Wednesday, July 4, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၁၃)

မနက်၊ နေ့လယ်၊ ညဘက် တစ်နေ့တွင် နှစ်ဆယ့်လေးနာရီ လုံးလုံးပင် စိတ်ကို ဖွံ့ဖြိုး တိုးတက်အောင် လေ့ကျင့် အစာကျွေး ခဲ့ရသည်။ တစ်ကြိမ်က ခန္ဓာကိုယ်ကို အပင်ပန်းခံလေ့ကျင့် သကဲ့ သို့ပင် ဖြစ်သည်။ ယခုလည်း အကြားအမြင်၊ အပြော၊ ဒွါရ သုံးပေါက်လုံး မပြတ်ဖွင့်ထားကာ စိတ် ကို အာဟာရဖြည့်တင်းပေးရသည်။
ဘာတွေ က လူတွေကို ရယ်စေသလဲ ၊ရုပ်မြင်သံကြား ၊ ရုပ်ရှင်၊ ပြဇာတ်များထဲမှ ရယ်စရာ အကွက်များ ကို လိုက်ရှာ ရသည်။ လူတွေ ဘာကို ရယ်ချင်ကြသလဲ။ လူတွေ ဘာတွေ တွေးနေကြသလဲ။ ကို ဆက်ဖတ်ရန် .............

ထို့နောက် နာမည်ကျော် သရုပ်ဆောင်များကို လေ့လာရပြန်သည်။ သူတို့အမူအရာများ၊ သူတို့ ဝတ်ပုံစားပုံမှ အစ။ ထို့ကြောင့် မြို့တွင်း အကြီးဆုံး ကုန်ပဒေသာတိုက်ကြီးဖြစ်သော "လစ်တန်တိုက်"သို့သွားပြီး အဝတ်အစား များ ဝယ်ရသည်။ ဆိုင်ရှင်ကို ကျွန်တော်သည် တစ်ပတ် လျှင် ဒေါ်လာတစ် ရာဖြင့် လေးနှစ်ကျော်ကြာ လုပ်သက် ရင့်ခဲ့ပြီးသူ သရုပ်ဆောင် တစ်ဦးအဖြစ် ယုံလောက်အောင် ဖြီးထား ရသည်။ အော်ဂဲလ်နှင့် ဝီလျှံ တို့ကလည်း အဝတ် အထည်များ အကြွေးဖြင့် ဝယ်ယူနိုင်ရင် ကူညီပေးကြသည်။ ထို့ကြောင့် ဖိနပ်သစ်၊ ဘောင်းဘီသစ်၊ အင်္ကျီသစ် များဖြင့် ဆင်ယင်လာနိုင်သည်။

တစ်ညနှင့်တစ်ည မထပ်ရအောင် အဝတ်လဲလာနိုင်သည်။ ပရိသတ်အနေနှင့်မူ ကျွန်တော့်ကို အတော် အထင်ကြီးကြသည်။ သူတို့ သိသမျှအထဲတွင် တကယ့်ထိပ်တန်းအကျဆုံး သရုပ် ဆောင်ကြီးတစ်ဦးဟု ယူဆနေကြ သည်။ သို့သော် အဝတ်အစားဝယ်ရ။ စာအုပ်၊ ဓာတ်ပြားများ ဝယ်ရသည့် ကုန်ကျစရိတ်စကများမှာ ကျွန်တော့် ဝင်ငွေထက်ပင် ပိုနေပေသေးသည်။ လတ်တ လောအနေနှင့်မူ ရှိစေတော့။ ယခုကာလသည် အရည်အသွေး လေ့ကျင့်နေဆဲကာလသာရှိ သေးသည်။ ပရိသတ်အကြိုက်နှင့် ကျွန်တော့်ပင်ကိုယ် အရည်အချင်း တို့ကို စမ်းသပ်နေဆဲ ကာလပင်ရှိသေးသည်။ ကိုယ့်အရည်အသွေးကို ထိုက်ထိုက် တန်တန် ရောင်းချနိုင်သော အချိန် မဟုတ်သေး။

ယခု လူတွေက ပြောစပြုကြပြန်ပါပြီ။ "ဟိုမှာပေါ့ ဒစ်ဂရီဂရီ ဆိုတာ"။ ဟိုတစ်ချိန် အပြေးသမား ဘဝ အောင်မြင်ခဲ့စဉ်အချိန်က အပြောခံရသည်ထက်ပင် အရသာပိုတွေ့ရပါသည်။ ကျွန်တော့် ဖြေဖျော်မှု အလှည့် မကျသေးမီ စပ်ကြားတွင် ကျွန်တော်သည် ပရိသတ်များဆီသို့ဆင်းပြီး စကားစမြည်ပြော၊ သူတို့ဝိုင်းများ သို့ လျှောက်ထိုင်၊ လက်ဆွဲနှုတ်ဆက်၊ မိန်းကလေးတွေ အများကြီးနှင့်လည်း တွေ့ဆုံသိကျွမ်းခဲ့ရသည်။
ထို့ကြောင့် ကိုယ့်ကိုကိုယ် စည်းတစ်ခုပင် သတ်မှတ်ထားရတော့သည်။ အမျိုးသားနှင့်အတူပါ လာသော အမျိုးသမီး က ကျွန်တော့်ကို သဘောကျနေပုံပေါ်တွင် ထိုစားပွဲများသို့ ဘယ်တော့မှ မသွားလေနှင့်။ ထိုအမျိုးသား သည် သင့်ကို ထမင်းကျွေးနေသူဖြစ်သည်။ ထို့ကြောင့် သူ့ကို သင် လေးစားသမှုပြုရမည်။ အမျိုးသမီး ကို ကလပ်သို့ ခေါ်လာသော သူ့အဖို့ သက်တောင့်သက် သာ စိတ်ချမ်းသာဖို့ အခွင့်အရေးတော့ သူ့တွင် ရှိသင့်သည် မဟုတ်ပါလော။

နောက် စည်းတစ်ခုမှာ ဇာတ်ခုံပေါ်သို့ ပစ်ပေးကြသော ပိုက်ဆံတွေကို ဘယ်တော့မှ မကောက် ယူနှင့်။ အချို့ည များတွင် ကျွန်တော့်ကို စွန့်ကြဲကြသော ပိုက်ဆံများမှာ ကျွန်တော် တစ်ပတ်စာ ရသည့် လခကြေးငွေထက်ပင် များနေသေး သည်။ သို့သော် ထိုပိုက်ဆံများကို ကျွန်တော်က လိုချင်ပု့မပေါ်အောင် လုပ်ရသည်။ ကျွန်တော်ကား တကယ့် အနုပညာရှင်ကြီး တစ်ဦးပင် မဟုတ်ပါလော။ ထို့ကြောင့် ကျွန်တော်လိုလူသည် ကြမ်းပေါ်ပစ်ပေးသော ထိုပိုက်ဆံ များကို ကောက်ယူသင့်ပါသလော။ ကျွန်တော်က သူတို့ပေးသော ထိုပိုက်ဆံများကို ယူသည်ဟု သူတို့ သိသွားကြလျှင် ကျွန်တော့်ကို သူတို့ လေးစားနိုင်ကြလိမ့်မည်မဟုတ်။

သာမာန် အလုပ်သမာ ပရိသတ်သာ ကြီးစိုးသော ညကလပ်ငယ်ငယ်လေးမို့ ခက်နေရသည်။ မြို့လယ်ကောင်မှ ညကလပ်ကြီးများတွင်ကား စွန့်ကြဲသောငွေများကို ကောက်ယူနိုင်သည်။ ယခုမူ သူတို့လူတန်းစား များ၏မျက်စိထဲတွင် တကယ့်ဒိတ်ဒိတ်ကြဲအဖြစ် မြင်ယောင်နေကြပြီး လျှင် သူတို့သိသမျှအထဲတွင် တကယ် လည်း ကြီးကျယ်လှသူတစ်ဦး အဖြစ် သိရှိထားကြ၍ ခက်နေရပါသည်။
ထို့ပြင် သရုပ်ဆောင်ကြီးများထက် ကျွန်တော်ကဲ့သို့ အငယ်စားလေးများမှ ပရိသတ်၏အထင် ကြီးမှု၊ လေးစားသမှု ကို ပိုခံသင့်လှပေသည်။ ထို့ကြောင့်ပင် ကောင်းကောင်းဝတ်၊ ကြိုးစား ကပြပြီး ကိုယ့်သိက္ခာ ကိုယ် တင်ကြရသည်။ ထို့ကြောင့် ပရိသတ်များခင်ဗျာ၊ ကျွန်တော်ဟာ အညတ အနုပညာ သည်လေး တစ်ယောက်သာ ဖြစ်တဲ့ အတွက် အဝတ်အစား သိပ်မကောင်းတာ၊ ပြက် လုံးတွေ သိပ်မထိမိတာ၊ အမူအကျင့် သိပ်မမှန်တာတွေ ကို ခွင့်လွှတ်တော်မူကြလိမ့်မယ်လို့ သင် ဘယ်တော့မှ မပြောလေနှင့်။ နာမည်ကျော် လူရွှင်တော် မင်းသားကြီးများ ပုံပန်းမျိုးသာ ဖမ်းနေရသည်။ သိပ်သေးသော ကန်ငယ်လေးတစ်ခုတွင် သိပ်ကြီးသော ငါးတစ်ကောင် ပမာ ဖြစ် နေရပေမည်။

မွန်းလွဲပိုင်း ဖြေဖျော်မှုတစ်ခုအပြီး၊ တနင်္ဂနွေတစ်ညနေ၌ ပရိသတ်ထဲမှ ကောင်မလေးတစ် ယောက်ထွက်လာပြီး သူ့စားပွဲကို လာပြီး အမှတ်တရ အော်တိုလေးလာရေးပေးရန် တောင်းဆို ခဲ့သည်။ သူက ကျွန်တော့်ကို သူ့ညီမ များနှင့်လည်း တွေ့စေချင်သေးသည်ဟု ပြောပြန်သည်။ ကျွန်တော်ကလည်း တွေ့ရမှာ ဝမ်းသာပါတယ်ဟု ပြန်ပြောလိုက်မိသည်။ ပရိသတ်နှင့် ဆက် ဆံရာတွင် ယဉ်ကျေးသိမ်မွေ့ဖို့ အထူးလိုအပ်သည်မဟုတ်ပါလား။ သို့သော် ထိုကောင်မလေး ခေါ်ဆောင်ရာသို့ လိုက်ပါလာခြင်းသည် ကျွန်တော်၏အနာဂတ်ဇနီးသည်လောင်းနှင့် တွေ့ကြုံ ရန် ဖြစ်လာကြောင်းကိုမူ ထိုစဉ်က ကျွန်တော် မသိခဲ့နိုင်ပါ။

ကျွန်တော် လျှောက်လာသောအခါ စားပွဲတစ်လုံးတွင်ထိုင်နေသော အလွန်ရှက်နေပြီး အလွန် လည်း စိတ်စောနေပုံရသော ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် ရှက် လွန်းသဖြင့် သူ့လက်ကိုင်ပဝါကိုသာ အသားလွတ်လိမ်လည် ချေမွပစ်နေရှာသည်။ ကျွန်တော် ထိုင်ချလိုက်သောအခါ ဘုရားသခင် ကိုယ်တော်တိုင် သူ့စားပွဲရှေ့သို့ ကြွချီလာသည်ဟု ထင်နေ ပုံရသည်။ သူသည် ယခင်က ဤညကလပ် သို့ တစ်ခါမျှမရောက်ဘူးခဲ့။ သူသည် အိုဟိုင်းယို ပြည်နယ်၊ ၀ီလတ်ခေါ် မြို့လေး တစ်မြို့ မှ ဖြစ်သည်။ သူ့နာမည်က လီလီယန်စမစ်။ ရှီကာဂို တက္ကသိုလ်မှ အတွင်းရေးမှူးမလေး။

"ညီမလေး က ကိုယ့်ကို သက်သက်အရူးလုပ်နေတာပဲလား၊ ညီမက တကယ်ပဲ တက္ကသိုလ် တစ်ခုမှာ အလုပ်လုပ်နေတယ် ဆိုပြီး…."
"မဟုတ်ပါဘူးရှင်၊ သြော်…ဟုတ်ပါတယ်၊ ကျွန်မရှင့်ကို အရူးလုပ်တာတော့ မဟုတ်ပါဘူးဆို တာ ဟုတ်ပါတယ် လို့"
"ကဲ…ဒီလိုဆိုလည်း လီလီယန်ရယ် အစ်ကိုက အဲဒီကို နေ့တိုင်းလိုရောက်တယ်။ အမြဲအဲဒီ မှာအပြေးကျင့်တယ်။ ကြုံတဲ့ တစ်နေ့ကျရင် နေ့လယ်စာ အတူစားကြဖို့ ကိုယ်ဖိတ်လိုက် ပါတယ်ကွယ်"
သူကခေါင်းလေး ကို ငုံ့ချလိုက်ပြီး "အို…အိုရှင် ဒီလိုတော့ မထင်ပါနဲ့လေ"
"ဘာလဲ လီလီယန် ရဲ့၊ ညီမရဲ့ ဖုန်းနံပါတ် အစ်ကို့ကို ပေးထားခဲ့ အစ်ကို ဘယ်နေ့ ဘယ်အချိန် လာနိုင်မယ်ဆိုတာ တိတိကျကျ ကြိုချိန်းထားမယ်လေ"
"ဘာလဲ လီလီယန်ရဲ့၊ ညီမရဲ့ ဖုန်းနံပါတ် အစ်ကို့ကို ပေးထားခဲ့ အစ်ကို ဘယ်နေက ဘယ်အ ချိန် လာနိုင်မယ်ဆိုတာ တိတိကျကျ ကြိုချိန်းထားမယ်လေ"

ဖုန်းနံပါတ်ရေးပေးသောအခါ သူ့ခမျာ တစ်ကိုယ်လုံး တုန်ရီ နေရှာသည်။ ခဲတံနှင့် အတင်းဖိ ရေးနေသဖြင့် စက္ကူများပင် ပြဲကုန်သည်။ ကျွန်တော်က စာရွက်ကလေးကို လိပ်လိုက်ပြီး အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။ လီလီယန်စမစ် သည်  ထိုနေ့ ဒုတိယပွဲရော၊ တနင်္ဂနွေ နေ့ ညပွဲရော     ဆက်ကြည့်နေခဲ့သည်။ သူက ကျွန်တော့် ကို စိုက်ကြည့်နေပုံမှာ ကျွန်တော့်ကို တကယ့်လူကြီးလူကောင်း တစ်ယောက်နှင့် စကားပြောခဲ့ရသဖြင့် သူမြို့ သူ့ရွာတွင် မည်သူ့ ကိုမျှ ထီမထင်ဂရုစိုက်စရာ မလိုတော့သည့် ပုံမျိုးပင် ပေါက်နေတော့သည်။ ထိုည ပွဲသိမ်းသော အခါ သူ့ကိုနှုတ်ဆက်၍သာ ပြန်ခဲ့သည်။ သူ့ပုံပန်းကြည့်ခြင်းအားဖြင့် အပြင်ခေါ်ထုတ်၍လည်း မရနိုင်မည့် အတူတူ နှုတ်ဆက်ပြန်ခဲ့တာပဲ ကောင်းသည်ဟု ထင်မိ၍ ဖြစ်သည်။

အိမ်ပြန်ရောက် ၍ ခုတင်ပေါ်သို့ လှဲချမိသောအခါ ကျွန်တော့်ကို စိုက်ကြည့်နေခဲ့သော ထိုကောင်မလေး ၏ နူးညံ့သိမ်မွေ့သော မျက်နှာကလေးသည်သာ တရစ်ဝဲ၀ဲ ပေါ်လာနေသည်။ သူံပုံပန်းသည် ညကလပ်များတွင် မမြင်ရတတ် သည့် ရုပ်မျိုးဖြစ်သည်။ သူ့ကြည့်ရသည်မှာ ညကလပ်တစ်ခါမျှ မရောက်ဘူးသော ကျွန်တော့်အမေ ညကလပ်ရောက် လျှင် ထားမည့် မျက်နှာမျိုး ဖြစ်ကြောင်း ကျွန်တော်တွက်မိသညည်။

ထိုညတွင် ကျွန်တော်သည် အမေ့ကို အိမ်မက်မက်မိပါသည်။ "ရစ်ချတ်ရေ.. ရစ်ချက်၊ ငါမင်းသားကြီး ဟယ်ရီတယ်လာမွန်တီ နဲ့ စကားပြောခဲ့ရတယ်ဟေ့"
အမေ က ဘတ်စ်ကားပေါ်မှာ ပြေးဆင်းလာပြီး ခရီးရောက်မဆိုက် အော်ပြောနေသည်။
"မဟုတ်နိုင်တာ အမေရယ်"
"ဟုတ်တယ်ဟ၊ ဟုတ်သမှသိပ်ဟုတ်၊ သူက ငါ့ကို ဖုန်းဆက်မယ်တောင် ပြောလိုက်သေးရဲ့"
အိပ်ရာ မှ နိုးသောအခါ ထိုနံနက်တွင်ပင် လီလီယန်ထံ ဖုန်းဆက်လိုက်သည်။ ဖုန်းထဲမှနေ၍ သူ့ရုပ် အမူအရာ ကိုပင် ဖမ်းမိလိုက်ချင်ပါသည်။ မကြာမီဖုန်းပြန်ဆက်ပြီး နေ့လယ်စာစားဖို့လာမည် ဖြစ်ကြောင်းကိုပါ ကျွန်တော်ပြော လိုက်သည်။

၁၉၅၈ ခုနှစ်၊ ဧပြီလလယ်ပိုင်းလောက် ဖြစ်မည်။ လီလီယန်နှင့် အကြိမ်အနည်းငယ်သာ တွေ့ဆုံခဲ့ ရသည်။ သူက သိပ်ရှက်တတ်လွန်းနေ သဖြင့် တစ်ခါတစ်ခါ ကျွန်တော်ပင်လျှင် ဘာပြောရမှန်း မသိတော့ ဘဲ ပြောရမည့်စကားများပင် ပျောက်သွားကုန်တတ်သည်။ သို့သော် "အက်စကွိုင်းယား" တွင်ကား ကျွန်တော် သည် အောင်မြင်သထက် အောင်မြင်လာနေပေသည်။ ကျွန်တော်ကလည်း ပိုကြိုးစားနေသည်။ ကျွန်တော်မှာ ညမင်းသားဖြစ် ၍ အခြားဘားများ ပျော်ပွဲစားရုံများသို့ သွားပြီး သူတို့ဆီမှ ဖြေဖျော်မှုများအပြီးတွင် ကျွန်တော်က ထိုသရုပ်ဆောင် များနှင့် ၀င်တွေ့တတ်သည်။ သူတို့နှင့် စကားစမြည်ပြော၊ ဆွေးနွေးတန် ဆွေးနွေး၊ ပညာယူတန် ယူရသည်။ ကျွန်တော့်ကို ဘယ်သူမှ ဘာကောင်မှန်း မသိကြသော နေရာ များသို့ လျှောက် သွားသည်။ တစ်နေ့ငါ ဒီနေရာ ရောက်ရင် လူတိုင်းပဲ သမင်လည်ပြန် လှည့်ပြီး၊ "အလို ဂရီဂိုရီကြီး ပါလား"လို့ နှုတ်ဆက်လာရစေ့ မယ်ဟုလည်း စိတ်ထဲက ကြုံးဝါးနေမိသည်။

"အက်စကွိုင်းယား"တွင်မူ လူတိုင်းသိနေကြပြီ။ ကျွန်တော်ကလည်း ပါလေရာ မင်းသားဖြစ်သည်။ ပရိတ်သတ်ကလည်း ကျွန်တော့်ကိုသာ သက်သက်လာကြည်နေ့ကြခြင်း ဖြစ်ကြောင်း သိလာရ သည်။ "ဂီတာနီ"ကို ကြည့်ချင်၍မဟုတ်။ "ပေါလ်ဘတ်ဂ်ကူမ်း ဂီတ၀ိုင်း"ကို လာနားထောင်ကြသည် မဟုတ်။ အသားလှုပ်ကခြေသည် ထံလာကြသည်မဟုတ်။ ထို့ကြောင့် ကျွန်တော်ကသာ နေရာတကာ ၀င်ပါရသည်။ တီးဝိုင်းတွင်လည်း ဗုံကို ၀င်တီးပြရသည်။ လူရွင်တော်လည်း လုပ်ရ သည်။ ဖြေဖျော်မှု မျိုးစုံပေးရသည်။ အနားရချိန်လေးများတွင် ပရိသတ်ထဲ ဆင်းစကားပြော ရသည်။ ခဏသာအိပ်ရသည်။ ကျန်အချိန် ပိုင်းတွင်ကား စာဖတ်၊ နားထောင်၊ ပြက်လုံးရှာ စသဖြင့် မအားမလပ်ရချေ။ သို့နှင့် ပင်ပန်းမှု ဖိစီးလာပြီး နွေအရောက်တွင် အသည်းရောင်ရောဂါ ဖြစ် လာရသည်။ ဆေးရုံတက်ရမည့် နေ့တွင် လီလီယန်အား ၀င်ခေါ်ခဲ့သည်။

သူ့ကြည့်ရသည်မှာ လိုလိုလားလား ၀မ်းမြောက်ဝမ်းသာပင် ဖြစ်သည်။ တကယ်တော့ သူနှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့သည်မှာ တစ်လပင်ကျော်ပါပြီ။ သူ့ကြည့်ပြီး ကျွန်တော်သည် အမေ့ကို ပင်အမှတ်ရမိပါတော့သည်။
ဆေးရုံ တွင် ခြောက်ပတ်မျှ နေခဲ့ရသည်။ အက်စကွိုင်းယားသို့ မသွားနိုင်သည်ကို သည်းမခံနိုင် အောင် ဖြစ်လိုက်၊ စိတ်တွေ ဆိုးလိုက်နှင့် အချိန်များ ကုန်လွန်စေခဲ့ရသည်။ သို့သော် ကိုယ် လျှောက် ခဲ့သော လမ်းနှင့် ဆက်လျှောက် ရဦးမည့် လမ်းတို့ကိုမူ ဆင်ခြင်သုံးသပ်ပိုင်ခွင့် ပထမဆုံး အကြိမ် ရနိုင်ခဲ့လေ သည်။

ဆေးရုံသို့ ဧည့်သည်အများအပြား လာခဲ့ကြသည်။ မိတ်ဆွေများ၊ သရုပ်ဆောင်များ၊ အက်စကွိုင် ယားမှာ ပရိသတ်များ၊ ကောင်မလေးတွေ လူတွေကများသည်။ စကားတွေက များသည်။ ဆူလို့ ညံလို့။ လူတွေအားလုံး ရှင်းသွားကြ လျှင် အခန်းထောင့် တစ်နေရာ၌ ရှက်ကိုး ရှက်ကန်းနှင့် ရပ်နေရှာသော လီလီယန်တစ်ယောက်က ကျန်မြဲဖြစ် သည်။ ဆေးရုံတက်နေစဉ် လီလီယန်ပထမ ဆုံးဝယ်လာသော ဓာတ်စာမှာ ချောကလက်တောင့်နှင့် စပျစ်သီး များ ဖြစ်သည်။ စင်စစ် ဤဆေးရုံ သို့ ပြင်ပမှ အစားအသောက်များ ယူလာခွင့်မပြု။ ဂိတ်ဝတွင် ရပ်ပြီး အစစ်ဆေး ခံရသည်။ ဤသည်ကို နားမလည်သော လီလီယန်က ခပ်တည်တည်နှင့်ပင် အထုပ် ကလေးကိုင်ပြီး ဆေးရုံ ပေါ်တန်းတက်လာသဖြင့်  အစားအသောက်များ ပါလာခြင်းဖြစ်သည်။ သို့သော်သူနှင့် စကားပြော ချိန်ပင်သိပ်မရ။ သူက မတ်တပ်ကြီးရပ်ပြီး ကရုဏာပြည့်ဝသော မျက်လုံးကြီးများဖြင့်သာ ကြည့်နေ တတ်သည်။ သူရှက်လွန်းနေသဖြင့်လည်း ကျွန်တော်မှာ သူနှင့် လိုက်ဖက်မည့်စကား ဘာကစ ပြောရမှန်းပင် မသိတော့လောက်အောင် ဖြစ်နေ ရသည်။

ပထမဆုံးနေ့က ဧည့်သည်တွေ့ချိန် ကုန်သောအခါ သူကနောက်တစ်ချီ သူပြန်လာနိုင် မလာနိုင် မေးသည်။ ကျွန်တော်ကလည်း ညဘက်အဝေးကြီးလာရမှာမို့ မလာရန် ပြောသည်။ သူ့မျက်လုံး အိမ်များမှာ ချက်ချင်းပင် မျက်ရည်များ ပြည့်လျှံလာတော့သည်။ ကျွန်တော်က ထပ်ရှင်းပြရသည်။ ကျွန်တော်မတွေ့ချင်လို့ မဟုတ်။ ခရီးသိပ်ဝေးလို့ ပူပန်လို့ ပြောတာဟု၊ ထိုအခါကျမှ နောက် တစ်ကြိမ် ကျွန်တော့်အတွက် ဘာယူလာရမလဲဟု မေးတော့သည်။ ဖတ်စရာ တစ်ခုခုသာ ယူလာ ခဲ့ပါဟု ပြောလိုက်ရသည်။
နောက်တစ်ခေါက် သူလာသောအခါ၌ကား "လိုက်ဖ်" "တိုင်း" "နယူးစ၀ိခ်" "လွတ်ခ်" စက်တာဒေးအီး ဗနင်းပို့စ်နှင့် "ရီးဒါးဒိုင်းဂျက်" မဂ္ဂဇင်းများ ယူလာသည်။ ထိုမဂ္ဂဇင်းများ အားလုံးသည် ကျွန်တော် အပတ်စဉ် ဖတ်လိုလှသော မဂ္ဂဇင်းများ ဖြစ်သည်။ အမြဲဖတ်သင့်သော မဂ္ဂဇင်းများဖြစ်ကြောင်း လည်းသိသည်။ သို့သော် ပိုက်ဆံမတတ်နိုင်၍သာ ၀ယ်မဖတ်နိုင်ခြင်း ဖြစ်သည်။ သူက စီးကရက် နှစ်ကာတွန်းလည်း ယူလာသည်။

ကျွန်တော့်အနေနှင့် တစ်ကြိမ်တည်းတွင် စီးကရက် နှစ်ကာတွန်းမည်သည့် အခါမျှ ၀ယ်မသောက် နိုင်ခဲ့ဖူးပါ။ သူက ပါလာသမျှတွေ အားလုံးကို အံဆွဲထဲ သို့သာ ထိုးသွင်းသွားခဲ့သည်။ စကားစ မြည်ပြောပြီး သူ့ကို မမှောင်ခင် ပြန်ဖို့ အတင်းနှင်လွတ်ရသည်။ အံဆွဲဖွင့်ကြည့်သောအခါ တယ်လီ ဖုန်းဆက်ရန် အငွေကြွေများနှင့် စီးကရက် ဖိုးငွေများ ထည့်ပေးသွားသည်ကို တွေ့ရသည်ည။ ငွေကို ရေတွက်ကြည့်တော့ ဒေါ်လာတစ်ရာမျှ။ ကျွန်တော်သည် ငါးကြိမ်မျှ ထပ်တလဲလဲ ရေကြည့် မိသည်။ မယုံကြည်နိုင်လွန်း၍ပင် ဖြစ်ပါသည်။ ဆေးရုံမှ ခွင့်သုံးရက်ရသောအခါ ရုပ်ရှင်ရုံ သွားကြည့်ကြသည်။ သူ့ခမျာ အလွန်ပင် ပျော်နေရှာသည်။ သူ့အား ကမ္ဘာကြီး တစ်ခုလုံး ပင် ပုံပေး ထားသည့်အလား။

ဆေးရုံမှ ဆင်းသောအခါ ဖြေဖျော်ပွဲသို့ တန်းဝင်ခဲ့သည်။ သောကြာတစ်ညနေ ဖြေဖျော်ပွဲတွင် ကျွန်တော့် အစွမ်းအစ အရည်အသွေးများအားလုံး ပေါင်းဆုံ တိုက်ဆိုင်သွားသဖြင့် ပရိသတ်အား လုံးပင် မတ်တပ် ရပ်လိုက်ကြပြီး လက်ခုပ်တွေတီးသြဘာပေးကြသဖြင့် တစ်ရုံလုံးပင် ဆူံညံသွား ကြသည်အထိ အောင်မြင်မှု ရရှိခဲ့သည်။
ထိုညက ပြက်လုံးများမှာ ဆေးရုံအကြောင်း၊ သူနာပြုဆရာမများအကြောင်း၊ ဆရာဝန်များအ ကြောင်း၊ လူနာများအကြောင်း သောင်းပြောင်းထွေလာများသာ ဖြစ်သည်။ ပွဲပြီးသည်နှင့် ကျွန်တော် ပတ်ပတ်လည် လာဝိုင်းနေကြပြီး၊ ချီးကျူးကြ၊ မိတ်ဆက်ကြနှင့် တစ်ချို့က လိပ်စာတွေ အတင်းပေးကြသည်။ တစ်ချို့ကလည်း ပန်းစည်းတွေ အတင်းထိုးပေးသည်။ တစ်ပွဲပြီးလျှင်လည်း နောက်တစ်ပွဲအတွက် ကျွန်တော့်အလှည့်ကို စောင့်ပြီး တန်းစီ လက်မှတ်ဝယ်နေကြသူများမှာ တဖြည်းဖြည်းများသည်ထက် များလာကြသည်။ လီလီယန်နှင့် ကျွန်တော် သည် ယခုတလော အတွဲများလာသည်။ ကလပ်သို့ ခေါ်ခေါ်လာကာ ကျွန်တော် သရုပ်ဆောင်မှုမျာူးကို သူ့အားပြ သည်။

တစ်ခါတစ်ခါလည်း ကျွန်တော့်အလုပ်ကိစ္စများကို သူနှင့်ဆွေးနွေးတတ်သည်။ သူ့ရုံးတွင် လည်း ကျွန်တော့်အတွက် စာမူကြမ်းများကို လက်နှိပ်စက်ဖြင့် ရိုက်ပေးတတ်သည်။ ယခုအခါ ကျွန်တော်သည် နာမည်ကျော်ဖြစ်လာလြေ့ပီ။ အက်စကွိုင်းယား ကလပ်ပိုင်ရှင်များနှင့် ကျွန်တော်သွားတွေ့ပြီး ကျွန်တော့်အား လုပ်အားခမြှင့်ပေးရန်ပြောလိုက်သည်။ ကျွန်တော်ထို ကလပ်သို့ရောက်သည်မှာ တစ်နှစ်နီးပါးပင် ရှိချေပြီ။ ညတိုင်းလည်း ကျွန်တော့်ကြောင့်ပင် ရုံပြည့်စေသည်။
သို့နှင့်ပင် ကျွန်တော့်ကို တစ်ည ဆယ်ဒေါ်လာနှုန်းထက် ပိုမပေးသည်မှာကား မသင့်လျှော်လှ။ ကျွန်တော်က တစ်ည ကို ဆယ့်နှစ်ဒေါ်လာ လိုချင်သည်။ ထို့ကြောင့် ကျွန်တော်က နှစ်ဒေါ်လာမှ တိုးမရရင်ဖြင့် အလုပ်မှ ထွက်လိုက်တော့မည်ဟု ပြောရတော့သည်။ သူတို့ကလည်း တိုးမပေးနိုင်ဟုပင် တင်းခံသည်။

အက်စကွိုင်းယားမှ ထွက်လာသောအခါ ကျွန်တော့်ရင်ဝယ် ခံစားမှုတစ်ခု ပါလာခဲ့သည်။ ဟိုတစ်ချိန် တက္ကသိုလ်မှနေ၍ ဘယ်နေရာ ဘယ်စခန်းမြန်းရမှန်းမသိပဲ စွတ်ထွက်လာတုန်းက ခံစားမှုမျိုးဖြစ်သည်။ အရာရာ တိုင်း လူတိုင်းသည် ကျွန်တော့်နောက် ဝယ် ကျန်ခဲ့လေပြီ။
ထိုဒီဇင်ဘာ တစ်လလုံးပင် အိမ်တွင်းပုံးလုပ်ကာ၊ တစ်နေ့တစ်နေ့လဲလျောင်းရင်း၊စာဖတ်ရင်း၊ ရုပ်မြင် သံကြားကြည့်ရင်းနှင့်သာ အချိန်ကုန်လွန်စေခဲ့သည်။ ခရစ်စမတ်ကာလ အတွင်းတွင်မှု အကျိုးအမြတ်လေးနှစ်ခု ရနိုင်ခဲ့ ပါသည်။ ထိုအလုပ်ကလေးများကြောင့်ပင် ကိုယ့်ကိုယ်ကို လူရွှင်တော်တစ်ယောက်ဖြစ်နေဆဲပါကလားဟု ခံစားမိစေခဲ့ခြင်းဖြစ်ပါသည်။
အီလီနွိုက်စ်ပြည်နယ်၊ ရော်ဘင်းစ်မြို့တွင် ညကလပ်ဟောင်းကြီးတစ်လုံးရှိပြီး ငှားရမ်းရန်အတွက် လွတ်နေသည် ဟု တစ်စုံတစ်ယောက်က ပြောသဖြင့် သိခဲ့ရသည်။ ထိုကလပ်ကြီး "ဆယ်လီစဲလ်စ်" ဆိုသူ မိန်းမ တစ်ဦးပိုင်သည်။ ကျွန်တော်က သူ့ကို ဖုန်းဆက်စုံစမ်းကြည့်သောအခါ တစ်ညလျှင် ငါးဆယ့်ခြောက် ဒေါ်လာရလျှင် ငှားမည်ဟု ပြောသည်။

"ဆယ်လီဝဲလ်စ်"မှာ အသက်ခုနစ်ဆယ်ရါယ် အဖွားကြီးဖြစ်သည်။ သူ့ကလပ်နာမည်မှာ "အေးပက်စ်ကလပ်" ကမ္ဘာပေါ်တွင် အစုတ်ပြတ် အနုံချာဆုံး ကလပ်ဖြစ်ဟန်တူသည်။ အခန်းကျဉ်း သည်။ ဖုတ်တွေကလည်း၊ ဗလပွ၊ မသပ်မရပ်၊ မသားမနား၊ ချောက်ချားဖွယ်ရာ အသွင်ကိုပင် ဆောင်နေသည်။ ကျွန်တော် အီရာနှင့် သူ သုံးယောက်သား အခန်းကို လှည့်ပတ်ကြည့်ကြသည်။ တစ်ကြိမ်သာ "ဆယ်လီ"သည် "အီရာ"ဘက်သို့ လှည့်ကြည့်ပြီး သူ၏တောက်ပစူးရှသော မျက်လုံး များဖြင့် "အီရာ"ကို စိုက်ကြည့်နေလိုက်သည်။

ဆက်ရန်
.

No comments: