Wednesday, June 13, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၄)

ဧပြီလထဲတွင် ဒက်စတာ ဥပသကာ အဖွဲ့နှင့် အသေးစိတ်ကို ညှိနှိုင်းဖို့ တောင်ပိုင်းသို့ မာတင် ဆင်းသွား သည်။ အားလုံး ချောချောမွေ့မွေ့ ဖြစ်သွားသဖြင့် ၁၉၅၄ ခုနှစ် စက်တင်ဘာလထဲတွင် ဒက်စတာ ၏ တရားဝင် သင်းအုပ်ဆရာ အလုပ်ကို မာတင် ရသွားသည်။ ဤသို့ဖြင့် မာတင် တစ်ယောက် ဘော့စတွန်နှင့် မောင်ဂိုမာရီကို တစ်နွေလုံး ကူးချည်သန်းချည် လုပ်နေရလေသည်။
ဤသို့ဖြင့် မောင်ဂိုမာရီသည် ကျွန်မတို့ ဘ၀၏ အရေးပါသော ကဏ္ဍဖြစ်လာသည်။ သို့သော် ရှေ့ရေး ကား ရေရေရာရာ မရှိလှသေး။ ကျွန်မတို့နှစ်ယောက်မှာ ဇာတ်သိမ်းခန်း ဇာတ်ညွှန်းကို မဖတ်ရသေးဘဲ သရုပ်ဆောင် ကပြနေရသည့် မင်းသား မင်းသမီးနှင့် တူနေသည်။ ဇာတ်သိမ်းခန်းမှာ ကျွန်မတို့ အလုပ် မဟုတ်ပါ။ ဘုရားသခင် အလိုတော် အတိုင်းသာဖြစ်ရပါလိမ့်မည်။
ကို ဆက်ဖတ်ရန်....

(၄)


ဒက်စတာရိပ်သာ ဘုရားကျောင်းမှာ အလွန်လှပ ခိုင်ခံ့သည့် ၀ိတိုရီယခေတ် ပုံစံ အုပ်တိုက် အဆောက်အအုံ ကြီး ဖြစ်ပါသည်။ မျက်နှာချင်းဆိုင် တရားရုံးချုပ်နှင့် ဓားလွယ်ခုတ်တွင် မြို့လယ်ပန်းခြံရှိသည်။ ပန်းခြံထဲ တွင်ကား ပြည်ထောင်စုထဲမှ ခွဲထွက်သည့် အခမ်းအနားတွင် တောင်ပိုင်းပြည် နယ်များ၏ သမ္မတ ဂျက်ဖာဆင် ဒေးဗစ်ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် စင်မြင့်နှင့် မုခ်ဦးကြီး။
သည်လိုနေရာ တွင် နီဂရိုး ဘုရားကျောင်းတစ်ခု တည်ရှိနေခြင်းမှာ သဘာဝတော့ မကျလှပေ။ သို့သော် သည်ကျောင်း က ပြည်တွင်းစစ်အပြီး ပြန်လည်ထူထောင်ရေး ကာလတွင်တည်ဆောက်ခဲခြင်းဖြစ်သည်။ သည် တုန်းက မောင်ဂိုမာရီမြို့လယ်တွင် လူမည်းပိုင် မြေတွေ လက်ညှိုးထိုး မလွဲရှိခဲ့ဖူးသည်လေ။

ဒက်စတာဘုရားကျောင်းက အက်ဘင်နီဇာ ကျောင်းလောက်တော့ မကြီးပေ။ တရာဟောခန်းမဆောင် သိပ်မကြီးသော်လည်း ဘုရားဝတ်ပြုလာ ပရိသတ်မှာ လူချမ်းသာ များဖြစ်၏။ ဆရာဝန်တွေ ကျောင်းဆရာတွေ လုပ်ငန်းရှင်တွေ များသည်။ လူမည်း ဆင်းရဲသားများက သည်ဘုရားကျောင်းကို အထက်တန်းဘလွှာ ဘုရားရှိခိုးကျောင်း ဟု ခေါ်ကြသည်။ သည်ကျောင်းသို့ အောက်ဆုံးလွှာက လူများ မလာရဲကြပေ။
မာတင် ကမူ ဘုရားကျောင်းတွင် လူတန်းစား ခွဲထားခြင်းကို မကြိုက် ၀တ်ပြုရာတွင် အယုတ်အလတ် အမြတ် မရွေးအပ် ဟု သူက ယုံကြည်သည်။ တဖြည်းဖြည်းနှင့် သူသည် လူချစ်လူခင်များသည့် သင်းအုပ် ဆရာလေး ဖြစ်လာခဲ့သည်။

ဒက်စတာတွင်ပထမဆုံး စဟောရသည့် နေ့တွင် သူက ကျွန်မကို ခေါ်သွားသည်။ သူ့တရားပြီးတော့ ကျွန်မကို နှုတ်ဆက်စကား အနည်းငယ်ပြောပေးဖို့ သူက မေတ္တာရပ်ခံသည်။ သည်တော့ ပရိပ်သတ်ကို ကျွန်မ စကားပြော ရတော့၏။ ကျွန်မ ယောက်ျား သင်းအုပ်ဆရာ ဖြစ်သွားသည့်အတွက် ၀မ်းသာကြောင်း၊ မြို့ခံများ အနေဖြင့် ကျွန်မ အား ဓမ္မဆရာတစ်ဦး၏ ဇနီးကောင်း တစ်ယောက်ဖြစ်အောင် ၀ိုင်းကူညီကြပါ မည့်အကြောင်း စသည် စသည်။
တရားပွဲပြီးတော့ ကျွန်မကို ဟင် ''ငယ်ငယ်ကလေးပါလား'' ဟုတအံ့တသြ ဖြစ်နေ ကြသည်။ အသက် အစိတ်သာ ရှိသေးသည့် မာတင်ကိုတော့ သူ့ရင့်ကျက်တည်ငြိမ်မှုနှင့် ဣနြေ္ဒကြောင့်လားမသိ၊ ဘယ်သူငယ်သည် ဟု မပြောကြ။

ဒက်စတာသည် ကျွန်မအတွက် သိပ်များများ လုပ်စရာ မရှိသည့် ဘုရားကျောင်းဖြစ်သည်။ ဤသို့ဖြင့် ကျွန်မ သည် ယောက်ျား၏ အတွင်းရေးမှူး တစ်ပိုင်း ဖြစ်လာတော့၏။ အဖွဲ့အစည်းများကို ၀င်ရ၏။ ဂီတပညာရှင်ဆို၍ ကျွန်မ တစ်ဦးတည်း ပါသဖြင့် ဓမ္မတေးကို မောင်ဂိုမာရီဘုရားကျောင်းများတွင် အကောင်းဆုံး ဖြစ်အောင် လေ့ကျင့်ပေး ရ၏။
ရောက်ပြီး တောက်လျှောက် ဆယ့်ငါးလမှာ ကျွန်မတို့အတွက် အဓိပ္ပာယ်အရှိဆုံး ကာလဖြစ်သည်။ စက်တင်ဘာလ ထဲတွင် ကျောင်းပရိဝုဏ်ထဲမှ အိမ်သို့ ကျွန်မ တို့ ပြောင်းလာခဲ့ကြသည်။ အောက်တိုဘာလတွင် ဘော့စတွန်သို့ တစ်ခေါက်ပြန်သည်။ မာတင်က ပါရဂူဘွဲ့ ပထမ စာတမ်း တင်သည်။
မောင်ဂိုမာရီ အိမ်ပြန်ရောက်တော့ မနက်တိုင်း ငါးနာရီခွဲတွင် မာတင်ထရသည်။ ဒုတိယ စာတမ်းအတွက် ညစာစားပြီး လျှင် သုံးနာရီဆက်တိုက်ထိုင်သည်။

နေ့ခင်းပိုင်း တွင် လုံးဝမအားရ။ အကြံဥာဏ် တောင်းခံသူတွေ၊ လက်ထပ်ထိမ်းမြန်းခြင်း ကိစ္စတွေ၊ အသုဘ ကိစ္စတွေနှင့် ရှုပ်ယှက်ခတ်နေတတ်သည်။ သည်ကြားထဲ အစည်းအဝေး တွေတက်ရသေးသည်။ ရပ်ကွက်ထဲက နာမကျန်း ဖြစ်သူတွေအိမ်ကို သွားရောက် အားပေးရသေးသည်။ ဒက်စတာ နှစ်ခြင်း အသင်းတော်ဝင် စုစုပေါင်း သုံးရာကျော်တို့၏ အိမ်တိုင်းလိုလို သူရောက်ပြီးပြီ။
ကျွန်မတို့ ရောက်စက ဆိုလျှင် ဘုရာခိုးကျောင်း ဝေယျာဝစ္စဟူ၍ များများစားစား မရှိပေ။ ၁၉၅၅ ခုနှစ် ဇန်န၀ါရီလတွင် မာတင်၏ ပထမဆုံး အစီရင်ခံစာ ထွက်သွားသည်။ ဘာသာရေးနှင့် ပညာရေး လမ်းသစ်ဖောက်ရန် အကြံပြုထားသည်။ လူမှုရေး အသင်းအဖွဲ့ ကော်မတီဖွဲ့ ရန်လည်း အဆိုပြုသည်။ အလားတူ ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊ ပညာသင်ဆုရွေးချယ်ရေး ကော်မတီများဖွဲ့ပြီး လူငယ် များအား မြေတောင်မြှောက်ပေးရန် နီဂရိုး အနုပညာရှင်များကို အားပေးရန် စသည် စသည်များ။

ပြီးတော့ ဘုရားကျောင်း ရန်ပုံငွေနှင့် ပတ်သက်၍ အက်ဘင်နီဇာတွင် အခြားကျောင်းများမှ ဘုန်းတော်ကြီးများ မာတင့် ကို တလေးတစား ဖြစ်လာကြသည်။ သူတင်ပြသမျှ လက်ခံ ဆောင်ရွက်ကြသည်။
အစောပိုင်း ကာလများတွင် တနင်္ဂနွေ တရားပွဲအတွက် တစ်ပတ်လျှင် ဆယ့်ငါးနာရီ အချိန်ပေးပြီး လေ့ကျင့်သည်။ ဟောရမည့် အခန်းများကို လက်ရေးဖြင့် ရေးပြီး အလွတ်ရ သည်အထိလေ့ကျင့် သည်။ တနင်္ဂနွေနေ့ရောက်တော့ စာရွက်စာတန်း  များကိုအားမကိုး တော့ဘဲ အလွတ်ပြော အလွတ်ဟောသည်။

ဒက်စတာတွင် မာတင်၏ လူကြိုက်အများဆုံး တရားမှာ ''အကြောက်တရားကို တုံ့ပြန်ခြင်း'' ဖြစ်သည်။ နောင်တွင် သူ၏ လက်ရွေးစဉ်များထဲတွင် အကောင်းဆုံးအဖြစ် အသိအမှတ်ပြု ကြသည်။ တောင်ပိုင်း၏ အကြီးမားဆုံး ပြဿနာဖြစ်သည့် ကေသုံးလုံး ဂိုဏ်းကို စိန်ခေါ် သည့် ဟောပြောချက်ဖြစ်၏။ (ကေသုံးလုံးမှာ လူမည်းများအား လက်နက် အားကိုး ဖြင့်လိုက်လံသတ်ဖြတ်သည့် လူဖြူလျှို့ဝှက် အကြမ်းဖက်ဂိုဏ်းဖြစ်သည်)။
မာတင် က ရှင်ဟောဟန် ခရစ်ဝင် အခန်းကြီးလေး၊ အခန်းငယ်ဆယ့်ရှစ်ကို အကိုး အထောက်ပြုပြီး ဟောပြောခြင်းဖြစ်သည်။
''ချစ်ခြင်းမေတ္တာတွင် အကြောက်တရားဟူသည် မရှိ။ မေတ္တာတရားကြီးမားလေလေ၊ ကြောက်ရွံ့ခြင်း ကင်းလေလေဖြစ် ၏။ အဘယ်ကြောင့်ဆိုသော် အကြောက်တရား စေတသိကဒုက္ခ ကိန်းဝပ်နေ ရသောကြောင့် ဖြစ်၏။ အကြောက်တရား ရှိသူ၏ ရင်၌ချစ်ခြင်း မေတ္တာမကိန်းဝပ်နိုင်ရာ''

မာတင်က အကြောက်တရား အမျိုးမျိုးကို သရုပ်ခွဲပြသည်။ ဖျားနာရမှာကို ကြောက်ရွံခြင်း၊ စီးပွားပျက်ကပ်ဘေး ဆိုက်မှာကို ကြောက်ရွံ့ခြင်း၊ တစ်ကိုယ်ရေ မဖူလုံမှာကို ကြောက်ရွံ့ ခြင်း သေရမှာကို ကြောက်ရွံ့ခြင်းစသည် စသည်။
အချို့ကိစ္စများမှာ ကြောက်သင့်ကြောက်ထိုက်သည့် ကိစ္စများ ဖြစ်ကြောင်း၊ ကြောက်ဖို့လည်း လိုအပ်ကြောင်း၊ ဥပမာ-လူတစ်ယောက် တောထဲတွင် မြွေကို ကြောက်ခြင်းမျိုး။ သို့သော် အကြောက်လွန်လျှင် အာရုံကြောများ ပျက်စီးသွားတတ် ကြောင်း၊ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားတတ်ကြောင်း၊ ထိုအခါ လူ့ဆန္ဒသည် တစ်ပိုင်းသေ သွားတော့ကြောင်း၊ တိုက်ပွဲမဆင်တော့ဘဲ တိုက်ပွဲကို မသိကျိုးကျွန် ပြုထား တတ်ကြောင်း စသည် စသည်။ ပြီးတော့ သူက အီမာဆင် ကိုကိုးကားတတ်သည်။

''လူတစ်ယောက်ဟာ နေ့တိုင်း နေ့တိုင်း တွေ့နေတဲ့ အကြောက်တရားကို မကျော်လွှား နိုင်ရင် လူ့ဘ၀အကြောင်း သူဘာမှ သိတော့မှာ မဟုတ်ဘူး''
သို့ဆိုလျှင် အကြောက်တရားကို မည်ကဲ့သို့ ကျော်လွှားနိုင်မည်လဲ ဆိုသည့် ပြဿနာကို မာတင်က ဆွေးနွေးသည်။
''ပထမဆုံး ကျွန်တော်တို့ အကြောက်တရားကို ရင်ဆိုင်ကြရမယ်။ အဲဒီလို ရင်ဆိုင်ရဲပြီ ဆိုတာနဲ့ အတိုင်းအတာ တစ်ခုအထိ ကျွန်တော်တို့ 'အင်အား' တွေရလာမယ်၊ ဒုတိယ အဆင့်မှာ ဖြူစင်သန့်ရှင်းမှုကို အခြေခံတဲ့ သတ္တိမွေးပြီး အကြောက်တရား ကို ကြိုးကိုင်နိုင် ရမယ်။ တတိယအဆင့်မှာ အကြောက်တရား ဟု မေတ္တာတရား အောက်ကို ရောက်လာပါ လိမ့်မယ်။ လက်ဝါးကပ်တိုင်ဆီကို ယေရှုသခင် လျှောက်သွားတဲ့ အခါတုန်း က ထားတဲ့ မေတ္တာတရားမျိုး။ ရက်စက်တဲ့ ကွပ်မျက်မှုကို ရှင်ပေါလုအား အမုန်းတရား၊ မပွားဘဲ စောင့်ကြည့်စေတာမျိုးဟာ အားနည်းတာ မဟုတ်ဘူး၊ သွေးကြောင်တာ မဟုတ်ဘူး။ ပျော့ညံတာ မဟုတ်ဘူး၊ မတွန့်မဆုတ်ဘဲ အန္တရာယ်ကို ရင်ဆိုင်တာ''
ပြီးတော့ မာတင် က လူမျိုးတစ်မျိုးနှင့် တစ်မျိုးမုန်းတီးခြင်းဟု အကြောက်တရားကို အခြေခံ သည့်အကြောင်း ဆက်ရှင်းသည်။

''ကျွန်တော် တို့ရဲ့ လူဖြူ ညီအစ်ကိုတွေဟာ အကြောက်တရားကို အောင်နိုင် နိုင်မယ်ဆိုရင် ခရစ်ယာန် မေတ္တာတရား တစ်မျိုးတည်းကို မှီနေလို့ မရဘူး။ ခရစ်တော် ကိုယ်တိုင်ရဲ့ စွန့်လွှတ်မှု မျိုး၊ မေတ္တာထားမှုမျိုးကို ထားနိုင်ရမယ်၊ ကျွန်တော်တို့ နီဂရိုးတွေက အဲဒီမေတ္တာ မျိုးကို ရင်မှာပိုက်ထားတာ၊ နီဂရိုး တစ်ယောက် ရှာဖွေနေတဲ့ တရားမျှတမှုဟာ သူ့အတွက်ရော လူဖြူများအတွက်ပါ ဖြစ်တယ်ဆိုတာ နားလည် ထားရမယ်''
နောက်ဆုံး တွင် မာတင်ဤသို့ နိဂုံးချုပ်သည်။

''နောက်ဆုံးမှာ အကြောက်တရားဟု ယုံကြည်မှုကို အရှုံးပေးရတယ်၊ ယုံကြည်မှု မရှိဘူးဆို ရင် ကျွန်တော်တို့ ဧရာမ စကြ၀ဋ္ဌာ လေဟာပြင်ကြီးထဲမှာ မိဘမဲ့ ကလေးတွေလို ဦးတည်ရာ မရှိဘဲ၊ ရည်ရွယ်ချက် မရှိဘဲ လွင့်မြောနေ လိမ်မယ်။ ဒါပေမဲ့ သေခြင်းတရားဟာ ဘယ်သူမှ ရှောင်ကွင်းလို့ မလွတ်ဘူး။ ဒါကြောင့် ကျွန်တော် တို့ မကြောက်ရဘူး။ ဘုရားသခင်က ပတ်ချာလှည့်နေတဲ့ ကျွန်တော်တို့ရဲ့ ဂြိုဟ်ကို ကမ္ဘာဦး မြူခိုးတွေထဲကနေ ဆောင်ကြဉ်း လာခဲ့တယ်။ ပြီးမှ ဘုရားဖူး လူသားတို့ကို ဦးဆောင်ပြီး ရာစုပေါင်းများစွာ ကို ဖြတ်သန်းခဲ့ တယ်။ သေခြင်းတရား အမှောင်ထုထဲကနေပြီး ထာဝရ ဘ၀ရှိရာ အလင်းထု ထဲကို ခေါ်ဆောင်လာခဲ့တယ်။ သေခြင်းတရားဟာ အဆုံးစွန်သော အန္တိမ ဒုစရိုက် မဟုတ်ဘူး။ အန္တိမ ဒုစရိုက် ဆိုတာ ဘုရားသခင့် မေတ္တာတော်ရဲ့ ပြင်ပမှာ ရှိတယ်''
သည်တရား ကို ဟောပြီး ကျွန်မ ယောက်ျားက သူ၏ရဲစွမ်းသတ္တိကို ပြလိုက်ခြင်း ဖြစ်ပါသည်။ ဘာသာရေးနှင့် မေတ္တာတရားကို ဖွင့်ဆိုသည့် တရားဖြစ်လေသည်။ သည်ယုံကြည်ချက်ဖြင့် ဆက်လက်လျှောက်လှမ်း ဖို့ သူ့တွင် အဆိုပါ သတ္တိ၊ ဘာသာတရား နှင့် မေတ္တာတရားပါ သုံးမျိုးစလုံး လိုအပ်ပါသည်။

မောင်ဂိုမာရီတွင် ခင်မင်ရသော အပေါင်းအသင်းများထဲတွင် အရင်းနှီးဆုံး ဖြစ်လာသည့် စုံတွဲ များ ရော့ဖ်အာဘာနာသီ တို့ လင်မယား ဖြစ်သည်။ ရော့ဖ်က ပထမ နှစ်ခြင်းဘုရား ကျောင်းမှ သင်းအုပ်ဆရာ၊ လူငယ်ခရစ်ယာန်သာသနာရေး ၀န်ထမ်းတစ်ဦး အနေဖြင့် တောင်ပိုင်းမြို့ ငယ်ကလေး တစ်မြို့ တွင် ပျော်စရာ ရွှင်စရာ မရှိလှပေ။
ရော့ဖ် က သူ့ဇနီးယော်နီတာကို ခေါ်လာပြီး ကျွန်မတို့ အိမ်တွင်နားနားနေနေ နေတတ်သည်။ သည် လိုပင် ပျော်အောင်နေကြရ၏။ နောက်တွင် ရော့ဖ်သည် မာတင်၏ အခင်ဆုံး ရဲဘော်ရဲဘက် ဖြစ်လာသည်။

အခြားအခြားသော ဘုရားကျောင်း ဥပသကာ အဖွဲ့ဝင်များလည်း ကျွန်မတို့နှင့် တရင်းတနှီး ဖြစ်လာသည်။ ဂျိုးဇက်တီဘရွက်ဆက် က ဒက်စတာ ဘုရားကျောင်းမှ အော်ဂင်ဆရာ။ ထို့ကြောင့် သူနှင့် ပိုရင်းနှီးရသည်။ သူက နီဂရိုး အထက်တန်းလွှာ မှ ဖြစ်သည။ နောက်ပိုင်းတွင် သူအော်ဂင်တီးနေစဉ် ချောမောလှပသည့် သူ့ရပ်သွင်ကို ကျွန်မ တို့ ပြုံးကြည့်နေတတ်ကြသည်။ နောင်ကျွန်မတို့ အသက်အန္တရာယ် ကို ခြိမ်းခြောက် ခံရသည့် ကြောက်မက်ဖွယ်ညတွင် ဘရွတ်ဆက်က ကျွန်မတို့ကို ခေါ်ထားပေးသည်။
၁၉၅၅ ခုနှစ် နွေဦးမှာ ကျွန်မတို့အတွက် ထူးထူးခြားခြား ပျော်စရာကောင်းနေလေသည်။ ခရစ်ယာန် ဘာသာလေ့လာမှု ပါရဂှုဘွဲ့ကို မာတင်ရယူနိုင်ခဲ့ပြီ။ ပြီးတော့ ကျွန်မကိုယ်ဝန်ရ ခဲ့ပြီဖြစ်လို့လည်း ပို၍ပျော်နေကြ၏။ မာတင်က ကေလေးချစ်တတ်သူ၊ ရမှရပါ့တော့မည် လားဟု ကျိတ်ပြီးပူနေကြချိန်တွင် ကျွန်မ မိခင်လောင်း ဘ၀ကို ရခဲ့ခြင်းဖြစ်၏။

ခုတော့ ကျွန်မတို့ ဘ၀ပို၍ပြည့်စုံလာပြီ။ သူက သားသမီးရှစ်ယောက် လိုချင်သည်တဲ့လေ။ စိတ်လှုပ်ရှားစွာဖြင့် သူတကယ် ပြောနေခြင်းဖြစ်၏။ ကျွန်မက စဉ်းစားပြီး ပြောလိုက်သည်။
''လေးယောက် ဆို တော်ရောပေါ့ကွယ်''
ကျွန်မ ပြောသည့် အတိုင်း ကျွန်မတို့ ကလေး လေးယောက် ရခဲ့ပါသည်။
ကျွန်မ ကိုယ်ဝန်လွယ်ထားစဉ် မာတင်က မမွေးသေးသော ကလေးအကြောင်း ပြောလျှင် ''ကိုယ့်သား ကိုယ့်သား'' နှင့် တစ်သားတည်း သားနေတော့၏။ သူက သားဦးလိုချင် သူလေ။
ကျွန်မဗိုက်ကို စိန့်ဂျုကာတိုလစ် ဆေးရုံတွင် အပ်ထားသည်။ လူမည်းများကို လူလူသူသူ ဆက်ဆံသည့် ဆေးရုံဖြစ်သည်။ သမီးဦး ကလေးကို ၁၉၅၅ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့ တွင်ဖွားမြင်သည်။ ထွားထွားကျိုင်းကျိုင်း၊ ကျန်းကျန်းမာမာ။ သားမရသဖြင့် မာတင် စိတ်မပျက်ပါ။ သမီးကလေးကို ငုံထားမတတ် ချစ်ရှာပါသည်။

သမီးကလေး ၏ နာမည်ကို ကျွန်မကရွေးသည်။ ယိုလင်ဒါ။ လူတွေက သည်နာမည်ကို ခေါ်ကြပါ့မလားဟု မာတင် က မေးသည်။ မာတင်ပြောသည့် အတိုင်း လူတွေက သမီးနာမည်ကို အသံထွက်မမှန်ကြ။ သိတတ်သည့် အရွယ် ရောက်သည်နှင့် သူ့နာမည်ကို ပီအောင်မခေါ်လျှင် သမီးက မကြိုက်။ ကလေးက အသိဥာဏ် အလွန်မြင့် သည်။ ဥာဏ်ထက်မှန်း သိသာသည်။ မာတင့်ကို ကျွန်မကြိုပြောထားရသည်။
''သမီးလေးကို သပ်သတိထားရလိမ့်မယ်၊ သူဘာမဆို သိသိနေတယ်၊ သိပ်ထက်မယ့် ကလေးပဲ''
ယိုလင်ဒါသည် ခံစားမှု အားပြင်းလွန်းပြီး အလွန် အသိဥာဏ်မြင့်သည့် မိန်းကလေး ဖြစ်လာတော့မည်။
ကျွန်မတို့ လူလတ်တန်းစား နီဂရိုး လူမျိုးများသည် သားသမီးများကို ထူးထူးဆန်းဆန်း ခမ်းခမ်းနားနား နာမည်တွေ ပေးတတ်ကြသည်။ ကျွန်မလည်း အပါအ၀င် ဖြစ်သွား၏။

''နောက်ထပ် မိန်းကလေး တစ်ယောက် ရရင်တော့ ရိုးရိုးလေး မေရီဂျိန်းလို့ ပဲပေးမယ်'' ဟု မာတင်ကဆိုလာသည်။ ကျွန်မတို့ မိန်းကလေးတစ်ယောက် ထပ်ရခဲ့ပါသည်။ အနွတ္တသညာ ခေါ်စရာ တွင်သည်ကား ဘားနစ်အယ်လ်ဘာတိုင်း။ မျိုးဆက်နှစ်ဆက်က သူ့အဘွား၏ နာမည်ကို ယူလိုက်ခြင်းဖြစ်၏။ သို့သော် သူကလေး ကို ဘာနီဟု ခေါ်ကြပြီး၊ အကြီးမကို ယိုကီဟုပင် ချစ်စနိုး ခေါ်ကြ၏။
ယိုကီ ကလေး မွေးလာချိန်မှာ မာတင်တစ်ယောက် စိတ်ရောကိုယ်ပါ ၀န်ပိနေ ချိန် ဖြစ်သည်။ ခြေကုန်လက်ပန်းကျပြီး အိမ်ပြန်ရောက်လာလျှင် ချစ်စရာ ကောင်းလှသည့် သမီးကလေး ကိုပွေ့ကာ ချီကာနှင့် အပန်းဖြေရသည်။ သမီးကလေးသည် ဖအေအတွက် အလွန်လေးနက်သည့် အဓိပ္ပာယ် တစ်မျိုး ဆောင်နေသည်။ မာတင်လိုချင်သည့် အားအင်တွေသည် ကလေးမှာ ပါလာသလိုထင်ရ၏။
ကြည့်လေ၊ ယိုကီမွေးပြီး သုံးပတ်အကြာတွင် လူမည်း တို့ သမိုင်းတစ်လျှောက် ပြောစမှတ် ပြုရမည့် အဖြစ် တစ်ခု ပေါ်ခဲ့သည်။

ရိုစာပတ်ခ် အမည်ရှိ အပ်ချုပ်သမ တစ်ယောက်သည် ဘတ်စ်ကားပေါ်တါင် လူဖြူ တစ်ယောက် အတွက် နေရာဖယ်မပေးသည့် ကိစ္စဖြစ်၏။ သည်ကိစ္စ ကလေးသည် ဧရာမ ပေါက်ကွဲမှုကြီး၏ စနက်တံ ဖြစ်သွားလေတော့သည်။ လူသားတို့၏ ဘ၀တွင် အပြောင်း အလဲတစ်ခုစဖြစ်ဖို့ လူတစ်ယောက်နှင့် အချိန် ကိုက် ဆန္ဒတစ်ခု လိုအပ်၏။
မာတင် ဟောပြောလေ့ ရှိသည်။ 'တအုံနွေးနွေးနှင့် လှိုက်ပြီး လောင်နေသည့် မီး' သည်အလွယ်တကူ မမြင်နိုင်ဘဲ နီဂရိုး လူမျိုးတို့၏ ရင်ထဲတွင် မီးခိုးအူနေခဲ့သည်မှာကြာပြီ။ ခုတော့ အချိန်ကျလာပြီ အမျိုးသမီး တစ်ယောက် ပေါ် လာခဲ့သည်။

 အမေရိကန်တွင် လူမည်းတို့၏ ခေတ်သစ် တန်းတူညီမျှမှု အခွင့်အရေး တိုက်ပွဲသည် ဒုတိယကမ္ဘာစစ် အပြီးကတည်းက စခဲ့ခြင်း ဖြစ်လေသည်။ လိပ်ခဲတည်းလည်း ဖြစ်နေသည့် လူမှုရေး နှိပ်ကွပ်မှု၊ အသားရောင် ခွဲခြားမှု အပေါ်ယံ မျက်နှာပြင်သည် စစ်ကြောင့် ကွဲအက် ပြိုကျခဲ့လေပြီ။ လူလူချင်းမညီမျှမှု အသိစိတ်သည် လူမည်းတို့ ရင်ထဲတွင် လှိုင်းထလှုပ်ရှား လာလေပြီ။ လူးလွန့် နိုးကြားလာလေပြီ။
သို့သော် ၁၉၄၅ခုနှစ်တွင် တရားလွှတ်တော်ချုပ်က ထုတ်ပြလိုက်သည့် အမိန့်ကြောင့် အမေရိကန်တွင် ထွက်ပေါက်ရသွားသည်။
''ပညာရေး တွင် လူဖြူ လူမည်းခွဲခြားထားသည်မှာ ထာဝရ တည်ရှိနေခဲ့သော မညီမျှမှု ဖြစ်သည်။ ၁၉၅၅ ခုနှစ်မှစ္စ လူမျိုးရေး၊ အသားရောင်ခွဲခြားရေး လုံးဝမရှိစေရ၊ သည်ကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်ရမည်''
သည် အမိန့်ကြောင့် လူဖြူတွေ မခံရပ်နိုင် ဖြစ်လာကြသည်။ တရားရုံး အမိန့်ကို ကလန် ကဆန် လုပ်လာကြသည်။ ၀တ်ရုံဖြူ တစ်ကိုယ်လုံးခြုံထားသည့် ကေသုံးလုံးအဖွဲ့ ၀င်တွေက ဆန္ဒပြသည်။

လက်ဝါးကပ်တိုင် တွေကို မီးရှို့ဖျက်ဆီးကြသည်။ သည်တော့် ကျွန်မတို့က ရယ်စရာ ပြောဖြစ်ကြသည်။ ကျွန်မတို့နှင့် ခင်မင်သည့် ကုန်စုံဆိုင်ကပဲ ကေသုံးလုံးလား၊ ပင်မင်းဆိုင်က ပုဂ္ဂိုလ် များ ကေသုံးလုံး ဖြစ်နေမလားပေါ့။ သူတို့နှစ်ယောက်စလုံး ကေသုံးလုံးတွေ ဖြစ်နေကြောင်း နောင်ကျမှ ကျွန်မတို့ သိရသည်။
မာတင် က မောင်ဂိုမာရီတွင် အသားရောင်မခွဲခြားရေး တိုက်ပွဲများ ဆက်လက် ဆင်နွှဲ နေသည်။ သို့သော် ထင် သလောက် ခရီးမပေါက် ဘဲ ဖြစ်နေ၏။ လူမည်းအသိုင်းအ၀ိုင်းတွင် ချက်ချင်း သွေးကွဲ ကုန်သောကြောင့် ဖြစ် သည်။ ပညာရေးလောက တွင်ရော အသင်းအဖွဲ့ များ တွင်ပါ သဘောထား ကွဲကုန်ကြပြီ။ လူမည်းတို့ အခွင့်အရေး တိုက် ဖို့ အဖွဲ့ ငါးဖွဲ့ ရှိသည့် အနက်ညှိလို့ မရအောင် ဖြစ်နေကြသည်။

ခေတ်ပညာတွေ ခေါင်းဆောင်သည့် အပိုင်းက အလုပ်ပြုတ်မှာ ကြောက်ပြီး လူဖြူတွေနှင့် ထိပ်တိုက် မတွေ့ချင်။ ဘာသာရေးပိုင်းမှလည်း တွေဝေနေကြပြီ။
မောင်ဂိုမာရီတွင် လူမျိုးရေး ခွဲခြားမှု အဆိုးဆုံးမှာ မြို့တော် ဘတ်စ်ကားလိုင်း ဥပဒေ ဖြစ်၏။ သည်ဘတ်စ်ကား လုပ်ငန်းသည် မြောက်ပိုင်းသား ပိုင်စီးပွားရေး လုပ်ငန်းကြီး ဖြစ်သည်။
မြို့၏ လူဦးရေ ခုနစ်ဆယ် ရာခိုင်နှုန်းမှာ လူမည်းများ ဖြစ်သော်လည်း လူမည်းများကို ကျွဲနွားလောက်တောင် တန်ဖိုး မထားကြပေ။ တိရစ္ဆာန်ဖြစ်ရသည်ကမှ ခံသာဦးမည်။ ကျွဲနွားများကို စော်ကားမော်ကား လုပ်မည့်သူ မရှိဘူးလေ။
ဘတ်စ်ကား ရှေ့ပိုင်းသည် လူဖြူများ၏ သီးသန့်နေရာ ဖြစ်သည်။ ရှေ့ပိုင်းတွင် ခုံလွတ်များ ရှိနေလျှင်လည်း လူမည်း များ ထိုင်ခွင့်မရှိ။ နောက်ပိုင်းတွင် စုပြုံတိုးဝှေ့ကာ ငါးပိသပိ ငါးချဉ်သိပ် စီးကြရ၏။ ရှေ့ပိုင်းတွင် လူဖြူတွေ ပြည့်သွားလို့ နောက်ပိုင်းကူးလာလျှင်လည်း လူမည်းများက ထပေးကြရ၏။

ပိုဆိုးသည်မှာ လူမည်းများက နောက်ပေါက်မှ တက်ကြရ၏။ ဒရိုင်ဘာက လူမစုံခင် မောင်းထွက်သွားလျှင် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင် မိန်းမများ ကျန်ရစ်ခဲ့ တတ်သည်။ ဒါကိုပင် ဒါရိုင်ဘာတွေက ရယ်စရာ အဖြစ် သဘောထားပြီး ဟားတတ်ကြ သေးသည်။ ကားသမားက လူမည်းများ ကို နွားမည်းတွေ မျောက်ဝံတွေ ဟု ခေါ်ပြီး စော်ကားမော်ကား လုပ်တတ်သေး၏။
ဤသို့ဖြင့် နီဂရိုး လူမျိုးများ၏ ရင်ထဲတွင် တအုံနွေးနွေး ဖြစ်နေသည်မှာ ကြာပြီ။ ၁၉၅၅ခုနှစ် ဒီဇင်ဘာလ တစ်ရက်နေ့ တွင်တော့ အသက်လေးဆယ့်နှစ်နှစ် အရွယ် အပ်ချုပ်သမ မစ္စက် ရိုစာပတ်ခ်သည် ဘတ်စ်ကား တစ်စင်းပေါ် သို့ တက်လိုက်သည်။ အလုပ်မှ အပြန် ခြေလက်တွေ မသယ်ချင်အောင် ပင်ပန်းလာ၏။ အမျိုးသမီး ကို မာတင် ကောင်းကောင်း သိသည်။ အလွန်သဘောကောင်းသည် ဆို၏။
ရိုစာ က လူမည်းများ၏ ရှေ့ဆုံးတန်းခုံတစ်ခုံတွင် ၀င်ထိုင်လိုက်သည်။ ရှေ့မှတ်တိုင် ရောက်တော့ လူဖြူတွေ တက်လာပြီး ရှေ့ပိုင်းပြည့် သွားသည်။ ဒရိုင်ဘာ က ရိုစာပတ်ခ်ကို ထပေးဖို့ လှမ်းအော်ပြောသည်။ ထပေးလိုက် လျှင် တစ်လမ်းလုံး မတ်တတ်ရပ် စီးရတော့ မည်။

ရိုစာ သည် တော်လှန်ပုန်ကန်ချင်စိတ်ရှိသည့် အမျိုးသမီး မဟုတ်။ ကြိုတင်စိတ်ကူးထားခြား မရှိဘဲ အမှတ် မထင် ဖြစ်သွားခြင်းပင်။ နောက်ပိုင်းတွင် ရိုစာက ပြောပြသည်။
''ကျွန်မ အရမ်းပင်ပန်းလာ လို့ပါ၊ ခြေထောက်တွေလည်း နာနေတယ်လေ'' အမျိုးသမီးက နေရာဖယ်ပေးဖို့ ငြင်း လိုက်သည်။ သည်တော့ ဒရိုင်ဘာ က ရဲ ကို တိုင်သည် ရဲ က သူ့ကို ဖမ်းပြီး တရားရုံးပို့လိုက်သည်။ ရိုစာက အီးဒီနစ်ဆင် ကို လှမ်းခေါ်လိုက်သည်။ နစ်ဆင်က ပြည်သူ အခွင့်အရေး တိုက်ပွဲများတွင် ပါဝင် နေသည့် အလုပ်သမား တစ်ယောက်ဖြစ်၏။ သူ ကိုယ်တိုင် အကြိမ်ကြိမ် အစော်ကားခံထားရသူ ဖြစ်သည်။ အစော်ကား ခံရတာကတော့ မောင်ဂိုမာရီမှာ လူမည်း အားလုံးလိုလို ပါပဲလေ။

နစ်ဆင် သည် အယ်လဘားမားနယ်သား။ မဟုတ်မခံ ဇတ်ဇတ်ကျဲ လူငယ်တစ်ယောက် ဖြစ်၏၊ သူက အာမခံ လက်မှတ် ထိုးပြီး ရိုစာ ကို ထုတ်လာခဲ့သည်။
ရိုစာ့ သတင်း သည် တောမီးပမာ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ နီဂရိုး အိမ်တိုင်းမှာ ဖုန်းတွေ မြည်နေသည်။ နစ်ဆင် က လူဖြူဘတ်စ်ကားများ ကို လူမည်းတွေ မစီးဖို့၊ တစ်ရက် သပိတ်မှောက်ဖို့ သတ္တိရှိရှိ စည်းရုံးသည်။

ဒီဇင်ဘာလ ၂ရက်နေ့ သောကြာနေ့တွင် မာတင်နှင့် လာတွေ့သည်။ အဖြစ်အပျက်ကို ရှင်းပြပြီး ''လူဖြူဘတ်စ်ကားတွေ ကို သပိတ်မှောက်ဖို့က လွဲပြီး ဘာမှမရှိတော့ဘူး  ဆရာ၊ သူတို့လုပ်တိုင်း ငုံ့ခံ မနေတော့ဘူး ဆိုတာ ကျွန်တော်တို့ ပြရမယ် ဆရာ'' ဟုပြောသည်။
မာတင် က သဘောတူပြီး ဘုရားကျောင်းတွင် အစည်းအဝေး လုပ်ဖို့ သဘောတူလိုက်သည်။
ညနေပိုင်း တွင် လူစုဖို့ အစည်းအဝေးခေါ်လိုက်သည်။ မာတင်စတ်တွေ လှုပ်ရှားနေ၏။ ခေါင်းဆောင်ပိုင်းက လာမှ လာကြပါ့မလား၊ လူတန်းစားပေါင်းစုံ ပါဝင်သည့် လူလေးဆယ် ကျော်စုဝေး ရောက်ရှိလာမှ သူသက်ပြင်း ချနိုင်တော့သည်။ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ကုန်သည်တွေ၊ ၀န်ထမ်းတွေ၊ သမဂ္ဂခေါင်းဆောင်တွေ ဓမ္မဆရာတွေ လူစုံတက်စုံ လာကြသည်။ အောင်မြင်လျှင် ကျေနပ်လောက်သည်ဟု ကျွန်မတို့ အားလုံး ဆုံးဖြတ် ထား ကြသည်။

နောက်တစ်နေ့ မနက်ငါးနာရီ တွင် ထပြီး အ၀တ်အစားလဲကြသည်။ ကျွန်မတို့ အိမ်ရှေ့တွင် ပထမဆုံး ဘတ်စ်ကား ဆိုက်ရ မည့် အချိန်က ခြောက်နာရီ၊ မီးဖိုဆောင်ထဲတွင် ကျွန်မတို့ ကော်ဖီ သောက်ကြသည်။ ဧည့်ခန်း ထဲပြန်လာပြီး ကျွန်မ အပြင်ကို စောင့်ကြည့်နေကြ၏။
အချိန်အတိအကျပါပဲ။ ဒီဇင်ဘာလမို့ မှောင်နေဆဲ အချိန်မှာ ရှေ့မီးကြီး ဖွင့်ပြီးမောင်း လာာသည့် ဘတ်စ်ကားကြီး ၀င်လာပါပြီ။ ကားထဲတွင် မီးတွေ ထိန်ထိန်လင်းလျက်၊ ကျွန်မ အော်ခေါ်လိုက်ပါသည်။
''မာတင်…မာတင် မြန်မြန်လာကြည့်''
ကျွန်မဘေးကို သူအပြေးရောက်လာသည်။ သူမျက်နှာ ၀င်းထိန်သွားသည်။ ကားထဲတွင် လူတစ်ယျောက်မျှ မပါ ဘူးလေ။ နောက်ကားတစ်စင်းကို ကျွန်မတို့ စောင့်ကြည့်သေးသည်။ ရှေ့ကားနည်းတူ၊ လူတစ်ယောက်မှ မပါ။ နောက်တစ်စီးပြီး နောက်တစ်စီး ရင်တွေ ခုန်နေသဖြင့် လင်မယားနှစ်ယောက် စကားတစ်ခွန်းမျှ မပြောနိုင်ကြ။

နောက်ဆုံးတွင် မှ မာတင်က စိတ်လှုပ်ရှားစွာ စကားဆိုနိုင်လာသည်။
''ကိုယ်မြို့ထဲသွားပြီး အခြေအနေ အကဲခတ်လိုက်ဦးမယ် ကားယူသွားမယ်နော်''
သူက ရော့ဖ် အဘာနာသီကို ၀င်ခေါ်ပြီး မြို့ထဲလျှောက်ပတ်ကြည့်သည်။ နေရာတိုင်းမှာ အတူတူ ဖြစ်နေ၏။ ဘတ်စ်ကား အချို့တွင် လူဖြူခရီးသည် အနည်းငယ်နှင့် လူမည်း တစ်ယောက်စ နှစ်ယောက်စသာ ပါသည်။ အများ အားဖြင့် စီးမည့် သူ မရှိ။ ကားတွေ ဟောင်းလောင်း။
ရော့ဖ်နှင့် မာတင် မမြင်ဘူးသည့် မြင်ကွင်းကို စောင့်ကြည့်နေကြသည်။ ပလက်ဖောင်းပေါ် တွင်လူတွေ ကြိတ်ကြိတ် တိုးနေပြီး အလုပ်ခွင်သို့ တရွေ့ရွေ့သွားနေကြ၏။ အချို့တက်စီ ကားများပေါ် တွင် ပြွတ်သိပ်ပါသွားကြ၏။ ကျွန်မတို့ လူတွေ ထဲတွင် မြည်းတွေ၊ မြင်းရထားတွေနှင့် သွားနိုင်ကြသူများလည်း ရှိ ၏။ အများစု ကတော့ ဆယ့်နှစ်မိုင် ခရီးကို ခြေကျင်လျှောက်နေကြသည်။
မာတင်က နောင်တွင် မှတ်တမ်းတင်သည်။

''လူတစ်ယောက် ချင်း အနေနဲ့ သူ့ဂုဏ်သိက္ခာ၊ သူ့လွတ်လပ်မှုအတွက် အန္တရာယ်ကို နောက်မတွန့်တဲ့ စွန့်စွန့် စားစား သတ္တိမျိုး ကို မြင်ရတာလောက် ကျက်သရေ ရှိတာ ဘာမှ မရှိဘူး''
မာတင်က ကိုးနာရီတွင် မစ္စက်ပတ်ခ် ၏ အမှုကို ကြားနာဖို့ တရားရုံးသို့ ပြေးသွားသည်။ အမျိုးသမီးကို မြို့တော်၏ လူမျိုးခွဲခြား ဥပဒေ ကို မနာခံသဖြင့် ဆယ်ဒေါ်လာနှင့် ရုံးတော် ကုန်ကျစရိတ် ကို ပေးဆောင်စေရန် အမိန့်ချမှတ် လိုက်သည်။
လူငယ် ရှေ့နေ ကလေး ဖရက်ဂရေးက အယူခံဝင်ဖို့ ပြင်ဆင်သည်။ နီဂရိုး တစ်ယောက်ကို ရုံးအမိန့်ဖြင့် လူလူ သူသူ အပြေစ်ပေး သည့် သည်အမှုမှာ ပထမဦးဆုံးဖြစ်၏။ သာမန်အား ဖြင့် နီဂရိုးဆိုလျှင် လုပ်ချင်တိုင်း လုပ်ပစ် လိုက်ကြ သည်သာ။

လူထု အစည်းအဝေးကြီး ကျင်းပဖြစ်သည့်အခါ မာတင့် ကို တညီတညွတ်တည်း သဘာပတိ တင်မြှောက် လိုက်ကြသည်။ မာတင်အတွက် အလွန်အန္တရာယ်များလာလေပြီ။ လူဖြူတို့၏ ဒေါသနှင့် တန်ပြန်မှု၏ ပစ်ကွင်း ဖြစ်လာပြီ။ သို့သော် သူကမမှုသလို ''တစ်ယောက်ယောက်က လုပ်မှဖြစ်တော့မယ်လေ'' ဟုဆိုသည်။ တစ်စုံတစ်ယောက် က သူတို့အဖွဲ့ကို 'လူမည်းမြို့သူမြို့သားများ ကော်မတီ' (Negro Citizens Committee) ဟု အမည် တပ်ဖို့ အဆိုပြုသည်။ မာတင်က သိပ်မကြိုက်။ 'လူဖြူမြို့သူမြို့သားများ ကော်မတီ (White Citizens' Committee) ရှိပြီးသားမဟုတ်လား။ ရော့ဖ် တင်သွင်းသည့် နာမည်ကို အားလုံး သဘောတူ အတည်ပြုလိုက်ကြသည်။ 'မောင်ဂိုမာရီ တိုးတက်ဖွံ့ဖြိုးရေးအင်း' (Montgomery Improvement Association, MIA)။
လူထုအစည်းအဝေးကြီးတွင် မျှော်လင့်ချက်တွေ သတ္တိပြောင်မြောက်မှုတွေ ပြည့်လျှံနေ သော်လည်း မမြင်နိုင် သည့် အကြောက်တရား အရိပ်မည်းကြီးက ထိုးနေဆဲပင်။ အမ်အိုင်အေကို လျှို့ဝှက် အဖွဲ့အစည်းအဖြစ် ထားရှိရန် အဆိုပြုသည့်အခါ ထောက်ခံသူ အများအပြားရှိ၏။ ခေါင်းဆောင်များ၏ လုံခြုံမှုအတွက်ဟု အကြောင်းပြ သည်။

အီးဒီနယ်လ်ဆင်က အပြတ်ပယ်ချသည်။
''သတ္တိမရှိရင် ဒီအဖွဲ့ကို ခုကတည်းက ဖျက်သိမ်းလိုက်ပါ။ ကျွန်တော်တို့ တစ်တွေ သူရဲဘောကြောင်တဲ့ သူငယ်နှပ်စား ကလေးတွေ လား'' ချက်ချင်း ဆုံးဖြတ်ချက် ကျသွားသည်။ ဘတ်စ်ကား မစီးရေးကိုလည်း ဆက်လက် ဆင်နွှဲသွားမည်။ မာတင်က အိမ်ပြန်ရောက်တော့ အမ်အိုင်အေအကြောင်း၊ သူ့ကိုဥက္ကဌ တင်မြှောက် လိုက် ကြောင်းများ ကျွန်မ ကို ပြန်ပြောပြတော့ ကျွန်မသူ့ကို အားပေးစကား ပြောလိုက်ပါသည်။

''မောင် ဘာလုပ်လုပ် မောင့်နောက်မှာ ကျွန်မ အမြဲရှိနေပါတယ် မောင်''
သူစာကြည့်ခန်းထဲ ၀င်သွားသည်။ ညပိုငိးအစည်းအဝေးရှိသေးသည်တဲ့။ သူ မိန့်ခွန်းပြော ရဦးမည်တဲ့။ သူ့တွင် ပြင်ဆင်ချိန် မိနစ် နှစ်ဆယ်သာ ကျန်တော့သည်။ သည်မိန့်ခွန်းက အပြင်းဆုံး ဆုံးဖြတ်ချက်ဖြင့် ပြောရ မည့် မိန့်ခွန်းဖြစ်သည်။ သူ့ဘ၀တွင် အရေးကြီးဆုံး မိန့်ခွန်းဖြစ်သည်။ သူ ရင်တထိတ်ထိတ်ဖြစ်လာ၏။ ငါးမိနစ် ကုန်သွားပြီ။ ဘုရားသခင်ကို တိုင်တည်လိုက်၏။ '' အို…အရှင် သူမသာ ကိုယ်မနာအမုန်းတရား မပါဘဲ တရားမျှတမှု နဲ့ တပည့်တော်တို့ လူတွေကို စည်းရုံးလှုံ့ဆော်နိုင်တဲ့ စကားလုံးများဖြင့် မိန့်ခွန်း ပြောနိုင်အောင် လမ်းညွှန်မှု ပေးသနားတော်မူပါ'' မာတင်နှင့်ရော်ဖ်တို့ နှစ်ယောက် အစည်းအဝေးတက်ဖို့ ထွက်သွားကြသည်။

ဘုရား ကျောင်းပြင်ပတွင် လူငါးထောင်လောက် ရှိနေပြီ။ အသံချဲ့စက်မှ ထွက်နေသည့် ဓမ္မသီချင်း တွေကို သံပြိုင် လိုက်ဆိုနေကြသည်။ ဘုရားကျောင်း ထဲတွင်လည်း လူတွေ ပြည့်ကျပ်နေ၏။ ရော့ဖ်နှင့်မာတင်ကို ပွေ့မြှောက်ပြီး တရားစင်မြင် အရောက် လက်ဆင့်ကမ်း ထမ်းပို့ပေးကြ ၏။
ဘုရားသခင် သည် မာတင်၏ ဆုတောင်းသံကို ကြားတော်မူလေပြီ။  သူစကား စပြီ။
''ဒီည ရှေးဓမ္မဆရာကြီး များရဲ့ အဆိုအမိန့်တစ်ခုကို သတိရမိတယ်၊ 'ပါးစပ်ကိုသာ ဟလိုက်ပါ၊ ဘုရားသခင်က သင့်ကိုယ်စား ဟောပြော ပေးလိမ့်မယ်' ဆိုတာပါပဲ''
ဤသို့ဖြင့် နောင်ဥဒါန်း တွင်ရစ်မည့် မိန့်ခွန်းရှည်ကြီးကို သူပြောဖြစ်ခဲ့လေသည်။ ပရိသတ်က ''အို… ခရစ်ယာန်စစ်သည် များ ရှေ့သို့ချီလေ့'' သီချင်း ကို ၀ိုင်းဆိုကြသည်။ ပြီးတော့ သမ္မာကျမ်းစာ မှ ဒေသနာကောက်နုတ် ချက် များကို ရွတ်ဆိုကြသည်။

မာတင် က မစ္စက်ပတ်ခ်၏ ဘတ်စ်ကား ဇာတ်လမ်းကို ပြောပြသည်။ အမှားဘက်ကို လျှောက်မသွားဖို့ကိုလည်း သူ့ လူတွေအား သတိပေးသည်။
''ကျွန်တော် တို့ ဒီညဒီမှာ စုဝေးတာဟာ ပင်ပန်းဆင်းရဲခြင်းအကြောင်းကို ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ မခံနိုင်တော့လောက်အောင် ပင်ပင်ပန်းနွမ်းနယ် လာတဲ့အချိန်ကို ကျွန်တော်တို့ ရောက်နေကြပါပြီ။ သည်းခံနိုင်စွမ်း တို့ ကုန်ဆုံးသွားပါပြီ။
''အသားရောင် ခွဲခြားခြင်း၊ လူမျိုးရေး နှိမ်ချခြင်း အစော်ကားခံရခြင်း များအတွက် ကျွန်တော်တို့ တစ်တွေ အံ့သြ စရာ ကောင်းလောက်အောင် သည်းခံ ခွင့်လွှတ်ခဲ့ကြပါသည်။
''ဒီည ကျွန်တော် တို့ စုဝေးတာဟာ၊ အဲဒီသည်းခံခွင့်လွှတ်စိတ်ကို ဆက်လက် ထိန်းသိမ်းပြီး လွှတ်လပ်ရေးနဲ့ တရားမျှတရေးဆီ ကို ဆက်လက်ချီတက်ကြဖို့ပါပဲ'' သူက သတင်းစာကို မြှောက်ပြပြီ-
''သူတို့ ကလည်း သူတို့အတွက် တရားမျှတရေးကို တောင်းဆိုနေကြပါတယ်။ ကျွန်တော် တို့က ကျွန်တော် တို့အတွက် တရားမျှတရေးဆိုတာ မွေးဖွားလာအောင် တောင်းဆိုနေကြ တာပါ။ ကျွန်တော်တို့ တောင်းဆိုတာက တရားဥပဒေဘောင် အတွင်းကပါ။

ကျွန်တော်တို့ နည်းဗျူးဟာက ဘာသာရေး ယုံကြည်ချက်ကို အခြေခံပြီး ကျွန်တော်တို့ ရသင့်တဲ့ လူ့အခွင့်အရေးကို တောင်းမှာပါ။ အတင်းအကျပ် အကြမ်းပတမ်း တောင်းဆိုမှာ မဟုတ်ပါဘူး။ အဲဒီမှာ ယေရှုသခင် ရဲ့ မေတ္တာတော်ကို ကျွန်တော်တို့ ပြန်ပြီး နှလုံးသွင်းကြရ ပါမယ်။ 'ရန်သူကို ချစ်ပါ၊ သင့်အား ဆဲရေး တိုင်းထွာသူများအား၊ မေတ္တာပို့ပါ၊ သင့်အား အကောင်းကြံသူများအတွက် ဆုတောင်းပေးပါ'
''ကျွန်တော် တို့ တစ်တွေ အဲဒီလို မလုပ်နိုင်ရင် ကျွန်တော်တို့ တိုက်ပွဲဟာ သမိုင်းဇတ်ခုံပေါ်မှာ အဓိပ္ပာယ် မရှိ ဖြစ်နေပါလိမ့်မယ်။ ဘွတ်ကာတီဝါရှင်တန် ပြောသလိုပါပဲ ''ကိုယ့်ကိုမုန်း အောင်လုပ်တဲ့ လူတစ်ယောက်ခေါ် ရာ ကို မလိုက်မိပါစေနဲ့ သူက ခင်းဗျားကို ဆွဲချနေတာ'' တဲ့။
''ကျွန်တော်တို့ တစ်တွေ သတ္တိရှိရှိနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ခရစ်ယာန်မေတ္တာတရားတော်နဲ့ တိုက်ပွဲဝင်သွားရင် အနာဂတ် သမိုင်းဆရာတွေက ''လူမည်းတွေဟာ လူ့ယဉ်ကျေးမှု သွေးကြောထဲက ဘ၀ဓိပ္ပာယ်နဲ့ ဂုဏ်သိက္ခာ ထိုးသွင်းပေး လိုက်တာပဲ'' လို့မှတ်တမ်းတင် ကြလိမ့်မယ်။ မိန့်ခွန်းပြောပြီးတော့ ဧရာမ လူထုကြီး အော်ဟစ်အားပေးသံတွေ ဆူညံသွားသည်။

သူပြောသည့် စကားများ၊ သူဟောသည့် တရားများက မောင်ဂိုမာရီမှ ရှေ့သို့ စတင်ချီတက် ဖို့လူတွေကို တပ်လှန့် လိုက်ခြင်း ပင် ဖြစ်လေသည်။
လူမည်းတို့၏ သမိုင်းတစ်ခေတ်ဆန်းသစ်မည့် သည်လှုပ်ရှားမှုကြီးကို သည်ကာလတွင် မောင်ဂိုမာရီမှ ဘာကြောင့် စဖြစ်ခဲ့ခြင်းပါလဲ။
အမေရိကန် တွင် ကျွန်မတို့ထက် အဖိနှိပ်ခံနေရသည့် နီဂရိုးလူမျိုးများ နေရာအနှံ့ ရှိပါသည်။ သူတို့က ကြိတ်မှိတ် ခံနေကြသည်။
ဘာကြောင့် တိုက်ပွဲစရာ အောင်မြင်က မောင်ဂိုမာရီ ဖြစ်သွားရတာလဲ ဆိုတာကတော့ အပြောရခက်ပါသည်။ ဘာသာရေး နွှယ်နေပါလိမ့်မည်။ ကျွန်မ ယောက်ျားကတော့ ယုံယုံ ကြည်ကြည် ပြောလေ့ရှိ၏။
အမေရိကန် မှာ လူမည်းတို့အတွက် ထွက်ရပ်လမ်းနဲ့၊ လွတ်လပ်ရေးတိုက်ပွဲ အတွက် တာလွှတ်နေရာ ဟာ မောင်ဂိုမာရီ ဖြစ်ရမယ်ဆိုတာ ဘုရားသခင်က ရွေးပေးတာ။
သို့သော် ထိုည အကြောင်းပြန်ပြောင်းတွေးကြည့်လျှင် အောင်မြင်မှုနှင့် ကျွန်မတို့ အဝေးကြီးရှိနေပါသေးသည်။

မာတင်၏ မိန့်ခွန်းကို တညီတညွတ်တည်း ထောက်ခံကြပြီး အလွန်ပျော့ပျောင်းသည့် ဆုံးဖြတ်ချက် အချို့ချဖြစ်ခဲ့သည်။
လူဖြူဘတ်စ်ကား မောင်းသူများက လူမည်းခရီးသည်များကို ယဉ်ကျေးစွာ ဆက်ဆံရမည်။
ခရီးသည်များ အတွက်နေရာကိုလူဖြူလူမည်းခွဲခြားခြင်း မပြုရ။ အရင်တက်သူက ကြိုက်ရာခုံ ရွေးထိုင်နိုင်ခွင့် ရှိရ မည်။
နီဂရိုး ခရီးသည် များ စီးသည့် ဘတ်စ်ကားလိုင်း ကို နီဂရိုး ဒရိုင်ဘာများအားခန့်ထားရန်။

မာတင်ခေါင်းဆောင်သည့်ကော်မတီဝင်များ နောက်နှစ်ရက်အကြာတွင် မြို့တော်ဝန်ဂေးလ် နှင့်သွားတွေ့သည်။ မြို့တော်ဝန်နှင့်အတူ အုပ်ချုပ်ရေး ဌာနမင်းကြီး နှင့်ဘတ်စ်ကား ပိုင်ရှင် များအဖွဲ့မှ ကိုယ်စားလှယ်များလည်း ရှိနေကြသည်။ မင်းကြီး က ဘတ်စ်ကား ထိုင်ခုံနေရာ တပြေးညီသတ်မှတ်ရေးအတွက် တောင်းဆိုချက်ကို လက်ခံ ချင် သည်။ တောင်ပိုင်းမြို့ကြီး များတွင် အားလုံးသည်အတိုင်း ကျင့်သုံးနေကြပြီ။ သို့သော် ဘတ်စ်ကား ပိုင်ရှင်များ အသင်း နှင့် ပါလာသည့် ရှေ့နေက သဘောမတူ။ မောင်ဂိုမာရီမြို့ပြ ဥပဒေအရသည်အချက်ကို လိုက်လျော ၍ မဖြစ်ကြောင်း တင်ပြသည်။
အစည်းအဝေးပြီးမှ ကန့်ကွက်ရခြင်းအကြောင်းရင်းကို အဆိုပါ ရှေ့နေကပြောပြသည်။

''ဒီအချက်ကို လိုက်လျောလိုက်ရင်း သူတို့ပိုပြီးရောင့်တက်လာမယ်။ လူဖြူတွေကို အနိုင် ရပြီလို့ သူတို့ထင်သွားကြလိမ့်မယ်''
ကျွန်မ တို့သဘောပေါက်လိုက်ပါပြီး။ တိုက်ပွဲက တစ်ချက်တည်းမပြတ်နိုင်။ ရေရှည် တိုက်ပွဲပုံသဏ္ဍာန်ဖြင့် သွားရတော့မည်။
ဒီဇင်ဘာလ ၉ ရက်နေ့တွင် မြို့တော်အုပ်ချုပ်ရေးအဖွဲ့မှ ကြေညာသည်။ လူမည်းပိုင် ကားများ ခရီးသည် တင်ပြီးပြေးဆွဲနေခြင်းမှာ တရားမ၀င်တဲ့။ သို့သော်ထိုအချိန်တွင် နီဂရိုး ပိုင်ကားများကို နီဂရိုးများ မောင်းပြီး နီဂရိုး လူမျိုးများအတွက် နေရာအနှံ့ပြေးဆွဲနေပြီ။ ကားအစီးရေသုံးရာကျော်နေပြီ။ ကျွန်မတို့ ဘက်မှ အားတက် စရာတွေ အများကြီးတွေ့ လာရသည်။ ဥပမာ မစ္စက်ဝက်စ်။ အိမ်အိုင်အေ ကော်မတီဝင် အဘွားကြီး။

အမျိုးသမီးကြီး က သူ့အပြာရောင် ကယ်ဒီလက် ကားကြီးဖြင့် အိမ်နီးနားချင်းတွေ အလုပ်သမားတွေကို မနက် တစ်ခေါက် ညနေတစ်ခေါက် မောင်းပို့သည်။ အပြန် ကြိုပေးသည်။ ပို၍ အဆင်ပြေစေရန် ဘုရားကျောင်း များက စတေရှင် ၀က်ဂွန်ကား ဆယ်စီး ၀ယ်ပြီး အားဖြည့်သည်။ လူအပြည့်တင်ပြီးမောင်းပို့သည့်အခါ ဓမ္မတေးတွေ သံပြိုင် ဆိုသွား ကြသည်။
    ကျွန်မ တို့တတ်နိုင်သမျှ ကြိုးစားပါသော်လည်း အားလုံးအတွက် အဆင်မပြေပါ။ ထောင်ပေါင်းများစွာသော လူတွေခြေလျင်လျှောက်နေကြဆဲ ဖြစ် ပါသည်။ သို့သော် သူတို့ တစ်တွေ သိမ်သိမ်ငယ်ငယ်မဟုတ်ကြပါ။ ရင်ကော့ပြီး ခပ်ကြွားကြွား လျှောက် သွားနေကြ ခြင်းဖြစ်ပါ၏။

    လမ်းလျှောက်နေသည့် အဘွားအိုတစ်ယောက်ကို လူတစ်ယောက်က မေးသည်။
    ''အဘွား မမောဘူးလား''
    "ခါတိုင်းတော့ အဘွားရဲ့ခြေထောက်တွေကမမောဘူး။ စိတ်ကမောတယ်။ ခုတော့ အဲဒီလို မဟုတ်ဘူး။ ခြေထောက်တွေကမောပြီး အဘွားစိတ်က မမောဘူး"
    လူတွေအမြဲတမ်း စိတ်ဓာတ်တက်ကြွနေအောင် တစ်ပတ်လျှင် လူထု အစည်းအဝေး နှစ်ခါခေါ်ပေးသည်။ ဘုရားကျောင်း များ တွင် အလှည့်နှင့်စုဝေးကြခြင်းဖြစ်၏။
ထောင်ပေါင်း များစွာ တက်ရောက်ကြသည်။ အချို့က အစည်းအဝေး မတိုင်မီ နေရာရ ရန် စောစောရောက်နှင့်နေကြ သည်။

မိန့်ခွန်းပြောသူတွေ ကို အစွန်းတစ်ဖက် ရောက်မသွားအောင် မာတင်ကထိန်းပေး သည်။ မာတင်သည် ဂန္ဒီ၏ လမ်းစဉ် ကို တစ်သဝေမတိမ်းလိုက်နေပြီ။ လူမည်းအသိုင်း အ၀ိုင်းတွင် မျှော်လင့်ချက်ကိုယ်စီဖြင့် အားတက်နေကြ သည်။ လူတန်းစားနှစ်ရပ် သည် ဘယ်တုန်းကနှင့်မှ မတူအောင် စည်းလုံေးနကြသည်။ မာတင် ၏ ခေါင်းဆောင်မှု အောက်တွင် သူတို့တစ်တွေ ပို၍ ပို၍ အားတတ်နေကြသည်ဟု ကျွန်မယုံကြည်ထားလိုက် သည်။
သူ့ဘ၀နောက်ခံကားချပ် ကို လူတွေတဖြည်းဖြည်းသိလာလေ၊ သူ့ကိုလေးစား ကြည်ညိုလေ ဖြစ်နေကြ၏။ အထူး သဖြင့် သူဆင်းရဲ များက သူ့ကိုပိုအားကိုးကြ၏။ သူသည် လူမည်းတို့၏ စည်းရုံးရေး သင်္ကေတဖြစ် လာ သည်။

လူမည်းတို့သည် အချင်းချင်း သွေးစည်းရေး၊ လူမည်းတို့အား အကူအညီပေးရေး တာဝန်များကို ထမ်းဆောင် နေစဉ် တွင် မာတင် က ပညာပေးတရားများလည်း ဟောကြားလျက်ပင်။
ကျွန်တော် တို့ လုပ်နေတာတွေက လူဖြူတွေအတွက်လည်း ပါပါတယ်။ လူမျိုးရေး ခွဲခြားတယ် ဆိုတာ နှစ်ဖက်စလုံးအတွက် အကျိုးမရှိပါဘူး။ နီဂရိုး လူမျိုးတွေကို လွတ်လပ်ခွင့်ပေးလိုက်ခြင်း အားဖြင့် လူဖြူတွေ ဟာလည်း အယူမှား အတွေးမှားကနေပြီး လွတ်လပ်ခွင့်ရသွားမှာဖြစ်ပါတယ်။ သူမရဲ့ မသိစိတ်မှာ စွန်းထင်း နေတဲ့ အပတရားတွေကိုလည်း ဆေးကြောပြီးသားဖြစ်သွားပါလိမ့်မယ်။
ပထမပိုင်း တွင် အမ်အိုင်အေရုံးကို ကျွန်မတို့ အိမ်တွင်ပင် ဖွင့်ထားသည်။ တယ်လီဖုန်းမှာ မနက် ငါးနာရီမှ ညသန်းခေါင် အထိ မရပ်မနား မြည်နေတတ်၏။ ဧည့်သည်တွေက ပြတ်သည်မရှိ။ ယိုကီကို စနစ်တကျ ထိန်းဖို့ ကျွန်မ အတွက် ခက်လာသည်။ သို့သော် သမီးကလေးက သဘောကောင်းသည်။ အားလုံးနှင့် အဆင်ပြေအောင် နေ တတ်သည်။

ဧည့်သည်တွေ ကို စားချိန်တန်လျှင် ထမင်းကျွေးရသည်။ ကျွန်မမှာ နေ့စဉ်လိုလို မနိုင်မနင်း စီစဉ်ရသည်။ သို့သော် အချိန်တန်လျှင် လောက်လောက်ငင လှလှပပ ဖြစ်သွားသည်သာ။
ဒီဇင်ဘာ လကုန်ရက်သို့ ရောက်လာသည်။ ကျွန်မတို့ ဘက်ကအလံမလှဲ။ မြို့တော်ဝန်နှင့် မင်းကြီးက ကျွန်မ တို့ကို သင်ခန်းစာပေး တာစူနေကြသည်။
တယ်လီဖုန်းဖြင့် မကြားဝံ့ မနာသာ ခြိမ်းခြောက်သံတွေ ပိုများလာ၏။ ရံခါတွင် အမျိုးသမီးများပင်ပါ၏။ စိတ်မှ မှန်ကြသေး ရဲ့လား မသိ သူတို့မို့ သည်လို စကားလုံးများ နှုတ်မှ ထွက်ဆိုရဲကြသည်။ ကျွန်မနှင့် မာတင်ကို ရာဂ ဥမတ္တကများဖြစ်အောင် ပြောသူတွေလည်း ရှိ၏။ မြို့ကထွက်မသွားလဆင် သတ်မည်ဟု ခြိမ်းခြောက်သူများလည်းပါ၏။

ဆက်ရန်
.

No comments: