Sunday, June 24, 2012
ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၃)
ထိုညအိမ်သို့ ပြန်လာသောအခါ တံခါးဂျက်မချထားပါ။ အိမ်ရှေ့ခန်းလည်း မီးထွန်းထားပါသည်။ အမေ သည် ထိုနေ့ တစ်ညလုံး ထိုင်နေပါသည်။ ပြတင်းပေါက်မှ တဆင့် မျှော်နေရှာပါသည်။ သည် လိုပင် နောက်ထပ် သုံးလေးလ လုံးလုံး ပြတင်းပေါက်မျှမျှော်ရင်း၊ ထိုင်စောင့်ရင်း၊ ရေဒီယိုမှ မှုခင်း သတင်း များကို နားထောင် ရင်း နေတတ်ပါသည်။
မနက်လင်းတော့ တစ်ရေးလေးမျှပင် မအိပ်ရှာ အလုပ်ကို တန်းသွားပါသည်။ တစ်ခါတစ်ရံ ကား ကျွန်တော်လည်း သူနှင့်ပင် ထိုင်စောင့်ကာ ရေဒီယို နားထောင် တတ် ပါ သည်။ ပြတင်းပေါက်မှ မျှော်ကြည့်တတ်ပါသည်။ အဖေ့ ကို သူစောင့်နေသည်ကို ကျွန်တော် က လုံးလုံး မသိဟု သူယုံကြည် လာအောင် လည်း ကျွန်တော် ဟန်ဆောင်ကြိုးစားပြီး နေခဲ့ ရပါသည်။ ကို ဆက်ဖတ်ရန်.................
(၂)
အခြားသော နီဂရိုးကလေးများကဲ့သို့ပင် ကျွန်တော်တို့သည်လည်း ဘယ်နေရာတွင်မဆို အမေအပါ ဘဲ မလုပ်နိုင်ကြချေ။ ပဲသီးတောင့်နှင့် ရောကြော်စရာ ဆီမရှိသောအခါ ဖိနပ်နှင့်တွဲစီးစရာ ခြေအိတ် မရှိသောအခါ၊ မနက်ဖြန် အတွက် ခရီးဆက်ရန် မျှော်လင့်ချက် မရှိသည့်အခါ၌ အမေသည် ပြုံးပြုံး လေး ပြောပြတတ်ပါသည်။
"တို့က ဆင်းရဲနေတာ မဟုတ်သေးပါဘူးကွယ်။ နည်းနည်းယိုယွင်းရုံ ရှိပါသေးတယ်" ဆင်းရဲသည် ဆိုလျှင် စိတ်သဏ္ဍာန် တွင် မည်သို့မျှ ထွက်ပေါက် မရှိလောက်သည့် အခြေသို့ ဆိုက်ရောက်တတ်ပါ သည်။ ယိုယွင်းသည် ဆိုသည်ကား ယာယီအခြေအနေတစ်ရပ် အသွင်သာ ရှိနေသည် မဟုတ်ပါ လော။ အမသည် အမြဲပင် တ၀ကြီး ပြုံးနေ တတ်ပါသည်။ သွေးတိုးရောဂါကြောင့် ခြေလက်တွေ အကုန် ယောင်ယမ်းပြီး ဆီးချိုရောဂါ ကလည်း နှိပ်စက်နေသော ကာလတွင်ပင် တ၀ကြီး ပြုံးပြနိုင် ပါသေးသည်။ အမေ က ပြောလိမ့် မည်။ နှစ်ဆယ့်လေးနာရီ ပတ်လုံး ပြုံးပြနေရမည်ဟု။
လူ့ဘ၀တွင် လူတစ်ယောက်အဖို့ လျှောက်စရာလမ်း နှစ်သွယ်သာ ရှိသည်။ ထိုလမ်းနှစ်သွယ်မှာ ပြုံးရယ်ခြင်းနှင့် ငိုကြွေခြင်း တို့သာ ဖြစ်သည်ဟု အမေက ကျွန်တော်တို့ကို သင်ကြားပြတတ်သည်။ ရယ်မောခြင်း သည် ငိုကြွေးခြင်း ထက် စာလျှင် မျှော်လင့်ချက် ပိုထားနိုင်သည်ဟုလည်း ဆိုသည်။ လူတစ်ယောက် သည် လှေကားပါ် မှ လိမ့်ကျပြီး အနတရ ဖြစ်ကာ လဲကျပြီး ကြောက်ရွံ့ထိတ်လန့်စွာ ဖြစ်နေသည် ကို သူ့ဇနီးကမြင်လျှင် သူလည်း တစ်ခါတည်း ပင် ခြောက်ချားသွားပြီး ခြေမကိုင်မီ လက်မကိုင်မိ ဖြစ်ကာ မတ်တပ်ကပင် မေ့မျောသွားနိုင်သည်။ သို့တည်း မဟုတ် ကိုယ့်ဒဏ်ရာကို ကိုယ်ခဏမေ့ ပျောက်ထားကာ ခဏဟန်ဆောင်ထားမည်ဆိုလျှင် ဇနီးသည် ကလည်း သူလုပ် စရာရှိတာကို လုပ်၊ ဆရာဝန်ခေါ် ဘာခေါ် စိတ်အေးလက်အေး လုပ်နိုင်ပေသည်။ ဤသည်မှာ ရယ်မောဖို့ အတွက် အသက်ထပ်ရှင်ခြင်းနှင့်နေရာတွင်ပင် သေဆုံးလုနီး ခံရခြင်း တို့၏ ခြားနားမှု အဓိပ္ပာယ် ပင် ဖြစ်သည်။
ထို့ကြောင့် သင်လည်း ရယ်ပါ၊ ပြုံးပါ။ တစ်လတစ်ကြိမ် ဒုက္ခသည် ထောက်ပံ့ကယ်တင်ရေး ထရပ်ကား မီးခိုးရောင်ကြီး တစ်စီး သည် ကျွန်တော်တို့ အိမ်ရှေ့တွင် ဆိုက် လာတတ်သည်။ ထိုအချိန် တွင် အမေသည် တ၀ကြီး ပြုံးကာ လက်ဆန့်တန်းပြီး "တို့အနီးအနားမှာ အကူအညီလိုတဲ့လူ ဘယ်သူတွေ ရှိတယ်ဆိုတာ ဘယ်သူ သိသလဲဟေ့" ဟု မေးတတ်ပါသည်။ ထိုအခါ ကျွန်တော်တို့ အားလုံး ဂုဏ်ယူကြရပါသည်။ တကယ် အကူအညီ မလိုသူများရော၊ ယောက်ျား ဖခင် ရင့်မာကြီး များ ရှိသော အိမ်များကရော လူတွေ အလျှိုလျှို ပင် နောက်ဖေးပေါက်မှ ထွက်လာကြပြီး အာလူး၊ သကြား၊ ဂျုံနှင့် ငါးဆားနယ် များ ဝေငှသည် ကို တောင်းခံကြပါသည်။ ကျွန်တော်တို့ကလည်း နောက်ဖေးပေါက်မှ ထွက်ရပ်ကာ ထိုဝေစုများကို တစ်ဆင့် လက်ဆင့်ကမ်း ပေးဝေပေးကြပါသည်။ ကိုယ့်ကိုယ်ကို ဆင်းရဲသားတွေကို ကူညီနေသော တာဝန်ခံကြီးများ ပမာ ဝေငှပေးကြပြီးနောက် သူတို့ အပြန်အလှန် ပြန်ပေးကြသော ဝေစုများကို ကျွန်တော်တို့က ယူကြပါသည်။
မကြာခဏပင် အမေ့အကြောင်း ကို ကျွန်တော် စဉ်းစားကြည့်မိပါသည်။ တခြားနီဂရိုး အမေများ သည် မနက် ၆နာရီ ဆို ထကြရပြီး၊ ချမ်းရှာလွန်းသဖြင့် ဖိနပ်ကို အ၀တ်စုတ်များ ပတ်ပြီး လူဖြူများ အိမ် သွားကြရသည်။ ထိုအိမ်တွင် အိမ်ရှင်အတွက် တပင်တပန်း လုပ်ပေးကြရ၊ မနက်စာတွေ ချက်ပြုတ်ပေးကြရ၊ ကြမ်းတွေတိုက်၊ ကလေးတွေ ထိန်းနှင့် မိမိကလေးများနှင့်ကား နေချိန်ပင် မရှိကြရပါ။
အမေ့ကိုကား စဉ်းစားကြည့်မိပါသည်။ ညသန်းခေါင်တွင် လူဖြူမကြီး အိမ်ကို ထွက်သွားရပါသည်။ သုံးလကြာမျှ မီး မလာသော သူ့အိမ်သို့ ပြန်လာသောအခါ၌ကား ရေပိုက်များ အားလုံးပင် ရေများ ခဲနေပြီ။ နံရံအကြိုအကြား မှ လေ များ တဟူးဟူးတိုက်နေပြီ၊ ကြွက်များအတွက်လည်း တစ်ဆောင် တစ်ယောင် လုပ်ပေးရသေးသည်။ သူတို့အတွက် အစာသက်သက် ချန်ပေးရသည်။ သို့မှသာ ကလေးများ တံခါးများကို မကိုက်ဘဲနေမည်။ ပိုးဟပ်များ ကား ကျွန်တော်တို့နှင့် တစ်မိသားတည်းလို ပင် ဖြစ်နေပါချေပြီ။
လူဖြူကလေးများ အကြောင်း သူပြောပြချိန်တွင် သူ့ရင်ထဲ ဘယ်လိုရှိမည်ကို ကျွန်တော် တွေးကြည့် မိပါသည်။ အစာစားပြီး တိုင်း သူ သွားတိုက်ပေးရပုံ အပေါ့သွားပြီးတိုင်း လက်ဆေးပေးရပုံ၊ သူ့ကလေးများကိုကား သူ ထိုကဲ့သို့ လုပ် ရန် မသွန်သင်ပါ။ ကျွန်တော်တို့မှာ ဆပ်ပြာလည်း မရှိ၊ ရေလည်း မရှိ။
ကျွန်တော် တို့ ကျောင်းကပြန်လာပြီး ကျောင်းမှ သူနာပြုဆရာမ ရေးပေးလိုက်သော ဗီတာမင် ဆေးလုံး၊ ငါးကြီးဆီဆေး စသည့် ကျွန်တော်တို့အတွက် လိုအပ်သော ဆေးစာရင်းကို ပြသောအခါ အမေ့စိတ်ထဲ မည်သို့ ခံစား ရမည် ကိုလည်း စဉ်းစား ကြည့်မိပါသည်။
ထိုညမျိုးတွင် အမေ တစ်ညလုံး ငိုပါသည်။ နောက်နေ့မနက်ကျလျှင် အိမ်လခအတွက် ဖယ်ထား သော ငွေထဲ မှ ဆေးဖိုး သုံးလိုက်တတ်ပါသည်။ တစ်ပတ်ခန့်ကြာသောအခါ လူဖြူတစ်ယောက်လာ ပြီး အိမ်လခ ဆယ့်ရှစ်ဒေါ်လာ လာတောင်းပါသည်။ အမေက မနက်ဖြန် အထိ စောင့်ပါ ဟု တောင်းတောင်းပန်ပန် ပြော ပါသည်။ နောက်တစ်နေ့ ရောက်လာပါသည်။ ကျွန်တော်မှာ မီးသွေး ထည့်သော သေတ္တာထဲတွင် ပုန်းနေရသည်။ အိမ်ခန်းတွင် ကလေးနှစ်ဦးထက် ပိုမနေရ ဆိုသည့် အတွက်ကြောင့် ဖြစ်ပါသည်။ အိမ်ရှင်သည် အမေ့ကို ဆဲရေး တိုင်းထွာပြီး လူလိမ်မကြီးဟု ယိုးစွပ် သံကို ကြားရ ပါသည်။ နောက်ဆုံးမှ သူထွက်သွားသည်။ ထိုအချိန်တွင် အမေ သည် ဖိနပ်ကို အ၀တ်စုတ်များ ပတ်ပြီး လူဖြူမိန်းမကြီးအိမ် သွားရသည်။ ထိုအိမ် ရောက်သောအခါ ကလေးများ ကို အ၀တ်လဲပေးရသည်။ သူတို့မိခင်များက ကလေးများကို ကလေးအထူးကုဆရာဝန်ထံ သွားပြ မလို့ တဲ့။
အမေက ကျွန်တော်တို့ကိုမူ "ဟိုးမားဂျီဖီးလစ်" အခမဲ့ ဆေးရုံသို့ခေါ်သွား တတ်ပါသည်။ နီဂရိုးများ အတွက် ဆေးရုံ ဖြစ်ပသါည်။ အပြင်တွင် တန်းစီပြီး အကြာကြီး စောင့်ရပါသည်။ ဆရာဝန် တစ်ယောက်ယောက်၊ သူနာပြု ဆရာမ တစ်ယောက်ယောက် ဖြတ်သွားတိုင်း သွားဖြဲပြီး ပြုံးပြကြရ ပါသည်။ တစ်ယောက်ယောက် ကများ ပြန်ပြုံးပြဖော် ရလျှင် ၀မ်းသာလိုက်ကြရသည့် ဖြစ်ခြင်း။ ညစ်ညစ်ပတ်ပတ် အစုတ်စုတ်တွေဆိုကာ လှည့်ပင် မကြည့်ဘဲ ထွက်သွားသူ က များပါသည်။ ထိုဆေးရုံရှိ ဆရာဝန် ဆရာမအားလုံးမှာ နီဂရိုးများ ပင် ဖြစ် ပါသည်။
တစ်ခါက အဖြူရောင်ဝတ် ဆရာဝန်တစ်ယောက် ကျွန်တော့်ဆီ လျှောက်လာပြီး မေးမြန်းသည်ကို မှတ်မိ ပါသေးသည်။ "ဒီကောင် ဘာဖြစ်တာလဲ" သူ့ကြည့်ရသည်မှာ ကျွန်တော်ဘာတစ်ခုမှ ဖြစ်ပုံ မရဘဲ အလကား လာနေ သည့် ပုံမျိုး။
အမေ က ကျွန်တော့်ကို ကြည့်လိုက်၊ သူ့ကို ကြည့်လိုက်လုပ်ပြီး ခေါင်းခါပြသည်။ "ကျွန်မလည်း သေသေချာချာ မသိ ပါ ဘူး ဆရာ ရယ်။ ဒါပေမဲ့ သူတစ်ညလုံး ငိုနေပါတယ်။ ဗိုက်ကိုလည်း ကိုင်ကိုင် ပြတတ်ပါတယ်"
"ကဲ ... အထဲခေါ်ခဲ့၊ အ၀တ်အစုတ် အပြတ်တွေလည်း ချွတ်လိုက်"
ကျွန်တော် က သူ အမေ့ကို ဆက်ဆံပြောဆိုပုံကို မနှစ်သက်လွန်းသဖြင့် ပြဒါးတိုင် ကို နာနာပင် ကိုက်ပစ် လိုက်မိ ပါသည်။ ထို့ကြောင့် ပြဒါးတိုင်း ကျိုး သွားတော့၏။ သူက ကျွန်တော့်မျက်နှာကို တစ်ချက် ဖြတ်ရိုက်လိုက်ပါသည်။
"ကဲ ... မင်းတို့နှစ်ယောက်လုံး အစက ပြန်တန်စီးပြီး ကိုယ့်အလှည့် ပြန်စောင့်တော့"
အမေ က "ကျွန်မ တောင်းပန်ပါတယ် ဆရာရယ်" ဟုသာ ပြောပြီး နောက်ဆုံးကနေ တန်းစီးရပြန် သည်။ အိမ်တွင် နောက်ကလေးငါးယောက် ကျန်သေးသည်။ နောက်ကလေးတွေကို ဆေးရုံ ဘယ်တော့ ခေါ်လာရ ဦးမလဲ သူ မသိတော့ပါ။
အမေ သိပ်ဂုဏ်ယူပြောတတ်သော ချမ်းသာသည့် လူဖြူများ ရှိပါသေးသည်။ သူသည် တခြား မိန်းမတစ်စုနှင့် အတူ ၀ိုင်းထိုင်လိုက်ပြီး သူတို့၏ လူဖြူသခင်များ ဘယ်လောက်ကောင်းကြောင်း စကားဝိုင်းဖွဲ့ကြပါသည်။ သူတို့ ဘယ်လောက် ချမ်းသာကြောင်း၊ ဘယ်လိုခမ်းနားတဲ့ ပါတီကြီးတွေ ပေးကြောင်း၊ ဘယ်လို ၀တ်ကောင်း စားလှတွေ ၀တ်ကြောင်း ပိုပိုမိုမို ချဲ့ပြောတတ်ကြပါသည်။ လူဖြူသခင်များ စိတ်ထဲတွင် အမှတ် ရရ ဖြစ်သွားအောင် သူတို့ ဘယ်လို တာဝန်ထမ်းဆောင် လိုက်ကြပုံများ လည်း ပြော ပါသည်။ နောက်တစ်နေ့ တွင် လူဖြူသခင်မက သူ့ကို ပြောပါလိမ့်မည်။ "ဒီမှာ လူစီ၊ ငါတို့ ဒီနှစ်လ အားလပ်ရက် ခရီးထွက်ကြ မလို့။ ဒါ့ကြောင့် ငါတို့ ပြန်မလာမချင်း နင့်ကို မလိုသေးဘူး" နှစ်လ အားလပ်ရက်တဲ့ လစာမဲ့လေ။
အမေ ၏ စိတ်သဘောထားကောင်း ဖြူစင်လှပလွန်းလှပုံကို ကျွန်တော် တွေးကြည့်မိသည်။ တစ်ပတ်တွင် ခုနစ်ရက်မျှ သူ့ခြေထောက်ဖောဖော ယောင်ယောင်ကြီးတွေနှင့်မမျှ အလုပ်ကြမ်းများ လုပ်ခဲ့ရပြီး ကျွန်တော်တို့ကို အိမ်တွင် မဲမှောင်နေသောအခါ၊ ချမ်းသောအခါများတွင် ပြုံးပြုံးလေးနှင့် ရယ်မောနေတတ်ရန် သင်ပေးတတ်သေး သည်။ သူ၏ ဆာလောင်မွတ်သိပ်နေသော ကလေးငယ် တစ်ယောက်ယောက်က ထလာတဲ့ပြီး အဖေ့ အကြောင်း မေးမည် ကိုလည်း သူဘယ်တော့မှ နားမလည် မစဉ်းစားမိ။
လူမှုဝန်ထမ်းဌာန မှ အမျိုးသမီးကို မမုန်းတီးကြရန် ကျွန်တော်တို့ကို သင်ပေးသည်မှာလည်း စဉ်းစား စရာ။ ထိုအမျိုးသမီး မှာ မျက်နှာ ရှည်မျောမျောနှင့် တကယ့်ကို အမြင်ကပ်စရာ ကောင်းလှပါသည်။ သူက အမေ့ ကို ပြောပါသည်။
"ဒီမှာ မစ္စ ဂရီဂိုရီ၊ ရှင် အလုပ် လုပ်တယ်ဆိုတာကို ကျွန်မတို့ သိပ်မယုံဘူး။ သံသယ ရှိနေတယ်။ ကျွန်မ စစ်ဆေးကြည့်ပြီး မှ ရှင့်ကို ယုံရလိမ့်မယ် လူမှုရေး လူလိမ်လူညာတွေကိုတော့ ကျွန်မတို့ ကြည့်မနေနိုင်ဘူး"
အမေ လူမှုရေး လူလိမ်လူညာကြီး။ ကလေးတွေ ငတ်ပြတ်လွန်းနေတာကို လက်ပိုက်ကြည့်မနေနိုင် တော့တဲ့အခါ ရာဇ၀တ်သား ပဲ ဖြစ်မလား။ ဒါမှမဟုတ် တကယ့် လူဆင်းရဲ ပျံကျ ကျူးကျော်ရပ်ကွက် မှာပဲ စတင်မွေးလာပြီး လမ်းထောင့်ချိုးတွေ မှာ ခွက်ကိုင်တောင်းစားရမယ့် လူတွေအဖြစ်နဲ့ ဇာတ်သိမ်းကြရမှာလား။ အမေလို လူတစ်ယောက် က အခြေအနေတွေ ပိုကောင်းအောင် ကြိုးစား ပြီး မလုပ်နိုင်တာကိုပဲ လူမှုရေး တာဝန်ထမ်းတွေ လွှတ်ပြီး ကြည့်ခိုင်း ရသတဲ့ လား။ ဘယ်လို စနစ်မျိုး ပါလိမ့်။
လူမှုရေးဝန်ထမ်းဆိုတဲ့ လူတွေဟာ အိမ်ထဲတွေ လျှောက်ဝင်ကြည့်။ ကျိုးတိုးကျဲတဲ ကြမ်းခင်းတွေ ပေါ်မှာ မီးသွေးမှုန့်၊ ဖုံမှုန့်တွေ မြင်ရင် နှာခေါင်းရှုံ့ကြ၊ ကြွေဇလုံထဲ ညစ်ပေနေတဲ့ ပန်းကန်တွေ အပေါ်မှာ ပိုးကောင်လေးတွေ တက်နေတာမြင်ရင် ခေါင်းခါယမ်းပြကြ၊ အမေက သူတို့ဘေးမှ ရပ်ကြည့်ပြီး အိမ်ထောင်ကို သန့်သန့်ရှင်းရှင်း မထားတတ်တဲ့ အပျင်းအရိ မိန်းမကြီးတစ်ယောက်လို နေနေရတယ်။ သူ့ခမျာ တစ်နေ့လုံး တခြား အိမ်သွားပြီး လုပ်ခ နှစ်ဒေါ်လာနဲ့ ကားခလေး မဖြစ် စလောက် ယူပြီး သန့်ရှင်းရေး သွားလုပ်နေရတယ် ဆိုတာတော့ သူတို့ မသိကြဘူး။ အမေက အဲဒီ မိန်းမ စစ်ဆေးတဲ့နောက် တစ်ကောက်ကောက် လိုက်ပြနေရ တယ်။ စိတ်ထဲကတော့ ဘုရားတပြီး ဆုတောင်းနေရတယ်။ သေတ္တာထဲ ထည့်ထားသော တယ်လီဖုန်း အသံမမြည်ပါစေနဲ့လို့။ လူမှုရေး ဌာန အထောက်အပံ့ခံ အိမ်များတွင် တယ်လီဖုန်းတပ်ဆင်ခွင့် မရှိပေ။
သို့သော် အမေ့တွက်ကိန်း၌ကား တစ်နေ့တွင် ဂရီဂိုရီကေလးများ သည် ဤရပ်ကွက်မှ ထွက်ခွာပြီး အိမ်တွင် တယ်လီဖုန်းနှင့် မွေးလာကြသော အခြားကလေးများနှင့်အတူ ကမ္ဘာတစ်ခုထဲတွင် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင် လိမ့် မည်ဟု ကိန်းသေတွက်ထား၏။ သူသည် ကျွန်တော်တို့ အားလုံး ကို ခေတ်မမှီ အောက်တန်း နောက်တန်း ကျစွာ မထားလိုချေ။ ဤသည်ကိုကား လူမှုဝန်ထမ်အမျိုးသမီး ကို သူမ ရှင်းမပြ တတ်။ တခြား သူတစ်ပါး ကလေးများကို သူထိန်းကျောင်း ပြုစုနေရချိန်တွင် သူ့စိတ်၌ကား သူ့ကလေးများ အတွက်ပင် ပူပန်နေရှာ သည်။ ထိုစိတ်ဝေဒနာမှ သက်သာလို သက်သာငြား တယ်လီဖုန်းလေး ကောက်ဆက်ပြီး အိမ်အခြေအနေ ကို လှမ်းမေးရရှာသည်။ ကလေးတွေ စားစရာမှ ရှိသေးရဲ့လား။ လမ်းပေါ်ထွက်ပြီးများ ကစားနေကြ သလား၊ မီးသွေး ၀ယ်စရာ မရှိ၍ သတင်းစာ မဂ္ဂဇင်းတွေနှင့် မီးဖိုကြာရာမှ အိမ်တစ်ခုလုံး ပဲ ပြာကျသွားပြီလား။ မကြာခဏ ဖုန်းဆက်မေးရှာသည်။
ကျွန်တော် သည် အိမ်တွင် "အမုန်းတရား"နှင့် "အရှက်တရား"များကို မည့်သည်အခါမျှ မသင်ကြားခဲ့ ရချေ။ ယင်းပညာများ ကို သင်ကြားရန် ကျောင်းနေခဲ့ရသည်။ ကျွန်တော့်အတွက်အကြီးမားဆုံးသင် ခန်းစာ သင်ယူရချိန် တွင် ကျွန်တော့အသက်မှာ ခုနစ်နှစ်မျှ ရှိနေပါပြီ။ ထိုအချိန်က ကျွန်တော်သည် "ဟယ်လင်တပ်ကာ" ဟူသော ကောင်မလေးကို ချစ်မိနေပါပြီ။ သူသည် ကျောင်းတွင်မြဲသန့်သန့် ပြန့်ပြန့်နှင့် စမတ် ကျကျ နေနိုင်သူဖြစ်ပါသည်။ ကျွန်တော်ကျောင်းတက်ခြင်း မှာ သူ့ကိုကြည့်ချင်၍ သက်သက်သွာနေခြင်းဟုပင် ထင်မိ ပါသည်။ ကျွန်တော် ခေါင်း သေသေချာချာ ဖြီးသည်။ လက်ကိုင်ပ၀ါဟေင်း တစ်ထည်ပင် ကိုင်ခဲ့သည်။ ထိုလက်ကိုင်ပ၀ါ မှာ အမျိုးသမီးကိုင် ဖြစ်သည်။ သို့သော် ကျွန်တော့်နှာခေါင်းကို လက်ဖြင့် သုတ်ရသည်ကိုကား "ဟယ်လင်း" မမြင်စေလိုပါ။ ရေပိုက်များတွင် ရေများခဲနေ၍ အိမ်တွင်ရေ မရှိပါ။
သို့သော် ကျွန်တော့်ရှပ်အင်္ကျီနှင့်ခြေစွပ်များကိုမူ နေတိုင်းလျှော်ပါသည်။ ခွက်တစ်ခုယူပြီး "မစ္စတာဘင်" ၏ ကုန်စိမ်းဆိုင် သို့သွား၊ ဆိုဒါစက်အောက်တွင် ခွက်ကိုခံ၊ ရေခဲတုံးအချို့ကို နှိုက်ယူ။ ထိုရေခဲများ အရည်ပျော်လျှင် ၎င်းရေဖြင့် အဝတ်လျှော် ရပါသည်။ ကျွန်တော် ထိုဆောင်းတွင်းပင် မကြာခဏ ဖျားနာ ခဲ့ပါသည်။ ညဆိုလျှင် အဝတ်မခြောက်မီ မီးများ က ငြိမ်းသွားတတ်ပါသည်။ မနက်ကျတော့ အဝတ်များ စိုစို ခြောက်ခြောက် ကောက် ဝတ် ရတော့ သည်။ တစ်ခြား လဲဖယ်စရာကလည်းမရှိ။ ထို့ကြောင့် ဖျားနာရ သည်ပင်။
လူတိုင်းက "ဟယ်လင်းတပ်ကာ" ကို ချစ်ကြသည်။ သူတို့လိုချင်စရာ အကုန်လုံး၏သင်္ကေတမှာ "ဟယ် လင်း" ပင် ဖြစ်သည်။ ကျွန်တော်သည် သူ၏သဘောကောင်းမှု၊ သန့်ရှင်းမှု၊ ထင်ပေါ်မှု အားလုံးတို့ ကြောင့် ချစ်ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့လမ်းရှေ့ သူ ဖြတ်သွားလျှင် ကျွန်တော့် ညီလေး ညီမလေး များအားလုံးက "ဟယ်လင်း လာပြီဟေ့" ဟု သံပြိုင်စုအော်တတ်ကြပါသည်။ ထိုအခါ ကျွန်တော်က ကိုယ့်ကိုယကိုယ် သပ်သပ် ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီး လမ်းပေါ်ပြေးထွက်ခဲ့ပါသည်။ သူ ကျွန်တော့်ကို မြင်လျှင် မျက်လုံးကလေး တစ်ချက်ဝေ့ကြည့်ပြီး နှုတ်ဆက်တတ်ပါသည်။ ယင်းအရသာမှာ အလွန်ခံစား လို့ကောင်းပါသည်။ တစ်ခါတစ်ရံ တွင် သူ အိမ်ပြန်သည် ကို တကောက်ကောက်လိုက်၍ပင် ကြည့်မိပါ သည်။ သူ့လမ်းရှေ့က ဆီးနှင်းပုံများက ဖယ်ပေးပြီး သူ့အမေနှင့် သူ့အဒေါ်များကို တမင်ရင်းနှီးအောင် ကြိုးစားခဲ့ပါသည်။ အရက်ဆိုင်ရှေ့တွင် ဖိနပ် တိုက်နေရ ၍ အိမ်အပြန်နောက်ကျလျှင် သူတို့အိမ်တံခါး ရှေ့နားတွင် ပိုက်ဆံအချို့ကို တမင်ထားခဲ့ ရစ်ပြီး ပြန် တတ်ခဲ့ပါသည်။ သူ့မှာ အဖေလည်းရှိသည်။ အဖေ့ အလုပ်မှလည်း အလုပ်ကောင်း။ စက္ကူကုန်သည်။
တစ်ကြိမ်တွင် သူ့မျက်နှာကို နှစ်ဆယ့်နှစ်နှစ်တိုင်တိုင် စွဲမြဲမှတ်ထင်သွားစေမည့် အဖြစ်အပျက်တစ်ခု အတန်းထဲတွင် ဖြစ်ခဲ့ပါသည်။ အထက်တန်းကျောင်းတွင် ဘင်ခရာအဖွဲ့ဖွဲ့၍ ပါဝင်ခဲ့သည်မှာလည်း "ဟယ်လင်း" အတွက်။ ကောလိပ်တွင် ပြေးခုန်ပစ်စံချိန်များ ချိုးနိုင်ခဲ့သည်မှာလည်း သူ့အတွက်။ စကား ပြောခွက်နောက်တွင် ရပ်ပြီး ပရိသတ်လက်ခုပ်သံ နာခံရသည်မှာလည်း "ဟယ်လင်း" မှ ဒီအသံတွေ ကြားပါစေတော့ဆိုပြီး တမင် လုပ် ရတာ။ ကျွန်တော် ၂၉ နှစ်အရွယ်ရောက်ပြီး၊ အိမ်ထောင်ကျ၊ စီးပွား လေး ဘာလေးဖြစ်လာမှပင် သူ့ရုပ်လွှာသည် ကျွန်တော့်စိတ် မှ ပျောက်ပျက်ခဲ့ရတော့သည်။ ကျွန်တော့် ကိုယ် ကျွန်တော် အရှက်ရသောနေ့တွင် "ဟယ်လင်း" လည်း ထိုအတန်းထဲ တွင် ပင် ရှိခဲ့၏။
ထိုနေ့မှာ ကြာသပတေးနေ့။ အတန်းနောက်ပိတ်ဆုံးက မြေဖြူဖြင့် ဝိုင်းထားသော ခုံကလေးတွင် ကျွန်တော် ထိုင်ရ ၏။ ထိုခုံမှာ လူ့နလဗိန်းတုံးခုံ။ ဒုက္ခပေးတတ်သူ၏ ခုံနေရာ။
ဆရာက ကျွန်တော်သည် ဆိုးသွမ်းသူဟု ယူဆထားသည်။ စာလုံးမပေါင်းတတ်၊ စာမတတ်တယ်။ ဂဏန်း မတွက် တတ်သူ။ ဆိုးဖို့လောက်ပဲ တတ်သူ။ စာကို စိတ်မဝင်စားရခြင်းအကြောင်းရင်းကိုကား ဆရာများ မရှာဖွေ တတ်ကြ။ စာကို အာရုံမစိုက်နိုင်ခြင်းသည် ဆာလောင်မွတ်သိပ်နေလွန်း၍၊ မနက်စာ ပင် မစာခဲး့ရသေး၍ ဆိုသည် ကိုပင် သူတို့မသိ။ မွန်းလွဲပင်ကျော်နေပြီ။
တခြားကောင်လေးတစ်ယောက် ရဲ့ထမင်းဘူးထဲကပဲ တစ်ကိုက်လောက် သွားခိုးစားရမလား။ ဘာပဲဖြစ်ဖြစ် တစ်ကိုက်လောက် ဆို ကျေ နပ်ပါပြီ။ ကပ်တဲ့ ကော်ပဲဖြစ်ဖြစ်။ ကော်ကို စားလို့ရတယ်ဆိုတာ မယုံကြ ဘူးလား။ ကျောင်းနောက်ဖေး ခန်းမှာ ကော်ကို ဖွန်းလိုက် ခပ်ဝါးခဲ့ဖူးပါသည်။ ကိုယ်ဝန်ဆောင်သည်များသည် ချဉ်ချင်း တပ်ကြပါသည်။ အချိုအချဉ် ကလေးပဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် စားချင်တတ်ကြသည်။ ကျွန်တော်သည်ကား ဆင်းရဲခြင်း ကိုယ်ဝန်ဆောင်ဖြစ်ပါသည်။ ညစ်ညစ်ပတ်ပတ်တွေ ကိုယ်ဝန်ဆောင်ရသူ၊ လူတွေ အနား မကပ်ချင်လောက်အောင် အနံ့အသက် ဆိုးဆိုးဝါးဝါး ကိုယ်ဝန်ဆောင် ထားသူ။ အချမ်းဓာတ် ကိုယ်ဝန် ဆောင်၊ တစ်ခါ မှ ကိုယ့်အတွက် ဖိနပ်ဝယ်မစီးနိုင် ၍ ဖိနပ်ငတ်သော ကိုယ်ဝန်ဆောင်၊ ခုတင်တစ်လုံးထဲ တါင် ကလေး ငါးယောက် အိပ်ရပြီး၊ အဖေ မရှိသော ကိုယ်ဝန်ဆောင်၊ ငတ်မွတ်ခြင်း ကိုယ်ဝန်ဆောင်။ သင် ဆာလောင်နေချိန် တွင် ကော် ကို စားရသည်မှာ လည်း အရသာ သိပ်မဆိုးလှပါချေ။
ဆရာကမူ ကျွန်တော့်ကို ဒုက္ခပေးတတ်တဲ့ကောင်ဟုပင် ယူဆထားပါသည်။ အခန်းရှေ့မှနေ၍ ဆီး ကြည့်လျှင် နလဗိန်းတုံးခုံ ၌ ထိုင်နေသော အသားမည်း ကောင်လေးကို သူ တွေ့နေရသည်။ ဆူဆူညံ ညံ အသံဗလံလေး လုပ်တတ်သူ။ နဘေးနဘီ ရှိ ကလေးများ ကို တွန်းထိုးတတ်သူ။ သူအသံဗလံဆူ အောင် ဘာဖြစ်လို့ လုပ်သလဲ။ သူ ဒီမှာ ရှိနေတယ် ဆိုတာ တစ်စုံတစ်ယောက်သောသူ သိစေချင်လို့ လုပ်တယ်ဆိုတာတော့ ဆရာမ မသိ။
ကြာသပတေးနေ့၊ နီဂရိုးလခထုတ်ရက် မတိုင်မီနေ့တစ်နေ့။ ဆရာမက ကျောင်းသားတိုင်းအား အလှူ ရန်ပုံငွေ ဘယ်လောက် ထည့်နိုင်ကြမည်ကို မိမိတို့မိခင်ဖခင်များအား မေးခဲ့ကြရန်ပြောသည်။ သောကြာ နေ့ညနေတွင် ကလေးတိုင်း မိမိတို့ဖခင်များထံမှ ပိုက်ဆံများကို တောင်းထားကြရမည်။ တနင်္လာနေ့ကျ လျှင် ကျောင်းသို့ ယူလာကြရ မည် ဖြစ်သည်။ ကျွန်တော်ကလည်း အဖေတစ်ယောက် ဝယ်ယူရန် ဆုံး ဖြတ်ထားလိုက်သည်။ ကျွန်တော့် အိတ်ထဲတွင် ဖိနပ်တိုက်၊ စက္ကူရောင်းရသည့် ငွေစ အချို့ရှိသည်။ "ဟယ်လင်းတပ်ကာ" သူ့ဖခင် ထံ မှ တောင်းခဲ့သော ငွေထက်ကား ကျွန်တော်က ပိုများအောင် ထည့် လိုက်မည်ဟု ပိုင်းဖြတ်ထားသည်။ ထို့ကြောင့် ပိုက်ဆံများကိုပင် လက်ထဲမှ ဆုပ်ကိုင်ထားလိုက်သည်။ တနင်္လာနေ့ထိပင် မစောင့်ချင်လှတော့။ ဒီပိုက်ဆံဖြင့် အဖေ တစ်ယောက် ဝယ်ယူရတော့မှာကိုး။
စိတ်လှုပ်ရှား လွန်း၍ တစ်ကိုယ်လုံးပင် တဆတ်ဆတ်တုန်နေမိပါသည်။ ဆရာမက သူ့"စာအုပ်" ကို ဖွင့် ပြီး ကျောင်းသားတစ်ယောက် စီ အမည်များ ကို အက္ခရာ အလိုက် ခေါ်ပါသည်။
"ဟယ်လင်းတပ်ကာ" "ကျွန်မအဖေ က နှစ်ဒေါ်လာနဲ့ ငါးဆင့် ထည့်ဝင်မယ်လို့ ပြောပါတယ် ဆရာမ"
"သိပ်ကောင်းတယ် ဟယ်လင်။ သိပ်သိပ်ကောင်းပါတယ်"
"ကျွန်တော့် အတွက်လည်း ကောင်းပါတယ်။ ဒီလောက်ငွေထက်တော့ ပိုကျောအောင် ကျွန်တော် အသာလေး ထည့်နိုင် တယ်။ ကျွန်တော့်တွင် အကြွေချည်း သုံးဒေါ်လာ နည်းပါးရှိသည်။ အိတ်ထဲသို့ လက်နှိုက်ပြီး ပိုက်ဆံများ ထုတ်ကာ ကျွန်တော့်နာမည်အခေါ် ကို စောင့်နေမိသည်။ သို့သော် အတန်း တွင်းရှိ လူကုန်ခေါ်ပြီးနောက် ဆရာမ က စာအုပ်ပိတ်ပစ်လိုက်သည်။"
ကျွန်တော် မတ်တပ်ရပ်ပြီး လက်ထောင်လိုက်သည်။
"ဘာကိစ္စလဲ"
"ဆရာမ ကျွန်တော့်နာမည်ခေါ်ဖို့ ကျန်ခဲ့လို့ပါ"
ဆရာမ သည် ကျောက်သင်ပုန်းဘက်သို့ မျက်နှာမူလိုက်ပြီး
"ကဲ… မင်းနဲ့ အလကား ကစားနေဖို့ အချိန်မရှိဘူး ရစ်ချတ် ရယ်…"
"ကျွန်တော့် အဖေ က ပြောပါတယ်။ သူက…"
"ထိုင်စမ်း ရစ်ချတ်။ မင်းဟာ အတန်းသားတွေကို အလကားနှောင့်ယှက်နေတာပဲ"
"ကျွန်တော့်အဖေက ပြောပါတယ်။ ဆယ့်ငါးဒေါ်လာထည့်ဝင်…"
"ငါတို့ အခုကောက်ခံနေတာ မင်းတို့အတွက် ပေးဖို့ကောက်နေတာကွ၊ မင်းအဖေကသာ ဆယ့်ငါးဒေါ် လာ ပေးနိုင် မယ် ဆို မင်းတို့ ခုလို သူများအကူအညီခံ ဒုက္ခသည်ဘဝရောက်နေမှာ မဟုတ်ဖူး"
"ကျွန်တော် တို့ အခုပြောလည်နေကြပါပြီ။ ပြေလည်နေကြပါပြီ…။ အဖေကပဲ ဒီနေ့ကစပြီး ပိုက်ဆံပေး လိုက် လို့ ပြောပါတယ်။ ဖေဖေက…" "ကဲ… ဘာဆက်ပြောဦးမလဲ"
ဆရာမက ကျွန်တော့်ကို တန်းတန်းမတ်မတ်စိုက်ကြည့်ပြီး သူ့နှာခေါင်းကြီးမှာ ပိုပြီးပွယောင်း လာ ကာ နှုတ်ခမ်းသားလေး များ ပါးလွှာသွားပြီး မျက်လုံးများကား ပြူးကျယ်လာပေသည်။
"မင်းမှာ အဖေမရှိဘူးဆိုတာ ငါတို့ သိပြီးသားဟေ့"
"ဟယ်လင်းတပ်ကာ" က လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးအိမ်တွင် မျက်ရည်များအပြည့်။ သူ ကျွန်တော့် အတွက် စိတ်မကောင်းဖြစ်ရှာမည်။ ထို့နောက်တော့ ကျွန်တော်လည်း သူ့ကို သဲသဲကွဲကွဲ မမြင်ရတော့။ ကျွန်တော် ကိုယ်တိုင် ပင်လျှင် ငိုကြွေးနေရပြီကိုး။ "ထိုင် ရစ်ချတ်၊ ထိုင် ထိုင်"
ဆရာမ က ကျွန်တော့်ကို အခွင့်အရေးတချို့ပေးပုံများကိုလည်း သတိရမိပါသည်။ သောကြာနေ့ကျောင်း ဆင်းတိုင်း ကျွန်တော့ကို ရွေးပြီး ကျောက်သင်ပုန်း ဖျက်ခိုင်းတတ်ပါသည်။ ထိုအလုပ်ကို ကျွန်တော် အရေးထား သည်။ ဂုဏ်ယူမိသည်။ အကယ်၍ ကျွန်တော်သာ ကျောက်သပ်ပုန်း မဖျက်ခဲ့လျှင် တနင်္လာ နေ့ စာသင်ယန္တရား သည် ချောမွေ့တော့မည် မဟုတ်ပါလား။ "ဘယ်သွားမှာလဲ ရစ်ချတ်၊
ကျွန်တော် ကျောင်းထဲမှ ထွက်ခဲ့ပါသည်။ ထိုအချိန်မှစ၍ မကြာခဏ ကျောင်းမတက်တော့ပါ။ ကျောင်း မှာ အရှက် ရခဲ့ ပါချေပြီကော။
ခုဆို နေရာတကာမှာ အရှက်ရနေပါပြီလေ။ ကမ္ဘာကြီးတစ်ခုလုံးတောင် စာသင်ခန်းထဲ ရောက်နေသ လား အောက်မေ့ တယ်။ ဆရာမပြောတာ လူတိုင်းပဲ ကြားလိုက်ရပြီ။ လူတိုင်းကပဲ ကျွန်တော်ကိုကြည့် ပြီး သနားနေကြ ပြီ။
"မစ္စတာဘင်း" ဆိုင် ပြေးပြီး သခွားသီးပုတ်တွေ တောင်းရတာလည်း ရှက်စရာ။ "မစ္စဆီမွန်း" ဆီသွားပြီး သကြားတစ်ဇွန်းချေး ရတာလည်း ရှက်စရာ။ ဒုက္ခသည် ကယ်တင်ရေး ကားကြီးလာတော့ ပြေးထွက်ကြ ရတာ လည်း ရှက်စရာ။ ကျွန်တော် ဒီထရပ်ကားကြီးကို မုန်းတယ်။ ကျွန်တော်တို့အတွက် အစာတွေ လာဝေတဲ့ ကားကြီးကို သိပ်မုန်း တာပဲ။ ဒီကားလာရင် အိမ်ထဲဝင်ပုန်းရရော။ လူဖြူ စားသောက်ဆိုင်သွား တဲ့ လူတွေ မြင်အောင် လမ်းသွား ရင် လမ်းကြိုလမ်းကြားတွေက ကွေ့ပတ်သွားရလို့ ခရီးမရှည်သင့်ဘဲ ရှည်ဝေးခဲ့ ရတယ်။ အို… ဆရာမပြောတာ တစ်ကမ္ဘာလုံးကြားသွားပါပြီ။ ငါ့မှ အဖေမရှိဘူးဆိုတာ။
အချိန်အတော်ကြာပင် ထိုဝေဒနာ ဖိစီးခဲ့ပါသည်။ တစ်ကိုယ်လုံးပင် ထုံထိုင်းနေသည်။ ကိုယ့်ကိုယ်ကို ဝမ်းနည်း ပက်လက်ဖြစ်နေရသည်။ တစ်နေ့တွင် ပျော်ပွဲစားရုံတစ်ခုထဲ၌ အရက်ဂျိုးတစ်ယောက်နှင့် ဆုံမိ ပါသည်။ ထိုနေ့ တစ်နေ့လုံး ဖိနပ်တိုက်၊ သတင်းစာရောင်းဖြင့် ပိုက်ဆံလေးနည်းနည်း ရလာပါသည်။ ထို့ ကြောင့် ဆယ့်ငါးဆင့် တန် ငရုတ်ရည်တစ်ခွက်၊ ဆယ့်ငါးဆင့်တန် ဒိန်ခဲတစ်ခဲ၊ ငါးဆင့်တန် အအေးတစ် ခွက်၊ ဆယ်ဆင့်တန် ချောကလက် ကိတ်မုန့် တစ်ခု ဝယ်ပြီး စားပါသည်။ ကျွန်တော် စားနေတုန်း ထို အရက်ဂျိုး ဝင်လာခြင်းဖြစ်သည်။ အရက်ဂျိုး များ ကို ကျွန်တော် ချစ်ပါသည်။ သူတို့သည် မည်သူ့ကိုမျှ ဒုက္ခမပေး။ ကိုယ့်ကိုယ် ကိုယ်သာ ဒုက္ခပေးသူများဖြစ်သည်။
အရက်ဂျိုးကြီး သည် ဆိုင်ထဲဝင်လာပြီး နှစ်ဆယ့်ခြောက်ဆင့်တန် အစားအသောက်များ မှာစားပါသည်။ မြိန်ရေယှက်ရေကြီး ပင် စားနေရှာပါသည်။ ဆိုင်ရှင် "မစ္စတာ ဝီလီယံ" က ငွေရှင်းရန် ပြောသောအခါ သူ က အိတ်ထဲနှိုက်ကြည့် ရင် အိတ်အပေါက်ကြီး ကို သွားတွေ့လိုက်သည်။
"ပေးစရာ ပိုက်ဆံမရှိဘူး…" "ပေးစရာ ပိုက်ဆံမရှိဘဲနဲ့ ဘာဖြစ်လို့ ဆိုင်လာစားရသလဲကွ။ စားစရာက ပိုက်ဆံနဲ့ရောင်းတာ သိရဲ့ လား"
"မစ္စတာ ဝီလီယံ" သည် ကောင်တာ မှ ထလာပြီး အရက်ဂျိုးကြီးကို ခွေးခြေနှင့်ရိုက်လိုက်သည်။ ခေါင်း ကိုလည်း အရက် ပုလင်းဖြင့် ရိုက်ပြန်သည်။ ပြီးမှ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး သွေးသံရဲရဲဖြစ်နေ သူကို တစ်ချက်ကြည့် လိုက်၏။ ထို့နောက် ခြေထောက်ဖြင့် ကန်ပြန်သည်။ ထပ်ပြီး ကန်ပြန်သည်။
အရက်ဂျိုးကြီး၏ မျက်နှာတစ်ခုလုံးမှာ သွေးများဖြင့် ဖုံးနေသည်။ ကျွန်တော်က ထသွားပြီး…
"တော်ပါတော့ မစ္စတာ ဝီလီယံ…၊ သူ့အတွက် နှစ်ဆယ့်ခြောက်ဆင့် ကျွန်တော် ရှင်းလိုက်ပါ့မယ်"
အရက်ဂျိုးကြီး က ဖြည်းဖြည်းလေးထလာပြီး မတ်တပ်ရပ်လိုက်သည်။ သူ့ခြေထောက်များမှာ တဆတ် ဆတ်တုန်နေ ၍ ခဏထိန်းထားရသေးသည်။ သူက မုန်းတီးသောအကြည့်ဖြင့် ကျွန်တော့်ကို ကြည့် လိုက်သည်။
"မင်း ပိုက်ဆံ မင်း သိမ်းထားလိုက်။ အခုမှတော့ ပေးစရာမလိုတော့ပါဘူး။ ငါ အခုပေးဆပ်လိုက်ရပြီပဲ"
နောက် သူ ထွက်သွားသည်။ ကျွန်တော့်ဘေးမှ ဖြတ်အသွားတွင် ကျွန်တော့်ပခုံးကို ကိုင်ပြီး
"ကျေးဇူးတင်ပါတယ် သား ရယ်။ ဒါပေမဲ့ သိပ်နောက်ကျသွားနေပြီ။ ဘာဖြစ်လို့ အစကတည်းက မပေး တာလဲ ကွယ်" ကျွန်တော် အတော် စိတ်မကောင်းဖြစ်ရပါသည်။ နောက်တစ်ယောက်ကို ကူညီနိုင်ရန် အတော်အချိန် ကြာကြာ စောင့် ရပေဦးမည်။
လူဖြူမ တစ်ယောက် ကျေးဇူးတော်နေ့ အချိန်ကာလအတွင်းတွင် အိမ်ပေါက်ဝ ရောက်လာသည်ကို မှတ် မိပါသေး သည်။ သားမွေးအစိမ်းရောင်၊ ဖဲပြားခေါင်းတွင်စည်းပြီး အပြုံးပန်းဝေဝေနှင့် ဖြစ်ပါသည်။
"မင်းတို့အမေ အိမ်မှာရှိလား ကလေး" "မရှိပါဘူး" "ငါ အထဲဝင်လို့ရမလားဟင်…"
"ဘာလိုချင်လို့လဲ အစ်မကြီး" သူက အပြုံးမပျက်သေး။ သို့သော် တစ်ချက်လေး သက်ပြင်းချလိုက်ပြီး ခါးကုန်းကာ ခြင်းဝါကြီး ကို ဆွဲ ယူလိုက်ပါသည်။ "လိုအပ်သူများအတွက် လက်ဆောင်ခြင်း" ဖြစ်ပါသည်။
"ဒါ မင်းအတွက်" "ဘာတွေပါလဲဟင်…"
"ကောင်းတဲ့ ပစ္စည်းမျိုးစုံပေါ့" ဟု ပြုံးပြီးပြောသည်။ "သကြားချောင်းတွေ၊ အာလူးတွေ၊ ကိတ်မုန့်တွေနဲ့ ကြက်ဆင်ဝဝကြီး တစ်ကောင်" "ချက်ပြီးသားလား…"
"အသားများများ ကြက်ဆင်ဝဝကြီးလေ၊ အမွှေးနှုတ်ပြီးသား"
"ချက်ပြီးသားလား" "မချက်ရသေးပါဘူး"
"ဒါဖြင့် အိမ်မှာ ချက်စရာဆိုလို့ ဘာတစ်ခုမှမရှိပါဘူး အစ်မကြီး…"
ကျွန်တော် က တံခါးကို ဆောင့် ပိတ်လိုက်သည်။ ဘာတစ်ခုမှ ချက်စရာမရှိတဲ့အိမ်ကို ကြက်ဆင်လာပေး တာ အတော်စော်ကား တာပဲ။ ဓာတ်ငွေ့မရှိ၊ လျှပ်စစ်မီးမရှိ။ ကျောက်မီးသွေးမရှိ။ ဘယ်နှယ့် ကြက်ဆင် ဝဝကြီး ရဲ့အသားတွေချည့် ဘယ်လိုချက်စားရမလဲ။ ကုန်စိမ်းဆိုင်က "မစ္စတာဘင်" ကိုလည်း သတိရပါသေးသည်။ ဆံပင်ဖြူဖြူ၊ မျက်လုံးအရောင်မှိန်မှိန်နဲ့ လူဖြူပုဝိုင်းဝိုင်းလေး။ သူ့မျက်နှာက မီးခိုးရောင်မျိုး။ အသားအရေတွေ က ပျော့တွဲတွဲ။ စကားပြောရင် အသားတွေ က လှုပ်လို့တောင်နေသေး။
"အမေ က ပေါင်မုန်တစ်လုံး လိုချင်လို့ပါတဲ့ မစ္စတာဘင်…။ ပေါင်မုန်လတ်လတ်ဆတ်ဆတ်လေး ပေးပါ"
"ကောင်းပြီ၊ ရမယ် ရစ်ချက်" ဟု ဆိုကာ သုံးရက်လောက် သောင်တင်နေသော ပေါင်မုန့်များကို ထုတ် ပေး လိုက်သည်။ ဤအမျိုးအစား မှာ သူ့ဆီမှာ အကြွေးဝယ်နေသော ဖောက်သည်များအတွက် သက် သက် ဖယ်ထားခြင်းဖြစ် ပါသည်။
ကျွန်တော် က အကြွေးစာအုပ်လေးကို ပေးလိုက်သည်။ ကျွန်တော်တို့ အကြွေးစာရင်းများကို သူက မှတ် လိုက်သည်။ သူ့နားရွက်ကြား တွင် ညှပ်ထားသော ခဲတံကလေးဖြင့် တေးထားသည်။ ခြောက်ဆင့်။
"ကျောင်းနေရတာ ပျော် ရဲ့လား ရစ်ချတ်"
"ပျော်ပါတယ် မစ္စတာဘင်" "လိမ္မာတယ်ကွယ်။ စာကြိုးစားနော်။ ဒါမှ ကောင်းစားမှာ"
ကျွန်တော် အိမ်ပြန်ပြေးပြီး အမေ့ ကိုပြောသည်။
"ပေါင်မုန့်က လတ်လဲ မလတ်ဘူး။ ချဉ်နံ့တောင် ထွက်နေပြီ"
အမေကမူ တစ်ဝကြီးသာ ပြုံးပြပါသည်။ "အို၊ မစ္စတာဘင်က သိပါတယ်၊ အမေ ပေါင်မုန့်ကြော်မယ်ဆိုတာ"
သခွားသီး များမှာ ပုပ်နေပြီး ပေါင်မုန့်က မလတ်ဆတ်၊ ထောပတ်က စိမ်းရောင် သမ်းနေသော်လည်း ငွေ ပြတ်ချိန် တွင် "မစ္စတာဘင်" ထံသို့သာ ပြေးကြရပါသည်။ ရေဝတီ ရုံးပိတ်ရက်မတိုင်မီတွင် ဆိုင်ပိတ် ထားလျှင် ပုပ်သိုး ပျက်စီး မည့်ပစ္စည်းများကို ကျွန်တော်တို့အိမ်များသို့ ယူဆောင်ပေးတတ်ပါသည်။ ခရစ်စမတ်နီး လျှင် လည်း အသားတွေ ဝေတတ်ပါသည်။ ပိုက်ဆံလက်ငင်းမရမှန်း သိ၍ ကြွေးလည်းပြီးပေး ခြင်း ဖြစ်သည်။
တစ်ခါတစ်ခါ အိမ်မှာ စားသောက်ပစ်ကြ၍ ချက်စရာလည်း နောက်ထပ်မရှိ၊ ဝယ်စရာလည်း ပိုက်ဆံ မရှိ သောအခါများတွင် အမေသည် "မစ္စတာဘင်" ထံသွားပြီး ညစာလေးဘာလေး တောင်းရတတ်ပါသည်။ ထိုအခါ တွင် အမြဲတမ်းစားဖို့ သောက်ဖို့လေးတော့ ပေးတတ်ပါသည်။
တစ်ခါ ကျွန်တော် "မစ္စတာဘင်" ထံသွားပြီး မှန်တံခါးနားတွင်ထားသော တစ်ပဲနိတန် သကြားချောင်း သွားတောင်း ပါသည်။ သူက "သွားစမ်း၊ သွားစမ်း၊ ငါ့ဆီ လာတောင်းနေတယ်လို့ မင်းအမေ ကို ပြန်တိုင် လိုက်မယ်နော်"
တစ်ည တွင် ကျွန်တော်သည် မှန်တံခါးကို အုတ်ခဲနှင့်ပစ်ခွဲပြီး သကြားချောင်း ယူစားလိုက်ပါသည်။
နောက်တစ်နေ့ အမေ့အတွက် ပေါင်မုန့် သွားဝယ်သော အခါ အသားများတုန်တုန်ရီရီဖြင့် မိန်းမကြီးတစ် ဦးအား ပြောနေသံ ကို ကြားလိုက်ရပါသည်။
"ဒီတစ်ပဲနိတန် သကြားချောင်း နဲ့ များ ဘာဖြစ်လို့မှန်တံခါးခွဲတယ် ဆိုတာ ကျုပ်ဖြင့် မစဉ်းစားတတ်အောင် ပဲ။ ဒီ အစုတ်ပလုတ် သကြားချောင်း လာတောင်းလှည့် ပါလား။ တောင်းရုံပဲတောင်း ကျုပ် ပေးလိုက်မှာ ပေါ့"
""
ဆက်ရန်
.
No comments: