ဤသို့ဖြင့် ငထွန်းကား
မယ်ငြိမ်းစည်တို့အိမ်တွင် အိမ်သာ ပေါ်ပေါက်လာသာအခါ ကိုရင်ကုမာရ ကိုကျော်
လူထွက်သည်။ "အမေ့ကို သနားပါဦး သားရယ်" စသော အပြောတွေလည်း ပါသည်။ သိုရာ
တွင် ကိုရင်သာသန က လူမထွက်။
ကြိုက်စရာလူ မရှိသူက မထွက်သော်ငြား၊ ကြိုက်စရာ ကောင်မလေး သည် တစ်နေ့တစ်ခြား အလှပန်းပွင့်သည် ကို မြင်သောသူက လူထွက်သည်။ ကို ဆက်ဖတ်ရန်..............
(၉)
မယ်ငြိမ်းစည်သည် အကျင့်မကောင်း။ ပျင်း၏။ သားကြီး ကိုရင်လူထွက်ပြီး နွားစာမြက်ရိတ်၊ နွားစာရေ ခပ်၊ နွားစာစဉ်းပြီး နွားကျွေးသောအခါ များစွာသက်သာသွား၏။ သားကြီးကို မြှောက်ပေး၏။
"အမယ်လေး လူပျိုကြီးဖားဖား ဖြစ်လာတာပါတကား"
ထိုသို့အပြောခံရသည် ကို ကိုကျော် သဘောကျ၏။ "သားကြိုက်တဲ့ ကောင်မလေးရှိရင် အမေ့ကိုပြော" ဆိုလိုက်လျှင် ကား ကိုကျော် များစွာ သဘောကျသွားကာ ရူးချင်သလို၊ နှမ်းချင်သလို ဖြစ်သွားလေ၏။
ကိုဆေးရိုးသည် စာမသင်ဘဲ လတ်လျားလတ်လျား လုပ်နေသော ကိုရင်နှစ်ပါးကိုကြည့်ပြီး၊ ပြောစရာ စကားစ ရှာနေ၏။ သို့စဉ်တွင် လက်မဲမှ လူတစ်ယောက် ဆိုင်းမဆင့် ဗုံမပါဘဲ ရောက်လာသည်။
"ကိုသာအောင် မျက်စိလည်လာတာလား"
လက်မဲတွင် နေဖူးသော ငထွန်းကား၏အသိ ဖြစ်သည်။
"ကုတင်ကြီးစုကိုအသွားမှာ မင်းအဖေနဲ့ မင်းနှမက"
"ဗျာ" ဆိုကာ ငထွန်းကား ထိုင်ရမည်သို့ ထရမည်သို့ ဖြစ်လေ၏။ သူ မျှော်လင့်မထားသောအရပ်မှ ပြန် လာသူဖြစ်၏။
"ကျုပ်အဖေ ဘယ်တုံးဗျ"
"မင်းနဲ့ ရုပ်ချင်းဆင်ပါတယ်ကွာ၊ အဲ ဦးကျန်ကြီးနဲ့ မင့်နှမမယ် အဲအဲ မယ်မျှင်"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
"မင့်ဆီမှာရောက်နေတဲ့ ဧည့်သည်နဲ့ ကိုရင်ပြန်လွှတ်လိုက်ပါတဲ့။ အမေ နေမကောင်းဘူးလို့ မှာလိုက် တယ်"
ဧည့်သည် ထွက်သွားလျှင် သွားချင်း ကျောင်းသို့ ငထွန်းကား ပြေးရတော့သည်။ သူ့ညီကိုဆေးရိုးမှာ အပြုံးကိုကြောက်သောကြောင့် ကျောင်းမှာသာ အနေများသည်။
အခန့်သင့် ပင် ကိုဆေးရိုးမှာ တွင်းတစ်တွင်း တူးနေ၏။
"ဟေ့ကောင် ဘာလုပ်နေတာတုံး"
"ကျောင်းမှာနေ ကျောင်းမှာစားတော့၊ ကျောင်း ငရဲမကြီးအောင် သေနာသနဝတ်ကို လုပ်ရသယ် အစ်ကိုရေ့။ အုန်းပင်စိုက်ဖို့ မြေဆွေးတွင်းလေဗျာ"
"ကုတင်စုကြီးကိုရောက်ခဲ့တဲ့ လက်မဲက ကိုသာအောင် လာသွားသကွ"
"ဟုတ်လား" ဆိုကာ ကိုဆေးရိုးသည် ထရပ်ပြီး ငထွန်းကားနှင့် မျက်နှာချင်းဆိုင်နေရာသို့ လာရပ်၏။
"ငါ့ဆီမှာရောက်နေတဲ့ ဧည့်သည်နှင့် ကိုရင်ကို ပြန်လွှတ်လိုက်ပါ။ အမေ နေမကောင်းဘူးတဲ့ဟ"
"ဟာသည်လိုဆို အခုပြန်မှပဲ"
"ဟေ့ကောင် ညီလေး"
ငထွန်းကားခေါ်နေဆဲတွင် ကိုဆေးရိုးသည် ကျောင်းပေါ်သို့ ပြေးတက်သွား၏။ ငထွန်းကားသည် ပြေး လိုက်သွားသည်။ သို့ရာတွင် ကျောင်းကြီးမှာ ကျယ်ဝန်းသည်နှင့်အမျှ မှောင်သည်။ အပြင်မှဝင်လာသူ များ အတွက် ပကတိအမှောင်။ သို့ဖြစ်သောကြောင့် ငထွန်းကားမှာ အုတ်လှေကားထိပ်သို့ ပြန်ထွက်နေ သည်။ အတန်ကြာမှ လွတယ်အိတ်တစ်လုံးလွယ်လျက် ကိုဆေးရိုး ကျောင်းထဲမှ ထွက်လာ၏။ သူ့ နောက်တွင် ကိုရင်ဘညိန်းနှင့် ကိုရင်ငသော် ပလာသည်။
"ညီလေး မင်းတို့လမ်းမှာ ညအိပ်နေရလိမ့်မယ်"
"ဟာ ဘာဖြစ်လို့ အိပ်ရမှာတုံး။ တစ်ညလုံးသွားရင် မနက်ကို ရောက်မှာပေါ့"
ငထွန်းကား ခေါင်းရမ်းပြသည်။
"ဒါလောက်ပဲ အရင်မလိုပါနဲ့ကွာ။ မနက်စောစော စလင်းကိုလှည်းနဲ့လိုက်ပို့မယ်ကွာ။ အဲသည်ကမှ မြင်း ရထားစီးသွားရင် ဆွမ်းခံဝင်ချိန်ရောက်ရောပေါ့"
"အဲသာကောင်းသားပဲ"
ကိုရင်ဘညိန်းက နွားလှည်းစီးရင်း မြင်းလှည်းစီးရန် အားသန်နေသဖြင့် သူ့ဘကြီး၏အကြံကို သဘော ကျ၏။ သို့ရာတွင် ကိုဆေးရိုးက ကျောင်းထဲပြန်မဝင်ချင်။ ငထွန်းကား၏အိမ်သို့ လိုက်ပြီးအိပ်သော်၊ အပြုံး၏ရန်ရှိသည်။
"ဟာကွာ၊ အမေ့ဆီ စောစောရောက်တော့ ပိုကောင်းသာပေါ့"
"ဘကြီးအိမ်လိုက်ပြီး အိပ်ရအောင်ပါ ဒကာကြီးရာ။ ကျုပ် မလျှောက်နိုင်ဘူးဗျ"
ကိုရင်က လမ်းမလျှောက်နိုင်ဟု ဆိုသောအခါ ကိုဆေးရိုး လက်လျှော့ကာ ရွာထဲသို့လိုက်လာ၏။ ကိုဆေးရိုး ကြိုတင်မျှော်မှန်းထားသည့်အတိုင်း အပြုံးရောက်လာသည်။
သည်အိမ်မှာ ကိုဆေးရိုး အိပ် မည်ဟု သိသောအခါ မြူးထူးနေသည်။ အိမ်ပြန်ပြီး ဟင်းလျာတွေ ယူလာသည်။ သို့သော် ငထွန်းကား နှင့် တစ်ညလုံးနီးပါး ညီအစ်ကိုနှစ်ယောက် စကားကောင်းနေသာအခါ အပြုံး မနှောင့်ယှက် သာ။
ညီအစ်ကိုနှစ်ယောက် စကားပြတ်သောအခါ ကြက်ဦးတွန်ပြီ။
"ဟေ့ကောင်၊ အစ်ကို မအိပ်ပါနဲ့တော့၊ နွားတွေနှိုးပြီး အစာကျွေးပေတော့၊ သွားကြရအောင်"
ကိုဆေးရိုး သည် အိပ်ပျော်နေသော ကိုရင်ကို နှိုးသည်။
"ဟာဗျာ၊ အစောကြီးရှိသေးတာကို"
"ကိုရှင် လှည်းပေါ်ကျမှ ဆက်အိပ်၊ ပြောမရရင် ထားခဲ့မှာနော်"
ကိုရင်ဘညိန်း လူးလဲထာသည်။ မျက်နှာသစ်သည်။
"ကိုရင့်ကို အရုဏ်ဆွမ်း ကပ်ဦးမလား"
"စောသေးတယ်၊ ဆယ်ပါးသီလ ကျိုးသွားမယ်"
ကိုရင် မျက်နှာသစ်အပြီး နောက်ဖေးနောက်ဖီသွားအပြီးတွင် လှည်းစပြီး ထွက်တော့သည်။ လှည်းပေါ် တွင် ကောက်ရိုးထူထူခင်းပြီး ဖျာခင်းရုံသာမက၊ ဖအေကပါ ပွေ့ထားသဖြင့် ကိုရင်ဘညိန်း ဆက်အိပ် နိုင်၏။ သူတို့ သည် မျှော်မှန်းထားသည့်အတိုင်းပင် ဆွမ်းခံဝင်ချိန် မတိုင်မီ ရမ်းဘိုကုန်းသို့ ရောက်၏။
မယ်ကြွယ်စိုး သည် ဆေးပေါ့လိပ်ကြီး တဖွားဖွားဖြင့် ထိုင်နေ၏။
"အမေ့နှယ်ဗျာ၊ ကြားကြားချင်း ပြေးလာခဲ့ရသာဗျ"
ကိုဆေးရိုး က မအေကို အပြစ်တင်သောအခါ ဦးကျန်ကြီးကလည်း ဝင်ပြော၏။
"နေကောင်းသယ်၊ ချောင်းထဲပွဲတော်အမီ ပြန်ခဲ့လို့ပဲမှာပါပြောပါသယ်ကွာ၊ အဲသာ ငါ့စကားနားမထောင် ဘဲ အမေ နေမကောင်းဘူး အမြန်ပြန်လာပါဆိုတော့ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ကြရတာပေါ့ကွာ"
"အဲသည်တော့ ဘာဖြစ်တုံး၊ သားရော မြေးရော အမြန်ရောက်လာသာပေါ့"
အဖေနှင့် အမေ ရန်ဖြစ်နေစဉ်၊ ကိုဆေးရိုးမှာ ဇနီးနှင့် သမီးထံပြေးရသည်။ ထို့နောက် ဘုန်းကြီးကျောင်း သို့ပြေးကာ ကျောင်းထိုင်ဆရာတော်ထံတွင် ကိုရင်စန္ဒကို ပြန်လည်အပ်နှံရသေးသည်။
ဆရာတော် မှာလည်း ကိုရင်သာသန ငသော်ကို မျက်စိတွေ့ထားတော်မူသည်။
"ရွာမှာ ဘယ်လိုဖြစ်ကြသတုံး"
"သူ့အစ်ကိုကြီး ကိုကျော်ကတော့ အမေ့ကို သနားပါဦး သားရယ် တစ်ခွန်းပြောနဲ့ လူထွက်ပေမဲ့ ကိုရင် သော်က မထွက်ဘူး ဘုရာ့"
"မထွက်သဲ့အပြင် ဘာပြောသေးသတုံး"
"ကျုပ်တို့ ကုဋီသုံးခွင့်ရတာ ကိုရင်ဝတ်နေလို့တဲ့ ဘုရား၊ နူးညံ့ချောမွေ့သဲ့ ကနုတံသုံးခွင့်ရသာဟာ လည်း ကိုရင်ဝတ်လို့သဲ့ ဘုရား"
ဆရာတော်ကြီးသည် လက်ဖျားခါ၏။
"ကြည့်စမ်း၊ ကျောင်းသားတွေ ကိုရင်ဖြစ်သွားတဲ့အခါ ဘုန်းကြီးသုံး ကုဋီကို သုံးခွင့်ရသလို ကုဋီပေးမှာ အသင့်ထားသဲ့ ကနုတံလည်း သုံးကြသာပါ ဒကာကြီး၊ သာပေမဲ့ သူ မြင်သလို မမြင်ကြဘူးဗျ"
"အခု သူ့အဖေ အိမ်ဝိုင်းထဲမှာ တွင်းတူးပြီး အိမ်သာဆောက်ပေးပေမဲ့ ကိုရှင်သော် ရှင်သာသနကတော့ မထွက်ဘူး ဘုရား၊ ဘုန်းကြီးဝတ်မယ် ပြောလေရဲ့ဘုရား"
"ဒကာကြီးရဲ့တူ မဟုတ်လား"
"အစ်ကိုအရင်းက မွေးတာပါ ဘုရား"
"ဘုန်းကြီးဝတ်နဲ့ အကျိုးပေးနိုင်သယ် ဒကာ၊ အဲသည်ကလေးကို ပစ်မထားပါနဲ့ ဒကာကြီး"
"မှန်ပါ ဘုရား" ကိုဆေးရိုးသည် ဆရာတော်ကြီး မှာကြားလိုက်သော စကားကို အဖေနှင့် အမေသို့ တစ်ဆင့် ဖောက် သည်ချ၏။
"ကိုသော်က သူ့အစ်ကိုနဲ့ မတူသာကတော့ မြင်သာထင်သာတယ်၊ အခု ဆရာတော်ကြီးက ဘုန်းကြီး ဝတ်နဲ့ အကျိုးပေးနိုင်သယ်လို့ မှာလိုက်သယ်"
"တို့အမျိုးထဲမှာ ဘုန်းကြီးရှိလဲ ကောင်းသာပေါ့"
အမေက ဝမ်းသာအားရ ကြိုဆိုသည်ကို အဖေက ချီးမွမ်း၏။
"ဘုန်းကြီးမျိုးဆိုတာ နည်းသဲ့ဂုဏ်မှတ်လို့၊ ဒါထက် လူကလေး၊ တို့ကိုရင်ကော ဘယ်လိုလုပ်မတုံး"
"အမေ လှမ်းပြီးမှာသာ တစ်နည်းတော့ ကောင်းတယ် အမေ၊ ဟိုမှာကလည်း ကိုရင်ကို အာဂန္တုမို့ စာမ သင်ဘူး အမေ၊ အခုတော့ အမေ့ကြောင့် မြန်မြန်ပြန်ရောက်တော့၊ စာမြန်မြန် ပြန်သင်ရသာပေါ့၊ ကိုရင် ဝတ်နဲ့နေသာကတော့ သူ ပျော်သလောက်ပေါ့"
ကိုဆေးရိုးသည် လည်တဆန့်ဆန့် ဖင်တကြွကြွ ဖြစ်နေ၏။ သူ ခရီးသွားနေခိုက်တွင် အိုး ဘယ်နှဖိုတိုက် သွင်းပြီးပြီနည်း သိချင်နေသည်။ သို့ရာတွင် အမေက သွားခွင့် မပေးပေ။
"မင့်မယားနဲ့ မင့်အိမ်၊ ဘယ်မှ မပြေးပါဘူး သားရယ်"
"ပြောစရာ မကုန်သေးရင် ပြောပါ အမေ"
"အမေ သွားနိုင်တုန်းမှာ သားသမီး မြေအစုံအလင်နဲ့ ချောင်းထဲပွဲတော်ကို သွားချင်တယ် သားရဲ့၊ နောင်နှစ်ဆိုသာ မသေချာဘူး"
"အမေက အမာကြီး ရှိပါသေးသယ်ဗျာ"
မယ်ကြွယ်စိုးပြောသော ချောင်းထဲပွဲတော်ဟူသည် "ချောင်းထဲရွှေစက်တော်" ဖြစ်သည်။ မယ်ကြွယ်စိုး တို့ ငယ်စဉ် တုန်းက ထိုချောင်းထဲရွှေစက်တော် မပေါ်ပေါက်သေး။ စလင်းချောင်း၏ အနောက်ဘက် ကမ်း နွယ်တမယ်ရွာအနီး၌ တည်ထားသော စက်တော်ရာ ဘုရားသာဖြစ်၏။
ထိုစက်တော်ရာနှစ်ဆူ မှာ "သားရိုး" ဘုရားများဖြစ်သည်။ သင်္ဘောပုံတန်ဆောင်းထဲတွင် သီတင်းသုံး တော်မူကြသည်။ တစ်ခုသော မိုးရာသီ၌ စလင်းချောင်း ရေတိုက်စားသဖြင့် သင်္ဘောပုံ တန်ဆောင်းကြီး ပျက်စီးသည်။ စက်တော်ရာနှစ်ဆူလည်း ချောင်းရေထဲသို့ မျောပါသွားတော့သည်။
အကယ်၍ ဘုရားအနီးရှိ ပန်းပဲသမားကြီးသာ ပါမလာလျှင် ထိုစက်တော်ရာနှစ်ဆူသည် ရေစာသင့်ပြီး သမုဒ္ဒရာထဲ၌ ဇာတ်သိမ်းရမည်လော။ ပန်းပဲသမားကြီးသည် ချောင်းရေကြီးသောအခါ ဘုရားပေါ်တက် ပြီးနေ သည်။ သည်နှစ်ကြီးသောရေကား သာမန်မဟုတ်၊ ဘုရားတန်ဆောင်းကိုပါ ဖျက်ဆီးရုံသာမက၊ စက်တော်ရာနှစ်ဆူ ကိုပါ သယ်ဆောင်သွား၏။ ပန်းပဲသမားကြီးလည်း စက်တော်ရာနှစ်ဆူကို ဖက်တွယ် ပြီး လိုက်ပါသွား၏။
စက်တော်ရာနှစ်ဆူသည် မြစ်လယ်မှသာမျောသည်။ သို့ရာတွင် ရေနံချောင်းဘက်သို့ ရောက်သောအခါ ဧရာဝတီမြစ်၏အနောက်ဘက်ကမ်းမှ ကပ်ပြီး မျောသည်။ ခြေတော်ရာနှစ်ဆူကိုဖက်တွယ်ပြီး လိုက်ပါ လာသော ပန်းပဲ သမားကြီးသည် ကမ်းပေါ်သို့လှမ်းကြည့်ရာ ထင်းဆယ်သူများကို မြင်သဖြင့် "ကယ် တော်မူပါ" အော်သည်တွင် သံကိုင်း (ကုန်းစောင်း) သားတို့၏ကယ်ဆယ်ခြင်း ခံရသည်။
ဤသို့ဖြင့် စက်တော်ရာနှစ်ဆူ နေရင်းဒေသသို့ ပြန်လည်ရောက်သော်ငြား၊ မူလစံကျောင်းတော် တန် ဆောင်းကို ပြန်လည်ဆောက်ုလပ်လှူဒါန်းမှု မပြုနိုင်ရှာကြချေ။ မြို့သူမြို့သားတွေ သနားစရာကောင်း အောင် မွဲနေကြပြီ။ သို့သော် ဂေါပကအဖွဲ့ကား ရှိသည်။ မြို့မြောက်ဘက်ရှိ ဘုရားတစ်ဆူ တွင် ထားရှိ သည်။ တပေါင်းလပြည့်နေ့ကျမှ ချောင်းထဲသို့ဆင်းပြီး အပူဇော်ခံသည်။
ဈေးကလည်း မီးဘေး ပလိပ်ရောဂါဘေးကို ရှောင်ကွင်းရန်အတွက် ချောင်းထဲသို့ ယာယီရွှေ့ပြောင်း လာ၏။ ရွှေ့ပြောင်းလာသော ဈေးဖြင့်ပင် ဘုရားပွဲတော်တွင် စည်ကားလှပြီ။ တစ်ဖန် ထိုပွဲတော်ကို ရည် စူးပြီး ရောက်လာသော ရပ်ဝေးကုန်တိုက်များနှင့် ပေါင်းပြန်သောအခါ ချောင်းထဲပွဲတော်ခေါ် ချောင်းထဲ ရွှေစက်တော်သည် များစွာ စည်ကား၏။
ဤသို့စည်ကား သည် တွင် ဂေါပကအဖွဲ့က ရုပ်သေးငှား၍ဖြစ်စေ၊ ဇာတ်ငှား၍ဖြစ်စေထည့်ပြန်သော အခါ ရွှေစက်တော် အတုမှာ ရွှေစက်တော်အစစ်နှင့် နင်လား ငါလား စည်ကားတော့သည်။
မယ်ကြွယ်စိုးသည် သားသမီးမြေးမြစ်တစ်တွေ လိုက်နိုင်ရန်အတွက် လှမ်းကြမ်းဖြင့်လာသည်။ တိုးတိုး ဝှေ့ဝှေ့၊ ဟိုတွယ် သည်ကပ်ဖြင့် စီးပါက လှည်းကြမ်းတွင် တစ်ကျိပ်ကောင်းစွာ စီးနိုင်၏။ ညနေတွင် သွားပြီး လပြည့်ကျော် သုံးလေးရက် လထွက်တွင် ပြန်ရသောအရသာမှာ အလွန်နှစ်သက်ဖွယ်ဖြစ်၏။ မြို့ဦးဘုရား ဘုရားကြီးကုန်းပွဲတော် သည် မသေချာ။ သို့ကြောင့် သေချာသော သည်ပွဲတော်မှာပင် ဖက် ထုပ်နှင့် ဆေးရွက်ကြီး၊ ထွန်တုံး ထွန်သန်ကြိုး စကောစကာ တောင်းပလုံးများကို ဝယ်သည်။ ညနေ စောင်းတွင် တအေး တဆေးဝယ်ရသဖြင့် စိတ်လည်းချမ်းသာ၏။
မယ်ကြွယ်စိုးသည် ကိုရင်ဘညိန်း ဆယ်နှစ်သားကတည်းက သူ့ကိုယ်သူ သေမည်ထင်ခဲ့သော်လည်း မသေ။
တစ်နေ့သောအခါ ငထွန်းကားသည် လှည်းဖြင့် ရောက်လာ၏။ ညီနှင့် ခယ်မသည် အိုးတစ်ဖိုစာအတွက် အားသွန်ခွန်စိုက် ထုရိုက်နေရသဖြင့် ကနဖျင်းရှေ့၌ လှည်းတစ်စည်း လာရပ်သည်ကို မသိ။
"ဧည့်သည် လာတယ်ဟေ့"
ထိုအခါကျမှ ကိုဆေးရိုး ခေါင်းထောင်နိုင်၏။
"အဖေရေ ဘကြီးရယ်တော့်"
ချောစိန် လည်း ရွှံ့အပေပေဖြင့် အိုးထိန်းစက်ဘေးမှ ထပြေးလာ၏။ ကိုဆေးရိုးသော်ကား သူပေးခဲ့သော လှည်းနှင့် နွားကို ဦးစွာကြည့်မိသည်။ သူ ပေးစဉ်က နွားများမဟုတ်ငြား၊ နောက်လဲသော နွားများမှာ လည်း နွားကောင်းနွားတောင့်တွေဖြစ်စေကာ မူ လှည်းအိမ်မှာ များစွာချွတ်ယွင်းနေပြီ။
"အစ်ကို လာဗျို့"
သပိတ်များကို ကျောက်ခဲစားနေရာက ကိုဆေးရိုး အပြေးအလွှား ထလာသည်။ ကနဖျင်းအတွင်းရှိ အဖီ ထဲ သို့ ခေါ်သည်။ ငထွန်းကားသည် ကနဖျင်းရှေ့တွင် ရပ်နေရာက အမေတို့အိမ်ကို မျှော်ကြည့်၏။
"အမေတို့ အဖေတို့က နေကောင်းကြလား"
"ကောင်းပါ သယ်ဟ၊ လာပါ၊ အထဲကျမှ မေးပါ"
"ငါ ရေနံချောင်းကို ပြန်ပြောင်းမလို့ကွ၊ လာကွာ အမေတို့ အဖေတို့ဆီကို သွားကြရအောင်"
အရေးထဲတွင် ချောစိန်က ကပ်မေးသေး၏။
"ဘကြီး ကိုကျော်တို့ ကိုသော်တို့ မခေါ်ခဲ့ဘူးလား"
"နင့်ကောင်တွေက လူပျိုလုပ်ပြီး ရွာရိုးလျှောက်နေတာနဲ့ ဖမ်းလို့တောင် မမိပါဘူး သမီးရာ"
ဘကြီးငထွန်းကားသည် သည်မျှသာ ဖြေကြားအပြီးတွင် ကိုဆေးရိုးကိုခေါ်ကာ အဖေတို့အိမ်ပေါ်သို့ တက်ခဲ့သည်။ အရေခွံတွေ တွန့်လျှက် ဇရာအရေးအကြောင်းများ ထင်ရှားနေပြီဖြစ်ငြား၊ မယ်ကြွယ်စိုး၏ အမြင်၌ ငထွန်းကားသည် မအိုမင်း မရင့်ရော်သေးချေ။
"သားကြီး၊ နင့်သားတွေနဲ့ မယား နေကောင်းကြလား"
"အဲဒါ အရေးမကြီးဘူး အမေရ၊ ရေနံချောင်း ပြန်ပြောင်းမှာမို့ ညီလေးရဲ့လှည်းနဲ့ နွား ပြန်အပ်ရအောင် လာတာဗျ"
ထိုစဉ် ဦးကျန်ကြီးသည် နောက်ဖေးပေါက်မှ လှည့်ဝင်လာ၏။
"ဟဲ့ သားကြီး၊ မြို့ပေါ်မှာ လှည်းနွား ရှားသမှုတ်လား"
"အဖေက လှည်းခ မတန်တဆရတာပဲ မြင်တာ၊ လှည်းနဲ့ နွား ထားစရာနေရာမရှိဘူးဗျ"
"လှည်းနွား ထားစရာရှိသဲ့နေရာမှာ ရွေးပြီး နေပေါ့ကွာ"
"အဖေ မသိပါဘူး၊ အသာနေစမ်းပါ၊ အခု လှည်းနွားပြန်ပေးပြီး ငွေတစ်ရာလောက် ချေးချင်လို့ဗျ"
ဦးကျန်ကြီး ခါးစန့်သွား၏။ မယ်ကြွယ်စိုးနှင့် ကိုဆေးရိုးတို့ ပါးစပ်ဟသွား၏။ ငွေတစ်ရာကျပ်သည် အလွန်များပြားသော်ငြား၊ ကိုဆေးရိုးတို့အတွက် ငွေတစ်ရာသည် ခက်ခဲသော်ငြား၊ ငထွန်းကားအတွက် ဆိုလျှင် ကား၊ ခက်ခဲ၍မဖြစ်ပေ။ သို့ကြောင့် မယ်ကြွယ်စိုးသည် "ရမှာပေါ့ သားရယ်၊ နက်ဖြန်မနက် မှ အေးအေးလူလူ ပြန်သာပေါ့" ဟု ပြောသော်ငြား ငထွန်းကား လက်မခံ။
"အခုယူ အခုပြန်ပြီး ရေနံချောင်းကို နက်ဖြန်ပြောင်းမှာ အမေရ"
"အေးလေ၊ သာလောက် ဖင်ပူမာတြာစွဲနေလဲ မတတ်နိုင်ဘူး"
သည်သားကြီးနှင့် စပ်လျဉ်းလာလျှင် ဦးကျန်ကြီးလည်း လိုလိုလားလားရှိသည်။ သို့ကြောင့် မယ်ကြယ် စိုးသည် အိမ်ပေါ် မှ ဆင်းသွားပြီး ပြန်တက်လာသည်။ လိုသောငွေကို မကျီးဒန်ထံ သွားဆွဲဟန်တူသည်။
"ကဲ ရော့" အမေသည် ငထွန်းကား လိုသောငွေတစ်ရာကို အေးအေးမပေးပေ။ "အမေ့မှာမရှိလို့ သူများ ဆီက ဆွဲပေးရသာ၊ သာပေမဲ့ ပြန်ဆပ်ဖို့ မလိုဘူးနော်" ဟု နောက်ဆက်တွဲ ပါသေး၏။ ထိုအခါ ကိုဆေးရိုးက "ကိုင်း၊ အစ်ကို့လှည်းနဲ့ အစ်ကို့ကို ပြန်ပို့ရမှာပဲ" ဟု ပြောသည်။
"နေစမ်းပါကွာ၊ အရေးကြီးရသဲ့အထဲမှာ"
ငထွန်းကားသည် ထရပ်ရင်းက ညီကို ပုတ်ပစ်သည်။
"မြောင်းပေါင်လမ်းက သွားရင်"
"မြောင်းပေါင်လမ်းက နှစ်ခါသွားတာ၊ နှစ်ခါလုံး ဓားပြနဲ့ တွေ့တာ မမှတ်မိသေးဘူးလား"
ငထွန်းကားသည် ပြောပြောဆိုဆို အဖေနှင့် အမေကို ဦးချ၏။
" ဟိုဘက်ကမ်း ကို ရောက်သွားရင် အခုလို လာနိုင်မှာမဟုတ်တော့ဘူး အမေ"
အမေ့ဆုတေင်း၊ အဖေ့ဆုတောင်းမဆုံးမီ အိမ်ပေါ်မှ ငထွန်းကား ဆင်းလာရာ၊ ကိုဆေးရိုး ကပ်လျက်ပါ လာသည်။
"ကိုရင်ငသော် လူထွက်ပြီလား အစ်ကို"
လူ့တုံးပေကတ်သပ်ကြီး မျက်နှာထားပြောင်းသွား၏။
"လူမထွက်ဘူးကွ၊ အဲသာ ဘယ်လိုလုပ်ရမှန်း မသိသေးဘူး"
"ဘယ်လိုမှလုပ်မနေနဲ့၊ သည်ကျောင်းမှာမပျော်ရင် ရမ်းဘိုကုန်းကို အချိန်မရွေးကြွခဲ့ပါလို့ ဘထွေးက ဖိတ်သဲ့အကြောင်း"
"ကောင်းတယ်၊ ကောင်းတယ်"
"ကိုရင့်ကို ပြောဖြစ်အောင် ပြောနော်၊ ဟေ့ အစ်ကို"
"အေးပါ၊ စိတ်ချပါ"
မြင်းရထားတစ်စင်း လှမ်းမြင်သဖြင့် လှမ်းပြီး လက်ပြတားရာက၊ တာလမ်းသို့ ပြေးသွားရသဖြင့် စကား ပြတ်သွားကြ၏။ သူတို့သည် ရထားရပ်မိပြီး မကြာမီ တာလမ်းပေါ် ရောက်သွားကြရာ ကိုဆေးရိုးက ထပ် မှာ၏။
"ကိုရင်ငသော်ကို တို့ကျောင်းဆရာတော်က တော်တော်သဘောကျနေသယ်၊ ငါမှာသာပြောဖို့ မမေ့နဲ့ နော်"
"အေးပါ၊ မမေ့ပါဘူး"
ကိုဆေးရိုး၏အမှာစကားမဆုံးမီ မြင်းရထားဘီး စတင်လိမ့်သည်။ ကိုဆေးရိုး ငေးမောလျက် ကျန်ရစ် သည်။ လူရိုးကြီး မိန်းမလည် မိန်းမရှုပ်နှင့် ညားသောကြောင့် ဗျာများနေရသည်။ မန်ကျည်းပင်ပုတွင် အိုးအိမ်နှင့် ယာနှင့်ရှိနေရာက မိန်းမရှုပ် မည်သို့ဖြားယောင်းသောကြောင့် ရေနံချောင်းသို့ ပြောင်းရွှေ့ရ ပြန်သနည်း။အစ်ကို ငထွန်းကားသည် ကလေးနှစ်ယောက်ကို အရေးမထား။ သားကြီးကိုကျော် မည်သို့ ရှိသနည်း တစ်ခွန်းမျှပြောမသွားပေ။ မြို့ကြီးပြကြီးသို့ပြောင်းသွားပြီး မြို့ကြီးပြကြီး များတွင်သာ ရှိသော လောကဓာတ် စာသင်ကျောင်းသို့ ပို့လွှတ်နိုင်ပါမူ ဘယ်မျှကောင်းမည်နည်း။
ကိုဆေးရိုး သည် သူ့တူကိုကျော်အကြောင်း စဉ်းစားမိသောအခါ သူ့သားနှင့် သမီးအကြောင်းကို ဆက် လက် စဉ်းစား မိသည်။ ကလေးတွေမှာ ရှေ့ရေးကို မတွေးတတ်၊ မပူပန်တတ်ငြား၊ ဖအေ ကိုဆေးရိုး ပူပန်းသည်။ သမီး အလှပြင်ပြီး၊ သား လူပျိုလုပ်ကာ ရွာရိုးလျှောက်ပြီ။
"အဖေရေ"
ကိုဆေးရိုးသည် တာလမ်းပေါ်မှ ဆင်းခဲ့သည်။ မည်သည့်နေရာတွင် ငေးမောပြီး ရပ်နေသည် မသိ။ ချောစိန်၏အော်သံကြားမှ သတိရ၏။ သတိရ၍ လှမ်းကြည့်လိုက်သောအခါ ဘုရားငါးဆူတောစပ်တွင် ရပ်နေသော သမီးကြီးကို မြင်ရ၏။
"အမေက ညည့်အဖေကို လိုက်ကြည့်ချေတဲ့ အဖေရေ့"
"အေးအေး" ဆိုကာ ကိုဆေးရိုး သွက်သွက်လှမ်းသည်။ တိုက်သွင်းလုဆဲဆဲ အိုးတစ်ဖိုစာက တန်းလန်း ရှိသည်။ လယ်ပြင် ကိုလည်း သွားဦးမှ။ ဘညိန်းနှင့်ချည်း မဖြစ်သေး။ နှမ်းပင်တွေ ကန့်လန့်တင် (ဂလန့် တင်) ရှိလောက်ပြီ။ အသေ အပျောက် အထူအပါး။
"တော့်နှယ်တော်၊ အလုပ်များပါတယ်ဆိုမှ"
မကျီးဒန်သည် ထမင်းကိစ္စ၊ ဟင်းကိစ္စကို သမီးကြီးချောစိန်နှင့် လွှဲထား၏။ သူက ထဘီရင်ရှား လျှော မကျအောင်ပြေင်ရင်းက ကိုဆေးရိုးကို အားမရသံဖြင့် ကြိုဆိုသည်။
"ငါ့မရီးက လည်သယ်နော်"
"သူများအတွက် ပူမနေစမ်းပါနဲ့တော်"
မကျီးဒန်က မချင့်မရဲလေသံဖြင့် ကြိုဆိုသည့်အတွက် ကိုဆေးရိုးက သူ့ကြောင့်ကြမှုကို ထုတ်ဖော်ညည်း တွား၏။
"သူများ မဟုတ်ဘူးဟ ကျီးဒန်ရ၊ အဲသာ ငါ့အစ်ကို"
"ကိုယ် မဟုတ်ရင် သူများပေါ့တော်"
အိုးတွေကြားထဲတွင် ချွေးတလုံးလုံးဖြင့် ဆံပင်စုတ်ဖွားနှင့်ရှိနေကျ မကျီးဒန်သည် အပြင်သို့ထွက်လာ၏။
"ငါ့ကို လိုက်အကြည့်ခိုင်းပြီး၊ အခု ညည်းက ဘာလုပ်မလို့တုံး"
"ပုရပိုက်တန်းက မစောညွှန့် မှာထားသဲ့ ကံဆောင်အိုးကို အခုမှ သတိရသတော်၊ လုပ်ဦးမှ"
ကံဆောင်အိုးသည် ညောင်ရေအိုးအမျိုးအစားဖြစ်သည်။ ဖင်ပါသည်၊ လည်ပင်းပါသည်၊ မကျီးဒန် လုပ် သည်ကို ကိုဆေးရိုး မမြင်ဖူးပေ။
"ကျုပ် လုပ်တတ်ပါတယ်၊ တော်သာ တိုက်သွင်းဖို့ သွားလုပ်ပါ"
"အေးပါ၊ သွားပါ့မယ်"
သို့လျှင် ဆိုသော်ငြား၊ ကိုဆေးရိုးသည် ရေတွင်းပုံ အိုးဖိုရှိရာသို့ မသွားဘဲ မကျီးဒန်နောက်မှပါလာ သည်။ မကျီးဒန် သည် "နွားခွံ"တွင်းရှိ နင်းပြီးသား ရွှံ့ကို လက်ငါးချောင်းဖြင့် ဆွဲခွာ၏။ ရွှံ့လောက်စာလုံး သုံးလုံးစာပါလာသဖြင့် ပစ်ချသည်။ အိုးထိန်းစက်ဘေးတွင် ထိုင်သည်။
အိုးထိန်းစက်သည် "စက်ကိရိယာ" မဟုတ်။ ဝိုင်းစက်နေသောကြောင့် "စက်" ခေါ်ခြင်းဖြစ်၏။ အိုးထိန်း စက်သည် တွင်းထဲ၌တည်ရှိ၏။ အိုးထိန်းပျဉ်းပြားအရွယ် မြေတွင်းထဲ ငုတ်ရှိသည်။ တွင်းသည် တစ်ထွာ ခန့် နက်၏။ ငုတ်သည် တစ်ထွာမျှရှည်သည်။ ထိုငုတ်ပေါ်တွင် အိုးထိန်းပျဉ်ပြားကို တင်ထားရာ၊ ဘေး မျက်နှာပြင်နှင့် တညီတည်းရှိ၏။
"ဖြစ်မှ ဖြစ်ပါ့မလား"
ထိုကြောင့်ကြမှုဖြင့် ကြားထဲက ကိုဆေးရိုး ပူပန်နေစေကာမူ မကျီးဒန်ကား အိုးထိန်းစက်နှင့် "နွားခွံ" ကြားတွင် အေးဆေးသက်သာစွာ ထိုင်သည်။ အိုးထိန်းစက်ကို စစ်ဆေးအပြီး၌ ရွှံ့နှစ်ဆုပ်စာ ဖဲ့ယူ သည်။ စက်ပျဉ်ပေါ် ပစ်တင်သည်။ ပျဉ်ပြားကို လှည့်သည်။ တစ်ချက်လှည့်ကြည့်ပြီးနောက် ရွှံ့တစ်ခဲကို ထပ်မံပစ်တင်သည်။ ရွှံ့နှစ်ခဲကို ပေါင်းလိုက်သည်။
လည်ပတ်နေသော အိုးထိန်းပျဉ်ပေါ်တွင် ရွှံ့ခဲရှိသည်။ မကျီးဒန်သည် လက်နှစ်ဖက်ကို ရေထဲတွင် နှစ် သည်။ ချက်ချင်း စက်ပျဉ်ပေါ်ရှိ ရွှံ့တုံးကိုဖိပေးသည်။ ရွှံ့ပြားကြီးဖြစ်သွားပြီ။ လက်နှစ်ဖက်ကို ထပ်မံရေ ဆွတ်သည်။ ရွှံ့တုံးလည်း ရေအစိုကြောင့် ပြောင်လက်လာသည်။ လက်နှစ်ဖက်ဖြင့် ညှပ်ပေးလိုက်သော အခါ ကံဆောင်အိုး၏ဖင်နေရာရပြီ။ လက်နှစ်ချောင်းကို အတွင်းမှာထားပြီး ရွှံ့တုံးကိုဆွဲမသည်။ ရွှံ့တုံး ကြီး ကြွတက်မလာငြား၊ အိုးတစ်ပါး ပေါ်ပေါက်လာသည်။
ထိုအိုးကို ဘာမျှမလုပ်သေးဘဲ စက်ပဉ်ကို အားရှိပါးရှိ လည်ပတ်စေရန် လှည့်ပေးသည်။ ရွှံတုံးကို လက် နှစ်ဖက်ဖြင့် ညှပ်ပြီး ဆွဲတင်ရာ၊ ခါးပူပြီး လည်သိမ်သော ကံဆောင်အိုးပုံ ပေါ်လာသည်။ ရေခွက်နှုတ် ခမ်းတွင် တင်ထားသော ချည်ပင်ကိုယူသည်။ ရေဆွတ်သည်။ စက်ပျဉ်နှင့် ပွတ်ဆွဲပြီး ကံဆောင်အိုးကို မယူ လိုက်သည်။ ပျဉ်ရှည်ကြီးပေါ်တင်ထားတာ၊ နောက်တစ်လုံးစာအတွက် ရွှံ့ခဲတစ်ခဲကို စက်ပျဉ်ပေါ် တင် လိုက်ပြန်သည်။
အိုးထိန်းသည် လင်မယားတို့၏အာရုံများကို ထိုအချိန် အတောအတွင်း၌ များစွာငြိမ်းချမ်း အေးဆေး သာယာလျက်ရှိသည်။ သူတို့၏အာရုံမှာ ချာချာလည်နေသော စက်ပျဉ်ပေါ်ရှိ ရွှံ့တုံးမှာသာ ရှိသည်။ လက်ကို မပေ မကပ်အောင် လိုရာပုံသို့ ဆွဲဆောင်နိုင်ရန် ရေသုံးသည်။ သို့ကြောင့် ကံဆောင်အိုးဖြစ်မ လာမီရော၊ ဖြစ်အပြီး တွင်ပါ ရေရောင်ဖြင့် ပြောင်လက်နေ၏။
"ကိုဆေးရိုးရေ ငါးလုံးပြည့်အောင် စောင့်မနေနဲ့လေ၊ ညနေ တိုက်သွင်းတဲ့အခါ တစ်ပါတည်းထည့်ရမှာ မဟုတ်လား၊ ကံဆောင်အိုးသွန်းအပြီးမှာ တလက်စတည်း ဆက်ခတ်ရအောင် တစ်လုံးချင်းသာ လှမ်း ပေတော့"
သို့ဖြစ်သောကြောင့် ကိုဆေးရိုးမှာ အိုးလှမ်းပျဉ်ကို အိုးမပါဘဲ နေပူထဲသို့ ထုတ်ရသည်။ ထို့နောက် ကံ ဆောင်အိုးတွေကို ထိုပျဉ်ပြားပေါ်သို့ တစ်လုံးချင်း ထုတ်တင်ရတော့သည်။ တပေါင်းနွေသည် ပထမဆုံး ထွက်လာသော ကံဆောင်အိုးကို ပဉ္စမအထွက်၌ ပုတ်ရင် အသင့်ဖြစ်အောင် လုပ်ပေး၏။
ထမင်းစားချိန်ရောက်ငြား၊ မကျီးဒန် မစားနိုင်။ လက်ခတ်တွေကြားတွင် ထိုင်ရသည်။ အလောတော်ဖြစ် နေသော ကံဆောင်အိုးတွေကို ဖင်ပိတ်ပေးနေရသည်။ သို့ရာတွင် ကိုယ်မစားသော်ငြား၊ ကလေးတွေ အတွက်မူ မကျီးဒန် မမေ့။
"သမီးရေ၊ မောင်လေးကို ခေါ်ပြီး ထမင်းကျွေးလိုက်ဟေ့၊ အမေ လက်မအားသေးလို့"
ချောစိန် သိသည်။ အိုးသမား၏သမီးပီပီ ဖအေနှင့် မအေအတွက် သီးခြားခူးခပ်ပြီး စားပွဲခုံပေါ်၌ အုပ် ဆောင်းအုပ်ထားသည်။ ထို့နောက် ထမင်းနှစ်ယောက်စာ ခူးခပ်ပြီး မောင်ငယ်ဘညိန်းကို လိုက်လံရှာ ဖွေရသေးသည်။ တစ်ခါတစ်ရံ လွယ်လွယ်နှင့်တွေ့၍ တစ်ခါတစ်ခါ ခက်ခဲစွာရှာကာ ထမင်းကျွေးရ သည်။
ကလေးတွေအတွက် ပညာရေးကို မကျီးဒန် စဉ်းစား၏။ သားယောက်ျားဖြစ်သော ဘညိန်းအတွက် ဘုန်းကြီးကျောင်း ထားနိုင်စေကာမူ ကျောင်းထိုင်ဘုန်းကြီးကြီးမှာ အိုမင်းလှပြီ။ ဆရာတော်ကြီးကိုယ်စား ကလေးတွေ ကို စာသင်ပေးသော ကိုရင်ကြီးများမှာ မတည်မြဲကြချေ။ သို့သော် သမီးကြီးချောစိန်အ တွက်ကား ထားစရာ ကျောင်းမရှိ။
ရမ်းဘိုကုန်းနှင့်အလားတူ ကျေးရွာများမှာ မိန်းကလေးတွေ၏ကျောင်းနေရေး စာသင်ရေးနှင့် စိတ်အေး စရာမရှိပေ။ ဘုန်းကြီးကျောင်းနှင့် ဒါယိကာမှာ အဆင်မပြေသဖြင့် မိန်းကလေးများကို ဘုန်းကြီးကျောင်း ၌ မအပ်နှံကြပေ။ ထို့ပြင် သမီးမိန်းကလေး၏မိဘများမှာ "မိန်းကလေး စာတတ်တော့ ဘာလုပ်ဖို့လဲ၊ ရည်းစား စာ ရေးတတ်ဖတ်တတ်တာပဲ ရှိမှာပေါ့" ဟု ပြောကြသည်က များ၏။
ထိုအချိအခါက ဆောင်ပုဒ်မှာ "ယောက်ျား စာမတတ်က အကန်းနှင့်တူ၊ မိန်းမ ရက်ကန်းမတတ်က အကျိုးနှင့်တူ" ဟူ၍ ဖြစ်သည်။ ထိုကာလ၏လောင်းရိပ်အောက်တွင် ကြီးပြင်ရသော မကျီးဒန် စာမ တတ်သည့်နည်းတူ သမီးချောစိန်လည်း စာမတတ်ရှာ။
ထိုအတောအတွင်း၌ နှစ်ဖက်မိဘများ အသက်ကြီးလာကြပြီ။ အသက်ကြီးသည်နှင့်အညီ ကျန်းမာရေး လည်း ချွတ်ယွင်းလာကြပြီ။ မကျီးဒန်၏မိဘများဖြစ်ကြသော ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တို့ နေဝင်ချိန်ကို မျှော်ကြရပြီ။ ထိုနည်းလည်းကောင်းပင် ဦးကျန်ကြီး၊ မယ်ကြွယ်စိုးတို့မှာလည်း အသုဘတရားကို ပွား များကြရပြီ။
ရှေးအခါက ဆန်တစ်ခွက်ချက် (ပြည်ဝက်) ကို အသာကလေး စားနိုင်ခဲ့သော ဦးကြွတ်နီသည် တစ်စ လယ်ပင် မကုန်ချင်တော့။ သူသည် အစိုထွန်ကို ကိုင်ကာမြှောက်ကာ ကန်သင်းထောင့်သို့ ပစ်ခဲ့၏။ ယခုသော် အခြောက်ထွန် ကိုပင် မနိုင်ချင်တော့ပြီ။ ဇရာကို မည်သူမျှ အန်မတုနိုင်။
ဦးကြွတ်နီ၊ ဒေါ်ရွှေအိမ်တို့မှာ သားနှစ်ယောက် ဘမင်း၊ ဘဝင်းဟူ၍ ရှိသည်။ ဦးကြွတ်နီ အသက်ကြီး သော်ငြား၊ ဒူးနှံ့ပြီး ဆေးလိပ်ဖွာလိုက်၊ ရေးနွေးကြမ်းမော့လိုက်နေရမည်။ သို့သော် သားတွေက အသုံးမ ကျ။ မိဘမသေမီက အမွေ လိုချင်နေကြသည်။ ရထားသည့် မိန်းမတွေကိုလည်း တစ်ယောက်မျှ မယ်ရွှေ အိမ် ကြည့်မရ သူများချည်းဖြစ်၏။
ဘမင်း၏ ဇနီး ခင်ကြည်မှာ အရှေ့စုရွာက ဖြစ်သည်။ မြေတူးကုလားများနှင့် ပျံကျသမားများ ယာယီတဲ ထိုးနေသော နေရာဖြစ်သည်။ ရွာမဟုတ်။ သို့တစေ သူကြီးနှင်နေသည့်ကြားက ဖြစ်လာသော ရွာဖြစ် သည်။ မည်သည့် ဇာတိ၊ မည်သည့်မျိုးရိုးကဟု မသိရသော ကိုဝ၊ မဆေး၏သမီး ခင်ကြည်သည် ဘမင်း ၏ဇနီးဖြစ်သည်။
"မျိုးရိုးလဲ မသိ၊ ဇာတိလဲ မသိနဲ့ သားရယ်၊ မယူပါနဲ့"
အမေ ဒေါ်ရွှေအိမ် ပြော၍မရ၊ ဒါမှ ဒါ။ "ခင်ကြည်ကိုမှ မရရင် သေရပါတော့မယ်" ဖြစ်နေချေသည်။ ဖအေ ဦးကြွတ်နီကမူ "မိန်းမတွေ ပေါပါသယ်ကွာ" ပြော၏။ ဘမင်း နားမဝင်ပါ။ မိန်းကလေးကမူ ခြေ သလုံးအိမ်တိုင်သမားဖြစ်ရာ အခြေအနေရှိသော မျိုးကောင်းရိုကောင်း ဘမင်းကို အလွတ်မခံတော့ပေ။ အရော အမေပါ သဘောမကျသော ထိုမိန်းမသည် မလိမ်မာချေ။
ဘမင်း၊ ခင်ကြည်တို့မှ သားနှစ်ယောက် သမီးနှစ်ယောက် ပေါက်ဖွား။ ယဉ်ယဉ်ကျေးကျေး လိမ်လိမ်မာ မာတွေ မဟုတ်။ ဘွားအေ မယ်ရွှေအိမ်နှင့်လည်း တရင်းတနှီး မရှိကြပြန်ပေ။
ဦးကြွတ်နီ၊ ဒေါ်ရွှေအိမ်တို့မှာ သားကြီးဘမင်းကို အားမကိုးရသောကြောင့် သားငယ် ဘဝင်းကို လှမ်း ကြည့်သည်။ ဘဝင်း၏ဇနီး လှမြိုင်မှာ နီးနီးနားနား ကုတင်ကြီးစုသူဖြစ်ငြား၊ သူ့မိဘ ကိုစံအေး၊ မမြင့်မှာ ကျော်ကခဲကုန်းမှာလာသူများဖြစ်၏။ မျိုးရိုးဇာတိကို တန်ဖိုးထားသော ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တို့က ကျောက်ခဲကုန်းသို့ လိုက်လာသောအခါ ကိုစံအေး၊ မမြင့်တို့ မှာ ကျောက်ခဲကုန်းဇာတိလဲ မဟုတ်ပေ။ ဟို ရွာက လုလို သည်ရွာကယောင်ယောင်ဖြင့် ဇာတ်မြုပ်သွားလေ၏။
မည်သို့ဖြစ်စေ၊ မိဘအတွက် အားကိုးရသောသား၊ အားကိုးရသော ချွေးမဖြစ်လျှင်ထား၊ အညံ့တွေ ကောင်းသါားနိုင်၏။ သို့ရာတွင် သားကလည်း မလိမ်မာသောအခါ အညံ့တွေ ကောင်း မလာပါ။ ချွေးမက လည်း မယဉ်ကျေးသောအခါ သူယုတ်မာကို ငွေပေးပြီး ဝယ်ရသည်သို့ ရှိသွားလေ၏။
ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တို့ အိုကံမကောင်းပါဟူ၍ကား၊ ဝါးလုံးရှည်ဖြင့် သိမ်းရိုက်၍မရပါ။ ဘမင်း၊ ဘဝင်း တို့တွင် အစ်မတစ်ယောက်ရှိသေးသည်။ ကျီးဒန်။ ထို မကျီးဒန်ကား လင်ကိစ္စ၊ သားသမီးကိစ္စ၊ အိမ်မှု ရေးရာတွင် တစ်ဖက်နှင့် ရောက်လာပြီး ကူညီစောင့်ရှောက်၏။
မကျီးဒန်ရှိသောအခါ ကိုဆေးရိုးလည်း ပါလာရတော့သည်။ ဘမင်းသည်လည်းကောင်း၊ ဘဝင်းသည် လည်းကောင်း အစ်မကို ကြောက်ရွံ့ကြရသည်။ ကြောက်ရွံ့ရခြင်းမှာ ကိုယ်ခံမကောင်းသောကြောင့် ဖြစ်သည်။ ကိုယ်ခံမကောင်းခြင်းမှာ စိတ်ထားမကောင်းသောကြောင့် ဖြစ်သည်။ စိတ်ထားမကောင်းခြင်း မှာ "အဘိုးကြီးနဲ့ အမယ်ကြီးကို လှီးမယ်" ဆိုသည့်စိတ် မွေးထားသဖြင့် ဖြစ်၏။
ဤသို့ဖြင့် ဦးကြွက်နီ၊ မယ်ရွှေအိမ်တို့မှာ ဆဲဆဲဆိုဆို ဆူဆူငေါက်ငေါက်ဖြင့်ပင် မလိမ္မာသော ချွေးမတွေ က မွေးသောကလေးတွေနှင့် နပမ်းလုံးနေရ၏။ ဘမင်း၊ ခင်ကြည်မှ မွေးသောကလေးတွေမှာ ငတိုင်း ကျော်၊ ငတိုင်းအော် ညီအစ်ကိုနှင့် မိဆိုးကြီး၊ မိဆိုးလေး ညီအစ်မဖြစ်သည်။ တစ်ဖန် အငယ်ကောင် ဘဝင်းကို ငဲ့စောင်းကြည့်ရ၏။ ဘဝင်း၊ လှမြိုင်ကလည်း လေးယောက်ပင်ပေါက်ထားသည်။ မောင်သာ အိုး၊ မောင်သာဖြိုး ညီအစ်ကိုနှင့် မိလှဝန်း၊ မိလှလွန်း ညီအစ်မတို့ဖြစ်၏။ လိမ္မာပါသည် မပြောနိုင်ငြား၊ တွယ်တာစိတ်ကား အသေ မဖြောင့်အောင် ဖန်တီးပေးနေ၏။
ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တို့ မကောင်းသော်ငြား၊ ဦးကျန်ကြီး၊ မယ်ကြွယ်စိုးကား အခြေအနေ မဆိုးရွားလှ ပါ။ ငထွန်းကားနှင့် ဆေးရိုး၊ မယ်မျှင်ဟု သားသမီး သုံးယောက်မွေးထားရာ၊ ငထွန်းကားက မိဘကို အလွန်ညှာ၏။ မိဘက လှည်းနှင့် နွားပေးသည်ကိုပင် မယူ။ ညီ ကိုဆေးရိုးပေးမှ ယူသည်။ နှစ်နှစ် သုံး နှစ်အတွင်း နွားတွေ အလဲအပြောင်းရှိသော်ငြား၊ နွားနှင့် လှည်း မပျောက်မပျက် ပြန်ပေးသည်။
သားငယ် ကိုဆေးရိုးကား ပြောစရာမရှိ။ မိဘ၏လယ်ကို သူပဲဦးဆောင်ကာ လုပ်ပေးနေရ၏။ တစ်ခု ကား ရှိ၏။
"မန်ကျည်းပင်အောက်က လယ်ကွက်တွေ ငချိတ်ထည့်မယ်ဟေ့"
ကိုဆေးရိုး ဆင်ခြေမပေးပါ။ ငချိတ်ပျိုးပင်ရှာပြီး စိုက်ပေးသည်။
"အဲသည်ရက်မှာ ကောက်စိုက်မယ်ဟေ့"
ကိုဆေးရိုးအတွက် အဖေ့စကားသည် မိုးကြိုးသွားဖြစ်၏။ ငထွန်းကားနှင့် စပ်လျဉ်းလာလျှင် အဖေ အမေ ရက်ရောသည့် နည်းတူ ကိုအေးရိုးကလည်း အစ်ကိုသုံးဖို့ ဖဲပေါင်ရိုက်ရန်အတွက် အင်္ကျီချွတ်ပေး သည်။
အငယ်ဆုံးသမီး မယ်မျှင် ယောက်ျားရ ကံကောင်းသည်ဟု တစ်ရွာလုံးက ပြောကြသည်။ မယ်မျှင့် အိမ် ထောင်ဦးစီးမှာ ကျောင်းဆရာ မောင်မောင်အေးဖြစ်သည်။ ထားရာနေ စေရာသွားရသော ဝန်ထမ်းဘဝ ကို မသိ။ လအကုန်တွင် လခရသည်ကိုသာ သိပြီး မယ်မျှင်ကို လင်ရကံကောင်းသည်ဟု ပြောနေကြ ခြင်းဖြစ်၏။ မယ်မျှင်ကား မြုံစိစိသမားဖြစ်သည်။ သို့ဖြစ်သောကြောင့် မိဝေး ဖဝေးနေရသောဘဝကို မပျော်ဟု မပြော။ အမှန်မှာ သူသည် ရမ်းဘိုကုန်းမှ တစ်ဖဝါးမျှ မခွာလို။ သို့သော် ကလေးနှစ်ယောက် တွဲတီတွဲပိုးဖြင့် နယ်လှည့်နယ်ရသည်။ သားကြီး မောင်မောင်ကြီး၊ သမီးငယ် ခင်ခင်လှတို့ လိမ္မာကြ သော်ငြား၊ မယ်မျှင် မပျော်။
ထိုမယ်မျှင်သည် တူမချောစိန်ကို သံယောဇဉ်ကြီး၏။ သမီးငယ် ခင်ခင်လှ ငယ်စဉ်ကဆိုလျှင် ချောစိန် ထံသို့ ခင်ခင်လှကို ပို့ထားသည်။ သူမူကာ မောင်မောင်အေး တာဝန်ကျသည့်အရပ်နှင့် ရမ်းဘိုကုန်း ကို ခေါက်တုံ့ခေါက်ပြန်သွားနေ၏။ ယခုသော်ကား အစိုးရ စစ် လေးတန်း သို့ မောင်မောင်ကြီး ရောက်နေ သ ဖြင့် မယ်မျှင် လမ်းမသလားနိုင်တော့ပေပြီ။ မည်သို့ဖြစ်စေ ဦးကျန်ကြီး၊ မယ်ကြွယ်စိုး ကား ခမည်းခမက် ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တို့ထက် အိုကံကောင်းသည် အပြောခံရ၏။ သမက်နှင့် သမီးက "ဆိတ်နို့မုန့်" ဟု ခေါ်သော နူးညံ့သည့်မုန့်များပင် ဝယ်ပေးကြသည်။ ရမ်းဘိုကုန်းတစ်ရွာလုံး နို့ဆီ နို့မှုန့် မမြင်ဖူးငြား၊ ဦးကျန်ကြီး၊ မယ်ကြွယ်စိုးတို့ဘေးတွင် နို့ဆီနှင့် နို့မှုန့် အမြဲတမ်ရှိနေသည်။ သို့ပါလျက် မယ်ကြွယ်စိုး ချူချာသည်။
ခေါင်းမနာ လျှင် ခြေနာသည်၊ ခြေမနာရလျှင် ခေါင်းနာသည်။ ခေါင်းနှင့် ခြေက ကောင်းနေလျှင် ခါးနာ သည်။ ထို့ကြောင့် မယ်ကြွယ်စိုး နေကောင်းချိန်မှာ ခပ်ရှားရှားပင်။
ဆက်ရန်
.

No comments:
Post a Comment