''ဒီလိုကိစ္စမျိုး ကြုံလာပြီ ဆိုရင် မက်ဇင်မ်ဟာ သိပ်အံ့သြ စရာကောင်းတယ်။
သူတက်နိုင်သ လောက် အစွမ်းကုန် ကူညီတော့တာပဲ။ ကြည့်နေ ..အဲဒီ ဒုက္ခသည်တွေကို
မန်ဒါင်္လေကိုဖိတ်ပြီး ကျွေးဦးမယ် အိပ်ရာနေရာတွေ ပေးဦး မယ်'' ဟု ဖရင့်
ကပြောသည်။ ကို ဆက်ဖတ်ရန်..........
"ဟုတ်ပါ့ဗျာ… ကျောသားရင်သား မခွဲဘူး။ စိမ်းတာ ကျက်တာမခွဲဘူး။ ကျွန်တော်တို့နယ်မှာ သူလိုလူ မျိုး များများ စားစားရှိရင် ဘယ်လောက်ကောင်းလိုက်မလဲနော်…" ဟု ကမ်းခြေစောင့်အရာရှိက ပြော သည်။
"သိပ်ကောင်းတာပေါ့ဗျာ" ဟု ဖရင့်က ပြောသည်။
နစ်နေသည့်သင်္ဘောကို ကျွန်မတို့ လှမ်းကြည့်လိုက်ကြသည်။ အလုပ်ရှုပ်နေကြဆဲပင် ရှိသည်။ အသက် ကယ်မော်တော် တစ်စင်း ကားရစ်ဘက်သို့ ပြန်လည်ခုတ်မောင်းသွားသည်ကို တွေ့ရသည်။ ကမ်းခြေ စောင့် အရာရှိ က ဦးထုပ်ချွတ်ပြီး နဖူးမှချွေးများကို သုတ်နေသည်။
"လေလဲ မတိုက်ဘူးဗျာ… အိုက်လိုက်တာ…"
"ဟုတ်တယ်… လေမတိုက်ဘူး" ဟု ကျွန်မက ဝင်ပြောသည်။
နစ်နေသည် သင်္ဘောကိုပတ်ချာလှည့်ပြီး ဓာတ်ပုံရိုက်နေသော အပျော်ခရီးထွက်လာသူများသင်္ဘော သည် ကားရစ်ဘက်သို့ ပြန်လည်ခုတ်မောင်းသွားလေပြီ။
"စိတ်ပျက်သွားပြီနဲ့ တူတယ်" ဟု ကမ်းခြေစောင့်အရာရှိက ပြောသည်။
"သူတို့အဖို့ ပြန်တာလဲ ကောင်းပါတယ်။ တော်တော်နဲ့ ပြီးဦးမှာလဲ မဟုတ်ဘဲ။ ရေငုပ်သမားက သူတွေ့ တာတွေ ပြန်ပြီး အစီရင်ခံရဦးမယ်။ ပြီးတော့မှ ဘာဆကလုပ်ကြရမယ်ဆိုတာ ဆုံးဖြတ်ကြရမှာ မဟုတ် လား။ ကျွန်တော် တို့လဲ ဒီမှာဆက်နေရင် အလကားအချိန်ဖြုန်းနေတာနဲ့ အတူတူပဲ။ ဘာမှလဲ ကိုယ် တတ်နိုင် တာမဟုတ်ဘူး။ ကျွန်တော် နေ့လယ်စာ ပြန်စားလိုက်ဦးမယ်" ဟု ဖရင့်က ပြောသည်။
ကျွန်မက ဘာမျှမပြော။ ဖရင့်က တုံ့ဆိုင်းဆိုင်းလုပ်နေသည်။ ကျွန်မကို သူ ကြည့်နေကြောင်း အလိုလို သိပါ သည်။
"မစ္စက်ဒီဝင်းတားရော ဘာလုပ်နေဦးမလဲ"
"ကျွန်မတော့ ခဏနေလိုက်ဦးမယ်။ နောက်မှပဲ နေ့လယ်စာ သွားစားတော့မယ်၊ ရေငုပ်သမား ဘာလုပ် မလဲ ဆိုတာ ကြည့်ချင်သေးလို့"
ဖရင့်နှင့် အတူ ကျွန်မ လိုက်မသွားလိုပါ။ သည်အချိန်မျိုးတွင် သူနှင့်လည်း မျက်နှာချင်းမဆိုင်လိုပါ။ ကျွန်မ တစ်ယောက်တည်း နေလိုသည်။ သို့တည်းမဟုတ် ကမ်းခြေစောင့်အရာရှိလို ကျွန်မ မသိသူများ နှင့်သာ အတူနေချင် စိတ်ပေါ်နေသည်။
"ဘာမှလဲ လှမ်းမြင်ရမှာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ပြန်လိုက်ပြီး နေ့လယ်စာ စားလိုက်ပါလား"
"နေပါစေ… နေပါစေတော့"
"ကောင်းပြီလေ… ကျွန်တော် တစ်နေကုန် ရုံးမှာရှိနေမယ်။ ကိစ္စရှိရင် ခေါ်လိုက်ပါ"
"ကောင်းပါပြီရှင်"
ဖရင့် က ကမ်းခြေစောင့်အရာရှိကို နှုတ်ဆက်ပြီး ထွက်သွားသည်။ သူ့ကို ကလန်ကဆန်များ လုပ်လိုက် မိ လေသလားဟု ကျွန်မ တွေးနေမိပါသည်။ သည်ပြဿနာအားလုံးကို တစ်နေ့မှာတော့ ရှင်းရလင်းရပေ လိမ့်မည်။ တယ်လီဖုန်းထဲမှနေ၍ သူ့ကို ကျွန်မ ပြောခဲ့သည်များမှာ နှုတ်လွန်ကောင်း လွန်ပါလိမ့်မည်။ သည်အကြောင်းတွေ ကို ပြန်မစဉ်းစားချင်တော့။ သည်အချိန်တွင် သည်နေရာမှာထိုင်ပြီး သင်္ဘောကို သာ ငေးကြည့်နေချင် သည်။
"မစ္စတာဖရ်ာလေဟာ လူတော် လူကောင်းဗျ" ဟု ကမ်းခြေစောင့် အရာရှိက ပြောသည်။
"ဟုတ်ပါတယ်ရှင်"
"မစ္စတာဒီဝင်းတား အဖို့တော့ ညာလက်ရုံးတစ်ဖက်ပါပဲ"
"မှန်ပါတယ်ရှင်"
စောစောက ကလေးငယ်သည် ကျွန်မတို့ရှေ့ရှိ မြက်ခင်းပေါ်မှာ ဆော့ကစားနေသည်။
"ရေငုပ်သမား ဘယ်တော့ ပြန်ပေါ်လာမှာလဲ ဟင်" ဟု သူက မေးသည်။
"အခုချက်ချင်း တက်လာဦးမှာ မဟုတ်ဘူး ကလေး"
ကမ်းခြေစောင့်အရာရှိ စကားအဆုံးတွင် ပန်းရောင်ဂါဝန်ဝတ်ထား သည့် အမျိုးသမီးတစ်ယောက် ကျွန်မ တို့ဘက်သို့ လျှောက်လာသည်ကို တွေ့ရသည်။
"ချာလီ… ချာလီ… သား ဘယ်ရောက်နေသလဲ" ဟုလည်း လှမ်းအော်ခေါ်သည်။
"ဟောဟို မှာ မင်းအမေ လိုက်ခေါ်နေပြီ" ဟု ကမ်းခြေစောင့်အရာရှိက ပြောသည်။
"ရေငုပ်သမား ကို သား မြင်လိုက်ရတယ် မေမေ"
အမျိုးသမီး က ကျွန်မတို့ကို ခေါင်းညိတ်ပြီး ပြုံးပြကာ နှုတ်ဆက်သည်။ ကျွန်မကို သူ မသိပါ။ သူလည်း ကားရစ်ဘက် မှ ပျော်ပွဲစားထွက်လာသူဖြစ်သည်။
"စိတ်ဝင်စားစရာ မရှိတော့ပါဘူးနော်… ဒီသင်္ဘောကို ဒီအတိုင်း ရက် တော်တော်ကြာအောင် ထားရဦး မယ်လို့ ဟိုဘက်က လူတွေ ပြောနေကြတယ်" ဟု အမျိုးသမီးက ပြောသည်။
"ရေငုပ် သမား ပြန်တင်ပြမယ့် သတင်းကို စောင့်နေကြပါတယ်" ဟု ကမ်းခြေစောင့်အရာရှိက ပြော သည်။
"မေမေ… သားလဲ ရေငုပ်သမား လုပ်ချင်တယ်"
"ဖေဖေ့ကိုပြောလေ သားရဲ့…" အမျိုးသမီးက ကျွန်မတို့ကို လှမ်းကြည့်ပြီး ရယ်ပြသည်။ "ဒီနေရာ သိပ် သာယာတာ ပဲနော်…" ဟု ကျွန်မကို လှမ်းပြောသည်။ "ကျွန်မတို့ ပျော်ပွဲစားထွက်လာကြတာ။ မြူတွေ ဒါလောက် ပိတ်သွားမယ်မထင်ဘူး။ မြူတွေပိတ်တာနဲ့ ပြန်ကြမယ်လုပ်နေတုန်း ဒုံးကျည်ပစ်သံ ကြားရ တာပဲ။ ရုတ်တရက်မို့ ကျွန်မဖြင့် လန့်လိုက်တာ။ ကျွန်မယောက်ျားက သင်္ဘောတစ်စီးစီးတော့ တစ်ခုခု ဖြစ်ပြီထင်တယ်။ စောင့်ကြည့်ကြဦးစို့ဆိုပြီး ကြည့်နေတာ။ အခုတော့ ဘာမှလဲ ဟုတ္တိပတ္တိ ကြည့်စရာမရှိ ပါဘူး ရှင်"
"ဟုတ်ပါတယ်။ အခုအချိန် မှာတော့ ကြည့်စရာမရှိသေးပါဘူး" ဟု ကမ်းခြေစောင့်အရာရှိက ပြန်ပြော သည်။
"ဟာဟိုသစ်တောကြီး သိပ်လှတာပဲနော်…။ ကိုယ်ပိုင်သစ်တောကြီးနဲ့တူတယ်" အမျိုးသမီးက ကျွန်မတို့ ၏မန်ဒါလေ စံအိမ်ကြီးကို လှမ်းကြည့်ပြီး ပြောသည်။
ကမ်းခြေစောင့် အရာရှိက ချောင်းဆိုးနေသည်။ ကျွန်မကိုလည်း ကွက်ကနဲ တစ်ချက် လှမ်းကြည့်လိုက် သည်။ ကျွန်မကတော့ မျက်နှာလွှဲထားရင် မြက်ပင်ကလေးများ ကို ဝါးနေမိသည်။
"ဟုတ်တယ်ခင်ဗျ… ကိုယ်ပိုင်သစ်တောတွေပါ"
"အဲဒီသစ်တောကြီးတွေကို ပိုင်ပြီး ဗိုလ်တဲကလေးတွေ ဆောက်ထားရရင် ဘယ်လောက်ကောင်းမလဲ လို့ ကျွန်မယောက်ျား က ပြောတယ်။ ဆောင်းရာသီကျရင် ဒီဘက်မှာ သိပ်အေးမှာပဲနော်"
"ဒါလောက် လဲ မဟုတ်ပါဘူး ခင်ဗျာ။ အင်မတန် နေလို့ထိုင်လို့ကောင်းပါတယ်"
ကျွန်မကမူ မြက်ပင်များကို ဝါးမြဲဝါးနေသည်။ ကလေးငယ်က လှည့်ပတ်ပြေးရင်း ဆော့နေသည်။ ကမ်း ခြေစောင့်အရာရှိက လက်ပတ်နာရီကို ငုံ့ကြည့်သည်။
"အင်း… ကျွန်တော်လဲ ပြန်လိုက်ဦးမှ…" ဟု ပြောပြီး ကျွန်မကို အလေးပြုကာ ထွက်သွားသည်။
"ချာလီ… ပြန်လာခဲ့… ဖေဖေ့ဆီ သွားကြစို့" အမျိုးသမီးက သူ့သားကို လှမ်းခေါ်သည်။ ပြီးတော့ ကျွန်မ ကို ရင်းရင်းနှီးနှီးပြုံးပြကာ နှုတ်ဆက် ထွက်သွားသည်။ သားလေးက သူ့နောက်မှ ပြေးလိုက်သွားသည်။ ချုံပုတ် ကလေးများအနီးသို့ ရောက်သောအခါ ဝိုင်းထိုင်ကြပြီး စားစရာအထုပ်များကို ဖြေနေကြသည်။
ကျွန်မလည်း မည်သူဖြစ်ကြောင်း ပြောပြကာ သူတို့နှင့်သွားရောပြီး အတူစားနေလိုက်ချင်သည်။ စိတ် လွတ် လက်လွတ် ရယ်မောနေလိုက်ချင်သည်။ ပြီးတော့ မန်ဒါလေစံအိမ်ကြီးသို့ တစ်ယောက်တည်းပြန် သွားပြီး မက်ဇင်မ် ပြန်အလာ ကို စောင့်နေရမည့်အစား သူတို့နှင့်အတူ ကားရစ်သို့လိုက်သွားချင်စိတ် ပေါ်လာသည်။
မက်ဇင်မ်နှင့်တွေ့လျှင် ဘာစကားတွေ အပြန်အလှန်ပြောရမည်ကို မသိပါ။ ကျွန်မကို သူ ဘယ်လို ကြည့်မည် ဆိုသည်ကိုလည်း မသိပါ။ သူ့အသံ ဘယ်လိုရှိမည်ဆိုသည်ကိုလည်း မသိပါ။ သည်ကမ်းခြေ မှာပဲ ကျွန်မ ဆက်ထိုင်နေချင် ပါသည်။ နေ့လယ်စာအကြောင်းလည်း မစဉ်းစားမိတော့ပါ။
ကမ်းပါးပေါ်သို့ လူတွေ ထပ်ရောက်လာပြန်သည်။ သင်္ဘောနစ်သည့်ကိစ္စကို လူတိုင်းစိတ်ဝင်စားနေကြ သည်။ ကားရစ် ဆိပ်ကမ်းဘက်မှာ မော်တော်ကလေးများ တစ်စီးပြီးတစ်စီး ထပ်ရောက်လာကြပြန် သည်။ ကားရစ် မှ မော်တော်သမားများ ကောင်းကောင်းအလုပ်ဖြစ်နေကြပုံ ပေါ်သည်။ ရေငုပ်သမား ပြန်တက်လာသည်။ ပြီးတော့ ပြန်ငုတ် သွားပြန်သည်။ ဆွဲသင်္ဘောတစ်စီး က ကားရစ်ဘက်သို့ ပြန်မောင်း သွားသည်။
ဆိပ်ကမ်းအုပ်ချုပ်ရေးမှူးက အညိုရောင်မော်တော်ဘုတ်နှင့် ပြန်ထွက်သွားသည်။ သူနှင့်အတူ လူအချို့ ပြန်လိုက်သွားကြသည်။ ရေငုပ်သမား ပြန်ပေါ်လာပြန်သည်။ ဘာမှ ထူးထူးခြားခြားလည်းမရှိ။ စောစော က ပန်းရောင် ဂါဝန်နှင့် အမျိုးသမိးသည် ကမ်းခြေအတိုင်း ကားရစ်ဘက်သို့ ပြန်လျှောက်သွားသည်။ သူ့ သားနှင့် သူ့ယောက်ျား က နောက်မှလိုက်သွားကြသည်။
လက်ပတ်နာရီကို ကျွန်မ ငုံ့ကြည့်မိသည်။ သုံးနာရီကျော်ပြီ။ ပင်လယ်ကွေ့ကလေးဆီသို့ လျှောက်လာခဲ့ သည်။ အခါတိုင်းလိုပင် လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေသည်။ ကျောက်စရစ်ခဲ ရောပြွန်းသည့်သဲသောင် ပြင်ပေါ်မှာ ကျွန်မ၏ခြေသံကို ကြားနေရသည်။ ကောင်းကင်မှ တိမ်ဆိုင်တိမ်လိပ်များ ဖုံးကား မိုးအုံ့နေ သည်။ အိုက်စပ်စပ် လည်းဖြစ်နေသည်။ ကျောက်ဆောင်ကြီးမှာ ကုန်းပြီး ခရုရှာနေသည့် ဘင်းကို တွေ့ ရသည်။ သူက မော့ကြည့် သည်။
"မင်္ဂလာပါ"
သူ ပြုံးရွှင်စွာဖြင့် ဆီးကြိုနှုတ်ဆက်သည်။
"မင်္ဂလာပါ"
ထိုင်ရာမှထပြီး ညစ်ပတ်ပေရေနေသည့် လက်ကိုင်ပဝါကို ဖြန့်ကာ ခရုများ ထုတ်ပြသည်။
"ခရု စားသလား" ဟု သူက မေးသည်။
သူ စိတ်အနှောင့်အယှက်ဖြစ်သွားမည်ကို ကျွန်မ မလိုလားပါ။
"ကျေးဇူးတင်ပါတယ်"
သူက လက်ကိုင်ပဝါထဲ မှ ခရုများကို ကျွန်မ၏လက်ဝါးထဲသို့ သွန်ထည့်လိုက်သည်။ တစ်ဒါဇင်လောက် ရှိပေ လိမ့်မည်။ ကျွန်မက စကတ်အိပ် ထဲမှာ ထည့်ထားလိုက်သည်။
"ပေါင်မုန့်ထောပတ်သုတ် နဲ့ စားရင် သိပ်ကောင်းတယ်။ မစားခင် အလျင်ပြုတ်လိုက်ဦး"
"ဟုတ်ကဲ့… ကောင်းပါပြီ"
သူက မတ်တတ်ရပ်ရင်း ကျွန်မကို ပြုံးကြည့်နေပြန်သည်။
"သင်္ဘော ကို မြင်ပြီးပြီလား"
"မြင်ပြီးပြီ…။ သောင်တင်သွားတာလေ…"
"အာ…"
"အောက်က ကျောက်ဆောင်နဲ့ ဝင်တိုက်တာလေ…။ ဝမ်းဗိုက်ပေါက်သွားတယ်လို့ ကျွန်မ ထင်တယ်"
"သူ အဲဒီမှာ နစ်နေတော့မှာပဲ။ ဘယ်တော့မှ ပြန်လာမှမဟုတ်ဘူးနော်" ဟု ဘင်းက ပြောသည်။ သူ့ မျက်နှာပေါ် တွင် မည်သည့်ခံစားချက်မျိုးမှ မရှိ။
"ရေတက်လာရင် ဆွဲသင်္ဘောနဲ့ ဆွဲယူမှာပါ"
သူက ဘာမျှပြန်မပြော။ သောင်တင်နေသည့် သင်္ဘောကို သူ လှမ်းငေးကြည့်နေ သည်။ မော်တော် က လေးများလည်း ကားရစ်ဘက်သို့ ပြန်မောင်းသွားကြပြီ။
"ဒတ်ခ်ျ သင်္ဘောလား…"
"ကျွန်မ မသိဘူး။ ဂျာမန်လား… ဒတ်ခ်ျလား မသိဘူး"
"အဲဒီနေရာမှ သူ ပျက်စီးသွားမှာပဲနော်" "မပြောတတ်ပါဘူးရှင်" သူက ပြုံးပြန်သည်။ သူ့နှာခေါင်းကိုလည်း လက်ဖမိုးဖြင့် သုတ်လိုက်သည်။
"တဖြည်းဖြည်းနဲ့ မြုပ်သွားမှာ။ ကျောက်တုံးမြုပ်သလို မဟုတ်ဘူးလေ။ အခုလောက်ဆိုရင် သူ့ကိုယ်လုံး က အသားတွေ ကို ငါးတွေက စားသွားပြီရောပေါ့နော်"
"ဘယ်သူ့ ကိုလဲ" ဟု ကျွန်မက ပြန်မေးသည်။
"အဲဟို အမျိုးသမီးလေ…။ အခြားတစ်ယောက်လေ…"
သူက ပင်လယ်ပြင် ကို လက်မနှင့်ညွှန်ပြီးပြောသည်။
"သင်္ဘော ကို ငါးမစားဘူး ဘင်း…"
"အာ…" သူက ကျွန်မကို ငေးကြည့်နေပြန်သည်။ သူ့မျက်လုံးများက စိတ်မနှံ့သူတစ်ယောက်၏မျက်လုံး များ ပြန်ဖြစ် သွားပြန်သည်။
"ကျွန်မ သွားတော့မယ်"
သူ့ကို ကျောခိုင်းပြီး တောအုပ်ဆီသို့ လျှောက်လာခဲ့သည်။ ညာဘက်မှာရှိနေသည့် တိုက်ပုကလေးကို ကျွန်မ လှမ်းမကြည့်ပါ။ တောထဲက လူသွားလမ်းကလေးအတိုင်း ဆက်လျှောက်လာခဲ့သည်။
သစ်ပင်များကြားမှနေ ၍ သောင်တင်နေသည့် သင်္ဘောကို လှမ်းမြင်နေရသည်။ သင်္ဘောခေါင်းတိုင်နက် ကြီးက ကမ်းဘက် သို့ လက်ညှိုးထိုးပြသလိုယိုင်နေသည်။ သင်္ဘောပတ်လည်မှာ စင်ရော်ငှက်တွေ အော် နေကြသည်။ သူတို့အော်ပုံ က ငိုညည်းသလို ဖြစ်နေသည်။ ပတ်လည်က မော်တော်တွေ ပြန်သွားကြပြီ။ သင်္ဘောသား များကိုလည်း မမြင်တွေ့ရတော့။ လေကလေးတစ်ချက် တိုက်လာသည်။ သည်လူသွား လမ်းကလေး အတိုင်း လျှောက်လာရသည် ကို ခြေထောက် များက တွန့်ဆုတ်ဆုတ် ဖြစ်နေသေးသည်။
ကျွန်မခေါင်းတွေ လေးလာသည်။ စိတ်ထဲမှာလည်း အနည်းငယ် ထင့်သလိုဖြစ်လာသည်။ ကမ်းခြေကို လက်ညှိုး ထိုးပြသလိုဖြစ်နေသော သင်္ဘောခေါင်းတိုင်နက်ကြီးနှင့် စင်ရော်ငှက်တို့၏ငိုညည်းသံတို့သည် တစ်ခုခုဖြစ်တော့ မည် ဆိုသည့် နိမိတ် ကို ပြနေသလားဟုလည်း စိတ်ထဲမှာ ထင်လာမိသည်။
တောထဲမှ ထွက်ပြီး မြက်ခင်းများပေါ်ရောက်သောအခါ အိမ်ကြီးကို လှမ်းမြင်ရသည်။ အလွန်တရာ ငြိမ်း ချမ်းနေသည် ဟု ထင်ရသည်။ ငြိမ်းချမ်းသောအရိပ်အာဝါသကို ပေးနေသည်။ လုံခြုံမှုကို ပေးနေသည်။ ယခင် ကထက်ပင် ပိုလှနေသည်ဟု ကျွန်မ ထင်မိပါသည်။
သည်အိမ်ကြီးသည် ကျွန်မပိုင်သော အိမ်ကြီးဖြစ်ကြောင်း ပထမဆုံးအကြိမ်အဖြစ် စိတ်ထဲမှာ ခံစားလာ ရပြီး ဂုဏ်ယူနေ မိသည်။ မန်ဒါလေစံအိမ်ကြီးကို ကျွန်မပိုင်ပါသည်။ ကျွန်မကိုလည်း မန်ဒါလေစံအိမ်ကြီး က ပိုင်ပါ သည်။ မြက်ခင်းများကို ရိတ်ဖြတ်ထားစမို့ စိမ်းရွှေရွှေအနံ့ ရနေသည်။ မြေလူးငှက်တစ်ကောင် က သစ်အယ်ပင်ပေါ် မှာ တေးဆိုနေသည်။ အဝါရောင် လိပ်ပြာကလေးတစ်ကောင်က ကျွန်မရှေ့မှာ ပျံ ဝဲနေသည်။
ခန်းမကြီး ကိုဖြတ်ပြီး ထမင်းစားခန်းထဲသို့ ဝင်ခဲ့သည်။ ကျွန်မအတွက် ထမင်းပွဲ ဟင်းပွဲမျာ ပြင်ဆင်ထား ဆဲပင် ရှိသေးသည်။ မက်ဇင်မ်၏နေရာမှာတော့ အားလုံး ရှင်းလင်းထားပြီးလေပြီ။ ကြောင်ပြီး ခဏရပ် ကြည့်နေမိသေး သည်။ ပြီးတော့ ခေါင်းလောင်းတီးလိုက်သည်။ ရောဘတ် ရောက်လာသည်။
"မစ္စတာ ဒီဝင်းတား လာ သွားပြီးပြီလား"
"ဟုတ်ကဲ့ ဆရာကတော်… နှစ်နာရီကျော်ကျော်လောက်က ပြန်ရောက်လာပါတယ်။ ကမန်းကတန်း ထမင်း စားပြီး ပြန်ထွက်သွားပါတယ်။ ဆရာကတော်ကို မေးသွားပါသေးတယ်။ ဆရာကတော် ပင်လယ် ကမ်းခြေ သွားပြီး သောင်တင်နေတဲ့ သင်္ဘောကြည့်နေတယ် ထင်တယ်လို့ ဖရစ်က ပြန်ပြောလိုက်ပါ တယ်"
"ဘယ်အချိန် ပြန်လာမယ်လို့ရော ပြောသွားသေးသလား"
"ပြောမသွားပါဘူး ဆရာကတော်"
"ကမ်းခြေကို တခြားလမ်းကနေ ဆင်းသွားတယ်နဲ့တူတယ်။ ကျွန်မနဲ့ လမ်းမှာ လွဲသွားတာဖြစ်မှာပဲ"
"ဟုတ်ပါလိမ့်မယ် ဆရာကတော်"
ပြင်ဆင်ထားသည့် အသားဟင်းနှင့် ဟင်းသီးဟင်းရွက်များကို ကြည့်လိုက်သည်။ ကျွန်မရင်ထဲမှာ ဟာ နေသော် လည်း မဆာပါ။ အသားတွေကိ စားချင်စိတ် မရှိတော့ပါ။
"ထမင်းစားတော့မလား ဆရာကတော်…"
"နေပေစေတော့… မစားတော့ဘူး။ စာကြည့်ခန်းထဲကို လက်ဖက်ရည် ယူလာခဲ့ပေးပါ။ တခြားမုန့်တွေ မယူခဲ့ နဲ့တော့။ လက်ဖက်ရည်ရယ်၊ ပေါင်မုန့်ရယ်၊ ထောပတ်ရည်ပဲ ယူခဲ့"
"ကောင်းပါပြီ ဆရာကတော်"
စာကြည့်ခန်းထဲသို့ ဝင်လာခဲ့ပြီး ပြတင်းပေါက်နားက ကုလားထိုင်မှာ ကျွန်မ ထိုင်နေမိသည်။ ဂျက်စ်ပါ မရှိသည့် အတွက် ဟာတာတာ ဖြစ်နေသည်။ မက်ဇင်မ်နှင့် လိုက်သွားဟန်တူသည်။ သတင်းစာကို ယူ ပြီး တစ်ရွက်ချင်း လှန်နေမိသည်။ ဖတ်ကား မဖတ်ဖြစ်၊ ဧည့်ခန်းကလေးထဲမှာ စာလည်းမဖတ်၊ ဆွယ် တာလဲ မထိုးဘဲ ဆရာဝန်ပေး မည့် အဖြေကို ထိုင်စောင့်နေရသော လူနာနှင့် တူနေသည်။
တစ်စုံတစ်ရာဖြစ်ပေါ်လာတော့မည်ကို ထိုင်စောင့်နေရသလိုရှိသည်။ ကျွန်မ မသိသော၊ မျက်စိနှင့်မမြင် ရသော အရာတစ်ခုခု ကို စောင့်နေရသည်နှင့် တူနေသည်။ အိပ်ရာကထတော့ မက်ဇင်မရှိတော့သည့် အတွက် အကြီး အကျယ် စိတ်ထိခိုက်ခဲ့ရသည်။ ပြီးတော့ သင်္ဘောသောင်တင်သည့်အတွက် စိတ်လှုပ် ရှားခဲ့ရသည်။ သည် အဖြစ်အပျက် များကြောင့် ထမင်းစား လိုစိတ်လည်း မရှိတော့။
ကျွန်မ သည် ဘဝသစ်တစ်ခုထဲသို့ ဝင်လာသူလို ဖြစ်နေသည်။ မနေ့ညက ဂါဝန်အပြာကလေးဝတ်ထား ခဲ့သော မိန်းကလေး မဟုတ်တော့။ ယခု ကုလားထိုင်ပေါ်မှာ ထိုင်နေသည့် ကျွန်မသည် အခြားတစ် ယောက်ဖြစ်နေပြီဟု ခံစား ရသည်။
လက်ဖက်ရည်နှင့် ပေါင်မုန့်များယူပြီး ရောဘတ် ဝင်လာသည်။ ဆာလောင်မွတ်သိပ်စွာ စားမိပါသည်။ ကိတ်မုန့် နှင့် ဆင်းဒဝစ်များပါ ယူလာသည်။ မယူခဲ့ပါနှင့်ဟု မှာလိုက်သော်လည်း မန်ဒါလေ၏အစဉ် အလာမို့ ယူဖြစ်အောင် ယူလာခဲ့သေး သည်။
ဘာပဲဖြစ်ဖြစ် ယခုလို ယူလာသည့် အတွက် တော်သေးတော့သည်။ ၁၁ နာရီခွဲတွင် အိပ်ရာကနိုးတော့ လက်ဖက်ရည် တစ်ခွက် သောက်သည်။ ထို့နောက် တစ်နေ့လုံး ဘာမှမစားရသေး။ ထမင်းလည်း မစား မိ။ တတိယမြောက် လက်ဖက်ရည်ခွက်ကို သောက်အပြီးတွင် ရောဘတ် ဝင်လာသည်။
"မစ္စတာ ဒီဝင်းတား ပြန်မလာသေးပါဘူးနော် ဆရာကတော်"
"မလာသေးဘူး။ ဘာဖြစ်လို့လဲ… တစ်ယောက်ယောက်က တွေ့ချင်လို့လား"
"ဟုတ်ပါတယ် ဆရာကတော်။ ကားရစ်က ဆိပ်ကမ်းအုပ်ချုပ်ရေးမှူး ကပ္ပတိန်ဆားလ် တယ်လီဖုန်း ဆက်ပါတယ်။ မစ္စတာဒီဝင်းတားနဲ့ လာတွေ့လို့ ဖြစ်မလားလို့ မေးနေပါတယ်"
"အင်း… ကျွန်မလဲ ဘာပြောရမှန်း မသိဘူး။ အချိန်မီ သူ ပြန်မရောက်ရင် ဘယ့်နှယ်လုပ်မလဲ"
"ဟုတ်ပါတယ် ဆရာကတော်…"
"ငါးနာရီလောက် မှာ ထပ်ဆက်ကြည့်ပါဦးလို့ ပြောလိုက်ပါ"
ရောဘတ် ပြန်ထွက်သွားသည်။ သို့သော် ခဏကြာတော့ ပြန်ဝင်လာပြန်သည်။
"ဆရာကတော် အဆင်ပြေမယ်ဆိုရင် ကပ္ပတိန်ဆားလ်က ဆရာကတော်နဲ့ပဲ လာတွေ့ချင်ပါတယ်တဲ့။ ကိစ္စက နည်းနည်း အရေးကြီးတယ်လို့ ပြောပါတယ်။ မစ္စတာခရော်လေကို သူ ဖုန်းဆက်ကြည့်တော့လဲ ဘယ်သူ မှ ပြန်မထူးဘူးတဲ့"
"ကောင်းပြီလေ… အရေးကြီးတယ်ဆိုရင် တွေ့တာပေါ့။ ကျွန်မဆီကို ချက်ချင်းလာခဲ့ပါလို့သာ ပြော လိုက်ပါ။ သူ့မှာ ကား ရှိပါတယ်နော်" "ရှိပါလိမ့်မယ် ဆရာကတော်" ရောဘတ် ပြန်ထွက်သွားသည်။ ကပ္ပတိန်ဆားလ်ကို ဘာပြောရမည်နည်း ဟု တွေးကြည့်နေမိသည်။ သူ့ ကိစ္စဆိုသည်မှာ သောင်တင်သည့် သင်္ဘောနှင့်သာ သက်ဆိုင်ပေ လိမ့်မည်။ သည်ကိစ္စက မက်ဇင်မ်နှင့် မည်သို့ပတ်သက်နိုင်သည်ကို ကျွန်မ နားမလည်နိုင်ပါ။ ပင်လယ်ကွေ့ ကလေးထဲမှာ သောင်တင်သည် ဆိုလျှင်တော့ တစ်မျိုးပေါ့။ ကျွန်မတို့၏ပိုင်နက်ဖြစ်သည် မဟုတ် ပါလား။
သင်္ဘောကို ဆွဲယူနိုင်အောင် ကျောက်ဆောင်များကို ဖောက်ခွဲပစ်ရမည်။ သည်လိုဆိုလျှင် မက်ဇင်မ်၏ ခွင့်ပြုချက် ကို ယူရမည်။ သို့သော် ပင်လယ်ထဲမှာရှိနေသည့် ကျောက်ဆောင်တန်းကို မက်ဇင်မ် မပိုင်ပါ။ သည် အကြောင်းတွေ ကျွန်မ လာပြောနေခြင်းအားဖြင့် ကပ္ပတိန်ဆားလ်အဖို့ အချိန်ဖြုန်းနေခြင်းနှင့်သာ တူပေလိမ့်မည်။
၁၅ မိနစ်မျှအကြာတွင် ကျွန်မအခန်းထဲသို့ သူ ရောက်လာသည်။ တယ်လီဖုန်းချပြီးသည်နှင့် တန်းထွက် လာပုံရသည်။ နေ့ခင်းတုန်းက မှန်ပြောင်းနှင့် ကျွန်မ လှမ်းကြည့်စဉ်က တွေ့ခဲ့ရသည့်အတိုင်း ယူနီ ဖောင်းဝတ်ထားဆဲ ဖြစ်သည်။ ထိုင်ရာမှထပြီး သူနှင့် လက်ဆွဲနှုတ်ဆက်သည်။
"ကျွန်မယောက်ျာ ပြန်ရောက်မလာသေးတဲ့အတွက် ဝမ်းနည်းပါတယ် ကပ္ပတိန်ဆားလ်…။ အားနာစရာ ကြီးဖြစ်နေပြီ။ ကမ်းနားကို ပြန်ဆင်းသွားတယ်နဲ့တူတယ်။ စောစောတုန်းကလဲ ကားရစ်ကို သွားခဲ့သေး တယ်။ ဒီနေ့တစ်နေ့လုံး ကျွန်မလဲ သူနဲ့ မတွေ့ရသေးဘူး"
"ဟုတ်ပါတယ်။ ကားရစ်ကို သူ သွားတယ်ဆိုတာ ကျွန်တော် ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဟိုမှာလဲ သူနဲ့ ကျွန်တော် လွဲသွားတယ်။ ကျွန်တော် မော်တော်ထဲမှာရှိနေတုန်း ကမ်းခြေအတိုင်း လမ်းလျှောက်ပြီး သူ ပြန်လာတယ်နဲ့ တူတယ်။ မစ္စတာခရော်လေ ကိုလဲ ကျွန်တော် ဖမ်းလို့မမိဘူး"
"သင်္ဘောသောင်တင်လိုက်တာ အားလုံး ဗျာများကုန်တော့တာပေါ့ရှင်။ ကျွန်မလဲ ကမ်းပါးထိပ်က သွား ကြည့်နေမိတာ နဲ့ နေ့လယ်စာတောင် လွတ်သွားတယ်။ မစ္စတာခရော်လေလဲ စောစောက ကမ်းနားမှာ ရှိတယ်။ သင်္ဘော ဘာဖြစ်သွားသေးလဲ။ ဆွဲသင်္ဘောနဲ့ ဆွဲယူမှာလား"
ကပ္ပတိန်ဆားလန်က လက်နှစ်ဖက်ဖြင့် အကြီးကြီး ဝိုင်းပြသည်။
"ဝမ်းဗိုက်မှာ ဟောဒီလောက် အပေါက်ကြီးပေါက်သွားတယ်။ သူ့တိုင်းပြည်ကို ရောက်အောင် ပြန်ယူဖို့ တောင် မလွယ်ဘူး။ သင်္ဘောကိစ္စက အရေးမကြီးပါဘူး။ ပိုင်ရှင်နဲ့ လွိုက်ကုမ္ပဏီကိုယ်စားလှယ်တို့ ရှင်း ကြရုံပေါ့။ ကျွန်တော် အခုလာတာက အဲဒီသင်္ဘောကိစ္စမဟုတ်ပါဘူး မစ္စက်ဒီဝင်းတား… သွက်ဝိုက်တဲ့ နည်းနဲ့ ပတ်သက်တယ် ဆိုရင်တော့ မှန်ပါတယ်လေ။ တကယ်ကတော့ မစ္စတာဒီဝင်းတားကို သတင်း တစ်ခုပြောဖို့ လာတာပါ။ သူ့ကို ဘယ်လိုလုပ်ဖွင့်ပြောရမှန်းတောင် မသိနိုင်အောင် ဖြစ်နေပါတယ်"
သူက တောက်ပသော မျက်လုံးပြာကြီးများဖြင့် ကျွန်မကို တည့်တည့်စိုက်ကြည့်နေသည်။
"ဘယ်လိုသတင်းမျိုးမို့ပါလဲ ကပ္ပတိန်ဆားလ်…"
သူက လက်ကိုင်ပဝါအဖြူတစ်ထည်ကို ဆွဲထုတ်ပြီး နှပ်ညှပ်သည်။
"ဒီလိုရှိပါတယ် မစ္စက်ဒီဝင်းတား… ခင်ဗျားကိုလဲ ဒီသတင်းပြောရမှာ ကျွန်တော် စိတ်မကောင်းပါဘူး။ ခင်ဗျားတို့လင်မယားနှစ်ယောက်စလုံး စိတ်မချမ်းမသာဖြစ်အောင် လုပ်ရမယ့် အနေအထားမျိုးဖြစ်နေ လို့ပါ။ ကျွန်တော်တို့ အားလုံး မစ္စတာဒီဝင်းတားကို အင်မတန် ကြည်ညိုလေးစားကြပါတယ်။ ခင်ဗျားတို့ မိသားစုကလဲ ကျွန်တော်တို့အပေါ်မှာ အင်မတန်ကောင်းခဲ့ကြတယ် မဟုတ်လား။ ခင်ဗျားတို့နှစ် ယောက်စလုံး စိတ်ချမ်း သာနိုင်အောင် အတိတ်ကအကြောင်းတွေကို ဖုံးဖိထားဖို့ဆိုတာကတော့ ကျွန် တော်တို့ မတတ်နိုင်တဲ့ အလုပ်တစ်ခု ပါပဲ။ ဒီလို အခြေအနေတွေ ဖြစ်ပေါ်လာတဲ့အတွက် ကျွန်တော်လဲ ဘာမှမတတ်နိုင်ပါဘူး ခင်ဗျာ"
သူက စကားဖြတ်ပြီး လက်ကိုင်ပဝါကို အိတ်ထဲသို့ ပြန်ထည့်သည်။ သူ စကားပြန်ပြောသောအခါ သည် အခန်းထဲ မှာ ကျွန်မတို့နှစ်ယောက်တည်းပင် ရှိနေလင့်ကစား အခြားသူကြားများကြားမှာ စိုးဘိအလား သူ့အသံ ကို နှိမ့်ပစ်လိုက်သည်။
"သောင်တင်သွား တဲ့ သင်္ဘောရဲ့ဝမ်းဗိုက်ကို စစ်ဆေးကြည့်ဖို့ ရေငုပ်သမားကို ကျွန်တော်တို့ ငုပ်ခိုင်းခဲ့ပါ တယ်။ သင်္ဘောဝမ်းဗိုက် က အပေါက်ကို သူ တွေ့ပါတယ်။ တစ်ဖက်မှာ ဘာများဖြစ်နေဦးမလဲလို့ သူ လှည့်ကြည့်တော့ ဘေးတစောင်းလဲပြီး နစ်နေတဲ့ ဇိမ်ခံရွက်သင်္ဘောတစ်စီးရဲ့ကိုယ်ထည်ကို သွားစမ်းမိ ပါတယ်။ ရေငုပ်သမားက ဒီအရပ်သားပါ။ သင်္ဘောကိုမြင်လိုက်တာနဲ့ တစ်ပြိုင်တည်း ချက်ချင်း သူ မှတ် မိ ပါတယ်။ အဲဒီသင်္ဘောဟာ ကွယ်လွန်သူ မစ္စက်ဒီဝင်းတားရဲ့သင်္ဘောပါပဲ"
သည်အချိန်မျိုးတွင် မက်ဇင်မ် ရှိမနေသည့်အတွက် ကျေးဇူးတင်လိုက်မိသော အာရုံကို ဦးစွာပထမ ခံ စားလိုက် ရပါသည်။ မနေ့ညက ခံစားခဲ့ရသည်ထက် ပိုပြီး တုန်လှုပ်ချောက်ချားသွားမိပါသည်။
"ကျွန်မ သိပ်ဝမ်းနည်းပါတယ်"
တစ်လုံးချင်း ကျွန်မ ပြန်ပြောမိပါသည်။
"ဒီလိုဖြစ်လာလိမ့်မယ် လို့ ဘယ်သူမှ မျှော်လင့်မှာ မဟုတ်ပါဘူး။ မစ္စတာဒီဝင်းတားကို ဒီကိစ္စပြောဖို့ လို အပ်ပါသေးသလား။ အဲဒီသင်္ဘောကို အဲဒီအတိုင်းထားလိုက်လို့ မဖြစ်နိုင်ပါဘူးလား။ ဘာအနှောင့် အယှက်မှ မဖြစ်နိုင်ဘူးမဟုတ်လား"
"သာမန်အခြေအနေအတိုင်းဆိုရင်တော့ ဒီအတိုင်းထားလိုက်ရုံပါပဲ မစ္စက်ဒီဝင်းတား… စောစောက ကျွန်တော်ပြောခဲ့သလိုပဲ မစ္စတာဒီဝင်းတား စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ရေငုပ်သမား က သင်္ဘောကို စစ်ဆေးကြည့်ရင်း ပိုပြီးအရေးကြီးတာတစ်ခုကို သွားတွေ့ရပါတယ်။ ကေ ဗင်အခန်းတံခါး က ပိတ်နေပါတယ်။ ဘက်ဘက်က ပြတင်းပေါက်တံခါးတွေလဲ ပိတ်ထားတာကို တွေ့ရ ပါတယ်။ ရေထဲက မြေပြင်ပေါ်က ကျောက်ခဲတစ်လုံးကိုယူပြီး ဘယ်ဘက်က ပြတင်းပေါက်မှန်ကို ထုခွဲ လိုက်ပါတယ်။ အထဲကိုကြည့်တော့ ရေတွေပြည့်နေတယ်။ ပျက်စီးနေတဲ့ အစိတ်အပိုင်းကိုတော့ ဘာမှ မတွေ့ရဘူး တဲ့။ အဲဒီနောက်မှာ သူ ထိတ်လန့်တကြား ဖြစ်ရတော့တာပါပဲ မစ္စက်ဒီဝင်းတား…"
ကပ္ပတိန်ဆားလ် က စကားကို ရပ်လိုက်ပြန်သည်။ သူပြောနေသည်များကို အိမ်ဖော်တစ်ယောက် ယောက်များ ကြားသွားလေ မည်လားဟူသော စိုးရိမ်ပုံမျိုးဖြင့် နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ပြီးတော့မှ ခပ်တိုးတိုး ဆက်ပြောသည်။
"ကေဗင်ခန်းရဲ့ကြမ်းပြင်ပေါ်မှာ အလောင်းတစ်လောင်းရှိနေတယ်တဲ့။ အသားတော့ မရှိဘူးပေါ့လေ။ အရိုးချည်း ပဲ ကျန်တော့တယ်။ ဦးခွံနဲ့ အရိုးစုတွေကို တွေ့ရတယ်။ လူသေအလောင်းဖြစ်တာ သေချာပါ တယ်။ ရေငုပ်သမားက ပြန်တက်လာပြီး ကျွန်တော့်ကို တိုက်ရိုက်အစီရင်ခံပါတယ်။ ဒါလောက်ဆိုရင် ခင်ဗျားယောက်ျား နဲ့ ကျွန်တော် တွေ့ဖို့ လိုတယ်ဆိုတာ သဘောပေါက်ရောပေါ့ မစ္စက်ဒီဝင်းတား"
သူ့ကို ကျွန်မ ငေးကြည့်နေမိသည်။ ပထမတော့ မွှန်ထူသွားပါသည်။ ထို့နောက် တုန်လှုပ်ချောက်ချား သွား ပါသည်။ နောက်ပြီးတော့ ဖျားချင်သလိုလို နာချင်သလိုလို ဖြစ်လာမိပါသည်။
"သူတစ်ယောက်တည်း သင်္ဘောနဲ့ထွက်သွားတယ်လို့ ထင်ခဲ့ကြတာ အခုအတိုင်းဆိုရင် သူနဲ့အတူတူ တခြား တစ်ယောက် ပါသွားတဲ့သဘောပေါ့။ ဒီအကြောင်း ဘယ်သူမှ မသိဘူးနော်" ဟု ကျွန်မက လေ သံဖြင့် မေးမိသည်။ "ဒီလိုပဲ ယူဆရမှာပါပဲ"
"ဘယ်သူများ ဖြစ်နိုင်မလဲ။ တစ်ယောက်ယောက်များ ပျောက်နေတယ်ဆိုရင်တော့ ကျန်ရစ်တဲ့ဆွေမျိုး တွေက သိကြမှာပေါ့။ အဲဒီတုန်းကလဲ သတင်းစာတွေအားလုံးက ဒီအကြောင်းကိုပဲ ဝိုင်းရေးခဲ့ကြတာ မဟုတ်လား။ ကိုယ့် အမျိုး ထဲက တစ်ယောက်ယောက်ပျောက်နေတာကိုတော့ သိကြရမှာပေါ့"
ကပ္ပတိန်ဆားလ် က ခေါင်းကို ခါယမ်းနေသည်။
"ခင်ဗျား ပြောတာထက်ပိုပြီး ကျွန်တော်လဲ ဘာမှမပြောနိုင်တော့ဘူး။ ကေဗင်ခန်းထဲမှာ အလောင်း တစ်လောင်းရှိနေတယ်ဆိုတာပဲ ကျွန်တော်တို့သိတယ်။ ဒီအကြောင်းကို အစီရင်ခံရတော့မယ်။ သတင်း စာတွေက ဝိုင်းရေးပြီး အုတ်အော်သောင်းတင်း ဖြစ်တော့မယ်။ ကျွန်တော်လဲစိတ်မကောင်းပါဘူး မစ္စက် ဒီဝင်းတား။ ဒီအဖြစ်ကြီးကို ဘယ်လိုရှောင်တိမ်းရမယ်ဆိုတာလဲ ကျွန်တော် မသိတော့ပါဘူး။ ခင်ဗျားတို့ လင်မယားနှစ်ယောက် အဖို့ စိတ်မချမ်းသာစရာပါပဲ။ မန်ဒါလေစံအိမ်ကြီးမှာ ခင်ဗျားတို့နှစ်ယောက် အေး အေး ချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ အခြေချရမယ့်အခါမျိုးကျမှ ဒီအဖြစ်ဆိုးကြီး က ပေါ်လာရတယ်ဗျာ"
ကမ်းခြေမှ ကျွန်မ ပြန်တက်လာစဉ် စိတ်ထဲမှာ ထင်ခဲ့မိသည့် အကြောင်းရင်းမှန်ကို ယခုမှပင် သိရတော့ သည်။ သောင်တင်နေသည့်သင်္ဘောသည် အတိတ်ဆိုး နိမိတ်ဆိုးမဟုတ်ပါ။ ကမ်းဘက်သို့ လက်ညှိုး ထိုးသလို ယိုင်စောင်းနေသော သင်္ဘောခေါင်းတိုင်နက်ကြီးသည်လည်းကောင်း၊ ငိုညည်းသလို အော် ဟစ်နေကြသော စင်ရော်ငှက်တို့၏အသံသည်လည်းကောင်း အတိတ်ဆိုး နိမိတ်ဆိုးများ မဟုတ်ကြပါ။ တကယ်ကတော့ ငြိမ်သက်နေသည့် အနက်ရောင် ပင်လယ်ရေမျက်နှာပြင်သာလျှင် ဖြစ်ပါသည်။ သည် ရေမျက်နှာပြင်အောက်မှာ မသိနိုင်သော တစ်စုံတစ်ရာ ရှိနေသည်။
ရေငုပ်သမား က သောင်တင်နေသည့် သင်္ဘောဝမ်းဗိုက်ကို ဆင်းပြီး စစ်ဆေးကြည့်သည်။ သည်မှာပင် ရဘက်ကာ၏နစ်နေသောသင်္ဘောကို သွားတွေ့သည်။ ရဘက်ကာ၏အဖော်တစ်ယောက် ကေဗင်ထဲ မှာ သေနေသည် ကို တွေ့သည်။ ထိုသို့ဖြစ်ပျက်နေသည့် တစ်ချိန်လုံး ကမ်းပါးပေါ်မှာ ကျွန်မ ထိုင်နေခဲ့ သည်။ သို့သော် ကျွန်မ ဘာမျှ မသိခဲ့ရပါ။
"ဒီအကြောင်းတွေ သူ့ကို ပြန်ပြောမပြဘဲနေရင် ကောင်းမယ်။ သူ မသိအောင် ဖုံးကွယ်ထားနိုင်ရင် ကောင်းမယ်" ဟု ကျွန်မက ပြောမိပါသည်။
"ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် ဒီအတိုင်းလုပ်မယ်ဆိုတာ မစ္စက်ဒီဝင်းတားလဲ သိပါတယ်ခင်ဗျာ။ သို့ သော်… ဒီလို ကိစ္စကြီးဖြစ်လာတဲ့ အခါ မှာတော့ ကျွန်တော်ရဲ့တစ်ဦးချင်း ဆန္ဒအတိုင်းလုပ်လို့မရတော့ပါ ဘူး။ တာဝန်ဝတ္တရား အတိုင်း ကျွန်တော် ဆောင်ရွက်ရတော့မှာပါ။ အလောင်းတွေ့ကြောင်း ကျွန်တော် အစီရင်ခံရတော့မှာပါ"`
ထိုသို့ ပြောနေခိုက် တံခါးပွင့်သွားပြီး မက်ဇင်မ် ဝင်လာသည်။
"ဟဲလို… ဘာများဖြစ်နေကြသလဲ။ ခင်ဗျားရောက်နေတာတောင် ကျွန်တော်မသိလိုက်ဘူး။ ကပ္ပတိန် ဆားလ်… ကိစ္စများရှိသလား" ဟု မက်ဇင်မ်က မေးသည်။
သည်နေရာ မှာ ကျွန်မ ဆက်လက် နေထိုင်နိုင်စွမ်းမရှိတော့ပါ။ သူရဲဘောကြောင်သူလို အခန်းထဲမှ ထွက်ခဲ့မိတော့သည်။ မက်ဇင်မ်၏မျက်နှာကိုလည်း ကျွန်မ လှမ်းမကြည့်တော့။ သူ ပင်ပန်းနွမ်းနယ်နေ ကြောင်း အလိုလို သိပြီး ဖြစ်ပါသည်။
ခန်းမ၏ရှေ့ဘက်အပေါက်ဝ မှာ ကျွန်မ ရပ်နေမိသည်။ ဂျက်စ်ပါက သူ့အစာခွက်ထဲမှရေကို အသံမြည် အောင် သောက်နေ သည်။ ကျွန်မကိုမြင်တော့ အမြီးနန့်ပြသည်။ ကျွန်ဆီသို့လာကာ ကိုယ်ပေါ်ဖက် တတ်သည်။ သူ့ခေါင်း ကို ကျွန်မ နမ်းလိုက်ပါသည်။ ပြီးတော့ အပြင်သို့ ထွက်ခဲ့သည်။
ပြဿနာပေါ်မည့်အချိန် ကျရောက်လာချေပြီ။ ဒါကို ကျွန်မ ရင်ဆိုင်ဖို့လိုပါသည်။ ဟိုတုန်းက ရှိခဲ့ဖူး သော ကြောက်စိတ်တွေ၊ သိမ်ငယ်စိတ်တွေ၊ ရှက်စိတ်တွေကို အနိုင်ယူရတော့မည့်အချိန်အခါဖြစ် သည်။ ယခု တစ်ကြိမ် ကျွန်မ ရှုံးလျှင် နောင်ဘယ်တော့မှ အနိုင်ရတော့မည်မဟုတ်။ တစ်သက်လုံး ရှုံးရ ပေတော့မည်။ သည်လိုအခွင့်အရေးမျိုးလည်း နောက်ထပ်ကြုံတွေ့ရတော့မည် မဟုတ်။ သတ္တိတွေရှိ လာစေဖို့ ကျွန်မ ဆုတောင်းမိပါသည်။
မြက်ခင်းစိမ်းစိမ်းနှင့် ပန်းပွင့်များကို ငေးစိုက်ကြည့်ရင်း ဆက်ထိုင်နေမိသည်။ မော်တော်ကားမောင်း ထွက်သွားသံ ကြားရသည်။ ကပ္ပတိန်ဆားလ်ပင် ဖြစ်ရချေမည်။ ထိုင်ရာမှထပြီး ခန်းမကြီးကိုဖြတ်ကာ စာ ကြည့်ခန်းထဲ သို့ ဝင်လာခဲ့သည်။ အိတ်ထဲသို့ လက်နှိုက်ထားရာ ဘင်း ပေးလိုက်သည့် ပင်လယ်ခရုများ ကို စမ်းမိသည်။ ခရုများ ကို တင်းတင်းကြီး ဆုပ်ကိုင်ထာိးသည်။
ပြတင်းပေါက်နား မှာ မက်ဇင်မ် ရပ်နေသည်။ ကျွန်မဘက်ကို ကျောပေးထားသည်။ အပေါက်ဝမှာ ရပ်ပြီး ကျွန်မ စောင့်နေသေး သည်။ သူ နောက်ပြန်လှည့်မကြည့်ပါ။ သူ့ဘေးမှာ ကျွန်မ သွားရပ်သည်။ သူ့လက် တစ်ဖက် ကိုဆွဲပြီး ကျွန်မပါးနှင့် ကပ်ထားလိုက်မိသည်။ သူ စကားမပြော။ ရပ်မြဲရပ်နေသည်။
"ကျွန်မ စိတ်မကောင်းပါဘူး အစ်ကိုရယ်…။ အရမ်းကို စိတ်ထိခိုက်ရပါတယ်"
ကျွန်မ က တိုးတိုးကလေး ပြောသည်။ သူ ဘာမျှပြန်မပြောပါ။ သူ့လက်သည် ရေခဲလို အေးစက်နေ သည်။ လက်ဖမိုး ကို ကျွန်မ နမ်းလိုက်သည်။ ထို့နောက် လက်ချောင်းကလေးများကို တစ်ချောင်းချင်း နမ်းနေမိသည်။
"ဒီကိစ္စကြီးကို အစ်ကိုတစ်ယောက်ထဲ ကျိတ်မခံပါနဲ့ အစ်ကိုရယ်…။ ကျွန်မလဲ အစ်ကိုနဲ့ခွဲဝေပြီး ခံယူပါရ စေ။ အခု ၂၄ နာရီ အတွင်းမှာ ကျွန်မ ရင့်ကျက်လာပါပြီ အစ်ကို။ လူလားမြောက်လာပါပြီ။ ကျွန်မ ဘယ် တော့မှ ကလေးလေး ပြန်မဖြစ်တော့ပါဘူး အစ်ကို"
ကျွန်မ ကို လက်တစ်ဖက်နှင့်သိုင်းပြီး သူက တင်းတင်းကျပ်ကျပ်ကြီး ဖက်ထားလိုက်သည်။ ကျွန်မ ဟန် မဆောင်နိုင်တော့ ပါ။ တင်းမထားနိုင်တော့ပါ။ သူ့ပခုံးစွန်းမှာ မျက်နှာအပ်ထားလိုက်မိပါသည်။
"ကျွန်မ ကို အစ်ကို ခွင့်လွှတ်ပါတယ်နော်…။ ဟုတ်လား အစ်ကို"
"ခွင့်လွှတ် တယ်… ဟုတ်လား… ဘာအတွက် မင်းကို ခွင့်လွှတ်ရမှာလဲ" ဟု နောက်ဆုံးကျမှ သူက ပြန် ပြောသည်။
"မနေ့ညက အဖြစ်အပျက်လေ… ကျွန်မ တမင်ရည်စူးပြီး လုပ်တယ်လို့ အစ်ကိုထင်တယ် မဟုတ်လား"
"သြော်… ဒါလား… အစ်ကို မေ့တောင်သွားပါပြီကွာ။ မင်းကို အစ်ကို စိတ်ဆိုးခဲ့မိတယ် မဟုတ်လား"
"ဟုတ်ပါတယ် အစ်ကို" သူ ဘာမျှဆက်မပြောတော့ပါ။ ကျွန်မကိုတော့ တင်းကျပ်စွာ ဖက်ထားမြဲပင်ဖြစ်သည်။
"အစ်ကို… ကျွန်မတို့ဘဝကိုပြန်စကြလို့ မဖြစ်နိုင်ဘူးလား အစ်ကို။ ဒီနေ့ကစပြီး အသစ်ပြန်စကြလို့ မရ နိုင်ဘူးလားဟင်…။ ကြုံသမျှကို ကျွန်မတို့ အတူလက်တွဲပြီး ရင်ဆိုင်ကြမယ်လေ…။ ကျွန်မကို အစ်ကို ချစ်ဖို့ လဲ မတောင့်တတော့ပါဘူး။ မဖြစ်နိုင်တာတွေကို ကျွန်မ မတောင်းဆိုတော့ပါဘး။ ကျွန်မဟာ အစ် ကိုရဲ့ သူငယ်ချင်း ဖြစ်ရမယ်။ အဖော်ဖြစ်ရမယ်။ ယောက်ျားလေးတစ်ယောက်ပဲ ဆိုပါတော့။
ဒါထက် ပိုပြီး ကျွန်မ ဘာမှမလိုချင်တော့ပါဘူး"
ကျွန်မ မျက်နှာကို လက်နှစ်ဖက်နှင့် ဆွဲကိုင်ယူလိုက်ပြီး သူ ငုံ့ကြည့်နေသည်။ သူ့မျက်နှာ ဘယ်လောက် ချောင် ကျသွားပြီး အရေးအကြောင်းများ မည်မျှပေါ်နေပြီကို ပထမဆုံးအကြိမ်အဖြစ် သတိထားလိုက်မိ ပါသည်။
"သိပ်နောက်ကျ သွားပြီ အချစ်ရယ်… သိပ်ကို နောက်ကျသွားပါပြီ။ အစ်ကိုတို့ ခဏပန်းပျော်ရမယ့်အချိန် ကလေး နဲ့လဲ လွဲခဲ့ရပြီ မဟုတ်လား" "မဟုတ်ပါဘူး အစ်ကို… မဟုတ်ပါဘူး"
"ဟုတ်ပါတယ်။ အခု အားလုံး ပြီးသွားပြီလေ။ ဒီပြဿနာကြီးပေါ်လာပြီ မဟုတ်လား။ ဒီကိစ္စကြီး အခု ပေါ်လာပြီ မဟုတ်လား"
"ဘာကိစ္စကြီးလဲ"
"အစ်ကို အမြဲတမ်း ကြိုမြင်ထားတဲ့ ကိစ္စကြီးပေါ့။ တစ်နေ့ပြီးတစ်နေ့ တစ်ညပြီးတစ်ည အစ်ကို အိပ်မက် မက်နေခဲ့ ရတဲ့ ကိစ္စကြီးပေါ့။ မင်းနဲ့ အစ်ကို့အဖို့ ပျော်ဖို့ ရွှင်ဖို့ဆိုတာကို စိတ်ကူးထဲမှာတောင် မထည့်နိုင် ခဲ့ပါဘူး"
ပြတင်းပေါက်နား က ကုလားထိုင်မှာ သူ ထိုင်ချသည်။ ကျွန်မက သူ့ရှေ့မှာ ဒူးထောက်လိုက်သည်။ လက်ကိုမူ သူ့ပခုံးပေါ် မှာ တင်ထားဆဲပင်။ "ကျွန်မကို အစ်ကို ဘာပြောဖို့ ကြိုးစားနေတာလဲ ဟင်…"
ကျွန်မ၏လက်နှစ်ဖက်ကို သူ ကိုင်လိုက်ပြီး မျက်နှာကို စိုက်ကြည့်နေပြန်သည်။
"ရဘက်ကာ အနိုင်ရသွားပြီ" ဟု သူက ပြောသည်။
သူ့ကို ကျွန်မ ငေးကြည့်နေမိသည်။ ရင်တွေ ခုန်လာသည်။ လက်တွေလည်း ရုတ်တရက် အေးစက်သွား သည်။
"အစ်ကို တို့ နှစ်ယောက်ကြားမှာ သူ့အရိပ်ကြီးဟာ အမြဲတမ်း ထိုးကျနေတယ်။ ဒီအရိပ်ကြီးက အစ်ကို တို့ နှစ်ယောက်ကို တခြားစီဖြစ်သွားအောင် ခြားထားတယ်။ ဒီကိစ္စကြီး တစ်နေ့မှာ ဒီလိုဖြစ်လာမယ်ဆိုတာ သိသိကြီး နဲ့ ဘယ်လိုလုပ်ပြီး မင်းကို အစ်ကို ဒီလိုဖက်ထားနိုင်ပါ့မလဲ အချစ်ရယ်… သူ မသေခင် အစ်ကို့ ကို ကြည့်သွား တဲ့ မျက်လုံးတွေကို အစ်ကို သတိရနေသေးတယ်။ ဖြည်းဖြည်းချင်းပေါ်လာတဲ့ သစ္စာမဲ့တဲ့ အပြုံးကို အစ်ကို မှတ်မိနေသေးတယ်။
ဒီကိစ္စကြီး ဟာ တစ်နေ့နေ့မှာ အခုလိုပဲ ပေါ်လာမယ်ဆိုတာ အဲဒီ အချိန်ကတည်းက သူ သိခဲ့ တယ်။ နောက်ဆုံး ကျတော့ သူ အနိုင်ရရမှာပဲ ဆိုတာကိုလဲ သူ သိခဲ့တယ်"
"အစ်ကို… အစ်ကို ဘာတွေပြောနေတာလဲဟင်… ကျွန်မကို ဘာတွေပြောပြဖို့ကြိုးစားနေတာလဲဟင်…"
ကျွန်မ က လေသံလေးဖြင့် တိုးတိုးမေးကြည့်သည်။
"သူ့သင်္ဘောလေ… သူတို့တွေ့ သွားကြပြီ။ ဒီနေ့ခင်းမှာပဲ ရေငုပ်သမားတွေ့သွားပြီ"
"ဟုတ်တယ်လေ… ကျွန်မ သိသားပဲ။ ကပ္ပတိန်ဆားလ် လာပြောတယ်။ ရေငုပ်သမားတွေ့တဲ့ ကေဗင် ထဲက အလောင်း ကို အစ်ကို စဉ်းစားနေတာ မဟုတ်လား" "ဟုတ်တယ်"
"ဒီအလောင်းတစ်လောင်း ထပ်တွေ့ရတဲ့အတွက် သူ တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ သဘော ပေါ့။ အဲဒီအချိန်တုန်း က ရဘက်ကာနဲ့အတူတူ တခြားတစ်ယောက်လဲ ရှိခဲ့တယ်ဆိုတဲ့ သဘောပဲပေါ့။ ဒါ ဘယ်သူလဲ ဆိုတာ သိဖို့ ကြိုးစားရမှာပဲရှိတယ်။ ဒါပဲ မဟုတ်လား အစ်ကို…"
"မဟုတ်ဘူး… မဟုတ်ဘူး… မင်း နားမလည်ဘူး…"
"အစ်ကိုနဲ့အတူတူ ဝေမျှပြီး ခံစားချင်ပါတယ် အချစ်ရယ်… အစ်ကို့ကို ကျွန်မ ကူညီချင်ပါတယ်"
"ရဘက်ကာ နဲ့ အတူတူ ဘယ်သူမှမရှိခဲ့ဘူး။ သူ တစ်ယောက်တည်းရယ်"
ဒူးထောက် ထိုင်ရင်း သူ့ကို ကျွန်မ ငေးကြည့်နေမိသည်။ သူ့မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေမိ သည်။
"ကေဗင်ခန်းထဲမှာတွေ့ရတာ ရဘက်ကာ ရဲ့အလောင်းပါ ညီမလေးရယ်.."
"မဟုတ်ဘူး… မဖြစ်နိုင်ဘူး… မဟုတ်ရဘူး"
"ဘုရားရှိခိုးကျောင်းထဲမှာ သဂြုင်္ိဟ်ထားတာက ရဘက်ကာရဲ့အလောင်း မဟုတ်ဘူး။ ဘယ်သူမှန်းမသိ တဲ့ မိန်းမ တစ်ယောက် ရဲ့အလောင်း။ ဘယ်သူကမှ သူတို့အလောင်းပါလို့ လာပြောခြင်းမခံရတဲ့ မိန်းမ တစ်ယောက်ရဲ့ အလောင်း။ ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်။ ရဘက်ကာဟာ ရေနစ်သေသွား တာ မဟုတ်ဘူး။ အစ်ကို သတ်ပစ် လိုက်တာ။ ကမ်းခြေက တိုက်ပုလေးထဲမှာ ရဘက်ကာကို အစ်ကို ကိုယ်တိုင် သေနတ်နဲ့ပစ် သတ် လိုက်တာ။ သူ့အလောင်းကို အစ်ကိုသယ်ပြီး ကေဗင်ခန်းထဲကို ပို့ခဲ့တယ်။ ပြီးတော့ သင်္ဘောကို ပင်လယ်ထဲ ယူ သွားပြီး နှစ်ပစ်ခဲ့တယ်။ ဒီကနေ့ သူတို့တွေ့တဲ့နေရာမှာပဲပေါ့။ ကေ ဗင်ခန်းထဲမှာ သူတို့တွေ့တဲ့အလောင်းဟာ ရဘက်ကာ ပဲ။ အစ်ကို့ မျက်လုံးတွေ ကို မင်းကြည့်ပြီး "အစ်ကို့ ကို ချစ်ပါတယ်"လို့ အခု ပြောနိုင်သေးရဲ့လား"
ဆက်ရန်
.

No comments:
Post a Comment