Sunday, July 1, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၆)

"စီမံချက်ဆွဲထားတဲ့အတိုင်း ဆက်လုပ်ရမယ်တဲ့။ စိတ်မပူပါနဲ့လေ။ အချိန် ပိုကြာရုံကြာမှာပါ။ တွဲလုပ် သွားကြတာပေါ့" ညေးက "ကိုင်း ... ဒီအချိန်ကစပြီး ကျွန်တော်တို့နှစ်ယောက်တော့ ရုပ်သေးရုပ် ဖြစ်ပြီ။ လန်ဒန်က ကြိုးဆွဲတော့ မယ်။ ဒီမှာထိုင်ပြီး ဆူသံပူသံတွေ နားထောင် သွားကြရုံပေါ့" ဟု ပြောသည်။
"မလိုပါဘူး။ ကိုယ့်ခြေကိုယ့်လက် လုပ်နိုင်ပါတယ်ဗျာ။ ဂရီလီက အခုပဲ ပြောလိုက်သေးတယ်" "အဓိပ္ပာယ် ကောက်ချင်သလိုကောက် ပေါ့ဗျာ။ အဲသတင်းစာ မစွံရင်တော့ ဘုရားတရားသာ တ ပေတော့ပေါ့"
စမစ်က သူ့နာရီကို ကြည့်သည်။ ၄နာရီကျော်ပြီ။ လက်ဖက်ရည်ကလေး ထိုင်သောက်နေ လိုက် ချင် သေး၏။ သို့သော် အချိန်ဆွဲနေ၍ မဖြစ်။. "ကဲ ... မော့စ်ဘန်း ကို အားချင်းသွားလိုက်ကြဦးစို့။ စရန်ကိစ္စ ကလေး စောစောပြီးလေ ပိုကောင်းလေပေါ့ဗျာ။
ကို ဆက်ဖတ်ရန်..........

(၆)

စမစ်နှင့် ညေးတို့ ထွက်သွားပြီးနောက် ခဏအကြာတွင် ဟင်နရီပေ့ အိမ်သို့ ပြန်လာခဲ့သည်။ သူ့ဇနီး နှင့် သမီးဒေါ်ရော်သီတို့ အိမ်မှာမရှိ။ မစ္စစ်ဘတ်နှင့် အိုဒီအုံး ရုပ်ရှင်ရုံတွင် ရုပ်ရှင်သွားကြည့်နေကြ သည်ဟု ဟန်နာက ပြောပြ၏။
တို့ကနန်း ဆိတ်ကနန်း စားသောက်ပြီးနောက် အိမ်ပေါ်ထပ်ရှိ စာကြည့်ခန်းသိုပ တက်ခဲ့၏ အိမ် နောက်ဘက်ရှိ ပန်းခြံ ကို ဆီးမြင်နေရသည့် အိမ်ခေါင်းထပ်ခိုးအခန်းကလေး။ သူ့စာအုပ်များ၊ တိုလီ မုတ်စများ၊ စတပ်ဖို့ရှိုင်းယားအိုး များ ထားသည့် အခန်းကလေး။ ထိုအခန်းကလေးထဲတွင် တစ်ည နေချမ်းလုံး သူထိုင်နေ သည်။

နေ့လယ်ပိုင်းက ဖြစ်ပျက်ခဲ့ပုံကိစ္စ အလုံးစုံကို ပြန်တွေးသည်။ အနည်ထိုင်နေသော သူ့ဘဝ ကို ဇောက်ထိုးမိုးမျှော် ပြောင်းပစ်ရမည့်  အခြေအနေသစ်နှင့် လိုက်လျောညီထွေ ညိနိုင်အောင် သူ မာန်တင်း သည်။ စိတ်ကတော့ ခပ်လေးလေးပင်။ အနိမ့်ဆုံးထား၍ ဆိုလျှင်သော်မှ အရိပ်နိမိတ်က မရေမရာ အနာဂတ် ကိုသာ ပြနေသည်။ သတင်းစာတစ်စောင် အပြိုင်ထောင်မည်ဆိုသည့် ခြောက် လုံးသည် သင်္ကြန်အမြောက် ပမာသာ ဖြစ်ကြောင်း သူ့ကိုယ်သူ အယုံသွင်းကြည့်သည်။ မရ။ တကယ်ပြော တကယ်လုပ်မည့် ကိစ္စမှန်း သူ သိသည်။
ကိုယ့်ဟန် ဖိုင့်ဖိုင့်၊ မျက်နှာတည်တည်နှင့် ပြောရေးဆိုခွင့်ရှိသူအဖြစ် စကားဒိုင်ခံပြောသွားသည့် စမစ် ကို အကျိုးသင့် အကြောင်းသင့် လုပ်တတ်သူအဖြစ် သူ အကဲခတ်မိသည်။ ထက်ထက်မြက်မြက် ရှိလှပုံမပေါ်။ သို့သော် အလုပ် ကျွမ်းကျင်ပုံ ရသည်။ ဟိတ်ထုတ်ချင်ပုံရသည်။ သို့သော် စိတ်ကောင်း ရှိပုံပေါ်သည်။ ရိုးသားပုံပေါက် သည်။ ခြုံကြည့်လိုက်လျှင် မကြိုက်စရာ မရှိလှ။

အခြားတစ်ယောက်ကတော့ ဒုက္ခပေးမည့် လူစားမျိုး။ ပြေပြစ်ပါ၏ သို့သော် ထက်သည်။ အာကြမ်း ကြမ်း မျက်စိ လျင်လျင်။ ဥာဏ်နီဥာဏ်နက် များပုံရသည်။ သူတို့နှစ်ဦးအနက် ထိုသူက ပို၍ ခိုင်မာ ကြောင်း၊ ပို၍ ဥာဏ်ရည် သာကြောင်း ကြောက်ရမည့် လူစားဖြစ်ကြောင်း ပေ့ အလိုလိုသိလာ၏။
'ကြောက်ရမည်'ဟူသော စကားလုံး သုံးလိုက်မိသည့် သူ့အဖြစ်ကိုသူ တွေးမိလိုက်သည်။ ညံ့သားကျလေခြင်း ဟု ပေ့ စိတ်တွင် ခံစားလိုက်ရသည်။ ထို့ကြောင့် ရှေ့အလားအလာကို ကြည် လင်စေပြီး ကြုံရဆုံရမည့် ဒုက္ခ ကို သေးဖွဲသွားစေသော ခိုင်ခိုင်မာမာ တည်တည်ငြိမ်ငြိမ် စိတ်ထား ကို ချက်ချင်းပြန်မွှေးလိုက်လေသည်။
မှန်၏ သတင်းစာ သည် အခြေခိုင်ပြီးသား သတင်းစာဖြစ်၏။ မြို့လူထု၏ မြတ်နိုးတွယ်တာမှုကိုပင် ခံယူရရှိနေ၏။ ဤသတင်းစာကြီးမျိုးကို လန်ဒန်မြို့ထုတ် အပေါစားသတင်းစာများအနက် သတင်းအပုပ်ဆုံး အုတ်ကြားမြတ်ပေါက် နောက်ပေါ်တဲ့ ရွှေ့ကြာပင်က ဘယ်လိုလုပ်ပြီး ဖြိုပျက်နိုင် ပါ့မလဲ။

ဥတ္တရအလင်းသည် အတိတ်ကာလကလည်း အကျပ်ကတည်းများကို ကျော်ဖြတ်လွန်မြောက်ခဲ့ သည်။ ယခု သေရေးရှင်ရေးတွင်လည်း ခလုတ်မထိ ဆူးမငြိ ဖြစ်ရပေဦးမည်။
နောက်တစ်နေ့တွင် လာမယ့်ဘေး ပြေးတွေ့စိတ်ဓာတ်ဖြင့် ဟင်နရီပေ့ သတင်းစာတိုက်သို့ ရောက် သွားသည်။ သူ ကြာကြာ ဒွိဟ ဖြစ်မနေလိုက်ရ။ မစ်မော့ဖတ်က သူ့ကို နှုတ်ဆက်ရင်း မင်မခြောက် တတ် ခြောက်တတ်ပင် ရှိသေးသည့် လက်ကမ်းကြော်ငြာစာရွက် တစ်ရွက်ကို ထိုးပေးသည်။၏
''သူတို့ မော့စ်ဘန်းမော်ကွန်းကို ဝယ်လိုက်ကြပြီ'' ဟု ပြောလိုက်သေး၏။

ထိုကိစ္စမှာ သူ ထင်ထားသည့်အတိုင်းပင်။ ဟက်ဒယ်လ်စတန်နှင့် အဘိုးအိုကြီး အတ်ရစ်ကဘီက သူ့အပတ်စဉ် ထုတ် သတင်းစာကို ရောင်းမည် တကဲကဲလုပ်နေသည်မှာ အတန်ကြာ ခဲ့ပြီ.။ ဈေးကွက် မကျယ်ပြန့်သည် မှာ ပြောစရာမရှိ။ သို့သော် မဆိုင်းမတွ လုပ်ငန်းစတင်ရန်နှင့် လုပ်ငန်း တိုးချဲ့သွားရန် အတွက် အခြေစိုက်စခန်းဖြစ်သည်။ သည်ကား အမှန်။ ကြော်ငြာစာရွက်ကို ပေ့ ဖတ် ကြည့်လိုက်သည်။ သတင်းစာ ဝယ်ယူ လိုက်ကြောင်း ကြေညာချက်။ နောင်တွင် သတင်းစာ အမည် ကို မော်ကွန်းနေ့စဉ်ဟုသာ သုံးတော့ မည်ဖြစ်ကြောင်း။ ဟက်ဒယ်လ်စတန်မြို့နှင့် ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးသွားမည့်အကြောင်း။ သတင်းစာသစ်၏ လေလုံးမိုးလုံး ကိုယ်ရည်သွေး အချက်အလက်များကိုလည်း ရေးသားထားလေသည်။
မက်မော့်ဖတ်က သူ့မျက်နှာကဲကိုသာ စောင့်ကြည့်နေ၏။

''အလုပ်ရှာဖွေရေးရုံး က လူလေးငါးခြောက်ယောက်ငှားပြီး ဒီစာရွက်တွေကို ဝေနေတာ။ ဘူတာရုံ ရှေ့ မှာလည်း ကြော်ငြာ်သင်ပုန်းအထမ်းသမားတွေ စီတန်းနေလေရဲ့''
''ကျွန်တော်တို့ အနေအထားကို ကျွန်တော်တို့ သိပါတယ်လေ''
ပေ့က ပြောသည်။
ပထမဆုံး ပေါ်လာသည့် သူ့စိတ်ကူးမှာ အလုပ်သားအားလုံးကိုခေါ်ပြီး အမှာစကား သဘောပြော ရန် ဖြစ်၏။ ဇာတ်ဆန် လွန်းပြီး သူ့စိတ်နေ စိတ်ထားနှင့်လည်း ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်၍ ထိုစိတ်ကူးကို  ဖျောက်ပစ်လိုက်သည်။
၁၀ နာရီထိုး သည်အထိ စောင့်နေသည်။ ၁၀ နာရီထိုးမှ ခါတိုင်းလိုပင် နံနက်ပိုင်း သတင်းညိ နှိုင်းပွဲ ခန်းမသို့ စင်္ကြမှ လျှောက်သွားသည်။ ဌာနမှူး ငါးဦးမှာ ရောက်နှင့်နေကြသည်။ သူ ဝင်သွားချန်တွင် တစ်ခန်းလုံး ငြိမ်သက်နေလွန်း ၍ စိတ်ထဲက ရွှင်ရွှင်ပျပျ မရှိစေကာမူ ကုလားထိုင်ပေါ်တွင် ထိုင်ချ ရင်း ပြုံးပြလိုက်မိသေး၏။

''ကိုင်း ကျွန်တော်တို့တော့ ပြိုင်ဖက်ပေါ်လာပြီဗျို့။ ခင်ဗျားတို့လည်း ဒါကို တွေ့ပြီးရောပေါ့'' ကြော် ငြာစာရွက် ကို ပေ့ က မြောက်ပြသည်။
''မတွေ့ဘဲ ဘယ်နေမလဲ ဗျာ။ ရှောင်လို့မရအောင်ကို နေရာအနှံ့ ဝေနေတာပဲဟာ''
''ဆမ်မာဗီလ်ငွေ လည်း သူများတကာ ငွေလိုပေါ့။ လက်ညိုးညွှန်ရာ ရေဖြစ်နိုင်တာပေါ့'' မိတ်တလန် က တိုတိုတောင်းတောင်း ပင် ပြောသည်။
''အဲဒီ ငွေတွေကို ပုံအောတော့မှာပဲနဲ့ တူပါတယ်''
''ရစ်ကဘီကို သူတို့ ဘယ်လောက်ပေးသလဲမသိဘူး''
ပူးလ်က ထင်မြင်ချက်တောင်းသည်။ ဘယ်သူကမှ မဖြေ၍
'''မဖြစ်စလောက် နဲ့ တူပါတယ်ဗျာ။ အဘိုးကြီးက ရောင်းချင်လွန်းလို့ တစ်ပိုင်းသေနေတာ' ဟု သူ့ဘာသာပင် ဆက်ပြောသည်။

''နေပါဦး။ ပုံနှိပ်စက်က ဘယ်လိုဟာတဲ့လဲ''
ဘာလ်မာက ပခုံးချီလိုက်ပြီး ''ဖန်ဝစ် အပြောကတော့ ဝပ်ဖိဒေးလက်ထိုးစက် တစ်လုံးတည်းနဲ့ ရိုက်မှာ တဲ့။ စောင်ရေ ကလည်း ခြောက်ထောင်ထက်မပိုနိုင်ပါဘူး'' ဟု ပြောသည်။
'' မပူပါနဲ့လေ။ သူတို့ လုပ်တတ်ပါတယ်''
မယ်လ်ကမ်မိတ်တလန် တစ်ယောက်တည်းသာ ဤကိစ္စကို အလေးအနက် ပြောရကောင်းမှန်း သိသလိုလို ရှိသည်။ အခြားသူ များကမူ ဘူးလုံးနားမထွင်းဖြစ်လိုဖြစ်၊ စပ်စပ်စုစု မေးလိုမေး၊ အရွှန်း အပြက် ပြော လိုပြော ဖြစ်နေကြသည်။ အလေးထားရကောင်းမှန်း မသိကြ။

''ကုန်ဈေးနှုန်း သတင်း ထူလပျစ်တွေ၊ မိုးလေ၀သသတင်းတွေ၊ တူးရွှင်းပြားကိစ္စတွေ၊ မုံလာဥကိစ္စ တွေကိုချည်း သူတို့ ရေးလိမ့်မယ် လို့ ထင်ထားရင် မှားမှာပေါ့ဟု မိတ်တလန်က ဆက်ပြောသည်။
''မယ်လ်ကမ်ပြောတာ ဟုတ်တယ်'' ဟင်နရီပေ့က ဝင်ပြောသည်။
''ကျွန်တော်တို့ အကြာကြီး ရုန်းကြကန်ကြရဦးမှာ၊ ပြန်တမ်းသတင်းစာ အထူးကဏ္ဍတွေ၊ တိုက်စုံ ဖြန့်ဆောင်းပါးတွေ၊ ကိုယ်ပိုင်နိုင်ငံခြားသတင်းတွေကို သူတို့ရကြမှာပဲ၊ သူတို့ဆီကို လန်ဒန်က ပို့ပေး နေမှာပေါ့။ ဒါ့အပြင် ဒေသခံသတင်းတွေကိုလည်း မီးကုန်ယမ်းကုန် အသားပေး ကြမှာ သေချာ တယ်။ စောင်ရေတိုးအောင် ဥာဏ်နီဥာဏ်နက်မျိုးစုံ ထုန်ကြမှာပဲ။ ဒါပေမဲ့ သူတို့ ရှုံးမှာပါ။ သူ တို့ရှုံးကို ရှုံးရမယ် လို့တောင် ကျွန်တော် ပြောဝံ့တယ်၊ ကျွန်တော်တို့ဘက်ကလည်း ခါတိုင်းထက်ပို ပြီး ထထကြွကြွ ရှိကြရလိမ့်မယ်။ အမြဲတမ်းလည်း အဆင်သင့် ဖြစ်နေကြရလိမ့်မယ်။ အကြံဥာဏ်ပေးချင်တာရှိရင် ပြောကြစမ်းပါဗျာ။ ကြားချင် ပါတယ်''

စားပွဲတစ်ဖက်ခြမ်းကို ပေ့ လှည့်ကြည့်လိုက်သည်။ လက်နှစ်ဖက်ကို အပ်ထဲနှိုက် ခြေထောက်နှစ် ဖက်ကို ဆန့်ကား ထိုင်နေသည့် အားကစား အယ်ဒီတာ ပူးလ်ကို တွေ့ရသည်။ ပူးလ် စကားပြော ချင်နေသည်။ ပူးလ်က အရပ်ရှည်ရှည်။ နှုတ်ခမ်း မွေးကားကား။ မျက်နှာထား မှုန်မှုန်။ ကြံ့ခိုင်ရေး ကို အရူးအမူး တန်ဖိုးထားသည်။ အလုပ် မဆင်းမီ နံနက်တိုင်း ၆ မိုင် အပြေးလေ့ကျင့်သည်။ စစ်ပြီး ကာလတွင် ချောင်ထိုးခံရသည်ဟူသော အထင်ဖြင့် မြင်မြင် သမျှ အလိုမကျသော စစ်ဗိုလ်လူထွက် ဥာဉ်ကလေးတော့ အနည်းအကျဉ်းရှိသည်။ ထို့ကြောင့် ရံဖန်ရံခါ ပေါင်းရသင်းရခက်သည်။ သို့ သော် ပေ့က သူ့ကို သဘောကျသည်။ အပြည့်အဝ အားထားလောက်သူ ဖြစ်မှန်းသိသည်။
ပူးလ်က သူ့ ပုံစံ အတိုင်းပင် ဘာမထီဟန်ဖြင့် ပြောသည်။

''ကျွန်တော်တို့ကလည်း သူတို့ လုပ်နည်းကားအတိုင်း လုပ်သင့်တယ်လို့ ထင်တာပဲ။ သတင်းစာကို နည်းနည်းသွက်အောင်လုပ်။ သတင်းတွေကို ပိုပြီးခိုက်အောင် လုပ်''
ဟင်နရီပေ့ က ''အဲဒီနည်းကို ကျွန်တော် မယုံဘူး။ ဒီလိုအချိန်မျိုးမှာ ဥတ္တရအလင်းရဲ့ ကိုယ်ပိုင် ဟန် ကို အသေ ကိုင်ရမယ်။ ကိုယ့်ပုံစံနဲ့ကိုယ်ပဲ သေမြေကြီး ရှင်ရွှေထီးပေါ့ဗျာ'' ဟု ပြောသည်။
အခြားသူများ ကလည်း သဘောတူကြ၏။

'' ဒါပေမဲ့ စာဖတ်ပရိသတ်က အားကစား စိတ်ဝင်စားတာတော့ အမှန်ပဲ။ ကိုယ့်ဌာန ဖြစ်နေလို့ ဒီလို ပြောတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေ အားကစားသတင်းကို နှစ်ကော်လံ သုံးကော်လံထက် ပို မပေးတာ မနိတ်ဘူး။ မြောက်ပိုင်းဇုန်အမှတ်ပေး ဘောပွဲသတင်းတွေ။ တိုင်းတာဆယ်မြို့က လက် ဝှေ့ပွဲ သတင်းစာကို ပိုပြီး စုံစုံ ထည့်ရမယ်။ ပြီးတော့ မြင်းပွဲသတင်းတွေလည်း ပိုထည့်ရမယ်''
အဲဒီသတင်းတွေ က ကြော်ငြာခြူနိုင်တာ မဟုတ်ဘူးဗျ ဘာလ်မာက ကန့်ကွတ်သည်။ ခြူနိုင်တာပေါ့ဗျာ မိတ်တလန် က ဖျတ်ခနဲဝင်ပြောသည်။ သူတို့အဆင့်ကို ကျွန်တော်တို့ဆင်း လုပ်ရင် ကျွန်တော်တို့လည်း ကိစ္စချော မှာ မုချပဲ ကောင်းပါပြီဗျာ ကောင်းပါပြီ။

ပူးက မကျေမချမ်းသံဖြင့် အလျှော့ပေးသည်။ တခြားဖျတ်ဖျတ်လတ်လတ်နည်းကလေးနဲ့ ဖြစ်ဖြစ် လုပ်ဦးပေါ့။ စနေရုပ်စုံ အချပ်ပိုဆိုရင်ရော လူကြိုက်မလား မသိဘူး အကြံပေးသူမှာ လောရင့် ဟတ်ဒလေ။ လူညှက်ညှက်။ ကိုယ်ဖိုင့်ဖိုင့် အသက် ၅၀အရွယ် ထိပ်ပြောင်ပြောင် ဓာတ်ပုံဌာနမှူး နှစ်ပတ်လည် ပျော်ပွဲစားထွက်ချိန် လုပ်သားအားလုံးစု၍ ဓာတ်ပုံရိုက်သည့်အခါ မျိုး မှအပ ဘယ်သူကမှ သူ့ကိုဖုတ်လေသည် ငါးပိ ရှိလေသည်မှန်း မသိရလောက်အောင် သိုသိုသိပ်သိပ် အလုပ်လုပ်တတ်သူ။
 `မိတ်တလန်က ဟက်ခနဲရယ်လိုက်င်္ပြီး ကိုယ့်အစွဲနဲ့ကိုယ်ပြောနေလို့တော့ ဆုံးတော့မှာ မဟုတ်ဘူး ဟုပြောသည်။ အကြံပေးတာပါဗျာ ဟု ဟတ်ဒလေက မသဲမကွဲ ပြန်ပြောလိုက်၏။ ပေ့က ဖျောင်းဖျောင်းဖျဖျ ၀င်ပြော သည်။ လုပ်သေးတာပေါ့ လောရင့်ရယ်။ တစ်ချိန်ချိန်ပေါ့ ခဏငြိမ်သွား၏။ ပြီးမှ မိတ်တလန်က စကားဆက် သည် နီနီရဲရဲ၊ ပွပွစိစိ သူ့မျက်နှာကြီးကို သူ့ရင်ဘတ်ပေါ်တွင် ငုံ့စိုက်ထားသည်။

ကျွန်တော်မြင်တာ ကတော့ ဒီလိုပါ။ အတွေ့အကြုံအရ ပြောရရင်လည်း ဒီိအတိုင်း ပဲ ဖြစ်ရ မှာပါပဲ။ ပြန်တမ်းသတင်းစာ က တစ်ယောက်ယောက်ပေါ့လေ။ ဆမ်မာဗီးလ် ကိုယ်တိုင် လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒီလူက ဥတ္တရအလင်းကို သူတို့အောက်ဆွဲသွင်းဖို့ အကြံရတာဖြစ် မယ်။ အဲဒီလုပ်ငန်းကြီးတွေ မှာ ခြေချော်လက်ချော် တာမျိုး လက်မခံဘူး ငွေကြေးကိစ္စကိုတော့ စီမံချက်တွေချ အချိန်ဇယားတွေဆွဲ လူတွေရွေး နဲ့ ထောင့်စေ့အောင် လုပ်တယ်။ အရေးအကြီး ဆုံးအချက်က လုပ်ငန်းအတွက် ငွေကြေးပမာဏ အတိအကျ သတ်မှတ်ပေးထား တာပဲ။ အဲဒီငွေကိုကုန်အောင် သုံးပစ်နိုင်တယ်။ ဒါပေမဲ့ ကုန်ပြီ ဆိုရင်တော့ နောက်ထပ် ခြူးတစ်ပြား မကျတော့ဘူး လုပ်ငန်းစီမံချက် တစ်ခုလုံး ရေစုန်မျောပေရော့ပဲ။ သစ်စိမ်းချိုးချိုး လိုက်တော့ တာပဲ။

 လူတွေလည်း သစ်စိမ်းချိုး ချိုးခံရတာပဲ။ အဲဒီတော့ ကျွန်တော်တို့ လုပ်ရမှာက သက်လုံကောင်းဖို့ပဲ သတင်းစာ မှန်မှန် ထုတ်နိုင်ဖို့ပဲ ကျွန်တော်တို့ နည်းနည်းထိခိုက်မယ်။ ဒါပေမဲ့ သူတို့သောက်သောက်လဲ ငွေကုန်မယ် ဘယ်လောက်ကြာမလဲတော့ မမှန်းတတ်ဘူး တစ်နှစ်ကြာရင်ကြာမယ် တစ်နေ့နေ့မှာတော့ သူတို့ငွေပုံကြီး ပြောင်တလင်းခါမှာ မုချပဲ။ အဲဒီအခါကျတော့ သူတို့ ပတ်စာခွာ ဖျာသိမ်းကြတော့ပေါ့။
အခြေအနေ တစ်ရပ်လုံးကို တည်တည်ငြိမ်ငြိမ်၊ လက်တွေ့ကျကျ၊ သတ္တုချပြသည့် စကားများကို ကြားရသည်မှာ ဟင်နရီပေ့အဖို့ အားဆေးတစ်ခွက်ပမာ ဖြစ်သည်။ အထူးသဖြင့် မယ်လ်ကမ်မိတ်တလန်ထံမှ ကြားရသည့်စကားဖြစ်ခြင်းကြောင့်ပေတည်း။ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ပေ့က တစ်ခုပဲ ဖြည့်ပြောစရာကျန်တယ်။ ကျွန်တော်တို့ သဘောထားပေါ့လေ။ သူ တို့ကို ပေယျာလကန်လုပ်ထားရမယ်လို့ ကျွန်တော်ထင်တယ် ဟုပြောလေသည်။ အဲဒါနည်းမှန်လမ်း မှန်ပဲ။ မိတ်တလန် က ခေါင်းညိတ်သည်။ သူတို့ကို ရှိတယ်လို့သဘောထားနဲ့ပေါ့။

သူတို့အထဲမှာ ကျွန်တော်တို့လူတစ်ယောက်လောက်ထည့်ထားရင်  မကောင်းဘူးလား ပူးလ်ကမေးသည်။ သူတို့ ဘာတွေ လုပ်နေတယ်ဆိုတာ ကျွန်တော်တို့သိရရင် ကောင်းတာပေါ့ သူတို့ကလည်း ကျွန်တော်တို့ကို စနည်းနာနေမှာပဲ မဟုတ်လား။
ဟင်နရီပေ့က ထိုအကြံကို အရေးမထား သူလျှိုလွှတ်ထားသည့်သဘောရောက် နိုင်သည်။ တကယ်တော့လည်း စမတ်ကိုယ်တိုင် အကျင့်သိက္ခာရှိရှိပြုမူမည်ဖြစ်ကြောင်း ကတိက၀တ်ထားသွားခဲ့ပြီး ဖြစ်သည် မဟုတ်လား။ လောလောဆယ်တော့ ဒီကိစ္စကို အသာထားပါဦးလေ မိတ်တလန်က စိတ်မပါတပါလေသံဖြင့် သူတို့ဆီက အသံ ကို ကြားရတော့မှာပါလေ။ ပွဲဦးထွက် သတင်းစာကိုသာစောင့်ဖတ်ကြပေါ့ ဟုပြောသည်။

ဆွေးနွေးပွဲ ပြီးသွားသည်။ နောက်ရက်အနည်းငယ်အတွင်း မော်ကွန်းပွဲဦးထွက်သတင်း စာကို ဥတ္တရအလင်းတွင် ရှိရှိသမျှလူတိုင်း ရင်တမမ မျှော်နေကြလေသည်။ ထိုသတင်းစာ မထွက်မချင်း သူတို့ရန်ဘက်ကို သူတို့မသိနိုင်။ သတင်းစာတွေကလည်း မရှား၊ ညေးကလည်း သတင်းတွေ၊ ကောလာဟလတွေ ဖြန့်နေသည်။ သွက်လက်မှုနှင့် ကျွမ်းကျင်မှုကို ဗန်းတင် နေသည်။
လန်ဒန်မြို့မှ အဖွဲ့ဝင်တော်တော်များများ ရောက်လာ၏။ သတင်းစာတွင် အမျိုးသမီး ဆောင်းပါး များ ရေးသားခြင်းဖြင့်တိုင်းသိပြည်သိ  ကျော်ကြားနေသော အမျိုးသမီးသတင်း ထောက် တီနာတင်ဂလ် အပါအ၀င်။ ခရီးရောက်မဆိုက်မှာပင် သူတို့အားလုံး ဟက်ဒယ်လ်စ တန်မြို့ထဲ တွင်ရော မော့စ်ဘန်းမြို့ထဲတွင်ပါ အိမ်ခန်းရှာပုံတော်ဖွင့်ကြလေသည်။

သူတို့သတင်းစာအကြောင်းကြောငြာတွင် တစ်ပုံတစ်ခေါင်းကြီးကလည်း နောက်ဆက် တွဲပါလည်သည် ပထမတော့ ကြော်ငြာ်သင်ပုန်းကြီးများတွင် ပိုစတာကပ်သည်။ မတ်၊ ၁၆ရက်၊ စနေနေ့ မွန်းလွဲပိုင်း တွင် ကြော်ငြာသင်ပုန်းကြီးများကို ကိုယ်ပေါ်တွင် ရှေ့နောက်ညှပ်ကာ တန်းစီလျှောက်ကြသည့် လူတန်းကြီး တစ်တန်းမြို့ လှည့်သည်။ ကြော်ငြာသင်ပုန်းများပေါ်တွင်
ဟက်ဒယ်လ်စတန် အတွက် သတင်းထူး မော်ကွန်းနေ့စဉ် တနင်္လာနေ့ ထွက်တော့မည်။ ဟု မျက်နှာပြည့် ရေးထားလေသည်။
ထို ရက်သတ္တပတ် နားရက်များသည် ဟင်နရီပေ့အဖို့ အစစ အဆင်မပြေမိုးကြီး ရွာသည်။ မိုးမှိုင်းမှိုင်းက သူ့စိတ် အနေအထားနှင့် တစ်သားတည်း တစ်ထပ်တည်း ဖြစ်နေ လေ၏။

ပေ့သည် အအိပ်အနေ နည်းပါးသူဖြစ်၏။ ယခုလည်း လေးငါးခြောက်နာရီထက် ပို၍အိပ်ရပုံမပေါ်။ တနင်္လာနေ့ နံနက်ပိုင်းတွင် သတင်းစာတိုက်သို့ ပေ့ကားမောင်းလာသည်။ လမ်းတကာတွင် ခါတိုင်းနှင့်မတူ တစ်မူထူးကာ လှုပ်လှုပ်ရွှရွှဖြစ် မဖြစ်ကို သူ့မျက်လုံးများက ကျီးကန်းတောင်းမှောက်ကြည့်လာသည်။ ထင်သည့် အတိုင်း ပင် မြောက်ပိုင်းဒေသ ငွေစုဘဏ်နှင့် မျက်နှာချင်းဆိုင်တွင် မော်ကွန်းသတင်းစာတိုက်မှ အသစ်ချပ်ချွတ် ကားဝါကြီးပေါ် မှ ဖြန့်ဝေနေသည့် သတင်းစာများကို လက်ပွေ့ရောင်းသမားများက လှမ်းယူနေကြသည်။

သတင်းစာတိုက် ရှိ သူ့အခန်းသို့ လှေကားတစ်ထစ်ချင်း နင်းတက်လာချိန်တွင် သူ့နှလုံးသွေးမှာ နံရိုးများ ကို ဆောင့်တိုးနေရော့သလားဟု ထင်ရလောက်အောင်ပင် တဒိန်းဒိန်း ခုန်နေ၏။ ထိုသတင်းစာကို မစ်မော့ဖတ်ရှာထားပြီး ဖြစ်လိမ့်မည်။ သူသိသည်။ မှန်၏။ သတင်းစာက သူ့စားပွဲပေါ်ရှိ ပန်းအိုးဘေး တွင် ရောက်နှင့်နေသည်။ တနင်္လာနေ့တိုင်း မစ်မော့ဖတ်က သူ့ပန်းခြံမှ ပန်းခူးယူလာနေကျဖြစ်၏။ ပေ့သည် သတင်းစာ ကို ဖျတ်ခနဲ ကြည့်လိုက်၏။ ခိုးကြောင်ခိုးဝှက်အကြည့်ဟု ဆိုရမတတ်ပင် သတင်းတစ်ပုဒ် ကို မြင်လိုက် ရသည်။ အသက်ရှူမှားမတတ်စိုက်ကြည့်မိလေ၏။
သတင်းစာရှေ့ မျက်နှာဖုံး စာမျက်နှာတစ်ဝက်လုံးလုံးတွင် ပလူတိုနီယမ်အဏုမြူ ဓာတ်ခွဲစက်ကြီး တစ်လုံး၏ ခေတ်ရှေ့ပြေး အဆောက်အအုံပုံစံ ဓာတ်ပုံကို ဖော်ပြထားသည်။ ဓာတ်ပုံအောက်တွင် အနီအောက်ခံပေါ် အဖြူ စာလုံးဖောက်ခြောက်လုံး စာလုံးခေါင်းစဉ်ကြီးဖြင့် သတင်းရေးထားသည်။

ဟက်ဒယ်လ်စတန်အတွက်
အဏုမြူဓာတ်ပေါင်းအိုးကြီး
အတ်တလေ စိမ့်မြေကွင်းတွင်
အဏုမြူမြို့သစ်တည်မည်။

အဏုမြူဗဟိုဌာနကြီးတစ်ခုကို ဟက်ဒယ်လ်စတန်မြို့ ဆင်ခြေဖုံးရှိ အတ်တလေ စိမ့်မြေကွင်းတွင် အရံအိုးအိမ် စီမံကိန်းတစ်ခုနှင့် အတူ တည်ဆောက်သွားမည်ဟု သိရသည်။ အဏုမြူ သုတေသနဘုတ်အဖွဲ့မှ ထိပ်တန်း အရာရှိကြီးတစ်ဦးက ထုတ်ဖော်ပြောကြားလိုက် သည့် ဤကိုယ်ပိုင်သတင်းထူးကြီးကို ပွဲဦးထွက်မော်ကွန်း သတင်းစာ တွင် စာဖတ်ပရိသတ်ထံ တင်ပြနိုင်ခြင်းကြောင့်ဂုဏ်ယူသည်။
သတိကြီးစွာ သိုသိပ်ထားခဲ့ပြီး ယခုမှထုတ်ဖော်ဖွင့်ဟလိုက်သည့် ဤလျှို့ဝှက်စီမံကိန်း ကြီးသည်။ တစ်မျိုးသားလုံး အတွက် အရေးကြီးသကဲ့သို့ ဒေသခံလူထု၏ သက်သာချောင်ချိ ရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားအလားအလာ ဖြောင့်ဖြူးရေးအတွက်လည်း အကျိုးကျေးဇူး ကြီးမားလိမ့်မည် ဖြစ်ပေသည်။

ဟင်နရီပေ့သည် သတင်းကိုဖတ်ရင်း တန်းလန်းရက်ကာ မစ်မေ့ဖတ်ကို ငိုင်ကြည့်နေ သည်။ မှန်ပေ၏။ ဤသတင်း သည် ထိပ်ထိပ်ကြဲ သတင်းကြီးဖြစ်၏။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ခန့်အတွင်း ဟက်ဒယ်လ်စတန် ၌ ပေါ်ပေါက်ခဲ့သည့် အချင်းကိစ္စများအနက် အကြီးမားဆုံး တစ်ခုဖြစ်၏။ ထိုသတင်းကို သူလွတ်သွားသည်။ ကိုယ်က သတင်းလွတ်ရုံ မကသေး ကိုယ့်ပြိုင်ဘက်က ဦးသွား၏။
ဖြစ်ရပ် များ၏ ကွင်းဆက်ကြောင်းကျိုးအရာများသည် လယ်ပြင်ဆင်သွားသလို ထင်းရှားလာ၏။ ဆမ်မာဗီးလ် သည် ကနဦးကတည်းကပင် အဏုမြူလုပ်ငန်းစီမံကိန်းကြီးကို သိထားသည်။ ထိုစီမံကိန်းကြီးကြောင့် ဖြစ်ထွန်း လာမည့် ဒေသဖွံ့ဖြိုးမှုအလားအလာကြီးကို မြင်ထားသည်။ ထို့ကြောင့် ဥတ္တရအလင်းကို ၀ယ်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ် သည်။

သူ့ကို ထင်တစ်လုံးဖြစ်အောင် လုပ်ထားခဲ့သလို သူ့သတင်းစာကို အထူးလေးစား မှုရှိခြင်းကြောင့် ဝယ်ရန် ကမ်းလှမ်းခဲ့ခြင်း မဟုတ်။ ဒေသတွင်း ကြီးပွားကြွယ်ဝလာမည့် အရေးနှင့် မလွဲမသွေ လူဦးရေ တိုးတက်များပြား လာမည့် အရေးကို ကြိုတင်သိရှိထားခြင်း ကြောင့်သာဖြစ်သည်။ သူကသတင်းစာကို လက်လွှဲရောင်းချရန် မည်မျှပင် ငြင်းဆန်စေကာ မူ ဆမ်မာဗီးလ်ကတော့ လက်တွန့်လိမ့်မည်မဟုတ်တုံးတိုက်တိုက် ကျားကိုက်ကိုက် ဝင်လာတော့ မည်လား။

ထိုသတင်းသည် ဧကန်ပင် ထိပ်တန်းလျှို့ဝှက်သတင်းဖြစ်ပေလိမ့်မည်၊ သို့ရာတွင် လက်ရဲဇက်ရဲဖွင့်ချပြီး ဥတ္တရအလင်း ကို ထိုးနှက်ရာ၌ အချိန်ကိုက်အသုံးချခဲ့ခြင်းဖြစ်ပေသည်။
ဟင်နရီပေ့ သည် ယနေ့နံနက်ထုတ် သူ့သတင်းစာ၏ အဓိကသတင်းကို ပြန်စစ်ကြည့် သည်။ ဝူးတန်မြို့ကလေး မှ နွေဦးရာသီ စိုက်ပျိုးရေးပြပွဲအကြောင်း စုံစုံစေ့စေ့ ဖော်ပြသည့် သတင်းသာ။ တစ်နှစ်တစ်ကြိမ် သတင်းထူးဖြစ်သည်မှန်၏ သို့ရာတွင် ပြိုင်ဘက်သတင်းစာ၏ သတင်းနှင့် ဘယ်နည်းနှင့်မျှ မယှဉ်နိုင် ဒွိဟ သံသယဖြစ်စရာ မလို။
နာကျည်းဖွယ် ဤအတွေးများဖြင့် တံကျင်လျှိုထားခံရသလို သူခံစားရ၏။ ထိုခံစားချက် ဖြင့် ရပ်နေမိသည်။ ထိုအခိုက်တွင် ဆမ်မာဗီး၏ တွက်ကိန်းနောက်ကွယ်၍ လူမသိ သူမသိ ကြံရည်ဖန်ရည် ပြည့်ဝသော စွမ်းအားကြီး တစ်ရပ်ဖြစ်ကြောင်း သူသိလာရသည်။ ထိုအသိ သည် သူ့အပေါ်သို့ ဝန်လေးကြီးတစ်ခုပမာ ဖိစီးလာလေ၏။

တံခါးခေါက်သံကြားရသည်။ ဝင်ခဲ့ သတင်းထောက်ပေါက်စ လူးဝစ် မျက်နှာငယ် လေးနှင့် ဝင်လာသည်။ အင်အာယူသတင်း လွတ်သွားတာ ဝမ်းနည်းပါတယ်ခင်ဗျာ။ ယူဆိုတဲ့စာလုံးဟာ အတ်တလေကို ဆိုလိုမှန်းသာ တွေးမိရင်း ဟင်နရီပေ့ဒေါသထွက်ခဲ့သည်။ ဘော့လူးဝစ်ကို အလားအလာရှိသူ အလုပ်ကြိုးစားသူ လူငယ်တစ်ဦးလည်း ဖြစ်၏ သူ့သမီးဒေါ်ရော်သီနှင့် ကျောင်းနေဖက်လည်းဖြစ်၊ သူ့အိမ်တွင် အဝင်အထွက် ရှိသူလည်းဖြစ်၍ သဘောကျသည်။ သို့သော် ယခုအချိန်တွင်တော့ မနူးမနပ်၊ မလယ်မဝယ် လူးဝစ်ကို မြင်လိုက်ရသည်မှာ ဥတ္တရအလင်း၏ တောသတင်းစာဆန်သော၊ ခြေမဲ့လက်မဲ့ အစွမ်းအစမဲ့ အဖြစ်သနစ် ကို စံထိုးပြလိုက်ဘိသကဲ့သို့ ရှိ၍ ဒေါသပုန်ထမိ လေသည်။ လူးဝစ်ကို ပယ်ပယ်နယ်နယ် ဆူပူကြိမ်းမောင်း ပစ်လိုက်သည်။ အခန်းထဲမှ မောင်းထုတ်ပစ်လိုက်သည်။

သူ့ကိုယ်သူပြန်ထိန်းပြီး မစ်မော့ဖတ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ မစ်မော့ဖတ်က လက်ရေးတို လိုက်ရန် စောင့်နေသလို ထိုင်နေသည်။ တကယ်တော့သူ့ကို အရိပ်အကဲ ကြည့်နေခြင်းသာ သူ့အဖေနှင့် နှိုင်းယှဉ် ကာ သူ့ကို အကဲဖြတ်နေခြင်းသာမစ်မော့ဖတ်သည် သူ့အဖေကို မြတ်နိုးကိုးကွယ်သည် ကျွန် လို အလုပ်အကျွေးပြုသည်။ သူ့အဖေသာဆိုလျှင် ယခုကဲ့သို့ ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ် အဖြစ်မျိုးကြုံရဖွယ် မရှိဟု မစ္စက်မော့ဖတ် ယူဆသည်။
မစ်မော့ဖတ်က ဒါကတော့ လူးဝစ်အပြစ် မဟုတ်ပါဘူးလေ သူ့ခမျာသုသေသနအဖွဲ့မှာ လူခံရှိတာမှလည်း မဟုတ်ပဲဟာ ဟု ပြောသည်။ ဟင်နရီပေ့သည် ဒေါသထွက်မိခြင်းအတွက် စိတ်မကောင်းဖြစ်မိ၏။ သို့သော် မစ်မော့ဖတ် စကားကို မသိကျိုးကျွန် လုပ်နေလိုက်၏။

ဒီဟာတွေ ဘယ်နှစ်စောင် ရောင်းရတယ်ဆိုတာ သိချင်တယ်။ တစ်ယောက်ယောက်ကို လွှတ်ပြီး စုံစမ်းဖို့ မိတ်တလန်ကို ပြောလိုက် ပေ့ကမော်ကွန်းဟု ပါးစပ်မှ ပြောမထွက် မေးနေစရာမလိုပါဘူး ဖန်းဝစ်က အစီရင်ခံစာ ပို့ထားပြီးပါပြီး တစ်စောင်မှ မရောင်းရဘူးတဲ့ ဘာတဲ့ မနက်၆နာရီမှာ စောင်ရေတစ်သောင်း ရောက်လာတယ်။ ၉ နာရီမှာ နောက်ထပ်တစ်သောင်း ရောက်ဦးမယ်၊ အားလုံးအခမဲ့ဝေတယ်။ သူတို့က စာဖတ်ပရိတ်သတ် ရှာတာ ဒီလိုဝေတော့ ပရိသတ်ရတာပေါ့။

တစ်ခန်းလုံး ငြိမ်သွားသည်။ အစရှုံးရင် အဆုံးအောင်သတဲ့ ကဲ အလုပ်ဆက်လုပ်ကြစို့ ဟင်နရီပေ့ က ပြတ်ပြတ်သားသားပြောသည်။ အလုပ်စားပွဲသို့ ရောက်သွားချိန်တွင် သတင်းစာတိုက်ရှေ့မှ မျက်မမြင် သတင်းစာ လက်ပွေ့ ရောင်းသမား အဘိုးကြီး တွမ်ဂါဝါလေ၏ ဥတ္တရအလင်း သတင်းစာ အော်ရောင်းနေသံကို ကြားရသည်။ အဘိုးကြီးသည် ဟင်နရီပေ့၏ ဖခင် ရောဘန်ပေ့ လက်ထက်ကတည်းက သတင်းစာရောင်း လာခဲ့သူ ဖြစ်၏။ ထိုတဒင်္ဂအဖို့ ရာကား အဘိုးကြီ၏ အသံ မှာ တိုးတိုးတိမ်တိမ် အထီးကျန် အော်သံ ပမာ ဖြစ်နေလေ၏။

မော်ကွန်းသတင်းစာ ပွဲဦးထွက်သတင်း၏ ထိုးနှက်ချက်သည် ဟင်နရီပေ့ စိုးရွံ့သလောက် အထိမ နာ။ မြို့လူထု က သတင်းရေးသားတင်ပြဟန်ကို မနှစ်မမြို့သော သဘောထားမပြ  သို့သော် သတင်းသားကိုမူ စိတ်ပျက်ကြလေ သည်။ စီးပွားကုန်သွယ်ရေး အသိုင်းအဝိုင်းအ ချို့မှအပ မည်သူ ကမှ ဟက်ဒယ်လမ်စတန်မြို့ထိပ် တွင် အဏုမြူစက်ရုံကြီး ပေါ်လာမည့်အရေးကို လိုလိုလားလား မရှိကြ။ အတ်တလေ စိမ့်မြေကွင်း ၏ သဘာဝအလှကို မလွဲဧကန် ရုပ်ပျက်ဆင်းပျက် ဖြစ်စေမည့် တစ်မျှော်တစ်ခေါ် ဆင်ခြေဖုံး သစ်ကြီး ပေါ်လာမည့် အရေးကိုလည်း မည်သူကမှ တောင့်တောင့် တတ မရှိကြ။
ရက်အတန်ကြာပြီးနောက် ပါလီမန်ဆိုင်ရာအတွင်း ဝန်က အတ်တလေအဏုမြူ ဓာတ်ပေါင်းဖိုလုပ် ငန်းများကို လာမည့် ဇန်နဝါရီလ အထိ စတင်လိမ့်မည် ဖြစ်ကြောင်း ကြေညာလိုက်မှ မိုးလားကဲလား ဖြစ်လာနေသော လူထု စိတ်လှုပ်ရှားမှု မှာ အရှိန်သေသွားတော့သည်။

ဥတ္တရအလင်း ကို ဘေးကျပ်နံကျပ်ဖြစ်စေသော ထိုးနှက်ဖိညပ်မှုများကား စလုံးရေ စလာသည်။ အဟုန်ပြင်းပြင်း ဆက်တိုက်ဖိလာသည်။ ဗြိတိသျှ သတင်းစာတစ်စောင်ကို ရောင်းပန်းလှစေ အောင် အားထုန်ရာ ဤမျှ သိမ်ဖျင်းနုံချာသော 'လုပ်ချက်'များကို ဤမျှ ဗုံးဗောလေအောသုံးရန် လိုလိမ့်မည်ဟု ဟင်နရီပေ့ ဘယ်တုန်းကမှ မတွေးမိ၏။

ဇွန်း၊ ခရင်း၊ ကြွေပန်းကန်နှင့် အခြားအိမ်သုံးပစ္စည်းများ ဝှစ်လေ ပင်လယ်အော်သို့ အသွား အပြန် လေယာဉ်စီးခွင့်လက်မှတ်များ စသည်တို့ကို 'ဘုဉ္စဟီ' လုပ်သော အထူးထုန် သတင်းစာများ၊ ရုပ်ရှင် လက်မှတ် စသည် တို့ကို ဆုအဖြစ် ပေးသောပြိုင်ပွဲများ၊ ရေကူးသူဇာပြိုင်ပွဲများ၊ စိုင်းပြင်းဆဲ ၁၉၅၆ ဟက်ဒယ်လ်စတန် မယ်ရွေးပွဲများ အစရှိသော စောင်ရေတွန်းတင်ပွဲများသည် အသံဗလံ ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာနေသည်။ ထိုအသံဗလံများနှင့် ထိုလှုပ်ရှားမှုများကို ကြိုး ဆွဲနေသည့် ညေး ၏ အကြံအဖန် အသံဗလံများကလည်း ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေလေတော့၏။
သတင်းစာ ကိုယ်တိုင်ကလည်း နွားငတ်ရေကျ အငန်းမရ လုပ်နေသည်။ ပြန်တမ်းသတင်းစာမှ ပို့ ပေးသည့် မြူဆွယ်နှိုးဆွ သတင်းဆောင်းပါး များဖြင့် ပြည့်နှက်နေသည်။ တီနာတင်ဂဲလ် ကလောင် အမည်ခံ အမျိုးသမီး သတင်းထောက်တစ်ဦး ၏ မတုပနိုင်သော သတင်းဆောင်းပါးများကလည်း အ ဆစ်ပါသေးသည်။

ထိုအမျိုးသမီး ၏ လှုပ်ရှားမှုသည် မြောက်ပိုင်းဒေသမြို့ကလေး၏ က္ကနြေ္ဒတစ်ခွဲသား လမ်းကြီးလမ်း ငယ် အသွယ်သွယ် တွင် တစ်မူထူးခြားနေတော့၏။ သူ့ဆောင်းပါးက သတင်းစာတွင် နေ့စဉ်ပါ သည်။ သားဖွားဝေဒနာ မှ သွေးဆုံးဝေဒနာအထိ အကြောင်းစုံရေးသည်။ ထိုဆောင်းပါးမျာသည် အမျိုးသမီး စာဖတ်ပရိသတ်အတွက် ရည်ရွယ်သည် ဟု ယူဆရ၏။ သို့သော် ဘိလိယက်ခုံ တရုန်း ရုန်း လုပ်နေကြသည့် လူငယ်များ၏ အသည်းစွဲ ဖတ်စရာများ ဖြစ်နေလေတော့သည်။

'တီနာတင်ဂဲလ် တရားခွင်' အမည်ဖြင့် အမေးအဖြေ အပူခန်းကဏ္ဍတစ်ခုကိုလည်း မမောတမ်း မပန်းတမ်း ရေးသေးသည်။ အမေးအဖြေများသည် အမျိုးအစား နှစ်မျိုးအနက် တစ်မျိုးမျိုးတွင်သာ အလိုအလျေက် အကျုံးဝင်သွားတော့၏။ တစ်မျိုးမှာ တူနှစ်ကိုယ် တဲအိုပျက်မှာနေရ ချစ်တာ ချစ်တာ ပဓာနဘဝ ၏ ပီတိ သောမနဿကို စကားဦး သန်းခြင်းဖြစ်သည်။ တစ်မျိုးမှာ အိမ်ထောင် သားမွေး ခြနှယ်မြေးသော ကလေးကငို သေးကစို ဘဝ၏ သောကဗျာပါဒကို ဖောက်သည် ချခြင်း ဖြစ်လေသည်။

ဤအခြေအနေမျိုး တွင် ဟန်မပျက် နေသွားရန် ခက်ခဲသည်။ ဥပေက္ခာတရား လက်ကိုင်ထားရန် လည်း မလွယ်။ ဟင်နရီပေ့အဖို့ ရသေ့စိတ်ဖြေ လုပ်စရာတစ်ခုသာ ရှိသည်။ ညေးနှင့် အပေါင်း အသင်း ရောင်းရင်းများသည် ငွေကို ရေလိုဖြုန်းနေကြတာပါကလားဆိုသော အတွေးကို တွေးနေ ရန်သာ ဖြစ်တော့သည်။
ဥတ္တရအလင်း လည်း စောင်ရေကျလာသည်။ သွေးရူးသွေးတန်း ဖြစ်လောက်အောင် မကျဟု ဆိုနိုင် စေကာမူ အပတ် တိုင်း စောင်ရေ ရာပေါင်းများစွာ တအိအိ ကျလာသည်။ ဘယ်လောက်အထိ အရှုံးဆက်ခံနိုင်ပါ့မလဲ ဟူသော ကြောင့်ကြမှု သည် ပေ့ ရင်ထဲတွင် တအုံနွေးနွေးနှင့် တဖြည်းဖြည်း ကြီးထွားလာနေလေ၏။

ဆက်ရန်
.

No comments: