Tuesday, June 26, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း အပိုင်း (၁)

"လူထုစိန်ဝင်းရဲ့ အမှာ"

"သဘောထား အတင်းမာဆုံးသူ"

အကြောင်းမသိသူ တိုင်းက သူ့ကို ဒီလိုပဲ မြင်ကြတယ်။ ခေါင်းမာလွန်း၊ မာကြောလွန်းတယ် လို့ လည်း ကောက်ချက်ချကြတယ်။ တချို့ကဆို ကွန်မြူနစ် လက်ဝဲသမားလို့တောင် တံဆိပ်တပ်လိုက်ကြ တယ်။
နှစ်ပေါင်း ငါးဆယ်ကျော် လက်ပွန်းတတီး ရင်းရင်းနှီးနှီး အတူလက်တွဲ လုပ်ကိုင်ခဲ့သူတစ်ယောက် အနေနဲ့ ဒီလို ပြော ဆိုသံတွေ ကြားရတဲ့အခါတိုင်း ပြုံးမိတယ်။ စေ့စေ့စပ်စပ် စနစ်တကျ ပိုင်းခြား ဝေဖန် သုံးသပ်မှုမျိုး မလုပ်ဘဲ ကိုယ်လိုချင်ရာ ဆွဲပြီးပြီးစလွယ် ကောက်ချက်ချ၊  တံဆိပ်တပ်မှု မျိုး တွေကြောင့် နှစ်ပေါင်း ခြောက်ဆယ်ကျော် ရေစုန်မျော ခဲ့ ရတာ ပါလားလို့ မတွေးဘဲ မနေနိုင် ဖြစ်ရ တယ်။

နိုင်ငံရေးပါတီကြီး တစ်ခု စတင်တည်ထောင်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး ကြီးလေးတဲ့ တာဝန်ကို ယူခဲ့ ရပေမယ့် သူဟာ နိုင်ငံရေးသမား နဲ့ နည်းနည်းလေးမှကို မတူတဲ့ သူတစ်ယောက် အဖြစ်ပဲ ရှိနေသေး တာ တွေ့ ရတယ်။ နိုင်ငံရေးသမားဆိုတာ ယေဘုယျအာဖြင့် ကိုယ့်ကိုယ်ကိုယ် ပေါ်ပြူလာဖြစ်အောင် လုပ်ကြ ရတယ်။ လူရှေ့ထွက်ပြီး လူလုံးပြတာနဲ့ စင်ပေါ်တက်ပြီး ဟောရ ပြောရတာကို မဖြစ်မနေ လုပ်ကြ တယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် သူ နိုင်ငံရေးလုပ်တဲ့ လမ်းခရီးမှာ သူဟာ စင်ပေါ်တက် လူလုံးပြတာမျိုးတွေ သိပ်မလို ဘဲ လုပ်စရာအလုပ်တွေကို ကန့်လန့်ကာ နောက်ကွယ်ကပဲ သိမ်းကြုံးလုပ်နေလေ့ ရှိတယ်။

နိုင်ငံရေးသမား အများစုက စားပွဲနဲ့ ကုလားထိုင်ကို သိပ်ခုံမင်ကြပြီး ရာထူးကို ဖော်ပြတဲ့ သုံးမျှောင် တုံးကိုလည်း သိပ် စုံမက်ကြတယ်။ သူက အဆောင်အယောင် အခမ်းအနားတွေကို သိပ်မုန်းသူ ဖြစ်တယ်။ သူ ပုဂ္ဂလိက ကြေးမုံသတင်းစာ ကို တာဝန်ယူ လုပ်နေစဉ်က မျက်နှာချင်းဆိုင် စီတန်း ထားတဲ့ စားပွဲတွေမှာ တခြား အယ်ဒီတာတွေ သတင်းထောက်တွေနဲ့ အတူတူထိုင်ပြီး အလုပ်လုပ် တယ်။ မန္တလေးက ပြည်သူပိုင် ဟံသာဝတီ သတင်းစာကို သူပဲ စတင် တည်ထောင်ပြီး သူပဲ တာဝန် ယူ လုပ်ကိုင်ရတော့လည်း သူ့အယ်ဒီတာချုပ် ရုံးခန်းမှာ တံခါး မရှိပါဘူး။ စာစီတွေ၊ ဖိုမင်တွေ၊ စက်ဆရာတွေဟာ သတင်းထောက်တွေလိုပဲ သူ့အခန်းကို ဥဒဟို ၀င်ထွက်နေ တာ တွေ့ရတယ်။

မန္တလေးနန်းရှေ့ က ယူဂိုဆလပ် တိုက်တန်းတွေက သူ့အခန်းမှာ သူရှိတဲ့ အချိန်ဆိုရင် ကလေးတွေ တရုန်းရုန်းနဲ့ စည်ကားနေ တတ်တယ်။ ဘယ်အရပ်ရောက်ရောက် သူ ပထမဦးဆုံး မိတ်ဆွေဖြစ်တာ ကလေးတွေပဲ။ သူ့ဟာသူ ထမင်း နပ်မှန် စားချင်မှစားပေမယ့် ရုံးက ပြန်ရင်တော့ ကလေးတွေ စားဖို့ မုန့်ပဲသရေစာ ၀ယ်သွားဖို့ သူ ဘယ်တော့ မှ မမေ့ဘူး။ ရှားရှားပါးပါး အားလပ်ရက်ရတဲ့အခါများ ဆိုရင် ကလေးပရိသတ် တစ်အုပ်ကြီးကို ထမင်းဟင်း ချက်ပြုတ်ကျွေးရင်း သူ တပြုံးပြုံးနဲ့ ဖြစ်နေ တတ်တယ်။ ကွယ်လွန်သူ ကျွန်တော်တို့ မိတ်ဆွေ သူ့ မိတ်ဆွေ သတင်းစာဆရာ၊ စာရေးဆရာ မောင်နေ၀င်းရဲ့ သားသမီးတွေ ဖြစ်ကြတဲ့ မောင်နေဦး၊ မောင်ကြည်လင်၊ ရီရီဝင်း၊ မောင်ဥာဏ် တို့ ဆို သူ သိပ်ချစ်တယ်။ စလည်း စလေ့ ရှိတယ်။ အခု သူ နေတဲ့ သူ့သူငယ်ချင်း ကိုအုန်းထွန်း သမီးတွေ ဆိုလည်း သူ့သမီးတွေလို့ သူက သတ်မှတ်ထားတယ်။

ကိုအုန်းထွန်း ကို သံယောဇဉ်ရှိလို့ အတူနေတာထက် သူ့သမီးတွေကို သံယောဇဉ် ပိုရှိလို့ အတူနေတာလို့တောင် ထင်မှတ် ရတယ်။ ရောက်လေရာအရပ်မှာ ကလေးတွ တရုန်းရုန်းကြားမှာ နေတတ်သူမို့ ကျွန်တော်တို့၊ ကိုနေ၀င်း တို့ တစ်တွေက သူ့ကို ကလေးဗိုလ်ကြီး လို့ ခေါ်ကြတယ်။

ကျွန်တော့်သားကြီးဆိုရင် တကယ်ကို သူ့လက်ပေါ်မှာ ကြီးခဲ့ရတာလို့ ဆိုနိုင်တယ်။ ၁၉၆၇၊ ဇူလိုင် မှာ လူထု သတင်းစာ အပိတ်ခံရပြီး ကျွန်တော် အဖမ်းခံရတော့ သားကြီး က ဆယ်လသားအရွယ်ပဲ ရှိသေးတယ်။ သူ့ အမေက မင်္ဂလာဒုံ အောင်ဆန်းသူရိယလှသောင်းကျောင်း မှာ ဆရာမ လုပ်နေတာ ဆိုတော့ ကလေးကို တစ်နေကုန် မျက်နှာလွှဲ ထားခဲ့ရတယ်။ အဲဒီတော့ ကလေးက ချူချာတယ်။ နည်းနည်းလေး ကိုယ်ပူတာနဲ့ တက် တတ်တယ်။ ကလေးအမေ ကလည်း မင်္ဂလာဒုံမှာ ဆိုတော့ ပြန်မလာနိုင်ဘူး။ အိမ်သားတွေက သူ့ဆီပဲ လှမ်းပြီး ဖုန်းဆက် ရတယ်။ သူ ချက်ချင်း ရောက်လာပြီး ကလေးဆေးရုံ လိုက်ပို့ရတယ်။ တစ်ကြိမ်တစ်ခါ မဟုတ်ဘူး။ တစ်ခါ တစ်လေ တစ်လနှစ်ကြိမ် လောက်၊ တစ်ခါတလေ သုံးလတစ်ကြိမ်လောက်။ ဒါကြောင့် သားကြီးဟာ တကယ်ပဲ သူ့လက်ပေါ် မှာ ကြီးခဲ့ရတာလို့ ဆိုနိုင်တယ်။

တခြား နိုင်ငံရေးသမားတွေနဲ့ သူ မတူကွဲပြားတဲ့ နောက်တစ်ချက်ကတော့ "နင်ဘဲငဆ" မငြင်းတတ် တာ ဖြစ် တယ်။ နိုင်ငံရေးသမား အများစု ဟာ အငြင်းသန်ကြတယ်။ "ငါ့စကားနွားရ" ပြောတတ် တယ်။ နောက်ပြီး နိုင်ငံရေးသမားတွေ က လက်ဖ၀ါးလို ကျင့်လေ့ ရှိတယ်။ မှောက်ချီလှန်ချီ လုပ်တတ်တယ်။ သူက ဗလောင်းဗလဲ မလုပ်တတ်ဘူး။ သူ ကိုင်ခဲ့တဲ့မူကို အခိုင်အမာ ဆုပ်ကိုင်ပြီး သဘောထား တင်းမာတာလို့ သတ်မှတ် ကြတာ ဖြစ်တယ်။ နိုင်ငံရေးသမား ဆိုတာ ရပ်တည်ချက် ခိုင်မာရတယ်။ အခြေခံမူကို အရောင်းအ၀ယ် မလုပ် ရဘူး။ စည်းရုံးရေးနဲ့ ဆက်ဆံရေးမှာတော့ ပျော့ပျောင်း ငြင်သာရမယ်။ အဲဒီလို ဆိုကြတဲ့အတိုင်း သူ ကျင့်ကြံ နေထိုင် ခဲ့တာ ဖြစ်တယ်။

သူဟာ နှစ်ပေါင်းနှစ်ဆယ်နီးပါး ထောင်နန်းစံခဲ့ရတဲ့ ပါတီထိပ်သီး ခေါင်းဆောင်ကြီး တစ်ယောက် ဖြစ်နေပေမယ့် ကျွန်တော် ကတော့ သူ့ကို အခုထိ နိုင်ငံရေးသမားလို့ မမြင်ဘဲ သတင်းစာဆရာ တစ်ယောက် လို့သာ မြင်နေဆဲ ဖြစ်တယ်။ မူကို အပြုအပြင် မခံတာ၊ အပြောင်းအလဲ မလုပ်တာဟာ သတင်းစာဆရာများရဲ့ အခြေခံ အကျဆုံး ကျင့်ဝတ် ဖြစ်တယ်။ သတင်းသမား ဆိုတာ ဖြစ်တာ ကို ဖြစ်တဲ့ အတိုင်း၊ မြင်တာ ကို မြင်တဲ့အတိုင်း ရေးရတယ်။ ဖြည့်တာ စွက်တာ မလုပ်ရ သလို ဖြုတ်တာ ဖျောက်တာလည်း မလုပ်ရဘူး။ သနပ်ခါးလိမ်း ပန်းပန်ပြီး လူမြင်ကောင်းအောင် မလုပ်ရသလို၊ လူမြင်မကောင်း လို့ ဆိုပြီး ထိန်ချိန်တာလည်း မလုပ် ရဘူး။

သတင်းစာဆရာ ဗီဇစိတ်နဲ့ နိုင်ငံရေး ၀င်လုပ်ရတော့ လူတွေက သူ့ကို အပြောင်းအလဲ မလုပ်ချင် တဲ့ သဘောထား တင်းမာသူ လို့ မြင်နေကြတာ ဖြစ်တယ်။ တကယ်တော့ သူ ကိုယ်တိုင် က နိုင်ငံ ရေးသမား ဖြစ်ချင်တာ မဟုတ်ဘူး။ နိုင်ငံရေးလုပ် ဖို့လည်း သူ ဘယ်တုန်းကမှ စိတ်ကူးခဲ့တာ မဟုတ် ဘူး။ မလုပ်မဖြစ် လို့ အရေးတော်ပုံကြီးအတွင်း ၀င်ရောက်လုပ်ကိုင်ရင်းနဲ့ ဇွတ်အတင်း "ပေါ်တာ" ဆွဲသလို အဆွဲခံ ခဲ့ရလို့ နိုင်ငံရေးသမား ဖြစ်သွားခဲ့ရတာသာ ဖြစ်တယ်။

သူက သူ့ဘ၀တစ်ခုလုံးကို သတင်းစာထဲမှာပဲ မြုပ်နှံထားတာ ဖြစ်တယ်။ သတင်းစာ ကိုယ်တိုင် မလုပ်ရတဲ့ အချိန်တွေ ကို "ကွိ" လို ၊ "ဥတ္တရအလင်း" လို သတင်းစာဆရာတွေ ရဲ့ အကြောင်းရေးတဲ့ စာအုပ်တွေကို ဘာသာပြန်ရင်း နဲ့ "ရသေ့စိတ်ဖြေ" လုပ်သူ ဖြစ်တယ်။ အခုအချိန်က မြန်မာစာနယ် ဇင်းလောကမှာ အပတ်စဉ် ထုတ် ဂျာနယ်တွေ ၂၀၀ လောက်အထိ ထွက်ရှိလာတဲ့ စံချိန်တင်ရတဲ့ ကာလ ဖြစ်တယ်။ အသက်နှစ်ဆယ်နဲ့ အစိတ်ကြား ယောက်ျားလေးတွေ၊ မိန်းကလေးတွေ အားတက်သရော ၀င်ရောက် လုပ်ကိုင်နေကြတယ်။ သတင်းစာ ပညာသင်တဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ မရှိလေတော့ ဒီသူငယ်လေးတွေ အားလုံးဟာ မုဆိုးစိုင်သင် ဆိုသိလု "လုပ်ရင်းသင်၊ သင်ရင်းလုပ်" လုပ်နေကြရရှာတယ်။ အုတ်အရောရော၊ ကျောက် အရောရော ဖြစ်နေကြတာလည်း ရှိတယ်။ ဒီလိုအချိန်မှာ "ဥတ္တရအလင်း" ပြန်ထုတ်ခွင့်ရတဲ့ အတွက် ၀မ်းသာ မိတယ်။

"ဥတ္တရအလင်း" က သတင်းစာလောကအကြောင်း မီးမောင်း ထိုးပြထားတဲ့ စာအုပ် ဖြစ်တယ်။ သတင်းစာ အလုပ်ကို သာသနာပြု လုပ်ငန်းလို့ သဘောထား တဲ့ "တိုင်းပြုပြည်ပြု" သတင်းစာနဲ့၊ သတင်းစာလုပ်ငန်းကို စီးပွားရှာဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးအောင် လုပ်ဖို့ အသုံးချတဲ့ "ပေါက်လွှတ်ပဲစား" သတင်းစာတွေ အကြောင်း ကို ရှင်းခနဲ ထင်းခနဲ မြင်သာအောင် ရေးထားတဲ့ အတွက် "မုဆိုးစိုင်းသင်" စမ်းတ၀ါးဝါး လုပ်နေရတဲ့ လူငယ်တွေ အတွက် အများကြီး အထောက်အကူ ရလိမ့်မယ်လို့ ထင်တယ်။

ဒါ့အပြင် သိက္ခာသမာဓိ ရှိတဲ့ သတင်းစာဆရာ ဆိုတာ ဘယ်လိုလူမျိုး ဖြစ်တယ်၊ "အ၀ါရောင်သတင်း စာဆရာ" ဆိုတာ ဘယ်လိုလူမျိုး ဖြစ်တယ်ဆိုတာ ခွဲခြားပြီး သိနားလည်အောင်လည်း လုပ်ပေးပါ လိမ့်မယ်။ ကမ္ဘာတစ်ခုလုံး မှာ သိက္ခာရှိ သတင်းစာ ဆိုတာ တော်တော် ရှားနေပြီ။ အများစုက စီးပွား ရှာဖို့ အမြတ်အစွန်း များများ ရဖို့ ဘာမဆို လုပ်မယ်ဆိုတဲ့ သတင်းစာတွေ ဖြစ်နေပြီ။
"သတင်းစာ လုပ်ငန်းကို များ မြင့်မြတ်တော်မူပေသော ကိစ္စလို လုပ်ပြီး တရားဟောနေသေးတာ၊ ပတ်ချွဲနပ်ချွဲ သုစရိုက်သမားတွေ၊ တလွဲဆံပင်ကောင်းတဲ့ သတင်းစာစုတ်နဲ့ လောကနိဗ္ဗာန် ဖန်ဆင်း ချင်တဲ့ မြှင့်တင်ရေး သမားတွေ ကို ကျွန်တော် နည်းနည်းမှ ကြည့်လို့မရဘူး"
ဥတ္တရအလင်းထဲက "လီယိုနဒ်ညေး"ရဲ့ စကားထဲက သတင်းစာသမားမျိုးတွေပဲ ဒီခေတ်မှာ များနေတယ်။

"ဒီလုပ်ငန်းကလည်း တခြားလုပ်ငန်းတွေလိုပဲပေါ့။ ငွေရဖို့နဲ့ သြဇာကြီးဖို့ ဆိုတဲ့ ပန်းတိုင် နှစ်ခုပဲ ရှိတာပါဗျ။ အဲဒီ ပန်းတိုင် ရောက်ဖို့ စောင်ရေတိုးရမယ်။ စောင်ရေတိုးဖို့ လူဖတ်ချင်တာတွေကို ရေးရ မယ်။ လူအများစုကြီး ဖတ်ချင်တဲ့ "ဓာတ်စာ" သတင်း က ဘာလဲ။ သူတို့ ဖတ်ချင်တာက အရေရွှမ်း တဲ့ မတော်တရော် သတင်းတွေဗျ။ အညှီအဟောက် သတင်းတွေ၊ အမနာပ သတင်းတွေ၊ အမြူအဆွ သတင်းတွေဗျ။ ရာဇ၀တ်ရုံး သတင်းတွေ၊ ထရံပေါက် က သတင်းတွေနဲ့ စောင်ရေ ခုနှစ်သန်းအထိ ရောက်နေတဲ့ "တနင်္ဂနွေ အထောက်တော်"က သက်သေခံနေ တာပဲ"
"ညေး"ရဲ့ စကားတွေက သွေးထွက်အောင် မှန်ပါတယ်။ ကမ္ဘာပေါ်က သတင်းစာနဲ့ ဆက်စပ် မီဒီယာလုပ်ငန်း အားလုံး ကို အခုအခါ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ချုပ်ကိုင်ထားကြပြီး အမြတ်အစွန်းရရေးအတွက် သက်သက်သာသာ လုပ်ကိင်နေကြတာကြောင့် "စတုတ္ထမဏ္ဍိုင်" ပီသတဲ့ သတင်းစာ ဆိုလို့ နည်းနည်းပါးပါး ပဲ မြင်တွေ့နိုင်ပါတော့တယ်။
"ဥတ္တရအလင်း" ကို လူငယ်တွေ ဖတ်ပြီး "ဟင်နရီပေ့"ကို အားကျရုံလောက် ရှိတယ်ဆိုရင်ပဲ ကျွန်တော်တို့ အနေ နဲ့ ကျေနပ်နိုင်ပါပြီ။

လူထုစိန်ဝင်း
၂၂.၁၁.၁၁.


သတင်းစာသမား၏ "သွေး"

(၁)

"ဘာသာပြန် စာအုပ်ပဲဗျ။ အမှာတွေ ဘာတွေ လိုလှ မထင်ပါဘူး။ ကိုယ်မြင်တာလေးလောက် ရေးလိုက် ... တော်ပေါ့ ထင်ပါရဲ့" ထင်လင်း က ပြောသည်။
ထင်လင်း က နာမည်ကျော် စာရေးဆရာ။ ပြီးတော့ ဆုရဘာသာပြန်ဆရာ။ ဒါထက် ကရိုနင် ၀တ္ထု တစ်ပုဒ်၊ (တစ်ကျွန်းစံ ၏ အပြန်လမ်း)ကို ဘာသာပြန်ခဲ့သူ။ ထို့ကြောင့် ဤကရိုနင် ဘာသာပြန် စာအုပ်တွင် အမှာစာ ရေးခိုင်းရကောင်းသား ဟု ကျွန်တော်တို့ အတွေးပေါ်မိသည်။
ဘာစာအုပ်မျိုး ထုတ်လုပ် ဆရာကြီးငယ်တို့၏ အပို့အပင့် အမိန့်အမှာတွေက တန်းလန်းပါမြဲ။ အလေ့အထ လို ပင် ဖြစ်နေပြီ။

ကျွန်တော် ရေးခဲ့ သည့် စာအုပ်များတွင်လည်း ထိုနည်းလည်းကောင်း၊ လူထုဦးလှ၊ တက်တိုး၊ ဒဂုန်တာရာ၊ မြသန်းတင့်၊ မင်းယုဝေ၊ ဂျာနယ်ကျော်မမလေး စသော စာရေးဆရာကြီးငယ်များ၏ အမှာတွေနှင့်။ ဦးအုန်းလွင် လို ပန်းချီဆရာ ပန်တျာ မြင့်အောင်လို ဂီတပညာရှင်၊ ကိုကြည်မြ လို နိုင်ငံရေးသမားတို့၏ အမှာ များ ပင် ပါလိုက်ချည်သေး။
ဤစာအုပ်တွင် လည်း တစ်ယောက်ယောက်ကို "ပင့်"ဦးမှ တော်တော့ မှာကိုး ဟု ကျွန်တော်တို့ အကျင့် ပါပါ တွေးမျှော် ထားခဲ့သည်။
ထင်လင်း စကားကြားတော့ ဟုတ်သားပဲလိုလို ထင်မိလာ၏။ မဟုတ်သေးပါဘူးလိုလိုလည်း ထင်မိ လာ၏။ ဘာပဲဖြစ်ဖြစ် "ဆရာကြီး"တွေ ကို အားနာလာမိသည်တော့ အမှန်။

ကျွန်တော် ကိုယ်တိုင် ကဗျာစာအုပ်၊ ၀တ္ထုစာအုပ်တွေ အစ၊ ဘာသာပြန်စာအုပ်၊ ဆောင်းပါးစာအုပ် တွေ အလယ်၊ အကပညာ စာအုပ်၊ တရားစာအုပ်တွေ အဆုံး (ဘုမသိဘမသိ အကြိမ်များစွာ အပါအ၀င်) အမှာတွေ  ဗောင်းလံအောင် ရေးပေးခဲ့ရဖူး၍ "ဆရာကြီး" တွေကို ကိုယ်ချင်းစာနာလာ မိသည်လည်း အမှန်။
သို့ဖြင့် ကိုယ့်ငါးချဉ် ကိုယ်ချဉ်ကာ ထင်လင်း ပြောသလို "ကိုယ်မြင်တာလေးလောက် ရေးလိုက် ... တော်ပေါ့ထင်ပါရဲ့" ဟု တွေးလာမိသည်လည်း အမှန်။

(၂)

ဤစာအုပ် အင်္ဂလိပ်စာရေးဆရာ (A.J. Cronin ၏ The Northern Light) အကြောင်း သတင်းကောင်းကြားနေ ခဲ့ သည်မှာ ကြာပြီ။ စာကောင်းပေကောင်း ကို အမြည်းအမြုံ့ အဖတ် အမှတ်ကောင်း သော တက္ကသိုလ် များ ဗဟို စာကြည့်တိုက်မှူး ဦးသော်ကောင်း က "လက်တို့" ထားခဲ့သည် မှာ လည်း ကြာပြီ။
နှစ်၃၀ ခန့် ကျွန်တော် တို့ ကျင်လည်ခဲ့သည့် သတင်းစာသမားဘ၀က တာဝန်ပိလွန်းသည်။ စိတ်အား လူအား အချိန် အား ရသည် ဟူ၍ မရှိသလောက်။ ၁၀နှစ်ခန့် ကျွန်တော်တို့ နေထိုင်ခဲ့သည့် မန္တလေး မြို့က ခေတ်ပေါ် စာအုပ် ရှားလွန်း သည်။ စာအုပ်ဆိုင် ကောင်းကောင်းကြီးကြီးဟူ၍ မရှိသလောက်။
အလုပ် က ဗလပွ။ စာအုပ်က ရှာမရ။ သည်လိုနှင့် ဤစာအုပ်ကို မဖတ်ဖြစ်ခဲ့။ ဘာသာပြန်ဖို့ကား ဝေလာဝေး။

"ကောင်းသားပဲ" "ရေးဗျာ" ယခုတစ်လော ကျွန်တော်တို့ စိတ်အား လူအား အချိန်အား ။အားချင်တိုင်းအား အများကြီးအားနေ သည်။ ထို့ကြောင့် ထိုစာအုပ် ကို ဘာသာပြန်လိုက်သည်။

"ဥတ္တရအလင်း ..."

(၃)

သတင်းစာ သည် လူ့အဖွဲ့အစည်းတွင် မရှိမဖြစ် လူမှုနိုင်ငံရေး လက်နက်တစ်ခု။ ထိုလက်နက်သည် သုံးချင်သလို သုံး စူးရှသည်။ ထက်မြက်သည်။ ထိရောက်သည်။ သြဇာကြီးသည်။ တန်ခိုးထွား သည်။ အကောင်းသုံး အကောင်းဖြစ်။ အဆိုးသုံး အဆိုးဖြစ်။ ထို့ကြောင့် အကောင်းသုံးသူက သုံး၊ အဆိုးသုံးသူက သုံး။ သို့ဖြင့် အကောင်းတွေ ဖြစ်ထွန်း။ အဆိုးတွေ ကျရောက်။ ပြီးတော့ အကောင်း အဆိုးပဋိပက္ခတွေ ပေါ်ပေါက်။
အကောင်းဆုံး ပဋိပက္ခ သည် အကောင်းအဆိုးတို့ကို ဖန်တီးစွမ်းရှိသော သတင်းစာလောက်တွင် လည်း ဖြစ်ပွားလေ သည်။

ဥတ္တရအလင်းသည် ပြည်သူ့အကျိုးဆောင် သတင်းစာကောင်းနှင့် ပုဂ္ဂလိက ကိုယ်ကျိုးရှာ သတင်းစာဆိုး၏ ပဋိပက္ခ၊ ဒေါင်ဒေါင်မြည် သတင်းစာသမားနှင့် မူးတင်းပဲတင်း သတင်းစာသမား၏ တိုက်ပွဲ၊ သဘောရိုးနှင့် မနောဆိုး ၏ ၀ိရောဓိ တို့ကို ဇာတ်လမ်းဖွဲ့သည်။

ဗြိတိန်နိုင်ငံ အရင်းရှင် သတင်းစာလောက၏ စီးပွားရေး စားကျက်လုပွဲ၊ သတင်းစာကောင်းဆိုး၏ ပဋိပက္ခ၊ ပြည်သူ့အကျိုးဆောင် သတင်းစာကောင်း၏ အစဉ်အလာ၊ သြဇာတိက္ကမနှင့် ရပ်တည် ချက်၊ ပုဂ္ဂလိက ကိုယ်ကျိုးရှာ သတင်းစာဆိုး ၏ "မှိုင်း"၊ ထိုးကွက်နှင့် ဆင်လုံး၊ သတင်းစာသမား ကောင်း၏ "သွေး"၊ မာရနှင့် စေတနာ၊ သတင်းစာသမား၏ ဥာဉ်၊ ၀သီနှင့် စရိုက်တို့ကို မီးမောင်း ထိုးပြသည်။ ကြည်နူးစရာအချစ်၊ ရင်နင့်စရာ အလွမ်းတို့က ထိုမီးမောင်းအလယ် မှာ မြူးပျံရင်း ကျေပြုန်းသည့် ပိုးလိပ်ပြာနှယ်။

(၄)

တစ်လောကဆီက ငွေဥဒေါင်း ဧည့်ခံပွဲတွင် ဒဂုန်တာရာ၊ မြသန်းတင့်၊ ထင်လင်း၊ ပါရဂူ၊ မောင်နေ၀င်း၊ သာဘန်း၊ ရွှေစင်မောင်မောင်ခင် တို့နှင့် ဆုံသည်။ ဒဂုန်တာရာက ကျွန်တော်တို့ကို မေးသည်။
"ဘာတွေ ရေးဖြစ်နေတာလဲ"
"သဗ္ဗရနာမ် ပေါင်းပဲဗျာ။ စုံရော။ ကရိုနင် တစ်အုပ်လည်း ပြန်နေတယ်"
"ဘယ်ဟာလဲ"
"ဥတ္တရအလင်းလေ"
"တက္ကသိုလ်တုန်း ကတော့ ကရိုနင် ကို ကြိုက်ခဲ့သားဗျာ။ ခုတော့လည်း သိပ်မကြိုက်ချင်သလိုလို ဘဲ"
"ဟား ... ဟား ... ဟား ... ခင်ဗျား အဘိုးကြီး ဖြစ်လာလို့ နေမှာပါဗျာ။ ကျွန်တော်တို့က ကြိုက်တုန်းပဲ၊ နင်လားဟဲ့ ငါလားဟဲ့ ဘ၀တိုက်ပွဲရယ်၊  လူမှုအတွေးအခေါ်ရယ်၊ သိမ်မွေ့တဲ့ အချစ်ဇာတ်လမ်းရယ် ဆိုတာ ရသမြောက် ဖွဲ့ရင် အမြဲဖတ်လို့ ကောင်းတာပါပဲဗျာ။ ခင်ဗျားကြီးပဲ အဲသလို ပြောဖူးတာ မဟုတ်လားဗျ။ ငယ်မူလေး ပြန်လာအောင် ဖတ်ကြည့်စမ်းပါဦးလေ"
"ဒီလိုဆိုလည်း ဖတ်ရဦးမှာပေါ့ဗျာ"

ဝင်းတင်
၁၂-၃-၇၉

 .

No comments: