Saturday, July 7, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၁၁)

ဟင်နရီပေ့ က စာရွက်တစ်ရွက်ကို အိတ်ထဲမှ ထုပ်ပြီး ပေါင်ပေါ်တွင် ဖြန့်နေသည်။ အဲလစ် နှုတ်ဆွံ့နေ သည်။ အတော်ကြီးကြာ သည်။ ဒေါသမီးက တရှိန်ရှိန် လောင်မြှိုက်လာသည်။ မခံသာ မရပ်သာ လောက်အောင်ပင်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာသည်။
''ရှင် ဒီလိုမျိုးပြော ရတာ အရှက်မရှိဘူးလား'' ဟု ပြေချလိုက်၏။ ''ရှက်တာပေါ့ကွယ်။ စိတ်လည်း နည်းနည်း မှ မချမ်းသာဘူး'' ''ရှက်ရမှာပေါ့။ ပေးတုန်းကပေး၊ ပြန်တောင်းချင်တော့ တောင်းဆိုတဲ့ အကျင့်မျိုး ရှင့်မှာ ရှိလိမ့်လို့ ကျွန်မ ဘယ်တုန်း ကမှမထင်ခဲ့ဘူး''
ကို ဆက်ဖတ်ရန်.........

ပေ့က စိတ်ရှည် လက်ရှည် ပြောနေသဖြင့် အဲလစ်ပို၍ ဒေါသ ဖြစ်ရသည်။
''ဒါပင်မဲ့အဲလစ်ရယ် ငါ့အခြေ အနေလည်း မင်းသိလောက်ပါတယ်ကွယ်''
''သိပ့်သိတာပေါ့ရှင့်။ ကျွန်မတို့ အားလုံး ကုန်းကောက်စရာ မရှိတော့တဲ့ အဖြစ်မျိုးရောက်အောင် ရှင်လုပ်တာ ဘယ်လောက်ကြာနေပြီ လဲ။ ဒီ ကြက်တော ငှက်တောနေရာက ကျွန်မတို့ကို ဝေါနဲ့ပင့် ထုတ်မယ့် ကမ်းလှမ်းချက် ကို ရှင်ငြင်းခဲ့တယ်။ ကြိုက်ဈေးပေးတာတောင် ရှင်က ခေါင်းမာမာပယ် ခဲ့တယ်။ တစ်ကိုယ်ကောင်း ကြည့်ခဲ့တယ်။ အခုဒေ၀ါလီ ခံရခါနီး ဖြစ်နေတာတောင် အားမရသေူဘူး။ ခြေသလုံးအိမ်တိုင် အဖြစ်ရောက်အောင် လုပ်နေပြန်ပြီ'' ''မဟုတ်သေးဘူး အဲလစ်ရယ်''

''ကျွန်မတို့မှာခြေစောင့် လက်စောင့်ဆိုလို့ ဒီအိမ်ကလေးတစ်လုံးပဲ ရှိတော့တာရှင့်။ အဲဒါကို ရှင်က ချော့တောင်းပြီး ဖြုန်းတီးပစ်ဦးမယ်ပေါ့လေ'' ဟင်နရီပေ့က သက်ပြင်းရှည်ကြီး ချလိုက်၏။
''မင်းစိတ်ထိခိုက်တာကို အဆိုးမဆိုပါဘူး အဲလစ်ရယ်။ ဒါပေမယ့် ကိုယ်ပိုင် ခွင့်ကို အနိုင်ကျင့်တာ ဘယ်သူခံနိုင် ပါမလဲ။ ငါကတော့ ခေါင်းငုံ့မခံနိုင်ဘူး။ အခုမှတော့ ဒူးမထောင်နိုင်တော့ဘူ။ ငါက တော့ မရှုံဘူးဆိုတာ သိတယ်။ ရှုံးပြီ ဆိုရင်တောင် ရေဆုံး မီးဆုံးတော့ ဆက်လုပ်သွားရမှာပဲ''။
''ရေဆုံးမီးဆုံး။ ဟုတ်လား။ အဖြေမပေး။ အသံထွက်ပြီး စဉ်းစားသလို လေသံမျိုးဖြင့်...
''ဗုံးဗုံးကျ တဲ့ အဖြစ်မျိုးရောက်နေတောင်မှ မင်းတို့ကိုတော့ ငါရှာ ကျွေးနိုင်ပါသေးတယ်ကွယ်။ ငါ့အိမ် သူတစ်ယောက် အနေနဲ့ ဒီအမြင်မျိုးတော့ မမြင်စေချင်ဘူး'' ဟု ပြောသည်။
''ရှင့် အိမ်သူ တစ်ယောက်အနေနဲ့ ဟုတ်လား။ ရှင်က ကျွန်မကို အိမ်သူမယားလို့ကော သဘောထား သေးလို့ လားရှင့် ။ ကျွန်မ တစ်ညနေလုံး ဒီမှာငုတ်တုတ်ထိုင် နေရတယ်။ ရှင်ကတော့ စလီဒန်မှာ ကော်ရာ ဆိုတဲ့ သတ္တ၀ါမ နဲ့ တမေ့တမော လုပ်နေတယ်''

အဲလစ် ဘယ်စိတ်ကူးနှင့် ပြောမှန်းမသိသလို ဖြစ်နေသေး၍ ပေ့ မတ်မတ်ထိုင်လိုက်သည်။ ပြီးမှ ခေါင်းကို ဆတ်ခနဲ မော့သည်။
“မင် ဘာတွေ ပြောနေတာလဲ“ ဟု မေးလိုက်၏။
“ခုမှ မုံလာဥ လုပ်မနေစမ်းပါနဲ့ရှင့်။ ရှင်ကို မျက်လုံးကြီး အ၀ိုင်းသားနဲ့ ကြည့်လိုက်။ ရှင့်လက်ကို ဖျစ်လိုက် ညှစ်လိုက် နဲ့ ရှင့်ကို မိုးကျရွှေကိုယ်လို ညုနေတာ ကျွန်မ မမြင်ဘူးများ မှတ်နေသလား“
ဟင်နရီပေ့ တုန်တုန်ခိုက်ခိုက် ဖြစ်သွားသည်။ “တွေကရာ ရှစ်သောင်းတွေ မပြောစမ်းပါနဲ့ကွ။ သူက ငါကို ခင်တာပေါ့။ ငါကလည်း သူ့ကိုခင်တာပေါ့။ တို့ချွေးမ ပဲကွ“ ဟု အမောတကော ပြောပစ်လိုက်၏။
“ဒီတော့ ရှင်က မငြင်းဘူးပေါ့“ “ဘာငြင်းရမှာလဲကွ။ ကော်ရာ့ ကို ငါ သိပ်ခင်တယ်လေ“

“တစ်မျိုးပြောရရင် ရှင် သိပ်ချစ်တယ်ပေါ့“
“ အေး… မင်း ပြောချင်သလိုပြော…။ တကယ်ဆိုရင် သူလည်း တို့မိသားစုပဲ မဟုတ်လားကွ“
အဲလစ် က အသက်ပင် မရှူနိုင်တော့လောက်အောင် မရှူနိုင် မကယ်နိုင် ဖြစ်နေသည်။ သို့သော် ဆက်ပြောမြဲ ပြောနေ ၏
“ဒါကတော့ ၀ိနည်း ရှောင်တာပဲရှင့်။ ကလေးလေးတောင် မြင်ရင်သိပါတယ်။ ရှင့်ကိုရှင် လှည့်စားနေတာ ရှင် မသိဘူး လား။ တစ်နေ့တခြား ခြေကျွံလက်ကျွံ ဖြစ်လာနေပြီရှင့်“
ဟင်နရီပေ့ သည် အဲလစ် ကို တိုးတိုးလျှိုးလျှိုး ကြည့်နေသည်။

“ကတော်ကဆ မဖြစ်ချင်းစမ်းပါနဲ့ အဲလစ်ရာ။ ပြသာနတွေက တစ်ပုံကြီး ပေါ်နေရတဲ့အထဲမှာ“
“ကျွန်မ ဘ၀ အတွက် ကျွန်မ ပြောတာ။ ရှင့်ကို ကယ်ဖို့ပြောတာ။ ဒါကို ကတောက်ကဆ ဖြစ်အောင်လုပ်တာလို့ ရှင်က ပြောချင် သလား။ ရှင်ကို့ ယောက်ျားတွေ ဒီအရွယ်မှာ ဗွေဖောက်တက်တယ်ဆိုတာ ကျွန်မ သိတယ်“
ပေ့ တစ်မျက်နှာလုံး နီရဲသွားသည်။ “ဒီအပြောမျိုး မင်းမို့လို့ ပြောတက် ပလေကွာ။ ကလေးတွေရပြီးကတည်းက မင်းပဲ အခန်းခွဲနေချင် တယ်ဆိုလို့ ငါ့ကိုယ်ငါ သတင်းစာထဲမှာ စိတ်ရော ကိုယ်ရော မြှုပ်နေခဲ့တယ်။ ဘယ်မိန်းမ ကိုမှ ငဲ့စောင်း တောင် မကြည့်ခဲ့ဘူး။ ဒီလို တောမြို့လေးမှာ ဘယ်လောက် ကိုယ်ကျင်တရား ထိန်းရတယ်ဆိုတာ မင်းသိ ပါတယ်။ မင်းပြောနေတာမျိုးက တွေးတောင် မတွေးဝံ့ဘူး“
အဲလစ် တဆတ်ဆတ် တုန်လာသည်။ စကားတွေ မြန်သထက် မြန်လာသည်။

“အဲဒီ မိန်းမတွေထဲမှာ ကော်ရာတော့ မပါပါဘူး။ ကျွန်မ အာယာတနဲ့ ပြောတယ်လို့ ရှင်က စွပ်စွဲဦးမယ်။ သူ့ကို ကျွန်မ ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။ သူနဲ့ ပက်သက်ပြီး ပြောစရာတွေ တစ်ပုံကြီးရှိတယ်။ သူက အုတ်ကြား မြက်ပေါက် ရှင့်။ ဒါတောင် ကောင်းတဲ့ အစား ဟုတ်ချင်မှ ဟုတ်မှာ။ ရမ္မက်က ကြီးသေးတယ်။ ကျွန်မက ဒါမျိုး မကြိုက်ဘူး။ သူ လိုချင် တဲ့ လူဆိုရင် ရအောင်ယူမယ့်ဟာမျိုးရှင့်။ သူက ဒေးဗစ်ထက် ရှင့်ကို ပိုလိုချင်နေတား ဖြစ်မယ်။ ရှင် ကလည်း ကျွန်မထက် သူ့ကို လိုချင်နေတာ…“
ပေ့ တထိထ်တလန့် ဖြစ်သွားသည်။ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ပေ့ စိတိထိခိုက် နာကျည်း သွားပုံကိုမြင်ပြီး အဲလစ်ပါ လန့်ဖြန့်လာသည်။

ပေ့ မျက်နှာမှ သွေးတစက်မှ မရှိတော့။ တစ်သက်နှင့် တစ်ကိုယ် တွေးပင် မတွေးမိခဲ့သည့် စကားကို ကြားလိုက်ရသည့် အလား။ ထိုစကားက သူနားထဲက ပြန်မထွက်တော့သည် အလား။
ထိုအဖြစ်မျိုး ရောက်သွားသည်ကို အဲလစ် မမြင်ရက်နိုင်။ ငယ်သံပါအောင် ဟစ်အော်ပစ်  လိုက်ချင်သည်။ သ“ဖောက်“ တော့မည်မှန်း သူ့ဘာသာ သူ သိသည်။ မျက်ခွံတွေ တဖျတ်ဖျတ် လှုပ်ခတ်လာသည်။ ပါးစုံ့တွေ တဆတ်ဆတ် တွန့်လာသည်။ တစ်ကိုယ်လုံး တောင့်တင်းလာသည်။ ထမသွားနိုင်မီ မှာပင် ခြောက်ထောက်တွေက ကြမ်းပေါ်တွင် တဒိုင်းဒိုင်းဆောင့် ကန်နေလေတော့သည်။
ပေ့ ကပျာကယာ ပြေားလာသည်။ “အဲလစ် မလုပ်နဲ့လေ။ သိပ်မဆူနဲ့ လေကွာ။ ဒေါ်ရော်သီ နိုးလာလိမ့်မယ်“
“အမလေး… ဟင်နရီ…ဟင်နရီ“
“စိတ်ငြိမ်ငြိမ်ထာစမ်းပါ အဲလစ်ရယ်။ ဒီလို “ဖောက်“ တာတွေ မင်းကို ဘယ်လောက်ဒုက္ခပေးတယ် ဆိုတာ မင်း လည်း သိသားနဲ့“
ပေ့၏ သောက လွှမ်းနေသော ဖြူဖတ်ဖြူရော် မျက်နှာကို အနီးကပ်မြင် လိုက်ရ၍ အဲလစ် စိတ်ကောင်း ပြန်ဝင်လာ သည်။ ပေ့၏ လည်းပင်းကို လှမ်းဖက် လိုက်သည်အထိ လုံးလုံးလျားလျား စိတ်ပြောင်းသွားသည်။

“ကိစ္စမရှိဘူး။ ဖြစ်တာကောင်းတယ်။ ကျွန်မဟာ ၀န်တိုတဲ့ မိန်းမ၊ စဉ်းစား ညဏ်မဲ့တဲ့ မိန်းမ၊ ဒါပေမဲ့ ပြောတာတော့ ပြောရမှာပဲ။ စိတ်မကောင်း မရှိပါနဲ့ ဟင်နရီရယ်နော်…။ ရှင့်အတွက် ကျွန်မလေ ဘာမဆို လုပ်ပေး မယ်။ အလုပ်လုပ်မယ်။ အငတ်ခံမယ်။ အေးလည်း အတူတူပဲ။ ပူလည်း အမျှပဲ။ ဘာပဲဖြစ်ဖြစ် သားသမီးတွေ မွေးရတာ ဘယ်လောက် ဒုက္ခရောက်တယ်ဆိုတာ ရှင်သိပါတယ်။ ကျွန်မက လူစဉ်မီတာ မဟုတ် ဘူး။ ဒေါက်တာဘတ်က မပြောဘူးလား။ သေနိုင်တယ်တဲ့။ ရှင့်အတွက် သားသမီးယူခဲ့တာပါ ဟင်နရီရယ်။ ရှင့်ကို ပါမောက္ခစကော့ ရဲ့ စာသင်ခန်းထဲမှာ မြင်းဖူးကတည်းက ဖူးစာရှင်မှန် သိခဲ့တာပါ။ ညုခ်လက်ဖက်ရည် ဆိုင် ကလေးကို မှိတ်မိတယ်မှတ်လား။ ဂူလိန်း ဂေါက်သီးကွင်းကို မှတ်မိရဲ့မှုတ်လား။ အိမ်ပေါင်စာချုပ် ကျွန်မ လက်မှတ်ထိုးပေးမယ်။ ထိုးချင်းတယ်။ ထိုးကို ထိုးချင်တယ်။ ပေးစမ်း…ဖောင်တန်ပေး စမ်း…မြန်မြန်…မြန်မြန်…“
“မနက်ကျမှ ထိုးတာပေါ့ အဲလစ် ရယ်…မင်း သိပ်ပင်ပန်းနေပါပြီ“

အဲလစ် ဆံပင်တွေ ဖားယားပြေ့လျော့လာပြန်သည်။ တစ်ကျော့ “ဖောက်“ လာဦးတော့မည့် ပုံးပန်းပေါ်နေသည်။
အခန့်သင့် ပင် ဟန်နာမြို့ထဲ ထွက်လည်ရာမှ ပြန်ရောက်လာသည်။ ဟန်နာက အရိပ်အကဲ သိသိပင် ဆေးယူ လာသည်။  အဖြစ်မသဲ။ တိတ်တိတ်ဆိတ်ဆိတ်ပင် ပြုစုသည်။
“ခဏလေး ငြိမ်ငြိမ်လှဲနေလိုက်ပါလား မစ္စစ်ပေ့ရယ်။ ပြီးမှ အိပ်ရာထဲ ၀င်တာပေါ့“
“ကျေးဇူးပါပဲ ဟန်နာရေ။ ငါ့အပေါ် ညည်းတို့ကောင်းရှာကြပါပေတယ် …ကောင်းရှာကြပါပေတယ်“
အဲလစ် တတွက်တွက် ရေရွတ်နေသည်။ ပေ့ကို မော့ကြည့်သည်။

အားလုံးပြောင်းလဲသွားသည်။ ဟင်နရီပေ့ လိုချင်တာမှန်သမျှ စိတ်လို လက်ရ လုပ်ပေးချင်သည်။ အစစ အရာရာ ပေ့ စကား ကို နားထောင်ချင်သည်။ ကွပ်ပျစ်ပေါ်တွင် အဲလစ် အတော်ကြာ လှဲနေလိုက်သည်။ ဟန်နာ မီးဖိုချောင်ထဲ ၀င်သွားမှ ပေ့က သူ့ကိုအပေါ်ထပ်သို့ တွဲပို့ပေးသည်။ ဟန်နာ နို့ယူလာသောအခါ  အဲလစ် အိပ်ရာထဲရောက်နေလြေ ပီ။ သူ့လက်တွေက တုန်ရီနေဆဲ။ ပေ့ တိုက်သည့် ဆေးကို သောက်လိုက်၏။ ဟန်နာ ထွက်သွားတော့ လေသံသဲ့သဲ့ဖြင့် ပြောပြန်၏။
“စာရွက်ပေးလေ ဟင်နရီ“
ပေ့က သူ့ကို ကြောင်စီစီကြည့်ကာ စာရွက်ကို ထုတ်ပေးသည်။ဖောင်တိန်ကို အဖုံးဖွင့်ပေးသည်။
အဲလစ် သည် ခဲမှတ် ပြထားသည့်နေရာတွင် လက်မှတ်ထိုး လိုက်လေ၏။

ပေ့ မီးပိတ်ပြီး အခန်းပြင်သို့ ထွက်သွားမှ အဲလစ် မျက်စိမှိတ်လိုက်တော့သည်။ သူ့ တာဝန် ကျေပြီ ဟု တွေးလိုက်မိ၏။ စိတ်အေးငြိမ်းချမ်းသာ သွား၏။ စိတ်သက်သာသွား၏။ စိတ်သန့်ရှင်းသွား၏။ ငှက်ပုံ ကျောက်ရင်ထိုးလေး ထိုးထားလေ့ ရှိသည့် ဘာဝစ်လမ်းပေါ်ရှိ ညုခ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် အဘွားကြီး မစ္စက် တက်ဂတ် ကိုမှ မှတ်မှတ်ရရ သတိရမိလိုက်သည်။ ချက်ချင်းပင် အိပ်ပျော်သွားသည်။
ရက်သတ္တပတ် အတန်ကြာခဲ့ပြီးနောက် ဇွန်လ၊ ၂၁ရက်၊ နံနက် ၁၀ နာရီတွင် ပရူဒင်ရှယ် တုက်သစ်ကြီး ရှိ မော်ကွန်းသတင်းစာတိုက်ခွဲ ရုံးခန်းထဲသို့ လီယိုနတ်ညေး ၀င်လာသည်။ အရေကြီးသော နေ့တစ်နေ့ ဖြစ်လာမည့် ရက်ပေတည်း။ ညေးသည် တစ်မနက်လုံး မေးမထူ ခေါ်မရ ဖြစ်နေ၏။ တယ်လီဖုန်း ခလုတ်ရုံ အော်ပရေတာ ကလေး ပီတာက သူ့ကို နှုတ်ဆက်သည်။
သူက မတုံ့ပြန်။ စင်္ကြတွင် သူ လျှောက်လာသံကြား၍ စမစ်က “လီယိုနတ်လားဗျို့“ ဟု လှမ်းမေးလေသည်။ “တွေ့ရအောင်ဗျာ“ ဟု အသံပိုကျယ်ကျယ် အော်ပြောသည်။
ညေးက အရေးမလုပ်။

စမစ်က သြဇာပြချင်သည်။ ခဏခဏတော့မဟုတ်။ သို့သော် သူအာဏာ ပါဝါ ကလေးတွေကတော့ အညွှန်ချိုးခံနေကြရသည်သာ။ ညေးက သူ့ကို တိုင်ပင်ချင်လျှင်၊ သူ့ကို ပြောစရာရှိလျှင် သူ့အခန်းလာပြီး တွေ့ရမည်ဟု သဘောထားသည်။
ညေး အခန်းထဲ ၀င်သွားသည်။ သူ့အခန်းက ၀ိတိုရိယကွက်လပ်ကို ဆီးမြင်နေရသည်။ သားရေဖုံး ပက်လက်ကုလားထိုင်များ၊ ရုပ်မြင်သံကြားစက်၊ ကွပ်ပျစ်စသည်တို့ဖြင့် သက်သောင့်သက်သော ရှိလှသည်။ ကွပ်ပျစ်မှာ ဇိမ်ခံရန်ု မျှော်လင့်ချက် တစ်ခွဲသားဖြင့် ၀ယ်ထားခဲ့သည့်ပစ္စည်း။ ၀ယ်ရကျိုးတော့ မနပ်လှ။

ယနေ့နံနက် ညေး၏ အမူအရာက ခါတိုင်းလိုပင် ဘာသာလ၀ါသာဖြစ်၏။ သို့သော် စိတ်တထင့်ထင့်ဖြစ်နေပုံ က ပေါက်နေသည်။ လက်အိတ်များကို ချွတ်၍မှ မပြီးခင်မှပင် စားပွဲသို့သွားပြီး ပေးစာများကို လှန်လှောကြည့်နေ သည်။ အရေးကြီးသော သတင်းစကားတစ်ခုခုကို မျှော်လင့်နေသည့်အလား။ သူရှာနေသည့် စာကိုတွေ့သည်။ ခရိုင်စစ်ဆေးရေး ဟု တံဆိပ်ရိုက်ထားသည့် စာအိတ်ကြီး။ ညေးက စာအိတ်ကြီးကို အလောသုံးဆယ် ကောက်ဖွင့်လိုက်၏။ စာကို ဖြန့်ဖတ်နေစဉ် သူ့မျက်နှာတစ်ခုလုံး ကျေနပ်မှု ဖုံးနေလေ၏။
“နိပ်ပြီကွ“ ညေးက သူ့ဘာသာ ပြောလိုက်၏။ သူ့မျှော်လင့်ထားသည့် အတိုင်းဖြစ်လာပြီ။ သူ တွက်ကိန်း ချထားသည့် အတိုင်းဖြစ်လာပြီ။ စာကို ဖြည်းဖြည်းချင်း တစ်ခေါက်ပြန်ဖတ်သည်။ ထို့နောက် ပိုက်ဆံအိတ်ထဲ တွင် ခေါက်ထည့် ထား လိုက်လေသည်။ ပြတင်းပေါက်တွင် ရပ်ကား အားရပါးရ ဖွာရှိုက်နေလေသည်။ ဘာခေါင်းရှုတ်စရာ ကိုမှ တွေးမနေတော့။

ခဏကြာမှ ခေါင်းတဆိတ်ညိတ်သည်။ ကုလားထိုင်တွင် ပြန်ထိုင်သည်။ ပေးစာများကို ဖတ်သည်။ အရေးတကြီး စာမပါ။ နောက်ဆုံးတွင်မှ သတင်းစာများကို ဖတ်သည်။ ဥတ္တရအလင်းကို ပထမဆုံး၊ မော်ကွန်းကို နောက်ဆုံးမှ ဖတ်ရသည်။ သူ့သတင်းစာ ပုံစံက အသားကျလာပြီ။ ပြီတော့ သူ့သတင်းစာ ဘာတွေရေးသည်ကို သူ သိသည်။
ဟင်နရီပေ့ ၏ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ကြည့်သည်။ ပန်းခြံထဲ၌ တီးမှုတ်မည့်ရာသီလိုက် ဂီတပွဲတော် အစီအစဉ် အကြောင်း။ သူ ပြုံးမိလိုက်သည်။ ထိုအခိုက်မှာပင် အခန်းတံခါး ပွင့်လာသည်။ စမစ် ဆောင့်ကြီးအောင့်ကြီး ၀င် လာသည်။

“ကျွန်တော် ခေါ်လိုက်တာ မကြားဘူးလားဗျ“
ညေးက အေးတိအေးစက်။“
“ဘယ်တုန်းကလဲ။ ခေါ်လို့လား“
စမစ်က ညေး ကို မယုံသလိုကြည့်ပြီး ထိုင်ချင်လိုက်သည်။ လက်ပတ်နာရီကို စိုက်ကြည့်နေသည်။
“ခင်ဗျားလာတာ နည်းနည်းနောက်ကျတယ် ထင်ထယ်“
“ကျွန်တော် က စောစောထတဲ့ကောင် မဟုတ်ဘူးဗျ။ ခင်ဗျားလည်း သိသားပဲ။ ထချင်တဲ့စိတ်လည်း မရှိဘူး။ ဘာများထူးလို့လဲ“
“ထူးတာပေါ့ဗျာ“ စမစ်က စိတ်မကြည်မသာနှင့် စကားရပ်ထားသည်။ ပြီးမှ “ဂရီလီဆီက သံကြိုးရတယ်။ သူ လာကြည့်ဦးမတဲ့ဗျာ“ ဟု ပြောသည်။

“ဘယ်တော့လဲ“
“ဒီနေ့ပေါ့။ ရထားက ၂နာရီ ၂၀ မှာ တိုင်းကာဆယ်ကို ရောက်မယ်။ ကားလွှတ်ပေးရမယ်၊ ကျွန်တော်လည်း သွားတော့မှာပါပဲလေ။ ကျွန်တော်တော့ သိပ်ခေါင်းပူနေတယ် လီယိုနတ်ရယ်။ အခြေကတော့ မလှဘူးဗျာ။“
အုပ်ချုပ်သူ အယ်ဒီတာဂရီလီမှာ အချိန်မရွေး မကောင်းဆိုးဝါး သတင်းကိုသာ ဆောင်းကြဉ်းလာတတ်သူ။ အရှုံးအမြတ် စာရင်းတွင် အပြစ်ရှာရာမှာ ဖြစ်ဖြစ်၊ အသုံးစရိတ်များကို ဖြတ်တောက်ရာမှာ ဖြစ်ဖြစ် တကယ့် အမဲလိုက်ခွေး ပမာ တစ်ချက်အလွတ် မပေးဘူး။ တစ်လခွဲအတွင်း သုံးကြိမ်မြောက် သူရောက်သည့် ယခု ခရီးမှာ ထိုကိစ္စမျိုးလောက်တော့ မဖြစ်နိုင်။ ပိုလိမ့်မည်။ အများကြီး ပိုလိမ့်မည်။
ညေးကတော ဂရီလီ လာလိမ့်မည်ဟု မျှော်လင့်ထားပြီးသား၊။ သူ ပြုတ် ကိုယ်ပြုတ် အပြတ် ရှင်းပွဲကြီး ဖြစ်လိမ့်မည်ဟုလည်း သိထားသားပြီးသား။
“လေယာဉ်ပျံ နဲ့ လာရောပေါ့ဗျာ။ လေဆိပ်သွားကြိုရတာကမှ အဆင့်ပြေသေးတယ်“
စမစ်က လက်ထဲ က သွကြိုးစာကို အလွတ်ကျက်နေသည့် အလား အခေါက်ခေါက် အခါခါ ဖတ်ရင်း စိတ်မချမ်း မမြေ့ ပြောသည်။

“ဂရီလီက တစ်သက်လုံး လေယာဉ်ပျံစီးတာမှ မဟုတ်တာ။ အစိုးရိမ်း သိပ်ကြီးတဲ့လူစားဗျ။ ခင်ဗျားလည်း သိသားပဲ“
“တော်စမ်းပါ ညေးရာ။ ဒီကိစ္စက ကျွန်တော်တို့ နှစ်ယောက်စလုံးအတွက် သိပ်အရေးကြီးတယ်ဆိုတာ သိတယ် မှတ်လား။ သူ့ကို နားဝင်အောင် မပြောနိုင်ရင် ပေါ့လေ။ သတ်မှတ်ရန်ပုံငွေကလည်း ပြောင်လုနီးနေပြီ။ မနေ့က ရုံးချုပ် လုပ်ပုံကတော့ ခပ်ဆန်းဆန်းပ။ တီနာတင်ဂဲလ်ကို ပြန်ခေါ်ကတည်းက ကျွန်တော်တော့ မျက်ခုံး လှုပ်နေပြီ။ ပြီးခဲ့တဲ့ အပတ်ကတည်းက ရုံးချုပ်မှာ ဆမ်မာဗီးလ် မီးလောင်နေခဲ့တာ။ မတ်လတုန်းက ကျွန်တော် တို့ကို ခေါ်တွေ့တာကိုက ဆိုးလှပြီ။ မဖြစ်ဖြစ်အောင် လုပ်ရမှာပဲ။ မလုပ်နိုင်ရင်တော့ ခံရုံပေါ့။ ကျွန်တော်တော့ သိပ်စိတ်ညစ် တာပဲဗျာ“
ညေးက စမစ်ကို အထင်သေး အမြင်သေးကြည့်နေ၏။ ဟက်ဒယ်လ်စတန် သို့ရောက်ပြီးနောက် ရက်လ အတန်ကြာပင် ပေ့က ရင်ဝဆီးကန်နေ၍ သူတို့ နှစ်ယောက် ကျောချင်းကပ်မိခဲ့ကြသည်။ သို့သော် စရိုက်ချင်း ကတော့မတူ။ စမစ်၏ လူရေးညံ့ပုံ၊ လုပ်ဟန်ချောပုံ၊ အမြင်ဖျင်းပုံတို့သည် ညေးနှင့် တစောင်းစေးနှင့် မျက်ချေး ပမာ ဖြစ်နေလေသည်။ တကယ်တော့လည်း ညေးအဖို့ တရွတ်ဆွဲလိုက်နေသည့် စမစ်ကို သူ ဘယ်လိုထင်၊ ဘယ်လိုမြင်သည် ဟု ထုတ်ဖော်မပြောမိအောင် ထိန်းပြီး သင့်သင့်မြတ်မြတ် တွဲလုပ်နေရသည်မှာ အချိန်ဖင့်လှ သည်။

အမှန်အားဖြင့်လည်း စမစ်၏နောက်ကြောင်းက သူဖွင့်အံသည်ထက်ပို ၍ အစွန်းအထင်းရှိခဲ့သည်။ အပြစ်ကို ဖုံးဖုံးဖိဖိ လုပ်သည့် စမစ်၏ အပြုအမူသည် ညေးကဲ့သို့သေား ချက်ဆိုနားခွက်က မီးတောက်သူကို ချွေးမသိပ်နိုင်။
ညေး ကတော စမစ်ကို နလပိန်းတုံးကြီး၊ စိတ်ကုန်စရာလူနုံကြီး၊ သူ့ကိုယ်သူ တည်ငြိမ်သော၊ အောင်မြင်သော လူစားမျိုး အဖြစ် ဘ၀င်ကိုယ်နေသူကြီး၊ ထာဝစဉ် ရင်တမမ ဇောချွေးပြန်နေသူကြီး၊ ကြီးပွားကောင်းစားရေး အတွက် ရဲဆေးတင်နေသူကြီး၊ လူပေါ် လူဇော်လုပ်ရန် အာသာငန်းငန်း ဖြစ်နေသူကြီးအဖြစ်သာ ထင်မြင်ထားလေ သည်။
“ခင်ဗျား ကတော့ ပူဖော် ပင်ဖော်တောင် မရဘူး“ ညေးက ဒေါသ ပေါက်ကွဲတော့သည်။

“ဘုရားစူးရပါစေရဲ့ဗျာ။ ကျုပ်လည်း ဇွဲကောင်းကောင်းနဲ့ လုပ်နေတာ ခင်ဗျားလည်း အသိပဲ။ ဗျစ်တီးဗျစ်တောက် လုပ်မနေစမ်း ပါနဲ့ဗျ။ ကျုပ်လည်း ပေ့ကို အပြတ်ရှင်းဖို့ လုပ်နေတာပါပဲဗျာ။ အဲဒီ စာရိတ္တမဏ္ဍ ခိုင်မြဲရေး ကိုယ်တော်မြတ်ကြီး ကို စမြင်လိုက်ကတည်းက သူ့သတင်းစာကို ဖြုတ်ကိုဖြုတ်မယ်လို့ သန္နိဋ္ဌာန်ချထားခဲ့တာပါ။ ဒါကို ဘုံခုနှစ်ဆင့် တက်ပြီး လူသိရှင်ကြားတော့ အော်မနေနိုင်ဘူးဗျ။ အဲဒါမျိုး ကျုပ် မလုပ်ဘူး“
ခဏငြိမ်သွားသည်။ စမစ်ကတော့ စိတ်မချမ်းသာစရာတွေကို တွေးတုန်း တွေးဆဲပင်။ ဂရီလီ ကိစ္စက စိတ်ထဲမှာ တနုံနုံ။ “ဒီတခါ ညအိပ်ဦးမလား မသိဘူး။ ညရထားနဲ့ပဲ ပြန်မှာလားလည်း မသိဘူး“
“နေမှာ မဟုတ်ပါဘူး“ “ဧည့်ခံရင် ဧည်ခံနေရဦးမှာပေါ့ဗျာ။ ခင်ဗျားက ဘာကြောင့် အတပ်သိ နေရတာလဲ“
“သိလို့ သိတာပေါ့ဗျ“ ညေးက ပေါ့တော့တော့ပြောသည်။
“ချွတ်ဖော်ကပွဲ ပို့ပေးဖို့လည်း စီစဉ်မနေနဲ့ဦး“ စမစ်က ညေးကို သံသယအကြည်ဖြင့် ကြည့်နေသည်။ စကားတော့ မဟ။ ချက်ချင်းပင် လေးလေးကန်ကန်ထရပ်ပြီး အခန်းထဲမှ ထွက်သွားတော့သည်။

ညေးက စာရွက်များကို ဘေးဖယ်လိုက်သည်။ တစိမ့်စိမ့် ဆက်တွေးနေ၏။ ပေါ့ပေါ့တန်တန်နေသည့် အကျင့်ပါ လာခဲ့သော်လည်း အရေးကြုံလာလျှင် အလေးအနက် အာရုံစူးစိုက်နိုင်သည်။ လွှတ်ဟေ့ဆိုကတည်းကပင် စမစ်ထံ မှ ဘာအကူအညီမှ မရနိုင်။ သူသာ မီးကုန်းယမ်းကုန် အစွမ်းကုန်ကြဲရလိမ့်မည် မှန်း ကောင်းကောင်း သိခဲ့ရသည်။
ညေး အစွမ်းကုန် ကြဲခဲ့သည့် လူသိများအောင်လုပ်ဆောင်ချက်များ၊ စောင်ရေတိုးအောင် လုပ်ဆောင်ချက် များသည် ပြန်တွေးကြည့်တော့ “ထိပ်“ ချည်းဖြစ်သည်။ မော်ကွန်းကို အုန်းအုန်ကြွက်ကြွက် ပွဲဦးထွက် ကောင်းကောင်း သူ လုပ်နိုင်ခဲ့သည်။ သူ့ ဝေါဟာရဖြင့် ပြောရလျှင် တစ်ပိုင်းသေမြို့ကလေး မရိုးမရွ ဖြစ်လာအောင် သတင်းဆောင်းပါးကဏ္ဍဘက်ကရော၊ ပင်တိုင်ဆောင်းပါးရှင်အဖြစ် သူ့ဘက်ကပါ ဖုတ်ပူ မီးတိုက် လုပ်နိုင်ခဲ့သည်။ သို့သော် မော်ကွန်း အသာစီးရဖို့အရေး တစ်ခုခုတော့ လိုနေသေးကြောင်း ထင်ရှား လာသည်။

ပေ့ ခြေကုန်လက်ပန်း ကျလိမ့်မည်အထင်ဖြင့် စမစ်က တပေပေဆက် ရုန်းနေစေကာမူ ညေးကတော့ အဆုံးအစ မရှိ ရေရှည်စစ်ပွဲ ဆက်နွှဲနေ၍ မရနိုင်မှန် သိနေသည်။ ရုံးချုပ်အရိပ်အကဲ ကို ကြည့်ရသည်မှာ ဆမ်မာဗီးလ် ကိုယ်တိုင် က ရေရှည် ဆွဲမနေချင်တော့မှန်း သိလာသည်။ ယခု ဂရီလီ ဗြုန်းစားကြီး ပေါက်ချလာခြင်းက သက်သေခံနေ သည်။
ဆမ်မာဗီးလ် ငွေကျပ်တည်းနေကြောင်း ညေး အတွင်းစကား ကြားထားပြီး ဖြစ်သည်။ တစ်စုံတစ်ခု တော့ ချက်ချင်း လက်ငင်းနှင့် ထိထိရောက်ရောက် လုပ်ရန် အရေးတကြီး လိုလာပြီ။ လုပ်ရိုး လုပ်စဉ်နှင့် သိသိ သာသာ ခြားနားသော အစီအမံ တစ်ခုတော့ ချမှတ်မှ ဖြစ်တော့မည်။ ဟင်နရီပေ့ ကို နာလန်မထူနိုင်အောင် အလဲထိုးနိုင် မည့် ချက်ကောင်းတစ်ကွက် ကို ရှာမှ ဖြစ်တော့မည်။
ဆမ်မာဗီးလ် ကိုယ်တိုင် လာကြည့်သွားခဲ့သည့် မတ်လလောက်ကပင် ညေး ဥာဏ်နီဥာဏ်နက်မျိုး ထုတ်နေခဲ့ သည်။ လွယ်တော့ မလွယ်။ သို့သော် ဤကိစ္စမျိုးတွင် သူ "လျင်" သည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ကြက်ကန်းဆန်အိုးတိုးပြီး အကွက်ကောင်း ကလေးတစ်ခု မိခဲ့သည်။ ပါးပါးနပ်နပ် ချက်ချက် ချာချာ ကိုင်တွယ်ခဲ့၍ လက်ထဲရောက်သလောက် နီးနီးသေချာလာခဲ့သည်။ တစ်ချက်ချင်း စဉ်းစား လိုက်ရာ ထိုအကွက်ကောင်းကလေးမှာ လက်လွတ်စရာ လမ်းမမြင်တော့။ ထိုအကွက်ကောင်းကလေးကို အလော သုံးဆယ် အသုံးချရန် ညေး စိတ်မကူးခဲ့။ စမစ်ကို ဘုမသိ ဘမသိ ဖြစ်နေအောင် လုပ်ထားရသည် မှာလည်း ပျော်စရာ ကောင်းသည်။ ယခုတော့ ဂရီလီ ရောက်လာတော့မည်ဖြစ်၍ ထိုအကွက်ကောင်းကလေးကို ပွဲထုတ် ရတော့မည်။
တစ်နာရီခန့်အကြာတွင် တိုင်းကာဆယ်မြို့သို့ စမစ်ကားဖြင့် ထွက်သွားသည်။ စမစ် ကျောခိုင်း သည်နှင့် ညေး နေ့လယ်စာစား ထွက်တော့သည်။ တောမြို့ကလေးဖြစ်၍ ညေးအဖို့ ပျော်စရာ ပါးစရာ မရှိ။ ပုံကျ ပန်းကျ ဆံပင်ညှပ်၍ပင် မရ။ ခြင်္သေ့ဟိုတယ်တစ်ခုသာ ရှိသည်။ ဟိုတယ်က အစားအသောက်တော့ မညံ့လှ။ အရက်မျိုးစုံ လည်း ရသည်။

ပုံပျက်ပန်းပျက် မ၀စေရန် ညေး အစားအသောက် ဆင်ခြင်သည်။ သို့သော် ယနေ့အဖို့တော့ အ၀အပြဲ စားလိုက် ချင် သောက်လိုက်ချင် ဖြစ်နေသည်။ ဟင်းမျိုးစုံစား၊ အရက်မျိုးစုံသောက်လိုက် သည်။
သူ့လက်ချက်ဖြင့် ဟင်နရီပေ့ ဒုက္ခလှလှတွေ့တော့မည့် အရေးကို တွေးမိလိုက်၍ စားရသောက်ရ သည်မှာ မြိန် လှသည်။ ညေးသည် လူပုံလူပန်း သားသားနားနားရှိသလောက် ၀န်တိုမိစ္ဆရိယ ကြီးမားသည်။
လီယိုနတ်ညေး သည် လူ့လောကထဲသို့ မဖိတ်မခေါ် ရောက်လာသူ ဖြစ်၏။ သူ့ဖခင် သြဂတ်စတပ် နယူးအောက ၁၉၂၀ခုနှစ် များအတွင်း မဟူရာမြင်းသိုး အမည်ရှိ ခေတ်ရှေ့ပြေး ကဗျာစာအုပ်ဖြင့် ကျော်ကြားခဲ့သူ။ သူ့မိခင် ရှားလော့ ညေးက ပညာတတ်မာန် လျှမ်းလျှမ်းတောက်သူ။ အစဉ်အလာ ကို စက်ဆုပ် ရွံ့ရှာသူ။ သူတို့ တစ်အိမ်တည်း အတူနေကြသည်။ ရှားလော့က စိတ်ထန်သည်။ သို့သော် သြဂတ်စတပ်လို လူပွေကို သဝေ မထိုးအောင် နဖားကြိုး ထိုးနိုင်သလောက်သော ရုပ်ရေ ရူပကာမရှိ။ လီယိုနတ်ညေး ၀ိညာဉ်တွယ်ချိန်တွင် သူတို့ နှစ်ဦး ခွာပြဲကြသည်။

လီယိုနတ်ညေးကို မွေးဖွားပြီးသည့်နောက်ပိုင်းတွင်ကာ မာနခဲနှစ်ဦး၏ သုခုမရသဖြင့် နိဒါန်းသွယ် ခဲ့သည့်နဖူးစာ သည် အာဃာတနဒေါသဖြင့် နိဂုံး ချုပ်ခဲ့လေတော့သည်။
ပထမတော့ လီယိုနတ်ညေးက သူ့မိခင်နျင့်အတူ လိုကနေသည်။ သူ့မိခင် ပြဇာတ်ကရာ တစ်ကောက်ကောက်ပါနေခဲ့၏။ အရွယ်ရလာချိန်တွင် သူ့ဖခင်နှင့်အတူ ပြန်နေသည်။ သူ့ဖခင်မှာ ကဗျာစမ်းရေခမ်းလေပြီဖြစ်၍ သူ့ခေတ်ပြိုင်များ၏ ကဗျာများအပေါ် အမဲဖျက်သလို ထိုးနှက် သည့် ဝေဖန်စာများကိုသာ ရေးနေလေတော့သည်။
နောက်ပိုင်း တွင် ညေးသည် အဖေဆီတစ်လှည့် အမေဆီတစ်လှည့် ဆိုသလို ကူးချည် သန်းချည် လုပ်နေခဲ့ သည်။ သူ့မိဘများက သူ ရောက်လာတိုင်း မကြည်မသာ လက်ခံပြီး သူ ပြန်တိုင်း စိတ်ချမ်းသာ ကိုယ် ချမ်းသာ ဖြစ်ကျန်ရစ်ခဲ့ကြသည်ချည်း ဖြစ်သည်။ နောက်ဆုံးတွင် သူ့ဖခင်က နိုင်ငံရပ်ခြား၌ အခြေစိုက်ရန် ဆုံးဖြတ် လိုက်သည်။

 သူ့ကို ဆေးလိပ်ဆိုင်ပိုင်ရှင် အဒေါ်တစ်ဦးထံ အပ်နှံထားခဲ့လေသည်။
သူ့ဖခင်ထံမှ ထောက်ပံ့ကြေး မှန်မှန်မရ၍ သူ့အား ကျွေးမွေးထားရန် မလောက်မင ဖြစ်လာသည်။ သို့သော် သူ့အဒေါ်က သူ့ကို ပေါက်လွှတ်ပဲစား ပစ်မထား။ ညေး စိတ်နာကျည်းလာသည်။ သူ့ကိုယ်သူ ဘယ်သူ့ ကျေးဇူးခံ ကျေးဇူးစားမှ မဟုတ်ဟူသော အတွေးအမြင် ပေါက်လာသည်။ ဘယ်သူ့ကိုမှ မယုံစား တတ်သော အကျင့်စွဲလာသည်။ ဘယ်သူသေသ ငတေမာပြီးရော  စိတ်ထားမွေးလာသည်။ အသက် ၂၁နှစ် သတင်းစာ လောက၌ ခြေချခွင့် ရလိုကသောအခါ မျိုးရိုးဗီဇဥာဏ်နှင့် ဒိုးဒိုးပေါက်ပေါက် ရေးတတ်သား တတ်သော ပါရမီ က သူ့အဖို့ အောင်မြင်မှု အခြေခံအုတ်မြစ်များ ဖြစ်လာခဲ့လေ၏။
စားသောက်ပြီးချိန် တွင် လီယိုနတ်ညေး စိတ်သွက်ကိုယ်သွက် ဖြစ်လာသည်။ ညနေပိုင်းတွင် ဖြစ်ချင်ရာဖြစ် သူ ရင်ဆိုင်ရန် အသင့်။ ညနေ ၄ နာရီထက်စောပြီး စမစ် ပြန်မရောက်နိုင်း။ ယခု ၂ နိာရီပင် မထိုးတတ်သေး။ ထို့ကြောင့် ဘိလိယက်ခန်းသို့ ဝင်ပြီး ခဲရာခဲဆစ် ထိုးကွက်က လေးများကို ကျင့်နေလိုက်သည်။ ၂ နာရီခွဲတွင် တယ်လီဖုန်း ရုံကလေးထဲ ဝင်သည်။ တံခါးကို အသေပိတ်သည်။ နံပါတ် ၇၀၃၄ နှင့် တယ်လီဖုန်း ဆက်သည်။

ဟဲလို ဟဲလိုနှင့် မိနစ်အတန်ကြာ အော်ရစောင့်ရသည်။ တယ်လီဖုန်း ဆက်သွယ်မိချိန်တွင် အချိုသာဆုံး အသံဖြင့် ပြောသည်။
“မစ္စစ် ဟားဘော်တယ် ပါလား ခင်ဗျာ။ နေထိုင်ကောင်းပါရဲ့နော်။ ဝမ်းသာလိုက်လေခင်ဗျာ။ ဒီ အဆစ်အမြစ် ကိုက်ခဲနာ ဆိုတာ အတော်ခံရတဲ့ ရောဂါမျိုးပေါ့ ခင်ဗျာ။ ဒီနေ့ ညနေပိုင်းမှာ ကျွန်တော်တို့ ကိစ္စလေးကို လက်စသတ်ဖို့ ကျွန်တော်ရယ်။ လူကြီးနှစ်ယောက်ရယ် လာခဲ့ပါ့ မယ်ခင်ဗျာ။ ဘာဖြစ်တယ် ခင်ဗျား ဒါကတော့ မစ္စစ် ဟားဘော်တယ်ဘက် က အလွန်ရယ်လို့ ဆိုနိုင်စရာ မရှိပါဘူးလေ။ လုပ်ထိုက်လွန်းအားတောင် ကြီးနေပါသေးတယ်။ မစ္စစ်ဟားဘော် နယ် စာချုပ်လက်မှတ်ထိုးကတည်းက အသေအချာ ပြောပြီးသား ကိစ္စပဲဟာ။

 မစ္စစ်ဟား ဘော်တယ် သတိရသေးတယ် မဟုတ်လား၊ အခုမှတော့ မလုပ်လို့ မဖြစ်နိုင်တော့ပါဘူး။ အရေးကြီးတဲ့ ကိစ္စဖြစ်နေတော့ တရားစွဲရတဲ့ အဖြစ်မျိုး ရောက်သွားနိုင်ပါသည်။ ပြီးတော့ ခုကိစ္စက ကြုံတောင့်ကြုံခဲ အခွင့်ကောင်း ပါခင်ဗျာ။ ဘာပါလိမ့်ခင်ဗျာ။ မှန်ပါတယ် ခင်ဗျာ။ မိတ်ဟောင်း ဆွေဟောင်းဆိုတာ ကောင်းကြရမြဲ ဓမ္မတာပေါ့ ခင်ဗျာ။ ဒါပေမဲ့ ကိုယ့်အပေါ် မကောင်းတော့လည်း တစ်မျိုးတစ်မည် စဉ်းစားရတော့မှာပေါ့။ မစ္စစ်ဟားဘော်တယ် ကို နှစ်ပေါင်းများစွာ တစပတ်ရိုက် လာခဲ့တာကြီးပဲ ခင်ဗျာ။ ခုလည်း တစ်ပြားတစ်ချပ် မှ နောက်ထပ်ရနိုင်တော့မှာ မဟုတ်တာ ခင်ဗျာ။ ကဲ ဒါဖြင့် သေချာပြီပေါ့နော်။ ကျွန်တော်တို့ လာခဲ့ပါ့မယ် ခင်ဗျာ။ ကောင်းပါလေ့ ခင်ဗျာ။ လက်ဖက်ရည်တွေ ဘာတွေ လုပ်မနေပါနဲ့တော့ ခင်ဗျာ။ နောက်များမှ ကျွန်တော့် ဘာသာလာပြီး လက်ဖက်ရည် သောက်ပါဦးမယ်။ မစ္စစ်ဟားဘော်တယ် ကိုယ်တိုင်လုပ်တဲ့ မုန့်ကလေးတွေလည်း စားပါဥိးမယ်။ အရသာရှိပါပေ့ ခင်ဗျာ။ ကောင်းလှပါပြီ ခင်ဗျာ။ ကလေးတွေလည်း စားပါဦးမယ်။ အရသာရှိပါပေ့ ခင်ဗျာ။ ကောင်းလှပါပြီ ခင်ဗျာ။ အတိုင်းထက် အလွန်ပါပဲ ခင်ဗျာ။ ဒီနေ့ ညနေပိုင်း နော် မစ္စစ် ဟားဘော်တယ်"

"ငါးသလောက်အိုမကြီး"
ဟု သူ ကင်ပွန်းတပ်ထားသည့် မစ္စစ်ဟား ဘော်တယ်နှင့် စကားပြောရသည်မှာ မဲ့ရရွဲ့လွန်းလှ၍ မျက်နှာ အကြောဖြေရန် ဘရန်ဒီတစ်ခွက် ပင် ထပ်သောက်လိုက်ရသေးသည်။ မိန်းမကြီးက ကပ်သီး ကပ်သပ်။ နားလေး ပါးလေးကြီး။ အပြောရဆိုရ လက်ဝင်လှသည်။ ဘရန်ဒီလောက်ပြီးမှ သတင်းစာ တိုက်ခွဲသို့ ပြန်လာခဲ့ပါသည်။
လက်မတင် ကလေးပင်။ စားပွဲတွင် သူ ထိုင်ချလိုက်ရုံရှိသေး။ ဂရီလီနှင့် စမစ်တို့ ၀င်လာကြသည်။
အုပ်ချုပ်မှု အယ်ဒီတာက အသက် ၅၀ကျော် အရွယ်။ အရပ်ရှည်လွန်းသလောက် ပိန်လွန်းသည်။ မျက်နှာသွယ်သွာ်။ ပါးခွက်ခွက်။ မျက်နှာပေါက် ဆိုးဆိုး။ သူ့ကို ကြည့်ရသည်မှာ သင်္ချိုင်းမှာ ဖော်လာစ အလောင်းကောင်နှင့် ဆင်ဆင်တူသည်။ သို့သော် မျက်နှာထားက ယဉ်ကျေးဖွယ်ရာ ရှိပါပေ၏။ သုဘရာဇာက အလောင်းကောင် ကို ခြယ်သထားသည့်အလား။ သူ့ဝါသနာကလည်း သုဘရာဇာ ဆန်သည်။ အားလပ်ရက် များတွင် ရှေးဟောင်းအပြိုင်အပျက်များ၊ ဂူသင်္ချိုင်းများကို တူးဟယ် ဆွဟယ်နှင့် အချိန်ကုန်သည်။

ဂရီလီသည် အိုက်စပ်စပ်အချိန် ဖြစ်ပါလျက် အပေါ်အင်္ကျီထူကြီး ၀တ်လာသည်။ ယခုမှပင် ချွတ်တော့သည်။ ရုပ်ရည် က ဆန်းဆန်း၊ ဟန်ပန်က ကြောင်ကြောင်။ သို့သော် ဥပဒေ ကျွမ်းသည်။ ဆမ်မာဗီးလ် အဆွယ်ကောင်း ၍ သတင်းစာလောကသို့ ၀င်မလာမီ ထင်ရှားသော ၀တ်လုံတော် ရ ရှေ့နေကြီး တစ်ဦး ဖြစ်ခဲ့ သည်။
"ခင်ဗျားကလည်း မစ္စတာစမစ်နဲ့တောင် လိုက်မလာနိုင်တော့ဘူးလား"
"တစ်ယောက်ယောက်တော့ တိုက်ခွဲမှာ ကျီးစောင့်ကြက်နှင့် ကျန်ခဲ့ရဦးမှာပေါ့ဗျာ" ညေးက ဖြေရှင်း၏။

စာရင်းအင်းများကို စတင် ရှင်းကြသည်။ လွန်ခဲ့သည့်လ သတင်းစာ အရောင်းစာရင်းများကို စစ်ဆေးကြသည်။ ကျွမ်းကျင်သူနှစ်ဦး ရှင်းကြလင်းကြပုံကို ညေး ထိုင်ကြည့်နေသည်။ ဂရီလီသည် စာရွက်ပုံကြီးထဲတွင် အရိုးခြောက် လက်ချောင်းများကို ထိုးကာ လှန်လှောရင်း အမူအရာ ပြောင်းလာသည်။ တဖြည်းဖြည်းနှင့် "ဆွဲချ" ဟန်ပေါက် လာသည်။ ခဏကြာမှ မျက်မှန်ကို ဖြုတ် သည်။ နောက်မှီပြီး ထိုင်လိုက်သည်။
"စိတ်ပျက်စရာကြီးပါလား။ ကျုပ် ထင်ထားတာထက်တောင် ဆိုးနေသေးတယ်" စမစ်က ပလုံးပထွေး ပြောသည်။
"ကျွန်တော် တို့လည်း ထုတ်လုပ်ရေးဌာနကို အတင်းညှစ်နေတာပါပဲ။ ၀န်ဆောင်စရိတ်တွေ ကို လည်း ဖြတ်တယ် တောက်ဟယ် လုပ်နေတာပါပဲ။ အက်တလေ စီမံကိန်းကြီး အကောင်အထည်ပေါ်ရင် ကိစ္စက ပြီးနေပါပြီ။ စာဖတ်ပရိသတ် အများကြီး တိုးလာဖို့က အဲဒီစီမံကိန်းအပေါ်မှာပဲ တည်တော့ တာပါ။ ဒါပေမဲ့ တရွှေ့တည်း ရွှေ့နေတော့လည်း မတတ်နိုင်ဘူးပေါ့ခင်ဗျာ"
"အတ်တလေကို ဘေးချိတ်ထားလိုက်စမ်းပါ။ တကယ်က လက်ထဲရောက်ပြီး သား စောင်ရေတွေ ပြုတ်နေ တာဗျ။ ပေ့ ပြန်ထောင်လာ တဲ့ သဘောကို ပြနေတာဗျ"
စမစ်က ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ရှည်ရှည်ဝေးဝေး ရှင်းပြနေ၏။

လုပ်ထားသမျှ အစီအမံ၊ ကြုံတွေ့ရသမျှ အခက်အခဲ၊ မကြာမီ ပေါ်ထွက်လာမည့် အကျိုးရလဒ်များ ကို ဇောက်ချပြီး ရှင်းပြနေ၏။ ဂရီလီက ဆုံးအောင် နားထောင်နေသည်။ ပြီးမှ စကားလုံးများကို မပြောမီ ၀ါးချေပစ်သည့် အလား မေးရိုးများကို တလှုပ်လှုပ်လုပ်ရင်း မေးသည်။
"ဒီစီမံချက် အတွက် သတ်မှတ်ထားတဲ့ငွေနဲ့ လက်ကျန်က ပေါင် ၁၀၀၀၀ တောင် မရှိတော့ဘူး။ ဒီအတိုင်း ဆက်သုံးသွား ရင် ခင်ဗျားတို့ အရှုံးက ဒီလက်ကျန်ငွေကို တစ်လခွဲလောက်နဲ့ မျိုသွားမှာပဲ။ ကျုပ် မေးချင်တာက ဒီတော့ ခင်ဗျား တို့ ဘာလုပ်ကြမှာလဲ"
"ကျွန်တော် တို့ မျှော်လင့်တာကတော့ ... ရည်မှန်းချက်လည်း ပြည့်ခါနီးနေတော့ ... ကျွန်တော်တို့ ကတော့ နောက်ထပ် ငွေ လိုချင် တာပဲ"
ဂရီလီ က ခေါင်းရမ်းလိုက်၏။

"မလွယ်ဘူး စမစ်ရေ ... ခင်ဗျား အလုပ်ကြိုးစားတာ၊ တာဝန်ကျေတာ ကျုပ် သိပါတယ်။  ဒါပေမဲ့ နောက်ထပ် ငွေဖြည့်ပေး ဖို့ ဆမ်မာဗီးလ်ကို ကျုပ် အကြံ မပေးနိုင်တော့ဘူး။ ကျုပ် အမြင်တော့ ဒီစီမံချက် တစ်ခုလုံး ပတ်စာခွာ ဖျာသိမ်းရုံ ရှိတော့တာပဲ။ လုံးဝ မမျှော်လင့်တာတွေ ဖြစ်လာရင် တော့ တစ်မျိုးပေါ့လေ"
ဂရီလီ က ညေးကို လှမ်းကြည့်သည်။
"မစ္စတာ ညေး ကရော ဘာအကြံ ဥာဏ်များ ပေးချင်သေးလဲ"
ဟု မလိုတမာ လေသံဖြင့် မေးသည်။
"အကြံပေးချင် တာ တစ်ခုတော့ ရှိတယ်"
ညေးက ဆက်မပြောမီ စီးကရက် မီးညှိနေလိုက်သေးသည်။ သူက ဂရီလီ နှိမ်တိုင်းမခံ။ ဂရီလီ ၀တ်လုံတော်ရကြီးပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ဘုရင့်ကော်မရှင်အဖွဲ့ဝင်ပဲ ဖြစ်ခဲ့ဖြစ်ခဲ့ သူ့အဖို့ ကပ်စေးနှဲ ကော်တရာကြီး သာ ဖြစ်သည်။ သူ အမေရိကန်တွင် တာဝန်ထမ်းစဉ်က အသုံးစရိတ်များ ကို လျှော့ချပစ်ခဲ့သူမှာ ဂရီလီပင် ဖြစ်သည်။ လောလောဆယ်တွင်တော့ နင်ပဲငဆ ဖြစ် မနေချင်။ ပျော့ပျော့ပျောင်းပျောင်း အကျိုးသင့် အကြောင်းသင့် ပင် ပြောသည်။

"ကျွန်တော့် သဘောပြောရရင် ခင်ဗျားတို့ ပြောနေတာက အခြေအနေကို တစ်ဖက်သတ်မြင်နေတာ ပဲ။ ခင်ဗျားက ကိန်းဂဏန်းတွေ၊ ကုန်ကျစရိတ်တွေ၊ ရာခိုင်နှုန်းတွေကိုပဲ စကားထဲ ထည့်ပြောနေ တယ်။ ရှေ့ကိုတော့ ကျော်မကြည့်ဘူး။ မော်ကွန်းဖွင့်ရတာဟာ တကယ် ခက်ခဲတဲ့ ကိစ္စဗျ။ ပေ့ဆိုတဲ့ ငနဲကြီးကလည်း ကျွန်တော်တို့ ထင်တာထက် တောင့်တဲ့ငနဲကြီးဗျ။ ကျွန်တော်တို့လည်း ထိပ်တန်း ကျကျ လူသိများအောင် လုပ်တာပဲ။ ဒါပေမဲ့ အပြတ်အသတ် မဆော်နိုင်ဘူး။ ဒီမှာ မစ္စတာ ဂရီလီ၊ ခင်ဗျားက ကျွန်တော် တို့ကို မျက်လုံးဒေါက်ထောက်ကြည့်နေတယ်။ ကျွန်တော်ကလည်း တခြား ဘက်ကို မျက်လုံးဒေါက်ထောက် ကြည့်နေတာပဲ ဗျ။ ပေ့လည်းပဲ ကျွန်တော်တို့လိုပဲ တတိတိ အရှုံးပေါ်နေတာပဲ။

ပြီးခဲ့တဲ့ နှစ်လက စပြီး သူလည်း အရူးမီးဝိုင်း ငွေရှာနေရတာပဲ။ လွန်ခဲ့တဲ့ ငါးပတ်က ဘဏ်မှာ သူ ငွေသွားချေးတယ်။ မရဘူး။ ဘဏ် ဥက္ကဋ္ဌဆီအထိ တက်တွေ့တယ်။ ဒါလည်း မရဘူး။ ကြွေးလည်ပင်းခိုက်လာတော့ အိမ်ကို ပေါင်ရတယ်။ အသ်က အာမခံငွေ ပြန်ထုတ်ရတယ်။ စုဆောင်း ထားတဲ့ ရှေးဟောင်းကြွေထည်တွေကို ထုတ်ရောင်းရတယ်။ ဒုတိယ အယ်ဒီတာချုပ်ဆီက ငွေချေးရတယ်။ အလုပ်သမား တချို့ကို လစာ ၂၀ရာခိုင်နှုန်း လျော့ယူခိုင်း ရတယ်။ သူ သက်ဆိုးရှည်မနေဘူးလို့တော့ မပြောနိုင်သေးဘူးပေါ့ ဗျာ။ ဒါပေမဲ့ အခြေသိပ်ယိုင်လာ နေပြီ ဆိုတာကတော့ ရှင်းနေပြီပဲ။ နောက်ဆုံး ချက်ကောင်း တစ်ချက်မိရင် လဲဖို့သေချာနေပြီ"
ဂရီလီ က ဂရုတစိုက် နားထောင်နေသည်။ ပြီးမှ စူးစမ်းသံ ပါသော်လည်း စိတ်မရှည်သော လေသံ ဖြင့် ၀င်ပြောသည်။

"ခင်ဗျားပြောတာတွေ ဟုတ်ရင်တောင်မှ ဒီလိုနဲ့ပဲ အကြာကြီး တန်းလန်း ဖြစ်နေဦးမှာပါဗျ။ ပြီးတော့ ခင်ဗျားပြောတဲ့ နောက်ဆုံး ချက်ကောင်းတစ်ချက်က ဘယ်က လာမှာလဲ"
ညေးက ကိုယ်ကို ရှေ့ကို ကိုင်းပြီး စကားကို တစ်လုံးချင်း ပြောသည်။ ယုတ္တိ ခိုင်ခိုင်ပြောသည်။ ဂရီလီကို စိတ်ထဲက မနှစ်မြို့သော်လည်း သူ နားဝင်အောင် ပြောချင်သည်။ သူ့ကို အပါဆွယ်ဖို့ အရေးကြီးသည်။
"ဥတ္တရအလင်းတိုက်က ပေ့ ပိုင်တယ်ဆိုပေမယ့် ပုံနှိပ်စက်ခန်းတိုက်ကို မပိုင်ဘူးဗျ။ မစ္စစ် ဟားဘော်တယ်ဆိုတဲ့ သူ့အဖေရဲ့ သူငယ်ချင်းရဲ့ မုဆိုးမကြီးပိုင်တာ။ စာချုပ်နဲ့ ငှားလာတာ ကြာလှ ပြီ။ ငှားခကတော့ မည်ကမတ္တပဲပေါ့။ ကျွန်တော် လက်ထဲမှာ အဲဒီအငှားစာချုပ်ရဲ့ ဓာတ်ပုံမိတ္တူ ရှိတယ်"
ဂရီလီ နားရွက်ထောင်လာသည်။ သို့သော် ညေးကို မယုံ။ စမစ်ကတော့ အိပ်မွေ့ချခံထားရသည့် ပမာ ပါးစပ်ကြီး အဟောင်းသားနှင့်။

"ဒီကိစ္စကို ကျွန်တော် သိတာ တစ်လကျော်နေပြီ။ အတော်မွှေရွာရတာ။ တွေ့တော့ ကျွန်တော် ဘာလုပ်တယ်ထင်သလဲ။ ဘာမှမလုပ်ဘူး။ အဘွားကြီးနဲ့ ချက်ချင်း မတွေ့သေးဘူး။ ဇွန်လဆန်းမှာ ကျွန်တော် တို့ဆီ ခြံခုန်လာတဲ့ ဘာလ်မာက တစ်ဆင့် အဘွားကြီးနဲ့ ကျွန်တော် အသိ ဖြစ်လာတယ်။ အဘွားကြီး အကြိုက် လိုက်လုပ်တယ်။ အဘွားကြီးနဲ့အတူ လက်ဖက်ရည်သောက်တယ်။ တိုက်ငှား စာချုပ်ကိစ္စကို အမှုမဲ့ အမှတ်မဲ့ စကားတောက်ကြည့်တယ်။ ငှားခါ နည်းနည်းလေးပေးပြီး အမြတ် ထုတ်နေတာကို ထောက်ပြတယ်။ တစ်စတစ်နဲ့ ကျွန်တော်တို့ကို အဲဒီ အခန်းရောင်းဖို့ နားသွင်းလို့ ရလာတယ်။ ကဲ ... ပေ့ ဘာဖြစ်သွားနိုင်တယ် ထင်သလဲ။ သူ့မှာက တစ်ပူပေါ် တစ်ပူဆင့်နေတာ။ ဗြန်းစားကြီး သတင်းစာရိုက်စရာ နေရာ မရှိတော့ဘူးဆိုရင် သူ ဘာလုပ်မလဲ"
"ခင်ဗျားပြောနေတာ မဟုတ်သေးပါဘူး။ အဲဒီစာချုပ် ပြစမ်းပါဦး"

ညေးက စာချုပ်မိတ္တူ ကို ထုတ်ပေးလိုက်သည်။ အရိပ်အကဲ စောင့်ကြည့်နေသည်။ ဂရီလီက မျက်မှန်ချွတ် လိုက်သည်။ နှာခေါင်းရှုံ့ လိုက်သည်။
"ဒီဟာက တရားဝင် စာချုပ်ပဲဗျ။ သက်တမ်းပြည့်ဖို့ ၄လ လိုသေးတယ်။ ပြီးတော့  ၃လ နို့တစ်ပေး ရမှာကလည်း ရှိသေးတယ်။ အားလုံး ၇လ ကြာမယ်။ ခင်ဗျား အစီအစဉ်က မစွံနိုင်ပါဘူး"
"နေပါဦးလေ" ညေးက ပြောသည်။
"စက်ရုံ၊ အလုပ်ရုံ ဥပဒေ နဲ့ ကိုင်နိုင်ပါသေးတယ်ဗျ"
ဂရီလီ က အငိုက်မိသွားသလို ညေးကို ပြန်ကြည့်နေသည်။

"ကဲ ... ဆိုပါဦးလေ" ဟု ပြောလိုက်၏။
"ကျွန်တော် ပြောထားတယ် မဟုတ်လား။ တိုက်ကြီးက အိုလှပြီ။ ဒီကိစ္စကို ကျွန်တော် အူသေးချေးမကျန် စုံစမ်းပြီးသား ဗျ။ ဘုရားဟော လိုသာ ယုံပေတော့။ စက်ရုံ အလုပ်ရုံ ဥပဒေနဲ့ မကိုက်ညီတာ အချက်သုံးချက် ရှိတယ်။ (၁) ပြတင်းပေါက်တွေက ကြမ်းပြင်အကျယ်ရဲ့ ဆယ်ပုံတစ်ပုံ မရှိဘူး။ (၂) မီးဘေးကိစ္စ ပေါ်ရင် ထွက်နိုင် ဖို့ တံခါးနှစ်ပေါက် ဖောက်မထားဘူး။ (၃) အတွင်းခန်းတွေရော စင်္ကြံတွေပါ ထုံးမသုတ်တာ တစ်နှစ်ကျော် လာပြီ"

ဆက်ရန်
.

No comments: