Saturday, July 7, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၁၆)

ထိုနှစ်နွေရာသီတွင် "ရောဘတ်စ်ကလပ်"သို့ ပြန်အလုပ် လုပ်သည်။ ထိုအချိန်က "ရီပတ်ဗလီ ကင် ပါတီ ကိုယ်စားလှယ် အစည်းအဝေး"မှာ ထိုမြို့တွင် ကျင်းပနေသည်။ တစ်ညတွင် ကိုယ်စားလှယ် အချို့သည် ကျွန်တော့်ပွဲ ကို လာကြည့်ကြသည်။ ကျွန်တော့် ပြက်လုံးများနှင့် ပတ် သက်၍ သူတို စကား အတော် ပြောဖြစ်ကြသည်။ ရက်အနည်းငယ်အကြာတွင် အမေရိကန် အသံ လွှင့်ဌာနမှ "ဂျွန်ဒေလိ" ၏ လူများရောက်လာကြသည်။ သူတို့သည် မြောက်အရပ်မှ လူမျိုးစုအခြေ အနေများကို မှတ်တမ်း တင် ရုပ်မြင်သံကြား ရိုက်ကူးရန် အတွက် လာရောက်ကြခြင်း ဖြစ်သည်။ "ပထမ အုတ်မြစ်ချခြင်း" ဟု ဇာတ်ကား ကို အမည်ပေး ထားသည်။ ကို ဆက်ဖတ်ရန်.............

သူတို့က ကျွန်တော့်ဆီလာပြီး ကျွန်တော့်အစီအစဉ်များကို ရိုက်ကူး အသံသွင်းယူကြသည်။ စာချုပ် တစ်ခုကိုပါ ချုပ်ဆိုရပြီး တရားဥပဒေဘောင်အတွင်းမှ ရသင့်ရထိုက်သည့် အခွင့်အရေးများ ခံစားပိုင်ခွင့်ကိုပါ  လက်မှတ်ရေးထိုး ရသည်။ ကျွန်တော့်အစီအစဉ်များကို နှစ်နာရီကြာမျှ ရိုက်ကူး အသံသွင်းယူသွားကြသည်။
ကျွန်တော် သည် ထိုသတင်းကို ပြောကြားရန်အတွက် လီလီယန်ထံသို့ ပြေး၍ပင် သွားတော့၏။ ဇနီးကို ၀မ်းသာ အယ်လဲပြောပြပြီး ကျွန်တော့်ဇာတ်လမ်းကို အမေရိကန်ပြည် တစ်ဝှန်းရှိ လူတိုင်း ရုပ်မြင်သံကြားတွင် မကြည့်မဖြစ် ရလေအောင် သေနင်္ဂဗျူဟာများ ချမှတ်စီစဉ်ရ၏။

"လီလီယန်ရေ၊ မင်းတို့တက္ကသိုလ်မှာ မင်းလက်နှိပ်စက်ရိုက်ရတဲ့ စက္ကူမျိုးတွေကို သိတယ် မဟုတ်လား"
"သိတာပေါ့ မောင်ရဲ့"
"အဲဒါ မင်းနည်းနည်းလောက် ယူပေး ရင် မရဘူးလားဟင်"
"ရပါတယ်"
"ရရင် မောင်အဲဒီလို စက္ကူမျိုး ရှစ်သောင်းလောက်လိုချင်တယ်ကွာ"
နောက်တစ်နေ့ မနက် တွင် "မီရှေးလ်"လေးကို ၀တ်စားဆင်ယင်ပေးပြီး တက္ကသိုလ်သို့ ကား မောင်းထွက် လာခဲ့သည်။ တက္ကသိုလ်ရုံးမှ မိန်းမကြီးမှာ လီလီယန်နှင့် အလွန်ခင်သူဖြစ်ပြီး သဘော ကောင်း သူကြီး လည်း ဖြစ်သည်။ သို့သော် စက္ကူအရွက် ရှစ်သောင်းလိုချင်သည်ဟု ကြားရသော အခါ၌ကား အနည်းငယ် ခေါင်းရှုပ်သွားဟန် တူပါသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဖယောင်း စက္ကူဝယ်ပြီး မိတ္တူလှိမ့်ရန် အကြံ ကိုသော အသုံးပြုလိုက်ရတော့သည်။ ငွေချေး၍ရသည်နှင့် စက္ကူ ၀ယ်ပြီး အမြန်ဆုံးရိုက်နှိပ်ရတော့သည်။

ကြော်ငြာမှာ လက်ကမ်းကြော်ငြာ ရိုးရိုးလေးပင် ဖြစ်ပါသည်။ အမေရိကန် ရုပ်မြင်သံကြားကုမ္ပဏီမှ တင်ဆက်သော "ပထမအုတ်မြစ်ချခြင်း" အမည်ရှိ ရုပ်မြင်သံကြား အစီအစဉ်ကို ၁၉၆၀ ခုစက်တင် ဘာလ ၂၇ရက်နေ့ တွင် ကြည့်ဖြစ်အောင် ကြည့်ကြပါ" ဟူ၍ ရေးသားထားပြီး ထိုအစီအစဉ်ကို သင်ကြိုက်နှစ် သက် ရမည်ဖြစ်ကြောင်း အထူးသဖြင့် ထိုအစီအစဉ်ကို ပါဝင်သရုပ်ဆောင်သူ "ဒစ်ဂရီဂို၇ီ"အား မုချနှစ်ခြိုက် ရမည် ဖြစ်ကြောင်းများဖြင့် ကြော်ငြာထားသည်။

ရက်သတ္တပတ် နှစ်ပတ်ခန့်ကြာအောင်ပင် ထိုလက်ကမ်းကြော်ငြာများကို လိုက်လံ ဝေငှခဲ့သည်။ "လမ်းထောင့်များ၊ အရက်ဆိုင်များ၊ ပျော်ပွဲစားရုံများ၊ ရုပ်ရှင်ရုံများ၊ ကျောင်းများ၊ စားရုံများတို့ တွင် လိုက်လံဝေငှ သည်။ အချို့လူများကလည်း ဖတ်ကြပါသည်။ အချို့လူများကမူ မဖတ်ဘဲ လွှတ်ပစ်တတ်ကြသည်။ သူတို့ပစ်သွားသော ကြော်ငြာများကို ကျွန်တော်က လိုက်ပြီး ပြန်ကောက် သိမ်းရသည်ကပင် အလုပ်ကြီး တစ်ခု၊ ကျွန်တော့်ကြော်ငြာ စာရွက်တစ်ရွက် လွှင့်ပစ် ရသည်ကပင် အလုပ်ကြီးတစ်ခု၊ ကျွန်တော့် ကြောငြာ စာရွက် တစ်ရွက် လွှင့်ပစ်လိုက်ခြင်းသည် ကျွန်တော့်သွေးတစ်စက် မြေပေါ်ကျသည်သို့ ခံစားရပါသည်။

စိန့်လူဝီသို့သွားပြီး ကားပေါ်မှနေ၍ ကြော်ငြာများ ကြဲချပြန်သည်။ ကာာဘွန်းဒေးလ်သို့ သွားပြီး ကျောင်းသား သမဂ္ဂရှေ့ တွင် သွားကြဲပြန်သည်။ တံဆိပ်ခေါင်းဖိုး ပိုက်ဆံချေးပြီး ဆွေမျိုး မိတ်ဆွေ သူငယ်ချင်း များ အိမ်သို့စာတိုက်မှနေ၍ ကြော်ငြာပို့ပြန်သည်။
ရုပ်မြင်သံကြား အစီအစဉ်ရှိသည့် ညမှာပင် ကြော်ငြာတွေ ဝေတုန်းဖြစ်သည်။ တစ်ဦးတစ်လေ သတိမေ့ပြီး မကြည့်ဖြစ်ကြမည် ကို စိုးလွန်း သောကြောင့် ၀ီရိယ ပိုနေခြင်း ဖြစ်သည်။ အိမ်ပြန်ရောက် လာသောအခါ အစီအစဉ် စ၍ ၁၅မိနစ်မျှပင် ရှိနေချေပြီ။

"လီလီယန်ရေ ၊ မောင့်အခန်း ပါသွားပလားဟေု့" "ခုထိ မပါသေးဘူးမောင်ရဲ့"
ည ၈း၃၀ လောက်တွင် ရုပ်မြင်သံကြားမျှ မိတ်ဆက်ပေးလိုက်သည်။ မကြာမီပင် ကျွန်တောာ် အကြောင်း ကို နှစ်မိနစ်ကြာမျှ မိတ်ဆက်ပေးလိုက်သည်။ မကြာမီ ပင် ကျွန်တော် အခန်းရောက် ပေတော့ မည်။ နိုင်ငံတစ်ဝှမ်းလုံး ကျွန်တော်ကို ကြည့်နေကြရတော့မည်။
မကြာမီ တွင် ကျွန်တော်ဟာသခန်း နှစ်ကွက်ပြသည်။ အလွန်မြန်သောတိုတောင်းသော ဟာသနှစ်ခန်းဖြစ်သည်။ စက္ကန့်နှစ်ဆယ် မျှ လောက်သာ ကြာမည်ဖြစ်သည်။ ထို့နောက် ပြီးသွားပြီး စီးပွားရေး ကြော်ငြာများလာသည်။
"အတော်ကောင်း တဲ့ အစီအစဉ်ကွ။ ဒါတွေက စီးပွားရေး ကြော်ငြာတွေလေ။ တမင်ကြား ဖြတ် ထည့် ပေးထားတာဖြစ်မှာပေါ့။ ပြီးမှ မောင့်အခန်းတွေလာမယ် ထင်တယ်။

တမင်သက်သက်ကျီစားထားတာလေ"
"ဖြစ်နိုင်တယ်မောင်"
ညကိုးနာရီထိ ထိုင်ကြည့်ကြသည်။ အစီအစဉ်သာ ပြီးသွားသည်။ ကျွန်တော်အခန်းများ ကား ပေါ်မလာတော့။
" ဒါက အပိုင်းတစ် ဖြစ်ခြင်ဖြစ်မှာပေါ့မောင်။ နောက်တစ်ပတ်ကျရင် အပိုင်းနှစ် လာချင်လာမှာပေါ့"
"ဖုန်းဆက်ပြီးသာ မေးကြည့်စမ်းပါကွာ"
သူဖုန်းဆက်သည်။ ထို့နောက် တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့် ကြပြီး နှစ်ဦးသား အော်ငို လိုက်ကြ ရသည်။ ကြော်ငြာက သောင်း ခြောက်ထောင် ကျွန်တော် ပြကွက်က စက္ကန့် နှစ်ဆယ်၊ ကျွန်တော်ဖြင့် ယုံပင် မယုံနိုင်။ သူတို့ ရိုက်ကူး အသံသွင်း တာက နှစ်နာရီ ပင် ကြာခဲ့သည်။     

အိုဘာအရေးလဲ ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ကြရုံပေါ့။ ကလပ်တစ်ခုတွင် တစ်ပတ်လျှင် ၁၂၅ ဒေါ်လာနှင့် တစ်လ မျှ လုပ်ခဲ့သည်။ ကျွန်တော်အား အကူအညီပေးမည့် လူအချို့နှင့် သိကျွမ်းခဲ့ရသည်။ ကနေဒါမှ "တင်မ်ဘောက်ဆာ" ဆိုသူ သတင်းစာသမားလေးတစ်ဦး သည် အလုပ်ပြုတ်လာ၍ ကားထဲမှာပင် အိပ်စားနေရ သည့် ဘ၀ သို့  ရောက်နေရသည်။ သူနှင့် ကျွန်တော်သည် ခင်မင်ရင်းနှီးသွားပြီင်္း သူက လူထုပရိတ်သတ် စိတ်ဝင်စားစေ မည့် အရာများကို ကျွန်တော် အတွက် လုပ်ပေးမည်ဟု ပြောသည်။
ကမ္ဘာပေါ် တွင် အကျော်ကြားဆုံး ဟာသစာရေးဆရာများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သူ "ဘော့ အော်ဘင်"နှင့် လည်း သိကျွမ်းခဲ့ရသည်။ သူအားငွေပေး၍ ဇာတ်လမ်းရေးခိုင်းရန်မှာ ကျွန်တော့် အတွက်တတ်နိုင်စွမ်းသော ကိစ္စ မဟုတ်။ သို့သော် သူက ကျွန်တော့်အား လစဉ်ထုတ် အထွေ ထွေဟာသ စာတမ်းများကို ပို့ပေးသည်။ "ဂျိုမူစီ" ဆိုသူကလည်း အမေရိကန်ပြည်တွင် ထိပ်တန်း ဇာတ်ကိုယ်စားလှယ် ဌာနကြီးတစ်ခုနှင့် ဆက်သွယ်ပေးခဲ့သည်။

ထို့ပြင် "ဖရက်ဒီဝီလျံဆမ်"ဆိုသူ ရှီကာဂို ကိုယ်စားလှယ်ကြီးနှင့်လည်း မိတ်ဆက်ပေးခဲ့သည်။ "ဖရက်ဒီ"သည် ကျွန်တော့်ပွဲများကို တစ်ခါမျှ လာမကြည့်ခဲ့။ ကျွန်တော်ကသာ နိစ္စဓူဝ သူ့ရုံးခန်း ထဲသို့ သွားပြီး အလုပ်ကလေး များ ရလိုရငြား မေးမြန်းစုံစမ်းနေရသည်။ တယ်လီဖုန်းစကားပြော၊ အခြားအလုပ်ကိစ္စများ ဆောင်ရွက်ဖြင့် သူ မအားမလပ် သည့်ကြားမှပင် ကျွန်တော်ကလည်း အကွက် ၀င်လျှင် ၀င်လသလို၊ တစ်ခွန်းစ နှစ်ခွန်းစဖြင့် ဟာသ များ အရည်အသွေးများ ပြနေရ သည်။ နောက်ဆုံးတွင် သူက ကျွန်တော့်ကို သဘောကျသွားပြီး ရှီကာဂိုရှိ "ပလေးဘွိုင် ကလပ်"  တွင် ၀င် လုပ်နိုင်ရန် ကြိုးစားပေးမည်ဟုပင် ပြောသည်။
ထိုကလပ် မှာ အရည်အသွေးရှိသော လူသစ်တစ်ဦးအား အမြဲတမ်းရှာဖွေနေသော ကလပ်ဖြစ် သည်။ စပ်ကူး မတ်ကူး အချိန်တွင်းကား ၁၉၆၀ခု နိုင်ဝင်ဘာလတွင် "အက်ဒီဆာလင် ညလယ်စာ ကလပ်"တွင် တစ်ပတ်မျှ ၀င်လုပ်ခွင့် ရခဲ့သည်။

ဤသည်မှာ ကျွန်တော့်တစ်သက်တာတွင် အကြီးမားဆုံး အလုပ်တစ်ခုဖြစ်ခဲ့သည်။ ကျွန်တော်မြင်ဖူး ရောက်ဖူး သမျှတွင် လည်း အကြီးဆုံးသော လူဖြူကလပ်ကြီးတစ်ခု ဖြစ်သည်။ တစ်ပတ်လျှင် ဒေါ်လာနှစ်ရာနှင့် အလုပ်စတင် လက်ခံခဲ့သည်။ အဆိုကျော် နာမည်ကြီးတစ်ဦးဖြစ် သူ "ဒွန်ကော်နဲလ်"နှင့် လခတစ်စား ထဲဖြစ်သည်။ ထိုသို့လူဖြူကလပ်ကြီး တစ်ခုတွင် လူဖြူအနုပညာရှင် ကြီးတစ်ဦးနှင့် တွဲဖက်လုပ်ရတော့မည်။ ထို့ပြင် ကလပ်ပိုင်ရှင်က သူ့ကလပ် တွင်ကျွန်တော့်ကို အကြွေးဝယ်စားခွင့်လည်း ပြုထား၏။ ထို့နောက် ငွေလည်းထုတ်ချေးရာ လီလီယန်ထံသို့ ဈေးဖိုးလုံလုံလောက်လောက်ပင် ပို့ပေးနိုင်ခဲ့သည်။ ကျွန်တော် ကိုယ်တိုင် လည်း ထိပ်တန်းနီးဂရိုး မင်းသားကြီး တစ်ဦးအလား ငွေသားဆိုင်တွင် ခန့်ခန့်ထည်ထည် ၀င် ထိုင်ကာ ဖောက်သည်မိတ်ဆွေများကိုပင် အရက်များ ၀ယ်တိုက်ခဲ့သည်။
သို့သော် ဤစည်းစိမ် မှာ မကြာလှပါ။ မကြာမီတွင် အိမ်ခန်းလေးတစ်ခု ငှားနေရပါတော့သည်။

နေရသည် မှာတော့ နီဂရိုး ရပ်ကွက်ရှိ တစ်ပတ်လျှင် ဆယ်ဒေါ်လာမျှပေးရသော အခန်းကျဉ်းလေး တွင်ပင်။ တပတ်စာ လာစာစပေါ်တင်ရသော အခန်းကိုပင် မတတ်နိုင်၍ ဤအခန်းလေးတွင်ပင် ကုပ်ကပ်နေရခြင်းဖြစ် သည်။ ထိုအခန်းမှာ ပျော်ပွဲစားရုံတစ်ခု၏ အပေါ်ဆုံးအထပ်တွင် ဖြစ်သည်။ ကျွန်တော်က ပိုင်ရှင်အား ကျွန်တော် သည် "လာ့စ်ဗီဂေါ့စ်"တွင် ပွဲကြီးတစ်ခုကပြီးနောက် ပြန်လာ သူဖြစ်ကြောင်း၊ ယခု ဤနေရာ ခေတ္တနေရခြင်းသည် ရစရာ အကြွေးများ ပျံ့နှံ့နေ၍ ရှောင်တခင် ခိုလှုံရာ နေရာပင် ဖြစ်ကြောင်းရှင်းပြရ၏။
အခန်းမှာ အပူဓာတ်ပေး ကိရိယာမရှိ။ မျက်နှာကျက်မှ တွဲလောင်းချထားသော ဘတ်သီးတစ်လုံး သာရှိသည်။ အိမ်သာမှာ ပျက်စီးနေသည်။ ရေချိုးကြွေဇလုံမှာလည်း တစ်ဘက်ခန်းမှ မိန်းမကြီးက လာပြီး အညစ်အကြေး သွန်တတ် သဖြင့် အမြဲညစ်ပတ်နေသည်။ မူပြီးပြန်လာသောအခါ၌ပင်လျှင် အခန်းတွင်းမှ အပုပ်နံ့များကြောင့် စိတ် အနှောင့်အယှက်ဖြစ်ရသည်။ မနက်အိပ်ရာထပြီဆိုလျှင် စောင်ပတ်လည်တွင် ရွစိတက်နေသော ကြမ်းပိုးများ ကို အထွေးလိုက်တွေ့ရနေသည်။ ခိုက်ခိုက် တုန်အောင်ချမ်းနေပြီး ခိုကိုးရာမဲ့ ဖြစ်နေသောအခါမှာ ကျွန်တော်မှာ ကလေးငယ်တစ်ဦးလိုပင် ငိုချလိုက်မိတတ်သည်။

အထက်တန်းကျောင်းသား ဘ၀တုန်းက အခြေအနေသို့ပင် ပြန်ဆိုက်ရောက်နေချေပါပြီ။ ပြေးပွဲ ပေါင်းများစွာ အနိုင်ရခဲ့သော် လည်း အနေအထိုင် အစားအသောက် ဆင်းရဲလှသော ထိုဘ၀မျိုးကို ကျွန်တော်ပြန်ရောက်နေ  ပြန် ပေပြီ။ အပူဓာတ် မရှိ။ မီးမရှိ။ ရေဘုံဘိုင်မရှိသော အခန်းကလေးနှင့် ကျွန်တော်။ ထိုအချိန် တွင် မျက်ရည်တွေသာ ပေးနိုင်ခဲ့ပါတော့သည်။ သို့သော် နောက်ထပ်နှစ်လ ခန့်အကြာတွင် တစ်ရှိန်ထိုး အောင်မြင်မှု ရလာနိုင်မည်ကိုကား မည်သည့်နည်းနှင့်မျှ မတွေးတတ် အောင်ပင် ဖြစ်နေရပါသည်။

(၅)

၁၉၆၀ခု၊ ခရစ်စမတ်။ "မီရှေးလ်"လေးက ဖျားနေပါသည်း။ အခန်းမှာလည်း အလွန်အေးလှသည်။ ကျွန်တော်မှာ အပြင်ထွက် ၍ အလုပ်ရှာရဦးမည်ဖြစ်သည်။ ၀က်ပေါင်ခြောက် သုံးပေါင်ခန့်မှာ စားပွဲ ပေါ်တွင် ကျန်ရစ်ခဲ့သည်။ ဆင်းရဲသား များမှာ ဤကဲ့သို့ နေ့ကြီးရက်ကြီးများတွင်ပင် ကြက်ဆင် သားလေး ၀ယ်မစားနိုင်၍ စိတ်ဆင်းရဲကြ ရရှာသည်။ အောက်တိုဘာတုန်းကလည်း မစားနိုင်ကြရှာ၊ မေလတုန်းကလည်း မစားနိုင်ကြရှာ။ ယခု ဒီဇင်ဘာ လည်း မစားနိုင်ကြပါ။ အခြားနေ့ရက်များကို ပဲသီးထောင့်လေးလောက်သာ စားပြီး တင်းတိမ်ခဲ့ကြရသည်။ ယခု ခရစ်စမတ်ရက် သည်လည်း ထိုနေ့များကဲ့သို့ပင် ၂၄နာရှိသောရက် ဖြစ်ပါသည်။

သို့သော် ကျွန်တော်သည် ၂၄နာရီလေးမျှကိုကား ထူးထူးခြားခြားလေး၊ မြို့မြို့မြက်မြက်ကလေး စားသုံး သင့်သည် မဟုတ်ပါလော။ "စင်တာကလော့စ်"ကိုကား ယုံကြည်စောင့်မျှော်နေကြဆဲပင်။ ငယ်စဉ်တုန်းကမူ အမေ သည် "စင်တာကလော့"အဖြစ်နှင့် ပစ္စည်းအသေးအဖွဲ့လေးများ လက်ဆောာင်ပေးတတ်သည်။ ယခု အမေ မရှိသော အခါ၌ကား ကျွန်တော်ကိုယ်တိုင်ပင် "စင်တာကလော့"ဖြစ်ခဲ့လေပြီ။ သို့သော် ပေးစရာကား ဘာတစ်ခုမျှ မရှိ။ သို့မို့ကြောင့်ပင်လျှင် ရိုးသား သူများပင် ခရစ်စမတ်ချိန်ခါ၌ ခိုးမှုများ ကျူးလွန်ကြခြင်း ဖြစ်တန်ရာ သည်။ ခရစ်စမတ် ဆိုသည် မှာ ပေးစရာမရှိပါက ပျော်စရာမကောင်းလှပါချေ။

ကျွန်တော်တို့ကား ထိုခရစ်စမတ်တွင် တကယ်တမ်းအားဖြင့်ကား ဘာတစ်ခုမှ မခိုးမ၀ှက်ခဲ့ကြ။ သို့သော် ကျွန်တော် တို့ ပေးဆပ်နိုင်လိမ့်မည်ဟုပင် မယုံကြည်နိုင်လောက်အောင် များပြားသော ပစ္စည်းများကိုကား အကြွေးဝယ်ယူခဲ့ကြပါသည်။ ရုပ်မြင်သံကြားစက် တစ်လုံး ၀ယ်ပါသည်။ ရေဒီယို ကရုပ်မြင်သံကြားစက် တစ်လုံး ကို ၁၁၄ဒေါ်လာဖြင့် ရောင်းမည်ဟု ကြေညာ ပါသည်။ ထို့ကြောင့် လီလီယန်နှင့် ကျွန်တော်တို့က သွားကြည့်ကြ ပါသည်။ နောက်တစ်နေ့တွင် လူ တစ်ယောက် ပေါက်လာပြီး ရုပ်မြင်သံကြားစက် အကြီးတစ်လုံးကိုပါ ယူလာ ပါသည်။ ထို့နောက် ဒေါ်လာ ၃၀၀ ကျကြောင်း ပြော၏။ သို့သော် ကျွန်တော်တို့ အိမ်ရှင်၏ ရုပ်မြင်သံကြား စက်ဟောင်းကြီး ကို မြင်သွားသောအခါ သူ့စက် အသစ်နှင့် ယှက်ပြီး ဒေါ်လာ ၄၀၀ပေးမှ ရောင်းနိုင်မည်ဟု ချက်ချင်း ဈေးတက်သွားတော့သည်။ တစ်လလျှင် ၁၇ဒေါ်လာနှုန်းနှင့် ၂နှစ်မျှ ပေးချသွားရ မည် ဖြစ်ကြောင်း ပြော သည်။

သက်သက်မဲ့ တမင်ညစ်ပြီးရောင်းသွားခြင်း ဖြစ်သည်။ သို့သော် လီလီယန်နှင့် ကျွန်တော် လက်ထပ်ပြီး ၂နှစ် အတွင်း ပထမဆုံး ၀ယ်သော အိမ်ထောင်ပစ္စည်းဖြစ်၍ကား တိုက်တန် လှပါသည်။ ထို့ပြင် စက်မှာ အသစ် ကျပ်ချွပ်ဖြစ်ရာ မည်သူ မှ မသုံးခင်သုံးရသည့် အတွက်လည်း ကျေနပ်နေပါသည်။
ခရစ်စမတ် အကြိုညနေတွင် ကုန်ပဒေသာ ဆိုင်ကြီးတစ်ဆိုင်သို့ သွားပြီး ဈေးဝယ်ကြပါသည်။ လီလီယန်က ဆိုင်ထဲ ၀င်ပြီး ဈေးဝယ်နေစဉ် တွင် ကျွန်တော့်မှာ ကားထဲထိုင်ရင်းနှင့် ရင်တလှပ်လှပ် နှင့် ဂဏှာမငြိမ်ဖြစ်နေ ရပါသည်။ အကယ်၍ လီလီယန်ကသာ သူ့ခင်ပွန်းသည် လူရွှင်တော် "ဒစ်ဂရီဂိုရီ"ဖြစ်ကြောင်းနှင့် သူကိုယ်တိုင် ကလည်း တက္ကသိုလ်တွင် အမှုထမ်းနေကြောင်း ပြောပြပါ မူဆိုင်အမှုထမ်းများက ဘာမှ မေးခွန်းထုတ်နေစရာ မလိုတော့ ဘဲ ရောင်းလိုက်မည်သာဖြစ်သည်။ နာရီဝက်ခန့် ကြာသောအခါ လီလီယန် ပြန်ထွက်လာပါသည်။ သူ့မျက်နှာ မှာ ၀င်းပနေသည်။

"ရခဲ့တယ် မောင်ရေ့၊ အကြွေး ဒေါ်လာ ၁၇၀၀ ဖိုးတောင် ရခဲ့တယ်"
တစ်နှစ်ပတ်လုံးအတွက် လိုသမျှ အရာအားလုံး ဝယ်ခဲ့လေသည်။ ကုတ်အင်္ကျီများ၊ အဝတ်အထည်များ၊ စောင်၊ ပန်းကန်ပြား၊ ဒယ်အိုး၊ ကလေးအသုံးအဆောင်များ၊ အိမ်နီးပါးချင်းများအတွက် လက်ဆောင် ပစ္စည်းများနှင့် ခရစ်စမတ်သစ်ပင် တွင် ထွန်းညှိရန် မီးသီးများအထိ အစုံအလင်ပင် ဝယ်ခဲ့ကြသည်။ ပစ္စည်းအထုပ်များ ကို ပေါင်ပေါ်တင်ယူလာကြရသည်။ ကားကြမ်းပြင်မရှိသည့်အတွက် ကျသွားမည်စိုး၍ ဖြစ်သည်။ ပိုက်ဆံ ဟူ၍ကား နှစ်ဒေါ်လာသာ ရှိသည်။ ထို့ကြောင့် လမ်းတွင်ပင်ရပ်ပြီး ခရစ်စမတ်သစ်ပင် အညံ့စားလေးတစ်ခုကို တစ်ဒေါ်လာနှင့် ဝယ် လိုက်ရသည်။ ထို့ပြင် ကုန်စိမ်းဆိုင်သို့ဝင်ပြီး တစ်ပေါင် လျှင် ၃၃ ဆင့်နှင့် အပေါစား ဝက်ပေါက်ခြောက် သုံးပေါင် ဝယ်ခဲ့သ ည်။ ထိုဝက်ပေါင်ခြောက်များမှာ အဆီများလွန်းသဖြင့်  ဒယ်အိုး လျှံအောင်ပင် အဆီတွေဝေကျ ကာ မီးခဏခဏ ငြီမ်းသွားစေသည်။
သို့သော် လီလီယန် မှာ ထိုဝက်ပေါင်ခြောက်သားကိုပင် ကမ္ဘာပေါ်တွင်ဂုဏ်အထည်ဆုံး အစားအစာတစ်အနေနှင့် မြိန်ရေယှက်ရေ စားပြနေ သည်။ သမီးကလေး"မီရှယ်လ်"ကိုလည်း ကျွေးသည်။ မိခင်တစ်ယောက်က သမီးတစ်ယောက် အား အကောင်းဆုံးသော အစားအစာတစ်ခု ကျွေးနေသည့်ပုံမျိုးနှင့်။

"ဒီမှာ အချစ်ရေ၊ ဒါဟာတို့အတွက် နောက်ဆုံးဆင်းရဲတဲ့ ခရစ်စမတ်ပါပဲကွာ။ နောက်ပြီး မင်း အတွက် အောက်ဆုံးထပ် မီးဖိုချောင်မှာ ဒါ နောက်ဆုံး ခရစ်စမတ်အစားအသောက်ချက်တာပဲ ဖြစ်မှာပါ"
"ဟုတ်မှာပါပဲ မောင်ရယ်"
"ဒီမှာ လီလီယန်၊ မောင် မင်းကို ကတိတစ်ခုပေးမယ်။အလကား ခြိမ်းခြောက်တာမဟုတ်ဘူးနော် သိ လား။ ဒီခရစ်စမတ် မှာ မင်း ဘာမှသိပ်ပြီး မသုံးရဘူး။ ဒီလို ခရစ်စမတ်မှာ နည်းနည်းလေး သုံးရတာ လည်း ဒီတစ်နှစ်နောက်ဆုံးဖြစ် မှာ ပါပဲကွာ"
"ဂရီဂိုရီ"
"ဘာလဲ လီလီယန်"
"မောင့်အတွက် လက်ဆောင်တစ်ခုရှိတယ်။ ခရစ်စမတ် သစ်ပင်မှာ ချိတ်ထားတယ်လေ"
"ဒါပေမဲ့ လီလီယန်ရယ်။ မောင်တို့အတွက် လက်ဆောင်တွေ အားလုံး ကုန်ပဒေသာတိုက်ကြီးဆီက ရခဲ့ပြီပဲ ကွယ်"

"ဒါက သီးသန့် လက်ဆောင်ပါ မောင်"
ကျွန်တော် အထုပ် ကို ဖွင့်ကြည့်လိုက်သည်။ အညိုရောင် သားရေသေတ္တာအိတ်လေးတစ်လုံး။ ကျွန် တော့် အတိုကောက် နာမည်ပါ ထွင်းထားသည်။ ထိုအိတ်ကလေးမှာ ကျွန်တော် အမြဲတမ်း လိုချင် တောင့်တခဲ့သော အိတ်ကလေး ပင်ဖြစ်သည်။ ထိပ်တန်း လူရွှင်တော်ကြီးများ ကိုင်လေ့ရှိသော အိတ်က လေး။ "လီလီယန် အို လီလီယန် ရယ်၊ မောင် လိုချင်မှန်း မင်း ဘယ့်နှယ်လုပ် သိလဲကွယ်"
ထိုတစ်ညလုံး ကျွန်တော်တို့ စကားဆက်ဆုံ ကျနေကြပါသည်။ တက္ကသိုလ်မှ ဘွဲ့ရကျောင်းသားများ အား လက်နှိပ်စက် ရိုက်ပေး သည့် အပိုဝင်ငွေများ ကို စုထားကာ ကျွန်တော့်ကို သားရေအိတ်လေး ဝယ် ပေးခြင်းဖြစ်သည် ဟု ပြောသည်။ ကျွန်တော်ကလည်း "အေပက်စ်ကလပ်" ပိုင်ရှင် "စယ်လီဝဲလ်" က ကျွန်တော့် ကို နိမိတ်ဖတ် ဟောစာတမ်း ထုတ်ချက်များကို ပြန်ပြောပြလိုက်သည်။ အိမ်ထောင်ချက်ချင်း ကျမည့် အကြောင်း၊ အညိုရောင်သားရေအိတ်ကလေး လက်မှဆွဲပြီး တစ်ပြည်လုံးအနှံ့ လေယာဉ်ဖြင့် ဝဲ ပျံနေမည့် အကြောင်း များကို ဟောကြားခဲ့ပုံများကို ပြောပြလိုက်သည်။ ထိုအချိန်တွင် သူ့မျက်လုံးများ သည် တောက်ပ လာကာ အသံတုန်တုန် ရင်ရင်နှင့် ပြောချလိုက်သည်။

"ဒါပေါ့ ဂရီဂိုရီ။ အဲဒီအိတ်ဟာ ဒီအိတ်ပဲပေါ့နော် မောင်"
"ဟုတ်တာပေါ့ အချစ် ရယ်။ ဒီအိတ်ပဲပေါ့ကွယ်"
ယခုအချိန် တွင် ကျွန်တော့်၌ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်လုံးဝမရှိတော့ပါ။ ရုပ်မြင်သံကြား ကြွေး၊ ကုန် ပဒေသာ တိုက်ကြွေး၊ ဇနီးသည်အား ထောက်ပံ့ရမည့်ငွေ၊ သမီးငယ်အား ဆေးကုရမည့်ငွေ၊ မည်သည့် အတွက်မျှ မစိုးရိမ်တော့ ပါ။ နောက်တစ်လ လုံးပင် အလုပ်မရလျှင် နေပစေ။ ဇန်နဝါရီ နှစ်သစ်သို့ရောက် တော့မည်။ ထို့နောက် ကျွန်တော့် တွင် အညိုရောင် သားရေအိတ်လေး လည်း ရှိနေပြီ မဟုတ်လား။
၁၉၆၁၊ ဇန်နဝါရီလ ၁၃ ရက်နေ့ တွင် ကျွန်တော့်ကိုယ်စားလှယ်က ခေါ်တွေ့ပါသည်။ "ပလေးဘွိုင် ကလပ်"မှ "လူရွှင်တော်" "အာဝင်ကော်ရီ" မှာ နာမကျန်းဖြစ်နေသည်။ သူ့နေရာ တွင် တညတာ လူစား ဝင်ရန် လိုသည် ဆိုသည်။

ထို့ကြောင့် အောက်ထပ် အိမ်ရှင်ထံမှ နှစ်ဆယ့်ငါးဆင့်မျှ ချေးပြီး "ပလေးဘွိုင် ကလပ်" သို့ လာခဲ့သည်။ သို့သော် အရေးထဲ ဘတ်စ်ကား မှားစီးသွားမိသည်။ ကားခလည်း ထပ်ပေးစရာမရှိတော့။ ရပ်ကွက် ပေါင်း နှစ်ဆယ် မျှဖြတ်သွားမှ ကလပ်သို့ရောက်တော့မည်။ ထို့ကြောင့် ပြေးရတော့သည်။ လေတွေကို ဆန်၍ ပြေးရသည်။ အအေးဓာတ် မှာ အင်္ကျီလက်မောင်းများမှ တစ်ဆင့် တိုးဝင်နေသည်။ ကလပ်သို့ ရောက်သောအခါ သူတို့က သတင်းတစ်ခု ကို ပြောကြသည်။ သူတို့က အင်မတန် ဝမ်းနည်းပါတယ်ဟု လည်း ပြောသည်။

ကလပ်ခန်းမ ကို တောင်ပိုင်းသား ကိုယ်စားလှယ်များက အစည်းအဝေးတစ်ခုအတွက် ယနေ့ည ငှားရမ်း ထားပြီဖြစ်သည် ကို သူတို့ကြိုမသိခဲ့ပါဟုလည်း ပြောသည်။ နောင်တစ်ချိန်ချိန်တွင် ကျွန်တော့်အတွက် တစ်စုံ တစ်ရာ စီစဉ်ပေးပါဦး ဟုလည်း ပြောပြန်သည်။ သို့သော်… ယနေ့ည ပရိသတ်မျိုးသည် ကျွန်တော့် အတွက် ထိုးဖောက် ဝင်ရောက် ရန် အကောင်းဆုံး ပရိသတ်ဖြစ်ကြောင်းကိုကား သူတို့မသိပါချေ။
အကယ်၍ ကျွန်တော်သာ ယခုကဲ့သို့ ချမ်းချမ်းစီးစီး စိတ်အားထက်ထက် သန်သန်သာ မဟုတ်ခဲ့လျှင် ကား သူတို့ပြောတာ လက်ခံပြီး အိမ်ပြန်လိုက်ရုံပင်။ အခန်း မန်နေဂျာမှာလည်း အလွန်သဘောကောင်း သည်။ သူ့ဘက်မှ လည်း မှန်နေသည်။ ထို့ပြင် "ပလေးဘွိုင်း ကလပ်" မှာ အလွန် ဆင်ခြေဆင်လက်များ မျာဖြင့် ရှုပ်ထွေးသောနေရာ တစ်ခုဖြစ်သည့်ပြင် တစ်ပြည်လုံး တွင် အစည်ကားဆုံးကလပ်တစ်ခုလည်း ဖြစ်သည်။

၎င်းပြင် အထက်တန်းစား တောင်ပိုင်းသားများဖြင့် ပြည့်နှက်နေသော ခန်းမကြီးတစ်ခုလုံးကို ထိန်းသိမ်း ဖို့ ဆိုသည် မှာလည်း မလွယ်ကူလှ။ သို့သော် ကျွန်တော်ကား ချမ်းလွန်းလှပြီ။ စိတ်ဓာတ်မှာ လည်း ရူးလု မတတ် ပင် ဖြစ်နေချေပြီ။ ရပ်ကွက် နှစ်ဆယ်ကျော် ဖြတ်ပြေးလာရသည့် အပြင် ယခု အိမ်ပြန်ရန်လည်း ချူးတစ်ပြားမှပင် မရှိတော့။ ထို့ကြောင့် ကျွန်တော် က ပြန်ပြောရသည်။
သူတို့က လာရောက်ဖျော်ဖြေပါဆို၍ ကျွန်တော် လာခဲ့ရသည်။ ကျွန်တော်လာရသည်မှာ အဝေးကြီးဖြစ် ရာ ယခု ဒီနေရာမှနေ ၍ တပ်ခေါက်ပြန်ရန် မဖြစ်တော့။ ထို့ကြောင့် အခန်းထဲတွင် ထိန်းမနိုင် သိမ်းမရ၊ မင်းမဲ့ဆန်သော လူစု မည်မျှပင် ရှိပါစေ ကျွန်တော့်အနေဖြင့်မူ ဂရုမစိုက်နိုင်၊ ဒီညအဖို့ ဖြေဖျော်မှုလုပ်ကို လုပ်မှ ဖြစ်တော့မည်ဟု။

သူက ကျွန်တော့်ကို ကြည့်ပြီး ပခုံးတွန့်ပြလိုက်သည်။ ထို့နောက် ဘေးသို့ လမ်းဖယ်ပေးကာ အပေါ်ထပ် သို့ တက်သည်။ တံခါးမကြီးကို ဖွင့်ပေးလိုက်လေတော့သည်။

ဆက်ရန်
.

No comments: