Friday, July 6, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၁၅)

ထို့နောက် "ဒေါ်လော်ရက်စ်" အိမ်သို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ညီမဖြစ်သူမှာ အိမ်ပြန်ရောက်နေ ပေ ပြီ။ လီလီယန် မှာ အစာမစား၊ စကားလည်းသိပ်မပြော။ "ဒေါ်လာရက်စ်"၏ ကလေး များ ကိုသာ လျှောက်ထိန်းနေသည်။ နောက်အိပ်သည်။ ငိုသည်။ အိပ်သည်။ ရယ်သည်။ ကျွန်တော့် အခန်းထဲမှ ထွက်လာသော အခါ သူ ငိုကျန်ရစ်ခဲ့သည်။ 

တံခါးမကြီးကို ဆောင့်ပိတ်လိုက်သောအခါ၌ "ကျွန်မ ကို နောက်တစ်ခါ ပစ်မသွားပါနဲ့တော့" ဟု အော်လိုက်သံ ကို ကြားလိုက်ရသည်။ ထို့ကြောင့် ကျွန်တော်က အခန်းထဲ ပြန်ဝင်လိုက်သောအခါ ခုတင်ပေါ် တွင် ရှိုက်နေရင်းက ကျွန်တော့်ကို မော့ကြည့်လိုက်ပြီး "ကျွန်မ တောင်းပန် ပါတယ် ဂရီဂိုရီ၊ ကျွန်မကို ခွင့်လွှတ်ပါနော်" ဟု တောင်းပန်နေရှာသည်။ ရှီကာဂိုသို့ အပြန်လမ်း ခရီးတစ်လျှောက်လုံး လီလီယန် ကျွန်တော့်အပေါ် ခုထိ နားမလည်နိုင်သေးကြောင်းကို တွေး လာမိသည်။ ကို ဆက်ဖတ်ရန်..........

ရှီကာဂိုတွင်ကား အခြေအနေ မကောင်းလှသေး။ သောကြာမှ တနင်္ဂနွေထိ မိုးကောင်းနေပြန်သည်။ သို့ သော် ဒီတစ်ချီတွင်မူ သိပ်ပြီးမပူပင်တော့ချေ။ ကျွန်တော့်အား ငွေရင်းစိုက်ထုတ်ပေးမည့် သူတစ်ဦးနှင့် တွေ့ထားမိ ၍ လည်းကောင်း၊ ကျွန်တော့်ကလေးမှာ မြို့မဆေးရုံတွင် မမွေးရမှန်းသိ၍လည်းကောင်း ဖြစ် သည်။
ဗုဒ္ဓဟူးနေ့ညတွင် "ဒေါ်လော်ရက်စ်" က ဖုန်းဆက်ပြီး အစစအရာရာ အဆင်ပြေကြောင်းပြောသည်။ "လီလီယန်" ကို သေသေချာချာ စစ်ဆေးကြပြီး ညနေပိုင်းကပင် ဆေးရုံ၌ လက်ခံလိုက်ပြီဖြစ်ကြောင်း ပြောသည်။ ကလေးမှာ အချိန်မရွေးမွေးနိုင် သည်ဟု ဆိုသည်။ အရာရာမျာ စီမံကိန်းအတိုင်းပင် အဆင် ပြေစွာ လှုပ်ရှားနေပေသည်။ ကျွန်တော် မှာ အတော်ကျေနပ်သွားမိသည်။ စိတ်လည်း အတော်အေးရပြီ။

ကြာသပတေးနေ့ညတွင် တယ်လီဖုန်းလာပြန်သည်။
"ရစ်ချတ်လား"
"အင်း"
"အစ်ကို့တစ်သက်တာမှာ အခုလို ဖြစ်ပုံမျိုးကိုတော့ ခွင့်လွှတ်နိုင်တော့မှာ မဟုတ်ဘူး"
"နင် ဘာတွေလျှောက်ပြောနေတာလဲဟ"
"အစ်ကို့ ကလေး မွေးပြီ"
"ဟုတ်လားဟင်၊ ကောင်းတာပေါ့၊ လီလီယန်ကော ဘယ်လိုနေလဲ"
"သူကတော့ အိမ်မှာပါ။ ကလေးလည်း အိမ်မှာပါပဲ။ သူတို့နှစ်ယောက်လုံး ကြမ်းပြင်ပေါ်မှာ လှဲနေကြ တယ်လေ"
"လီလီယန် က ဆေးရုံမှာမဟုတ်ဘူးလားဟ"
"သူတို့က အိမ်ပြန်ပို့ကြတယ်လေ၊ သူတို့က ပြောတယ်…"
"သူနာပြုကား မခေါ်ဘူးလား"
"သူတို့လမ်းတစ်ဝက်တင်ရောက်သေး"
"ငါ သူနဲ့ စကားပြောချင်တယ် ဒေါ်လော်ရက်စ်"

"သူက အခု ကြမ်းပြင်ပေါ် မှာပဲ လှဲနေရှာတယ်၊ သူ့ကလေးကို ကြည့်နေတယ်၊ ဆေးရုံကပြောတယ်။ ကလေးကို သူ့ဗိုက်ပေါ် မှာ တင်ထားပါဆိုလို့…"
"ဒေါ်လော်ရက်စ်ရယ်၊ ဟင်း တကယ်ပဲလား၊ သူ ကြမ်းပြင်ပေါ်မှာ လှဲနေရတယ်ဆိုတာ တကယ်ပဲလား ဟင်"
"တကယ်ပေါ့ ရစ်ချတ် ရယ်"
"ငါထင်တာကတော့ သူဆေးရုံမှာပဲ ရှိနေမယ်လို့"
"မနေ့က တစ်ညလုံးတော့ သူ ဆေးရုံမှာပါပဲ။ သူတို့အဖို့ လီလီယန်ဟာ ရယ်စရာသတ္တဝါတစ်ယောက် လို ဖြစ်နေ တယ်။ အတော်ထူးဆန်း တဲ့ မိန်းမတစ်ယောက်လည်း ဖြစ်နေရတယ်။ နောက်ပြီး ဗိုက်မနာ သေးဘူးဆိုပြီး အိမ်ပြန် ခိုင်းတယ်။ အိမ်ပြန်ရောက်တော့မှ သူ့ခမျာ ဗိုက်နာရှာတော့တယ်လေ။ အိမ်မှာက အဲဒီ အချိန် ဘယ်သူမှ လည်း မရှိဘူး။ နောက်ပြီး သူ့မှာ ကားခ လည်း မရှိဘူးလေ။ ဘုရားစူးပါရ စေ ရစ်ချက်ရယ်၊ သူ့ခမျာ ကားခဆိုလို့ တစ်ပြား တစ်ချပ် မှတောင် မရှိရှာဘူးတဲ့ကွယ်၊ ဒါနဲ့ သူလည်း"
"ဒေါ်လော်ရက်စ်"
"အစ်ကိုပြောတာ မကြားရဘူး။ အစ်ကိုရဲ့"
"သူ သိပ်ပြီး ညည်းနေသလားလို့"

"သူ ဘာတစ်ခု မှ မညည်းဘူး။ ကျွန်မ ကလေးသုံးယောက် မွေးဖူးတာ အမြဲကလေးမွေးတိုင်း ညည်းမိ တယ်၊ သူကတော့ ခု ဘာတစ်ခွန်းမှ မညည်းဘူး။ ကျွန်မလည်း အိမ်ပြန်ရောက်ရော သူ့ခမျာ ကလေး ထွက်နေရှာရော၊ ကျွန်မ သာ အခန်းထဲ မဝင်မိရင် သူကလေးမွေးတာ သိဦးမှာမဟုတ်ဘူး။ ကလေးရော သူရော ကြမ်းပြင်ပေါ်မှာ"
"ငါ မယုံဘူး၊ ဒေါ်လော်ရက်စ် ငါ မယုံဘူး၊ အို… ဘုရားသခင်"
"လူနာတင် ကား ရောက်နေပြီ ရစ်ချက်"
ကျွန်တော် တယ်လီဖုန်းကို ချပစ်လိုက်သည်။ မိုးရေထဲ ထွက်ပြေးလာခဲ့မိသည်။ အရူးတစ်ယောက်လို ပင် မိုးရေထဲပြေးနေ မိသည်။ ထို့နောက် ထောင့်ချိုးတစ်ခု တွင် တက္ကသိုလ် အပြေးအဖွဲ့တုန်းက သိခဲ့သူ တစ်ဦးဖြစ်သူ "ဘရွတ်စ်ဂျွန်ဆင်" နှင့် ဝင်တိုက်မိသည်။ နှစ်ယောက်စလုံးပင် လမ်းဘေးလဲကျသွား သည်။

မတ်တပ်ပင် မရပ်နိုင်သေးမီ ကျွန်တော်က သူ့ကို "ငါ့ကို ဆယ်ဒေါ်လာလောက် ချေးစမ်းပါကွာ" ဟု ပြောသည်။ ဘာအတွက် ချေးကြောင်းကိုပင် သူက မမေးဘဲ ငွေထုတ်ပေးသည်။ သို့နှင့် စိန့်လူဝီကား ဂိတ်သို့ ဆက်ပြေး ရပြန်သည်။ ကားပေါ်တွင် ခုနစ်နာရီမျှကြာအောင်ပင် အိပ်လိုက်လာခဲ့သည်။ ထို့ နောက် ဒေါ်လော်ရက်စ် အိမ် သို့ ပြေးကြရပြန်သည်။
"ရစ်ချက်ရယ်၊ ဓာတ်လှေကား က သိပ်သေးတော့ သူ့ကို ကပ်ပေါ်မှာပဲ မတ်တပ်ထောင်ပြီး ကလေးကို ဗိုက်ပေါ်တင် ခေါ်သွားရတယ်"
"ခု သူ ဘယ်မှာလဲဟင်"
"ဟိုးများ၊ ဂျီ၊ ဖီးလန်းမှာ"
မြို့မဆေးရုံကြီး၊ ကျွန်တော့် ကို တစ်ချိန်လုံး ခြောက်လှန့်နေခဲ့သော ဤဆေးရုံကြီးသို့ရောက်ရပြန်လေ ပြီ။ ကျွန်တော့် ဇနီးနှင့် တွေ့လိုကြောင်း ပြောရသည်။

"နာမည်က ဘယ်သူလဲ"
"မစ္စစ်ရစ်ချက် ဂရီဂိုရီ"
"သြော်… ရှိပါတယ်။ စတုတ္ထထပ်မှာပါ။ ကဲ… ဒီစာရွက်လေး ယူသွားပါဦး၊ ခင်ဗျား သမီးလေးကို ကြည့် ခွင့် ရအောင်"
လီလီယန်သည် အခြားလူနာ နှစ်ဆယ်ကျော်တို့နှင့်အတူ တစ်ခန်းတွင် နေရသည်။ ကျွန်တော် ဝင်သွား သော အခါ သူက မော့ကြည့်ပြီး
"ဂရီဂိုရီရယ်၊ ကျွန်မ တောင်းပန်ပါတယ်ကွယ်"
"အို… လီလီယန်ရယ်၊ ဘာအတွက် ဘာမှတောင်းပန်စရာမလိုပါဘူး။ ဘုရားမလို့ကွယ်၊ ခုကော နေကောင်း ရဲ့လား"
သူက ပြုံး လိုက်သည်။ "ကျွန်မ နေကောင်းပါတယ်" ထို့နော်က လက်ယမ်းပြပြီး ကျွန်တော့်ကို သူ့အနား သို့ တိုးခိုင်းပြီး လေသံလေးဖြင့် "ဟိုဘက်ခုတင် က မိန်းမကြီးဆီ မောင် သွားပြီး အားပေးပေးစမ်းပါလား ဂရီဂိုရီရယ်" ကျွန်မတော့ မောင့် အကြောင်း သူ့ကို အကုန်ပြောပြထားပြီးပြီ။
ကျွန်တော် က သူခိုင်းသည့်အတိုင်း လုပ်ခဲ့ပါသည်။ ထို့နောက် သမီးလေးကို သွားကြည့်သည်။ ထို့ နောက် လီလီယန်နှင့် အချိန်တော်တော် များများ နေလိုက်သည်။ ထို့နောက် သမီးလေးကို ပြန်ကြည့်ပြန် သည်။ နောက် လီလီယန် ထံ ပြန်လာရသည်။

"ဒီကနေ့ သောကြာနေ့ လီလီယန်၊ ဟိုပြန်ပြီး ကလပ် ပြန်ဖွင့်ရဦးမယ်ကွယ်"
"ကျွန်မ နားလည်ပါတယ် ဂရီဂိုရီ၊ အားလုံးအဆင်ပြေသွားမှာပါ၊ ဘာမှမပူပါနဲ့နော်"
"အေပက်စ်ကလပ်" တီးဝိုင်း ထဲသို့ တီးဝိုင်းသမားများ ဝင်လာကြသောအခါ ကျွန်တော်က တံခါးဝမှ ဆီး ကြိုပြီး ကျွန်တော် ကလေးအဖေ ဖြစ်လာပြီဖြစ်ကြောင်း တစ်ယောက်စီ ပြောပြလိုက်သည်။
ထို့နောက် ဒီအလုပ်မှာ မြဲချင်ရင်တော့ ကလေးအတွက် လက်ဆောင်တွေ ဘာတွေ ယူလာခဲ့ကြ ဟု နော်က ပြောင် လိုက်၏။ ထိုတစ်ပတ်လုံးပင် ကျွန်တော်သည် ကလေးအဖေ ဖြစ်ရသည့်အတွက် တစ်ခါတစ်လေ လည်း ဂုဏ်ယူလိုက်ရ၊ တစ်ခါတစ်လေလည်း ဇနီးသည်တစ်ယောက်တည်း ပစ်ထားခဲ့မိ၍ ရှက်လို ရှက်ရနှင့် အင်္ဂါနေ့တွင် စိန့်လူဝီ သို့ ကလေးအတွက် ဒေါ်လာတစ်ရာဖိုးမျှသော လက်ဆောင်များနှင့် လီလီယန် အတွက် ဒေါ်လာငါးဆယ် သီးသန့်ယူပြီး လာခဲ့သည်။

ဤသည်မှာ ကျွန်တော့်ဇနီးသည်အတွက် ကျွန်တော်ပထမဦးဆုံး ဝယ်ပေးခြင်းဖြစ်သည်။ ပထမဆုံး အကြိမ်ပင် လျှင် ကျွန်တော်သည် လင်သည်တစ်ယောက်နှင့် ဖခင်တစ်ယောက်၏ခံစားမှုမျိုးကိုလည်း ခံစားရမိပါသည်။
လီလီယန်သည် ဆေးရုံမှအိမ်သို့ပင် ပြန်ရောက်နေပေပြီ။ ကျွန်တော်သူနှင့် သုံးရက်မျှ အတူနေခဲ့၏။ ဤသည်မှာလည်း လင်ရယ်၊ မယားရယ် ဖြစ်ခဲ့ပြီးမှ ပထမဆုံးအကြိမ် အတူနေဖူးခြင်းပင် ဖြစ်သည်။
ပထမဆုံး အကြိမ် ဇနီးနှင့် တစ်ခုတင်ထဲ အိပ်ဖူးခြင်း၊ ဇနီးသည်အား ယုယမှုပေးခြင်းများ ဖြစ်သည်။ သူ သိပ်လှနေ သည်။ သူက တအိပ်ရင်းနှင့်ပင် သူဘယ်လောက်ပျော်နေကြောင်း ပြောပြသည်။ ကျွန်တော် ကတော့ ယုံပင် မယုံနိုင်ပါချေ။

ကျွန်တော်ကမူ ကျွန်တော်ကို သူ့အနေနှင့် မုန်းသင့်မုန်းထိုက်ကြောင်း၊ သူကမုန်းလျှင်လည်း ကျွန်တော် က အပြစ်တင် မည် မဟုတ်ကြောင်း ပြောပြသည်။ သူက ခေါင်းကိုသာ တွင်တွင်ခါရင်း "ဘာဖြစ်လို့ မောင့်ကို မုန်းရမှာလဲ ဟင် မောင်ဟာတစ်နေ့မှာ နာမည်အကျော်ဆုံး လူရွှင်တော် ဟာသသရုပ်ဆောင် တစ်ယောက် ဖြစ်လာမှာပဲဟာ။ ခုလည်း မောင်က လုပ်သင့်လုပ်ထိုက်တာတွေ။ လုပ်နေတာပဲကို"
သို့နှင့်ပင် ကျွန်တော် တို့သည် အိပ်ကြ၊ စကားပြောပြ၊ ငိုကြ ရယ်ကြနှင့် သုံးနေ့မျှ အတူနေခဲ့ပြီးသော အခါ တစ်ယောက်နှင့် တစ်ယောက် အတော်နားလည်မှု ရလာကြသည်။ လက်ထပ်စဉ်က သိပ်ရှက် တတ်၊ ရွံ့တတ်သောကောင်မလေး မှာ ယခု မိန်းမကြီးတစ်ဦး ဖြစ်လာပေပြီ။ သမီးလေးကို နာမည်ပေး ရန် စဉ်းစားကြ သည်။ မီးရှေးလ် ရီးန် ဂရီဂိုရီ။
ကျွန်တော် က သူ့ကို ညကလပ်အလုပ်မှ နှုတ်ထွက်ရန် ကြံစည်နေကြောင်း ပြောပြမိသည်။ အခု ကျွန်တော် အခြေအနေ မင်းစေသာသာ ပဲ ရှိနေသည်။
ဇနီးသည်က ပြန်အားပေးပါသည်။

"မောင့်အမေ နဲ့ ပတ်သတ်လို့ မောင်ပြောထားတာလေးတွေကို မှတ်မိနေပါ တယ်။ မောင်တို့ မောင်နှမ ခြောက်ယောက် ကို သူလုပ်ကျွေးခဲ့ပုံတွေလေ။ အမေကတောင် ဒီလို လုပ်ပေးနိုင်ရင် ကျွန်မ လည်း မောင်တစ်ယောက်တည်းအတွက် ဘာမဆို လုပ်ပေးနိုင်ရမှာပေါ့။ ပထမ မောင်မလာတော့ဘူးထင်တာ။ ဒါပေမဲ့ နေ့တိုင်း ပဲ မောင့်ကို မျှော်ခဲ့တယ်။ တစ်နေ့ကုန်သွားတယ်။ နောက်တစ်ပတ်ကူးသွားတယ်။ ကျွန်မတော့ မောင့် ကို မျှော်နေဆဲပဲ။ မောင်က ဒီလိုပဲ ပြန်လာရမှာကို ကျွန်မကိုသိနေတယ်လေ" ဟု သူကပြော သည်။

ထိုအပတ် ရှီကာဂိုသို့ ရောက်သောအခါ ရာသီဥတု ကောင်းနေပေပြီ။ ကြည်လင်တောက်ပ နွေးထွေးနေ သည်။ လမ်းများ မှာ ခြောက်သွေ့ဖြောင့်တန်းနေသည်။ ကလပ်တွင်လူများ ပြည့်ကြပ်လာတော့သည်။ ဇွန်လရောက်သော အခါ အပြင်တွင် တန်းစီဝင်သူများပင် မနည်းလှတော့။ ကျွန်တော်ဟာသများလည်း ပို၍တောက်ပြောင် လာသည်။ အမြဲတမ်းပင် ကျွန်တော် အကောင်းဆုံး သရုပ်ဆောင်ပြက်လုံး ထုတ် သွားနိုင်ခဲ့ သည်။ ခြောက်လမျှ တစ်ဦးတည်း လေ့ကျင့်ရခြင်း၏ အသီးအပွင့်များကို ခံစားရပေပြီ။ "အေပက်စ်ကလပ်မှာ နာမည်ကြီး လာတော့သည်။ လူတွေလည်း များသထက် များလာသည်။"
သို့သော် ဇူလိုင် တွင် ညကလပ်မှာ ပျောက်ဆုံးသွားရတော့သည်။

ကလပ်ပိုင်ရှင် အဘွားကြီးမှာ သဘောကောင်း မနောကောင်းဖြစ်ပါသည်။ သို့သော် သူ့အကြွေးတွေ ကျွန်တော် အပေါ်တင်နေသည်မှာ ကြာပေပြီ။ ယခုအခါသူ့ကလပ်ကို ၀ယ်ချင်သူတွေ ၀ိုင်းဝိုင်းလည်လာ သည်။ ကလပ်က နာမည် ကလည်း ရလာပြီကိုး။ ဤအချိန် သည် ရောင်းရန် အကောင်းဆုံးအချိန်ပင်ဖြစ် သည်။
ကျွန်တော် ကား မီးခ၊ ရေခ၊ အခွန်အကောက်ခ၊ အကြွေးများပေးစရာရှိသည်။ လေးလစာ ငှားရမ်းခ ကြွေး ရှိသည်။ တစ်ည ငါးဆယ့်ခြောက်ဒေါ်လာနှင့် တစ်ပတ်လျှင် သုံးည၊ တစ်လလျှင် လေးပတ်၊ လေးလအတွက် အကြွေး။

