Sunday, June 17, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄ဝ)

တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါပြီ။ ကျွန်မ၏မျက်စိရှေ့မှာပင် ရဘက်ကာ၏ရုပ်လုံးပေါ်လာပါပြီ။ ရဘက် ကာသည် ဓာတ်ပုံဘောင်ထဲကထွက်လာပြီး မြင်းကို ကြာပွတ်နှင့်ရိုက်နေပုံ၊ အရာရာ တွင် အောင်ပွဲခံနေ ပုံ၊ တေးဂီတဆောင်ပေါ်မှနေ၍ ပြုံးပြုံးကြီး ငုံ့ကြည့်နေပုံများကို မြင်လာသည်။ ပင်လယ်ကမ်းခြေမှာ ဘင်းနှင့် အတူတူ ကျွန်မ ရပ်နေတုန်းက ဘင်း ပြောခဲ့ သည့် စကားများကိုလည်း အမှတ်ပြန်ရနေသည်။ ကို ဆက်ဖတ်ရန်..........

"ခင်ဗျား က သနားကြင်နာတတ်တယ်။ ဟိုအမျိုးသမီးနဲ့ မတူဘူး။ ကျွန်တော့်ကို ထောင်ထဲမထည့်ပါဘူး နော်…" ဟု ဘင်းက ပြောခဲ့သည်။
မက်ဇင်မ် က ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ဆက်ပြောနေသည်။
"သူ့အကြောင်းကို ချက်ချင်း အစ်ကို သိရတော့တယ်။ မွန်တီကာလို အပန်းဖြေစခန်းတုန်းက တောင် ထိပ်ကို အစ်ကိုတို့ ကားမောင်းတက်သွားကြတာ မှတ်မိသေးတယ် မဟုတ်လား။ အဲဒီနေရာကို ပြန်သွား ပြီး ဟိုတုန်းကဖြစ်ခဲ့တာတွေ ပြန်မှတ်မိချင်လို့ သွားခဲ့မိတာ။ အစ်ကိုတို့ လက်ထပ်ပြီး ငါးရက်အကြာမှာ အဲဒီနေရာကို ရောက်ခဲ့တယ်။ သူက ချောက်ကမ်းပါးထိပ် မှာ ထိုင်နေတယ်။ အားရပါးရ ရယ်နေတယ်။ သူ့အကြောင်းတွေ အစ်ကို့ကို ပြောပြတယ်။ အသက်ရှင်လျက်ရှိတဲ့ ဘယ်လိုလူကိုမှ ပြန်ပြောပြလို့ မဖြစ် နိုင်တော့တဲ့အကြောင်းတွေ ပြောပြခဲ့တယ်။

ဒီစကားတွေ ကြားရတော့ အစ်ကို ဘာလုပ်လိုက်မိပြီဆို တာကို သိလိုက်ပြီ။ အစ်ကို့အိမ်ထောင်ရေး ဘာဖြစ် သွားပြီဆိုတာကို သဘောပေါက်လိုက်ပြီ။ မျိုးရိုး ကောင်းတာရယ်… ဦးနှောက်ရှိတာရယ်… ရုပ်ရည်ချော တာရယ်… အလို… ဘုရား… ဘုရား…"
ရုတ်တရက် သူ့စကားကို သူ ဖြတ်ပစ်လိုက်သည်။ ပြီးတော့ ပြတင်းပေါက်နားသို့ သွားကာ မြက်ခင်းများ ကို လှမ်းငေးကြည့်နေ သည်။ ပြီးတော့ သူ ရယ်သည်။ ထိုနေရာမှာရပ်ပြီး နာကျည်းစွာ သူ ရယ်နေ သည်။ သူ့ရယ်သံ ကို ကျွန်မ နားမထောင်ရက်ပါ။ သူ့ရယ်သံသည် ကျွန်မစိတ်ကို ချောက်ချားစေပါ သည်။ ဘယ်လိုမှ ကျွန်မ နားထောင်နိုင်စွမ်း မရှိပါ။
"အစ်ကို… အစ်ကို…" ကျွန်မ အော်လိုက်မိပါသည်။ သူက စီးကရက်ကို မီးညှိုသည်။ ပြီးတော့ ထိုနေရာမှာ ရပ်ပြီး ဆေးလိပ်ဆက်သောက်နေသည်။ ဘာ စကားကိုမျှ ဆက်မပြော။ ပြီးတော့ တစ်ဖက် သို့ ပြန် လှည့်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြန် သည်။

"အဲဒီအချိန်တုန်းက သူ့ကို သတ်မိတော့မလို့… အဲဒီတုန်းက သတ်လိုက်ရင်လဲ အင်မတန် လွယ် ပါတယ်။ ချောက်ထဲကို မတော်တဆ ချော်ကျသွားတယ်ပေါ့။ မင်း မှတ်မိသေးတယ်မဟုတ်လား။ အင်မတန် နက် တဲ့ချောက်ကြီးလေ… မင်းတောင် လန့်သွားတယ်လေ… အစ်ကို့ကို အရူးလို့တောင် မင်း ထင်ခဲ့သေး တယ် မဟုတ်လား။ ဟုတ်ပါတယ်။ အစ်ကို ရူးခဲ့ပါတယ်။ ဒါလောက် ကြောက်မက်ဖွယ်ရာကောင်းတဲ့ မကောင်းဆိုးရွားမနဲ့ အတူတူနေရမှတော့ အစ်ကိုရော ဘယ်မှာ ကောင်းနိုင်ဦးတော့မှာလဲ" ကျွန်မက သူ့ကို ငေးကြည့်နေသည်။ သူကလည်း လမ်းလျှောက်မြဲ လျှောက်နေသည်။

"အဲဒီ ချောက်ကမ်းပါးထိပ်မှာပဲ သူက အစ်ကို့ကို စည်းကမ်းချက်တွေ ထုတ်တော့တယ်လေ… ရှင့်အိမ် ကြီးကို ကျွန်မ အုပ်ချုပ်မယ်တဲ့။ ရှင့်မန်ဒါလေစံအိမ်ကြီးဟာ ဒီတိုင်းပြည်မှာ နာမည်အကျော်ဆုံး စံအိမ် ကြီးဖြစ်သွားအောင် လုပ်ပေးမယ်တဲ့။ လူတိုင်းက သဘောကျကြမယ်။ ကျွန်မတို့နှစ်ယောက်ဟာ ဒီတိုင်း ပြည်မှာ ကံအကောင်းဆုံး အပျော်ဆုံး ရုပ်အချောဆုံး ရှေ့သွားနောက်လိုက် အညီဆုံးလို့ လူတွေက ပြောကြမယ်တဲ့။ ဘယ်လောက် ကောင်းမလဲဟင်လို့ သူက ပြောတယ်။ ပြီးတော့ တဟားဟား ရယ်နေ တယ်"
သူ့လက်ထဲမှ စီးကရက်တိုကို မီးလင်းဖိုထဲသို့ ပစ်ထည့်လိုက်သည်။ စီးကရက်က သုံးပုံတစ်ပုံလောက် သာ သောက်ရသေးသည်။
"အဲဒီတုန်းက သူ့ကို အစ်ကို မသတ်ခဲ့ပါဘူး။ ဘာမှမပြောဘဲ အကဲခတ်ကြည်နေမိတယ်။ ရယ်ချင်သ လောက် ရယ်စေခဲ့ တယ်။ ပြီးတော့ ကားပေါ်တက်ပြီး မောင်းထွက်လာခဲ့တယ်။

 သူပေးတဲ့ အကြံဉာဏ် တွေအတိုင်း အစ်ကို လက်ခံတော့မယ်ဆိုတာ သူသိတယ်။ ပြီးတော့ မန်ဒါလေ ကို ပြန်လာခဲ့ကြတယ်။ စံအိမ်ကြီးကို သူ စိတ်တိုင်းကျ ပြင်တော့တယ်။ အပြင်ကလူတွေကို လာပြီး လေ့လာခွင့်ပြုတယ်။ ဧည့်ခံ ပွဲကြီးတွေ လုပ်တယ်။ ဒီရာစုနှစ်ထဲမှာတော့ အစ်ကိုတို့ရဲ့အိမ်ထောင်ဟာ အအောင်မြင် ဆုံးဖြစ်ကြောင်း လူတွေ လက်ခံလာအောင် လုပ်တယ်"
"လက်ထပ်ပြီး ငါးရက်အကြာမှာ သူ ပြောပြလို့ သူဟာ ဘယ်လိုကောင်မဖြစ်ကြောင်း အစ်ကို သိခဲ့ရ တယ်။ အစ်ကို့ရဲ့ဂုဏ်သိက္ခာအတွက် မာန်မာနအတွက် ပုဂ္ဂိုလ်ရေးခံစားမှုအတွက် သူ့အကြောင်းကို ဘယ်နည်းနဲ့မှ အစ်ကို ဖော်မပြောရဲဘူးဆိုတာ သူ ကောင်းကောင်းသိတယ်။ ရုံးတော်မှာတက်ပြီး မကွာ ရှင်း မပြတ်စဲရဲဘူးဆိုတာ သူ သိတယ်။ သတင်းစာတွေက ဝိုင်းရေးတဲ့အတွက် အစ်ကို့မျက်နှာကို ရွံ့ပုတ် အစဉ် မခံနိုင်ဘူးဆိုတာ သူ သိတယ်။ လူတွေက ဟောဟိုခြံပေါက်ဝကိုလာပြီး "မန်ဒါလေစံအိမ် ကြီး ဆိုတာ ဟောဒါပေါ့။ ဒီစံအိမ်မှာ သူတို့လင်မယားနှစ်ယောက်နေတယ်။

မိန်းမနဲ့ကွာရှင်းပြတ်စဲခွင့် တောင်းနေတဲ့ ဒီဝင်းတားဆိုတဲ့လူ ပိုင်တာပေါ့။ သူ့မိန်းမအကြောင်း တရားသူကြီး ပြောတာမှတ်မိတယ် မဟုတ်လား" လို့ လူပြော သူပြော မခံနိုင်တာကို သူ သိတယ်"
ကျွန်မရှေ့ မှာ သူ လာရပ်သည်။ လက်နှစ်ဖက်ကို ကျွန်မဆီသို့ ဆန့်တန်းပေးသည်။
"အစ်ကို့ ကို မင်း အထင်သေးသွားပြီ မဟုတ်လား… အစ်ကို ရှက်နေရတာတွေ၊ စိတ်ဆင်းရဲနေရတာတွေ ကို ရွံမုန်း စက်ဆုပ်နေ ရတာတွေ မင်း နားမလည်နိုင်ဘူး မဟုတ်လား"
ကျွန်မ ဘာမျှပြန်မပြောပါ။ သူ့လက်နှစ်ဖက်ကို ဆွဲယူပြီး ကျွန်မ ရင်ဘတ်ပေါ်မှာ ဖိကပ်ထားလိုက်မိပါ သည်။
သူ့စိတ်ထဲ မှာ ခံစားနေရသည်များကို ကျွန်မဂရုမစိုက်ပါ။ အကြောင်းအရာတစ်ခုကိုသာ ကျွန်မ အသည်း စွဲလိုက်မိပါသည်။ ရဘက်ကာကို သူ မချစ်။ ရဘက်ကာကို ဘယ်တုန်းကမှ သူ မချစ်။ နောက်လည်း ဘယ်တော့ မှ ချစ်မည်မဟုတ်။ သူ ဆက်ပြောနေသည်များကို နားထောင်နေရသော်လည်း ကျွန်မ လေး လေးနက်နက် သဘောမထားတော့ပါ။

"မန်ဒါလေစံအိမ်ကြီးကို သိပ်ပြီး အစ်ကို တန်ဖိုးထားမိတယ်။ ဘိုးစဉ်ဘောင်ဆက် အမွေအနှစ်အနေနဲ့ သိပ်ကို မက်မောမိတယ်။ မန်ဒါလေစံအိမ်ဟာ အစ်ကို့အဖို့ နံပါတ်တစ်ပဲ။ အချစ်ဆိုတာနဲ့တော့ မတူဘူး ပေါ့လေ…။ ဒါပေမဲ့ လူတစ်ယောက်ဟာ ကမ္ဘာမြေကြီးပေါ်မှာ သူ ကြိုက်နှစ်သက်ရာ အကွက်ကလေး တစ်ခုကို တန်ဖိုး ထားခွင့် ရှိပါတယ်"
"အချစ် ရယ်… ကျွန်မရဲ့အသည်းရယ်…"
သူ့လက်ဖဝါးထဲမှာ ကျွန်မမျက်နှာကို အပ်ထားမိပါသည်။ ပါးစပ်ဖြင့်လည်း စုပ်နမ်းမိပါသည်။
"မင်း နားလည်ရဲ့လား… သဘောပေါက်ရဲ့လား…"
"နားလည်ပါတယ် အချစ်ရယ်… ကျွန်မ သဘောပေါက်ပါတယ် အသည်းရယ်…"
သူ့မျက်နှာ ကို ကျွန်မ မကြည့်ပါ။ မျက်နှာလွှဲထားလိုက်သောကြောင့် ကျွန်မ၏မျက်နှာကိုလည်း သူ မမြင် နိုင်ပါ။ သူ့အပေါ် ကျွန်မ နား လည်သည် မလည်သည်မှာအကြောင်း မဟုတ်တော့ပြီ။

ကျွန်မ၏အသည်း နှလုံးများသည် လွင့်မျောနေသည် ငှက်မွေးကလေးလို ပေါ့ပါးသွားပါတော့သည်။ ရဘက်ကာ ကို ဘယ် တုန်းကမှ သူ မချစ်ခဲ့ဖူးဘူးတဲ့။
"အဲဒီတုန်းက အကြောင်းတွေကို ပြန်မစဉ်းစားချင်ပါဘူး။ မင်းကိုလဲ ဒီအကြောင်းတွေ ပြောမပြချင်ပါ ဘူး။ သူနဲ့ အစ်ကို ဟာ ပတ်ဝန်းကျင်ကို လိမ်ညာပြီး အဆင်ပြေအောင်မြင်တဲ့ အိမ်ထောင်တစ်ခုလို ဟန် ဆောင်နေခဲ့ ရတဲ့ အတွက် ရှက်စရာကောင်းလှတယ်။ သိက္ခာလဲ ကျလှတယ်။ မိတ်ဆွေ အပေါင်း အသင်း တွေရှေ့ မှာ ဆွေမျိုးတွေရှေ့မှာ အခိုင်းအစေတွေရှေ့မှာ ယုတ်စွအဆုံ အစ်ကို့အပေါ် အင်မတန်သစ္စာရှိ တဲ့ ဖရစ်ရဲ့ရှေ့မှာ ဟန်ဆောင်ပြနေရတယ်။ သူတို့အားလုံးဟာ ရဘက်ကာကို ယုံကြည်ကြတယ်။ ချီး မွမ်းကြတယ်။ ချစ်ခင်ကြတယ်။ သူတို့ ကျောခိုင်းလိုက်တာနဲ့တစ်ပြိုင်တည်း ရဘက်ကာက သူတို့ကို လှောင်ပြီး တဝါးဝါး တဟားဟား ရယ်နေတာကိုတော့ သူတို့ခမျာ မသိရှာကြဘူး"

"မန်ဒါလေစံအိမ်ကြီးမှာ ပွဲလမ်းသဘင်တွေ တစ်ခုမဟုတ်တစ်ခု အဆက်မပြတ် ကျင်းပခဲ့တယ်။ ဟော ဟို သစ်တောတွေကိုလဲ သူ့သဘောကျ ပြင်ခဲ့တယ်။ အိမ်ထဲမှာလဲ သူ့အကြိုက် ခင်းကျင်းခဲ့တယ်။ အစ် ကို့အဖေ လက်ထက်တုန်းက ဒီလိုမဟုတ်ဘူး။ ရဘက်ကာ လက်ထက်ကျတော့မှ မန်ဒါလေစံအိမ်ကြီး ဟာ လူတွေ ရင်သပ်ရှုမောဖြစ်လောက်အောင် တခမ်းတနား ဖြစ်လာခဲ့တယ်။ ဟောဟို ပန်းချီကား အများစုဟာလဲ ရဘက်ကာ ဝယ်ခဲ့တာတွေပေါ့။ လူတွေ ချီးမွမ်းနေကြတဲ့ မန်ဒါလေ… ပို့စကတ်တွေ ရိုက်ပြီး ရောင်းရတဲ့ မန်ဒါလေဟာ သူ့ကြောင့် ဖြစ်လာရတာပဲ"
ကျွန်မ ဘာမျှပြန်မပြောပါ။ သူ့လက်ကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိပါသည်။ သည်အတိုင်းပဲ သူ ဆက်ပြောနေစေချင်ပါသည်။ သို့မှသာ သူ့ရင်ထဲမှာ ပေါ့သွားမည်။
"ဒီလိုနဲ့ပဲ အစ်ကိုတို့ဟာ တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် နေခဲ့ကြရတယ်။ သူ ဘာတွေပဲလုပ်လုပ် မန်ဒါလေစံအိမ်ကြီးရဲ့ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးလို့ လက်ခံခဲ့ရတယ်။ လန်ဒန်မြို့ကိုသွားပြီး သူ ဘာ တွေပဲလုပ်နေနေ အစ်ကို မပြောဘူး။ ဘာကြောင့်လဲဆိုတော့ မန်ဒါလေစံအိမ်ကြီးကို မထိခိုက်လို့ပဲ။ အဲဒီ ပထမ ပိုင်း နှစ်တွေမှာတုန်းကတော့ သူ ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့သေးတယ်။ သူ့အကြောင်း ပြော သံမကြားခဲ့ ရဘူး"

"နောက်တော့ တဖြည်းဖြည်း သူဟာ အထိန်းအသိမ်း လျော့လာတယ်။ ဘာကိုမှ သိပ်ဂရုမစိုက်တော့ ဘူး။ အတင့်ရဲလာတယ်။ အရက်သောက်တဲ့ လူတစ်ယောက်လိုပေါ့။ စစချင်းတော့ နည်းနည်းပေါ့။ နေ့ တိုင်းလဲ မသောက်သေးဘူးလေ… တဖြည်းဖြည်း သောက်တဲ့ရက် နီးလာတယ်။ သောက်တဲ့အရက် များလာတယ်။ နောက်ဆုံးမှာတော့ မိုးမလင်းတမ်းသောက်တော့တာပဲ"
"ရဘက်ကာလဲ ဒီအတိုင်းပဲ။ သူ့အပေါင်းအသင်းတွေကို ဒီကို ခေါ်စပြုလာတယ်။ အစမှာတော့ စနေ တနင်္ဂနွေလောက်ပဲ။ လူက များများစားစား မဟုတ်သေးဘူး။ တစ်ယောက်စ နှစ်ယောက်စပဲ ခေါ်သေး တယ်။ ဒါကြောင့် အစ်ကိုကလဲ သိပ်သတိမထားမိဘူး။ သိပ် မသေချာဘူး။ ကမ်းခြေက တိုက်ပုကလေး ကို သူ့လူတွေနဲ့ပျော်ပွဲစားထွက်တာတွေ လုပ်ချင်လုပ်လိမ့်မယ်"
"တစ်ခါတုန်းကတော့ စကော့တလန်မှာ အစ်ကို အမဲလိုက်ပြီး ပြန်လာခဲ့တယ်။

အိမ်ပြန်ရောက်တော့ ယောက်ျားလေးငါးခြောက်ယောက်လောက်နဲ့ ကမ်းခြေက တိုက်ပုကလေး မှာ ဖြစ်ချင်တိုင်းဖြစ်နေ တာ ကို တွေ့ရတယ်။ ဒါကြောင့် အစ်ကိုက သူ့ကို သတိပေးတယ်။ သူက ရှင်နဲ့ ဘာဆိုင်လို့လဲ လို့ ပြန်မေး တယ်။ သူ့လူတွေနဲ့ လန်ဒန်မှာ ကြိုက်ရာလုပ်ပါ။ ကြိုက်သလိုနေပါ။ ဒါပေမဲ့ ဒီမှာတော့ ဒီလို မနေရဘူး။ မန်ဒါလေစံအိမ်ဟာ ငါပိုင်တယ်လို့ ပြောခဲ့တယ်။ သူက ဘာမှပြန်မပြောဘူး။ ပြုံးရုံပြုံးနေတယ်"
"အဲဒီနောက်တော့ ဖရင့်ခရော်လေကို သူ စတော့တာပဲ။ ဖရင့်ခမျာ သနားစရာကောင်းပါတယ်။ တစ်နေ့ ကျတော့ ဖရင့်ရောက် လာပြီး မန်ဒါလေက အလုပ်ထွက်ချင်ကြောင်း ပြောတယ်။ အစ်ကို တို့ နှစ်ယောက်  ဟောဒီ စာကြည့်ခန်းထဲမှာ နှစ်နာရီလောက်ကြာအောင် ငြင်းကြခုံကြတယ်။ အဲဒီတော့မှ အစ်ကို နား လည်တော့တယ်။ ဖရင့် က တစ်လုံးမကျန် ဖွင့်ပြောပြတော့တာကိုး။ ရဘက်ကာဟာ သူ့ကို လုံးဝ အလွတ်မပေး တော့ဘူးတဲ့။ သူ့အိမ်ကိုလဲ အမြဲတမ်း လိုက်လိုက်လာနေတယ်တဲ့။

ကမ်းခြေက တိုက်ပုက လေးကို သူနဲ့အတူ လိုက်ဖို့လဲ မရမက ခေါ်တယ်တဲ့။ အစ်ကိုတို့ ဟန်ဆောင်ထားသလို အိမ်ထောင်ရေး က သိပ်ကို သာယာပြီး ပျော်ရွှင်ချမ်းမြေ့နေတယ်လို့ ဖရင့်က ထင်ထားရှာတာကိုး…"
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဘက်ကာကို အစ်ကိုက အပြစ်တင်တယ်။ တစ်ချီတည်း သူ ဒေါသပုန်ထတော့ တာပဲ။ အစ်ကို့ ကိုလဲ အင်မတန် ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ဆဲဆိုရန်တွေ့တော့တယ်။ အင် မတန် စိတ်ဆင်းရဲ စရာကောင်းတဲ့ အဖြစ်ပေါ့ကွယ်။ အဲဒီနောက် လန်ဒန်ကို သူ တက်သွားတယ်။ ဟိုမှာ တစ်လလောက်နေပြီး ပြန်လာတယ်။ ပြန်ရောက်စမှာတော့ ခြေက ခပ်ငြိမ်ငြိမ်ပဲ။ သူ သင်ခန်းစာရသွား ပြီလို့ အစ်ကို ထင်ခဲ့မိတယ်"
"အဲဒီနောက် စနေ တနင်္ဂနွေတစ်ပတ်မှာ ဘီးနဲ့ ဂျိုင်းလ်စ် အလည်လာကြတယ်။ ဘီးဟာ ရဘက်ကာ ကို သဘောကျပုံ မပေါ်ဘူး လို့ အစက အစ်ကို ထင်ခဲ့တယ်။ ဘီးက ဟောဟောဒိုင်းဒိုင်းသမား မဟုတ်လား။ ရဘက်ကာ က ဂျိုင်းလ်စ်ကိုခေါ်ပြီး သင်္ဘောနဲ့ အပျော်စီးထွက်သွားကြတယ်။

ဘီးနဲ့ အစ်ကိုနဲ့ကတော့ စကားပြောရင်း မြက်ခင်းပေါ်မှာ ကျန်ခဲ့တယ်။ သူတို့နှစ်ယောက် ပြန်လာကြတော့ ပင်လယ်ထဲ မှာ ဘတွေဖြစ်ခဲ့ကြပြီဆိုတာ အစ်ကို သိပြီလေ…။ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဂျိုင်းလ်စ် နဲ့ ရဘက်ကာ ရဲ့ မျက်လုံးတွေကို ကြည့်လိုက်ရုံနဲ့ သူတို့နှစ်ယောက် ရှုပ်ခဲ့ကြပြီဆိုတာ သိလိုက်တယ်"
ရဘက်ကာ ၏ ရုပ်လုံးမှာ ပေါ်လွင်သည်ထက် ပေါ်လွင်လာပါသည်။ ရဘက်ကာနှင့် ပတ်သက်လာလျှင် ဖရင့်ခရော်လေ ၏ မျက်လုံးများ တစ်မျိုးတစ်ဖုံ ဖြစ်နေပုံ၊ ဘီယက်ထရစ်က ရဘက်ကာအကြောင်း စကား ဟဟ မပြောချင်ပုံ များကိုလည်း ပြန်လည် အမှတ်ရနေမိသည်။ အရှက်တကွဲ အကျိုးနည်း မဖြစ်လိုသော ကြောင့် မျိုသိပ် ဖုံးကွယ် ထားပြီး စိတ်ဒုက္ခခံစားနေကြရသူများ ဤကမ္ဘာပေါ်မှာ မည်မျှ များပြားမည်နည်း ဟု ကျွန်မ တွေးမိပါသည်။ ကျွန်မလည်း ထို့အတူပင် ရှိခဲ့ပါသည်။ ဒီအကြောင်းများကို မက်ဇင်မ်အနေ ဖြင့် လွန်ခဲ့ သည့် လေးငါးလလောက် က ပြောခဲ့ဖို့ကောင်းပါသည်။

"ဘီးနဲ့ဂျိုင်းလ်စ် မန်ဒါလေ မှာ ညလာအိပ်တာ အဲဒါနောက်ဆုံးအခေါက်ပဲ။ အစ်ကိုကလဲ သူတို့ကို နောက်ထပ် ညအိပ်မခေါ်တော့ဘူး။ ရိုးရိုးဥယျာဉ်ပွဲတို့ ကပွဲတို့ကိုတော့ လာသပေါ့လေ…။ ဒီအကြောင်း နဲ့ပတ်သက်ပြီး ဘီးက အစ်ကို့ကို တစ်လုံးမှမဟဘူး။ အစ်ကိုကလဲ မပြောဘူး။ ဒါပေမဲ့ အစ်ကို့ဘဝအမှန် ကို သူ သိပုံရပါတယ်။ ရဘက်ကာ ဟာ ပိုပြီးကောက်ကျစ်စဉ်းလဲလာတယ်။ အပြင်ပန်းအနေနဲ့တော့ ဘာမှမသိသာဘူး။ အစ်ကို ခရီးထွက်နေတဲ့ အခါ သူ ဒီမှာ ဘာတွေဖြစ်နေတယ်ဆိုတာ အစ်ကိုလဲ မသိ နိုင်ဘူး။ ဖရင့်နဲ့ရှုပ်နိုင်တယ်။ ဂျိုင်းလ်စ် နဲ့ ရှုပ်နိုင်တယ်။ ယုတ်စွအဆုံး အစ်ကိုတို့ အလုပ်သမားတစ် ယောက်နဲ့ပဲဖြစ်ဖြစ် ကားရစ် က လူတစ်ယောက် နဲ့ပဲဖြစ်ဖြစ်၊ ဖြစ်ချင်တာ ဖြစ်နိုင်တယ်။ အဲဒီလို ဖြစ်ပြီဟေ့ ဆိုရင်တော့ ဗုံးပေါက်ကွဲပြီသာ မှတ်ပေတော့။ အစ်ကိုတို့မှာ သူများ တံတွေးခွက် ပက်လက်မျောပြီသာ မှတ်ပေတော့"
ကမ်းခြေ က တိုက်ကလေး ကို မျက်စိထဲ မြင်ယောင်လာသည်။ ခေါင်မိုးပေါ်သို့ ရေစက်ကျနေသံများကို ကြားယောင် လာသည်။ ကျွန်တော့်ကို ထောင်ထဲ မထည့်ပါဘူးနော်ဟု ပြောသော ဘင်း၏စကားကို ကြားယောင် လာသည်။ ထိုအနီးအနား တစ်ဝိုက် တွင် သွားလာလှုပ်ရှားနေသည့် ရဘက်ကာ၏ပုံသဏ္ဌာန် ကို လည်း မြင်ယောင်လာသည်။

"သူ့မှာ အစ်ကိုဝမ်းကွဲတစ်ယောက် ရှိသေးတယ်။ ဟိုတုန်းက နိုင်ငံခြားသွားနေတယ်။ နောက် အင်္ဂလန် ပြန်လာနေတယ်။ အစ်ကို ခရီးသွားနေတဲ့အခါမှာ သူလဲ ဒီကိုလာလေ့ရှိတယ်။ ဖရင့်က အမြဲတမ်း သူ့ကို တွေ့နေတယ်။ ဒီကောင့်နာမည်က ဂျက်ဖေဗယ်…"
"သူ့ ကို ကျွန်မ သိ တယ်။ အစ်ကို လန်ဒန်သွားတဲ့နေ့တုန်းက ဒီကို သူ လာသေးတယ်"
"မင်းလဲ သူ့ကို တွေ့လိုက်သလား… ဘာဖြစ်လို့ အစ်ကို့ကို မပြောတာလဲ။ ဖရင့်က ပြောလို့ အစ်ကို သိ တာ။ ဟိုဂိတ်ဝ ကနေ သူ့ကားဝင်လာတာ ဖရင့်က တွေ့လိုက်တယ်"
"ကျွန်မ မပြောချင်ဘူး။ ရဘက်ကာကို သတိရအောင် အစ်ကို့ကို အစဖော်ပေးသလိုဖြစ်သွားမှာစိုးလို့"
"အစဖော်ပေး သလို ဖြစ်သွားမှာစိုးလို့လား… အစ်ကို့အတွက် အစဖော်ပေးဖို့မှ မလိုဘဲကွယ်…"
ရှေ့သို့ သူ ငေးကြည့်နေသည်။ သည်အကြောင်းတွေကို သူ ပြောပြနေရင်း သင်္ဘောကေဗင်ထဲက ရဘက်ကာ ၏အလောင်းအကြောင်းကို ကျွန်မ စဉ်းစားနေသကဲ့သို့ သူပါ စဉ်းစားနေသလားဟု တွေး ကြည့် မိပါသည်။

"ရဘက်ကာဟာ အဲဒီ ဖေဗယ်ဆိုတဲ့အကောင်နဲ့ ကမ်းခြေက တိုက်မှာချိန်းတွေ့လေ့ရှိတယ်။ အိမ်ဖော် တွေကိုတော့ သင်္ဘောလျှောက်စီးဦးမယ်လို့ ပြောခဲ့မှာပေါ့။ နောက်တစ်နေ့မနက်ကျမှ ပြန်လာလေ့ရှိ တယ်။ တစ်ညလုံး အဲဒီအကောင်နဲ့ ကမ်းခြေ က တိုက်ထဲမှာ အကြည်ဆိုက်နေကြမှာပေါ့။ ဒါကြောင့် သူ့ကို အစ်ကို ထပ်ပြီးသတိပေးရပြန်တယ်။ အဲဒီအကောင်ကို မန်ဒါလေပိုင်နက်ထဲမှာတွေ့ရင် ပစ်သတ် မယ် လို့ ပြောထားတယ်။ အစ်ကို့ခြံ ထဲမှာ ဒီကောင် လျှောက်သွားနေတာကို တွေးမိရင် ရူးချင်သလို တောင်ဖြစ်မိတယ်"
"ဒါကြောင့် အစ်ကို လုံးလုံး သည်းမခံနိုင်ဘူးလို့ ပြောမိတယ်။ သူက ပခုံးများတောင် တွန့်လိုက်သေး တယ်လေ…။ အဲဒီတုန်းက သူ့ကိုကြည့်ရတာ ဖြူဖပ်ဖြူရော် ဖြစ်နေတယ်။ ပိုပြီးတော့လဲ အိုစာသွားသလို ပဲ။ စိတ်လဲ လှုပ်ရှားနေပုံ ရတယ်။ ဒီနောက်မှာတော့ ပုံမှန်ပဲပြန်ဖြစ်နေပြန်တယ်။ တစ်နေ့တော့ လန်ဒန် ကို သူ တက်သွားတယ်။ ပြီးတော့ နေ့ချင်းပြန်လာတယ်။ ခါတိုင်း ဒီလိုနေ့ချင်းမပြန်ဖူးဘူး။ ဒါကြောင့် အစ်ကိုကလဲမျှော်လင့်မထားမိဘူး။ အဲဒီညက ဖရင့်အိမ်သွားပြီး သူနဲ့အတူတူ ညစာစားနေတယ်လေ…" မက်ဇင်မ်က တိုတိုတုတ်တုတ်ပြောလာသည်။ ကျွန်မ၏လက်ကိုလည်း တင်းကျပ်စွာ ကိုင်ထားသည်။

"ညစာစားပြီး ဆယ်နာရီခွဲလောက်မှာ အစ်ကို ပြန်လာတယ်။ ခန်းမထဲက စားပွဲပေါ်မှာ ရဘက်ကာရဲ့ လည်စည်းနဲ့ လက်အိတ်ကို တွေ့တယ်။ ဘာကြောင့် နေ့ချင်းပြန်လာသလဲလို့ တွေးမိတယ်။ နံနက်ခန်း ထဲကို ဝင်သွားတယ်။ သူမရှိဘူး။ ပင်လယ်ကမ်းခြေကို ရောက်နေပြီလို့ တွက်လိုက်တယ်။ အစ်ကို သည်း မခံနိုင်တော့ဘူး။ သိသိကြီးနဲ့ ဟန်ဆောင်ရတာမျိုး မနေနိုင်တော့ဘူး။ ဟိုကောင်ရော သူပါ လန့်သွား အောင် သေနတ်ယူသွားရင် ကောင်းမယ်လို့ စိတ်ကူးရတယ်။ ကမ်းခြေကတိုက်ကို တန်းလိုက်သွား တယ်။ အစ်ကို ထွက်သွားတာရော ပြန်လာတာကိုပါ အိမ်ဖော်တွေ တစ်ယောက်မှ မသိလိုက်ကြဘူး"
"တိုက်ကလေးရဲ့ပြတင်းပေါက်က မီးရောင်ထွက်နေတာကို တွေ့ရတယ်။ ဒါကြောင့် အထဲကိုပဲ တောက်လျှောက်ဝင်သွားမိတယ်။

ရဘက်ကာ တစ်ယောက် တည်း ရှိနေတာကိုတွေ့ရတော့ အစ်ကို အံ့ အားသင့်သွားတယ်။ ညောင်စောင်းပေါ်မှာ သူ လှဲနေတယ်။ သူ့ဘေးက ဆေးလိပ်ပြာခွက်ထဲမှာလဲ စီး ကရက်တွေ ပြည့်ကျပ်နေတယ်။ သူ့ကို ကြည့်ရတာ ကျန်းမာပုံ မပေါ်ဘူး။ တစ်မျိုး ထူးဆန်းနေတယ်" "အစ်ကိုက ဖေဗယ်အကြောင်း ကို တဲ့တဲ့ပဲ ပြောချလိုက်တယ်။ သူက ဘာစကားမှပြန်မပြောဘဲ နား ထောင်နေတယ်။ "မင်းနဲ့ငါ ဒီအတိုင်း ဆက်မနေနိုင်ဘူး။ ဒါဟာ နောက်ဆုံးပဲ။ လန်ဒန်မှာ မင်း ဘာတွေ လုပ်နေနေ ငါနဲ့ မဆိုင်ဘူး။ ဖေဗယ်နဲ့ မင်း ကြိုက်သလိုနေနိုင် တယ်။ တခြား ကြိုက်ရာအကောင်နဲ့လဲ အတူနေနိုင်တယ်။ ဒါပေမဲ့ ဒီမှာမနေရဘူး။ မန်ဒါလေမှာ မနေရဘူး"လို့ အစ်ကိုက ပြောတယ်"
"ခဏတော့ သူ ဘာမှပြန်မပြောဘူး။ အစ်ကို့ကိုပဲ စိုက်ကြည့်နေတယ်။ ပြီးတော့မှ ပြုံးပြီးပြောတယ်။ "ကျွန်မ ဒီမှာပဲနေရမယ်။

နေချင်သလို နေရမယ်။ နေဖို့လဲ သင့်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ" လို့ သူ က မေးတယ်"
"အစ်ကိုက "စည်းကမ်းချက်တွေကို မင်းသိတယ်။ ငါ့ဘက်က စည်းကမ်းအားလုံး ကို ထိန်းသိမ်းလိုက်နာ တယ်။ ဒါပေမဲ့ မင်းက ငါ့ကို လိမ်ညာတယ်။ ငါ့အိမ်နဲ့ ငါ့ပိုင်နက်ကို လန်ဒန်က မင်းရဲ့အခန်းစုတ် အတိုင်း ထင်သလို သုံးလို့ရမယ်လို့ မင်းထင်နေတယ်။ ငါ့အနေနဲ့ ဒါလောက် သည်းခံလာတာ တော်လောက်ပြီ။ ဒီမှာ ရဘက်ကာ… ဒါဟာ မင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ"လို့ အစ်ကိုက ပြောတယ်" "ညောင်စောင်းဘေးက စည်ပိုင်းထဲမှာ သူ့စီးကရက် ကို ထိုးခြေလိုက်တာ အစ်ကို မှတ်မိသေးတယ်။ ပြီး တော့ ထိုင်ရာက ထတယ်။ လက်နှစ်ဖက် ကို ခေါင်းပေါ်တင်လိုက်တယ်။ "ရှင်ပြောတာ မှန်ပါတယ် မက်ဇင်မ်… စာမျက်နှာ အသစ်တစ်ရွက်လှန်ဖို့ အချိန်ကျပါပြီ" လို့ သူက ပြောတယ်။ သူ့ကို ကြည့်ရတာ တော်တော် ချုံးချုံးကျနေ တယ်။ သွေးရောင်လဲ နည်းနေတယ်။ သူက ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေတယ်။ ရွက်တိုက်တဲ့ အဝတ်အစား ဝတ်ထားတော့ ယောက်ျား ကလေးတစ်ယောက်နဲ့တောင် တူနေ သေးတယ်"

"သူက "ကျွန်မနဲ့ ကွာရှင်းပြတ်စဲချင်ပါတယ်လို့ တရားရုံးမှာ ရှင် ဦးတိုက်သွားလျှောက်ရင် ဘယ် လောက် ခက်ခဲမယ်ဆိုတာ ရှင် စဉ်းစားကြည့်ဖူးသလား။ ကျွန်မနဲ့ပတ်သက်ပြီး အပြစ်ပြောစရာ ရှင့်မှာ တစ်ခုမှ မရှိဘူးလေ။ သက်သေပြစရာလဲ တစ်ခုမှမရှိဘူးလေ။ ရှင့်မိတ်ဆွေတွေထဲက ဘယ်သူ သက် သေခံမလဲ။ အိမ်ဖော်တွေထဲက ဘယ်သူ သက်သေခံ မလဲ။ ရှင်နဲ့ ကျွန်မရဲ့အိမ်ထောင်ရေးဟာ အင်မ တန် သာယာနေပါတယလို့ အားလုံးက ယုံကြည်နေကြတာ မဟုတ်လား" လို့ သူက ပြန်မေးတယ်။ အစ်ကိုက ဖရင့်နဲ့ ဘီယက်ထရစ်ကို ဘယ်သွား ထားမလဲ လို့ ပြန်မေးတယ်"
"သူက ခေါင်း ကို နောက်ဘက်ပစ်လှန်ချလိုက်ပြီး အားရပါးရ ရယ်ချလိုက်တယ်လေ။ "ကျွန်မကို ဆန့် ကျင်ပြီး ဖရင့်က ဘယ်လိုဇာတ်လမ်းတွေများ ပြောနိုင်မယ်လို့ ရှင်ထင်သလဲ။ ပြီးတော့ ဘီယက်ထရစ် ကလဲ ရုံးတော် တက်ပြီး သူ့ယောက်ျားနဲ့ ကျွန်မ ဖောက်ပြန်တဲ့အကြောင်း သက်သေခံနိုင်မယ်လို့ ရှင် ထင်သလား။ ဒါမျိုးတွေမှာ ကျွန်မ ဘယ်လောက် ကျွမ်းကျင်တယ်ဆိုတာ အခုအထိ ရှင် မသိသေးဘူး လား။ ကျွန်မ ရဲ့အပြစ် ကို ဖော်ထုတ်ပြဖို့ဆိုတာ ရှင် လွယ်လွယ်နဲ့ရမယ် မထင်လိုက်ပါနဲ့" လို့ သူက ပြော တယ်"

"သူက အပြုံးမပျက် ဘဲ အစ်ကို့ကိုကြည့်ပြီး အကဲခတ်နေတယ်။ "မစ္စက်ဒင်ဗာအကြောင်း  ရှင် ထည့်မ စဉ်းစား ဘူးလား။ ကျွန်မ ပြောစေချင်တာအားလုံး ဘာမဆို ကျမ်းကျိန်ထွက်ဆိုပေးမယ့် ကျွန်မရဲ့ကိုယ် ပိုင်အဖော် မစ္စက်ဒင်ဗာကို ရှင် ထည့်မတွက်တော့ဘူးလား။ ကျန်တဲ့ အိမ်ဖော်တွေဆိုတာလဲ ဘာမှသိ ကြတာ မဟုတ်ဘူးလေ…။ မစ္စက်ဒင်ဗာ ထွက်ဆိုသလိုပဲ အားလုံးထွက်ဆိုကြမှာ ရှင် မစဉ်းစားမိဘူး လား။ ရှင်နဲ့ ကျွန်မဟာ ဒီမန်ဒါလေစံအိမ်မှာ လင်နဲ့မယားအဖြစ် တစ်စိတ်တစ်ဝမ်းတည်း နေကြတာပဲ တွေ့ပါတယ်လို့ သက်သေထွက်မယ်လေ…။ ရှင့်သူငယ်ချင်းအပေါင်းအသင်းတွေကလဲ ဒီအတိုင်းပဲ ထွက်ကြမှာ မဟုတ်ဘူးလား။ ရှင်နဲ့ကျွန်မ အိမ်ထောင်ရေး အဆင်မပြေကြောင်း ဘာကို ရှင် သက်သေ ပြမလဲ" လို့ သူက မေးတယ်"

"ပြီးတော့ စားပွဲစွန်းမှာ သူ တက်ထိုင်တယ်။ တွဲလောင်းကျနေတဲ့ ခြေထောက်ကို စုံလွှဲနေတယ်။ အစ်ကို့ ကိုလဲ အကဲခတ်နေတယ်။ "ရှင်နဲ့ကျွန်မ တစ်ယောက်ကိုတစ်ယောက် အင်မတန်ချစ်ကြတဲ့ ကြင်နာ ယုယကြတဲ့ လင်နဲ့ မယားပဲလို့သာ အများက မြင်နေတယ် မဟုတ်လား" လို့လဲ မေးတယ်။ အစ်ကိုက တော့ လွှဲနေတဲ့ သူ့ခြေထောက် ကိုပဲ ကြည့်နေမိတယ်။ အပြာရောင်သဲကြိုးနဲ့ ခြေညှပ်ဖိနပ်ကို သူ စီး ထားတယ်။ ဒီခြေထောက်ကို ကြည့်နေရင်း အစ်ကို့မျက်စိတွေ ပြာလာတယ်။ ဦးနှောက်တွေ ဆူလာတယ်"
"မစ္စက်ဒင်ဗာ နဲ့ ကျွန်မက ရှင့်ကို အရူးလုပ်ပစ်နိုင်တာရော ရှင် သိရဲ့လားလို့ မေးတယ်။

ရှင့်စွပ်စွဲချက် တွေ ကို ဘယ်သူကမှ ယုံမှာမဟုတ်ဘူးတဲ့။ သူကတော့ ခြေထောက် ကို အလွှဲမပျက်ဘူး။ ပြီးတော့ စားပွဲ ပေါ်က ဆင်းပြီး အစ်ကို့ရှေ့မှာ လာရပ်တယ်။ သူ့မျက်နှာက ပြုံးလို့။ သူက ဆက်ပြောပြန်တယ်။ "တကယ်လို့များ ကျွန်မ က ကလေးရမယ် ဆိုရင် ဒီကလေးဟာ ရှင်နဲ့ရတဲ့ ကလေး မဟုတ်ပါဘူး လို့ ပြော နိုင်တဲ့လူ ဒီကမ္ဘာပေါ်မှာ တစ်ယောက်မှ မရှိဘူး။ ရှင်ကိုယ် တိုင် လဲ မငြင်းနိုင်ဘူး။ ရှင့်သွေး လုံးဝမပါတဲ့ အဲဒီ ကလေး ဟာ ဟောဒီ မန်ဒါလေစံအိမ်ကြီးမှာ ကြီးပြင်းမယ်။ ရှင့်နာမည်ကို ဆက်ခံမယ်။ ရှင့်အမွေကို ဆက်ခံ မယ်။ ရှင်သေ ရင် ဒီမန်ဒါလေ စံအိမ်ကြီးကို သူ ပိုင်ပြီ။ ရှင် အချစ်ဆုံးပါဆိုတဲ့ မန်ဒါလေစံအိမ်ကြီး နဲ့ မြေတွေ ခြံတွေ ပစ္စည်းပစ္စယတွေ အားလုံးကို သူ ပိုင်ပြီ။

ရှင့်သွေးတစ်စက်မှမပါတဲ့ ကျွန်မရဲ့သား က လေး ပြေးလွှားဆော့ကစားနေတာကို မြင်ရရင် ရှင် ဘယ်လိုနေမလဲ။ ဒီကလေး ဟာ ရှင်နဲ့ရတာ မဟုတ် ဘူးဆိုတာလဲ ရှင် ကိုယ်တိုင်က အမှန်အတိုင်း သိနေတယ်။ ဒါပေမဲ့ ရှင့်ကလေး မဟုတ်ပါဘူးလို့လဲ ငြင်း လို့က မရဘူးလေ။ ရှင် သေသွားရင် ရှင်ပိုင်တာတွေ အားလုံးကိုလဲ ဒီကလေး က ပိုင်တော့မယ်ဆိုတာ လဲ ရှင် သိနေတယ်။ အဲဒီအခါ ရှင့်စိတ်ထဲမှာ ဘယ်လိုနေမလဲ" လို့ သူ က မေးတယ်"
"ပြီးတော့ အစ်ကို့အဖြေကို သူ စောင့်နေတယ်။ စီးကရက်တစ်လိပ် ထုတ်ပြီး မီးညှိသောက်တယ်။ ပြ တင်းပေါက်နား မှာ သွားရပ်တယ်။ "ဘယ်လောက် ပျော်စရာကောင်းသလဲဟင်… ဘယ်လောက် ဟန် ကျလိုက် သလဲ… ဒါကြောင့် စာမျက်နှာအသစ် တစ်ရွက်လှန်ဖို့ အချိန်ကျလာပြီလို့ ကျွန်မ ပြောခဲ့တာ ပေါ့။ အခု ရှင် သဘောပေါက်ပြီ မဟုတ်လား။ ရှင့်အမွေကိုဆက်ခံမယ့် သားကလေး ကျွန်မမှာ ကိုယ်ဝန် ရှိနေပြီဆိုတာနဲ့ တစ်ပြိုင် တည်း ရှင့်မိတ်ဆွေ အပေါင်းအသင်းတွေက ဘယ်လောက် သဘောကျလိုက် ကြမလဲ။ ကျွန်တော်တို့ ကျွန်မ တို့ အားလုံး မျှော်လင့်နေကြတာ ကြာပါပြီဗျာလို့တောင် ပြောကြဦးမယ်။ ရှင်နဲ့ ကျွန်မရဲ့ တစ်ကယ့် အဖြစ်မှန် ဘဝမှန် ကိုတော့ ဘယ်သူကမှ ရိပ်မိကြမှာ မဟုတ်ဘူး"လို့ ပြောပြီး သူ ဆက်ရယ်နေတယ်"

"အစ်ကို့ဘက် ကို သူ လှည့်ကြည့်တယ်။ ပြုံးမြဲပြုံးနေတယ်။ လက်တစ်ဖက်က စီးကရက်ကိုင်ပြီး ကျန် တစ်ဖက်ကို အိတ်ထဲနှိုက် ထားတယ်။ သူ့ကို အစ်ကို ပစ်သတ်လိုက်တော့ မျက်နှာပေါ်က အဲဒီအပြုံး ပျောက်မသွားဘူး။ ချက်ချင်း လဲကျမသွားသေးဘူး။ ရပ်မြဲရပ်နေတယ်။ အစ်ကို့ကို စိုက်ကြည့်နေတယ်။ ပြုံးမြဲ ပြုံးနေတယ်။ မျက်လုံးတွေ ကတော့ ပြူးကျယ်သွားတယ်"
မက်ဇင်မ် ၏ အသံသည် တဖြည်းဖြည်း တိုးဝင်သွားသည်။ လေသံကလေးမျှ ကျန်သည်အထိ တိုးသွား သည်။ ကျွန်မ လက်တွေ လည်း အေးစက်လာပြီ။ သူ့ကို ကျွန်မ မော့မကြည့်ပါ။ ဂျက်စ်ပါကိုသာ ကြည့် နေမိသည်။

"အစ်ကို မေ့နေတာတစ်ခုရှိတယ်ကွယ်…" သူ့အသံက တိုးရုံသာမဟုတ်တော့။ အလွန်တရာလည်း ပင် ပန်းနွမ်း နယ်နေ ပုံရသည်။ "လူတစ်ယောက်ကို သေနတ်နဲ့ပစ်ရင် သွေးတွေ အများကြီးထွက်တတ်တယ် ဆိုတာ အစ်ကို မေ့သွားတယ်။ ပင်လယ်ထဲက ရေတွေခပ်ရတယ်။ အခေါက်ခေါက် အခါခါခပ်ပြီး ကြမ်း ပြင် ကို ဆေး ရတယ်။ မီးလင်းဖိုနားမှာလဲ သွေးစက်တွေ ပေနေတယ်။ ပြတင်းပေါက်တံခါးကလဲ ဂျက် မရှိ တော့ လေတိုးတိုင်း တဝုန်းဝုန်းမြည်နေတယ်"
"သူ့အလောင်းကို သယ်ပြီး ရွက်သင်္ဘောဆီယူလာတယ်။ အချိန်က ဆယ့်တစ်နာရီခွဲကျော်ကျော် ဆယ့် နှစ်နာရီလောက် ရှိပြီ။ အပြင်မှာ သိပ်မှောင်နေတယ်။ လ လဲ မထွက်ဘူး။ အနောက်ဘက်က လေပြင်း တိုက်နေတယ်။ သူ့အလောင်း ကို ကေဗင် ထဲ ထည့်ပြီး အောက်ပြန်ဆင်းတယ်။

ရာဘာလှေကလေး ချိတ် လိုက်ပြီး သင်္ဘောကို ပင်လယ်ထဲ တွန်းထုတ်လိုက်တယ်။ လေက ပင်လယ်ပြင်ဘက်ကို ကူတိုက်ပေး နေတယ်။ ဒါကြောင့် ဒီရေတက်နေပေမယ့် အစ်ကို့ဘက်က တပန်းသာနေတယ်။ အဲဒီလို ထွက်လာတုန်း ရွက်က ရွက်တိုင်မှာ သွားပတ်နေပါလေရော။ အစ်ကိုလဲ ရွက်မတိုက်တာကြာတော့ ဘာဆက်လုပ် ရမှန်း မသိတော့ဘူး။ လေက ထန်လေ ရွက်တိုင်မှာပတ်နေတဲ့ ရွက်ကို ဖွင့်လို့မရလေ ဖြစ်နေ တယ်"
"သင်္ဘော ကို ပင်လယ်အော်ထဲရောက်အောင် ယူသွားနိုင်မှဖြစ်မယ်။ မီးပြအလွန်ကိုရောက် မှဖြစ် မယ်။ အောက် မှာ ရှိနေတဲ့ ကျောက်ဆောင်တန်းတွေရဲ့အလွန်ကိုရောက်မှဖြစ်မယ်။ ရွက်ကိုဖွင့်ဖို့ကြိုးစားရင်း လက်ထဲ က ရွက်ကြိုး လွတ်ထွက်သွားတယ်။ သင်္ဘောက ကျောက်ဆောင်တန်းတွေဘက်ကို မျောပါ သွားတယ်။ ဘယ်လိုမှကြိုးစားထိန်းလို့ မရတော့ဘူး။ နောက်ခြောက်မိနစ် ခုနစ်မိနစ်လောက် ဆိုရင် ကျောက်ဆောင်တွေ ဆီ ရောက်တော့ မယ်။"

"ဒါနဲ့ ဝမ်းဗိုက်မှာ ရှိနေတဲ့ ရေထုတ်ပိုက်ခေါင်းတွေကို ဖွင့်လိုက်တယ်။ ရေတွေဝင်လာတယ်။ ဝမ်းဗိုက်က ပျဉ်ပြားတစ်ချပ် ကို သံချွန်နဲ့ ထိုးဖောက်လိုက်တယ်။ ပျဉ်ပြားတစ်ချပ်ပေါက်ပြီး ရေတွေထပ်ဝင်လာ တယ်။ နောက်ထပ် ပျဉ်ပြားတစ်ချပ်ကို ထိုးဖောက်တယ်။ ပြီးတော့ အပေါ်ပြန်တက်လာပြီး ကေဗင်တံ ခါးတွေကို ပိတ် လိုက် တယ်။ ကုန်းပတ်ပေါ်မှာရှိနေ တဲ့ အသက်ကယ်ဗော တို့ ကြိုးခွေတို့ကို ပင်လယ်ထဲ ပစ်ချပြီး ရာဘာလှေ ကလေးပေါ် ဆင်းလှော်ခဲ့တယ်"
"သင်္ဘော က ကျောက်တန်းဘက်ကို မျောနေ တယ်။ ဒါပေမဲ့ ဦးပိုင်းက စပြီး မြုပ်စပြုပြီး ခဏကြာတော့ ရွက် တိုင်ကျိုး သွားတယ်။ ကမ်းပေါ်မှာရှိနေတဲ့ တစ်ယောက်ယောက်များ ကြားသွားမလားလို့ စိုးရိမ် မိ သေးတယ်။ သင်္ဘော လဲ နစ်သွားပြီ။ ဒါပေမဲ့ မသေခင် အစ်ကို့ ကို ပြုံးကြည့်နေတဲ့အပြုံး ကို မျက်စိထဲ က ဖျောက်လို့မရဘူး။ ကမ်းဘက် ကို အစ်ကို ပြန်လှော် ခဲ့တယ်။ မိုးလဲစရွာပြီ"

"အဖြစ်ကတော့ ဒါပါပဲကွယ်…။ ဘာမှ ထပ်ပြောစရာ မရှိတော့ပါဘူး။ ရာဘာလှေကို ဗော်ယာမှာ ချည်ခဲ့ တယ်။ တိုက်ပု ကလေး ကို ပြန်သွားကြည့်တယ်။ ကြမ်းပြင်တစ်ခုလုံးကတော့ ပင်လယ်ရေတွေ ရွှဲနေ တယ်၊ ပြီးတော့ အိမ်ပြန်လာပြီး အဝတ်အစားလဲတယ်။ မိုးကလဲ သဲကြီးမဲကြီး ရွာနေပြီ။ ခုတင်ပေါ်မှာ ထိုင်နေတုန်း မစ္စက်ဒင်ဗာ တံခါး လာခေါက်တယ်။ အစ်ကို တံခါး သွားဖွင့်ပေးတော့ ရဘက်ကာအတွက် စိတ်ပူကြောင်းပြောတယ်။ အစ်ကို က ပြန်အိပ်နေဖို့ပြောပြီး တံခါးပြန်ပိတ်ထားလိုက်တယ်။ ပြတင်း ပေါက်နားမှာ သွားထိုင်ပြီး မိုးရွာနေတာကို ကြည့်နေ မိတယ်"
ကျွန်မတို့နှစ်ယောက် စကားဆက်မပြောဖြစ်ကြတော့ဘဲ တိတ်ဆိတ်စွာ ထိုင်နေမိသည်။ သူ့လက်နှစ် ဖက်ကို ကျွန်မ ဆုပ်ကိုင်ထားသည်။ လက်ဖက်ရည် ပန်းကန်များကို ရောဘတ် ဘာဖြစ်လို့ လာမသိမ်းပါ လိမ့် ဟု တွေးနေမိသည်။

"သင်္ဘောက ကမ်းနဲ့ သိပ်နီးလွန်းတယ်။ ပင်လယ်အော်ထဲရောက်အောင် ရွက်တိုက်ယူသွားဖို့ အစ်ကို ကြိုးစားပါသေးတယ်။ ကမ်းနဲ့ဝေးတဲ့ ပင်လယ်အော်ထဲမှာဆိုရင် ဘယ်နည်းနဲ့မှ သူတို့ မတွေ့နိုင်တော့ ဘူး။ အခုတော့ ကမ်း နဲ့ သိပ်နီးလွန်းနေတယ်"
"ဟိုသင်္ဘောကြောင့် အခုလိုဖြစ်သွားရတာပါ အစ်ကိုရယ်။ ဟိုသင်္ဘောသောင်မတင်ရင် ဘယ်သူမှ တွေ့ မှာမဟုတ်ပါဘူး။ ဘယ်သူမှ သိမှာမဟုတ်ပါဘူး"
"ကမ်းနဲ့ သိပ်နီးလွန်းတယ်ကွယ်"
ကျွန်မတို့နှစ်ယောက်စလုံး ပြန်ငြိမ်သွားကြပြန်သည်။ ကျွန်မ သိပ်ကို ပင်ပန်းနွမ်းနယ်လာပြီ။

"တစ်နေ့နေ့မှာ ဒီလိုဖြစ်မယ်ဆိုတာ အစ်ကို သိတယ်။ အက်ခ်ျကွန်ဘီကို လိုက်သွားပြီး ဟိုမှာတွေ့တဲ့ အလောင်း ဟာ ရဘက်ကာရဲ့အလောင်းပါလို့ အစ်ကို ပြောနေတဲ့အချိန်မှာကို တစ်နေ့ကျရင် ဒီလိုဖြစ် လာလိမ့်မယ် ဆိုတာ အစ်ကို သိတယ်။ အချိန်ကို စောင့်ဖို့ ပဲရှိတယ်။ တစ်ရက်ပြီးတစ်ရက် ရဘက်ကာပဲ အနိုင် ရမှာပဲ။ နောက်ဆုံး မှာ သူပဲ အနိုင်ရမယ်ဆိုတာကိုလဲ သူ ကိုယ်တိုင် သိသွားတယ်။ သူ သေတုန်း က ပြုံးနေ တယ် မဟုတ်လား။ နောက်ဆုံး သူပဲ နိုင်ရမယ်ဆိုတာ သိလို့ ပြုံးနေတာပေါ့"

"ရဘက်ကာ သေသွားပြီလေ…။ ကျွန်မတို့ ဒါကိုပဲ သတိရရမယ် အစ်ကို။ ရဘက်ကာ သေသွားပြီ။ သူ စကားမပြောနိုင်တော့ဘူး။ သက်သေမခံနိုင်တော့ဘူး။ အစ်ကို့ကို ဘာဒုက္ခမှ ထပ်မပေးနိုင်တော့ဘူး"
"သူ့ အလောင်း က ရှိနေသေးတယ်လေ…။ ရေငုပ်သမား တွေ့ခဲ့ပြီ။ နစ်နေတဲ့ သင်္ဘောပေါ်က ကေဗင် ခန်းထဲမှာ သူ့အလောင်း ရှိနေတယ်"
"ဒါကိုလဲ ရှင်းပြရမှာပေါ့။ ရှင်းပြလို့ ဖြစ်နိုင်မယ့်နည်းလမ်းတစ်ခုခုကို ကျွမ်မတို့ရှာရမယ် အစ်ကို။ အစ်ကို မသိတဲ့ လူတစ်ယောက် ရဲ့အလောင်းပေါ့။ ဟိုတုန်းက အစ်ကို မမြင်ဖူးခဲ့တဲ့ လူတစ်ယောက်ရဲ့ အလောင်း လို့ ပြောရမှာပေါ့"

"သူ့ပစ္စည်းတွေ ကျန်နေသေးတယ်လေ…။ လက်မှာဝတ်ထားတဲ့ လက်စွပ်တွေ၊ အဝတ်အစားတွေ ကျန် နေသေး တယ်။ ဒီပစ္စည်းတွေကြောင့် သူဟာ ရဘက်ကာပဲဆိုတာ သိနေရပြီ။ ပင်လယ်ထဲ မှာ ပျောက် သွားတဲ့ အလောင်း လို မဟုတ်ဘူး။ ကေဗင်ကလဲ ဒီအတိုင်းပဲ။ အစ်ကို ထားခဲ့တဲ့အတိုင်းပဲ။ သင်္ဘောက လဲ အစ်ကို မြှုပ်ခဲ့တဲ့ အတိုင်း ခြေရာမပျက် လက်ရာမပျက် ရှိနေတယ်လေ"
"အလောင်း က ပျက်သွားပြီပဲ။ ဘယ်သူမှ သွားမတို့ပေမယ့် အရိုးစုသာ ကျန်တော့တာပဲ မဟုတ်ဘူး လား အစ်ကို"
"မသိတော့ပါဘူးကွယ်… မပြောတတ်တော့ပါဘူး"
"သူတို့က ဘယ်လိုဆက်လုပ်ကြမှာတဲ့လဲ"
"မနက်ဖြန်မနက် ငါးနာရီခွဲမှာ ရေငုပ်သမားကို ထပ်ငုပ်ခိုင်းဦးမယ်။ အစီအစဉ်တွေအားလုံး ကပ္ပတိန် ဆားလ် လုပ်ပြီးပြီ။

သင်္ဘောကို ဖော်ယူမယ်။ ဘယ်သူ့မှတော့ ခေါ်မထားဘူး။ သူ့ မော်တော်နဲ့ အစ်ကိုကို့ ခေါ်ခိုင်းလိုက်မယ်တဲ့။ မနက်ဖြန် မနက် ငါးနာရီခွဲ"
"သင်္ဘောဖော်ပြီးရင် ဘာလုပ်မှာလဲ"
"ကားရစ်မှာ ရှိတဲ့ ချောင်းကလေးထဲကို ယူသွားမယ်။ ဒီရေအတက်မှာ ချောင်းထဲကို သွင်းမယ်။ သင်္ဘော ထဲ က ရေတွေအကုန်ထုတ်ပစ်မယ်။ ဆရာဝန်လဲ ခေါ်ထားမယ်"
"ဆရာဝန် က ဘာလုပ်မှာလဲ"
"အစ်ကို လဲ မသိဘူး"
"ဒီအလောင်းဟာ ရဘက်ကာ အလောင်းဖြစ်ကြောင်း သူတို့သိသွားရင်လဲ ဟိုအလောင်းဟာ မှားတာပါ လို့ ပြောပေါ့ အစ်ကို ရယ်။ အက်ခ်ျကွန်ဘီကို အစ်ကို လိုက်သွားတုန်းက စိတ်ထိခိုက်နေတဲ့အချိန်၊ မကျန်းမာတဲ့ အချိန်မို့ မှားသွားတယ် ပြောရုံပေါ့။ မှားတာပဲ… ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပဲပြောပါ။ မဟုတ် ဘူးလား"
"ဟုတ်ပါတယ်… ဟုတ်ပါတယ်"

"အစ်ကို့ ကို အပြစ်ရှာလို့မရပါဘူး။ အဲဒီညတုန်းက အစ်ကို့ကို ဘယ်သူမှမြင်တာမဟုတ်ဘူး။ အိမ်ကို တန်းပြန်လာ ခဲ့တယ်။ သူတို့ ဘာအထောက်အထားမှ ပြစရာမရှိပါဘူး။ ဘယ်သူမှမသိဘူး။ အစ်ကိုနဲ့ ကျွန်မပဲ သိတယ်။ ဘယ်သူမှ ဘာမှမသိဘူး။ ဖရင့်တောင် မသိဘူး။ ဒီအကြောင်းသိတဲ့လူဆိုလို့ ဒီ လောကကြီးမှာ အစ်ကို နဲ့ ကျွန်မနှစ်ယောက်တည်းပဲ ရှိတာပေါ့ အစ်ကို"
"ဟုတ်ပါတယ်… ဟုတ်ပါတယ်"

"ကေဗင်ခန်းထဲကို ရဘက်ကာ ဝင်နေတုန်း သင်္ဘောနစ်သွားတယ်လို့ပဲ သူတို့ထင်မှာပေါ့။ ကြိုးသွားယူ တုန်း ဒါမှ မဟုတ် တစ်ခုခုသွားယူတုန်း လေဆင်နှာမောင်း ဆောင့်တိုးလိုက်လို့ မှောက်သွားတယ်လဲ ထင်ကြမှာပေါ့။ ရဘက်ကာ ပြန်မထွက်နိုင်ဘဲ ပိတ်မိသွားတယ်လို့ ထင်ကြမှာပေါ့။ မဟုတ်ဘူးလား…"
"အစ်ကို လဲ မပြောတတ်တော့ပါဘူးကွယ်"
ထိုအခိုက် စာကြည့်ခန်းနောက်ဘက်ရှိ တယ်လီဖုန်းခန်းထဲမှ တယ်လီဖုန်း ခေါင်းလောင်းသံ ရုတ်တရက် မြည် လာသည်။

ဆက်ရန်
.

No comments: