Tuesday, July 24, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၁၉)

'လူကြီးမင်း၏ချွေးမနှင့်စပ်လျဉ်း၍ ဆိုသောစကားလုံးကို အထပ်ထပ်ရွက်နေမိ၏။ ခြိမ်းခြောက် သံ ကြောင့် ဒေါသဖြင့် သာ ဆူဝေ မနေ လျှင် ပေ့ချောက်ချောက်ချားချား ပင် ဖြစ်မိကောင်း ဖြစ် မိပေ လိမ့် မည်။ သေသေချာချာ ဖတ်လေ ပိုဆိုးလေလေ။ စာက လက်မှတ်ထိုးမထား ။ တကယ်မဟုတ်သ လိုလို။ ကိုယ့်မြို့၊ ကိုယ့်အလုပ်၊ ကိုယ့်သတင်းစာတွင် ယခုလိုခြိမ်းခြောက်ခံရသည်မှာ အရပ်ရပ်နေ ပြည်တော်ကြား၍ မှလျှော်။ ဆုတ်ဆိုင်းနေ၍ မဖြစ်တော့ ။ ချိန်ဆတန်သ၍ ချိန်ဆ ပြီးနောက် မစ်မော့ဖတ် အား စမစ်ထံ ဖုန်းဆက်၍ ညနေ ၃ နာရီတွင် လာတွေ့ ရန် ပြောခိုင်းလိုက်သည်။ ထို့နောက် ကော်ရာကို သတိရ သည်။ ကော်ရာရှေ့ တွင် ပြောမှဆိုမှ တရားမျှတမည် ဟု စဉ်းစား မိသည်။ ကော်ရာတို့အိမ်တွင် တယ်လီဖုန်းမရှိ။ ထို့ကြောင့် ညနေ သုံးနာရီ တွင် လာခဲ့ ရန် သံကြိုးရိုက်လိုက်သည်။ကို ဆက်ဖတ်ရန်.............

ထို့နောက် ကော်ရာကို သတိရသည်။ ကော်ရာရှေ့တွင် ပြောမှဆိုမှ တရားမျှတမည်ဟု စဉ်းစားမိသည်။ ကော်ရာတို့အိမ်တွင် တယ်လီဖုန်းမရှိ။ ထို့ကြောင့် ညနေသုံးနာရီတွင် လာခဲ့ရန် သံကြိုးရိုက်လိုက်သည်။

(၉)


ဟင်နရီပေ့သည် စမစ်နှင့်တွေ့ရန် ကိစ္စတွင်သာ စိတ်ရောက်နေ၍ တစ်နေ့လုံး စိတ်မောနေ သည်။ နိုင်လိုမင်းထက်လုပ်တာ ခံရလေချင်းဟူသော ခံပြင်းမှုဖြင့် စိတ်တိုနေသည်။ လာမယ့်ဘေး ပြေးတွေ့ ရန်သာ စိတ်စောနေသည်။ နေ့လယ်စာကိုပင် အပြင်ထွက်မစား။ သူ့စားပွဲထဲတွင် လိုရမည်ရ ဆောင်ထားသည့် ဘီစကွတ်မုန့် ချပ်နှစ်ချပ်နှင့်သာ ကိစ္စငြိမ်းလိုက်သည်။ တအိအိ ရွေ့နေသည့် နာရီလက်တံကိုသာ ဂနာမငြိမ် ကြည့်နေ မိသည်။

စောစောပေါ်လာသူမှာ ကော်ရာ။ ၃ နာရီထိုးရန် ၁၅ မိနစ်အလို တွင် ရောက် လာသည်။ မျှော်လင့်ချက်လွှမ်းသော ကော်ရာ့မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရသည် မှာ ခေါ်သည့်ကိစ္စကို အဓိပ္ပယ်ကောက်လွဲနေမှန်း သိသာသည်။ မနေ့က သူ တိုက်တွန်းခဲ့သည့် ကိစ္စကို ပေ့ လိုက်ရောပြီ ဟု ကော်ရာ ထင်နေလေရော့သလား။ ပေ့က ထိုကိစ္စကို စကားစမဖော်။ ကော်ရာ ထိတ်ထိတ်ပျာပျာ မဖြစ်စေလို။ ဘာကိစ္စအတွက် ခေါ်သည်ဟုလည်း မပြော။ အလုပ်များနေသည်ဟု အကြောင်းပြကာ မစ်မော့ဖတ် အခန်းထဲ တွင် စောင့်ခိုင်းထားလိုက်သည်။
အချိန်က အလွန်မတန် ကုန်ခဲနေတော့၏။ သည်းမခံနိုင်လောက်အောင်ပင် နှေးကွေးလှတော့၏။ တည်တည် ငြိမ်ငြိမ် နေနိုင်ရန် ပေ့ အားတင်းထားသည်။ သို့သော် နှလုံးသွေးက တဒိန်းဒိန်း ခုန်လာသည်။ ပို၍ ပို၍သာ ပြင်းပြင်းထန်ထန် ခုန်နေတော့သည်။ ဒေါက်တာဘတ် ပေးထားသည့် ဆေးကို မရှူချင်ဘဲနှင့် ရှူလိုက် ရလေတော့ ၏။

ဆေးရှူလိုက်၍ ပေ့ တစ်မျက်နှာလုံး နီမြန်းနေသည့်အခိုက်မှာပင် သူ့အခန်းထဲသို့ စမစ် ၀င်လာ သည်။ ညေးသာမက ပေ့တစ်ခါမှ မမြင်ဖူးသူ လူငယ်တစ်ဦးပါ သူနှင့်အတူ ပါလာသည်။ လူစိမ်း တစ်ဦးပါလာခြင်းကြောင့် ပေ့ တုန်လှုပ်သွားသည်။ ဇာတ်မရှုပ် ရှုပ်နိုင်အောင် လုပ်သလို ဖြစ်နေလေသည်။
သူတို့ သုံးယောက် စလုံး ပေ့ကို ရပ်ကြည့်နေကြသည်။ နောက်ဘက်တွင် သူတို့ကို လိုက်ပို့သည့် ဖန်းဝစ် ရပ်နေသည်။

ကျွန်တော့်စာတွေ ရပါတယ်နော်
စမစ် စကားစပြောသည်။ သူ့အသံက ကြောင်စီစီ။ ပျာတာတာ။ မပီမသ ဖြစ်နေသည်ဟု ဆိုရမတတ်။
နှစ်စောင် စလုံး ရပါတယ်။ ထိုင်ကြလေဗျာ ပေ့က စိတ်ဆုံးဖြတ်ထားသည့်အတိုင်း တည်တည် ငြိမ်ငြိမ်  ပြောသည်။
စမစ်နှင့် အဖော် များသည် စက်ရုပ်များပမာ ထိုင်လိုက်ကြသည်။ လူစိမ်းက ရှိုးတိုးရှန့်တန့်။ ညေးက မထီလေးစား။ ကုလားထိုင်တစ်လုံးတွင် ၀င်ထိုင်ရန် ဟန်ပြင်နေသည့် ဖန်းဝစ်ကို ကွက်ခနဲ ကြည့်လိုက်သည်။

သူကော လိုရဲ့လား ဟု ညေး က မေးသည်။
ပေ့က ဖန်းဝစ် ကို ပြန်လွှတ်လိုက်သည်။
ညေးက စီးကရက်တစ်လိပ် မီးညှိသည်။
စိတ်မရှိပါနဲ့နော် ဟု ပြောသည်။

ခဏငြိမ်နေကြသည်။ စမစ်က ချောင်းတစ်ချက်ဟန့်လိုက်သည်။ သူ့မျက်နှာမှာ အဆီပြန်နေ သည်။ ဖြူရော်ရော် ဖြစ်နေသည်။ မုတ်ဆိတ်မရိပ်။ မျက်ကွင်းကျကျ ဖြစ်နေ၍ ဖြူရော်ရော် ပုံပန်းမှာ ပို၍ ပေါ်လွင်နေ သည်။ အလွန်အမင်း အနေရခက်နေပုံလည်း ပေါ်လွင်နေသည်။ အင်္ကျီက ညစ်နွမ်းနွမ်း။ လည်စီး က လျော့ရဲရဲနှင့်။ သူ့ကိုကြည့်ရသည်မှာ ဖိုသီဖတ်သီ ဖြစ်နေသည်။ ဤပုံပန်း မျိုးဖြင့် စမစ်ကို ပေ့တစ်ခါမျှ မမြင်စဖူး။

မစ္စတာပေ့ ခင်ဗျာ
စမစ်က ဇာတ်တိုက်ထားသည့် ဟန်ပန်ဖြင့် ပြောသည်။ သို့သော် လေသံက ထစ်ထစ်ငေါ့ငေါ့။
ကျွန်တော့် မှာ ပုဂိုလ်ရေး အညှိုးအာဃာတ မရှိပါဘူး ခင်ဗျာ။ မစ္စတာပေ့ကို ကျွန်တော် လေး လည်း လေးစားပါတယ်။ ပူပင်သောကလည်း မရောက်စေချင်ရိုး အမှန်ပါ။ ကျွန်တော့်အပေါ်လည်း ဒီလိုပဲ သဘောထားစေ ချင်ပါတယ်။ ဒါပေမဲ့ တာဝန်အရ လုပ်ရကိုင်ရမယ့် ကိစ္စတွေက ရှိလာပါတယ်။ ကျွန်တော် မပြောရက် ပါဘူး။ ဒါပေမဲ့လည်း ပြောကို ပြောရမယ့်သတင်းတစ်ခုက ကျွန်တော်တို့ လက်ထဲရောက်လာလို့ပါ
ခင်ဗျား တို့ စာတွေအတိုင်းဆိုရင် ကျုပ် ချွေးမနဲ့ ပတ်သက်တဲ့ကိစ္စ ဆိုပါတော့
ခင်ဗျား ထင်တဲ့အတိုင်းပဲ
ညေးက စီးကရက်ပြာ ချွေရင်း ၀င်ထောက်သည်။

ဒီလိုဆိုရင် သူ့မကောင်းကြောင်း သူ့ရှေ့မှာပဲ ပြောစေချင်ပါတယ်ဗျာ
နေပါဦးလေ။ မစ္စတာပေ့ အရင်နားထောင်တာ ကောင်းပါတယ်။ မိန်းမသားတစ်ယောက် စိတ်မချမ်း မသာဖြစ်အောင် မလုပ်စေ ချင်ပါဘူး
"အိုဗျာ . . . တိုတိုလုပ်စမ်းပါ စမစ် ရာ။ လိုရင်း ပြောချလိုက်စမ်းပါ"
ညေး က ၀င်ဟောက်သည်။

  ကောင်းပြီလေ။ ကျုပ်ပဲ နားထောင်သေးတာပေါ့။ အသရေဖျက်မှု ဥပဒေကိုတော့ ရေရေလည်လည်သိရဲ့နော်''
မစ္စတာပေ့။ ဒီကိစ္စ က ပြောရတာတော့ ခက်ခက်ပဲ
"ဒိီမှာ ကျွန်တော်ပဲ ပြောပြလိုက်မယ်"
ညေးက ၀င်ပြောသည်။ စီးကရက်တိုကို ပြာခွက်ထဲတွင် ထိုးခြေလိုက်သည်။ ပေ့ကို စိမ်းစိမ်း စိုက်ကြည့်လိုက်သည်။
 ''ခင်ဗျား က စံတော်ဝင်သတင်းစာ ထုတ်တဲ့လူ။ သန့်စင်သော လူ့အဖွဲ့အစည်းအတွက် သန့်စင်သော သတင်းစာ ဆိုတာကို လိုလားတဲ့သူ။ ခင်ဗျားက စင်းလုံးချော သူတော်စင်ဆိုတော့ ကလေးဖျက်ချတယ်ဆိုတဲ့ စကားလုံးမျိုး ကြား မှ ကြားဖူးပါ့မလားတော့ မသိဘူး''
''သိ . . .သိပါဗျာ'' ပေ့က အငိုက်မိသွားသလို ဖြေလိုက်သည်။

''ကျွန်တော်ကလည်း သိပါစေ ဆုတောင်းနေတာပါ''
ညေးက ငေါ့တော့တော့ ပြောသည်။
''ဒါမှ ရှင်းရ လင်းရ လွယ်မှာကိုး။ ဒါဖြင့် ကောင်မလေးတစ်ယောက် လင်ကောင်မပေါ်ဘဲ မဖုံးနိုင် မဖိနိုင် ဖြစ်လာရင် ချောင်ကြို ချောင်ကြားက လက်သည်ဆီ ပြေးပြီး ပြဿနာရှင်းရတတ်တာမျိုးကို ခင်ဗျား သိတယ်ပေါ့။ ဒါပေမဲ့ ကံခေချင်တော့ ဥပဒေက ရှိနေတယ်။ ကလေးဖျက်ချရင် ထောင်ဒဏ်တဲ့''
''တော်လောက်ပါပြီ'' စမစ်က ၀င်ဟန့်သည်။

''ဒါတွေကိုပြောတာ စိတ်မချမ်းသာပါဘူးခင်ဗျာ။ လွန်ခဲ့တဲ့ ၃ နှစ်က မစ္စတာပေ့ရဲ့ ချွေးမ ကော်ရာဘိတ်ဟာ အဲဒီဥပဒေ နဲ့ အပြစ်ပေးခံရဖူးပါတယ်''
ပေ့သည် စမစ် ကို ကြက်သေသေကာ ကြောင်ကြည့်နေ၏။ သူ့တစ်ကိုယ်လုံးတောင့်နေ၏။ အေးစက်နေ၏။ ပတ်ဝန်းကျင် ကိုပင် သတိမရတော့။ ၀ိုးတိုးဝါးတားမြင်နေရသော စမစ်၏ မျက်နှာမှတစ်ပါး အားလုံးလွင့်ပြယ် ကွယ်ပျောက်နေ၏။
''ကျုပ်. . . မယုံဘူး''
''ဒါအမှန်ပါပဲ။ အထောက်အထားတွေ ပြနိုင်ပါတယ်ခင်ဗျာ''
''မဟုတ်ဘူး . . . ဒါ အမှန်မဟုတ်ဘူး'' ပေ့က ဇွတ်မှိတ်ငြင်းနေသည်။

''အို . . . တော်စမ်းပါဗျာ''
ညေးက သူတို့နှင့် အတူပါလာသူကို လက်ညှိုးထိုးပြသည်။
''ဒီဟိုင်းစ်ဆိုတဲ့လူက အဲဒီသတင်းကို ရေးလာခဲ့တဲ့လူ။ အစအဆုံး သတင်းလိုက်လာခဲ့တဲ့လူဗျ။ ဟုတ်တယ်မှတ်လား''
''ဟုတ်ပါတယ် ခင်ဗျာ'' ဟိုင်းစ်က ပေ့ကို ၀မ်းနည်းသံဖြင့် ပြောသည်။
''ကျွန်တော်က အမှုတစ်လျှောက်လုံး ရုံးမှာရှိနေခဲ့တာပါ။ တရားသူကြီးက သိပ်သက်ညှာရှာပါတယ်။ ဒါကြောင့်လည်း သက်သက်သာသာ  ပြစ်ဒဏ်ချလိုက်တာပေါ့''
''ပြစ်ဒဏ် ဟုတ်လား'' ဟင်နရီပေ့သည် ကုလားထိုင်လက်ရန်းကို ဆုပ်ကိုင်ကာ ထိုစကားလုံးကို မနည်း ဖျစ်ညှစ် ပြောလိုက်သည်။

''၆ လ တည်းပါ''
ဟင်နရီပေ့ နှလုံးခုန်ရပ်သွားသည်။ အတော်ကြာသည်။ ကော်ရာ လုပ်ခဲ့သည့် အမိုက်အမဲ အမှားအယွင်း ကလေးများကို ဖြဲရှာပြီး ပုံကြီးချဲ့လိမ့်မည်ဟု ထင်ထားခဲ့၏။ ဟိုင်းစ်နှင့် ညှိစွန်းခဲ့ပုံမျိုး၊ ကလေကလွင့် ဘ၀ဖြင့် ရုန်းကန် လှုပ်ရှားခဲ့ရပုံမျိုးစသည်။သို့သော် ယခုလို ဆိုးဆိုးဝါးဝါး ကိစ္စမျိုးဖြစ်လိမ့်မည်ဟု မထင်ခဲ့။ အဆုံးစွန် မျှော်မှန်း ထားသည်ထက် ပိုမိုဆိုးဝါးနေသဖြင့် ရုတ်တရက် ရင်ထဲတွင် ဆို့နစ်လာတော့သည်။ သူ လက်သင့် မခံနိုင်။ လက်သင့်မခံချင်။
''မဖြစ်နိုင်ဘူး . . . ဒါ လိမ်တာပဲ။ ကော်ရာ ဒီမှာ ရှိတယ်။ သူကလည်း ငြင်းမှာပဲ''
''ဒါဖြင့်လည်း ခေါ်လိုက်ဗျာ။ ဘယ်သူ လိမ်တာလဲ ဆိုတာ သိရောပေါ့''
ညေး၏ လက်လွတ်စပယ်ပြောဟန်သည် ပေ့ကို ကြက်သီးမွေးညှင်း ထစေသည်။

ကော်ရာကိုခေါ်ရန် ပေ့ ထိုင်ရာမှ ထလိုက်သေးသည်။ သို့သော် ပြန်ထိုင်ချလိုက် ၏။ ကော်ရာ အစွပ်အစွဲခံရမည့် အဖြစ်ကို သူ မမြင်ရက်။
''လုပ်ပါဗျ။ ပြီးပြီးပြတ်ပြတ်ပဲ လုပ်လိုက်ကြရအောင်ပါ။ ထောင်ထဲ ဘယ်လိုရောက်သလဲဆိုတာ မချောကလေး ကို မေးကြည့်ဦးပေါ့''
ပေ့သည် သံသယစိတ်ဖိစီးမှုကို ခံနေရသည်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ဇဝေဇ၀ါ ဖြစ်နေချိန်မှာပင် မစ်မော့ဖတ် အခန်းဘက်မှ တံခါးဖွင့်လာသည်။ ကော်ရာက ပျင်းလာ၍ ပေ့အားလပ်ပြီအထင်ဖြင့် ၀င်ကြည့်ခြင်း ဖြစ်သည်။ အခန်းထဲမှ မြင်ကွင်းကိုကြည့်ပြီး ကော်ရာ မျက်နှာပျက်သွားပုံမှာ ပေ့ ဘယ်တော့ မှ မေ့နိုင်လိမ့်မထင်။ တစ်ခန်းလုံး ငြိမ်သွားသည်။ ကော်ရာက ကြောက်အားလန့်အားနှင့်
''ခွင့်လွှတ်ပါရှင် . . . ကျွန်မ မသိလို့. . .'' ဟု အမောတကော ပြောသည်။ အပြင်သို့ ပြန်ထွက်ရန် ဟန်ပြင်သည်။

''ခဏနေပါဦးလေ။ ခင်ဗျားကိုတွေ့ချင်တဲ့ လူတစ်ယောက် ခရီးဝေးက ရောက်နေတယ်'' ညေးက တားသည်။
ကော်ရာ ငြင်းဆန်နိုင်စွမ်း မရှိသလို ရပ်နေ၏။
''ကျွန်တော့် ကို မှတ်မိပါတယ်နော်'' ဟိုင်းစ်က မေးသည်။
''ဟင့်အင်း. . . ရှင့်ကို မြင်တောင် မမြင်ဖူးပါဘူး''
ကော်ရာ့ဖြေသံ က အသံတိမ်လွန်းသည်။ ကြားရသည်ဆိုရုံကလေး ကြားရသည်။

''ခွင့်လွှတ်ပါ မစ်ဘိတ်. . . ကျွန်တော် သတင်းစာဖြတ်ပိုင်းတွေရော၊ ဓာတ်ပုံတွေရော သယ်လာ ပါတယ်။ ဆေးရုံ မှာ ခင်ဗျားလက်မှတ်ထိုးခဲ့တဲ့ ထွက်ဆိုချက်တွေလည်း ပါလာပါတယ်''
ဟိုင်းစ်က သူ့အိတ်ကို စမ်းသည်။ ကော်ရာ မေ့လဲသွားလေမလားဟုပင် ပေ့ ထင်လိုက်မိ၏။ တစ်ကိုယ်လုံး သိမ့်သိမ့် တုန်အောင် ရှိုက်သည်။ ပေ့ မကြည့်ရက်တော့။
''တော်လောက်ပါပြီဗျာ။ သွားကြပါတော့'' ပေ့က စမစ်ကို ပြောသည်။
''ယုံပြီလား'' ညေးက မတ်တတ်ရပ်ရင်း မေးသည်။
စမစ်ပါ ထရပ်လိုက်သည်။ ပေ့ကို မကြည့်။ ချွေးတစ်လုံးလုံး ဖြစ်နေသည်။

''ကဲ . . . မစ္စတာပေ့။ ဒီကိစ္စကို ဘယ်သူမှ မသိစေရပါဘူး။ ကျွန်တော်တို့ လျှို့ဝှက်ထားပါတယ် ခင်ဗျာ။ ထိခိုက်စရာ ဆိုလို့ ဘာမှမလုပ်ရသေးပါဘူး။ ဘာဆိုဘာမှ မလုပ်ပါဘူး။ အဖြေကတော့ လွယ်လွယ်ကလေးပါ။ ကျွန်တော် စာချုပ် မူကြမ်းကလေး တစ်ခု ဆွဲထားပါတယ်။ အားလုံး ပွင့်ပွင့်လင်းလင်း မကွယ်မထောင့်ပါ ခင်ဗျာ''
စမစ်က ဟိုစမ်း ဒီစမ်း လုပ်သည်။ လက်ဆွဲအိတ်ကို ဖွင့်သည်။
''မစ္စတာပေ့ လက်ခံလိမ့်မယ်လို့ ယုံပါတယ်။ ကျွန်တော်တို့လည်း စိတ်မချမ်းသာစရာ သတင်းတွေ ဘာတွေ ရေးမနေရတော့ဘူးပေါ့ ခင်ဗျာ။ ယုံပါ မစ္စတာပေ့ ကျွန်တော်တို့ချင်း အာဃာတထားစရာ အလျဉ်း မရှိပါဘူး''
''သွားပါတော့ဗျာ။ တစ်ဆိတ်သွားကြပါတော့။ နောက်မှပဲ ကျွန်တော်ပြောပါမယ်''
စမစ် သည် စာအိတ်ရှည်ကြီးကို စားပွဲပေါ်တွင် တင်ခဲ့သည်။ အခန်းထဲမှ ထွက်သွားသည်။

ပေ့သည် အားလုံးထွက်သွားမှ ကော်ရာကို လှည့်ကြည့်လိုက်သည်။ ပြောစရာစကား ရှာမရ။ လည်ချောင်းထဲတွင် စကားလုံး များ ပျောက်ကွယ်ကုန်သည်။ ကော်ရာက ငိုတုန်းငိုဆဲ၊ မျက်နှာပေါ် လက်နှစ်ဖက်အုပ်ကာ နံရံကို မှီရပ်နေသည်။ ပေ့ ဖျောင်းဖျစကား စပြောချင်သည်။ စကားရှာမရ။ ကော်ရာက မျက်ရည်တွေတွေစီးလျက် စကား စပြောသည်။
''မှန်ပါတယ်ရှင်။ သူတို့ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဖြစ်ကြောင်းကုန်စင်ကိုတော့ သူတို့ပြောလိမ့်မယ် မထင်ပါဘူး။ ကျွန်မ ၁၆ နှစ်သမီး ကတည်းက ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရတာ ပါ။ အပေါစားဆိုင်တွေမှာ အရောင်းဈေးသည် လုပ်ခဲ့ရတာပါ။ တစ်နွေမှာ ကျွန်မ ဘလက်ပူးလ်မြို့ကို ခုနှစ်ရက် သွားလည်တယ်။ အဲဒီ ဘလက်ပူးလ်မြို့ကို သွားဖို့ လပေါင်းများစွာ ငွေစုခဲ့ရတယ်။

ကပွဲနန်းတော်ခန်းမမှာ ကျွန်မ သွားကတယ်။ မန်နေဂျာက ကျွန်မကို မျက်မှန်းတန်းမိပြီး အလုပ်ပေးတယ်။ ကျွန်မလည်း လုပ်တာပေါ့။ သူက သိပ်ကောင်းရှာပါတယ်။ ကျွန်မကလည်း တစ်ယောက်တည်း စိတ်ငယ်နေ တယ်။ အမြဲတမ်းလည်း အထီးကျန်ဖြစ်နေတယ်။ ဒီတော့ ကျွန်မကို ချစ်တဲ့သူ ရှာချင်လာတယ်။ သူ့မှာ သားမယားရှိမှန်း မသိပါဘူး။ ပထမတော့ပေါ့လေ။ သူက ကျွန်မကို တကယ်ချစ်တာ မဟုတ်ပါဘူး။ လူယုတ်မာပဲ။ မဖုံးနိုင် မဖိနိုင်လည်းဖြစ်ရော ဒေါသူပုန်ထတော့တာပဲ။ လက်သည်မိန်းမကြီး တစ်ယောက်ဆီ ပို့တယ်။ ဆရာဝန်ခေါ် တယ်။ ဆရာဝန်က ဆေးရုံပို့လိုက်တာနဲ့ ဒီကိစ္စ ပေါ်ကုန်တော့တာပေါ့''
ကော်ရာသည် ချုံးပွဲချ ငိုတော့မတတ် ဖြစ်နေသည်။ ဖျစ်ညှစ်ပြီး ဆက်ပြောသည်။

''ကျွန်မ ဆေးရုံမှာ နှစ်လနေရတယ်။ ဆေးရုံက ဆင်းတော့ ပုလိပ်ကဖမ်းတယ်။ ဖမ်းရမှာပေါ့လေ။ မိန်းမကြီး အမှုမှာ ကျွန်မ ကို အစိုးရသက်သေ လုပ်ခိုင်းတယ်။ သူလည်း ကျွန်မလိုပဲ နွမ်းနွမ်းပါးပါး ဆွေမရှိ မျိုးမရှိ မဟုတ်လား။ ဒီတော့ ကျွန်မ ဘယ်ဆွဲချလုပ်နိုင်ပါ့မလဲ။ ကျွန်မအမှုကျတော့ ငြိတော့ တာပေါ့။ တရားသူကြီး က ထောင် ၆ လပဲ ချပါတယ်။ သူလည်း စိတ်ကောင်းပုံ မရပါဘူး။ ကျွန်မက အရိုးပေါ် အရေတင် ဖြစ်နေတာ ကိုး။ ထောင်ပိုချ လည်း ကျွန်မအဖို့တော့ မထူးပါဘူး။ ထူးစရာလည်း မရှိဘူးလေ။ ဒုံရင်းတောင် ပြန်ရောက်နိုင်တော့ မှာမှ မဟုတ်တာ''
''တော်ပါတော့ ကော်ရာရယ်။ ဇာတ်ကြောင်းလှန်လို့လည်း စုံပါပြီ''
''ပြောလို့ သေရင် လည်း သေသွားပါစေ ဦးရယ်။ ဦးကိုတော့ ပြောပြရမှာပဲ။ ကျွန်မ ထောင်ကထွက်တော့ လူမှုရေး အဖွဲ့တစ်ခုက ဘလက်ပူးလ်မှာ အလုပ်ရှာပေးတယ်။ ကျွန်မကတော့ အဲဒီမြို့ကို စိတ်နာနေပြီ။ စကာဘာရာမြို့ မှာ ကျွန်မနဲ့ တော်တဲ့ အလုပ်ကြော်ငြာတွေ့တယ်။ အဲဒီကိုသွားတယ်။ အလုပ်က ပေါ့ပါးတယ်။ မုန့်ကြော် ရတာပါ။ ဒါပေမဲ့ကျွန်မ နဂိုစိတ်မျိုး ပြန်မပေါ်တော့ဘူး။

ဘာအတွယ်အတာမှလည်း မရှိတော့ဘူး။ ဘာစိတ်ဆန္ဒမှလည်း မရှိတော့ဘူး။ သေချာတာ တစ်ခုပဲရှိတော့တယ်။ ညနေပိုင်း ၆ နာရီဆိုင်ပိတ်ပြီးရင် ကမ်းနားမှာ လမ်းလျှောက်တော့တာပဲ။ အဲဒီမှာ သူ့ကို တွေ့တာပဲ။ ဒေးဗစ်လေ။ သူ့ကြည့်ရ တာ တစ်မျိုးပဲ။ တစ်ညနေတော့ မတတ်နိုင်တော့ဘူး။ ကျွန်မ ရပ်ပြီး သူ့ကို စကားပြောမိတယ်''
ကော်ရာ တုန်တုန်ခိုက်ခိုက် ဖြစ်လာပြန်သည်။
''အဲဒါ အစပဲ။ ကျွန်မ အကြောင်းကို ပြောမပြ၀ံ့ဘူး။ ကျွန်မတို့နှစ်ယောက်ဟာ ကံတူအကျိုးပေးတွေမှန်း သူ့ကိုကြည့်ရုံ နဲ့ ကျွန်မ သိလိုက်တယ်။ သူ့ကို ကျွန်မ စောင့်ရှောက်ချင်တယ်။ စောင့်ရှောက်နိုင်ခဲ့တယ်လို့လည်း ကျွန်မ ထင်ပါတယ်။ မယားကောင်း ပီသအောင် ကျွန်မ နေခဲ့ပါတယ် ဦးရယ်။ သူ သိသွားရင်တော့ ဒုက္ခဖြစ်တော့ မှာပဲ။ ကျွန်မတို့ နှစ်ယောက်စလုံး ဘာတွေဖြစ်ကုန်မလဲတော့ မသိတော့ဘူး''

ကော်ရာ တစ်ချက်ရှိုက်လိုက်သည်။ ပေ့ဆီသို့ လျှောက်လာသည်။ တစ်လောကလုံး၏ အပယ်ခံမလေး။ စိတ်ချမ်းသာမှု ကို အငမ်းမရ တမ်းတနေသူကလေး။ ပေ့က ကော်ရာကို ဖက်ထားလိုက်သည်။
''မငိုပါနဲ့တော့ ကွယ်။ ဒေးဗစ်ကိုလည်း ဘာမှပြောမနေပါနဲ့တော့။ ဦးတို့ လုပ်နိုင်တာတွေ ရှိဦးမှာပေါ့ကွယ်''
''ကျွန်မ လည်း မတတ်နိုင်ဘူး ဦးရယ်။ ကျွန်မတော့ မပြောတတ်တော့ဘူး။ ဦးကကော ဘယ်လိုထင်သလဲ။ ဦးက ကျွန်မ အပေါ် လိုလေသေးမရှိ ကောင်းထားပြီးမှ ကျွန်မ ဦးကို ဒီလိုအဖြစ်မျိုးရောက်အောင် လုပ်သလိုဖြစ်နေပြီ။ အို. . . ကျွန်မ အဖို့ တစ်လောကလုံးမှာ ဦးတစ်ယောက်ပဲ အရေးကြီးဆုံးပါဦးရယ်''

ကော်ရာက စကားကိုပြောရင်း တန်းလန်းဖြတ်လိုက်သည်။ ပေ့ကို ပြူးတူးကြောင်တောင် ကြည့်နေသည်။ ပေ့ မတားလိုက်နိုင် မီမှာပင် အခန်းထဲမှ ပြေးထွက်သွားလေတော့သည်။
ပေ့ မတတ်နိုင်တော့။ ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်သည်။ လက်နှစ်ဖက်ထဲ ခေါင်းမြှုပ်ထားလိုက်သည်။ လာမည့်ဘေးပြေးတွေ့ ရန် အားသစ် မွေးနေမိ၏။ တကယ့် ကမောက်ကမကြီးပါလား။ တကယ့်ကြောက်စရာ ဗရုတ်သုတ်ခကြီးပါလား ဟု တွေးနေမိ၏။
စောစောက ပေါ်ခဲ့သောဒေါသနှင့် သောကတို့ လွင့်စဉ်ကွယ်ပျောက်သွားသည်။ ကရုဏာတရားက အစား ၀င်လာသည်။ ကော်ရာကို အပြစ်မတင်ချင်။ သို့သော် ဤပြဿနာ၏ အကျိုးဆက်များကား သူ့အဖို့ရော ဥတ္တရအလင်း အဖို့ပါ ကံဆိုး မိုးမှောင်ကျခြင်းပင် ဖြစ်ပေတော့သည်။

ပေ့သည် စမစ်ထားခဲ့သည့် စာချုပ်ကို ကောက်ကိုင်မိလျက်သား ဖြစ်သွားသည်။ ဖတ်ကြည့်လိုက်သည်။ ကလိန် ကျထားသော စာချုပ်မဟုတ်။ မျှမျှတတ ရှိသည်။ စမစ်သည် အာပတ်ဖြေသည့်သဘောဖြင့် တရားမျှတအောင် စီမံ ထားသည်။ ငွေရေးကြေးရေးအားဖြင့် ပြောစရာမရှိ။
သူ ဘယ်အခြေဆိုက်မည်ကိုမူ ပေ့ ရှင်းရှင်းကြီး သိနေသည်။ သူ လက်မဲ့ ဖြစ်ရတော့မည်။ ဥတ္တရအလင်းကို သူ လက်မလွှတ်လျှင် ကော်ရာ့ဖြစ်ကြောင်းကုန်စင်ကို လက်ရှိဘ၀နှင့် ဆက်စပ်ပြီး ဆမ်မာဗီးလ်သတင်းစာများတွင် အဆီ တစ်ထပ် အသားတစ်ထပ် ပြူးတူးပြဲတဲ ခေါင်းစီးတပ်ကာ တစ်တစ်ခွခွ ဖွင့်ချပေတော့မည်။
ကြောက်စရာ လန့်စရာ ကျော်မကောင်း ကြားမကောင်း ဖြစ်ကိန်းကြီးကို ပေ့ စိတ်ထဲက မှန်းကြည့် မိ၏။ ကျောချမ်းမိ၏။ သူ့လို မြှင့်တင်ရေးသမား၊ မြို့တော်ဝန်ဟောင်း၊ သမာဓိကြီးသူ၊ မူဝါဒခိုင်မြဲသူ၊ အဂတိမှု ရဲရဲဆန့်ကျင်သူကို ခြောက်တိုင်းကြောက်မည်များ မှတ်နေရော့သလား။

ဂုဏ်ပကာသန အာလျပြင်းသူ အဲလစ်လည်း ချမ်းသာရာရမည် မဟုတ်။ နွားမရွှံ့ပိတ် လှည့်စား ခံရသူ ဒေးဗစ်လည်း သက်သာရာရမည် မဟုတ်။ ဒေါ်ရော်သီပင်လျှင် အဖျားခတ်ခံရလိမ့်မည် မုချ။ ဘယ်သူမှ မလွတ်နိုင်။ ၀ါးလုံး ချေးသုတ်ရမ်းသည့် အတတ်တွင် တစ်ဖက်ကမ်းခတ် သူများ၏ လက်ချက်ဖြင့် သူတို့အားလုံးတံတွေးခွက်ပက်လက်မျောကြရတော့မည်။ သူ့အဖို့ကား လူမှုရေး၊ နိုင်ငံရေး လောက၌ ပန်းကောင်းအညွှန့်ချိုး အဖြစ်မျိုး ရောက်ရတော့မည်မှာ ယုံမှားစရာ မရှိတော့။
ဒေးဗစ် အဖို့ကား တွေးဝံ့စရာပင် မရှိလောက်အောင် ပို၍ အဖြစ်ဆိုးနိုင်သေးသည်။ ဘ၀ပျက်သွားနိုင်သည်။ စိတ္တဇဝေဒနာ ဖိစီးမှု အသူရကယ်ငရဲဘုံသို့ ဆွဲချခံရပေဦးတော့မည်။ ဘယ်သောအခါမှ ပြန်ပေါ်လာနိုင်မည် မဟုတ်တော့ ပါတကား။

ကော်ရာအဖို့လည်း မြေနိမ့်ရာ လှံစိုက် ဖြစ်ပေတော့မည်။ သူ ဂြိုလ်မွှေ၍ ဖြစ်ရလေချင်းဟူသော အသိ၊ ဘ၀ဟောင်းမှ နာကျည်းမှု၊ အရှက်တကွဲ အကျိုးနည်းမှုတို့ကို အပြန်တစ်ရာ ထပ်ခါကြုံလာရဦးမည်ဟူသော အသိ၊ အိုးအိမ် အတည်တကျနှင့် စိတ်အေးချမ်းသာနေထိုင်ရသည့် ဘ၀သစ်တစ်ခု အဖတ်ဆည် မရအောင် ပြိုကွဲရလေတော့မည်ဟူသော အသိတို့သည် သူ့ကို ရင်ကွဲ နာကျင်စေလိမ့်မည် မုချပါတကား။

ပေ့သည် ဗြုန်းခနဲ ထရပ်လိုက်သည်။ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ ကော်ရာရော သူ့မိသားစုပါ ဒုက္ခလှလှ တွေ့ကြရမည့် ကိစ္စကို သူ လက်ပိုက်ကြည့်နေရက်နိုင်ပါ့ မလား။ သူ အညံ့ခံရမည်။ ဥတ္တရအလင်းကို လက်လွှတ်ရမည်။ ဤကိစ္စ တွေးကြည့်လိုက်ရုံနှင့်ပင် အသည်းကို ဓားဖြင့်မွှန်းသလို နာကျည်းစေသည်။
ဒီကိစ္စဟာ ဘိုးဘွားပိုင်ပစ္စည်းကို အစွဲသန်လွန်းလို့ မာန်ချိုးခံရတဲ့အထိ သက်သက်ပါကလား၊ ဟင်နရီပေ့ ဆိုတဲ့ငါဟာ ဘိုးတော်ဘုရား လက်ထက်က ခုနှစ်ဆွေး ရှစ်ဆွေး ရှေးဟောင်းသမား၊ ကိုယ်ထင်ကုတင်ရွှေနန်းသမား သက်သက်ပါကလား၊ လှေကြီးထိုးရိုးရိုးကြီး ဆောင်းပါးလောက်ရေး တတ်တဲ့ သူပါကလား။ တောသတင်းစာကလေး ပိုင်ရတာနဲ့ စကြ၀တေား မနွတ်မင်း ဂိုက်ဖမ်းနေတဲ့ သူပါကလား စသဖြင့် သူ့ကိုယ်သူ ချိုးနှိမ်ဆုံးမရန် အားထုတ်မိသည်။

ကြာရှည်လေးမြင့် ကျားကုတ်ကျားခဲ တိုက်ပွဲဝင်ကာ ခက်ခက်ခဲခဲ အောင်ပွဲခံခဲ့ပြီးသည့်နောက်မှ ပန်းအ၀င် တွင် အောင်ပန်းအလုခံရမည့်ကိန်း ဆိုက်ရခြင်းကို စဉ်းစားလိုက်သောအခါ ခေါင်းထဲတွင် သွေးဟုန်းဟုန်း ဆူပွက်လာပြန်တော့သည်။ ဥတ္တရအလင်းသည် သူ့ဘိုးဘွား အမွေပါတကား။ သူ့သမိုင်း အစဉ်အလာပါတကား။ သူ့ အသက် သူ့ဘ၀ပါတကား။
ပေ့သည် စင်္ကြံအတိုင်းလျှောက်သွားသည်။ ဥတ္တရအလင်းသတင်းစာ အဟောင်းများ စုဆောင်းထား သည့် အခန်းကလေးထဲသို့ ၀င်လိုက်သည်။ စင်ပေါ်ရှိ သတင်းစာတွဲများအနက် တစ်ခုကို ဆွဲကြည့်သည်။ ၁၇၈၅ ခုနှစ် သတင်းစာ တွဲ။ မီးပုံးပျံသမားတို့ အင်္ဂလိပ်ရေလက်ကြား ဖြတ်ကျော်ပျံသန်းသည့် သတင်းကို ဖော်ပြထားသည်။ ၁၇၉၅ ခုနှစ် သတင်းစာတွဲ။ သောမတ်ပိန်း၏ ယထာဘူတ ခေတ်သမယ စာအုပ်ကို အခန်း ဆက် ဖော်ပြထားသည်။

ဟင်နရီပေ့သည် ၀ါရော်ကြွပ်ရွနေသော သတင်းစာဟောင်းများကို တစ်ရွက်ချင်း လှန်ကြည့်နေ သည်။ သတင်းစာ စာမျက်နှာတိုင်းသည် အင်္ဂလန်နိုင်ငံ၏ သမိုင်းအမှတ်အသားများပါတကား။
ထရာဖော်လ်ဂါ ရေကြောင်းတိုက်ပွဲ သတင်းများ။ ကားဘူတောင်ကြား ကျဆုံးခန်းသတင်းများ။ ကရိုင်မီယာဒေသ ဘာလာကာလာဗာ မြင်းတပ်တိုက်ပွဲ သတင်းများ။ ၀ိတိုရိယဘုရင်မကို လုပ်ကြံရန် ကြံစည်မှုသတင်းများ။ နပိုလီယန်စစ်ပွဲ သတင်းများ။ စစ်ဘုရင်နပိုလီယန်ကို ဆန့်ကျင်ထိုးနှက်သော ကာတွန်းများ။ ကဗျာဆရာ စာရေးဆရာကြီး ဘရောင်နင် ၏ ဈာပနသတင်းများ။ တောင်အာဖရိကစစ်ပွဲ သတင်းများ။ ဥတ္တရအလင်း တွင် ရောဘတ်ပေ့ ဦးဆောင်ဖွင့်ခဲ့သည့် စစ်ရန်ပုံငွေ ကောက်ခံမှု သတင်းများ. . .
သူ့ရင်ထဲ တွင် မခံရပ်နိုင်တော့။ နားထင်ကို လက်နှစ်ဖက်ဖြင့် ဖိညှပ်ကာ အသံထွက်အောင် ငိုညည်းမိ လိုက်လေ၏။

ဥတ္တရအလင်းသည်ပင် လျှင် နိုင်ငံသမိုင်းပါတကား။
ထိုသတင်းစာ ကို အဖတ်ဆည်မရလောက်အောင် အသရေတုံးစေမည့် ပိုင်ရှင်မျိုး လက်ဝယ်သို့ သူ ဘယ်နည်းနှင့် မှ ထိုးမအပ်နိုင်။
ပေ့သည် ချာခနဲ လှည့်ပြီး စိတ်မာန်သစ်ဖြင့် သူ့အခန်းသို့ ပြန်လာခဲ့သည်။ နာရီကြည့်လိုက်တော့ ၇ နှစ်နာရီ ခွဲနေပြီ။ သူ မေ့မေ့လျော့လျော့ဖြစ်နေခဲ့သည်မှာ ၃ နာရီခန့်ပင် ကြာသွားသည်။ ညနေ ၆ နာရီ ပြန်နေကျ မစ်မော့ဖတ် လည်းပြန်သွားပေရော့မည်။ ရထားအချိန်စာရင်းကို ရှာကြည့်သည်။ လန်ဒန်မြို့သို့ ထွက်မည့်ရထား သည် ၈ နာရီထိုးရန် ၁၅ မိနစ်အလိုတွင် ဆိုက်မည်။

အိမ်ပြန်ပြီး အ၀တ်အစားယူရန် အချိန်မရှိတော့။ ဘူတာသို့ တိုက်ရိုက်သွားမှ အချိန်မီမည်။ လန်ဒန် သို့ အရေးတကြီးသွားစရာကိစ္စပေါ်၍ ထွက်သွားကြောင်း စာကလေးတစ်စောင် ရေးသည်။ မစ်မော့ဖတ်၏ လက်နှိပ်စက် အဖုံးပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် အိမ်သို့ တယ်လီဖုန်းဆက်သည်။ အဲလစ် အပြင်သွားနေသည်။ သူ ခရီးသွားမည်။ နှစ်ညအိပ်ထက် ပိုမကြာဟု အိမ်ဖော် ဟန်နာကို မှာခဲ့သည်။
ဦးထုပ်ဆောင်း၊ အပေါ် အင်္ကျီဝတ်၊ ရုံးခန်းမှထွက်ကာ ဘူတာရုံသို့ ကမျောသောပါး ထွက်လာခဲ့လေသည်။

ဆက်ရန်
.    

No comments: