"ကေဗင်ခန်းထဲကို ရဘက်ကာ ဝင်နေတုန်း သင်္ဘောနစ်သွားတယ်လို့ပဲ သူတို့ထင်မှာပေါ့။ ကြိုးသွားယူ တုန်း ဒါမှ မဟုတ် တစ်ခုခုသွားယူတုန်း လေဆင်နှာမောင်း ဆောင့်တိုးလိုက်လို့ မှောက်သွားတယ်လဲ ထင်ကြ မှာပေါ့။ ရဘက်ကာ ပြန်မထွက်နိုင်ဘဲ ပိတ်မိသွားတယ်လို့ ထင်ကြမှာပေါ့။ မဟုတ်ဘူးလား…"
"အစ်ကို လဲ မပြောတတ်တော့ပါဘူးကွယ်"
ထိုအခိုက် စာကြည့်ခန်းနောက်ဘက်ရှိ တယ်လီဖုန်းခန်းထဲမှ တယ်လီဖုန်း ခေါင်းလောင်းသံ ရုတ်တရက် မြည် လာသည်။ ကို ဆက်ဖတ်ရန်....
အခန်း (၂၁)
တယ်လီဖုန်းခန်းထဲသို့ မက်ဇင်မ် ဝင်သွားပြီး တံခါးပြန်ပိတ်လိုက်သည်။ ခဏကြာတော့ ရောဘတ်ဝင် လာပြီး လက်ဖက်ရည်ပန်းကန်များကို သိမ်းသည်။ ကျွန်မက ထိုင်ရာမှ ထပြီး ကျွန်မမျက်နှာကို သူ မမြင်အောင် ကျောခိုင်း ထားလိုက်သည်။ သည်အကြောင်းများကို သူတို့ သိကုန်ကြပြီလောဟု တွေးနေ မိသည်။ သတင်းတစ်ပုဒ် ပြန့်ထွက်သွားဖို့ အချိန် မည်မျှကြာမည်နည်း။
တယ်လီဖုန်းထဲမှ မက်ဇင်မ်၏အသံကို မသဲမကွဲ ကြားနေရသည်။ ကျွန်မရင်ထဲမှာ နာကျင်လာသည်။ တယ်လီဖုန်းခေါင်းလောင်းသံ သည် ကျွန်မ တစ်ကိုယ်လုံးရှိ အာရုံကြောများကို နှိုးဆွလိုက်သလိုရှိသည်။ မက်ဇင်မ် ပြောသည် ကို ကြမ်းပြင်ပေါ်မှာ ထိုင်နားထောင်ရင်း သည်အဖြစ်အပျက်ထဲမှာ ကျွန်မကိုယ် တိုင် ပါဝင်နေမိ သလို ခံစားလာရသည်။ ကျွန်မလည်း မက်ဇင်မ်နှင့်အတူတူ ရဘက်ကာကို သတ်သည်။ ရဘက်ကာ၏သင်္ဘောကို နှစ်ပစ်သည်။ ပြီးတော့ အတူ ပြန်လာသည်။ မစ္စက်ဒင်ဗာ၏တံခါးခေါက်သံ ကို နားထောင်နေ မိသည်။ မက်ဇင်မ်နှင့်အတူတူ အကောင်းအဆိုး မှန်သမျှကို မျှဝေခံစားနေမိသည်။
ဒါတွေ အားလုံး ထက် ပိုအရေးကြီးသော အကြောင်းတစ်ခု ရှိပါသည်။
"ရဘက်ကာကို သူ မချစ်… ရဘက်ကာကို သူ မချစ်" ဆိုသော အကြောင်းအရာဖြစ်ပါသည်။ သည်အ ကြောင်းက ကျွန်မ စိတ်ထဲမှာ ထပ်ကာ ထပ်ကာ ပေါ်လာသည်။ ဖျောက်ဖျက်၍ မရနိုင်လောက်အောင် ပေါ်လာသည်။ ထိုအသိနှင့် အတူ ကျွန်မ၏စိတ်များ ပေါ့ပါးလွတ်လပ်လာသည်။ ပူပင်သောကတွေ၊ သံသယစိတ်တွေ ကွယ်ပျောက် လွင့်စဉ်သွားသည်။
တစ်ချိန်တည်းမှာပင် ရဘက်ကာကို ကျွန်မ မကြောက်တော့ကြောင်းလည်း သိလာသည်။ သူ့ကို ကျွန်မ လုံးဝ မမုန်းတော့။ သူ ပျက်စီးသွားပြီ။ မုန်းစရာ မကျန်တော့။ မုန်းစရာမရှိတော့။ သူ့စားပွဲမှာထိုင်ဖို့ လည်း ဝန်မလေးပြီ။ သူ့ကလောင်တံ နှင့် စာရေး ဖို့လည်း အကြောင်းမဟုတ်ပြီ။ အနောက်ဘက်ဆောင် မှာရှိသည့် သူ့အခန်း ထဲသို့လည်း ကျွန်မ သွားနိုင်ပြီ။ သူ့မှာ ဘာခွန်အားမှ မရှိတော့။ ဘာစွမ်းအင်မှမရှိ တော့။ သူ့ကို မက်ဇင်မ် မချစ်ပါ။ "ကိုယ်ပြန်လာပြီ" အမည်တပ်ထားသော သူ၏ရွက်သင်္ဘောကလေးကို ပြန်တွေ့သည်။ အထဲ မှာ သူ့အလောင်း ကို တွေ့သည်။ သို့သော် ကျွန်မကတော့ သူ့လောင်းရိပ်အောက် မှ အမြဲ ထာဝရ လွတ်မြောက် ခဲ့ပါပြီ။
သူ့လောင်းရိပ်အောက် မှ လွတ်မြောက်ပြီး မက်ဇင်မ်နှင့်အတူ လွတ်လပ်စွာ နေနိုင်ပြီ။ သံသယ ရှင်းရှင်း နှင့် နေနိုင်ပြီ။ ကျွန်မ ဘယ်တော့မှ ကလေးလေးပြန်မဖြစ်တော့။ ဟိုတုန်းက ကျွန်မ မဟုတ်တော့။ "ကျွန်မ" ဆိုတာ လည်း မဟုတ်တော့။ "ကျွန်မတို့" ဖြစ်သွားပြီ။ မက်ဇင်မ်နှင့် ကျွန်မ နှစ်ယောက်ပေါင်း ပြီး "ကျွန်မတို့" ဖြစ်သွားပြီ။ ကျွန်မတို့နှစ်ယောက် ကောင်းတူဆိုးဖက် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွား ပြီ။ သည်ဒုက္ခတွေ အားလုံး ကို ကျွန်မတို့နှစ်ယောက် လက်တွဲမဖြုတ်စတမ်း ပူးတွဲရင်ဆိုင်ကြမည်။ သတင်းစာ က ရေးမည့်သတင်းများကို အားလုံး ဖတ်ကြပါစေ။ ကျွန်မတို့နှစ်ယောက်၏ပေါင်းစည်းခြင်း ကို မဖြိုခွဲနိုင် ပြီ။ ပျော်ရွှင်ချမ်းမြေ့မှုသည် နောက်မကျသေး။ ကျွန်မသည် အသက်ငယ်ရွယ်သူမဟုတ် တော့။ အရှက်အကြောက် ကြီးသူ မဟုတ်တော့။ ဘာကိုမှမကြောက်တော့။ မက်ဇင်မ်အတွက် ကျွန်မ တိုက်ပွဲဝင်ရမည်။ ကျွန်မ လိမ်ရမည်။ ကျမ်းကျိန်ပြီး မမှန်သက်သေ ထွက်ရမည်။ ရဘက်ကာ မနိုင်ရ။ အောင်ပွဲ မခံရ။ နောက်ဆုံးတွင် ရဘက်ကာ ပဲ မလွဲမသွေ ရှုံးနိမ့်ရမည်။
ရောဘတ် က လက်ဖက်ရည်ပန်းကန်များကို သိမ်းသွားသည်။ မက်ဇင်မ် ပြန်ဝင်လာသည်။
"ကာနယ်ဂျူလယန်း ဆက်တာ။ ကပ္ပတိန်ဆားလန် နဲ့ သူ စကားပြောပြီးပြီတဲ့။ မနက်ဖြန် မနက်ကျရင် အစ်ကို တို့နဲ့ အတူတူလိုက်ပြီး သင်္ဘောကိုကြည့်မယ်။ ဆားလ်က သူ့ကို ပြောပြီးပြီ"
"ကာနယ်ဂျူလယန်း နဲ့ ဘာဆိုင်သလဲ"
"သူက တရားသူကြီးလေ… သူ ရှိနေဖို့ လိုတာပေါ့"
"သူက ဘာပြောသေးသလဲ"
"ဘယ်သူ့ အလောင်းဖြစ်မယ် ထင်သလဲလို့ မေးတယ်"
"အစ်ကို က ဘယ်လိုပြန်ဖြေလိုက်သလဲ"
"မသိဘူးလို့ ပြောလိုက်တယ်။ ရဘက်ကာတစ်ယောက်တည်းပဲ သွားတယ် ထင်တာပဲလို့… တခြား မိတ် တွေတစ်ယောက်ယောက် ပါတယ် ဆိုတာ မသိဘူးလို့ ပြောလိုက်တယ်"
"နောက်ထပ် ပြောသေးသလား"
"ပြောတယ်"
"ဘာပြောသလဲ"
"အက်ခ်ျကွန်ဘီမှာ တွေ့တဲ့အလောင်းဟာ ရဘက်ကာပဲ လို့ ပြောခဲ့တာ မှားပြောမိတယ် ထင်သလား တဲ့"
"သူက ဒီအတိုင်းပဲ ပြောသလား အစ်ကို။ ဒီစကားကို သူ ပြောသလား"
"ဟုတ်တယ်"
"အစ်ကို ဘာပြန်ပြောလိုက်သလဲ"
"ဖြစ်နိုင်ပါတယ်လို့… ကျွန်တော်လဲ မသိဘူးလို့"
"မနက်ဖြန် မနက် သင်္ဘောကို သွားကြည့်တဲ့အခါ အစ်ကိုနဲ့အတူတူ သူ လိုက်မှာပေါ့နော်။ သူရယ်… ကပ္ပတိန် ဆားလ် ရယ်… ဆရာဝန်ရယ်"
"အင်စပိတ်တော် ဝဲ့လ်ခ်ျလဲ ပါမယ်"
"အင်စပိတ်တော် ဝဲ့လ်ခ်ျနဲ့ ဘာဆိုင်လို့လဲ"
"သူက ရဲပဲ။ အလောင်းတွေ့တဲ့အခါ ထုံးစံအတိုင်း သူပါ ရှိနေရမှာပေါ့"
ကျွန်မ ဘာမျှထပ်မပြောတော့ပါ။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်နေမိကြသည်။ ကျွန်မ၏ ရင်ထဲမှာ အနည်းငယ် နာကျင်လာပြန်သည်။
"အလောင်းတွေ့ရင် ဘာလုပ်ဦးမှာလဲ"
"အစ်ကို လဲ မသိဘူး"
ပြတင်းပေါက်ကိုကျော်ပြီး အပြင်သို့ သူ ကြည့်နေသည်။ ကောင်းကင်မှာ တိမ်ထွန်းနေသည်။ လေက လည်း လုံးဝမတိုက်။
"မနက်ဖြန် ရေငုပ်သမားငုပ်တဲ့အခါ ရာသီဥတုကောင်းမယ်လို့ ထင်မှတ်ရတာပဲ" ဟု သူက ပြောသည်။
တယ်လီဖုန်းခေါင်းလောင်းသံ မြည်ပြန်သည်။ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ သည်။ မက်ဇင်မ် ထသွားသည်။ စောစောကအတိုင်း တယ်လီဖုန်းခန်းတံခါးကို ပိတ်လိုက်သည်။ ကျွန်မ ၏ရင်ထဲမှ နာကျင်သော ဝေဒနာ သည် ပျောက်မသွားသေးပါ။
မက်ဇင်မ် ပြန်ဝင်လာသည်။
"ပြဿနာကတော့ စကုန်ပြီ" ဟု တစ်လုံးချင်း ပြောသည်။
"ဘာဖြစ်တာလဲ အစ်ကို… ဘာဖြစ်လို့လဲ…"
ကျွန်မ၏တစ်ကိုယ်လုံး အေးစက်သွားသည်။
"သတင်းထောက်လေ… မော်ကွင်း သတင်းစာတိုက်က သတင်းထောက်… သေသွားတဲ့ မစ္စက်ဒီဝင်းတားရဲ့ သင်္ဘောပြန်တွေ့ တယ် ဆိုတာ ဟုတ်လားတဲ့"
"အစ်ကိုက ဘာပြန်ပြောလိုက်သလဲ"
"ဟုတ်တယ်လို့… သင်္ဘောတစ်စီးတွေ့တယ်လို့… ကျုပ်တို့ ဒါပဲ သိတယ်လို့…သူ့သင်္ဘော ဟုတ်ချင်မှလဲ ဟုတ်မယ်လို့" "သူက ဒါပဲ မေးသလား" "မဟုတ်ဘူး။ အလောင်းတစ်ခု တွေ့နေတယ် ဆို ကောလဟလဖြစ်နေတယ် တဲ့။ ဒီသတင်း အမှန်လား တဲ့"
"အို…"
"ဟုတ်တယ်… တစ်ယောက်ယောက်က ပြောတာဖြစ်မှာပေါ့။ ကပ္ပတိန်ဆားလ်ကတော့ ပြောမှာမဟုတ် ဘူး။ အစ်ကို သိတယ်။ ရေငုပ်သမားက သူ့မိတ်ဆွေတစ်ယောက်ယောက်ကို ပြောမှာပေါ့။ ဒီလူတွေရဲ့ ပါးစပ်ပေါက်ကို ပိတ်လို့ မရဘူး။ မနက်ဖြန် မနက်စာစားတဲ့အချိန်ဆိုရင် ကားရစ်တစ်မြို့လုံး ဒီအကြောင်း နဲ့ ဖုံးနေပြီ"
"အလောင်း နဲ့ ပတ်သက်လို့ အစ်ကိုက ဘာပြန်ပြောလိုက်သလဲ"
"ကျွန်တော် မသိဘူးလို့ပဲ ဖြေလိုက်တယ်။ အစ်ကို့အနေနဲ့ ဘာမှပြောစရာမရှိဘူး။ သူ ဖုန်းထပ်မဆက် ရင်ပဲ ကျေးဇူးကြီးလှပါပြီကွာ"
"သူတို့ကို သွားပြီးဆွပေးသလိုလဲ ဖြစ်နေဦးမယ်နော်…။ အစ်ကို့ကို သူတို့ ဆန့်ကျင်ပြီးရေးရင် ဘယ်လို လုပ်မလဲ"
"မတတ်နိုင်ဘူး ကွာ… သတင်းစာတွေကို ဘာမှပြောစရာမရှိဘူး။ သူတို့ ဖုန်းထပ်ဆက်ရင်လဲ လက်မခံ တော့ဘူး" "သူတို့ကို ကျွန်မတို့ ဘက်သားဖြစ်အောင် လုပ်ဖို့လိုလိမ့်မယ်ထင်တယ်"
"တိုက်ပွဲဝင်ဖို့ လိုအပ်မယ်ဆိုရင် အစ်ကိုတစ်ယောက်တည်းပဲ တိုက်မယ်။ သတင်းစာ ကို ကျောထောက် နောက်ခံထားပြီး မတိုက်ချင်ဘူး"
"သတင်းထောက် ကတော့ တခြားတစ်ယောက်ယောက်ကို ဖုန်းလှမ်းဆက်ဦးတော့မှာပဲ။ ကာနယ်ဂျူလယန်း ကိုဖြစ်ဖြစ် ကပ္ပတိန်ဆားလ် ကိုဖြစ်ဖြစ် ဆက်ဦးမှာပေါ့"
"သူတို့ဆီက ဘာသတင်းထူးမှ ထပ်မရနိုင်ပါဘူး"
"ကျွန်မ တို့ တစ်ခုခုလုပ်ဖို့ အချိန်ရှိပါသေးတယ်။ ဒီအတိုင်းထိုင်ပြီး မနက်ဖြန် မနက်ကို စောင့်နေမယ့် အစား တစ်ခုခု လုပ်နိုင်သေးတာ ပဲ အစ်ကို"
"အစ်ကိုတို့ ဘာမှ မလုပ်နိုင်တော့ပါဘူး"
စာကြည့်ခန်းထဲမှာပဲ ကျွန်မတို့ထိုင်နေကြသည်။ မက်ဇင်မ်က စာတစ်အုပ်ကို ကောက်ယူသည်။ သို့ သော်လည်း သူ မဖတ်ကြောင်း ကျွန်မ သိပါသည်။ မကြာခဏ ခေါင်းထောင်ပြီး နားစွင့်နေသည်ကို တွေ့ရသည်။ တယ်လီဖုန်း ခေါင်းလောင်းသံကို သူ နားစွင့်နေခြင်းဖြစ်သည်။ သို့သော်လည်း ဘာခေါင်း လောင်းသံမှ မမြည်တော့ ပါ။ မည်သူမှ ကျွန်မတို့ကို မနှောင့်ယှက်ပါ။ အခါတိုင်းကဲ့သို့ပင် ညစာစားဖို့ အဝတ်အစား တက်လဲကြသည်။ မနေ့ညက သည်အချိန်မျိုး တွင် ဂါဝန်အဖြူနှင့် ဆံပင်ပုံအတုကို ကျွန်မ ဝတ်ဆင်နေခဲ့သည်။ ယခု အဖြစ်အပျက်တွေအားလုံး ပြောင်းသွားပြီ။ ယုံကြည်နိုင်စရာပင် မရှိ။
ကျွန်မတို့ ညစာစားကြသည်။ ကားရစ်မှပြန်လာသော ဖရစ်က ပြင်ဆင်ပေးသည်။
သူ့မျက်နှာ က တည် နေသည်။ ကားရစ်ဘက်မှ သတင်းတွေ သူ ကြားလာပြီလားဟု ကျွန်မ တွေးကြည့်နေ မိသည်။
ညစာစားပြီးတော့ စာကြည့်ခန်းထဲသို့ ကျွန်မတို့ ပြန်ဝင်လာခဲ့ကြသည်။ ဟုတ္တိပတ္တိတော့ စကားမပြော ဖြစ်ကြ။ ကျွန်မ က မက်ဇင်မ်၏ခြေထောက်နားမှာ ထိုင်ရင်း သူ့ဒူးပေါ်တွင် မျက်နှာတင်ထားမိသည်။ သူ က ကျွန်မ၏ ဆံပင်ထဲ သို့ လက်ထည့်ပြီး ပွတ်သပ်ပေးနေသည်။ သည်တစ်ခါတော့ ဂျက်စ်ပါကို ပွတ်သပ် ပေးနေသလို မဟုတ်။ တစ်ခါတစ်ရံ ခေါင်းကို ငုံ့နမ်းသည်။ ကျွန်မ မမျှော်လင့်ခဲ့ဖူးသော စိတ်ချမ်းသာမှု မျိုး ရလာသည်။ အိပ်မက် ပင် မမက်ခဲ့ဖူးသော ပျော်ရွှင်မှုမျိုး ရလာသည်။
နောက်တစ်နေ့ မနက် ခုနစ်နာရီမှာ အိပ်ရာမှ ကျွန်မ နိုးသည်။ ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်း ကြည့် လိုက်တော့ မြက်ခင်းများ ရေစိုပြီး ငွေရောင်ပေါက်နေသည်ကို တွေ့ရသည်။ မနေ့ညက မိုးရွာ ဟန်တူသည်။
မက်ဇင်မ် သည် မနက်ငါးနာရီက အိပ်ရာမှ ထသွားဟန်တူသည်။ ကျွန်မ မနိုးအောင် တိတ်တိတ်ဆိတ် ဆိတ် ထွက်သွားဟန် တူသည်။ ယခုလောက်ဆိုလျှင် ကာနယ်ဂျူလယန်း၊ ကပ္ပတိန်ဆားလ်တို့နှင့်အတူ တူ ရှိနေပေ လိမ့် မည်။ ရဘက်ကာ၏သင်္ဘောကို ဝန်ချီစက်ဖြင့် ဆွဲမနေပေလိမ့်မည်။ သင်္ဘောမှာလည်း ရေညှိတွေ၊ ခရုတွေ တွယ်ကပ်နေပေ လိမ့်မည်။ သည်အကြောင်းများကို ကျွနမ တည်တည်ငြိမ်ငြိမ်ပင် တွေးနေမိပါသည်။
အိပ်ရာမှ ထပြီး ရေချိုးအဝတ်အစားလဲကာ ကိုးနာရီထိုးသည်တွင် နံနက်စာစားရန် ထုံးစံအတိုင်း ဆင်း လာခဲ့သည်။ စားပွဲပေါ်တွင် စာတွေ အမြောက်အမြား တွေ့ရသည်။ ယမန်နေ့ညက ပွတ်သဘင်ပွဲကြီး ကို တက်ခွင့် ရသည့်အတွက် ကျေးဇူးတင်ကြောင်း ရေးကြသောစာများဖြစ်သည်။ စာများကို အကုန် မဖတ်တော့ပါ။ မက်ဇင်မ် အတွက် နံနက်စာပြင်ပေးထားရမလားဟု ဖရစ်က မေးသည်။ သူ ဘယ်အချိန် ပြန်လာမည် မသိကြောင်း ကျွန်မက ပြန်ပြောသည်။ ဖရစ်က ဘာစကားမှ မပြောပါ။ သူ့အမူအရာက တည်နေသည်။ မည်သည့် အရိပ်အယောင်မျှလည်း မပြ။ သည်အကြောင်းတွေကို သူ သိနေပြီဟု ကျွန်မ တွေးလိုက်မိပြန်သည်။
နံနက်စာစားပြီးသောအခါ စာများကိုယူပြီး နံနက်ခန်းထဲသို့ ဝင်ခဲ့သည်။ အခန်းထဲမှာ အောက်သိုးသိုး အနံ့ ရနေသည်။ ပြတင်းပေါက်များကိုလည်း ဖွင့်မထား။ ထို့ကြောင့် လေကောင်းလေသန့်ဝင်ရန် ကျွန်မ ကိုယ်တိုင်ပဲ လိုက်ဖွင့် လိုက်ရတော့သည်။ ပန်းအိုးထဲက ပန်းတွေလည်း ညှိုးနသည်။ ပွင့်ဖတ်အချို့ ကြမ်းပေါ် သို့ ကြွေကျနေသည်။ အခန်းထဲမှာ တံမြက်စည်းလှဲထားခြင်းမရှိ။ လူခေါ်ခေါင်းလောင်းကို တီး လိုက်သည်။ အိမ်ဖော် အမျိုးသမီး တစ်ယောက် ဝင်လာသည်။
"ဒီအခန်း ကို ဒီနေ့မနက် ဘယ်သူမှ ရှင်းမထားဘူး။ ပြတင်းပေါက်တွေတောင် ဖွင့်ထားမပေးဘူး။ ပန်း တွေလဲ ညှိုးနေ ပြီ။ ဒါတွေ သွားလွှင့်ပစ်လိုက်" ဟု ကျွန်မ က ဆီးပြောသည်။
"ကျွန်မ ဝမ်းနည်းပါတယ် မမ" ဟု သူက ပြန်ပြောသည်။ အလွန်တရာလည်း ထိတ်လန့်နေပုံရသည်။ ကျွန်မ ကိုလည်း တောင်းပန်သည့်အကြည့်မျိုးဖြင့် ကြည့်နေသည်။
"ဒါမျိုး နောက်ထပ် ဘယ်တော့မှ မဖြစ်စေနဲ့" "စိတ်ချပါ မမ"
ပန်းအိုးများကိုယူပြီး သူ ထွက်သွားသည်။ အိမ်ဖော်များကို သည်လို ဆက်ဆံရမှာမလွယ် ဟု ယခင်က ထင်ခဲ့ မိသည်။ ဟိုတုန်းက ဘာကြောင့်များ သည်လို မဆက်ဆံခဲ့မိပါလိမ့်။ ယနေ့အတွက် ဟင်းလျာစာ ရင်းစာရွက် စားပွဲပေါ် မှာ ရှိနေသည်။ ယူဖတ်ကြည့်တော့ ပွတ်သဘင်ပွဲနေ့ညက တည်ခင်းခဲ့သည့် ညစာ အစားအသောက်များ ဖြစ်နေသည်ကို တွေ့ရသည်။ မနေ့တုန်းက ကျွန်မ မစားဘဲထားခဲ့သည့် နေ့ လယ်စာ လည်း ဒါတွေပင်ဖြစ်သည်။ ရောဘတ်ကို ခေါင်းလောင်းတီးပြီး ခေါ်လိုက်သည်။
"တခြားဟင်း ပြောင်းချက်ပါလို့ မစ္စက်ဒင်ဗာ ကို ပြော။ ဟိုနေ့ညက အစားအသောက်တွေ မကုန်နိုင် မခမ်းနိုင်ဘဲ အများကြီးကျန်နေသေး ရင် လွှင့်ပစ်လိုက်။ ထမင်းစားခန်းထဲကို လုံးဝသွင်းမလာနဲ့လို့ ပြော… ကြားလား…"
"ကောင်းပါပြီ ဆရာကတော်" ရောဘတ် ထွက်သွားသည်။ ကျွန်မလည်း ပန်းအလှပြင်သည့် အခန်းထဲသို့ သွားကာ ကတ်ကြေးယူလာ သည်။ ထို့နောက် နှင်းဆီခြံထဲသို့ဆင်းပြီး ပန်းခူးသည်။ လေကလည်း မတိုက်။ အိုက်စပ်စပ် ဖြစ်နေ သည်။ မနေ့က အတိုင်း ရာသီဥတုက ပူအိုက်နေပေဦးမည်။
မက်ဇင်မ် တို့ ဘာတွေလုပ်နေကြသနည်း။ ကားရစ်က ချောင်းကလေးထဲသို့ ရဘက်ကာ၏ သင်္ဘော ရောက်သွားပြီလား။ ယခုလို အချိန်မျိုးတွင် မက်ဇင်မ် ပြန်လာပြီး အကျိုး အကြောင်း ပြောပြကောင်း ပြောပြပေ လိမ့်မည်။ ဘာတွေပဲ ကြုံရ ကြုံရ ကျွန်မအနေနှင့်တော့ အလွန့်ကို တည်ငြိမ် ရပေ လိမ့် မည်။ ဘာတွေပဲ ဖြစ်ဖြစ် ကျွန်မ ကြောက်စရာ မလိုတော့။
ပန်းခူးပြီး နံနက်ခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ ကော်ဇောများပေါ်မှာ တံမြက်စည်းလှဲထားပြီးပြီကို တွေ့ရ သည်။ ကြွေ ကျနေ သည့် ပန်းများကိုလည်း ရှင်းလင်းထားပြီးပြီ။ ရောဘတ် ရေအသင့်ဖြည့်ပေးထား သော ပန်းအိုးများထဲမှာ ပန်းများ ထိုးနေ မိသည်။ ပြီးတော့ တံခါးခေါက်သံ ကြားရသည်။
"ဝင်ခဲ့ပါ"
မစ္စက်ဒင်ဗာ ဝင်လာသည်။ ဟင်းလျာစာရင်းကို သူ့လက်ထဲမှာ ကိုင်ထားသည်။ သူ့ မျက်နှာ ဖြူဖပ်ဖြူ ရော် ဖြစ်နေ သည်။ မျက်လုံးအောက် မှာလည်း အညိုကွင်းတွေ ပေါ်နေသည်။
"မင်္ဂလာပါ မစ္စက်ဒင်ဗာ" ဟု ကျွန်မက ဆီးကြိုနှုတ်ဆက်သည်။
"ကျွန်မ နားမလည်ဘူး။ ဟင်းလျာစာရင်းကို ရောဘတ်နဲ့ ဘာဖြစ်လို့ ပြန်ပို့လိုက်တယ်ဆိုတာ ကျွန်မ နား မလည်ဘူး။ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ" ဟု သူက မေးသည်။
နှင်းဆီပန်းများ ကိုင်လျက်တန်းလန်းက သူ့ကို လှမ်းကြည့်မိသည်။
"မနေ့ကလဲ ဒီဟင်းတွေပဲ ရှင်တို့ ကျွေးတယ်။ ဒါတွေ ထပ် မစားချင်ဘူး။ တခြား ပူပူနွေးနွေးဟင်း စားချင် တယ်။ တစ်နပ် စားပြီးသား ဟင်းတွေကို မီးဖိုချောင်ထဲမှာ ရှင်တို့ ကုန်အောင်မစားနိုင်ဘူးဆိုရင် လွှင့်ပစ် လိုက်ပါ။ ထမင်းစားခန်းထဲ ကို ဘယ်တော့မှ ထပ်သွင်းမလာနဲ့။ ဒီအိမ်မှာ အလဟဿပြုန်းတီးနေတာ တွေ တစ်ပုံကြီးပဲ။ အကြောင်းမဲ့ ကုန်ခန်းနေရတာတွေ အများကြီးပဲ။ ဒါတွေ လွှင့်ပစ်လိုက် လို့ ဘာမှ ပို ထူးမသွားဘူး"
ကျွန်မကို သူ စိုက်ကြည့်နေသည်။ ဘာစကားမှတော့ မပြော။ ကျွန်မက ပန်းအိုးထဲသို့ ပန်းများ ဆက် ထိုးနေ သည်။
"ဘာချက်ကျွေးရမှန်း မသိဘူးဆိုတဲ့စကားမျိုး ကျွန်မကို ပြောမယ်မကြံနဲ့ မစ္စက်ဒင်ဗာ… ဘယ်ပွဲဆိုရင် ဘာကျွေး ရမယ်ဆိုတဲ့ ဟင်းလျာစာရင်း ရှင့်အခန်းထဲမှာ ရှိတယ် မဟုတ်လား"
"ဟင်းလျာစာရင်း ကို ရောဘတ်နဲ့ ပြန်အပို့ခိုင်းတာမျိုး ကျွန်မ တစ်ခါမှ မခံရဖူးဘူး။ မစ္စက်ဒီဝင်းတား တုန်းက တစ်ခုခု အပြောင်းအလဲ လုပ်ချင်တယ်ဆိုရင် ကျွန်မဆီ ကို ကိုယ်တိုင်ဖုန်းဆက်ပြီး ပြောလေ့ရှိပါ တယ်" ဟု သူက ပြောသည်။
"သေသွားတဲ့ မစ္စက်ဒီဝင်းတား ဘယ်လိုလုပ်လေ့ရှိတယ်ဆိုတာ ကျွန်မနဲ့ မဆိုင်ဘူး။ ကျွန်မဟာ အခု မစ္စက်ဒီဝင်းတား ပဲ။ ရှင် သိတယ်မဟုတ်လား။ ရောဘတ်နဲ့ ပြန်ပို့ခိုင်းချင်ရင် ရောဘတ်နဲ့ ပို့ခိုင်းမယ်။ ကျွန်မ လုပ်ချင်တာ ကို လုပ်မယ်။ ကျွန်မ လုပ်ချင်သလို လုပ်မယ်။ ရှင် နားလည်ရဲ့လား"
ထိုအချိန်မှာ ပင် အခန်းထဲသို့ ရောဘတ် ဝင်လာသည်။ "မော်ကွန်း သတင်းစာတိုက်က ဖုန်းဆက်နေပါတယ် ဆရာကတော်" ဟု သူက ပြောသည်။
"ကျွန်မ အိမ်မှာမရှိဘူးလို့ ပြောလိုက်" "ကောင်းပါပြီ ဆရာကတော်" ရောဘတ် ပြန်ထွက်သွားသည်။
"ကောင်းပြီး မစ္စက်ဒင်ဗာ… အခြား ဘာကိစ္စရှိသေးသလဲ" သူက ကျွန်မကို စိုက်ကြည့်နေသည်။ ဘာစကားမှ မပြော။ "ဘာမှ ပြောစရာမရှိရင် ရှင် သွားနိုင်ပြီ။ ထမင်းပူ ဟင်းပူချက်ဖို့ ထမင်းချက်ကို သွားပြောပါ။ ကျွန်မ အလုပ် များနေ တယ်" "မော်ကွန်း သတင်းစာတိုက်က ဆရာကတော်နဲ့ ဘာဖြစ်လို့ စကားပြောချင်ရတာလဲ" ဟု သူက ထွက် မသွားသေး ဘဲ မေးသည်။
"ကျွန်မ မသိဘူး မစ္စက်ဒင်ဗာ" "မစ္စက်ဒီဝင်းတားရဲ့သင်္ဘောကို ပြန်တွေ့ပြီလို့ ကားရစ်ဘက်က ဖရစ် ကြားခဲ့တယ် တဲ့။ မနေ့ညက ပြန် ပြောတယ်။ ဒီသတင်း အမှန်ပဲလား" "သြော်… ဒါမျိုးတွေ ပြောနေကြပြီလား… ဒီအကြောင်း ကျွန်မ ဘာမှမသိဘူး" "ဆိပ်ကမ်းအုပ်ချုပ်ရေးမှူး ကပ္ပတိန်ဆားလ် မနေ့က ဒီကိုလာတယ် ဆို… ရောဘတ် ပြောတယ်။ မစ္စက် ဒီဝင်းတားရဲ့သင်္ဘောကို ရေငုပ်သမားက တွေ့ကြောင်း ကားရစ်မြို့ ထဲမှာ ပြောနေကြတယ်လို့ ဖရစ်က ပြန်ပြောတယ်"
"ဟုတ်ချင်လဲ ဟုတ်မှာပေါ့။ မစ္စက်ဒီဝင်းတား ပြန်လာတော့မှ ရှင် ကိုယ်တိုင် မေးကြည့်ရင် ကောင်းမယ်"
"မစ္စတာ ဒီဝင်းတား က ဘာဖြစ်လို့ အစောကြီး ထွက်သွားရတာလဲ"
"အဲဒါ သူ့ အလုပ်… ကျွန်မ အလုပ်မဟုတ်ဘူး" မစ္စက် ဒင်ဗာက ကျွန်မကို ငေးကြည့်နေသည်။
"သင်္ဘောကေဗင်ထဲမှာ အလောင်းတစ်လောင်း တွေ့တယ်လို့ ဖရစ်က ပြောတယ်။ ဘာဖြစ်လို့ အလောင်း တစ်လောင်း ရှိနေရတာ လဲ။ မစ္စက်ဒီဝင်းတား ဟာ အမြဲတမ်း တစ်ယောက်တည်းပဲ သွားလေ့ ရှိတယ်"
"ဒီမှာ မစ္စက်ဒင်ဗာ… ကျွန်မ ကို ရှင် ဒါတွေ လာမေးမနေနဲ့။ ကျွန်မ ဘာမှမသိဘူးလို့ ပြောပြီးပြီမဟုတ် လား"
"ဆရာကတော်လဲ ဘာမှမသိဘူးလား" သူက ဖြည်းဖြည်းချင်းမေးပြီး ကျွန်မကို စိုက်ကြည့်နေသည်။ ကျွန်မက သူ့ကို မျက်နှာ လွှဲလိုက်သည်။ ပန်းအိုးကို ပြတင်းပေါက်နားက စားပွဲပေါ်မှာ သွားတင်ထားလိုက်သည်။
"နေ့လယ်စာပြင်ဆင် ဖို့ ကျွန်မ အမိန့်ပေးလိုက်ပါ့မယ်" ဟု ပြောပြီး ကျွန်မ၏အဖြေကို စောင့်နေသည်။ ကျွန်မ ဘာမှပြန်မပြောသော အခါ အခန်းပြင် သို့ ထွက်သွားသည်။ ကျွန်မကို ကြောက်လန့်အောင် သူ ဘာမှ မလုပ်နိုင်တော့ပြီ။ သူ၏ခွန်အားများလည်း ရဘက်ကာနှင့် အတူ ပျောက်ဆုံး သွားလေပြီ။ သူ ဘာပဲပြောပြော၊ ဘာပဲ လုပ်လုပ်၊ ကျွန်မ မထိခိုက်နိုင်တော့ပြီ။ သူ့ကို အမှုထားနေစရာလည်း မလိုတော့ပါ။
သူ သည် ကျွန်မ၏ ရန်သူဖြစ်ကြောင်း ကျွန်မ သိပါသည်။ သို့သော်လည်း ကျွန်မ စိတ်ထဲမှာ ဘာမျှမဖြစ် တော့ပါ။ သင်္ဘောထဲ က အလောင်း၏အဖြစ်မှန်ကို သူ သိမည်ဆိုလျှင် မက်ဇင်မ်၏ရန်သူလည်း ဖြစ်ပေ ဦးတော့မည်။ ဒီလို ရန်သူဖြစ် သွားတော့ရော ဘာအရေးစိုက်ရမည်နည်း။ ကုလားထိုင်ပေါ်မှာ ပြန်ထိုင် လိုက်သည်။ ကတ်ကြေးကို စားပွဲပေါ် မှာ တင် ထားသည်။ ပန်းအိုးလည်း ဆက်မပြင်ချင်တော့။ မက်ဇင်မ် ဘာတွေ လုပ်နေသနည်း ဟု သာ တွေးနေမိသည်။ မော်ကွန်းသတင်းစာတိုက်မှ သတင်းထောက်က ဘာ ဖြစ်လို့ ဖုန်းဆက်တာလဲ ဟုသာ တွေးနေမိသည်။ ရင်ထဲမှာ နာကျင်သည့်ဝေဒနာပေါ်လာပြန်သည်။
ပြတင်းပေါက် ဆီသို့ ထလာပြီး အပြင်သို့ကြည့်လိုက်သည်။ ပူအိုက်နေသည်။ မိုးချုန်းသံလည်း ကြားရ သည်။ ဥယျာဉ်မှူး က မြက်ခင်းများကို စက်ဖြင့် ရိတ်နေကြသည်။ နံနက်ခန်းထဲမှာ ဆက်ထိုင်နေချင်စိတ် မရှိတော့။ ထို့ကြောင့် အပြင်သို့ထွက်ခဲ့သည်။ ကုန်းစောင်းကလေးမှာ လမ်းလျှောက်နေလိုက်သည်။ ဂျက်စ်ပါလည်း ကျွန်မနှင့် အတူ ပါလာသည်။ ဂျက်စ်ပါကို လမ်းလျှောက်ခေါ် မသွားဖြစ်သည်ကိုလည်း တွေးနေမိသည်။ ဆယ့်တစ်နာရီ ခွဲလောက် တွင် ဖရစ် ထွက်လာသည်။
"မစ္စတာဒီဝင်းတား ဖုန်းဆက်နေပါတယ် ဆရာကတော်" ဟု သူက ပြောသည်။
ခန်းမကြီး ကိုဖြတ်ပြီး တယ်လီဖုန်းခန်းထဲသို့ ဝင်ခဲ့သည်။
"မက်ဇင်မ် ပါ… အစ်ကို ရုံးက စကားပြောနေတာ။ ဖရင့်လဲ ဒီမှာ အတူတူရှိနေတယ်"
"ဟုတ်လား အစ်ကို…"
"တစ်နာရီ ထိုးရင် ဖရင့်နဲ့ ကာနယ်ဂျူလယန်းကိုခေါ်ပြီး ပြန်လာခဲ့မယ်" သူက ခဏဆိုင်းနေပြီးမှ ထိုစကားကို ဆက်ပြော သည်။
"ဟုတ်ကဲ့ပါ" သူ ဘာပြောဦးမည်နည်းဟု နားစွင့်နေမိသည်။ "သင်္ဘော ကို ဆယ်ပြီးပြီ။ အစ်ကိုတို့ အခုပဲ ချောင်းထဲက ပြန်ရောက်တယ်"
"ဟုတ်ကဲ့ အစ်ကို…"
"ကပ္ပတိန် ဆားလ်ရယ်၊ ကာနယ်ဂျူလယန်းရယ်၊ ဖရင့်ရယ်၊ တခြားလူတွေရယ်ပါ ဟိုကိုလိုက်လာကြ တယ်"
သူ့ဘေး မှာ ဖရင့် ရပ်နေလိမ့်မည်ဟု ကျွန်မ တွေးကြည့်နေမိသည်။
"ကောင်းပြီလေ… တစ်နာရီထိုးရင် အစ်ကိုတို့ကို မျှော်နေပါ"
ဖုန်းကို ပြန်ချခဲ့သည်။ ထို့ထက်ပိုပြီး တခြားအကြောင်းတွေကို သူ ဘာမျှပြောမပြပါ။ ဘာတွေဖြစ်ခဲ့သည် ကို ယခု အထိ ကျွန်မ မသိပါ။ အပြင်ထွက်ပြီး ကုန်းစောင်းဆီ သို့ ပြန် လာသည်။ နေ့လယ်စာ ကို နှစ် ယောက်စာ အစား လေးယောက်စာ ပြင်ဆင်ထားရန် ဖရစ်ကို ကျွန်မ ပြောသည်။
တစ်နာရီ မျှလောက် အချိန်ကလေးသည် ကုန်ဆုံးခဲလှပါသည်။ အဝတ်အစားလဲဖို့ အပေါ်ထပ်သို့ ကျွန်မ တက် ခဲ့သည်။ ပြီးတော့ အောက်ပြန်ဆင်းကာ ဧည့်ခန်းထဲမှာထိုင်ပြီး သူတို့အလာကို စောင့်နေမိသည်။ တစ်နာရီထိုးဖို့ ငါးမိနစ် အလို တွင် ခြံထဲသို့ မော်တော်ကားမောင်းဝင်လာသံ ကြားရသည်။ ခဏကြာ တော့ ခန်းမထဲမှ စကားပြောသံ များကို ကြားရသည်။ မှန်ထဲမှာကြည့်ပြီး ဆံပင်ကို သပ်လိုက်သည်။ ကျွန်မ မျက်နှာ ဖြူဖွေးနေ သည်။ ပါးပေါ်သို့ ပေါင်ဒါဖို့ပြီး သူတို့ဝင်အလာ ကို မတ်တတ်ရပ် စောင့်နေမိ သည်။ မက်ဇင်မ်က ရှေ့မှ၊ ပြီးတော့ ဖရင့်၊ ပြီးတော့ ကာနယ်ဂျူလယန်း တို့ ဝင်လာကြသည်။ ကပွဲည တုန်းက ဂျူလယန်းကို ပြန်သတိရမိသည်။ ယခုတော့ သူ့ခန္ဓာကိုယ် သေးသေးကလေးအဖြစ် မြင်တွေ့ နေရသည်။
"ကျန်းမာ ပါတယ်နော်…" ဟု သူက ခပ်တိုးတိုး နှုတ်ဆက်သည်။ အသံကလည်း ဆရာဝန်တစ်ယောက် လို တည်ငြိမ်နေ သည်။
"ရှယ်ရီ အရက်ချို ယူလာပေးဖို့ ဖရစ်ကို ပြောလိုက်ပါ။ အစ်ကို ရေအိမ်ဝင်လိုက်ဦးမယ်" ဟု မက်ဇင်မ် က ပြောသည်။
"ကျွန်တော် လဲ ဝင်လိုက်ဦးမယ်"
ဖရင့် ကပါ ပြောရင်း ဝင်လိုက်သွားသည်။ ကျွန်မ ခေါင်းလောင်းထိုးပြီး မခေါ်မီမှာပင် ရှယ်ရီ အရက်များ ယူ လာသည်။ ကာနယ်ဂျူလယန်း က မသောက်ပါ။ ကျွန်မက တစ်ခွက်ယူပြီး ကိုင်ထားလိုက်သည်။
ကျွန်မ ရပ်နေ သည့် ပြတင်းပေါက်နားသို့ ကာနယ်ဂျူလယန်း လိုက်လာသည်။
"အင်မတန် စိတ်မချမ်းသာစရာကောင်းတဲ့ အဖြစ်ပါ မစ္စက်ဒီဝင်းတား။ ခင်ဗျားတို့ဇနီးမောင်နှံနှစ်ယောက် အတွက် ကျွန်တော် အများ ကြီး စိတ်မကောင်းဖြစ်မိပါတယ်" ဟု သူက ပြောသည်။
"ကျေးဇူး တင်ပါတယ်ရှင်"
ရှယ်ရီ ကို တစ်ငုံသောက်လိုက်သည်။ ပြီးတော့ ဖန်ခွက်ကို စားပွဲပေါ်မှာ ချထားလိုက်သည်။ ကျွန်မ၏ လက်များ တုန်ယင်နေသည် ကို ကာနယ်ဂျူလယန်း သတိပြုမိသွားမှာ စိုးရိမ်နေမိသည်။
"လွန်ခဲ့တဲ့ တစ်နှစ်လောက်က တွေ့တဲ့အလောင်းကို ရဘက်ကာရဲ့အလောင်းပါလို့ ခင်ဗျားယောက်ျား အတည်ပြုခဲ့မိ တဲ့ အတွက် အခုကိစ္စက ပိုခက်သွားတာပါပဲ"
"ကျွန်မတော့ ဘာမှ နားမလည်ပါဘူးရှင်…"
"ခင်ဗျား မကြားသေးဘူး ထင်တယ်။ ဒီနေ့မနက် အလောင်းတစ်လောင်း ကျွန်တော်တို့ ထပ်တွေ့တယ် လေ"
"အဲဒါ ကို ကျွန်မ သိပါတယ်။ ရေငုပ်သမားက တွေ့တယ်ဆိုတာလေ"
"ဟုတ်ပါတယ်" သူက ပြောပြီး နောက်ဘက်သို့ လှည့်ကြည့်သည်။ "အခုတွေ့တဲ့ အလောင်းဟာ ရဘက်ကာဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပါဘူး" သူက အသံကိုပိုပြီး နှိမ့်ချလိုက်ပါသည်။ "အသေး စိတ်တော့ ကျွန်တော် ပြောမပြတော့ပါဘူး။ ခင်ဗျားယောက်ျားနဲ့ ဒေါကတာဖီးလ်တို့ အတည်ပြုချက်ပေး ကြတာနဲ့ပဲ အထောက်အထား က ပြည့်စုံသွားပါပြီ"
သူက စကား ကို ရုတ်တရက် ရပ်ပစ်လိုက်ပြီး တစ်ဖက်သို့ လှည့်ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် မက်ဇင်မ်နှင့် ဖရင့်တို့ ဝင်လာကြသည်။
"နေ့လယ်စာ အသင့်ဖြစ်ပြီ။ ကျွန်တော်တို့ စားလိုက်ကြရအောင်" ဟု မက်ဇင်မ်က ပြောသည်။
သူတို့ရှေ့မှနေ၍ ထမင်းစားခန်းထဲကို ကျွန်မက ထွက်လာခဲ့သည်။ ကျွန်မ၏ရင်ထဲမှာ တင်းကျပ်ပြီး လေးနေ သည်။ ကာနယ်ဂျူလယန်း က ကျွန်မ၏ညာဘက်၊ ဖရင့်က ဘယ်ဘက်တွင် ထိုင်ကြသည်။ မက်ဇင်မ် ကို ကျွန်မ လုံးဝမကြည့်ပါ။ ဖရင့်နှင့် ရောဘတ်က အစားအသောက်များ ထည့်ပေးသည်။ ရာသီဥတု အကြောင်းကိုသာ ကျွန်မ တို့ ပြောနေမိကြသည်။
"မနေ့က လန်ဒန် မှာ အပူဒီဂရီ ရှစ်ဆယ်ကျော်တောင် ရှိတယ်လို့ သတင်းစာထဲမှာ ဖတ်လိုက်ရတယ်" ဟု ကာနယ်ဂျူလယန်းက ပြောသည်။
"ဟုတ်လား" ဟု ကျွန်မက စကားထောက်ပေးသည်။
"ဟုတ်တယ်… အေးတဲ့အရပ်ကို ထွက်မပြေးနိုင်တဲ့လူတွေတော့ မသက်သာဘူး။ သနားစရာပဲ"
"ပါရီ က လန်ဒန်ထက်ပိုပြီး ပူနိုင်တယ်။ တစ်ခါတုန်းက သြဂုတ်လလယ် ကျွန်တော် ရောက်သွားတယ်။ ပူလိုက် အိုက် လိုက်တာဗျာ… ဘယ်လိုမှ မအိပ်နိုင်ဘူး။ အပူဒီဂရီက ကိုးဆယ်တောင် ကျော်နေတယ်" ဟု ဖရင့်က ပြောသည်။
"ပြင်သစ်လူမျိုးတွေ က ပြတင်းပေါက်တံခါးပိတ်ပြီး အိပ်ကြတာ မဟုတ်လား။ ပြင်သစ်အကြောင်းတော့ မစ္စက်ဒီဝင်းတား ကောင်းကောင်း သိတာပေါ့နော်…" ဟု ဂျူလယန်းက မေးသည်။
"ကျွန်မ သိပ်မသိပါဘူးရှင်" "သြော်… ကျွန်တော်က ခင်ဗျား ဟိုမှာ နှစ်ပေါင်းတော်တော်ကြာအောင် နေခဲ့တယ် ဆိုသလား လို့" "မနေခဲ့ပါဘူးရှင်"
"သူနဲ့ ကျွန်တော် တွေ့တုန်းက သူက မွန်တီကာလို အပန်းဖြေစခန်းမှာ နေတာလေ… မွန်တီကာလို ကို ပြင်သစ်နိုင်ငံ လို့တော့ မခေါ်နိုင်ပါဘူးနော်" ဟု မက်ဇင်မ်က ဝင်ပြောသည်။
ဘာစကား မှ ထပ်မပြောကြတော့ဘဲ နေ့လယ်စာကိုသာ ဆက်စားနေကြသည်။ စကားမပြောသော် လည်း ကျွန်မတို့ အားလုံး အကြောင်းအရာတစ်ခုတည်းကိုသာ တွေးနေကြသည်။ အနားမှာရပ်နေသည့် ဖရစ်လည်း ကျွန်မ တို့ တွေးနေသည့် အကြောင်းအရာကိုပင် တွေးနေပေလိမ့်မည်။
"ဟိုညက ခင်ဗျားတို့ ကျင်းပခဲ့တဲ့ ပွတ်သဘင်ပွဲကြီးကတော့ လူတိုင်း သဘောကျပါပဲဗျာ…" ဟု ကာနယ်ဂျူလယန်း က ပြောသည်။
"ဝမ်းသာပါတယ်ရှင်" "ကိုယ်ရဲ့ပင်ကိုယ်ရုပ် ပြောင်းသွားအောင် အဝတ်အစား အဆန်းတကျယ်တွေ ဝတ်ချင်တာ လူတွေ ရဲ့ မွေးရာပါ ဇာတိပဲ နဲ့ တူတယ်နော်… ကျွန်တော်တို့ တစ်တွေဟာ တစ်ခါတစ်ခါကျတော့လဲ ကလေးတွေ နဲ့ အတူတူပဲ" ဟု ကာနယ်ဂျူလယန်းက ပြောနေသည်။
ရုပ်ပြောင်းလဲသွားသည့် အဝတ်အစားဝတ်ရသည်ကို သူ ဘယ်လောက်များ သဘောကျလေသနည်းဟု ကျွန်မ တွေးကြည့် မိပါသည်။ ထိုညက သူ့ကိုတော့ သိပ်မတွေ့ရ။
တစ်ညလုံး နံနက်ခန်းထဲ မှာ သူထိုင်ပြီး ဟောလီးဝုဒ်ဖဲကစားနေခဲ့သည်။
"မစ္စက်ဒီဝင်းတား ဂေါက်သီးကစားပါသလား" ဟု မေးပြန်သည်။
"ကျွန်မ မကစားတတ်ပါဘူးရှင်" "ကစားဖို့ကောင်းတယ်ဗျာ… ကျွန်တော့်သမီး အကြီးကတော့ အလွန် ဝါသနာကြီး တာပေါ့။ သူ့မွေးနေ့ လက်ဆောင်အဖြစ် မော်တော်ကားတစ်စီး ကျွန်တော် ဝယ်ပေးတယ်။ အဲဒီ ကားမောင်းပြီး မြောက်ဘက် ကမ်းခြေက ကွင်းမှာ နေ့တိုင်းသွားကစားနေတော့တာပဲ"
"သိပ်ကောင်းတာပေါ့နော်…" ဟု ကျွန်မက စကားထောက်ပေးသည်။
"သမီးကြီးက ယောက်ျားလေးနဲ့တူနေတယ်။ သားလုပ်တဲ့အကောင်ကတော့ ဒီလိုမဟုတ်ဘူး။ ဘာအား ကစားကို မှ ဝါသနာ မပါဘူး။ အားအားရှိ ကဗျာပဲ စပ်နေတာပဲ" "ကျွန်တော်လဲ သူ့အရွယ်လောက်တုန်းက ကဗျာတွေ စပ်ဖူးတယ်။ အဓိပ္ပာယ်မရှိပါဘူးဗျာ… အခုတော့ လုံးလုံး မစပ်တော့ဘူး" ဟု ဖရင့်က ဝင်ပြောသည်။
"ကျွန်တော့် သား ဟာ ဒီဝါသနာ ဘယ်ကပါလာတယ်မသိဘူး။ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမဆီက အမွေ ရတာ မဟုတ်တာတော့သေချာ တယ်။ ဒါထက် ဟိုနေ့ညတုန်းက မစ္စက်လေစီကိုကြည့်ရတာ အင်မတန် သွက်လက်ပေ တာပဲ။ သိပ်ကို ကျန်းမာနေပုံရတယ်နော်…" "သူ့အဝတ်အစားနဲ့ သူ သိပ်လိုက်နေတာ" ဟု မက်ဇင်မ် က ပြောသည်။
"အဲဒီ အရှေ့တိုင်းအဝတ်အစားဟာ သယ်ရ ပိုးရ ဝတ်ရ ဆင်ရ အင်မတန် ခက်မယ်လို့ ထင်ရတယ်။ ဒါ ပေမယ့် ကျွန်တော် တို့ အင်္ဂလိပ်အမျိုးသမီးတွေဝတ်တဲ့ အဝတ်အစားထက် အများကြီးပိုပြီးသက်တောင့် သက်သာ ရှိတယ် လို့ ပြောကြတယ်။ အပူလဲ သက်သာတယ်တဲ့" ကာနယ်ဂျူလယန်းက ဆက်ရှင်းပြ နေသည်။
စားသောက်ပြီးသော ပန်းကန်များကို သိမ်းသွားသည်။ အချိုပွဲတည်နေသည်။ ကျွန်မတို့ စကား ခဏ ပြတ်သွားပြီးနောက် ရပ်စ်ဗယ်ရီဝိုင်အကြောင်း၊ ယိုအကြောင်း၊ သစ်သီးများအကြောင်း စကားပြောင်း သွားပြန် သည်။
"ဒီနှစ်တော့ ကျွန်တော်တို့ မန်ဒါလေက ပန်းသီးတွေ အရမ်းထွက်တယ်ဗျာ… ခါတိုင်းနှစ်တွေရဲ့စံချိန်ကို ချိုးတော့တာ ပဲ၊ လန်ဒန်ကို အများကြီး ပို့နိုင်မယ်။ မက်ဇင်မ်ကိုတောင် ပြောနေရသေးတယ်" ဟု ဖရင့် က ပြောသည်။
"အမြတ်အစွန်းရော ဟုတ္တိပတ္တိရရဲ့လား။ ခင်ဗျားတို့ရဲ့အလုပ်သမား စရိတ်လဲကြီးတယ်မဟုတ်လား။ အပိုလုပ်ခတွေ လဲ ပေးရသေးတယ်။ ထုပ်ရ ပိုးရတာရယ်၊ သယ်ရပို့ရတာရယ်နဲ့…"
"မြတ်တန် သလောက်တော့ မြတ်ပါတယ်" ဟု ဖရင့်က ပြန်ပြောသည်။
"စိတ်ဝင်စားစရာပဲ ဗျို့။ ကျွန်တော့်မိန်းမကို ပြန်ပြောရဦးမယ်"
ထို့နောက် စကားပြတ်သွားပြနသည်။ အချိုပွဲပြီးတော့ စီးကရက်နှင့် ကော်ဖီများ ယူလာပေးသည်။ တိတ်ဆိတ်စွာ ပင် ကော်ဖီသောက်နေမိကြပြန်သည်။ ကျွန်မကတော့ ကိုယ့်ပန်းကန်ကိုသာ ကိုယ် စိုက် ကြည့်နေမိသည်။
"ပထမအလောင်းတစ်ခု ကို မှားပြီး အတည်ပြုချက်ပေးမိတဲ့အတွက် စိတ်မချမ်းမသာစရာကောင်းတဲ့ ဒီ အဖြစ်အပျက်ကြီးပေါ် လာရကြောင်း ထမင်းမစားခင်တုန်းက မစ္စက်ဒီဝင်းတားကို ကျွန်တော် ပြောပြနေ မိသေးတယ်" ဟု ကာနယ်ဂျူလယန်း က ပြောသည်။ သူတစ်ပါး မကြားစေလိုသော လေသံမျိုးဖြင့် ခပ် တိုးတိုး ပြောသည်။
"မှန်ပါတယ်ဗျာ" ဟု မက်ဇင်မ်က ပြန်ဖြေသည်။
"ဒီလိုမှားခဲ့တာဟာလဲ ပတ်ဝန်းကျင်အခြေအနေတွေအရ သဘာဝကျပါတယ် ခင်ဗျာ" ဟု ဖရင့်က ကမန်းကတန်း ဝင်ပြော သည်။ "အက်ခ်ျကွန်ဘီကို သွားပြီး တွေ့ထားတဲ့အလောင်းကို အတည်ပြုပေးဖို့ သက်ဆိုင်ရာက မက်ဇင်မ် ဆီ စာရေးတယ်။ ဟိုကိုမရောက်ခင်ကတည်းက ဒါဟာ ဟိုအမျိုးသမီးရဲ့အ လောင်းဖြစ်ကြောင်း ကြိုတင်ပြောပြထား သလိုလဲ ဖြစ်နေပါတယ်။ ဒီအချိန်တုန်းက မက်ဇင်မ်ကလဲ ကောင်းကောင်း မကျန်းမာ ချင်ဘူး။ ကျွန်တော်က သူနဲ့အတူတူလိုက်သွားချင်ပါတယ်။ ဒါပေမဲ့ သူကလဲ တစ်ယောက်တည်း သွားမယ်လို့ ဇွတ်ပြောနေ တယ်။ ဒီကိစ္စမျိုးကို အတည်ပြုပေးရလောက်အောင် သူ့ ကျန်းမာရေးက ကောင်းတဲ့အခြေအနေမျိုး မဟုတ်ဘူး" "အဓိပ္ပာယ်မရှိပါဘူး။ ကိုယ် ကောင်းကောင်း ကျန်းမာနေတာပဲ"
"ထားပါတော့လေ… ဒါတွေ ပြောနေလို့လဲ အပိုပါပဲ။ အတည်ပြုချက်ကို ခင်ဗျား ပေးခဲ့မိပြီပဲ။ အခု အချိန်ကတော့ အဲဒီအတည်ပြုချက်ဟာ မှားယွင်းကြောင်း ပြန်ပြောရုံပဲရှိတော့တယ်။ ဒီတစ်ခါတော့ သံသယဖြစ်စရာအကြောင်း ဘာမှ မရှိတော့ပါဘူး" ဟု ကာနယ်ဂျူးလယန်းက ပြောသည်။
"ဟုတ်ပါတယ်။ သံသယဖြစ်စရာ မရှိတော့ပါဘူး" ဟု မက်ဇင်မ်က ဝန်ခံ ခဲ့သည်။
ဆက်ရန်
.

No comments:
Post a Comment