မိနစ် ၂၀ခန့်အကြာတွင် စက်ရုံအနီး ဖုန်းဆိုးကွင်းကြီးထိပ်၌ ဆောက်ထားသည့် ရုံး အဆောက် အအုံ မြင့်မြင့်ကြီး ရှိ ၀ဲလ်စ်ဘီ ၏ ရုံးခန်းထဲသို့ ပေ့ရောက်သွားသည်။ ၀ဲလ်စ်ဘီ အရောင်းအ၀ယ်လည်၍ ထိုမြေကွက် ကို ရလိုက်ခြင်းဖြစ်၏။ ၀ိတိုရိယကွက်လပ် မှ လမ်းလွှဲတစ်ခုဖောက်လိုက်၍ မူလဈေးထက် အဆပေါင်း များစွာ တန်ဖိုးမြင့်တက်နေပြီ ဖြစ်၏။ ဟင်နရီပေ့ ၀င်သွားချိန်တွင် ၀ဲလ်ဘီက ၀ိတိုရိယ ကွက်လပ် ကို စီးမြင်နေရသည့် မှန်ပြတင်းပေါက်ကြီးတွင် ရပ်နေသည်။ ဆေးပြင်းလိပ်ငွေ့သီးသည် အထိ တခွီးခွီး ရယ်နေသည်။
"ဒီကိုလာပါဦး ပေ့ရဲ့။ ကြည့်စမ်းပါဦး" ကို ဆက်ဖတ်ရန်.........
အပြင်ဘက်တွင် ရတတ်နိုင်သမျှယာဉ်ဖြင့် ကလေးများကို တင်တွန်းနေသော အမျိုးသမီး လူတန်းရှည်ကြီး ကို မြင်ရ၏။ ကွက်လပ်ကို ပတ်ပြီး တွန်းနေကြခြင်းဖြစ်သည်။ ယာဉ်အသွားအလာများ ပိတ်ဆို့ကုန်သည်။ စီတန်း လှည့်လည်ပွဲကြီး၏ထိပ်ဆုံး တွင် အသံချဲ့စက်ကားတစ်စင်းမောင်းနေ၏။
ကလေးတွန်းလှည်း ချီတက်ပွဲကြီး
အလှဆုံးကလေးပြပွဲ
မြို့တော်ခန်းမ၌ ယနေ့ကျင်းပမည်။
မော်ကွန်းကိုဖတ်ပါ။
ဆိုသောစာတန်းရှည်ကြီးကိုလည်း ကားထိပ်တွင် ချိတ်ဆွဲထားသည်။
"မဆိုးဘူးဗျ.....ဘယ့်နှယ်သဘောရလဲ"
ဝဲလ်စ်ဘီ က ဟင်နရီပေ့ကို ကျောပုတ်ပြီး မေးသည်။ ခါတိုင်းထက်ပို၍ နီစပ်စပ်၊ ပို၍ ပုတိုတို၊ ပို၍ ထိပ်ပြောင်ပြောင်၊ ပို၍ ဟေးလားဝါးလား ဖြစ်ပုံပေါက်နေသည်။
ပေ့က မပြုးံချင်ပြုံးချင် ပြုံးပြလိုက်သည်။
"ထိုးထိုးထွင်းထွင်း လုပ်တတ်တာတော့ အမှန်ပဲ။ သိက္ခာရှိလှတယ်တော့ မဆိုနိုင်ဘူးပေါ့လေ"
"ဘာဖြစ်လို့ လည်း ကိုယ့်လူရ။ ဘာတွေများ မဟုတ်တရုတ်လုပ်လို့လဲ။ တကယ်နိတ်တဲ့ အကြံပဲဟာ။ သားသည် အမေတွေကို အပိုင် ကိုင်လိုက်တာပဲ။ သူတို့ရဲ့ထုတ်ကုန်ကို သူတို့ပြတာပဲ။ ကျုပ်ထုတ်တဲ့ပစ္စည်း ကျုပ်ပြ သလိုပေါ့။ ညေး ဆိုတဲ့ငနဲလုပ်နေတာပဲ။ သူကနောက်ကွယ်က ကြိုးကိုင်နေတာ။
စမစ် ဆိုတဲ့ တခြားငနဲကတော့ အညတရပါ။ ညေးက တကယ်မခေဘူးနော်။ ပြီးခဲ့တဲ့ နားရက်တုန်းက ကျုပ်သား ချာလီတောင် သူနဲ့အတူ တိုင်းကာဆယ် ကို ဂျက်ဂွားကားနဲ့ သွားသေးတယ်လေ။ အပြန်ကျတော့ သူ့ အကြောင်းပြော လို့ကို မ၀င်နိုင်အောင် ဖြစ်နေတော့တာပဲ"
''ဟုတ်လား''
ပေ့က မေးသည်။ ထိပ်သီး လူပေါ်ကြော့လေးတစ်ဦးဖြစ်သော ချာလီဝဲလ်စ်ဘီ အဖို့ ညေးနှင့် ပလဲနံပ သင့်သည်မှာ ဖြစ်လောက်သည် ဟု တွေးမိသည်။
''ဒါပေါ့ဗျ။ သူ့တို့ သိပ်တွဲမိနေကြတာ။ ခင်ဗျားတော့ သတိထားနေပေတော့''
ဝဲလ်စ်ဘီ က ပြတင်းပေါက်မှ ခွါကာ ဆုံလည်ကုလားထိုင်တွင် ထိုင်ချလိုက်သည်။
