Thursday, July 5, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၁ဝ)

''ဦးကလည်း အိုသေးတာမှမဟုတ်တာ။အိုကို မအိုသေးပါဘူး။ ကျွန်မကလည်း အိုတယ်လို့ မထင်ပါဘူး။ ဘယ်တုန်း ကမှ မထင်ပါဘူး'' ဟု ပြောလိုက်၏။ ညစာက ရိုးရိုးသာ။ ကော်ရာက အိမ်မှာလည်း ဘာမှ မရှိဘူးဟု သူ့ကိုယ်သူတဖျစ်ဖျစ် အပြစ် တင်ရင်း ပြင်ပေး သည့် အစာ။ ၀က်ပေါင်ခြောက်၊ ဘဲဥ၊ ပေါင်မုန့်မီးကင်၊ ထောပတ်သုတ်နှင့် လက်ဘက်ရည် မျှသာ။ ခြံထွက် ဟင်းရွက်ပြုတ် တစ်ခွက် ကတော့ ပါလိုက်သေးသည်။
သူ ငယ်ငယ် က နွေကျောင်းပိတ်ရက်များတွင် စလီဒန်ရွာသို့ လာနေခဲ့သည်။ လှိုင်းကာတံတိုင်းပေါ် ၌ ငါးမျှား ခဲ့သည်။ ထိုစဉ်က ဤညစာမျိုးကို စားခဲ့ရဖူးသည်။ ရှေးဟောင်းနှောင်ဖြစ်မျုားဖြင့် အားဖြည့် ကာ ငယ်ငယ်က ခံတွင်းတွေ့မှုမျိုး ထက်ပိုသော အာလူးဖြင့် ညစာ ကို သူစားလိုက်လေသည်။
ကို ဆက်ဖတ်ရန်...........

ရှိသမျှပေးပြီး တစ်ခုမှ မယူတတ်သော ကော်ရာ၏အကျုင့်ကို ကြာမြင့်စွာကပင် သိထားသည်။ သူ မီးဖိုချောင်ထဲ ၀င်လာမှ ရက်လွန်ပေါင်မုန့် များနှင့် နွားနို့ကို စားပွဲပေါ်မှ ကော်ရာသိမ်းလိုက်သည်။ ထိုအစားအစာများဖြင့်သာ ပြီးနေသည့်ကော်ရာ အဖြစ်ကိုလည်း သူသိထားပြီးဖြစ်သည်။ ထိုကြောင့် ပေ့က ညစာအတူမျှ စားရန် ကော်ရာ ကိုခေါ်သည်။
ကော်ရာ စိတ်လက်ကြည်သာ ရှိလိုရှိငြား သူတို့နှစ်ဦးစလုံးအပေါ် ဖိစီးနေသည့် သောကဗျာပါဒ ကိစ္စများမှ စကား ကို လှီးလွှဲပြစ်သည်။ နောက်နေ့ နံနက်ပိုင်းတွင် ဒေါက်တာအီဗန်ထံ တယ်လီဖုန်းဆက်မည်။ ထိုအချိန်ထိတော့ ဤကိစ္စ ကို ပြည်ဖုံးကား ချထားလိုက်ဦးမည်။ သူ့ပြဿနာတွေနှင့် ပတ်သက်၍လည်း အလားတူပင်။ ဆိုင်းထား ဦးမည်။

အခြားကမ္ဘာတစ်ခု မှ ခိုးဝှင်ဆောင်ကျဉ်းလာခဲ့ရသည့်အလား ရှားရှားပါးပါးဇွတ်ရှောင်ပုန်း၍ လွှတ်အောင်ရုန်း ရသည့် ဤတဒင်္ဂကလေးကား အဖိုးထိုက်လွန်းလှ၏။ ပြဿနာများကို တနုံ့နုံ့တွေးခြင်းဖြင့် ထိုအဖိုးတန် တဒင်္ဂအချိန်ကလေး ကိုး ဖြုန်းတီးမပစ်နိုင်။ ဤသို့သော နားချိန်အားချိန်ကလေးမျိုး ဘယ်နည်း ဘယ်ပုံဖြစ်ထွန်း လာပါလိမ့် ဟုပင် စေ့ငုမနေတော့။
လပေါင်း များစွာ ထမ်းပိုးခဲ့ရသည့် ၀န်ထုပ်ကြီးကို ပစ်ချလိုက်ရလျှင် တော်ပြီ။ ဤအိမ်မှ ခွာသည်နှင့်တစ်ပြိုင်နက် ၀န်ထုပ်ကြီး ကို ပခုံးပေါ်ပြန်ထမ်းရဦးမည့် အရေးကို မေ့ထားလိုက်ရလျှင် တော်ပြီ။
စကားပြောကောင်း တုန်း ထိုင်နေကျ ပြတင်းပေါက်အနီး ထိုင်ခုံ ဘေးတွင် ဖွင့်လျက်သားစာအုပ်ကို ပေ့ လှမ်းမြင် လိုက်သည်။ ကာလိုင်း၏ ဆာတော်ရီဆာတပ်စ်။ ကော်ရာ က စာအုပ်ကို ပေ့မြင်သွားမှန်းသိလိုက်၏။ လိပ်ပြာ မလုံ သလို မျက်နှာ သွေးဖြန်းသွား၏။

''ဒီနေ့ ဖတ်ရမယ့် အခန်းတောင် မဖတ်ရသေးဘူရှင်။ ဒေးဗစ်တော့ဒေါပွတော့မှာပဲ။ ကျွန်မက စာဖတ်လို့ကို မရ ဘူး။ ပျင်းတာပေါ့လေ''
ပေ့က ကော်ရာကို တအံ့တသြကြည့်နေသည်။ ကော်ရာ ပညာတိုးအောင်ဆိုပြီး ဒေးဗစ်က ဤစာအုပ်မျိုးကို ဖတ်ခိုင်းနေလေရော့ သလား။
''ကျွန်မအဖို့ ကတော့ ဘာမှရေးမကြီး သလိုပါပဲ။ ကျွန်မက လုပ်ဟယ်ကိုင်ဟယ်ဆိုတာမျိုးကိုပဲ စိတ်ပါတယ်။ ဘယ်တော့ မှ ပညာတတ်မှာ မဟုတ်ပါဘူး''
ကော်ရာ က ၀မ်းနည်းပက်လက် ဆက်၍ရှင်းပြနေသည်။ ဒေးဗစ်ဖတ်ခိုင်းတာဖြစ်မှာပဲဟု ပေ့ တွေးမိလေ၏။ ပေ့ ကရုဏာ သက်မိ၏။ အသနားပိုမိ၏။
''မင်းမှာ အသိဉာဏ်တွေ  အများကြီးရှိတာပဲ ကော်ရာရယ်။ အဲဒါတွေက ပိုပြီးအရာရောက်ပါတယ်။ ပြီးတော့ ဒီစာအုပ် ကလည်း ဘယ်သူ့အဖို့ဖြစ်ဖြစ် သေချင်ပက်ကျိ ငြီးငွေ့စရာကောင်းတဲ့ စာအုပ်မျိုးပါ''
ကော်ရာ က ဘာမှစကားပြန်မပြော ။ စားသောက်ပြီးသွားပြီဖြစ်၍ မီးလင်းဖိုထံမှထင်းတုံးကို မီးမွှေးသည်။

''ဒီမတ်လ ညပိုင်းတွေကလည်း  အေးသားရှင့်။ ကျွန်မကတော့ မီးဖိုရတာကြိုက်တယ်။ နွေးတယ်။ မီးသင်းနံ့ ကလေး ကိုရောပေါ့။ သံချေးတက် ဓာတ်ငွေ့မီးခွေကလေးတစ်ခုပဲရှိတဲ့ ဟိုတုန်းက ကျွန်မနေခဲ့တဲ့ အခန်း ကလေးတွေ ကို ပြန်တွေး မိရင် ဒေးဗစ်ကတော့ မကြိုက်ဘူး။ မီးဖိုမရှဘဲလည်း နေတာပဲ။ အဲဒါ သူ့စိတ်ကူး သစ် တစ်ခုပဲ''
''ဘာစိတ်ကူးသစ် ပါလိမ့်ကွယ်''
ကော်ရာငြိမ် နေသည်။ မျက်လွှာချထားသည်။ အကြာကြီးကြာမှ တွန့်ဆုတ်ဆုတ်နှင့် ဇွတ်မှိတ်ပြော သလိုပြောပြ သည်။
"သူ့စိတ်ထဲမှာ ဖြစ်လာတဲ့ဟာပါ။ သူ့အပြောကတော့ ခြုံးခြံ ရှောင်ကျဉ်နိုင်အောင် ကြိုးစားရမယ်တဲ့။ ကျွန်မ သူ့ကို ခြိုးခြံရှောင်ကျဉ် တာတွေ မလုပ်စေချင်ဘူး။ ရှိရှိသမျှ ရှောင်ကျဉ်ဖို့ လူဖြစ်လာတာမှ မဟုတ်တာပဲ။ စိတ်နည်းနည်းလျှော့ပြီး ဓမ္မတာအ တိုင်း နေထိုင်မယ်ဆိုရင် ...၊ ဘယ်သူပဲဖြစ်ဖြစ် ဓမ္မတာနဲ့ ဆန့်ကျင်နေရင် ဘယ်ကောင်းနိုင် မလဲ။ သူ့အတွက်လည်း မကောင်းနိုင်ဘူး။ ကျွန်မ အတွက်လည်း မကောင်းနိုင်ဘူး"

ကော်ရာက စကားဖြတ်လိုက်သည်။ ပေ့ကို လှမ်းကြည့်လိုက်သည်။ ရင်ဗလောင်ဆူသောအကြည့်။ သူ့စကား လွန်လွန်းသွား ၍ စိတ်ကသိကအောက် ဖြစ်နေဟန်အကြည့်။
အမှတ်မထင် ရည်ညွှန်းပြောလိုက်သည့် ကော်ရာ့စကားအဓိပ္ပာယ်ကို ပေ့ သိလိုက်၏။ ထူးဆန်းသော နာကျည်းမှုကို ခံစားလိုက်ရ၏။ ယခုအချိန်အထိ ကော်ရာတို့ အိမ်ထောင်ရေးကို သူ့သား ၏ ကောင်းကျိုးချမ်းသာ ဘက် ကသာ စဉ်းစားမိသည်။ ယခုမှ ကော်ရာ့ဘက်ကလည်း စဉ်းစားမိပြန်သည်။
"မင်းပျော်ရဲ့လား ကော်ရာ" ကော်ရာက ဖြည်းညင်းစွာ ပြန်ဖြေသည်။
"ပျော်ပါတယ်။ အနည်းဆုံး ဒေးဗစ် ပျော်ရင်ပေါ့လေ။ ကျွန်မလည်း အစွမ်းကုန် ပြုစုတာပါပဲရှင်။ ဒါပေမဲ့ တစ်ခါ တလေ ဒေးဗစ် က ကျွန်မကို မလိုချင်တော့သလို ဆက်ဆံတာ ..."
"ဒါကတော့ သူ့အကျင့်ပါကွယ်။ မင်းကို သူ အရေးပေးတာ ငါ သိပါတယ်"
"ကျွန်မ လည်း အဲဒီလိုပဲ ဖြစ်စေချင်တာပါ"

ငြိမ်သွားပြန်သည်။ ကော်ရာသည် ကတုန်ကယင် လှုပ်ရှားမှုဖြင့် မီးလင်းဖိုမီးကို ဆွနေလေသည်။
"ထင်းတွေ က ဒီရေအတက်မှာ ကျွန်မ ဆယ်ထားတာလေ။ ချွေတာရေးလည်း ကျတယ်။ ပျော် လည်း ပျော် ရတယ်" "မင်းကတော့ ဟင်းလင်းပြင်ထွက်နေ ရရင် ပျော်နေတာ မဟုတ်လား" ကော်ရာက ခေါင်းညိတ်သည်။
"တစ်ခါတလေ များ ကျွန်မ ကမ်းခြေမှာ အဝေးကြီး လမ်းလျှောက်နေတာပဲ။ လူဆိုလို့ တစ်ယောက် တလေမှ မတွေ့ ရဘူး။ ကမ်းခြေမှာ ကောက်ရခဲ့တာတွေကို ဦးသိရင် အံ့သြမှာ"
"ပြောစမ်းပါဦးကွယ်။ ဘာတွေပါလိမ့်"

"မှန်းကြည့်ပေါ့"
"ဖိနပ်စုတ်တွေလား" ပေ့က ပြက်လုံးထုတ်လိုက်၏။ ကော်ရာ စိတ်ကြည်ကြည်လင်လင် ဖြစ်လာစေချင်သည်။
"ဘယ်ကလာ ဟုတ်ရမှာလဲ။ ဒီအပတ် ကြက်ဥသေတ္တာ တစ်လုံး ကောက်ရတယ်"
"ကော်ရာ ကတော့ ပေါက်ကရ ပြောတော့မယ်"
"အဟုတ်ပြောတာ ဦး ရဲ့။ သင်္ဘောတစ်စင်းစင်းပေါ်က လှိုင်းပုတ်ကျန်ခဲ့တာနဲ့ တူပါတယ်"
"အားလုံး အပုပ်ချည်း ပဲလား"
ကော်ရာ့မျက်နှာ ၀င်းပလာသည်။ ပြုံးတောင့်ပြုံးခဲ အပြုံးကလေးကို ပြုံးလေတော့မလားဟုပင် ထင်ရ၏။
"ဒီည ဦးစားတဲ့ ကြက်ဥ ဟာကော။ ကျွန်မ ကောက်ရ ခဲ့တာ ကံကောင်းတာပဲ။ ဦးစားရတာပေါ့။ ဒီလှိုင်းကလေး သိပ် အပုတ်သန် တာပဲ။ မြောက်ပိုင်းကမ်းခြေမှဆိုရင် ဒီလှိုင်းပုတ်တာနဲ့ အားလုံး လာတင်တော့တာပဲ။ အားလုံး ဆိုမှ အားလုံးပဲ"

ကော်ရာပြောသမျှ ရိုးရိုးစင်းစင်း။ ပွင့်ပွင့်လင်းလင်း။ သူ့လှုပ်ရှားမှု အားလုံးအတိုင်းပင်။ သူ့စကား ကလည်း တွက်ကိန်း ချထားတာ မဟုတ်။ ဖြစ်ရိုးဖြစ်စဉ်။ တကယ့် ဖြစ်မြဲဓမ္မတာအတိုင်း။
မီးလင်းဖို ထဲမှ မီးတောက်က အရိပ်များအတွင်း၌ အလင်းလျှာပြူတစ် ထုတ်ပြနေသလို ဖြစ်နေ သည်။ ကော်ရာ့ မျက်နှာပေါ် သို့ အနွေးဓာတ်ကို ဆွတ်ဖျန်းပေးနေသည်။
တစ်ခန်းလုံး ငြိမ်သက်နေ၏။ ပေ့သည် ကိုယ့်အိမ်ကိုယ့်ရာမှာပင် မြတ်နိုးတွယ်တာမှု ကင်းဆိတ် စွာ နေလာခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။
မြီးကောက်ပေါက် သွေးတကြွကြွ ဖြစ်နေသော ဒေါ်ရော်သီဆိုလျှင် သူ့ကို အရေးမထားသလောက် ပင်။ မျိုး ဆက်သစ် ၏ အကြင်နာခေါင်းပါးသော စိတ်ဓာတ်အပြည့်ဖြင့် သူ့ကို မထေမဲ့မြင် ဆက်ဆံ သည်။ အနုပညာကျောင်း တက်ရန် မညည်းမညူ ထောက်ပံ့နေသမျှ ကာလပတ်လုံး အဖေလုပ်သူ အား ဘေးမဲ့ပေးခြင်း သဘောဖြစ် သည်။ ထိုသို့ ဘေးမဲ့ပေးထားခြင်းသည်ပင်လျှင် အကောင်းဆုး ဆက်ဆံမင ဖြစ်ပေတော့သည်။

အဲလစ် ကျပြန်တော့လည်း ဘ၀ပုံစံက ပုံသေကားကျ။ မပြောင်းမလဲ။ ခုနှစ်ဆွေး၊ ရှစ်ဆွေးပုံစံ။ ပေ့က အဲလစ်နှင့် တန်းတူ ရည်တူ ကြည်ဖြူနှစ်လို ဆက်ဆံသည်။ သို့ရာတွင် သူ့အိမ်ထောင်ရေး ဘ၀သည် မည်မျှမွတ်သိပ်၊ မည်မျှခြောက်မြုံကြောင်း ဥာဏ်အလင်း ရသလို ယခုမှပင် သူ သိလာတော့၏။
ငယ်မူငယ်သွေးဖြင့် ရင်ဝယ်ပိုက်ထွေးခဲ့သည့် သူ့အချစ် စိတ်ကူးစိတ်သန်းတို့သည် အကြွေစောခဲ့၏။ အနောက်ကုန်းမြင့်ဒေသ သို့ နှစ်ပတ်တာထွက်ခဲ့ကြသည့် သူတို့ မင်္ဂလာဦးခရီးတွင် အဲလစ်သည် အစော်ကား ခံရသည့် ဣနြေ္ဒရှင်မကြီးပမာ ပြုမူခဲ့သည်။ လင်ချစ် မယားချစ်ကိစ္စကိုပင် အဲလစ်က ဧရာမ အမှောင့်အယောင့် အဖြစ် သဘောထားခဲ့သည်မှာ ကြာတောင်ကြာခဲ့လေပြီ။

အဲလစ်က သူ့အပေါ် စုံရေမက်ရေစိတ်ထား လျော့ပါးလာသည်နှင့်အမျှ သူ့အပေါ် ပိုင်စိုးပိုင်နင်း စိတ်ထား တိုးလာသည်။ ကိုယ့်ကိုယ်ကိုယ် သနားစိတ်၊ ကလေးဆန်ဆန် အထအနကောက်စိတ်၊ ထင်ရာမြင်ရာ စိတ်ကူး စိတ်သန်း၊ ခု ဟုန်းဟုန်းတောက် ခု စုန်းစုန်းပျောက် ကောက်ရိုးမီးစိတ်၊ ဆင်ခြေတိုင်းထွာမှု ကင်းမဲ့စိတ် အနုတ်မက် အခွက် ပျက်စိတ်၊ ကိုယ့်လင်သား၏ အလုပ်အကိုင်တွင် စိတ်ဝင်စားမှု ကင်းမဲ့စိတ်၊ ယမ်းပုံ မီးကျ ဒေါသူပုန်ထ စိတ် စသော အဲလစ်၏ စိတ်ထား စိတ်နေ အထွေထွေကို သူ တပေပေ ငုံ့ခံခဲ့ရသည်။ အဲလစ် လည်း စိတ်မငြိမ်။ သူလည်း စိတ်မကြည်။
ဤကလေးမနှင့် များ ကွာလိုက်ပလေဟု ပေ့ အတွေးပေါက်မိ၏။

ဖွံ့ဖွံ့ထွားထွာ။ တိတ်တိတ် ဆိတ်ဆိတ်။ ဤကလေးမသည် မီးလင်းဖိုကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများက မချမ်းမြေ့။ သို့သော် သူ့လက်များက တည်ငြိမ်သည်။ မြတ်နိုးတွယ်တာမှုကို သူကလည်း ရက်ရက်ရောရော ပေး ချင် သည်။ သူ့ အတွက် လည်း လိုချင်သည်။ သူ့ငြိမ်သက်မှုက စာနာမှုနှင့် နားလည်မှု အပြည့်။
သေရေးရှင်ရေး လုံးပမ်းနေရသည့် ယခုလိုအချိန်တွင် သူ့အပေါ် နားလည်မှု ရှိစေချင်သည့်စိတ်ဆန္ဒ သည် ဟင်နရီပေ့ ရင်ထဲတွင် မကြာသေးမီကပင် စွဲကပ်လာခဲ့သည်။ ပျော့ညံ့စိတ်မှန်း သူ သိပါ၏။ သို့သော် ထိုစိတ်ကို သူ မချိုးနှိမ်နိုင်။ ခင်မွတ်ကြင်နာမှုကို အငမ်းမရ တောင့်တသောစိတ်။ ပေးနှင်း လိုသောစိတ်။ ပိုက်ထွေး လိုသောစိတ်။ ထိုတောင့်တစိတ် အား ဖြည့်နှင်းနိုင်သည့်အရာသည် ကော်ရာ့ထံတွင် ရှိသည်။ ရှားပါးသောအရာ။ အဖိုးထိုက်သော အရာ။

အိမ်ပြန်ရန် အချိန်တန်ပြီဟု သတိရသည်။ ကော်ရာက ခပ်မဆိတ်ပင် ပေ့ကို ကားရှိရာအထိ လိုက်ပို့သည်။.
ကြယ်ရောင် လင်းလင်း၊ အေးစိမ့်စိမ့်ကောင်းကင်ပြာကြီးအောက်တွင် လှိုင်းခေါင်းဖြူကြီးများက ကမ်းခြေကို တ၀ုန်းဝုန်း ဆောင့်ပုတ်နေကြသည်။ လှိုင်းတက်တွင် မြည်ဟိန်းသံ၊ လှိုင်းဆုတ်တွင် ကျောက်တုံးကလေးများ တရွေ့ရွေ့မျော ပါလိမ့် ဆင်းသံကို သူတို့ နားစွင့်နေမိကြ၏။ လရောင်ဖြာ ဆင်းနေ၍ အယ်လ်ဒန် ကုန်းတန်း မှာ ပြာနှမ်းနှမ်း ဖြစ်နေ၏။ ကော်ရာ အသက်ရှူထုတ်လိုက်တိုင်း နှင်းမှုန်မှုန် လွင့်မျောနေသည်။ ရင်အုံက နိမ့်တုံမြင့်ချည်။ ကော်ရာ က တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဦး ပြန်မှ ဖြစ်မှာလား"
"အချိန်လင့်နေပြီကွယ်" ပေ့က ပြောသည်။
"ဒီလောက်လည်း ညဥ့်မနက်သေးပါဘူး ဦးရယ်။ ဦးပြန်သွားရင် ကျွန်မတော့ ... ကျွန်မတော့ ပိုပြီး စိတ်ညစ် ရတော့ မှာပဲ"
ကော်ရာ့တစ်ကိုယ်လုံး ရုတ်တရက်တုန်လာသည်။ ပေ့၏ လက်ကိုဆုပ်ကိုင်ထားသည့် သူ့ လက်တွေ အေးစက်နေ ၏။
"မင်းနေကောင်း ရဲ့လား ကွယ်။ လက်ဖျားတွေကလည်း ရေခဲကျနေတာပဲ" ကော်ရာ က ရယ်လိုက်၏။
"လက်အေး တာ နွေးထွေး တဲ့ နှလုံးသားရဲ့ အမှတ်လက္ခဏာတဲ့ ဦးရဲ့။ ဒီလိုပဲ ပြောကြတယ်လေ။ လှလိုက်တဲ့ ညရယ်။ အိမ်ထဲဝင် ရမှာ အားနာ ဖို့တောင် ကောင်းသေး။ ကမ်းစပ်ဘက်ကို နည်းနည်း လျှောက်ကြဦး စို့လား ဟင်"
"လျှောက်ပြီးမှပဲကွယ်"
"ဟုတ်ပါတယ်။ ဒါပေမဲ့ လှလိုက်လင်းလိုက်တာနော်"
ကော်ရာ့အသံက တုန်တုန်ယင်ယင်။

"လမ်းအဆုံးမှာ တဲကလေးတစ်လုံး ရှိတယ်။ အထဲမှာ ပိုက်ကွန်တွေ ရှိတယ်။ ဦးကို ကျွန်မ ပြမယ်လေ။ လူတွေ သူတွေလည်း မရှိဘူး။ ခြောက်ခြောက်သွေ့သွေ့ပဲ။ ကျွန်မတို့ ထိုင်ပြီး လှိုင်းလုံးတွေကို ကြည့်နိုင်တာပေါ့"
ကော်ရာ က သူ့ကို ကမန်းကတန်း ကြည့်လိုက်၏။ ရှိုးတိုးရှန်းတန်းကြည့်လိုက်၏။ ဆန်းဆန်း ကြယ်ကြယ် ကတုန် ကယင် စူးစမ်းသော အငေးအစိုက်။
"ကော်ရာရေ ... တကယ်ညဥ့်နက်နေပါပြီကွယ်။ ၁၀နာရီတောင်ထိုးတော့မယ်။ ဦးလည်း ပြန်မှပဲ။ တစ်နေ့နေ့ကျ သွားကြ တာပေါ့နော်"
"တကယ်သွားကြမှာလားဟင်"
"ကဲ ... ပျော်ပျော်နေတော့။ မင်းအတွက်ရော ဒေးဗစ်အတွက်ရော တို့အားလုံးအတွက်ပါ အကုန်အဆင်ပြေတော့ မှာပါကွယ်"
ကော်ရာ ကြား ပါလေစ။ ကော်ရာက ဘာမှပြန်မပြော။ ပေ့၏ လက်ကိုသာ ဆွဲယူပြီး သူ့ကိုယ်တွင် ဖိကပ် ထားလိုက်၏။ ပြီးမှ ..."
"ဦးက သိပ်ကောင်းတာပဲ ... တကယ်ပဲ" ဟု ပြောသည်။

"လာခဲ့ဦးနော်။ မြန်မြန်လာခဲ့နော်"
ပေ့ အသည်းခိုက်သွားသည်။ ကော်ရာ့ဆံပင်ကို ငုံ့မွှေးလိုက်၏။
ကော်ရာ က သူ ကားမောင်းထွက်လာချိန်တွင် သူ့ကို မတုန်မလှုပ် ကျောက်ရုပ်လိုရပ်ကာ ကြည့်နေ ရစ်ခဲ့လေ သည်။
ဟင်နရီပေ့ သည် ရွှန်းစိုဖြာလက်နေသော ငွေလရောင်ထဲသို့ ကားမောင်း ၀င်လာခဲ့သည်။ လရောင်က ရှည်လျားဖြောင့်စင်းသော လမ်းမကြီးကို နို့နှစ်မြစ်ကြီး တစ်စင်းအဖြစ် ပြောင်းလဲပစ် လိုက်သည်။ ကားမောင်း၍ ၅မိနစ်ခန့် အကြာတွင် ကားကို ဗြုန်းခနဲ ဆောင့်ရပ်လိုက်၏။

ခြံတံခါးဝ တွင် ၀မ်းနည်းပမ်းနည်း တ၀ဲလယ်လယ် ကျန်ရစ်ရှာ ခဲ့သည့် ကော်ရာ့ ရုပ်သွင်ကို ပြန်၍ မြင်ယောင် မိသည့် အတွေးက သူ့နှလုံးသားကို ထိုးဆွနေ၏။ ဘာကြောင့် ကော်ရာ့ကို သူ ပစ်ထားမိ ခဲ့ပါလိမ့်။ ဘာကြောင့် သူ စောင့်ရှောက် သင့်သလောက် မစောင့်ရှော်ကမိခဲ့ပါလိမ့်။ ကား ကို ပြန်ကွေ့ပြီး ကော်ရာ့ ထံ ပြန်သွားကာ ဖြေသိမ့်ရန် စိတ်ကြမ်း ၀င်မိသေး၏။ သို့သော် မဖြစ်။ မဖြစ်နိုင်။ အထင် အမြင်တွေ မှား ကုန်လိမ့်မည်။ ကော်ရာ့ကိုသာ ဧကန်မုချ အကျိုးယုတ်စေလိမ့် မည်။
စကားတစ်ခွန်းတလေ ပြောရရုံပဲဖြစ်ဖြစ် ကော်ရာ့အပါးပြန်သွားချင်နေသောစိတ်ကို တွန်းလှန် ဖယ်ရှားရင်း ရင်ထဲ တွင် တစ်ဆို့ခြောက်ကပ်လာသည်။
ဟင်နရီပေ့သည် သက်ပြင်းကြီးချလိုက်၏။ ကားစက်ကိုပြန်နိုးပြီး ဟက်ဒယ်လ်စတန် မြို့ဘက် သို့ မောင်းလာ ခဲ့လေ၏။

(၁၀)

ထိုနေ့တစ်ညနေခင်းလုံးပင် မစ္စက်ပေ့သည် ဟန်လေလမ်းနေအိမ် စာကြည့်ခန်းထဲတွင် ထိုင်ကာ တငြီးငြီး တငွေ့ငွေ့ ဖြစ်နေလေသည်။ အိမ်ဖော် ဟန်နာက အနားယူ။ သမီး ဒေါ်ရော်သီက အအေးမိပြီး အိပ်ရာစောစော ၀င်။ နှစ်ယောက် တည်း ဖဲရိုက်ရန် ဖိတ်ထားသည့် ဆရာဝန်ကတော် ကက်သရင်းဘတ်က မပေါ်လာ။ သို့ဖြင့် အဲလစ် တစ်ကိုယ်တည်း ငြီးငွေ့နေခြင်း ဖြစ်လေ၏။
အဲလစ် က အဖော်ခင်တတ်သည်။ တစ်ယောက်တည်း မနေတတ်။ သူ့ကိုယ်သူ ပစ်ထားခဲ့ရသည်ဟု အထင်ရောက်နေ သည်။ စိတ်မကြည်သာ။ အခြားမျှော်စရာ လူမရှိတော့၍ ဟင်နရီပေ့ကိုသာ မျှော်နေမိလေ၏။ ကိုယ်တော်ချော ဘယ်များ သဝေထိုးနေပါလိမ့်ဟု တွေးမိ၏။ ခုတစ်လော ကိုယ်တော်ချော သွားပုံလာပုံ အခြေပျက်နေ သည်။

ည၇နာရီ ထိုးပြီးစတွင် သတင်းစာတိုက်သို့ တယ်လီဖုန်း ဆက်မေးသည်။ ဟင်နရီပေ့ မရှိ။ အိမ်ဖော်နားရက်တွင် တစ်ခါတစ်ရံ ကလပ်၌ ပေ့ ညစာစားတတ်သည်။ ည၈နာရီတွင် ကလပ်သို့ တယ်လီဖုန်းဆက်သည်။ ကလပ် မှာလည်း မရှိ။ ရောက်နေစရာ တစ်နေရာသာ ရှိတော့သည်။ ထိုနေရာမှာ စလီဒန်ရွာ။ ထိုနေရာသို့ ကိုယ်တော်ချော ရောက်ကိုရောက်နေရမည်။ ဇနီးမယား ဖြစ်သူကိုတော့ အရေးလုပ်ဖော်မရ။ တစ်ဆိတ်ရှိ စတီဒန်အိမ်ကလေး သို့ အပြေးရောက်နေသည်မှာ တကယ် လွန်လွန်းသည်။
အဲလစ် သည် ကျောမှီထားသည့်မှီအုံးကို ထောင်လိုက်သည်။ သတင်းစာပဟေဠိမှာ ဆက်ဖြေ၍ မရတော့။ သုံးကြိမ်မြောက် အဖြစ် ဇာထိုးအပ် ကို ကောက်ကိုင်ပြန်၏။ အပ်ချက်ကလေးတွေက စိပ်လွန်းသည်။ ပန်းပုံစံ ကိုလည်း မကြိုက်တော့။ ဟန်နာ ကို အားလပ်ချိန်တွင် အစသတ်ပေးခိုင်းရန် ဆုံးဖြတ်လိုက်သည်။

စိတ်ငြိမ်စေရန် ဖဲချက်ကလေးများကို ချကစားပြန်သည်။ အကြောင်းမထူး။ တစ်ညနေလုံး အလိုမကျ ဖြစ်နေခဲ့၍ စိတ်ကသိ ကအောက် ဖြစ်ရသည်။ ကိုယ့်ကိုယ်ကိုယ် သနားစိတ် က စေ့ဆော် နေ၍ လေထဲတိုက်ဆောက် မိပြန် သည်။ ယနေ့ညအဖို့မူ အနာဂတ်အတွက် စိတ်ကူးယဉ်ခြင်း မဟုတ်။ အတိတ်ကို ပြန်ပြောင်း သတိရခြင်းသာ။ ဖဲချပ်ကလေးများကို လက်ထဲတွင် ကိုင်ရင်း အပူအပင်မရှိ ပျော်စရာအတိကလေးဘ၀ကို အမှတ်ရနေလေ၏။
ထိုစဉ်က အရှေ့ လိုသီယန်နယ်တွင် သူ့အဖေ၀ယ်ထားသည့် ဘင့်ခ်စ်ဟုမ်း ခြံကလေးသို့ သူတို့ မောနင်းဆိုက် တိုက်တန်းမှ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုအချိန်က သူ ပျော်ခဲ့လိုက်ပုံမှာ ပြောမပြ တတ်အောင်ပင်။

ခြံကလေးက ဆိတ်ငြိမ်၏။ ကျေးလက်ဆန်၏။ ဖော့သ်မြစ်နှင့် ဘာ့စ်ကျောက်ဆောင်ကို လှမ်းမြင်ရ ၏။ မြို့တော်၏ ပျော်စရာ ရွှင်စရာတို့နှင့်လည်း အလှမ်းမကွာ။ အသိုင်းအ၀ိုင်းကလည်း ကျယ်သည်။ အထက်တန်း ကျသည်။
သူ့အဖေက စက်ရှင်တရားသူကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီကပင် အက်ဒင်ဘာရာ ရှေ့နေလောက တွင် ထင်ရှားကျော်ကြားသော ဘုရင့်အတိုင်ပင်ခံ ၀တ်လုံတော်ရကြီး။ အဲလစ်အသက် ၁၇နှစ်တွင် သူ့အမေ ဆုံးသည်။ မိသားစု အခြေပျက်ရတော့မလို ဖြစ်ခဲ့ရသေးသည်။ သို့သော် ရို့စ်က အိမ်ထောင်တာဝန်ကို နိုင်နိုင်နင်းနင်း ဦးစီးနိုင်ခဲ့ သည်။
သူ့အနာဂတ် မှာ သာယာဖြောင့်ဖြူး လှချေတကား။ သူ့ဘ၀ကို ယခုလို ဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်ခဲ့။ သူ အမှန်းကြီး မှန်းထားခဲ့သည့် အိမ်ထောင်ရေးမှာ ယခုလို တောဆန်ဆန်၊ တစ်ခလာ မဲပြာ ပုဆိုး ဖြစ်လာလိမ့်မည်ဟုလည်း မထင်ခဲ့။ ဥပေက္ခာရှုမှုနှင့် စီးပွားပျက်မှုဖြင့်သာ ဇာတ်သမ်း ရမည့် အိမ်ထောင်ရေး ဖြစ် လာလိမ့်မည်ဟုလည်း မမှန်းခဲ့။

ဟင်နရီပေ့နှင့် သူ စတင် တွေ့ခဲ့ရပုံကလေးကို တွေးလိုက်တော့ မျက်ရည်စို့ရသေး။ အဲလစ်သည် သူတို့လို အထက်တန်းလွှာမှ မိန်းကလေးများအတွက် "အသိအမှတ်ပြုကိစ္စ" တစ်ခုဖြစ်သော အနုပညာသင်တန်းတက်ရန်အတွက်သာ တက္ကသိုလ်ရောက်ခဲ့သည်။ ဘွဲ့ယူရန် မဟုတ်။ သူနှင့် အတန်းတူ ထိပ်ထိပ်ကြဲ အသိုင်းအ၀ိုင်းတွင် ပေ့မပါ။
သူတို့အားလုံး အလွန်မြူးကြွခဲ့ကြ၏။ နေ့လယ်ပိုင်း သင်တန်းပြီးချိန် ဆိုလျှင် လက်ချင်းချိတ်ကာ လက်ပံပင် ဇရက်ကျ သလို စကားဖောင်ဖွဲ့ကြ၏။ မက်ဗက်တီ ဧည့်ရိပ်မြုံတွင် နေ့လယ်စာစားကြရန် မင်းသားလမ်း တစ်လျှောက် လမ်းလျှောက်ကြ၏။ စားပွဲထိုးကလေး လစ်ဇီဒီဝါက ပြတင်းပေါက်နား တွင် စားပွဲဝိုင်းတစ်ခု အမြဲ သီးသန့် လုပ်ထားမြဲ။ နေ့လယ်စာ စားပြီးချိန်တွင် စိတ်ဝင်စားရာ တစ်ခုခု တော့ရှိမြဲ။ ကပွဲအတွက် ဖြစ်ဖြစ်၊ စကားရည်လုပွဲ အတွက် ဖြစ်ဖြစ်၊ "ဆိုရှယ်" ကိစ္စ တစ်ခုခု အတွက် ဖြစ်ဖြစ် ပြင်လိုက် ဆင်လိုက်နှင့် ပြာလောင်ခတ်မြဲ။

စကားရည်လုပွဲကြောင့် ဟင်နရီပေ့နှင့် သူ စကားပြောဖို့ အကြောင်းဖန်လာ၏။ ပေ့က ရှိုးတိုးရှန့်တန့် အိုးတိုးအတ။ ခွကျကျ။ ကျောင်းမဂ္ဂဇင်း တွင် လက်ရာကောင်းဆောင်းပါး တစ်ပုဒ်စနှစ်ပုဒ် စ ဖော်ပြ ခြင်း ခံရပြီး ဖြစ်သော် လည်း ဘယ်သူကမှ သူ့ကို အရာမသွင်း။

အဲလစ်ကမူ ထိုအစွမ်းအစကြောင့် သူ့ထံမှ အချက်အလက် တောင်းသည်။ စကားပလ္လင်ခံရာတွင် ထည့်ပြောသင့် သည့် စိတ်ကူးစိတ်သန်းကလေး ရှာခိုင်းသည်။ ဟင်နရီက လိုလိုလားလား လုပ်ကိုင် ပေးခဲ့သည်။ သူ့အကြောင်းကို အဲလစ် စပ်စုမိသည်။ အဆောင်တွင် နေသည်။ အပေါင်းအသင်း မရှိဟု သိလာရသည်။ ထို့ကြောင့် ဘန့်ခ်စ်ဟုမ်းသို့ အလည်လာရန် ဖိတ်အန္တက ပြုမိသည်။
နောက်တွင်လည်း နောက်ထပ် အလည်ဖိတ်မိပြန်သည်။ ဂူလိန်းဂေါက်သီး ကစားကွင်းတွင် သူတို့ နှစ်ယောက်သား အဝေးကြီး လမ်းလျှောက်ကြသည်။ ထွေရာလေးပါး စကားဆန်းတွေ ပြောကြ သည်။ ရံဖန်ရံခါ မိုးဖွဲဖွဲ ရွာလျှင် ကတုတ်ကျင်းထဲ တွင်ထိုင်ရင်း ဖတ်သ်ပင်လယ်အော်ကို ဖြတ်ကျော် မျှော်ငေးကြသည်။

ပေ့က ချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့ လှစ်ဟပြောတတ်သူမဟုတ်။ ဒါကို အဲလစ်က သဘောကျ သည်။ အဲလစ် ကလည်း အတင်းကာရော အပြောခံသူမဟုတ်။ ဒါမျိုးဆို ဘယ်တော့မှ လက်သင့်မခံ။
လမ်းလျှောက် ရာမှပြန်တိုင်း ပေ့က ညုခ် ဟုခေါ်လေ့ရှိသည့် ဘန်းဝစ်လမ်းရှိ ဆိုင်စုတ်ကလေးတွင် သူတို့ လက်ဖက်ရည် သောက်လေ့ရှိကြသည်။ ပြီးတော့ သူတို့အိမ်ပြန်ကြသည်။ ရုံးမှ ပြန်လာသည့် အဲလစ်ဖခင်က ဟင်နရီပေ့ ကို ပုခုံးပုတ်ကာ ...
"ဟေ့က သူငယ် မင်းအကြံတွေ မရိုးဘူးဆိုတာ ဖြောင့်ချက်ပေးဖို့ အချိန်မတန်သေးဘူးလားကွဲ့" ဟု ပြက်လုံး ထုတ်လေ့ ရှိသည်။
နိုင်ငံရေး အကြောင်း၊ စာအုပ်အကြောင်း သူတို့မပြီးနိုင်၊ မဆုံးနိုင် ဆွေးနွေးကြ၏။
သူဖခင် က ဟင်နရီပေ့နှင့် အတွင်းစကားကလေးများ ပြေတတ်၏။ ဟင်နရီပေ့ ပြန်သွားသောအခါ သူ့ဖခင်က...
"ဒီသူငယ်မှာ ဇရှိတယ် အဲလစ်ရှေ့။ သမီးသာ အမြော်အမြင် ရှိရင် သူ့ကို တွယ်တာမှာပဲ" ဟု ပြော လေ့ရှိသည်။ အဲလစ်ကလည်း ဟင်နရီပေ့ကို ယုံစားသည်။ စရိုက်ချင်းကတော့ မတူ။ ပေါင်းသင်း ဆက်ဆံရေးနယ်ပယ်တွင် ပေ့ကို သူ ဖေးမနိုင်လိမ့်မည်ဟု အဲလစ်က ထင်ထား၏။ ဟင်နရီပေ့ လူ တစ်လုံး သူတစ်လုံးဖြစ်လာအောင် ဘက်ပေါင်းစုံမှ ကူညီနိုင်လိမ့်မည်ဟုလည်း ထင်ထား၏။

ဟင်နရီပေ့၏ ဖခင် မစ္စတာရောက်ဘတ်ပေ့ ကောက်ရသလို နာမကျန်းဖြစ်၍ ဟင်နရီပေ့ တက္ကသိုလ်မှထွက်ပြီး ဟက်ဒယ်လ်စတန်မြို့ သို့ပြန်ရမည်ဖြစ်သောအခါ သူတို့ စေ့စပ်ကြောင်းလမ်း လိုက်ကြတော့သည်။
နှစ်ပေါင်း ၂၀ ကျော် သစ္စာရှိရှိ စွဲစွဲမြဲမြဲ ပေါင်းသင်းလာခဲ့ပြီးနောက် ဖုတ်လေသည့် ငါးပိ ရှိလေသည် မှန်း မသိ သယောင် လင်တော်မောင်၏ ချောင်းထိုး ဘေဒချိတ်ခြင်းကို ခံရလိမ့်မည်ဟု သူတစ်စက်လေး မှ မတွေးမိခဲ့ချေ တကား။
အိမ်ရှေ့ တံခါးဖွင့်ချိန် ကြားလိုက်ရချိန်တွင် အဲလစ် မျက်ရည်လည်ရွှဲ ဖြစ်လုမတတ် ဖြစ်လုမတတ် ဖြစ်နေသည်။ ဣနြေ္ဒဆည် ရန် အချိန်မီရုံကလေး။ ပေ့ ၀င်မလာမီ ဖဲချပ်များကို သိမ်းသည်။ ပန်းထိုး အလုပ် ကို ပြန်ကောက် လိုက်သည်။

"မင်း...အိပ်ရာ မ၀င်သေးဘူးကိုး။ ဒေါ်ရော်သီကော ရောက်ပြီလား" ဟင်နရီပေ့က အံ့အား သင့် သလို မေးလိုက်၏။
"သမီး အိပ်တာဖြင့် ကြာလှပြီ " အဲလစ်က မီးလင်းဖိုပေါ်မှ နာရီကို  အဓိပ္ပာယ်ပါပါဖြင့် လှမ်းကြည့် လိုက်၏။ ၁၁ နာရီ ၁၅ မိနစ်။
"ကျွန်မ က ရှင့်အတွက် စိတ်ပူနေတာ" ဟု စိတ်ချုပ်တည်းသော လေသံဖြင့် ဆက်ပြောသည်။
"မင်းကို သတင်းစာတိုက်က မပြောဘူးလား။ စလီဒန်ကို သွားနေတာပါကွာ" ဟင်နရီပေ့က ခြေကုန် လက်ပမ်းကျ သလို ထိုင်ချလိုက်သည်။ မျက်လုံးကို မီးရောင်မထိုးအောင် ကာထားလိုက်၏။
"ဟုတ်လား" ထို စကားတစ်ခွန်းဆိုလျှင် တာသွားလှပြီ။ အဲလစ်က နောက်ထပ်မပြောတော့။

"ဒေးဗစ်လည်း မရှိဘူး။ ဒေါက်တာအီဗန်ဆီ သွားနေတယ်။ ဆိုးဆိုးဝါးဝါး တော့ မဟုတ်ဘူးနဲ့ တူပါတယ်။ မနက်ကျမှ စကာဘာရာကိုလှမ်းပြီး ဖုန်းဆက်လိုက်ဦးမယ်။ ကော်ရာကတော့ မှိုင်တွေချနေလေရဲ့ သနားစရာပဲကွာ။ ဒါနဲ့ ငါလည်း ခဏစကားပြောနေလိုက်တာ"
အဲလစ်က ခပ်သွက်သွက် ပန်းထိုးနေလိုက်၏။ အပ်ချပ်က တောင်ရောက် မြောက်ရောက် ။ မျက်နှာအောက်စိုက်ထားသည်။ သို့သော်သွေးရောင် လွှမ်းနေမှန်း သူ့ဘာသာ သူ သိသည်။ ၅ နာရီကြီး များတောင် စကားပြောနေကြသကိုး။

သူအသံကို တည်ငြိမ်အောင်ထိန်းကာ..... "ရှင်စကားပြောတာကလည်း ကြာကြာလွန်းရှင်"ဟု ပြော လိုက်လေသည်။ "အေး...ကြာသွားတယ်။ ဆိပ်ခံတံတားဘက်လည်း လမ်းလျှောက် လိုက်သေးလို့။ ညစာလည်း အတင်း ကျွေးနေတာနဲ့ကွယ်။ စားလို့ကောင်းလိုက်တာ။ ပြီးတော့ မီးဖိုဘေးမှာ ထိုင်စကားပြော လိုက်ကြသေး တယ်"
ပေက ညင်ညင်သာသာ၊ ဘာသညလ၀ါပြောနေခြင်းမှာ သူ့ကို နားလည့် ပါးလှည့်လုပ်ရန် ဥာဏ်ထုတ်နေခြင်းဖြစ် သည်ဟု အဲလစ် အတွေးပေါက်မိ၏။ ကော်ရာ့အပေါ် ပေ့ စေတနာ  ရေးစီးကမ်းပြိုလိုက်နေခြင်းကို အဲလစ် ယနမကင်းဖြစ်ျနေသည် မှာ အတော်ကြာခဲ့ပြီ။ ကော်ရာ အိမ်ရိပ်နင်းစ အချိန်မှ စ၍ ပေ့က ကော်ရာတို့ နှစ်ယောက်သား အိမ်ကလေး တစ်လုံးထဲတွင် တစ်ညချမ်းလုံး အကြည်ဆိုက်နေပြီး သူ့ကိုတော့ အိမ်မှာ မျက်စိ သူငယ် ပစ်ထားသည်မှာ လူကြား မကောင်း သူကြားမကောင်းပင် ဖြစ်တော့သည်။

အဲလစ် ပိုင်းဖြတ်လိုက်သည်။ ယတိပြတ် ပြောရတော့မည်။ ဤကိစ္စကို ရပ်တန်းက ရပ်အောင် လုပ်ရတော့မည်။ မော့ကြည့်လိုက်တော့ သူ့ကို ကြည့် နေသည့် ပေ့ကို ကျိုးကျိုးနွံနွံ ကြောင်ကြာင် စီစီ မျက်လုံးများကို မြင်ရသည်။
အဲလစ် စကားမစနိုင်မီမှာပင် ပေ့က''အဲလစ်အချစ်ရေ မင်းနဲ့ ငါ စကား ကလေးတစ်ခွန်း ပြောရဦးမယ်။ အလုပ်ကိစ္စပါ။ ငါ့ရင်ထဲမှာ တနုံနုံ  ဖြစ်နေလို့။ နည်းနည်းတော့ နောက်ကျနေပြီ။ ငါအခု ပြောတာ ခွင့်လွှတ်နော်'' ဟုပြောသည်။
ကော်ရ်ာကိစ္စကို အဲလစ် တအောင့်တနားမေ့သွားသည်။ ''ဘာကိစ္စပါလိမ့်'' မေးမိရက်သား ဖြစ်သွား၏။

ပေ့က တွန့်ဆုတ်ဆုတ် ဖြစ်နေသည်။ '' ဒီအိမ်ဝယ်တုန်းက မင်းနာမည်နဲ့ စာချုပ်ထားခဲ့တာ ဆိုတော့ မင်းကူဦး မှ ဖြစ်မယ်။ ငါလည်း အချိန်ဆွဲနိုင်သမျှတော့ ဆွဲတာပဲ။  မင်းဆီက မတောင်းချင် ပါဘူးကွယ်။ ဒါပေမဲ့ ငါ ဘေးကျပ် နံကျပ် ဖြစ်နေတာ မင်းလည်း အသိပဲ။ လှည့်သုံးစရာငွေရမှ ဖြစ်တော့မယ်။ အိမ်ပေါင်ဖို့ လက်မှတ် ထိုးပေးစေချင်တယ်''
ဟင်နရီပေ့ က စာရွက်တစ်ရွက်ကို အိတ်ထဲမှ ထုပ်ပြီး ပေါင်ပေါ်တွင် ဖြန့်နေသည်။ အဲလစ် နှုတ်ဆွံ့နေသည်။ အတော်ကြီးကြာ သည်။ ဒေါသမီးက တရှိန်ရှိန် လောင်မြှိုက်လာသည်။ မခံသာ မရပ်သာ လောက်အောင်ပင်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာသည်။
''ရှင် ဒီလိုမျိုးပြော ရတာ အရှက်မရှိဘူးလား'' ဟု ပြေချလိုက်၏။ ''ရှက်တာပေါ့ကွယ်။ စိတ်လည်း နည်းနည်းမှ မချမ်းသာဘူး'' ''ရှက်ရမှာပေါ့။ ပေးတုန်းကပေး၊ ပြန်တောင်းချင်တော့ တောင်းဆိုတဲ့ အကျင့်မျိုး ရှင့်မှာ ရှိလိမ့်လို့ ကျွန်မ ဘယ်တုန်း ကမှမထင်ခဲ့ဘူး''

ဆက်ရန်
.

No comments: