Thursday, July 26, 2012

ကြူးနှစ် ၏ အမဲသားပွဲတော်

ကြူးနှစ်
အမဲသားပွဲတော်

 ယခုကာလတွင် မိသားစုဝင်လေးဦးပါရှိသော ကျွန်တော်တို့ မိသားစုအတွက် ဈေးမှ အမဲသားအစိမ်း ကိုဝယ်ယူ ၍ ချက်ပြုတ်စားသောက်ခြင်းထက် ဆိုင်မှ ချက်ပြုတ်နူးနပ်ပြီးသား အမဲသားဟင်း ကို ၀ယ်ယူ စားသောက်ရခြင်း က စီးပွားရေးအရ တွက်ခြေကိုက်ကြောင်း ကျွန်တော် တင်ပြဖွင့်ဟ လိုပါသည်။ အမဲသားဟင်းလျာ အစိမ်းကို ၀ယ်ယူချက်ပြုတ်လျှင် ချက်ပြီသားဟင်းကို ၀ယ်စားရခြင်းထက် ပိုမိုဝလင်စွာ ၀ါးမျိုနိုင်မည်ဟု ဆိုကြလိမ့်မည်။ ကျွန်တော် မငြင်းပါ။ သို့သော် အမဲသား ငါးကျပ်သားလောက် ပိုစားရခြင်းနှင့် ပြင်ဆင်ချက်လှီး ချက်ပြုတ် ရသော အချိန်၊ ကရိကထတို့ကို နှိုင်းယှဉ်ကြည့်ပါ။ အမဲသားဟင်းတစ်အိုး ချက်ပြုတ်နေသော အချိန်နာရီကို အခြားတစ်နေရာ တွင်ထိရောက်စွာ အသုံးပြုနိုင်မည် မဟုတ်ပါလော။ဝယ်စားခြင်းဖြင့် ကုန်ကျမည့် ထင်း၊ မီး သွေး (သို့မဟုတ်) လျှပ်စစ်ဓာတ်အား ကို ချွေတာခြိုးခြံရာမကျပါသလော။

ကိုယ်တိုင် ချက်ပြုတ် စားသောက်ခြင်က ပိုမို ကျန်မာရေးနှင့် ညီညွတ်မည်ဟု စောဒကတက်လိုသူများလည်း ရှိလိမ့် မည်။ သန့်ရှင်းလတ်ဆတ်စွာ ချက်ပြုတ်ရောင်းချတတ်သော ဆိုင်ကိုရွေးချယ်ဖို့တော့ လုံ့လစိုက်ရပေ လိမ့်မည်။ ကျွန်တော် အဓိက ပြောချင်သည်မှာ ၀ယ်စားခြင်းဖြင့် အချိန်နာရီ အမြတ်ရနိုင်သည့်ပြင် မိမိ၏ ကိုယ်ကာယ စွမ်းအင်ကို ချွေတာရာ ရောက်စေပြီး ငွေကြေး အကုန်အကျ သက်သာစေသည်ဟူသော အချက်ဖြစ် သည်။ ရသတဏှာလွန်ကဲသူ၊ ဘုံးပေါလအော စားသောက်ဝါးမျိုတတ်သူများ ကို ကျွန်တော်တို့ မိသားစု၏ အမဲသား စာသောက်ပုံ စနစ်ကို ကျွန်တော် ရိုးသားစွာ တင်ပြနေခြင်းသာ ဖြစ်ပါသည်။

ယခုဆိုလျှင် ကျွန်တော်တို့ မိသားစု ညစာစားသောက်ဖို့ ပြင်ဆင်နေပါပြီ။ ထမင်းနှင့် တွဲဖက်စားရန်၊ ကန်စွန်းရွက် ချဉ်ရည်ဟင်း၊ ငါးပိရည်အဖျော်၊ သခွားသီး၊ တို့စရာတို့ ရှိကြသည်။ မပြည့်စုံသေးပါ။ အာဟာရ ပိုမိုပြည့်ဝအောင် ကျွန်တော် တို့ အသားဟင်တစ်မျိုးမျိုးတော့ လိုအပ်နေသေးသည်။ သားအကြီးကို ၀ယ်နေကျ ဆိုင်မှ အမဲသားဟင်း (၈၀၀) ကျပ်ဖိုး ၀ယ်ခိုင်း လိုက်သည်။ အမဲးသားဟင်း (၈၀၀) ကျပ်ဖိုးဆိုလျှင် အမဲးသားဟင်းတုံး (၈) တုံးကျ ၀ါးမျိုစား သောက်နိုင်မည်။ တယောက်လျှင် အမဲသား (၂) တုံးကျ ၀ါးမျိုစားသောက် မည်။ ထို အမဲသား (၂)တုံးမှ ခွန် အားဖြည့် 'ကလိုရီ ’ ဓာတ်၊' ဗီတာမင် ' သက်စောင့်ဓာတ်တို့ ရရှိနိုင် မည်။ လူတစ်ယောက် အတွက် နေ့စဉ်လိုအပ်ချက် ပြည့်ဝအောင် ရချင်မှတော့ ရမည်။ သို့သော် လုံးဝ မရရှိခြင်း ထက်တော့ သာပါ သည်။ မိမိမှာ စွမ်းအင်တစ်ကျပ်ဖိုးရလာလျှင် မိမိက တစ်ကျပ်ဖိုး အလုပ်လုပ်လာနှိင် မည် မဟုတ် ပါလော။

အမဲသားဟင်း သွားဝယ်သောသားကြီး ပြန်ရောက်လာပြီး ညစာ ထမင်းဝိုင်းပြင်နေစဉ် ကျွန်တော်တို့ အိမ်ပေါ်သို့ ဧည့်သည် တစ်ဦး ဆိုင်းမပါ ဗုံမဆင့် တက်လာခဲ့သည်။ နှစ်အတန်ကြာ ကွဲကွာနေသော၊ ကျွန်တော့် အမေဘက်မှ သွေသားတော်စပ်သည့် အမေ့မောင်တစ်ဝမ်းကွဲး ' ဦးကြီး စံလှ 'ဖြစ်သည်။ တောသားကြီး ဦးကြီးစံလှ သည် အသက် (၇၀) ကျော်သည့်ုတိုင် သန်တုန်းမြန် တုန်း၊ ရိုးကြီးဂေါင်ဂင်နှင့် အရပ် (၆) ပေ ခန့်မြင့်သည်။ သူ့အသံကြီုး မှာ နွားသိုးတစ်ကောင် ဒေါသ တကြီးတွန်သံလို  ဟိန်းနေသည်။

" နေကောင်းကြလားဟေ့ "
ဦးကြီးစံလှ သည် ကျွန်တော်တို့ အိမ်မှာ ရက်ရှည်လများ တည်းခိုနေထိုင်ရန် ရောက် လာခြင်းတော့မဟုတ်။ ရန်ကုန်ရှိ ကျွန်တော်တို့အိမ်မှာ တစ်ညတာ တည်ခိုပြီးနောက် မော်လမြိုင် မြို့ရှိ သူ၏ သားသမီးမိသားစုထံ  ခရီး ဆက်မည်ဖြစ်သည်။ ရပ်ဝေးတေားကျေးလက်မှ တက်လာ သော မိကြီးဖကြီးစာရင်းဝင် လူကြီးသူမ ဧည့်သည်တော် ကို ကျွန်တော်တို့က ဦးစားပေးရပါလိမ့်မည်။ သူ့အား ထမင်းဝိုင်းသို့ ပင့်ဆောင် ကာ နေရာ ယူစေသည်။ ထိုအချိန်တွင် ကျွန်တော့်ဇနီးက ထမင်း အိုးတစ်လုံး ကို အပူတပြင်းထပ်မံ ချက်ပြုတ်စီမံပါသည်။

ခရီးလည်းပန်းလာ၊ ဆာလောင်မွတ်သိပ်ခြင်းလည်း ကြီးစိုးလာခဲ့သော ဦးကြီးစံလှသည် ထမင်းဝိုင်းတွင် အလောသုံးဆယ် ၀င်ထိုင်ပြီး ဟန်မဆောင်စတမ်း အငမ်းမရ ၀ါးမျိုစား သောက်ပါတော့သည်။ သူ၏ ထမင်းဆုပ်ကြီးများ မှာ တောင်ပူစာတစ်လုံးစာမျှ ကြီးမားလှသည်။ သခွားသီးကို သူက ' ဂျွမ်းဂျွမ်း ' မြည်အောင် ကိုက်ဝါး ပစ်လိုက်သည်။ ငါးပိရည်ကိုလည်း သူက ဖောဖောသီသီ စားသုံးသည်။ ဆိုင်မှ ၀ယ်ယူလာသော အမဲသားဟင်း (၈) တုံး ကတော့ တစ်တုံးပြီး တစ်တုံး သူ၏ အာခံတွင်းထဲ တိုးဝင်ပျောက်ကွယ်သွားကြသည်။ ဦးကြီးစံလှ ထမင်းစားနေပုံ ကို ကြည့်ရုံနှင့် ခံတွင်းပျက်နေသော လူမမာတစ်ယောက် ချက်ချင်း နာလန်ထ လာနိုင်မည်ဟု ကျွန်တော် ထင်သည်။

    " မင်းတို့ချက်တဲ့ အမဲသားဟင်းက အကောင်းသားပဲလကွ " ဟု သူကျီးကျူးခန်းဖွင့်သည်။
အိမ်မှာ ချက်တာမဟုတ်ဘူး ဦးကြီး၊ ဆိုင်က ၀ယ်တာ။ ချက်ချိန်မရတာနဲ့ ၀ယ်စားတာ " ဟု ကျွန်တော်က ရှင်းပြ သည်။
    " ဒါပေမဲ့ဘယ်ဆိုင်က၊ ဘယ်အိမ်က အမဲသားဟင်း ဘယ်လောက်ကောင်းကောင်း။ ငါတို့ စားခဲ့ရတဲ့ အမဲသား ကိုတော့ မမီပါဘူးကွာ "
    ဦးစံလှ က သူဝသိအတိုင်း ပွင့်ပွင့်လင်းလင်း အော်ကြီးဟစ်ကျယ် ပြောလာပြန်ပါသည်။ ဘယ်လို အမဲသားမျိုး ကို သူ ရည်ညွှန်းနေမှန်း ကျွန်တော် သိချင်စိတ် ပြင်းပြလာခဲ့၏။
    "  ဦးကြီးပြောတာနဲ့ ဦးကြီးစားခဲ့ဖူးတဲ့ အမဲသားကို ကျွန်တော်တောင် စားကြည့်ချင်လာပြီ ခင်ဗျ "
ဟု ကျွန်တော်က ရယ်သွမ်းသွေး၍ ပြောလိုက်သောအခါ ဦကြီးက ကျွန်တော့်ကို မျက် မှောက် ကုတ်ကြည့်သည်။ သူ့အလေးအနက် ပြောသည်ကို ကျွန်တော်က ပြက်ရယ်ပြုသည်ဟုများ ဦးကြီးအထင်လွဲ၊ စိတ်ခု သွားလေပြီလား မသိ။

    " စားကြည့်ချင်ရင် ငါနဲ့လိုက်ခဲ့ရမယ် "
    " ဘယ်ကိုလိုက်ရမှာလဲဦးကြီး "
    ဦးကြီးစံလှ ၏ မျက်နှာထားသည် တည်ကြည်လေးနက်ရာမှ ရီဝေမှိုင်းပျသွားကာ ကျွန်တော့် ကို ကြည့် မနေတော့ ဘဲ အဝေးဆီသို့  အေးစက်စက်ကြောင်တောင်တောင် ငေးနေလေ သည်။
    " လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) လောက်က  ငါတို့ရွာဆီ ကို မင်းလိုက်ခဲ့ပေတော့ကွာ " ဟု သူက တိုးတိုး ဖွဖွ ရေရွတ်သည်။
    ကျွန်တော်လည်း သူ့လိုပင် သူ့မျက်နှာမူဘက်သိုပ ဖြည်းလေးစွာလှည့်စောင်း၍  ငေးနေ လိုက်ပါသည်။
    " လာကွာ၊ အမဲသား ၀၀သွားစား ကြရအောင် " ဟု ဆိုကာ သူက ကျွန်တော့်လက်တစ်ဖက် ကိုဆွဲကိုင် လိုက်၏။ ကျွန်တော် သည် ကမ္ဘာ့မြေဆွဲအားမှ တစ်မုဟုတ်ချင် လွတ်မြောက်ကာ အာကာသထဲသို့ ထိုးတက်သွား ပါ၏။

    ကျွန်တော်ကိုယ် ကျွန်တော်သတိကပ် ခံစားမိချိန်တွင်  ကျွန်တော်သည် ဓနိမိုး၊ ထရံကာ၊ ကျွန်သားတိုင် လုံးကြီး များ၊ ကျွန်သားပျဉ်ပြားကြီးများဖြင့် မသပ်မရပ် ခပ်ကြမ်းကြမ်း တည်ဆောက် ထားသည့် အိမ်တစ်ဆောင် ၏ ၀ရန်တာ အကာအဆီးမရှိသော အိမ်ရှေ့ဆောင် ကြမ်းပြင်ပေါ်မှာ ထိုင်လျက် ရှိနေကြောင်း တွေ့ရသည်။ ကျွန်တော် ဆာလောင်မွတ်သိပ်နေပါသည်။ အိမ်နောက် ဖေးဘက်မှ ဟင်းနံ့စူးစူး လွင့်မျော လာသည်။ နှာခေါင်း ယဉ်နေသော အနံ့ဖြစ်သည်။
    " မင်း... ဆာနေပြီလားကွ "
    ဦးကြီးစံလှ က ကျွန်တော်နောက်ကျောဘက်မှ ပန်းတက်လာပြီး ကျွန်တော်ရှေ့မှာရပ်၍ မေးသည်။

" မဆာပါဘူး " ဟု ကျွန်တော်လိမ်ပြောလိုက်၏။ အိမ်ရှေ့ ပေ (၅၀) ခန့်အကွာ တွင် တောင်မြောက် တန်းနေသော ကုန်းမြင့်ကလေး ရှိသည်။ ယင်းသည် ရန်ကုန်ပြည်လမ်းမကြီး ဖြစ် သည်။ လမ်းပေါ်တွင် ယာဉ် အသွားအလာလည်းမရှိ။ လူအသွားအလာလည်း မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေခြင်းမျိုး ဖြစ်၏။ ထို တိတ်ဆိတ်မှု က တာမရှည်ပါ။ မကြာမီ ကောင်းကင်ယံမှာ ဗုံးကြဲ လေယာဉ်ပျံတစ်အုပ်လို ဆူညံစွာ ပျံသန်းပြေးလွှား လာကြမည့် ရာပေါင်းများစွာသော ကျီးကန်း အုပ်ကြီးကိုတွေ့ရတော့မှာ သေချာသည်။ ယခု ရက်ပိုင်း တွင် ကြောက်မက်ဖွယ် ကျီးကန်း များစွာ သော ကျီးကန်းအုပ်ကြီးသည် အရှေ့ဘက် ပဲခူးရိုးမဆီမှ အနောက်ဘက် လှိုင်မြစ် ကမ်းခြေအထိ ကျယ်ပြန့်သော မိုင်များစွာကျယ်ပြောသည့် လယ်မြေကုန်းပြင်ကျယ်ကြီး အ ထက် တွင် နေ့စဉ် နေ့တိုင်း ကူးချည်သန်းချည် လှုပ်ရှားနေကြပါသည်။

လွန်ခဲ့သော နှစ်ကတော့ ကျွန်တော်တို့၏ ဦးခေါင်းများအထက် လေယာဉ်ပျံများ ဆူညံတုန် ဟီးစွာ ဖြတ်ပြေး သွားခဲ့ကြဖူး သည်။
''အဲဒါ ဂျပန်လေယာဉ်ပျံတွေ ဟ'' ဟု ဦးကြီးစံလှက လေယာဉ်ပျံတွေကို ကြောက်လန့်တ ကြားမော့ကြည့် ရင်း အော်သည်။
 ''ဂျပန်တွေ က ထွက်ပြေးတဲ့ မျက်နှာဖြူတွေနောက်ကို လိုက်ပြီး ဗုံးကြဲတာ'' ဟု သူက ဆက် ပြောသည်။

အင်္ဂလိပ်တို့ မြန်မာပြည်ထဲမှ ထွက်ပြေးကြသောအခါ သူတို့က ခေါ်၍ မြန်မာပြည်ထဲသို့ ငွေ ထုပ်များ ပိုက်ကာ ၀င်လာခဲ့ကြသော အင်ဒီးယန်း လူမည်း သူဌေးများလည်း အင်္ဂလိပ်တို့နှင့်အတူ မြန်မာပြည်မှ ဒရောသောပါး ထွက်ပြေးကြပြန် သည်။ အင်ဒီးယန်းလူမည်းသူဌေးများသည် ရွှေငွေများမှတစ်ပါး သူတို့ပိုင်ဆိုင်ကြသည့် အခြား ပစ္စည်းဥစ္စာ များကို ဂရုမစိုက်အားကြတော့ဘဲ ဥပေက္ခာဖြင့် စွန့်ထားရစ်ခဲ့ကြသည်။ ကျွန်တော် တို့ ကျေးရွာတစ်ဝိုက် တွင် သူတို့ပိုင်ဆိုင်ခဲ့သော ကျွဲ၊ နွား ကောင်ရေများစွာမှာ အုပ်ထိန်းသူ မဲ့ လေလွင့် ကလေးငယ် များ လို စားကျက်မြက်တောများ၊ ရိုးပြတ်လယ်ကွင်းများဆီမှာ လှည့်လည် သွားလာနေ ကြသည်။ နွားများက ကျွန်တော်တို့ရွာ၏ အရှေ့ဘက်ကွင်းများဆီမှာ အုပ်စုဖွဲ့၍ လှည့်လည် ကျက်စားနေကြသည်။ ကျွဲများကတော့ ချောင်းမြောင်းအင်းအိုင်ပေါများသော ရွာအနောက်ဘက် ကွင်းပြင်ကြီး ထဲမှာ စုဝေးနေကြသည်။ နွားကောင်ရေ (၁၀၀၀) ခန့်ရှိပြီး ကျွဲကောင်ရေ က နွားကောင်ရေ ထက် နှစ်ဆခန့် ပို လိမ့် မည်။ ယခုအခါ ထိုကျွဲ၊ နွားအားလုံးသည် 'ဘုံပိုင်တိရစ္ဆာန်' များဖြစ် သွား ကြလေပြီ။

ယခင်ကဆိုလျှင် ကျွန်တော်တို့သည် နွားတစ်ကောင် (သို့မဟုတ်) ကျွဲတစ်ကောင် နေထိုင် မကောင်း၍ဖြစ်စေ၊ သက်ရွယ်ကြီးရင့် မစွမ်းမသန် အလုပ် မလုပ်နိုင်တော့မှဖြစ်စေ 'ပေါ်' ၍အမဲသား စားခွင့်ရခဲ့ကြ၏။ နွားအိုနွားနာ၊ ကျွဲအို ကျွဲနာ များ ၏ အသားသည်စား၍ ခံတွင်းမြိန်စရာ မကောင်းလှပါ။ အမဲသားဆိုသည်မှာ ကျန်းမာဝဖြိုးသော ကျွဲ၊ နွားတစ်ကောင် ကို လည်လှီး သတ်ဖြတ်၊ ချက်ပြုတ် စားသောက်မှသာ အရသာလည်း ပေါ်လွင်၍ အားအင်ပြည့်ဖြိုး၊ အာဟာရ တိုးပွား သည်ဟု ကျွန်တော်တို့ ရွာမှ လူကြီးသူမများ ပြောလေ့ ရှိကြသည်။

ယခုတော့ ကျွန်တော်တို့ တစ်ရွာလုံးသာမက အနီးဝန်းကျင်ကျေးရွာများမှ မြန်မာကျေး တောသား လူဆင်းရဲ အုပ်စုကြီးသည် အမဲသားကို မုန်းလောက်အောင် စားနေကြရပေပြီ။ နွားအိုနွားပိန်၊ ကျွဲအိုကျွဲပိန်တွေကို  'ပေါ်' ၍ မစားကြ။ ပိန်ကျုံ့ချည့်နဲ့သော ကျွဲ၊ နွားဟူ၍လည်း အလွန်ရှားသည်။ အကြောင်းသော်ကား အလုပ်မလုပ်ကြရဘဲ စားလိုက် အိပ်လိုက်နှင့် တစ်နှစ်ခန့် အနားယူခွင့် ရထားကြသော ကျွဲ၊ နွားများမှာ လူချမ်းသာကြေးရတတ် များနည်းတူ အဆီရစ်၍ ၀ဖိုင့် စိုပြည်နေကြပါသည်။ သူတို့သည် စပါးမစိုက်တော့ လယ်မြေများ မှာ ပေါက်လာကြသည့် စပါးပင်ပေါက်များ၊ ရိတ်ဖြတ်သူမဲ့ မြက်ခင်းများမှ စိမ်းလန်း သန်စွမ်းသော မြက်နုများသာမက ရေတိမ်အိုင်များအတွင်း စိုပြည်စိမ်းလန်းနေကြသည့် ကန်စွန်းနွယ်များကို အားပါးတရ စားသောက် ၀ါးမျိုခွင့် ရနေကြသည်။ စိတ်တိုင်းကျ စားသုံးပြီးကြလျှင် စိတ်အေးလက်အေး အနားယူ ရင်း စားမြုံပြန်နေကြမည်ဖြစ်သည်။ သူတို့ဘ၀၏ အချမ်းသာဆုံး ရွှေရောင်ကာလကြီးပေတည်း။

သို့သော် သူတို့အုပ်စုကြီးထဲမှ ကံဆိုးသော သတ္တ၀ါများကတော့ အဆိုးရွားဆုံး ကြမ္မာငင်ကြရပါသည်။ ကျွန်တော် တို့သည် အ၀ဖြိုးဆုံး၊ အကျန်းမာဆုံး၊ အရွယ်အကောင်းဆုံး နွား (သို့မဟုတ်) ကျွဲကို ရွေးချယ် ဖမ်းယူကြပါသည်။ ပေါ်ပုံပေါ်နည်းကတော့ သမိုင်းဦးကာလကအတိုင်း ပင် ဖြစ်သည်။ အမဲတစ်ကောင်ကို ချောင်းခြောက်ကလေးတစ်ခုထဲမှာ ဖြစ်စေ၊ ခင်တန်းကလေး တစ် ခု နောက်မှာဖြစ်စေ ပေါ်သော အခါ ကျွန်တော်တို့သည် လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ကို ဖြတ်ယူကြသည်။ ကျန်သော အင်္ဂါအစိတ်အပိုင်းများကိုတော့ ကျီးကန်းများနှင့် လင်းတများအတွက် ရက်ရောစွာ စွန့်ပစ် ထားရစ်ခဲ့ကြသည်။ ညအခါ လေသင့်လျှင် အပုပ်နံ့ပျပျက လယ်ကွင်းကိုဖြတ် ကာ ရွာထဲသို့ တိုးဝှေ့တွားသွားဝင်ရောက်လာလေ့ရှိသည်။ ဘယ်သူမျှ အနံ့ဆိုးကို ဂရုမစိုက်ပါ။ ရွာသားအားလုံးလိုလို၏ ခန္ဓာများ၊ အာခံတွင်းများဆီမှ အမဲညှီနံ့များ သင်းပျံ့နေရာ ယင်ကောင်များ ကလည်း တရုန်းရုန်း ၀ဲပျံ ကခုန်နေကြတော့သည်။ ရွာမှာ ခွေးများကလည်း လယ်ပြင်သို့ ထွက်ကြ ကာ အသေကောင်များအနီးတွင် ကျီးကန်း များ၊ လင်းတများနှင့် တိုက်ပွဲဆင်နေကြသည်။

ထမင်းအတွက်လည်း ဘာပူစရာလိုပါနည်း။ မဒရာစီကုလားသူဌေး အများစုပိုင် ဆန်ကြိတ်စက်ကြီးများအနီးမှာ 'စပါးတောင်လိုပုံ' နေသည်။ လိုသလောက် သွားသယ်ပြီး ရွာထဲမှာ မောင်းဖြင့် ထောင်း၊ ဆန်ကောဖြင့်ပြာပြီး 'မောင်းထောင်းဆန်လုံးညို' ကို ချက်စားကြရုံပင်။ ကျွန်တော်တို့သည် လတ်ဆတ်သော အမဲသားနှင့် ဆန်လုံးညို များ နေ့စဉ်စားကာ ၀ဖြိုးတုတ်ခိုင်လာခဲ့ကြပါသည်။

ကျွန်တော်တို့ရွာရှိ အိမ်တိုင်း၊ အိမ်တိုင်းမှ စပါးပုတ်တောင်းကြီးများ၊ စပါးကျီခေါ် ဂိုဒေါင် အသေးစားကလေး များတွင် စပါးများ ပြည့်လျှံနေသလို မဒရာစီအရင်းရှင်ကြီးများ ချန်ရစ်ခဲ့ကြသော စပါးပုံကြိီးများ ကလည်း လျော့သည်ဆိုရုံမျှ လျော့နေပါသည်။ ကျွန်တော်တို့ရွာရှိ အိမ်တိုင်း၊ အိမ်တိုင်းမှ အိုးအင်ခွက်ယောက် များထဲတွင် အမဲကျပ်တိုက်တွေ၊ အမဲသားဆားနယ်တွေ ပြည့်သိပ်နေကြသည်။ အမဲညှီနံ့က တစ်ရွာလုံးသို့ ပျံ့နှံ့ လွှမ်းမိုးနေရာ ခွေးများမှာ ၀၀လင်လင် အလျှံ ပယ်စားကြ၊ သောက်ကြရပါလျက် က္ကနြေ္ဒမရ လှုပ်လှုပ် ရွရွနှင့် ပြေးလွှားနေကြသည်။ ရံဖန်ရံခါ ခွေးတစ်ကောင်ချင်း ဖြစ်စေ၊ ခွေးအုပ်စုလိုက်ဖြစ်စေ ဆူဆူညံညံ မာန်ဖီ ကိုက်ခဲနေကြသည်။

အချို့ခွေးများကတော့ အမဲဆီရစ်ကာ ချောင်ကောင်းကောင်းမှာ ခေါလျောင်း မှေးစက်နေတတ်ကြ သည်။ ကျွန်တော်တို့ အိမ်နောက်ဘက်ရှိ မြေစိုက်တဲကြီးထဲမှ မီးဖိုပေါ်တွင် လေးထောင့်သံပုံးကြီး ဖြင့် အမဲသား များ ပြုတ်ထားရာ (၂၄)နာရီပတ်လုံး အမဲပြုတ်နံ့ တထောင်းထောင်း ထွက်နေသည်။ မီးဖိုရှိရာ တဲကြီးတစ်ဝိုက်မှာ ကျွန်တော် တို့၏ ခွေးထီးကြီးနှစ်ကောင်က အမြဲလိုလို ကင်းလှည့်စောင့် ကြပ်နေကြသည့်သဖွယ်ပင် ဖြစ်သည်။ သူတို့နှစ်ကောင် မှာ မူလက အစာရေစာ မ၀လင်သော ကြောင့် နံရိုးပြိုင်းပြိုင်းနှင့် ခွေးပိန် များ သာ ဖြစ်ခဲ့ကြသော်လည်း ယခုအခါ အမဲသား တန်ခိုးဖြင့် ခြင်္သေ့ပေါက်နှစ်ကောင် အလား ၀ဖြီး တောင့်တင်းလျက် ရှိကြသည်။ အမှန်ပြောရလျှင် တစ်ရွာလုံးရှိ လူများရော၊ ခွေးများပါ အမဲသားတွေ အလျှံပယ်စားမျိုနေကြရသဖြင့် ကျန်းမာကြံ့ခိုင်နေကြပါ သည်။

ကျွန်တော်တို့ မိသားစုသည် အမဲသားကို နည်းလမ်းအမျိုးမျိုးဖြင့် ကျေနပ်အောင် ပြုပြင်၍ စားသုံးကြ သည်။ ပြုတ်၍ စားသည်။ မီးကင် ၍ စားသည်။ ကြော်၍ စားသည်။ ဟင်းခပ်အမွှေးအကြိုင် အစုံအလင်ဖြင့် ဆီပြန်ချက် ၍ စားသည်။ အများအားဖြင့် ကရိကထမများလှဘဲ အမြန်စားနိုင်သော နည်းဖြစ် သည့် ရေနည်းနည်းထည့်၊ မီးပြင်းပြင်းထိုးသော အမဲသားပြုတ်ကို စားကြသည်။ အမဲသား ပြုတ်တစ်တုံး၏ အရွယ်အစား မှာ (၃)လက်မပတ်လည်ကုဗပုံဖြစ်သည်။ သရေစာ ရှားပါးသောကာ လဖြစ်၍ အမဲသားပြုတ်မှာ ကျွန်တော် တို့၏ သရေစာတစ်မျိုး ဖြစ်လာသည်။ ကလေးများသည် အမဲ ခြောာ်မီးဖုတ်များကို ကိုင်၍ ကိုက်ဝါးရင်း ဆော့ကစားကြသည်။ အချို့ကလးများက အမဲသားကြော် များကို ဖက်နှင့် ထုပ်ကာ လွယ်အိတ် ကလေးများ ထဲမှာ သုယ်ဆောင်၍ ရွာခဲတွင် လမ်းသလားနေ တ်ကြသည်။ သူတို့သွားရာ နောက်နမှာ ဝမ်းဗိုက်ကြီးတွေ တကားကားနှင့် ခွေးတစ်အုပ်က အမဲီဲ့ကို ရှူရင်းလိုက်ပါနေကြသည်။

ထိုနေ့ရက်များတုန်းက ထူးဆန်းသော ဖြစ်ရပ်တစ်ခု ကျွန်တော်တို့ရွာမှာ ဖြစ်ပွားခဲ့သည်။ အမဲသား ကို ရာသက်ပန် ဘုရားရှင်ထံ လှူ၍ အမဲသားရှောင်ကြဉ်ထားကြသော လင်မယားစုံတွဲတစ်တွဲ သည်။ ရွာမှ ထွက်ပြေး သွားခဲ့ကြခြင်း ဖြစ်သည်။ သူတို့ဘယ်ကို ပြေးကြမှတ်းလည်း မသိ၊ ဘယ် တော့မှလည်း သူတို့ကို မတွေ့ကြ ရတော့ပါ။

ဤနေရာတွင် စီးပွားရေး အမြင်သန်သူများက "ဒီလောက်အမဲသားတွေ ပေါနေတာပဲ၊ မြို့ကြီးပြ ကြီးတွေကို တက်ရောင်းကြ ပါတော့လား" ဟု အကြံပြုတိုက်တွန်းလိုကောင်း တိုက်တွန်းကြပေ လိမ့်မည်။
ထို ဝိသမလောဘသမာများ သိစေချင်ပါသည်။ ကမ္ဘာစစ်မီးကြီး တောက်လောင်နေပါသည်။ ခရီး လမ်းပန်း အဆက်အသွယ် များ ပိတ်ဆို့နေပါသည်။ ပိုက်ဆံ အသပြာက စိန်ကဲ့သို့ ရှာူးပါနေပါသည်။ လယ်သမားများ၏ လယ်ယာ ထွက်ကုန် ဆန်စပါးကို ဝယ်ယူမည့်သူ မရှိပါ။ မရှိသည့်အပြင် အရင်းရှင်ကြီးများသည် သူတို့ ဝယ်ယူပြီး သား ဆန်စပါးများကိုသာမက မြန်မာပြည်ရှိ သူတို့၏ စည်းစိန်ဥစ္စာ လယ်ယာကျွဲနွားများကို စွန့်ပစ် ကာ သေမင်းနှင့် ဝေးမည်ဟု ထင်သော အိန္ဒိယနိုင်ငံ သို့ ဒရာသောပါး ထွက်ပြေးသွားခဲ့ကြပြီ ဖြစ်ပါသည်။

"ဂျပန်တွေ လာကြတော့မယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာတပ်တွေလည်း လာနေကြပြီ။ ဗမာပြည်ကြီး လွတ်လပ်တော့မယ်"ဟု ရန်ကုန်မြို့ဘက်မှ ပြန်လည်ရောက်ရှိလာသော ကျွန်တော် တို့၏ ရွာသားကြီး တစ်ယောက် က အမဲသားနံ့ တထောင်းထောင်း ထွက်နေသည့် ပါးစပ်ကြီးကို ဖြဲဟကာ ရွာထဲ မှာ လျှော်အော်နေသည်။
 မှန်ပါသည်။ ပြည်လမ်းကြီးပေါ်တွင် မြင်းချေး (ကြေး)ရောင် လော်လီ ကားကြီး များ၊ တောင်အရပ် မှ မြောက်အရပ် ဆီသို့ တဝေါဝေါ မောင်းနှင်သွားနေကြပါသည်။ ကားတန်းကြီးက ရေတွက်၍ အဆုံး မသတ်နိုင်အောင် ရှည်လျား နေ ပါသည်။ ကားများပေါ်တွင် အရုပ်ကလေးများနှင့် တူသော လက်နက်ကိုင် နေမျိုးနွယ် စစ်သည်တော်ထောင်ပေါင်းများစွာ လိုက်ပါသွားကြသည်။ ကျွန်တော် တို့သည် အမဲသားခြောက် မီးဖုတ်များ ကို ဝါးမြုံ့ရင်း၊ ချုံ့ပုတ်တွေ ကြားကနေ စစ်ယာဉ်တန်းကြီး ကို ချောင်းကြည့်နေ ခဲ့ကြ ပါသည်။ လေယာဉ်ပျံတစ်အုပ်ကလည်း ငှက်ရိုင်းတွေ လို မြောက်အရပ်ဘက် သို့ အော်မြည်ပျံသန်း သွားကြ သည်။

ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ် အချို့လည်း ကျွန်တော်တို့ရွာမှာ ပေါ်ပေါက်လာခဲ့ပါသည်။ အမဲသား များမှ အမဲဆီ စားသုံးမှု လွန်ကဲသူများ ဝမ်းပျက်ဝမ်းလျှော ဝေဒနာဆိုးဖြင့် ယင်ကောင်တွေလို တဖြုတ်ဖြုတ် သေဆုံး ကုန်ကြခြင်း ဖြစ်ပါသည်။
"သေမှာပေါ့ အရင်တုန်းက ငတ်ခဲ့တာကို အတိုးချပြီး မဆင်မခြင် ပါးဖြဲနားဖြဲ စားကြတာကိုး"ဟု ရွာသူကြီးဟောင်း ဦးခြိမ့် က ရေရွတ်မြည်တမ်းပါသည်။ သူလည်း မကြာမီ သူ၏ ဝမ်းဗိုက်ထဲတွင် အမဲဆီများ ခဲကာ ဆီးချုပ် ဝမ်းချုပ်ရောဂါဖြင့် ကွယ်လွန်သွားပြန်ပါသည်။

ရွာထဲ တွင် လူကြီးများက အမဲခြောက် မီးဖုတ်ဆီဆမ်းကို ရေနွေြးုကမ်းဖြင့် မြည်းရင်း စစ်သတင်းကို ထင်ရာမြင်ရာ ဝေဖန်ပြောဆိုနေကြစဉ် ကျွန်တော်တို့က ရွာလယ်လမ်းမပေါ်မှာ ပြေးလွှားဆော့ ကစားရင်းမှ အမဲခြောက် များ ဝါးလျက် "ဆန်တစ်ပြည်သုံးပဲ၊ ဇံမဏီဗုံးကြဲ" သီချင်း ကို အော်ဟစ်  သီဆိုနေကြသည်။ ညအခါ တွင် လူကြီး အချို့က အသံကျယ်လောင်စွာ ဘုရားရှိခိုးကြသလို ကျွန်တော်တို့ကတော့ မိမိတို့ဝမ်းဗိုက်များထဲရှိ အမဲသား များ အလျင်အမြန် ကျေညက်စေရန် ရင်ဘတ်များမှသည် ဆီးစပ်များထိတိုင် ရေနံဆီ ထူထူ သုတ်လူးကြ သည်။

အားကောင်းမောင်းသန် လူလတ်ပိုင်အချို့နှင့် ကာလသားများကတော့ နောက်တစ်နေ့တွင် နွား တစ်ကောင် (သို့မဟုတ်) ကျွဲတစ်ကောင်ကို တိုက်ခိုက်သတ်ဖြတ်ရန် အစီအစဉ် ရေးဆွဲနေကြ သည်။ "အနောက်ကွင်းထဲက ကန်ဇွန်းရွက် စားပြီး ဝနေလိုက်ကြတာ၊ ဆင်ပေါက်ကြီးတွေလား  အောက်မေ့ရသဗျာ"ဟု အမဲလိုက်သမား ရွာသားတစ်ဦး က တက်ကြွထက်သန်စွာ ပြောနေသည်။
ထိုနှစ်ဦး မိုးဦးကျချိန် တွင် မျှော်လင့်မထားခဲ့ကြသော အနိဋ္ဌာရုံ အခြေအနေဆိုးများကို ကျွန်တော်တို့ ရင်ဆိုင် လာခဲ့ကြရ ပါသည်။ အနောက်ဘက် မြစ်ကမ်းတစ်လျှောက် ရှိ မိုးရေစိုစွတ်ကာစ စပါးပုံကြီး ဆီမှ အဖြူရောင် အခိုးအငွေ့ တွေ တချောင်းချောင်း လူးလွန့်ပေါ်ထွက်လာကြသည်။

အခိုးအငွေ့ များနှင့်အတူ စပါးပုပ်နံ့လှိုင်းကြီးက လေထုထဲမှာ ဝရုန်းသုန်းကား ရောယှက်ကာ ကျွန်တော်တို့ ရွာထဲ သို့ မုန်တိုင်းကြီးပမာ တိုးဝှေ့ ရောက်လာပါသည်။ ကျွန်တော်တို့ အားလုံး အသက်ဝဝ မရှူရဲ တော့ပါ။ မိုးရွာလျှင် ထိုအနံ့ဆိုးကြီး ငုပ်လျှိုးပျေက်ကွယ်သွားကာ မိုးစဲ၍ နေသာသည့် တစ်ပြိုင်နက် အခိုးဖြူဖြူများနှင့်အတူ အနံ့ဆိုးကြီးက ပြေးလွှားရောက်ရှိလာပြန်သည်။ တချို့က အနံ့ဆိုး ကာကွယ်ရန် နှာခေါင်းနှင့် ပါးစပ်ရှေ့မှာ အဝတ်စုတ်စတွေ ကို စည်းနှောင်လိုက်ကြသည်။

စပါးပုပ်နံ့ များကို ကူညီအားဖြည့်ပေးလိုက်သော အခြားအနံ့ဆိုးကတော့ ကွင်းပြင်တစ်လွှားတွင် ပြန့် ကြဲနေကြသော ကျွဲ၊နွား တို့၏ အရိုးပြိုင်းပြိုင်း ရုပ်ကြွင်းများဆီမှ ညီမွှန်လှသော အပုပ်နံ့ကြီးပင် ဖြစ်သည်။ အမဲပုတ်နံ့မှာ ရုပ်ကြွင်းအများဆုံးရှိကြရာ အရှေ့ဘက်တောင်ခြေ ကွင်းပြင်ဆီမှ မျော လွင့်လာသည်။ အနောက်ဘက်ဆီကတော့ စပါးးပုပ်နံ့ လှိုင်းလုံးကြီးများ တလိပ်လိပ် ပြေးလွှားလာ ကြသည်။ ထိုအနံ့နှစ်မျိုး ပူးပေါင်းချိန် တွင် ကျွန်တော်တို့ ဆောက်တည်ရာမရ ခံစားကြရသည်။
"စပါးပုံတွေ ကို မီးတိုက်ပစ်ကြမဟေ့" ဟု တစ်ဦးက နှိုးဆော် ဟစ်ကြွေးသည်။
"စပါးတွေ ရေစိုကုန် လို့ အညောက်တွေတောင် ထွက်ကုန်ပြီ၊ မီးရှို့ဖို့ မကြိုးစားပါနဲ့တော့ကွာ" ဟု ကျန်တစ်ဦးက ညည်းညူမြည်တမ်း ပါသည်။

ကျွန်တော်တို့ရွာ၏ အနောက်ဘက် လှိုင်မြစ်ကမ်းပါးတစ်လျှောက်တွင် တန်ချိန်ပေါင်းများစွာ ရှိမည့် စပါးတောင်ပူ စာကလေး များစွာဆီမှ သိပ်သည်းမွှန်ရှသော အဖြူရောင်မီးခိုးတန်းများ အစဉ်မပြတ် အူထွက်နေကြပြီး ထို မီးခိုးများ က မဖော်ပြနိုင်အောင်ပင် ဆိုးရွာလွန်းသော အပုပ်နံ့တွေ လွှတ် ထုတ်လျက် ရှိကြသည်။ ရွာကို အရှေ့အရပ်နဲ့ အနောက်အရပ်တို့မှ ဝန်းရံနေသော စိုက်ပျိုးစောင့် ရှောက်သူ ကင်းမဲ့နေသည့် ကွင်းပြင်ကြီးများထဲမှ ကျွဲနွားရုပ်ကြွင်းနှင့် အင်္ဂါအပိုင်းအစများကမူ မွန်း ကျပ်စရာ ပုပ်ညီနံ့ဟောင်သော အငွေ့အသက်တွေကို တရစပ်ပန်းထုတ်နေကြသည်။ ညစ်ညမ်း သော လေထုသည် ဖြည်းဖြည်းချင်း သိပ်သည်းလာကာ မှောက်ခြည်သန်းယှက်လာ၏။ အမှောင် ထုသည်လည်း အေးအေးစက်စက် လေးလံလာ၏။ တစ်ရွာလုံးကို အမှောင်ဝတ်ရုံကြီးက ခြုံလွှမ်း ထားရာက ရုတ်ခြည်လှစ်ဟလိုက်စဉ် အလင်းရောင်သည် ပြိုးပြက်ဝင်းပလာသည်။

"ငါတို့အားလုံး တစ်ယောက်မကျန် ရွာကို စွန့်ပစ်ခဲကြတာပေါ့။ အမဲသားအခြောက်တွေ၊ ကျပ်တင် ခြောက်တွေ ကိုတော့ နိုင်သလောက် သယ်လာခဲ့ကြတာပဲ၊ စစ်ကြီးပြီးလို့ တစ်နှစ်လောက်ကြမှ ငါတို့ ရွာဘက် ကို သွားကြည့်ကြတယ်။ ရွာပျောက်သွားပြီး ကိုင်းပင်တွေ၊ ဆူးခြုံပင်တွေ ဖုံးနေတဲ့ တောကြီးထလို့၊ လယ်မြေတွေ ကလည်း မြေရိုင်းကွင်းကြီး ဖြစ်နေပြီ"
ဦးကြီးစံလှ က ဟင်းပန်းကန်ထဲ မှ ကျန်နေသေးသော အမဲသားဟင်း အမျှင်ကလေးတစ်မျှင်ကို လက်ဖြင့် နှိုက်ယူ ၍ သူ၏ ပါးစပ်ထဲသို့ အငမ်းမရ ထည့်သွင်းလိုက်ပါသည်။

ကြူးနစ်
ရုပ်ရှင်တေးကဗျာ ဂျူလိုင် ၂ဝ၁၂
.

No comments: