Friday, July 13, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၁၆)

"ပူမနေစမ်းပါနဲ့ ဗျာ။ ကျွန်တော် သွားတွေ့လိုက်မှာပါ။ ကျွန်တော် ဦးဆုံးလုပ်မှာက ရုံးချုပ်နဲ့ ဆက်သွယ်မယ်။ ဒီအကြောင်း ဘာမှ မပြောဘူး။ သူတို့ သိဖို့လည်း မလိုဘူး။ နောက်ထပ်အချိန် သုံးပတ်သာပေးပါ။ ဥတ္တရအလင်း ကို ကြာကလပ်နဲ့ တင်ပြီး ဆက်သပါမယ် ခင်ဗျားလို့ ကတိသစ္စာ ပြုရုံ ပြုလိုက်မှာပါ"
ညေးက ရွှင်ရွှင်ကလေး ပြောသည်။ ဘီယာကို အကုန်မော့ပြီး စားပွဲမှ ထသည်။ ထို့နောက် တိုက်ခွဲ သို့ ထွက်လာခဲ့လေ သည်။ ကို ဆက်ဖတ်ရန်..........

(၄)

ထိုနေ့ညမှာပင် ဒေးဗစ်နှင့် ကော်ရာတို့ အိမ်ပြန်လာခဲ့ကြသည်။ ဒေးဗစ်သည် ဂီတပွဲတွင် ကော်ရာ အမူအရာပျက်ပုံ ကို တနုံ့နုံ့ တွေးနေမိသည်။ ကော်ရာမူးဝေေ၀ ဖြစ်ပုံက ဆန်းနေသည်။ ယခင်က ဖြစ်လေ့ဖြစ်ထ မရှိခဲ့စဖူး။ ရိုးမယ်ဖွဲ့တာဟု ဆိုရမလို ဖြစ်နေသည်။ သူတို့နောက် ထည့်တည့်တွင် မော်ကွန်း သတင်းစာ အယ်ဒီတာချုပ် ရောက်နေခြင်းကြောင့် ကော်ရာ ရတက်မအေး ဖြစ်ရသည်ဟု ဒေးဗစ် ထင်နေသည်။

ကော်ရာ ထူးထူးခြားခြား လေးလံထိုင်းမှိုင်းနေသည်။ ဒေးဗစ်က ကော်ရာညစာ ချက်နေစဉ် ညနေက ကိစ္စကို စကားမစပ်။ ကော်ရာကိုယ်တိုင်က ဖွင့်ပြောလာစေချင်သည်။ ကော်ရာ ကတော့ တုံဏှိဘောသာ လုပ်နေသည်။ သူ့စိတ်ကူးတွေ တခြားရောက်နေသည်။ ဒေးဗစ် သံသယကို ဟုတ်နိုးနိုး ထင်အောင် ဆွပေးသလို ဖြစ်နေသည်။
ခဏအကြာ တွင် ကော်ရာက ခေါင်းကိုက်သည်ဟု ဆိုကာ အပေါ်ထပ်တက်သွားသည်။ ဒေးဗစ် တစ်နာရီခန့် အလုပ် လုပ်နေသေးသည်။ အလုပ်လုပ်ရန်ထက် ကော်ရာ ခေါင်းကိုက် သက်သာမသက်သာစောင့်ကြည့်ရန်သာ ထိုင်နေခြင်းဖြစ် သည်။

သူအိပ်ရာထဲ ၀င်ချိန်အထိ ကော်ရာ အိပ်မပျော်သေး။ တလူးလူး တလှိမ့်လှိမ့် ဖြစ်နေသေး သည်။ ကော်ရာက သူ့ကို ဖက်သည်။''မောင် ကျွန်မကို ချစ်တယ်နော်'' ဟုတီးတိုး မေးသည်။
 ညနေ က ကိစ္စကြောင့် ဒေးဗစ်အဖို့ ကြားရချက်မသက်သာ။
''ချစ်တာပေါ့ကွယ်'' ကော်ရာ က တိုးဖက်လိုက်၏။
''ချစ်တယ်သာ ပြောနေတာပဲ''
ကော်ရာ  အချစ်စိတ်မွန်နေ၏။ သူ့ရင်အုံက ငါးဖယ်ပျံသလို တဖျတ်ဖျတ်ခုန်နေ ၏။ ဒေးဗစ်ကလည်း မီးကုန်ယမ်းကုန် ချစ်ပစ်လိုက်ချင် ပါ၏။ သို့သော်  စိတ်မလွယ်ချင်။ ကော်ရာကို စိတ်ရှည်လက်ရှည် ရှင်းပြသည်။

''မောင် အမြဲရှင်းပြနေတာ ကော်ရာလည်း သိသားနဲ့ကွယ်။ အဖက်ဖက်မှာ မောင်စိတ်ကြံ့ ခိုင်အောင်လုပ်ရမယ်။ အစွမ်းကုန် မချစ်လေ ပိုချစ်လေပေါ့ ကော်ရာရယ်''
''အဲဒါက မှန်တာမှ မဟုတ်တာ မောင်ရယ်။ ကျွန်မတို့နှစ်ယောက်စလုံး အတွက်လည်း မကောင်းပါဘူးကွယ်''
''မဟုတ်ဘူး ကော်ရာ…မဟုတ်ဘူး။ မောင်တို့ရဲ့အချစ်ကို သန့်စင်စေတာပါကွယ်။ ခိုင်မြဲစေတာပါကွယ်''
''မောင် ကျွန်မ ကို တကယ်မချစ်ပါဘူး။  ချစ်လည်း မချစ်တော့ဘူး မဟုတ်လားဟင်''
ကော်ရာ အကြာကြီး ငြိမ်နေသည်။ တဖြည်းဖြည်းနှင့် ဒေးဗစ်အနီးမှ ခွာသွားသည်။ ပြီးမှ  သံမှန်ဖြင့် ပြောသည်။
''စာအုပ်ရေး တာ လက်မတွေ့ဘူးဆိုတဲ့ မောင့်စကားကို ကျွန်မ စဉ်းစားနေတယ်။ ခရီးထွက်ဖို့ မောင့်မှာ စိတ်ကူး များ ရှိမလားလို့လည်း တွေးမိတယ်။ အပြောင်းအလဲကလေး ရရင် ကောင်းမှာပဲနော်''
ဒေးဗစ် အံ့အားကြီး သင့်ကာ ငြိမ်နေ၏။

''စလီဒန်ကို မင်းသိပ်သဘောကျနေပြီလို့ မောင်ထင်နေတာ''
''သြော်… သဘောတော့ သိပ်ကျတာပေါ့ မောင်ရယ်။ ဒါပေမဲ့ ခဏတဖြုတ် အဝေး သွားရရင် တော့ လည်း ကောင်းတာပေါ့''
''ဘယ်များ သွားချင်တာပါလိမ့်ဗျာ''
''ဘယ်ဖြစ်ဖြစ်ပေါ့။ ကျွန်မကို ပြင်သစ်ပြည်ခေါ်မယ်လို့ မောင်ပဲ အမြဲပြောနေတာမဟုတ် လား။ ပြင်သစ်ရွာ ကလေးတစ်ရွာ သွားပြီး မောင် နဲ့ အေးအေးလူလူနေရရင် ကောင်းမှာပဲကွယ်''
ဒေးဗစ်စိတ် တွင် ထတင့်တင့် ဖြစ်သည်ထက် ဖြစ်လာ၏။ သူ့စိတ်ထားကို အတိုင်းသားပေါ် အောင်ေ၀၀ုစ် ကင်းကင်း ရိုးရိုးရှင်းရှင်း ပြောတတ်သည့် ကော်ရာ့အသံက ဒေးဗစ်ကို ရင်နင့် စေ သည်။ ညေးနှင့် ဆုံစည်းလိုက်ခြင်းသည် ကော်ရာလွတ်ရာကျွတ်ရာ လွှင့်ချင်စိတ် ပေါ်လောက်အောင် ထိ ရေးကြီး ခွင်ကျယ် ဖြစ်နေမှန်း ဒေးဗစ် သိလာသည်။

ဒေးဗစ်ဘယ်လို  အဖြေပေးရမည်မသိ။ အတင်မကျ လုပ်ထားရမည်ဆိုသည်ကိုသာ သိသည်။ ကော်ရာကလည်း နားပူ နားဆာ မလုပ်တော့။ ခဏမကြာတွင် ကော်ရာ အိပ်ပျော်သွားသည်။
ဒေးဗစ် သည် ကော်ရာ့အသက်ရှူသံကို မှောင်ထဲတွင် နားစိုက်နေမိ၏။ ကော်ရာ သောကဗျာပါဒ၏ အရင်းခံ အကြောင်းတရားကို ရှာဖွေနေမိ၏။ ထိုအကြောင်းတရားသည် အဆိုးဝါးဆုံးကိစ္စသာ ဖြစ်ပေလိမ့်မည်ဟူသော မှတ်ချက်ဖြင့် သူ့ကိုယ်သူ ညှင်းဆဲနေမိ၏။ သူနှင့်မတွေ့မိက ကော်ရာနှင့် ညေးတို့ သိကျွမ်းခဲ့ကြသည်မှာ မပြေးသော် ကန်ရာရှိ ဖြစ်နေ လေပြီ။ ရိုးရိုးတန်းတန်းမှ ဟုတ်ပါလေစ။ ညေးသည် ကော်ရာ့အလုပ်ရှင်လား။ လုပ်ဖော် ကိုင်ဖက် လား။ ရည်းစားသနာလား။ သူ့ရင်ထဲမှာ နင့်သွားသည်။

ဒေးဗစ်အဖို့ တစ်လောကလုံးတွင် ကော်ရာ လုံးလုံးမသိစေချင်သူ ရှိသည်ဆိုလျှင် ညေးသည် ထိပ်ခေါင်တင် ပင်ဖြစ်သည်။ မြင်မြင်ချင်း ပင် ညေးကို ဒေးဗစ်အလိုလို မျက်မုန်းကျိုးနေခဲ့သည်။ ဥတ္တရအလင်းကို ဖျက်လို ဖျက်ဆီး လုပ်ခြင်းကြောင့်သာမဟုတ်။ လူကိုယ်တိုင်ကိုက အတွင်းသဘော ပုပ်ခြင်းကြေင့်လည်း ဖြစ်သည်။
ဤအကြောင်း ကို စဉ်းစားရင်း ဒေးဗစ် ခေါင်းထဲတွင် ကျပ်ခဲလာသည်။ အတွေးမျှင် ခုနှစ်စဉ်တန်း တိုင်း ဖြစ်ပေါ်လာတတ်သည့် အန္တရာယ်ကို သူသိသည်။ ထို့ကြောင့် ဆေးရုံက သင်ပြထားသည့်အတိုင်း အာရုံဖြတ် ရန် ကြိုးစားသည်။ သမာဓိမရ။ ဒွိဟသံသယ မစ္ဆေယတို့ဖြင့် လက်ပြန်ကြိုးတည်းခံရသလို မလှုပ်မယှက် လဲလျောင်းနေမိလေ ၏။

အဆိုးဆုံးကား မိမိအတွက် ပူပန်စိုးထိတ်မှုဖြင့် အနှောင့်အတည်းခံနေရခြင်းဖြစ်သည်။ ငုပ်ချည်ပေါ်ချည်ဖြစ်နေ ခဲ့သော ထိုပူပန်စိုးထိတ်မှုကြောင့်ပင် စိတ်ဓာတ် ခိုင်ကျည်မြဲမြံစေ ရန်အလို့ငှာ အဗြဟ္မစရိယ ကျင့်စဉ်ကို ကျင့်သုံး သည် အထိ သူအစွန်းရောက်ခဲ့၏။ ထိုသို့ကျင့်ခြင်းဖြင့် တိုတောင်းသော မနော အကြည်ဓာတ် ရရှိချိန်ကလေးများ အတိုင်အဖောက်ပေါ် တတ်သည်။ ယင်းသို့လျှင် သူ့စိတ္တဇချားရဟက်ကား မနားမရပ် လည်ပတ်နေခဲ့လေ သည်သာ။

လွန်ခဲ့သည့် နှစ်နှစ်က ဒေးဗစ်စိတ်ရောဂါစွဲခဲ့သည်။ အလွန်မတန် နွမ်းနယ်ပန်းလျခြင်း၊ ထူးထူးဆန်းဆန်း စိတ်အာရုံ ထုံထိုင်းလေးကန်ခြင်းတို့ဖြင့် ရောဂါအစပျိုးခဲ့သည်။ ကြောက်ပါးလိလိ စိတ်အားငယ်ခြင်း က နောက်ပါးမှ ကပ်ပါလာသည်။ စိတ္တဇအမှောင်တိုက် ထဲတွင် စိုးထိတ်ချောက်ချားမှု၏ သားကောင်ဖြစ် လာသည်။ သူ့ကိုယ်သူ ရူးသွားလိမ့်မည်ဟု အထင်ရောက်သော စိုးထိတ်ချောက် ချားခြင်း။ ကြောက်မက်ဖွယ် ဘေးဆိုးကြီး တစ်ခု သူ့အပေါ်ကျ ရောက်လာလိမ့်မည်ဟူ၍ အထင်ရောက်သော စိုးထိတ်ချောက် ချားခြင်း။
အကြောင်းတရား ကြီးထွားလာသည်နှင့်အမျှ အညှင်းဆဲခံ စိတ္တဇဝေဒနာ ပေါက်ဖွား လာသည်။ ခေါင်းအုံးအောက် တွင် သေနတ်ထားကာ မသိရန်သူကို စောင့်နေမိသည့်အဖြစ်မျိုးအထိ ဆိုက်လာ ခဲ့လေ သည်။
အစောပိုင်း တွင် ဒေါက်တာဘက်က ဒေးဗစ်ကို ကုသပေးခဲ့၏။ နောက်ပိုင်းတွင် စကာဘာရာမြို့ရှိသီးသန့် စိတ္တဇဆေးရုံ တစ်ခုတွင် တက်ရောက်ကုသရသည်။ ဆေးရုံတွင် ဒေးဗစ် အသိတရားလုံးလုံး ကင်းပျောက်ခဲ့ သည်။ ထိုကာလအပိုင်းအခြားကို ဒေးဗစ် အလျဉ်းမမှတ်မိတော့။ တစ်လခွဲကြာမှ အသိတရား ပြန်ဝင်လာသည်။

ထိုဆေးရုံမှ ဆရာဝန် ဒေါက်တာအီဗန်က…..
''ကဲ မောင်ရင် ကျားလက်က လွန်ပြီး ရှင်ကြီးလက်ရောက်ပြီ'' ဟုပျော်ပျော်ပြုံးပြုံးပြော၏။ ဤအခြေအေနေ ထိ ရောက်ပြီးမှတော့ ပို၍ ဆိုးစရာရှိတော့ဟန် မတူ။ ထိုအချိန်တိုင်အောင် ကားသူအိပ်ကောင်းခြင်း မအိပ် ရသေး။ သွေးလေချောက်ချားဆဲ ရှိသေးသည်။ စိတ်အားငယ်ဆဲရှိသေးသည်။ လူ့လောကနှင့် ကင်းကင်း ရှင်းရှင်း ရှောင်ဖယ် ရှိခွာဆဲရှိ သေးသည်။
ဤအခြေအနေ တွင် ဒေါက်တာအီဗန်က ဒေးဗစ်အား သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု ပြန်လည်ရရှိစေရန် ညနေတိုင်း တစ်န်ာရီ အပြင်ထွက်ခွင့် ပေးသည်။ ပင်လယ်ကမ်းခြေတွင် အညောင်းပြေ အညာပြေ လမ်းလျှောက် ရန်၊ လူသူလေးပါးနှင့် ရောနှောဆက်ဆံရန် အကြံပေးသည်။

ဒေးဗစ်က အပြင်အထွက်ချင်။ ဆရာဝန်ကိုလည်း ခင်နေ၊ ထားရာနေစေရာသွား အကျင့်ကလည်း စွဲနေ၍ အပြင်ထွက်သည်။ သို့သော် လူရှုပ်ရှုပ် နေရာသို့မသွား။ တံငါဆိပ် ဟောင်းသို့သွားပြီး ဒီတက်ဒီကျကိုသာ ထိုင်ကြည့်နေ ခဲ့သည်။
တစ်ညနေတွင် သူ့ကို စကားလာပြောသံ ကြားရသည်။ လွန်ခဲ့သည့်သုံးလအတွင်း ရောဂါကုသမှုနှင့် မဆိုင်သော အပြင်လူ ထံမှ ပထမဆုံး ကြားရသည့် စကားသံ။ ဒေးဗစ် ခေါင်းမော့ကြည့်လိုက်သည်။ မိန်းမပျိုတစ်ဦး။ အရပ်မြင့်မြင့်။ အ၀တ်အစား နွမ်းနွမ်း။ မျက်နှာဖြူယော်ယော်။ ပိန်ပိန်ပါးပါး။ သူ့ကို မျက်လုံးဝိုင်းကြီး များဖြင့် ငေးစိုက်ကြည့် နေသည်။ မိန်းမပျို၏ မျက်နှာပေါ်တွင် ကြေကွဲရိပ် ဟပ်နေသည်။ ထိုမျက်နှာရိပ် မျက်နှာကဲ က သူ့အဖြစ် ဆိုးထက် မပိုတောင်မှ သူ့အဖြစ်နှင့် တစ်ချိုးတည်းပါကလား ဟူသော ခံစားမှုကို ဒေးဗစ် စိတ်ထဲ တွင် အလိုလိုပေါ်လာစေသည်။
ဒေးဗစ်က ဘာသိဘာသာ စကားပြန်ပြောသည်။ မိန်းမပျိုက သူ့ဘေးတွင် လာထိုင်သည်။ မိန်းမပျို ရှိနေပါကလား ဟူသော အသိနှင့် မိန်းမပျို၏ ပိန်ချပ်ချပ်လက်မောင်းကလေး၏ အထိအတွေ့ကြောင့် ဒေးဗစ် ကြက်သီး စိမ့်မိသည်။

ဒေးဗစ်က မိန်းမပျိုအကြောင်းကို မမေး။ မိန်းမပျိုကလည်း ခရီးသွားဟန်လွဲ တွေ့ဆုံသူတို့ လုပ်လေ့ လုပ်ထရှိသည့် အတိုင်း အလိုက်ကန်းဆိုးမသိ စပ်စပ်စုစု မလုပ်။ တစ်ယောက် အကြောင်း တစ်ယောက် မေးလားစမ်းလား လုပ်မနေ။ ငရဲဘုံ၏ စင်္ကြံလမ်း၌ ပျောက်ဆုံး နေသော ၀ိညာဉ်နှစ်ခု ကြုံဆုံမိသည့် အလား တစ်ဦးကို တစ်ဦးလက်သင့်ခံလိုက်ကြလေ၏။
သာမန်ကာ လျှံကာ စကားမျိုးမှအပ သူတို့နှစ်ယောက် စကားမပြောသလောက်ပင်။ ပြောသလောက်လည်း စိတ်ချမ်းသာရာ ရသည်။ ဆေးရုံသို့ ပြန်ချိန်ရောက်တော့ ဒေးဗစ် ဆုတ်ဆိုင်းဆိုင်းဖြစ်နေသည်။ အာစေး ထည့်ထားသလို နှုတ်ဆွံ့နေသည်။ ပြီးမှ တစ်ခွန်းစ နှစ်ခွန်းစ ပြောလိုက်မိသည်။ နက်ဖြန်ဤအချိန် ဤနေရာ မှာ တွေ့ကြဦးစို့ရဲ့။

သူတို့တွေ့ဖြစ်ကြပြန်၏။ နောက်ထပ်လည်း ထပ်၍ တွေ့ကြပြန်သေး၏။ မကြာမီ ညနေတိုင်း တွေ့ကြ၏။ မိန်းမပျို နေ့ တစ်ဝက် အလုပ် နားရသည့် ဗုဒ္ဓဟူးနေ့တွင်မူ နေ့လယ်ပိုင်းတွင်ပါ ဆုံကြ၏။
ဒေးဗစ် အမှောင်ခွင်း၍ အလင်းမြင်လာသည်။ လောကကို အသွင်သစ်ဖြင့် မြင်လာသည်။ ဒေးဗစ်၏ အာရုံ ခံစားမှုများ သည် မိန်းမပျို၏ တိုးတိတ် ညင်သာစွာ ထွေးဆုပ်လာသော လက်ကလေးများ၏ ယုယမှုဖြင့် ပြန်လည် ရှင်သန်နိုးထလာသည်။ ကာလအတန်ကြာ ဝေးဝေးလံလံ ကွာကွာ လှမ်းလှမ်း ဖြစ်နေခဲ့သည့် အရာဝတ္ထုများ နီးနီးကပ်ကပ် ပြန်ဖြစ်လာ သည်။ အရောင်အသွေး များ ပြန်ပေါ်လာသည်။ နေရောင်ခြည်ပြောက်၊ မြင်ခင်းပေါ်က နှင်းပေါက်နှင့် နွေလယ်မိုး ဖျောက်ဖျောက်တို့ကို ခံစား လာရသည်။ ဘ၀တစ်ဖန် ပြန်လည် ၀င်စားရသည့် အလား။

ဒေါက်တာအီဗန်က ဒေးဗစ်ကို သေကြောင်းကြံစည်မည်စိုး၍ အစောင့်တစ်ဦးကို ဒေးဗစ် နောက်မှ တစ်ကောက်ကောက် လိုက်ကာ အမြဲနောက်ယောင်ခံခိုင်းထားခဲ့သည်။
ဒေးဗစ် က သူကြောင်စီစီနည်းနှင့် သူကော်ရာအပေါ် မေတ္တာကိုင်းညွန်လာခဲ့သည်။ ကော်ရာနှင့် ပတ်သက်၍ သူစိတ်ကူး မယဉ်။ ချို့ချို့တဲ့တဲ့ လူလားမြောက်လာခဲ့ရရှာသော ကော်ရာ။ သဒ္ဒါမပိုင် စာမနိုင်သော ကော်ရာ။ အိုးတိုး အတ။ ရိုးရိုးနနကော်ရာ။ အသိဥာဏ် နုံနဲ့သော ကော်ရာ။ ထိုကော်ရာကို ပင်ကိုအတိုင်း သူမြင်ထား သည်။ ထိုချို့ငဲ့မှု များတွင် ကောင်းမြတ်သော အရည်အသွေးများ ရှိကြောင်းကိုလည်း သိမြင်ခဲ့ ၍  ကော်ရာ့လောက တွင် ၀င်ဆံ့လှုပ်ရှားနိုင်ခဲ့သည်။ ပူပန်ကြောင့်ကြမှုများကို ဖယ်ရှားနိုင်ခဲ့သည်။ မိန်းမ ပြဿနာ ကိစ္စ စဉ်းစားလိုက်တိုင်း သူ့ရင်ထဲတွင် လှိုင်းထံခဲ့ရသည့် ၀ီစိကိစ္စိများကို ဖျောက်ဖျက်နိုင်ခဲ့သည်။

ကော်ရာသည်  ကြင်နာယုယမှုဖြင့် ဒေးဗစ်၏ ကိုယ်စွမ်းကိုယ်စကို ပြန်လည် ပျိုးထောင်ပေး နိုင်ခဲ့သည်။ အနွံအတာ ခံမှုဖြင့် ဒေးဗစ်စိတ်ထဲတွင် ''ငါ့ကို ကူကယ်မယ့်သူ တစ်ယောက် တော့ ရှိသေးပါကလား'' ဟု အသိပေါ်အောင် ဖန်တီးပေးနိုင်ခဲ့သည်။
ဟက်ဒယ်လ်စတန် သို့ ပြန်ရန် နှစ်ပတ်အလိုတွင် စကာဘာရာမြို့ မှတ်ပုံတင် အရာရှိရုံးတွင် သူတို့ လက်ထပ် လိုက်ကြလေသည်။
မျက်လုံး အကြောင်သားနှင့် အိပ်မပျော်နိုင်သဖြင့် ကော်ရာ၏ လောလောလတ်လတ် ပြဿ အေဖြေကို ဇာတ်ကြောင်း လှန် ရှာနေမိသည်။ ဖြစ်ကြောင်း ကုန်စင်တိျု့သည် သူ့အာရုံထဲတွင် တဖျတ်ဖျတ် ပြန်ပေါ် လာနေကြလေ ၏။ မိုးစင်စင်လင်းလုနီးချိန်အထိ တစ်နာရီထင် ပို၍ မအိပ်လိုက်ရ။ သူနိုးတော့ ကော်ရာ အောက်ထပ်ရောက်နေလေပြီ။
ဒေးဗစ် အောက်ထပ်ဆင်းသွားသည်။ သူတို့အတူ ကော်ဖီသောက်ကြသည်။ ကော်ရာက အပြင်ပန်းက ဟန် မပျက်။ သို့သော် ခါတိုင်းလို နေရိုးနေစဉ် ပုံစံမဟုတ်။ စကားကို ဖျစ်ညှစ်ပြောနေသည်။ မနေ့ညချမ်း က ကော်ရာပြောခဲ့သည့်ကိစ္စ ကို နှစ်ယောက်စလုံး စကားမစပ်ကြတော့။

နံနက်စာ စားပြီးချိန်တွင် ဒေးဗစ် စာရေး၍မရ။ လှိုင်းကာတံတိုင်းဘက်သို့ လမ်းလျှောက် ထွက်ဦးမည် ဟု ပြော သည်။ ကော်ရာ စိတ်ပေါ့ပါးသလို ဖြစ်သွားသည်။ ဒေးဗစ် အတပ်သိ လိုက်သည်။ ကမ်းပါးစောက် လမ်းမြှောင် အတိုင်း လျှောက်လာသည်။ ထိုကိစ္စကို စဉ်းစားလိုက်လေ ကော်ရာက သူ့ကိုအိမ်မှာ မရှိစေချင် တာ သေချာသည် ဟူသောအသိ ကသူ့ကို ဖိစီးလေ ဖြစ်နေလေတော့သည်။
အိမ်ပြန်ပြီး ပြဿနာရှင်းမည် တကဲကဲ လုပ်မိသေးသည်။ မရှင်းနိုင်။ ကော်ရာ စပြောရမည်။ ဖွင့်အံရမည်။ ဘာကြောင့်….. ဘာဖြစ်လို့များ ကော်ရာရေငုံနှုတ်ပိတ်လုပ်နေရတာပါလိမ့်။
ဒေးဗစ် လှိုင်းကာတံတိုင်းအတိုင်း တစ်ပတ်ကြီးလျှောက်သည်။ မပြီးနိုင်၊ မဆုံးနိုင် ဒဏ်ထမ်းနေရသည့် အလား ဖြစ်နေ၏။ အိမ်မှာ ဘာတွေဖြစ်နေပါလိမ့် ဟူသောသိချင်ဇော ဖြင့်ရင်မောနေမိ၏။ ဒရောသောပါး ပြန်ပြေးသည့် အလုပ်မျိုးကို သူမလုပ်ချင်။ ဆိပ်ခံတံတားအဆုံးတွင် ခဏနားသည်။ သတင်းစာ ဆိုင်ရှင် အဘွားကြီး မာသာဒေးနှင့် ထုံစံအတိုင်း စကားစမြည်ပြောသည်။ ခဏကြာမှ ပြန်လာခဲ့သည်။

ကုန်းကလေး ကို တက်လာခဲ့သည်။ အိမ်ရောက်ခါနီးလမ်းချိုးအရောက်တွင် ရှောင်တခင် ပေါ်လာသော ရင်နာမှုဖြင့် ဒေဗစ် တုန့်ခနဲ ရပ်လိုက်သည်။ သူ့သံသယတွေ သွေးထွက်အောင် မှန်နေပါပေါ့လား။

(၅)

ထိုတနလာင်္နေ့နံနက်မှာပင် ညေးသည် နံနက်စာစား၊ ပေးစာများကို ဖတ်ပြီးနောက် ကားတစ်စီးငှားသည်။ နံနက် ၉ နာရီသာသာ တွင် စလီဒန်သို့ ကိုယ်တိုင်ကားမောင်းလာခဲ့ သည်။ ကော်ရာ စဉ်းစားချိန်ရပြီး ပြောရဆိုရ လွယ်စေရန် တမင် တစ်ညစောင့်နေခဲ့ခြင်း ဖြစ်သည်။
တကယ်တော့ အလောဆုံးဆယ်လုပ်ရန်လည်း မလို။ အလွန်အရေးကြီးသော ကိစ္စ တစ်ရပ် ပေါ်လာတော့ မည်ဖြစ်ကြောင်း ရုံးချုပ်ကိုလည်း ဆက်သွယ်အသိပေးပြီးဖြစ်၏။ စမစ်ကိုလည်း သပိတ်ဝင် အိတ်ဝင်သေချာနေပြီ ဖြစ်ကြောင်း ကံသေကံမ ပြောပြီးဆိုပြီးဖြစ်သည်။

သာယာသာ ဆောင်းဦးနေ့တစ်နေ့ပါပေ။ နေေ၇ာင်လာပြီ။ နံနက်စောစော မြူနှင်း တို့လည်း ပြယ်လွင့်ကုန်လေပြီ။ နေလုံးကြီးသည် အယ်လန်ဒန် ကုန်းတန်းတစ်လျှောက် သစ်ပင်အုပ် ကလေး များပေါ်တွင် တငြိမ့်ငြိမ့်လွင့် မျောလျောစီးနေ၏။ သောင်ခုံများပေါ်၌ ကျေးငှက်သာရကာတို့ ၀ဲချည် ပျံချည်နှင့် တကျီကျီ တကျာကျာ အော်မြည်နေကြ၏။
ညေးသည် စလီဒန်ရွာပြင်တွင် ကားရပ်ထားခဲ့သည်။ ရွာထဲသို့ ခြေကျင်လျှောက်လာခဲ့ သည်။ သူ့အမြင်မှာတော့ ရွာသာယာမဟုတ်။ အိမ်စုတ်စုတ် ငါးပုပ်ပုပ် တံငါရွာ ဇနပုဒ်မျှ သာ။ သတင်းစားများ၊ ကိုဒတ်ဓာတ်ပုံဖလင်များနှင့် မုန့်များရောင်း သည့် ဆိုင်ကလး တစ်ခုသာရှိသည်။ ပင်လယ်ပြင်ကျယ် မှတစ်ပါး အခြားကြည့်စရာ ရှုစရာမရှိ။ ဘလက်ပူးလ် လိုပင် ကြည့်စရာ ရှုစရာ များများစားစားမရှိ။ သူမသာကိုယ်မသာ။ ဟုတ်တိ ပတ်တိ မကွာလှ။

အလွယ်နှင့် အိမ်ရှာတွေ့သည်။ အိမ်ကလည်း များများမရှိ။ ပေ့သည်ဝေဿန္တရာ လက်သစ် ပီပီသားတော်မောင် ကို ယခုထက်တော့ ကောင်းကောင်းကန်းကန်း ထားသင့်တာပေါ့ ဟုပင် တွေးလိုက်မိသေး၏။ ညေးသည် အိမ်ကို လှစ်ခနဲ တစ်ချက်ကြည့်လိုက်သည်။ ပန်းခြံလမ်းကလေးအတိုင်းလျှောက်ဝင်ကာ လူခေါ်ခေါင်းလောင်းကို ဆွဲလိုက်သည်။
သူ့ကိုယ်သူ ဇမ္ဗူတလူ ထင်နေသူပီပီ။ လက်ရဲဇက်ရဲ မိုက်ရူးရဲသမားပီပီညေးသည် ဘယ်သူ့မှ လူမထင်။ လွန်ခဲ့ သည့်  ၁၀  နှစ်အတွင်း လိုက်ခဲ့ရသမျှ သတင်းများအနက် သွေးတစ်ချက်တွန့်ခဲ့ရသည့် သတင်းဟူ၍ တစ်ပုဒ် မရှိခဲ့။
လူသံမကြား ၍ ခေါင်းလောင်းထပ်ဆွဲသည်။ ခြေသံကြားရသည်။ တံခါးပွင့်သွားသည်။ သူ့ရှေ့မှောက် မှာ ကော်ရာ။

ညေးက ကော်ရာကို ပြုံးဖြဲဖြဲနှင့် နှုတ်ခွန်းဆက်သည်။
''မစ္စစ်ပေ့လား ခင်ဗျာ။ ကျွန်တော်လီယိုနတ်ညေးပါ။ မော်ကွန်း သတင်းစာကပါ။ အချိန်နည်းနည်းပေးနိုင်မယ်လို့ ထင်ပါတယ် ခင်ဗျာ'' ဟုပြောသည်။
ကော်ရာက ညေးနှင့်တွေ့လိုက်ရသော်လည်း အမူအရာ သိသိသာသာ မပျက်။ သို့သော် ကော်ရာ ထိတ်ထိတ် လန့်လန့် ဖြစ်နေမှန်း ညေးသိသည်။ ညေးပေါ်လာလိမ့်မည်ဟု ကော်ရာမျှော်လင့်ထားပြီးသား။ ရင်ဆိုင်ရန် ရဲဆေး တင်ပြီးသား ဖြစ်မှန်းလည်း ညေးသိသည်။
''ရှင် ဘာသိချင်တာလဲ'' ညေး က စကားပျိုးရန်အသင့်။ အပြုံးမပျက်။

''မစ္စတာဒေးဗစ်ပေ့ စာအုပ်တစ်အုပ်ရေးနေတယ်လို့ သိရပါတယ်။ လူအများ စိတ်ဝင်စားတဲ့ ကိစ္စမို့ လာမေးတာပါ။ သိကောင်း စရာလေးတွေ နည်းနည်းပါးမေးချင်လို့ပါ ခင်ဗျာ''
''ကျွန်မ ယောက်ျား အပြင်သွားနေ၏''
''ဒါဖြင့်လည်း မစ္စပေ့ကပဲ ပြောပြစေချင်ပါတယ် ခင်ဗျာ''
ညေးက မှတ်စုစာအုပ် ကို ဇတ်ခနဲ ဆွဲထုတ်သည်။
''ရေးမယ့်စာအုပ် ရဲ့ နာမည်က ဘာပါလိမ့် ခင်ဗျာ'' ဟုမေးသည်။
''ကျွန်မ ယောကျာ်း ကို မေးပေါ့ရှင်။ ရှင်တို့လို အစားတွေကို ကျွန်မဧည့်ထောက်ခံ ပြောမနေနိုင်ဘူး''
ကောရာ က တံခါးကို ဆောင့်ပိတ်လိုက်သည်။

ညေးက ဒါမျိုး အံတိုနေပြီ။ အငိုက်မိမခံ။ တံခါးကို ခြေကန်ထားပြီး ဖြစ်သည်။ ဘာမှ မဖြစ်သလိုပင် ရွှန်းရွှန်းဝေေ၀  ဆက်ပြောသည်။ ရိသံကလိသံကလေးပင် ပါလိုက်သေး။
''ဒါဖြင့်လည်း မစ္စပေ့အကြောင်းပဲ ပြောပြပါလားခင်ဗျာ။ အိမ်ထောင်ကျတာ မကြာလှသေးဘူး ထင်ပါရဲ့နော်'' ကော်ရာက မဖြေ။
''ခင်ဗျား ရဲ့ အပျိုဘ၀ နာမည်က မစ်ကော်ရာဘိတ်ပါနော်''
ကော်ရာ မျက်နှာဖွေးသွားသည်။
''ရှင် တယ်သိပါလား''
''ဟိုစပ်စပ် ဒီစပ်စပ် သိထားရတာ ကျွန်တော်တို့ အလုပ်ပဲခင်ဗျာ။ လွန်ခဲ့တဲ့ ၃ နှစ်လောက် ကသြဂုတ်လထဲမှာ ခင်ဗျားဘလက်ပူးလ်မြို့မှာ ရှိနေတယ်နော်''
''ရှိတော့ ဘာဖြစ်လဲ။ ရှင်ကျွန်မကို ဒါနဲ့ အကျပ်ကိုင်လို့ လာရမှာလဲ''
''ခင်ဗျား ၀န်ခံတယ်ပေါ့''
''ဘာဝန်ခံ ရမှာလဲ။ ဒါကလိန်ကျတာပဲ။ ကျွန်မ ဘယ်တုန်းကမှ ဘလက်ပူးလ် အနားထောင် မသီဖူးဘူး''
''ဆန်း လိုက်တာ''
ညေးက ခေါင်းရှုပ်သွားဟန်ဖြင့် ခေါင်းယမ်းလိုက်၏။ စိတ်ထဲမှာတော့ ဖိုးကျိုင်းတုတ် ဖြစ်နေ၏။

''ကျွန်တော် ကတော့ ခင်ဗျား အယ်လ်ဟမ်ဘရာ ကပွဲနန်းတော်မှာ လုပ်ဖူးတယ် ထင်တယ်ဆိုတာ ကျမ်းကိုင်ပြော ဆိုရင်တောင် ပြောမိမှာပဲ''
''တစ်ခါ ကရင်ခြောက်ပဲနိနဲ့ ရှင်တို့လူမျိုးတွေ အနိုင်ကျင့်ချင်တိုင်းကျင့်လို့ရတဲ့ ဒုက္ခသည် မကလေးတွေ လိုဟာမျိုး လို့ ကျွန်မကို ရိုးစွပ်ချင်တာလား''
''ဟုတ်တယ်လေ။ ခင်ဗျား အပြောပိုင်သားပဲ''
''ဘလပ်ပူးလ် နန်းတော်ကို ရှင်ဘယ်တုန်းကမှ မရောက်ဖူးဘူး။ တစ်သက်လုံး မရောက်ဖူးဘူး''
''ကျွန်တော် က ကတာခုန်တာ ၀ါသနာမှ မပါတာ။ ခင်ဗျား အဲဒီမှာလုပ်တယ်ဆိုတာ ကြားရုံပဲ ကြားဖူးတာပေါ့''
''ဘယ်သူက ပြောလို့လဲ''
''မိတ်ဆွေ တစ်ယောက်က''
''ရှင်လို ပုလိပ်သတင်းပေးမှာ မိတ်ဆွေဆိုတာ ရှိခဲ့လား''
ညေးက သိဒ္ဓိတင် တင်ခံရသည့်အလား တဟဲဟဲ ရယ်လိုက်သည်။

''ခင်ဗျား ပြောမယ်ဆိုလည်း ပြောစရာပဲ။ ကျွန်တော်က အတော်အောက်တန်းကျတဲ့ ကောင်။ ကျွန်တော့်ကို ဘယ်သူကမှ ချစ်ချင်ခင်ခင် မရှိဘူး။ ကျွန်တော့် မိတ်ဆွေ သတင်း ထောက်ဆို ပိုဆိုးတာပေါ့။ သူ့နာမည်က ဟိုင်းစ် တဲ့။ အဲဒီ နာမည်ကရော ခင်ဗျားအဖို့ ဘာထူးသေးသလဲ''
''ဘာမှ မထူးဘူး။ ကျွန်မနဲ့လည်း ဘာမှမဆိုင်ဘူး''
''ကဲ … ထားလိုက်ပါတော့လေ''
ညေးက အရေးမထားသလို ပြောသည်။

''တရားခွင်မှာ ခင်ဗျားကို စီိရင်ချက်ချတဲ့နေ့က ကျွန်တော် သူနဲ့အတူရှိနေတာတစ်ခုပဲ ပြောစရာရှိတယ်''
ညေးက နောက်ဆုံးကျမှိ အရှိုက်ထိုးလိုက်၏။ ကော်ရာ ငိုင်ကျသွားသည်။ တစ်စွန်းတစ်စသာ သိမည်၊ ဖြစ်ကြောင်း ကုန်စင်မသိနိုင်ဟု ကော်ရာ တစ်ချိန်လုံး ထင်ထားခဲ့သည်။ ယခုတော့ လက်မြှောက် အရှုံးပေးရုံသာ ရှိတော့သည်။ တံခါးတိုင်ကို မှီထားလိုက်ရသည်။ သူ့မျက်နှာက ဆီးရွက်လောကိသာ ရှိတော့သည်။ သူ့မျက်လုံးနက်ကြီး တွေက ဖြူရော်မျက်နှာပေါ်တွင် ပို၍ နက်မှောင်နေသယောင်ယောင်။ ခဏကြာ မှ ကော်ရာက လေသံသဲ့သဲ့ဖြင့်…
''ကျွန်မတို့ကို ဘာဖြစ်လို့ လိုက်နှောင့်ယှက်နေရတာလဲရှင်။ ကျွန်မမှာလည်း ကျွန်မသံယော ဇဉ်နဲ့ကျွန်မ ရှိတာပဲ။ ကျွန်မလည်း တခြားလူတွေလိုပဲ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲ။ ဘာကြောင့်များ တခြားလူတွေရဲ့ဘ၀ကို ၀င်နှောက်ချင်နေရတာလဲ''

''ငါက သတင်းထောက်ကွဲ့ ကလေးမရဲ့''
''သတင်းထောက်ဆိုတာနဲ့ သူများတွေရဲ့ အပြစ်အနာအဆာတွေ၊ ဒုက္ခ သုက္ခတွေ၊ ဝေဒတနာတွေကို အထုပ်ဖြည်ပြနိုင်ခွင့် ရှိရောလား။ လူတွေ ကိုယ်ကျင့်တရား ကောင်းဖို့ဆို တာမျိုးကျရင် ရှင်တို့ မိုးလုံးလေလုံးပြောပြီ။ ရှင်တို့ သတင်းစာဆရာတွေ အကျင့်တန်နေတာ ကျတော့မပြောတော့ဘူးလား''
''ကိုင်း…… ကော်ရာ မင်းကို ဒုက္ခရောက်အောင် ငါဘာမှမလုပ်ရသေးဘူး။ အခုထိတော့ မလုပ်ရသေးဘူးပေါ့ဘေ''
''တစ်သက်နဲ့ တစ်ကိုယ် ကျွန်မ ပထမဆုံး ပျော်ပျော်နေဖူးတာပါရှင်။ ဒီမှာ …လင်နဲ့သားနဲ့''
''အဲဒီလင်တော်မောင် ကံကောင်းတာပေါ့။ ငါတောင်မနာလို ဖြစ်နေပြီ''

ညေးက ကြာကြည့်ကြည့်သည်။ ကော်ရာက အရေးအလုပ်။ အတော်ကြောကြာ စကားမပြော။ ညေးကို စူးစူး စိုက်စိုက်ကြည့်ပြီး ပလုံးပထွေးလေသံဖြင့် မေးလိုက်၏။
''ရှင် ဘာလိုချင်တာလဲ''
ညေးက မတော်တရော် ချော်တွေးလိုက်သေး၏။ ကော်ရာက မက်စရာ။ အိမ်မှာက လူမရှိ။ သို့သော် ခြေချော် လက်ချော် အဖြစ် မခံနိုင်။ သူလာသည့် ကိစ္စက အပျော်ကိစ္စမဟုတ်။ အလုပ် ကိစ္စ။ သေရေးရှင်ရေး ကိစ္စ။
''မင်းယောက္ခမကြီး နဲ့ တို့ကိစ္စမှာ ၀င်ကူစေချင်တာ တစ်ခုပါပဲ။ အချိန်ကျလာရင် အဖြစ်မှန်ကို ၀န်ခံလိုက်ရုံပါပဲ။ ဒါလောက် ဆိုရင် တော်ပါပြီ''
ညေးက ချော့ချော့မော့မော့ ပြောလေသည်။

''ရှင်မို့လို့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းခိုင်းရက်တယ်''
ကော်ရာက ဖြည်းဖြည်းလေးလေးကြီး ပြောလိုက်၏။
''ဒီမှာ ကော်ရာ ရေးကြီးခွင်ကျယ် ကိစ္စမဟုတ်ပါဘူး။ တို့နှစ်ယောက်ခေါင်းအေးအေး ထားပြီးလုပ်သွားရင် ဘယ်သူ မှ နစ်နစ်နာနာ မဖြစ်နိုင်ပါဘူးကွယ်''
''အင်း….ရှင် တယ်လျင်တယ်နော်။ တော်တော်ကို လျင်တယ်''
ကော်ရာ က နားလည်ရခက်သော လေသံဖြင့် ပြောသည်။

အတန်ကြာ ငြိမ်နေသည်။ ကော်ရာက မျက်လွှာချကာ ကျောခိုင်းလိုက်သည်။ တံခါးကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ ညေးက ဟန့်ကဟန့်လားတားလား မလုပ်တော့။ တံခါးကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ ခဏစောင့်နေသေးသည်။ ကော်ရာ တံခါးပြန်မဖွင့်တော့။ ညေးသည် မှတ်စုစာအုပ်ကို အိတ်ထဲ ထည့်သည်။ ခြံဝင်းအပြင်သို့ ထွက်လာခဲ့သည်။
ခြံပြင် ထွက်လာရုံ ရှိသေး။ ဒေးဗစ်ပေ့နှင့် ရင်ဆိုင်တိုးသည်။  ဒေးဗစ်က နောက်သို့ တစ်လှမ်း ဆုတ်၊ မေးကိုပင့်ပြီး ညေးကို စိုက်ကြည့်နေသေည်။

ဆက်ရန်
.

No comments: