ဧည့်သည်တွေ ကို စားချိန်တန်လျှင် ထမင်းကျွေးရသည်။ ကျွန်မမှာ နေ့စဉ်လိုလို မနိုင်မနင်း စီစဉ်ရသည်။ သို့သော် အချိန်တန်လျှင် လောက်လောက်ငင လှလှပပ ဖြစ်သွားသည်သာ။
ဒီဇင်ဘာ လကုန်ရက်သို့ ရောက်လာသည်။ ကျွန်မတို့ ဘက်ကအလံမလှဲ။ မြို့တော်ဝန်နှင့် မင်းကြီးက ကျွန်မ တို့ကို သင်ခန်းစာပေး တာစူနေကြသည်။
တယ်လီဖုန်းဖြင့် မကြားဝံ့ မနာသာ ခြိမ်းခြောက်သံတွေ ပိုများလာ၏။ ရံခါတွင် အမျိုးသမီးများပင်ပါ၏။ စိတ်မှ မှန်ကြသေး ရဲ့လား မသိ သူတို့မို့ သည်လို စကားလုံးများ နှုတ်မှ ထွက်ဆိုရဲကြသည်။ ကျွန်မနှင့် မာတင် ကို ရာဂ ဥမတ္တကများဖြစ်အောင် ပြောသူတွေလည်း ရှိ၏။ မြို့ကထွက်မသွားလျှင် သတ်မည်ဟု ခြိမ်းခြောက်သူ များလည်းပါ၏။ ကို ဆက်ဖတ်ရန်...
ဘယ်လို အန္တရာယ်တွေနှင့် နီးလာသည့်ဖြစ်စေ ကျွန်မတို့ အိမ်ထောင်ရေးဘ၀ ဘယ်လောက် ခက်ခဲလာ သည်ဖြစ်စေ ကျွန်မ ပျော်နေမိပါသည်။ ကျွန်မတို့ မျက်စိအောက်တွင် နိုင်ငံနှင့် အ၀န်းရှိ လူမည်းအားလုံး လူဖြူ များနှင့် တန်းတူ အခွင့်အရေးရဖို့ တိုက်ပွဲတွေ ပေါက်ပေါက်လှော်သလို ပေါ်လာတော့မည် မဟုတ်ပါ လား။
ဇန်န၀ါရီလ အေးမြမြ ညတစ်ညတွင် အစက မောင်ဂိုမာရီကို မလာချင်သည့် အကြောင်းကို ပြန်တွေးမိပြီး ကျွန်မ က ပြောလိုက်သည်။
" ကျွန်မ သိပ်ပျော်နေတယ် မောင်ရယ်၊ မောင်ဂိုမာရီ ကို လိုက်လာဖြစ်တာ သိပ်ကို မှန်တာပဲကွယ်၊ ဟောဒီလို သမိုင်းဝင် ဖြစ်မယ့် အချိန်အခါမှာ မောင် နဲ့ အတူရှိနေတာ ကုသိုလ်ကောင်းလို့ပေါ့နော် "
သို့သော် ကျွန်မ တို့ အရမ်းလည်း မပျော်နိုင်ကြပါ။ ခြိမ်းခြောက်ပုံတွေ ပို၍ ကြမ်းတမ်းလာသည်။ ပို၍ ကြောက်စရာကောင်း လာသည်။
တစ်ည အစည်းအဝေးတွင် မာတင်က ဖွင့်ပြောရသည့် အခြေအနေသို့ရောက်လာသည်။
" တကယ်လို့ တစ်နေ့မှာ ကျွန်တော် အသတ်ခံရရင် ရဲဘော်တို့ လက်စား မချေကြပါနဲ့၊ လုံးဝ အကြမ်းမဖက် ကြပါ နဲ့။ ကျွန်တော် တို့ သွားရမယ့် လမ်းကို စည်းကမ်းတကျ၊ ဂုဏ်သရေ ရှိရှိနဲ့ ဆက်လျှောက်ကြပါ "
နောက်တစ်နေ့ တွင် သူ အိမ်ပြန်လာသည်။ မျက်နှာ သိပ်မကောင်း။ ကျွန်မတို့ သားအမိကို ငေးကြည့်နေသည်။ တစ် နည်းနည်းနှင့် ခွဲရတော့မည် ကို သူစိုးရိမ်နေပုံရ၏။
ထိုညတွင် တယ်လီဖုန်း မြည်လာသည်။
" ဟေ့ ငမည်းကောင် နောက်တစ်ပတ်ထဲ မှာ မင်း ငါတို့အကြောင်းသိမယ်၊ မောင်ဂိုမာရီ ကို လာမိတာ မှားလေခြင်း လို့ မင်း နောင်တ ရစေ့ရမယ် "
ဒါက ခြိမ်းခြောက်မှု တစ်မျိုးဖြစ်၏။ သို့သော် မာတင်က ဘာကိုမျှမမူတော့။ မီးဖိုခန်းထဲသွားပြီး သူ့ဘာသာ ကော်ဖီဖျော် သည်။ ကော်ဖီသောက်ရင်း စဉ်းစားခန်းဝင်သည်။ ဦးခေါင်းကို လက်နှစ်ဖက်ထဲ ထည့်ပြီး ဘုရားသခင် ထံ တိုင်တည်သည်။
" အို … အရှင် တပည့်တော် သည် မမှန်တရားဘက် ရပ်တည် လှုပ်ရှားခဲ့ပါသည်။ ရင်ဆိုင်ရမယ့် ကိစ္စတွေမှာ အားမတန် သလို ဖြစ်လာပါသည်။ တပည့်တော်အား ခွန်အား ပေးသနာ်းတော်မူပါ "
မာတင် ကျွန်မ ကို ပြန်ပြောပြသည်။
" အဲဒီ အချိန်မှာ တစ်ခါမှ မဖြစ်ပေါ်ဖူးတဲ့ ခံစားမှုမျိုး မောင် ကြုံလိုက်ရတယ်၊ ဘုရားသခင် ရဲ့ ရှေ့တော်မှောက် ရောက်သွားသလိုပဲ၊ ဘုရားသခင် ကိုယ်တော်တိုင်ရဲ့ နှုတ်ခပတ်ကို ကြားနာလိုက်ရ သလိုပဲ "" အမှန်တရားဘက်က မြဲမြဲမြံမြံရပ်တည်ပါ။ ကိုယ်ကျင့်သိက္ခာမပျက်မြယွင်းဘဲ ရပ်တည်ပါ။ ဘုရားရှင်သည် သင့်အနား တွင် အမြဲရှိနေလိမ့်မည် "
လူမည်းတို့ ဘက် မှ အလျှော့ပေးမည်ပုံ မမြင်သည့်အခါ လူဖြူ အချို့က အကြမ်းဖက်ဖို့ ပြင်ဆင်လာသည်။
တစ်ညတွင် ကျွန်မတို့ ညစာဝိုင်းတွင် ဧည့်သည်တစ်ယောက်သာရှိသည်။ သူက ဘော့ဘ်ဝီလ်ဆင် အယ်လ်ဘားမား မှ ဂီတဆရာ။ မာတင်နှင့် မိုးဟောက်စ် တက္ကသိုလ်တုန်းက ကျောင်းနေဖက် သူငယ်ချင်း ဖြစ်သည်။ ခုတော့ မာတင့်ကို ကူလုပ်ရင်း အိမ်မှာပင် အနေများပြီး သူ့ကိုယ်သူ မာတင်သက်တော်စောင့်ဟု မှတ်ယူထားသူ။
မာတင်က စကားစသည်။
" ကိုယ့်ကို ရဲက ဆွဲဖို့ လုပ်နေတယ်၊ အမှု တစ်ခုခု ဆင်ပြီးတော့လေ။
မာတင်က အဖမ်းခံဖို့ ဆုံးဖြတ်ထားသည်။ တစ်နေ့တွင် ဘော့ဘ်နှင့် မာတင် ကားမောင်းထွက်သွားကြသည်။ သည်နေ့က လိုင်းကားဆွဲပေးဖို့ သူတို့ အလှည့်ကျသည့်နေ့။
ခရီးသည် သုံးယောက်ရပြီး မှတ်တိုင်မှ မောင်းထွက်လာခဲ့သည်။ ရဲတစ်ယောက်က ဖမ်းထားပြီး လိုင်စင် တောင်း သည်၊ မာတင်က လိုင်စင်ထုတ်ပြသည်။ မောင်းထွက်လာတော့ ရဲ တစ်ယောက် မော်တော်ဆိုင်ကယ်နှင့် နောက် မှ လိုက်လာသည်။
မာတင်က ဂရုတစိုက် မောင်းလာခဲ့သည်။ သို့သော် ခရီးသည် ဆင်းမည့် မှတ်တိုင်တွင် ရပ်ပေးလိုက်ချိန်တွင် ရဲက ဘေးမှ ကပ်လာပြီး အမိန့်ပေးသည်။
" ဟေ့ကောင် မင်း … မင်းကို ၂၅ မိုင်နှုန်း မောင်းတဲ့ နေရာမှာ မိုင်သုံးဆယ် မောင်းလို့ ဖမ်းတယ် "
မာတင့်ကို ထောင်ကြီးချုပ်သို့ ပို့လိုက်ကြသည်။
မာတင်လူသာကင်းကို ဖမ်းသည့် ကိစ္စသည် လေနှင့်အတူ ချက်ချင်း ပြန့်သွားသည်။ ဘုရားကျောင်း အုပ်ချုပ်ရေး အဖွဲ့မှ အမျိုးသမီးကြီး တစ်ယောက် ကျွန်မဆီ ပြေးလာပြီး သတင်းပေးသည်။
" မစ္စက်ကင်း လုပ်ပါဦး ဒေါက်တာကင်းကို သူတို့ ဖမ်းလိုက်ကြပြီ။ သူ့ကို လွတ်အောင် လုပ်မှဖြစ်မယ် "
မျှော်လင့် ထားပြီးသား ကိစ္စမို့ ကျွန်မက ခပ်အေးအေးပင်၊ အမျိုးသမီးကြီး ဘယ်လို ထင်သွားမည်တော့မသိပါ။
ထောင်ကြီးချုပ်ကို ပထမဆုံး လိုက်သွားသူမှာ ရော့ဖ် အဘာနသီဖြစ်ပါသည်။ သူက အာမခံနှင့် မာတင့်ကို ထုတ်ဖို့ ပြောတော့၊ အရာရှိ တစ်ယောက်က မနက်ဖြန်အထိ စောင့်ဖို့ပြောသည်။
ရော့ဖ် က တောင်းဆိုသည်။
" ကျုပ်ဟာ ပထမ နှစ်ခြင်း ဘုရားကျောင်းက သင်းအုပ်ဆရာ ပဲ။ ဒေါက်တာကင်းရဲ့ အာမခံအတွက် လက်မှတ် မထိုးနိုင်ဘူး လို့ ခင်ဗျား ဆိုလိုတာလား "
" မထိုးနိုင်ဘူး "
" ဒါဖြင့် ဒေါက်တာကင်းနဲ့ ကျုပ်ကို တွေ့ခွင့်ပေးပါ "
" မပေးနိုင်ဘူး "
မကြာခင် ထောင်ကြီးချုပ်သို့ နှစ်ခြင်းဘုရားကျောင်း ပေါင်းစုံမှ လူကြီးတွေ စုပြုံရောက်လာကြသည်။ ထောင် အမှုထမ်းတွေ ဖြုံသွားပုံရ၏။ ထောင်မှူးက မာတင့်ကို ချက်ချင်း ခေါ်ထုတ်လာသည်။ လက်ဗွေပုံစံများယူပြီး လွှတ်ပေးလိုက်သည်။
" ကောင်းပြီ ကင်း၊ မင်းကိုယ်တိုင် ကတိဝန်ခံချုပ်နဲ့ တို့ လွှတ်ပေးလိုက်မယ် "
နောင်တွင် မာတင်က ကျွန်မကို ပြောပြသည်။
" အဲဒီတုန်းက မောင့်ကို သူတို့လာခေါ်တော့ တစ်ခါတည်း ကြိုးပေးတော့မယ် ထင်နေတာ "
သူနှင့် ရော့ဖ်ကို ဘုရားကျောင်းလူကြီးတွေက ကားနှင့် ခေါ်သွားသည်။ ထိုညတွင် အစည်းအဝေး ငါးခုရှိသည်။
သူတို့ခေါင်းဆောင် လွတ်မြောက်ရေးအတွက် သူတို့အားလုံး ၀ိုင်းပြီး ဆုတောင်းကြသည်တဲ့။ သူတို့ ဆုတောင်းသံကို ဘုရားသခင် ကြားတော်မူခြင်းပင်။.
စနေနေ့တွင် ခြိမ်းခြောက်သည့် တယ်လီဖုန်း သုံးလေးဆယ် ၀င်လာသည်။ မနက် နှစ်နာရီခွဲတွင် တယ်လီဖုန်းကို ကျွန်မ ဘေးချထားလိုက်သည်။
မိုးလင်းလို့ ဖုန်းခွက်ကို ပြန်တင်လိုက်သည်နှင့် ချက်ချင်းမြည်လာသည်။ ကောက်ကိုင်ပြီး နားထောင်လိုက်၏။ တစ်ဖက် အသံရှင်က သဟောက်သဟ လေသံဖြင့်
" ဟဲ … နင် ညက ဖုန်းချပစ်လိုက်တဲ့ အသံ ငါကြားတယ် "
ကျွန်မ ကလည်း ဒေါသဖြင့် ပြန်ပက်လိုက်သည်။
" ဟဲ့ … ငါ့တယ်လီဖုန်း ငါ့ဘာသာ ချထားတာ ဘာဖြစ်လဲ၊ ငါ လုပ်ချင်တာ လုပ်မယ် "
မာတင် က ကျွန်မကို နောက်ဘက်မှ လှမ်းပြောသည်။
" အို … ဒါလင်ကလည်းကွယ်၊ အဲဒီလို မပြောရဘူးလေ "
ပြီးတော့ သူ့လက်သုံးစကားဖြင့် ကျွန်မကို ဆုံးမသည်။
" ကြင်ကြင်နာနာ ဆက်ဆံ၊ ကောင်းကောင်းမွန်မွန် ပြောနော်၊ ဘယ်တော့မှ အကြမ်းမဖက်ရဘူးနော် "
အင်း … အကြမ်းမဖက် ဖို့ ကိုယ့်ကိုယ်ကိုယ် တော်တော် ဆုံးမရမှာပါလား "
ဘုရားကျောင်း အသိုင်းအ၀ိုင်းမှ လူကြီးတွေက ကျွန်မအတွက်ပါ စိတ်ပူလာကြသည်။ မာတင် မရှိသည့် အခါ အဖော် တစ်ယောက် ရှိဖို့ လိုကြောင်း ပြောကြ၏။
" ကျွန်မ တစ်ယောက် တည်း နေရမှာမကြောက်ပါဘူး" ဟု မာတင့်ကို ပြောထားရသည်။ အားလုံးက အိမ်ကို ဗုံးခွဲ မည် စိုးရိမ်နေကြ၏။ ကျွန်မကတော့ သိပ်မပူ၊ အိမ်နှင့် လမ်း ကပ်နေ ၍ လူမပြတ်သောကြောင့် ဖြစ်ပါသည်။
ကျွန်မတို့ သားအမိ က အိမ်နောက်ပိုင်းတွင် အိပ်သဖြင့် တွေးမကြောက်ခြင်းလည်းဖြစ်ပါ၏။ သို့သော် မာတင်က စိုးရိမ် လာပြီး အလွန်ခင်သည့် သူငယ်ချင်း မေရီလူစီ ၀ီလျှံကို နောက်နေ့မှ စ၍ အဖော်ခေါ်ထားပေးသည်။
ထိုနေ့မှာ ၁၉၅၆ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့ တနင်္လာနေ့ ဖြစ်ပါသည်။
ကျွန်မနှင့် လူဝီ ဧည့်ခန်းထဲတွင် ထိုင်စကားပြောနေကြသည်။ ကျွန်မ က ည၀တ်အင်္ကျီကြီးဝတ်လျက်။ ထိုစဉ် ဆင်ဝင် အပြင်ဘက်တွင် တစ်ခုခု လာမှန်သည့် အသံကြားလိုက်ရသည်။ စိတ်ထဲတွင် သံသယသာ ရှိနေလျှင် ကျွန်မ ထွက်ကြည့်မိမှာ သေချာပါသည်။ သို့သော် လူစီ့လက်ကို ဆွဲပြီး အိမ်နောက်ဘက်သို့ ကျွန်မ တန်းပြေး သွား မိ၏။
တစ်ပြိုင်တည်းတွင် အိမ်ရှေ့ဘက်မှ နားကွဲမတတ် ပေါက်ကွဲသံကြီးထွက်လာပြီး မှန်တွေ ကွဲသံနှင့် အတူတူ မီးခိုးလုံးကြီး အိမ်ထဲ လှိမ့်ဝင်လာတော့၏။
မေရီ လူစီ က ကျွန်မကို ဖက်ပြီး ငယ်သံပါအောင် အော်နေသည်။ ကျွန်မ ကိုယ်တိုင်လည်း တဆတ်ဆတ် တုန်နေ သည်။ အိပ်ခန်းထဲ ကို ကျွန်မ ပြေးဝင်သွားပြီး သမိးကလေးကို ကြည့်သည်။ ယိုယင်ဒါကလေး ဘာမျှ မဖြစ်ပါ။ အမိုး ပါသည့် ကြိမ်ပုခတ်ကလေးထဲတွင် ဘေးမသီရန်မခ တွေ့ရပါသည်။
စက္ကန့်ပိုင်း အတွင်း အိမ်ရှေ့တံခါးမှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ဗုံးခွဲသူဟု ကျွန်မ ထင်လိုက်၏။ အထိတ်တလန့် ကျွန်မအော်မေးလိုက်ပါသည်။
" ဘယ်သူလဲ " အပြင်ဘက်မှ အသံတွေကြားရသည်။
" ဘာဖြစ်သွားသေးလဲ၊ ထိသွားသေးလား " အိမ်နီးနားချင်းတွေ စိုးရိမ်တကြီး မေးသံများဖြစ်ပါ၏။
အိမ်ရှေ့ဘက် ထွက်ပြီး ကျွန်မ တံခါးဖွင့်ပေးလိုက်ပါသည်။ တဖြည်းဖြည်းနှင့် လူတွေ အများကြီး ဖြစ် သွားသည်။ ပေါက်ကွဲသံ ကြားသဖြင့် ပြေးလာကြသည်။ မိတ်ဆွေအပေါင်းအသင်းများဖြစ်ပါ၏။ အိမ်ရှေ့ ၀ရန်တာ ပျက်စီး သွားသည့် ဧည့်ခန်းထဲတွင် မှန်ကွဲစတွေ ပုံနေ၏။
ရော့ဖ်၏ ဘုရားကျောင်းတွင် တရားဟောနေသော ကျွန်မ ယောက်ျားကို အကြောင်းကြားလိုက်သည်။ ခဏ ကြာတော့ လူတွေအိမ်နှင့် အပြည့်ဖြစ်သွား၏။ သတင်းထောက်တွေလည်း ပါသည်။
ကျွန်မ က ရော့ဖ်ကို ခေါ်ပြီး အကျိုးအကြောင်း ပြောပြလိုက်သည်။ ကလေးနှင့် ကျွန်မ ဘာမျှ မဖြစ်ကြောင်း ထည့်မပြောဖြစ်လိုက်။ သူတို့က မာတင် တရားဟောပြီးသည်အထိ စောင့်ပြီးမှ ပြောဖို့ ဆုံးဖြတ်ကြသည်တဲ့။ သို့သော် ရုတ်ရုတ် သဲသဲ ဖြစ်နေသည့် ပရိသတ်ကို ကြည့်ပြီး မာတင် ရိပ်မိသွားသည်။ ရော့ဖ်ကို လှမ်းမေးလိုက် ၏။
" ရော့ဖ် … ဘာဖြစ်တာလဲ "
ရော့ဖ်က ရုတ်တရက် ပြောမထွက်ဘဲ ဖြစ်နေ၏။
" ပြောလေ ရော့ဖ် "
" အိမ်ကို ဗုံးခွဲ လို့တဲ့ မာတင် "
" ကလေး နဲ့ ကိုရီကော၊ ဘာမှ မဖြစ်ဘူး မဟုတ်လား "
" အဲဒါ လှမ်းမေးနေတယ်၊ မဖြစ်ဘူး ထင်ပါတယ် "
နောက်ပိုင်းတွင် ထိုနေ့အကြောင်း မာတင်က မှတ်တမ်းရေးသည်။
" တော်တော်တော့ ထူးဆန်းတယ်။ အိမ်ကို ဗုံးခွဲတဲ့ သတင်းကြားတော့ ကျွန်တော် သိပ်မတုန်လှုပ်ခဲ့ဘူး။ မကြာသေးမီ ကမှ ရခဲ့တဲ့ ကျွန်တော့်ရဲ့ ဘာသာတရား သက်ဝင် ယုံကြည်မှုက အရာရာကို ရင်ဆိုင်ဖို့ အားအင်တွေ ဖြည့်ဆည်းပေးနေသလိုပဲ "
သူက တရားကို ရပ်ပြီး ပရိသတ်ကို အကျိုးအကြောင်း ပြောပြလိုက်သည်။ ကိုယ့်အိမ် ကိုယ်ပြန် နေကြ ဖို့ ပြောဟော တရားပြသေး၏။
" ဘာမှ မကြောက်ကြပါနဲ့၊ လုပ်စရာရှိတာတွေ ဆက်လုပ်ကြရမှာပဲ၊ ဘုရားသခင် ကျွန်တော်တို့နဲ့အတူ ရှိနေ ပါတယ် "
ပြောပြီး သူ အိမ်ပြန်လာသည်။ သူ ရောက်လာတော့ အိမ်တွင်းအိမ်ပြင် ပြည့်ကျပ်နေတဲ့ လူအုပ်ကြီးက ဒေါသ အမျက်ချောင်းချောင်း ထွက်နေပြီ။ ရဲတွေ နောက်ဆုတ်နေကြရ၏။
မြို့တော်ဝန် ဂေးလ်နှင့် ရဲမင်းကြီးကလိုက်ဆယ်လာလည်း ရောက်လာ၏။ အိမ်ထဲ ရောက်အောင် မာတင် မနည်း တိုးဝင်လာရသည်။ ကျွန်မ တို့ သားအမိကို မြင်တော့မှ သူ သက်ပြင်းချပြီးပြောသည်။
" မင်းတို့ သားအမိ ဘာမှ မဖြစ်ဘူးနော်၊ တော်သေးတာပေါ့ကွာ၊ အ၀တ်လဲဦးလေ ဒါလင်ရယ် "
သည်တော့မှ လူတွေရှေ တွင် ည၀တ်အင်္ကျီကြီး ၀တ်လျက်သားရှိနေသေးသည်ကို ကျွန်မ သတိရသည်။
အိမ့်ပြင် အခြေအနေက အရမ်းတင်းမာနေသည်။ တစ်ခုခုဖြစ်တော့မည့်နှယ်။ ပရိသတ်က " ဒါ ငါတို့ပြည်" သီချင်း ကို သံပြိုင်ဆိုနေကြ၏။ သူတို့ မျက်နှာတွေမှာ ဒေါသကြောင့် တင်းမာ ခက်ထန်နေကြ၏။ လူအများစု က သေနတ်တွေနှင့်။ ထိုအချိန်တွင် လူဖြူတစ်ယောက်က လူမည်းတစ်ယောက်၏ ခြေထောက်ကို မတော်တ တက်နင်း မိရုံမျှဖြင့် သမိုင်းတွင် ကြောက်မက်ဖွယ် အဓိကရုဏ်းကြီး ဖြစ်သွားနိုင် သည်။
မြို့တော်ဝန်နှင့် ရဲမင်းကြီးတို့၏ မျက်နှာတွင် သွေးမရှိတော့။ မာတင်ဆီ လျှောက်လာပြီး သူတို့ စိတ်မကောင်း ပါကြောင်း အလွန် ၀မ်းနည်းပါကြောင်းပြောကြသည်။
မာတင့် နံဘေးတွင် ရပ်နေသည့် ဒက်စတာ ဘုရားကျောင်းမှ ချယ်ယာမင် စမိုင်လေ က ဒေါသသံသည်းနေ သည့် လေသံဖြင့် ၀င်ပြောသည်။
" ခုမှ စိတ်မကောင်းပါဘူး ပြောနေလို့ အလကားပေါ့ဗျာ၊ ဒီလို ဖြစ်ရတာ ခင်ဗျားတို့ ဖန်တီးပေးလို့ပဲ"
မာတင် က ၀ရန်တာ အပြင်ဘက်သို့ ထွက်သွားသည်။ သူ့အိမ်ကို ဗုံးခွဲခံလိုက်ရပြီး၊ သူမိန်းမနှင့် သူ့သမီး ကလေး ကံကောင်း ၍ မသေခြင်းဖြစ်သည်။
မာတင်က တည်ငြိမ်စွာဖြင့် စိတ်ဆိုးနေသည်။ လူအုပ်ကြီးကို ထိန်းဖို့ ပြင်လိုက်သည်။ သူ လက်မြှောက် လိုက် တော့ ဆူညံနေသည့် လူအုပ်ကြီးငြိမ်ကျသွားသည်။ မာတင်က တည်ငြိမ်အေးဆေးသည့် လေသံဖြင့် စကား စသည်။
" ကျွန်တော့် ကလေးနဲ့၊ ကျွန်တော့် အမျိုးသမီး အထိအခိုက် မရှိပါဘူး။ အဲဒီတော့ ရဲဘော်တို့ အိမ်ပြန်ကြ ပါ။ သေနတ်တွေလည်း ပြန်သိမ်းထားလိုက်ပါ။ ဒီကိစ္စကို ကျွန်တော်တို့ အကြမ်းနည်းနဲ့ဖြေရှင်းလို့မရပါဘူး၊ လက်စားချေ တဲ့ နည်းနဲ့လည်း မဖြေရှင်းနိုင်ပါဘူး။ ယေရှုခရစ်တော်ရဲ့ ဆုံးမစကားကို သတိရကြပါ။ "ဓားနဲ့အတူ နေသူ သည် ဓားကြောင့်ပင် အသက်ဆုံးရှုံးရသည်" တဲ့။
" ကျွန်တော်တို့ အားလုံး လူဖြူ ညီအစ်ကိုတော်တွေကို ချစ်ခင်ကြရပါမယ်။ အဲဒီ အကြောင်းကိုလည်း သူတို့ သိအောင် ပြကြရမယ်။ သူတို့ ဘယ်လို တရားပျက်ပျက် ကျွန်တော်တို့ မပျက်ကြရပါဘူး။
" ယေရှု က နှစ်ပေါင်းရာချီပြီး တဖွဖွ ပြောနေခဲ့တဲ့ ဆုံးမစကားကို အမှတ်ရကြပါ။ "ရန်သူကို ချစ်ပါ" ဆိုတဲ့ ဓမ္မတရားပါပဲ " ပြောရင်း ပြောရင်း သူ့အသံက အားပါလာသည်။
" ရဲဘော်တို့ … တစ်ခု မြဲမြဲ မှတ်ထားပါ။ ကျွန်တော် မရှိတော့ရင်လည်း ဒီလမ်းကို ရဲဘော်တို့ ဆက်လျှောက်ကြရမယ် ဆိုတာပါပဲ။ ဘာပြုလို့လဲဆိုတော့ ကျွန်တော်တို့နဲ့အတူ ဘုရားသခင် ပါနေလို့ပဲ။ အဲဒါကို ယုံယုံကြည်ကြည် နှလုံးသွင်း ပြီး အိမ်ပြန်ကြပါ၊ စိတ်ချလက်ချနဲ့ ခေါင်းမော့ပြီး ပြန်ကြပါ "
လူတချို့ က ငိုကြွေးကြသည်။ ပြီးတော့ အော်ပြီး ကောင်းချီးပေးကြ၏။
" အာမင်၊ လူကြီးမင်း ကို ဘုရားသခင် စောင့်ရှောက်ပါစေ "
မြို့တော်ဝန်နှင့် ရဲမင်းကြီး ရှေ့ထွက်လာသည်။ လူတွေက အော်ဟစ်လှောင်ပြောင်ကြသည်။ မာတင် က ရှေ့တိုးထွက်လာပြီး လက်မြှောက်လိုက်တော့ ငြိမ်သွားကြပြန်သည်။
" ရဲဘော် တို့ ကျွန်တော် ပြောတာတွေကို မမေ့ကြပါနဲ့၊ ရဲမင်းကြီးပြောတာကို အားလုံး နားထောင်ကြပါ "
သည်တော့မှ ရဲမင်းကြီး ဆယ်လာ စကားပြောရတော့၏။
" ကျုပ်တို့ မှာ ရှိတဲ့ အာဏာကို အစွမ်းကုန် သုံးပြီး ဒီအဖြစ်ဆိုးကြီးရဲ့ တရားခံကို ဖော်ထုတ်ပေးပါ့မယ်၊ တရား ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးပါ့မယ် "
မြို့တော်ဝန် ကလည်း ထပ်ဖြည့်ပြောပြန်သည်။
" တရားခံကို ဖမ်းမိဖို့ သတင်းပေးနိုင်တဲ့လူကို ကျွန်တော်တို့ ဒေါ်လာ ငါးထောင် ဆုငွေ ချီးမြှင့်ပါ့မယ် "
တဖြည်းဖြည်းနှင့် လူအုပ်ကြီး ရှဲသွားသည်။ လူဖြူရဲသား တစ်ယောက်က သက်ပြင်းချပြီး ပြောသံ ကြားလိုက် ကြရ၏။ " အဲဒီ သင်းအုပ်ဆရာ သာ ပေါ်မလာရင် တို့အားလုံး ကြွကုန်နိုင်တယ်နော် "
လူတွေအားလုံး ရှင်းသွားတော့ ဂျိုးဘရွတ်ဆက် အိမ်တွင် ကျွန်မတို့ သွားအိပ်ကြရသည်။ နှစ်နာရီလောက် အိပ်ပျော်သွားပြီး တံခါးလာခေါက်သံကြားသဖြင့် ကျွန်မ နိုးလာသည်။ မာတင့်ကို ကျွန်မနှိုး လိုက်၏။ ပြတင်းပေါက်မှ လူ တစ်ယောက်၏ သဏ္ဍာန် ရိပ်ခနဲ မြင်လိုက်ရသည်။ မာတင် ထကြည့်သည့်အခါ ဘာမျှ မတွေ့ရတော့ပေ။
ခဏနေတော့ ဒက်ဒီကင်း၊ ခရစ္စတင်းနှင့် အေဒီတို့ ရောက်လာကြသည်။ နောက် ကျွန်မ အဖေ ပါ ရောက် လာသည်။ ဒက်ဒီကင်းက တစ်ခါတည်း လိုက်ခဲ့ဖို့ခေါ်သည်။ အမ်အိုင်အေ ကိစ္စတွေ တစ်ယောက်ယောက်နှင့် လွှဲ ထားခဲ့ဖို့ ပြောသည်။ ကျွန်မတို့ လိုက်သွားရတော့၏။
သို့သော် သိပ်မကြာလိုက်ပါ။ ကျွန်မတို့ အိမ်ပြန်ပြင်ပြီးသည်နှင့် ပြန်ပြောင်းလာခဲ့ကြ၏။ ဘော့ဘ်ဝီလျံက ညတိုင်း လာအိပ်သည်။ မာတင်မသိအောင် နှလုံးပြူး သေနတ် တစ်လက် ယူလာပြီး အိမ်တွင် ၀ှက်ထားသည်။ သို့သော် မာတင် သိသွား၏။ ချက်ချင်း သေနတ်ကို ပြန်ပို့ခိုင်းသည်။
သည်လှုပ်ရှားမှု တွင် ပါဝင် သည့် လူအားလုံး မာတင်က လက်နက်မကိုင်ဖို့ တားမြစ်ထားသည်။
ကျွန်မ တို့ အိမ်အပြင်တွင် မီးမောင်းကြီးတွေ ပတ်ပတ်လည် ထိုးထားလိုက်သည်။ ဒက်စတာ ဘုရားကျောင်းက ညစောင့် တစ်ယောက် ချထားပေးသည်။ မာတင်ကို တစ်ယောက်တည်း ကားမောင်းပြီး အပြင်မထွက် ဖို့ တောင်းပန်ထားရသည်။
ကျွန်မတို့အိမ် ကို တိုက်ခိုက်ခံရပြီး မကြာခင် အီးနစ်ဆင်အိမ်ကို လည်း ဗုံးခွဲခံရသည်။ သည်နောက်ပိုင်းတွင် ခဏငြိမ်သက်နေ သည်။ ဖေဖော်ဝါရီလထဲတွင် ကျွန်မတို့ သားအမိ အမေနှင့် အဖေ့အိမ်တွင် ခဏပြန်နေကြ သည်။ မာတင်က နက်ရှ်ဗိးသို့ ထွက်သွားသည်။ ပစ်တက္ကသိုလ် တွင် ပေးစရာ လက်ချာတွေ ကြွေးတင်နေသောကြောင့်ဖြစ် ၏။
ကျွန်မ တို့ အပြင်ရောက်နေချိန်တွင် မောင်ဂိုမာရီ တရားရေးဌာနမှ ပြည်နယ် သပိတ်တားဥပဒေ အဟောင်းမြင်းတွေ ကို တူးဆွပြီး မာတင်နှင့်အခြားခေါင်းဆောင် ၉၀ ကို တရားစွဲသည်။ ပြီးတော့ ဖမ်းဝရမ်း ထုတ်ပြီးအားလုံး ကို လိုက်ဖမ်းသည်။ မာတင်က သူ့လက်ချာကို မပြီးဘဲ ရပ်ထားခဲ့ပြီး ကျွန်မတို့ရှိရာ အတ္တလန္တာ သို့လိုက်လာသည်။ ပြီးတော့ ကျွန်မ တို့ သားအမိနှင့်အတူ မောင်ဂိုမာရီသို့ ပြန်သွားဖို့ပြင်ဆင်သည်။
သူက ဘာမှ မမှုသလိုပါပဲ။ ဒက်ဒီ ကင်းကတော့ သားအတွက် ရတက်မအေးနိုင်တော့ပေ။ အတ္တလန္တာမှာ ရှိရှိ သမျှ မြို့မိမြို့ဖတွေကို အိမ်ခေါ်ပြီး မောင်ဂိုမာရီ သို့ သူ့သား ပြန်အဖမ်းမခံဖို့ နားချခိုင်းသည်။ ရှေ့နေတွေ၊ ဘဏ် လုပ်ငန်းရှင်တွေ၊ တက္ကသိုလ်ဆရာတွေပါသည်။ သူတို့အထဲမှ မာတင့် အကြောင်း ကောင်းကောင်းသိ ထားသည့် ဒေါက်တာ မေးစ် ကမူ တစ်ခွန်းမှဝင်မပြော။ မာတင် က အားလုံးကို တလေးတစား နားထောင်ပြီး အဖြေပေးသည်။
" ကျွန်တော့် ရဲဘော် ရဲဘက်တွေ၊ ညီအစ်ကိုတော်တွေက ဟိုမှာ အဖမ်းအဆီးခံနေချိန်မှာ ကျွန်တော်က ဒီလို ပုန်းနေ လို့ ဘယ်ဖြစ်ပါ့မလဲခင်ဗျာ၊ ဒီလှုပ်ရှားမှုကို ကျွန်တော် စခဲ့တာ၊ ကျွန်တော် ခေါင်းရှောင်လိုက်ရင် ဘယ်လို ဖြစ် သွားမလဲ "
ဘယ်သူမှ သူ့ကို ငြင်းချက် မထုတ်နိုင်ကြတော့ပေ။ ဒက်ဒီကင်းက မျက်ရည်တွေတွေကျပြီး "သားရယ်၊ မင်း ဘာကိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ အဖေ့ကိုတော့ ထည့်စဉ်းစားပါကွာ" ဟု ဆိုရှာသည်။
ဒေါက်တာမေးစ် ကတော့ အားပေးသည်။ ဒဏ်ငွေ အများကြီး ဆောင်ခိုင်းရင် သူ ပေးမည်ဟု ဆိုသည်။
လူကြီးတွေ အိမ်ခေါ်မလာခင် တစ်ညက မာတင့်ကို မိသားစုတွေ ၀ိုင်းတောင်းပန်ပြီးပြီ။ သူတို့အားလုံး စိတ်ပျက် လက်ပျက် ဖြစ်နေကြ၏။ ကျွန်မက ယိုကီကလေးကို ချီပြီး အပေါ်ထပ် တက်လာခဲ့သည်။ သမီးကလေးကို ရင်ခွင် ထဲ ထည့်ပြီး ကျွန်မ စဉ်းစားသည်။ အင်း … ကျွန်မတို့ လင်မယားနှစ်ယောက်စလုံး အတွက် အသက်အန္တရာယ် ရှိနေပါပြီ လား။ စိတ်ဓာတ်အကျကြီး ကျသွားသည်။ ဆောက်တည်ရာ မရလည်း ဖြစ်နေ၏။ သို့သော် ကျွန်မ တွင် ရွေးစရာလမ်းမရှိပါ။ သူနှင့်အတူ လက်တွဲရပ်တည်ရန်မှတစ်ပါး အခြား မရှိပြီ။ သူက ကျွန်မကို စသည်။
" ကိုရီ က မောင့်ကို အောက်ထပ်မှာ တစ်ယောက်တည်း ထားသွားတယ်ကွာ၊ အပြီးများထားခဲ့ပြီလားလို့ "
လူကြီးတွေ စိုးရိမ်တကြီး ပြောနေတာတွေ ယိုကီကလေး မကြားစေလိုကြောင်း ကျွန်မရှင်းပြရသည်။
" မောင်ရယ်၊ လူတစ်ယောက်မှာ သူကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုကြုံလာစမြဲပါ၊ မောင် ဘာပဲ ဆုံးဖြတ် ဆုံးဖြတ် မောင့်အနားမှာ ကျွန်မရှိနေမယ် "
အတော် ထူးဆန်းစွာ ပင် မောင်ဂိုမာရီနှင့် ဝေးနေမှ ကျွန်မ ကြောက်စိတ်တွေ ၀င်နေ၏။ ဟိုမှာတုန်းက ကျွန်မ အနား တွင် အလွန် အားကိုးအားထားပြုရသော မာတင့်လူတွေ ၀ိုင်းဝိုင်းလည်ခဲ့သည်ကိုး။
ဒက်ဒီကင်း၏ ကားဖြင့်ကျွန်မတို့ အတ္တလန္တာမှ ထွက်ခွာခဲ့ကြသည်။ နံနက် ကိုးနာရီတွင် မောင်ဂိုမာရီ သို့ ရောက်၏။ အိမ်တွင် သတင်းထောက်တွေ၊ တီဗွီကင်မရာတွေ အသင့် စောင့်နေကြ၏။ ရော့ဖ်က အဖမ်းခံ ရသော်လည်း အာမခံဖြင့် အပြင် ရောက်နေပြီ။
ရော့ဖ်၊ မာတင်နှင့် ဒက်ဒီကင်းတို့ တရားရုံးသို့ ထွက်လာခဲ့ကြ၏။ မာတင် အဖမ်းခံတော့မည်။ ရဲက မာတင့်ကို ဖမ်းသည်။ သို့သော် အာမခံဖြင့် ပြန်လွှတ်ပေး၏။ အမ်အိုင်အေမှ ရှေ့နေတွေက သူ့အမှု ကို လျှောက်လဲချက်ပေးကြမည်။
တနင်္လာနေ့တွင် အမှုကို စတင် ကြားနာသည်။ ပရိသတ်မှာ တရားရုံးဝရန်တာတွင်ပါ ပြည့်ကျပ်နေသည်။ အားလုံး က "ဘုရားသခင်၊ သူတို့ကို ခွင့်လွှတ်တော်မူပါ" ဟူသည့် စာတန်းပါသော လက်ဝါးကပ်တိုင်ကို လည်မှာ ဆွဲလာကြသည်။
အစိုးရဘက် မှ ဘတ်စ်ကားသပိတ်ဖြစ်အောင် မာတင်လှုံ့ဆော်ခဲ့ကြောင်း လေးရက်လုံးလုံးသက်သေ အထောက် အထားတွေ တင်ပြသည်။ ကျွန်မတို့ ရှေ့နေများကလည်း ပြဿနာများစွာအနက် ဘတ်စ်ကားပြဿနာ မှာ သည်းမခံနိုင်အောက်အောင် ဆိုးရွားလာကြောင်း သက်သေသာဓက များဖြင့် လျှောက်လဲ သည်။
ကြာသပတေးနေ့တွင် နှစ်ဖက် ရှေ့နေများ စွဲချက်တင်ခြင်း၊ လျှောက်လဲချက်ပေးခြင်းကိစ္စပြီးသွားသည်။ တရားသူကြီး ယူဂ်ျးကာတာ က မလွှဲမရှောင်သာဘဲ အမိန့်ချရသည်။ "အပြစ်ရှိသည်" ဟူ၏။ " ထောင်ဒဏ် ၃၈၆ ရက် သို့မဟုတ် ဒဏ်ငွေ ဒေါ်လာ ၅၀၀ ပေးဆောင်စေရမည်" ဟူသည့် စီရင်ချက်ဖြစ်၏။
တရားသူကြီး က မာတင့်ကို ဆူပူမှု မဖြစ်အောင် ထိန်းပေးသည့်အတွက် ပြစ်ဒဏ်ကို အနည်း ဆုံး ပေးလိုက်ခြင်း ဖြစ်ကြောင်း ထည့်ပြောသေး၏။
နောင်တွင် " လွတ်လပ်ရေးပန်းတိုင်သို့ ခြေလှမ်းကျဲကျဲ" စာအုပ်တွင် မာတင်က သည်အကြောင်း ထည့်ရေး သည်။
" အစွန်းနှစ်ဖက်ကြားထဲမှာ တရားစီရင်ရတဲ့ တရားသူကြီးမင်းကို ကျွန်တော် သနားမိတယ်၊ သည် စီရင်ချက် ကိုချပြီး တစ်မျိုးသားလုံး၊ တစ်ကမ္ဘာလုံးရဲ့ ရှုတ်ချမှုကို သူ ခံရတယ်၊ အဲဒီလို မလုပ်ပြန်ရင်လည်း တစ်မြို့လုံး မှာရှိတဲ့ လူဖြူတွေနဲ့ သူ ရင်ဆိုင်ရတော့မယ်။
" တရားခွင် တစ်လျှောက်လုံး သူ ကျွန်တော့်ကို အများကြီး ယဉ်ကျေးပြနေရရှာတယ်၊ သည်လို စီရင်ချက်ဟာ သူ့ အတွက် ထွက်ပေါက်လို့ သူ တွက်ထားပုံရတယ် "
တရားရုံး ခန်းမထဲ တွင် လာရောက် နားထောင်သူတွေ အားလုံး အံကြိတ်ပြီး မျက်ရည်ကျကြသည်။ မာတင့်ကို အာမခံ ဆက်ပေးသည်။
"သင့်ကို ဘုရားသခင် စောင့်မပါစေ" ဟူသည့် ဆုတောင်းသံတွေ ဟိန်းထွက်သွားသည်။ ပြီးတော့ "ငါတို့ ဘယ်တော့မှ ဘတ်စ်ကားမစီး "ဟူသည့် သီချင်းကို သံပြိုင်ဆိုကြသည်။ ကျွန်မတို့ ရှေ့နေများက ဘတ်စ်ကားပေါ် တွင် လူမျိုးခွဲခြားသည့် ကိစ္စ ကို ပယ်ဖျက်ပေးပါရန် ပြည်ထောင်စုအစိုးရထံ ဦးတိုက် လျှောက် ထား သည်။
ပြည်ထောင်စု အစိုးရကပယ်ဖျက်ပေးဖို့ သဘောတူကြောင်းဆုံးဖြတ်သည်။ မောင်ဂိုမာရီ လူဖြူရှေ့နေ များက ပြည်ထောင်စု တရားရုံးချုပ်သို့ အယူခံ ဆက်တင်သည်။ ထိုအခါ အမှုမှာ ရက်တွေ ကြာပြီး အီနေတော့ သည်။
ဘတ်စ်ကား မစီးရေး သပိတ်ကို ဇွဲကောင်းကောင်းဖြင့် မလှန်ဘဲ ဆက်မှောက်နေကြသည်။ ခေါင်းဆောင်တွေကို တစ်ယောက်ပြီး တစ်ယောက် အပြစ်ရှာပြီး ဆွဲထည့်သည်။ ထိုအခါ လူတွေက ကြာလေ စည်းရုံးလေဖြစ် လာသည်။ ဤသို့ဖြင့် မာတင်သည် အသက် နှစ်ဆယ့်ခုနစ်နှစ် အရွယ်တွင် နိုင်ငံနှင့်အ၀န်း ကျော်ကြားသည့် လူမည်း ခေါင်းဆောင် တစ်ယောက်ဖြစ်လာတော့သည်။
ကမ္ဘာအရပ်ရပ် မှ လူမျိုးပေါင်းစုံရောက်လာပြီး သူ့ကို လိုအပ်သမျှ အကူအညီတွေပေးကြသည်။ သူတို့အထဲ တွင် လူဖြူ လစ်ဘရယ်တွေ လည်း ပါ၏။ မောင်ဂိုမာရီ လူ့အခွင့်အရေးအဖွဲ့မှ လူဖြူများလည်း ပါလာ၏။
ကျွန်မတို့ အိမ်သည် သတင်းထောက်တွေ ဧည့်သည်တွေနှင့်ပို၍ စည်ကားနေ၏။ လွတ်လွတ်လပ်လပ်နေခဲ့ သည့် ဘ၀ကလေး ပျောက်ကွယ်သွားလေပြီ။
အိုးကြီးကြီး ချက်တတ်အောင် သင်ရတော့၏။ သို့သော် သူတို့ တစ်တွေ ခူးခပ်ထားပြီး ထမင်းစားပွဲ သို့ တော်တော်နှင့် ရောက်မလာနိုင်ကြ။ ဆွေးနွေးစရာတွေက ပြတ်သည်မရှိ။ အမြဲတမ်း ဟင်းတွေ ပြန်နွှေးရ၏။
မာတင် တစ်ယောက် ခရီး ယာယီ ပိုများလာပြီ။ ဟောပြောပွဲတွေက ပြတ်သည်မရှိ။ သူက ဖိတ်သမျှ ပွဲတိုင်း လက်ခံ သည်။ ရသမျှငွေ ကို လှုပ်ရှားမှု ရန်ပုံငွေပုံးထဲထည့်သည်။ ကျွန်မတို့ လုပ်ငန်း ကျယ်ပြန့် လာနေပြီ။ ပြန်ကြားရေး လုပ်ငန်းများ အတွက် ငွေလိုလာပြီ။
၁၉၅၆ ခုနှစ် တွင် ဒီမိုကရက်တစ် အမျိုးသားညီလာခံသို့ တက်ပြီး မိန့်ခွန်းပြောရသည်။ နိုင်ငံသား အခွင့်အရေး ကိစ္စကို အလေးအနက်ထည့်ပြောသွားသည်။
မောင်ဂိုမာရီတွင် ဆောင်းဦးပေါက်ခဲ့ပြီ။ ဘတ်စ်ကား မစီးရေး တိုက်ပွဲကား အရှိန်ကောင်းနေဆဲဖြစ်၏။ သို့သော် ကျွန်မတို့လူတွေ တဖြည်းဖြည်း အားကုန်လာပြီး နှင်းရည်ဗွက်ထဲတွင် ချမ်းချမ်းစီးစီး ပင်ပန်းကြီး စွာ လျှောက်နေကြရဦးမည်ကို တွေးပြီး စိတ်ပျက်စပြုလာကြသည်။ ထိုစဉ်လူဖြူတွေက တစ်ဖက်မှ ၀က်အူ တင်းလာကြ၏။
ကြားကားဆွဲ သည့် နီဂရိုး လူမျိုးများကို ကားပေါ်မှ ဆွဲချပြီး ရိုက်နှက်သည့် ကိစ္စများ ပေါ်လာသည်။ လူမည်း ကားတွေ ကို ဆီထည့်ပေးသည့် လူမည်းပိုင် ဓာတ်ဆီဆိုင်တွေကို ဖောက်ခွဲဖျက်ဆီးသည်။ တစ်ဆင့်တက်ပြီး အန္တာရာယ် အများဆုံးခြေလှမ်းကို စတင်ဖို့ သူတို့ ပြင်ဆင်နေကြပြီ။
အောက်တိုဘာလ ၂၀ ရက်နေ့တွင် မြို့တော်ဝန် ဂေးလ်က တရားရုံးအမိန့်ဖြင့် ကြားကားများကို ပိတ်ပစ် လိုက်သည်။ ကျွန်မတို့ ရှေ့နေများက သည်ကိစ္စကို တုံ့ပြန်ဖို့ ဥပဒေကြောင်းတွေ ရှာကြဖွေကြသည်။ သို့သော် ပိုင်ပိုင်နိုင်နိုင် မရှိလှပေ။ အမှုကို နိုဝင်ဘာလ ၁၃ ရက်တွင် ရင်ဆိုင်ကြရမည်။
နိုဝင်ဘာလ နေ့ရက်များကား မှောင်မိုက်လှသည်။ ထိုအချိန်တွင် မာတင်၏ အကောင်းဆုံး တရားတစ်ပုဒ် ထွက်လာခြင်းဖြစ်၏။
သူတော်စင် စိန့်ပေါလ်က အမေရိကန် ခရစ်ယာန်များသို့ ပေးသည့်ပေးစာတစ်စောင်အကြောင်း ဇာတ်လမ်းဖွဲ့ကာ ၀တ္ထု ဆင်၍ ဟောသောတရားဖြစ်သည်။ စိန့်ပေါလ် ၏ စာထဲတွင် ဥစ္စာဓနကို စိတ်ပိုင်းဆိုင်ရာ တန်ဖိုးများဖြင့် ကာကွယ် ဖို့ အလေးအနက် တိုက်တွန်းထားသည်။ စာ၏ နိဂုံးပိုင်းတွင် " လက်ဝါးကပ်တိုင်မှ မေတ္တာတရားရဲ့ အဓိပ္ပာယ် ကို တွေ့ရှိနိုင်တယ်။
တယ်လ်ဗာရီ *ဟာ သံသရာလမ်း တစ်လျှောက်ကို မျှော်ကြည့်ဖို့ မှန်ပြောင်း တစ်လက်ပဲ၊ အဲဒီ မှန်ပြောင်းနဲ့ ကြည့်ရင် ဘုရားသခင် ရဲ့ ထာဝရ မေတ္တာတော်ကို မြင်ကြရလိမ့်မယ်"
မာတင် သည် ပရိသတ် ဗိုလ်ပုံ အလယ်တွင် သတ္တရှိရှိဇွဲကောင်းကောင်းဖြင့် တရားတွေ ဟောနေဆဲပင်ဖြစ်၏။ သို့သော် သူ့တွင် စိုးရိမ်စိတ်တွေ ၀င်နေသည်။ စိတ်မသက်မသာဖြစ်နေသည်။ သည် အကြောင်း ကျွန်မကို ရင်ဖွင့် သည်။
" လူတွေ သိပ် ပင်ပန်းနေပြီ၊ ကြားကား ကိစ္စမှာ သူတို့ နိုင်သွားလို့ရှိရင် လူတွေ ဘတ်စ်ကားပြန်စီးကြလိမ့်မယ်"
" သိပ်စိတ်မပူပါ နဲ့ မောင်ရယ်၊ တရား လွှတ်တော်ချုပ်က ကျွန်မတို့တက်ပါမှာပါ "
ကျွန်မ ယုံယုံကြည်ကြည် ပြောမိလေသလား မသိပါ။ သူ စိတ်သက်သာရာ ရစေချင်တာတော့ အမှန်ဖြစ်ပါ သည်။
တရားလွှတ်တော်ချုပ်မှ စီရင်ချက် မချမီ တစ်ရက်တွင် မာတင်လူထု အစည်းအဝေး မိန့်ခွန်းပြောပါ သည်။ တောင်းဆိုချက်တွေ ရကို ရရမည်ဟု သူက ထည့်ပြောသွားသည်။
" ကျွန်တော် တို့က ဒီလပိုင်းတွေမှာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းသတ္တိရှိရှိ၊ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ကြတာပဲ၊ လမ်းမရှိ တဲ့ နေရာမှာ လမ်းဖောက်ရမြယ်လို့ ကျွန်တော်တို့ စွဲစွဲမြဲမြဲ ယုံကြည်ထားကြရမယ်"
* တယ်လ်ဗာရီ - ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် ကားစင်တင်၍ကွပ်မျက်သည့်အရပ်
ထိုည သူ အိမ်ပြန်ရောက်လာတော့ သူ့ကို ကြည့်ပြီး ကျွန်မ သနားနေသည်။ ကျွန်မတို့ လူတွေအတွက်လည်း ရင်လေးနေ မိ၏။
နောက်တစ်နေ့ နံနက်တွင် တရားရုံးမှ ဆင့်ခေါ်သဖြင့် တရားသူကြီးကာတာနှင့် ကျွန်မတို့ သွားတွေ့ကြ ရပြန် သည်။ ကြားကားများကြောင့် တရားဝင် ဘတ်စ်ကားလိုင်းများ ၀င်ငွေ ကျဆင်းသွားသည့် အတွက် ဒေါ်လာ တစ်သောင်းငါးထောင် ပေးဆောင်ရမည်ဟု ဘတ်စ်ကားလိုင်းက တရားရုံးသို့ လျှောက်ထားလာသည်တဲ့။ သိပ် အားမပါသော တောင်းဆိုမှုအကြောင်း နှစ်ဖက် ရှေ့နေတွေ ဆက်ဆွေးနွေးကြသည်။ တရားသူကြီးက ကျွန်မတို့ ဘက်က လိုက်မည့်သဘောရှိနေသည်။
နေ့လယ်ပိုင်းတွင် သူတို့ မျက်နှာတွေ တစ်မျိုးဖြစ်သွားကြသည်။ တီးတိုး တီးတိုး လုပ်ပြီး မြို့တော်ဝန် ဂေးလ်နှင့် တရားသူကြီး ကာတာအပြင် ထွက်သွားကြသည်။ သူတို့ဘက်မှ ရှေ့နေ နှစ်ယောက်လည်း နောက်မှ ထလိုက် သွားကြ၏။ သတင်းထောက် စ်ယောက်က မာတင့် လက်ထဲသို့ စာရွက်ခေါက်ကလေးတစ်ခု ထိုးထည့်ပေးသွားသည်။
မာတင် က သူ့လူတွေကို ဖတ်ပြသည်။ ပြီးတော့ ကျွန်မ ထိုင်နေသည့်ဘက်သို့ လှည့်ပြီး အားရပါးရ ပြုံးပြသည်။ ပြီးတော့ မတ်တတ်ထရပ်သည်။
" ကဲ အားလုံး နားထောင်ကြပါ၊ အမေရိက ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီနေ့ အမိန့်ချမှတ်လိုက် ပါပြီ၊ အယ်လာဘားမား ပြည်နယ်မှာ လူဖြူ လူမည်းခွဲခြားထားတဲ့ ဥပဒေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနဲ့ မညီသဖြင့် ယင်းဥပဒေ ကို ဖျက်သိမ်းရမည်တဲ့ "
တရားရုံးထဲ မှ လူမည်းအားလုံး ၀မ်းသာအားရ လက်ခုပ်တီးကြသည်။ အဘိုးအို တစ်ယောက်က ထအော်သည်။ " ဒါဟာ ၀ါရှင်တန် ကနေပြီး ဘုရားသခင် ကိုယ်တော်တိုင် ပြောလိုက်တဲ့စကားပဲ "
ဝါရှင်တန် မြို့တော်က သည်လို အမိန့်ချလိုက်လို့ ကျွန်မတို့ ဒုက္ခတွေ ရုတ်ခြည်း ရပ်သွားသည်တော့မဟုတ်ပါ။ အဆင့်ဆင့် အမိန့်တွေ၊ ပြန်တမ်းတွေ ထုတ်ရမှာမို့ မောင်ဂိုမာရီသို့ ရောက်ဖို့ လနှင့်ချီပြီး ကြာနိုင်ပါသည်။
တရားသူကြီး ကာတာက ကြားကား ကိစ္စကို ကျွန်မတို့အား အနိုင်ပေးလိုက်သည်။ ခုတော့ သည်ကိစ္စ သိပ်အဓိက မကျတော့ပေ။
မာတင်က လူထု အစည်းအဝေးခေါ်လိုက်သည်။ မောင်ဂိုမာရီတွင် လူမည်းဦးရေ တစ်သောင်းငါးထောင်ရှိ သည်။ ထိုညတွင် လူရှစ်ထောင်ကျော် ထွက်လာကြသည်။ ဘုရားကျောင်းနှစ်ကျောင်းတွင် အချိန်ခွဲပြီး ကျင်းပရ၏။
မာတင်က အမ်အိုင်အေ ခေါင်းဆောင်များအား တိုက်ပွဲကို ရပ်ဆိုင်းဖို့ အဆိုပြုသည်။ သို့သော် ဘတ်စ်ကား ပြန်စီးဖို့တော့ နှောင့်နှေးနေကြသေး၏။ ၀ါရှင်တန်မှ အမိန့်က မောင်ဂိုမာရီသို့ ရောက်မလာသေးပေ။ နီဂရိုး ဘုန်းတော်ကြီး ဘော့ဘ်ခရက်ဇ်ကလည်း မာတင်ကို ကူပြီး တရားဟောသည်။ ဂိုဏ်းအုပ်များအတွက် နီတိ မှ အစ ကောရိန်သု (Corinthians) မြို့သားများ ဇာတ်တော်ထိ အမှီအကိုးပြု ဟောကြားသည်။
" ငါသည် တောင်တန်းများကို ရွှေ့ပြောင်းပစ်နိုင်သည့် ဘာသာရေး ယုံကြည်မှု ရှိငြားလည်း ငါ့တွင် ချစ်ခြင်းမေတ္တာ မရှိလျှင် ငါသည် ဘာမျှ မဟုတ်တော့၊ ငါသည် ငယ်စဉ် ကလေးဘ၀တွင် ကလေးတစ်ယောက်လို စကားပြောခဲ့သည်။ ကလေးတစ်ယောက်လို နားလည်ခဲ့သည်၊ ကလေးတစ်ယောက်လို တွေးခဲ့သည်၊ လူကြီးဖြစ်လာသော အခါ ကလေးဘ၀က အမူအကျင့်တွေကို အားလုံးစွန့်လွှတ်ခဲ့ရသည်"
ပရိသတ်က မတ်တတ်ထပြီး အော်ဟစ်ထောက်ခံကြသည်။ လက်ကိုင်ပ၀ါတွေ ဝှေ့ယမ်းကောင်းချီးပေးကြ သည်။ သူတို့ တစ်တွေကလေးဘ၀ကို လွန်မြောက်ခဲ့ကြပြီဖြစ်ကြောင်း သူတို့ သိကြပါ၏။
ထိုညတွင် ပင် ကေသုံးလုံးတွေ စတင် လှုပ်ရှားသည်။ လူငါးဆယ်ခန့်ကားတစ်စီးအပြည့် ပါလာသည်။ ဦးခေါင်း ချွန်ချွန် ၀တ်ရုံဖြူတွေ ကိုယ်စီခြုံလျက်။ နီဂရိုးရပ်ကွက်ထဲကို ကားဖြတ်မောင်းလာသည်။ သူတို့ သည်လိုလှုပ်ရှားလျှင် လမ်းပေါ်တွင် ကျီးနှင့် ဖုတ်ဖုတ်ဖြစ်သွားတတ်၏။ အိမ်တိုင်း ပြတင်းပေါက်တွေ၊ မီးတွေကို အလန့်တကြား ပိတ်ပစ်ကြ၏။ သည်ညတွင်တော့ သည်လို မဟုတ်ပြီ။ အိမ်တိုင်း ပြတင်းပေါက်တွေ ဖွင့်လျက်သား။ မီးတွေလည်း ထိန်ထိန်ညီးထွန်းမြဲထွန်းလျက်။ နီဂရိုးလူမျိုးတွေ ဟိုတစ်စု သည်တစ်စုရပ်ကာ ဣနြေ္ဒမပျက် စကား တပြောပြောနှင့်။ အချို့က ၀ရန်တာတွင် ထွက်ပြီး ထိုင်နေကြ သည်။
သည်မြင်ကွင်းကို မာတင်က အားရ ကျေနပ်စွာဖြင့် ပြောပြသည်။
" သူတို့ ကြည့်ရတာ၊ ဆပ်ကပ်ပွဲ ကြည့်နေကြသလိုပဲ "
ပထမဆုံး အောင်ပွဲခံလိုက်ရပြီဖြစ်၍ သူတို့ အကြောက်တရားတွေ လျော့ကျသွားပြီ။ မဖြုံတော့။ သည်အကြောင်း ကေသုံးလုံးတွေ သိသွားကြပြီ။ မလှမ်းမကမ်း ရောက်တော့ သူတို့ကား ချိုးကွေ့ ပျောက်ကွယ် သွားသည်။
ကျွန်မ တို့က ဘတ်စ်ကားပြန်စီးကြဖို့ စာရွက်တွေဝေပြီး စည်းရုံးကြရသည်။ ဘယ်လိုပြုမူ နေထိုင်ကြရမည် ကိုလည်း ကျွန်မတို့ လူတွေအား သင်ပေးကြရသည်။ လူဖြူတွေက မကျေမနပ်ဖြစ်ပြီး ရိုင်းပျ လျှင် လည်း ပြန်မရိုင်း ဖို့ ပညာပေးရသည်။ လူဖြူ လူမည်း ရောစီးနိုင်ပြီဖြစ်သော်လည်း တတ်နိုင်သမျှ သူတို့ နှင့် ဝေးဝေး စီးကြ ရန်၊ ခုံလွတ်ရှိနေလျှင် သူတို့နှင့် ကပ်မထိုင်ဘဲ လွတ်သည့် ထိုင်ခုံ တွင် ထိုင်ရန် စသည် စသည် များ။ သည်တိုက်ပွဲ ကို နိုင်လိုက်သဖြင့် အောင်ပွဲရပြီဟု မမှတ်ယူရန် မာတင်က သတိပေးသည်။
ကျွန်မတို့က ဘတ်စ်ကားခုံပုံစံ အတိုင်း ခုံတွေစီပြီး အစမ်းလေ့ကျင့်ခန်းပင် လုပ်ပေးသည်။ တစ်ယောက်က ဒရိုင်ဘာ လုပ်သည်။ တချို့က လူဖြူခရီးသည် လုပ်သည်။ တချို့က လူမည်း ခရီးသည်။
လူဖြူ ခရီးသည်တွေ ထဲမှာ ယဉ်ကျေးသူ ပါသလို ရိုင်းပျသူ များလည်းပါသည်။ နီဂရိုး များက စော်ကားမော်ကား လုပ်သူများကို ယဉ်ယဉ်ကျေးကျေးတုံ့ပြန်သည်။
သည်လို သည်လို သရုပ်ပြပြီး မာတင် က သူ့လူတွေကို သင်တန်းပေးသည်။
သို့သော် တကယ့် တကယ်တွင် ထင်သလောက် မလွယ်ပါ။ လူဖြူတွေက ခြိမ်းခြောက်သည်။ လူဖြူ လူမည်း ရောစီးရမည်ဆိုလျှင် ပေတစ်ရာတစ်လျှောက် သွေးချောင်းစီးစေရမည်တဲ့။ မာတင့်ဆီသို့ စာ တစ်စောင် ရောက်လာသည်။ သူ့ အိမ် အပါအ၀င် အိမ်ငါးဆယ် မီးရှို့မည်တဲ့။ သည်အဖြစ်မျိုး မရောက်စေချင် လျှင် လူမည်းတွေကို လူဖြူတွေနှင့် ရောမစီးပါစေနဲ့ဟူ၍ဖြစ်၏။ သည်လို အခြေအနေတွင် ရှိနေစဉ် အမိန့်ထွက် မည့်ရက်က တဖြည်းဖြည်းနီးလာနေပြီ။
သည်အခြေအနေမှာတွင် ရန်ပုံငွေ ရှာဖွေရေးအတွက် နယူးယောက်တွင် ပြဇာတ်ကဖို့ ကျွန်မတို့ စီစဉ်ကြ သည်။ အမ်အိုင်အေ မှ မစ္စက် ရော့ဖ်ဘန့်ခ်ျနှင့် မစ္စက် ရွိုင်းဝီလ်ကင်တို့ ဦးဆောင်ကြ၏။ နာမည်ကျော် မင်းသားကြီးတွေ ပါအောင် သူတို့ စည်းရုံးကြသည်။ ဂျူစ်အယ်လင်တန်နှင့် ဟယ်ရီ ဘယ်လဖောင်တီတို့ ပါလာ၏။ ဟယ်ရီကို ကျွန်မ ပထမဆုံးတွေ့ဖူးခြင်းဖြစ်၏။ နောင်တွင် ကျွန်မတို့၏ ယုံကြည်စိတ်ချရဆုံး မိတ်ဆွေဖြစ်လာ၏။
မင်ဟက်တန် ရိပ်သာတွင် လူတွေ တိုးမပေါက်အောင် စည်ကားသောည။
ကျွန်မက မောင်ဂိုမာရီဇာတ်လမ်းကို စကားပြေနှင့်ရော သီချင်းနှင့်ပါတွဲပြီး ပြောပြ၊ ဆိုပြသည်။ ကျွန်မ၏ ၀ိညာဉ်ကိုပါ မြှုပ်နှံပြီး ရွတ်ဆိုသည်။
" အို အရှင်၊ တပည့်တော်မ မှာ တစ်ဖန် မွေးဖွားလာပြီးဖြစ်သောကြောင့် ရပ်တန့်နေ၍ မဖြစ်တော့ပါ၊ ပြန်လှည့်၍ မဖြစ်နိုင်တော့ ပါ "
သည့်နောက် သီချင်း တစ်ပုဒ်ဖြင့် ဖြေဖျော်ပါသည်။ ပြီးတော့ စကားဆက်ပြောသည်။
" မိတ်ဆွေ အပေါင်းတို့ရှင့်၊ ကျွန်မတို့ လက်တွေဟာ ထွန်တုံး ထွန်သန် တွေပေါ်မှာ ရှိနေကြပါတယ်၊ ဆက်လက် ထွန်ယက်ကြပါ စို့၊ ဘာဖြစ်လို့လဲ ဆိုတော့ မောင်ဂိုမာရီကို အသစ်တစ်ဖန်ပြန်လည် မွေးဖွားဖို့ သီးနှံ အသစ်တွေ ဝေဆာနေဖို့ ကျွန်မ တို့ ဆုံးဖြတ်ပြီး ဖြစ်နေလို့ပါပဲ၊ မောင်ဂိုမာရီကို အမေရိကန် တောင်ပိုင်း ရဲ့ ပြယုဂ် တစ်ခုဖြစ်အောင် ကျွန်မတို့ သန္နိဋ္ဌာန်ချထားပြီးဖြစ်လို့ပါပဲ၊ အဲဒီနည်းနဲ့ ဆန်းသစ်တဲ့ အမေရိက ပြည်ထောင်စု ဖြစ် လာအောင် ကျွန်မ တို့ လုပ်ကြရပါမယ်။
တရားမျှတတဲ့၊ လွတ်လပ်တဲ့ ပြည်ထောင်စု ဖြစ်အောင် လုပ်ကြရပါ့မယ်။ အဲဒီနေရာမှာ ကျွန်မတို့ စွဲစွဲမြဲမြဲ ယုံကြည်နေတာ ရှိပါတယ်၊ ဘုရားသခင်ဟာ ကျွန်မတို့ ဘက်မှာ ရှိနေပါတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် လွတ်လပ်တဲ့၊ မျှတတဲ့၊ တန်းတူ အခွင့်အရေးရှိတဲ့ အမှန်တရားဟာ လူတိုင်း လူတိုင်းအတွက် အမျိုးသမီးတိုင်း၊ ကလေးတိုင်း အတွက် မုချ ပေါ်လာရမှာပါ "
နိဂုံးချုပ် အနေဖြင့် မာတင် အကြိုက်ဆုံး "ဂုဏ်ယူပါ၊ ဂုဏ်ပြုပါ" သီချင်းကို ကျွန်မ လှလှပပဆိုပြလိုက်ပါတယ်။
" မြစ်ကမ်းနဖူးမှာ၊
ယေရှု က ဖယောင်းတိုင် ထွန်းခဲ့တယ်
ကလေးများ ရဲ့ နှစ်ခြင်းကို
ကိုယ်တော်အရှင် ကြည့်မြင်တော်မူတယ်
ဂုဏ်ယူပါ၊ ဂုဏ်ပြုပါ၊
ယဖ်ပူဇော်ထား တဲ့ သိုးကလေးရဲ့ရှေ့မှာ
အို … ကလေးတို့
နှစ်ခြင်း အလို့ငှာ သွားကြစို့
မြစ်ကမ်းနဘေးမှ လှပတဲ့ ဆုံစည်းရာဆီသို့
ဂုဏ်ပြုပါ၊ ဂုဏ်ယူပါ၊
ယဇ်ပူဇော်ထား တဲ့ သိုးကလေးရဲ့ရှေ့မှာ …"
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ မောင်ဂိုမာရီသို့ အမိန့်စာရောက်လာသည်။ မြို့တော်ဝန် ဂေးလ် က အမိန့်အတိုင်း လိုက်နာဆောင်ရွက်ပါမည့်အကြောင်း ကြေညာသည်။
လူထု အစည်းအဝေးပွဲ တွင် မနက်ဖြန်မှ စပြီး ဘတ်စ်ကားစီးကြမည်ဟု မာတင် က ကြေညာ လိုက် သည်။ နောက်ဆုံးအနေဖြင့် လူဖြူတွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့၊ စိတ်ရှည်ဖို့၊ အလျှော့အတင်း လုပ်ပြီး သည်းခံ ဖို့ သူက ပရိသတ်ကို ထပ်ပြောသည်။
ဆက်ရန်
.

No comments:
Post a Comment