မက်ဇင်မ် ကို ဘယ်တော့မှ ပြန်တွေ့ရတော့မည်မဟုတ်ဟူသော ခံစားချက်သည် ကျွန်မ၏ရင်ထဲက အကြီးမားဆုံးဖြစ်လာသည်။
အင်မတန် သေချာ ပါသည်။ မွေးရာပါဇာတိစိတ်က အလိုလို သိနေသည်။ တစ်ရပ်တစ်ကျေးသို့ မက်ဇင်မ် ထွက်သွားလေပြီ။ ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ပါ။
ဒီအကြောင်း ကို ဖရင့်သိပါသည်။ သို့သော်လည်း ကျွန်မကို သူ ဖွင့်ဟဝန်ခံမည်မဟုတ်ပါ။ ကျွန်မ တုန် လှုပ်ချောက်ချား သွားတာမျိုး သူ မဖြစ်စေချင်ပါ။ သူ့ကို ခု ဖုန်းလှမ်းဆက်လျှင် "အခုပဲ ထွက်သွားပါ တယ် မစ္စက်ဒီဝင်းတား" ဆိုသော အဖြေကိုသာ ရပေလိမ့်မည်။ သူ့မော်တော်ကားကလေးပေါ်သို့ တက် ပြီး ကတုန်ကယင်ဖြင့် မက်ဇင်မ် ကို လိုက်ရှာနေမည့် ဖရင့် ၏ အဖြစ်ကို စိတ်ကူးဖြင့် ကျွန်မ မြင်လိုက်ပါ သည်။ ကို ဆက်ဖတ်ရန်.......
ပြတင်းပေါက်မှ အပြင်သို့ ကျွန်မ လှမ်းမျှော်ကြည့်လိုက်ပါသည်။ တောင်ဇလပ်ပင်များမှာ အပွင့်တွေ တုံး နေပြီ။ နောက်နှစ်ကျမှ သူတို့ပွင့်ကြပေလိမ့်မည်။ ပင်လယ်ဘက်မှ မြူတွေဆိုင်းပြီး လှိမ့်တက်လာသည်။ သစ်တော ကိုပင် လှမ်းမမြင်ရတော့။ ရာသီဥတုလည်း ပူအိုက်လာသည်။ မနေ့တုန်းက သည်မြူတွေမရှိ။ ဧည့်သည် များ ကပင် သည်အကြောင်းပြောကြသည်။ မြူတွေ မရှိသည့်အတွက် မီးရှူးမီးပန်းလွှတ်သည် ကို ကောင်းကောင်းမြင်ရကြောင်း၊ မြူတွေသာ ဆိုင်းနေလျှင် ဘာမှမြင်ရမည်မဟုတ်ကြောင်း မနေ့ညက ပင် ပြောခဲ့ကြသေး သည်။
နံနက်ခန်းထဲမှထွက်ပြီး ကုန်းစောင်းလှေကားထစ်များဆီသို့ လျှောက်လာခဲ့သည်။ ပန်းခြံအလုပ်သမား တစ်ယောက် သည် မနေ့ညက စွန့်ပစ်ထားသော အမှိုက်သရိုက်များကို ကျုံးပြီး သယ်ယူလာသည်။ ကျွန်မအနား မှ ဖြတ်လျှောက်သွားတော့ ကျွန်မက လှမ်းးနှုတ်ဆက်သည်။
"မင်္ဂလာပါ"
"မင်္ဂလာပါ ဆရာကတော်"
"မနေ့ည က ကပွဲကြောင့် ရှင်တို့ ပင်ပန်းကုန်ကြပြီပေါ့"
"အရေးမကြီးပါဘူး ဆရာကတော်…။ လူတိုင်း စိတ်ချမ်းသာကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ အရေးအကြီးဆုံး ပါပဲ"
"ဟုတ်ပါတယ်လေ…"
မြက်ခင်းများကိုကျော်ပြီး သစ်တောဆီသို့ သူ လှမ်းကြည့်သည်။ ပင်လယ်ဘက်မှ တက်လာသည့် မြူ တွေက ပိန်းပိန်း ပိတ်နေပြီ။
"မြူတွေ တက်လာတာ ပိတ်နေတာပဲနော်…" ဟု သူက ပြောသည်။
"ဟုတ်တယ်" "မနေ့ညက မြူမဆိုင်းတာ တော်သေးတာပေါ့ ဆရာကတော်" "ဟုတ်တာပေါ့"
သူ ခဏစောင့်နေသည်။ ပြီးတော့ ကျွန်မကို အရိုအသေပေးကာ ထွက်သွားတော့ မည်။ မြက်ခင်းများကို ဖြတ်ပြီး တောစပ်ဆီသို့ ကျွန်မ လျှောက်လာခဲ့သည်။ သစ်ပင်များတွင် ဆိုင်းနေသော မြူ များသည် ရေ စက်များအဖြစ်သို့ ပြောင်းလဲကာ မိုးဖွဲဖွဲရွာချသကဲ့သို့ ကျွန်မ ကိုယ်ပေါ်သို့ ကျလာ သည်။ ခြေထောက် နားမှာ ရပ်နေသော ဂျက်စ်ပါ က ကုတ်နေသည်။ အမြီးလည်း ကုတ်ထားသည်။ လျှာတွဲလောင်း ကျနေ သည်။
အိမ်ကြီးဘက် သို့ ပြန်လှည့်ကြည့်လိုက်သောအခါ မီးခိုးခေါင်းတိုင်များကို သဲကွဲစွာ မမြင်ရတော့။ အနောက်ဘက်ဆောင် ရှိ ပြတင်းပေါက်များကိုမူ မြင်နေရသေးသည်။ အိပ်ခန်းကျယ်ကြီး၏ပြတင်းပေါက် တစ်ခုမှ တရုတ်ကတ် များ ပွင့်နေည်။ ထိုနေရာမှာ တစ်စုံတစ်ယောက်ရပ်နေပြီး မြက်ခင်းများပေါ်သို့ ငုံ့ ကြည့်နေသည်။ ပုံပန်းသဏ္ဌာန် ကို သဲသဲကွဲကွဲ မမြင်ရပါ။ ကြည့်နေရင်းမှာပင် ကျွန်မ တုန်လှုပ်လာ သည်။ ကြောက်ရွံ့လာသည်။ ထိုသူ သည် မက်ဇင်မ်ဖြစ်ရမည်ဟု ကျွန်မ ယုံကြည်မိပါသည်။
ထို့နောက် ယင်းပုံသဏ္ဌာန်က လှုပ်ရှားလာပြီး တရုတ်ကတ်ကို ဆွဲပိတ်လိုက်သည်။ သည်တော့မှ မစ္စက် ဒင်ဗာဖြစ်ကြောင်း သိ လိုက်ရတော့သည်။
မြက်ခင်းပေါ် မှ တစ်လှမ်းချင်း ကျွန်မ လျှောက်နေပုံ၊ တောစပ်မှာ ရပ်နေပုံများကို သူ ချောင်းကြည့်နေ ပေ လိမ့်မည်။ ဖရင့်နှင့် ကျွန်မ တယ်လီဖုန်းဆက်ပြီး စကားပြောခဲ့ကြသည်များကိုလည်း သူ့အခန်းထဲမှ ဖုန်းဖြင့် ချောင်း နားထောင်ကာ အားလုံးသိပြီးဖြစ်နေပေလိမ့်မည်။ မနေ့ညတုန်းက ကျွန်မနှင့်အတူ မက်ဇင်မ် ပြန်မအိပ် သည် ကိုလည်း သူ သိနေပေလိမ့်မည်။ ဂါဝန်ပြာကလေးကိုဝတ်ပြီး မက်ဇင်မ်ဘေးမှာ ရပ်ကာ ကျွန်မ ဒုက္ခရောက် ခဲ့ ရသည်ကိုလည်း သူ သိနေပေလိမ့်မည်။
ဘာကြောင့်လဲ ဆိုတော့ ဒါတွေဖြစ်အောင် သူ လုပ်ခဲ့တာမဟုတ်လား။ ဒါဟာ သူ့အောင်ပွဲ၊ သူနဲ့ ရဘက်ကာ တို့ရဲ့အောင်ပွဲ။
အနောက်ဘက်ဆောင် သို့ ကူးသည့်တံခါးပေါက်မှနေ၍ မနေ့ညတုန်းက ကျွန်မကို သူ ရပ်ကြည့်နေခဲ့ သည်။ မုန်းတီး ရွံရှာသော မျက်နှာပေါ်တွင် အောင်ပွဲခံသည့်အပြုံးမျိုးရှိနေသည်။
မစ္စက်ဒင်ဗာ သည်လည်း ကျွန်မကဲ့သို့ပင် အသက်ရှင်နေသော လူသားတစ်ယောက်ဖြစ်ကြောင်း ကျွန်မ အမှတ်ရ လိုက် ပါသည်။ သူ့မှာလည်း ကျွန်မကဲ့သို့ပင် အသွေးနှင့် အသားနှင့်။ သူသည် သေသွားသူ မဟုတ်။ ရဘက်ကာ လိုလည်း မဟုတ်။ သူ့ကို ကျွန်မ စကားပြောနိုင်သည်။ သို့သော် ရဘက်ကာကို ကျွန်မ စကားမပြောနိုင်။
ရုတ်တရက်ဖြစ်ပေါ်လာသော စေ့ဆော်မှုကြောင့် မြက်ခင်းကိုဖြတ်ပြီး အိမ်ကြီးဆီသို့ ပြန်လျှောက်လာခဲ့ သည်။ ခန်းမ ကိုဖြတ်ပြီး အပေါ်ထပ်သို့ တန်းတက်ခဲ့သည်။ အနောက်ဘက်ဆောင်ရှိ ရဘက်ကာ၏အ ခန်းသို့သွားကာ တံခါးဖွင့်ပြီး အတွင်းသို့ဝင်လိုက်သည်။
မစ္စက်ဒင်ဗာ သည် ပြတင်းပေါက်နားမှာ ရပ်နေဆဲဖြစ်သည်။ တရုတ်ကတ်တံခါးများကိုမူ ပိတ်ထားပြီးပြီ။
"မစ္စက်ဒင်ဗာ… မစ္စက်ဒင်ဗာ…"
ကျွန်မက လှမ်းခေါ်သည်။ သူက ကျွန်မကို လှည့်ကြည့်သည်။ ငိုထားသောကြောင့် သူ့မျက်လုံးများ လည်း ကျွန်မကဲ့သို့ပင် နီရဲကာ မို့မောက်နေသည်။
"ဘာကိစ္စရှိလို့ပါလဲ"
သူက ပြန်မေးသည်။ သူ့အသံသည်လည်း ကျွန်မကဲ့သို့ပင် လေးလံအက်ကွဲနေသည်။
သူ့ကို သည်လို မြင်ရလိမ့်မည်ဟု ကျွန်မ မှန်းဆမထားပါ။ မနေ့ညက ကျွန်မကို ကြည့်ပြီး ကောက်ကျစ် စဉ်းလဲသော အပြုံးမျိုး ပြုံးပြသကဲ့သို့ပင် ယခုလည်း ပြုံးနေလိမ့်မည်ဟု ထင်မှတ်ခဲ့ပါသည်။ ယခုတော့ သည်လို မဟုတ်။ စိတ်ထောင်းကိုယ်ကြေကာ ချုံးချုံးကျနေသော အဘွားကြီးတစ်ယောက်ပမာ ရှိလေ သည်။
အခန်းပေါက်ဝ မှာ ကျွန်မ တုံ့ဆိုင်းဆိုင်းဖြစ်နေမိသည်။ သူ့ကို ဘာပြောရမည်မသိတော့။ ဘာဆက်လုပ် မည်လည်း မသိတော့။ နီရဲကာ ဖောင်းမို့နေသော မျက်လုံးများဖြင့် ကျွန်မကို သူ စိုက်ကြည့်နေသည်။ သူ့အမေး ကိုပင် ကျွန်မ ပြန်လည်အဖြေပေးနိုင်စွမ်းမရှိတော့ပါ။
"ချက်ရမည့် ဟင်းလျာစာရင်းကို ထုံးစံအတိုင်း စားပွဲပေါ်မှာ ကျွန်မ တင်ထားခဲ့ပါတယ်။ တစ်ခုခု များ ပြောင်းချင် လို့ပါလား"
သူ့စကားလုံးများက ကျွန်မရင်ထဲမှာ သတ္တိများကို ဖြစ်ပေါ်လာစေပါသည်။ ထို့ကြောင့် အခန်းအလယ် သို့ရောက်အောင် ကျွန်မ တိုး သွားလိုက်ပါသည်။
"မစ္စက်ဒင်ဗာ… ဟင်းလျာစာရင်းကိစ္စ ကျွန်မ လာတာ မဟုတ်ဘူး။ ဘာကြောင့်လာတယ်ဆိုတာ ရှင်သိ တယ် ဟုတ်တယ် မှတ်လား"
သူက ဘာမျှပြန်မဖြေပါ။ ဘယ်ဘက်လက်ဖဝါးကို ဆုပ်ချည်ဖြန့်ချည်လုပ်နေသည်။
"ရှင် လုပ်ချင်တာကို လုပ်လိုက်ရပြီမဟုတ်လား…။ ဒီလိုဖြစ်စေချင်လို့ ရှင် တမင်လုပ်တာမဟုတ်လား…။ အခုတော့ ရှင် စိတ်ချမ်းသာနေပြီပေါ့။ ဟင်… ရှင် ပျော်နေပြီပေါ့"
မစ္စက်ဒင်ဗာက တစ်ဖက်သို့ ပြန်လှည့်သွားသည်။ ကျွန်မ ဝင်လာစကအတိုင်း ပြတင်းပေါက်မှနေ၍ အပြင်သို့ လှမ်းကြည့်နေသည်။
"ဒီစံအိမ်ကြီးကို ရှင် ဘာဖြစ်လို့ ရောက်လာရတာလဲ ဆရာကတော်။ မန်ဒါလေစံအိမ်မှာ ရှိကြတဲ့ ဘယ် သူကမှ ရှင့်ကို အလိုမရှိဘူး။ ရှင် ရောက်မလာခင်အချိန်အထိ ကျွန်မတို့အားလုံး အဆင်ပြေနေကြ တယ်။ ပြင်သစ်ပြည် တစ်နေရာရာ မှာ ရှင် ဘာဖြစ်လို့ သွားမနေတာလဲ"
"မစ္စတာဒီဝင်းတား ကို ကျွန်မ ချစ်တယ် ဆိုတာ ရှင် မေ့နေပြီထင်တယ်"
"သူ့ကို ရှင် တကယ်ချစ်ရင် သူနဲ့ လုံးဝ လက်မထပ်သင့်ဘူး"
ကျွန်မဟာ ဘာပြန်ပြောရမှန်း မသိတော့ပါ။ အခြေအနေက ဆိုးသွားပြီ။ အစစ်အမှန်တွေ မဟုတ်သလို ဖြစ်လာပြီ။ သူကတော့ အက်ကွဲဆို့နစ်သောလေသံနှင့် ဆက်ပြောမြဲပြောနေသည်။ ကျွန်မကိုတော့ မျက်နှာလွှဲထားသည်။
"ရှင့်ကို ကျွန်မ မုန်းတယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်မလဲ သေသေချာချာ မသိခဲ့ဘူး။ ဒီလိုနဲ့ ပြီးသွား လိမ့်မယ်လို့ ထင်နေတာ" ဟု မစ္စက်ဒင်ဗာက ဆက်ပြောသည်။
"ရှင်က ဘာကြောင့် ကျွန်မကို မုန်းရတာလဲ။ ရှင် မုန်းအောင် ရှင့်အပေါ်မှာ ဘာလုပ်မိလို့လဲ" ဟု ကျွန်မ က ပြန်မေးပါသည်။
"မစ္စက်ဒီဝင်းတားရဲ့နေရာ ကို အစားထိုးဝင်ယူဖို့ ရှင် ကြိုးစားခဲ့တယ်လေ"
ကျွန်မ ကို သူ မျက်နှာလွှဲမြဲ လွှဲထားသည်။ သူ့မျက်နှာကလည်း ညို့မှိုင်းနေသည်။
"ဘာတစ်ခုမှ ကျွန်မ အပြောင်းအလဲ မလုပ်ဘူးလေ…။ မန်ဒါလေစံအိမ်ဟာ အခါတိုင်းလိုပဲ ရှိနေတာပဲ၊ ဘာအမိန့်တစ်ခုမှ ကျွန်မ မပေးဘူး။ အားလုံး ရှင့်သဘောကျလွှဲထားတယ်။ ရှင်ကသာ လက်ခံခဲ့မယ်ဆို ရင် ရှင်နဲ့ ကျွန်မဟာ မိတ်ဆွေရင်းချာလို ဖြစ်နေပြီ။ ဒါပေမဲ့ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်း ဆိုတာလို ကျွန်မကို ရှင် ကဏ္ဋကောစ လုပ်ခဲ့တယ်။ စတွေ့တဲ့နေ့မှာ ရှင်နဲ့ ကျွန်မ လက်ဆွဲနှုတ်ဆက်ရင်း ရှင့်မျက် နှာပေါ်က အမူအရာတွေ ကို ကျွန်မ မြင်ခဲ့ရတယ်"
သူ ဘာမျှပြန်မဖြေပါ။ လက်ဖဝါးကိုသာ ဆုပ်ချည်ဖြန့်ချည် လုပ်မြဲလုပ်နေသည်။
"လူပေါင်းများစွာဟာ နှစ်ခါ လက်ထပ်ခဲ့ကြတယ်။ ယောက်ျားရော မိန်းမရော နှစ်ခါ လက်ထပ်ခဲ့ကြသူ အများကြီးပဲ။ ဒုတိယအကြိမ် လက်ထပ်သူတွေ ထောင်နဲ့ချီပြီး နေ့စဉ်နေ့တိုင်း ကမ္ဘာပေါ်မှာ ရှိနေတာပဲ။ အခု ကျွန်မကျမှ မစ္စတာဒီဝင်းတားနဲ့ လက်ထပ်တာဟာ ရာဇဝတ်မှုကြီးတစ်ခုကို ကျူးလွန်လိုက်မိသလို ရှင် ပြောနေ တယ်။ သေသွားသူတစ်ယောက် ကို ဆန့်ကျင်ပြီး သစ္စာမဲ့မှုကြီးတစ်ခုလို ရှင် ပြောနေတယ်။ တခြားလူတွေ အတိုင်းပဲ ကျွန်မ တို့မှာ ပျော်ရွှင်ခွင့်မရှိတော့ဘူးလား"
"မစ္စတာဒီဝင်းတား မပျော်ဘူးလေ" သူက ကျွန်မဘက်သို့ လှည့်ကြည့်ပြီး ပြောသည်။ "အရူးတောင် သိ နိုင် ပါတယ်။ သူ့မျက်လုံးတွေကိုကြည့်ရုံနဲ့ ဆရာကတော် မြင်နိုင်ပါတယ်။ အခုထိ သူ စိတ်ဒုက္ခရောက် နေတုန်း ပဲလေ…။ ရဘက်ကာ ဆုံးသွားကတည်းက သူ့အမူအရာ ဒီအတိုင်းဖြစ်နေတာ ကနေ့ကထိပဲ"
"ဒါ မမှန်ဘူး… ဒါ မမှန်ဘူး… ပြင်သစ်မှာတုန်းက သူ အင်မတန်ပျော်ခဲ့တယ်။ သူ့အသက် ပြန်ငယ်သွား သလိုပဲ။ သိပ် ကို ပြန်ငယ်သွားသလိုပဲ။ ပြီးတော့ ရယ်လို့ မောလို့ ပြုံးလို့ ရွှင်လို့"
"သြော်… သူက ယောက်ျားပဲ။ မဟုတ်ဘူးလား ဆရာကတော်…။ ပျားရည်ဆမ်းခရီးမှာတော့ ဘယ် ယောက်ျားမှ မပျော်ဘူးဆိုတာ မရှိပါဘူး။ ရှိဖူးသလား။ မစ္စတာဒီဝင်းတားဟာ အဘိုးကြီးမဟုတ်သေး ဘူးလေ။ ဖွဲတစ်ဆုပ် မနိုင်တော့တဲ့ အရွယ်မဟုတ်ဘူးလေ…"
မစ္စက်ဒင်ဗာက စိတ်နာသည့်ပုံမျိုးဖြင့် ရယ်သည်။ သူ့ပခုံးများကိုလည်း တွန့်လိုက်သည်။
"ရှင် ဘာဖြစ်လို့ ဒီစကားမျိုး ကျွန်မကို ပြောရဲရသလဲ… ဘာကြောင့် ပြောရဲရတာလဲ… ဟင်…"
သူ့ကို ကျွန်မ လုံးဝမကြောက်တော့ပါ။ သူ့ဆီသို့ တန်းသွားလိုက်သည်။ ပြီးတော့ သူ့လက်မောင်းနှစ် ဖက်ကို ဆုပ်ကိုင်ပြီး လှုပ်ယမ်းပစ်လိုက်သည်။
"မနေ့ညက ဂါဝန်အဖြူကို ကျွန်မ ဝတ်ဖြစ်အောင် ရှင်လုပ်တာ။ ရှင်သာ အစဖော်မပေးရင် ဒီအကြောင်း ကျွန်မ လုံးဝ စဉ်းစားမိမှာ မဟုတ်ဘူး။ မစ္စတာဒီဝင်းတားကို ရှင် စိတ်ထိခိုက်စေချင်တယ်။ ဒါကြောင့် ရှင် လုပ်တာ။ ရှင် ဒီလို မလုပ်ရင် သူ့မှာ ဘာမှစိတ်ထိခိုက်စရာ မရှိဘူးမဟုတ်လား…။ အခုလို သူ စိတ်ထိ ခိုက်သွားရတဲ့အတွက် ရဘက်ကာ အသက်ပြန်ရှင်လာမယ်လို့ ရှင် ထင်သလား"
ကျွန်မ၏ လက်ထဲမှ သူ ရုန်းထွက်လိုက်သည်။ သူ့မျက်နှာပေါ်မှာ ဒေါသရောင်တွေ ဖုံးလွှမ်းနေသည်။
"သူ စိတ်ထိခိုက်မှာကို ကျွန်မက ဂရုစိုက်နေရမှာလား။ ကျွန်မ စိတ်ထိခိုက်ရတာကို ဘယ်တုန်းကမှ သူ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။ ရဘက်ကာ့ ကုလားထိုင်မှာ ရှင် ထိုင်နေတာကို ကျွန်မ မြင်နေရတယ်။ သူ့ ပစ္စည်းတွေ ကို ရှင် ကိုင်တွယ်အသုံးပြုနေတယ်။ သူ့စာရေးစားပွဲမှာ ရှင် ထိုင်ပြီး စာရေးနေတာကို သိနေ ရတယ်။ သူ သုံးတဲ့ဖုန်း ကို ရှင် သုံးနေတယ်။ ဒါတွေကို ကျွန်မ မြင်တွေ့ကြားသိနေရတော့ ကျွန်မ ရင် ထဲမှာ ဘယ်လို ခံစားရမယ် ထင်သလဲ။ ဖရစ်ကရော… ရောဘတ်ကရော… ကျန်တဲ့ အိမ်ဖော်တွေကပါ ရှင့်ကို မစ္စက်ဒီဝင်းတား… မစ္စက်ဒီဝင်းတား နဲ့ တတားတည်း တားပြီး ခေါ်နေသံတွေ ကြားနေရတော့ ကျွန်မ ဘယ်လိုခံစားရမယ် ထင်သလဲ"
"ဒီလိုအချိန်မျိုးမှာ ကျွန်မ အင်မတန်ချစ်တဲ့ အင်မတန် သံယောဇဉ်ကြီးတဲ့ အမြဲတမ်း ပြုံးနေတတ်တဲ့ အင်မတန်လဲ ချစ်စရာကောင်း တဲ့ ရဘက်ကာ ကတော့ ဘုရားရှိခိုးကျောင်းထဲက အုတ်ဂူထဲမှာ လဲ လျောင်းနေရပြီ။ ရဘက်ကာ သေလို့ မှ ဆယ်လမကြာသေးဘူး။ ရှင့်လို အသက်ငယ်တဲ့မိန်းကလေးနဲ့ သူ လက်ထပ်တယ်။ ဒါကြောင့် သူ စိတ်ထိခိုက်တယ်ဆိုရင် ထိခိုက်သင့်တယ်။ ဒါဟာ သူကြွေးဆပ်နေ ရတာ။ သူ့မျက်နှာကို ကျွန်မ မြင် ရတယ်။ သူ့မျက်လုံးထဲမှာ ဘာတွေရှိနေတယ်ဆိုတာ ကျွန်မ မြင်ရ တယ်။ သူ ဘာတွေ ခံစားနေရတယ်ဆိုတာ ကျွန်မ သိတယ်။ တကယ်ကတော့ သူ့ဒုက္ခကို သူ ခံစားနေ ရတာပဲ။ သူရှာတဲ့ ဒုက္ခကို သူ ပြန်ပြီး ခံစားနေရတာလေ…။ ဘယ်သူနဲ့မှ မဆိုင်ဘူး…"
"ရဘက်ကာ က သူ့ကိုအမြဲစောင့်ကြည့်နေတယ်ဆိုတာ သူ သိတယ်။ ညအခါမှာ ပြန်လာပြီး သူ ဘာ တွေ လုပ်နေသလဲ လို့ ကြည့်နေတာ သူ သိတယ်။ သူ ဘာတွေလုပ်နေတယ်ဆိုတာ သိနေရတဲ့ ရဘက် ကာအနေနဲ့ အကြင်နာ တရားတွေ တပွေ့တပိုက်ကြီးယူပြီး သူ့ဆီ ပြန်လာနေတာမဟုတ်ဘူး။ ဒေါသ တွေနဲ့ ပြန်လာပြီး ကြည့်နေတာ။ မုန်းတီးစိတ်တွေနဲ့ ကြည့်နေတာ။ သူ ဒုက္ခရောက်အောင် လုပ်ပြမယ် လို့ ရဘက်ကာက ကြုံးဝါးနေမှာပေါ့။ သူဒုက္ခရောက်တာ ကြည့်ချင်မြင်ချင်မှာပေါ့။ ကျွန်မကလဲ သဘော တူတယ်၊ သူ စိတ်ဆင်းရဲစေချင်တယ်။ သူ ဒုက္ခရောက်စေချင်တယ်။ ရဘက်ကာဟာ သူ လုပ်ချင်တာကို ဖြစ်အောင် လုပ်တတ် တဲ့ အမျိုးသမီး။ ဘာအကြောက်တရားမှ မရှိဘူး။ ယောက်ျားကလေးတစ် ယောက်လို သတ္တိအပြည့်ရှိတယ်။ တကယ် ကတော့ ရဘက်ကာဟာ ယောက်ျားကလေးဖြစ်ဖို့ကောင်း တယ်။ သူ့ကိုလဲ ကျွန်မ မကြာခဏ ပြောဖူးတယ်။ သူ့အပေါ်မှာ ကလေးတစ်ယောက်လို ကျွန်မ အမြဲ တမ်း ဂရုစိုက်ခဲ့တယ်။ ကလေးဘဝ ကတည်းက ကျွန်မ ထိန်းသိမ်းယုယခဲ့တယ်။ ဒါတွေ ရှင် မသိဘူး မဟုတ်လား"
"မသိဘူး… မသိဘူး…။ ဒါတွေ သိလို့ ဘာအသုံးကျမှာလဲ။ ကျွန်မ ဘာမှ ဆက်မကြားချင်ဘူး။ ဘာမှ မသိချင်ဘူး။ ရှင့်စိတ်ထဲမှာ ခံစားနေရသလို ကျွန်မ စိတ်ထဲမှာလဲ ထပ်ထူထပ်မျှ ခံစားနေရတယ်ဆို တာ ရှင် မသိဘူးလား။ ရဘက်ကာအကြောင်း ရှင် ပြောပြတာတွေ ကြားရတဲ့အခါမှာ ကျွန်မ စိတ်ထဲမှာရော ဘယ်လိုခံစားနေရမယ် ဆိုတာ ရှင် နားမလည်ဘူးလား"
ကျွန်မ ပြောသည် ကို သူ နားမထောင်ပါ။ စိတ်ဖောက်ပြန်နေသည့် မိန်းမတစ်ယောက်လို ရှူးရှူး ရှားရှား ဖြစ်နေသည်။ သူ၏အနက်ရောင်ဂါဝန်ကြီးကို ဒေါသတကြီး ဆွဲလိမ်နေသည်။
"ရဘက်ကာ ဟာ အင်မတန် ချစ်စရာကောင်းခဲ့တယ်။ ရုပ်ရည်အရမ်းချောခဲ့တယ်။ သူ လျှောက်သွားပြီ ဆိုရင် ဘယ်ယောက်ျားမှ ငေးမကြည့်ဘဲ မနေနိုင်ဘူး။ သူ ၁၂ နှစ်သမီးအရွယ်ကတည်းက ချောခဲ့တာ၊ လှခဲ့တာ၊ သူ့အကြောင်းကို လဲ သူ ပြန်သိတယ်။ သူ အပျိုဖြစ်လာရင် သိပ်ချောမှာပဲနော်လို့လဲ ကျွန်မကို ပြောခဲ့ဖူးတယ်။ ဒီအချိန်က စပြီး အင်မတန် ရင့်ကျက်တဲ့ အပျိုကြီးတစ်ယောက်လို ယောက်ျားတွေနဲ့ ဆက်ဆံခဲ့တယ်။ လိမ္မာ ပါးနပ်စွာ ဆက်ဆံခဲ့တယ်။ လောကကြီးမှာ သူ ဖြစ်ချင်တာတွေကို ဖြစ်အောင် လုပ်ခဲ့တယ်။ ဖြစ်လဲဖြစ်ခဲ့တယ်"
"သူ ၁၄ နှစ်ပြည်တဲ့ မွေးနေ့တုန်းက မြင်းလေးကောင်ကတဲ့ ရထားကို သူကိုယ်တိုင်မောင်းလာတယ်။ သူ့အစ်ကိုဝမ်းကွဲ မစ္စတာဂျက်ဖေဗယ်က မြင်းရထားပေါ်တက်ပြီး ရဘက်ကာ့ လက်ထဲက မြင်းဇက်ကြိုး ကို ဆွဲလုတယ်။ သူတို့မောင်နှမ သုံးမိနစ်လောက် ထွေးလားလုံးလားဖြစ်နေကြတယ်။ နောက်ဆုံး တော့ ရဘက်ကာပဲ အနိုင်ရတယ်။ မစ္စတာဖေဗယ်ရဲ့တစ်ကိုယ်လုံးကိုလဲ ရဘက်ကာက ကြာပွတ်နဲ့ ရိုက်တယ်။ ဝမ်းသာအားရလဲ ရယ်နေတယ်။ သူတို့မောင်နှနှစ်ယောက်ဟာ တကယ့်အတွဲ၊ တကယ့် အဖော်၊ အင်မတန် ဘက်ညီတယ်။ မစ္စတာဖေဗယ် ကို မိဘတွေက ရေတပ်ထဲ ဝင်ခိုင်းလိုက်တယ်။ ဒါပေ မဲ့ စစ်စည်းကမ်းတွေကို သူ မလိုက်နာနိုင် ဘူး။ ကျွန်မကတော့ သူ့ကို အပြစ်မဆိုပါဘူး။ သူဟာ သူများ ပေးတဲ့ အမိန့်တွေကို နာခံတတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ ရဘက်ကာလိုပဲ"
သူ့ကို ကျွန်မ ကြည့်နေမိသည်။ သူ့မျက်နှာပေါ်မှာ အပြုံးကလေးတစ်ခု ရှိနေသည်။ ကြောက်မက် ဖွယ် ကောင်းသော အပြုံးမျိုးဖြစ်သည်။
"ရဘက်ကာ ကို ဘယ်သူမှ အမိန့်ပေးလို့မရဘူး။ သူများတကာ ချပေးတဲ့ပုံစံကို လိုက်နေတာမဟုတ် ဘူး။ သူလုပ်ချင်တာ လုပ်တယ်။ သူ နေချင်သလို နေတယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်မနေဘူး။ သူ ၁၆ နှစ် သမီးတုန်းက သူ့အဖေ ရဲ့မြင်းရိုင်းတစ်ကောင်ကို သူ စီးတာ မှတ်မိနေသေးတယ်။ မြင်းက သိပ်ထွား တယ်။ သိပ်ရိုင်းတယ်။ သူ့အသက်အရွယ် နဲ့ စီးဖို့ မတော်ဘူး။ ဒါပေမဲ့ မြင်းရိုင်းကို သူ ကောင်းကောင်း အနိုင်ယူခဲ့တယ်။ ကြာပွတ်နဲ့ တရကြမ်း ရိုက်တယ်။ မြင်းစီးဖိနပ်ရဲ့ ဖနောင့်ကသံချွန်နဲ့ မြင်းနံဘေးကို တအား ထိုးစိုက်ထား တယ်။ နောက်ဆုံးတော့ မြင်းရိုင်းကြီးဟာ သွေးခြင်းခြင်းနီပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေတယ်။ ရဘက်ကာ ကိုလဲ အရှုံးပေးလိုက်ရတော့တယ်"
"အဲဒါဟာ သူ့စရိုက်ပဲ။ သူ့စိတ်နေသဘောထားပဲ။ သူ အရွယ်ရောက်လာတဲ့အခါမှာ ဘယ်သူ့ကိုမှ ဂရုမ စိုက်ဘူး။ ဘယ်သူ့အပေါ်မှာမဆို သူ အနိုင်ယူနိုင်တယ်။ အနိုင်လဲ ရခဲ့တယ်။ နောက်ဆုံးကျမှ သူ ရှုံးရ တာ။ သူ အရှုံးပေး ရတာ ကလဲ ယောက်ျားတစ်ယောက်ကို မဟုတ်ဘူး။ မိန်းမတစ်ယောက်ကို မဟုတ် ဘူး။ သူ့ကို ပင်လယ်က အနိုင်ယူ သွားတယ်။ ပင်လယ်အပေါ်မှာတော့ သူ အနိုင်မရရှာဘူး။ နောက်ဆုံး မှာ ပင်လယ်ကို သူ အရှုံးပေး လိုက်ရတော့တယ်" မစ္စက်ဒင်ဗာသည် ဆောက်တည်ရာမရတော့။ ချုပ်တီး၍မရနိုင်တော့ဘဲ ကျယ်လောင်စွာ ငိုလေတော့ သည်။
"မစ္စက်ဒင်ဗာ… မစ္စက်ဒင်ဗာ…"
သူ့ရှေ့မှာ ခိုးကိုးရာမဲ့ ကျွန်မ ရပ်နေမိသည်။ ဘာလုပ်ရမှန်းလည်း မသိတော့။ သူ့အပေါ် မယုံသင်္ကာမှု လည်း မရှိတော့။ သူ့ကို ကြောက်သည့်စိတ်လည်း လုံးဝမရှိတော့။ သို့သော်လည်း ကျွန်မရှေ့မှာ ရပ်ပြီး မျက်ရည် မထွက်ဘဲ အော်ကြီးဟစ်ကျယ် ငိုနေ သည်ကို တွေ့ရတော့ ချောက်ချားလာမိပြန်သည်။
"မစ္စက်ဒင်ဗာ… ရှင် နေမကောင်းဘူး။ ရှင် စိတ်ထိခိုက်နေတယ်။ အိပ်ရာထဲမှာ ရှင် သွားနေဖို့ကောင်း တယ်။ သွားပြီး အနားယူလိုက်ပါလား"
ကျွန်မဘက် သို့ ဗြုန်းကနဲ သူ လှည့်လိုက်သည်။
"ကျွန်မတစ်ယောက်တည်း နေပါရစေ…။ ရှင် ထွက်သွားပါ။ ကျွန်မ ယူကျုံးမရဖြစ်နေတာ ဘာဖြစ်ရဦး မှာလဲ။ ကျွန်မ လုံးလုံး မရှက်ဘူး။ ငိုဖို့အတွက်တော့ အခန်းတံခါးပိတ်မထားနိုင်ဘူး။ မစ္စတာဒီဝင်းတား လို လူမမြင်အောင် အခန်းတံခါးပိတ်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေတာမျိုး ကျွန်မ မလုပ်နိုင်ဘူး"
"ရှင် ဘာစကားပြောတာလဲ…။ မစ္စတာဒီဝင်းတား ဒါမျိုးမလုပ်ဘူး"
"လုပ်လိုက်သမှတော်… ရဘက်ကာ သေပြီးတဲ့နောက်လေ… စာကြည့်ခန်းတံခါးပိတ်ပြီး အထဲမှာ ခေါက် တုံ့ခေါက်ပြန် လျှောက်နေ တာ ကျွန်မ ကြားတယ်။ သော့ပေါက်ကနေ ချောင်းကြည့်တော့ ကျွန်မ မြင် တယ်။ တစ်ကြိမ် မကဘူး။ လှောင်အိမ်ထဲက တိရစ္ဆာန်လို ဆောက်တည်ရာမရဘဲ လူးလားခေါက်တုံ့ လမ်းလျှောက်နေ တယ်" "ဒါတွေ မကြားချင်ဘူး… ဒါတွေ မသိချင်ဘူး"
"ဒီကြားထဲ ကတောင် ပျားရည်ဆမ်းခရီးထွက်ကြတုန်းက သူ ပျော်အောင် ရှင်လုပ်နိုင်ခဲ့တယ် လို့ ပြော သေး တယ်။ ရှင် ဟာ အသက်အရမ်းငယ်ပြီး ဘာအသိတရားမှ မရှိဘူး။ ရှင်ဟာ သူ့သမီးအရွယ်ပဲရှိသေး တယ်။ လူ့ဘဝ အကြောင်း ရှင် ဘာသိသလဲ။ ရှင်က ဒီစံအိမ်ကြီးကို လိုက်လာပြီး မစ္စက်ဒီဝင်းတားရဲ့နေ ရာကို ဝင်ယူလို့ ရမယ်လို့ ထင်နေတယ်။ ကျွန်မရဲ့သခင်မ ရဘက်ကာရဲ့နေရာကို ရှင်ဝင်ယူလိုက်တယ်"
"ရှင့်ကိုကြည့်ပြီး အိမ်ဖော်တွေက ရယ်ကုန်ကြပြီ။ ရှင် ရောက်လာပြီး နောက်တစ်နေ့ နောက်ဖေးဆောင် က စင်္ကြံထဲ မှာ ရှင်တွေ့ခဲ့တဲ့ ပန်းကန်ဆေးတဲ့ ကလေးမကလေးကတောင် ရှင့်ကို ရယ်နေပြီ။ လှောင်နေ ပြီ။ ပျားရည်ဆမ်း ခရီးဆုံးတဲ့နောက် ရှင့်ကို ဒီခေါ်လာပြီးတဲ့အခါမှာ မစ္စတာဒီဝင်းတား စိတ်ထဲမှာ ဘယ် လိုနေမလဲ ဆိုတာ ကျွန်မ စဉ်းစားကြည့်နေမိတယ်"
"ရှင် တော်ဖို့ကောင်းပြီး မစ္စက်ဒင်ဗာ… ရှင့်အိပ်ခန်းကို ရှင်ပြန်ဖို့ ကောင်းပြီ" ဟု ကျွန်မက ပြန်ပြော သည်။
"ကျွန်မ အခန်းကိုသွားရမယ်… ကျွန်မအခန်းကို သွားရမယ်… မန်ဒါလေစံအိမ်ကြီးရဲ့အိမ်ရှင်မကြီးက ကျွန်မအခန်းကို ကျွန်မ ပြန်ရမယ်တဲ့…။ ဒီလိုပြန်သွားပြီးတော့ ဘာဖြစ်မလဲ…။ ရှင်က မစ္စတာဒီဝင်းတား ဆီ ကို ပြေးသွားပြီး "မစ္စက်ဒင်ဗာဟာ ကျွန်မအပေါ်မှာ မကြင်နာဘူး။ အင်မတန် ရိုင်းစိုင်းကြမ်းကြုတ်ပါ တယ်"လို့ သံတော်ဦး တင်တော့မှာ မဟုတ်လား။ ကျွန်မဆီကို မစ္စတာဂျက်ဖေဗယ် အလည်လာတာကို ပြန်တိုင်သလို တိုင်ဦး မှာပေါ့" "ဒီအကြောင်း ကျွန်မ လုံးဝမပြောဖူးဘူး" "လိမ်တာ… ရှင်မပြောရင် ဘယ်သူပြောမလဲ။ ဒီအိမ်မှာ ဘယ်သူမှ မရှိဘူး။ ဖရစ်နဲ့ ရောဘတ်လဲ အပြင် သွားနေကြတယ်။ ကျန်တဲ့ အိမ်ဖော်တွေလဲ ဘယ်သူမှမသိဘူး။ ဒါကြောင့် ရှင့်ကိုရော မစ္စတာဒီဝင်းတား ကိုပါ သင်ခန်းစာပေးမှ ဖြစ်တော့မယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ သူ စိတ်ထိခိုက်စေရမယ်။ ကျွန်မ အဖို့ ဘာကိုဂရုစိုက်နေရဦးမှာလဲ။ သူ စိတ်ထိခိုက်တာ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး။ ဂျက်ဖေဗယ်ကို မန်ဒါလေမှာ ဘာဖြစ်လို့ ကျွန်မ လက်ခံမတွေ့ရမှာလဲ…။ ရဘက်ကာနဲ့ပတ်သက်သူဆိုလို့ ကျွန်မ အ တွက် သူတစ်ယောက်ပဲ ကျန်တော့တယ်…။ သူ့ကို ဒီအိမ်မှာလက်မခံရဘူးတဲ့။ ဒါဟာနောက်ဆုံးအကြိမ် အဖြစ် သတိပေး တာပဲတဲ့။ မစ္စတာဒီဝင်းတားက ကျွန်မကို ပြောတာ။ သူဟာ အခုထက်ထိ သဝန် ကြောင်နေတုန်း ပဲ"
စာကြည့်ခန်း ထဲမှ လျှံထွက်လာသည့် မက်ဇင်မ်၏စကားသံများကို ကျွန်မ သတိရနေပါသေးသည်။ ယခု မစ္စက်ဒင်ဗာ က ထိုစကားများကို ပြန်ပြောနေသည်။ သဝန်ကြောင်နေသတဲ့။ မက်ဇင်မ်က သဝန်ကြောင် နေသတဲ့။ "ရဘက်ကာ အသက်ရှင်နေတုန်းကလဲ သူ သဝန်ကြောင်ခဲ့တာပဲ။ အခု သေသွားပြီးပြန်တော့ လဲ သဝန် ကြောင်နေတုန်းပဲ။ ဟိုတုန်းကလိုပဲ မန်ဒါလေစံအိမ်ရိပ်ကို မစ္စတာဂျက်ဖေဗယ် မနင်းရဘူး တဲ့။ ဒါဟာ ရဘက်ကာကို သူ မမေ့နိုင်သေးဘူးဆိုတာ ပြတာပဲ။ ဟုတ်တယ်… သူ သဝန်ကြောင်တာ။ ကျွန်မလိုပဲ သူ သဝန်ကြောင်နေတာ။ ရဘက်ကာကို သိတဲ့လူတိုင်း သဝန်ကြောင် ခဲ့ကြသလို သူလဲ သဝန်ကြောင် နေတာ။ ရဘက်ကာကတော့ ဒါတွေကို လုံးလုံးဂရုမစိုက်ခဲ့ဘူး။ သူ နေချင် သလို နေခဲ့တာပဲ။ ဘယ်သူ တွေ ဘာပြောပြော ဘာထင်ထင် ရဘက်ကာကတော့ ရယ်ပစ်လိုက်တာပဲ"
"ကျွန်မ လုပ်ချင်တာ လုပ်မယ်။ တစ်ကမ္ဘာလုံးကတောင် မတားနိုင်ဘူးလို့ ကျွန်မကို သူ ပြောခဲ့ ဖူးတယ်။ ယောက်ျားတစ်ယောက်ဟာ သူ့ကို တစ်ခါမြင်ရုံနဲ့ အရူးအမူးဖြစ်စေမြဲပဲ။ သူနဲ့ ဆက်ဆံ တဲ့ ယောက်ျား ပေါင်းများစွာကို ကျွန်မ မြင်ဖူးတယ်။ လန်ဒန်ကို သူ သွားပြီး ပြန်လာတဲ့အခါမှာ ယောက်ျားတွေကို ခေါ် လာတတ်တယ်။ ပင်လယ်ကမ်းခြေက တိုက်ပုကလေးထဲမှာ အတူနေကြတယ်။ အတူစားကြတယ်။ တစ်အိပ်ရာတည်းလဲ အတူအိပ်ကြတယ်။ ဒါတွေအားလုံး သူ့အဖို့ ရယ်စရာတွေ ချည်း ပဲ။ ထမင်းစားရေ သောက်ကိစ္စတွေချည်းပဲ။ ဘယ်ယောက်တျားကတော့ ဘယ်လို… ဘယ်ယောက်ျား ကတော့ ဘယ်ညာ ဆိုတာတွေလဲ ကျွန်မကို ပြန်ပြောတတ်တယ်။ သူနဲ့ ပတ်သက် လာရင် ယောက်ျားတွေအားလုံး သဝန် ကြောင်ကြတာပဲ။ မစ္စတာဒီဝင်းတားရော… မစ္စတာဂျက်ဖေဗယ်ရော… မစ္စတာခရော်လေရော… အားလုံး သဝန်ကြောင်နေကြတာပဲ" "ကျွန်မ မသိချင်ဘူး… ကျွန်မ မသိချင်ဘူး" ကျွန်မအနား သို့ သူ ကပ်လာသည်။ ကျွန်မ မျက်နှာကို သူ ကပ်ကြည့်သည်။
"သူ့နေရာကို ရှင် ဘယ်တော့မှ အစားထိုးယူလို့မရဘူးမှတ်…။ ရဘက်ကာဟာ သေသွားပြီးဖြစ်ပေမယ့် ကနေ့အချိန်အထိ ဒီအိမ်ရဲ့အိမ်ရှင်မပဲ။ သူမှ တကယ့်မစ္စက်ဒီဝင်းတား။ ရှင် မဟုတ်ဘူး။ တကယ်လို့ ရှင် ဟာ မစ္စက်ဒီဝင်းတားဆိုရင်လဲ အစစ်အမှန်မဟုတ်ဘူး။ အရိပ်ပဲ။ တစ္ဆေပဲ။ ကောင်းပြီ။ မန်ဒါလေစံအိမ် ကြီးကို ရဘက်ကာ ရဲ့လက်ထဲမှာ ဘာဖြစ်လို့ ရှင် မထားနိုင်ရတာလဲ။ ဘာဖြစ်လို့ ရှင် ဒီအိမ်ထဲက ထွက် မသွားတာလဲ"
သူ့ကိုကျောခိုင်း ပြီး ပြတင်းပေါက်ဆီသို့ မျက်နှာမူလိုက်မိသည်။ ကျွန်မ၏ ယခင်က ကြောက်စိတ်များပြန် ပေါ်လာပြန်သည်။ မစ္စက်ဒင်ဗာက ကျွန်မ၏လက်မောင်း ကို ပြုပ်တူနှင့် ညှပ်လိုက် သလို ဖမ်းကိုင်လိုက် သည်။
"ရှင် ဘာဖြစ်လို့ ထွက်မသွားတာလဲ…။ ရှင့်ကို ကျွန်မတို့အားလုံးက အလိုမရှိဘူး။ ရဘက်ကာကို သူ မမေ့နိုင်ဘူး။ ဒီအိမ်ကြီးထဲမှာ ရဘက်ကာနဲ့အတူတူ လွတ်လွတ်လပ်လပ် ပြန်နေချင်တယ်။ ဘုရားရှိခိုး ကျောင်းထဲက အုတ်ဂူထဲမှာ ရှင်သာရှိဖို့ကောင်းတယ်။ ရှင်သာ သေသွားဖို့ကောင်းတယ်။ ရဘက်ကာ သေဖို့မကောင်းဘူး"
ဖွင့်ထားသည့် ပြတင်းပေါက်ဆီသို့ ကျွန်မကို သူ တွန်းပို့သည်။ မြူတွေ ပိတ်ဆို့နေသောကြောင့် အောက် မှ လှေကားထစ်များ ကို သဲသဲကွဲကွဲ မမြင်ရ။
"အောက် ကို ငုံ့ကြည့်လိုက်စမ်း…။ ဘယ်လောက်လွယ်သလဲ…။ ဘာဖြစ်လို့ ရှင် ခုန်မချတာလဲ… ဘာမှ မနာဘူး။ သိပ်မြန်တယ်။ ဇက်ကျိုးပြီး သေသွား ရုံပဲ။ ရေနစ်သလို မဟုတ်ဘူး။ ကြိုးစားကြည့်စမ်းပါ။ ခုန် ချကြည့်စမ်းပါ"
ဖွင့်ထားသော ပြတင်းပေါက်ထဲသို့ သိပ်သည်းသော မြူတွေဝင်လာသည်။ မျက်လုံးထဲမှာ ကျိန်း စပ်စပ် ဖြစ်လာသည်။ နှာခေါင်းထဲမှာ ကျပ်လာသည်။ ပြတင်းပေါက်ဘောင်ကို ကိုင်ထားမိသည်။
"မကြောက်ပါနဲ့။ ကျွန်မ တွန်းမချပါဘူး။ ရှင့်အနားမှာတောင် ရပ်မနေပါဘူး။ ရှင့်ဟာရှင် ခုန်ချပါ။ မန်ဒါ လေစံအိမ်ကြီး မှာ ရှင် ဆက်နေလို့ ဘာအသုံးကျမှာလဲ။ ရှင်လဲ မပျော်ဘူး။ မစ္စတာဒီဝင်းတားကလဲ ရှင့် ကိုမချစ်ဘူး။ ရှင် ဒီမှာဆက်နေဖို့ ဘာအကြောင်းမှမရှိတော့ဘူး။ ဘာဖြစ်လို့ ခုန်မချလိုက်တာလဲ။ ခုန်ချ ပြီး ရှင်သေသွားရင် မပျော်ဘူးဆိုတာလဲ ရှင့်အဖို့ ဘယ်တော့မှရှိတော့မှာ မဟုတ်ဘူး"
လှေကားထစ်ပေါ်မှာ ကြွေကျနေသည့် ခြောက်လပန်းများကို ဝိုးတဝါးမြင်နေရ သည်။ အောက် မှာ ကျောက်တုံးများ ရှိသည်။ မြူတွေဆိုင်းနေသောကြောင့် အဝေးကြီးဟု ထင်ရသည်။ တကယ်တော့ မဝေး ပါ။ ပြတင်းပေါက် ကလည်း အမြင့်ကြီးမဟုတ်ပါ။
"ရှင် ဘာဖြစ်လို့ ခုန်မချတာလဲ…။ ဘာဖြစ်လို့ ကြိုးစားမကြည့်တာလဲ" မစ္စက်ဒင်ဗာက လေသံနှင့်ပြော သည်။
မြူများသည် စောစောကထက် ပိုထူလာသည်။ လှေကားထစ်များကိုပင် မမြင်ရတော့။ ပန်းပွင့်ကြွေ ကလးများ ကိုလည်း မမြင်ရတော့။ ဖြူဖွေးသည့် မြူတွေမှတစ်ပါး အခြားဘာမျှမမြင်ရတော့။ အေးစက် စက် ပင်လယ်ကျောက်ပွင့်နံ့ ကို ရှူရှိုက်လိုက်ရသည်။
ပြတင်းဘောင်ပေါ် မှာ ကျွန်မလက်များကို တင်ထားသည်။ ကျွန်မ၏ဘယ်လက်မောင်းကို မစ္စက်ဒင်ဗာ ဆုပ်ကိုင် ထားကြောင်း ကိုသာ သိရတော့သည်။ ကျွန်မ ခုန်ချလိုက်လျှင် မြူတွေ ပိတ်နေသောကြောင့် ကျောက်တုံး များနှင့် နီးလာသည်ကို မြင်တွေ့ရမည်မဟုတ်ပါ။ မစ္စက်ဒင်ဗာ ပြောသကဲ့ သို့ပင် နာကျင် သော ဝေဒနာကို တခဏမျှသာ ခံစားလိုက်ရပါသည်။ ကိစ္စပြီးသွားမည် ဖြစ်သည်။ မက်ဇင်မ် ကလည်း ကျွန်မကို မချစ်ပါ။ ရဘက်ကာနှင့်အတူ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် ပြန်နေချင်နေသည်။
"ကဲ… လုပ်လေ… မကြောက်ပါနဲ့။ ခုန်ချလိုက်ပါ…" မစ္စက်ဒင်ဗာက လေသံနှင့် ဆက်ပြောနေသည်။
မျက်လုံးများ ကို ကျွန်မ မှိတ်ထားလိုက်သည်။ အောက်က လှေကားထစ်များကို ငုံ့ကြည့်နေရသည့်အ တွက် မူးနောက်နောက်ဖြစ် လာသည်။ ပြတင်းဘောင်ကို ဆုပ်ကိုင်ထားရသည့် လက်ချောင်းကလေး များ ကိုက်ခဲ လာသည်။ မြူတွေက နှာခေါင်းထဲသို့ ဝင်လာသည်။ နှုတ်ခမ်းကို လာထိသည်။ ချဉ်စုတ်စုတ် အရသာပေါ် လာသည်။ မေ့ဆေးပေးခံလိုက်ရသည်နှင့်တူပါသည်။ စိတ်မချမ်းသာခဲ့ရသည့်အဖြစ် ကို မေ့ စပြုလာသည်။ မက်ဇင်မ် ကို ချစ်ရသည့်အကြောင်းများ မေ့စပြုလာသည်။ ရဘက်ကာကိုလည်း မေ့စပြု လာသည်။ ခဏကြာလျှင် ရဘက်ကာ အကြောင်း ကိုလည်း စဉ်းစားမိတော့မည်မဟုတ်ချေ။
ပြတင်းပေါက်တွင် ဆုပ်ကိုင်ထားသော လက်များကို ဖြေလျှော့ပြီး သက်ပြင်းချ လိုက်သည့် အချိန်မှာ ပင် ပေါက်ကွဲသံတစ်ချက်ကို မမျှော်လင့်ဘဲ ရုတ်တရက် ကြားလိုက်ရသည်။ ပြတင်းဘောင်နှင့် မှန်ချပ်များ တုန် သွားသည်။ မျက်လုံးဖွင့်ပြီး မစ္စက်ဒင်ဗာကို လှမ်းကြည့်လိုက်သည်။ ဒုတိယပေါက်ကွဲသံတစ်ချက် ထပ်ကြားရသည်။ ပြီးတော့ တတိယတစ်ချက်။ စတုတ္ထ တစ်ချက်။ ပေါက်ကွဲသံများကြောင့် အိမ်ပတ် လည် ရှိသော တောထဲမှ ငှက်များ လန့်ပျံပြေးကုန်ကြသည်။
"ဘာလဲ… ဘာဖြစ်တာလဲ…" ဟု ကျွန်မက မေးသည်။ မစ္စက်ဒင်ဗာက ကျွန်မ၏လက်မောင်းကို လွှတ် လိုက် သည်။ ပိတ်နေသည့် မြူများကို လှမ်းကြည့်သည်။
"ဒုံးကျည်ပစ်တာ… ပင်လယ်အော်ထဲမှာ သင်္ဘောတစ်စင်း နစ်ပြီနဲ့တူတယ်" ဟု သူက ပြန်ပြောသည်။
ကျွန်မ တို့ နှစ်ယောက် ဆက်နားထောင်နေမိသည်။ ဖြူဖွေးသော မြူများကိုလည်း ငေးကြည့်နေမိသည်။ ခဏကြာတော့ ပြေးသွားသည့် ခြေသံများကို ကျွန်မတို့အောက်ဘက် ရှိ လှေကားထစ်များဆီမှ ကြားရ သည်။
ဆက်ရန်
.

No comments:
Post a Comment