတောင်းကြပြန်သည်။ ကျွန်တော့်တွင်ကား ပိုက်ဆံတစ်ပြား မှ မရှိတော့ပေ။ ထို့ကြောင့် ကားထဲ သို့သာ ပြန်ဝင်ထိုင်လိုက်သည်။

"ကျွန်တော် တို့ ဆာလှပြီ" နောက်ခန်းမှ ကောင်လေးများက ဂျီကျနေသည်။ သူတို့ကို ခပ်မြန်မြန်သာ အိမ်ပြန်ပို့ချင် လှပါပြီ။ ကားပြန်နှိုးကြည့်သည်။ ဘီးက နည်းနည်းတော့ ပိုလည်လာသည်။
"ကဲ… ဆရာ့အလှည့်ရောက်ပြီဆရာ၊ ကျေးဇူးပြုပြီး ငွေကလေးသာ မစပါ"
"ကျေးဇူး ပါပဲကွာ။ ငါတော့ ငါ့ဘာသာ မောင်းထွက်နိုင်မယ်လို့ ထင်တယ်ကွ"
စက်ပြန်နှိုးပြန်သည်။ ဘီးများက ခုနကထက် ပိုလည်လာပြီး နည်းနည်းရွေ့လာသည်။
"သိပ်အေးလာပြီ ဒစ်ရဲ့၊ ဟိုကောင်လေးတွေကို မင်းဘာဖြစ်လို့ တွန်းမခိုင်းတာလဲ "အဘွားကြီးက မေးသည်။

"ကျွန်တော်က ဒါကို ပုဂ္ဂလိက စိန်ခေါ်မှုလို့ ယူဆထားလို့ပါ။ လူနဲ့သဘာဝတို့ရဲ့ ဖက်ပြိုင်တိုက်ခိုက်မှုပေါ့" "ကျွန်တော် က ပြန်ပြောလိုက်သည်။
"ကျွန်တော်တို့တော့ ဆာလှပြီ" ကောင်လေးတွေက ဂျီတိုက်နေသည်။
လူဆိုတာ သဘာဝအပေါ် အောင်နိုင်ရမယ် ကျွန်တော်ကတော့ဒီကားကိုအရ မောင်းထွက်မှာပဲ။ ကြိုးစားရင်းနဲ့ ရှုံးချင် ရှုံး ပစေတော့။
'''ဒါပေမဲ့ ဖက်ပြိုင်စရာက နှင်းခဲတွေ သက်သက်ပါကွယ်။''
အဘွားကြီးက ပြောပြန်သည်။
''ဟုတ်ပါတယ်၊ နှင်းခဲတော့ နှင်းခဲပါပဲ။ ဒါပေမဲ့ နှင်းခဲ အဖြူတွေမို့လို့''
ကျွန်တော် အကွက်ဝင်စွာဖြင့် အရွှန်းဖောက်လိုက်ပါသည်။ အတော်ထိသော ဟာသဖြစ်သည်။ သို့သော် မည်သူ မျှ မရယ်ကြ။ ဘီးများကား လည်နေဆဲ။

''ဒါပေမဲ့ကွယ်၊ မင်းလုပ်တာက အခုတာယာတွေ အလကား ဖျက်ဆီးပစ်သလို ဖြစ်နေပြီ'' အဘွားကြီးမှာ စိတ်တို လာ၏။ ကျွန်တော်လည်း ကားပေါ်မှ ဆင်းလာကာ လူဖြူလေး ခုနစ်ကောင် ဘက်သို့ ဦးတည် လျှောက်လာခဲ့သည်။ ကားထဲမှာထက်ပင် ပို၍အပြင်တွင် အရူးဖြစ်ခံရတော့မည်မှာ သေချာလှသည်။ ကျွန်တော် က သူတို့ကို ကြည့်ပြီး ပြောလိုက်ရသည်။ ''လောကကြီးမှာ ဘယ်လိုလုပ်ပြီး အမှန်နဲ့စပြီး ဘယ်လိုအမှား နဲ့ အဆုံးသတ်ရမှာလဲ' ကျွန်တော်က သူတစ်ပါးပစ္စည်း ခိုးဖို့လည်း မကြိုးစားပါဘူး။ သူများ ဒုက္ခရောက်အောင် လည်း မကြံစည်ပါဘူး။ ဒါပေမဲ့ ခုတော့ ဒီလိုဖြစ်နေရပြီဗျ'' ဖြစ်ကြောင်း ကုန်စင် ရှင်းပြလိုက် သည်။

သူတို့အားလုံးပင် ဆီးနှင်းမျုား ကျနေသည့် ကြားမှပင် ကျွန်တော်ကို ၀ိုင်းပြီး မတ်တပ်ရပ်ကာ ကျွန်တော်ပြောသမျှ ငြိမ်ငြိမ် သက်သက် နားထောင်ကြပါသည်။ နောက်ကားပေါ်မှလူများ ကားဟွန်းတွေ တပေါ်ပေါ် တီးလိုက်၊ ပိုက်ဆံကမူ အခြေအနေအရပ်ရပ်ကိုသာ  ရှင်းပြနေသည်။ ကျွန်တော့် အမျိုးသမီး၏ စသည် တို့။ သူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြကာ သူတို့ထဲ မှာ အကြီးဆုံးကောင်လေးက ''ကဲ ဒီလိုဆို ခင်ဗျားကားပေါ် ပြန်တက်။ ဘေးမှန် တံခါးတွေတော့ ဖွင့်ပေး ပါဦးနော်။ ဒါမှ ကျွန်တော်တို့ လက်ကိုင်ပြီး ကားတွန်းလို့ရမှာ''
သူတို့ ကားတွန်းပေးနေ စဉ် ကျွန်တော်မှာ ဟစ်လို့သာ ငိုချင်စိတ်ပေါက်နေပါသည်။ သူတို့ကား တွန်းပေးကြ ပါသည်။

အခကြေးငွေနှင့်မဟုတ်။ မိတ်ဆွေတစ်ယောက်ကို ကူညီသည့် အနေနှင့် ကားတွန်းပေးခြင်း။ ကိုက်တစ်ရာ တွန်းသည် ။နောက်ထပ် ကို်က်တစ်ရာ ထပ်တွန်းကြသည်။ လက်မှတ်ရုံ ကျော်လာပြီ၊ ဂိတ်ဝ တံခါးနား ရောက်လာပြီ။ ထို့နောက် လမ်းမကြီးပေါ်သို့ ရောက်လာတော့သည်။ ''ကျေးဇူးတင် ပါတယ်၊ ကောင်လေးရယ် ကျွန်တော်က ဒေါ်လာငါး ဆယ်လောက် ပေးထားရသူ ပုံပန်းမျိုးဖြင့် နှုတ်ဆက် လိုက်သည်။ သူတို့ကလည်း လက်ဝှေ့ယမ်း နှုတ်ဆက်ကြသည်။ ကားလမ်းပေါ်ရောက်၍ ကားမောင်း သွားစဉ် ပေါင်ပေါ်တွင် ငါးဒေါ်လာတန် ငွေစက္ကူတစ်ရွက်ကို တွေ့လိုက်ရသည်။ ကားတွန်းပေးနေစဉ် သူတို့အထဲ မှ တစ်ယောက်ယောက်က ကားပြတင်းမှ တစ်ဆင့် ထိုးထည့်ပေးလိုက်ဟန်တူသည်။

'' ကျွန်တော်တို့ ဓါတ်ဆီထည့်ကြရင် ကောင်းမယ်ထင်တယ်''
အဘွားကြီးကို ကျွန်တော်က ပြောလိုက်သည်။
''ဘယ်လောက် ထည့်ချင်သလဲဟင်''
အိမ်ပြန်ရုံလောက် ထည့်ရင် တော်ပြီပေါ့ကွဲ့
ကျွန်တော် ကမူ ပြုံးရင်း၊ မဲ့ရင်းနှင့်ပင် ဟာသများ ပြက်လုံးများပြောကာ ဓါတ်ဆီဆိုင်ဆီသို့ မောင်းလာခဲ့သည်။ ဓါတ်ဆီ ထည့်သော ကောင်လေးပြေးလာသောအခါ ကျွန်တော်က သူ့ကို လှမ်းပြောလိုက်သည်။
''ချာတိတ်ရေ၊ တစ်လမ်းလုံးစာအတွက် အပြည့်သာ ဖြည့်ပေးလိုက်တော့ဟေ့။ဆီ စစ်ဆေးကြည့်ဖို့လည်း မမေ့နဲ့ဦး ကွာနော်''

(၂)

''အက်စကွိုင်းယား ''ကလပ်ခန်းမမှာ လေးထောင့်စပ်စပ် ခန်းမကျယ်ကြီးတစ်ခု ဖြစ်ပြီး နံဘေးကပ်လျက်ရှိသော အရက်ဆိုင်ကြီးနှင့် တွဲဖွင့်ထားခြင်းဖြစ်မည်။ အခန်းထဲတွင် ကရိုမီယံ နေ့လယ်စာ စားပွဲကြီးများနှင့် ပလတ်စတစ်အနီအုပ်ထားသော ကုလားထိုင်များရှိသည်။ လူများသည် အရက်ဆိုင်မှ အရက်ပုလင်းများဝယ်ပြီး ဖန်ခွက်များနှင့် ရေခဲနှင့် ချယ်ရီသီး ထည့်ထားသော စက္ကူပုံးများကို ယူကာ ကိုယ့်စားပွဲသို့ ကိုယ်လာ ထိုင်ကြသည်။
အခန်းပတ်ပတ်လည်လည်ကို  မီးသီးအနီများ ညှိထားသည်။ နံရံများတွင် နံရံကပ် မီးမှိန်မှိန်များ ညှိထားသည်။ သီတင်းပတ် တစ်ပတ်ကုန်တိုင်း ဖြေဖျော်မှုများ ရှိတတ်သည်။ လူရွှင်တော်၊ ဂီတ၀ိုင်း၊ ကချေသည်၊ အပျော်တမ်းဖြေဖျော်သူတစ်ချို့၏ အစီအစဉ်များနှင့် ''ဂီတာနီ'' ဟုခေါ်သော အသားဖြူ နီဂရိုးတစ်ဦး၏ ဖျော်ဖြေစခန်းများ စီစဉ်ထားလေ့ရှိသည်။ ခြေထောက်နှင့်ပင် ဂီတာတီးပြနိုင်သူဖြစ်သည်။ ရှီကာဂို တစ်မြို့လုံးမှ ပင် ''ဂီတာနီ''၏ တေးသံများကို လာရောက်နားဆင်ကြသည်။

စနေနေ့ညဆိုလျှင် ကလပ်အပြင်ဘက်တွင် လူတန်းကြီးအရှည်ကြီးစီကာ သူ့ဖြေဖျော်မှုကို လာရောက် အားပေးကြမြဲဖြစ်သည်။ သို့သော် ကျွန်တော်မှာ ပြပွဲတွင် ဆရာကြီးတစ်ဆူဖြစ်ပေရာ ပွဲစဉ်အစီအစဉ်ကို ကျွန်တော် စိတ်ကြိုက်ရေးဆွဲထားခဲ့သည်။
ထို့ကြောင့် တခြားအစီအစဉ်များ ကျွန်တော်ဖြေဖျော်မှုများပြီးမှ ''ဂီတာနီကို ပွဲထုတ်မြဲဖြစ်သည်။ ဤဖြေဖျော်ပွဲကြီး တစ်ခုလုံးမှာ ကျွန်တော် တစ်ကိုယ်တည်းစွမ်းရည်ပြပွဲကြီးတစ်ခုအဖြစ် ကျွန်တော်ခံစားနေရသည်။ ''အက်စကွိုင်းယား ရုံတော်ကြီး တစ်ခုလုံးပင်လျှင် ကိုယ့်အိမ် ကိုယ့်ရာအလား ကိုယ့်ကစား ကွင်းတစ်ခုအလား။
သောကြာနေ့ ဖြေဖျော်ရမည့် အစီအစဉ်များကို ရက်သတ္တပတ် တစ်ပတ်လုံး ကြိုတင်လေ့ကျင့်ထားခဲ့ရသည်။ တစ်ပတ်လုံးလည်း ထိုနေ့ရောက်ဖို့သာငံ့လင့်စောင့်စားနေမိသည်။ စွမ်းရည်များကို သိပ်ပြချင်စိတ် အာသီသ ပြင်းပြနေသည်မှာ အထက်တန်းကျောင်းမှာ ထွက်ပြီးနောက် ယခုအကြိမ်သည်ပထမဆုံး အကြိမ်ဖြစ်သည်။

ယခုမူ အပြေးပြိုင်ပွဲတုန်းကကဲ့သို့ မည်သူအားမျှ အနိုင်ယူစရာ မလိုတော့။ လူတွေ ပျော်ရွှင်အောင် လုပ်ပြဖို့သာ လိုသည်။ တစ်ပတ် တွင် သုံးညဖြေဖျော်ရသည့်အနက် ကျန်အားလပ်ရက်များတွင် ဟာဒယရွှင်ဆေး ဓါတ်ပြား များ ၀ယ်ခြင်း၊ ဟာသစာအုပ်များ ၀ယ်ခြင်း ၊ရုပ်မြင်သံကြား ကြည့်ခြင်း၊ လူတွေ စကားပြောသည်များကို လိုက် နားထောင်ခြင်း၊ စာကြည့်တိုက်သို့ သွားပြီး စာအုပ် အဟောင်းများထဲမှ ဟာသများကို လိုက်လံ ရှာဖွေခြင်း၊ ဟာသပြက်လုံး များ ရှာဖွေခြင်းကိုသာ ပြုလုပ်နေရသည်။
ထို့ကြောင့် စာအုပ်ဖိုး၊ မဂ္ဂဇင်းဖိုးများအတော်ကုန်ရသည်။ လမ်းကြိုလမ်းကြား လမ်းသေးလမ်း မွှားများ အနှံ့ လျှောက် သွားပြီး လူတွေပြောကြဆိုကြသည့် အချက်များကို လိုက်လံမှတ်သားကာ ယင်းတို့အထဲ မှ ပြက်လုံး များ ထုတ်ရသည်။

မနက်၊ နေ့လယ်၊ ညဘက် တစ်နေ့တွင် နှစ်ဆယ့်လေးနာရီ လုံးလုံးပင် စိတ်ကို ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့် အစာကျွေး ခဲ့ရသည်။ တစ်ကြိမ်က ခန္ဓာကိုယ်ကို အပင်ပန်းခံလေ့ကျင့်သကဲ့သို့ပင် ဖြစ်သည်။ ယခုလည်း အကြားအမြင်၊ အပြော၊ ဒွါရ သုံးပေါက်လုံး မပြတ်ဖွင့်ထားကာ စိတ်ကို အာဟာရဖြည့်တင်းပေးရသည်။
ဘာတွေ က လူတွေကို ရယ်စေသလဲ ၊ရုပ်မြင်သံကြား ၊ ရုပ်ရှင်၊ ပြဇာတ်များထဲမှ ရယ်စရာ အကွက်များကို လိုက်ရှာ ရသည်။ လူတွေ ဘာကို ရယ်ချင်ကြသလဲ။ လူတွေ ဘာတွေ တွေးနေကြသလဲ။

ဆက်ရန်
.

1 comment:

richelle co said...

Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so