"တနင်္ဂနွေလောက် ရချင်တယ် ဂရီဂိုရီ"
မနက်ဖြန် တို့၊ နောက်အပတ်တို့ ချိန်း၍ မရနိုင်တော့။ ငွေချေးစရာလူကလည်း မရှိတော့။ နောက်ဆုံး အပတ်လောက် တွင် ကလပ်ဝယ်မည့်သူများသည် ကလပ်နေရာကို ကြည့်ကြတာ ကျွန်တော် ပရိသတ် ကိုကြည့်ပြီး တစ်ယောက်နှင့် တစ်ယောက် ပြုံးပြကြသည်။ ကျွန်တော်ဖြေဖျော်နေစဉ် အတောအတွင်း အခန်း ပတ်ပတ်လည် လျှောက်ကြည့်ကြပြီး သူတို့ လက်ထဲရောက်လျှင် အခန်းကို ဘယ်လိုပြင်ပြလိုက် မယ် ဆိုသည်များ ကို ပြောနေကြသည်။

နောက်ဆုံးအပတ် တနင်္ဂနွေညတွင်မူ ကျွန်တော်သည် ပါတီကြီးတစ်ခုပေးပစ်လိုက်သည်။ အရက်တွေ သောက်ကြ သည်။ ကကြသည်။ စကားတွေပြောကြသည်။ အများအားဖြင့်ကား ငိုကြသည်။ ရှီကာဂိုမြို့ ၏ အဆိုးရွားဆုံး ဆောင်းရက်များတွင် ကျွန်တော်တို့ အတူအကွ လက်တဲ၊ွ အလုပ် လုပ်ခဲ့ကြသည်။ ငွေကြေးတစ်ပြား မှ မရဘဲ လုပ်ခဲ့ကြသည်။ ခြောက်လတိုင်တိုင် သောကြာ၊ စနေ၊တနင်္ဂနွေနေ့ တိုင်း။ အားလုံး တစ်စိတ်တည်း တစ်ဝမ်းတည်း ညီနောင်ရင်းချာများ ပမာ ခါးစည်း လုပ်ကိုင်ခဲ့ကြသည်။ ပရိသတ် ကို အကောင်းဆုံးပြုစု ဆက်ဆံ ဖျော်ဖြေခဲ့သည်။ လောင်းကစားမရှိသော၊ ပြည့်တန်ဆာမရှိ သော၊ အရက်ပုန်း မရောင်းသော ညကလပ်။ ကျွန်တော်တို့အတွက် အိုးအိမ်ပမာပင် ဖြစ်နေသော ကလပ်။

အရုဏ်ဦးတွင် "အေပက်စ်ကလပ်"၏ လှေကားထစ်များမှနေ၍ နောက်ဆုံးအကြိမ် ဆင်းလာခဲ့သည်။ ကျွန်တော် လုပ်ခဲ့သော အလုပ်များ၊ ကျွန်တော်သိကျွမ်းခဲ့သူများ၊ ကျွန်တော်ရရှိခဲ့သည့် သင်ခန်းစာများ ကျွန်တော်  အောင်မြင်ခဲ့ သည့် စာမေးပွဲတို့ကိုလည်း တွေးတောလာခဲ့မိသည်။
နှုတ်ဆက်ခဲ့ ပါတယ် "အေပက်စ်"၊ နှုတ်ဆက်လိုက်ပါတယ်ကွယ်။ မင်းကို သိပ်လည်း ကျေးဇူးတင်ရပါ တယ်။
"နောက်တစ်ကြိမ် ပြန်လှည့်ဖို့ လမ်းကား မရှိတော့"
ကျွန်တော်ကား အသင့်ဖြစ်နေပါချေပြီ။
""
(၄)

၁၉၅၄ နွေရာသီတွင် "အေပက်စ်ကလပ်"မှထွက်ခဲ့ပြီးနောက် နောက်တစ်နှစ်ခွဲခန့်အတွင်း နိမ့်ချီမြင့်ချီ၊ ငတ်တစ်လှည့် ပြတ် တစ်လှည့်၊ ဆူတစ်ခါ ကြုံတစ်ချီဖြင့် လောကဓံအတက်အကျ အစဉ် အတိုင်း ရွှေ့ မျောခဲ့ပါသည်။ သို့သော် "အေပက်စ်" သည် ကျွန်တော် ၏ကောင်းသော စိတ်အင်အား များကို ပြန်လည် နှိုးကြွပေးစေခဲ့ပါသည်။
သြဂုတ်လ တွင် "အက်စကွိုင်းယားကလပ်"၌ အလုပ်ဟောင်းကို ပြန်ရခဲ့ပါသည်။ တစ်ည ဆယ်ဒေါ်လာ နှုန်းနှင့်ပစ်။ ထိုအချိန်တွင် အမေရိက၌ အကြီးဆုံးသော နီဂရိုးညကပ်တစ်ခု၏ပိုင်ရှင် "ဟာမင်ရော ဘတ်စ်" အား ကပ်ပြီး ကျွန်တော့်အားခေါ်သုံရန် စည်းရုံးနေရပါသေးသည်။ သူကမူ ဘာအကြောင်းမှမ ပြန်။ ထို့ကြောင့် ကျွန်တော် က သူ စိတ်ဝင်စားအောင် ခပ်ကြီးကြီးကျယ်ကျယ် လုပ်ပြရပြန်ပါသည်။ ရှီကာဂိုတွင် ထိုနှစ်က အမေရိကန်နိုင်ငံလုံး ဆိုင်ရာ အားကစားပွဲကြီး ကျင်းပနေပါသည်။ ထိုအထဲမှ အား ကစားသမား အတော်များများနှင့် ကျွန်တော် သိကျွမ်းပါသည်။

ထို့ကြောင့် "ရော်ဘတ်စ်"၏ကလပ်ကို တစ်ညငှားပြီး အားကစားသမားများကို အထူးဖိတ်ကြားပြသပွဲ ကျင်းပရန် စီစဉ်ရပါသည်။ ကလပ်ငှားခပေးရန်အတွက် ငွေချေးရသည်။ ပွဲမှာလည်း ကျွန်တော်တစ်ဦး တည်း၏ ပင်တိုင်ပွဲပင်ဖြစ်ပါသည်။ ပွဲပြီးသည်နှင့် "ဟာမင်ရောဘတ်စ်" သည် ကျွန်တော့်ထံလာပြီး ဤ ကလပ်တွင် သရုပ်ဆောင်ဖျော်ဖြေ ပါက အခကြေးငွေ မည်မျှယူမည်နည်းဟု မေးလာပါသည်။ ကျွန်တော်က တစ်ပတ် ၁၂၅ ဒေါ်လာ ရလျှင် လုပ်မည်ဟု ပြန်ပြောလိုက်သည်။
သူက "ဒါလောက်နဲ့ပဲလား" ဟုပင် ပြန်မေးပါသည်။

ထိုခေတ် ထိပ်တန်း နီဂရိုးအနုပညာရှင်တိုင်းလိုလိုပင် "ရောဘတ်စ်ကလပ်"တွင် ဖျော်ဖြေခဲ့ဖူးကြသည်။ "ဆာရာဗွန်" "ကောင့်ဘေစီ" "ဆမ်မီဒေးဗစ် ဂျူနီယာ" "ဘီလီအက်စတိုင်း" "နစ်စရပ်ဆယ်လ်" "ဒိုင်နာ ဝါရှင်တန်" စသည့် နာမည်ကျော် အနုပညာရှင်တိုင်းပင် ဤကလပ်တွင် ဖျော်ဖြေအသုံးတော်ခံခဲ့သူများ ချည့်ဖြစ် ပါသည်။ "ရက်ဆောင်းဒါး" တူရိယာအဖွဲ့ကြီး သံပြိုင်ဆိုသည့် အဆိုကျော်မလေး ၈ ယောက်တို့ အပြင် ခုံပေါင်း သုံးထောင်ကျော်ဆံ့သော ခန်းမကြီးလည်း ရှိသည့် ကလပ်ဖြစ်သည်။ လျှပ်စစ်ဓာတ်ဖြင့် မောင်းနှင်သော ထိုဇာတ်ခုံပေါ်တွင် သရုပ်ဖော် ဖျော်ဖြေရင်းနှင့် ကျွန်တော့်ကိုယ် ကျွန်တော့် တကယ့် ထိပ်တန်း နီဂရိုးအနုပညာရှင်ကြီးတစ်ဦးအလားပင် ထင်လာမိပါသည်။

ထို့ကြောင့် ခမ်းနားသားနားသော အခန်းတစ်ခုကို တစ်ပတ်လျှင် ၂၅ ဒေါ်လာပေး၍ ငှားလိုက်ပြီး "လီလီ ယန်" နှင့် "မီရှေးလ်" တို့ကို ရှီကာဂိုသို့ ခေါ်ယူလိုက်ပါသည်။ မီးဖိုချောင်မှာ အောက်ထပ်တွင် သီးခြား ဖြစ်သည်။ သို့သော် ယခုမှ အိုးနှင့်အိမ်နှင့် သီးသီးသန့်သန့်၊ မိသားစု တစ်စုတစ်စည်း ဥမကွဲသိုက်မပျက် နေနိုင်ကြသည်မို့ အဆင်ပြေသည်ဟု ဆိုရပါမည်။ လူတိုင်းကိုပင် ကျွန်တော်တော့ အခြေကျစပြုနေပြီ ဟု ပြောမိပါသည်။ သို့သော် အပြောင်းအလွဲ က ပြန်ဆန်လွန်းလှပါသည်။ တစ်လအကြာတွင် ကျွန် တော် အလုပ်လက်မဲ့ဖြစ်ရပြန်ပါသည်။ ဤကလပ် သည် လူရွှင်တော်တစ်ယောက်သည် တစ်ကြိမ်လျှင် ရက်သတ္တပတ် ၄ ပတ်ထက် ပိုမထားကြောင်းကို ကျွန်တော် ယခင်က မသိခဲ့ပါချေ။

အမေရိကန် အနုပညာရှင်ပေါင်းစုံ လုပ်ဖော်ကိုင်ဖက်များအသင်း (အေ၊ ဂျီ၊ ဗွီ၊ အေ) သို့သွားသည်။ တနင်္လာနေ့ ညဘက် များတွင် "အေဂျီဗွီအေ" အသင်းသားများသည် လူဖြူညကလပ်ပိုင်ရှင်များနှင့် ကိုယ်စားလှယ် များ ရှေ့မှောက် တွင် ကပြဖျော်ဖြေခွင့်များ ရရှိကြသည်။ ထိုအခွင့်အရေးကို ရရှိရန် ကျွန် တော်သည် "အေဂျီဗွီအေ" အဖွဲ့အား အမြဲတမ်း တောင်းဆိုသည်။ တောင်းဆိုတိုင်းလည်း သူတို့က ကျွန်တော့်ကို သီချင်း ဆိုတတ်သလား၊ ကတတ်သလားဟု အမြဲပြန်မေးသည်။
"ကျွန်တော်က လူရွှင်တော်ပါ ဆရာ"
"မင်းအတွက် နောက်ထပ်တစ်နှစ်ခွဲလောက် ကြာလျှင်တော့ စင်ပေါ်တင်ပေးနိုင်မယ်လို့ ငါတို့ ထင်တယ် ကွ"

လီလီယန်သည် သူ့အလုပ်ဟောင်းဖြစ်သော ရှီကာဂိုတက္ကသိုလ်တွင် ပြန်ဝင်လုပ်ပါသည်။ ကျွန်တော်တို့ သည် ဆယ်နှစ်လောက် သုံးပြီးသားဖြစ်သည့် "ပလိုင်းမောက်သ်" ကားအိုလေးတစ်စင်းကို ဒေါ်လာငါး ဆယ်ပေးပြီး ဝယ်လိုက်ပါသည်။ ကားမှာ အာမခံထား၍ပင် မရတော့ပါ။ ကြမ်းခင်းများလည်း မပါပါ။ သို့ သော် နေ့တိုင်းပင် (၆) လသမီး "မီးရှေးလ်"လေးကို ကားရှေ့ခန်းတွင် တင်ပြီး လှည့်ပတ်ကာ ကား မောင်းရပါသည်။ ညကလပ်ပိုင်ရှင် များ၊ ပွဲငှားမည့်လူများ စသည်တို့ လှည့်ပတ်ပြီး အလုပ်ရှာရပါသည်။ တစ်ချီတစ်ချီတွင် ဟိုက ဒေါ်လာငါးဆယ်၊ ဒီက ဒေါ်လာငါးဆယ် စသဖြင့် ကြိုကြားကြိုကြား အလုပ် ကလေးများ ရတတ်ပါသည်။ တစ်ခါက တစ်ပတ်လျှင် ၁၇၅ ဒေါ်လာရသည့် အလုပ်ကလေးကိုပင် ကြုံ ခဲ့ရသေးသည်။ သို့သော် ထိုအလုပ်မှာလည်း သက်တမ်း တစ်ပတ်သာခံပါသည်။

သည်လိုဖြင့်ပင် "မီးရှေးလ်"လေးမှာ ကားရှေ့ခန်းတွင်ပင် ကြီးလာရပါသည်။ သူ မငိုတတ်ပါ။ သူ့ကိုလည်း မချီရပါ။ ကားအောက်မှ ၀င်သည့် လေကြောင့် အအေးမိသည့်ဒဏ်မှ ကာကွယ်ရန် စောင်အထပ်ထပ်ပတ်ပြီး ကားရှေ့ခန်း တွင်သာ အသာချပေးထားခဲ့ပါသည်။
အလုပ်လည်းရှာပြီး တစ်ခါတစ်ရံ ငွေကြပ်လွန်းမက ကြပ်လာသည့်အခါတွင် ကားရေးဆေးသည့် အလုပ်ကိုပင် ၀င်လုပ်ရပါတော့သည်။ တောက်တိုမယ်ရ အသေးအဖွဲ့ အလုပ်ကလေးများလည်း ၀င်ကြဲတန် ကြဲရသည်။ ထိုအချိန်တွင် "ဟာမင်ရောဘတ်စ်"က ပြန်ခေါ်ပြန်သည်။ ဤတစ်ချီတွင် ကားတစ်ည ဆယ်ဒေါ်လာနှုန်းနှင့် စလုပ် ရသည်။ "ဆမ်မီဒေးဗစ်ဂျူနီယာ"၏ အခန်းသရုပ်ဆောင် နေစဉ် ကျွန်တော်သည် စားပွဲထိုးများနှင့် ကူညီပြီး ပရိသတ် ကို ဧည့်ခံနေရရှာပေးသည့် အလုပ်များ ကိုပါ ၀င်လုပ်ပေးရသည်။ သို့သော် ကျွန်တော်ကတော့ လူရွှင်တော်တစ်ဦးအဖြစ် ခပ်ကြာကြာ ရပ် တည်နိုင်သလောက်ရပ်တည် နိုင်ရန်ပင် သည်းခံပြီးနေခဲ့သည်။ ယင်းမှာ ထိုကလပ်မှ ရခဲ့သော ကျွန်တော့်အတွက် အကြီးမားဆုံး သင်ခန်းစာတစ်ခု ဖြစ်ပါသည်။

တစ်ခါက ၀မ်းရေးအတွက် လူဖြူညကလပ်ကြီးတစ်ခုတွင် ကျွန်တော်သွားရောက် ဖျော်ဖြေရဖူး ပါသည်။ စင်ပေါ်တက် လိုက်သည်နှင့် ပရိတ်သတ်အချို့မှာ နှာခေါင်းရှုံ့သွားကြသည်။ အဘယ် ကြောင့်ဆိုသော် ကျွန်တော်သည် နီဂရိုးဖြစ်၍ ပရိသတ်တစ်ချို့မှာ ကျွန်တော့်ကို မြင်မြင်ချင်းပင် မုန်းတီးသွားကြသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်သည် နီဂရိုးဖြစ်၍ ကျွန်တော့်ကို နှာခေါင်းရှုံ့ကြသူများမှာ ကျွန်တော့်ပြက်လုံး များတွင် ပထမတော့ နည်းနည်းရယ်ကြသည်။ သို့သော် သူတို့က သနားစဖွယ်ဟု ထင်နေကြသူတစ်ဦးကို သူတို့သည် လေးစားမှု ရှိကြတော့ မည်မဟုတ်ပေ။ ထို့ကြောင့် တဖြည်းဖြည်းနှင့် ကျွန်တော့်ပြက်လုံးများကို လိုက်ပြီး မရယ်ကြတော့။ ကျွန်တော့်ကို မုန်းသူများကား ရယ်နိုင်ဖို့ဝေးလွန်းစွ။

ထို့ကြောင့် သူတို့အား နည်းပရိယာယ်ပုံစံပြောင်းပြီး တိုက်ခိုက်ရတာ့သည်။ စိန့်လူဝီတွင်နေစဉ်က ကျွန်တော့်ကို အ၀တ်အစား စုတ်ပြတ်၍ အဖေမရှိ၍ဟုဆိုကာ ၀ိုင်းနှိမ်ကြ၊ စကြ၊ စော်ကားမော်ကား ပြုကြသော ကောင်လေး များကို ကျွန်တော်ပြန်တိုက်ခိုက်သော နည်းကို အသုံးပြုရသည်။ ထို့ကြောင့်ဤပွဲတွင်လည်း ပုဂ္ဂိလိကရေး ကိုပထမ၊ နီဂရိုးရေး ကို ဒုတိယ တင်လိုက် ရသည်။ ထို့ကြောင့် ကျွန်တော့်ကို ကျွန်တော် "လူမည်းထဲမှ ရယ်စရာကောင်လေး တစ် ဦး"အဖြစ်ခံယူလိုက်ရည်။ "ရယ်စရာကောင်းသော လူမည်း"ကား မဟုတ်။ ကိုယ့် ကိုယ်ကိုယ် ၀မ်းမနည်းသော ပုံပန်ဖြင့် သရုပ်ဆာင်ပြလိုက်သည်။ ထိုနည်းဖြင့် သူတို့သည်လည်း ကျွန်တော့် ကို လာပြီး သနားနေစရာ လိုတော့မည် မဟုတ်ပေ။ သူတို့အပေါ် ပြက်လုံး မထုတ်ခင် ကျွန်တော့်ကို ကျွန်တော် ရယ်စရာ ဖြစ်အောင် လုပ်ပြီး ပြက်လုံးထုတ်ပြရသည်။ သို့မှသာ ကျွန်တော့်ကို သူတို့မမုန်းကြမှာဖြစ်သည်။ ဟာသ သည် ခင်မင်ရင်းနှီးမှု အဆက်အသွယ်။

"ကျွန်တော့်ကံပဲ။ ဒီနေ့ပဲ ၀တ်စုံတစ်စုံ ၀ယ်လိုက်တယ်။ ခုပဲအပေါ်အင်္ကျီမှာ မီးပေါက်သွားပြီ"
ဒါက ကိုယ့်ကိုယ်ကို ဟာသလုပ်ပြခြင်း။
"သူတို့က ပြောတယ်၊ ဒီအသင်း မှာ ရာသက်ပန် အသင်းသားအဖြစ် ၀င်ကြေးပေးပြီး အ၀င်းဝင်ပါ လားတဲ့၊ ဒါပေမဲ့ ကျွန်တော်က ပြန်ပြောပြရတယ်၊ ကျွန်တော်က တစ်ပတ်မှတစ်ခါ ပိုက်ဆံရတဲ့ "ပတ်စား"လေးပါလို့။ ဘယ်လိုလုပ် ရာသက်ပန်အ သင်းကြေး ပေးနိုင်မှာလဲဗျာလို့"
ထိုမှနေ၍ တစ်စထက်တစ်စတိုးပြီး အခြေအနေအရပ်ရပ်ကို ဆွဲယူကာဆင့်ကဲ ပြက်လုံးများထုတ်ရ သည်။ သည်လိုနှင့် ပင် ခါးသီးမှု၊ မုန်းတီးမှု၊ အသားအရောင် ခွဲခြားမှုများကို ပပျောက်စေလာအောင် ဖန်တီး ယူလာရသည်။ ထိုအချိန်တွင်မှ သင်သည် အခြေခိုင်သွားပြီး ကိုယ်ပြောချင်သည့် အရာများ အားလုံးကို ကိုယ်ပြောချနိုင်လောက်သည့်အဆင့်ကို ရောက်လာပြီဖြစ်သည်။ အခွန်အတုပ်၊ ယေက္ခမများ၊ ကွန်ဂိုပြဿနာ၊ အနုမြူဗုံး၊ သမ္မတ၊ ကလေးများ အကြောင်း။ လိင်မှုဆိုင်ရာဟာသ များတော့ မပြောလေနှင့်။ ဒါဆို သင်ကျရှုံးသွားပေမည်။ အပြာဆန်ဆန်များ ပြောမိပါက နီဂရိုး သိက္ခာကျဆင်းလေမည်။
၁၉၆၀ ခုနှစ်အတွင်း "ရောဘတ်" ကလပ်မှ ထွက်ချီဝင်ချီပြုလုပ်နေဆဲ ကာလများတွင် ကျွန်တော့်၌ တွေးတော စဉ်းစားချိန်များစွာ ရရှိနိုင်ခဲ့သည်။

လူဖြူတစ်ယောက် က ကျွန်တော့်ကို "ငမည်းစုတ်"ဟု ခေါ်လိုက်ပါက ကလပ်တွင်းရှိ အခြားလူဖြူ များအဖို့ပါ စိတ်အတော် ကျဉ်းကျပ်သွားစေသည်။ ထိုဂယက်မှာ တော်တော်နှင့်ပင် မကျေနိုင်၊ ကျွန်တော်ပြန်သွားပြီး နောက်ပိုင်း ပါ ကလပ်တွင် စိတ်မသက်မသာနှင့် ကျန်ရစ်ခဲ့ရသည်။ ဤသည် ကိုက လပ်ပိုင်ရှင် ကလည်း သိသည်။ ထို့ကြောင့် သူ့ဖောက်သည်များနှင့် မိတ်မပျက်ရလေအောင် သူကကျွန်တော့် ကိုသာ အပြင်ထွက်ခိုင်းတတ်သည်။ ဖိနပ်တိုက်သမားဘေးဘ၀က မျက်နှာအကန် ခံရစဉ်တုန်းက ကဲ့ သို့ပင် ဖြစ်သည်။ ထိုစဉ်ကလည်းအရက်ဆိုင်ပိုင်ရှင်သည် ကျွန်တော့်ကို ဆိုင် ရှေ့မှ အတင်းထွက်ခိုင်းခဲ့သည်။ သူသည် ကျွန်တော့် ကို သနားပင် သနားငြားသော်လည်း သူ့ ဖောက်သည်များခိုက်ရန် ဖြစ်ပွားပြီး မိတ်ပျက်ရမည် စိုး၍ ကျွန်တော့်ကို နှင်ထုတ်ခြင်း ဖြစ်သည်။ သို့သော် ယခုကျွန်တော်သည် လူကြီး တစ်ယောက် ဖြစ်လာပြီဖြစ်၍ မိမိကိုယ်မိမိ ထိန်းသိမ်း စောင့်ရှောက်နိုင်လောက်ပြီဖြစ်၏။ ထို့ကြောင့် "ငမည်းစုတ်" ဟု အခေါ်ခံရခြင်းကို လျှပ်တပြက် ခွန်းတုံ့ပြန်နိုင်ရန် အရေးကြီး၏။

လီလီယန် က ကျွန်တော့်ကို "ငမဲစုတ်"ဟု ခေါ်ကျင့်ရှိလာအောင် ညစာဝိုင်းတွင် ကျွန်တော်အမြဲတ မင် ဖန်တီးခဲ့သည်။ သူက ခေါ်သည်နှင့် တစ်ပြိုင်နက် လျှပ်တစ်ပြက် ခွန်းတုံ့ပြန်နိုင်အောင် လေ့ကျင့်ပြီးဖြစ်သည်။ သို့သော် သိပ် မအောင်မြင်လှပါ။ ထိုသို့ အခေါ်ခံရတိုင်း ကျွန်တော်၏ ပြန် လှန်ချေပချက်မှာ အနည်ငယ် ရိုင်းပြ၊ ခါးသီးသော တုန့်ပြန်ချက်များ ပါဝင်နေတတ်၍ ဖြစ်သည်။
"ဟဲ့ ငမဲစုတ်"
"....................."
"....................."
"မဟုတ်သေးဘူး ဂရီဂိုရီ။ မောင်ပြောတာ သိပ်မဟန်သေးဘူး"
"တစ်ညတွင် အိမ်ထဲ၌ လဲလျောင်းကာ ရုပ်မြင်သံကြား ကြည့်ရင်းနှင့်က လောကကြီးတစ်ခုလုံး အားစိတ်ကုန်နေမိသည်။ အလုပ်မလုပ်နိုင်သည်မှာ သုံးပတ်မျှပင် ရှိချေပြီ။ နှင်းများသည်းထန်စွာ ကျနေသဖြင့် အပြင်မထွက်နိုင်သည်မှာပင် လေးရက်မျှ ရှိနေချေပြီ။ လီလီယန်ကား အေးအေး ဆေးဆေး ငြိမ်းငြိမ်း ချမ်းချမ်းပင် အခန်းထောင့်လေး တစ်နေရာ၌ ထိုင်ပြီး စာအုပ်ဖတ်နေသည်။ အနှောင့်အယှက် အန္တရာယ်ဟူ၍ စိုးစဉ်မျှမရှိ။"
"ဟေ့ လီလီယန်"
"ဘာလဲ မောင်""မောင်က ဒီကနေပြီးတော့ မင်းကို ခွေးမလို့ လှမ်းခေါ်လိုက်ရင် မင်းဘာပြန်လုပ်မလဲဟင်"
သူက ကုလားထိုင်ပေါ်က ၀ုန်းခနဲ ထလိုက်ပြီး။

"ကျွန်မကတော့ မသိချင်ယောင် ဆောင်နေရမှာပေါ့ရှင်"ဟုသာ ပြန်ပြောလိုက်ပြောလိုက်သည်။
ကျွန်တော့် မှာ ကွပ်ပျစ်ပေါ်သို့ ပစ်လှဲချလိုက်ပြီး အူတက်မတတ်ပင် ရယ်လိုက်မိပါတော့သည်။ မှန်သည်။ လျှပ်တပြက် သူ၏တုံ့ပြန်မှုမှာ မှန်သည်။ အေးဆေးသည် ခါးသီးမှုမရှိ၊ ပရိသတ်အနေနှင့် ကျွန်တော့် စိတ်ခံစားချက် မည်သို့ မည်ပုံ ရှိမည်နည်း သိကြသည်မဟုတ်။ ကျွန်တော့်အတွက် ၀မ်းနည်းကြေကွဲရန် အချိန် လည်း ရှိကြမည်မဟုတ်။ ကျွန်တော် အတွေးပေါက်လာသည်။
ရက်သတ္တပတ် အနည်းငယ်အကြာတွင် မြို့ပြင်နားရှိ ကလပ်တစ်ခု၌ အလုပ်တစ်ခု လက်ခံရပြန် သည်။ ပရိသတ်မှာ လက်လုပ်လက်စား လူဖြူများသာ ဖြစ်သည်။ တစ်ညတွင် ကျွန်တော့်ဖျော်ဖြေ ခန်းတစ်ဝက် ခန့်အရောက်၌တစ်နေရာမှနေ၍ အသံအောင်အောင်မြင်မြင် ပြတ်ပြတ်သားကြီးဖြင့် အော်သံကြားလိုက်ရသည်။

"ဟေ့...ငမဲစုတ်"
ပရိသတ်မှာ ငြိမ်ကျသွားသည်။ ကျွန်တော်က မျက်တောင်မျှပင် ခတ်မကြည့်ဘဲ ချက်ချင်း ပြန်ပြော လိုက် သည်ည။
"ဟိုလူ ကျွန်တော့် ကို ခေါ်လိုက်တာ ကြားကြတယ်မဟုတ်လား။ ဘာတဲ့... ဟို ကောင်းဘွိုင်မင်း သားရွိုင်းရော်ဂျာ ရဲ့ မြင်းနာမည်မဟုတ်လား။ "ငသဲ"ဆိုလား မသိဘူး"
ကျွန်တော် လျှပ်တစ်ပြက် တုံ့ပြန်မှုကြောင့် အားလုံး ပွဲကျသွားကြသည်။ သူတို့ကလည်း ကျွန်တောတို့ကို ငမဲ ဟူသော စကားလုံးဖြင့် သုံးပြီးခေါ်လိုက်သံကို မကြားစေချင်ကြ။ ကျွန်တော်က တမင် မကြားယောင်ဆောင် လိုက်ကြသည် ကိုပင် သဘောကျကြသည်။

သို့သော် ကျွန်တော့်အဖို့ကား မည်မျှနှင့် မလုံလောက်သေး။ သူ၏စော်ကားမှုကို တုန့်ပြန်ရန် ကားကျန်ပေ သည်။ သူကျွန်တော့်ကို "ငမဲ"ဟု ပြတ်ပြတ်သားသားကြီး ခေါ်လိုက်သံကို ကြားရသူ များ အား ပြန်လည်ဖြေရှင်း ရန် တာဝန်ရှိသေးသည်။ ထို့ကြောင့် အချိန်အနည်းငယ် ယူလိုက်ရ သည်။ စီးကရက်တစ်လိပ် ထုတ်သောက်ပြီး မီးခိုးများ မှုတ်ထုတ်လိုက်သည်။
"ခင်ဗျားတို့ သိကြရဲ့လား မသိဘူး။ ကျွန်တော်နဲ့ ဒီကလပ်မှာ စာချုပ်ချုပ်ထားတာက အဲဒီနာမည် တစ်ခါ အခေါ်ခံရရင် ဒေါ်လာငါးဆယ် ပိုပေးမယ် လို့ ပါတယ်ဗျ၊ ရိုးရိုးဆို ကျွန်တော်က တစ်ည ဆယ်ဒေါ်လာပဲရတာ၊ ကဲ... ဒီတော့ ကလပ်ပိုင်ရှင်လည်း အလုပ်ရပ်စဲသွားရအောင် ခင်ဗျားတို့ မတ်တပ်ရပ်ကြပြီး "ငမဲစုတ်" လို့ ပြိုင်တူအော်လိုက်ကြစမ်းပါဗျာ"
သူတို့အားလုံး ပင် ရယ်မောကြပြီး လက်ခုပ်များ ၀ိုင်းတီးကြတော့သည်။ ပွဲပြီးသောအခါ ကလပ် ပိုင်ရှင်က ကျွန်တော့် ထံ တက်လာပြီး ဒေါ်လာနှစ်ဆယ်ပေးကာ လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ကျေးဇူးတင်ကြောင်းလည်း ဆိုသည်။ ကျွန်တော့် စမ်းသပ်ချက် အောင်မြင်ခဲ့ပေပြီ။

အင်ဒီယားနားပြည်နယ်၊ မစ်ရှာဝါကာမြိုကမှ ကလပ်တစ်ခုသို့လည်း သွားပြီး ဖျော်ဖြေရသေး သည်။ ထိုကလပ် မှာ လူအလွန်စည်သည်။ စောစေစီးစီးပင် တန်းစီဝင်နေကြရသည်။ စနေနေ့ည တစ်ညတွင် ကလပ်တစ်ခုလုံး လူများပြည့်ကြပ်နေ သည်။ ကောင်မလေးတစ်စုမှာ ထိုင်ပြီး အရက်တော်တော်များများ သောက်နေကြသည့်ကို ကျွန်တော် သတိထားမိသည်။ မြင်မြင်သမျှ အရာအားလုံးကို လျှောက်ပြီး အလဟသ ရယ်ပစ်နေကြသည် ကိုလည်း တွေ့ရသည်။
ရုတ်တရက် ပင် ထိုအထဲမှ မိန်းကလေးတစ်ယောက်က "ရှင်က လူချောပဲ"ဟုအော်ပြောလိုက် သည်။

လူဖြူယောက်ျားများ အားလုံး ငြိမ်ကျသွားသည်။ ဤသည်မှာ  လိင်မှုပိုင်းနှင့် စပ်ဆိုင်နေသည်။ ကလပ်တစ်ခုလုံး မှ လူအားလုံး၏ အမုန်းကို သင်ခံရပေတော့မည်။ ကောင်းပြီ၊ ပြန်တုံ့ပြန်ရပါ မည်။
"ဒီမှာ အသည်းလေးရယ်၊ အသည်လေး က ဘာလူမျိုးလဲဟင်"
"ဟန်ဂေရီ လူမျိုးပါတဲ့ရှင်"
"ဒီလိုဆို ထပ်ပြီး သောက်လိုက်ပါဦးကွယ်။ နောက်မှ မင်းကိုယ်မင်း နီဂရိုးတစ်ယောက်ရယ်လို့ ခံစားနိုင်လာတဲ့ အခါကျ မှ ကိုယ့်ဆီပြေးလာပြီး ဖက်နမ်းလှည့်ပါလား၊ နောက်ပြီး တို့နှစ်ယောက် လုံး ဒီမြို့ကနေ ခပ်သုတ်သုတ် ထွက်ပြေးကြရအောင်လေ" ပွဲကျသွားကြသည်။ အခန်းမှာ ပုံမှန်အခြေအနေ ပြန်ရောက်သွားရသည်။ သင့်ကိုမုန်းမည့်သူများ မရှိကြတော့။ အကယ်၍ မုန်းသူရှိလျှင်လည်း ထိုမိန်းကလေးကိုသာ မုန်းတီးကြမည် သာ ဖြစ်သည်။
သို့နှင့် ကျွန်တော့်မှာ ခွန်းအားပြည့်သထက် ပြည့်လာသည်။ ကိုယ်ကိုယ်ကို ယုံကြည်စိတ်မှာ လည်းတိုး များလာရသည်။ ဘယ်ပြဿနာမဆို ကိုယ်တွယ်ဖြေရှင်းလာနိုင်မည်ဟုလည်း ယုံကြည် လာတော့သည်။

ထိုနှစ်နွေရာသီတွင် "ရောဘတ်စ်ကလပ်"သို့ ပြန်အလုပ် လုပ်သည်။ ထိုအချိန်က "ရီပတ်ဗလီ ကင် ပါတီ ကိုယ်စားလှယ် အစည်းအဝေး"မှာ ထိုမြို့တွင် ကျင်းပနေသည်။ တစ်ညတွင် ကိုယ်စားလှယ် အချို့သည် ကျွန်တော့်ပွဲ ကို လာကြည့်ကြသည်။ ကျွန်တော့် ပြက်လုံးများနှင့် ပတ် သက်၍ သူတို စကား အတော် ပြောဖြစ်ကြသည်။ ရက်အနည်းငယ်အကြာတွင် အမေရိကန် အသံ လွှင့်ဌာနမှ "ဂျွန်ဒေလိ"၏ လူများရောက်လာကြသည်။ သူတို့သည် မြောက်အရပ်မှ လူမျိုးစုအခြေ အနေများကို မှတ်တမ်းတင် ရုပ်မြင်သံကြား ရိုက်ကူးရန် အတွက် လာရောက်ကြခြင်း ဖြစ်သည်။ "ပထမ အုတ်မြစ်ချခြင်း"ဟု ဇာတ်ကာကို အမည်ပေး ထားသည်။

ဆက်ရန်
.

1 comment:

AMK said...

ဒီဟာလေး ကြိုက်တယ် အစ်မကြီး စောင့်ဖတ်နေပါတယ် ကျေးဇူး