Thursday, June 14, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၃၇)

"ဘာလဲ… ဘာဖြစ်တာလဲ…" ဟု ကျွန်မက မေးသည်။ မစ္စက်ဒင်ဗာက ကျွန်မ၏လက်မောင်းကို လွှတ် လိုက် သည်။ ပိတ်နေသည့် မြူများကို လှမ်းကြည့်သည်။
"ဒုံးကျည်ပစ်တာ… ပင်လယ်အော်ထဲမှာ သင်္ဘောတစ်စင်း နစ်ပြီနဲ့တူတယ်" ဟု သူက ပြန်ပြောသည်။
ကျွန်မ တို့ နှစ်ယောက် ဆက်နားထောင်နေမိ သည်။ ဖြူဖွေးသော မြူများ ကိုလည်း ငေးကြည့်နေ မိသည်။ ခဏကြာတော့ ပြေးသွားသည့် ခြေသံများကို ကျွန်မတို့အောက်ဘက် ရှိ လှေကားထစ်များဆီမှ ကြားရ သည်။
ကို ဆက်ဖတ်ရန်....

အခန်း(၉)

ပြေးသွားသူမှာ မက်ဇင်မ်ဖြစ်သည်။ သူ့ကို ကျွန်မ မမြင်ရသော်လည်း သူ့အသံကို ကြားလိုက်ရ သည်။ ဖရစ် ကို အော်ခေါ်သည်။ ခန်းမထဲရှိ ဖရစ်က ပြန်ထူးပြီး လှေကားထစ်ဆီသို့ ပြေးဆင်းသွား သံကိုလည်း ကြားရသည်။ သူတို့ ၏ သဏ္ဍာန်နှစ်ခုကို ခပ်ဝါးဝါး မြင်နေရသည်။
“သဘောင်္နစ် တာ သေချာသွားပြီ။ အငူပေါ်ကနေ ကျွန်တော် လှမ်းကြည့်နေတာ ပင်လယ်အော် ကလေးထဲကို ဦးတည်ပြီး ၀င် လာတယ်။ အောက်မှာရှိနေတဲ့ ကျောက်ဆောင်တန်းကြီးဆီကို တည့် တည့်ကြီးသွားနေတာ။ ကားရစ်ဆိပ်ကမ်းလို့ထင်ပြီး လမ်းမှားဝင်လာတာ ဖြစ်မယ်။ အိမ်မှာရှိတဲ့လူ တွေကို အစားအသောက်တွေ အဆင်သင့်ပြင်ပြီး စောင့်နေကြ ဖို့ ပြောလိုက်ပါ။ အိမ်မှာရှိတဲ့ ဒုက္ခ သည်တွေအတွက် လိုကောင်းလိုလိမ့်မယ်။ ရုံးမှာ ရှိတဲ့ မစ္စတာခရော်လေကို ဖုန်းလှမ်းဆက်ပြီး အကျိုးအကြောင်းပြောလိုက်ပါ။ ဘာများ ကူညီနိုင်မလဲဆိုတာ သိရအောင် ကမ်းခြေကို ပြန်သွား လိုက်ဦးမယ်။ ကျွန်တော်ဖို့ စီးကရက်တစ်ဗူးပေးပါဦး”
မစ္စက်ဒင်ဗာ က ပြတင်းပေါက်မှ ခွာလိုက်သည်။ သူ့မျက်နှာပေါ်မှာ ဘာခံစားချက်မျှ မရှိတော့ ပါ။ အေး တိအေးစက် အမူအရာ သာ ရှိပါတော့သည်။

“ကျွန်မတို့ အောက်ဆင်းမှဖြစ်မယ်။ အစီအစဉ်တွေလုပ်ဖို့ ဖရစ်က ကျွန်မကို လိုက်ရှာနေလိမ့်မယ်။ ဟိုက ဒုက္ခသည်တွေ ကို မစ္စတာဒီဝင်းတား ခေါ်လာလိမ့်မယ်ထင်တယ်။ ကျွန်မ ပြတင်းပေါက်ပိတ် လိုက်မယ်။ ဆရာကတော့် လက် သတိထားနော်”
ကျွန်မက နောက်ဆုတ်လိုက်သည်။ မစ္စက်ဒင်ဗာက ပြတင်းပေါက်နှင့် တရုတ်ကတ်များကို ပိတ်ပြီး ခန်းဆီများနေသားတကျဖြစ်အောင် ဆွဲချနေသည်။
“ပင်လယ်ထဲမှာ လှိုင်းမရှိဘူး။ လှိုင်းကြီးနေရင် သူတို့မလွယ်ဘူး။ ဒီနေ့ကတော့  ရာသီဥတု ကောင်း နေပါတယ်။ ပိုင်ရှင်ကတော့ သူ့သင်္ဘောဆုံးရုံပေါ့။ မစ္စတာဒီဝင်းတား ပြောသလို အောက်မှာ ခံနေတဲ့ ကျောက်ဆောင်တန်းနဲ့ ၀င်တိုက်မိတယ်ဆိုရင်လေ” အခန်း ထဲမှာ ခြေရာလက်ရာပျက်သွားတာ ရှိ မရှိ မစ္စက်ဒင်ဗာက မျက်လုံဝေါ့ကြည့်ပြီး စစ်ဆေးနေ သည်။ နှစ်ယောက် အိပ်ခုတင်ကြီးပေါ်မှ အိပ်ရာခင်းကို ဆွဲဆန့်နေ သည်။ ပြီးတော့ တံခါးပေါက် ဆီ သို့ ထွက်ခွာကာ ကျွန်မကို စောင့်နေသည်။

“နေ့လယ်စာပြင်ထားပေးဖို့ ကျွန်မပြောလိုက်မယ်။ ဆရာကတော် ဆာတဲ့အချိန်မှာ သွားစားလိုက် ပါ။ မစ္စတာဒီဝင်းတားကမ်းခြေမှာအလုပ်များနေရင်အချိန်မီပြန်စားချင်မှစားလိမ့်မယ်”
သူ့ကိုကျွန်မ ငေးကြည့်နေပြန်ပါသည်။ သို့သော်လည်း သူ့ကိုမမြင်ပါ။ ထို့နောက်အပြင်သို့ ထွက် လာခဲ့သည်။ သံပတ်ပေးထားသည့် စက်ရုပ်လို တောင့်တောင့်ကြီး ဖြစ်နေဆဲပင်။
“မစ္စတာဒီဝင်းတား နဲ့တွေ့ရင် သဘောင်္နစ်တဲ့ ဒုက္ခသည်အတွက် အားလုံးပြင်ဆင်ပြီးကြောင်း ပြောပြ ပေးပါ ဆရာတော်…”
“ဟုတ်ကဲ့.. ဟုတ်ကဲ့ မစ္စက်ဒင်ဗာ”
ကျွန်မကို သူကျောခိုင်းပြီး စင်္ကြံအတိုင်း တစ်လှမ်းချင်း လျှောက် သွား သည်။ ပြီးတော့ ထောင့်ချိုး မှာ ပျောက်ကွယ် သွားသည်။

ကျွန်မလည်း စင်္ကြံအတိုင်း တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ ကျွန်မ၏စိတ်သည် ယခုအိပ်ရာနိုးစ လူကို ထိုင်းမှိုင်းလေးလံနေသည်။ အောက်ထပ်သို့ ဆင်းသွားသောအခါ ထမင်းစားခန်းဆီသို့သွား နေသော ဖရစ်ကို တွေ့ရသည်။ ကျွန်မကို မြင်တော့ ရပ်စောင့်နေသည်။
“မစ္စတာဒီဝင်းတား အခုပဲ ပြန်လာပါတယ် ဆရာကတော်…။ စီးကရက်ယူပြီး ကမ်းခြေကို ပြန်သွားပါ တယ်။ ဟိုမှာ သဘောင်္တစ်စီးနစ်လို့တဲ့” “ဟုတ်တယ်” ဟု ကျွန်မက ပြန်ပြောပါသည်။
“ဒုံးကျည်ပစ်သံတွေ ဆရာတော် ကြားလိုက်သေးသလား” “ကြားလိုက်တယ်”
“ရောဘတ်နဲ့ ကျွန်တော် စတိုခန်းထဲမှာ ရှိနေတယ်။ မနေ့ညက ကျန်နေတဲ့ မီးကျည်မီးပန်းတွေကို ဥယျာဉ်မှူးတွေ ပစ်နေတယ်လို့ ထင်လိုက်တာ။ မြူတွေပိတ်နေတဲ့ အချိန်ပစ် လို့ အလကားပေါ့။

စနေနေ့ည အထိ ကလေးတွေအတွက် သိမ်းထားရင် ကောင်းမယ်လို့ ပြောနေတုန်း ဒုတိယတစ် ချက် ထပ်ကြား ရသည်။ မီးကျည်း မီးပန်းမဟုတ်ဘူး။ ပင်လယ်ထဲမှာ သဘောင်္နစ်ပြီးနဲ့ တူတယ်လို့ ရောဘတ်က ပြောနေတုန်း မစ္စတာဒီဝင်းတား အော်ခေါ်သံကို ကြားရတာပဲ” “ဟုတ်လား ဖရစ်”
“ဒါလောက်မြူတွေပိတ်နေတာ မလွယ်ဘူး ဆရာကတော်….။ ဘယ်နည်းနဲ့မှ ကိုယ့်လမ်းကိုယ် မမြင် နိုင်တော့ ဘူး။ ပင်လယ်ထဲမှာလဲ ဒီအတိုင်းပဲ။ မစ္စတာဒီဝင်းတား နောက်ကို လိုက်ချင်ရင်ဟောဟို မြက်ခင်းကို ဖြတ်ပြီး သူထွက်သွားတာ  နှစ်မိနစ်လောက်ရှိသေးတယ်” ဟု ဖရစ်က ပြောသည်။

“ကျေးဇူးတင်ပါတယ် ဖရစ်”
ကုန်းစောင်းကလေးရှိ လှေကားထစ်များဆီသို့ ကျွန်မ ထွက်လာခဲ့သည်။ မြက်ခင်းဟိုစွန်းရှိ သစ်ပင် များကို လှမ်းမြင် ရသည်။ မြူများ တဖြည်းဖြည်း မြင့်တက်သွားသည်။ ကောင်းကင်ပေါ်မှာ တိမ်တိုက် များ လို ဖြစ်နေသည်။ အိမ်ကြီးဘက်သို့ လှမ်းကြည့်လိုက်သည်။ ပြတင်းပေါက်နှင့် တရုတ်ကတ်များ အားလုံး စေ့နေအောင် ပိတ် ထားသည်။
စောစောက ကျွန်မတို့ရပ်နေခဲ့ကြသော ပြတင်းပေါက်ကျယ်ကြီးကို လှမ်းမြင်ရသည်။ ကျွန်မ၏ခေါင်း ပေါ်မှာ အမြင့်ကြီးဖြစ်နေ သည်။ ခြေထောက်အောက်မှာ ကျောက်တုံးများကိုလည်း ငုံကြည့်မိသည်။
ကျွန်မ စိတ်ထဲမှာ လှုပ်ရှားလာသည်။ မျက်လုံးထဲမှာ အမည်းစက်များ ပေါ်လာသည်။ ခန်းမထဲသို့ ပြန်ဝင်သွားပြီး ကုလားထိုင် တစ်လုံးပေါ် မှာ ထိုင်ချလိုက်မိပါသည်။ ကျွန်မ၏လက်များ စိုထိုင်းနေ သည်။ ကျွန်မ၏ဒူးနှစ်ဖက်ကို သိုင်းဖက် ကာ ငြိမ်ငြိမ်ကလေးထိုင်နေမိသည်။

“ဖရစ်…”
ကျွန်မက လှမ်းခေါ်သည်။
“ဖရစ်… ရှင် ထမင်းစားခန်းထဲကလား”
“ဟုတ်ပါတယ် ဆရာကတော်”
ချက်ချင်း ဖရစ် ထွက်လာသည်။ ခန်းမကိုဖြတ်ပြီး ကျွန်မဆီ လျှောက်လာသည်။
“ကျွန်မကို ဘယ်လိုမှတော့ မထင်နဲ့နော်။ ဒါပေမဲ့ ဘရန်ဒီ နည်းနည်းသောက် လိုက်ရင် ကောင်းမယ်ထင်တယ်”
“ကောင်းပါတယ် ဆရာကတော်”
ကျွန်မသည် ဒူးနှစ်ဖက်ကို သိုင်းဖက်ထားရင်း ငြိမ်ငြိမ်ကလေး ထိုင်မြဲ ထိုင်နေသည်။ ခဏကြာတော့ ဘရန်ဒီခွက် ကို ဗန်းနှင့် တင်ပြီး ဖရစ် ပြန်ရောက်လာသည်။

“နေမကောင်းဘူးလား ဆရာကတော်။ ကလားရစ်ကို ခေါ်ပေးရမလား”
“နေပေါစေ ဖရစ် …ကျွန်မကောင်းသွားမှာပါ။ ရာသီဥတု နည်းနည်းပူလို့ပါ။”
“ဒီကနေ့မနက် အင်မတန် အိုက်ပါတယ် ဆရာကတော်။ အိုက်စပ်စပ်ကြီး”
ဘရန်ဒီကိုသောက်ပြီး ဖန်ခွက်ကို လင်ဗန်းပေါ်မှာ ပြန်တင်ထားလိုက်သည်။
“ဒုံးကျည်ပစ်သံကြောင့် ဆရာကတော် လန့်သွားလိုက်တယ် ထင်တယ်။ ပေါက်ကွဲသံက ရုတ်တရက် ပေါ် လာတာကိုး” “ဟုတ်ပါတယ် ဖရစ်” “မနေ့ညကလဲ တစ်ညလုံးလိုလို ဆရာကတော် မတ်တတ်ရပ်နေခဲ့ရသည်။ ဒီနေ့မနက်ကျတော့လဲ ရာသီဥတုက ပူအိုက်လွန်းတယ် မဟုတ်လား။ ဒါကြောင့် ဆရာကတော် မအီမသာ ဖြစ်နေမှာပေါ့”
“ဟုတ်ပါတယ်.. အဲဒါကြောင့်ပါ”

“နာရီဝက်လောက် လှဲနေလိုက်ရင် ကောင်းမယ်ထင်ပါတယ်။ စာကြည့်ခန်းထဲမှာ အေးနေပါတယ်။ ဆရာကတော်”
“နေပါစေ နေပါစေ… ခဏကြာရင် ကျွန်မ အပြင်သွားမယ်။ ဒုက္ခမရှာနဲ့တော့ ဖရစ်”
“ကောင်းပါပြီ ဆရာတော်”
သူပြန်ထွက်သွားသည်။ ခန်းမထဲမှာ ကျွန်မတစ်ယောက်တည်း ကျန်နေခဲ့သည်။ သည်ထဲတွင် ထိုင် နေရသည်မှာ တိတ်ဆိတ်အေးချမ်းလှပါသည်။ မနေ့ညက ကပွဲကြီးကျင်းပခဲ့သည့် အရိပ်အယောင် အစအန လုံးဝ မရှိတော့ပြီ။ ဂါဝန်ပြာကလေးဝတ်ပြီး လူပေါင်း ၅၀၀လောက်နှင့် လက်ဆွဲနှုတ်ဆက် ခဲ့သည့် မနေ့ညက အဖြစ်သည်လည်း ယုံရခက်ခက်ပင် ဖြစ်သွားတော့သည်။ ထိုင်ရာမှထပြီး အပြင် သို့ ထွက်လာခဲ့မိပြန်ပါသည်။

မြူများ အပေါ်သို့ မြင့်တက်သွားပြီ။ သစ်ပင်ထိပ်ဖျားများပေါ်သို့ ရောက်နေပြီ။ သစ်တောကို ထင် ထင်လင်းလင်း လှမ်းမြင်နေရပြီး။ ကောင်းကင်ရှိ နေရောင်က သိပ်သည်းသည့်မြူများကို ထိုးဖောက် ၀င်နိုင်အောင် မနည်းကြီး ကြိုးစားနေရသည်။ ပျားတစ်ကောင်က ကျွန်မခေါင်းနားမှာ တဝီဝီလုပ်နေ သည်။ ခဏကြာတော့မှ ပန်းပွင့်တစ်ပွင့်ပေါ်မှာ သွားနားသည်။ မြက်ခင်းများကို ဥယျာဉ်မှူးက မြက်ရိတ်စက်ဖြင့် ရိတ်နေသည်။

ကျွန်မ၏ကိုယ်ပေါ်သို့ နေရောင်ကျဲကျဲကြီး ထိုးကျလာသည်။ ဂျက်စ်ပါကို လေချွန်ပြီး ခေါ်လိုက် သည်။ သို့သော်လည်း ပေါ်မလာ။ ပင်လယ်ကမ်ခြေသို့ မက်ဇင်မ်ပြန်ထွက်သွားတုန်းက လိုက်သွား ဟန်တူသည်။ လက်ပတ်နာရီကို ငုံ့ကြည့်သည်။ ဆယ့်နာရီခွဲပြီးပြီ။ တစ်နာရီထိုးရန် မိနစ်နှစ်ဆယ် လောက်သာ လိုတော့သည်။ မနေ့က သည်အချိန်တွင်  မက်ဇင်မ်နှင့် ဖရင့်ခရော်လေ၏ အိမ်ရှေ့ ပန်းခြံထဲမှာ ထိုင်ရင်းနေ့လယ်စာစားဖို့ စောင့်နေခဲ့ကြသည်။
၂၄နာရီပင် ကြာမြင့်သွားချေပြီ။ မနေ့တုန်းက ကျွန်မ လျှို့ဝှက်ထားသည့် အဝတ်အစားနှင့် ပတ် သက်ပြီး ကျွန်မကို နောက်ပြောင်နေခဲ့ကြသည်။ “အစ်ကိုတို့ အအံ့သြဆုံးဖြစ်သွားရမယ်” ဟု ကျွန်မက ပြောခဲ့သည်။

ထိုစကားများကို သတိပြန်ရသောအခါ ကျွန်မကိုယ်ကျွန်မိ ရှက်မိသည်။ နောက်ပြီးတော့ ကျွန်မ တွေ့ပူးမိသလို မက်ဇင်မ် သည် ကျွန်မနှင့်ဝေးရာသို့ ထွက်ခွာသွားခြင်း မဟုတ်ကြောင်းလည်း သဘောပေါက်လာ သည်။ လှေကားထစ်များပေါ် မှ ဖရစ်ကို လှမ်းပြောနေသော မက်ဇင်မ်၏ အသံသည် တည်ငြိမ်နေသည်။ လက်တွေ့ ကျနေသည်။ ကျွန်မ သိသော အသံမျိုးမဟုတ်။
တစ်ရပ်တစ်ကျေး သို့ မက်ဇင်မ် ထွက်ခွာမသွားပါ။ ပင်လယ်ကမ်းခြေရှိ ပင်လယ်ကွေ့ ကလေးသို့ သွားနေခြင်း သာဖြစ်သည်။ အားလုံးသာမန် အခြေအနေပင် ဖြစ်ပါသည်။ အငူကလေးပေါ်မှာ သူရှိနေခဲ့သည်။ ကမ်းခြေဘက် သို့ ဦးတည်ပြီး သင်္ဘောခုတ်မောင်းလာသည်ကို သူ မြင်တွေ့ခဲ့ရ သည်။ ကျွန်မ၏ ပူပင်သောကမှန်သမျှမှာ အကြောင်းမဲ့ ပေါ်ပေါက်ခဲ့ရခြင်းသာဖြစ်ပါသည်။ မက်ဇင်မ် ဘာမှမဖြစ်ပါ။ အတွေ့ အကြုံတစ်ခုကို ကျွန်မ ရရှိလာပါသည်။ ဘာကိုမှလည်း အမှတ်မရချင်တော့ပါ။ မက်ဇင်မ် ဘာမှမဖြစ်ဘူးဆိုလျှင် လုံလောက်ပါပြီ။

သစ်တောထဲက ကွေ့လိမ်နေသည့် လူသွားလမ်းကလေးအတိုင်း ပင်လယ်ကမ်းခြေဆီသို့ လျှောက်လာခဲ့သည်။
မြူတွေကင်းစင်သွားပြီ။ ပင်လယ်ကွေ့ကလေးသို့ ရောက်သွားသည်နှင့် တစ်ပြိုင် တည်း ချောက်ကမ်းပါး ဘက်သို့ ဦးတည်ကာ စောင်းနေသော သင်္ဘောကို လှမ်းတွေ့ လိုက်ရသည်။ ကမ်းစပ်မှနေ ၍ နှစ်မိုင်လောက် ဝေးပေလိမ့်မည်။
ရေကာတာအတိုင်း လျှောက်လာပြီး အဆုံရောက်တော့ ရပ်လိုက်သည်။ ချောက်ကမ်းပါးပေါ်မှ လူအုပ်ကြီးကို လှမ်းမြင်နေ ရသည်။ ကားရစ်ဆိပ်ကမ်းဘက်မှ ကမ်းခြေအတိုင်းလျှောက်လာသော လူများ ဖြစ်နိုင် ပါသည်။ ချောက်ကမ်းပါးနှင့် အငူစွန်း သည် မန်ဒါလေ၏ ပိုင်နက်ဖြစ်ပါသည်။

သင်္ဘောမှာ ပဲ့ပိုင်းကထောင်ပြီး ပုံပျက်ပန်းပျက် ဖြစ်နေပါသည်။ သူ့ ပတ်လည် မှာလည်း လှေအစီးပေါင်းများစွာ ကိုမြင်တွေ့ရသည်။ ထိုလှေများအနက် တစ်စီးပေါ်တွင် လူတစ်ယောက်က မတ်တတ်ရပ်ပြီး အသံချဲ့ စက်ဖြင့် အော်ပြောနေသည်။ ဘာတွေအော်ပြောနေသည်ကိုမူ မကြား ရပါ။ နောက်ထပ် မော်တော်ဘုတ် တစ်စီး မောင်းဝင်လာသည်။ မော်တော်ဘုတ်ပေါ်မှာ ယူနီဖောင်းဝတ် တစ်ဦးကို တွေ့ရသည်။ ကားရစ်ဆိပ်ကမ်း မှ ဆိပ်ကမ်းအုပ်ချုပ်မှူး ဖြစ်နိုင်ပါသည်။ သူနှင့်အတူ သင်္ဘောထတ်လုပ်ရောင်းချသည့် လွိုက်ကုမဏီမှ ကိုယ်စားလှယ် လည်း ရှိနေသည်။
သူတို့နောက် မှ အခြား မော်တော်ဘုတ်တစ်စီး လိုက်လာသည်။ ထိုမော်တော် ပေါ်တွင် အပျော်ခရီး ထွက်သူများ လိုက်ပါလာသည်။ သောင်တင်နေသည့် သင်္ဘောကို ပတ်ကာ ပတ်ကာ ခုတ်မောင်ရင်း ကြွက်ကြွက်ညံအောင် ပြောဆိုနေကြသည်။ ဘာတွေ ပြောနေကြသည်ကိုတော့ သဲသဲကွဲကွဲ မကြား ရပါ။

ရေကာတာကို ကျောခိုင်းပြီး ချောက်ကမ်းပါးပေါ် သို့ ကျွန်မ တက်ခဲ့သည်။ လူအုပ်ဆီသို့ လျှောက်လာခဲ့သည်။ မက်ဇင်မ် ဘယ်မှာမှမတွေ့ရပါ။ ကမ်းခြေစောင့် အရာရှိတစ်ဦးနှင့် စကားပြော နေသည့် ဖရင့်ခရော်လေကို လှမ်းတွေ့ ရသည်။ ရှက်ကိုးရှက်ကမ်းဖြင့် နောက်ပြန်လှည့်ဖို့ ကျွန်မ ကြံစည်မိပါသေးသည်။ လွန်ခဲ့သည့် တစ်နာရီလောက်က တယ်လီဖုန်းထဲမှနေ၍ ငိုကြီးချက်မဖြင့် သူနှင့်ကျွန်မ စကားပြောခဲ့သေးသည်။ ယခု ဘာလုပ်ရမည် မသိတော့။ သူက ကျွန်မကို မြင်သွားပြီးလက်လှမ်းပြသည်။ ထို့ကြောင့် သူတို့ဆီသို့ ဆက်လျှောက် သွားရတော့သည်။ ကျွန်မကို ကမ်းခြေစောင့် အရာရှိကသိပါသည်။
``သင်္ဘေနစ်တာလာကြည့်တာလား မစ္စက်ဒီဝင်စးတား။ ဒီသင်္ဘောကို ဆယ်ဖို့ လွယ်လွယ်နဲ့တော့ ရမှာ မဟုတ်ဘူး။ ဆွဲသင်္ဘော နဲ့ဆွဲမှရမယ်။ အောက်က ကျောက်ဆောင် စွန်းနဲ့ ငြိနေတယ်`` ဟု ကမ်းခြေစောင့် အရာရှိက ပြုံး၍ နှုတ်ဆက်ရင်း ကျွန်မကို ဆီးကြို ပြောသည်။

``သူတို့ ဘာလုပ်ကြမှာလဲ`` ဟုကျွန်မကမေးသည်။
``၀မ်းဗိုက်ပေါက်မပေါက် ရေငုတ်သမားကို ဆင်းကြည့်ခိုင်းမယ်။ အဲ.. ဟိုကဦးထုပ် အနီဆောင်း ထားတာ ရေငုတ်သမားပေါ့။ ကျွန်တော် မှန်ပြောင်းနဲ့ ကြည့်ကြည့်ပါလား`` သူ့မှန်ပြောင်းကိုယူပြီး လှမ်းကြည့် သည်။ သောင်တင်နေသည့် သင်္ဘောပဲ့ပိုင်းပေါ်မှာ လူအချို့ကိုမြင်ရသည်။ ရေငုတ်သ မားက ဆိပ်ကမ်း အုပ်ချုပ်ရေးမှူး ၏ မော်တော်ဘုတ်ပေါ်မှာ ထိုင်နေသည်။ အပျော်ခရီးထွက်သည့် မော်တော်ဘုတ်ကလည်း လှည့်ပတ် ၍ ခုတ်မောင်းနေဆဲ ရှသည်။ ထိုအပေါ်မှ အမျိုးသမီးတစ်ဦးက ဓာတ်ပုံရိုက်နေသည်။
ကမ်းခြေစောင့် အရာရှိလက်သို့ မှန်ပြောင်းပြန်ပေးလိုက်သည်။ ``ဘာလုပ်နေကြသလဲမသိဘူး`` ဟု ကျွန်မပြော သည်။ ``ရေငုတ်သမားကို ဆင်းခိုင်းမယ်လေ….။ အစမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုန် ကြမှာပေါ့။ ဟောဟိုမှာဆွဲ သင်္ဘောလာပြီ`` ဟု ကမ်းခြေစောင့်အရာရှိက ပြောသည်။

``ဆွဲဖို့တော့ မလွယ်ဘူးထင်တယ်။ သင်္ဘောစောင်းနေပုံကို ကြည့်ဦး ကျွန်တော်တို့ ထင်တာထက် ပိုပြီးငြိနေတယ်နဲ့တူတယ်``ဟု ဖရင့်ခရော်လေက ပြေသည်။
``အောက်မှာရှိနေတဲ့ ကျောက်ဆောင်တန်းက တော်တော်ကြီးတယ်။ သာမန်ဆိုရင် မမြင်နိုင်ဘူး။ သင်္ဘောသေးသေးကလေးနဲ့ သွားရင်တော့ လွယ်ပါတယ်။ ဒါပေမဲ့ ရေစူးများတဲ့ ဒီသင်္ဘောမျိုးဆို ရင် မလွယ်နိုင်ဘူး``ကမ်းခြေစောင့် အရာရှိက ရှင်းပြနေသည်။
``ပထမဆုံး ဒုံးကျည်ပစ်သံကြားတော့ ဟောဟိုတောင်ကြားကလေးထဲက ကျွန်တော် လာစပဲ ရှိ သေးတယ်။ မြူတွေက သိပ်ပိတ်နေတယ်။ ရှေ့ကို သုံးကိုက်လောက်တောင် အတော် ခက်ခက်ခဲခဲ ကြည့်နေရတာ``

ဖရင့်ခရော်လေပြောသည့် စကားကို ကြားရတော့ တစ်ချိန်တည်းတွင် လူအားလုံး ဒါကိုသာ စိတ်ဝင်စားနေကြကြောင်း တွေးမိပါသည်။ မက်ဇင်မ်ကို ရှာဖို့ ကမ်းခြေသို့ သူဆင်းလာခြင်းဖြစ် ကြောင်း ကျွန်မသိပါသည်။ ဒုံးကျည်ပစ်သံကို ရုတ်တရက်ကြားရတော့ သူလည်း ကျွန်မကဲ့သို့ပင် လန့်သွားပေ လိမ့်မည်။ စောစောက သူနှင့် ကျွန်မ တယ်လီဖုန်နှင့် ပြောခဲ့သည့် အကြာင်းများကို သူ မေ့သွားချေပြီ။
ကျွန်မတို့ ရှိရာသို့ ကလေးတစ်ယောက် ပြေးတက်လာသည်။ ``သင်္ဘောသားတွေ ရေနစ်ကုန်ပြီ လား ဟင်…'' ဟု ကလေးကမေးသည်။ '' မနစ်ပါဘူး ..သူတို့ ဘာမှမဖြစ်ကြပါဘူး။ ပင်လယ်က လှိုင်းတွေ ငြိမ်သက် နေ တယ်လေ။ ဒီတစ်ခါတော့ ဘယ်သူမှ ဒုက္ခမရောက်နိုင်ပါဘူး'' ဟု ကမ်းခြေစောင့် အရာရှိက ကလေးကို ရှင်းပြနေသည်။
''မနေ့ညကသာ ဒီလိုဖြစ်ရင် ကျွန်တော်တို့ ဘာသံမှကြားရမှာ မဟုတ်ဘူး။ မနေ့ညတုန်း က ဒုန်း ကျည်    အလုံးအားဆယ်လောက် ကျွန်တော်တို့ ပစ်ခဲ့ကြတယ်။ ဒုန်းကျည် အသေးကလေးတွေ လဲ ပါသေးတယ်''။

ကျွန်တော် တို့လဲ ကြားရပါတယ်။ မီးကျည်မီးပန်းတွေ တက်လာတာလဲ မြင်ရတယ်။ ဘယ်က လွှတ် နေတယ်ဆိုတာလဲ သိပါတယ်။ မစ္စက်ဒီဝင်းတား…. ဟောဟိုမှာ ရေငုတ်သမား …သူ ရေထဲ ဆင်း တော့ မယ်။ ခေါင်းစွပ် စွပ်နေပြီ'' ဟု ကမ်းခြေစောင့် အရာရှိက ပြောသည်။
''ရေငုတ်သမားကို ကျွန်တော် ကြည့်ချင်တယ''် ဟု ကလေးကပြောသည်။ ''ဟောဟိုမှာ ..ခေါင်းစွပ် စွပ် နေတဲ့သူလေ။ သူ့ကို ရေထဲချပေးကြလိမ့်မယ်'' ဖရင့်ခရော်လေက ကိုယ်ကို ကိုင်းပြီး ကလေး ကို လက်ညှိးညွှန်ပြနေသည်။ ''သူရေမနစ်ဘူးလား'' ဟု ကလေးငယ်ကမေးသည်။ ''ရေငုတ်သမား ဆိုတာ ရေမနစ်ဘူး ကလေးရဲ့.. သူ အသက်ရှူဖို့ လေကို ပိုက်နဲ့ သွယ်ပေးထားတယ်။ ကြည့်..ကြည့်…ရေငုတ်သွားပြီ'' ''သူ ရေထဲရောက်သွားပြီ'' ဟု ကလေးငယ်က ပြောသည်။

ရေမျက်နှာပြင်ပေါ်တွင် ဂယက်ထသွားပြီး ခဏကြာတော့ ငြိမ်သွားသည်။
''မက်ဇင်မ် ဘယ်မှာလဲ'' ဟု ကျွန်မက ဖရင့်ခရော်လေကို လှမ်းမေးသည်။
''သင်္ဘောသား တစ်ယောက်ကို ကားရစ် လိုက်ပို့တယ်။ အောက်က ကျောက်ဆောင်နဲ့ သင်္ဘော တိုက်တဲ့အချိန် မှာ သင်္ဘောသားကလန့်ပြီး ရေထဲခုန်ချတာ ခေါင်းမှာဒဏ်ရာ ရသွားတယ်။ အင်္ဂလိပ် စကားလဲ မတတ် ဘူး။ ဂျပန် စကား ပဲ ပြောတက်တယ်။ မက်ဇင်မ်က သူ့ကိုခေါ်ပြီး ကားရစ်ကိုဆေး ထည့်ဖို့ သွားပို့တယ်။ ဒဏ်ရာတော့ သိပ်မကြီးပါဘူး'' ဟု ဖရင့်ကပြန်ပြောသည်။
''ဘယ်တုန်း က သူသွားတာလဲ'' ခင်ဗျားရောက်မလာခင် ထွက်သွားတာ။ ငါးမီးနစ်လောက်ပဲ ရှိဦး မယ်။ ခင်ဗျား မမြင် လိုက်ဘူးထင်တယ်။ အဲဒီ ဂျာမန် အမျိုးသားနဲ့ အတူတူ ပဲ့ပိုင်းမှာ ထိုင်လို့လေ''
''ကမ်းပါးပေါ် ကျွန်မတက်နေတုန်း သူ သွားတာနဲ့တူတယ်''

''ဒီလိုကိစ္စမျိုး ကြုံလာပြီ ဆိုရင် မက်ဇင်မ်ဟာ သိပ်အံ့သြ စရာကောင်းတယ်။ သူတက်နိုင်သ လောက် အစွမ်းကုန် ကူညီတော့တာပဲ။ ကြည့်နေ ..အဲဒီ ဒုက္ခသည်တွေကို မန်ဒါင်္လေကိုဖိတ်ပြီး ကျွေးဦးမယ် အိပ်ရာနေရာတွေ ပေးဦး မယ်'' ဟု ဖရင့် ကပြောသည်။

ဆက်ရန်
.

1 comment:

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog