ကျွန်တော်က သူတို့အားလုံးမြင်နိုင်အောင် ပြတင်းပေါက်အားလုံး ဖွင့်စေသည်။ သီးသန့်စုံတွဲ အချို့ ကို ပြတင်းပေါက်နား သို့ တမင်ခေါ်ပြီး သူတို့နှင့် မိတ်ဆက်ပေးထားလိုက်သည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ကို ဆိုးသွမ်းလေးတစ်ဦး က တိုးတိုးလေးပင် လာပြောသည်။ "ဟေ့လူ… ဟိုငတိမလေးကို ကျွန်တော့် အစား တွဲကပေးစမ်းပါဗျာ"
ဟု အရက်ပုလင်းများ ပြတင်းပေါက်မှ လှမ်းပေးပြီး "ငါ့ အတွက် သောက်လိုက်စ မ်း ပါ ငါ့လူရာ" ဟုပင် အတင်းအရက်လာတိုက်တတ်ကြသည်။ သူတို့လည်းဘဲ အပြင် မှ နေ၍ ပါတီ တွင် ဝင်ရောက်ပါဝင်နေကြခြင်းဖြစ်သည်။ သူတို့ ယဉ်ယဉ်ကျေးကျေးပင် ဆက်ဆံလှုပ်ရှား ကြသည်။ ပြတင်းပေါက် များ ပိတ်ပစ်လိုက်မည်ကို သူတို့လည်း မလိုလားကြတော့ချေ။ ကို ဆက်ဖတ်ရန်..........(၆)
ရှည်လျားသော နွေ၊ ၁၉၅၁ ၏နွေ။ ကျွန်တော်သည် ကျောင်းသားအားကစား စံချိန်မှတ်တမ်း စာအုပ် ထွက်ဖို့ကို စောင့်နေရခဲ့ရသည်။ နွေဦးပေါက်က "မစ္စဇူရီ"ပြည်နယ် နီဂရိုးများ တစ်မိုင်ပြေးပွဲတွင် ကျွန် တော်က ၄ မိနစ်၊ ၂၈ စက္ကန့်ဖြင့် ဗိုလ်စွဲထားခဲ့သည်။ ထိုစံချိန်မှာ ထိုစဉ်က အထက်တန်းကျောင်းသား များထဲတွင် အကောင်းဆုံးစံချိန်ဖြစ်သည်။ ထို့ကြောင့် နွေကုန်မှ ထွက်မည်ဖြစ်သော မှတ်တမ်းစာအုပ် တွင် ကျွန်တော်နာမည်ကို ကြည့်ချင်လွန်းလှ၍ တမင်သည်းခံ စောင့်နေခဲ့ရခြင်းဖြစ်သည်။ ထိုနွေမှာ ရှည်လျားသည်သာမက ပူလည်း ပူပြင်းလှ၏။ အိမ်ရှေ့လမ်းဘေးထွက်ပြီး ကြက်ဥကြော်ကြရပုံများကို သတင်းစာများထဲတွင် မကြာခဏပင် တွေ့နေကြရသည်။
မြစ်ကမ်းရိုးမှ ရွှံ့များမှာ ခြောက်သွေ့လွန်း၍ ဖုန်များပင်ဖြစ်ကာ တစ်မြို့လုံးအနှံ့လွင့်ပြန့်နေသည်။ ဇွန်၊ ဇူလိုင်လများတွင် တစ်လလုံး၊ တစ်လလုံးပင် "ဘူး"၊ "ပရက်စလေ" နှင့် ကျွန်တော်တို့သည် မြို့တက်ပြီး အလုပ်ရှာကြရသည်။ နေ့တိုင်း နေ့တိုင်း ဘာ အလုပ်မှလည်းမရ၊ "ဝမ်းနည်းပါတယ် ကလေးတို့ရယ်၊ ငါတို့ ဒီနေ့ လူမည်းတွေ မငှားချင်ဘူးဟေ့"။ သြ ဂုတ်လရောက်သောအခါ "ဘူး" နှင့် "ပရက်စလေ" တို့က လက်လျှော့လိုက်ကြသည်။ သို့သော်… ကျွန်တော်ကတော့ ဖိနပ်ပြန်မတိုက်နိုင်။ အိမ်နီးပါးချင်းများအတွက် အစားအသောက်တိုးမပေးနိုင်။ မကြာမီ ကျွန်တော့်နာမည်သည် စာအုပ်ထဲ၌ ပါလာတော့မည်။ ထို့ကြောင့် မြို့တက်ပြီး တစ်ယောက် တည်းပင် အလုပ်ရှာမြဲရှာရ၏။
သြဂုတ်လ တစ်ရက်တွင် ၁၀၉ ဒီဂရီမျှ ပူပြင်းရာ ကြေးနီတံခါးလက်ကိုင်ကို အတော်ကြာကြာကိုင်ထား သော ကျွန်တော့်လက်မှာ အရေပြားများအလွှာလိုက် ကွာကျသွားသည်ကိုပင် တွေ့လိုက်ရသည်။ ကျွန် တော့်တွင် ထိုနေ့က အကြွေစေ့လေး တစ်စေ့သာ အိတ်ထဲကပ်ပါလာရာ အလုပ်လည်း မရသဖြင့် အိမ် ကို လမ်းလျှောက်ပြန်ခဲ့ရသည်။ ရပ်ကွက်ပေါင်း ၄၅ ရပ်ကွက်မျှ ဖြတ်လျှောက်ခဲ့ရသည်။ အသက်တစ်ခါ ရှူလိုက်တိုင်း လညချောင်း ထဲ အပူတွေတစ်ခါဝင်သွားသလိုပင် ခံစားနေရသည်။ ထို့ကြောင့် အပူတွေ ပြန်ထုတ်ပစဖို့ လိုသည်ဟု ထင်လိုက်မိသည်။ ထိုစဉ် စားပွဲရုံတစ်ခု၏ပြတင်းပေါက်တွင် ရေးထားသော လှပသည့် ကြေငြာတစ်ခု ကို သွားဖတ်မိသည်။ "လေအေးစက်ရှိသည်၊ ဆိုဒါရေငါးဆင့်" အထဲဝင်လိုက် သည်နှင့် အေးမြသွားသည်။ ဆိုဒါရောင်းသူ သည်လည်း သူ၏သန့်ရှင်းဖြူစင်သော ယူနီဖောင်းဖြင့် နတ် သားလေးတမျှ လှပနေသည်။
"ဒီမှာ ငမည်းတွေအတွက် မရဘူးကွ"
ကျွန်တော်မှာ မတ်တပ်ပင် ရပ်နေမိသည်။ အာခေါင်ခြောက်လွန်း၍ စကားပင်ပြောမထွက်။ အာလေး နည်းနည်းစိုအောင် စောင့်ပြီး ကျွန်တော် ဒီနေ့ ဘယ်လောက် လမ်းလျှောက်ခဲ့ရသည်ကို ပြောမည်ကြံ တုန်းပင်
"ဘာဖြစ်နေတာလဲကွ၊ မင်း နားပင်းနေသလား"
ကျွန်တော်က ပြောချင်ပါသည်။ ဒီထဲနေရတာ ဘယ်လောက်ကောင်းကြောင်း၊ ကျွန်တော်မှာ နီဂရိုးဖြစ် နေခြင်း အတွက် ဝမ်းနည်းပါကြောင်း။
ထိုစဉ် အခန်းထောင့်တစ်ထောင့်မှ လူတစ်ယောက်သည် ဆိုဒါပုလင်းတစ်လုံးကို ကျောက်စားပွဲပေါ်တွင် ရိုက်ခွဲ လိုက်ပြီး ကျွန်တော့်ထံ လျှောက်လာသည်။
ပုလင်းကွဲကြီးကို ဝှေ့ယမ်းလိုက်ပြီး ကျွန်တော့်ထံ လာနေသည်မှာ ရုပ်ရှင်ထဲက "ဟမ်ဖရေဘိုဂတ်" ပုံစံ အတိုင်း ဖြစ်သည်။ သူ့နောက်ဘက်မှ လူတချို့ကလည်း အံကြိတ်နေကြသည်။ သူက ပုလင်းကွဲဖြင့် ကျွန်တော့် ကို ဆောင့်တွန်းလိုက်သည်။ ကျွန်တော်ကတော့ မျက်နှာကို လက်ဝါးဖြင့်သာ အုပ်ထားလိုက် မိသည်။ ကျွန်တော့် တွင် ဘာမှမဖြစ်သေး။ သို့သော် သူတို့ကမူ အော်နေကြ၍ ဆိုဒါရောင်းသူသည် ကောင်တာမှနေ၍ "အယ်လင်လက်" ကဲ့သို့ ပြေးလာသည်။ သူနှင့် "ဟမ်ဖရေဘိုဂတ်" တို့က ကျွန်တော့် ကို အပြင်သို့ မောင်းထုတ်လိုက်ကြသည်။
သို့နှင့် ကျွန်တော် လမ်းပြန်လျှောက်ခဲ့ရပြန်သည်။ အပူဒဏ်နှင့် ဖုန်ဒဏ်ကို ခံရင်း လမ်းပေါ်သို့ စီးကျနေ သော ကျွန်တော့်သွေးများကို ကြည့်နေမိသည်။ လက်မှ စီးကျနေခြင်းဖြစ်သည်။ သွေးတွေမှာ အဖြူတွေ ကျွန်တော် မေ့မျော၍ပင် သွားပါသည်။ ကမ္ဘာကြီးပေါ်မှ လွင့်စဉ်ကျသွားသလို ခံစားရသော အံ့သြစရာ ကောင်းသော ခံစားမှုတစ်ခုပင် ဖြစ်ပါသည်။
ကျွန်တော် ပြန်သတိရလာသောအခါ လူဖြူမိန်းမကြီးတစ်ယောက်သည် ကျွန်တော့်ဘေးတွင် ဒူးထောက်ပြီး သူ့လက်မောင်း တစ်ဖက်မှာ ကျွန်တော့်ခေါင်းအောက် ရောက်နေသည်ကို တွေ့ရပါသည်။ သူ့လက် နောက် တစ်ဖက်မှာကား လမ်းမပေါ်တွင် လဲကျမိ၍ ဖူးယောင်နေသော ကျွန်တော့်နဖူးအား စမ်းသပ်နေသည် ကို တွေ့ရပါသည်။ "အားလုံးကောင်းသွားမှာနော်၊ မင်း ဘာမှမဖြစ်ဘူး စိတ်ချနေ လူကလေး"
သူ့နံဘေးတွင်ကား လူဖြူပုလိပ်တစ်ယောက် ရပ်နေသည်။ ထို့ကြောင့် ကျွန်တော်သည် ထိုအမျိုးသမီး ကြီးကို ဘာတစ်ခုမှ ဒုက္ခမပေးပါ။ လက်ဖျားနှင့်ပင် မတို့ခဲ့ပါဟု ပြောပြရန် ကြိုးစားမိသည်။ သို့သော် ကျွန်တော့်အာခေါင်များမှာ ခုထိ ခြောက်နေသေးသည်။
"သူ့ကို ထားခဲ့ပါ အစ်မကြီး။ ကျွန်တော် ကြည့်ရှုစောင့်ရှောက်လိုက်ပါ့မယ်။ လူနာတင်ကားလည်း မကြာ ခင် ရောက်တော့ မှာပဲ"
"သူ့ကို ဘယ်ခေါ်သွားမလို့လဲ အရာရှိမင်း"
"ငမည်း ဆေးရုံကိုပေါ့"
"ကျွန်မ တောင်းပန်ပါတယ်ရှင်"
"ဟိုးမားဂျီ ဖိလစ် ဆေးရုံ"
"ဒီဆေးရုံက သိပ်ဝေးလွန်းပါတယ်။ ဘန့်စ် ဆေးရုံကို ခေါ်သွားပါလား"
"ဘန်းစ်ဆေးရုံက ငမည်းတွေအတွက် မဟုတ်ဘူး အစ်မကြီး၊ အစ်မကြီးအလုပ်ကို အစ်မကြီး သတိထား စမ်းပါဦး"
"ဒီမှာ အရာရှိမင်း၊ ကျွန်မ ဘယ်သူ ဆိုတာကော သိရဲ့လား"
"ငမည်းချစ်သူ တစ်ယောက်ပေါ့ဗျာ"
မိန်းမကြီး က သူ့နာမည်ကိုဖွင့်ပြောလိုက်ရာ ရဲသား၏ပါးစပ်မှာ အဟောင်းသားဖြစ်သွား ပြီး နောက်သို့ ပင် ခြေတစ်လှမ်းဆုတ်သွားတော့သည်။ "ရှင့် ကိုယ်ပိုင်နံပါတ်ကို ကျွန်မ သိထားပြီးပြီနော်။ အဲဒါ ရှင် ဒုက္ခ ရောက်ပြီသာ အောက်မေ့လိုက်" ရဲသားမှာ တောင်းတောင်းပန်ပန်လုပ်ပြီး ကျွန်တော့်ကိုကူ၍ လူနာတင် ကားပေါ်တင်ပေး ပါသည်။ မိန်းမကြီးကလည်း ကျွန်တော်နှင့်အတူ လိုက်လာခဲ့သည်။ "ဘန်းစ်ဆေးရုံ ကို မြန်မြန်မောင်းပေး ပါရှင်။ ဒီကောင်လေး ဒဏ်ရာအကြီးအကျယ် ရနေလို့ပါ"
ကားဥသြကို ဆွဲလိုက်သည်။ ကျွန်တော့်အတွက်လေ။ တခြားကားများ ဖယ်ပေးကြရသည်။ "ဘန်းစ်" ဆေးရုံခန်းထဲသို့ ကျွန်တော့်ကို ခေါ်သွားသောအခါ ကျွန်တော့်အင်္ကျီများတွင် ပေကျံနေသော သွေး များ၊ ဖုန်များ အတွက်ပင် ကျွန်တော် ရှက်နေမိသည်။ "ဘန်းစ်" ဆေးရုံအကြောင်း ကြားဖူးခဲ့သည်မှာ ကြာပြီ။ သို့သော် အတွင်းသို့ကား တစ်ခါမှရောက်ဖို့ မမျှော်မှန်းခဲ့။ သူတို့က ကျွန်တော့် ကို ကောင်း ကောင်းပြုစုကြပါသည်။ အပေါ်ထပ်သို့ တစ်ခါတည်းတင်ပြီး ဆရာဝန်တစ်ယောက်က လက်များဆေး ပေး ပါသည်။
ထို့နောက် ရှစ်ချက်ချုပ်ပြီး ဖြူစင်သန့်ရှင်းသော ပတ်တီးဖြင့် စည်းပေးလိုက်ပါသည်။ သူတို့အားလုံးပင် မိန်းမကြီး ကို သိကြဟန်တူသည်။ သူကလည်း တစ်ချိန်လုံး ကျွန်တော့်ဘေးတွင်ပင် ရှိနေခဲ့သည်။
ပြီးလျှင် သူသည် ကျွန်တော့်ကို အောက်ထပ်သို့ ခေါ်သွားကာ အငှားကားတစ်စီး ခေါ်လိုက်သည်။ ကား မောင်းသမား က ကျွန်တော်တို့ကို အထူးအဆန်းသဖွယ် ကြည့်နေ၏။ သို့သော် မိန်းမကြီးက အထဲတွင် ဝင်ထိုင် လိုက်သည်။
ထို့နောက် ကျွန်တော့်လိပ်စာကို မေးကာ ကားသမားအား မောင်းခိုင်းလိုက်သည်။ သူက တစ်ချိန်လုံး စကားတွေ ပြောလာ၏။ ကျွန်တော်ကား သူပြောတာကို တစ်ခွန်းမျှပင် မကြားမိ။ လက်တွင် စီးထား သော လှပဖြူစင်သော ပတ်တီးလေးကိုပင် တစ်ချိန်လုံး ငေးကြည့်ပြီး ပါလာခဲ့သည်။ ကျွန်တော်တို့ အိမ် နီးနားချင်းများ တွင် မည်သူမျှ သည်မျှလှပဖြူစင်သော ပတ်တီးမျိုး မစည်းဖူးကြပါချေ။
"ကျွန်တော် ဒီနေရာ ကဆင်းရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ် ဆရာမကြီး"
"ဒါ တေလာမြောက်ရပ်ကွက် မှ မဟုတ်သေးတာ"
"ကျွန်တော် သိပါတယ် ဆရာမကြီး၊ ဒါပေမဲ့ လူဖြူအမျိုးသမီးတစ်ယောက်နဲ့ အတူတူလာတာကို ကျွန် တော့် အမေမြင်သွားရင် တစ်ခုခု မဟုတ်တာဖြစ်ပြီလို့ ထင်သွားမှာ စိုးလို့ပါ"
ထိုစကားမှန်သည်။ သို့သော် ကျွန်တော်က အိမ်နောက်ဖေးပေါက်မှ အသာကလေးဝင်ပြီး တစ်အိမ်သား လုံးကို ကျွန်တော် ပတ်တီးပြပြီး အံ့သြအောင်လုပ်ချင်လို့ ဆိုသည်ကား သူ့ကို မပြောမိပါ။
"မင်းကိုယ်မင်း အားလုံးကောင်းသွားတယ် ထင်ပြီလားဟေ့"
"ဟုတ်ကဲ့ပါ ဆရာမကြီး"
"တကယ်ပြောတာနော်၊ သေချာရဲ့လား"
"ဟုတ်ကဲ့ပါ ဆရာမကြီး၊ ကျွန်တော် သိပ်ပြီးလည်း ကျေးဇူးတင်ပါတယ်၊ ဆရာ့ကိုလည်း ကျေးဇူးတင်ပါ တယ် ခင်ဗျာ"
ကားသမားကိုပါ နှုတ်ဆက်လိုက်သည်။ ကျွန်တော် ကားပေါ်မှဆင်းပြီးသောအခါ အမျိုးသမီးကြီးသည် ကားတံခါးနောက်ပေါက်မှနေ၍ လက်ယမ်းနှုတ်ဆက်သွားသေးသည်။
ကျွန်တော်ကား စပြေးတော့၏။ အကွက်ငါးကွက်မျှ ဖြတ်ပြေးလိုက်သည်။ အိမ်ကိုကျော်ပြီး ရပ်ကွက် ဆယ်ကွက်မျှကျော်အောင် ပြေးလိုက်သေးသည်။ နောက်ဆုံး ပူအိုက်လာပြီး လက်တွေတုန်လာတော့မှ အိမ်ပြန်ခဲ့ သည်။ နောက်ဖေးပေါကမှ အသာလေး ဝင်ခဲ့သည်။
"ဟေ့… အိမ်ထဲက လူတွေ ဒီလာကြစမ်း၊ မင်းတို့ တစ်ခုခုမြင်ရလိမ့်မယ်၊ မင်းတို့ တစ်ခုခုမြင်ကြရလိမ့် မယ်၊ လာကြည့်ကြစမ်း"
အမေ သည် ကျွန်တော့်ကို အိပ်ရာထဲတွင်ပင် လှဲနေစေတော့သည်။ ပတ်တီးနည်းနည်းညစ်သွားလျှင် ဖိနပ်ဆေးဖြူနှင့် ထပ်သုတ်ပေးသောအခါ၌သာ ထရတော့သည်။ ကျွန်တော့်ကို လာကြည့်ကြသူများကို လူဖြူမကြီးနှင့် အတူ လူနာတင်ကားဖြင့် "ဘန်းစ်" ဆေးရုံသွားပုံကို ပြောပြရသည်။ ကျွန်တော်က ထို မိန်းမကြီး နာမည်ကိုကား မသိခဲ့။ ထို့ကြောင့် တချို့လူတွေက ကျွန်တော် ပြောပြတာကို သိပ်မယုံချင်ကြ ဟု ထင်ပါသည်။
တစ်ပတ်ခန့်ကြာသောအခါ အမေက ကျွန်တော့်ကို မြို့ဆေးရုံသွားပြီး ချုပ်ရိုးများ ဖြေရန်ပြောသည်။ ကျွန်တော်က မသွားချင်။ "ဘန်းစ်" ဆေးရုံမှ လူများကလည်း ကျွန်တော်ပြန်လာပြရန် ဘာတစ်ခွန်းမျှ မပြောခဲ့ကြ။ ထို့ကြောင့် ချုပ်ရိုးကို ကိုယ့်ဘာသာကိုယ် ဖြေပစ်လိုက်သည်။ အပ်တစ်ချောင်း၊ ကတ်ကြေး တစ်လက်ဖြင့်ပင် တစ်ကြိုးစ ဖြည်လိုက်သည်။ သိပ်တော့လည်း မခက်လှပါချေ။
ထိုစက်တင်ဘာလ တွင် ပြေးခုန်ပစ် စံချိန်မှတ်တမ်းစာအုပ် ထွက်လာသည်။ သို့သော် ကျွန်တော့်နာမည် ကား ပါမလာ။ ထို့ကြောင့် ကျွန်တော်သည် ပညာရေး ဘုတ်အဖွဲ့သို့သွားရာ လူငယ်တစ်ယောက်က ဤ စာအုပ်ထဲတွင် နီဂရိုး အချင်းချင်း ပြိုင်သည့် ပြေးပွဲများစာရင်း မထည့်ထားကြောင်း ပြောပြလိုက်သည်။ နည်းပြဆရာ "စိန့်ဂျိမ်း" ကလည်း ထို့တူပြောသည်။ ဤစာအုပ်တွင် ပါနိုင်ရင် လူဖြူများနှင့် ယှဉ်ပြေးမှ သင့်နာမည် စာရင်းသွင်းခံ ရမည်ဖြစ်သည်။
နောက်တစ်ကြိမ် ပညာရေးဘုတ်အဖွဲ့သို့သွားသောအခါ၌ကား ကျွန်တော်နှင့်အတူ ထောင်ပေါင်းများစွာ သော မိတ်ဆွေ များ လိုက်ပါလာခဲ့ကြသည်။ ကျွန်တော့်နာမည်မှာ ရုပ်မြင်သံကြားနှင့် စိန့်လူဝီသတင်းစာ များ တွင်ပင် ဖော်ပြခြင်းခံခဲ့ရသည်။ တကယ်ဖြစ်သည်ကား ကျွန်တော်တို့ကျောင်းမှ သမဂ္ဂဦးဆောင်ကာ ကျောင်းတွင် လူများပြည့်ကြပ်နေသော အခြေအနေကို ကန့်ကွက်ဆန္ဒပြရန် ချီတက်ကြခြင်းဖြစ်သည်။ တင်းမာမှုများ ထိတ်လန့်ဖွယ်ရာဖြစ်လာခဲ့သည်။ ကျောင်းရှေ့တွင် "ပေါ့ဘက်ကက်" သည် ဘေ့စ် ဘောဘ် ရိုက်တံကြီးကို လက်ဖြင့် ကိုင်ထားပြီး ကျွန်တော့်ကိုမြင်သောအခါ ဒီအထဲဝင်မပါရန် ပြော၏။
"ပါကို ပါရမှာပေါ့။ ကျွန်တော့်အမေက ဒီနှစ်ဒီခရိုင်မှာ ကျွန်တော်ဟာ အကောင်းဆုံး တာဝေးအပြေး သမားနှုန်းမှန်း ခုထိ မသိသေးဘူးဗျ"
သူသည် ကျွန်တော့်ကို တအံ့တသြကြည့်ကာသာ ကျန်ခဲ့၏။
ထိုချီတက်ပွဲတွင် ကျွန်တော့်အလုပ်မှ ရှေ့ပြေးလိုက်၊ နောက်ပြေးလိုက်လုပ်ကာ ကလေးများကို တန်းညှိ ပေးခြင်းနှင့် လမ်းဘေးစားသောက်ဆိုင်များမှ အသီးအနှံများကို မခိုးကြစေရန် ကြပ်မတ်ပေးရေးကို ဖြစ် သည်။ လိုင်းကြီးမှာ ရှည်သထက် ရှည်လာသည်။ အခြားနီဂရိုး အထက်တန်းကျောင်းသားများလည်း ပါလာကြသည်။ လမ်းတစ်လျှောက်မှ ရုပ်မြင်သံကြားနှင့် သတင်းစာများမှ သတင်းထောက်များကို ကျွန်တော် ဆန္ဒပြနေရခြင်းမှာ ကျွန်တော့်နာမည်မှာ စံချိန်မှတ်တမ်းစာအုပ်တွင် ပါမလာ၍ဖြစ်ကြောင်း ပြောရာ အလကားနောက်နေသည်ဟု ထင်နေကြသည်။
ထို့ကြောင့် အင်္ဂလိပ်စာအတန်းတွင် ကျောင်း သားရှစ်ဆယ်မျှ ရှိနေပုံ၊ သင်္ချာကို စက်ရုံထဲတွင် သွားသင်ရပုံ၊ ကျောင်းတွင် စာသင်ခန်း မလောက်ငှပုံ၊ နောက်ဆုံးတန်းမှ ကလေးဆယ်ယောက်သည် ထိုင်ခုံမရှိ၍ ရာဇဝင်သင်ချိန်တွင် တစ်နာရီမျှ မတ်တတ် ရပ် စာသင်နေရပုံများ လျှောက်ပြောပြ၏။ သူတို့က သတင်းစာများထဲတွင် ကျွန်တော်သည် ဆန္ဒပြ ခေါင်းဆောင်ဖြစ်ကြောင်း ထည့်ရေးကြသည်။
ဘုတ်အဖွဲ့အဆောက်အအုံရှေ့ရှိ လိုးကပ်စ်လမ်း ရောက်သောအခါ ရဲများက ဆန္ဒပြမှုများကို ဖြိုခွင်း တော့သည်။
သူတို့က ငြိမ်းချမ်းရေးကို နှောင့်ယှက်သည်ဟု စွပ်စွဲကြ၏။ ထို့နောက် လူတစ်ယောက်က တကယ်လို့ မင်းတို့ကျောင်းကောင်းကောင်း လိုချင်ကြရင် ပြန်ကြပါဟု ပြောသည်။ လူဖြူနောက်တစ် ယောက်ကမူ အကယ်၍ ကျန်လူများ စာသင်ခန်းများသို့ ပြန်ကြမည်ဆိုလျှင် သမဂ္ဂမှ လူကြီးခြောက် ယောက်သည် ရုံးခန်းထဲ ဝင်ပြီး ပြဿနာဆွေးနွေးခွင့်ရကြမည်ဟု ပြောသည်။ ထို့ကြောင့် ကျွန်တော်တို့ က သူပြောသည့်အတိုင်း လုပ်ခဲ့ကြသည်။ နီဂရိုးချီတက်ပွဲကြောင့် မြို့မှာကား အတော်ချောက်ချာသွား သည်။ ကျောင်းရောက်သောအခါ လူတိုင်းကပင် ကျွန်တော့်အား ကျောင်းထုတ်ခံရမှာ သေချာသည်ဟု ပြောကြသည်။ အိမ်ပြန်ရောက်သောအခါတွင်လည်း အမေက သိပ်စိတ်ပူနေရှာသည်။ လူဖြူများက ဤ ချီတကပ်ပွဲသည် ကွန်မြူနစ်များ ပယောကဖြစ်သည်ဟု သူ့ကို ပြောထားကြသည်။ ကျွန်တော်က အမေ့ ကိုပင် ပြန်ပြောပြရသည်။ ကျွန်မြူနစ်ဆိုသည်မှာ ဘယ်လိုစာလုံးပေါင်းရလဲတောင် ကျွန်တော် မသိပါ ဘူးလို့။
နောက်တစ်ပတ်တွင်ကား မြို့ဖြတ်ပြေးပွဲ အစီအစဉ်တွင် ကျွန်တော်ပါဝင်ခွင့်ရသည်။ ပထမအကြိမ် စိန့် လူဝီရှိ အထက်တန်းကျောင်းများမှ လူဖြူများနှင့် လူမည်းများ ပူးတွဲယှဉ်ပြိုင်ခွင့်ရသောပွဲပင်ဖြစ်သည်။ ထိုအချိန်မှစ၍ ကျွန်တော့်အတွက် အခွင့်အလမ်းများ ပွင့်လာတော့သည်။
ကောလာဟလများ အမျိုးမျိုး ထွက်ပေါ်နေကြသည်။ ကျွန်တော်တို့က လူဖြူလေးများကို မသိသကဲ့သို့ သူတို့ကလည်း ကျွန်တော်တို့ကို မသိကြ။ လူလူခြင်း အခြေခံမူအရမူ သူတို့နှင့် ကျွန်တော်တို့သည် တစ် ယောက်နှင့် တစ်ယောက် ချစ်စရာ၊ မုန်းစရာ မလိုကြချေ။
တစ်ယောက်ပြေးက တစ်ယောက်ကြည့်ကြရုံ သာရှိသည်။ နီဂရိုးဘက်မှ ကောလာဟလမှာကား အဖြူကောင်လေးများသည် အထူးအခြေအနေ ကောင်းမွန်ကြပြီး၊ အားခွန်ပြည့်ဝသော အာဟာရများကို စားသုံးမှီဝဲထားကြသဖြင့် တာဝေးတွင် ကျွန် တော်တို့ကို နိုင်လိမ့်မည်ဟူ၍။ လူဖြူများဘက်မှမူ သူတို့အဖို့ အပြေးသမား သုံးယော်ကမျှလိုသည်။ ပထမတစ်ယောက်က မီတာတစ်ရာနှင့် နှစ်ရာ့နှစ်ဆယ်ပြေး၊ နောက်တစ်ယောက်က တန်းကျော်ပြေး၊ တတိယ တစ်ယောက်က မိုင်ဝက်ပြေးနှင့် တစ်မိုင်ပြေးရမည်။ ထို့နောက် ထိုသုံးယောက်သည် နီဂရိုး ရေထမ်းသမားတစ်ယောက်ကို ငှားပြီး ကျန်ခရီးကို ဆက်ပြေးရမည်ဟု။
ထိုပြိုင်ပွဲတွင် စိတ်စောလွန်းနေ၍ ပြေးလမ်းကြောင်းသို့ရောက်သောအခါ ကျွန်တော့် တစ်ကိုယ်လုံး တဆတ်ဆတ်ပင် တုန်နေရသည်။ နည်းပြဆရာ "စိန့်ဂျိမ်းစ်" က ကျွန်တော့်ကို ရက်သတ္တပတ် အတော် များများ လေ့ကျင့်ပေးခဲ့သည်။ နည်းစနစ်များကို အကုန်ပြန်သင်ပေးသည်။ ဆနွမ်းကင်းကွက် ခြေအိတ် မဝတ်ရ၊ အလေးပြုတာတွေ ဘာတွေ မလုပ်ရ၊ လက်မှာ ပတ်တီးမစည်းရ၊ မိန်းကလေး မိတ်ဆွေများကို လက်မပြရ။ ဒီတစ်ချီသည် တကယ့်အချီ။ အချီကောင်း။ ကျွန်တော်တို့နိုင်ခဲ့လျှင် နောက်တစ်နေ့ထုတ် သတင်းစာများထဲတွင် နာမည်များ ပါလာကြမည်။ ကြာသပတေးနေ့ကျမှ ထုတ်သော "အားဂတ်" နီဂရိုး အပတ်စဉ်သတင်းစာကို စောင့်ဖတ်နေစရာ မလို။ ထို့နောက် ဆရာက ပြောသည်။ ပြိုင်ပွဲတွင်ပါသော အဖြူကောင်လေး တစ်ယောက်သည် သုံးမိုင်ပြေးပွဲတွင် အတော်ဆုံးအပြေးသမားများထဲတွင် တစ် ယောက် အပါအဝင်ဖြစ်သည်။ သူ့ကိုနိုင်လျှင် ကျွန်တော် ပြေးပွဲတွင် နိုင်ပြီဟုသာ မှတ်ဟုဆိုသည်။ သို့ သော် ကျွန်တော်တို့ အနိုင်ပြေးရမည့် အဖြူကောင်လေးသည် မည်သူမှန်း ကျွန်တော်တို့ မသိကြ။
ဒိုင်း…။
စစခြင်း ကျွန်တော် အားကုန်မပြေး။ သူများတွေ ရှေ့ ပြေးပစေ။ ဒါက တာဝေးပြေးပွဲ၊ အစားကောင်း ကောင်းစားထားသူ၊ ကိုယ့်ကိုယ်ကို ကောင်းကောင်းမွေးမြူထားသူများနှင့် ပြိုင်ပြေးနေရသည်မှာ မည်မျှ ကွာခြားကြောင်း သိသာနိုင်သည်။ သူ့တို့ကြည့်ရသည်မှာလည်း ချောချောမွေ့မွေ့။ ပြေးရသည်မှာ လည်း ချောချောမွေ့မွေ့။ ကျွန်တော် သူတို့အုပ်ထဲ ပြေးဝင်သွားသည်။ နောက်ကျော်တက်လိုက်သည်။ ဘယ်အဖြူကောင်လေးသည် စထွက်ကတည်းက ပိုပြေးတတ်သူ၊ ဘယ်ကောင်လေးသည် ပန်းတိုင်နီးမှ အားယူပြေးတတ်သူ၊ ဘယ်သူဘာဆိုသည်ကို ကျွန်တော် မသိ။ ထို့ကြောင့်ပင် ရှေ့ဆုံးမှ ပြေးနေသူများ နှင့်ပင် ကျွန်တော်လည်း ရောပြေးနေရန် ဆုံးဖြတ်လိုက်သည်။ အားလုံး၏ထိပ်မှ ပြေးနေသော အဖြူ ကောင်လေးတစ်ယောက်တော့ရှိသည်။ သူသည် ရေများစီးကျနေသလိုပင် ခပ်လွယ်လွယ် သက်သက် သာသာကလေး ပြေးနေသည်။ ထောင့်ချိုးကွေ့များကို လှလှပပကြီး ကွေ့ပြေးနေသည်။ ကျွန်တော်က သူ့နောက်မှ တစ်ချိန်လုံး လိုက်ပြေးနေရသည်။ သူသည်ပင် ကျွန်တော်တို့ အနိုင်ပြေးရမည့် လူဖြူ ကလေးဖြစ်ရမည်ဟု ကျွန်တော် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ကျွန်တော်သည် ဦးဆောင်ပြေးနေသူများကို ကျော်တက်ခဲ့ပြီး ထိုလူဖြူကလေးနောက်ကိုပင် အမှီတိုက်ရတော့သည်။ သူသည် ကျွန်တော့်ထက် ပိုမြန်လွန်းအောင်ပင် ပြေးနေသည်။ သူ့ကိုမီအောင် ပြေးလိုက်ရသည်မှာ အသက်ရှူပင်မှားရသည်။ ကျွန်တော့်လက်ဝဲဘက် ဝမ်းဗိုက်ကို တစ်ယောက် ယောက်က အပ်နှင့်ချုပ်နေသလိုလို၊ ဖိနပ်ထဲ ပုလင်းကွဲဝင်စူးနေသလိုလို ခံစားနေရသည်။ သူကမူ သက်သက် သာသာပင် ပြေးနေဆဲ။ ကျွန်တော် သူ့ကို ကျော်မတတ်နိုင်မှန်း ကျွန်တော် သိလိုက်ရပြီ။ ဒီ တစ်ချီတော့ ခံလိုက်ရပေါ့ ဂရီဂိုရီရယ်။
နှစ်မိုင်ခန့် ရောက်သောအခါ ကျွန်တော်က သူ့ဘေးရောက်လာပြီး သူ့တင်းပါးကိုပင် လှမ်းရိုက်ပြီး "အပြေးကောင်းသားပဲ ကလေးရေ" ဟုပင် ပြောလိုက်သည်။ သို့သော် သူက ကျွန်တော့်ကို အပြတ် ကျော ပြေးသွားပြန်သောကြောင့် ကျွန်တော် စနေသည်ကိုပင် သူကြားတော့မည်မဟုတ်ပေ။
ခဏကြာတော့ သူ့ကို ပြန်မီလာသည်။ သူ့ဖိနပ်ခုံကိုပင် ကျွန်တော်က လှမ်းကန်လိုက်သေးသည်။ သူ့ခြေလှမ်းပျက်သွားအောင်၊ အနှောင့်အယှက်ဖြစ်အောင်၊ ပြိုင်ပွဲမှ ကျွန်တော်အထုတ်ခံရအောင် ကန် လိုက်သည်ကား မဟုတ်။ အသာ ဖွဖွလေး။ "ခွင့်လွှတ်နော် ကလေး" ဟု ပြောရရုံလောက်။ သူက ပြတ် လောက်အောင် ကျောတက်သွားပြန်သည်။ ထို့ကြောင့် ကျွန်တော့် အသက်ရှူသံများကို မကြားနိုင် တော့။
အချိန်ကား သိပ်မကျန်တော့။ နောက်ဆုံးအခွင့်အရေး။ သူ့နောက်မှ ပြေးလိုက်သွားသည်။ အသက်မျှင်း မျှင်း ရှူလိုက်သည်။ သူ့နောက်မှ ကျွန်တော် ပြေးလိုက်ပါလာမှန်း သိသွားပြီ။ ကျွန်တော့်ခြေသံများကို ပင် သူ ကြားနေရပြီ။ သို့သော် အသက်ရှူသံကိုကား သူ ကြားရမည်မဟုတ်။ ကျွန်တော့်ရင်ထဲတွင်ကား မီးတောက်ရသည်။ စိတ်ကလည်း ကယောင်ကတမ်း။ ထို့ကြောင့် အသက်မျှင်းမျှင်းလေး ရှူလိုက်ပြီး စိတ်ထိန်းလိုက်ရသည်။ သူက နံ့ဘေးပတလည်သို့လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများ ပြူးကျယ် သွားသည်။ သူ သိပ်ကြောက်သွားပြီး ရှိန်နှုန်းထပ်တင်လိုက်သည်။ ကျွန်တော်ကလည်း အသက်ကို ကြာနိုင်သမျှကြာအောင် ရှူသွင်းထားတာ သူ မကြားနိုင်လောက်သည့် နေရာကျမှ ရှူထုတ် ရှူသွင်း ပြန်လုပ်နေရသည်။ သို့သော် သူ အရှိန်နှုန်းတင်ပစ်သည်မှာ သိပ်စောလွန်းအားကြီးသည်။ ထို့ကြောင့် ပြန်ပြီး အရှိန်လျှော့ကာ ခြေလှမ်းမှန်အောင် ပြန်ထိန်းရသောအခါ၌ သူ့ခြေလှမ်းများမှာ မချောမွေ့တော့ ဘဲ ပျက်ယွင်းလာတော့သည်။ သူ မရနိုင်တော့ပြီ။ သူ ယခုထက် ဆက်ပြေးနိုင်မည် မဟုတ်တော့။ သူ့ စိတ်မှာ သိပ်ကြောက်ပြီး တုန်လှုပ်ပျက်ပြားသွားလေပြီ။
ကျွန်တော် သူ့ကို မီလာတော့သည်။ ယခုအချိန်မှစ၍ သူ့ကို အချိန်မရွေး ကျော်တက်နိုင်ပြီကို ကျွန်တော် သိခဲ့ပြီဖြစ်သည်။ သို့သော် ကျွန်တော်က ပြေးလမ်းကို မမှတ်မိ။ ပြေးလမ်းမှားပြီး အချောက် တိုက် အပယ်ခံရမည်ကို မလိုလား။ ထို့ကြောင့် သူ့နောက်နားမှနေ၍ ခွာလိုက်ခဲ့သည်။
တာ ဝင်ခါနီး ကိုက်နှစ်ရာလောက် လိုတော့သည်အထိ။ ပန်းတိုင်ကြိုးကို လှမ်းမြင်ရပြီ။ လူကြီးများ၊ ဘင် ခရာအဖွဲ့၊ လူအုပ်ကြီး၊ ဓာတ်ပုံဆရာများအားလုံးကို ရှင်းရှင်းကြီးမြင်နေရပြီ။ ထို့ကြောင့် သူ့ကို ကျော် တက်လိုက်သည်။ ကျွန်တော့် ဒူးများကို မြင့်သထက် မြင့်လာသည်။ ပန်းတိုင်ကြိုးကို ဖြတ်ပစ်လိုက်သည်။
သတင်းစာ မျက်နှာဖုံးများတွင် ကျွန်တော့်ပုံပါလာသည်။ စိန့်လူးဝစ်ထုတ် လူဖြူသတင်းစာများ အားလုံး ၏ အားကစား ကဏ္ဍတိုင်းတွင် ကျွန်တော့်ပုံပါသည်။
ဒစ်ဂရီဂိုရီ "နံပါတ်တစ်"။ ထိုနှစ်တွင် ပြည်နယ်ဖြတ်ပြေးပွဲတွင်လည်း လူဖြူများနှင့် ယှဉ်ပြေးပြီး နိုင်ခဲ့ သည်။ ပြည်နယ် ချန်ပီယံ။ ၁၅ မိုင် ပြေးပွဲတွင်လည်း ဒုတိယ ရခဲ့သည်။ ကောလိပ်ကျောင်းသားများနှင့် ပြိုင်ပြေးသော တစ်ဦးတည်းသော အထက်တန်း ကျောင်းသားလေး။
ထိုနှစ်တွင် လူတို့သည် ကျွန်တော့်သတင်းကိုသာ နားစွင့်နေကြတော့သည်။ ညစာစားပွဲများ ဖိတ်ကြ သည်။ ဆုများ ပေးကြသည်။ လူရည်ချွန်မြို့သား။ သူတို့က ကျွန်တော့်ကို "ဒစ်ဂရီဂိုရီ" အနေနှင့် မိတ် ဆက်ပေး တတ်ကြသည်။ ဒုက္ခသည် စခန်းမှ မွေးလာသော ကောင်ကလေး။ ဒုက္ခသည် ရန်ပုံငွေဖြင့် ကြီးပြင်း လာသော ကောင်ကလး။ ခု သူ့ကို ကြည့်စမ်း။ သူတို့က ပြောသည်။ ဒုက္ခသည် ထောက်ပံ့ကြေး မှာ အတိတ် တွင်ပင် ထားခဲ့ကြတော့သကဲ့သို့၊ အမေသည်ပင် လူဖြူအုပ်များတွင် ကျွန်မခံရတော့သကဲ့ သို့။ သူ့ထံမှ တစ်ခါတောင်းလျှင် ငါးဒေါ်လာမျှ မတောင်းသကဲ့သို့။ သို့နှင့် ကျွန်တော်သည် အပြင်ထွက် အလုပ်လုပ်ပြပြီး စံပြလုပ်သား တစ်ယောက် (သို့) စံပြအစ်ကိုတစ်ယောက်ဖြစ်အောင် သတိထားပြီး နမူ နာနေပြရတော့သည်။
ထိုနှစ်တွင် အထက်တန်းကျောင်း ထမင်းချက်သင်တန်းသို့ ကျွန်တော်တက်ခဲ့၏။ ယဉ်ကျေးမှု ဓလေ့ထုံး စံများကို နားလည်အောင်ဖြစ်သည်။ ကျွန်တော်သည် လူကြီးတစ်ယောက် ဖြစ်လာပြီဖြစ်ရာ ဓားနှင့်ခက် ရင်း စနစ်တကျ ကိုင်နည်းကို သတိထားရတော့မည်ဖြစ်သည်။
သင်တန်းတစ်ခုပြီးတိုင်း နည်းစနစ်အတိုင်း ကျွန်တော် လေ့ကျင့်ပြီးစားကြည့်၏။ အသားတွေကို အရင် စားပစ်။ နောက် အာလူးတွေ ထည့်စား၊ နောက် ဟင်းသီးဟင်းရွက်တွေ စား။ အစီအစဉ်အလိုက်။ ကျွန် တော့်မှာ ကျောင်းက ဆင်းလျှင်ပင် ထမင်းချက် ဝင်လုပ်တော့မည့်အတိုင်းပင် သေသေချာချာ သင်ယူခဲ့ သည်။ ကျောင်းကလူတွေက ထိုကဲ့သို့ သင်လာအောင်ပင် ကျွန်တော်က ကြိုးစားပြသည်။ သို့မှသာ အိမ်တွင်းမှု သိပ္ပံသင်တန်း သို့ ဆက်တက်ခွင့်ရမည်ဖြစ်သည်။ အိမ်တွင်းမှုသိပ္ပံကျတော့ အချုပ်အလုပ်ပါ သင်လာသည်။ သို့နှင့် ကျွန်တော်သည် ဟန်ကျပန်ကျ စားတတ်လာသည်။ ကျွန်တော် သင်တန်းများ တက်ရခြင်း၏ အကြောင်းရင်းမှန်များကိုကား သူတို့အား မပြောပြတော့။ ထို့ကြောင့် ကျောင်းဆင်း စာအုပ်တွင်ပင် ကျွန်တော့်နာမည်နောက်၌ "ထမင်းချက်" ဟူသော ဘွဲ့ထူးဝိသေသပင် သူတို့က ထည့် ပေးလိုက်ကြလေသည်။
ဒါက အကြောင်းမဟုတ်။ ကျွန်တော်သည် ထိုနှစ်အတွက် အပြေးအသင်း၊ မြို့ဖြတ်ပြေးပွဲအသင်းများ တွင် ခေါင်းဆောင်ဖြစ်ခဲ့သည်။ တီးဝိုင်းတွင် ဒရမ်အသေးတီးသူ၊ ဘင်ခရာအဖွဲ့တွင် "ဘေ့စ်ဒရမ်"တီးသူ၊ "ရောကက်စ်" ကပွဲကလပ်တွင် ဗုံတိုများ တီးသူဖြစ်ခဲ့လေပြီ။ မိန်းကလေးများကိုပင် ရုပ်ရှင်ရုံများသို့ ခေါ် သွားတတ်စပြုနေပေပြီ။ သူတို့ကို ကျွန်တော်သည် အမြဲတမ်း ရုပ်ရှင်ရုံအပေါ်ထပ် လသာဆောင် သို့ ခေါ်သွားတတ်သည်။ စိန့်လူဝီရှိ နီဂရိုးရုပ်ရှင်ရုံများတွင် ထိုနေရာများမှာ အလွန်မရိုးမသား ကူလီကူမာ လုပ်၍ရသော နေရာပင်ဖြစ်သည်။ ရုပ်ရှင်ကားမကောင်းလျှင် သင့်ဆေးလိပ်ပင် ထုတ်သောက်နိုင် သည်။ မိန်းကလေးကို အတင်းသိုင်းဖက်ထားနိုင်သည်။ အပျော် အပျက် နောက်သလို ပြောင်သလိုပင် ကျီစယ် နိုင်သည်။
ကိုယ့်အမျိုးသမီးကို ရုပ်ရှင်ရုံသို့ ခေါ်မသွားခင် ရုံစောင့်လမ်းပြကို ငွေစနည်းနည်း ကြိုပေးထားပြီး လသာဆောင် တွင် ခုံနှစ်နေရာရအောင် လာဘ်ထိုးထားရသေးသည်။ နောက်မှ အမျိုးသမီးကိုခေါ်လာ ပြီး၊ ရုံစောင့်လမ်းပြကို မျက်စိ တစ်ဖက်မှိတ်ပြပြီး နှုတ်ဆက်လိုက်သည်နှင့် သူက တစ်ခါတည်း အပေါ် ထပ်သို့ခေါ်သွားပြီး နေရာပေးလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ရုံစောင့်လမ်းပြ အပြင်ထွက် ထမင်း စားနေသည်နှင့် ကြုံသောအခါ၌ အပေါ်ထပ်တွင် လူများ ကိုယ့်ဘာသာကိုယ်တက်ကြည့်နေကြ၍ ထိုင် စရာနေရာ ပင် မရှိအောင်ဖြစ်တတ်ရသည်။
ထိုအခါများတွင် အတော့်ကိုစိတ်မချမ်းမသာဖြစ်တတ်ရ သည်။ သို့သော် ရုပ်ရှင်ပြီးခါနီးလောက်တွင် လသာဆောင်ပေါ် အသာတက်နှင့်ပြီး ရုံလွှတ်လျှင် သူများ နောက်မှ ကိုယ်က ဖြည်းဖြည်းလေးဆင်းလာကာ လူတကာမြင်အောင် လူလုံးပြ ကြွားဝါဖြစ်အောင် တော့ ကြွားဝါတတ်စမြဲပင်။ ရုံစောင့်ကို ဘောက်ဆူးပေးသည့် အကြောင်း ကိုမူ မည်သူမျှ အသိမပေး။ ထိုအချိန်များကမူ ကျွန်တော့်ဘဝတွင် အမှန်တကယ် အဖြစ်ချင်ဆုံးအရာမှာ အမြဲတမ်း လသာဆောင် ပေါ်မှနေ၍ ရုပ်ရှင်ကြည့်လိုခြင်းသာဖြစ်ချေသည်။
ဆက်ရန်
.
No comments:
Post a Comment