Friday, July 27, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၂၂)

ကျွန်တော် သွားတွေ့ ပြီး စက္ကန့်ပိုင်းလောက်မှာပဲ သေရှာတယ်။ မသေခင်ကြည့်သွားတဲ့ သူ့အကြည့်ကို မျက်စိထဲက ဖျောက်လို့မရဘူး။ အဲဒီတုန်းကတော့ ကျွန်တော် လည်း ခံစားတတ်တဲ့ စိတ်ရှိတာပဲ။ အခုပြောတော့ ရယ်စရာပေါ့။ ကျွန်တော် မျက်ရည်တောက်တောက်ကျခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သတင်း က ပို့ရ မယ်။ ဒါကို့ အယ်ဒီတာ ခွေးမသားကြီး က ဘာပြောတယ်ထင်သလဲ။ နိပ်တယ်ဟေ့။ မျက်နှာဖုံး အပြည့်ပေးမယ်။ သတင်း ရှည်ရှည် လိုချင် တယ်။ ဓာတ်ပုံတွေလည်း များများလိုချင်တယ်။ လူ တစ်ကိုယ်လုံးပေါ်တဲ့ ပုံ ပါပေ့စေကွနော်တဲ့"
ညေးသည် စမစ် ကို ငေးကြည့်နေသည်။ အရက်ကို စိမ်သောက်နေသည်။ ပြီးမှ ပြောလိုက်သည်။ "ကျွန်တော် သတင်းစာ အပျိုရည်ပျက်တာ အဲဒီကတည်းကပဲ။ ဟိုသောက်စားပွဲထိုင်ငနဲက ဘယ်ရောက်နေပြန် ပလဲ။ ကဲ ... နောက်တစ်ကျော့ မော့ပြီးရင် ညစာ သွားစားကြစို့"
ကို ဆက်ဖတ်ရန် ..................

(၁၃)

တံခါးခေါက်သံကြားမှ စမစ်နိုးလာတော့သည်။ အိပ်ချင်မူးတူး ဖြစ်နေသေးသည်။ ဟိုတယ် ဖိနပ်တိုက်သမား၏ အသံကို သဲ့သဲ့ကြားရသည်။
''၇ နာရီခွဲပြီ မစ္စတာစမစ်။ နှိုးပါပြောထားလို့ နှိုးတာပါခင်ဗျာ''
စမစ်မျက်စိ ကို နိုင်နိုင်အားယူ၍ ဖွင့်ကြည့်လိုက်သည်။ ချက်ချင်းပြန်ပိတ်လိုက်ရသည်။ ယင်းလိပ်ကြား မှ ဖောက်ဝင်လာသည့် အလင်းရောင်က စူးလွန်းလှသည်။ နှုတ်ခမ်းတွေ စေးထန်း တွဲကပ်နေ သည်။ ခေါင်းထဲတွင် လည်း တဒိန်းဒိန်းသွေးဆောင့်တိုးနေသည်။

ဖိနပ်တိုက်သမား ထွက်သွားသည်။ စမစ်ခဏ ဆက်လှဲနေသေးသည်။ လက်တစ်ဖက်ကို မျက်နှာပေါ် တင်ထားသည်။ ညေးနှင့်ပေါင်းပြီး မနေ့ညက အောင်သေအောင်သား စားခဲ့မိခြင်း ကို နောင်တ ရနေမိသည်။ အရက် ဘယ်လောက်သောက်ခဲ့ မိမှန်း မသိ။ ယခုဖြစ်နေပုံ ကိုထောက်လျှင် နည်းလှမည်တော့မထင်။ အပေါင်းအသင်းနောက်ကောက်ကောက်ပါ လိုက်မိ၍ နောက်တစ်နေ့ အိပ်ရာမှ ထချိန်တိုင်း ခေါင်းကိုက်တာ ကတစ်မျိုး၊ ကိုယ့်ကိုကိုယ် အပြစ်တင်ရတာတစ်မျိုးနှင့် အနေဆိုးနေသည်။

ဝိနည်းရှောင်စရာတွေတော့ ရှိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့မှာသောကနှင့် သံသယ ဖိစီး လွန်းသည်။ ဖြေစရာလေး တစ်ခုတစ်လေတော့ ရှိဦးမှသာ သူ ဆက်၍ ရုန်းနိုင်ပေလိမ့်မပေါ့။ သို့သော် ယခုတော့ ပြီးပြတ်သွားပြီ။ အရက်ကို ပါဏုပေတံ ဝေရမဏိ လုပ်တော့မည်။ အိပ်ရာထဲတွင် လူးရင်းလှိမ့်ရင်း နံနက်လက်ဘက်ရည်လာပို့ရန် တယ်လီဖုန်းဖြင့် မှာလိုက်သည်။ လက်ဘက်ရည်ယူလာသည့် ဟိုတယ် အခန်းစောင့်မ ကလေး၏ ကြည့်ပုံရှုပုံအကဲမရ။ သူ့စိတ်အထင်လည်း ဖြစ်ကောင်းဖြစ်မည်။ သူ့အထင်အမြင်တွေ လည်း ကြည်ကြည်ရှင်းရှင်းမဟုတ်။ ဟိုတယ်အခန်းစောင့်မကလေးကို သူကြည့်၍ မရ။ အခန်းထဲ တွင် ညေးနှင့်တခစ်ခစ်လုပ်တတ်သည်။ လိုက်ကာများကို ဆွဲဖွင့်ပြီးနောက် အခန်းစောင့်မကလေးက တစ်ခုခု ပြောချင် သလိုလို လုပ်နေသည်။ သူကမှုမဲ့ အမှတ်မဲ့ နေလိုက်သည်။

စမစ်သည် လက်ဘက်ရည်သောက်လိုက်မှ လန်းသွားသည်။ မတ်တတ်ရပ်ချိန်တွင် တုန်တုန် ယင်ယင် ဖြစ်ချင်နေသေးသည်။ ဗီရိုထဲတွင် အရေးပေါ်သုံးရန် သိမ်းထားသည့် ၀ီစကီပုလင်းကို ထုတ်သည်။ နှလုံးငြိမ်သွားရုံ တစ်ငုံလောက်သောက်လိုက်သည်။ ဒါတကယ်နောက်ဆုံးပဲဟု သူ့ကိုယ်သူ ပြော သည်။ အ၀တ်အစားဝတ်ရသည်မှာ ခါတိုင်းထက်ကြာသည်။ သူ့ပစ္စည်းတွေက ဟိုတစ်ခု ဒီတစ်ခု။ ဖရို ဖရဲဖြစ်နေ သည်။ ၈ နာရီခွဲတွင် အဆင်သင့်ဖြစ်သည်။

နံနက်စာ စားရန်အသွားတွင် ညေးကိုဝင်ကြည့်သည်။ ထင်သည့်အတိုင်းဘသားချောက အိပ်ကောင်းတုန်း။ စမစ်က အကြိမ်ကြိမ် ဆောင့်လှုပ်နိုးသည်။ မနိုး။ ညကတည်းက စိတ်ချဉ်ပေါက်နေ၍ ထားရစ်ပြီး ဆင်းလာခဲ့သည်။ ကော်ဖီခန်းတွင် ဂျုံပြုတ်နှင့် ငါးကင်မှာစား သည်။  ဆာဆာလောင်လောင် ရှိလှသည်တော့မဟုတ်။ ခံတွင်းတွေ့လိုတွေ့ငြား စားခြင်းဖြစ်သည်။ ဟိုတယ် ချက်ပြုတ်ပုံက အတော်ပင် အစပ် တည့်ပါသည်။ သို့သော ကြာလာတော့ နံလာသည်။ စမစ်သည် နေသာ ထိုင်သာ ရှိမည့် အိမ်ကလေးတစ်လုံး ငှါးရမ်းနေထိုင် ရန် ရံဖန်ရံခါ စိတ်ကူးပေါ်သည်။ သို့သော် ဇနီးသည် မင်နီ လည်းမရှိသေး ။ ပေ့နှင့်ပြေဆိုရသည့် အလုပ် ကလည်း မပြီးပြတ်သေး။ သို့ဖြင့် ခြင်္သေ့နီဟိုတယ်မှာပင် သောင်တင်နေခဲ့လေသည်။

ယခုတော့ သူအိမ် ၀ယ်နိုင်တော့မည်။ ပန်းခြံကလေးနှင့် ။ ခရမ်းချဉ်စိုက်ရန် မှန်လုံခန်းကလေးတစ်လုံးနှင့်။ မင်နီ သဘောကျ မည် အမှန်။ ဟန်လေ လမ်းဘက်တွင် အိမ်ကောင်းကောင်း ရှိနိုင်သည်။ ရှေ့အပတ်ထဲတွင် သွားကြည့် လိုက်ဦးမည်။ ပေ့က သူ့အိမ်ကို ရောင်းချင်ရောင်းမည်။ အခြားအိမ်ပြောင်းချင်ပြောင်းမည်။ ဟန်လေလမ်း တွင် ကိုယ့်အိမ်ကိုယ့်ရာနှင့် နေလိုက်မည်ဟူ၍ လေထဲတိုကဆောက်စိတ်ကူးသည်။ သူ့ကို လန်းဆန်းစေ သည်။ လေးလံထိုင်းမှိုင်းမှု ပြေစေသည်။

စားပွဲထိုးက ငါးကင်နှင့်အတူ သတင်းစာများကို ယူလာသည်။ စာပွဲပေါ်တွင် ချထားသည်။ ရုံးမသွားမီ သတင်းစာ များကို စမစ်လှန်လှော်ကြည့်မြဲဖြစ်သည်။ ယနေ့မူ တစ်နေ့လုံး ကိစ္စကို အကွက်ချစီစဉ်နေ၍ သတင်းတွေ ဖတ်မနေချင်တော့။ ပေ့ ညရထားစီးလာ၍ ပင်ပန်းမည်မုချ။ စောစောစီးစီး နားပူနားဆာလုပ်ဖို့ မကောင်းသေး။ ၁၁ နာရီ တွင် တွေ့ရန်ချိန်းလိုက်လျှင်တော်ပြီ။ စာချုပ်စာတန်းတွေ အားလုံးကလည်း အသင့်။ လွန်ခဲ့သည့် ၂ နှစ်က စာချုပ်များနှင့်တော့ အလျဉ်းမတူတော့။ ထိုစဉ်တုန်းကသာ ပေ့ လက်သင့်ခံ ခဲ့လျှင် နှစ်ယောက် စလုံးငွေကြေး ဆိုတာအပထား။ ပဋိပက္ခတွေ၊ အာဃာတတွေ။ ပရိဒေ၀တွေ ဘာမှ ကြုံစရာ အကြောင်း မရှိ။

စမစ်သည် ပေ့အကြောင်းကို တွေးနေမိပြန်သည်။ မကြာမီတွေ့ကြရမည့် ကိစ္စကို အငမ်းမရ မျှော်နေတာ တော့ မဟုတ်။ သူ့စိတ်စေတနာကို သိုသိပ်ထားရမည်။ စိတ်မာမှ ဖြစ်မည်။ အလုပ်သဘော ဆက်ဆံမှဖြစ်မည်။ စိတ်မချမ်းမြေ့စရာ အခြေအနေကို ရင်ဆိုင်ရန်မှာတစ်နည်းသာ ရှိသည်။ မြန်မြန်ဆန်ဆန် ပြီးပြတ်အောင်လုပ် သည့်နည်း။ အရက်သားကလေးချည်း တစ်ခွက်လောက်မော့လိုက်ရ ကောင်းသား။ အခြေအနေ အရ သောက်မည်ဆိုလည်း သောက်သင့်သောက်ထိုက်သာား။
နံနက်စာ စားပြီးသွားသည်။ သွားရန် ဟန်ပြင်သည်။ စားပွဲထိုး ဂျော့ တစ်ပတ်လှည့်လာသည်။

''အဆင်ပြေရဲ့လား ခင်ဗျာ''
"ကောင်းပါ့ဗျာ"
စမစ် က အလိုက်သင့် ပြောသည်။ ဂျော့က ပြေပြစ်သည်။ ဧည့်ဝတ်ကျေသည်။ စကားတော့ ဖောသည်။ စမစ် စကားလက်ဆုံ ကျချင်စိတ် မရှိ။
"ငါးကလေး ထပ်ယူဦးမလား ခင်ဗျာ"
"တော်ပါပြီ" စမစ်ထတော့မည် ဆဲဆဲတွင် ဂျော့က သူ့ကိုတစ်ချက် စွေကြည့်သည်။ သူ့အကြည့်က ဟိုတယ် အစောင့်မ ကလေး၏ အကြည့်ကို အမှတ်ရစေသည်။ စားပွဲထိုးက ကိုယ်ကိုယိမ်းထိုးပြီး လက်နှစ်ဖက် နောက်ပစ် ကာ စကားဆက်နေပြန်သည်။

"ကမ္ဘာလုံးသတင်းစာ ဖတ်ပြီးပြီလား ခင်ဗျား"
ကမ္ဘာလုံး မှာ မစ်ဂ်ဟီးလ်အုပ်စုပိုင် သတင်းစာ ဖြစ်၏။ စမစ် ဟုတ်တိပတ်တိ ဖတ်လေ့မရှိ။ သို့သော် အခြား သတင်းစာ သုံးစောင်နှင့် အတူ ပါလေ့ ရှိသည်။ သတင်းစာပုံကို စမစ် ငုံ့ကြည့်လိုက်သည်။ ကမ္ဘာလုံးကို အပေါ်ဆုံး တွင် တွေ့ရသည်။ နောက်ကျောစာမျက်နှာ အလယ်လောက် တွင် နှစ်ကော်လံခေါင်းစီးဖြင့် ဖော်ပြ ထားသည့်သတင်းကို မြင်သာအောင် သတင်းစာကို ချိုးခေါက်ပြီး တင်ထား သည်။
စမစ်သည် သတင်းစာကို ကောက်ကိုင်ကြည့်သည်။ ခေါင်းရှစ်စိတ်ခွဲခံရသလို မျက်စိတွေ ပြာသွား သည်။ သူ့မျက်စိရှေ့တွင် "ထောင်ထွက်မလေး ၏ စိတ်အေးချမ်းမြေ့ ဘ၀သစ်" ဆိုသော သတင်းခေါင်းစီးကြီးကို မြင်နေရ သည်။ တုန်လှုပ်ချောက်ချား စရာ။ မယုံကြည်နိုင်စရာ။
သတင်းစာ အဖွင့် စာကြောင်းများကို ဖတ်ကြည့်လိုက်သည်။ စာလုံးတွေက ချည်ခင်အူပေါက် ၀င်္ကပါ လမ်းစပျောက် ကဘောက်ချိ ကဘောက်ချာ ကခုန်မြူးတူးနေကြသည်။

"ကော်ရာဘိတ်အဖြစ် ၁၉၅၄ခုနှစ်တွင် ဓမ္မတာဆန့်ကျင်သော ရာဇ၀တ်ကြောင်း ပြစ်မှုဖြင့် မြောက် ပိုင်းဒေသ တရားရုံး ၏ ထောင်ဒဏ် ၆လ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် ကော်ရာပေ့ ကို မြောက်ပိုင်း ဒေသစုံညီ တရားရုံး က သတင်းများ ရေးသားခဲ့သည့် ကမ္ဘာလုံးသတင်းထောက်က မမျှော်လင့်ဘဲ ပြန်လည် တွေ့ဆုံခဲ့သည်။
နှစ်ကော်လံ သတင်းရှည်ကြီးကို ဖတ်ရင်း စမစ် ပျို့ချင်အန်ချင်ပင် ဖြစ်လာသည်။ အချက်အလက် က စုံပါပေ့။ ညေး စိတ်ကူးထားသည့် အတိုင်းပင်။ ဘ၀သစ်ထူထောင်မှု သတင်းသဘောသွား ကို ဇောင်းပေးရေး သားထားသည်။ ဘာမျှ ဖုံးလား။ ဖိလားမလုပ်။ ညေးကိုယ်တိုင် ရေးသလား ထင်မှား ရလောက်အောင်ပင် နစ်နစ်နာနာ အချက်အလက်တိုင်း ကို ထိထိခိုက်ခိုက် အထုပ်စုတ် ဖြေပြထား သည်။
စမစ် စားပွဲမှ ထလိုက်သည်။ ဂျော့ပြောတာကို လှည့်နားထောင်မနေတော့။ ညေး အခန်းသို့ တက်ပြေးသည်။

ညေး နိုးနေပြီ။ မှန်ရှေ့တွင် မုတ်ဆိတ်ရိတ်နေသည်။
"ဒါ ဖတ်ကြည့်စမ်း ... မြန်မြန်" ညေးက စမစ် ကို မြင်ပြင်းကပ်ကပ် ကြည့်လိုက်သည်။ စမစ် ၏ ပြာပြာသလဲ လေသံကြောင့် ဒေါသ ထိန်း ထားလိုက်သည်။ ကမ္ဘာလုံးသတင်းစာကို ယူပြီး ခုတင်စွန်းတွင် ထိုင်ဖတ် သည်။ စမစ် မမျိုနိုင် မသိပ်နိုင် ဖြစ်နေသည်။ "ဒါ ဟိုင်းစ် လက်ချက်ပဲ။ သူ ရေးလိုက်တာ ဖြစ်မှာပဲ"
"တိတ်စမ်း" ညေးတစ်ကိုယ်လုံး ညိုပုပ်သွားသည်။ စွပ်ကျယ်ပျော့ပြဲပြဲ၊ အောက်ခံဘောင်းဘီလျော့ရဲရဲ၊ မုတ်ဆိတ် တစ်ခြမ်း အသားပြောင်ပြောင် တစ်ခြမ်း၊ အမွေးထောင်ထောင်နှင့် အကြည့်ရဆိုးနေသည်။ နဖူးကို လက်ခေါက်ဖြင့် ဖိ ထားသည်။

"စဉ်းစားစမ်းပါရစေဗျာ" ညေးက ပြောသည်။
"ဟိုင်းစ်က ဘာဖြစ်လို့ ..." "ဒီလောက်မှ မသိဘူးလားဗျ။ ကိုငတုံးကြီးရဲ့။ ဟိုင်းစ်လက်ချက် မဟုတ်ဘူး။ သူက သူ့သတင်းစာ တိုက် ကို လက်တို့ရုံတို့လိုက်တာဖြစ်မှာ။ ဒါ မစ်ဂ်ဟီးလ် ကိုယ်တိုင်လုပ်တာ ဖြစ်မယ်။ ဒီနေရာကို ဆမ်မာဗီးလ် ဘယ်လောက် အငမ်းမရလိုချင်တယ်ဆိုတာ သူ သိတယ်။ ကျွန်တော် တို့ ခြေလှမ်း ကို စောင့်ကြည့်နေပြီး တကူးတကကို ၀င်ဖျတ်လိုက်တာ"
ညေးသည် နှုတ်ခမ်း ကို တင်းတင်းကိုက်ထားသည်။
"ဘာကြောင့်များ  ငါ ဒါကို မစဉ်းစားမိခဲ့ရတာလဲကွာ။ ကျွန်တော်တို့ အလုပ်ခက်အောင် ကြိုပြီး ဖျတ်လိုက်တာ။ အခု ဘယ်အချိန်ရှိပြီလဲ" "၉နာရီ ထိုးပြီးပြီ" "ကျွန်တော်တို့ လောဦးမှ ဖြစ်မယ်"
ညေးသည် အ၀တ်တွေကို ဆွဲလွဲဝတ်ရင်း စကားတွေ ပလုံးပထွေး ပြောနေသည်။

"စာချုပ်လက်မှတ်မထိုးခင် ပေ့ မြင်သွားရင်တော့ ကိစ္စချောပြီ။ မမြင်ဖို့ လမ်းတော့ ရှိသေးတယ်။ ညရထားက မနက် ၅နာရီ ခွဲ ဆိုက်တာ။ သတင်းစာတွေ မရောင်းသေးဘူး။ သူ အိမ်တန်းပြန်မှာ သေချာတယ်။ ဒီလို လုပ်စမ်း။ စာချုပ်တွေ ယူပြီး သူ့အိမ်ကို အငှားကားနဲ့ ပြေးပေတော့။ သူ ရှိနေ မှာပဲ။ ဖျောင်းဖျောင်း ဖျဖျ မြှောက်မြှောက် ပင့်ပင့်ပြော။ သူ သက်သာအောင်လို့ပါ။ တိုးတိုးတိတ်တိတ် ဖြစ်အောင်လို့ပါ ဘာညာပေါ့ဗျာ။ ရအောင် လက်မှတ်ထိုးခိုင်း။ ကြားရဲ့လား။ လက်မှတ်ထိုးအောင် လုပ်မှဖြစ်မယ်။ ကျွန်တော် ဥတ္တရအလင်းဘက် ကို စောင့်ကြည့်နေလိုက်မယ်။ သူ့ကို အိမ်မှာ မတွေ့ ရင် ကျွန်တော့်ဆီ ဖုန်းဆက်လိုက်"
စမစ်သည် သူ့အခန်းပြန် ပြေးသည်။ လက်ကိုင်အိတ်ကိုဆွဲကာ အောက်ထပ်သို့ ဆင်းပြေးပြန်သည်။ မနက်စောစောဖြစ်၍ အငှားကားရရန်မလွယ်။ ကံကောင်းထောက်မ၍ ဟိုတယ်အ၀င်ဝမှာပင် အငှားကစားတစ်စီး ခရီးသည် ချသည်နှင့် ဆုံသည်။ အထုပ်အပိုးတွေ တစ်ပုံကြီးချနေ၍ စောင့်နေရ သည်။ စမစ် ဆွေ့ဆွေ့ခုန်နေ သည်။ သို့သော် ၄မိနစ်အတွင်း ဟန်လေလမ်းဘက်သို့ ကားမောင်း ထွက်လာနိုင်ခဲ့သည်။

ကားစီးလာရင်း လမ်းထောင့်သတင်းစာဆိုင်ပေါ်တွင် အ၀ါရောင်ကမ္ဘာလုံး သတင်းစာ ကြော်ငြာ ပိုစတာကြီး များကို မြင်နေရသည်။ ခါတိုင်းထက် ပိုများလေသည်။ တစ်မြို့လုံးကို ယနေ့ထုတ် ကမ္ဘာ လုံးဖြင့် ဖုံးပစ်တော့မည် ထင့်။ ပေ့ထံ ချက်ချင်းရောက်မှ ဖြစ်မည်။ ယခုမှ ပို၍ အရေးကြီးလာသည်။ ပန်းအ၀င်ရောက်မှ သူတို့ စီမံချက် ပျက်ရကိန်းကြုံနေလေပြီ။ သူ မှန်ထားသမျှ ဆုံးရကိန်းကြုံနေ လေပြီ။ ထိုအတွေးဖြင့် ကိုယ်တိုင် ကားမောင်းနေသလို ကားကြမ်းခင်းကို ခြေထောက်ဖြင့် အတင်း ဖိနင်းနေမိလေ၏။
ပေ့အိမ်အနီးသို့ ရောက်ချိန်တွင် ၉နာရီ မထိုးတတ်သေး။ အိမ်နှင့် ကိုက် ၅၀အကွာတွင် ကားရပ်ခိုင်း သည်။ စောင့်ခိုင်း သည်။ ဦးထုပ်ကို တည့်တည့်ဆောင်း လက်ဆွဲအိတ်ကို လက်ထဲပွေ့ပြီး လမ်းထဲ ၀င်လာ ခဲ့သည်။ ပျာယီးပျာယာ ပုံပန်းမပေါ်အောင် ဟန်မပျက် လျှောက်လာခဲ့သည်။

အိမ်ရှေ့ဝင်းတံခါး ပွင့်နေ၏။ လူခေါ်ခေါင်းလောင်းတီးရန် ဟန်ပြင်နေစဉ် အမျိုးသမီးတစ်ယောက် အိမ်ဘေးမှ ပတ်၍ လျှောက်လာသည်။ စမစ် ချက်ချင်း မှတ်မိလိုက်သည်။ မစ္စစ်ပေ့ ...။ နေကာ ပြန့်ကျယ်ဦးထုပ်ကြီး ဆောင်း ထား၏။ ပန်းတစ်ခြင်း ဆွဲလာ၏။ မစ္စစ်ပေ့၏ ကြည်ကြည်သာသာ ဆက်ဆံမှုကို ကြည့်ပြီး သူတို့ထံ သတင်းဆိုး မရောက်သေးမှန်း စမစ်ချက်ချင်း သိလိုက်သည်။
စမစ် စကားမစမီ မှာပင် မစ္စစ်ပေ့က "မင်္ဂလာ နံနက်ပါရှင်။ စောင့်ရတာ ကြာလှပလား" ဟု မေး၏။
"မကြာသေးပါဘူး ခင်ဗျာ" စမစ် က ထစ်ထစ်ငေါ့ငေါ့ ဖြေသည်။
"ဂန္ဓမာပန်းတွေ ခူးနေလို့ရှင်။ မလှဘူးလား။ ဧည့်ခံမဏ္ဍပ်ထဲမှာ ထိုးဖို့လေ။ ဒီနေ့က ကျွန်မတို့အဖို့ နေ့ထူးကြီးရှင့်။ ရာသီဥတု ကတော့ သာသာယာယာ ရှိလိမ့်မယ် ထင်ပါရဲ့နော်။ ဘယ်နဲ့ထင်လဲ" မစ္စစ်ပေ့ က ကောင်းကင်ကို မော့ကြည့်ရင်း ပြောသည်။

"သာယာပါလိမ့်မယ် ထင်ပါ့ ခင်ဗျာ။ ဒါနဲ့ မစ္စစ်ပေ့"
စမစ် ကြောင်စီစီဖြစ်နေပုံကို အတွေးချော်ပြီး မစ္စ်ပေ့က နောက်တောက်တောက် အပြုံးဖြင့် ဆက်ပြောသည်။
"ရှင်တို့ကို ဖိတ်စာပို့ဖို့ စိတ်ကူးမထားဘူးရှင့်။ ဒါပေမဲ့ ရှင်လာချင်တယ်ဆိုရင်လည်း ..."
"မစ္စစ်ပေ့ ..." "အာဃာတ မထားဘူးနော်။ ကျွန်မတို့ဘက်ကတော့ မထားရိုးအမှန်ပါရှင်။ ကျွန်မကတော့ ရှင်တို့ သတင်းစာ ကို အကြိုက်သားရှင့်။ ဒေါ်ရော်သီ ဆုရတဲ့ အချိန်ကပေါ့လေ။ ရှင်တို့လည်း ပြောင်းကြ တော့မှာ ဆိုတော့ ရှင်နဲ့မစ္စတာ ... ရှင်တို့ နှစ်ယောက်ပေါ့လေ ... ဒီနေ့ညနေပိုင်းမှာ ကျွန်မတို့ မိတ်ဆွေတွေနဲ့ ဆုံကြရင် လည်း ကောင်းသားပဲ"
"ခွင့်လွှတ်ပါ မစ္စစ်ပေ့" စမစ်က စကားဖြတ်ပြီး ၀င်ပြောသည်။

"မစ္စတာပေ့ နဲ့ စကားပြောစရာရှိလို့ပါ ခင်ဗျာ"
"ဟင်နရီနဲ့လား။ သူ့ကို ရှင်ဖမ်းမိနိုင်ရင် တကယ်ကံကောင်းတာပေါ့"
မစ္စစ်ပေ့ က အထက်တန်းလွှာလောကွတ်သံပျောက်ပြီး ဟောဟောဒိုင်းဒိုင်း ပြောသည်။
"ကျွန်တော် တွေ့မှ ဖြစ်မယ်ဗျ။ သိပ်အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ပါ"
"ဟုတ်မှာပေါ့။ တခြား အရေးတကြီးကိစ္စကတွေလည်း တစ်ပုံကြီးပါပဲ ရှင်။ ဒါကြောင့်နဲ့ တူပါတယ်။ သူ လန်ဒန် ကို ရှောင်ပြေးနေတာ နှစ်ရက်ရှိနေပြီ"
"ဟုတ်ပါတယ် မစ္စစ်ပေ့။ ဒါပေမဲ့ လန်ဒန်က ကိစ္စက မနေ့ကပဲ ပြီးသွားပါပြီ။ မနေ့က ညရထား နဲ့ ပြန်လာပြီ ဆိုလို့ပါ" "ဟုတ်လား။ ဒီကိုတော့ ရောက်မလာသေးပါဘူးရှင်" "မရောက်သေးဘူးလား"
စမစ်က သံယောင်လိုက်၍ ပြောသည်။ ပြာပြာသလဲ ဆက်ပြောသည်။

"ဒီမှာ မစ္စစ်ပေ့။ ရထားက ဒီနေ့မနက် ၅နာရီခွဲမှာ ဆိုက်ပါတယ်။ သူပါလာတာ ကျွန်တော်တို့ သိပါတယ်။ မစ္စစ်ပေ့ ကို အနှောင့်အယှက် မပေးချင်တာနဲ့၊ စောစောစီးစီး တစ်အိမ်လုံး နိုးမကုန်စေ ချင်တာနဲ့ ... အပေါ်ထပ်များ တက်ပြီး ...။ သူ ဘယ်များ သွားမယ်ထင်ပါသလဲ ခင်ဗျာ"
မစ္စစ်ပေ့သည် စမစ် ဒေါပွလောက်အောင် ဟန်ပါပါ စဉ်းစားနေသည်။ ပြီးမှ ကောက်ရသလို သွားမယ်ထင်ပါသလဲ ခင်ဗျာ" "သူ့သားအိမ်သွားချင် သွားနေမှာပေါ့။ စလီဒန်မှာလေ။ ဟင်နရီက ပြောလို့ရတာ မဟုတ်ဘူး။ စလီဒန် စိတ္တဇ ကပ်နေတာရှင့်" ဟု ပြောလိုက်လေ၏။
စမစ် စိတ်အေးချမ်းသာ ဖြစ်သွားပြနသည်။ မျှော်တလင့်လင့် ဖြစ်လာပြန်သည်။ စလီဒန် ... ဟုတ်မှာပဲ။ ပေ့ အဓိက အာရုံထားသည် မှာ ကော်ရာကို ဖျောင်းဖျရန် ဖြစ်သည်။ ဘူတာရုံမှ စလီဒန် သို့ တောက်လျှောက် သွားမည်မှာ ဖြစ်နိုင်ရုံမက မြေကြီးလက်ခတ်မလွဲပင် ဖြစ်လိမ့်မည်။

စမစ်သည် ရေးကြီးသုတ်ပျာပင် ခွင့်တောင်းပြီး အငှားကားရှိရာသို့ ပြန်လာခဲ့သည်။ ဤအခြေအနေ အရ ကံကောင်းနေသည်ဟု သူ့ကိုယ်သူ အားပေးလိုက်မိ၏။ ပင်လယ်ကမ်းခြေ ရွာကလေးအထိ တော့ သတင်းရောက်ပုံမပေါ်။ ကားမောင်းသမားကို အတင်းလောဆော်ပြီး စလီဒန် မောင်းခိုင်း သည်။ ကားကလေးမှာ စစ်ကြိုခေတ် ကားဖြစ်၍ တစ်လမ်းလုံး တကျွိကျွိ မြည်နေသည်။ တဒိုင်းဒိုင်း ဆောင့်နေသည်။

စလီဒန်သို့ရောက်ရန် ၂မိုင်ခန့်အလိုတွင် လမ်းဘေးတစ်ဖက်သို့ ကားယိုင်ဆွဲသွားသည်။ ကျွိခနဲ ဘရိတ်အုပ် လိုက်သည်။ ကားရပ်သွားသည်။ ကားဘီးပေါက်မှန်း စမစ် သိလိုက်သည်။ စိတ်တို လက်တို ခေါက်တုံ့ပြန်လျှောက်ရင်း စောင့်ရသည်။ ကားသမားက ဘီးသစ်လဲသည်။ တောလမ်း တွင် မိုင် ၅၀နှုန်းမောင်း၍ ရနိုင်မည့် ကားမျိုးမဟုတ်၍ ဘီးပေါက်သည်မှာ သူ့အပြစ် မဟုတ်ကြောင်း တစ်ချိန်လုံး ဗျစ်စပ် ဗျစ်စပ် ပြောနေသည်။ ကားသမားအိုကြီး၏ တုန်ချည့်တုန်ချည့် လုပ်နေပုံမှာ ဒေါပွစရာ ကောင်းလှသည်။

စမစ်သည် လမ်းကိုသာ လည်တဆန့်ဆန့် လုပ်နေမိသည်။ လမ်းကြုံလိုက်နိုင်မည့် ကား တစ်စီးစီး ပေါ် လာလို ပေါ်လာငြား မျှော်သည်။ ကားတစ်စီးသာ ပေါ်လာသည်။ ဟက်ဒယ်လ်စတန်ဘက်သို့ သွားမည့်ကား။ အရေးထဲ မိုးသက် မုန်တိုင်းကျတော့မည် အရိပ်အယောင် ပေါ်လာသည်။ အတော် ကြာမှ ဘီးသစ်လဲ၍ ပြီးသွား သည်။ ဘောက်ဆူး ကောင်းကောင်းပေးမည်ဆိုသော ကတိအရ ကားသမားအိုကြီးကား ဆက်မောင်းလာခဲ့ သည်။ အရှိန်ကတော့ ပျော့ပျော့။

စမစ်သည် နာရီကို တကြည့်တည်း ကြည်နေလေသည်။ ဆယ်ခါထက်မနည်း။ ရွာအ၀င်ဝတွင် ၁၀နာရီခွဲသည်။ တစ်ရွာလုံး အိပ်နေသလို ငြိမ်နေသည်။ ဒေးဗစ်ပေ့ အိမ်ကို ကြာကြာမရှာရ။ ကားပေါ်မှ ဆင်းချိန်တွင် စမစ် သက်ပြင်းကြီး တစ်ချက် ရှူလိုက်သည်။ ခေါင်းကတော့ ကျပ်ခဲနေဆဲ ပင်။ လူကလည်း ကတုန်ကယင် ဖြစ်နေဆဲပင်။ အိမ်တံခါးဝသို့ ရောက်လာသည်။ မိနစ်ပိုင်းအတွင် သေရေးရှင်ရေးကိစ္စ အဖြေပေါ် လာတော့မည်။
လူခေါ်ခေါင်းလောင်း ကို ဣနြေ္ဒရရ ဆွဲလိုက်သည်။ စောင့်နေသည်။ ဘယ်သူမှ ပေါ်မလာ။ အိမ်ထဲ က အသံကြား မှ ကြားပါလေစ။ ခေါင်းလောင်းသံ ကြားသလိုလိုတော့ ရှိသည်။ အသေအချာ မပြော နိုင်။ နောက် တစ်ကြိမ် လူခေါ်ခေါင်းလောင်း ဆွဲပြန်သည်။ ကျယ်ကျယ်လောင်လောင်။ အကြောင်း မထူး။ တတိယမ္ပိ ကြိုးပြတ် ထွက်မတတ် ဆွဲသည်။ အိမ်ထဲတွင် ခေါင်းလောင်းမြည်သံကို ကျယ်ကျယ်လောင်လောင် ကြားရသည်။ လူသံ မကြား။

ရှေ့တံခါး ကို ဖွင့်ကြည့်သည်။ တံခါးလက်ကိုင် ဘယ်ရော ညာပါ အတင်းလှည့်ကြည့်၏။ ဖွင့်မရ။ ပြတင်းပေါက် က ကြည့်တော့လည်း လူသူလေးပါး မမြင်ရ။ ဘာတွေများ ဖြစ်နေကြပါလိမ့်။ တစ်ယောက်ယောက်တော့ အိမ်ထဲမှာ ရှိမည်မုချ။ ပေ့ တစ်ယောက် အပေါ်ထပ်တွင် အိပ်ပျော် နေလေရော့ သလား ဟု တွေးမိ၏။ ဖြစ်လည်း ဖြစ်နိုင်လောက်၏။ သို့သော် တွေ့ကိုတွေ့ရမှ ဖြစ်မည်။
ကားမောင်းသမားက ၀င်းတံခါးဝကို သူ့ကိုကြည့်ကာ သင်္ကာမကင်း ဖြစ်နေသည်။ စမစ်က အရေး မလုပ်။ အိမ်ဘေး ကျောက်စရစ်လမ်းကလေးအတိုင်း လျှောက်သွားသည်။ ထင်သည့်အတိုင်းပင် မလွယ်ပေါက် တံခါးတစ်ခု ကို တွေ့သည်။ တံခါးက ဟလျက်။ ညင်ညင်သာသာပင် တွန်းဖွင့်ပြီး မီးဖိုချောင်ထဲသို့ ၀င်လိုက် သည်။ မီးဖိုချောင်စားပွဲပေါ်တွင် ကော်ရာ ထိုင်နေသည်။
သူ့အနီး သို့ စမစ် ရောက်လာသည်အထိ ကော်ရာ မလှုပ်။ မိန်းမောနေရော့သလားဟုပင် ထင်ရသည်။ အရေးလုပ်ပုံ မပေါ်။ သူ့မျက်လုံးတွေက ဘေးသို့သာ ရှောင်လွှဲနေ၏။ မနေ့တစ်နေ့က ဂီတပွဲ တွင် တွေ့မြင်ခဲ့ရသည်နှင့် စာလျှင် ကြောက်ခမန်း လန့်ခမန်း ရုပ်ရည်ပြောင်းလဲနေသည်။ ၁၀နှစ်လောက် အိုစာသွားသည်။ သို့သော် သနားနေချိန်မရ။ ပေ့ကို တွေ့မှ ဖြစ်မည်။ ကော်ရာကို လည်း ဤ အတိုင်း ပြောပြသည်။

ကော်ရာက အဖြေမပေး။
စမစ်က ကလေးငယ်တစ်ယောက်ကို ပြောနေသည့်အလား ...
"ဟင်နရီပေ့ ကို တွေ့ချင်တယ်ဗျာ။ သူနဲ့ ပြောစရာရှိလို့" ဟု ပြောသည်။
ကော်ရာက အကြာကြီး အဖြေမပေး။ ကြားမှ ကြားပါလေစဟု စမစ် သံသယ ဖြစ်မိ၏။ ကော်ရာက သူ့ကို ဖြည်းဖြည်းလှည့်ကြည့်၏။ သူ့မျက်နှာက စကျင်ကျောက်ကို ဖွေးဖွေးဖြူနေ၏။ မျက်နှာသေကြီး။
"သူ ဒီမှာ မရှိဘူး" "ဒီမှာ ရှိလိမ့်မယ်ဆိုလို့" "ဒီမှာ မရှိပါဘူး" ကော်ရာက ထပ်ပြောသည်။

"မနေ့ညက အစီအစဉ် ပြောင်းလိုက်တယ်။ ဒီနေ့မှ လာမယ်လို့ သံကြိုးရိုက်ထားတယ်"
"ကျွန်တော် တို့ သိတာတော့"
"ကြေးနန်းရှိသားပဲ။ ဟို မီးလင်းဖိုပေါ်မှာ"
ကြေးနန်းစာ ကိုက စမစ် ဖတ်ကြည့်သည်။ ကော်ရာ့ထံသို့ လိပ်မူထားသည်။ လန်ဒန်မှာ တစ်ည အိပ်မည်။ နောက်တစ်နေ့ နေ့လယ်မှ ပြန်လာမည်ဟု ရေးထားသည်။
"အို ... မဟုတ်တာ" စမစ် အော်ညည်းလိုက်မိ၏။
"ဘာထူးတော့မှာမို့လဲရှင်" စမစ်သည် ကော်ရာကို ဖျတ်ခနဲ ကျော်ကြည့်လိုက်သည်။ စားပွဲပေါ် တွင် ဖြန့် ထားသော ကမ္ဘာလုံ့း သတင်းစာကို မြင်သည်။ ကော်ရာ့မျက်လုံးများကလည်း သူ့မျက်လုံးနှင့် အတူလိုက်ပြီး သတင်းစာ ကို စူးစိုက်ကြည့်နေသည်။

"ဟုတ်တယ်လေ။ အဲဒါပဲ။ ရှင်တို့ ကျေနပ်ကြရောပေါ့။ ပထမတစ်ခါတော့ ကျွန်မဘ၀ကို ပျက်စီး အောင် လုပ်ခဲ့ကြ တယ်။ ဒီတစ်ခါတော့ ကျွန်မတို့ အားလုံး ရဲ့ ဘ၀ကို ပျက်စီးအောင် လုပ်လိုက်ကြ တာပဲ"
စမစ် ဆင်ခြေ ဆင်လက်တွေ အလိုလို ပေးမိနေသည်။ ဤကိစ္စတွင် သူ့ပယောဂ ကင်းရှင်းကြောင်း၊ ဤကိစ္စမှာ သူလည်း ကြံရာပါ ဖြစ်သည်။ ပိုလျှင်သာ ပိုမည်။ ကော်ရာ ပြောတာ မှန်သည်။ ဖြေရှင်း နေလို့ အကြောင်း မထူးတော့။ ကော်ရာ ပြောသည့်အတိုင်း သူတို့အားလုံး ဘ၀ပျက်စီးကြရလေပြီ။ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ဘာမှ အကြောင်း မထူးတော့။
မတုန်မလှုပ် ကျောက်ရုပ်လို စိတ်ထောင်းကိုယ်ကြေ အငူသားထိုင်နေသော ကော်ရာကို ကြည့်ရင်း စမစ် ရင်ထဲ ဗလောင်ဆူ လာသည်။
ရုတ်တရက် စိတ်ကောင်းလည်လာ၍ ကြောက်စရာ့အဖြစ်ဆိုးကို စမစ် နဖူးတွေ့ ဒူးတွေ့ သိမြင် လိုက်သည်။ ဘယ်သူသေသေ ငတေမာပြီးရော သတင်းစာလောက။ ပြည်ဖျက်ပြီး နန်းတက်ဝံ့သော သတင်းစာလောက။ ထိုလောက ၏ လုပ်ကြံထိုးနှက်မှုဖြင့် ကျရောက်ခံစားခဲ့ရသည့် ဒုက္ခဝေဒနာ အားလုံးသည် ဤဘ၀ပျက် လူသား တစ်ယောက်အပေါ်တွင် စုရုံးပေါင်းဆုံ ကျရောက်နေသည်နှင့် အလားတူနေပေတော့၏။

"ဒီသတင်းစာက ဘယ်လိုရောက်လာတာလဲ" စမစ်က မေးကြည့်သည်။
"ဒေးဗစ် ... ကျွန်မ ယောက်ျား ယူလာတာ"
"ဘယ်က ရလာတာလဲ" စမစ် စကားများသည် ကော်ရာ့ထံရောက်ရန် ဝေးလံလှစွာသော ခရီးကို ကျော်ဖြတ် သွားရသည်။ ကော်ရာ့ စကားလုံးများကလည်း အလားတူ ခရီးကို ကျော်ဖြတ်လာရသည်။
"မနက်တိုင်း ဆိပ်ခံတံတားဘက်ကို သူ လမ်းလျှောက်တာပဲ။ သတင်းစာဆိုင်မှာ ပိုစတာကြီးတွေ တွေ့တာနဲ့ ... ပိုစတာတွေ တစ်ရွာလုံး ကပ်ထားတာပဲ ... သူ သတင်းစာ ၀ယ်လာတာပေါ့"
ကော်ရာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာသည်။

"ဒီကိစ္စကို သူ မသိစေချင်တာ။ သူ သိရင် ဘာဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်မ နားလည်တယ်။ သူ့မျက်နှာထား က ကျွန်မတစ်ခါမှ မဖြစ်ဖူးတဲ့ မျက်နှာထားပဲ။ စကားကို လည်း တစ်ခွန်းမှ မပြောတော့ ဘူး။ ထွက်သွားတာပဲ"
"ဘယ် ထွက်သွားတာလဲ" "မသိဘူး ... မပြောတတ်ဘူး ... ကျွန်မ တားပါသေးတယ်။ မရဘူး။ ကျွန်မလည်း ဘာမှ မလုပ်တတ်တော့ဘူး။ ကျွန်မ ဘ၀ ကတော့ ပျက်ပါပြီ။ ဆုံးခန်းတိုင်တော့တာပါပဲ"
စမစ် ဘာများကော ပြောနိုင်ဦးမည်နည်း။ ဘာမှ မတွေးတော့။ ဘာဆို ဘာမှ မတွေးတော့။ မည်ကာ မတ္တ ဖြေသိမ့်စကား ကိုသာ ပြောနိုင်တော့၏။
"ခင်ဗျား စိုးရိမ်သလောက်လည်း မဆိုးနိုင်သေးပါဘူးဗျာ။ သူ ပြန်လာမှာပါ"
"မလာတော့ပါဘူး" ကော်ရာက စမစ်နှင့် မျက်လုံးချင်းဆိုင်လိုက်သည်။ သူ့အသံက စမစ်ကို ကျောစိမ့်သွားစေ သည်။

"ကျွန်မဆီတော့ မလာတော့ပါဘူး"
ကော်ရာ စိတ်ပျက်လက်ပျက် မထုံတက်တေူး ဖြစ်လာသည်။ စမစ်အဖို့ ကော်ရာကို မေးနေ၍ ဘာမှ မထူးတော့။ ကော်ရာ ငိုချလိုက်လျှင် ရင်ပေါ့ သွားလိမ့်မည်ဟု တွေးမိသည်။ ထို့ကြောင့် အိမ်ထဲမှ ထွက်လာခဲ့ သည်။
စမစ် အငှားကား ရှိရာသို့ တစ်လှမ်းချင်း လျှောက်ပြန်လာခဲ့သည်။ ရေးကြီးသုတ်ပြာ လုပ်စရာလည်း မလိုတော့။
အဝေး တွင် မုန်တုန်းကျနေ၏။ အယ်လ်ဒန် ကုန်းတန်းဆီတွင် မိုးတစ်ဂျိမ်းဂျိမ်း ခြိမ်းနေ၏။ ရွာပေါ်မှာ ပင် မိုးသားကမည်းမည်း မှောင်နေ၏။ လေက ပို၍ ထိုင်းမှိုင်းလာ၏။ ဗုန်းသံ၊ အမြောက်သံပမာ မြည်ဟိန်းကာ အိုက်စပ်စပ်လေနှင့် အတူ လှိုင်းလုံးကြီးများအလား တလိမ့်လိမ့် ရိုက်ခတ်လာသော ပေါက်ကွဲသံများသည် တုန်တုန် ခိုက်ခိုက် ဖြစ်နေသော စမစ်အဖို့ ရင်တုန်စရာ ကောင်းနေတော့၏။
အငှားကားပေါ် သို့ စမစ် တက်လိုက်ချိန်တွင် မိုးသီးမိုးပေါက်တို့က စေးထန်း ပူလောင်သော သွေးရည် သွေးစက်များ အလား သူ့လက်ကို ပက်ဖျန်းလိုက်လေသည်။

စမစ်သည် ကားသမားကို ဟက်ဒယ်လ်စတန်သို့ ပြန်ခိုင်သည်။ အခြား လုပ်စရာလည်း မရှိတော့။ ပေ့ကို ရှာရန် လည်း စိတ်မကူးတော့။ ဟက်ဒယ်လ်စတန်သို့ ပေ့ ပြန်မရောက်သေး။ ရထားပေါ်မှာ ရှိချင်ရှိနေမည်၏။ လန်ဒန်မှာပင် ရှိချင် ရှိနေဦး မည်။ ဘယ်မှာပင်ရှိနေနေ ကံဆိုးမိုးမှောင်သတင်းကို တော့ မုချ သိပြီး ဖြစ်ပေရော့မည်။ ပေ့ ဘယ်တော့မှ စာချုပ်လက်မှတ်ထိုးတော့မည် မဟုတ်။ ဥတ္တရ အလင်းကို ဘယ်တော့ မှ ထိုးအပ်တော့မည် မဟုတ်။ ညေးနှင့် သူ့အဖို့ ဘာမှ လုပ်စရာ မကျန်တော့။ ဒူးထောက်လက်မြှောက်ပြီး မြို့မှ ထွက်ခွာ သွားကြဖို့သာ ရှိတော့သည်။
စမစ်စိတ်ထဲတွင် အညံ့ခံစိတ် ရုတ်တရက် ပေါ်လာသည်မှာ ကြောင်းကျိုးယုတ္တိ ဆက်စပ်ဆင်ခြင်မှု အကြောင်းတစ်ခုတည်းကြောင့် မဟုတ်။ ညေးနှင့် ပေါင်းပြီး သူ ဖန်တီးခဲ့သည့် အခြေအနေ၊ သူ လွှတ်ပေးခဲ့သည့် အင်အား များကို သူ ပြန်ကြောက်လာခြင်းကြောင့်လည်း ဖြစ်၏။ သူ စိတ်အား ပျော့ညံ့လာသည်။ ဘာဖြစ်နေနေ အရက်တစ်ခွက်လောက် သောက်လိုက်ချင်သည်။ ပြေးမှ ဖြစ်တော့မည်။ အလုပ်ပြုတ်တာ မပြုတ်တာ အရေးမကြီးလှတော့။ အရေးကြီးဆုံးကိစ္စမှာ ဟက်ဒယ်လ်စတန်မှ အမြန်ဆုံး ထွက်ခွာသွားရန် ကိစ္စသာ ဖြစ်တော့သည်။

စိတ်အားငယ်ခိုက် အားကိုးအားထားရှာရင်း ညေးထံ စိတ်ရောက်သွားမိပြန်သည်။ ညေးက တိုက်ခွဲ တွင် သူ ရှိနေမည်ဟု ပြောထား၍ အငှားကား ကို ပရုဒင်ရှယ် တိုက်ကြီးသို့ မောင်းခိုင်းသည်။
မိုးက သဲကြီးမဲကြီး ရွာနေ၏။ လေပြင်းက ဝှေ့ရမ်းဝိုက်ရမ်းတိုက်နေ၏။ မိုးရေလုံးတို့က ကားရှေ့ မှန်ကို တ၀ုန်းဝုန်း ရိုက်ပက်နေ၏။ လမ်းပေါ်တွင် လူ မရှိသလောက် ရှင်းနေသည်။ အခိုအကာရှိရာ သို့ သုတ်ခြေတင် လျှောက်နေသူအချို့၊ ထီးဆောင်းကာ တကုန်းကုန်း လျှောက်နေသူ အချို့သာ ရှိသည်။ ၀ိတိုရိယလမ်း မှ ပြောင်းဖူးဈေးဘက်သို့ ကားချိုးကွေ့လိုက်သည်။ လမ်းပိတ်ဆို့နေသည်ကို ရုတ်တရက် တွေ့လိုက် ရသည်။

လမ်းကျဉ်းကလေး တစ်ခုလုံး ပိတ်နေသည်။ ဗဟိုဈေးမှ ကုန်စိမ်းများ တင်လာသည့် ကုန်တင် ကားများမှာ အများစု။ ရေပိုက်ကြီးပေါက်သလား။ လမ်းရေလျှံသလား။ တစ်ခုခုတော့ ဖြစ်မည်ဟု စမစ် ထင်လိုက် မိ၏။ စောင့်မနေနိုင်။ တိုက်ခွဲကလည်း ဝေးလှတော့သည်မဟုတ်။ ကားမောင်း သမား လက်ထဲ သို့ ငွေစက္ကူ ထိုးထည့်လိုက်ပြီး ကားပေါ်မှ ဆင်းလာခဲ့သည်။
စမစ်သည် လမ်းထောင့်ကို ချိုးကွေ့ပြီး ပန်းခြံလမ်းအတိုင်း လျှောက်လာသည်။ လမ်းစင်္ကြံပေါ် တွင် စုနေသည့် လူအုပ်ကြီးကို သတိပြုမိသည်။ လူအုပ်ကြီးသည် မိုးထဲလေထဲတွင် ရပ်နေကြသည်။ လည် တဆန့်ဆန့် မျှော်နေကြ၏။ ခေါင်းဘယ်ညာယိမ်း၍ ကြည့်နေကြ၏။ လူတွေ ကြည့်နေသည့် တိုက်မျက်နှာစာမှာ သူတို့ တိုက်ခွဲ ၀င်ပေါက် ဖြစ်နေ၏။ စမစ် ရင်ထိတ်သွားသည်။
ပြဿနာတော့ ပေါ်နေပြီ။ တိုက်ခွဲကိုတော့ ၀ိုင်းဖျက်နေကြပြီဟု စမစ် တွေးမိလိုက် သည်။ ကြောက်ဆုတ်ဆုတ် ဖြစ် လာသည်။ သို့သော် မေးမြန်းတော့ ကြည့်ဦး မှ ဖြစ်မည်။ ရှေ့သို့ ပြေးသွား သည်။ ထိုအခိုက်တွင် ဥသြသံကြားရသည်။ ကြည့်ဦးမှ ဖြစ် မည်။ ရှေ့သို့ ပြေးသွား သည်။ ထိုအခိုက် တွင် ဥသြသံကြားရသည်။

လူနာတင်ကားဖြူကြီးကို ရိပ်ခနဲ မြင်လိုက်ရသည်။
စမစ်သည် လူကြားထဲသို့ တိုးဝှေ့ဝင်သည်။ ကြောက်ကြောက်လန့်လန့် ဖြစ်လာသည်။ ဖြတ်သွား ခွင့်ရရန် သူ့နာမည် ကို ထပ်မနားပြောပြနေရသည်။ တံခါးဝရောက်မှ ရဲသားတစ်ဦးက သူ မှန်းသိ သည်။ တိုက်တွင်း ၀င်ခွင့်ပေး သည်။ သူ ခန်းမထဲတွင် ရပ်နေမိသည်။ ရှေ့မတိုးဝံ့။ အမောကြီး မောနေသည်။
ဓာတ်လှေကား လူခေါ်ခေါင်းလောင်းကို  အားတင်း၍ နှိပ်လိုက်သည်။ ဓာတ်လှေကား ဆင်း မလား။ လေးထပ် တွင် ရပ်နေသည်။ တစ်စုံတစ်ယောက် ပြေးဆင်းလာသည်။ လှေခါးမှ ရုတ်တရက် ခြေသံ ကြားသည်။ လှည့်ကြည့်သည်။ ပီတာ ...။ တယ်လီဖုန်း အော်ပရေတာကလေး။ ပီတာက သူ့တစ်ကိုယ်လုံးကို စမစ် အပေါ်တွင် လှဲချလိုက်သည်။ စမစ် လက်မောင်းကို အတင်းဆုပ် ကိုင်ထား သည်။
"မစ္စတာစမစ် ... ခင် ... ခင်ဗျား"
"ဘာဖြစ်တာတုန်းကွ"
ပီတာက စမစ်ကို သွေးရူးသွေးတမ်း ဖျစ်ညှစ်သည်။ တအီအီညည်းသည်။

"အိမ်ပြန်ချင်တယ်။ ကြောက်စရာကြီး ... ကြောက်စရာ ကောင်းလိုက်တာ။ ကျွန်တော် ကိုယ်တိုင် မြင်တာ ..."
"ဘာဖြစ်တာလဲကွ"
စမစ်က ပီတာကို တွန်းဆောင့်ပြီး မေးသည်။
ပီတာ မော့ကြည့်၏။ သို့သော် ခေါင်းက နောက်လန်သွားပြန်၏။ အသံသာ စူးစူးဝါးဝါး ထွက်လာ၏။
''မစ္စတာပေ့ရဲ့သား က ညေးကို သေနတ်နဲ့ ပစ်တယ်. . . မစ္စတာညေး လဲကျသွားတယ် . . သူ့ကိုယ်သူ လည်း ပစ်တယ်'' ပီတာ့အသံက ပိုကျယ်လာသည်။
''ဆရာဝန်က သေပြီတဲ့'' ''ဘယ်သူလဲ'' စမစ်က ထစ်ထစ်ငေါ့ငေါ့ မေးလိုက်၏။

''ဒေးဗစ် . . မစ္စတာပေ့ရဲ့သား''
စမစ် နံရံကို မှီလိုက်သည်။ တစ်ကိုယ်လုံး အားဆုတ်သွားသည်။ အော့ချင်သလိုလို အန်ချင် သလိုလို ဖြစ်နေသည်။
ဓာတ်လှေကား စက်သံ ကြားရသည်။ ခဏအကြာတွင် ဓာတ်လှေကားထဲမှ ဆရာဝန်တစ်ဦးနှင့်အတူ ညေး ထွက် လာသည်။ ညေး ကတုန်ကယင် ဖြစ်နေသည်။ အပေါ်အင်္ကျီကို ပခုံးပေါ်၌ လွှားခြုံထားသည်။ လက်ဝဲ လက်မောင်း တွင် ပတ်တီးစည်းထားသည်။ နှုတ်ခမ်းထောင့်တွင်တော့ စီးကရက်က တွဲလောင်း။

''လင်ကောင်မပေါ်မွေးတဲ့ သောက်ရူးကလေးပေါ့ဗျာ'' ညေးက အနီးမှ ဖြတ်သွားရင်း စမစ်ကို လှမ်းပြောသည်။
ညေးနှင့် ဆရာဝန်တို့နှစ်ဦးသား လူနာတင်ကားပေါ်သို့ တက်သွားကြသည်။ စမစ် အကြောင်သား ကြည့်နေ သည်။
စိတ်တင်းပြီး လှုပ်မည်ကြံကာရှိသေး။ ဓာတ်လှေကားထဲမှ လူနှစ်ယောက် အလောင်းသယ်လာကြ သည်။ စမစ် မျက်စိမှိတ် ထားရန် ကြိုးစားသည်။ မှိတ်မရ။ မကြည့်ချင် မြင်ရက်သား ဖြစ်နေသည်။ အလောင်းကို လူနာတင် ကားထဲ သွင်းလိုက်သည်။ လူတစ်ယောက် ဒူးထောက်ပြီး ဓာတ်ပုံရိုက်နေဟန် ကိုပွင့်နေသော တံခါးမကြီးမှ လှမ်း၍ မြင်လိုက်ရသေးသည်။

ဆက်ရန်
.

No comments: