Saturday, June 30, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၅)

မစ္စတာဂလန်ဒန်နင် က သူကောင်းပြုသည့်သဘောဖြင့် မဲလ်ဘုန်းပဲ့တင်သံ ညနေသတင်းစာတိုက်တွင် သူ့ကို အလုပ် ခန့် သည်။ ကောင်းစားချင်သည့် ဇောကပ်နေ၍ စမစ် လုပ်ငန်း အတက်မြန်သည်။ သုံးနှစ်အတွင်း စီမံ ခန့်ခွဲရေး မှူး ဖြစ်လာသည်။
ထိုအချိန်မှာပင် မင်နီလန်လေနှင့် သူ အိမ်ထောင်ကျသည်။ မင်နီက တရားဟောဆရာတစ်ဦး၏ သမီး။ ခရစ်ယာန် အသင်း မိတ်ဆုံပွဲတစ်ခုတွင် သူနှင့်ဆုံစည်းခဲ့သည်။ ထိုအသင်းတွင် စမစ် ရှေ့ဆောင်  ရှေ့ရွက် တစ် ဦး ဖြစ်လာသည်။ မဲလ်ဘုန်း ပဲ့တင်သံ သတင်းစာတွင် ၉နှစ်တိတိ သူ လုပ်ခဲ့ သည်။ ကို ဆက်ဖတ်ရန်....

မဲလ်ဘုန်း ပဲ့တင်သံ သတင်းစာတွင် ၉နှစ်တိတိ သူ လုပ်ခဲ့သည်။
တစ်နှစ် ပေါင်နှစ်သောင်း အမြက်ပေါ်သည့် အပတ်စဉ်ရောင်စုံ အချပ်ပို စာစောင် ထုတ်ခဲ့သည်မှာ သူ့ အကြံ ဥာဏ် အရဖြစ်သည်။ သတင်းစာ လုပ်ငန်းတွင် သူအစုရှင် တစ်ဦး ဖြစ်လာရ မည်မှာ မဝေးတော့ဟု အထင်ရောက်စ ပြု လာသည်။

ထိုအချိန်မှာ ပင် မစ္စကာ ဂလန်ဒန်နင် ရုတ်တရက် ကွယ်လွန်သွားသည်။ ညနေသတင်းကို ပြိုင်ဘက် ပြဒါး ရှင် သတင်းစာစု သို့ ရောင်းလိုက်ရသည်။ စမစ် ခမျာ လက်လွတ်ခြေလွတ်ဖြစ်ကာ အလုပ်မရှိ မကိုင် မရှိ ဖြစ်ရရှာတော့ သည်။ အခွင့် အလမ်း ပိတ်ရရှာတော့သည်။ မစ္စတာဂလန်ဒန်နာ၏ သေတမ်းစာတွင် သူ့အဖို့ တစ်စုံ တရာ ဖော်ရခြင်း မရှိသည်မှာလည်း အထိနာသော အချက်တစ်ခုဖြစ်သည်။
သုံးလ ခန့် အကြာတွင် ဇနီးသည်ကိုခေါ်ကာ အင်္ဂလန်သို့ ပြန်လာခဲ့သည်။ သင်္ဘောပေါ်တွင် ဗာနွန်ဆမ်မာဗီးလလ်နှင့် တွေ့သည်။ ဆမ်မာဗီးက ပြန်တမ်းသတင်းစာကို ၀ယ်ပြီးခါစ။ ဇာတာဆန်းလာဘ် ထလာပြန်ခြင်း ပင်။ သင်္ဘောပေါ်၌ ခရီးသွားဟန်လွဲ ဆုံဆည်းမှု တစ်ခုဖြင့်ပင် သူဘ၀ ကံဆိုးမိုးမှောင် ကျမှုကို ဖယ်ရှားနိုင် ပြန်ဦးတော့မည့် သဘော။

ဆမ်မာဗီးလ် က ဘာသိဘာသာ ဧကစာကျင့်သလို လုပ်နေသည်။ တစ်ညနေ ညစာစားပွဲအပြီးတွင် ကုန်းပတ်ပေါ် ၌ ဆမ်မာဗီးလ်နှင့် ဆုံမိအောင် စမစ် အကွက်ဆင်သည်။ အစတော့ ဆမ်မာဗီးလ်စိတ်လို လက် ရမရှိ။ ရိုင်းရိုင်းပျပျ ဟုပင် ဆိုရမတတ်း။ စမစ်က ကြိုတင် တွေးကြံထားသည့် အတိုင်း သူ့စကား ကို ပြော ဖြစ်အောင် ပြောသည်။ ဆမ်မာဗီးလ် က သူ့ကိုလူကဲခတ်လာသည်။ နောက်ဆုံးတော့ ဆမ်မာဗီးလ် က သူ့ကို မျက်စိကျသလိုလို ဖြစ်လာဟန်ဖြင့် လန်ဒန် ရာက်လျှင် လာတွေ့ရန် လိပ်စာပေးသည်။

ပြန်တမ်းသတင်းစာတွင် စမစ် အောက်ခြေမှ စရသည်။ လွန်ခဲ့သည့် ၇ နှစ် လုံးလုံး ဇွဲနပဲ ကြီးကြီး အားထုပ် မှုဖြင့် ရာထူး အဆင့်ဆင့်  တိုးလာခဲ့သည်။ ဆမ်မာဗီးလ်၏ အထွေထွေ လုပ်ငန်းစီမံခန့်ခွဲရေးမှုး ကလဲရင့် ဂရီလီ တစ်ဦး သာ သူ့အထက်တွင် ရှိတော့သည်။ ယခု ဥတ္တရအလင်းကို သူ ဦးစိးဝယ်ယူပြီး သူကိုယ်တိုင်စီမံ ခန့်ခွဲ ရတော့မည်။ ဤ အခွင့်ကောင်း ကို အလွတ်မခံနိုင်။
အောက်ထပ်သို့ ဆင်းရန် အချိန်တန်ပြီ။ ဟင်နရီပေ့နှင့် သွားတွေ့ရာတွင် အောင်မြင် မှု ရစေကြာင်း မတ် တတ်ရပ်၊ မျက်စိမှိတ်၊ လက်ယှက်ပြီး ဘုရားသခင်ထံ ဆုမွန်ကောင်း တောင်းလိုက်သေးသည်။
ညေးကို အရက်ခန်း ထဲတွင်တွေ့ရသည်။ ဘီယာသောက်နေ၏။

အရက် ခန်းစားပွဲထိုးနှင့် စကားလက်ဆုံဝင် နေ၏။ “ ၃ နာရိထိုးတော့မယ်။ ရေလေးမိုးလေးတောင် မချိုးတော့ဘူးလား“
“ဘာလုပ်ဖို့လဲ။ ဒီအတိုင်းလည်း ဒေသခံ အရိုင်းအစိုင်းတွေက ကျွန်တော့် ကို ကြိုက်ရကောင်မှန်းသိ တယ် ဗျ“ ညေး က ပြေပြေဆိုဆို စမစ်နှင့်အတူ အပြင်သို့ ထွက်လာသည်။ “ဟို ငနဲ ဆီက စကားတစ်ခု အစ်လို့ ရလာ တယ်ဗျ“။ ပေ့ မိန်းမက ပကာသန မက်တယ်။ ဟိတ်ဟန်များတယ်။ သမီးက ကဖို့လောက်ပဲ စိတ်သန် တယ်တဲ့။ သတင်းစာ မှာ မလုပ်ချင်တဲ့ သူ့သား သတင်းကိုလည်း ကြားခဲ့သေးတယ်“ “ဟုတ်လား။ သူ့သား က လုပ်နေပြီ ဆိုရင် လည်း ကျွန်တော်ကတော့ ဆက်ခန့်ထားချင်တာပါ“ စမစ်က သဘောဖြူအူစင်း ပြောသည်။

ညေးက ရှုံ့ရှုံ့မဲ့မဲ့ ကြည့်လိုက်သည်။ “အပိုတွေ လုပ်မနေစမ်းပါနဲ့ဗျာ“
ဖရက် က ကားအသင့် ရပ်စောင့်နေသည်။ လေးပြုသည်။ သူတို့ကားကြီးဖြင့် အခန့် သားထွက်လာခဲ့ကြသည်။ စမစ် က အေးအေး လူလူ ဂိုက်မျိုး ဖမ်းချင်သည်။ သို့သော် ဘုရင်မလမ်းမကြီးတစ် လျှောက် ကားမောင်းနေဆဲ မှာပင် ဇောချွေးပြန်လာသည်။ ပင်ကိုအားဖြင့် ချွေးထွက် သန်သူဖြစ်၍ လည်ကုပ် နှင့် လက်ဖ၀ါး တွင် ချွေးစိုနေလေပြီ။ ပေ့နှင့် လူချင်းတွေ့ချိန် နီးလာလေလေ ချွေးပိုပြန်လာလေလေ။
ညေး ပုံပန်း ကတော့ လုံးလုံးမဖြုံ။

၅ မိနှစ်အတွင်း ဥတ္တရအလင်းသတင်းစာတိုက်သို့ သူတို့ ရောက်လာကြသည်။ မဆိုင်းမတွပင် သူတို့ကို ပေ့၏ အခန်းသို့ လိုက်ပို့ပေးသည်။ အတိတ်ကောင်း နိမိတ်ကောင်းပြသော ဖော်ရွေမှု။

(၅)

လူနှစ်ဦး အခန်းထဲ ၀င်လာသည်။ ပေ့က ထိုင်ခိုင်းသည်။ အမှာစာများကို ဖိုင်တွဲနေသည့် မော့ဖတ်ကို အပြင် ထွက်ခိုင်း လိုက်သည်။ စမစ်က အပေါ်အင်္ကျီ ကြယ်သီးကို ဖြုတ်သည်။ ပေ့ကို လူကဲခတ်သည်။ ဥတ္တအလင်း ပိုင်ရှင် ၏ ပုံပန်းသဏ္ဍန်ကို ချက်ချင်း သဘောကျသွားသည်။ ပေ့ကို အလုံးအဖန် သေးသေး ၊ အမူအရာ အေးအေးနှင့် နှိုင်းနှိုင်းချိန်ချိန် ရှိပုံရသော လူတစ်ယောက်အဖြစ် စမစ်မြင်မိသည်။
ပေ့ သည် ဗိုက်ရွှဲစပြုသော အရွယ်သို့ ရောက်နေပြီ ။ မျက်လုံးများက ညို မှောင်မှောင် ။ သူဝတ်ထားသည့် အ င်္ကျီ နှင့် တစ်သွေးတည်း။ ထိုမျက်လုံးများတွင် ဟက်ပက်လှိုက်လှဲမှု၊ သဘော သကာယ ကောင်းမှု တို့ကို မြင်ရသည်။

စမစ် အားတက်သရော ရှိလာသည်။ ချောင်းတစ်ချက် ဟန့်လိုက်သည်။ အာလာပသလ္လာ  စကားစပြော သည်။ ပြီးမှ လိုရင်းစကားဘက် သို့ သိမ်သိမ် မွေ့မွေ့ ဆွဲပြောသွားသည်။
“မစ္စတာပေ့ ဆီကို ရင်းရင်းနှီးနှီးလာတွေ့တာပါ။ လာရင်းကိစ္စလည်း သိပြီးတဲ့ အတိုင်း ပါပဲ။ လူကြီးမင်းရဲ့ သ တင်းစာ ကို ဆမ်မာဗီးလ် အုပ်စုက လေးလေးစားစား အာရုံထားနေပါတယ် ခင်ဗျ“
ဟင်နရီပေ့ တအောင့်လောက် တွေ့သွားသည်။ “ကျွန်တော် နားမလည်နိုင်တာက ဥတ္တရအလင်းကိုမှ ဘာဖြစ်လို့ ဒီလို အာရုံထားနေ သလဲ ဆိုတာပါပဲ“
အင်ယူအာစီမံကိန်း ကို ပေ့ အလျဉ်း သိပုံမရ ။ စမစ်က စကားအစ ဖော်မနေတော့။ အကြောင်း အရင်း မှန် ကို သာ ပြောပြ လိုက်တော့သည်။

“ကျွန်တော် ကိုလည်း လုပ်ငန်းချဲ့ချင်နေ၊ မစ္စတာပေ့ သတင်းစာရဲ့ ဂုဏ်သတင်းကိုလည်း သိနေလို့ပါပဲ“။
“ကောင်းတဲ့ သတင်းလို့ရော ထင်ပါစဗျာ“
“ထင်ပါတယ်ခင်ဗျာ“
စမစ် သာသာထိုးထိုးကလေး ပြောရန် ချက်ကောင်းရသွားသည်။
“သူ့ အတန်းစား ထဲမှာတော့ ဥတ္တရအလင်းဟာ ထိပ်တန်း ပဲလို့ တွက်ထားတာပါ“။
“ဒီလိုဖြင့်လည်း ကျွန်တော်က ဘာဖြစ်လို့ ရောင်းရမှာလဲဗျ“
“ကျွန်တော် ရှင်းပါရစေ မစ္စတာပေ့“
စမစ် က ကိုယ်ကို ရှေ့ကိုင်းလိုက်သည်။ စကားကို ဖြည်းဖြည်းချင်း ပြောသည်။ “ထူးထူးခြားခြား အခြေ အနေ အရပေါ့ ခင်ဗျာ။ အခုအချိန်ထိတော့ လန်ဒန်သတင်း စာကြီးတွေ ၀င်တိုးတာကို မစ္စတာပေ့ တောင့် ခံ နေနိုင်တယ်။ ဒါပေမဲ့ ကြာရှည်သဖြင့် ဖြစ်နိုင်မယ် မဟုတ်တော့ပါဘူး“

“ကျွန်တော်တော့ ဒီလိုမထင်ဘူး။ တောင့်ခံနိုင် တာထက်တောင် ပိုသေးတယ်။ နောက်ဆုံး စာရင်းတွေအ ရ ဆိုရင် မနှစ်ကထက် ဒီနှစ်စောင်ရေ လေးထောင်တိုးလာတယ်။ လက်ရှိစောင်ရေက ရှစ်သောင်း ရှိတယ်။ ခင်ဗျား တို့ရဲ့ ပြန်တမ်းသတင်းစာက ဒီနယ်မှာ ကိုးထောင်ထက် ပိုရောင်းရမယ် မထင်ဘူး။မစ်ဂ်ဟီးလ်ရဲ့ ကမ္ဘာလုံး သတင်းစာ ဆိုရင် ခုနှစ်ထောင်ပဲ ရောက်ပြီး အတော်တော်များများက ပုံနေတာပဲ“
“၀န်ခံ ပါတယ်။ မစ္စပေ့ အောင်အောင်မြင်မြင် လုပ်နိုင်တာကို ကျွန်တော်တို့ သိပါတယ်။မစ္စတာပေ့ ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်း ကို သေးသိမ်အောင် လုပ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခေတ်တွေက သိပ် အပြောင်းမြန် နေပါပြီခင်ဗျာ။ စက်မှုလုပ်ငန်းချဲ့ဖို့ စိတ်ဒုံးဒုံးချထားတာတွေနဲ့ဆိုရင် အပြိုင်အဆိုင်တွေ သဲသဲမဲမဲ ပေါ်လာ တော့ မှာပါ။ ဒီနယ်ထဲမှာ မစ္စတာပေ့ သတင်းစာလို သီးခြားသတင်းစာ ဆိုလို့ လေးငါး ခြောက်စောင်ပဲ ရှိတော့တာပါ။ ကျွန်တော်ပြောရဲပါတယ်။ ၂နှစ် ၃ နှစ်အတွင်း အဲဒီသတင်းစာတွေ အမျိုခံ ရမှာပါ“။
“အဲဒီ သတင်းစာတွေ အမျိုခံရချင် ခံရမှာပေါ့။ ဥတ္တရအလင်းကတော့ ခံရမှာ မဟုတ်ဘူး“

“မစ္စတာပေ့ ကတော့ အပိုင်တွက်နေမှာပေါ့လေ။ ဒါပေမဲ့ မစ်ဒ်လန်တစ်နယ်တည်းမှာပဲ မနှစ်က သတင်းစား ငါးစောင် ပြုတ်သွားတာလည်း မစ္စတာပေ့ မမေ့သေးဘူးလို့ ထင်ပါတယ်“။
သတင်းစာ ဆရာ တစ်ရာကျော်အပါဝင် အလုပ်သမားတွေ ထောင်ချီပြီး အမှိုက်လှဲခံရတာကိုလည်း ထည့် ပြောဦးလေ“
“အစစ်ပေါ့ ခင်ဗျာ။ ပြီးတော့ ဟန်ဘရစ်မြို့ကို နမူနာထားကြည့်ပါ။ လွန်ခဲ့တဲ့သုံးနှစ်က အဲဒီမြို့မှာ မနက် သတင်းစာ တစ်စောင် ၊ညနေသတင်းစာ နှစ်စောင်နဲ့ ဂျာနယ်တစ်စောင် ရှိခဲ့ပါတယ်။ အခုဆိုရင် အားလုံး ပြုတ်ပြုတ်ပြုံးပြုံးသွားပါပြီ။ ညနေသတင်းစာ တစ်စောင်တည်း သက်ဆိုးရှည်နေတယ်။ ဒါတောင် ဒေသခံ လူ တွေပိုင် တဲ့ သတင်းစာ မဟုတ်ပါဘူး“
“ဟက်ဒယ်လ်စတန်က ဟန်ဘရစ်နဲ့မှ မတူတာ“
“မစ္စတာပေ့ ခင်ဗျာ။ တစ်ဆိတ် သည်းသည်းခံပါ။ တကယ်တန်းပြောရရင် ကျွန်တော် မစ္စတာပေ့ ဘက်က လိုက်ပြောနေတာပါ။ မနှစ်က နောက်ပိုင်း ဒေသ သတင်းလွှာရဲ့ အဖြစ်ကို သိမှာပေါ့“။
“သိပ်သိတာပေါ့ ။ တကယ့် အဓမ္မမှုကြီးဟာပဲ“။

“ကျွန်တော်တို့ မဟုတ်ပါဘူး။ ဂျိုနသန်အုပ်စုရဲ့ လက်ချက်ပါ။ ဒါပေမဲ့ လန်ဒန်က ဧရာမလုပ်ငန်း ကြီးကို သ တင်းစာကလေးတစ်စောက်က ခံတိုက်တာ ဆိုတော့ ခံရချက်တောင် နည်းသေးတယ်။ လူတွေ ထမင်းအိုး ကွဲလိုကွဲ၊ ဒေသခံအစု စပ်ပိုင်ရှင် တွေ အရင်းပြုတ်လိုပြုတ်။ လူပြိန်းတွေးကလေးနဲ့တောင်မှ မတွေးဘဲ ကိုး။ အမှိုက်ကစ  ပြဿဒ်မီးလောင် ကုန်တော့တာပေါ့။ အကျိုးသင့် အကြောင်းသင့် တွေးတတ်တဲ့ လူသားမှန်သမျှ ဒီအဖြစ်မျိုး အဖြစ်ခံမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ခင်ဗျာ“။
ဟင်နရီပေ့ က စမစ်ကို စိမ်းစိမ်းစိုက်ကြည့်နေသည်။ စမစ်က သူ့စကား လွန်သွားပြီဟုထင်နေသည်။ 
“ဒါကခြိမ်းချောက်နေတာလား“ စမစ်က ကပျာကယာ ဖြေသည်။

“မစ္စတာပေ့ ခင်ဗျာ။ လုံးလုံးကို မဟုတ်ရပါဘူး။ လက်ရှိ အခြေအနေမှာ မစ္စတာပေ့ အဖို့ ဘယ်လောက် လမ်းသာနေတယ်ဆိုတာ ထောက်ပြတာပါ။ တစ်ဆိတ်ကလေး ရှင်းပြပါရစေဦးခင်ဗျာ“
စမစ်သည် သူ့ လက်ဆွဲ အိတ်ကို ဖွင့်သည်။ စက္ကူထပ်ကြီးကို ထုတ်သည်။ လွန်ခဲ့သည့် သုံပတ်အတွင်းသူ စုံစမ်း စုဆောင်း ထားသည့် စက်ရုံတန်ဖိုး၊ စက်ကရိယာတန်ဖိုး၊ သတင်းစာ နာမည်တန်ဖိုး ရှိပစ္စည်း အရပ်ရပ်တန်ဖိုး စသည် ကိန်းဂ ဏန်းများကို ဖက်ပြသည် ။ ပြောလက်စ စကားကို ပြန်ဆက်သည်။
“လုပ်ငန်း တစ်ရပ်လုံး ပေါင် ခုနှစ်သောင်းခွဲလောက်  တန်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်။ ကျွန် တော် စောစောက ကမ်းလှမ်းတဲ့ဈေးက ယာယီ သက်သက်ပါ။ အဲဒီဈေးထက် နှစ်ဆတိုးပြီး ဥတ္တရအလင်း အတွက် ပေါင် တစ်သိန်းကမ်းလှမ်း ဖို့ ကျွန်တော်ကို အာဏာလွှဲလိုက်ပါတယ်“
ဟင်နရီပေ့ က ချက်ချင်း အဖြေမပေး ။ သူ့ ကမ်းလှမ်းချက်ကို လက်ခံတော့ မည်မုချဟု စမစ် ထင်လာသည် အထိ သူတို့ နှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေသည်။ ပြီးမှ ပျော့ပျော့ ပျောင်းပျောင်းပင် ဖြစ်သည်။

“မိတ်ဆွေ တို့ကို ကျွန်တော် ရန်လိုစရာလည်း မလိုပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပဲ။ ဒါပေမဲ့ ဒီနေ့ ကျွန် တော် တို့ သတင်းစာ လောကမှာ ဘာတွေ ဖြစ်နေကုန်ပြီဆိုတာတော့ သိဖို့ ကောင်း ပါတယ်။ ဖြစ်တဲ့နည်းနဲ့ ဈေးကွက်ချဲ့ ချင်တဲ့ အုပ်စုကြီး လက်တစ်ဆုပ်စာက သူတို့လိုချင်တဲ့ သတင်းစာတိုင်းကို လိုက်မျိုနေတယ်။ ကောင်းကောင်းကန်းကန်း ရည်ရွယ်ချက်ဆို လို့ ဘာမှ မရှိဘူး။ စောင်ရေတိုးချင်တာ တစ်ခုပဲ ရှိတယ်။ ဒီနေ့ ခေတ်စားနေတဲ့ အပြိုင်အဆိုင် လည်းလှီးပွဲမှာ ကိုယ့်ပြိုင်ဘက်ကို အနိုင်ယူချင်တာ တစ်ခုပဲရှိ တယ်“။  စမစ် ကြားဖြတ်ပြောမည့် ဆဲဆဲ ပေ့က ဆက်ပြောသွားသည်။

''သတင်းစာရဲ့ သြဇာသတ္တိကို ကျွန်တော်တို့ အားလုံးသိနေကြတာပဲ။ ဆိုးတာတွေ အတွက် ဖြစ်ဖြစ်၊ ကောင်းတာအတွက်ဖြစ်ဖြစ်ပေါ့လေ။ အတိုင်းအဆမရှိတဲ့ သြဇာသတ္တိပဲ။ လူတစ်ဦးချင်း ကို ကောင်းစားအောင် လုပ်မလား။ မွဲပြာကျအောင်လုပ်မလား။ လုပ်နိုင်ပါတယ်။ အစိုးရတစ်ဖွဲ့ကို တင်နိုင်ပါ တယ်။ ဖြုတ်နိုင်တယ်။ လွဲပါစေ။ ဖယ်ပါစေ။ စစ်မီးကိုတောင် မွှေးနိုင်တယ်။ သတင်းစာကြီးတစ်ချို့က အဲဒီ သြဇာသတ္တိ ကို မတန်မရာ ကိစ္စတွေအတွက် အသုံးချနေတယ်။ စောင့်စည်းမှုမရှိတော့ဘူး။ ဒါဟာ ဒီနေ့တိုင်းပြည် ကို ကျိန်စာတိုက်တဲ့သဘောဖြစ်နေပြီ။ နက်ဖြန်ဆိုရင် ပျက်ကိန်း ဆိုက်အောင်လုပ်တဲ့ သဘော ဖြစ်လာနိုင်တယ်။''

ပေ့က တွန်းပြောလေ၊ ညေးက ဂနာမငြိမ်လေ ဖြစ်လာသည်။ ငွေရေး ကြေးရေးပြောဖို့မှာ စမစ်ကိစ္စဖြစ်မှန်း သူ သိပြီးသာ။ ပေ့က ခက်ခက်လက်ငင်းလက်သင့်ခံလိမ့်မည် မဟုတ်မှန်းလည်း သူ သိပြီးသား။
''သတင်းစာ ရဲ့ သြဇာသတ္တိကို ကျွန်တော်တို့ အားလုံးသိနေကြတာပဲ။ ဆိုတာအ တွက် ဖြစ်ဖြစ် ၊ ကောင်းတာ အတွက် ဖြစ်ျဖြစ်ပေါ့လေ။ အတိုင်းအဆ မရှိတဲ့ သြဇာ သတ္တိပဲ။ လူတစ်ဦးချင်း ကို ကောင်းစားအောင် လုပ်မလား။ မွဲကျအောင် လုပ်မလား။ လုပ်နိုင်ျပါတယ် အစိုရတစ်ဖွဲ့ကို တင်နိုင်တယ်။ ဖြုတ်နိုင်တယ်။ လွဲ ပါစေ ဖယ်ပါစေ။ စစ်မီးကိုတောင် မွှေးနိုင်တယ်။ သတင်းစာကြီးတချို့ က အဲဒီ သြဇာသတ္တိကို မတန်မရာ ကိစ္စတွေ အတွက် အသုံးချနေတယ်။ စောင့်စည်းမှု မရှိ တော့ဘူး။ ဒါဟာ ဒီနေ့တိုင်းပြည်ကို ကျိန်စာတိုက်တဲ့ သဘောဖြစ်နေပြီ ။ နက်ဖြန် ဆိုရင် ပျက်ကိန်းဆိုက်အောင် လုပ်တဲ့သဘော ဖြစ်လာနိုင်တယ်''

ပေ့က တွန်းပြောလေ၊ ညေးက ဂနာမငြိမ်လေ ဖြစ်လာသည်။ ငွေရေးကြေးရေး ပြောဖို့မှာ စမစ် ကိစ္စဖြစ်မှန်း သူသိပြီး သား။ ထို့ကြောင့် တမင် ရေငုံနှုတ်ပိတ်လုပ်နေသည်။ ဘာမှ ဝင်မတား။ နေသာသပ လေညာက မျက်နှာထားဖြင့် ကုလားထိုင်ပေါ်တွင် ပျင်းတိပျင်းရွဲထိုင်နေခဲ့သည်။ သို့သော် ယခု သူငြိမ်မနေနိုင်တာ့။ ဒိုးဒိုးဒေါက်ဒေါက် ဝင်ပြောလိုက်၏။
''ခင်ဗျား ရဲ့ ခြောက်ပြစ်ကင်း သတင်းစာကလေးကိုတော့ အဲဒီပျက်ကိန်းဆိုက် ကိစ္စကြီး မှာ ဘေးမဲ့ပေးထားတော့မှာလားဗျ''
''ပေးထားမယ်'' ပေ့ က တည်တည်ငြိမ်ငြိမ် ဝင်ဖြေသည်။

''ကျွန်တော့် သတင်းစာက ကိုယ့်နယ်ကျဉ်းကျဉ်းကလေးထဲမှာ မူဝါဒ တိတိကျကျ ကိုင်စွဲခဲ့တဲ့ သတင်းစာကြီးတွေရဲ့ ခြေရာကို နင်းတယ်။ တိုင်းသူပြည်သားတွေကို ရှေ့ဆောင်ရှေ့ရွက်ပြုတဲ့ သတင်းစာကြီးတွေ ရဲ့ လမ်းကြောင်းကို လိုက်တယ်။ တိုင်းသူပြည်သားတွေကို ဖိုမကိစ္စတွေ ၊ အာရုံလိုက်စား မှုတွေ၊ မကြားဝံ့မနာသာ အတင်းအဖျင်းတွေနဲ့ ကြီးပြင်းရတဲ့ နလပိန်းတုံး အရိုင်းအစိုင်း လူမျိုးအဖြစ် မွေး ထုတ် မယ့်အစား ဆင်ခြေတုံ တရားကြီးတဲ့ နိုင်ငံသားကောင်း တွေ အဖြစ် မွေး ထုတ်ပေးဖို့ ကြိုးစားတဲ့ သတင်းစာကြီးတွေ ရဲ့ လမ်းကြောင်းကိုလိုက်တယ်''
''ခင်ဗျား ကြည့်ရတာ အဗြဟ္မစရိယသမား ကျနေတာပဲ။ လိင်ကိစ္စ စိတ်ကုန် နေ ရော့သလားဗျ''
''ကုန်တယ်လေ'' နေ့ရှိသမျှ ဘရာဇီယာတွေ၊ ဘီကီနီတွေနဲ့ ပေါက်ပေါက်ကြဲသ လို သောက်သောက်လဲ လုပ်နေရင်တော့ ပြောချင်သလိုပြော။ လိင်ကိစ္စကို စိတ် ကုန်တယ်''
''ထားပါတော့လေ'' စမစ်က ဒရောသောပါး စကားဖြစ်သည်။

''ဒါက ငြင်းနေစရာ ကိစ္စ မဟုတ်ပါဘူးဗျာ''
ညေးက တောင့်တောင့် ယောင့်ယောင့် ပြန်ထိုင်သည်။ သရော်ပြက်ချော် လေ သံဖြင့် စကားဆက်သည်။
''တစ်ခုတော့ ပြောပါရစေ။ ခင်ဗျားရဲ့ အဗြဟ္မစရိယ နိဗ္ဗန္ဒချောင်ကလေး တော့ လွတ်ချင်လွတ်မယ်။ တိုင်းသူပြည်သား တချို့ကတော့ ဘီကီနီနဲ့မြာကလေး တွေကို ငန်းချင်တယ်။ အိမ်ကကြက်မကြီးနဲ့ စက်တော်ခေါ် မယ့်အစား အဲ့ဒီမြာ ကလေးတွေနဲ့ ရွှေလည် တွဲရတယ်လို့ အိမ်မက်မက်ချင်တယ်။ လူမှာ လိင်ကိစ္စ၊ ငွေကိစ္စဆိုတဲ့ အဓိက ကိစ္စကြီးနှစ်ခုပဲ ရှိတယ်။ ဘာဖြစ်လို့ ရှောင်ပြေးရမှာလဲဗျ။ ကြာကူလီ သတင်းလောက် သတင်းစာရောင်း စွံ တဲ့ သတင်း မရှိဘူး ဆိုတာ ခင် ဗျား သိဖို့ ကောင်းတယ်။ အဲ့ဒီ သတင်းမျိုး ကို လူတွေ ဖတ်ပစေပေါ့။ အလုပ်သ မား တစ်ယောက် စောစောစီးစီး ကော်ဖီသောက်ရင်း ဘာချင်ခြင်းတပ်တယ် လို့ ခင်ဗျား ထင်သလဲ။ ခင်ဗျားတို့ ရေးနေတဲ့ အရူးဘုံမြှောက် ပလီစိချောက်ချက် ဒေသနာတွေ မဟုတ်ဘူးဗျ။

 ကျွန်တော်တို့  ပြန်တမ်းမှာရေးနေတဲ့ အညှီအ ဟောက် ကလေးတွေဗျ''
'' အစစ်ပေါ့။ ဒါကြေင့် တနင်္လာနေ့က ခင်ဗျားတို့က အဲဒီ အလုပ်သမား ကို သွေး ရဲရဲ သံရဲရဲ သုံးလောင်းပြိုင် သတင်းနဲ့ သတ္တိ မွေးပေး လိုက်တာ ပေါ့လေ။ ဟုတ် လား''
ပေ့ မျက်နှာ ဖြူရော်ရော် ဖြစ်လာသည်။ လည်ပင်း ကြောကြီး များတေင် ထလာသည် ။ သို့သော် တည်တည် ငြိမ်ငြိမ် ချုပ်ချုပ်တည်းတည်ပင် ရှိသေးသည် သူ့စားပွဲ အံဆွဲထဲမှ သတင်းစာဖြတ် ပိုင်းများကို ဆွဲထုတ် လိုက်သည်။

''ခင်ဗျားက ကျွန်တော် သတင်းစာကို သုတေသနလုပ်တယ်။ ကျွန်တော်ဂုဏ်ယူ ပါတယ်။ ကျွန်တော် ကလည်း လွန်ခဲ့တဲ့ လေးရက်က ခင်ဗျားတို့ သတင်းစာက တိုလီမုတ်စတွေကို စုထား ပါတယ်။ ဟောဒါ  ခေါင်းစည်း တစ်ခုပဲ။ ဖေါ် ကွာဝေးကမ္ဘာလှည့်ကို မွန်မတ် ဝစ်လစ်စလစ်တို့ မြှူဆွယ်။ လင်ကောင် ပေါ်တဲ့ သတို့သမီး လမ်းသရဲ တို့ ရေမွှေးစွဲ ။ ချွတ်ဖော်ကချေသည် ကလေး ဝတ်ကြောင်ရုန်းပြီး လွတ်ရှောင်ပုန်း။ ၆၀ ကျော်မှ အမြွှာပေါ်။ နကမ္ပတိ မုဒိန်းကိစ္စ သူနာပြုဆရာမ လေး ရှင်းမပြနိုင်။ ကျားတဏှာရူး လမ်းသလားနေ။ အရှေ့တိုင်းဆောင်ကြာမြိုင် မှ အနောက်တိုင်း ဇိမ်မယ်။ ဘုရင်ကို မြှူချိုတဲ့ ရွှေဝါကေသာ သူလျှိုမလေး။ အပျိုကြီး ရဲ့ အပျိုစင် လင်မဲ့ေ မွးတဲ့ သမီးလေး။ တစ်ခါမှ မတစ်ခါဖူးတဲ့ မစ်တော်မ်ကင်စ်။ လင်တော်မောင် လိပ်ပြောင်း မိန်းမကောင်း ဖြစ်။

ခင်ဗျားတို့ရဲ့ အယုတ္တ အနတ္တတွေကို ဆက်ပြောမနေတော့ပါဘူး။ ကျွန်တော် အပြတ်ပြော လိုက်မယ်။ ကျွန်တော့် သတင်းစာကို တစ်ပိုင်းသေနေအောင် ရောင်းချင်ရင်တောင် ပြန်တမ်းအုပ်စု ကိုတော့ ဘယ်တာ့မှ မရောင်းဘူး။ ဒါပဲ" "တစ်ဆိတ်ခင်ဗျား။ မစ္စတာပေ့"
စမစ် က ကုလားထိုင် အဖျားပိုင်းသို့ တိုးထိုင်ကာ စိုးရိမ်တကြီး ပြောသည်။ အလွဲလွဲ အချော်ချော် တွေတော့ ဖြစ်ကုန်ပြီဟု တွေးမိ၏။
"အရင်စလို လုပ်စရာ မလိုပါဘူးလေ။ တစ်ရက် နှစ်ရက်တန်သည် စဉ်းစားပါဦးလား ခင်ဗျာ"
"မလိုပါဘူး။ ကျွန်တော့်ဆုံးဖြတ်ချက်က အပြီးအပြတ်ပဲဟာ"
"ဒီလိုဆိုလည်း ခင်ဗျား သတင်းစာတော့ ပြိုင်ဘက်ကလေး ရဦးမှာပေါ့။ မိုးမီးလောင်မယ့် သတင်းစာ၊ သဲသဲမဲမဲ သတင်းစာ ဆိုတာတော့ စိတ်သာချပေတော့"
ညေးက ပြောသည်။

"မစ္စတာပေ့ သိပ်မှားနေပြီလို့ ကျွန်တော် ထင်ပါတယ်"
စမစ်က ညေးကို နှုတ်ပိတ်ရန် လှမ်းကြည့်လိုက်သည်။
"ကျွန်တော်တို့ ဒီနယ်မှာ သတင်းစာထောင်ဖို့ ဆုံးဖြတ်ထားပါတယ်။ မျှမျှတတ တရားဝင်နည်းနဲ့ ထောင်မှာပါ။ ဒါကြောင့် မစ္စတာပေ့ကို ဈေးကောင်းကောင်း ပေးပြီး ကမ်းလှမ်းတယ်။ မစ္စတာပေ့က ငြင်းတယ်။ ဒီတော့ ကျွန်တော် တို့ သတင်းစာ အပြိုင်ထုတ်ရတော့မှာပေါ့။ ကျွန်တော်တို့လည်း ဒီမှာ သတင်းစာ ဖွင့်ခွင့် ရှိပါတယ်"
"ခင်ဗျားတို့ ပြောတာ မှန်ပါတယ်"
ပေ့က စောစောကထက် စကားကို ပို၍ လေးလေး ပြောသည်။

"ဒါပေမဲ့ ခင်ဗျားတို့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ ထပမအကြောင်းက မြို့လူဦးရေက သတင်းစာနှစ်စောင် ထုတ်ရလောက်အောင် မများဘူး။ ဒုတိယအကြောင်းက ဥတ္တရအလင်းက အခြေ သိပ်ခိုင်နေပြီ။ ဘယ်သူမှ အစားထိုးလို့ မရနိုင်ဘူး။ ဒီသတင်းစာကို ၁၇၆၉ခုနှစ်ကတည်းက ထောင်ခဲ့တယ်။ သတင်းစာ လွတ်လပ်ခွင့်နဲ့ လွှတ်တော်သတင်းတွေ ရေးခွင့်အတွက် ၀ီလ်ကက်နဲ့ အတူ တိုက်ပွဲ ၀င်ခဲ့လို့ ဒီနီယယ်ပေ့ ထောင်ကျခဲ့တယ်။ အဓမ္မ စည်းကြပ်တဲ့ သတင်းစာ အခွန်တွေ ကို အသိပညာ အခွန်ဆိုပြီး ကျွန်တော့် အဘိုးရဲ့ အဖေ ဂျိမ်းစ်ပေ့ ဦးဆောင်ဆန့်ကျင်ခဲ့တယ်။ အရေးယူခံခဲ့ရတယ်။ ဒါတွေ ခင်ဗျားတို့ သိကြရဲ့ လား။ သိမှာလည်း မဟုတ်ပါဘူး။ သိအေင်လည်း လုပ်မနေပါနဲ့တော့"
ညေးက ၀င်ပြောသည်။

"ခင်ဗျား စောင့်ကြည့်ပေါ့။ ခင်ဗျား တစ်နှစ်ခွဲအတွင်း ပြုတ်ရစေ့မယ်။ နှစ်လေး တစ်လေး လောင်းမလား"
"ကျွန်တော် လောင်းကစားဝါသနာမပါဘူး။ ခြောက်တိုင်းလည်း မကြောက်ဘူး။ ဒီနယ်မှာက စလုံးရေ စ ကနေ သတင်းစာထောင် လို့ ဖြစ်နိုင်တာ မဟုတ်ဘူး"
"မစ္စတာပေ့ တွက်ကိန်းမှားနေပြီ။ မစ္စတာပေ့ မသိတဲ့နည်းလမ်းတွေ ကျွန်တော်တို့မှာ အသင့်ရှိပြီး သားပါ။ သဘောထားပြောင်း ဖို့ ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျာ" စမစ်က ၀င်ပြောသည်။
"မပြောင်းနိုင်ဘူး" ဟင်နရီပေ့က ခေါင်းခါသည်။
ခဏငြိမ်သွား သည်။ စမစ်က သက်ပြင်းရှည်ကြီးချသည်။ မတ်တတ်ရပ်လိုက်သည်။

"ကောင်းပါပြီ ခင်ဗျာ။ သဘောတူချက် မရတဲ့ပင် အယူအဆ မတိုက်ဆိုင်တာတွေပါ ဖြစ်ရလို့ ကျွန်တော် စိတ်မကောင်းပါဘူး။ ခဏတွေ့လိုက်ရပေမယ့် မစ္စတာပေ့ကို ကျွန်တော် ခင်မင်ပါ တယ်။ လေးလည်း လေးစား ပါတယ်။ ကျွန်တော်တို့ မျှမျှတတ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြိုင်သွား မယ်ဆိုတာ ကတိပေးပါတယ်"
စမစ်က ပေ့နှင့် လက်ဆွဲ နှုတ်ဆက်သည်။ ညေးက ဟန်လုပ်၍ နှုတ်ဆက်မနေ။ စီးကရက်တစ်လိပ် ကို မီးညှိသည်။ မီးခြစ်ဆံကို အခန်းထောင့် အမှိုက်ခြင်းထဲသို့ ပစ်ချလိုက်သည်။ စမစ် အလျင် အခန်းထဲမှ ထွက်လာခဲ့သည်။ ကားထဲပြန်ရောက်တော့ ညေးက ...
"မရောင်းပါဘူးလို့ ကျွန်တော် ပြောရက်သားနဲ့ဗျာ" ဟု ပြောသည်။

"ခင်ဗျား ဘာဝင်ပြီး ကူပြောလို့လဲ"
စမစ်က ပြတ်ပြတ်တောင်းတောင်း ပြောသည်။
"ကြောက်ကန်ကန်အောင်သာ လုပ်နေတာပဲ"
"ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ဘယ်တော့မှလည်း ရောင်းမှာ မဟုတ်ပါဘူး။ ဘူးဆို ဖရုံမသီးချင် တဲ့ သောက်ရူးကြီးပါ။ သူ့သတင်းစာနဲ့ပဲ ဖတ်သေမယ့်ဟာကြီးပါဗျာ။ စွဲလန်းတာလည်း တစ်ကြောင်း၊ ဘ၀င်မြင့် တာလည်း တစ်ကြောင်းပေါ့လေ။ ဦးကျိုးအောင် ချိုးမှ ဖြစ်မယ်။ ပြောလိုက်ရင် ပြည်သူ့ အကျိုးဆောင် လုပ်ငန်းလေး ဘာလေး နဲ့။ လူကြားကောင်းအောင် အော်နေတဲ့ ကြောင်သူတော် ကြီး။ အဲဒါမျိုးက တကယ့် အရေခြုံ လုပ်ငန်းဗျ။ ကျောက်ခေတ်နဲ့ပဲ တန်တယ်။ သူ့သတင်းစာတိုက် က ဓာတ်လှေကားကလေးတောင် မရှိဘူး။ သူ့နောက်နားက မြာကြီးကိုလည်း တွေ့တယ်မလား။ ပြဇာတ်ထဲက ဟင်းမလက်အမေ တစ္ဆေမကြီးနဲ့ မတူ ဘူးလား။

နံရံပေါ်မှာ မုတ်ဆိတ် ထူလပျစ်နဲ့ သူ့အဘိုးအေကြီးပုံတွေ၊ စားပွဲပေါ်မှာ ဘိုးတော်ဘုရားလက်ထက်က ပုံနှိပ် ပန်းချီကားတွေ"
စမစ် က ညေးကို လေကုန်သည်အထိ လွှတ်ပေးထားလိုက်၏။ သူ့အတွေးနှင့် သူ နေလိုက်၏။ သတင်းစာ ကို ရော့ပတ္တမြား ရော့နဂါးဝယ်၍ မရလိုက်ခြင်းကြောင့် လပေါင်းများစွာ အလုပ်ပိတော့ မည်။ တာဝန်ပိုတော့မည်။ ထို့ကြောင့် စမစ် စိတ်ပျက် မိ၏။ သို့သော် စိတ်အားတော့မငယ်။ သူ့အစွမ်းအစကို ဆမ်မာဗီးလ်အား ပို၍ ပြခွင့်ရပေတော့ မည်။
ဟိုတယ် သို့ ရောက်ရောက်ချင်း ရုံးချုပ်သို့ တယ်လီဖုန်းဆက်သည်။ သူ့အထက်လူကြီး ဂရီလီထံ အစီရင်ခံသည်။ သူ့လက်ဝယ် ရရှိထားပြီးဖြစ်သော စီမံချက်များကို ထပ်မံအတည်ပြုသည်။ စကား အတော်ကြာကြာ ပြောပြီးနောက် ညေးနှင့် ပြန်ဆုံသည်။

"စီမံချက်ဆွဲထားတဲ့အတိုင်း ဆက်လုပ်ရမယ်တဲ့။ စိတ်မပူပါနဲ့လေ။ အချိန် ပိုကြာရုံကြာမှာပါ။ တွဲလုပ် သွားကြတာပေါ့"
ညေးက "ကိုင်း ... ဒီအချိန်ကစပြီး ကျွန်တော်တို့နှစ်ယောက်တော့ ရုပ်သေးရုပ် ဖြစ်ပြီ။ လန်ဒန်က ကြိုးဆွဲတော့ မယ်။ ဒီမှာထိုင်ပြီး ဆူသံပူသံတွေ နားထောင်သွားကြရုံပေါ့" ဟု ပြောသည်။
"မလိုပါဘူး။ ကိုယ့်ခြေကိုယ့်လက် လုပ်နိုင်ပါတယ်ဗျာ။ ဂရီလီက အခုပဲ ပြောလိုက်သေးတယ်"
"အဓိပ္ပာယ် ကောက်ချင်သလိုကောက် ပေါ့ဗျာ။ အဲသတင်းစာ မစွံရင်တော့ ဘုရားတရားသာ တ ပေတော့ပေါ့"
စမစ်က သူ့နာရီကို ကြည့်သည်။ ၄နာရီကျော်ပြီ။ လက်ဖက်ရည်ကလေးထိုင်သောက်နေလိုက်ချင် သေး၏။ သို့သော် အချိန်ဆွဲနေ၍ မဖြစ်။.
"ကဲ ... မော့စ်ဘန်း ကို အားချင်းသွားလိုက်ကြဦးစို့။ စရန်ကိစ္စကလေး စောစောပြီးလေ ပိုကောင်းလေပေါ့ဗျာ။

ဆက်ရန်
.

No comments: