Tuesday, June 26, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၅)

နောက်ဖေးတွင် အဘိုးကြီး မြက်ရိတ်စက်ဓားသွားများကို ကူပြီးသွေးပေးနေစဉ်တွင် ကျွန်တော် ကြား လိုက် ရပါသည်။ "ရောဘတ်၊ သည် ဒရီဂိုရီဆိုတဲ့ကောင်လေး ညတိုင်း ငါတို့အိမ် ညစာ လာစားနေတာ ငါသိပ်သဘော မကျတော့ ဘူးကွာ။ ဘယ့်နှယ်စားပြီးလို့ ကျေးဇူးတင်ပါလေး တစ် ခွန်း တောင် ပြောဖော် မရ ဘူး။ သူ့မှာ အဖေနဲ့အမေမှ ရှိသေးရဲ့လား မသိဘူး" ကျွန်တော် ငိုချလိုက် ပါသည်။ နောက်ပြေးထွက်ခဲ့သည်။ကို ဆက်ဖတ်ရန်.......

ပြေး သည်၊ ပြေးသည်၊ လမ်းကြိုးလမ်းကြားအနှံ့ လျှောက်ပြေးသည်။ တစ်လမ်းဆုံးလျှင် နောက်တစ် လမ်း ပြန်ပြေး သည်။
"ကျေးဇူးတင်ပါတယ်တောင် ပြောဖော်မရဘူးတဲ့လေ။ ကျွန်တော်က ကျေးဇူးတင်ပါတယ်လို့ ပြောပါ တယ်ဗျာ။ ဒါပေမဲ့ ခင်ဗျား တို့က ကျွန်တော်ကို အိမ်သူအိမ်သားတစ်ယောက်လို ဆက်ဆံကြတော့ ကျွန်တော်လည်း ကိုယ်အိမ် လို သဘောထားပြီး နောက်ပိုင်းမှာ ကျေးဇူးတင်ပါတယ်လို့ မပြောမိတာပါ။ အိမ်မှာ ဘယ်တုံး ကများ ကျေးဇူးတင်ပါတယ်လို့ ပြောရလို့လဲ။ ခင်ဗျားတို့ပဲ ကျွန်တော့်ကို နောက်ဖေးချောင်ကို ခေါ်တယ်။ ကျွန်တော် လာတာကို ခင်ဗျားတို့ပဲ ကျေနပ်ပျော်ရွင်နေခဲ့ကြတယ်။ ကျွန်တော့်ကို ခင်ဗျားတို့ မိသားစုဝင် တစ်ယောက်၊ မစ္စတာဘရောင်း ရဲ့ သားတစ်ယောက် လို သဘောထားပြီး ဆက်ဆံခဲ့ကြတယ်။ ဒါနဲ့များ ဘာဖြစ် လို့ ပြောရက်တာလဲဗျာ၊ သူ့မှာ အဖေနဲ့ အမေများ ရှိရဲ့လား မသိဘူးလို့"

(၄)

ကျွန်တော့်ဘ၀တွင် ဖခင် များစွာ ပေါ်ခဲ့ဖူးပါသည်။ လက်ဆန့်တန်းပြီး ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက် သော လူကြီး များစွာ တွေ့ဖူးပါသည်။ "သဒ္ဒါကျောင်း"မှ ကျောင်းအုပ်ကြီး "မစ္စတာကိုးမင်း။" သူ့ ကျောင်း သို့ကျွန်တော် ဆယ့်သုံးနှစ်သားတွေ ပြောင်းနေခဲ့ပါသည်။ ကျွန်တော် သတ္တမတန်း အရောက် တွင်ဆရာကြီး သည် ရုံးခန်းသို့ ခေါ်တွေ့ပါသည်။ ၀က်သစ်ချ စားပွဲကြီးရှေ့သို့ ကျွန်တော်ရောက်သွား သောအခါ ဆရာကြီး သည် ဆုံလည် ကုလားထိုင်ကြီး ကို နောက်သို့ မှီချလိုက်ပြီး ကျွန်တော့်ကိုခြေဆုံး ခေါင်းဆုံး ကြည့်နေပါသည်။

"ငါ့မှာ ပြဿနာတစ်ခုရှိနေတာ မင်းကူညီနိုင်မလား မသိဘူး ရစ်ချတ်။ ဒါကတော့ တခြားမဟုတ်ဘူး၊ မင်းရဲ့ ကားလမ်းစောင့်အလုပ်နဲ့ ပတ်သက်လို့ပဲ"
"ဟုတ်ကဲ့ပါ ဆရာကြီး"
"ငါ တိုင်သံ တောသံတွေ မကြာခဏကြားနေရတယ်။ ကျောင်းရှေ့လမ်းဖြတ်အကူးမှာ မင်းဘယ်လို ကြမ်းကြမ်း ရမ်းရမ်း လုပ်တတ်တယ်ဆိုတာ ကျောင်းသားတွေကို တွန်းလားထိုးလား လုပ်တယ်။ ညစ်ညစ်ပတ်ပတ် စကားလုံး အသုံးအနှုန်းတွေ သုံးတယ်။ ဒါကြောင့်မင်းကို ငါကြည့်နေခဲ့တယ်။ ငါသိပါတယ် ရစ်ချတ်ရယ်၊ မင်းက ကား လမ်းစောင့် ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ။ မင်းက ကားတွေ မရပ်မချင်း၊ ဘယ်သူမှ ကားလမ်း မကူးစေချင်ဘူး....။ ထရပ်ကားတွေ ကိုလည်း မျဉ်းကြား လိုင်းဖြူကို မကျော်စေချင်ဘူး။ ဒါကြောင့်မင်းကို ဒီအလုပ် ကတော့ ငါမထုတ်ပစ်ချင်သေး ဘူးကွ..."
"ဟုတ်ကဲ့ပါ ဆရာကြီး"
"မင်း ဘယ်နှစ်နှစ်ရှိပြီလဲ ရစ်ချတ်"
"ဆယ့်လေးနှစ်ပါ ခင်ဗျား"

"မင်းဟာ ခေါင်းဆောင် ပါ ရစ်ချတ်၊ မင်းတော်တယ်၊ တခြားကျောင်းသားတွေထက် အသက်လေး နည်းနည်း ပိုကြီးတယ်၊ မင်းမှာ ကြင်နာတတ်တဲ့ စိတ်ကလေးရယ်၊ သန်မာတဲ့ ခွန်းအားရယ်သာရှိရင် သူတို့ဟာ မင်းခိုင်းတဲ့ အတိုင်း လုပ်ကြရမဲ့ ကလေးတွေချည့် ပါပဲ။ မင်းက သူတို့ကို လမ်းထောင့် ကနေ ကူညီရမယ်။ ဒါပေမဲ့ မင်းကို သူတို့က မမုန်းစေ ရဘူး။ မင်းဟာ ကလေးတွေ အများကြီးမွေးထားတဲ့ ဖခင်တစ်ယောက်လိုပဲ သူတို့ကို မင်းစောင့်ရှောက် ကြည့်ရှု့ရမယ်၊ ကဲ....သွားတော့ကွယ်။ ကလေးတွေ ဘေးကင်းအောင် ကူညီပေးပါကွယ်"
ညနေ သုံးနာရီထိုးလျှင် ကျွန်တော်သည် ကားကူးနေရာသို့ သွားပြီး တကယ့် ယာဉ်ထိန်းရဲကြီး ပမာ ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်းဆောင်ပါတော့သည်။ လူတိုင်းက ကျွန်တော့်ကို ကြည့်နေကြသဖြင့် ကိုယ့် ကိုလည်း မတ်နိုင်သမျှ မတ်မတ်ရပ်လိုက်ရသည်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိသည်။ ကျွန်တော်သာ မရှိလျှင် ကလေးတွေ ဘယ်နည်း နဲ့မှ လမ်းကူးနိုင်မည် မဟုတ်ပါလား။

ကလေးတွေ ဖြတ်မကူးခင် ကားတွေ သွားခိုင်းသည်။ ကလေးတွေ ဖြတ်ကူးလျှင် ကားများကို ရပ်ခိုင်းသည်။ ကားသမား များက သွားခါနီးတွင် လက်ပြသွားကြသည်။ နှုတ်ဆက် သွားကြသည်။ ကျွန်တော်က တကယ့်လူ။
ထိုကျောင်း တွင် ကျွန်တော် အတော်ပြောင်းလဲခဲ့ပါသည်။ စိန့်လူဝီရပ်ကွက်မှာ ကျောင်းများ ခွဲခြားထား ၏။ ထိုကျောင်း မှာ အစက လူဖြူကလေးများအတွက် ဆောက်ထားခြင်း ဖြစ်၏။ သို့သော် စစ်အပြီးတွင် ပတ်ဝန်းကျင် ပြောင်းလဲသွား ၍ နီဂရိုးကျောင်း ဖြစ်လာရသည်။ သစ်ပင်တွေ၊ မြက်ခင်းတွေ၊ အုတ်တိုက် တွေမှာ ဖိနပ် တိုက်သည့် အလုပ်ကို စွန့်လွှတ်လိုက်သည်။ လက်တွေမှာ ဖိနပ်ဆေးတွေ ပေကျံမနေ ဘဲ ကျောင်းကို သန်သန့် ရှင်းရှင်း သွားချင်၍ ဖြစ်ပါသည်။ ကျောင်းမှအပြန် အိမ်သို့ စာအုပ်များယူလာ တတ်သည်။ အိမ်ကျတော့ လည်း မဖတ်ဖြစ်။ အေးလွန်း၍ ပင် မဖတ်နိုင်။ သို့သော် စာအုပ်များ ၀န်းရံ လျက် ရှိသည်ကပင် အရသာ ရှိလှသည်။ ထိုကျောင်းတွင် နေစဉ် သုံးနှစ်ကာလပတ်လုံး တစ်ကြိမ်သာ ကျောင်းတက်ပျက်ခဲ့၏။ အနွေး အင်္ကျီ မရှိသောနေ့။

ဆရာများ ကလည်း အရင်ကနှင့်မတူ ခြားနားကြသည်။ ကျောင်းအုပ်ကြီး "မစ္စတာ ကိုလ်းမင်း"ချမှတ် ထားသောမူ ပင် ဖြစ်ပါသည်။ ဆရာများက ပြောလည်း ပြောသည်။ ကျွန်တော်တို့ ပြောတာလည်း နားထောင်ကြသည်။ ကျွန်တော် သည် အတန်းထဲတွင် အမြဲတမ်း ထထပြီး ပြောသည်။ တစ်ခါ တစ်ရံ ပြောစရာမရှိလျှင် ကြံဖန်ပြီး ထပြောသည်။
"မစ္စတာ တာ"
"ဘာလဲ ရစ်ချတ်"
"နှစ်နဲ့ နှစ်ပေါင်း လေးရတယ် ဆိုရင် လေးထဲက နှစ်နှစ်ခါနှုတ်ရင် ဘာဖြစ်လို့ သုညရတယ်လို့ ဆရာမ က ပြောတာလဲဟင်။ ဒါမှမဟ်ုတ် နှစ်ကို နှစ်ခါမြှောက်ပြီး လေးထဲက နှုတ်ရင်၊ ဒါမှမဟုတ် နှစ် နဲ့ နှစ်ပေါင်းတဲ့ အထဲက နှုတ်ရင် သုညရတယ်ဆို၊ အဲဒါကော မှန်သလား ဆရာမ"
"မှန်ပါလိမ့်မယ် ရစ်ချတ်၊ ဒါပေမဲ့ မင်းပြန်ပြောပြစမ်းပါဦး၊ ဖြည်းဖြည်းပြောနော်"

ကျွန်တော်သည် စာအုပ်များ မဖတ်၍ တခြားကလေးများ သိထားပြီး သားစာများကိုပင် ကျွန်တော် တကယ် မသိသေးပါ။ သိချင်စိတ်တော့ ရှိနေပါသည်။ သို့သော် ကျောင်းခန်းထဲတွင် သင်ရတာထက် ကျွန်တော်၏ လမ်းပေါ် မှ အတွေ့အကြုံများမှာ ပိုမိုများပြားကြောင်းတော့ ထိုစဉ်ကတည်းက ရိပ်စားမိ ခဲ့ပါသည်။
ကလေး များကို စကားလိုက်ကပ် ပြောတတ်သေးသည်။ သူတို့ကိုယ် သူတို့ တော်လှပြီထင်နေသော ကလေး များကို "နော့စ်ခံတပ်မှာ ရှိနေတဲ့ ရွှေတွေကို မင်းတို့ မြင်ဖူးကြသလား။ အဲဒီမှာ တကယ်ရှိနေ တယ်ဆိုတာကော မင်း တို့ ဘယ်လိုလုပ် သိကြမလဲ"

ကျွန်တော်လည်း ထိုအဖြေကို မသိပါ။ သို့သော် ကျောင်းတွင် ကျွန်တော်သည် တကယ့် ပါရဂူကြီး လို ဖြစ်နေပါသည်။ ကျွန်တော်သည် ဘာအကြောင်းအရာ ချပေးပေး အကြောင်းအရာကို နင်းပြီး ကျပန်း ပြောတတ်သူတစ်ဦး အဖြစ်လည်း အောင်မြင်မှုရနေပါသည်။ ကျောင်းတွင် ကုလသမဂ္ဂနှင့် ပတ်သက် ၍ပြဇာတ်တစ်ပုဒ် ကရန် စီစဉ်ကြသည်။ ထိုအထဲတွင် ကျွန်တော်သည်းလည်း ဇာတ်ကောင် တစ်ယောက် အဖြစ် ပါဝင်ရမည် ဖြစ်သည်။ ထို့ကြောင့် သတင်းစာဖတ်နည်း စသင်ရသည်။ ထို့ကြောင့် ခေါင်းကြီးပိုင်း အကြောင်း ပြောနိုင်လာည်။
ရန်ပွဲဖြစ် လျှင် ဆရာများက ကျွန်တော့်ကို ခေါ်ရှင်းခိုင်းသည်။ တစ်ခါတစ်ရံ လူထွားကြီးများနှင့် ကျွန်တော် ဆုံရ တတ်သည်။ ကျွန်တော့်ထက် နှစ်ဆမျှထွားသောကောင် တစ်ယောက်သည် ကျွန်တော့် ကို ဖမ်းချုပ်ပြီး အုတ်နံရံ သို့ တွန်းပစ်လိုက်သည်။ ထို့နောက် မျက်နှာကို ထိုးပစ်တော့မည် လုပ်စဉ် ကျွန်တော်က မျက်လုံးများ ကို အောက်သို့ လွှဲချလိုက်ကာ သူ့ဖိနပ်ကို ငုံ့ကြည့်လိုက်သည်။

"ကဲ...မင်းငါ့ကို မြန်မြန်သတ်ရင်လည်း သတ်လိုက်၊ မင်းမသတ်ရင်တော့ ငါက မင်းဝတ်ထားတဲ့ ဖိနပ် သစ်ကလေး ကို လာခိုးယူရတော့မှာပဲကွ"
သည်လိုပြောတော့ သူ့ကိုဘယ်သူကများ ထိုးရက်ပါတော့မလဲ။
ထို့နောက် ကျွန်တော်သည် "ဆမ်နာ အထက်တန်းကျောင်း"သို့ ပြောင်းခဲ့ရသည်။ ကျွန်တော်အထီး ကျန်ဖြစ်ပြန်ချေပြီ။ ထိုကျောင်း တွင် လူချမ်းသာ နီဂရိုးသားသမီးများစွာ နေကြသည်။ ကိုယ်ပိုင်ကား ဖြင့်ကျောင်းတက်နိုင်ကြသော ဆရာဝန်သားများပင် ပါဝင်သည်။

မိန်းကလေး တိုင်းမှာလည်း "ဟယ်လင်း တပ်ကာ"လိုပင် သန့်ရှင်းလှပ လှသည်။ အားကစားသမား များ၊ လူချမ်းသာ သားသမီးများ၊ ဥာဏ်ကောင်းသူ စာတော်သူများသာ ကြီးစိုးနေကြသည်။ ကျွန်တော့်ကို သတိပြုမိကြသည် မှာ "ပေါ့ဘက်ကက်"၏ အားကစားတန်းတွင်သာ ဖြစ်သည်။ "ပေါ့"မှာ "စပရင်းဖီး" ကောလိပ် မှ ပထမဆုံးဘွဲ့ရ နီးဂရိုးတစ်ယောက် ဖြစ်သည်။ ထိုကျောင်းမှာ အားကစားပညာ ဖြင့် ဘွဲ့ပေးသော တစ်ခု တည်းသော ကျောင်းဖြစ်သည်။ သူက လူကြမ်းကြီးဖြစ်သည်။ မသေမသပ် လုပ်တိုင်း ကျွန်တော် ပါးရိုက်ခံရသည် မှာ မနည်းလှတော့။
ကျွန်တော်အရိုက်ခံရလျှင် တစ်ခြားလူများ အာရုံစိုက်မိကြ၍ ကောင်းတော့ အကောင်းသား။ ကျွန်တော် ကလည်း လူဂရုစိုက်မိဖို့သာ အရေးအတွက် ရှာနေရသည်။
တစ်နေ့ "ပေါ့"သည် အားကစားသင်တန်းရှေ့ ခုံပေါ်တွင် ရပ်နေ၏။ သူ့မျက်နှာမှာ မာကျောကျော။ ရင်အုပ်သားကြီး များမှာ ရှပ်အင်္ကျီထဲကပင် ရုန်းထွက်နေကြသည်။ ကျွန်တော်က ပါးစပ်ကို စုပြီး ကြွက် အော် သလို အော်လိုက်သည်။

"ဘယ်သူလဲကွ"
"ပေါ့"က ဟိန်းဟောက်လိုက်သည်။
"ကျွန်တော်ပါ" "ပေါ့" ကျွန်တော်ပါ"
"ဂရီဂိုရီ လားဟေ့"
"ဟုတ်ပါတယ် "ပေါ့"၊ ကျွန်တော်ရယ်ပါ"
"ထလိုက်စမ်း"
ထိုအားကစားအတန်းတွင် ကျွန်တော်သည် တကယ့်လူတစ်ယေက်ဖြစ်လာခဲ့ပေပြီ။ "ပေါ့"နှင့် ယှဉ်ပြိုင် ပြောဝံ့သူ၊ အရိုက်ခံ ရသူဟူ၍ ကျွန်တော်တစ်ဦးတည်းသာ ထင်ထင်ပေါ်ပေါ် မဟုတ်လား။ ဒီအကြောင်း ကိုသူလည်း ရိပ်စားမိမည် ထင်သည်။ သူက ကျွန်တော့်ကို ကျောင်းမှ မထုတ်ပစ်ချေ။

ဇွန်လ ကျောင်းပိတ်သောအခါ ကျွန်တော် "ပရက်စလေ"နှင့် "ဘူး"တို့သည် အစိုးရရေလွှမ်းမိုးမှု တားဆီးရေး စီးမံကိန်း တွင် တာတာမံများ၌ အလုပ်များ ရကြပါသည်။ ကျွန်တော်တို့က အသက်တစ် ဆယ့်ရှစ်နှစ်စီ ရှိကြပါပြီ ဟု ပြောခဲ့ကြသည်။ တစ်နာရီလျှင် ၁.၂၅ဒေါ်လာ ရသဖြင့် နောက်ကျောင်း အဖွင့်တွင် အင်္ကျီကောင်းကောင်းလေး ချုပ်ဝတ်နိုင်တော့မည်ဟုပင် တွက်မိပါသည်ည။
ထိုနွေ မှာ မကောင်းသော ရုပ်ရှင်ကားရှည်ကြီး ကြည့်နေရသလိုပင် ဖြစ်သည်။ မစ္စက်စိပီ မြစ်ကမ်းရိုး တစ်လျှောက် သဲအိတ်များ လိုက်ပုံရပါသည်။ ပူလွန်းသဖြင့် ဖိနပ်အောက်ခံ သားရေပြားများပင် အရည်ပျော်ကျ ကပ်စီးစီး ဖြစ်လာပါသည်။ အင်္ကျီတွေဆိုလျှင် ချွေးများပင် ရွှဲနေသောကြောင့် အသားနောက် တစ်ထပ်ပေါ်နေ သလို ဖြစ်နေပါသည်။ စိုစွတ်ပြီး ရွံ့ထူးတဲ့အခါလည်း ရှိသည်။

အင်္ကျီမ၀တ်ဘဲနေ လျှင် နေဒဏ်ကြောင့် သေဖွယ်ရာပင် ရှိနိုင်ပါသည်။ မျက်စိရှေ့မှောက်တွင်ပင် တစ်ယေက်ပြီး တစ်ယောက်သေ ကုန်ကြသည်ကို တွေ့ရပါသည်။ တစ်နေ့လုံး အလုပ်လုပ်ရသည်။ တစ်ညလုံး မူ ခြင်မလာအောင် စီးကရက်များ မပြတ်ဖွာနေရသည်။ ကြက်ခြေနီကားလာမှ အသားညှပ် ပေါင်မုန့်နှင့် ကော်ဖီသောက်ကြရသည်။ လူတစ်ယောက်မှာ နေပူထဲတွင် ရူးသွပ်သွားပြီး သူ့ ဂေါ်ပြား ဖြင့် လူများ ကို လိုက်ရိုက်ပြီး ကတည်းက ကျွန်တော်တို့သည် သတိနှင့် စောင့်ကြည့်ကြရသည်။

ကျွန်တော် တို့ ပေါင်တစ်ရာခန့်လေးသည့် သဲအိတ်များ ထမ်းချရပြီး နောက်နေ့တွင် ကျွန်တော့်မှာ တစ်ပတ်လောက် သွေးသွင်းယူရတော့သည်။ တာတမံ လှုပ်သောအခါ၌ကား သဲအိတ်များထဲ ရေများ တိုးဝင် လာသဖြင့် သဲအိတ်များမှာ အညိုရင့်ရောင်များ ဖြစ်သွားကြသည်။ နီဂရိုးတပ်ကြပ်ကြီး တစ်ယောက်က ကျွန်တော့်လက်မောင်း ကို လာဆုပ်သည်။
"ဟိုမှာ တွေ့လား ငါတို့ထရပ်ကား၊ တာတမံ ကျိုးသွားရင် ငါတို့ဘယ်လူဖြူမှ ကောက်မတင်နိုင် ဘူးသိလား၊ မင်း လည်း ထရပ်ကားနား သွားပြီး ကားထွက်တာနဲ့ ခုန်တက်ခဲ့ကြားလား"
ထိုအခိုက်တွင် ပင် ရုတ်ရက် တစ်ယောက်က အော်လိုက်သည်။ "တမံကျိုးပြီ၊ တမံကျိုးပြီ" ကျွန်တော့် တို့ ဘေးတွင် အိတ်များ၊ ရေများ၊ လူများ စုပြုံလာကြပြီး၊ "ဘူး"၊ "ပရက်စလေ"နှင့် ကျွန်တော် တို့လည်း ရေစပ်စပ်ထဲမှာပင် ပြေးခဲ့ကြရသည်။ လဲကျလိုက်၊ ထပြေးလိုက်၊ တစ်ကြိမ်တွင် ပင်ပန်းလွန်း သဖြင့် မြေပေါ်တွင် လှဲချလိုက်ကြရသည်။

မြေပြင်ပေါ်တွင် တမံမှ စိမ့်ကျလာသော ရေများ ၀င်လာနေ၍ ထပြေး ကြရပြန်သည်။ လှဲချဖို့ နေရာမရှိ၊ စားစရာ နတ္တိ၊ ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်ပြီး ဒိန်ခဲ အသားညှပ်ပေါင်မုန့်များ စားနေကြရသော လူဖြူသုံးယောက် ကို ဖြတ်ပြေးခဲ့ရသည်။ သူတို့ဆီတက် လာဖို့မခေါ်ကြ၊ တစ်ယောက်က  အသားညှပ်ပေါင်မုန့်တစ်ပိုင်း ချပေးလိုက်သည်။ "ဘူး"က သုံးပိုင်း ပိုင်းပြီး တစ်ကိုက်စီ ကိုက်လိုက်ကြသည်။ လူဖြူ များက ဗိုက်များကို ပွတ်ပြီး ဇိမ်ရစ်နေကြသည်။ ကျွန်တော် တို့လည်း ထပ်ပြေးကြရပြန်သည်။ ထိုညတွင် ကျွန်တော်တို့ သုံးယောက် လူစု ကွဲသွားကြ သည်။ ရက်သတ္တပတ် အတော်ကြာပင် ပြန်တွေ့ကြတော့။ ရေကျသွားတော့မှ ကျွန်တော်တို့ကို အိမ်ပြန် ပို့ကြသည်။

အိမ်ပြန်ရောက်သော အခါ ကျွန်တော်တို့မှာ သူရဲကောင်းကြီးများ ဖြစ်နေတော့သည်။ အမေသည် သိပ် ၀မ်းသာနေရှာ သည်။ သတင်းစာထဲတွင် ထရပ်ကားတစ်စီးစာလောက်ရှိသော နီဂရိုးများ ရေနစ်သေ ကြပုံကို ဖတ်မိ ထား၍ဖြစ်သည်။ "ဘူး"၊ "ပရက်စလေ"နှင့် ကျွန်တော်တို့ သုံးယောက်သည် အိမ်နီး ပါးချင်းအိများသို့ လှည့် သွားနေကြရသည်။ သူတို့က ကျွန်တော်တို့ကို ဖရဲသီး အကွင်းကြီးများဖြင့် တည်ခင်းပြီး အိမ်ရှေ့ခန်းတွင် ထိုင်စေကာ ဘယ်လောက် ဆိုးရွားတယ်၊ လူဘယ်လောက် သေတယ် ရှင်တယ်များကို မေးကြသည်။ ကျွန်တော် တို့ကလည်း စုံနဖာစီ ပြန်ပြောကြသည်။
ထိုနွေ လခများ ထုတ်ရသည်မှာကား မချောမွေ့လှချေ။ ကြက်ဆင်လည်ပင်းကြီးလို ရှိသော အဘွား ကြီးက နောက်နေ့ မှာ လာဖို့ ရက်ချိန်းပေးသည်။ နောက်တစ်နေ့ အမေပါ လိုက်လာ မှ ပြဿနာများ ချောမွေ့သွားပြီး တစ်ပတ်အကြာတွင် ဒေါ်လာငါးရာလောက် ရလိုက်ကြသည်။ ကျွန်တော်နှင့် "ပရက်စလေ" သည် မြို့မှ ကုန်ပဒေသာဆိုင်ကြီးသို့ ပထမဆုံး ဈေးသွားဝယ်ခဲ့ကြသည်။
ကျွန်တော် တို့မှာ ခွေးတစ်ကောင်ပမာ ဆက်ဆံခံခဲ့ကြရသည်။ ကျွန်တော်တို့ အထဲဝင်သွားသည်နှင့် အရောင်းစာရေး တစ်ယောက်သည် သူ့ဖောက်သည် လူဖြူတစ်ဦးထံမှ ခပ်သုတ်သုတ် ထွက်လာပြီး လာမေး သည်။

"ကောင်လေးတွေ ဘာလိုချင်လို့လဲ"
"ဦးထုပ်"
"ဘာရောင်လဲ"
"အညိုရောင်"
"မင်းခေါင်းက ဘယ်အရွယ်လဲ"
"မသိပါဘူး"
"မင်း သိရမှာပေါ့ကွ"
"ကျွန်တော် သိအောင် ကြိုးစားပါ့မယ်"
"ဘာလဲကွ အခုမှ ကြိုးစားမယ်လား"
"ဆိုင်ထဲ ကျွန်တော်တို့ ဘယ်သွားသွား နောက်မှ စုံထောက်က တကောက်ကောက်လိုက်နေသည်။ ပစ္စည်းများ ကို မထိရ၊ မကိုင်ရ။ ကျွန်တော်တို့ ပေးသော ပိုက်ဆံကိုပင် လူဖြူပိုက်ဆံများနှင့် မရောဘဲ တစ်ခြားစာရင်း စာအုပ် ဖွင့်ပြီး သိမ်းထားကြသည်။ ရယ်စရာတော့ အကောင်းသား၊ အိမ်ပြန်ရောက် သောအခါ လူတိုင်းမြင်အောင် ဝယ် လာခဲ့သော အဝတ်များကို ကြမ်းပေါ်တွင် ဖြန့်ခင်းပြလိုက်သည်။ ရှပ်အင်္ကျီတွေ၊ ခြေအိတ်တွေ၊ အတွင်းခံဘောင်းဘီတွေ၊ ကြမ်းပေါ်မှာ အနှံ့အပြား ကမ္ဘာပေါ်တွင် ရှိသမျှ ထက်တောင် အများသား"

ထိုနှစ်အထက်တန်းကျောင်း ပြန်တက်သောအခါ ကျွန်တော့်မှာ အ၀တ်အစားသစ်များဖြင့် သားသား နားနားဖြစ်နေ သည်။ သန့်သန့်ပြန့်ပြန့် ရှိလာကြသည်။ ကျောင်းမှ အပြေးသမားအဖွဲ့ ညနေပိုင်းလေ့ ကျင့်ပြီးတိုင်း ရေချိုးကြသည်ကို ကျွန်တော်ကြားမိသည်။ နည်းပြဆရာကို ကျွန်တော်ကော သည်အထဲ ပါနိုင် သလားဟု သွားမေးသည်။ ဤကျောင်းမှ အပြေးအဖွဲ့မှာ ပြည်နယ်မှ အကောင်းဆုံး နီဂရိုး အပြေး သမားများ ပါဝင် ထားသည်။ နည်းပြဆရာ မှာလည်း အကောင်းဆုံး "လာမာစမစ်"။
"မင်းအရင်က ပြေးဖူးသလား"
"ဟုတ်ကဲ့ ဆရာ၊ အများကြီး ပြေးဖူးပါတယ်"
"ဘယ်မှာလဲ" "အိမ်အနီးအနားမှာပေါ့"

သူက ခေါင်းခါလိုက်သည်။ "ဒီနှစ်အတွက် ယူနီဖောင်းတွေ အကုန်ပေးပစ်လိုက်ပြီး ပြီကွ"
"ကျွန်တော်လိုချင်တာက အ၀တ်အစား မဟုတ်ပါဘူး၊ ညနေပိုင်း ရေချိုးချင်လို့ပါ ခင်ဗျာ"
သူက ကျွန်တော့်ကို ကြည့်ကာ တစ်မျိုးပြုံးပြလိုက်သည်။
"ကောင်းပြီ၊ ဒါပေမဲ့ အနွေးအင်္ကျီတော့ မင်းဘာသာမင်း ယူလာခဲ့ရမယ်နော်၊ နောက်ပြီး အပြေးလေ့ ကျင့်တဲ့ ငါ့ လူတွေ ကျင့်နေတဲ့ လမ်းမှာတော့ ၀င်မပြေးနဲ့ဦး"
ဤသည်မှာ ကျွန်တော် အားကစား လောကထဲဝင်ခြင်း၏ အစပင်ဖြစ်ပါသည်။ ကျောင်းတွင် အားကစား ကွင်း ကောင်းကောင်း ရှိသည်။ အပြေးအဖွဲ့က ကွင်းထဲ ပြေးနေလျှင် ကျွန်တော်က အပြင်တွင် မြို့ထဲ တွင်ပတ်ပြေးနေခဲ့ရပါသည်။

ညနေ ၃နာရီ ကျောင်းဆင်းပြီးသည်နှင့် ကျွန်တော်သည် ရှပ်အင်္ကျီ၊ အားကစားဘောင်းဘီတို၊ ဖိနပ်စုတ် တစ်ရံ ၀တ်ပြီး ရပ်ကွက်ကို ပတ်ပြီးပြေးပါသည်။ ပထမ တစ်နာရီ လောက်သာ ပြေးပြီး ရေနွေးပူ သွားချိုး တတ်သည်။ တစ်နေ့ တွင် ကောင်မလေး နှစ်ယောက် ဖြတ်လျှောက်သွားပြီး တစ်ယောက်က ပြောသည်။
"သူ ဘာလုပ်နေတယ် ထင်သလဲ"
တစ်ယောက် က ပြန်ဖြေသည်။
"အပြေးပြိုင်ပွဲကြီးကြီး တစ်ခုအတွက် လေ့ကျင့်နေတာ ဖြစ်မှာပေါ့ကွ"

ထိုနေ့က ကျွန်တော် သိပ်ပြေးလိုက်ပါသည်။ ရပ်ကွက်တစ်ပတ်ပြီး တစ်ပတ်ပြေးပါသည်။ ပလက် ဖောင်းနှင့် ခလုတ်တိုက် သည့်အခါတိုက်၊ အပ်နှင့်အထိုးခံရသလို ဖြစ်သည့်အခါဖြစ်၊ သို့သော် တစ်ကိုယ် လုံးထုံ လာသည် အထိပင် မရပ်မနား ပြေးနေပါသည်။ နောက်ဆုံးတွင် ဘာမှ မမောမပန်း ဖြစ် လာသည် အထိ ပြေးလိုက်ပါသည်။ မှောင်သေသာအခါ ပြန်လာပါသည်။ အပြေးအဖွဲ့ ပင် ပြန်သွားချေ ပြီ။ ခြေထောက် နာလွန်း သဖြင့် အိမ်ပြန်လမ်းလျှောက်ရသည်ပင် အနိုင်နိုင်။ သို့သော် နောက်နေ့များ တွင်လည်း ဆက်ပြေးခဲ့သည်။ ကျွန်တော်သည် တစ်ခြား လူများလောက် မြန်မြန်ပြေးနိုင်ချင်မှ ပြေးနိုင် မည်။ သို့သော် "စိန့်လူဝီ"တစ်မြို့လုံးတွင် အကြာဆုံးပြေးနိုင် သည်ကား ကျွန်တော်။ လူတိုင်းကပင် ကျွန်တော် ဘယ်သူဆိုတာ သိနေကြပါပြီ။

ထိုတစ်ဆောင်းလုံးပင် ကျွန်တော်ပြေးခဲ့သည်။ နှင်းကျနေဆဲမှာပင် ပြေးခဲ့သည်။ နောက်ဆုံး တစ်ကျောင်း လုံးက ကျွန်တော် ဘယ်သူ ဆိုတာ သိလာရသည် အထိ။ ညနေ သုံးနာရီမှ ၆နာရီအထိ မနားတမ်းပြေးတဲ့လူ။ အပြေးသာ မရှိလျှင် ကျွန်တော့်အဖို့ အထက်တန်းပညာမှ ဆုံးခန်းတိုင် သင်နိုင် မည်မဟုတ်ဟု ကျွန်တော် ထင်မိပါသည်။  ဤအလုပ်ကြောင့်ပင် တစ်နေ့ပြီးတစ်နေ့ အချိန်ကုန်ခဲ့ရ ခြင်းဖြစ်ပေသည်။ မနက်အိပ်ရာ ထခြင်းသည် လည်းကောင်း၊ "ဟယ်လင်းတပ်ကား"ကလေးများ၊ ဆရာဝန်သားများ၊ အိမ်တွင် စာဖတ်ပြီး စာအကုန် ရသော ထိုသူများနှင့် တစ်နေ့လုံးအတန်းထဲတွင် နေခဲ့ရခြင်းသည် လည်းကောင်း၊ ညနေ သုံးနာရီပြေးရဖို့ အကြောင်းရင်းကြောင့်ပင် သည်းခံနေထိုင် ခဲ့ခြင်းဖြစ်ပေမည်။

ပြေးရသော အခါ၌ကား ကျွန်တော်ပျော်နေသည်။ ဤကမ္ဘာသည်ပင် ကျွန်တော့်ကိုယ်ပိုင်ကမ္ဘာ သဖွယ်။ ပြေးရင်းနှင့်ပင် ကျွန်တော်လိုချင်တာတွေ စဉ်းစားသွားသည်။ တစ်ခါတစ်ခါ "အချစ်ဆုံး ဖေဖေ"၊ "ဒေါ် လာ တစ်သန်း ရလျှင် ဘာဝယ်မည်"စသော ဇာတ်လမ်းလေးများကိုပင် စီးသွားခဲ့နိုင်သည်။ လူတွေ ဘာလုပ်ကြ သလဲ။ ဘာတွေ ဘာ့ကြောင့် ဖြစ်လာသလဲ စသော အကြောင်းအရာများကိုလည်း ဆင်ခြင် တတ် လာပါသည်။ ပြေးနေချိန်တွင် ဘယ်သူမှ ကျွန်တော့်ကို လက်ညှိုးထိုးပြီး ဆင်းရဲတဲ့ ကောင်လေး၊ မိုက်မဲတဲ့ကောင်လေး ဟု ပြောကြမည်မဟုတ်။ ချီးကျူးအားကျစွာ ကြည့်ပြီး "သူ လေ့ကျင့်နေတာကွ" ဟုသာ ပြောကြမည်ဖြစ်သည်။ အိမ်တွင် မနက်စာ မစားခဲ့ရရုံမက၊ နေ့လယ်စာဝယ်စားဖို့ ပိုက်ဆံ ရှိ သောရက်များတွင်ပင် ပြေးနေရချိန်တွင် လုံးဝ မဆာလောင်တော့ ချမ်းလည်း မချမ်း၊ ပူလည်းမပူ၊ အ၀တ်အစား အတွက်လည်း ရှက်စရာမလို၊ ကျွန်တော့်မှာ မြို့ကိုတစ်ပတ်ပြီး တစ်ပတ်ပြီးပြေးပြနိုင်ပြီး ဘယ်တော့မှ မနားသောခွန်အားရှိသည့် ကျွန်တော့်ခန္ဓာကိုယ်ကိုပင် ကျွန်တော် ဂုဏ်ယူဝင့်ကြွားနေမိပါ တော့သည်။

ခြောက်နာရီထိုးလျှင် လူဖြူထမင်းဆိုင်သွားပြီး ပန်းကန်ဆေးရပါသည်။ လုခမှာ ညစာစားရခြင်းပင်။ တစ်ခါတစ်ရံ တွင်လည်း မြို့လယ်ဟိုတယ်ြ်ကီးများသို့သွားပြီး စားပွဲထိုးဝတ်စုံလေးဝတ်ကာ မီးဖိုချောင် ထဲတန်းဝင်ပြီး ထမင်းစား ရသည်။ "ငမည်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သိပ်တူတာပဲ"ဟူ သည့် လူဖြူတို့၏ စကား အတိုင်း ကျွန်တော်ကိုလည်း ဘယ်သူဘယ်ဝါမှန်း မသိကြ။ အိမ်ပြန်ရောက် ရော ထိုးအပ်ချလိုက်သည်။ တစ်နေ့လုံး ပင်းပန်း လှပြီကိုး၊ အနားယူရတော့မှာကိုး။ မနက်ဖြန် ထပ်ပြေး ရဦးမှာကိုး။

နွေဦးပေါက်ရောက်သောအခါ၊ နည်းပြဆရာက ကျွန်တော့်ကို ခေါ်ပြီးပြေးလမ်းကြောင်းထဲ ၀င်ပြေး ရန် ပြောသည်။ ပြေးလမ်းကြောင်းမှ လူများမှာ ကျွန်တော့် ထက်မြန်အောင် ပြေးနိုင်သူများသာ ဖြစ်ကြ သည်။ သို့သော် ကျွန်တော်ပြေးနေစဦ ဘေးမှာနေ၍ ဆရာက တကောက်ကောက်လိုက်ပြီး လက်မောင်းအနေအထား ဘယ်လို မှားနေတယ်။ ဒူးကွေးတာ ဒီလိုကွေး၊ ကိုယ်ထည်ကြီးက ဒီလောက် ကုန်းမထားနဲ့ စသဖြင့် လိုက်ပြင်ပေး သည်။ သို့နှင့် ပြေးလမ်းကြောင်းအတွင်းတွင် ကျွန်တော်သည် တစ်နေ့ထက်တစ်နေ့ ပိုမြန်မြန်ပြေးနိုင် လာသည်။ ဇွန်ကျောင်းပိတ်သောအခါ၌ကား အပြေးအဖွဲ့ သားအားလုံးကို ကျွန်တော် အပြတ်ပြေးနိုင် ခဲ့ချေပြီ။ စက်တင်ဘာကျောင်းဖွင့်လျှင် သူ့ဆီအရင်ဆုံး သတင်းပို့ရန် ဆရာကပြောသည်။ ကျွန်တော့် အတွက် ဘီဒိုနှင့် ယူနီဖောင်းများလည်း ရတော့မည်။
ထိုနွေ မှာ ကျွန်တော့်အဖို့ အကြမ်းတမ်းဆုံးနွေပင်ဖြစ်ပါသည်။ ကိုရီးယားစစ်ပွဲဖြစ်သဖြင့် စစ်လက်နက် ပစ္စည်း အလုပ်ရုံ များတွင် အလုပ်များ ပေါ်လာသည်။

ကျွန်တော်သည် အသက် လေးနှစ်မျှလိမ်ပြီး အသက်နှစ်ဆယ့် တစ်နှစ်ရှိပြီဟု ပြောကာ ၁၀၅မီလီမီတာ ဗုံး၊ ကျည်များ ထုတ်လုပ်သော ကုမ္ပဏီတစ် ခုတွင် ၀င်အလုပ်လုပ်ခဲ့သည်။ အပြီးမသတ်သေးသော တစ်လုံးလျှင် လေးဆယ့်ငါးပေါင်မျှလေးသော ဗုံးကျည်ခွံများကို မိနစ်နှစ်ယ်အတွင်း ၁၄၃ခုမျှ သယ်မပေးရ၏။ ကျွန်တော့်တွင် ၀မ်းဗိုက်ရောဂါရှိရာ ခါးပတ်ပင် ပတ်၍မရခဲ့ချေ။ ယခုတစ်ကြိမ် ကုန်းကော်လိုက်တိုင်း ဗိုက်မှာ အတော်ထိသွားသည်။ သို့ သော်အချိန်ပိုဆင်းခများနှင့် ဆိုလျှင် တစ်ချို့အပတ်များတွင် ဒေါ်လာနှစ်ရာမျှ ၀င်ငွေစီခဲ့သည်။ သို့သော် အခြားအလုပ်သများသည် ကျွန်တော့်အသက် အမှန်ကို သိသွားကြသောအခါ အတော်မကျေ မနပ်ဖြစ်ပြီး ခံပြင်းနေကြသည်။ အိမ်ပြန်ရောက်သောအခါ ခြေကုန်လက်ပန်းပင် ကျနေချေပြီ။ ထို့ကြောင့် အပြေးလေ့ကျင့်ဖို့ အိပ်ရာမှ ဇွတ်ထရခြင်းသည် တကယ်ပင် ပင်ပန်းလှပါသည်။

နောက်ပိုင်း တွင် ကျွန်တော်ကို ညဆိုင်းရွေ့ပစ်ကြသည်။ ည၁၁နာရီမှ မနက် ၇နာရီ။ "ညည သတိထား ကြနော်။ ငမည်းလေး တစ်ကောင် ပတ်ပြေးနေတတ်တယ်"ဟု ဖိုမင်ကပြောသည်။ ထို့ကြောင့် မနက်အလုပ် သိမ်းမှ ကျွန်တော် အပြေးလေ့ကျင့်ရ၏။

ထိုအချိန်တွင် အခြားသူများ အလုပ်ဆင်းကုန်ကြပြီ။ ထိုသို့ပြေးရသည်ကို ကျွန်တော်ပိုကြိုက်ပါသည်။ သို့သော် ညနေ "ဘူး"နှင့် အခြားသူငယ်ချင်းများနှင့် ဆုံရသည့် အခွင့်အရေးကား ဆုံးရှုံးသွားပါသည်။
ထို့နောက် ဖိုမင် သည် အခြားအရာရှိတစ်ယောက်အား ကျွန်တော့်ကို မီးကျင်းသို့ပို့ရန် ပြောသည်။ "ငမည်းတွေ က အပူဒဏ် ကို ပိုခံနိုင်တယ်"ဟု ပြောပါသည်။ ထိုအစီအစဉ်မှာလည်း ကျွန်တော့်ကို မထိ ခိုက်နိုင်ပါ။ သို့သော် မီးဖိုကြီးရှေ့ တွင် ရပ်ပြီး အလုပ်လုပ်ရသည်ကား မသက်သာလှ။ မီးကျီရဲရဲကြီး ရှေ့တွင် ကုန်းပြီး အလုပ်လုပ်ရရာ မျက်နှာ များ ကျိန်းစပ် ပူလောင်နေ၏။ နေ့လယ်စာ စားချိန်ဥသြ ဆွဲသောအခါ ကျွန်တော်သည် ကြမ်းပြင်ပေါ်တွင် ပစ်လဲကျကာ နာရီဝက်ခန့်ပင် သွေးအန်တော့သည်။ ထိုသွေးများ ကို ကိုယ့်ဘာသာကိုယ် သုတ်ပစ် ခဲ့ ရသေးသည်။

ဆက်ရန်
.

No comments: