Saturday, July 14, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၁၇)

အတန်ကြာ ငြိမ်နေသည်။ ကော်ရာက မျက်လွှာချကာ ကျောခိုင်းလိုက်သည်။ တံခါးကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ ညေးက ဟန့်ကဟန့်လားတားလား မလုပ်တော့။ တံခါးကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ ခဏစောင့်နေသေးသည်။ ကော်ရာ တံခါးပြန်မဖွင့်တော့။ ညေးသည် မှတ်စုစာအုပ်ကို အိတ်ထဲ ထည့်သည်။ ခြံဝင်းအပြင်သို့ ထွက်လာခဲ့သည်။
ခြံပြင် ထွက်လာရုံ ရှိသေး။ ဒေးဗစ်ပေ့နှင့် ရင်ဆိုင်တိုးသည်။  ဒေးဗစ်က နောက်သို့ တစ်လှမ်း ဆုတ်၊ မေးကိုပင့်ပြီး ညေးကို စိုက်ကြည့်နေသေည်။
ကို ဆက်ဖတ်ရန်.........

''ခင်ဗျား ဒီမှာ ဘာလာလုပ်နေတာလဲ''
ခဏကြာမှ ဒေးဗစ်စကား ပြော၍ ထွက်တော့သည်။
ညေးက အေးအေးဆေးဆေးပင်။
''လမ်းလျှောက်တာပေါဗျာ'' ဟုဖြေသည်။
''ကျုပ်အိမ်ထဲ ဘာဖြစ်လို့ ၀င်တာလဲ''
''၀င်လို့ရရင် ၀င်တောင် ၀င်လိုက်ချင်သေးရဲ့ဗျာ။ အပြင်မှာပဲ လျှောက်နေတာပါဗျာ။ ထားပါတော့လေ။ ဆရာဝန် က ပင်လယ်လေရှူရမယ်ဆိုလို့ လာခဲ့တာပါဗျာ''
ဒေးဗစ်က ပါးတဆတ်ဆတ်ရွဲ့ကာ ''ခင်ဗျား ဘာလာလုပ်လုပ် ကျုပ်နဲ့ မ ဆိုင်ဘူး။ ဒါပေမဲ့ ဒီနားမှာ တရစ်သီသီ လုပ်နေ တာတော့ ကျုပ် မမြင်ချင်ဘူး'' ဟု ပြောသည်။

'''လွတ်လပ်တဲ့ နိုင်ငံပါဗျ'
''ကျုပ် မိန်းမကိုတော့ လွတ်လွတ်လပ်လပ် လာရှုပ်လို့ မရဘူးဗျ''
''ဘယ်သူက ဘာလာရှုပ်နေလို့လဲ''
''မနေ့က ဂီတပွဲမှာ ခင်ဗျားပဲ ရှုပ်နေတာ မဟုတ်ဘူးလား''
''သေဟဲ့ နန္ဒိယ စကားတောင် မပြောဖူးပေါင်ဗျာ''
''ခင်ဗျား နဲ့ စကားနိုင်လုနေတာ မဟုတ်ပါဘူး ခင်ဗျာ''
ဒေးဗစ် အသံက အော်ကြီးဟစ်ကျယ် ဖြစ်လာသည်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန် လာ သည်။

''ကျုပ်မိန်းမကို လာရှုပ်ရင် ကျုပ်.... ကျုပ် ခင်ဗျားကို သတ်မယ်''
''ကိုယ့်လူ အသစ်မခံရအောင်ပဲ သတိထားပါဦးလေ''
ညေးက က ပြောပြောဆိုဆို ရှောင်ထွက်သွားသည်။ ဆက်ပြောနေ၍လည်း မဖြစ်။ ကိုယ် ကလည်း ကိုယ်ခံပညာ ဟုတ်တိပတ်တိ တတ်ထားသူမဟုတ်။ အရူကလေးကလည်း စိတ် ထလာလျှင် အန္တရာယ်ဖြစ်နိုင် သည်ဟု တွေးလိုက်မိလေသည်။
ဖုံတထောင်းထောင်းနှင့် ကမ်းပါးစောင်းလမ်းအတိုင်း ညေး ဆင်းသွားသည်။ ဒေးဗစ်က မလှုပ် မယှက် စောင့်ကြည့်ရင်း ရင်တဒိန်းဒိန်း ခုန်နေလေသည်။ ဒေးဗစ်သည် ညေးနှင့် ဆိုင်းမဆင့် ဗုံမဆင့်တွေ့ လိုက်ရခြင်းကြောင့် မင်သက်မိသလို ဖြစ်နေသည်။ သူ့အိမ်ထဲသို့ ညေး ရောက်မည် မုချ။ ကော်ရာကလည်း ညေး လာလိမ့်မည် ဟု မျှော်နေခဲ့သည်အမှန်။ ဒါ ထက်ပို၍ ပိုမတွေးနိုင်။ သူ့ရင်ထဲမျာ ဗလောင်ဆူနေ၏။

သူတစ်ပါး၏ စိတ်လိုက်မာန်ပါ စော်ကားမော်ကားလုပ်ခြင်းကို ခံရပါလျက် မကိုးမကား ပျက် ပျက်ချော်ချော် ပြောဆိုခြင်းကို ခံရပါလျက် ကျောင်းမှန်းကန်မှန်း သိအောင် မလုပ်နိုင်ခဲ့ သည့် သူ့အဖြစ် ကို တွေးမိပြီး နာကျည်းချက်ကြီးလာသည်။ ဒေါသချောင်းချောင်း ထွက် လာသည်။
သို့သော် အုံ့ပုန်းကိစ္စ တစ်စွန်းတစ်စကတော့ ဘွားဘွားပေါ်လာပြီဟု နားလည်လိုက်၏။ ကော်ရာနှင့် ညေး ယခင် က သိခဲ့ကြဖူးသည်။ လက်ပွန်းတတီး သိခဲ့ခြင်းမျိုး ဖြစ်မည်။  သူတို့ချင်း မသိဘူးကြလျှင် ကော်ရာက ဘာကြောင့် ဂနာမငြိမ် ဖြစ်ရမှာလဲ။ ညေးက ဘာကြောင့် သူ့ကို ပိုင်စိုးပိုင်နင်း ပြောရမှာလဲ။

ဒိန်းတလိန်းနတ်ဖမ်းပြီး ဒေးဗစ် တစ်ကိုယ်လုံး တောင့်တောင့်ကြီးဖြစ်နေသည်။ ဘာကြောင့် ကော်ရာ သူ့ကို တိုင်ပင်ဖော် မရ ဖြစ်နေရတာလဲ။ ကော်ရာ ရေငုံနှုတ်ပိတ်လုပ်နေခြင်းမှာ သူ့ ကို အချောက်အချားစေ ဆုံး။ တော်ရုံတန်ရုံ ယောက်ျားဆိုလျှင် မေးလားစမ်းလား လုပ်မိ လိမ့်မည်အမှန်။ သူကတော့ သာမန်လူစား မျိုး မဟုတ်။ ကော်ရာက ဖွင့်ပြောချင်ပုံမရ။ သူက ဖွင့်ပြောအောင် အတင်းအကျပ်မခိုင်းချင်။ ညေးနှင့် သူတွေ့ခဲ့ပုံကို အရိပ်အယောင် မပြ။ ကော်ရာ စိတ်လိုလက်ရ ဖွင့်ဟ မပြောမချင်း သူလည်း ကော်ရာကို တုပြီး ဟန်လုပ်နေလိုက် မည်။
ဤစိတ်ကူးဖြင့် ဒေးဗစ် အိမ်ထဲသို့ တစ်လှမ်းချင်း ဝင်လာခဲ့လေ၏။

ကော်ရာ သည် ပြတင်းပေါက်အနီးတွင် ထိုင်ကာ ပန်းခြံကိုကျော်ပြီး အဝေးသို့ ငေးနေသည်။ ဒေးဗစ် ဝင်လာ လာချင်း ကော်ရာမမြင်သေး။ ပြီးမှ အသက်ရှူဖို့ သတိရသလို လှုပ်လှုပ် ရှား ရှား ဖြစ်လာ၏။ နေရာမှ ထလိုက်၏။
''လမ်းလျှောက်လို့ ကောင်းရဲ့လား။ အလုပ်တ်းလုပ်တော့မှာလားဟင်''
ကော်ရာ အလင်းရောင်ကို ကျောခိုင်းထားသည်။ သို့သော် ကော်ရာမျက်လုံးတွေ မို့နေမှန်း သတိပြုမိလိုက်သည်။
''လုပ်တော့မယ် စိတ်ကူးတာပဲ''
ငြိမ် သွားသည်။ ကော်ရာက မထုံတက်ထေး ဖြစ်နေခြင်းကို အာပတ်ဖြေသည့်အလား....
''ကျွန်မလည်း တစ်မနက်ခင်းလုံး ဘာမှမလုပ်သေးဘူး''ဟု ပြောသည်။

''ပန်းခြံထဲတောင်မှ မဆင်းဖြစ်ဘူးလားကွယ်''
''မဆင်းဖြစ်ပါဘူး။ ခဏတဖြုတ်ပါပဲ''
ငြိမ်နေပြန်သည်။ ကော်ရာက ဒေးဗစ်ကို မျက်နှာချင်းမဆိုင်။
''နေ့လယ်စာ အတွက်တောင် ဘာမှ မလုပ်ရသေးဘူး။ဆိုင်ဘက်ခဏ ပြေးလိုက်ဦးမှပဲ''
''ဝယ်စရာ ရှိနေလို့လား''
''အင်း...''
''မောင် သွားဝယ်ပေးမယ်လေ''
''နေပါစေ ... ကျွန်မလည်း လေစိမ်းကလေး ရှူလိုက်ချင်းသေးတယ်။ တအောင့်လောက် ကြာမှပါ''
ကော်ရာ ပိုက်ဆံအိတ်ယူသွားသည်။ ဒေးဗစ် သတိထားမိလိုက်သည်။ ဆိုင်တွင် လပေးယူ နေကျဖြစ်သည်။ တယ်လီဖုန်း ဆက်ရန် ပိုက်ဆံအိတ် ယူသွားမှန်း ဒေးဗစ် သိလိုက်သည်။ ကော်ရာ မျက်နှာပြောင် တိုက်လွန်း ပုံ၊ ပြောင်လိမ်ရဲပုံကို ဒေးဗစ် စိတ်မချမ်းမသာ ဖြစ်နေမိ ၏။

ဒေးဗစ်သည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ကော်ရာကို သူ ဘယ် လောက် အားကိုးအားထားပြုနေရကြောင်း လပေါင်းများစွာ အတွင်း ပထမဆုံးအကြိမ် အဖြစ် သဘောပေါက်လာသည်။ သမားဂုဏ် ပြလိုက်၊ ပေယျာလကန်လုပ်လိုက်နှင့် ကော်ရာကို အပိုင်ထွက်ထားခဲ့သည်။ ယခု ကော်ရာကို လက်လွှတ် ရမလိုဖြစ်လာတော့မှာ တမ်းတမ်းစွဲ ဖြစ်လာသည်။
ကော်ရာကို သူသာ... သူသာပိုင်သည်။ ကြားလူ အရှုပ်မခံနိုင်။ သို့သော်ကော်ရာ့အတွက်ရော သူ့အတွက်ပါငဲ့ပြီး သူ့စိတ်ငြိမ်ငြိမ်ထားရမည်။ ဒေါက်တာ အီဗန်ကလည်း စိတ်ကယောက်ကယက် မဖြစ်အောင်၊ စိတ်မဆင်းရဲအောင် အမြဲသတိထားခိုင်းသည်။ ညေးအပေါ်တော့ အမျက်မထွက်ဘဲ မနေနိုင်။

ခေါင်းထဲ သွေးတဒိန်းဒိန်း တိုးလာသည်။ မူးဝေေ၀ဖြစ်လာသည်။ မျက်စိမှိတ်ထားရသည်။  မလဲအောင် စားပွဲကို ကိုင်ထား လိုက်ရ၏။ စိတ်ငြိမ်စေရန် အိမ်ပေါ်ထပ်တက်ပြီး ဓါတ်စက်ဖွင့်နေလိုက်သည်။ ချက်ချင်းပင် ဓါတ်စက် ပိတ်ပစ်လိုက်ပြန်သည်။ သူ့အကြိုက်တေးဂီတနှင့်လည်း ဖြေသိမ့်ရာမရှိ။ ပို၍သာ ဆောက်လိုက်ပြန်သည်။ သူ့အကြိုက်တေးဂီတနှင့်လည်း ဖြေသိမ့်ရာမရ။ ပို၍သာ ဆောက်တည်ရာမရ ဖြစ်လာရသည်။ စားပွဲပေါ်က စာမူ ကိုလည်း မတို့မထိနိုင်။ သူအမျှော်လင့်ကြီး မျှော်လင့်ထားသည့် စာအုပ်မှာလည်း ရေးကြီးခွင်ကျယ် မဟုတ်တော့။

ကော်ရာ ပြန်အလာကို သူထိုင်စောင့်နေသည်။ အတော်ကြီးမှ အိမ်ရှေ့တံခါးမကြီး ပွင့်လာသည်။ ခြေသံကို ကြားရသည်။ ကော်ရာ မီးဖိုချောင်ထဲဝင်သွားသည်။ နေ့လယ်စာအတွက် ပြင်ဆင်နေသံကို ကြားရသည်။ ခါတိုင်းဆိုလျှင် နေ့လယ် ၁၂နာရီ ခွဲတိတိတွင် နေ့လယ်စာစားရန် ခေါင်းလောင်းထိုးခေါ်မြဲ။ ယနေ့တော့ မွန်းလွှဲ ၁ နာရီကျော်သည်အထိ ခေါင်းလောင်းထိုးသံ မကြားရသေး။
အောက်ထပ်ဆင်းလာသောအခါ ကော်ရာ လန်းလန်းဆန်းဆန်းဖြစ်နေသည်။ ကော်ရာ့ မျက်လုံးမို့မနေတော့။ မျက်နှာကတော့ ပိုပြီးဖြူရော်ရော် ဖြစ်လာသည်။ ကော်ရာ နေကောင်းပုံမရ။ သို့သော် ရွှင်ရွှင်ပျပျလေသံ၊ ဖျောင်းဖျောင်းဖျဖျလေသံပေါက်အောင် တမင်ဇွတ်လုပ်နေသည်။ ကော်ရာပင်ကို စရိုက်နှင့် တခြားစီ ဖြစ်နေသည်။ ပထမတော့ ကော်ရာ ရောက်တတ်ရာရာ ပြောနေသေးသည်။ ပြီးမှ ညက စကား ကို ပြန်ကောက်သည်။

'' ကျွန်မတို့ တစ်နေရာရာ သွားရအောင် ပြောတာကို မောင်ကတော့ နားပူနားဆာ လုပ်တယ်ထင်မှာပဲ။''
ဒေးဗစ်ကလည်း ဟန်မပျက်ပင် '' မထင်ပါဘူးကွယ် ။ အပြောင်းအလဲဆိုတာက လိုချင်တတ်တာမျိုး ပဲတာဟာ''ဟုဖြေသည်။
''စာအုပ်က ဘာအရေးလဲကွယ်။ မင်းတကယ် ပြောင်းချင်ရင် ရွှေ့ဟယ်သွားကြတာပေါ့။
တကယ်ပြောတာလားဟင်''
ဒေးဗစ် အဖြေ မပေးနိုင်မီမှာပင် ကော်ရာ အူယားဖားရား ဆက်ပြောသည်။

''ကယ်လီဖိုးနီးယားသွားပြီး လိမ္မော်ခြံလုပ်တဲ့ လူတစ်ယောက်အကြောင်းတောင် တစ်နေ့က မဂ္ဂဇင်းထဲမှာ ဖတ်လိုက် မိသေးတယ်။ ရာသီဥတုကတော့ တကယ်ကောင်းတာပဲတဲ့။ နွေးနွေးထွေးထွေးနဲ့ နေလည်း သိပ်သာယာတာ ပဲတဲ့ငွေလည်း သဲ့ယူသလိုရတာပဲတဲ့။ ကျွန်မတို့လည်း အဲဒီလိုရင်ရရင် မကောင်းဘူးလား ဟင်.... ဒေးဗစ်''
''မောင်က လိမ္မော်သီးမှ မစိုက်တတ်တာ''
''လေ့လာ ရမှာပေါ့ မောင်ရဲ့။ ကျွန်မလည်း အလုပ်ကြုံးလုပ်မှာပါ။
မောင့်ရောဂါ အတွက်လည်း စလီဒန်မှာ နေတာထက် ပိုကောင်းမှာပါ''
အဖြစ် ကတော့ သနားစရာ မကောင်းလျှင် ရယ်စရာလိုပင် ဖြစ်နေတော့၏။ ဒေးဗစ်သည် စိတ်ပင်ပန်း ကိုယ်နွမ်းဖြစ်လာသည်။ သို့သော် အခြေအနေကို ထိန်းရန်ကြိုးစားသည်။

''မောင်ထင်တာက မင်းပြင်သစ်ပြည်ကို သွားချင်တယ်ဆိုလားလို့''
အဲဒါကတော့ လည်ရုံပတ်ရုံလောက် ပြောတာပါ မောင်ရဲ့။
''အခုပြောတာကတော့ အပြီးအပိုင် ပြောင်းမှာပြောနေတာလား''
ကော်ရာ ခေါင်းညိတ်၏။ စကားပြောမည်လုပ်ပြီးမှ နှုတ်ဆွံ့သွား၏။ တစ်ချိန်လုံး ဟန်မပျက် ထိန်းပြီး နေ့လယ်စာကို ဇွတ်မှိတ်စားနေခဲ့သည်။ ယခုတော့ အော်ဂလီဆန် လာသည်။ ချောင်းဆိုး လာသည်။ ရေတစ်ခွက် ယူသောက်ပြီး ချုံးပွဲချငိုလိုက်သည်။

ဒေးဗစ် စိတ်မတင်းနိုင်တော့။ မေးလားစမ်းလား လုပ်မနေသင့်မှန်း သိသည်။ သို့သော် စိတ်မထိန်းနိုင်တော့။
''ဘုရားရေ.... ဘာများဖြစ်လို့လဲ ကော်ရာရယ်။''
သူထင်ထား သည့် အတိုင်းပင် ကော်ရာက ရင်မဖွင့်။
''ဟင့်အင်း....ဘာမှ မဖြစ်ပါဘူး။
''အကြောင်းရှိမှာပေါ့ကွယ်။မင်းဒီလောက်တောင်မှ
ကယောက်ကယက်ဖြစ်နေတဲ့ဟာကို ''
''ဟင်းအင်း...ဟင့်အင်း.... မရှိပါဘူး။ ဘာလုပ်လုပ် အပေါက်အလမ်း မတည့်တာ ချည်း ဖြစ်နေ လို့ပါမောင်ရယ်။ ကော်ရာ အငိုတိတ်သွားသည်။
ဒေးဗစ် က ကော်ရာ့ကို မျက်နှာထားတင်းတင်းကြည့်သည်။

'' မဟုတ်သေးပါဘူး။ မင်းကို တစ်ယောက်ယောက် နှောင့်ယှက်နေတယ် မဟုတ်လား။ ဟို... ညေး ဆို တဲ့ကောင်''
''မဟုတ်ပါဘူး။ ဘာမှ မလုပ်ပါဘူး။ သူ့ကိုလည်း ကျွန်မ မသိပါဘူး။ ဘယ်တုန်းကမှလည်း မသိဘူး။ ဘာမှလည်း မဆိုင်ဘူး'' ''ဒါဖြင့် သူက ဒီမနက် ဒီကို ဘာလာလုပ်ရတာလဲ'' ''မောင်ရေးနေတဲ့စာအုပ်အကြောင်း လာမေးတာပါ'' ကော်ရာက သွေးရူးသွေးတန်း ဖြစ်လုမတတ် အသံဖြင့် ပြောသည်။

''ကျွန်မ ကျိန်ပြောဝံ့ပါတယ် ဒေးဗစ်ရယ်။ မှန်တဲ့အတိုင်းပြောတာပါ။ ဒီနေ့မနက်အထိ ကျွန်မ သူ့ကို တစ်သက်နဲ့ တစ်ကိုယ် စကား တစ်ခွန်း မပြောခဲ့ပါဘူးရှင်''
ဒေးဗစ်ကိုယ်တိုင် လည်း သွေးရူးသွေးတန်း ဖြစ်လာသည်။ စကားပြော၍ မထွက်သလောက် နီးနီး ဖြစ်လာသည်။
''မင်းကိုသာ ဒုက္ခပေး ရင်တော့လားကွာ။ အကြောင်းသိစေ့မယ်။ တစ်နည်းနည်းနဲ့တော့ သွားရှင်းရမှာပဲ''
''မလုပ်ပါနဲ့ ... မလုပ်ပါနဲ့။ သွားရှင်းနေစရာ မလိုပါဘူး။ သူနဲ့လည်း ကျွန်မတို့ ထပ်တွေ့တော့ မှာမှ မဟုတ်တော့တာ မောင်ရယ်'' ''တစ်ခုခုတော့ လုပ်ရဦးမှာပေါ့ကွာ''
ကော်ရာက ဒေးဗစ် လက်ကိုဆွဲပြီး ဆုပ်ညှစ်ထားလိုက်သည်။ ကော်ရာ့ တစ်ကိုယ်လုံး တဆတ် ဆတ်တုန်နေ သည်။ ဒေးဗစ်ကိုယ်တိုင်လည်း သတိလက်လွှတ်ဖြစ်လုမတတ် ရှိနေသည်။

''ဒေးဗစ်ရယ် ကျွန်မ အနားမှာသာ နေပါနော်။ ကျွန်မတို့နှစ်ယောက်ကို ဘယ်သူမှခွဲလို့ မရပါ ဘူး။ ဒီကိစ္စကလည်း မခွဲနိုင်ပါဘူး။ မောင် သိလာမှာပါ .... မောင်သိလာမှာပါ.... ''
ထိုအချိန် တွင် ညေးတစ်ယောက် ဟက်ဒယ်လ်စတန်မြို့ ဘက်သို့ပြန်သွားနေသည်။ သူ့အကြံ အစည်ကို လိုတိုး ပိုလျှော့လုပ်ရန် အပြန်ပြန် အလှန်လှန် စဉ်းစားရသေးသည်။ လေကလေးက တဖြူးဖြူှးနှင့် ဥာဏ်နီးဥာဏ်နက် ထုတ်လို့ကောင်း လှသည်။ ထို့ကြောင့် ကားကို ဖြည်းဖြည်း မောင်းလာခဲ့သည်။
ကော်ရာ ကို သူသွားတွေ့လိုက်ရ၍ ကော်ရာတစ်ယောက် ကံဆိုးမိုးမှောင်ကျရရှာစေကာမူ သူ့အဖို့ ကတော့ နေသာသပ လေညာကပင်။ သတင်းစာလုပ်ငန်း၏ နဖူးတွေ့ ဒူးတွေ့သဘော ကို သူနောကျေနေ သည်မှာ ကြာတောင်းကြာလှပြီ။ နေ့တိုင်းပဲ ကိုယ့်မျက်နှာကိုယ် အိုးမဲသုတ်ရ သုတ်ရ တစ်စက်ကလေးမျှ စိတ်မသိုး မသန့် မဖြစ်တော့။

အပြန်ခရီးသည် တစ်နာရီနီးပါးကြာသည်။ နံနက် ၁၁ နာရီခွဲ တွင် ညေးကားကို ပြန်အပ် ခဲ့ပြီး ခြင်္သေ့နီ ဟိုတယ် သို့ ပြန်လာသည်။ လူရှင်းနေသော ဧည့်ခန်းထဲတွင် စမစ် ကို တွေ့ရသည်။ ခါတိုင်း ထိုင်နေကျ ပြတင်းပေါက် အနီးတွင် ထိုင်မနေ။ လူးလားခေါက်ပြန် လျှောက်နေသည်။
ညေး သည် သူ့ကိုယ်သူလည်း အကျေနပ်ကြီး ကျေနပ်နေသည်။ အစီအမံများကိုလည်း အားအရ ကြီး အားရနေ သည်။ သို့သော် ညေး က သူ့စိတ်ခံစားမှုကို ထုတ်ပြသည့် အကျင့်ရှိသူ မဟုတ်။ ထို့ကြောင့် ....
''ဟုတ်နေ သဗျို့။ ကျွန်တော် ပြောထားတဲ့ အတိုင်းပဲ။ ဒီငနဲမပဲ'' ဟုသာမန်မျှသာ ပြောသည်။ ''ဟုတ်လား ... ဟုတ်လား''
စမစ် က ပြောသည်။ ညေး၏ မျက်လုံးများ ကိုစိုက်ကြည့်နေသည်။

''ဘာစိတ်ညစ်စရာ ပေါ်နေရပြန်တာလဲဗျာ။ ကော်ရာက ကျွန်တော်တို့ရှာနေတဲ့ ငနဲမ ပါလို့ ပြောနေမှပဲဟာ''
''ကျွန်တော် သိပါတယ်။ ကော်ရာ ကျွန်တော့်ကို တယ်လီဖုန်းဆက်တာ ၅ မိနစ်လောက်ပဲ ရှိသေးတယ်''
ညေး ထိုင်ချလိုက်သည်။ စမစ်ကို ကြည့်နေသည်။ ကော်ရာ ဘာကြောင့်များ တယ်လီဖုန်း ဆက်ရတာပါလိမ့်။ စမစ် အငြိမ် ရပ်မနေနိုင်။ ဂနာမငြိမ် ဖြစ်နေသည်။ အင်္ကျီဘေးအိတ်ထဲ လက်နှိုက်ပြီး လမ်းသာ အတွင်လျှောက်နေ သည်။
''သူ့ယောကျာ်း ကို ဈေးဝယ်ဦးမယ် ပြောလာပြီး တယ်လီဖုန်းထွက်ဆက်တာတဲ့။ ဘာတွေပြော နေမှန်းတောင် မသိ ပါဘူး။ သိပ်ချောက်ချားနေပုံပါပဲ။ ခင်ဗျားသိပ်လှန့်လိုက်တယ်နဲ့ တူတယ်''
''သိုးငယ် ကလေးတမျှကို သိမ်မွေ့ပါတယ် စမစ်ရယ်''
စမစ်က ခေါင်းကို တယမ်းယမ်းခါလိုက်သည်။

''တကယ် ညစ်ပတ်စုတ်ပဲ့တဲ့ အလုပ်ပဲဗျာ။ ကျွန်တော် ရှင်းရှင်းပြောမယ်။ ဒီကိစ္စမှာ ကျွန်တော် ၀င်မပါချင်ဘူး'' ဟုပြောသည်။
''ခင်ဗျားက ဘာကြောင်ရပြန်တာလဲဗျာ။ ကျွန်တော် ဖြစ်ချင်တဲ့အတိုင်းဖြစ်လာပြီပဲဟာ''
''ဟင့်အင်းဗျာ။ ကျွန်တော်တော့ မလုပ်နိုင်ဘူး။ ကျွန်တော်က လိပ်ပြာသန့်ချင်တဲ့ကောင်။ ကိုယ်ကျင့်တရားရှိရှိ အမြဲနေခဲ့တဲ့ ကောင်ဗျ''
''ဇာတ်ထဲ က အပြောမျိုးတွေ လုပ်မနေစမ်းပါနဲ့ဗျ။ ကျွန်တော်တို့က ဆန်ပေးဆေးယူလုပ်မှာပါ ဗျ။ ပေ့ကို အကျပ်ကိုင်မှာမှ မဟုတ်တာ။ သူကြိုက်တဲ့လမ်းရွေးပေါ့။ ဘာပဲဖြစ်ဖြစ် ဘယ်သူ သိတာလိုက်လို့''
''ကျွန်တော် မလုပ်ဘူးလို့ပဲ ပြောပြီးမှပဲဗျာ''
စမစ် ဤမျှလောက် သွေးပျက်နေသည်ကို ညေး တစ်ခါမှ မမြင်ခဲ့စဖူး။ အတန်ကြာကပင် စမစ် ကြောင်စပြု လာမှန်း ညေးသိနေခဲ့၏။ ယခုတော့ သတ္တိတစ်စက်မှ မရှိတော့။ စမစ်လို လူကြောင် မျိုး ကြောက်ဒူးတုန်ပြီဆိုတော့လည်း ကမ်းကုန်အောင်ပါပဲလားဟု ညေးတွေးလိုက် မိ၏။ သို့သော် သူ့ကို ဘယ်လို ကိုင်ရမှန်း ညေးသိသည်။

''ကောင်းပေ့ဗျာ။ ကော်ရာက ဘေးမဲ့ ပေးဖို့ ခင်ဗျားကို ပြောတယ်။ ကိုင်းဒီလိုဆို ကျွန်တော်တို့ လည်း ကရုဏာတော်ရှင် ယေရှုသခင်တွေလုပ်ပြီး သူ့ကိုဘေးမဲ့ပေးလိုက်ကြစို့ရဲ့။ ထာဝရ ဘုရား တပည့်တော်အား သနားစောင့်ရှောက်တော် မူပါ။ အာမင်'' စမစ်က မအော်ရုံတမည် အသံဖြင့် ပြောသည်။
''ဘုရားကို ဆွဲမထည့်ပါနဲ့ဗျ။ ကျုပ်မကြိုက်ဘူး။ ခင်ဗျားဟာ ဘုရားမှန်း တရားမှန်း မသိတဲ့ ဒိဠိကောင်ပဲ ညေးရဲ့'' ညေးသည် အမှတ်မထားသလို ချိုချိုသာသာပင် ဆက်ပြောနေ၏။
''ဒီလိုဆို ကျွန်တော်တို့ အိပ်ရာလိပ်ပြီး ပြန်ကြရုံ ရှိတော့်တာပေါ့။ ကျွန်တော်ထွက်မယ်။ ခင်ဗျား ပြုတ်မယ်။ ခင်ဗျား က ကန်ထုတ်ခံရမှာ။ တစ်သက်လုံး သွားရော။ ဒီလောက် ၀က်ဝက် ကွဲရှုံးမှတော့ ခင်ဗျားလည်း တခြား ဘာအလုပ်မှ ရနိုင်တော့မှာ မဟုတ်တော့ဘူး။ ဘယ်တော့ မှလည်း ရမှာ မဟုတ်တော့ဘူး။ သတင်းစာ လောကမှာ ခင်ဗျားနာမည် အဖတ်ဆည်လို့ ရတော့မှာ မဟုတ်တော့ဘူး။ ကိစ္စုတုံး စုန်းစုန်းမြူ့ပ်ပဲ''

စမစ် လမ်းလျှောက်ရပ်လိုက်သည်။ ကုလားထိုင်စွန်းတွင် ထိုင်ချလိုက်သည်။ ကိုယ်ကိုရှေ့သို့ ငိုက်ပြီး လက်သည်း ကိုက်နေသည်။ ညေးကို မကြည့်။ အကျီင်္ကော်လံက ပြုတ်ထွက်နေသည်။ ခဏကြာမှ....
''ဂရီလီ ကလည်း ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ လက်သင့်ခံမှာမဟုတ်ဘူး။ ဥပဒေကို အသေ ဖက်တဲ့လူစားဗျ'' ဟုပြောသည်။
''ကျွန်တော် တို့လည်း အဲဒီအတိုင်းပေါ့။ ဘယ်ခြေလှမ်း အမှားခံမလဲဗျ။ ဘာပဲဖြစ်ဖြစ်လေ။ ဂရီလီလည်း မရှိပါဘူး ဗျာ။ ခွင့်ပြန်လာတဲ့အချိန်ကျတော့ ဒီကိစ္စလည်း ချည်ပြီးတုပ်ပြီး ဖြစ်နေ တော့မှာပေါ့ဗျာ။ ဒီတော့ သူလည်း ကျေနပ်ရော''
''ဒီမှာညေး ရဲ့ ... ခင်ဗျား ပြောသလိုပဲ။ ကျွန်တော်တို့ လုပ်ပြီဆိုပါတော့။ ပေ့ကို သတင်းစာထိုးအပ်အောင် လုပ်နိုင်ပြီ ထား။ ဘယ်ကငွေနဲ့ ပေးမလဲ။ ဆပ်မာဗီးလ်က တကယ် ငွေပြတ်နေတာဗျ။ ဒီအတောအတွင်း မစ်ဂ်ဟီးလ် အုပ်စုက တွယ်ထားလို့လူးနေတာ။ ကျွန်တော်... အဲလေ ကျွန်တော်တို့ သုံးပစ်လို့ ငွေတွေ ဒီလောက် ကုန်ပြီးမှတော့ နောက်ထပ် ဘယ်လိုလုပ်ပြီး ငွေထုတ်နိုင်ပါ့မလဲ။ ထုတ်ကို ထုတ်တော့မှာ မဟုတ်တော့ပါဘူးဗျာ'' စမစ်က စောဒက တက်သည်။

ညေးက ပြုံးလိုက်သည်။ ခင်ဗျား နို့သက် မစင်သေးဘူးကိုးဗျ။ လက်ငင်းငွေချေစနစ်ကို စကား ထဲထည့်ပြောလို့ မဖြစ်တော့ဘူး ဗျ။ ခင်ဗျား ပြောနေတဲ့ ငွေကိစ္စ သက်သက်ကြောင့်သာ မဟုတ်သေးဘူး။ ဥတ္တရအလင်းကို အပြတ် ၀ယ်လိုက်ရင် ကျွန်တော်တို့ကို တစ်မြို့လုံးက နောက်ထပ်ဝိုင်းတွယ်ကြဦးမှာပေါ့။ မဖြစ်ဘူး။ ဒီတော့ ဘာလုပ်ရမလဲဆိုရင် တစ်ယောက် တစ်ဝက်စနစ်နဲ့ နှစ်စောင့်တစ်စောင်ပူးပေါင်းရေး အဆိုပြုရမယ်။ သတင်းစာ နှစ်စောင် စလုံး နှစ်ဖက်ရင်ကြားစေ့ကြပြီး နာမည်ရော စက်တွေရောအပ်။ ပေ့ အငြိမ်းစားယူ။ သူ့ငွေကို တစ်နှစ်တစ်ခါဝင်ငွေထဲက ခိုင်ကြေးနဲ့တွက်ပေး။ ဘယ်မှာ ငွေရင်း များများ ထပ်စိုက်စရာ လို တော့မှာလဲဗျ''
ညေးသည် သူ့ဆင်ကွက်ကို သူပီတိဖြစ်နေသည်။ စမစ်ကို စိုက်ကြည့်နေသည်။ စမစ်၏ စာရေးစာချီ မျက်စိများ သည် ပြောင်လက်လာသည်။

''ဒီိလိုလား ... ဒီလိုဆိုရင်တော့လည်း တရားမျှတသားပဲ။အရစ်ကျငွေပေးပြီး လုပ်ငန်းဖျက်တာ ဆိုတော့ ပေ့ကို ပေးရမယ် ခိုင်ကြေးကို ဒီနေ့ဝင်ငွေနှုန်းနဲ့ တွက်ရမယ်။ အဏုမြူစက်ရုံဖွင့်ရင် စောင်ရေက တိုးလာဦး မှာ ဆိုတော့ ... ''
ငြိမ်သွား၏။ ညေး စီးကရက် မီးညှိလိုက်၏။ တိတ်ဆိတ်မှုကို မဖျက်။ ခဏကြာမှ ချင့်ချင့်ချိန်ချိန် ပြောသည်။
''စမစ်ရေ ခင်ဗျားက နည်းနည်းတော့ လောဘဇော တိုက်လွန်းသဗျာ။ ကိုယ့်ဘက်ချည်း ကိုယ် ယက်နေတာကိုး ဗျ''
စမစ် ငြိမ်နေ၏။ တံတွေးကို တစ်မျိုးတည်း မျိုချနေ၏။ ညေးက ချော့ချော့မော့မော့ ပြောသည်။

''ခင်ဗျား မှာလည်း အိမ်ထောင်ရေးကိစ္စက ရှိသေးတော့ ဒီအလုပ်အဆင်ပြေချင်တယ် မဟုတ်လား။ ခင်ဗျား မိန်း .... ''
''ဟုတ်တယ်။ မင်နီကလည်း ရှိသေးတယ်။ ခင်ဗျားကို ဖုံးမထားချင်ပါဘူး။ ပြန်ပေါင်းထုပ်ဖို့ အများကြီးလုပ်ရဦးမှာ''
စမစ်သည် လက်သည်းကိုက်နေရင်းက .....
''ဒါပေမဲ့ ဒီကစ္စကို သိပ်တော့ ဘ၀င်မကျလှဘူးဗျာ'' ဟုပြောပြန်သည်။
စမစ် ညွှတ်ချင်ချင်ဖြစ်လာမှန်း ညေးသိသည်။ထို့ကြောင့် လေသံနည်းနည်းမြှင့်ပြီး ပြောလိုက် သည်။

''အို စိတ်ကူးမယဉ်စမ်းပါနဲ့ဗျာ။ ဒီကိစ္စက လည်လှီးတယ်။ ဆမ်မာဗီးလ်က အဲဒီနှစ်ယောက် စလုံးကို လှီးတယ်။ ဂျော့က မစ်ဂ်ဟီးလ်ကို လှီးတယ်။ ဆမ်မာဗီးလ်က အဲဒီနှစ်ယောက်စလုံး ကိုလှီး လို့ရမယ်ဆိုရင် ရွှေပုံပေးရပေးရ လှီးမှာပဲ။ သတ်မလား သေမလားဆိုတဲ့ သေရေး ရှင်ရေး ကိစ္စပဲဗျ။ ခင်ဗျားကိုယ် ခင်ဗျား အပြစ်တင်မနေနဲ့။ ခင်ဗျားက ပေ့ကို တန်ကြေးထက် ပိုပေးတယ်။ သူ လက်ခံသင့်တာပေါ့။ ဒါပေမဲ့ သူက ကျွန်တော်တို့ကို တိုက်တယ်။
ကျွန်တော်တို့ အလုပ်ကို ဖျက်လိုဖျက်ဆီး လုပ်တယ်။ အခု သူ့ကိုပြန်တွယ်ဖို့ အကွက်လည်း ရရော ခင်ဗျားက လင်းတ မှိုင်မှိုင်နေတယ်။ သတ္တိရှိစမ်းပါ ကိုယ့်လူရဲ့။ ကျွန်တော် အပြတ်ပြော ထားမယ်။ ဒီအခွင့်အရေးကို လက်လွှတ် ရင် ခင်ဗျား တစ်သက်လုံး ယူကျုံးမရ ဖြစ်ရတော့မှာ''
စမစ် သည် ညေး ကို ကြည့်လိုက်၊ မျက်စိလွှဲလိုက် လုပ်နေသည်။

''စိတ်မောတယ်ဗျာ။ အရင်တစ်ခွက်လောက်တော့ သောက်လိုက်မှပဲ။ ဒုက္ခများ ဖြစ်နေမလား မသိဘူး''
''မဖြစ်ပါဘူးလေ။ သွေးလေး ဘာလေးတောင် ပူလာမှာပေါ့ ကိုယ့်လူရဲ့''
ညေးက စားပွဲထိုး ကိုခေါ်သည်။ အရက်မှာသည်။ စားပွဲထိုးက ၀ီစကီခွက်ကြီးနှစ်ခွက်ယူုလာ သည်။ စမစ်က အစ တွင် မြုံ့သောက်နေသေးသည်။ နောက်တော့ မော့မျိုတော့သည်။ သဲကန္တရထဲက ပြန်လာရော့သလားပင် ထင်ရသည် ဟု ညေးတွေးလိုက်မိ၏။

''သောက်မှ ဖြစ်တော့မှာပဲ။ ခုတစ်လော လူလည်း ဘယ်လိုဖြစ်နေမှန်းမသိပါဘူးဗျာ။ ဒီကိစ္စ ကလည်း .... ဆုံးဖြတ်ရတာ ခက်လိုက်တာ'' ''ထပ်ယူဦးမလား''
''ပြီးတော့မှ ... အင်းလေ သောက်တာပေါ့ဗျာ''
ညေးက အရက်ထပ်မှာပြန်သည်။

ဆက်ရန်
.

1 comment:

ညီမ said...

အမ ဆက်ရန်မျှော်နေပါတယ်