Sunday, July 1, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၁ဝ)

ထို့ကြောင့်ပင် အဖွဲ့ပိုင် ဘတ်စ်ကားကြီးပေါ် တက်ထိုင်ပြီး ဒူးပေါ်တွင် သတ္တုအဝတ်သေတ္တာကြီးတင် ကာ ဗုံခေါက်သလို ခေါက်တီးပြီး သီချင်းများဆို၊ ရယ်စရာများပြောဖြင့်သာ အချိန်ကုန်ခဲ့ ရ၏။ ပျော်တတ် သောသူ၊ ရယ်စရာလူတစ်ယောက်၊ အမြဲရယ်နေတတ်သူ။ ဟုတ်ပါတယ်၊ အမေက အမြဲပြောခဲ့ ပါတယ်။ ရယ်တာ ကမှ မျှော်လင့်စရာတွေ အများကြီးရှိနိုင်သေးတယ်တဲ့။ ကို ဆက်ဖတ်ရန်..............
တောင်ပိုင်းတွင် နီဂရိုးအရေအတွက် နည်းသည်ဖြစ်ရာ ကျွန်တော်တို့အချင်းချင်း စုစည်းမိကြသည်။ အခန်း တူတူနေကြသည်။ ချိန်းချက်ပြီး ပါတီပွဲများ လုပ်ကြသည်။ စုဝေးကြသည်။ မြို့ထဲထွက်လျှင် နှစ် ယောက်တစ်တွဲ၊ သုံးယောက် တစ်တွဲ ထွက်ကြသည်။ စားပွဲရုံများကို ဖြတ်လာခဲ့လျှင် လူဖြူကောင်လေး များထွက်လာကြပြီး "ဘယ်သွားမလို့ လဲ ဂရီဂိုရီ" ဟု မေးကြသည်။ ကျွန်တော်က မျက်စေ့မှိတ်ပြကာ "ပါတီတစ်ခု ဖိတ်ထားတာ သွားမလို့ ကွ" ဟု ပြန်ပြောရပါသည်။ ကျွန်တော်တို့သည် နီဂရိုးအိမ်များသို့ သွားသည့်အခါတိုင်း လူဖြူလေးများ ကို ခေါ်မသွားတတ်ကြပါ။ သူတို့ကလည်း ဒါခွဲခွဲခြားခြားလုပ်တာပဲ ဟု ထင်ချင်ထင်ကြမည်။ ဒါတော့ မမှန်ပါ။ နီဂရိုးရပ်ကွက် ထဲတွင် အပေါစားအညံ့စား အရက်ဆိုင်နှစ် ဆိုင်သာရှိသည်။ ထိုအထဲသို့ သူတို့ကို ခေါ်လာရန် ရှက်၍ ဖြစ်ပါသည်။

လူဖြူကောင်လေးများ ကို ကျွန်တော် မပြောသည့်အရာ များစွာရှိပါသည်။ သူတို့နားလည်နိုင်ရန် အခွင့် အလမ်း မရခဲ့၍ဖြစ်ပါသည်။ အမေ့အကြောင်း၊ ဆေးရုံတက်လိုက် ဆင်းလိုက် လုပ်နေရသော သူ့အခြေ အနေ၊ တဖြည်းဖြည်း ပို၍ဆိုးရွာလာသော ဆီးချိုနှင့် နှလုံရောဂါဝေဒနာများ၊ သူ့ကိုယ်မှ အနံ့ဆိုးများ ထွက်နေရာ "ဒေါ်လော်ရက်စ်" ကမူ ကင်ဆာရောဂါဟု ပြောနေသည်။ ကျွန်တော် သူ့ကို အသည်းထဲ အူထဲကပင် လှိုက်လှိုက် လှဲလှဲ ချစ်ပါသည်။ အမေ့အတွက် အလွန်ခံစားရပါသည်။ သို့သော် အိမ်သို့ လည်းမပြန်ချင်။ ဤအကြောင်းများ ကို သူတို့အား ဘယ်နည်းဘယ်ပုံဖြင့်  ရှင်းပြရမည်နည်း။ ကျွန်တော် ကိုယ်တိုင်ပင်လျှင် ကောလိပ်၌ အမှည့်ကြွေကြွေပြီး သေလုနီးပါးခံစားနေရသည်ကိုလည်း သူတို့အား မည်သို့ရှင်းပြရမည်နည်း။

အဘယ်ကြောင့် ကျွန်တော် ပြေးနေရပါသနည်း။ အဘယ်ကြောင့် စီးပွားရေး အုပ်ချုပ်မှု အတန်းများ တက်နေရပါသနည်း။ ပါမောက္ခချုပ်၏ထမင်းစားခန်းစောင့်အဖြစ် ဘာကြောင့် လုပ်နေရပါသနည်း။ ဆာလောင်သောအခါတိုင်း တက္ကသိုလ်စားသောက်ဆိုင်နှင့် တက္ကသိုလ်ဆေးဆိုင် များနား အဘယ်ကြောင့် ကပ်နေရပါသနည်း။ လူဖြူ ရာဇဝင် ဆရာတစ်ယောက်က ကျောက်သင်ပုန်း ပေါ်တွင် နီဂရို (negro)ဟူသော စာလုံးကို ရေးပြပြီး တမင်နှိမ်လိုသောသဘောဖြင့် "n" ကို အသေး ဖြင့် ရေးပြသည့်အခါမျိုးတွင် ကျွန်တော် မည်သို့ ခံစားရပုံကို မည်သို့ ရှင်းပြနိုင်မည်နည်း။ ထိုသင်ခန်း စာ သင်ပြီးသောအခါ ကျွန်တော်သည် ကျောက်သင်ပုန်းသို့ သွားပြီး စာလုံးများကိုဖျက်ကာ "Negro" ဟု စာလုံးကြီးဖြင့် ပြန်ရေးပြလိုက်သည်။ လူတိုင်းက ငေးကြည့်နေကြသည်။ တစ်ခွန်းမျှကား ဝင်မပြော ကြ။

"ကာဘွန်ဒေးလ်" မှ ရုပ်ရှင်ရုံများကိုကား သဘောကျသည်။ ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံး နေရာများ ဟုပင် ထင်မိ သည်။ စိန့်လူဝီတုန်းကမူ ရုပ်ရှင်ရုံ လသာခန်းတက်ဖို့အရေး အလွန်ကြိုးစားရသည်။ သည် မှာတော့ လွယ်လွယ် ကူကူပင်။ ကျွန်တော်အပေါ်ရောက်သွားလျှင် နီဂရိုးအားကစားသမား အားလုံးလို လိုပင် လသာဆောင် ၌ ထိုင်ကြည့်နေကြကြောင်း တွေ့ရသည်။ ကျွန်တော်တို့ အုပ်စုသည် ရုပ်ရှင်ရုံသို့ အတူသွားကြပြီး လသာဆောင် သို့ တန်းတက်ကြကာ ရုပ်ရှင်နှင့်ပတ်သက်၍ ဟားတိုက်ကြ၊ လှောင် ပြောင်ကြသည်။ ပထမဆုံး အကြိမ် ကျွန်တော်တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်စဉ်က အဖြစ်က အမှတ်ရသေးသည်။ ကျွန်တော့်မှာ ပါလာသမျှ ပိုက်ဆံအကုန်ဖြင့် လက်မှတ်ဝယ်လိုက်သဖြင့် ရုံစောင့် လမ်းပြသူကို ပေးရန်ပင် ပိုက်ဆံမကျန်တော့။ ထို့ကြောင့် အောက်ထပ် ဆင်းပြီး တစ်ယောက်ယောက်ကို ရှာပြီး ပိုက်ဆံနည်းနည်းချေးရန် ကြံမိသည်။ ထိုစဉ် တက္ကသိုလ်ဝင်းတွင်း၌ မြင်ဖူးသော လူဖြူလေးတစ် ယောက် ကျွန်တော့်ဆီလာနေသည်ကို တွေ့ရသည်။ သူက ဤရုံတွင် ရုံစောင့် လမ်းပြဝင်လုပ်နေသည်။ သူ့ကို ပေးစရာလည်း ပိုက်ဆံတစ်ပြားမှ မကျန်။

"ခင်ဗျား ဒစ်ဂရီဂိုရီ မဟုတ်လား၊ ဟုတ်တယ် မဟုတ်လားဟင်" "မှန်ပါတယ်" သူက ပြုံးပြသည်။
"ကျွန်တော်တို့ ခင်ဗျားအကြောင်း အများကြီးကြားခဲ့ကြရဖူးပါတယ်။ ဒီမှာ တွေ့ရတာလည်း ဝမ်းသာပါ တယ် ခင်ဗျားအပေါ်ထပ်မှာ တက်ကြည့်နိုင်ပါတယ်၊ ဟိုမှာ ခုံတွေ အများကြီး ကျန်ပါသေးတယ်"
ကျွန်တော်သည်မှပင် အာဏာပါဝါကြီးနေပြီကော။ ဘောက်ဆူးလေး ဘာလေးပင် မပေးရပါဘဲလျက် လသာဆောင်သို့ တက်ကြည့်ခွင့်ရချေပြီ။ "ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ နောက်တွေ့ရင်လည်း ခေါ်ပါ့ မယ်" သူ့ကို ပြန်ပြောလိုက်ရသည်။

နောက်တစ်ချီတွင် အမျိုးသမီးတစ်ယောက်ကိုပါ ခေါ်လာခဲ့သည်။ ထိုနေ့က အမျိုးသမီးတစ်ယောက်ကို ရုပ်ရှင်ပြမည် ဟု ကတိပေးခဲ့ပြီးသား။ သို့သော် အချိန်အနီးကလေးအရောက်တွင် နောက်တစ်ယောက် နှင့် ချိန်းချက်မိပြန်သဖြင့် သူနှင့်ရုပ်ရှင်ရုံတွင် ပက်ပင်းတိုးနေမည်ကို စိုးနေရသည်။ ထို့ကြောင့် သူကြည့် တတ်လေ့ရှိသော လသာဆောင်တွင် မကြည့်ဘဲ အောက်ထပ်ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်ရသည်။ ကျွန် တော့်အမျိုးသမီးကမူ အပေါ်သို့တက်ရန် ဟန်ပြင်နေသည်။ ကျွန်တော်က သူ့လက်ကို အတင်းဖမ်းဆုပ် ကာ အောက်ထပ်သို့ခေါ်လာခဲ့သည်။

သူ့ကြည့်ရပုံမှာ ဒစ်ဂရီဂိုရီ အဖို့ဆိုလျှင် သူ သွားချင်ရာ ဘယ်နေရာမဆိုသွားနိုင်သည့် အခွင့်အရေးရှိသူ ကြီးပင်တကားဟု ထင်နေပုံရသည်။ အောက်ထပ်တွင် ဝင်ထိုင် လိုက်သောအခါ အမျိုးသမီးမှာ အတော်ပင် တုန်လှုပ်နေရှာ သည်။ သို့သော် ကျွန်တော်ကလည်း အခြားအမျိုးသမီးနှင့်တိုးမည်ကို ပူပင် နေရသဖြင့် သူ့အခြေအနေ ကို သိပ်သတိမထားမိချေ။ အောက်ထပ်မှ ပရိသတ်များမှာ ကျွန်တော်တို့ ဘက် လှည့်ကြည့်ပြီး လက်ညှိုးတွေ ထိုးလိုထိုး၊ တီးတိုးပြောလိုပြောနှင့် ရှိနေကြသည်။ သူတို့က နာမည်ကျော် အပြေးချန်ပီယံ ဒစ်ဂရီဂိုရီ အကြောင်း ပြောနေကြမှာပေါ့။ ထိုစဉ် ရုံစောင့်လမ်းပြကောင် လေး ရောက်လာသည်။

"လသာဆောင်မှာ နေရာလွတ်တွေ အများကြီး ကျန်ပါသေးတယ် ဂရီဂိုရီ"
"နေပါစေ… ရပါတယ်။ ကျွန်တော် ဒီညတော့ ဒီမှာပဲ ထိုင်ကြည့်တော့မယ်"
"ဂရီဂိုရီ ကျွန်တော် ဝမ်းနည်းပါတယ်၊ ခင်ဗျား အပေါ်ကို တက်ကိုကြည့်ရမယ်ဗျာ"
ဒီကောင်လေး အရင်အပတ်ကတည်းက ဘောက်ဆူးမပေး၍ မကျေနပ်ဖြစ်နေပြီဟုသာ ကျွန်တော် တွက်လိုက်မိသည်။ ထို့ကြောင့် သူ့ဘက်ကို ကုန်းပြီး ဒီည လသာဆောင်မှာ ကြည့်လို့မဖြစ်သည့် အကြောင်း ရှင်းပြလိုက်ရသည်။

သူ့အသံများမှာ ပို၍ပင် မာလာတော့သည်။ "ခင်ဗျား အပေါ်ကို တက်ပါလို့ပဲ ကျွန်တော် ပြောနေတယ် နော်"
သူ အလကားလာနောက်နေသည်ဟုသာ ထင်မိသည်။ သို့သော် နောက်တစ်ခါ သူ လာသောအခါ မန်နေဂျာပါ ပါလာတော့သည်။ "ကျွန်တော် ခင်ဗျားနဲ့ ခဏတွေ့ချင်ပါတယ်၊ မစ္စတာဂရီဂိုရီ"
လူဖြူများက သင့်ကို မစ္စတာ တပ်ခေါ်လျှင် တစ်ခုခုတော့ ဖြစ်ပြီသာ အောက်မေ့လိုက်တော့။
ကျွန်တော်ကမူ အမျိုးသမီးကို ခဏကြာ ပြန်လာမည်ဟု ပြောပြီးထားရစ်ခဲ့သည်။ သူ့ခမျာ အောက်ထပ် မှ လူဖြူများ အားလုံး လှည့်ကြည့်ပြီး မဲ့ကာရွဲ့ကာနှင့် အမနာပ အပြောခံနေရန် ထားပစ်ခဲ့သလို ပင် ဖြစ် နေတော့သည်။ အပေါ်ထပ်သို့ နီဂရိုးများကလည်း "ဂရီဂိုရီ သွားတော့၊ ပြန်တော့လေ" ဟု အော်နေကြ သည်။ ကျွန်တော်ကမူ အရင်အပတ် အပြေးပြိုင်ပွဲ အနိုင်ရခဲ့သည်ကို အော်ဟစ်ချီးကျူးနေကြသည်ဟု ပင် ထင်မိသည်။ မန်နေဂျာ ရုံးခန်း သို့ ရောက်သောအခါမှ အကြောင်းစုံ သိရတော့သည်။

"ကျွန်တော် ဝမ်းနည်းပါတယ် မစ္စတာ ဂရီဂိုရီ၊ အောက်ထပ်မှာ ခင်ဗျား ထိုင်ခွင့်မရဘူးဆိုတာ ခင်ဗျား သိပါလိမ့် မယ်" "ဘာဖြစ်လို့လဲဗျ" "လူမည်းတွေ အတွက် လသာဆောင်မှာပဲ ဖြစ်လို့ပါ"
စိန့်လူဝီတုန်း က အိပ်မက်မှာ ထိုညကျမှပင် ချုပ်ငြိမ်းသွားပါတော့သည်။ အမြဲလသာဆောင်မှာ ထိုင် ကြည့်မှ ဂုဏ်ရှိသည် ထင်သော အိပ်မက်သည် ခုမှ ပါစင်အောင် လွဲနေရချေပြီ။ စိန့်လူဝီတုန်းကလည်း ရုပ်ရှင်ရုံစောင့်လေး မှာ ကျွန်တော့်ကို တစ်လျှောက်လုံး ညာစားခဲ့မှန်း ခုမှ သိရလေပြီ။

"ကျွန်တော့်ကို လသာဆောင်မှာ ကြည့်စေချင်ရင်တော့ ခင်ဗျား ကိုယ်တိုင်လိုက်ပို့ပေါ့"
"ဘာလဲ ခင်ဗျားက ရဲကို တိုင်စေချင်လို့လား" "လုပ်လေ" သူက ပုလိပ်ကိုခေါ်တော့သည်။ ကျွန်တော်ကမူ ဟားတိုက် ၍သာ ရယ်ချင်ပါတော့သည်။ လသာဆောင် တက်ပြီး ကြည့်ခွင့်ရရေးအတွက် ကျွန်တော် ငွေတွေ ဘယ်လောက် ပေးခဲ့ရပြီလဲ။ ကျွန်တော်လည်း အပေါ်ရောက်ရော ရုံစောင့်လေးလည်း မရှိတော့ဘူး၊ လသာဆောင် လည်း ပြည့်သွားတတ်မြဲ။ နောက် ပုလိပ်ကို ခေါ်ခိုင်းပြန်ပြီ။

ခုလည်း ဒီလူက ပုလိပ်ခေါ်ပြီး လသာဆောင်သို့အတင်း တက်ခိုင်းဦးမလို့တဲ့။
ကျွန်တော် အထဲပြန်ဝင်သွားကာ အမျိုးသမီးကိုခေါ်ခဲ့ပြီး ပြန်ထွက်လာသည်။ အမျိုးသမီးမှာကား ငိုနေ ရှာသည်။ အပြင်ရောက်သောအခါ မန်နေဂျာက "စိတ်ချနေ၊ ပိုက်ဆံပြန်ပေးမယ်" ဟု ပြောသည်။
"သိမ်းထားစမ်းပါ၊ ကျုပ် ပြန်လာပါ့မယ်"
နောက်တစ်နေ့ည ကျွန်တော် တစ်ယောက်တည်း ရုပ်ရှင်ရုံလာကာ အောက်ထပ်တွင်ပင် တမင်ကြည့်ခဲ့ သည်။ သူတို့က ကျွန်တော့် ကို ခွင့်လွှတ်ထားကြသည်။ ဒီကောင်တော့ အောက်ထပ်မှာ ထိုင်ကြည့်ပါစေ ကွာ၊ သူက စိတ်မှ သိပ်မမှန်တဲ့ကောင်ဘဲ၊ ဒီစည်းမျဉ်း ချိုးဖောက်တဲ့လူတိုင်းဟာ စိတ်ဖောက်ပြန်တဲ့ ကောင်တွေချည့်ပဲ၊ တို့ အမေရိက မှာ ဒီလို ဦးနှောက်မမှန်တဲ့ ကောင်တွေကို သွားအပြစ်မပေးချင်တော့ ပါဘူး။ သူတို့က ထိုကဲ့သို့ သဘောထားကြဟန် တူသည်။

နောက်နေ့ညများတွင် ကျွန်တော်သည် တခြားနီဂရိုးအပေါင်းအသင်းများကိုပါ ခေါ်လာပြီးကြည့်သည်။ ထိုသူများ မှာကား ကျွန်တော် အားကစားကျော်ကြီး ဒစ်ဂရီဂိုရီကဲ့သို့ စိတ်ဖောက်ပြန်သူများ မဖြစ်နိုင်ပါ ချေ။ ထို့ကြောင့် ကျွန်တော်နှင့် အတူ နောက်အခေါက်များတွင် "ဆရာဒေါ့လင်ဂယ်လ်" (သို့) ကျောင်း သားရေးမှူး (သို့) ကျောင်းအုပ်ဆရာ ပါမောက္ခကြီးတစ်ယောက်ယောက်တို့ကို ခေါ်လာပြီး ကြည့်သင့် သည်ဟုပင် ထင်မိပါတော့ သည်။

ထို့နောက် ဟောလီးဝုဒ်မှ ထုတ်လုပ်သော သခင်ယေရှု အတ္ထုပ္ပတ္တိဖြစ်သော "ဝတ်ရုံတော်" ဟူသော ဇာတ်ကား ပြသတော့သည်။ ကာဘွန်ဒေးလ်ရှိ ရုပ်ရှင်ရုံသည် ထိုဇာတ်ကားကို ငွေအမြောက်အမြားပေး ကာ ငှားရမ်းပြသ ရသည်။ တစ်ညတွင် အောက်ထပ်၌ ကျွန်တော် ထိုင်ကြည့်နေစဉ် မန်နေဂျာက သူ့ရုံး ခန်းထဲ သို့ ခေတ္တလာတွေ့ပါဟု ဖိတ်မန္တက ပြုသွားသည်။ သူ့ကြည့်ရသည်မှာ အထူးထိတ်လန့်ချောက် ချားနေပုံရသည်။ သူက ကျွန်တော့်ကို ပြောပြသည်။

ထိုရုပ်ရှင်ကားအတွက် သူ ဘယ်လောက် ငွေအ ကုန်ခံခဲ့ရပုံ၊ အကယ်၍ ရှုံးခဲ့ပါက ဒေဝါလီခံရမည်ဖြစ်ပုံ၊ ခုချိန်မျိုးတွင် လူဖြုရုပ်ရှင်ကြည့် ပရိသတ်ကို ဘယ်နည်းနှင့်မှ လက်လွတ်မခံဝံ့ပုံများကို တင်ပြနေသည်။ အကယ်၍ ဤ "ဝတ်ရုံတော်"ကား ပြနေစဉ် အတွင်း ကျွန်တော်သာ အောက်ထပ်တွင် ထိုင်မကြည့်ပါဘူး ဆိုလျှင်ကား ပြဿနာအားလုံးပင် ပြေငြိမ်းသွားမည်ဖြစ်သည်။ နီဂရိုးများသည် အခြားမည်သည့်နေရာမဆို သူတို့ကြိုက် သလို ကြည့်နိုင်ပါ သည်ဟု ပြောသည်။ ကျွန်တော်ကား သူနှင့် အတိုက် အခံ ပြောဆိုငြင်းခုံနေရန် လည်း ငြီးငွေ့လာပြီဖြစ် ၍ သူပြောသည့်အတိုင်း သဘောတူလိုက်ရသည်။

ထိုရုပ်ရှင်ရုံတွင်ပင် ထိုကားကို လသာဆောင်မှာ ထိုင်ကြည့်နေသော ညတွင် အမေဆုံးပါသည်။ ထိုနေ့ က ကျွန်တော် လသာဆောင်ပေါ် တက်ပြီး ရုပ်ရှင်ကြည့်မိသည်မှာ ကံကောင်းပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော့်ကို လာရှာသော "ဒေါ့လင်ဂဲလ်" သည် အပေါ်ထပ်သို့ တန်းတန်းမတ်မတ် တက် လာပြီး လာရှာသောကြောင့် ဖြစ်ပါသည်။ ခါတိုင်းညတွေဆိုလျှင် ကျွန်တော် အောက်ထပ်မှာကြည့်နေ ကျ။ သူ့အနေနှင့် ကား ကျွန်တော်လို လူတစ်ယောက် အောက်ထပ်မှာ ကြည့်ရလိမ့်မည်ဟု ဘယ်နည်း နှင့်မျှ ထင်မည် မဟုတ်ပါချေ။ သူက ကျွန်တော့်ကို အပြင်ခေါ်ထုတ်ခဲ့ပြီး အိမ်ကို တယ်လီဖုန်းဆက်ရန် ပြောပါသည်။

"အမေ တစ်ခုခုဖြစ်ပြီမို့လား ဒေါ့"
"အိမ်သာ ဖုန်းဆက်ပါ ဒစ်ရယ်"
"သူ သေပြီလားဟင်"
"အိမ်သာ ဖုန်းခေါ်ပါကွယ်"
"ဒေါ့ရယ်"
"သိပ်ဝမ်းနည်းပါတယ် ဒစ်"
ဖုန်းကောက်ဆက်သောအခါ "ဒေါ်လော်ရက်စ်" နှင့် စကားပြောလိုက်ရသည်။
"မြန်မြန် ပြန်လာပါ ရစ်ချက်ရယ်၊ အမေတော့ ဆုံးပြီလေ"
"ခုမှတော့ မြန်မြန်လာနေစရာလည်း မလိုတော့ပါဘူး ညီမရယ်"
ကျွန်တော် အခန်းသို့ပြန်လာပြီး ပစ္စည်းများသိမ်းနေစဉ်တွင် ကျွန်တော့်အခန်းဖော်က လာပြောသည်။

"မင်းအမေအကြောင်း အကောင်းတွေချည့် စသ်းစားနေစမ်းပါကွာ၊ သူ ဘယ်လိုကောင်းတာတွေ ကုသိုလ်တွေ လုပ်ခဲ့ တယ်၊ သူ ဝေဒနာတွေကို ဘယ်လောက်ခံခဲ့ရတယ်ဆိုတာတွေချည့် တွေးကြည့်။ဒါ မှ မင်း စိတ်သက်သာရာ ရလိမ့်မယ် ရစ်ချက်"
ထိုည က ကျွန်တော် ငိုပါသည်။ ဘုရားရှိခိုးပါသည်။ အမေ့အကြောင်းတွေးမိပြီး ကိုယ့်ကိုယ်ကိုယ် အပြစ် တင်မိ ပါသည်။ အကယ်၍ ကျွန်တော်သာ ကောလိပ်မတက်ဘဲ အလုပ်တစ်ခုခုသာဝင်လုပ်ခဲ့ပါလျှင် အမေသည် ယခု ကဲ့သို့ လူဖြူများအိမ်တွင် ကျွန်သွားခံရမည်မဟုတ်။ အစားအသောက် ဗန်းကလေး ခေါင်းပ်ါတင်ပြီး ဘတ်စ်ကား စီးကာ လူမည်းပခုံးထမ်း အလုပ်သမားများထံ တကြော်ကြော်အော်ပြီး မုန့် ရောင်းရရှာမည် မဟုတ်။ လူမှု ကယ်တင်ရေး အမှုထမ်းများအိမ်လာလျှင်လည်း တယ်လီဖုန်း ကမန်းက တန်း ဝှက်ရမည်မဟုတ်၊ ခုတော့ အမေ သည် လေးဆယ့်ရှစ်နှစ်အရွယ် အရွယ်ကောင်းတွင် ဆုံးခဲ့ရရှာ သည်။

နောက်နေ့နံနက် တွင် ဘတ်စ်ကားစီးပြီး အိမ်ပြန်ခဲ့သည်။"မြောက်ဘက်တေလာ" ရပ်ကွက်တွင် ကိုယ့် အိမ်ကိုယ်ပြန်ရောက်ပြီး အိမ်ထဲမှာ ထိုင်နေရသည်ဟုပင် မထင်တော့။ အမေဘယ်တော့မှ အိမ်ပြန်မ လာနိုင်တော့ပြီ ကိုသာ ခံစားနေရသည်။ အပြင်မှ ဘတ်စ်ကားများရပ်တိုင်း ကျွန်တော် ထခုန်ကြည့်မိ သည်။ ကျွန်တော် အမြဲ တမ်း အပြင်မှာနေပြီး ညဥ့်နက်သန်းခေါင်အထိ ကစားခဲ့ပုံများကိုလည်း သွားမြင် ယောင်မိသည်။ အမေ မရှိ လျှင် ဒီအိမ်သည် အိမ်ဂေဟာမဟုတ်တော့ချေ။ အိမ်သက်သက် သာမန်အိမ် ချည့်သက်သက် သာလျှင်ဖြစ်တော့မည်။ ကျွန်တော်သည် ညီအစ်ကိုမောင်နှမများကိုပင် စကားများများ မပြောချင်တော့ပါ။ အမေ့အကြောင်း ကျွန်တော်တို့ ပြောပြီးကြသောအခါ တစ်ယောက်မျက်နှာ တစ် ယောက်မကြည့်ကြတော့ဘဲ ငူငူကြီးများသာ ဝိုင်းထိုင်နေကြတော့သည်။ အိမ်နီးပါးချင်းအိမ်များသို့ လှည့်သွားပြီး၊ မစ္စစ်ဆီမွန်၊ မစ္စရက်တာနှင့် မစ္စတာဘင် တို့က ပြောသော အမေသည် တကယ့်မိန်းမ ကောင်းကြီးဖြစ်ကြောင်း စကားများကို လိုက်နားထောင် ခဲ့သည်။ ကျွန်တော်က "ပရက်စ်ကြီး"တစ် ယောက်ပေါက်လာစေချင်သည်။ ထိုအခါတွင် အမေ သည် သေရာမှထပြီး ပြန်လာကောင်းလာပေမည်။

အမေသည် ခေါင်းထဲတွင် ခပ်ပြုံးပြုံးကလေးပင် ရှိနေသည်။ လူဖြူများသူ့ကို စွန့်ထားသော အဝတ်အ စားလှများ ကို ဝတ်ထားသည်။ ခုလို ပွဲလမ်းကျမှပင် ဒီအဝတ်တွေကို သူ ချဝတ်နိုင်ရှာတော့သည်။ ကျွန် တော်က ကုန်းပြီး နမ်း လိုက်သည်။ နောက် ပြောလိုက်မိသည်။ "ကျေးဇူးကြီးလှပါတယ် အမေ၊ တစ်နေ့ မှာ အမေဟာ ကျွန်တော့် အတွက် ဂုဏ်ယူရလောက်အောင်ထိ ကျွန်တော် ကြိုးစားပြပါ့မယ် အမေ။" ထို့ နောက် ကျွန်တော်ပြန်လျှောက်လာခဲ့သည်။ သို့သော် ခေါင်းထဲတွင်ကား အမေ့အသံများ ဝင်လာနေ သည်။  မင်း အားလုံး အဆင်ပြေသွားပြီ ရစ်ချက်။ သတိ ဝီရိယတော့  ရှိနော်။ကောင်းတာတွေ လုပ်၊ နောက်ပြီး မင်းဗိုက်က ဝေဒနာနဲ့ ဒါကြောင့် ခါးပတ်တော့ ကြပ်ကြပ်မပတ်နဲ့ လူတိုင်းက ကျွန်တော် မငို သည့်အတွက် အံ့သြနေကြပါသည်။ ကျွန်တော်သည် စိတ်ထိခိုက်ခံစားရလွန်းသဖြင့် ငိုပင် မငိုနိုင်တော့ ပါ။
နောက်တစ်နေ့ အသုဘချသောအခါ ကျွန်တော် ခပ်ဝေးဝေးမှာပင် နေပါသည်။ စန္ဒလများမှာ ဂေါ်ပြား များပေါ်မှီထိုင်ပြီး ဓမ္မဆရာ တရားဟောနေစဉ် ဆေးလိပ်များဖွာနေကြပါသည်။ ကျွန်တော်က သူတို့ထံ အတင်းပြေးသွားပြီး သူတို့ ဂေါ်ပြားများကို ဆွဲပြီး လွှင့်ပစ်ကာ အမေ့မျက်နှာပေါ်သို့ မြေကြီးများ ပစ်မဖို့ ရန် တားဆီးချင်လှသည်။ သို့သော် သင်္ချိုင်းသို့ လူဖြူများလည်းလာရောက်ကြရာ အမေသည် သူ့အပေါ် ကောင်းသော လူဖြူများရှေ့တွင် ခပ်ရှုပ်ရှုပ်ရှက်ရှက် မျက်နှာပျက်လောက်အောင် လုပ်သည်ကု မကြိုက်တတ်မှန်း သတိရမိ၍သာ စိတ်ကိုထိန်းထားလိုက်ရသည်။

ထို့ကြောင့် အမေ့မျက်နှာကို မြေကြီး များနှင့် သူတို့ ဖို့စ်ကြသည်။ ကျွန်တော်ကား လှည့်ပြီးပြန်လာကာ ပစ္စည်းများ သိမ်းဆည်းတော့သည်။ အမေမရှိလျှင် အိမ်သည် အိမ်မဟုတ် ပါတော့ပြီ တကား။ နောက်ဖေး ဘက်သို့ထွက်လာကာ ကောင်း ကင်ကို မော်ကြည့်လိုက်သည်။ ကျွန်တော် ဝမ်းနည်း တယ် အမေ။ ကျွန်တော် တို့ဟာ အထောက်အပံ့ခံ တွေ ဖြစ်တယ်ဆိုပြီး စိတ်အားငယ် အနေရခက်သလို ကျွန်တော်ဖြစ်ခဲ့မိတာကို ဝမ်းနည်းမိပါတယ်။ တခြားကလေးတွေရဲ့မေလို အမေကောင်းကောင်း မဝယ်ခဲ့တာကို ကျွန်တော် ရှက်ခဲ့မိတာ ကိုလည်း ဝမ်းနည်းပါတယ်။ အမေဟာ တကယ့်မိန်းမမွန် မိန်းမမြတ်ကြီးမှန်း ကျွန်တော်မသိခင် အမေ ဆုံးသွားရ တာကိုလည်း ကျွန်တော် ဝမ်းနည်းပါတယ် အမေရယ်။

ကျွန်တော်သည် ကျောင်းသို့ ခပ်ထုံထုံ ထိုင်းထိုင်းပင် ပြန်လာမိပါသည်။ နောက်ထပ် လေးနှစ်တာ ကာလကိုလည်း ထိုကဲ့သို့ပင် ကုန်ဆုံးပစ်ခဲ့ပါသည်။ ကျန်တဲ့ ကျောင်းတက်ရက်များကိုလည်းကောင်း၊ စစ်တပ်တွင် အမှုထမ်းသော နှစ်နှစ်ကိုလည်းကောင်း၊ ကောလိပ်နောက်ဆုံးနှစ်ကိုလည်းကောင်း ထို အတိုင်း ကုန်လွန်ခဲ့ပါသည်။ ငိုက်မြည်းသော ထုံထိုင်းမှုမျိုးကား မဟုတ်။ အလွန်ပြင်းထန် ခါးသီးသော ထုံထိုင်းမှုပင် ဖြစ်ပါသည်။ ယင်းကပင်လျှင် ၁၉၅၃ ခုနှစ်တွင် အားကစား လူရည်ချွန်ဆုကို ရရှိစေခဲ့ပါ သည်။

အမေဆုံးပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ကျွန်တော်သည် အားကစားဌာန အခန်းရှေ့ မှ လျှောက်သွားခဲ့မိသော တစ်နေ့ကို ကောင်းကောင်းမှတ်မိနေပါသည်။ ဌာန အခန်းနံရံပေါ်တွင် ကပ်ထား သော ဓာတ်ပုံများ ကို ပထမဆုံးအကြိမ် သတိထားမိပါသည်။ နီဂရိုးအားကစားသမားများ၏ပုံကို အတန်း လိုက်ပင် အတန်းလိုက် တွေ့ရသည်။ သို့သော် နံရံအပေါ်ထိပ်ပိုင်းတွင် ချိတ်ထားသော နှစ်စဉ်အားက စား လူရည်ချွန် ဓာတ်ပုံများမှာမူ မျက်နှာဖြူများချည့်သာ ဖြစ်နေလေသည်။ ကျောင်းမှာ ၈၄ နှစ်ပင် သက်တမ်းရင့်လာချေပြီ။ ယခုထိ နီဂရိုးတစ်ယောက်မျှ ထိုဆုကို မရကြသေး။ ခုတော့ အချိန်ကျလာပြီ လေ။

ထို့ကြောင့် နည်းပြဆရာထံ လျှောက်သွားပြီး တကယ်လို့ ၁၉၅၃ ခုနှစ်မှာသာ ကျွန်တော် အားကစား လူရည်ချွန် အရွေးမခံရလျှင် ကျောင်းကကို ထွက်ပစ်ပြမယ်ဟု ပြောလိုက်ပါသည်။ ထိုကဲ့သို့ သွေးအေး အေးဖြင့် ခြိမ်းခြောက်လိုက်၍လား မသိ။ သူတို့သည် အခြားနီဂရိုးတစ်ယောက်ကိုပင် ထိုဘွဲ့မပေးနိုင် တော့ချေ။ ကျွန်တော်ကမူ သူတို့ထံသို့ ပုဂ္ဂလိကအနေနှင့် သွားပြောခြင်းဖြစ်သည်။ ကျွန်တော်နှင့် ထိုက် တန်သည်ကဟု သူတို့စဉ်းစားမိလာနိုင်အောင် သွားပြောခြင်းဖြစ်၏။ ထိုနှစ်တွင် ကျွန်တော်တို့ဆုကို ရ နိုင်ခဲ့သည်။ အားကစား လူရည်ချွန်တဲ့။ ကျွန်တော်မှာ ပြေးရုံမှလွဲ၍ ဘာမှမလုပ်တတ်။ ဘတ်စကတ် ဘောဆို ထိတောင်မထိ။ ဘေ့စ်ဘောလ်ကိုမူ ကစားပင် မကစားတတ်။ ရေလည်း မကူးတတ်သေး။ နောက်တစ်နှစ်အတွင်းကား ကားနီဂရိုးတစ်ယောက်ဖြစ်သူ "လီယိုဝီလဆင်" က ထိုဆုကို ဆွတ်ခူးနိုင်ခဲ့ ပြန်သည်။ ကျွန်တော်တို့ နှစ်ယောက်သည်ပင် အစဉ်အလာဟောင်းကြီးတစ်ခုကို ချိုးဖျက်ပစ်နိုင်ခဲ့ကြပါ သည်။

ဆုယူရသောည က ညစာစားပွဲကြီးတစ်ခု ကျင်းပပြီး ဆုယူခဲ့ရသည်။ သူတို့က ကျွန်တော့်ကို ဆုလှမ်း ပေးသော အခါ ကျွန်တော်က သူတို့ကို ကျေးဇူးတင်မိပြီး ကိုယ့်ကိုယ်ကိုယ်လည်း တစ်ကိုယ်တည်း ပြော မိပါသေးသည်။ ကျေးဇူးတင်တယ် ဂရီဂိုရီ။ မင်း လိုချင်တဲ့ ဆုတော့ဖြင့် ရလိုက်ပြန်ပြီ။ အထက်တန်း ကျောင်းတုန်းက ကျောင်းသားဥက္ကဋ္ဌဖြစ်အောင် ယူလိုက်တဲ့ နည်းမျိုးနဲ့ပဲလေ။ အားကစား သတင်း ထောက် မှာ စိန့်လူဝီကပင် လေယာဉ်ပျံဖြင့်လာပြီး တောင်ပိုင်း အီလီနွိုက်တက္ကသိုလ်အထိ နာမည်ကြီး လာသော အားကစားကျော်ကြီး ဂရီဂိုရီ၏အကြောင်းကို မိနစ်သုံးဆယ်မျှ ရုပ်ရှင်ပြနိုင်အောင် လာ ရောက်ရိုက်ကူး သွားခဲ့တယ်။ စိန့်လူဝီက သူငယ်လေး။ ခင်ဗျားတို့ ယုံကြရဲ့လား။ ဒီကောင်လေးက အစိုးရအထောက် အပံ့ခံပြီး မွေးလာရတာတဲ့။

ကျွန်တော့်ကိုယ် ကျွန်တော်ကား "ဒေါ့လင်ဂဲယ်လ်"လောက် ကောင်းသော အပြေးကလေး ဖြစ်လာလိမ့် မည်ဟု မထင်ခဲ့မိပါ။ သို့သော် သတင်းစာများကမူ ယနေ့တွင် သူ့လို ကျွန်တော်ဖြစ်လာလိမ့်မည်ဟု ပြောနေကြပါသည်။ ထို့ကြောင့် ကျွန်တော်ကလည်း အထူးကြိုးစားလေ့ကျင့်ပြနေရပါသည်။ တစ်ချိန် တည်းမှာပင် တစ်ဖက်ကလည်း "သရော်မှု" အတတ်ပညာများကို ကျွန်တော် စတင်ဖန်တီးနေပြီဖြစ် သည်။ ထိုစဉ်ကမူ ဒါကို "သရော်" သည်ဟုပင် ကျွန်တော် မသိခဲ့သေးပါ။ ပွဲလမ်းသဘင်များတွင် ကျွန် တော်သည် စင်မြင့်ပေါ်တက်ပြီး လူဖြူ များကို ကျောင်းအကြောင်း၊ အားကစားအကြောင်းနှင့် ကမ္ဘာ့ အခြေအနေများအကြောင်းပြောပြီး၊ ယခုခေတ်တွင် အိမ်မှာ ကားတစ်စီး အပိုရှိသော မိသားစုမှဆင်း သက်လာသူမှလွဲ၍ အခြားလူများအဖို့ အိမ်က ထွက်ပြေးရန်မှာ အတော်ခဲယဉ်းသောအလုပ် ဖြစ်ပေလိမ့် မည်ဟု ပြောလိုက်သည်။ ထိုအခါ ပရိသတ်သည် ကျွန်တော်ပြောသည် ကို သဘောကျသွားပြီး ဝိုင်းရယ် ကြသည်။

စင်မြင့်ပေါ် တွင် ခေတ္တမျှ မတ်တပ်ရပ်ကာ ကျွန်တော့်ကို သဘောကျ၍ ရယ်နေကြသော သူ များကိုကြည့်ပြီး ဒါဟာ ပြေးပွဲမှာ ပန်းဝင်တာထက်တောင် အရသာရှိပါသေးလားဟုပင် တွေးမိလာ သည်။ သို့သော် ပြေးပွဲမှာ ပြေးရသည်မှာ အန္တရာယ် ပိုကင်းပါသည်။ စင်မြင့်ပေါ်တွင်ကား ကမ္ဘာ့အရယ် ရဆုံး ဟာသများကိုကား ပြောနိုင်ပါသည်။ သို့သော် လူဖြူများ စိတ်အခန့်မသင့်စရာများ ထည့်ပြောမိပါ မူ သင့်အဖို့အရယ်ခံရမည်မဟုတ်သည့်အပြင် ရန်ငြိုးပြု မုန်းတီးခြင်းပင် ခံရပေမည်။ ပြေးပွဲတွင်မူ သူတို့ က မုန်း သည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ ကိုယ်တော်လျှင် တော်သလို သူတို့ကို ဖြတ်ပေးပြီး ကျော်တက် ကာ အနိုင်ယူနိုင်ပေသေး သည် မဟုတ်လား။

ကျွန်တော်၏ နောက်ဆုံးသဲထိတ်ရင်ဖိုပြေးပွဲကား၊ ကောလိပ်ငယ်များ စုပေါင်းကျင်းပသော အမျိုးသား ကောလိပ်ငယ်များ စုပေါင်းကျင်းပသော အမျိုးသားကောလိပ်ပြေးပွဲပင်ဖြစ်ပါသည်။ တက်ဆက်ပြည် နယ်တွင် ကျင်းပပါသည်။ မကြာမီကပင် မိုင်ဝက်ပြေးပွဲတွင် တစ်နိုင်ငံလုံး၌ တတိယချိတ်ခဲ့ပါသည်။ သို့ သော် ယခု တစ်ပြည်လုံးမှ အတော်ဆုံး လူဖြူလူမည်းအပြေးသမားအားလုံးနှင့် ယှဉ်ပြိုင်ရသည်ကို ကျွန် တော် အလွန် ဂုဏ်ယူမိသကဲ့သို့ တစ်ချိန်တည်းမှာပင် ကြောက်စိတ်အရှိန်ကလေးလည်း ပေါ်နေခဲ့ပါ သည်။ ဖွင့်ပွဲနေ့က ကွင်းလယ်တွင် မတ်တပ်ရပ်ကာ ဘင်ခရာအဖွဲ့က ဂုဏ်ပြုချီတက်တီးမှုတ်ပြီး အလံ တော်ကို လေထဲတွင် တလူလူမြင့်တက်အောင် လွှင့်တင်လိုက်ရာ ကျွန်တော် တစ်ယောက်တည်းကိုပင် သီးခြားဂုဏ်ပြုနေသကဲ့သို့ပင် ခံစားနေရပါသည်။

ယင်းမှ ကျွန်တော် စိန့်လူဝီနှင့် ကာဘွန်ဒေးလ်ရှိ ရုပ် ရှင်ရုံများတွင် ကြည့်ခဲ့ရသော စစ်ကားများ အတိုင်းပင်ဖြစ်ပါသည်။ အမေရိကန်စစ်သားများကို မြှောက် စား၊ ကောင်းသော လူများကို ချီးကျူးကြပုံများ၊ ယခုလည်း ကိုယ့်ကိုယ်ကို ကြီးမြတ်စွာ မြှောက်စားချီး မြှင့်ခံနေရသည်မှာ ခံစားနေရပါသည်။ ကျွန်တော်ကား ပထမ ပွဲစဉ်များ၌ပင် ရှုံးနိမ့်ခဲ့ရပါသည်။ သို့သော် ကျွန်တော်ကမူ ပြိုင်ပွဲဝင်ရခြင်းကိုပင် ဂုဏ်ယူမဆုံးဖြစ်နေပါသည်။ ထို့နောက် ကျောင်းပြန်ရောက်သော အခါ၌ ရုတ်တရက် စဉ်းစားမိသည်မှာကား စစ်ကားများတွင် နီဂရိုးစစ်သားများ မည်သည့်အခါမျှပင် မပါ ခဲ့ခြင်းနှင့် "ဒီမှာ လူမည်းတွေအတွက် ကျွန်တော်တို့ ဘာတစ်ခုမှ လုပ်ပေးခွင့်မရှိတာ ဝမ်းနည်းပါတယ်" ဟူသော စကားများ၊ အမေရိကန်လူမျိုးတစ်ယောက် ဖြစ်ရခြင်းအတွက် ပျော်ရွှင်ကြည်နူး ဂုဏ်ယူမိ သော စိတ်တို့သည် တစ်ခါတည်းပင် လွင့်ပျယ်သွားပါတော့သည်။

သင် ကလေးဘဝတုန်းကဆိုလျှင် ဆိုင်အပြင်ဘက်မှ မှန်ချပ်ကြီးကို နှာခေါင်းဖြင့် ဖိကပ်ကြည့်ပြီး တစ်နေ့ငါကြီးလာလျှင်တော့ ဒီအထဲကို ဝင်ခွင့်ရနိုင်မှာပဲဟု သင့်ကိုယ်သင် အားပေးခဲ့မိပေလိမ့်မည်။ တစ်နေ့ကျ သင်လည်း အရွယ်ရောက်လာကာ လူကြီးတစ်ယောက် ဖြစ်လာပြီး လူကြီးတွေ လုပ်နိုင် သော အလုပ်အားလုံး လုပ်နိုင်ပေလိမ့်မည်ဟု သင့်ကိုယ်သင် ပြောမိနိုင်ပါသည်။ ဤသည်မှာပင် ကလေးများအတွက် အကောင်းဆုံး အိပ်မက်များ ဖြစ်ကြပါသည်။ သို့သော် မြို့ထဲ လျှောက်သွားပြီး သင့်အဖွဲ့မှ လူများက မှန်တံခါး၏ အခြားဘက် ဆီတွင် စားသောက်နေကြသည်ကို သင် မြင်ပင်မြင်ရပါ လျက် သင်သွားခွင့်မရသော အခါ၌ကား သင့်ကိုယ့် သင်တစ်နေ့ကြီးလာတဲ့ အထိ စောင့်ပြဦးမကွဟု ပြောပါတော့မည်လော။ သို့သော် ယခုပင် သင်လည်း လူကြီး တစ်ယောက်ဖြစ်လောနေပြီကော။ အိပ် မက်များသည် ပျောက်ကွယ်သွားလေပြီ။ လူကြီးဖြစ်ချင်သော စိတ်တို့သည် ရေစီးကြောင်းနှင့်အတူ မျော ပါသွားချေပြီ။

ကာဘွန်ဒေးလ်တွင် လူဖြူတစ်ယောက်ရှိသည်။ သူက အဝတ်ရောင်းသော ဆိုင်တစ်ခုပိုင်သည်။ ကျွန်တော် သည် ကျောင်းမှငွေချေးကာ ကျွန်တော် အသုံးမလိုသော ခြေစွပ်များ လည်စီးများ သွားဝယ် လေ့ရှိသည်။ သို့ဝယ်ရင်းနှင့် ပင် မြို့သို့ လျှောက်လှည့်ပတ်ကြည့်ရှုရသည်။ ဆိုင်ရှင်မှာ သဘောကောင်း သည်။ သူနှင့် ကျွန်တော် သည် ရာဇဝင်အကြောင်း၊ အားကစားအကြောင်းများ ဆွေးနွေးကြလေ့ရှိသည်။ သူက ကျွန်တော့်ကို အကြွေးပင်ပေးလေ့ ရှိသည်။ သို့သော် အသားအရောင် ခွဲခြားမှု ဥပဒေများ၊ နီဂရိုး (Negro) ဟူသော စာလုံးကို (n) ဖြင့် စာလုံးပေါင်းသူ ဆရာများအကြောင်း၊ နီဂရိုးကျောင်းသူများကို အဆောင်နေခွင့် မပြုသော အာဏာပိုင် များ၊ နှစ်မိုင်ခန့်ဝေးသော အိပ်ခန်းများတွင် သွားနေရပြီး ဘတ်စ် ကားမရှိ။ ဘာမရှိနှင့် လမ်းလျှောက်လာသော ကျောင်းသူများအကြောင်း စသည်တို့ကိုမူ ကျွန်တော်နှင့် ဆွေးနွေး၍ မရခဲ့ပေ။ နီဂရိုးကျောင်းသား များကား အဆောင်နေခွင့်ရကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့အများစုမှာ သူရဲကောင်း များ ဖြစ်ကြသည် မဟုတ်လော။
သို့သော် ကျွန်တော်တို့မှာ စောင့်အကြည့်ခံနေကြရသည်။

ဆက်ရန်
.

No comments: