Thursday, July 5, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၁၄)

"ဆယ်လီဝဲလ်စ်"မှာ အသက်ခုနစ်ဆယ်ရွယ် အဖွားကြီးဖြစ်သည်။ သူ့ကလပ်နာမည်မှာ "အေးပက်စ်ကလပ်" ကမ္ဘာပေါ်တွင် အစုတ်ပြတ် အနုံချာဆုံး ကလပ်ဖြစ်ဟန်တူသည်။ အခန်းကျဉ်း သည်။ ဖုတ်တွေကလည်း၊ ဗလပွ၊ မသပ်မရပ်၊ မသားမနား၊ ချောက်ချားဖွယ်ရာ အသွင်ကို ပင် ဆောင်နေ သည်။ ကျွန်တော် အီရာနှင့် သူ သုံးယောက်သား အခန်းကို လှည့်ပတ်ကြည့်ကြသည်။ တစ်ကြိမ်သာ "ဆယ်လီ"သည် "အီရာ"ဘက်သို့ လှည့်ကြည့်ပြီး သူ၏တောက်ပစူးရှသော မျက်လုံး များဖြင့် "အီရာ"ကို စိုက်ကြည့်နေလိုက်သည်။ ကို ဆက်ဖတ်ရန်....

"မင်း ပင်လယ်ရပ်ခြားကို ရောက်ဖူးရမယ်၊ နောက်ပြီး အဲဒီကို ပြန်သွားရလိမ့်ဦးမယ်" ထူးထူးဆန်းဆန်း ပင် သူက ပြောနေ သည်။
"ဟုတ်ပါတယ်။ အဲဒါကို အစ်မကြီး ဘယ်လိုလုပ်သိပါသလဲ"
အီရာ က ပြန်မေးသည်။

မနှစ်က သူသည် အမေရိကန်နိုင်ငံကို ကိုယ်စားပြုကာ မော်စကို ပြေးပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။ ယခုနှစ်တွင် လည်း နောက်တစ်ကြိမ် ထပ်သွားရန် စီစဉ်နေဆဲဖြစ်သည်။
ထို့နောက် သူက ကျွန်တော့်ဘက်သို့ လှည့်လာပြန်သည်။ လွန်ခဲ့သော နှစ် နှစ်ဆယ်ခန့်က အမေ၏ ဝိညဉ် ဆိုင်ရာ ဗေဒင်ဆရာ က ကျွန်တော့်ခေါင်းအလယ်တည့်တည့်တွင် ကြယ်ပွင့်ကိုတွေ့ရသည်ဟု ပြောခဲ့စဉ်က ခံစားမှုမျိုး ကို ပြန်လည်ခံစားရပါသည်။
" မင်းကတော့ ဒီတစ်နိုင်ငံလုံး လေယာဉ်ပျံနဲ့ ဟိုကူး ဒီသန်းနဲ့ လျှောက်သွားနေတာ ငါ တွေ့ရတယ်။ လက် ကလည်း အညိုရောင် သားရေအိတ်လေး တစ်လုံး ကိုင်လို့"
ထိုဟောချက် ကို ကြားရ၍ ကျွန်တော်သည် အတော်အားတက်သွားမိပါသည်။ နိုင်ငံကျော် ထိပ်တန်း လူရွှင်တော်တိုင်း သည် သူတို့ပစ္စည်း များကို အညိုရောင်သားရေအိတ်များနှင့် ထည့်သွားတတ်သည်ကို ကျွန်တော် တွေ့ခဲ့တတ်၍ဖြစ်သည်။

"မကြာခင် မင်း အိမ်ထောင်ကျ ဖို့လည်း မြင်တယ်ကွ"
"ဟာ… အဲဒါတော့ အစ်မကြီးမှားသွားပြီနဲ့တူတယ်။ ကျွန်တော့်အနေနဲ့ လက်ထပ်ဖို့နေနေသာသာ ချစ်ရ မဲ့ လူတောင် မပေါ်သေးလို့ ခက်နေတယ် အစ်မကြီးရဲ့"
"ဆယ်လီဝဲလ်စ်" က ခေါင်း ကိုသာ တွင်တွင်ရမ်းခါရင်းနှင့် "ငါတော့ မင်းအိမ်ထောင်ကျဖို့ပဲ မြင်နေတယ် ကွ"
ကျွန်တော် ကမူ ခပ်လွယ်လွယ်သာ ဟာသလုပ်ပစ်လိုက်ပါသည်။ လောလောလတ်လတ် အရေးကြီး သည်မှာ ကျွန်တော့် အလုပ်ကိစ္စပင် မဟုတ်ပါလော။ ထို့ကြောင့် စကားစကို ဖြတ်ပစ်လိုက်သည်။ အလုပ်ကိစ္စကိုသာ စတင်ဆွေးနွေးတော့ သည်။ တစ်ပတ်လျှင် ကျွန်တော်က ၁၆၈ ဒေါ်လာပေးမည်။ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ များတွင် သုံးမည်။ အာမခံကြေး၊ လိုင်စင်ခ၊ သန့်စင်ကြေး၊ မီး၊ ရေနှင့် အခွန်အကောက်များ အပါအဝင်ဖြစ် သည်။ ဆွေးနွေးပြီးနောက် ကျွန်တော်တို့သည် မြောက်ဘက်ရှိကာ ဂိုသို့ ဦးတည်ပြန်ခဲ့ကြသည်။

ပထမဆုံး လုပ်ရသောအလုပ်မှာ ကျွန်တော့် သူကြွယ်မလေး လီလီယန်ထံမှ ငွေဒေါ်လာ ၈၀၀ ချေးရ ခြင်းဖြစ် သည်။ ထို့နောက် ရှီကာဂိုထုတ် လူဖြူသတင်းစာရော၊ လူမည်း သတင်းစာများပါ အားလုံးတွင် ကြောငြာများ ထည့်ခဲ့ သည်။ သတင်းစာကြီးများတွင် ကြော်ငြာနေရာများများသုံးပြီး ကလပ်သို့လာရာ လမ်းညွှန်မြပုံပါ ထည့်ပြီး ကြော်ငြာ ခဲ့သည်။
ပထမတန်းစား ကလပ်ဖြစ်အောင် ကျွန်တော် ပြင်ဆင်ရလေပြီ။ ဖန်ခွက်များ၊ ကုလားထိုင်စားပွဲများ ဝယ် ရသည်။ ကျွန်တော်နှင့် သိသမျှ အနုပညာရှင်များထံသွားပြီး တီးဝိုင်းအဖွဲ့ငှားရသည်။ အခြားပြကွက် များအတွက် လိုသော လူများကိုရှာရသည်။ ကျွန်တော့်အတွက် ကားတစ်စီးလောက်လိုအပ်သည်ဟု လည်း ထင် သည်။ မေရီအန်းတွင် ကားတစ်စီးတော့ရှိသည်။ ထို့ကြောင့် သူ့ကို ကျွန်တော့်ထံတွင် "ငွေ ကိုင်ချုပ်" လာလုပ် ရန် ပြောရသည်။ ကျွန်တော်သိသော တခြားကောင်မလေးများကိုမူ စားပွဲထိုးများအ ဖြစ် ငှားရသည်။ ထို့နောက် ဝီစကီ အဝယ်ထွက်ရသည်။
အရက်ဆိုင် နှစ်ဆိုင်မှနေင တစ်ပတ်အတွက် အရက်ဒေါ်လာ တစ်ထောင်ဖိုး ဝယ်ယူနိုင်ရန် ဆွေးနွေးခဲ့ သည်။

ဇန်နဝါရီလ ပထမဆုံးသော ထိုသောကြာနေ့တွင် ကျွန်တော်သည် လိုသမျှပစ္စည်းအားလုံး ကားထဲ ထည့်ပြီး ကလပ်ဆီ သို့ မောင်းထွက်လာခဲ့သည်။ လမ်းတစ်ဝက်တွင် အမ်းစရာ အကြွေမရှိသည်ကို သတိရသဖြင့် မြို့ဘက် သို့ ပြန်မောင်းလာပြီး ဆေးဆိုင်ပိုင်ရှင်တစ်ဦးထံမှ အကြွေများ ခေတ္တချေးလာခဲ့ရ သည်။ ဒေါ်လာတစ်ရာ ဖိုး အကြွေ ရလာခဲ့သည်။
အကြွေရပြီး မကြာမီတွင် ဘီယာနှင့် အခြားအအေးများအတွက် ရေခဲလိုနေသေးသဖြင့် တစ်ခေါက် ပြန် ကွေ့ ခဲ့ရပြန်သည်။ ထို့နောက် သံပုရာသီးများ ကျန်နေသေး၍ တစ်ခေါက်၊ စားပွဲထိုး၊ အမျိုးသမီး နှစ် ယောက်၊ တစ်ယောက်ကအဆိုကျော်၊ တစ်ယောက်က ကားပိုင်ရှင် သူတို့ကို ခေါ်ရန် တစ်ခေါက်။

ည ခုနစ်နာရီတွင် "အေပက်စ်ကလပ်" တံခါးမကြီးကို ဖွင့်လိုက်ပါသည်။ ကလပ်ထဲဝင်ရန်အတွက် အတင်း တိုးဝှေ့နေကြသော ပရိသတ်ကြီးကို မြင်ရနိုးနှင့် တစ်မျက်နှာလုံး အားရပါးရပြုံးပြီး တံခါးဖွင့် လိုက်ခြင်းဖြစ်ပါသည်။ သို့သော် ကိုးနာရီထိုးသည်အထိ ဖောက်သည်လေးဦးသာ ရောက်သေးသည်။ သူတို့ကို အထူး ပင် ပြုစုထားရသည်။ ဆယ်နာရီတွင် လူတစ်ဒါဇင်လောက်လောက် ရောက်လာပေပြီ။ အများစုမှာ မိတ်ဆွေများ သာဖြစ်သည်။ ဆယ့်တစ်နာရီလောက်တွင်ကား ကလပ်တစ်ပတ်မျှ ပြည့်လု လာချေပြီ။ ကျွန်တော်က ညကလပ် ပိုင်ရှင်ဖြစ်သည်။ ကျွန်တော့်ဘဝတွင် တစ်ခါဘူးမျှ ဒီလောက် အလုပ်မလုပ်ခဲ့ဘူးပါ။

ဟိုပြေးသည်ပြေးနှင့် မအားမလပ်နိုင်အောင်ပင် ရှိရသည်။ ခုထိ ဘာပြပွဲမှလည်း မပြရသေး။ သူတို့ကို တကြော်ကြော်အော်ခေါ် အပြေးအလွှားပင့် တီးဝိုင်းအဖွဲ့နှင့် မိတ်ဆက်ပေး။ တီးဝိုင်းအဖွဲ့သားတစ် ယောက်က လည်စီး မစီးဘဲထွက်လာ၍ ပြန်မောင်းထုတ်။ အဆိုကျော်နှင့် မိတ်ဆက်ပေး။ တစ်ယောက် သော ဖောက်သည် မကျေနပ် ၍ သွားတောင်းပန်။ ပိုက်ဆံထည့်သော အံဆွဲမှာ ဖွင့်မရအောင် ကပ်နေ သဖြင့် ထုရိုက်ပြီးဖွင့်။ တစ်ယောက် က အချိုရည်သောက်ချင်သည်ဆိုသဖြင့် အပြင်ထွက်ပြီး တစ်ပုလင်း ဝယ်ပေး။ ဂီတာဆရာနှင့် မိတ်ဆက်။ မီးဖိုချောင်ထဲမှ သယ်လာသော ဖန်ခွက်များမှာ ညစ်ပတ်။ ထို့ ကြောင့် ပြန်ဆေးခိုင်းရ။
လည်စီး မစည်းလာသောသူ ဝင်လာပြန်သည်။ သူ့အတွက် လည်စီးတစ်ခုရှာပေး။ လူနှစ်ယောက် ထရန် ဖြစ်။ သူတို့ကြား ထဲ ဝင်ဖျန်ဖြေ။ အကြွေထပ်လိုနေပြန်။ ဖောက်သည်တစ်ယောက်က သူ့ကို အကြွေ လျော့၍ အမ်းသည် ဟု ပြော။ သူလိမ်မှန်းသိပေမဲ့ သူ့ကိုထပ်ပေး။

စင်ပေါ်တက်ပြီး ကျွန်တော့်အခန်းမှာ တက်ဖျော်ဖြေ။ အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့။ တစ်ခြားနှစ်ယောက် ထရန်ဖြစ်။ ဝင်ဖျန်ဖြေ။ အရက်ပေးတိုက်။ အံဆွဲဖွင့်မရ။ အကြွေတွေလိုသတဲ့။ သံပုရာသီးတွေ လိုသတဲ့။ အကြွေတွေ လိုပြန်ပြီ။ အကြွေတွေ လိုပြန်ပြီ။  ကလပ်ပိတ်ချိန်နီးလာပြီ။ လူတွေကို အပြင်ထွက်ခိုင်း။ အရက် ပုလင်းတွေ ရေတွက်။ ငွေတွေ ရေတွက်။ သေတ္တာထဲ ဘီယာတွေပြန်ထည့်။ ကားပေါ်ပစ္စည်း တွေ အကုန်ပြန်တင်။ ဒီမှာထားခဲ့လို့ ဓားပြဝင်တိုက်သွားရင် မခက်လား။ ရှီကာဂိုသို့ ပြန်မောင်းလာ။ ကားပေါ်ကပင် မဆင်းနိုင်။ မောမောနှင့် ကားပေါ်မှာ ပင် အိပ်ပျော်သွား။
စနေနေ့ည ကလပ်ဖွင့်သောအခါ သောကြာနေ့ထက် ပိုလူစည်လာ သည်။ သောကြာနေ့ည ထက်လည်း နှစ်ဆ မျှပို၍ ကြမ်းရမ်းလာကြသည်။ ကျွန်တော့်အဖို့လည်း ဆယ်ဆမျှပို အလုပ်လုပ်ခဲ့ရသည်။ စင်မြင့် ပေါ် သို့တက်ပြီး နှစ်ကြိမ်မျှကပြဖြေဖျော်ခဲ့သည်။ သတင်းစာများထဲမှ အရေးကြီးသောသတင်းများနှင့် ပတ်သက်ပြီး ပြက်လုံး များ ထုတ်သောကြောင့် အထူးအောင်မြင်လှသည်။ ညဘက် ဆိုင်ပိတ်သောအခါ ဒေါ်လာ ၁၂၀၀ ရ သည် ကို တွေ့ရသည်။

ကျွန်တော်က ယုံပင် မယုံနိုင်။ ကျွန်တော်သည် ကလပ်ကို ဖွင့်နေသလား ပိတ်နေသလားပင် သတိမ ထားနိုင်ခဲ့။ ကျွန်တော့် အဖို့ ပင်ပန်းလွန်းလှချေပြီ။ သို့သော် အိတ်ထဲတွင် ငွေ ၁၂၀၀ ရောက်နေပြီကို ကား သိနေသည်။
တနင်္လာနေ့ မနက်တွင် ကျွန်တော်သည် အပေါင်ဆိုင်နှင့် သူငယ်ချင်းများ အိမ်သို့ ရောက်နေ သည်။ နောက်တစ်ပတ်အတွက် ကြော်ငြာခနှင့် ငှားရမ်းခများ ပေးနိုင်အောင် ငွေရှာနေရသည်။ ကျွန်တော့် မှာ ရှိသော ဒေါ်လာ ၁၂၀၀ မှာ ကြွေးဟောင်းပင် မကျေနိုင်သေး။ ပထမတစ်ပတ်အတွင်း တီးဝိုင်း အဖွဲ့ကို သာ ငွေပေးနိုင် ခဲ့သည်။ ယခု ကြွေးဒေါ်လာ ၁၀၀၀ ခန့်တက်နေပေပြီ။ သို့သော် အလုပ်ကား လည်ပတ် နေသည်။ ထိုနောက်ပိုင်းတွင် ငွေသိမ်းရန်အတွက် လူတစ်ယောက်ပင် လိုလာနိုင်ပေမည်။ သို့သော် ထို ငွေသိမ်းမည့် လူ င၈ှားရန်မလိုတော့ပါ။ အဘယ့်ကြောင့်ဆိုသော် နောက်သောကြာနေ့တွင် နှင်းများ ဆယ့်သုံးလက်မ ထိအောင်ကျ၍ဖြစ်သည်။ နှင်းဆယ့်သုံးလက်မနှင့် ဖောက်သည် သုံးဦး။

စနေနေ့တွင် နောက်ထပ်ငါးလက်မမျှပင် ပို၍နှင်းကျပြန်သည်။ လမ်းခရီးမှာ မသာယာလှ။ ကျွန်တော်တို့ မှာ ရှီကာဂိုမြို့မှ ဆယ့်ကိုးမိုင်မျှ ဝေးသောအရပ်တွင် ရောက်နေရာ လူလာရန် ပို၍ခဲယဉ်းနေ၏။ ထိုအ ထဲမှပင် လူနှစ်ယောက် ခန့်တော့ လာကြသည်။ တနင်္ဂနွေနေ့တွင်လည်း လူနှစ်ဆယ်သာ လာသည်။ နှင်း ကလည်း နှစ်လက်မ ပိုကျလာသည်။ ယင်းမှာ ရှီကာဂိုမြို့၏အဆိုးဆုံးဆောင်းရက်များ၏အစဖြစ် သည်။

တတိယပတ်နှင့် စတုတ္ထပတ်များတွင် နှင်းပင်မက နှင်းမိုးများပါ သည်းထန်လာသည်။ အချို့ညများတွင် "အေပတ်စ်ကလပ်" ၌ ဖောက်သည်ထက် အလုပ်သမားကပင် ပိုများနေတတ်သည်။ ကောင်မလေးတွေ ကိုမူ ကျွန်တော့် ဂတိအတိုင်း ပင် လုပ်ခများ  ရှင်းပေးနေရသည်။ အကယ်၍ ရာသီဥတု မကောင်းလျှင် သော်မှ လုပ်ခ များကို ပေးမည်ဟုမဆွကပင် ကတိပေးခဲ့ပြီးဖြစ်၍ ငွေများချေး၍ လုပ်ငန်းလည်ပတ် အောင် ဆက်လုပ် ရသည်။ ပေါင်စရာ ရှိတာပေါင်၊ ရောင်းစရာရှိတာ အကုန်ချရောင်းပစ်သည်။

အရက်ဆိုင်ပိုင်ရှင်မှာလည်း ကျွန်တော့်အား မကျေမနပ်စ်ြလာသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် ယူသော အလုံးရေထက် ပြန်သွင်းသော အလုံးရေက ပိုများနေ၍ဖြစ်သည်။ ထို့ကြောင့် ဂျင်၊ ဗော့ဒဂါ၊ စကော့ များကို ပိုင့်လိုက်ပင် ဝယ်ရတော့သည်။ ဘီယာခြောက်သေတ္တာ၊ ဆိုဒါကာတွန်းအနည်း ငယ်သာ ဝယ်နိုင်တော့ သည်။ အချို့ညများဆိုလျှင် အရက်ပင်မဝယ်နိုင်။ ကလပ်ငှားခ တက်လာသည်။ ကြော်ငြာခများ တက်လာသည်။ ကျွန်တော် ကား ကြွေးသံသရာထဲတွင် နစ်သထက် နစ်လာလေတော့ သည်။

၁၉၅၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်၊ ကြာသပတေးနေ့တွင် ကျွန်တော်သည် ကျွန်တော့်သူကြွယ်မလေး လီလီယန်စမစ် ထံ သွားတွေ့ပါသည်။ သူက ရွှင်ရွှင်ပြုံးပြုံးပင် ဖြစ်ပါသည်။ သို့သော်  ကျွန်တော့် ကို တောင်းပန်တိုးလျှိုးသည့် သဘောလေးလည်း ဆောင်နေပါသည်။ သူက ကျွန်တော့်ကို ဒေါ်လာ ၃၆၀ သာ ပေးနိုင် ပါသည်။ သူသည် တက္ကသိုလ်မှ အလုပ်နှုတ်ထွက်လိုက်ပြီး မြို့မှခွာရန် ပြင်ဆင်နေသည်။ သူ ဘာကြောင့် မြို့မှထွက်ခွာသွားရသည်ကို ကျွန်တော့်အားပြောရန် နှစ်ကြိမ်တိုင်တိုင်ပင် မေးကြည့်ရ သည်။

"ကျွန်မ မှာ ကိုယ်ဝန်ရှိနေပြီ ဂရီဂိုရီ၊ အခု ကလေးရှိနေပြီ"
ထိုစကားအားလုံးကို ကြားလိုက်ရသည်မှာ ကျွန်တော် အူအသည်းများကို ရေခဲရေတစ်ပုံးဖြင့် လှမ်းပက် လိုက် သလိုပင် ခံစားလိုက်ရပါသည်။ ကျွန်တော် အလိုချင်ဆုံးအရာ၊ ရင်းသွေးရင်နှစ် ရတနာ။ သို့သော် အိုးမရှိ အိမ်မရှိ။ ကျွန်တော့်ရင်သွေး သည် ဆင်းရဲဒုက္ခတွင်းမှ ကျွန်တော့်ကဲ့သို့ ကြီးပြင်းလာရမည်ကို ကား ကျွန်တော် မလိုလား။
သူနှင့် ကျွန်တော် သည် ထိုင်ချလိုက်ပြီး စကားတွေ ပြောကြတော့သည်။ သူ့ကို မေးခွန်းတွေ မေးရတော့ သည်။ သူသည် ပိုက်ဆံချမ်းသာသူမဟုတ်။ ကောလိပ်တက်ရန် သူသည် ငွေစုခဲ့သည်။ ကျောင်းမှဆင်း ပြီး တစ်နှစ်အကြာတွင် ဘဏ်၌ ငွေစုခဲ့သည်။ သို့သော် သူ စုထားသမျှ အားလုံးနီးပါးကို ကျွန်တော့် အား ပေးခဲ့ပြီးဖြစ်သည်။ ဤသည်ကို သူ ကိုယ်ဝန်လေးလရှိစဉ်ကပင် သိခဲ့ပြီးဖြစ်သည်။ သို့သော် ထိုအချိန် မှာ အလွန် အလုပ်များနေ၍ သူကလည်း မပြောချင်တော့၍…။

ကျွန်တော်က လီလီယန်အား လက်ထပ်ခွင့် တောင်းလိုက်ပါသည်။
သူက ငြင်းဆန်ပါသည်။ ကျွန်တော့် ဘဝခရီးလမ်းမှာ ဝင်၍ မနှောင့်ယှက်လိုပါဟု သူက ဆိုသည်။
သူက ငြင်းဆန်ပါသည်။ ကျွန်တော့် ဘဝခရီးလမ်းမှာ ဝင်၍ မနှောင့်ယှက်လိုပါဟု သူက ဆိုသည်။
ဤတစ်ကြိမ်တွင်မူ ကျွန်တော်က သူ့ကို မမေးတော့ပါ။ သူ့ကို ပြောသာပြနေ ပါသည်။ သောကြာနေ့ တွင် သွေးစစ်ကြသည်။ လက်ထပ်စာချုပ် ဝယ်သည်။ တနင်္လာနေ့၊ ၁၉၅၉ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျွန်တော် သည် အိမ်ထောင်ရှင်တစ်ယောက် ဖြစ်လာလေပြီ။ အဘွားကြီး ဟောပြောချက်မှာမှန်လေပြီ။

တနင်္လာနေ့ည သန်းခေါင်တွင် သူနှင့် ကျွန်တော်သည် စိန့်လူဝီသို့ ဘတ်စ်ကားဖြင့် ထွက်လာကြသည်။ မိုင်သုံးရာ ခရီးကို တစ်ညလုံး စီးခဲ့ကြသည်။ ကျွန်တော်က သူတို့အားလုံး အစစ အရာရာ အဆင်ပြေ  သွားပြီဖြစ်ကြောင်း၊ ရာသီဥတုကလည်း ပြန်ကောင်းလာလျှင် ညကလပ်လည်းပြန်စည်ကားလာပြီး သူ့ ကို ရှီကာဂိုသို့ ပြန်ခေါ်လာကာ ကျွန်တော် သည် ခင်ပွန်းသည်နှင့် ဖခင်တာဝန်များကိုယူတော့မည်ဖြစ် ကြောင်း ပြောသည်။ သူသည် အလွန် သတ္တိကောင်းသူဖြစ်သည်။ သူနှင့် အသိအကျွမ်းတစ်ဦးတစ်လေမှ မရိသော မြို့တစ်မြို့သို့ သူ သွားနေရလေတော့ မည်။ ကျွန်တော်ကမူ သူ ဘယ်ရွေ့ဘယ်မျှထိ ဒုက္ခ ရောက်မည်ကို မစဉ်းစား တတ်အောင်ဖြစ်ခဲ့ ရသည်။

ထိုအင်္ဂါနေ့မှာ စိန့်လူဝီမြို့တွင် ရာသီဥတု အဆိုးဆုံးနေ့တစ်နေ့ ဖြစ်သည်။ မိုးတွေရွာ၊ နှင်းတွေကျ၊ လမ်း တွေချော်၊ ဘတ်စ်ကားတွေ မပြေးနိုင်။ အငှားကားတွေလည်းမရှိ။ အာမခံကုမ္ပဏီများလည်း ထိုနေ့ ထွက် သော ကားများကို တာဝန်မယူဟု ကြေညာထားသည်။
ကျွန်တော် တို့သည် ခိုးမောင်းလာသူတစ်ဦး၏ကားကြုံဖြင့် ကျွန်တော့်ညီမနှင့် ညီငယ်သုံးယောက်နေ သော အိမ်ဆီ သို့ လာခဲ့ကြသည်။ ညီမ "ဒေါ်လော်ရက်စ်" မှာ ခင်ပွန်းနှင့် ကွဲကွာနေသော ယခု စားပွဲထိုး လုပ်နေရ သည်။ သူ့အတွက်လည်း ဘဝမှာ ကြမ်းတမ်းသည်မသိ။ သို့သော် သူက သဘောကောင်း သည်။အ ကြင်နာ တရား ရှိသည်။ ထို့ကြောင့် လီလီယန်ကို ဝမ်းမြောက်ဝမ်းသာပင် ခရီးဦးကြိုပြုသည်။ ကျွန်တော် ကလည်း တွေ့သမျှ ရပ်ဆွေ ရပ်မျိုး များ ကို ကူညီစောင့်ရှောက်ရန် အပ်နှံထားခဲ့သည်။ ထို့ နောက် လီလီယန်နှင့် စကား အနည်းငယ် ပြောကာ ရှီကာဂိုနှင့် "အေပက်စ်ကလပ်" ဆီသို့ ပြန်လာခဲ့ရ လေသည်။

(၃)

ပိုက်ဆံဟူ၍ ကြေးပြားတစ်ချပ်မျှပင် မရဘဲ ညကလပ်လုပ်ငန်းကို ခြောက်လတိုင်တိုင် လုပ်ခဲ့ရသည်။ လုံးဝ မဖြစ်နိုင်စရာ ကိစ္စပင် ဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လည်းယခုကဲ့သို့ ဆိုးဆိုးဝါးဝါး ဖြစ်လိမ့်မည် ဟု လုံးဝမထင်ခဲ့။
တစ်ခုတော့ ရှိသည်။ ကျွန်တော်တို့အလုပ် ပိုကြိုးစားလုပ်လေလေ ရာသီဥတုကလည်း ပိုဆိုးလေလေ ဖြစ်နေ သည်။ ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လလုံး ရာသီဥတု အခြေအနေ ဆိုးနေခဲ့ပြီး နောက်တစ်ခု သော ဗုဒ္ဓဟူးနေ့ တွင် နည်းနည်းသာသာယာယာ နွေးနွေးထွေးထွေး ဖြစ်လာ၍ ကျွန်တော့်လူများကို စု ခေါ်လိုက်သည်။ တစ်ခါမှ လခမပေးခဲ့ ရသော စားပွဲထိုးမလေးကိုလည်းကောင်း၊ အခြားစီးပွားရေး လုပ် ငန်းများကတွင် ဝင်လုပ်ပြီး ကျွန်တော့် ကို ထောက်ပံ့နေကြသော မိတ်ဆွေများကိုလည်းကောင်း၊ ကျွန် တော့်အရက်ပုလင်းဖိုးများအတွက် အပြင် ထွက်ပြီး နောက်အလုပ်တစ်ခုဝင်လုပ်ပေးနေရသော ငွေကိုင် မလေးကိုလည်းကောင်း အခြေအနေများကို  ရှင်းပြရသည်။

ကျွန်တော့်အဖို့ ညတိုင်းပင်ပန်းကြီးစွာ ကြိုးစားခဲ့ရသည်။ သို့သော် ယခု ဆောင်းရာသီမှာ ထန်ပြင်းလှ ၏။ ဘုရားသခင် ကပင် ကျွန်တော့်စိတ်ဓာတ်ကို စမ်းလိုသည့်အတွက် တမင်ဖန်တီးလိုက်သလောဟုပင် မပြောတတ်။
ဇာတ်ခုံပေါ်ရောက် လျှင် ငွေရေးကြေးရေးကိစ္စ အဆင်မပြေမှု ပြဿနာများကို ခေါင်းထဲမှာ အတင်း ဖျောက်ပြီး ရယ်စရာတွေ ဟာသတွေ တမင်ဖန်တီးဖြေဖျော်ပေးခဲ့ရသည်။ မတ်လရောက်သော အခါ ကြော်ငြာ ပင်မထည့်နိုင်တော့။ အောဇဲလ်နှင့် ဝီလျှံတို့ကိုလည်း အိမ်လခ မပေးနိုင်တော့။ "ဆယ်လီ ဝဲလ်စ်" အတွက် ကလပ်ငှားခ ဆိုသည်မှာ ဝေလာဝေး။ သူ့ကို လခမပေးနိုင်သည့်ပြင် သူကပင်လျှင် ကျွန်တော့်အတွက် မီးဖိုးရေဖိုး၊ လိုင်စင်ဖိုး၊ အခွန်ဖိုးများကို စိုက်ဆောင်နေရသေးသည်။ အဖွဲ့သားများ ထဲမှ လင်မယား တို့သည်လည်း တကျက်ကျက် ရန်ဖြစ်နေကြရပြီ။ အဆိုကျော်မလေးသည်လည်း ည တိုင်း သူ့ အကောင်နှင့် နောင်ဂျိန် ချနေရ၏။

သူတို့အားလုံးကို ကျွန်တော် ပေးနိုင်သည်ကား မျှော်လင့်ချက်နှင့် အရက်အခမဲ့သောက်ခွင့်ကိုသာ ဖြစ် သည်။ သို့သော် မျှော်လင့်ချက်ဆိုသည်မှာ တဖြည်းဖြည်းပို၍ ဝိုးတဝါးနိုင်လာသည်။ အရက်ဖိုးကိုလည်း သူငယ်ချင်း များက သူတို့အဝတ်အစားများ ပေါင်ပြီးရှင်းပေးနေရသည်။ မည်သို့ပင်ဆိုစေ ကျွန်တော့် အနေနှင့် မေလလောက် တွင်တော့ အောင်မြင်မှုကို ဖြစ်စေတော့မည်ကို သိထားလိုက်ရသည်။ ကျွန်တော့်ရင်သွေးကို မြို့မှ ဆေးရုံတွင် ကား မမွေးချင်ပေ။ လတ်တလောတွင်ကား ညညတွင် အရက် ဆိုင်ရှေ့ဖြတ်ပြေးပြီး လမ်းထောင့်ချိုးကွေ့ ယင်ကာ ခေါင်းငိုက်စိုက်ချ၊ ဒူးတွေကို မြှင့်၊ မီးတိုင်ကို အလေး ပြုပြီးပြေးနေရသည်သာ။ ပြေးနေသည်သာ၊ ဂရီဂိုရီ တစ်ယောက်အဖို့ ပြေးနေရပြန်သည်သာ။
လီလီယန် အား ငွေတစ်ပြားတစ်ချပ်မျှပင် မပို့နိုင်။ ဧပြီလတွင် စိန့်လူဝီသို့ တယ်လီဖုန်းပင် မဆက်နိုင်ခဲ့။ တယ်လီဖုန်းခ ပင် မရှိ။
မိတ်ဆွေ တော်တော်များများလည်း ပျက်စပြုပြီ။

သူတို့ကို ကျွန်တော် အပြစ်မတင်နိုင်ပါ။ ရုံးမှ ဒေါ်လာ ငါးရာချေးပြီး ကျွန်တော့်ကို ပေးသူတစ်ယောက် က သူ့ငွေပြန်တောင်း သည့် အခါတိုင်း "မနက်ဖြန် ရပါ့စေမယ်။ မနက်ဖြန်လာပါနော်" ဆိုကာ မနက်ဖြန် ပေါင်းများစွာ ချိန်းဆိုခဲ့ ရာ ယခုအခါ သူ့ခမျာ အလုပ်မှ ငွေပြန်မဆပ်နိုင်၍ အလုပ်မှပင်ပြုတ်လုမတတ် ဖြစ်နေရရှာပြီ။

နှင်းတွေပျော်ကျတော့မည်။ နေထွက်တော့မည်။ "အေပက်စ်"ကလပ် အခြေအနေ လည်း ကောင်း လာ တော့သည်။ လူတွေ ပြန်စည်ကားလာတော့မည်။ ဒီနေ့ မနက်ဖြန်။ သို့မဟုတ် နောက်အပတ် များ အတွင်း။ သို့သော် လောလောလတ်လတ်တွင်မူ "အောဇဲလ်" ခမျာ ဖျားနေရှာသည်။ "ဝီလျံ" မှာလည်း စိတ်ဓာတ်ကျ လျက်။ စားပွဲထိုးများ၏ကလေးများမှာ ငတ်မွတ်၍ ကြမ်းပြင်ပေါ်မှာသာ လှဲချပြီး လက်က လေး အသာမြှောက်ကာ ငါ့မျက်နှာကိုသာ လာထိုးလှည့်ကြပါ သူငယ်ချင်းတို့ရယ်ဟုသာ မျက်နှာဖွင့်ပေး ရုံသာ ရှိတော့ မည်။ လာထိုးလှည့်ကြပါ သူငယ်ချင်းတို့ရယ်၊ သေလည်း သေချင်လှပါပြီ။ ကံဆိုတာက လည်း ကောင်းဖို့ရာ မမျှော်လင့်နိုင်တော့ပြီ။ သို့သော် ကျွန်တော့်ထက် အခြေအနေဆိုးရသူမှာ လီလီ ယန်။ သူ့အဖို့ ကျွန်တော့်ထက် ဆယ်ဆ ပင် ကံဆိုးရှာမည်။ သူစိမ်းမြို့တွင် သူစိမ်းများကြား၌ မျက်နှာ ငယ်နေရှာမည့် လီလီယန်။ တစ်ကြိမ်မှ ဖုန်းမဆက် သည့် ဖခင်၏ ရင်သွေးကို မွေးဖွားပေးရန် စောင့်ဆိုင်း နေရှာသူ။

မေလ ဒုတိယပတ်တွင် "အေပက်စ် ကလပ်" အတွင်းသို့ လူတစ်ယောက် သေနတ်နှင့်ဝင်လာသည်။ ထိုအချိန် တွင် ကလပ်တွင်းရှိ လူခြောက်ယောက်မှာ ထခုန်ပြီး ထွက်ပြေးကုန်ကြသည်။ စားပွဲထိုးမလေး၊ တီးဝိုင်းသမား များနှင့် သရုပ်ဆောင်များမှာ နံရံသို့မျက်နှာအပ်၍ ရပ်နေရရှာသည်။ သူက စားပွဲတွေကြား မှနေ၍ ကုလားထိုင် များကို ကန်ကျောက်သွားရင်းနှင့် ပိုက်ဆံသိမ်းသည့် စားပွဲနောက်မှ ကောင်မလေး အား သေနတ်နှင့် သွားရမ်းပြနေ သည်။ ကျွန်တော်ကမူ ဇာတ်စင်ပေါ်မှ ဆင်းလာပြီး သူ့ထံ တည့်တည့် မတ်မတ်လျှောက်သွားကာ သူ့ကို စိုက်ကြည့်ပစ်လိုက်သည်။
"ဒီမှာ မိတ်ဆွေ၊ မိတ်ဆွေက ကျွန်တော့်အခြေအနေကို မသိသေးဘူးနဲ့တူတယ်။ သိမယ်ဆိုရင်တော့ ဒီလိုသေနတ်နဲ့ လာမဲ့အစား ပိုက်ဆံတွေယူလာပြီး လာမှာ သေချာပါတယ်"
သူက ကျွန်တော့်ကို ရူးကြောင်ကြောင် ငနဲသဘောမျိုးဖြင့် ပြန်ကြည့်လိုက်ပြီး သေနတ်ရမ်းပြကာ ကျွန် တော့်ကို ဖယ်ခိုင်းသည်။ ကျွန်တော်ကလည်းမလှုပ်မယှက်ပေ။ ကျွန်တော် မိုက်မဲကောင်း မိုက်မဲပါမည်။

"ဒီမှာ တဆိတ် နားထောင်ပါဦးဗျာ။ ဒီနားမှာ ခင်ဗျားနဲ့ ကျွန်တော်တစ်ယောက်ယောက်တာ့ သေကြရမှာ ပါပဲ။ ကျွန်တော့်မှာ တစ်ဆောင်းတွင်းလုံး ခံခဲ့ရတဲ့ ဒုက္ခတွေနဲ့ အပြည့်မို့လို့ ခင်ဗျားအနေနဲ့ သေနတ် ထုတ်ပစ်ချင်ပစ်နိုင် ပါတယ်။ ကျွန်တော့်ကို ဒီကနေ ထွက်သွားနိုင်အောင် ခင်ဗျား ဒီလိုလုပ်မှ ရပါလိမ့် မယ်။ ဘုရားသခင်တောင် မှတော့ ဒီလိုမလုပ်နိုင်သေးပါဘူး။ သူကလည်း ကျွန်တော့်ကို ဒီလိုလုပ်ဖို့ ကြိုး စားခဲ့တာပဲ ရှိပါတယ်"
ထိုလူက ကျွန်တော့်ကို ကြည့်ပြီး ခေါင်းခါယမ်းပြသည်။ သူလည်း အတော်စိတ်ဓာတ်ကျသွားဟန်တူ သည်ဟု ကျွန်တော် ထင်သည်။ အဘယ်ကြောင့်ဆိုသော် သေနတ်ကို အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး ကျွန်တော့်ကို ဝမ်းနည်းကြောင်း တောင်းပန်နေ၍ ဖြစ်သည်။ ထို့နောက် လှည့်ထွက်သွားတော့သည်။

ထိုအပတ်တွင် ငွေလေးကြေးလေး နည်းနည်းရ၍ တယ်လီဖုန်းပြန်ဆက်နိုင်သဖြင့် စိန့်လူဝီသို့ ဖုန်းဆက် နိုင်ခဲ့ သည်။ ပထမဆုံးဆက်သွယ်ပြောဆိုမိသူမှာ "ဒေါ်လောရက်စ်"ဖြစ်သည်။ နောက်အပတ်တွင် ကလေးမွေးဖို့ ရက်ချိန်းစေ့ပြီဖြစ်ကြောင်း သူ့ထံမှ သိရသည်။ လီလီယန်ကို သူကိုယ်တိုင် ဆေးရုံကြီးသို့ ခေါ်ပြီး စမ်းသပ် စစ်ဆေးပေးကြောင်း ပြော သည်။ ကျွန်တော်သည် တယ်လီဖုန်းကို ပစ်ချပြီး အချိန် အတော်ကြာပင် ထိုင်နေမိ လိုက်သည်။ "နောက်လလောက်ကျမှဘဲ ကလေးမွေးပါတော့လားကွယ်။ အချိန်လေး နည်းနည်းလောက် စောင့် ပါရစေဦး။ ရာသီဥတုကောင်း လာရင် လူတွေ စည်ကားပြီး ကလေး မွေးဖို့ ကောင်းကောင်း ပြင်ဆင်နိုင်မှာပေါ့"

ထိုနေ့တွင် မိတ်ဆွေတစ်ဦးဖြစ်သူ "ပက်တူမီ" ထံသို့ ကျွန်တော် သွားတွေ့ပါသည်။ သူ့ကို ကျွန်တော် ရှောင်နေသည်မှာ ကြာပါပြီ။ "ကျွန်တော် ခင်ဗျားကို ပေးစရာအကြွေးတွေရှိသေးတယ်ဆိုတာ ကျွန်တော် သိ ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်အဖို့ ငွေချေးစရာ လမ်းနှစ်လမ်းရှိပါတယ်။ တောင်းတဲ့ နည်းနဲ့ ပြောတဲ့ နည်းပါပဲ။ ကျွန်တော်က အခု ခင်ဗျားကို ပြောပါမယ်။ ကျွန်တော် စိန့်လူဝီကိုသွားဖို့ ဘတ်စ်ကားခ လိုပါတယ်။ နောက်အပတ် ဆို ကျွန်တော့်ဇနီး မျက်နှာမြင်တော့မှာမို့ပါ"
"ခင်ဗျား အိမ်ထောင် ရှိတယ်ဆိုတာ ကျွန်တော် မသိရပါလား…"
"ဘယ်သူ မှ မသိပါဘူးဗျာ"
"ပက်" က ပိုက်ဆံထုတ်ပေး၍ ကျွန်တော်သည် စိန့်လူဝီသို့ တန်းသွားပါတော့သည်။ ဘတ်စ်ကားပေါ်မှ ဆင်းလျှင်ဆင်းခြင်း ကျွန်တော် ပထမဆုံးလုပ်သောအလုပ်မှာ သုံးမိုင်ခန့်ဝေးသော ကြက်ခြေနီရုံးသို့ လမ်းလျှောက် သွားခြင်းပင်ဖြစ်သည်။

ကျွန်တော်က သူတို့ကို နာမည်ပေးကာ ထိုင်စောင့်နေသည်။ ကျွန် တော့် အလှည့် ရောက်အောင် စောင့်ဆိုင်းနေစဉ် တွင် ကျွန်တော်သည် သူနာပြုအမှုထမ်းများကို တစ်ဦး စီး လျှောက်ကြည့်နေ မိသည်။ ထိုအထဲမှ သားသားနားနားနှင့် ခေါင်းမွေးဖြူအဘွားကြီးတစ်ယောက်နှင့် မျက်မှန်း တန်းမိ သွားသည်။ သူ့ပုံပန်းမှာ ခင်မင်နှစ်လိုဖွယ်ရာ ရှိသည်။ သူ ကျွန်တော့်ကို နားလည်နိုင် ကောင်းသည်။ အကယ်၍ ဤကြက်ခြေနီ အဖွဲ့ကသာ ကျွန်တော့်ကို ငွေချေးခဲ့လျှင် ကျွန်တော့်ကလေး ကို ပြင်ပ အလွတ်ဆေးရုံတစ်ခု တွင်တက်၍ မွေးနိုင်ပေမည်။ ထိုအခွင့်အရေးသာရပါမူ ကျွန်တော့်ဘဝ တစ်သက်သာတွင် ရသမျှသော ငွေကြေး တို့၏တစ်ဝက်ကိုပင် ကျွန်တော် ပြန်လည်ပေးအပ်ရန် ဝန် လေးမည်မဟုတ်ပါ။ ရာသီဥတု လည်း ကောင်းဖို့ နီးလာပြီဖြစ်ရာ နောက်အပတ်များမှစ၍လည်း လုပ်ငန်း ကိုင်ငန်း ကောင်းလာဖွယ်ရာ ရှိနေပါသည်။

"မစ္စတာ ဂရီဂိုရီ"
ထောင့်တစ်နေရာမှ ကျွန်တော့်နာမည် လှမ်းခေါ်သံ ကြားလိုက်ရသည်။
ကျွန်တော် ထိုင်ချ လိုက်ပြီး အခြေအနေကို ရှင်းပြလိုက်သည်။ ရှီကာဂိုတွင် ညကလပ်တစ်ခုရှိကြောင်း၊ ယခုလောလောဆယ် တွင်သာ ငွေကြပ်နေ၍ ဖြစ်ကြောင်း၊ ကလေး ကလည်း နောက်အပတ် တွင် မွေး တော့ မည်ဖြစ်ကြောင်းများ။
"ခင်ဗျားသိတဲ့ အတိုင်းပဲ ဒီစိန့်လူဝီမြို့မှာ တကယ်ကောင်းတဲ့ မြို့မဆေးရုံကြီးရှိသားပဲဗျာ။ ခင်ဗျားဇနီး သည် ကိုလည်း သူတို့ဆီမှာ ကောင်းကောင်းပြုစုမှာပါ။ ကျွန်တော် အဲဒီဆေးရုံလိပ်စာ ပေးလိုက်ပါမယ်"
ကျွန်တော် က ထိုဆေးရုံလိပ်စာသိပြီးဖြစ်ကြောင်း သူ့ကို ပြန်မပြောပြတော့ပါ။ သို့သော် ကျွန်တော့်ကို ပါးရိုက် လိုက်သော ဆရာဝန်၊ အမေ့အား ဆဲရေးတိုင်းထွာလိုက်သော ဆရာဝန်များရှိရာ ထိုမြို့မဆေးရုံ ကြီးကို ကျွန်တော် မည်သည့်နည်းနှင့်မျှပင် မမေ့နိုင်ပါ။ ထို့ပြင် ကျွန်တော့်ရင်သွေးအား ထိုမြို့မဆေးရုံ ကြီးတွင် မမွေးလို ၍ ငွေချေးရန်မှာလည်း ထိုသူအား ဆက်၍ မည်သို့ ပြောရပါမည်နည်း။

"ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာ ဒီလို ကျွန်တော့် အချိန်ပေးပြီး အကြံဉာဏ်ပေးတာ အထူး အထူး ကျေးဇူး တင် ပါတယ် ဆရာ။ ဆရာပြောတာ မှန်တယ်လို့လည်း ကျွန်တော် ထင်ပါတယ်"
ကြက်ခြေနီရုံကြီး မှ ထွက်လာပြီး လမ်းလျှောက်လာခဲ့သည်။ လမ်းလျှောက်ရင်းနှင့် ဘုရားသခင်ထံ ဆု တောင်းလိုက်၊ စဉ်းစားလိုက်နှင့် ရုတ်တရက်အတွေးတစ်ခု ရလာတော့သည်။ ထို့ကြောင့် စပြီး ပြေး သွား တော့သည်။ ကျွန်တော့်ညီ "ရွန်" နော်ဒါဒိန်း ကျောင်းတွင် ရှိစဉ်က အူကျရောဂါဖြစ်ရာ စိန့်လူဝီမှာ ဆရာ ဝန်တစ်ဦး က အခမဲ့ ခွဲစိတ်ကုသပေးခဲ့ဖူးသည်။ ထို့ကြောင့် တယ်လီဖုန်းရုံးသို့ပြေးပြီး ကျွန်တော် သိချင် သော အမည်ကို လမ်းညွှန်စာအုပ်တွင် လိုက်ရှာရသည်။ သူ့ရုံးမှာ မြို့ထဲ၌ပင်ရှိကြောင်း တွေ့ရ၍ ထိုနေ ရာသို့ ပြေးရပြန် သည်။ ရုံးရှေ့ရောက်သော်လည်း အထဲဝင်သင့် မဝင်သင့် ချိန်ဆပြီး ကိုယ့်ကိုယ်ကို သတ္တိမွေးရသည်နှင့် အချိန်နှစ်နာရီ မျှပင် ကြာသွားတော့သည်။ နောက်ဆုံးဝင်ရန် ဆုံးဖြတ်လိုက်ရ သည်။ ကျွန်တော့်ကို လုံးဝ မသိကျွမ်းသူ လူဖြူဆရာဝန်တစ်ဦး၏ရုံးခန်း။ သူသည် အခန်းထဲတွင် နှစ်လို ဖွယ်ရာ အပြုံးကို ဆင်မြန်းရင်း ထိုင်နေသည် ကို တွေ့လိုက်ရသည်။

"ကျွန်တော့်နာမည် ဒစ်ဂရီဂိုရီပါ။ ရွှန်ဂရီဂိုရီရဲ့အစ်ကိုပါ။ နောက်ပြီး…"
"အို… ကျုပ်… ကောင်းကောင်းမှတ်မိတာပေါ့။ ရွန်ဆိုတဲ့ကောင်းလေး။ ခင်ဗျားသိတဲ့အတိုင်း အဲဒီနေ့ က…"
သူနှင့် ကျွန်တော် စကားလက်ဆုံကျသွားသည်။ ကျွန်တော်က နော်ဒါဒိန်းကျောင်းကြီးအကြောင်းကို ကျွန်တော် ကိုယ်တိုင်ပင် လက်နှစ်ဖက်ဖြင့် ဆောက်ခဲ့သည့်အလား မြိန်ရေယှက်ရေ ပြောပြလိုက်သည်။ "ရွန်" အကြောင်း တို့လည်း သူ့ဝိညာဉ် ကျွန်တော့်ထံတွင် ရှိသည့်အလား စီကာပတ်ကုံးပင် ပြောပြနေမိ သည်။

စကား စရပ်တော့မည်ကြံတိုင်း ကျွန်တော်က တခြားအကြောင်းအရာဘက်လှည့်ပြီး စကားဆက်ရပြန် သည်။ ကျွန်တော်တစ်ခါ မှ မသိခဲ့ဘူးသော လူဖြူတစ်ဦးထံမှ ငွေကြေးတောင်းခံရန်ကား ဘယ်ကစပြော ရမှန်းပင် မသိဖြစ်နေရသည်။ ဤသည်ကို ကျွန်တော့်မျက်နှာပေါ်တွင် သူ အဓိပ္ပာယ်ကောက်နိုင်ခဲ့ဟန် တူသည်။ သို့တည်း မဟုတ် ဆရာဝန်တစ်ယောက်အဖို့ လေးဆယ့်ငါးမိနစ်မျှ အချိန်ကုန်လွန်ခဲ့ရသည်မှာ များလွန်းနေ ပြီဖြစ်သောကြောင့်လော မသိ။ သူက ဖြတ်မေးသည်။
"ဒါနဲ့ စကားမစပ် ခင်ဗျားကို ကျွန်တော် ဘာများကူညီနိုင်တာရှိသေးလဲဟင်"
"ရှိပါတယ် ဆရာ၊ စိန့်လူဝီမှာ ကျွန်တော့်ဇနီးရှိပါတယ်။ သူက နောက်အပတ်ဆို မျက်နှာမြင်တော့မှာပါ။ ကျွန်တော့် မှာ ပိုက်ဆံကလည်း တစ်ပြားမှမရှိပါဘူး"
သူက အိတ်ကပ်ထဲ လက်နှိုက်ပြီး ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။

"ခင်ဗျား ဘယ်လောက် လိုချင်သလဲဟင်"
ကမ္ဘာကြီး အား သာယာလှပလွန်းလှပါပေတကား။ ကျွန်တော် ကလေးဘဝတုန်းက ပိုက်ဆံအိတ်လေးရ ခဲ့စဉ် အချိန်ကာလ နတ်စေတမန်များ ဆင်းလာပြီး စကားပြောပုံများကို ပြန်မှတ်မိလာသည်။ ရင်တွင်း ဝယ် ပျော်လွန်းလှသဖြင့် ကြည်နူးလွန်းသဖြင့် လူတွေ စစ်တိုက်ကြတယ်၊ တစ်ဦးနှင့်တစ်ဦး မုန်းတီးကြ တယ်၊ ရက်စက်ကြတယ် ဆိုသည့် စကားများကိုပင် မယုံချင်နိုင်လောက်အောင် ဖြစ်လာတော့သည်။
"ခင်ဗျား ဘယ်လောက် လိုချင်သလဲလို့ ကျွန်တော် မေးနေတယ် မစ္စတာ ဂရီဂိုရီ"
"ကျွန်တော် ဘယ်လောက် လိုမှန်း မသိလို့ပါ ဆရာ၊ ကလေးတစ်ယောက်မွေးဖို့အတွက် ဘယ်လောက် ကုန်ပါ သလဲ ဆရာ"
သူက သူနာပြုဆရာမတစ်ဦးကို ခေါ်လိုက်သည်။

"ဆေးရုံကို ဖုန်းဆက်ပြီး နေရာတစ်ခု စီစဉ်ပေးခိုင်းစမ်းပါ။ ဒါနဲ့ ခင်ဗျားဇနီးနာမည်က ဘယ်လို"
" လီလီယန် ဂရီဂိုရီ ပါ"
"အဲ… အဲဒီ လီလီယန် ဂရီဂိုရီအတွက် သီးသန့်ခုတင်တစ်ခု စီစဉ်ပေးခိုင်း။ သူ နောက်အပတ်ဆို ဆေးရုံ လာတက်မယ် ဆိုတာလဲ ပြောလိုက်။ ကျသင့်တဲ့ ငွေစာရင်းကိုတော့ ငါ့ဆီပို့လိုက်"
"ဆရာရယ်… ကျွန်တော် ဆရာ့ကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး ဆရာရယ်"
သွေးကြောတွေ တစ်လျှောက် သွေးများ တိုးဝင်နေကြသည်။ သူ့ကို ကျွန်တော် နမ်းပစ်လိုက်ချင်လာ သည်။ ပြေးဖက် ချင်လာသည်။ ကျွန်တော့်ဘဝတစ်လျှောက်လုံး ရရှိခဲ့သည့် ပျော်ရွှင်မှုအရသာအားလုံး ပင် သူ့ကို ပေးပစ်ချင်လာတော့ သည်။

လမ်းမပေါ်သို့ရောက်သောအခါ ကျွန်တော်သည် သစ်ပင်များနှင့်လည်း စကားပြောမိသည်။ ငှက်များကို လည်း စကားပြောခဲ့သည်။ ရဲကားကိုပင် ခေါင်းညိတ်ပြမိသည်။ ထို့နောက် ကျွန်တော့်ညီမအိမ်သို့ တန်း ပြေးခဲ့သည်။ ဓာတ်လှေကား ကိုပင် မစောင့်နိုင်လှ။ (၁၁) ထပ်မြောက် အထပ်သို့ ခြေလျင်ပင် ပြေးတက် ခဲ့မိသည်။ လေးလကြာမျှ မမြင်မတွေ့ရသော ဇနီးသည်၏လက်များကို အတင်းဆုတ်ခြေကာ "ဒီမှာ အချစ်ရေ၊ မောင် ဒီနေ့ ဘာဖြစ်ခဲ့တယ်ဆိုတာတွေ ပြောပြပါရစေနော်"
သူက ထိုင်နားထောင်နေရှာည်။ သူ့မျက်နှာတစ်ခုလုံးမှာ ဝင်းပနေသည်။ ကျွန်တော်လည်း ခပ်သုတ် သုတ်ပင် ပြောပြနေမိသည်။ ကျွန်တော်က သူ့ကို ဘာတွေလုပ်ရမယ်၊ ဘယ်သွားရမယ်များနှင့် အစစ အရာရာ အဆင်ပြေရာပြေကြောင်းများကို ပြောပြလိုက်သည်။ အခု လောလောဆယ်ကား လမ်းစရိတ် ရှာပြီး ရှီကာဂို သို့ ပြန်ရပေးဦးမည်။ မနက်ဖြန်ည "အေပက်စ်ကလပ်" ဖွင့်ရဦးမည်။ ဒါကိုတော့ သူ နား လည်ရပေမည်။

ကျွန်တော့်အဒေါ်အိမ် ရောက်သွားသောအခါ သူတို့က အော်ဟစ်ကြပြီး ကျွန်တော့်အား အရှက်မဲ့လေ ခြင်း၊ မိန်းမလို မိန်းမရ ဆန်လေခြင်းဟူ၍ ဝိုင်းအပြစ်တင်ကြသည်။ ကျွန်တော်က သူတို့ ကျွန်တော့်ဇနီး နှင့် ကလေး တို့ထက် ကြီးမားသော အလုပ်တစ်ခုကို လုပ်နိုင်ခဲ့ကြောင်း ပြောပြလိုက်သည်။ သူတို့ အော် ဟစ်ကြပြန်သည်။ ကျွန်တော်လည်း သူတို့အိမ်မှ ပြေးထွက်သည်။ ကျွန်တော့်အတွက် ကားခနှင့် လီလီ ယန်အတွက် ကားခတချို့ကို ရခဲ့သည်။

ထို့နောက် "ဒေါ်လော်ရက်စ်" အိမ်သို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ညီမဖြစ်သူမှာ အိမ်ပြန်ရောက်နေ ပေပြီ။ လီလီယန်မှာ အစာမစား၊ စကားလည်းသိပ်မပြော။ "ဒေါ်လာရက်စ်"၏ ကလေးများ ကိုသာ လျှောက်ထိန်းနေသည်။ နောက်အိပ်သည်။ ငိုသည်။ အိပ်သည်။ ရယ်သည်။ ကျွန်တော့်အခန်းထဲမှ ထွက်လာသော အခါ သူ ငိုကျန်ရစ်ခဲ့သည်။ တံခါးမကြီးကို ဆောင့်ပိတ်လိုက်သောအခါ၌ "ကျွန်မ ကို နောက်တစ်ခါ ပစ်မသွားပါနဲ့တော့" ဟု အော်လိုက်သံကို ကြားလိုက်ရသည်။ ထို့ကြောင့် ကျွန်တော်က အခန်းထဲ ပြန်ဝင်လိုက်သောအခါ ခုတင်ပေါ်တွင် ရှိုက်နေရင်းက ကျွန်တော့်ကို မော့ကြည့်လိုက်ပြီး "ကျွန်မ တောင်းပန် ပါတယ် ဂရီဂိုရီ၊ ကျွန်မကို ခွင့်လွှတ်ပါနော်" ဟု တောင်းပန်နေရှာသည်။ ရှီကာဂိုသို့ အပြန်လမ်း ခရီးတစ်လျှောက်လုံး လီလီယန် ကျွန်တော့်အပေါ် ခုထိ နားမလည်နိုင်သေးကြောင်းကို တွေး လာမိသည်။

ဆက်ရန်
.

No comments: