Monday, July 23, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၁၈)

''စိတ်မောတယ်ဗျာ။ အရင်တစ်ခွက်လောက်တော့ သောက်လိုက်မှပဲ။ ဒုက္ခများ ဖြစ်နေမလား မသိဘူး'' ''မဖြစ်ပါဘူးလေ။ သွေးလေး ဘာလေးတောင် ပူလာမှာပေါ့ ကိုယ့်လူရဲ့''
ညေးက စားပွဲထိုး ကိုခေါ်သည်။ အရက်မှာသည်။ စားပွဲထိုးက ၀ီစကီခွက်ကြီးနှစ်ခွက်ယူုလာ သည်။ စမစ်က အစ တွင် မြုံ့သောက်နေသေးသည်။ နောက်တော့ မော့မျိုတော့သည်။ သဲကန္တရထဲ က ပြန်လာရော့ သလားပင် ထင်ရသည် ဟု ညေးတွေးလိုက်မိ၏။
ကို ဆက်ဖတ်ရန်....

''သောက်မှ ဖြစ်တော့မှာပဲ။ ခုတစ်လော လူလည်း ဘယ်လိုဖြစ်နေမှန်းမသိပါဘူးဗျာ။ ဒီကိစ္စ ကလည်း .... ဆုံးဖြတ်ရတာ ခက်လိုက်တာ'' ''ထပ်ယူဦးမလား''
''ပြီးတော့မှ ... အင်းလေ သောက်တာပေါ့ဗျာ'' ညေးက အရက်ထပ်မှာပြန်သည်။ ကို ဆက်ဖတ်ရန်.............

"ကျွန်တော့်ရင်ထဲမှာက ဘာသာရေးအစွဲ ရှိတုန်းဗျ။ သြစတြေးလျနေတုန်းကလည်း သမ္မာကျန်းစာ သင်ကျောင်းမှာ တနင်္ဂနွေနေ့တိုင်းစာပြခဲ့တာ၊ ကျွန်တော့်အမေက စည်းကမ်းသိပ်ကြီးတာ။ ကလေး တုန်းကတည်းက အပိုးကျိုးနေအောင် သွန်သင်ထားတာ။ ၁၁ နှစ်သား မပြည့်ခင်ကတည်းက ကောရိန္တု သြဝါဒစာ ပထမစောင် အခန်း ၁၃ တစ်ခုလုံး ကျွန်တော် အလွတ်ရတယ်။ ဒီကိစ္စ ကို နောက်ထပ် စဉ်းစားကြည့်လိုက်တော့ ကောင်းတဲ့ဘက်ကလည်း မြင်လာတယ်။ သိပ်လည်းကြမ်း ကြမ်းကိုင်ဖို့ မလိုပါဘူးလေ။ သိမ်သိမ်မွေ့မွေ့ လုပ်ကြတာပေါ့။ ပေ့လည်း အငြိမ်းစားယူသင့်ပါပြီ။ သူကလည်း ကျန်းမာလှတာမှ မဟုတ်ဘူး" "သူ့အဖို့ သာတောင် ကောင်းသွားဦးမှာပါဗျာ" "ကော်ရာနဲ့ ပတ်သက်လို့..."
စမစ် စကား တန်းလန်းဖြစ်နေစဉ် ညေး က မြန်မြန်ဝင်ပြောသည်။

"ဘာမှမဖြစ်ပါဘူး။ အပြင်လူ သိမယ့်ကိစ္စမှ မဟုတ်တာပဲ။ ဟိုငတုံးကလည်း သူ့ကို ချစ်ပါတယ်။ ခွင့် လွှတ်မေ့ပျောက်ပစ် လိုက်မှာပါဗျာ"
"တစ်ခွက်ထပ်မှာဦးဗျာ။ ခင်ဗျားပြောတဲ့အတိုင်းဆိုရင် တခြားလမ်းမရှိတော့ဘူး။ လုပ်ထိုက်တာပဲ။ ဘာက စလုပ်ကြမလဲ။ ပေ့ကို တယ်လီဖုန်း ဆက်မလား"
"ဟင့်အင်း... လူကိုယ်တိုင် စာသွားပေး။ တွေ့ခွင့်တောင်း"
စမစ်သည် မေးစေ့ကို လက်ခုံဖြင့်ပွတ်ရင်း ခဏ စဉ်းစားနေသည်။
"တစ်ခုရှိတယ်... အရေးကြီးတယ်။ ခင်ဗျား မိတ်ဆွေကိုလည်း ပိုင်မှဖြစ်မယ်။ သူ့ဆီကို ချက်ချင်း ဖုန်းဆက်ဗျာ"
ဘာသာရေး စိတ်ဓာတ်အခံ ရှိသူတစ်ဦးအဖို့ ဤစကားသည် အတော်ပတ်ပတ်နပ်နပ် ရှိသည် ဟု ညေး တွေး လိုက်မိသည်။
"ကျွန်တော်လည်း စိတ်ကူးပြီးသားပါ။ ဟိုင်းစ်က မစ်ဂ်ဟီးလ်အုပ်စု သတင်းစာမှာ လုပ်နေတုန်း ပါ။ ပေ့ကို ပေးဖို့ စာသာ အရင်ရေးပါဦးလေဗျာ"
စမစ် အရက်ခွက်ကျန်ရှင်းပြီးအောင် ညေး စောင့်နေသည်။ ပြီးမှ စာရေးခန်းထဲသို့ ဝင်သွားကြလေ သည်။

(၈)
ထိုနေ့ မွန်းလွဲပိုင်း ၂ နာရီခွဲတွင် ဟင်နရီပေ့သည် မြောက်ပိုင်းခရိုင်များကလပ်မှ ထွက်လာခဲ့သည်။ သတင်းစာတိုက် သို့ မှန်မှန်လျှောက်လာခဲ့သည်။
စက်တင်ဘာ၊ ၂၅ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ထားသည့် ဂုဏ်ပြုညစာစားပွဲကိစ္စကို ဝဲလ်စ်ဘီ နှင့် နေ့လယ်စာ စားရင်း ဆွေးနွေးခဲ့သည်။ စကားပြောလို့ ဆိုလို့ကောင်းသော မိတ်ဆုံပွဲ၊ ဝဲလ်စ်ဘီ သူ့ကို ဝိုင်အရက်ကောင်း ကလေး ဇွတ်တိုက်၍ ပေ့ စိတ်သွက်လူသွက်ဖြစ်နေ၏။ လာမည့်ရွေး ကောက်ပွဲတွင် ဝင်ပြိုင်မည့်အကြောင်း ဝဲလ်စ်ဘီ ပါးပါးနပ်နပ် ထုတ်ဖော်ပြောပြပုံကို ပေ့ ပြန်စဉ်းစား မိသည်။ ပြိုးမိသေး၏။ တကယ်တော့လည်း အမတ်လောင်းတစ်ဦးအဖြစ် ဝဲလ်စ်ဘီ မညံ့လှ။ အယုတ်အားဖြင့် နော့သမ်ဘာ နယ်သား တစ်ဦး အဖြစ် မြောက်ပိုင်းဒေသအကျိုးကို ဆောင်နိုင်လိမ့် မည် မုချ။
ပေ့သည် ပန်းခြံလမ်းအရောက်တွင် ဖြတ်လမ်းအတိုင်း လိုက်လာခဲ့သည်။ ဆိုင်တစ်ဆိုင် တွင် ရှေး ဟောင်းရှားပါးကြွေထည်ပစ္စည်းတစ်ခုကို တွေ့သည်။ ရှေးလည်း ကျသည်။ ဈေးလည်း ချိုသည်။ ၅ ပေါင် ၁၀ ရှီလင်သာ ဈေးနှုန်းသတ်မှတ်ထားသည်။

တွေ့ရချက် အခန့်သင့်လိုက်လေစွ။ ရောင်းပစ်ခဲ့ရသည့် သူ့ကြွေထည်ပစ္စည်းများကို အစားပြန်ထိုး ရန်အတွက် ပွဲဦးထွက် ပစ္စည်းပါပေ။ ပေ့ လက်ယားလာသည်။ ဆိုင်ထဲဝင်သွားသည်။ ဈေးဆစ် သည်။ ၅ ပေါင် ၅ ရှီလာနှင့် ဈေးတည့်သည်။
သတင်းစာတိုက် သို့ ပြန်ရောက်တော့ ကြွေထည်လေးကို စားပွဲပေါ်တွင်တင်ကာ အရိပ်တကြည့် ကြည့်လုပ်နေ သည်။ မစ်မော့ဖတ် ဝင်လာသည်။ လူလွှတ်ပြီး လာပေးသွားသည်ဆိုသော စာတစ် စောင်ကို ယူလာ သည်။ ပေ့က မစ်မော့ဖတ် ကို ကြွေထည်ချီးမွမ်းခန်း ဖွင့်ပြနေသေးသည်။ မစ်မော့ ဖတ်ကို ကြွေထည်ချီးမွမ်းခန်း ဖွင့်ပြနေသေး သည်။ မစ်မော့ဖတ်က သူ စိတ်ချမ်းသာပါစေတော့ သဘောဖြင့် အလိုက်သင့် နားထောင်နေသည်။ ပြီးမှ ကိုယ့်အခန်း ကိုယ် ပြန်သွားလေသည်။

ဟင်နဂီပေ့သည် ကြွေထည်ကလေးကို ပွတ်ရင်း သပ်ရင်း ကြည်နူးမိန်းမောနေ၏။ ရက်သတ္တပတ် ပေါင်းများစွာ ပင်ပန်းနွမ်းလျ သောကရောက် ခဲ့ရပြီးနောက် အခြားလူက ဖန်တီးလာသည့် ပဋိပက္ခမှု တွင် သူ အောင်ပွဲ ခံနိုင်လိုက်ခြင်းကြောင့် မထင်မှန်းနိုင်လောက်အောင် စိတ်ချမ်းသာရာရခဲ့သည်။ ကျင့်ဝတ်သိက္ခာကြီးတစ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင် ခဲ့သည်။ သတင်းစာကိုလည်း ခလုတ် မထိ ဆူးမငြိ ဆက်ထုတ်နိုင်ခဲ့သည်။ သတင်းစာ သြဇာ လည်း ပိုမိုးကြီးမားလာခဲ့သည်။ ခါတိုင်းထက် အခြေခိုင်လာခဲ့သည်။
အိမ်တွင်းရေးတွင် လည်း ရေမြင့်ကြာတင့် ဖြစ်လာသည်။ သမီးလုပ်သူက သူ့ကို အရေးထားရ ကောင်းမှန်း သိလာ သည်။ မသိမသာ ပင် အရိုအသေ ပေးလေသည်။
လင်မယား ဆက်ဆံရေးတွင်လည်း ပိုမိုချမ်းမြေ့လာလိမ့်မည်ဟု မျှော်လင့်သည်။ ကြာသပတေးနေ့ တွင် ဂုဏ်ပြုဧည့်ခံပွဲ ကိစ္စ၊ ညစာစားပွဲကြီးကိစ္စ၊ ပေ့ ဂုဏ်ပြုခံရမည့်ကိစ္စအတွက် အဲလစ်လည်တဆန့် ဆန့် ဖြစ်နေပုံ ကို တွေ့ရတော့မှ အဲလစ်ဘဝ ၏ ထိုကဏ္ဍကို ယခင်က ဘာသာလဝါ နေမိခဲ့ခြင်း အတွက် သူ့ကိုယ်သူပင် အပြစ် တင်မိလေသေးသည်။ ထိုကိစ္စမျိုးတွင် အရိုးခံစိတ်ဖြင့် ပါလေရာ လုပ်ချင်သည်မှာ အဲလစ် ဉာဉ်ပင်ဖြစ်သည်။

သူကိုယ်တိုင်လည်း ဝသီဆန်းဆန်းများရှိသည်ပင်ဖြစ်ရာ အဲလစ်၏ဉာဉ်ဆန်းကို ဘာကြောင့် အလို မလိုက်နိုင် ရမှာလဲဟု ပေ့ တွေးမိ၏။ ထိုသို့ အလိုလိုက်ခြင်းဖြင့် ကော်ရာ့အပေါ် အဲလစ် ကြည်ကြည် ဖြူဖြူ ဖြစ်လာနိုင်သည်။ မိသားစုတစ်ခုလုံး သင့်သင့်မြတ်မြတ် သဟဇာတ ဖြစ်အောင် လုပ်နိုင်လျှင် သူ ကျေနပ်ပြီ။

မစ်မော့ဖတ် လာပေးသွားသည့်စာကို သတိရ၍ ဖတ်လိုက်သည်။ မကြည်မသာ ရေရွတ်လိုက်မိ သည်။ စာရွက် ကို ဆုတ်ဖြဲပစ်ကာ အမှိုက်ခြင်းထဲသို့ ပစ်ချလိုက်သည်။
ရံဖန်ရံခါ ဆိုသလို ဥတ္တရအလင်းသို့ မကြားဝံ့မနာသာ ဆဲစာများ၊ ကြိမ်းမောင်းခြိမ်းခြောက်စာ များ ရောက် တတ်သည်။ စာတိုင်းလိုလိုမှာ ရေးသူ၏အမည်နေရာ အပြည့်အစုံမပါ။ ဤစာကတော့ အမည်နေရပ် လိပ်စာ မပါသော လျှို့ဝှက်ပစ်စာမဟုတ်။ ဟာရိုးစမစ် ကိုယ်တိုင် လက်မှတ်ရေးထိုး ထားသည့်စာ။ ခွဲခွာခါနီး စမစ် ဤမျှလောက် မိုက်မိုက်ကန်းကန်း အာဃာတကြီးကြီးလုပ်လိမ့်မည် ဟု မယုံနိုင်။
ပေ့ အလုပ် ဆက်လုပ်သည်။ စီးပွားရေးဆိုင်ရာ  ဝေဖန်ချက်ဆောင်းပါးတစ်ပုဒ်ကို ရေးသည်။ သို့ သော် သူ့ခေါင်းထဲမှ အတွေးမပေါ်။ စမစ်ထံမှစာကိုသူ စိတ်ရောက်နေသည်။ တွေးလေတွေးလေ စိတ်မရှင်းလေ။

ရုံးခန်းထဲတွင် သူတစ်ယောက်တည်းသာ ရှိသည်။ အမှိုက်ခြင်းထဲသို့ စက္ကူစုတ်များကို ပြန်ကောက် သည်။ ခက်ခက်ခဲခဲ ပြန်ဖတ်ကြည့်မိသည်။
 
ခင်မင်ပါသော မစ္စတာပေ့ ခင်ဗျား...
လူကြီးမင်းအား အကြီးအကျယ် ထိခိုက်နစ်နာစေနိုင်မည့် လတ်တလော အရေးတကြီးကိစ္စ တစ်ရပ်ကို ကျွန်တော် များ ကြားသိထားပါသည်။ လူကြီးမင်း၏အကျိုးငှာ ကျွန်တော် အကြံပေးလို သည်မှာ ထိုကိစ္စ ကို ဆွေးနွေးရန်အတွက် ကျွန်တော်တို့အား အမြန်ဆုံးတွေ့ဆုံခွင့်ပြုရန် မေတ္တာရပ် ခံပါသည်။ ကိစ္စမှာ အလော သုံးဆယ် ဖြေရှင်းရမည့်ကိစ္စဖြစ်ပြီး အရေးလည်း ကြီးပါသည် ခင်ဗျား။
လေးစားစွာဖြင့်
ဟာရိုးစမစ်

ဟင်နရီပေ့သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြန်သည်။ သူတို့ဘာအကွက်ဆင်ကြပြန်ဦးမလို့ပါ လိမ့်ဟု စဉ်းစားနေမိ၏။ စကားလုံးကောက် အဓိပ္ပာယ်ဖမ်း၍ မရပုံထောက်သော် စာကို ဂရုတစိုက် ရေးထားကြောင်း ထင်ရှား သည်။ ဤအချက်သည်ပင် သူ့ကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်အောင် ဖန်တီးထားခြင်းဖြစ်သည်။

မထေမဲ့မြင် ပြုခံရလေခြင်းဟူသော နာကျည်းစိတ်သည် သူ့ရင်ထဲတွင် တဟုန်းဟုန်းတောက်လောင် နေသည်။
လတ်တလော အရေးတကြီးကိစ္စဆိုသော စကားကို ဘာ့ကြောင့်သုံးရသလဲ။ နောက်ပိုင်းတွင် ဖွင့်ချ မည်ဆိုသော အချက်သည် နိမိတ်ပြခြင်းပင် မဟုတ်လား။ "ကျွန်တော် အကြံပေးလိုသည်မှာ" ဆို သော စကားလုံးများ ကလည်း ခြိမ်းခြောက်မှုသဘော ကို သကာဖုံးထားသော စကားလုံးများပင် မဟုတ်လား။

မျက်ရမ်းမှန်းဆ အတွေးရေယာဉ်ကြော မျောနေ၍မဖြစ်။ စမစ်နှင့် သူ့အဖော်တို့မှာ ဟက်ဒယ်လ် စတန် မှ ပြန်ပြေးလုတည်းခါဖြစ်နေပြီ။ ဤစာသည် နောက်ဆုံးထိုးကွက်ဖြစ်သည်။ ပေယျာလကန် လုပ်ထားလိုက် ရန် ပေ့ ယတိပြတ် ဆုံးဖြတ်လိုက်၏။ စက္ကူစုတ်များကို ဆုပ်ခြေပြီး အမှိုက်ခြင်း ထဲ ပြန်ပစ်ထည့် လိုက်၏။ နောက်ထပ်တစ်နာရီခန့် ပေ့ စိတ်ငြိမ်ငြိမ် အလုပ်လုပ်နိုင်သည်။ မိတ်တလန် ဝင်လာသည်။ ရက် အနည်းငယ် ခွင့်ယူမည်။ နော့တက်ဟမ်မြို့တွင် ကျင်းပမည့် ဆောင်းဦးမြင်းပြပွဲ သို့ သွားမည်။ မြင်းပေါက်ကလေး တစ်ကောင် ဝယ်မည်ဟု မိတ်တလန် စိတ်ကူးထားသည်။
"မြင်းကလေးတစ်ကောင် တွေ့ထားတာကြာပြီဗျာ။ တကယ့် မြင်းချောကလေးပဲ"
ဥတ္တရအလင်း အခြေပြန်ခိုင်လာချိန်မှစ၍ မိတ်တလန် တစ်မူးထူးပြီး တောင့်တင်းဖျတ်လတ်လာ သည်။ မိတ်တလန် က ရယ်သံကလေး စွက်ကာ ဆက်ပြောသည်။

"အခု ကျွန်တော်တို့ ငွေနဲ့ကြေးနဲ့ ပြန်ဖြစ်လာပြီပဲဗျာ။ ဒီတော့ ကျွန်တော်လည်း မြင်းရောဂါတက်လာ ပြန်တာပေါ့။ ဒီငွေလောက်တော့ သုံးနိုင် ပါတယ်လေလို့ ထင်လာတာနဲ့"
ပေ့သည် မိတ်တလန် အပေါ် ခါတိုင်းထက် ပို၍ ပို၍ သံယောဇဉ်တွယ်လာသည်။ လွန်ခဲ့သည့် နှစ်များအတွင်း မိတ်တလန် ၏ ဗဟုသုတ၊ အတွေ့အကြုံ၊ အကြားအမြင်နှင့် ရိုးသားတက်ကြွသော ကိုယ်ကျင့်တရားအပေါ်တွင် ကြီးမားစွာ မှီခိုအားထားပြုခဲ့ရသည်။ ကိုယ်ရေးကိုယ်တာကိစ္စများတွင် လည်း မိတ်တလန်၏အကြံဉာဏ်ကို မကြာခဏ တောင်းယူခဲ့ရသည်။
ယခုလည်း ခြိမ်းခြောက်စာကိစ္စက ခေါင်းထဲတွင် ရှိနေ၍ မိတ်တလန်ကို ဖွင့်ဟတိုင်ပင်ရန် ဗြုန်းခနဲ စိတ်ကူးပေါ်လိုက်မိသေး၏။ သို့သော် မိတ်တလန်မှာလည်း သူ့ကိစ္စနှင့်သူ၊ သွားခါနီး လာခါနီးလည်း ဖြစ်နေပြီ။ ဒုက္ခ မပေးချင်တော့။ သွားပါစေတော့လေ။

"ကိုင်း မယ်လ်ကမ်ရေ ပျော်ပျော်သာ နားပေတော့။ အဖွဲ့ကတော့ လွမ်းနေကြမှာပဲ"
ပေ့က လှိုက်လှိုက်လှဲလှဲ ပြောသည်။ လက်ဆွဲနှုတ်ဆက်သည်။
ပေ့၏ဆွေးဆွေးမြေ့မြေ့စကားကြောင့် မိတ်တလန် စိတ်ထင့်သွားသည်။ ဤသည်ပင် သူတို့ နှစ် ယောက်၏မတူကွဲပြားသော စရိုက်။ မိတ်တလန်က ဟင်နရီပေ့အပေါ် ထားရှိသည့် သူ့ကြည်ညို လေးစားမှု ကို မြင်သာ ထင်သာ ထုတ်ဖော်ပြသဖို့ အိပ်မက်ပင် မက်သူမဟုတ်။
''ကျွန်တော်ပြန်လာမှာပါ'' မိတ်တလန်က ပုံဆိုးဆိုးသူ့မျက်နှာကြီးကို အပြုံးရောင်လွှမ်းလိုက်သည်။

''ကျွန်တော်မရှိတုန်း စက်တွေလည်နိုင်အောင်တော့ လုပ်ကြပေါ့ဗျာ'' ဟုပြော၏။
ညနေ ၄ နာရီတွင်ပေ့ ဆောင်းပါးရေးပြီးသည်။ ဆောင်းပါးနှင့်အတူဖော်ပြရမည့် ဥရောပအိုးအိမ်စ ခန်းများ၊ လေဆိပ်များ၊ တံတားများ၊ စက်ရုံသစ်များစသည့် သတင်းဓါတ်ပုံများကို သတင်းထောက် ဟက်ဒလေက ယူလာသည်။ ဟက်ဒလေထွက်သွားပြီးနောက် မစ်မော့ဆတ်ကို ခေါ်ရန်လုပ်နေစဉ် တံခါးခေါက်သံ သဲ့သဲ့ကြား လိုက်ရသည်။ ''၀င်ခဲ့လေ'' မော့ကြည့်လိုက်ရာ ကော်ရာရပ်နေသည်ကို တွေ့ရလေသည်။

''အနှောက်အယှက်များ ဖြစ်နေသလားဟင်''
ယခင်က သူမမြင်ခဲ့ဖူးသေးသည့် အညိုရောင်ဝတ်စုံသစ်ကို ၀တ်ထားသည်။ လွန်ခဲ့သည့် ၂ နှစ်က ခရစ်စမတ်လက်ဆောင်အဖြစ် သူပေးထားခဲ့သည့် ပုလဲကုံးကို လည်မှာဆွဲထားသည်။ ကော် ရာဘယ်တုန်းကမှ ဤမျှကြည့်ပျော်ရှုပျော် မရှိခဲ့စဖူး။ ကော်ရာမျက်လုံးတွေက ထူးထူးလည်လည် ကြည်လဲ့နေ၏။ ကော်ရာက သွက်သွက် ကလေး စကားဆက်ပြောသည်။
''မြို့ထဲလာစရာကိစ္စကလေးရှိတာနဲ့။ ဒေးဗစ် ကိစ္စပါ။ အိမ်မပြန်ခင်ဝင်ကြည့်လိုက်ဦးမယ်လေ ဆိုပြီး လာခဲ့တာပါ။ ဦး အလုပ်များနေရင်ကျွန်မပြန်တော့မယ်နော်''
''ပြန်ဝံ့ ပြန်ကြည့်ပါလား။ လာစမ်းပါဦးကွယ်။ မင်းတို့သတင်းလေး ဘာလေးပြောစမ်း''
ကော်ရာက သတင်းစာတိုက်သို့ အလည်အပတ်ဝင် ခဲ သည်။ ကော်ရာရောက်တိုင်း ပေ့ စိတ် အပန်း ပြေသည်။ ပေါ့ပါးလန်းဆန်းသည်။ ယခုလည်းကော်ရာကို တောက်တောက်ပြောင်ပြောင်၊ ဖျတ်ဖျတ် လတ်လတ် တွေ့ရသည်မှာ အထူးရွှင်လန်းအားရ ဖြစ်ရသည်။

''နေလို့ထိုင်လို့ ကောင်းကြရဲ့လားဟေ့''
''အိုး....ကျွန်မလား.....နေမကောင်းတာရယ်လို့ မရှိပါဘူးရှင်''
''ဂီတပွဲတုန်းက မူးတာရော ပျောက်သွားပလား''
''ဘာမှမဟုတ်ပါဘူး။ ကျွန်မက လူထူထူထဲ မနေတတ်ဘူး။ အခန်းကလည်း လှောင်နေတာနဲ့''
ကော်ရာက ခဏငြိမ်နေသည်။ ပြီးမှ.....
''မေးရမှာက ဦးကောာ နေကောင်းရဲ့လား'' ဟုပြောလိုက်၏။

''ဒေါင်ဒေါင်မည်ပါပဲဗျာ''
''ဆရာဝန်နဲ့ ဘယ်တုန်းက တွေ့ခဲ့သေးလဲ''
''တစ်ပတ်သာသာလောက်ပဲ ရှိဦးမှာပါ။ မေ့တော့နေပြီ။ တစ်လတစ်ခါတော့ ပုံမှန်သွားတွေ့ပါ တယ်ကွယ်''
''ဆေးပြား ကလေးတွေကရော သောက်နေရတုန်းပဲလား''
''သောက်ရတုန်းပေါ့ကွယ်။ အတော်ကောင်းပါတယ်''
ပေ့တစ်ယောက် နိုင်ထရိုဂလစ်စရင်း ဆေးပြားကလေးများကို စွဲမြဲသောက်နေရခြင်းအတွက် စိတ် မ ကောင်းဖြစ်နေရသည့် အလား ကော်ရာခေါင်းယမ်းလိုက်၏။ သူ့နဂိုရ်ဟန်မဟုတ်၍ မင်းသမီး ဖျင်း ဖျင်း အမူအယာ လုပ်သည်နှင့် တူနေတော့၏။

ပေ့၏ကုလားထိုင် လက်တန်းပေါ်တွင် ကော်ရာထိုင်လိုက်၏။ သူ့မျက်လုံးကြီးများက ပေ့ကို အသနားခံနေ သယောင်ယောင်။
''ကျွန်မနဲ့ ဒေးဗစ်တောင် မနေ့ညကပဲ ဦးအကြောင်းကို အကြာကြီးပြောနေမိကြသေးတယ်''
''ဟုတ်လား''
ပေ့က ကော်ရာကိုငေးကြည့်ရင်း မျက်နှာသာပေး လေသံဖြင့် ပြန်မေးလိုက်၏။ ကော်ရာ့အညိုရောင်ဝတ်စုံက သူ့ မျက်လုံးရောင်နှင့် ပနံ ရသည်။ သွေးရောင်လွှမ်းနေသော သူ့ပါးပြင် ကို ထင်းထင်းပေါ် လွင်စေသည်။ ကော်ရာက လောလောကလေးပြောနေစဉ် သူ့ အသံတွင်နုံးခွေဟန်ပေါ်နေ သည်။ ပေ့ သတိထားမိ၏။

''ကျွန်မတို့ ဦးကို ဘယ်လောက်ချစ်တယ်ဆိုတာ ဦးလည်းသိသားပဲ။ ကျွန်မတို့နှစ်ယောက်စလုံး ဦး အတွက် အမြဲပူပန်နရတာပဲ။ ဦးကအလုပ်သိပ်လုပ်တာပဲ။ လုပ်သင့်တာထက်အများကြီးပိုလုပနေ တယ်လို့ ကျွန်မတို့ ထင်တယ်။ ဦးအတော်ကြာကြာ အနားယူသင့်တယ်လို့လည်း ကျွန်မတို့တွေး မိ တယ်။ ဦး အတွက် ပြောတာပါလေ''
ပေ့က ပြုံးလိုက်သည်။
''ဘယ်လောက် ကြာကြာလဲကွယ်'' ဟုပြန်မေးသည်။

''အင်း... ''
ကော်ရာက မပြောရက်ရက်အပြောခက်၍ ပြောမထွက်သလို ငြိမ်နေပြီးမှ
''အငြိမ်းစား ယူသင့်တယ်ကိုထင်တာပဲ'' ဟု ပြောလိုက်လေသည်။
ပေ့ မင်သက်မိ သလို နှုတ်ဆိတ်နေသည်။
''ကော်ရာရယ်...ဒီလိုအချိန်ရောက်မှများ....သတင်းစာကို လက်လွှတ်လိုက်ဖို့ အကြံပေးနေပြန်တာလားကွယ်'' ဟု ပြန်မေးသည်။

''အဲဒီသဘောပဲ ရောက်တာပေါ့လေ''
''ဒီသတင်းစာကို လက်မလွှတ်ရအောင်တိုက်ပွဲဝင်ခဲ့တာ။ ခုမှပြီးရုံပဲ ရှိပါသေးတယ်ကွယ်''
''ဟုတ်ပါတယ်။ ဦးနိုင်တယ်လေ။ ဦးအကြောင်းပြပြီးပြီ။ ဦးအညံ့မခံဘူး။ သိပ်ကောင်းတာပေါ့။ အခု ဦး အသာစီးရနေပြီ။ သူတို့ကလည်း ငွေတွေ ပုံပေးနေပြီမဟုတ်လား''
ကော်ရာ က ပြုံးထေ့ထေ့နှင့် ပေ့လက်ကိုလှမ်းကိုင်လိုက်သည်။ နှုတ်ခမ်းနှင့်တေ့လိုက်သည်။ ''လွှဲပေးလိုက်တော့ပေါ့ ဦးရဲ့...အဲဒါအကောင်းဆုံးပဲပေါ့။ ဦးကျန်းမာရေးအတွက်ရော၊ ကိစ္စအားလုံး အတွက်ရောပေါ့လေ''
သိုသိုသိပ်သိပ်ဖုံးဖိထားသော အလောသုံးဆယ်လေသံနှင့် လုံးဝမျှော်လင့် မထားသော ဖျောင်းဖျောင်း ဖျဖျ လေသံကြောင့် ပေ့ရုတ်တရက် စနိုးစနောင့်ဖြစ် လာသည်။ ကော်ရာ့စကားနှင့်စမစ်စာအကြား အချိတ်အ ဆက်များ ရှိနေရော့ သလား။ ပေ့ ငေးနေသည်။ သောကရောက်နေသည်။ စာအကြောင်း ကို လည်း ပြောမပြရက်။ ကော်ရာ ကိုလည်း မကောင်းမထင်ရက်။ သို့သော် မေးခွန်း တစ်ခုတော့ မေးလိုက် ရတော့၏။

''မင်းမှာ ဒုက္ခတွေရောက်တာ တစ်ခုခုများ ရှိနေရော့သလားကွယ်''
ကော်ရာ တုန်သွားသည်။ အံ့အားအသင့်ကြီးသင့်သွားခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။
''မဟုတ်ပါဘူး။ ကျွန်မမှာ ဘာဒုက္ခ သုက္ခမှမရှိပါဘူး''
''ရှိရင်လည်း ဦးကို ပြောပြပေါ့ကွယ်''
''ပြောမှာပေါ့ ဦးရဲ့။ မရှိပါဘူး။ ဘယ်လိုကြောင့်ရှိရမှာတုန်း''
ကော်ရာ က ချောက်ချားသော အပြုံးကလေးဖြင့် ပြန်မေးသည်။

ဟင်နရီပေ့က ''ဒါဖြင့်လည်း ပြီးရော့ပေါ့။ သတင်းစာကို လက်လွှတ်ဖို့ဆိုတာတော့....လောလော ဆယ်အနားလေးဘာလေး ယူဖို့လောက်ပဲ စိတ်ကူးထားသေးတယ်။ တစ်နေ့နေ့တော့ အငြိမ်းစား ယူရမှာပေါ့ကွယ်။ အဲဒီအခါကျတော့ ဒေးဗစ်တာဝန်လွှဲယူရမှာပေါ့။ တော်တော်နဲ့တော့ မဖြစ်သေး ပါဘူးလေ''
အနေရ ခက် အထိုင်ရခက် ငြိမ်သက်တိတ်ဆိတ်နေသည်။ မစ်မော့ဖတ်က ညနေပိုင်းဝင်လာသော စာများကို ယူလာသည်။ သူတို့နှစ်ယောက် နေသာထိုင်သာ ရှိသွားသည်။ မစ်မော့ဖတ်သည် မိန်းမချင်းအပေါ် အကောင်းထင်လေ့ မရှိ။ သို့သော် ကော်ရာကိုတွေ့တော့ တွေ့စကတည်းက စေတနာထားခဲ့သည်။ မစ်မော့ဖတ် က ကော်ရာ့ကို နှုတ်ဆက်သည်။ သူတို့နှစ်ဦး စကားစမြည်ပြောကြ ပြီးနောက် ကော်ရာပြန် ရန်ပြင်သည်။ ကော်ရာက သူပြောသည့်ကိစ္စကို ထပ်မံ စဉ်းစားရန် တိုက်တွန်းသွားသေးသည်။ ပေ့က ကော်ရာကို တံခါးမကြီး အထိ လိုက်ပို့သည်။ သူ့စားပွဲ သို့ပြန်လာချိန် တွင် ပေ့စိတ် မကြည်မသာ ဖြစ်နေဆဲ ပင်ရှိသေးသည်။ ကော်ရာ ၏နောက်ဆုံး အကြည့်က သနားစရာကောင်းလှ၏။ လုပ်စရာရှိတာကိုပင် သူ ဆက်မလုပ်နိုင်တော့။

အပြင်တွင် စင်္ကြံအသစ်ခင်းနေ၍ ဆူညံနေသည်။ စဉ်းစားခန်းဝင်၍ မရ။ ၅ နာရီခွဲတွင် အိမ်ပြန်လာခဲ့သည်။ အိမ်တွင်စိတ်အေးလက်အေး စဉ်းစားခန်းဝင်နိုင်လိမ့်မည်ဟူသော အထင်နှင့်။
အိမ်ထဲသို့ ၀င်လိုက်ရုံရှိသေး။ အဲလစ်က သူ့ကို ခန်းမထဲမှ စောင့်တွေ့သည်။
''ရှက်ပြန်လာတာစောသားပဲ ဟင်နရီ။ ရှင့်ကို တွေ့ချင်နေတာ။ မမှောင်ခင် အတော်ပဲ'' ဟု ပြောသည်။

အဲလစ်သည် အိပ်ခန်းနံရံတွင်သုတ်ရန် ဆေးအရောင်ရွေးနေ၏။ ကိုယ်တိုင် အရောင်စပ်နေ၏။ ပေ့က မငြင်းသာ ၍ အိမ်ပေါ်ထပ်သို့ လိုက်သွားရသည်။ ဆေးရောင် ရွေးပေးနေရသည်။  ၄၅ မိနစ်ကြာမျှ ပြောဆိုပြီးမှ အဲလစ်မှာ မူလက သူရွေးထားသည့် အရောင်ကိုပင် ရွေးဖြစ်သွားတော့သည်။ ထိုကြားဖြတ်အချိန်ကလေးသည် သူ့စိတ် ကိုပြေလျှော့စေသည်။ နေ့လည်ပိုင်းက စိတ်ချမ်းမသာ ဖြစ်ခဲ့ရခြင်းသည် စိတ်ရူးထတာလိုပင် ဖြစ်နေတော့သည်။ ဘာကြောင့်များ အမြဲလိုလို ကိုယ့်အပူကိုယ်ရှာနေမိပါလိမ့်။ စမစ်က ဇယားရှုပ်အောင် တစ်မှောင့် လုပ်နေတာ။ ကော်ရာသူ့ကျန်းမာရေးကို စိုးရိမ်၍ ရောက်လာတာ။ တစ်ကိစ္စစီ။ ဘာအဆက်အစပ်မှမရှိ။

နောက်တစ်နေ့ နံနက်တွင် ထူးထူးခြားခြား ကိစ္စမပေါ်။ စမစ်ထံမှ ဘာစာမှထပ်မလာ။ ဘာအဆက်အသွယ်မှ ထပ်မရ။ ခြိမ်းချောက်စာ ကို မေယျာလကန်လုပ်လိုက်မိတာ ဟန်ကျကျသေးတော့။ သူ့ဘာသာသူ သဘောခွေ့နေ မိသည်။ သို့သော် နံနက်ဆယ့်တစ်နာရီတွင် ပို၍အာဏာသံ ပါသော စာ တစ်စောင် ရောက်လာသည်။
''ကျွန်တော် တို့လက်တွင် လူကြီးမင်း၏ ချွေးမနှင့်စပ်လျဉ်း၍ အလွန်အမင်း ထိခိုက် နစ်နာ  စေနိုင်သော ကြောင်းအချက် များရှိနေပါသည်။ လူကြီးမင်းထံမှ ၂၄ နာရီအတွင်း အဖြေမရပါက လူ သိရှင်ကြား ဖွင့်ချ ရ ပါလိမ့်မည်'' ဟင်နရီပေ့သည် စာကို စိုက်ကြည့်နေ၏။

''လူကြီးမင်း၏ချွေးမနှင့်စပ်လျဉ်း၍ ဆိုသောစကားလုံးကို အထပ်ထပ်ရွက်နေမိ၏။ ခြိမ်းခြောက် သံ ကြောင့် ဒေါသဖြင့် သာ ဆူဝေ မနေ လျှင် ပေ့ချောက်ချောက်ချားချား ပင် ဖြစ်မိကောင်း ဖြစ် မိပေ လိမ့် မည်။ သေသေချာချာ ဖတ်လေ ပိုဆိုးလေလေ။ စာက လက်မှတ်ထိုးမထား ။ တကယ်မဟုတ်သ လိုလို။ ကိုယ့်မြို့၊ ကိုယ့်အလုပ်၊ ကိုယ့်သတင်းစာတွင် ယခုလိုခြိမ်းခြောက်ခံရသည်မှာ အရပ်ရပ်နေ ပြည်တော်ကြား၍ မှလျှော်။ ဆုတ်ဆိုင်းနေ၍ မဖြစ်တော့ ။ ချိန်ဆတန်သ၍ ချိန်ဆပြီးနောက် မစ်မော့ဖတ် အား စမစ်ထံ ဖုန်းဆက်၍ ညနေ ၃ နာရီတွင် လာတွေ့ရန် ပြောခိုင်းလိုက်သည်။ ထို့နောက် ကော်ရာကို သတိရ သည်။ ကော်ရာရှေ့ တွင် ပြောမှဆိုမှ တရားမျှတမည်ဟု စဉ်းစား မိသည်။ ကော်ရာတို့အိမ်တွင် တယ်လီဖုန်းမရှိ။ ထို့ကြောင့် ညနေ သုံးနာရီ တွင် လာခဲ့ရန် သံကြိုးရိုက်လိုက်သည်။

ဆက်ရန်
.

No comments: