" မဟုတ်ဘူး သမီး၊ မဟုတ်ဘူး အဲဒီလို မဟုတ်ဘူး " စလုံးရေစ မှ ကျွန်မ ပြန်ကောက်ရတော့သည်။
သူကလေး သဘောပေါက် ဖို့ ကျွန်မတို့ တိုက်ပွဲအကြောင်းက စရသည်။ ဘာကြောင့် လူမည်း မိဘ တွေက တစ်မြေ တည်းနေ တစ်ရေတည်းသောက် လူဖြူတွေနှင့် တန်းတူ အခွင့်အရေး ရဖို့ တိုက်နေရကြောင်း၊ သူတို့ (လူမည်း) ကလေးတွေ အတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း၊ သည် တိုက်ပွဲ တွင် လူဖြူတွေပါ မိမိတို့ဘက် ပါလာပြီဖြစ်ကြောင်းများ ကို ပြောပြရသည်။ ကို ဆက်ဖတ်ရန်....
ကျွန်မတို့ ကလေးများအတွက် နေဖို့တစ်ဘ၀သာရှိသည်။ ပညာတတ်ဖြစ်ဖို့ ပညာရေးစနစ် တစ်မျိုး တည်းသာ ရှိသည်။ ဂုဏ်သိက္ခာရှိစွာ၊ တန်းတူ အခွင့်အရေးရဖို့ အရေးကြီးနေခြင်းဖြစ်သည်။ ယခု ချက်ချင်းရဖို့လိုသည်။ နောင် ဆယ်နျစ်ကြာမှ ရဖို့မဟုတ်။ နောက် ဆယ်နှစ်ကြာလျှင် ကျွန်မတို့ ကလေးတွေ လျှမ်းလျှမ်းတောက် ပညာတတ်ကလေးတွေဖြစ်နေရမည်။
မာတင်က သားသမီးများနှင့် ပတ်သက်လာလျှင် စံပြအဖေဖြစ်သည်။ ကလေးတွေကလည်း အဖေမှ အဖေ။ အဖေ အိမ်မှာ ရှိနေလျှင် သူတို့အတွက် အခြားဘာမှ မလိုသည့်အလား။ အခန်းထဲကို ကျွန်မ ၀င်သွားလျှင် သူ့ပေါင်ပေါ် တွင် စုပြုံထိုင်နေကြသည်ကို တွေ့ရစမြဲ။ သူတို့ သားအဖတွေ တစ်အိမ် လုံး ဗြောင်းဆန်အောင် ဆော့ကြလို့ အခန်းထဲတွင် မုန်တိုင်းတိုက်သွားသလို ဂှုပ်ပွနေရင် ကျွန်မ စိတ်တို တတ် ပါသည်။ သည်လို ကျွန်မစိတ်တိုလျှင် စိတ်တိုသူ ကျွန်မကို ကျွန်မ ယောက်ျားက အံ့သြကုန်နိုင်ဖွယ်ဟု ထင်ကာ မျက်လုံးအပြူးသားနှင့် ကြည့်နေတတ်သည်။ နောက်ဆုံး ကျွန်မ လက်လျှော့နေလေတော့ အဖြစ်ဖြင့် နိဂုံးချုပ် ရသည်ချည်း။
ယိုကီကလေး ငယ်ငယ်က ကစားနည်း တစ်မျိုးမာတင် သင်ခဲ့ဖူးသည်။ အဖေက သမီး ကို ရေခဲသေတ္တာပေါ် တင်ပြီး ထိုင်စေသည်။ ပြီးတော့ ခုန်ချခိုင်းသည်။ ပြီးတော့ သူက အောက်မှ ဆီးဖမ်းသည်။ ယိုကီက သည်ကစားနည်း ကို လွှတ်သဘောကျသည်။ ကျွန်မက လွတ်ကျသွားမည် စိုးပြီး ရင်တမမနှင့်။ သို့သော် တစ်ခါ မှ လွတ်မကျပါ။ အဖေ့ ရင်ခွင်ထဲကို စွေ့ခနဲဝင်သွားပြီး သားအဖနှစ်ယောက် တဟားဟား။ သည်လိုနှင့် ယိုကီသည် "တောင်ပေါ်က ခုန်ချမယ်" ဟု မကြာခဏ ပြောတတ်သည်။ ရေခဲသေတ္တာသည် သူ့ အတွက် တောင်ဖြစ်နေသည်။ အိမ်တွင် တိတ်ဆိတ်နေသည့် ညချမ်းများလည်းရှိပါ၏။ မာတင်က ကလေးတွေ ကို အသံထွက်ပြီး ပုံပြင် ဖတ်ပြ နေသည့်အခါမျိုး။ ကလေးတွေက အဖေ ဘာလုပ်လုပ်ပျော်နေ ကြ သည်။ အဖေနှင့်အတူ နေရချိန်သည် သူတို့အတွက် အပျော်ဆုံးအချိန်များဖြစ်သည်။
၁၉၆၁ ခုနှစ်၊ မေလထဲတွင် ဓမ္မဆရာ ဖရက်ရှပ် တယ်ဝပ်သ်က SCLC အနေဖြင့် အယ်လဘားမား ခရစ်ယာန် လူ့အခွင့်အရေး တိုက်ပွဲဝင်များနှင့် ပူးပေါင်းဖို့ အကြံပြုသည်။ သည်အဖွဲ့က ဘာမင်ဂန် တွင် အဖြူ အမည်း ခွဲခြားခြင်းအတွက် အမေရိကန် လူဖြူများကို အုံနှင့် ကျင်းနှင့် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ် သည်။ သို့သော် ၁၉၆၃ ခုနှစ် မတိုင်မီ သူ တို့ လှုပ်ရှားမှုတွေက နှေးကွေးနေသည်။
အယ်လဘားများနှင့် သူတို့ဆက်သွယ်ကြသည်။ အလွန် ရဲရင့်သော ခြေလှမ်းဖြစ်၏။ ဘာမင်ဂန် သည် ဧရာမ စက်မှုမြို့ကြီးဖြစ်သည်။ မြို့တော်ဝန် အာသာဟိန်း၊ ပြည်သူ့လုံခြုံရေးကော်မီတီ မင်းကြီး ယူဂျင်းကွန်းနား အပါအ၀င် မြို့ခံလူဖြူ အများစုသည် အသားရောင် မခွဲခြားရေးကို အပြတ် ဆန့်ကျင်သူများဖြစ်သည်။ လူမည်းဦးရေ ရှစ်သောင်းရှိသည့် မြို့သည် မဲပေးပိုင်ခွင့်ရှိသူတစ်သောင်းသာရှိသည်။ ငါးနှစ်အတွင်း နီဂရိုး ဘုရားရှိခိုးကျောင်း များ၊ လူနေအိမ် များကို ဆယ့်ခုနစ်ကြိမ် ဗုံးခွဲခံရသည်။ လူဖြူ တစ်ဖက်စွန်းသမားတွေ၊ လူမည်း မုန်းတီးရေးဝါဒီတွေက လူမည်းများကို ရိုက်နှက်သည်။ သတ်ဖြတ်သည်။ သို့သော် ဘယ်သောအခါမှ တရားခံ မပေါ်။ ဘာမင်ဂန် က ပွဲအကြမ်းဆုံးနေရာ။ ထို့ကြောင့် ဘာမင်ဂန်တွင် လူမည်းတို့ အခွင့်အရေး တိုက်ပွဲ အောင်လျှင် တစ်ပြည်လုံး အတိုင်းအတာနှင့် အောင်ပွဲဖြစ်ရမည်၊ ပွဲပြီးရမည်ဟု မာတင်က ယုံကြည် သည်။
ဖရက်ရှပ် တယ်ဝပ်သ် သည် အလွန် သတ္တိကောင်းသူဖြစ်သည်။ အဖြူအမည်း တိုက်ပွဲမပြီးခင် သူ့ ကလေးတွေ ကို ကျောင်းပို့ရဲသူဖြစ်သည်။ သူ့ကို ၀ိုင်းရိုက်ကြသည်။ သူ့အိမ်နှင့် သူ့ဘုရားကျောင်းကို ဗုံးခွဲဖျက်ဆီး ခံရသည်။ သူ့မိန်းမ သေကောင်ပေါင်းလဲ အရိုက်ခံရသည်။ ပြီးတော့ ထောင်ကျသွား သည်။ တရားဥပဒေ စိုးမိုးရေး တိုက်ပွဲ တွင် သူတို့မိသားစု မရှုမလှခံကြရသည်။
၁၉၆၃ ခုနှစ် တွင် ၀က်ဝေါ်ကာနှင့် ရော့ဖ်တို့ကိုခေါ်ပြီး ဘာမင်ဂန်သို့ မာတင်ထွက်သွားသည်။ ဟိုတယ် တစ်ခု တွင် တည်းပြီး ရုံးခန်းဖွင့်ကာ ဖရက် ဦးဆောင်သော မြို့ခံလူများနှင့်အတူ တိုက်ပွဲပုံစံတွေချသည်။
ဘာမင်ဂန် ကုန်တိုက်ကြီးများ၊ စားသောက်ဆိုင်ကြီးများတွင် အဖြူအမည်း မခွဲခြားရေးကို ဦးတည် ပြီး တိုက်ပွဲစမည်။ မတ်လ ၁၃ ရက်နေ့ မတိုင်မီ ဘာမှ မလှုပ်ရှားဘဲ ငြိမ်ငြိမ်ကလေးနေမည်။ နွားရိုင်း ကွန်းနားဟု နာမည်ကြီးသည့် လုံခြုံရေး ကော်မတီမင်းကြီး ကွန်းနားက မတ်လ ၅ ရက်နေ့တွင် အခြားနှစ်ယောက်နှင့် ယှဉ်ပြိုင် အရွေးခံရမည်။ မာတင်တို့အဖွဲ့ ဆူလျှင် သူ့အတွက် အခွင့်သာသွားနိုင်သည်။ ထို့ကြောင့် ရက်ဆွဲ ထားလိုက်ဖြစ်သည်။
သည်ကြားထဲ တွင် SCLCတို့က တိတ်တဆိတ် အစည်းအဝေးတွေ အကြိမ်ကြိမ်ခေါ်ပြီး အကြမ်းမဖက်ရေးကို ဦးထိပ်ထား ဖို့ စည်းရုံးသည်။
" ခင်ဗျားတို့ အားလုံး နေဖို့ထက် သေဖို့ပြင်ဆင်ထားရမယ်" ဟု မျက်နှာ တစ်ခုလုံး အမာရွတ်တွေ ပြည့်နေ သည့် ဖရက် က သူ့လူတွေကို ရဲဆေးတင်ပေးသည်။
ကျွန်မ တို့ ရင်ဆိုင်ရမည့် တရားရုံး စရိတ်အတွက် တစ်တိုင်းပြည်လုံးမှ ရန်ပုံတွေတွေ လှိမ့်ဝင်လာ သည်။ ထောင်ထဲဝင် ဖို့ အသင့် အနေ အထားရှိသူများကို အောက်ပါကတိဝန်ခံလွှာတွင် လက်မှတ်ရေး ထိုးစေ သည်။
ကျွန်ုပ် သည် စိတ်ရောကိုယ်ပါ ရင်းလျက် အကြမ်းမဖက်ရေး လှုပ်ရှားမှုတွင် ပါဝင်ပါမည်ဟု ကတိပြု ပါသည်။
ထို့ကြောင့် အောက်ပါ ပညတ်ချက်များကို တစ်သဝေမတိမ်းလိုက်နာပါမည်။
၁။ ယေရှုသခင်၏ဘ၀နှင့် ဒေသနာကို နေ့စဉ် အာရုံပြုပါမည်။
၂။ဘာမင်ဂန် လှုပ်ရှားမှုကို အကြမ်းမဖက်ရေး တိုက်ပွဲအဖြစ် အမြဲ သတိရနေပါမည်။ တရားမျှတမှုနှင့် ပြန်လည် သင့်မြတ်ရေး ကို ဦးတည်ပါမည်။ အနိုင်ရအောင်မြင်ရေးမဟုတ်ပါ။
၃။ ဘုရားသခင် ကို အာရုံပြုပြီး လမ်းလျှောက်ပါမည်။ ဘုရားသခင်၏ မေတ္တာတော်ကို အစဉ် သတိရနေ ပါမည်။
၎။ လူမည်း အားလုံး လွတ်လပ်ရမည်ဟု အာရုံပြု၍ နေ့စဉ် ဘုရားဝတ်ပြုပါမည်။
၅။ လွတ်လပ်ရေး အတွက် ပုဂ္ဂလိက ဆန္ဒများကို စတေးပါမည်။
၆။ ရန်သူ လား မိတ်ဆွေလား ယဉ်ကျေးစွာ လေ့လာပါမည်။
၇။ တစ်ပါးသူ အတွက် ပြီးတော့ ကမ္ဘာလောကကြီးအတွက် ပုံမှန်အလုပ်အကျွေးပြုဖို့ နည်းလမ်း ရှာကြံပါမည်။
၈။ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး အကြမ်းမဖက်မိအောင် စောင့်ထိန်းပါမည်။
၉။ ၀ိညာဉ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာ သန့်ရှင်းအောင်ကြိုးစားပါမည်။
၁၀။ ကိုယ့်အစုအဖွဲ့ ခေါင်းဆောင်၏ ညွှန်ကြားသမျှ လိုက်နာပါမည်။
မာတင်သည် သမ္မတ ကနေဒီနှင့် တွေ့ခွင့်ရခဲ့သည်။ ညီဖြစ်သူ တရားသူကြီးချုပ် ရောဘတ် ကနေဒီက လူမည်း တို့ ၏ အသားရောင် ခွဲခြားရေးဆန့်ကျင်မှုနှင့် လူဖြူလူမည်း တန်းတူ အခွင့်အရေး ရရှိရန် ဆန္ဒပြပွဲများ ကို အစိုးရ ကိုယ်တိုင် ပါဝင်ဖို့ တိုက်တွန်းသည်။ သူတိ့ ညီအစ်ကိုက လူမည်းများအား စာနာသည်။ ကူညီချင်သည်။ သို့သော် သမ္မတက သူ့ညီ တရားသူကြီးချုပ် ပြောသည့်အတိုင်း မလုပ်နိုင်။ ကွန်ဂရက်နှစ်ခြမ်း ကွဲသွားနိုင်သည်ဟုဆိုသည်။ မာတင် စိတ်ပျက်သွားသည်။ ဘာမင်ဂန် တိုက်ပွဲကို အရှိန်မြှင့် ဖို့ တာစူ ရတော့သည်။ အစိုးရက မကူ နိုင်မှတော့ ကိုယ့်အားကိုယ်ကိုး ရတော့မည်။ မာတင်က သည်အစီအစဉ် ကို သမ္မတ အား ဖွင့်ပြော လိုက်သည်။
ဘာမင်ဂန် ရွေးကောက်ပွဲတွင် သဘောထား ပျော့ပျောင်းသည့် အဲလ်ဘတ် ဘောက်ဝဲလ် ရှေ့ က ပြေးနေသည်။ သို့သော် အပြတ်အသတ်ကြီး မဟုတ်။ နောက်ဆုံးတွင် ဘောက်ဝဲလ် အနိုင်ရသွား သည်။ သို့သော် ကွန်းနား က မကျေနပ် ၍ ရွေးကောက်ပွဲ ကော်မရှင်ကို မဲပြန်စစ်ခိုင်းသည်။ တရားရုံးက အဆုံးအဖြတ်ပေး ရမည်။ ၁၉၆၄ ခုနှစ်အထိ သည်ကိစ္စပြတ်နိုင်ဖွယ်မရှိ။ ကွန်းနားက သူ့ ကုလားထိုင်တွင် ဆက် ထိုင်နေလိမ့်မည်။ နွားရိုင်းကြီး ထွက်ခတ်ခတ်တော့မည်။ သို့သော် မာတင် တို့ ဘက်က နောက်ထပ် မစောင့်နိုင်တော့။
ထိုအချိန်မှာ ကျွန်မ၏ စတ္ထုမြောက် ကလေး မွေးခါနီးနေချိန်ဖြစ်ပါသည်။ ကလေးမွေးချိန်တွင် သူ ကျွန်မ အနား တွင် ရှိနိုင်ပါမည်လား။ ဘာမင်ဂန်ကို သွားနေရမှာလား။ ကျွန်မ စိုးရိမ်စ ပြုလာသည်။ သို့သော် တန်နီဟု အနွတ္တသညာခေါ်စရာ တွင်သော ကျွန်မတို့၏ သားကလေးဘားနစ် အယ်လ်ဘာတိုင်းကို မတ်လ ၂၈ ရက်နေ့ တွင် မီးရှူးသန့်စင်ဖွားမြင်ခဲ့ပါသည်။ နောက်တစ်နေ့တွင် ဘာမင်ဂန်သို့ မာတင် ထွက် သွားလေတော့ သည်။
သူ ရောက် သွားတော့ SCLC၏ သေနင်္ဂဗျူဟာကို လူမည်း အချင်းချင်းကန့်ကွက်သူတွေရှိနေတာကို သူတွေ့ ရသည်။ ဘာမင်ဂန် ခေါင်းဆောင်သစ်တွေက လက်ရှိ အခြေအနေကို မတိုက်ချင်သေး။ ဘောဝဲလ် တက်လာသည် အထိ စောင့်ချင်ကြသည်။ တချို့ကလည်း ဘာမင်ဂန် လှုပ်ရှားမှုကို နံဘေး လူတွေ ၀င်လာတာကို မကြိုက်ကြ။ နောက်ဆုံးတွင် အားလုံးကို မာတင် ညှိပေးနိုင်ခဲ့သည်။
ဧပြီလ ၃ ရက်နေ့ တွင် စားသောက်ဆိုင်ကြီးများ ရှေ့တွင် ထိုင်သပိတ် စသည်။ လေးရက်အတွင်း လူ ခုနစ်ဆယ့်ငါးယောက် အဖမ်းခံရသည်။ လူမည်းတို့ အင်အားများသည်ထက် များလာသည်။ ရဲကလည်း တွင်တွင် ဖမ်းသည်။ သို့သော် ကြမ်းကြမ်းတမ်းတမ်းမဟုတ်။ တစ်ဖက်က အကြမ်း မဖက်သဖြင့် သူတို့ ကလည်း ယဉ်ကျေးကြသည်။
သည်လို အခြေအနေ တွင် မာတင်က ကျွန်မတို့၏ အလွန်ပျော့ပျောင်းသည့် တောင်းဆိုချက်တွေကို ညှိနှိုင်းပေး ဖို့ မြို့ခံ အာဏာပိုင်များနှင့် ကုန်သည်ကြီးများကို စည်းရုံးသည်။ စတိုးဆိုင်မျာ်းတွင် ပစ္စည်း ၀ယ်ယူရာ တွင် လူမျိုးရေး မခွဲခြားဖို့၊ လူမည်း အလုပ်သမာ်းများကို လုပ်ခ လစာတိုးပေးရန်၊ တရားဝင် အခွင့်အရေး တောင်းဆိုသူများအား အရေးမယူရန်၊ လူဖြူလူမည်း နှစ်ဖက်စလုံး ပါဝင် သည့် ညှိနှိုင်းရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့ရန်များ ကို တင်ပြသည်။ ကုန်သည်ကြီးတွေ၊ စက်ရုံ အလုပ်ရုံပိုင်ရှင်တွေက ညှိနှိုင်းချင်သည်။
သို့သော် မြို့နယ် အဖွဲ့အစည်းတွေက ခေါင်းယမ်းသည်။ ဗုဒ္ဓဟူးနေ့တွင် သူတို့က ပြည်နယ်တရားရုံးမှ တားမြစ် မိန့် ယူလိုက်ကြသည်။ မာတင်က လူမည်းများ ဘက်မှ မည်သည့် ဥပဒေမှ ချိုးဖောက်ခြင်း မရှိသဖြင့် တရားရုံး အနေဖြင့် တားမြစ်မိန့် ထုတ်ပေးခြင်းမှာ ဥပဒေနှင့် မညီကြောင်း။ ထို့ကြောင့် သူတို့၏ မဖြစ် စလောက် တောင်းဆိုမှုကို လိုက်လျောဖို့ ထပ်မံမေတ္တာရပ်ခံသည်။
မာတင် က ဘာသာရေး နေ့မြတ်ဖြစ်သည့် သောကြာနေ့ကို ရွေးပြီး မနက်ပိုင်းတွင် လူမည်းခေါင်း ဆောင် များအား အစည်းအဝေး ခေါ်လိုက်သည်။ ခေါင်းဆောင်အချို့က အလျော့ပေးချင်ကြသည်။ သို့သော် မာတင် က အယ်လ်ဘာနီ လှုပ်ရှားမှုကို နမူနာယူပြီး လူဖြူများကို ဆက်တိုက်ချင်သည်။ သူ ဘုရားရှိခိုး ချင်ပါသေးသည်။ ခဏ စဉ်းစားချင်ပါသေးသည်ဟု ခွင့်တောင်းပြီး သူ့အခန်းထဲဝင်၍ ဘုရားရှိခိုးသည်။ အခြား ခေါင်းဆောင်များစောင့်နေကြသည်။
မာတင် ပြန်ထွက် လာတော့ ဓမ္မဆရာ ၀တ်စုံနှင့် မဟုတ်တော့ အလုပ်သမားဝတ်စုံဝတ်လာသည်။ တည်ငြိမ်စွာဖြင့် အားလုံး ကြားအောင်ပြောလိုက်သည်။
" ကျွန်တော် ရှေ့တိုး ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ထောင်ထဲဝင်ဖို့လည်း ကျွန်တော် အသင့်ဖြစ်ပြီ၊ ဒါမှ အစိုးရ ပိုင်းက ကျွန်တော် တို့ဘက် ပါလာမှာ "
ပြီးတော့ ရော့ဖ်ဘက်လှည့်ပြီး " ရော့ဖ်၊ ခင်ဗျား တနင်္ဂနွေနေ့မှာ တရားပေးစရာရှိမှန်း ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ကျွန်တော် နဲ့ လိုက်စေချင်တယ်ဗျာ "
မာတင် က သူ့အဖေကို တစ်ချက် ပွေ့ဖက်နှုတ်ဆက်ပြီး ဇိုင်ယွန်တောင်ကုန်း ဘုရားကျောင်းသို့ သူတို့လူသိုက်မောင်းထွက် သွားကြတော့သည်။
ထိုနေ့ အကြောင်း နောက်မှ ကျွန်မကို မာတင်ပြန်ပြောပြသည်။ ထိုနေ့က မာတင် ဟောသည့် တရားမိန့်ခွန်းမှာ အတိုဆုံးနှင့် ထိခိုက်စရာအကောင်းဆုံးဖြစ်ပါသည်။
သူက တရားဟော စင်မြင့်ပေါ်တက်သွားပြီး ဘာမင်ဂန် အခြေအနေကို ပြောင်းလဲဖို့ စွန့်လွှတ်ခြင်း များစွာ၊ ပေးဆပ်ခြင်းများစွာ လိုအပ်ကြောင်း၊ သူ ထောင်ထဲဝင်ဖို့ ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း ပြောပြီး စင်မြင့်ပေါ် မှ ဆင်းကာ အပြင်သို့ ထွက်သွားတော့သည်။ တစ်ယောက်က တိုးတိုး ပြောလိုက်သည်။
" ကြည့်စမ်း၊ သူလျှောက်သွားပုံဟာ ယေရှုလျှောက်သွားတဲ့ အတိုင်းပဲ "
နောက်တော့ လူတွေ တစ်ပြုံကြီးသူ့နောက် လိုက်သွားလေတော့သည်။
သည်အကြောင်းတွေကို မာတင်က ဤသို့ ပြန်ပြောပြသည်။
" ရှိရှိသမျှ ရဲတွေအားလုံး ရောက်လာသလိုပဲ၊ မောင်တို့ကလည်း ခွင့်ပြုထားတဲ့ လမ်းတစ်လျှောက်ပဲ လမ်းလျှောက် တယ်၊ ဓမ္မသီချင်းတွေ သံပြိုင်ဆိုလို့ပေါ့၊ ပရိသတ်က သောင်း သောင်းဖြဖြ သြဘာပေးကြတယ်၊ မောင်တို့က ဘယ်လောက်ပဲ စည်းကမ်း သေ၀ပ် သေ၀ပ်၊ နွားရိုင်း ကွန်းနားက တွင်တွင် ဖမ်း တယ် "
မာတင့် ကို တိုက်ပိတ် ထားလိုက်သည်။ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးပါ။ သူ့ရှေ့နေများပင် တွေ့ခွင့် မရကြ။
" အဲဒီ အချိန်ပိုင်းဟာ မောင့်ဘ၀မှာ မရေမရာ အနုင်ဆုံးကာလပဲ" ဟု သူကဆိုသည်။
အတ္တလန္တာ မှနေ ၍ ကျွန်မ သူ့ဖုန်းကို မျှော်သည်။ ထောင်ထဲမှသူကျွန်မဆီ ဖုန်းဆက်နေကျ မဟုတ်လား။ သူ လုံးဝ မဆက်လာ။ စနေနေ့ တစ်နေ့လုံး ကျွန်မမျှော်သည်။ သူ မခေါ်။ အီစတာ တနင်္ဂနွေနေ့ မနက်ရောက်တော့ ကျွန်မ ဣနြေ္ဒမဆောင်နိုင်တော့။ ဘာမင်ဂန်မှ ၀ှတ်ဝေါလ်ကာဆီကို ကျွန်မ လှမ်း ဆက်သည်။
" ကိုယ်လည်း သူနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေဆဲပဲ ကော်ရီတာ၊ ကိုယ့်သဘောကတော့ မင်း သမ္မတကို ဖုန်းဆက် ဖို့ ကောင်းတယ်ထင်တယ် "
သူက အကြံပေးသည်။
" ၀ှတ်ရယ် မာတင်နဲ့ အဆက်အသွယ်ရအောင် ကြိုးစားကြည့်ပါဦး "
ကျွန်မ အရွယ်ရောက်လာမှ သည်အီစတာ တနင်္ဂနွေသည် ပထမဆုံးဘုရားကျောင်းမသွားဖြစ်သည့် တနင်္ဂနွေဖြစ်ပါသည်။ ရင်တမမဖြင့် ၀ှတ်ပြန်အခေါ်ကို ကျွန်မ စောင့်နေရပါသည်။ နောက်ဆုံးမှ သူ ဆက်လာသည်။
" ဘယ်လိုမှ လုပ်လို့မရဘူး ကော်ရီတာ၊ သမ္မတကို မင်းအကြောင်းကြားမှဖြစ်မယ် "
ကျွန်မ အိမ်ဖြူတော်ကို ခေါ်သည်။ သမ္မတ အနားယူစခန်း ထွက်နေကြောင်း အိမ်ဖြူတော်က အကြောင်းပြန်သည်။ ဒုတိယသမ္မတ ဂျွန်ဆင်ကို ဆက်သည်။ သူလည်း မြို့ပြင် ရောက်နေသည်။
နောက်ဆုံး အိမ်ဖြူတော် အတွင်းရေးမှူး အမျိုးသမီးက ကျွန်မကို သနားလာဟန်တူပါသည်။ ပီယာ ဆလင်ဂျာနှင့် ဆက်သွယ်ဖို့ အကြံပေးသည်။ သူက သမ္မတနှင့် အဆက်အသွယ်ရအောင် လုပ်နိုင် ကောင်း လုပ်နိုင် မည့် အကြောင်းကို ပြောပြသည်။
ကျွန်မ ငိုင်နေတုန်း မှာ ဟယ်ရီ ဘယ်လဖောင်တီ ဆီမှ ဖုန်းဝင်လာသည်။ သမ္မတဆီ အကူအညီ တောာင်းဖို့ ကျွန်မ ဆုံးဖြတ်ထားကြောင်း ပြောပြလိုက်သည်။ သူ လန့်သွားပုံရသည်။ သို့သော် မာတင်ကို ထောင်က လွတ်အောင် လုပ်ဖို့ ကျွန်မ သန္နိဋ္ဌာန် ချထားကြောင်း သူ သဘောပေါက်ပုံ ရပါသည်။ ကျွန်မတို့ ပြဿနာ အားလုံး ကို ပြောပြလိုက်သည်။ ဟယ်ရီသည် မိတ်ဆွေကောင်း ပီသစွာ တာဝန်ယူသည်။ ကျွန်မအတွက် သူ့စရိတ်နှင့် အတွင်းရေးမှူး တစ်ယောက်၊ သူနာပြု ဆရာမ တစ်ယောက် ငှားပေးသည်။ ပြီးတော့ ဘာမင်ဂန် ကို သွားလျှင် သူပါ လိုက်မည်ဟု ဆိုသည်။
တယ်လီဖုန်း ချလိုက်သည်။ အခြား ဖုန်းတစ်လုံး တန်းဝင်လာသည်။ ကြားဖူးသည့်အသံ။
" မစ္စက်ကင်း ပါလားခင်ဗျား၊ ကျွန်တော် တရားသူကြီးချုပ် ရောဘတ်ကနေဒီပါ၊ သမ္မတနဲ့ အဆက် အသွယ်ရဖို့ သိပ်မလွယ်ဘူး ဖြစ်နေတယ် မစ္စက်ကင်း၊ ကျွန်တော်တို့ အဖေအတော် နာမကျန်း ဖြစ်နေပါတယ်၊ သူအဲဒီ ရောက်နေပါတယ်၊ ကျွန်တော်တို့ ဘာလုပ်ပေးနိုင်တယ်ဆိုတာ လေ့လာဖို့ ကျွန်တော့် ကို အကြောင်းကြားလာပါတယ် ခင်ဗျ " ကျွန်မ နှုတ်မှ စကားလုံးတွေ စက်သေနတ်ပစ်သလို တရစပ် ထွက် သွားသည်။
မာတင့် ကို လွတ်အောင် လုပ်ပေးဖို့ ကျွန်မ မတောင်းဆိုပါ။ သူ့အတွက် စိတ်ပူကြောင်းသာ ကျွန်မ အလေး အနက် ထားပြောပါသည်။ ထိုအခါ တရားသူကြီးချုပ်က " ကျွန်တော်တို့နဲ့ ပြည်နယ် အရာရှိ အချို့ ကြားမှာ ပြဿနာတွေရှိပါတယ်၊ မစ္စက်ကင်း၊ ဘာမင်ဂန် ရွေးကောက်ပွဲပြီးမှပဲ ကျွန်တော်တို့ တစ်ခုခု လုပ်ပေးနိုင်လိမ့်မယ် ထင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ ကြည့်လိုက်ပါဦးမယ်၊ ပြီးတော့ ကျွန်တော် အကြောင်းပြန်ပါ့မယ် "
နောက်တစ်နေ့ တွင် ကျွန်မ တယ်လီဖုန်းနားက မခွာ။ ဘယ်သူ့ဖုန်းမှ ၀င်မလာ။ တနင်္ဂနွေညနေ ငါးနာရီတွင် မှ ဖုန်းမြည်လာသည်။ ကောက်ကိုင်လိုက်တော့ ကြားရသည့် အသံက နှစ်နှစ်သားကလေး ဒက်စတာ မပီကလာပီကလာနှင့် ထူးနေသံ။ အော်ပရေတာ အမျိုးသမီးက "တစ်ဆိတ်ရှင်၊ ကလေးဆီက ဖုန်းကို ယူ ထားပေးပါ "
ကျွန်မက တစ်ယောက်ကို ဒက်စတာဆီ ပြေးဖို့ လှမ်းပြောလိုက်သည်။ သည်တော့မှ သူ့အသံကို ကြား ရသည်။
" ဟဲလို မစ္စက်ကင်း၊ မနေ့က ကျွန်တော် ဖုန်းမဆက်နိုင်တာ တောင်းပန်ပါတယ် ခင်ဗျာ၊ အဖေ့ အနားက ခွာလို့ မရလို့ပါ၊ ကျွန်တော့်ညီတော်မောင် ဖုန်းဆက်မယ်ထင်ပါတယ် "
လက်စသတ်တော့ နိုင်ငံတော်သမ္မတ ကိုယ်တိုင် ကျွန်မ ကို စကားပြောနေတာပါလား။ ကျွန်မက သမ္မတ၏ အဖေ နာမကျန်းဖြစ်နေတာ ကြားရလို့ စိတ်မကောင်းကြောင်း ပြောလိုက်ရပါသည်။ သူကလည်း ကျွန်မ ကျန်းမာရေး ကို ဂရုတစိုက် မေးပါသည်။ ကျွန်မ သွေးနုသားနုအချိန်ဖြစ်ကြောင်း သူ သိနေပါသည်။
" မစ္စက်ကင်း ကို ကျွန်တော် သတင်းကောင်းပါးဖို့ရှိပါတယ်၊ ညကပဲ ကျွန်တော်တို့ အက်ဖ်ဘီအိုင်တွေ ဘာမင်ဂန် ကို လွှတ်လိုက်ပါပြီ၊ မစ္စတာကင်းကိုလည်း ကျွန်တော်တို့ အဆက် အသွယ်ရပါပြီ၊ သူ ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာပါပဲခင်ဗျာ "
ပြီးတော့ ဘာမင်ဂန် အခြေအနေကို အကျဉ်းချုံး၍ ရှင်းပြသည်။ ပြီးတော့ သူက ဆက်၍ …
"ကျွန်တော်တို့ တတ်နိုင်သမျှ လှုပ်ရှားနေပါတယ်၊ မကြာခင် သူ မစ္စက်ကင်းဆီကို ဖုန်းဆက်ပါလိမ့် မယ်၊ နောင် ဘာကိစ္စဖြစ်ဖြစ် ကျွန်တော့်ဆီ လွတ်လွတ်လပ်လပ် ဆက်သွယ်နိုင်ပါတယ်နော်၊ ကျွန်တော့် ကိုဖြစ်ဖြစ်၊ ကျွန်တော့်ညီ ကို ဖြစ်ဖြစ်၊ မစ္စတာ ဆလင်ဂျာဆီဖြစ်ဖြစ် အချိန်မရွေးဖုန်းဆက် နိုင်ပါတယ်"
ကျွန်မ ဘယ်လို ကျေးဇူးတင်ရမှန်း မသိအောင် ဖြစ်သွားပါတော့သည်။
ဆယ့်ငါးမိနစ် အတွင်း မာတင့်ဆီမှ ဖုန်းဝင်လာသည်။ နိုင်ငံတော်သမ္မတနှင့် ကျွန်မ စကားပြောရ ကြောင်း ပြောပြတော့ သူ့အသံ ကို နားထောင်ရင်း သူ ပြုံးနေမှန်း ကျွန်မ သိနေပါသည်။
" သြော် … ဒါ ကြောင့်ကိုး၊ သူတို့တစ်တွေ ရုတ်တရက်ကြီး ယဉ်ကျေးသွားလိုက်ကြတာ၊ စောစောက ဟာတွေ သူတို့ မဟုတ် သလိုပဲ "
နောက်မှ ကျွန်မတို့ သိကြရသည်။ ချက်ချင်း သူ့ကို တိုက်ထဲမှ ထုတ်ပေးကြသည်။ လေ့ကျင့်ခန်း လုပ်ခွင့်ပေး သည်။ ရေချိုးခွင့်ပေးသည်။ မွေ့ရာနှင့်ခေါင်းအုံးပေးသည်။ စောစောပိုင်းက သံမံ တလင်း ပေါ် တွင်အိပ်ရသည်တဲ့လေ။
ကျွန်မနှင့် သမ္မတ စကားပြောရသည့်အကြောင်း ၀ှက်ဝေါ်ကာကို ပြောပြဖို့ မာတင်က ကျွန်မကို တိုက်တွန်း သည်။ သည်အကြောင်း သတင်းစာတွေထဲ ပါလာအောင် ၀ှတ်ကကြေညာချက် ထုတ်ပေးလိမ့်မည်တဲ့။
သမ္မတကနေဒီ က လူမည်းတို့အရေးတွင် တရားမျှတမှုရှိစေချင်ကြောင်း၊ ရတက်မအေး ဖြစ်နေကြောင်း သတင်းစာ အစောင်စောင်တွင် ပါလာတော့ ကျွန်မတို့လူတွေ တအားတက်လာပြီး အသားရောင် ခွဲခြားရေး တစ်ဖက်စွန်း သမားတွေ၊ လူမည်း မုန်းတီးရေးသမားတွေ ဆက်ပြီး လက်မသရမ်းရဲကြတော့ပေ။ ကျွန်မတို့ အရေး ကို သမ္မတ ကနေဒီ အမှန်တကယ် ဂရုစိုက်သည်ဟု ကျွန်မ ယုံကြည်လိုက်ပါသည်။ အလွန် နွေးထွေး သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်းကိုလည်း လက်တွေ့သိခဲ့ ရပါ၏။
ထောင်ထဲတွင် မာတင် ရှစ်ရက် နေခဲ့ရသည်။ ထိုရှစ်ရက်အတွင်း နာမည်ကျော် "ဘာမင်ဂန် နရသိန် မှ ပေးစာ" ကိုရေးဖြစ်ခဲ့ခြင်းဖြစ်သည်။ ဘာမင်ဂန် လူဖြူ ဘာသာရေးခေါင်းဆောင်များက ကျွန်မတို့ လှုပ်ရှားမှု ကို "အချိန်မတန်သေ ဘဲ မဆင်မခြင်လုပ်ခြင်း"ဟု ဝေဖန်ပြီး မာတင့်ကို "အပြင်လူ" ဟု အမည် တပ် လိုက်သည်။ ဘာမင်ဂန် မြို့သား မဟုတ်ဘဲ ၀င်စွက်သည်ဟူသည့် အဓိပ္ပာယ်။ "အပြင်လူ" ဟူသည့် အသုံးအနှုန်း ကို မာတင်က သတင်းစာတွင် ပြန်လည်ချေပ သည်။ "တမန်တော်တွေဟာ အပြင်လူတွေ ပဲ၊ ယေရှုခရစ်တော် ရဲ့ တရားတော်တွေကို သူတို့ သယ်ဆောင်ပြီးဖြန့်ဖြူးကြတယ် "
ပြီးတော့ မာတင် က သူ့ဆောင်းပါးကို အောက်ပါအတိုင်း နိဂုံးချုပ်သည်။
" စားသောက်ဆိုင်တွေ ရှေ့မှာ ဒီနေ့ ထိုင်နေကြတဲ့၊ အမွေဖြတ်ခံကလေးတွေနဲ့တူတဲ့ ဘုရားသခင်ရဲ့ သားတော်တွေ ဟာ တစ်နေ့မှာ အမေရိကန် လူဖြူတွေနဲ့ တန်းတူ အခွင့်အရေး ရစေရမယ်၊ ခရစ်ယာန်ကောင်းတွေ ပီပီ ခရစ်ယာန် အချင်းချင်း သာတူညီမျှဖြစ်စေရမယ် "
မာတင် က သူ့ကို ပုတ်ခတ်သူများအား အမုန်းမပွားခဲ့ကြောင်း သူ့ဆောင်းပါးတွင် ပေါ်လွင်နေသည်။
မာတင်နှင့် ရော့ဖ် လွတ်လာသည့် နေ့မှာ ဧပြီလ ၂၀ ရက်နေ့ ဖြစ်သည်။ ကွန်းနားက သူတို့ကို လွှတ်ပေး လိုက်ရ သဖြင့် အငြိုးနှင့်ထပ်ဆိုးသည်။
မေလ ၄ ရက်နေ့တွင် သမ္မတက နိုင်ငံတော် ဒုတိယရှေ့နေချုပ်ဗျူခ်မာင်္ရယ်ကို ဘာမင်ဂန်သို့ လွတ် ပြီး နှစ်ဖက် ညှိခိုင်းသည်။ မာရှယ် က လူဖြူကုန်သည်ကြီးများ၊ စက်ရုံအလုပ်ရုံ ပိုင်ရှင်များနှင့် လူမည်း ခေါင်းဆောင်များ အား ခေါ်ပြီး ဆွေးနွေးသည်။ ပထမပိုင်းတွင် လူဖြူများက တင်းခံနေသည်။ ဒုတိယရှေ့နေချုပ် စိတ်ပျက်စပြုလာသည်။ ထမင်းစားချိန် အစည်းအဝေး ခဏနားသည့် အခါတွင် ဧရာမ လူမည်းအုပ်ကြီး ချီတက်လာသည်။ သာယာနာပျော်ဖွယ် ဓမ္မသီချင်းတွေ သံပြိုင်ဆိုပြီး ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက် လာကြခြင်းဖြစ်၏။ ထိုနေ့က မေလ ၇ ရက်။
သည်အကြောင်း ကို မာတင်က နောင် ကျွန်မကို ပြန်ပြောပြသည်။
" သူတို့ရဲ့ မျက်နှာတွေဟာ မဲပြောင်နေတော့ အနက်ရောင်မြစ်ကြီးတစ်စင်း စီးဆင်း လာသလား အောက်မေ့ရတယ်၊ သူတို့မျက်နှာတွေမှာ ဒေါသမပါ၊ ဒါပေမဲ့ သူတို့ သီချင်းသံ ဟိန်းထွက် လာနေပုံ က ကြက်သီးမွေးညှင်း ထလောက်အောင် အားပါတယ် "
သည်မြင်ကွင်း ကို မြင်ပြီး လူဖြူတွေ ဖြုံသွားသည်ဟုဆိုပါသည်။ မေလ ၁၀ ရက်နေ့တွင် လူမည်း တို့၏တောင်းဆိုချက် များကို လူဖြူတို့အားလုံး လိုက်လျောကြရသည်။ သည် သဘောတူညီချက်ကို ထိုနေ့တွင် ပင် ထုတ်ပြန်ပေးသည်။ ဤသို့ဖြင့် စားသောက်ဆိုင်များ၊ ကုန်တိုက်များတွင် အသားရောင်ခွဲခြားမှု မပြုရတော့ပေ။ လူမည်းတို့၏ လုပ်ခ လစာတွေ ပြင်ပေးရ တော့သည်။ လူမည်း အခွင့်အရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးထားသူ အားလုံး လွတ်လာသည်။ နောင်တွင် ကုန်သည်ကြီးများ အသင်းနှင့် လူမည်း ခေါင်းဆောင်တို့ ပုံမှန် အစည်းအဝေး ထိုင်ပြီး ပြဿနာများကို ညှိနှိုင်းကြမည်။
မာတင်၊ ရော့ဖ်နှင့် ဖရက်တို့က ကြေညာချက် တစ်စောင် ထုတ်သည်။
" ဘာမင်ဂန် အာဏာပိုင်များနှင့် နီဂရိုးခေါင်းဆောင်တို့၏ ညှိနှိုင်းမှု အောင်မြင်ခြင်းသည် လွတ်လပ်သော လူသားများ အချင်းချင်း စုပေါင်း ညီညာခြင်း၊ ပြဿနာအဖြေရှာခြင်း၏ အဓိပ္ပာယ်ပင်ဖြစ်သည်။ ဘာမင်ဂန် သည် နှစ်ဆယ်ရာစုနှစ် အမေရိကန်နိုင်ငံ၏ လူမျိုးရေး ခွဲခြားမှုကို အဆုံးသတ်စေသည့် သင်္ကေတ ပင်ဖြစ်လေသည်"
သို့သော် နောက်တစ်နေ့တွင် မောင်ဂိုမာရီ ဘတ်စ်ကား အရေးအခင်းထက် ဆိုးသည့် အကြမ်းဖက်မှုကြီးတွေ ဆက်တိုက် ဖြစ်လာတော့သည်။ အေဒီ၏ အိမ်ရှေ့ပိုင်း တစ်ခုလုံးဗုံးခွဲဖျက် ဆီးခံလိုက်ရသည်။ နောက် ဗုံးခွဲခံရသည့်နေရာ မှာ မာတင် တည်းခိုပြီး ရုံးခန်းဖွင့်ထားသည့် ဂက်စတွန်ဟိုတယ်ဖြစ်သည်။ သည်ကိစ္စမှာ လူမည်းများ ၏ ဒေါသကို ဆွပေးသလို ဖြစ်သွားတော့ သည်။ အေဒီက အိမ်ပျက်ကြီးပေါ် တက်ပြီး အကြမ်းမဖက်ဖို့ သူ့လူတွေကိုထိန်းသည်။
အယ်လဘားမားပြည်နယ် ရဲတပ်ဖွဲ့တွေ ရောက်လာပြီး လူမည်းရပ်ကွက်တွေကို ၀ိုင်းထားလိုက် သည်။ အိမ်ပြန်ရောက်ခါစ ရှိသေးသည့် မာတင် တစ်ယောက် ဘာမင်ဂန် သို့ ပြန်ပြေးရပြန် သည်။ ဒေါသ အမျက်ချောင်းချောင်း ထွက်နေ သည့် သူ့လူတွေကို မာတင် ထိန်းနိုင်ခဲ့သည်။ သူတို့ တစ်တွေက စုဆောင်း ထားသည့် ဓားမြှောင်တွေ၊ သေနတ်တွေကို ခေါင်းဆောင်များထံအပ်သည်။ ဤသို့ဖြင့် ဘာမင်ဂန် အရေးအခင်း တဖြည်းဖြည်း ချင်း အေးဆေးသွားသည်။
မာတင် က ဘာမင်ဂန် အောင်မြင်မှုသည် တောင်ပိုင်းတစ်ပိုင်းလုံးသို့ ကူးစက်သွားစေရမည်ဟု နိမိတ် ဖတ် သည်။
သူ ပြောသည့်အတိုင်း တစ်မြို့ပြီးတစ်မြို့ ဖြစ်လာတော့သည်။ မြို့တိုင်းလိုလို တွင် သန်းနှင့်ချီသော လူမည်း တို့သည် လူဖြူများနှင့် ပူးတွဲကာ လူမျိုးရေး မခွဲခြားဖို့အတွက် ထောက်ခံဆန္ဒပြကြသည်။
စားသောက်ဆိုင် များ၊ စတိုးဆိုင်များ၊ ကျောင်းများတွင် နီဂရိုးများ အမှိမ်မခံရတော့ပေ။ ၁၉၆၃ ခုနှစ် တွင် လူဖြူ လူမည်း မခွဲခြားရေး ဥပဒေကြမ်းကို သမ္မတ ကနေဒီက တင်သည်။ နောက်ဆုံး ၁၉၆၄ ခုနှစ်တွင် ကွန်ဂရက် က အတည်ပြုသည်။
သည်ဥပဒေကြမ်း တင်သည့်အခါ အိမ်ဖြူတော်တွင် သမ္မတနှင့် မာတင်လူသားကင်း ဆုံရာ ကနေဒီက ခပ်မဲ့မဲ့ပြုံးပြီးပြောသည်။
" ခင်ဗျား ကွန်နား ကိုလည်း ကျေးဇူးတင်နော်၊ အေဘရာဟင် လင်ကွန်း ကို ကျေးဇူးတင်သလို၊ သူ့ ကိုလည်း တင် သင့်တယ်ဗျ"
(၇)
ဘာမင်ဂန်၏ လှုပ်ရှားမှုအရှိန် သေမသွားအောင် လုပ်ဖို့ အရေးကြီးကြောင်း ကမန်မတို့ အားလုံး သဘော ပေါက်ထားကြသည်။ သမ္မတ ကနေဒီကို ထောက်ခံသည့်အနေဖြင့် ၀ါရှင်တန်သို့ ငြိမ်းချမ်းစွာ လမ်းလျှောက်ကြ ရန် ခေါင်းဆောင်တွေ စည်းဝေးပြီး ဆုံးဖြတ်ကြသည်။ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ တွင် လင်ကွန်းအောက်မေ့ဖွယ် ကြေးရုပ်သို့ စီတန်းလမ်းလျှောက်ကြမည်။ စနစ်တကျ ဖြစ်အောင် စီစဉ်ကြရသည်။ လူဖြူ လူမည်း လူတန်းစားပေါင်းစုံ အားတက် သရော ထောက်ခံကြသည်။ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရအဖွဲ့အစည်းများ ၏ ထောက်ခံမှု ကို ပါ အပြည့်အ၀ ရရှိခဲ့လေသည်။
ဧရာမ လူထု လမ်းလျှောက်ပွဲကြီးအတွက် အသေးစိတ် အစီအစဉ်တွေ ဆွဲနေစဉ် မာတင်က တတိယစာအုပ် ကို စရေးသည်။ ဘာမင်ဂန်တိုက်ပွဲကို အခြေခံပြီး "ဘာကြောင့် ကျွန်တော်တို့ မစောင့်နိုင်ရတာလဲ " (Why we can't Wait)ဟု အမည်ပေးလိုက်သည်။ သူ၏ ဒုတိယစာအုပ်မှာ သူ့မိန့်ခွန်းပေါင်းချုပ်ဖြစ်သည်။ နာမည်က "မေတ္တာတရား၏ ခွန်အား" (Strength of Love)ဖြစ်သည်။
သြဂုတ်လထဲတွင် SCLC ခေါင်းဆောင်များနှင့်အတူ ၀ါရှင်တန်သို့ ကျွန်မတို့ ထွက်လာခဲ့ကြသည်။ ဟိုတယ် ရောက်တော့ သူ ပြောရ မည့် မိန့်ခွန်း အတွက် မာတင် ပြင်ဆင်သည်။ သူ့အတွက် ရှစ်မိနစ် အချိန် ရသည်။ သူတစ်ညလုံး ထိုင်ရေးနေသည်။ တစ်ရေးမျှ မမှေး။ မနက် သုံးနာရီတွင် အိပ်ပျော် သွားသည့် အတွက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်အောင်ဖြစ်နေသည်။
ကျွန်စနစ် ဖျက်သိမ်းခြင်း နှစ်တစ်ရာ ပြည့်သည့် ၁၉၆၃ ခုနှစ်ကို မာတင်က အလေးအနက် ထား ပြော မည်။ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်မည်။ သူ ရေးပြီးသွားသည့် မိန့်ခွန်းမှာ အလွန်ကောင်း ပါ သည်။ သို့သော် တကယ် ပြောဖြစ်သည့်အခါ ပိုကောင်းနေလေသည်။
မနက် မိုးလင်းတော့ ဟိုတယ်က မထွက်မီ တီဗွီသတင်း ကြည့်ပြီး ကျွန်မတို့ စိတ်ပျက်သွားသည်။ ကျွန်မတို့က လူ တစ်သိန်းလောက် လာကြမည် ထင်ထားသည်။ လမ်းလျှောက်မည့် လူစု မှာ နှစ် သောင်းငါးထောင်ပဲ ရှိသည် တဲ့။ သို့သော် စုရပ်ကို ရောက်တော့ ကျွန်မတို့ အားတက်သွားသည်။ လူ နှစ်သောင်းငါးထောင် တွင် လေးပုံ သုံးပုံ မှာ လူဖြူများဖြစ်နေသောကြောင့်ဖြစ်ပါ၏။
အလွန် ကြည့်လို့ကောင်းသည့် မြင်ကွင်းဖြစ်ပါသည်။
သည် လူထု လမ်းလျှောက်ပွဲအကြောင်း ကို အများအပြား ရေးခဲ့ပြောခဲ့ကြပြီးပါပြီ။ လူတန်းကြီး ကို ခေါင်းဆောင် များ က ဦးဆောင်စရာ မလိုတော့ဘဲ လူထုကြီးက သူတို့ဘာသာ သူတို့ စည်းကမ်းသေ၀ပ် စွာ ချီတက်နေကြ သည်။ လင်ကွန်း အောက်မေ့ဖွယ် ကြေးရုပ် အရောက် လမ်းလျှောက်ကြပြီး လမ်းပေါ်မှ ပလက်ဖောင်း လူသွားလမ်းပေါ် တက်လိုက်ကြသည်။
ပလက်ဖောင်းပေါ် ရောက်မှ လူတန်းကြီးကိုကျွန်မ သေသေချာချာ ကြည့်မိသည်။ အလို … နည်းတဲ့ လူတန်းကြီး လား။ သည်တော့မှ လူမည်းတို့၏ အခွင့်အရေး တောင်းဆိုမှုကို တစ်ပြည် လုံး ထောက်ခံနေကြကြောင်း ကျွန်တို့ သိကြရသည်။ သမ္မတ ကနေဒီက တီဗွီတွင် တစ်ချိန်လုံးထိုင် ကြည့်နေသည် ဆို၏။
ကျွန်မ တို့ ခေါင်းဆောင်များက တစ်ယောက်ပြီး တစ်ယောက် အားနှင့်မာန်နှင့် မိန့်ခွန်းတွေ ပြောကြ သည်။ လူလူချင်း အနှိမ်ခံနေရသည့် လူမည်း တို့၏ ဘ၀အထွေထွေကို ကွင်းကွင်း ကွက်ကွက်မြင် လာအောင် ဟောပြောပြီး တရားမျှတမှု၊ လူဖြူတို့နှင့် တစ်ပြေးညီအခွင့် အရေး ရရှိမှုတို့ကို တောင်းဆိုသည်။
ဖရက်ရှပ်တ်ဝသ်က
" ကျွန်တော် တို့ ဒီကို ရောက်လာတာဟာ ကျွန်တော်တို့ တိုင်းပြည်ကို ချစ်လို့ ရောက်လာတာပါ၊ ကျွန်တော် တို့ တိုင်းပြည် ဟာ ကျွန်တော်တို့အတွက်ဖြစ်ပြီးကျွန်တော်တို့ဟာ ကျွန်တော်တို့ တိုင်းပြည် အတွက်ဖြစ် ပါတယ်" ဟုမိန့်ကြားသည်။ မာတင်က နောက်ဆုံးပြော၇မည့်သူ၊ လူထုကြီးကို ထိန်းရမည့်သူဖြစ်သည်။ သူ့ အတွက် ဘယ်လောက် ခက်မှန်းကျွန်မကောင်းကောင်း သိနိုင်ပါသည်။ နေက ပူပြင်းလွန်း၍ မွန်းလွဲ သုံးနာရီလောက် တွင် လူတွေကို အထိန်းရ ခက်လာ သည်။ သို့သော် မဟာလီယာဂျက်ဆင်၏ အသံကို ကြား ရတော့ အားလုံး ငြိမ်ကျသွားသည်။ အလွန်သာယာနာပျော်ဖွယ် ကောင်းလှသည့် အမျိုးသမီး၏အသံ။
" ကျွန်မတို့ တစ်တွေ ခွဲခြားဆက်ဆံခံခဲ့ရတယ်၊ လူရာမသွင်းဘဲ၊ စည်းခြားခံခဲ့ရတယ် "
ရန်ဒေါ့ဖ် က မာတင့်ကို စံပြ အမျိုးသားခေါင်းဆောင်ဟုခေါ်ပြီး မိန့်ခွန်းပြောဖို့ မေတ္တာရပ်ခံသည်။ လက်ခုပ်သံတွေ ဘ၀ဂ်တိုင်အောင်ညံသွားသည်။
" မာတင်၊ လူ သာ၊ ကင်း "
" မာတင် ၊ လူ သာ၊ ကင်း "
ဟု အထပ်ထပ် အခါခါ အော်ဟစ် တောင်းဆိုကြသည်။ သူ အရမ်းစိတ်လှုပ်ရှားနေမှန်း ကျွန်မ ကောင်းကောင်းသိသည်။ ပထမပိုင်းတွင် သူ့အသံ ခြောက်ကပ်ကပ် ဖြစ်နေသော်လည်း ခဏအကြာ တွင် ထုံးစံအတိုင်း အောင်မြင်စည်ဝေလာကာ ပြောရင်း ပြောရင်း သူ စိတ်ပါလာလေတော့သည်။ သူ၏ အထူးခြား ဆုံး အသံသြဇာ ပါလာသည်။
ပထမတော့ သူ ပြင်ဆင် သွားသည့်အတိုင်း စသည်၊ သို့သော် ပြောရင်း ဈာန်ဝင်လာသည့် အခါ ပြင်ဆင် ထားသည့်အတိုင်း မဟုတ်တော့ဘဲ လူမည်းတို့ အခွင့်အရေးနှင့်ပတ်သက်ပြီး တစ်မိနစ်မျှ မစောင့်နိုင်တော့ ဘဲ လူမည်း တို့ အခွင့်အရေးနှင့်ပတ်သက်ပြီး တစ်မိနစ်မျှ မစောင့်နိုင်တော့သလို "အခု ""ချက်ချင်း" "ခုချက်ချင်း" ဟူသည့် စကားလုံးများကို ထပ်ကာ ထပ်ကာရွတ်၍ ကရားရေလွှတ်ပြောချ သွားတော့ သည်။ ညက ရေးသွားသည့် စကားလုံးတွေကို မေ့သွားကာ သူ့နှလုံးသားမှ ပန်းထွက်လာသည့် ခံစားမှုတွေ တရဟော ခုန်ပျံစီးဆင်း လာလေတော့သည်။ ဌာန်ကျကျ၊ ကရိုဏ်းကျကျ၊ စည်းဝါးမှန်မှန်၊ ကာရန်တွေ အလိုလို ပါလာသည့် အလား။
ပြောနေရင်း တက်ကြွလာပြီး တက်ကြွလာသည်နှင့်အမျှ သူ့စကားလုံးတွေ ပြောင်မြောက်လာသည်။ သူ့ လေသံ က အားပါလာသည်။ သိန်းချီသော ထိုလူအုပ်ကြီးမှသည် တစ်ကမ္ဘာလုံးသို့တိုင် ပျံ့လွင့် သွားလေတော့ သည်။
" မိတ်ဆွေများခင်ဗျား၊ ဒီနေ့ ဒီနေရာက ကျွန်တော် ပြောလိုက်ပါ့မယ်၊ ဒီနေ့ရော မနက်ဖြန်မှာပါ ကျွန်တော်တို့ ဖြတ်ကျော်ရမယ့်၊ ရင်ဆိုင်ရမယ့် ပြဿနာတွေပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့မှာ အိပ် မက်တစ်ခု ရှိနေပါတယ်၊ အဲဒီ အိပ်မက်ဟာ အမေရိက တစ်နိုင်ငံလုံးမှာ အမြစ်တွယ်နေတဲ့ အိပ်မက် ဖြစ် ပါတယ်။ အဲဒီ အိပ်မက်က ဘာလဲဆိုတော့ တစ်နေ့မှာ ကျွန်တော့် လူမျိုးဟာ ခရစ်ယာန် စစ်စစ် တွေ ဖြစ်လာရမယ်၊ အဲဒီအခါမှာ လူသားဆိုတာ မွေးကတည်း က လူတိုင်းတန်းတူအခွင့်အရေး ရှိခဲ့တယ်ဆိုတဲ့ အမှန်တရား ကို နားလည် လာကြလိမ့်မယ်….။
" အဲဒီ အိပ်မက်ထဲမှာ နီစွေးတဲ့ ဂျော်ဂျီယာ တောင်ကုန်းတွေပေါ်က ငွေဝယ်ကျွန်တွေရဲ့ သားတွေ၊ ကျွန်ပိုင်ရှင်တွေ ရဲ့ သားတွေဟာ စားပွဲတစ်လုံးတည်းမှာ ထိုင်ပြီး ညီရင်းအစ်ကိုတွေလို….။
" အဲဒီ အိပ်မက်တွေ ထဲမှာ ကျွန်တော့် ကလေးလေးယောက်အတွက် တရားစီရင်ရေးမှာ သူတို့ အသားရောင် မကြည့် ဘဲ သူတို့ရဲ့ ပြုမူ လှုပ်ရှားမှုနဲ့ စာရိတ္တပေါ်မှာ ကြည့်ပြီး စီရင်တဲ့ တရားစီရင် ရေးမျိုးဖြစ်စေရမယ်ဆိုတဲ့ အချက် လည်း ပါပါတယ်။
" အဲဒီ အိပ်မက်ထဲမှာ လျှိုမြောင်တွေ အားလုံးဖို့ပြီး သားဖြစ်နေပြီး တောင်တန်းကြီးတွေ လည်း မြေညီမြေပြန့် ဖြစ်နေ တယ်၊ ခယောင်းတောတွေဟာ စိုက်ပျိုးမြေတွေ ဖြစ်နေတယ်၊ လမ်းကွေ့ လမ်းကောက်တွေ ဖြောင့်တန်းနေတယ်။ ဒါဟာ အမေရိကန် တောင်ပိုင်းကို ပြန်ရောက်သွားတဲ့ ကျွန်တော့်ရဲ့ ဘာသာရေး ယုံကြည်မှုဖြစ်ပါတယ်။
" အဲဒီ ယုံကြည်မှုမျိုးနဲ့ ကျွန်တော်တို့ တစ်တွေ တောင်တွေကို ဖြိုနိုင်ပါလိမ့်မယ်၊ လျှိုတွေကို ဖို့နိုင် ပါလိမ့်မယ်။
" အဲဒီ ယုံကြည်မှုနဲ့ ကျွန်တော်တို့ လက်တွဲပြီး အတူတူ အလုပ်လုပ်နိုင်ပါလိမ့်မယ်။
" အဲဒီ ယုံကြည်မှုမျိုးနဲ့ ကျွန်တော်တို့တစ်တွေ အတူတူ လက်တွဲပြီး ဘုရားဝတ်ပြုနိုင်ကြပါလိမ့်မယ်။
" အဲဒီ ယုံကြည်မှုမျိုး နဲ့ ကျွန်တော်တို့တစ်တွေ တစ်နေ့မှာ လွတ်လပ်ရမယ်ဆိုတဲ့ စွဲမြဲမှုမျိုးနဲ့ အတူတကွ လက်တွဲ တိုက်ပွဲဝင်နိုင်ကြပါ လိမ့်မယ်။
" အဲဒီ နေ့ဟာ လွတ်လပ်ရေး ခေါင်းလောင်းသံ ညံမစဲပါစေနဲပလို့ အဓိပ္ပာယ်ဆောင်တဲ့ သီချင်းကို ဘုရားသခင် ရဲ့ ရင်သွေးတွေ အတူတူ ဆိုနိုင်မယ့်နေ့ဖြစ်မှာပါ။ အဲဒီအခါမှာ နယူးဟမ်ရှိုင်းယားတောင်ထိပ် မှာ ခေါင်းလောင်းသံတွေ စည်ဝေနေပါလိမ့်မယ်။ နယူးယောက် တောင်တန်းများမှာလည်း အလားတူ ငြိမ့်ညောင်း သာယာနေပါလိမ့်မယ်။ ဒီမှာတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ဂျော်ဂျီယာ၊ မစ္စစ္စပီနဲ့ ရှိရှိသမျှ တောင်တန်းတွေပေါ် မှာ လွတ်လပ်ရေး ခေါင်း လောင်းသံတွေ လေထဲမှာ လွင့်ဝဲ ပျံနေပါလိမ့်မယ်။ မြို့ကြီးမြို့နယ် များ နဲ့ ဘုရားကျောင်းမရှိတဲ့ ရွာကလေးများပါ မကျန်ူလူဖြူ လူမည်းအားလုံး လက်တွဲပြီး ဂျူးတွေ၊ ကက်သလစ်တွေ၊ ပရိုတက်စတင့်တွေပါ အတူတွဲပြီး ကျွန်တော့်မှာ နီဂရိုးတို့ရဲ့ အသက်ဝိညာဉ်ဖြစ် တဲ့ "နောက်ဆုံး မှာ ငါတို့ လွတ်လပ်ခဲ့ပြီ၊ ငါတို့လွတ်လပ်ခဲ့ပြီ၊ အို … တန်ခိုးတော် ရှင်သခင်၊ တပည့်တော် တို့ နောက်ဆုံး တွင် လွတ်လပ်ခဲ့ပါပြီဘုရား"ဆိုတဲ့ ရှေးဟောင်းသီချင်းကို သံပြိုင် သီဆိုနိုင်ကြ မှာဖြစ်ပါ တယ် ခင်ဗျား "
မာတင် နိဂုံးချုပ်တော့ လူတွေ ကြက်သေသေကာ အော်ဟစ် သြဘာပေးဖို့ မေ့လျက် ငိုင်တွေနေ ကြသည်။ သူတို့ တစ်သက်တာ တွင် သည်မျှ စိတ်လှုပ်ရှားစရာ ကောင်းသည့် မိန့်ခွန်းမျိုးကို တစ်ခါဖူးမျှ ကြားဖူးဟန် မတူ။ သည်လို ရင်တသိမ့်သိမ့်ဖြစ်စေမည့် တရားမျိုးကို ဘယ်မှာမှ နာခဲ့ဖူး ဟန်မတူ။
ဆက်ရန်
.

1 comment:
တန်ဖိုးရှိတဲ့စာအုပ်တွေဖတ်ရလို့ကျေးဇူးတင်ပါတယ်အမ...
မေ
Post a Comment