''ကဲ ကျွန်တော် ဘာလုပ်ပေးရမလဲ။ ညနေပိုင်းမှာ ဂေါက်ရိုက်စရာလေးရှိနေလို့ဗျာ။ ကိစ္စကို ဆိုပါဦး''
ဟင်နရီပေ့ က ကိစ္စကို ပြောပြသည်။ တိုတိုတုတ်တုတ်နှင့် တတ်နိုင်သမျှ ဆွဲဆွဲဆောင်ဆောင် ပြော သည်။ ပြောနေရင်းသူ့ ကိစ္စကို ၀ဲလ်စ်ဘီသိပြီးသားဖြစ်မှန်း သတိထားမိသည်။ ပေ့စကားဆုံးမှ ၀ဲလ်စ်ဘီ က ဆေးပြင်းလိပ် ကို ပါးစပ်မှ ချွတ်လိုက်သည်။
''ခင်ဗျား ခံ ဘက်က ဖြစ်နေပြီ ဟင်နရီရေ။ ခင်ဗျားကရှိပစ္စည်းကိုသာ ပြောနေတာကိုး။ ဆိုပါတော့။ ခင်ဗျား လုပ်ငန်းပြုတ် သွားရင် အဲဒါတွေက ဘာတန်ကြေးရှိတော့မှာလဲ။ ခင်ဗျား သတင်းစာတိုက် က ခေတ်မမီတော့ ဘူး။ အဒမ်တိုက်တန်းတစ်ခုလုံးကိုက ဆွဲဖြိုစရာကောင်းနေပြီ။ ပေါင်လို့တော့ တစ်ပြားတစ်ချပ်မှ ရမှာမဟုတ်ဘူး။ ပုံနှိပ်စက်ခန်း က တန်ဘိုးရှိတာတော့ မှန်ပါရဲ့။ ဒါပေမယ့် အဲဒါက ဟားဟိုတယ် ရဲ့ ပစ္စည်းမဟုတ်လား။ ခင်ဗျားက ငှါးသုံးနေတာပဲ။ အဲဒီတော့ အလုပ်ဖြစ်စရာ သိပ်မရှိနိုင်ဘူး။ သတင်းစာ နာမည် ဆိုတာကတော့ မော်ကွန်းက ခင်ဗျားသတင်းစာကို အပြုတ်တိုက်လိုက်ရင် ဘယ်သူကခြူးတစ်ပြားပေးတော့ မှာလဲ'' ''သူတို့ အပြုတ်မတိုက်နိုင်ပါဘူးဗျာ''
''ခင်ဗျားကတော့ ဒီလိုပဲ ပြောမှာပေါ့။ ဒါပေမယ့် အခုအချိန်ထိ ခင်းဗျားဘယ်လောက် အခြေလှအောင် လုပ်နိုင်သေး လဲ။ ဟိုငနဲက သိက္ခာရှိချင်မှရှိမယ်။ ဒါပေမယ့် လျင်တယ်။ ကျွမ်းတယ်။ သူတို့သတင်းစာက အစုတ်ပလုပ် သက်သက်တော့ မဟုတ်ပါဘူးဗျာ ။ ဥတ္တရအလင်းနဲ့တော့ ယှဉ်လို့မရဘူးပေါ့။ ဒါပေမယ့်... အဲ.... သတင်းပေးပုံက ရှုထောင့်အသစ်ကပေးတာဗျ'' ၀ဲလ်စ်ဘီနှုတ်ခမ်းမှ အမှန်ထင်ထင်အပြုံးကလေးဖြင့် တွန့်သွား သည်။ ''မနေ့က သတင်းဆို သိပ်ကောင်းတာပေါ့ ။ အဆီတစ်ထပ် အသားတစ်ထပ်ပဲ။ ရယ်ရတယ် ။ အသရေဖျက်မှု သတင်းေ လဗျာ....သိတယ်မှတ်လား။ ဘိန်းဖြူမှောင်ခိုတဲ့ အီတလီမြို့စားကြီးနဲ့ သူ့မြာ ကို ရေချိုးဇလုံ ထဲမှာ ၀တ်လစ်စလစ် မိလိုက်တယ်ဆိုတာလေ''
''သိပါတယ်'' ပေ့က ခါးခါးသီးသီး ပြောသည်။
''ဒါမျိုးတွေနဲ့ သူတို့စားသာနေတာပေါ့ဗျာ။ လိမ်လည်မှု သတင်းတွေ၊ ကြာခိုမှု သတင်းတွေ၊ အသရေပျက်မှု သတင်းတွေ၊ သတင်းစာပညာဆိုတာ ဂုဏ်သိက္ခာကြီးမြင့်တဲ့ အတတ်ပညာပါဗျာ။ သတင်းစာလောကမှာလည်း ကြီးမြတ် တဲ့ ပုဂ္ဂိုကျော်တွေ ပေါ်ခဲ့ပါတယ်။ အခုလည်း အဲဒီလို ပုဂ္ဂိုကြီးတွေ ရှိနေတာပါပဲ။ အသိဉာဏ်ရင့်သန်တဲ့  ပုဂ္ဂိုလ်တွေ ၊ မူဝါဒစွဲမြဲတဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းစာလုပ်ငန်းနဲ့ ပတ်သက်ပြီး တကယ်အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းစာဖတ်ပြည်သူတွေ အပေါ် ထားရှိရမယ့် တာဝန်နဲ့ပတ်သက်ပြီး တကယ်အသိတရားရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒါပေမဲ့ ဒီညေး လို သတ္တ၀ါမျိုးက မော်ကွန်းလို သတင်းစာမျိုးနဲ့ မြို့ကို ရှေ့ဆောင်ရှေ့ရွက် ပြုမယ်ဆိုတာကတော့ လူတန်းမစေ့ သူတန်းမစေ့ နိုင်လှသဗျ''
''ကဲ..ကဲ ...ဟင်နရီ။ ဒါတော့ ပြင်းထန်လွန်းပါတယ်။ ခင်ဗျား ဘယ်လိုဟာနဲ့ရင်ဆိုင်နေရတယ်ဆိုတာ သိစေချင် လို့ ပြောတာ ပါ။ မနှစ်တုန်းက ကန်းနက်မြို့မှာ ဆမ်မာဗီးလ်ရဲ့ရွက်လှေကြီးကို ကျွန်တော်တို့ လင်မယား မြင်ခဲ့ ရတယ်။ သမုဒ္ဒရာကူးရွက်လှေကြီးဆိုတော့ ဧရာမဟာကြီးပါပဲဗျာ'' ၀ဲလ်စ်ဘီ အသံက ပျော့သွား သည်။ ပြေလည်ရာ ပြေလည်ကြောင်းလေသံပေါက်လာသည်။
''မိတ်ဆွေတစ်ယောက်အနေနဲ့ ပြောရရင် ခင်ဗျားလည်လှီးခံရတာကိုလည်း ကျွန်တော်မမြင်ချင်ပါဘူး။ အချိန် ရှိတုန်း ရောင်းလိုက်ပေါ့။ စဉ်းစဉ်းစားစား လုပ်စမ်းပါဗျာ။ ခင်ဗျားရောင်းချင်ရင် ကျွန်တော်ကူမယ်။ ခင်ဗျား လိုချင်တဲ့ဈေး ရ အောင်လည်း ပြောပေးမယ်''
ဝဲလ်စ်ဘီ တကယ်စိတ်လိုလက်ရပြောနေမှန်း ဟင်နရီပေ့သိပါ၏။ သို့သော် ဘာအကြောင်းယုတ္တိကမှ သူ့စိတ် ကို ပြောင်းအောင် မလုပ်နိုင်တော့။
''မရောင်းတော့ပါဘူးဗျာ။ ကျွန်တော် စိတ်ဒုံးဒုံးချပြီးပါပြီ''
ဝဲလ်စ်ဘီ က ဆေးပြင်းလိပ်ကို ပါးစပ်မှချွတ်လိုက်၏။ ပေ့ကို အရိပ်အကဲ ကြည့်နေသည်။ ပေ့အပေါ် ထင်မြင်ချက် ကို သုံးသပ်ဆန်းစစ်နေသည့်အလား။ ခဏကြာမှ ၀ဲလ်စ်ဘီက စကားဆက်သည်။
''ခင်ဗျား ကို လူကောင်းတစ်ယောက်လို့ပဲ ကျွန်တော်အမြဲ သဘောထားပါတယ် ဟင်နရီ။ ဒါပေမယ့် စိတ် မရှိနဲ့နော်။ လူပျော့ လူညံ့ လို့လည်း ထင်ထားခဲ့တယ်။ အခုတော့ တကယ်မိုက်လုံးကြီးတဲ့ လူပဲလို့ မြင်လာတယ်။ ဘာပဲဖြစ်ဖြစ်လေ။ ခင်ဗျား သတ္တိ ရှိပါပေတယ်။ အချင်းချင်းမို့ပြောရရင် ခင်ဗျားကို ကျွန်တော် အားကျပါတယ်ဗျာ''
''ဒါဖြင့်လည်း ငွေထုတ်ချေး ဗျာ။ ပေါင် ၂၀၀၀၀ လောက်ပေါ့။ ရှေ့လဆန်းကစပြီး ယူချင်တယ်''
''မဖြစ်နိုင် ဘူး ဟင်နရီ။ ကျွန်တော် ကတိပေးဖို့ခက်တယ်။ တခြားလူတွေနဲ့ တိုင်ပင်ဦးမှဖြစ်မယ်။ ခင်ဗျားကို အကြောင်းကြား ပါလိမ့်မယ်ဗျား''
''ဘယ်တော့လဲ''
''နောက်တော့ပေါ့.....နောက်တော့''
ဝဲလ်စ်ဘီ က ကုလားထိုင်မှ ထလိုက်သည်။ သူ လှုပ်ရှားပုံက ပေ့ကိုလက်ခါပြပြီး နှင်ထုတ်နေသည့်ပမာ။ အမှန် အားဖြင့် ဖိနပ်လုပ်ငန်းရှင်ကြီးသည် သူ့အနေအထားကိုလည်း တွက်ဆနေသည်။ ပါလီမန် အမတ်ရွေးကောက်ပွဲ ၀င်ရန် အတန်ကြာကပင် သူစိတ်ကူးပေါက်နေခဲ့သည်။ လာမည့်ရွေးကောက်ပွဲ တွင် ၀င်ပြိုင်မည် ဆိုလျှင် ဒေသခံသတင်းစာ ၏ ထောက်ခံမှုကို ရရန်လိုအပ်၏။ သူ ကောင်းကောင်းသိသည်။ သို့သော် ဘယ် သတင်းစာ ၏ ထောက်ခံမှုကို ယူမလဲ။ ဥတ္တရအလင်းလား။ မော်ကွန်းလား၊ မော်ကွန်းသာ မုချဖြစ်ရပေလိမ့်မည်။ သို့ဖြစ်လျှင် ဘာကြောင့် သံယောဇဉ် အမျှဉ်တန်းနေရဦးတော့မှာလဲ။ ဤအခြေအနေမျိုးတွင် ငွေထုတ်ချေးလျှင် မိုက်မဲရာ ကျပေတော့မည်။
ဤအတွေးများ သည် မည်မျှပင် ဟန်လုပ်၍ ဖုံးကွယ်ထားစေကာမူ ၀ဲလ်စ်ဘီမျက်နှာပေါ်တွင် ထင်းထင်းကြီး ပေါ် လွန်၏။ ဟင်နရီပေ့၏ ရနိုးရနိုး မျှော်ကိုးချက်လည်း ပျက်သုဉ်းသွားလေ၏။ ၀ဲလ်ဘီ၏ မျက်နှာပေါ် တွင် ငြင်းပယ်ချက် ကို ပေ့အတိုင်းသား မြင်နေရလေသည်။
ထိုငြင်းပယ်မှု သည် ပေ့ကို အကြီးအကျယ် ဖိစီးနှိပ်စက်လေတော့၏။ သို့သော် သူ့စိတ်ထားမှာမူ ပို၍ သည်းကြီးမည်းကြီး ခိုင်မာစွဲမြဲလေ၏။ တိုက်ပွဲဆက်ဝင်ရေးအတွက် နည်းလမ်းရှာရန်ပို၍ သန္နိဌာန်ကြီးမား လာ၏။ သူ ဆက်လုပ်ရတော့မည်။ ဆက်၍ ဆက်၍သာ လုပ်သွားရတော့မည်။ ဘဏ်တိုက် က ငွေထုတ်မချေးစေကာမူ ဟက်ဒယ်စတန် အိုးအိမ်အဖွဲ့ ကတော့ ပို၍ လိုက်လိုက် လျောလျော ရှိတန်ကောင်း ပါရဲ့။ ဘိုးဘွားပိုင် အိမ်မြေများအတွက် ငွေချေးတန်ကောင်းပါရဲ့ဟု ပေ့တွေးမိ၏။ သို့သော် အချိန်ကြာ လိမ့်ဦးမည်။ လောလောလတ်လတ် သူ လုပ်ရမည့် အလုပ်က အိမ်ပေါင်ရန် အဲလစ်ကို ပြောရမည့် အလုပ်။ ပြောရ မှာ ရွံ့သည်။ သို့သော် ပြောမည်။ အဆီးအတား ပိုတွေ့လေ၊ သူ့ဆုံးဖြတ်ချက်က ပိုခိုင်လေ၊ သူသာ အောင်ပွဲခံ လိမ့်မည် ဆိုသော ထူးထူးလည်လည် ယုံကြည်ချက်က ပိုမြဲလေ ဖြစ်နေလေ၏။
သူ့အခန်းသို့ ပြန်ရောက်ပြီးနောက် ၅မိနစ်ပင် မကြာတတ်သေး။ မိတ်တလန် ၀င်လာ၏။
"ဒီနေ့ ညှိနှိုင်းပွဲ မှာ တစ်ယောက်တော့ လျော့သွားပြီ။ ဘာလ်မာ ထွက်သွားပြီလေ" ဟု ပြောသည်။
"ထွက်သွားပြီ။ ဟုတ်လား"
"စွန့်တယ် ဆိုဆို၊ ထွက်တယ် ဆိုဆို၊ ပြေးတယ် ဆိုဆို၊ ကြိုက်သလိုသာ ပြောပေတော့။ ဟောဒီမှာ သူ့ထွက်စာ"
စားပွဲပေါ် သို့ မိတ်တလန် ပစ်ပေးလိုက်သည့် စာအိတ်ကို ပေ့ကြောင်၍ ကြည့်နေသည်။ တကယ်တော့ အံ့အား သင့်စရာ အကြောင်းမရှိ။ ဘာလ်မာ တစ်ယောက် ယခုတစ်လော တစ်နေ့ တစ်ခြား ပို၍ ထော်လော်ကန့်လန့် လုပ် လာခဲ့သည်။ ပေ့နှင့်ပင် အလွမ်းမသင့်ချေ။
"သူ့ဘက်က တစ်လကြိုတင် နို့တစ်ပေးရမှာ မဟုတ်လား"
"ဘယ်ပေးနေတော့မလဲဗျ။ အခြားအလုပ်တစ်ခု တန်းရသွားပြီပဲဟာ"
"မော်ကွန်း မှာများလား"
"ဒါပေါ့ ... " မိတ်တလန်က စကားဖြတ်ထားလိုက်သည်။ ပြီးမှ "ခင်ဗျားကို မပြောဝံ့ဘူးနဲ့ တူပါရဲ့ဗျာ။ ဒါကြောင့် ခင်ဗျား ဆီကို ၀မ်းနည်းကြောင်း စာကလေး ယဉ်ယဉ်ကျေးကျေး ရေးသွားတာ နေမှာပေါ့။ ဒီလို ဖြစ်လာလိမ့်မယ် ဆိုတာ ကျွန်တော် သိသားပဲ။ စမစ် နဲ့သူ ပလူးနေတာ ခင်ဗျား သိတယ် မဟုတ်၏လား။ ဘာလ်မာ ကတော့ ငွေပိုရတဲ့နေရာဆိုရင် ဘယ်ဖြစ်ဖြစ် သွားမှာပါပဲလေ။ အဲဒီမှာ လစာ ပိုရမှာကလည်း ကျိန်းသေပဲပေါ့"
ပေ့က ခပ်မဆိတ် လုပ်နေသည်။
"တခြား သတင်းဆိုးတွေ ရှိသေးတယ် ဟင်နရီ။ စာစီသမားထဲက ပါကင်နဲ့ ဒေါ့တို့လည်း သွားကြပြီ" မိတ်တလန် က ဆက်ပြောလိုက်၏။
ဤကိစ္စ ကတော့ ပေ့ နားမလည်နိုင်သော ကိစ္စ။
"ဘာသဘောလဲဗျ။ ကျွန်တော်တို့ ပြုတ်တော့မယ်လို့များ သူတို့ ထင်ကုန်ကြလို့လား"
"မဟုတ်နိုင်ပါဘူး ... ကျွန်တော်တော့ အဲဒီလို မထင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ငွေပြတ်နေပြီဆိုတာ တော့ သူတို့ သိမှာပေါ့။ ငွေကိစ္စနဲ့ပဲ တူပါတယ်။ နှစ်ရှည်စာချုပ်နဲ့ ခေါ်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ပြန်တမ်းက အာမခံချက်ပေး လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ သူတို့အနေနဲ့တော့ အရှုံးမရှိဘူးလို့ တွက်ကြဟန် တူပါရဲ့ဗျာ"
ဟင်နီရီပေ့ က နှုတ်ခမ်း ကို တင်းတင်းကိုက်ထားသည်။ သူ့မှာ အားကိုးအားထားပြုစရာ တစ်ခုသာ ရှိသည် ဆိုလျှင် ထိုအားကိုးအားထား မှာ သူ့အလုပ်သမားရဖို့မလွယ်။
အတော်ကြာမှ ပေ့က "အလုပ်သမားရုံး နဲ့ ချက်ချင်းဆက်သွယ်မှ ဖြစ်မယ်ထင်တယ်" ဟု ပြောသည်။
မိတ်တလန် က မေးစေ့ကို ပွတ်ရင်း ရပ်စောင့်နေသည်။ ပြီးမှ တံခါးဆီသို့ ထွက်သွားသည်။
"တိုင်းကာဆယ် ကို လှမ်းမေးရမှာပေါ့"
"လီဗာပူးနဲ့ မန်ချက်စတာကိုရောပေါ့"
မိတ်တလန်က ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်တို့ ဒီတောင် က ကျော်နိုင်မှာပါဗျာ" ဟု ပြောသွားလေသည်။
တစ်နေ့လုံး သူတို့အလုပ်သမား လူစားရှာကြသည်။ ကံကောင်းထောက်မ၍ လီဗာပူးမြို့မှ စာစီသမား တစ်ဦး ရသည်။ ရှေ့အပတ်ထဲတွင် တိုင်းကာဆယ်မြို့မှ နောက်ထပ်စာစီသမား တစ်ယောက် ပို့ပေးဦးမည်ဟူသော ကတိကိုလည်း ရသည်။ သတင်းထောက်ကလေး လူးဝစ်က သူနှင့် လာတွေ့သည်။ အချိန်ပိုလုပ်မည်။ အခြား ဘာအလုပ်ရှိရှိ ၀ိုင်းကူမည်ဟုပြောလာ၍ ဟင်နရီပေ့ စိတ်ချမ်းမြေ့ရသေးသည်။ ပူးလ်ကလည်း စိတ်လိုက်မာန်ပါ လုပ်ပြီး မှုန်ကုတ်ကုတ် နေတတ်စေကာမူ အားကိုးလောက်သည်မှာ သေချာသည်။ အထူးသဖြင့် ညေးကို ကမ္ဘာရန် သဘောထားကာ ချောင်ပိတ်တွယ်ရန် ချက်ကောင်းစောင့်နေသူ ဖြစ်၍ စိတ်ချရသည်။ ဟက်ဒလေ ဆိုလျှင် လည်း ကလေးသုံးယောက် ဖခင်ပီပီ ပူပန်ကြောင့်ကြမှု ရှိနေစေကာမူ လုံးလုံး လျားလျား အားထားရသူ ဖြစ်သည်။ ကြော်ငြာကောက်ခိုင်း၍ ရနိုင်သူ ဖြစ်သည်။ သတင်းစာမျက်နှာ ပုံစံထုတ်သည့် အလုပ်ကိုမူ ပေ့ ကိုယ်တိုင်ပင် အတန်ကြာ တာဝန်ယူ လုပ်ကိုင်သွားရပေတော့မည်။
တာဝန်သစ် များ ခွဲဝေသတ်မှတ်လိုက်ခြင်းဖြင့် လုပ်ငန်းအခြေအနေ ချောမောလာသည်။ သို့သော် နည်းနည်းနှင့် ကျဲကျဲ ၀ိုင်း ထားရခြင်းသာ။
လုပ်ငန်းအားလုံး ပြီးစီးသွားမှ တစ်ကျော့ပြန် စဉ်းစားသည်။ ထို့နောက် သားတော်မောင်ထံ သွားလိုက်ဦး မှ ပဲလေ ဟု ပေ့ ဆုံးဖြတ်သည်။ အခြားနည်းလမ်း မရှိတော့။ စလီဒန်မှ ခေတ္တယာယီ ဖြစ်ဖြစ် ဒေးဗစ် ခွာဦး မှ ဖြစ်တော့မည်။ သတင်းစာတွင် လူစားဝင်ဦးမှ ဖြစ်တော့မည်။
(၉)
ပေ့သည် ညနေ ၅နာရီတွင် အလုပ်ကို ဖြတ်ထားခဲ့ပြီး စလီဒန်သို့ ထွက်လာခဲ့လေ၏။
နံနက်ပိုင်း က ဖြစ်ပျက်ခဲ့ပုံများကြောင့် ခေါင်းကိုက်သလိုလို ဖြစ်နေခဲ့သည်။ နေ့လယ်ပိုင်း တစ်ချိန် လုံး သည် ခေါင်းခဲနေခဲ့၏။ ယခုမှ ပင်လယ်လေ လန်းလန်းဆန်းဆန်းကလေးကို ရှုရှီုက်လိုက်ရ သဖြင့် ခေါင်းကိုက် အတော်ပြေသွားလေသည်။ သူ ကားမောင်းနေစဉ် နေ၀င်ရိုးရီ လေပြည် လေညင်းကလေး ဆော်သွေးလာ၏။ သောင်ပြင်ပေါ်မှ မြက်နုကလေးများကို လှိုင်းထအောင် တိုးဝှေ့နေ၏။
ကြိုတင် အသိပေးမထား၍ ခြံတံခါးဝတွင် ကော်ရာ အကြိုမထောက်ရှာ။ အိမ်ကလေးမှာလည်း ခါတိုင်းနှင့်မတူ။ ငြိမ်ငြိမ် တိတ်တိတ် ဖြစ်နေသလိုလို။ ပြတင်းပေါက်အနီးတွင် ထိုင်ပြီး တစ်စုံတစ်ခု ကို ကုန်းလုပ်နေ သည့် ကော်ရာ ကို ပေ့ မြင်ရသည်။ သူ့ခြေံကို ကြားမှ ကော်ရာ ခေါင်းထောင်လာ သည်။ တစ်မျက်နှာလုံး ၀င်းထိန်သွားသည်။ ရွှင်မြူးအံ့သြဟန်ဖြင့် သူ့ကို ကြည့်လိုက်သည်။ ချက်ချင်းပင် တံခါးဝသို့ ရောက်လာသည်။
ကော်ရာကို မြင်ရသည်မှာ ပေ့အဖို့ ခါတိုင်းထက်ပို၍ စိတ်ချမ်းမြေ့သည်။ ရက်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် စိတ်အားတက်ကြွသလို ခံစားရသည်။
"တစ်နာရီလောက်ဆိုပြီး လာခဲ့တာပဲ။ ငါ့ကြောင့် တစ်မှောင့်များ ဖြစ်နေမလားမသိဘူးဟေ့"
"ဘယ်တော့ မှ မဖြစ်ပါဘူး"
ကော်ရာ က ပေ့၏ လက်နှစ်ဖက်စလုံးကို ဆုပ်ကိုင်လိုက်သည်။
"ဦး ကို တွေ့ရတာ စိတ်ချမ်းသာပါတယ်။ ကျွန်မလည်း ပျင်းပျင်း ခြောက်ခြောက်ကြီး ဖြစ်နေတာပါ။"
"ပျင်းတာပေါ့။ ဒါပေမဲ့ အခုတော့ မပျင်းတော့ပါဘူး။ ကဲ ... အိမ်ထဲဝင်လေ"
"ဒေးဗစ် ဘယ်ရောက်နေ သလဲ" ပေ့က အပေါ် အင်္ကျီကို ချွတ်ရင်း မေးလိုက်၏။
"စကာဘာရာ ကို သွားလေရဲ့။ ဒီနေ့ မနက်ကပဲ ထွက်သွားတာပါ။ ဒေါက်တာ အီဗန်ကို တွေ့ရအောင်တဲ့
မျှော်လင့် မထားသော သတင်းကို ကြားလိုက်ရ၍ ပေ့ တုံ့ခနဲ ရပ်လိုက်မိ၏။
တစ်အောင့်လောက်ကြာမှ ...
"သူ နေမကောင်းပြန်ဘူးလား" ဟု မေးနိုင်တော့၏။
"ကောင်းပါတယ်။ အတော်ကောင်းနေတာပဲ။ တစ်လောတုန်းကစပြီး စိတ်ထင့်ထင့် ဖြစ်လာပြန်တာ"
"ဘာကိစ္စ အတွက်လဲ"
"သူ့ကိစ္စအတွက်ပေါ့။ တကြောင့်ကြကြ ဖြစ်ရုံဖြစ်နေတာပါ"
"ရောဂါပြန်ဖြစ်မှာ စိုးတယ်ပေါ့လေ"
"အဲဒါလည်း တစ်ပိုင်းပေါ့"
ကော်ရာက လေးလေးဖြည်းဖြည်း ပြောသည်။ မပြောရက် ပြောရက် ဖြစ်နေပုံရသည်။ ပြောလိုက် ရ၍ ရင်ပေါ့သွားပုံလည်း ရလေသည်။
''တဖြည်းဖြည်း ဖြစ်လာတာပါ။ လွန်ခဲ့တဲ့နှစ်ပတ်က စတာပဲ။ ပထမတော့ သူ့စာအုပ်ကိစ္စမှာ အာရုံလျော့ လာတယ်။ ပြီးတော့ ကျွန်မနဲ့မတွေ့ခင် သူ ဒုက္ခရောက်ခဲ့ပုံတွေကို စပြောလာတယ်။ အဲဒီကိစ္စကို သူမေ့မေ့ ပျောက်ပျောက် ဖြစ်အောင် ကျွန်မ လုပ်ပါသေးတယ်။ သူ့အတွက်မကောင်းဘူးဆိုတာလည်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ သူကတော့ဆက်ပြောနေတာပဲ။ မောင် အဲဒီလို များပြန်ဖြစ်ရင်ကော်ရာ ရယ်.... ဆိုတာမျိုးတွေပြောနေ တာပဲ။ တနင်္လာနေ့ကတော့ သူ အပေါ်ထပ်ဆင်း လာတယ်။ ''ဘယ်သူနဲ့စကားပြောနေ တာလဲ'' လို့မေးတယ်။ ကျွန်မက ''မပြောပါလား'' လို့ပြောတော့ ''မောင် ကြားမိပါတယ်။နားနဲ့ ဆတ်ဆတ်ကြား တာပါ'' လို့ပြောတယ်။
''မင်းတစ်ယောက်တည်းများ စကားပြောနေတာလားကွယ်''လို့ထပ်မေးတယ်။ ကျွန်မက ''မဟုတ်ပါဘူး'' လို့ထပ်မေးတယ်။ ကျွန်မက ''မဟုတ်ပါဘူး'' လို့ဖြေတယ်။ ဒါပေမဲ့ သူမကျေနပ်ဘူး။ တစ်အိမ်လုံးအနှံ့ ရှာတော့ တာပါပဲ။ ဗီရိုတွေပါမကျန် အားလုံးရှာတာပဲ။ လူတစ်ယောက်ယောက်များ ရှိနေမလားလို့ပေါ့လေ။ ကျွန်မကို ငူငူကြီးကြည့်ပြီး ''မောင် အသံတွေကြားတယ် ကောရာ'' လို့ ပြောတယ်။ ကျွန်မက နားကြားလွဲတာ ဖြစ်ပါလိမ့်မယ်လို့ ပြောပေမယ့် မရဘူး။ နေ့လည်ပိုင်းကျတော့ ဆရာဝန်နဲ့တွေ့ မှ ဖြစ်မယ်လို့ ပြောတော့တာပဲ။ ဦးတို့ကို မပြောရဘူးလို့ ကျွန်မကို မှာသွားတယ်။ သူနဲ့လည်း မလိုက်ရဘူးတဲ့။ ကျွန်မ က လိုက်ချင်တယ်။ သူက မလိုက်စေချင်ဘူး။ သူ့ကိစ္စ သူလုပ်မယ်တဲ့။ သူများကို အားမကိုး ချင်ဘူးတဲ့။ နို့မို့ရင် ဒီအစွဲ ကို ချွတ်လို့ရမှာမဟုတ်တော့ဘူးတဲ့လေ''
စကားပြတ်သွားသည်။
ထိုအချိန်အတွင်း ဟင်နရီပေ့ခမျာ မှန်းချက်နှင့် နှမ်းထွက်တစ်ခြားစီဖြစ်နေသည့် သူ့စိတ်ကူးများ ကို ပြန်ပြင်ရလေ၏။ အကူအညီတောင်းရန် သူလာခဲ့၏။ ယခုသူက ပြန်ကူရပေဦးတော့မည်။ ကော်ရာ မျက်ရည်လည်နေသည် ကို တွေ့လိုက် ရ၍ ဒေးဗစ်နှင့် ကော်ရာတစ်ခုခုတော့ ဖြစ်ကြပြီ ဟု တွေးမိ လိုက်၏။ ကော်ရာဖွင့်ပြောတာ အပြင် တစ်ခုခုတော့ ဖြစ်ခဲ့သေးသည်ဟု ထင်မိလိုက်၏။
ပေ့သည် ကော်ရာ့လက်မောင်းကို ဇတ်ခနဲ ကိုင်လိုက်၏။
''ကဲလာ....တို့လမ်းလျှောက်ကြရအောင် ။ လေစိမ်းကလေးရူလိုက်ရင် ကောင်းသွားမယ်''
သူတို့ လျှောက်နေကျအတိုင်း ဆိပ်ခံတံတားတစ်လျှောက် လျှောက်သွားကြလေ၏။ နှစ်ယောက်စလုံး စကား တစ်ချက် မဟသလောက်ဖြစ်သည်။ သို့သော် နေသာထိုင်သာ ရှိလာသည်။
မီးပြတိုက်အနီးရောက်တော့ လေငြိမ်သွား၏။ နေ၀င်ရိုးရီး လေပြေလေညင်းကလေးက ချမ်းမြသန့်စင်နေ၏။ မိုးကုတ်စက်ဝိုးဆီတွင် နှင်းလွှာပါးပါး လွှမ်းခြုံထား၏။ လှိုင်းအိအိကလေးတွေ လူးလွန့်ရုံလူးလွန့်နေ၏။ မှန်သားပြင်လို ပြန့်ပြူးနေသော ပင်လယ်ရေထုကို အဆုံးအစမရှိ တစ်မျှော်တစ်ခေါ်မြင်ရ၏။ မြူလွှာရုံလွှမ်းခြုံ ဖုံးကွယ် ထားသော တံငါလှေကလေးတစ်သင်းမှ ခရုသင်းမှုတ်သံ၏ ခြောက်ခြားဖွယ်ရာ ပဲ့တင်သံသည် ဆိတ်ငြိမ်မှု ကို ဖောက်ထွင်းဖြတ်သန်းလာသည်။
ပေ့သည် ကောရာနှင့်အတူ ဆိတ်ငြိမ်စွာ ရပ်နေသည်။ တစ်ယောက်နှင့်တစ်ယောက် ခါတိုင်းထက်ပို၍ နီးစက်ရင်းချာ လာဘိသကဲ့သို့ လံစားမိ၏။ အိမ်သို့ပြန်ရောက်ချိန်တွင် ကော်ရာက သူ့ကိုလှမ်းကြည့်လိုက်သည်။ သမုဒယ အကြည့်။ အတညုတ အကြည့်။
''ဒီအဖြစ်က မမျှတလိုက်တာရှင်။ ဦးမှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ် မဟုတ်လား'' ကော်ရာကပြော၏။
''ငါက ခံနိုင်ရည် ရှိပါတယ်ကွယ်''
ပေ့က တံခါးဝတွင်ရပ်ကာ လက်ပတ်နာရီကို ကြည့်လိုက်သည်။
''ကဲ ပြန်လိုက်ဦးမှ ထင်တယ်''
''မဟုတ်တာရှင်။ အိမ်ထဲဝင်ပါဦး။ တစ်ခုခုတော့ စားသွားဦးပေါ့ဦးရဲ့''
ကော်ရာ က ဇွတ်ခေါ်သည်။
ကော်ရာကလည်း အငြင်းအပယ်မခံ။ ပေ့၏ အငြင်းအပယ်ကလည်း အကြောက်အကန် မဟုတ်။ ပေ့က စောစော လည်း မပြန်ချင် ။ ကျွေးမည်မွေးမည် ဆိုတော့မှ ၀မ်းကလည်းဟာလာသည်။
''ကျွန်မ စားစရာ ပြင်လိုက်ဦးမယ်။ ဦးအခန်း ထဲမှာ ထိုင်နေနော်''
''မထိုင်ချင် ပါဘူး။ မီးဖို ထဲပဲ လိုက်ခဲ့ပါ့မယ်ကွယ်။ မင်းလုပ်တာ ကိုင်တာလည်း ကြည့်ရတာပေါ့''
မီးဖိုချောင်ထဲ လိုက်ကြည့်ရသည်မှာ အရသာတစ်မျိုးပင်။ သားတော်မောင်သတင်းကြောင့် စိတ်ညစ်ရခြင်းကိုပင် သက်သာရာ ရစေသည်။ ကော်ရာလုပ်ပုံ ကိုင်ပုံကတတ်ကျွမ်းသည်။ ကြော့မော့သည်။ မျက်စိပသာဒ ဖြစ်သည်။ သတင်းပတ်ပေါင်း များ သူခံစားခဲ့သည့် ကြောင့်ကြမှုများသည် ကော်ရာထံမှထုတ်လွှင့်သည့် လျှို့ဝှက် ဆန်းကြယ်သော အင်အားကြောင့် လျော့ပါးပြေပြောက်သွားသလို ခံစားရလေသည်။
''ကော်ရာရေ မင်းနဲ့တွေ့ရတာ ငါဖြင့်ငယ်မူတောင်ပြန်သလို ဖြစ်မိတယ်''
ပေ့ သည် စကားဆက် စကားစပ်မရှိ ဟောဟောဒိုင်းဒိုင်း ပြောလိုက်သည့် သူ့စကားသံကို သူပြန်ကြားလိုက် ရသည်။
''ဘုရားရေ'' ကော်ရာ က သူ့ကိုပြုံးပြသည်။
''ဦးကလည်း အိုသေးတာမှမဟုတ်တာ။အိုကို မအိုသေးပါဘူး။ ကျွန်မကလည်း အိုတယ်လို့ မထင်ပါဘူး။ ဘယ်တုန်း ကမှ မထင်ပါဘူး'' ဟု ပြောလိုက်၏။
ညစာက ရိုးရိုးသာ။ ကော်ရာကအိမ်မှာလည်း ဘာမှ မရှိဘူးဟု သူ့ကိုယ်သူတဖျစ်ဖျစ် အပြစ် တင်ရင်း ပြင်ပေးသည့် အစာ။ ၀က်ပေါင်ခြောက်၊ ဘဲဥ၊ ပေါင်မုန့်မီးကင်၊ ထောပတ်သုတ်နှင့် လက်ဘက်ရည် မျှသာ။ ခြံထွက်ဟင်းရွက်ပြုတ် တစ်ခွက် ကတော့ ပါလိုက်သေးသည်။
သူ ငယ်ငယ် က နွေကျောင်းပိတ်ရက်များတွင် စလီဒန်ရွာသို့ လာနေခဲ့သည်။ လှိုင်းကာတံတိုင်းပေါ် ၌ ငါးမျှား ခဲ့သည်။ ထိုစဉ်က ဤညစာမျိုးကို စားခဲ့ရဖူးသည်။ ရှေးဟောင်းနှောင်ဖြစ်မျုားဖြင့် အားဖြည့်ကာ ငယ်ငယ်က ခံတွင်းတွေ့မှုမျိုး ထက်ပိုသော အာလူးဖြင့် ညစာ ကို သူစားလိုက်လေသည်။
ဆက်ရန်
.

No comments:
Post a Comment