Sunday, June 24, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၄)

"မင်း ဘာသိတုံး၊ ကောင်မလေး နဲ့ ငြိနေပြီ" "ငြိငြိတော်၊ ငြိပြီး မပြန်နိုင်ရင် ကောင်းတာပဲ" "မင်း ဟာ တော်တော်ယုတ်မာတဲ့ မိန်းမပဲ" "ကျုပ် ယုတ်မာတာ တော် အခုမှ သိလား" ငထွန်းကား သည် "အေး ဟုတ်တယ်" ပြောရုံမက ရေနွေး ပန်းကန်ဖြင့်ပါ ထပေါက်တော့သည်။ ထိုမှ ဆက်လက်ပြီး ရိုက်နှက် ကန်ကျောက်သည် အထိ ဖြစ်လာနိုင်ငြား သားနှစ်ယောက် ရောက်လာသည်။
"ညီလေးရေ၊ အဖေနဲ့ အမေ ရန်ဖြစ်နေတယ်ကွ" "ဟာ မဖြစ်ကြပါနဲ့၊ မကောင်းပါဘူး"
ငကျော် က ဘေးပရိသတ်လုပ်စေကာမူ မောင်သော်က ပြောပြောဆိုဆို အိမ်ပေါ်သို့ ပြေးတက်လာ သည်။ ဖုန်တွေပေနေသော လက်ကြီးဖြင့် ဖအေ ကို ဖက်ထားသည်။
ကို ဆက်ဖတ်ရန်.....

(၄)

လှည်းသံကြားကတည်းက ဤလှည်းသည် အိမ်မှလှည်း၊ အိမ်ကလူ ပြန်လာပြီဟု မကျီးဒန် မှတ်ယူ သည်။
"အမေရေ၊ အမေ့သား ပြန်လာပြီ" ဟု အိမ်မကြီးသို့ လှမ်းပြီး ပြော၏။
မယ်ကြွယ်စိုး လည်း သားကို မျှော်ပါသည်။ သို့ရာတွင် မယ်ကျီးဒန်နှယ်ကား အသဲကြီးအမဲကြီး မဟုတ်။
"ဟဲ့ အချိန်တန်ရင် ပြန်လာမှာပေါ့။ သူ့မရီးပဲ နေထိုင်မကောင်းသလား၊ သူ့အစ်ကိုပဲ နေထိုင် မကောင်းသလားမှ မသိတာ"
ထိုအဖြစ်ကို ကျီးဒန် သဘောမကျပေ။ မယ်ငြိမ်းစည် သည် "ကြာ" များသော မိန်းမဖြစ်ရာ လူမမာ ငထွန်းကားကို ၀ိုင်းဝန်းပြုစုစဉ် ကြာ များသော မိန်းမနှင့် လူရိုးကြီး မငြိစွန်းဟု မပြောနိုင်။ သို့ကြောင့် ခဲအိုကြီး မကျန်းမမာ ဖြစ်သည်ကိုပင် ကျီးဒန် အလိုမရှိ။ လှည်းဝင်းရိုးအီသံသည် နီးကပ်လာသည်။ မယ်ကြွယ်စိုး လည်ရှည်ကြည့် သည်။ သူ့သား ပါတကား။

"ဟဲ့ ဟုတ်သဟဲ့၊ သာပေမဲ့ အိမ်က ထွက်သွားတုန်းက အင်္ကျီနဲ့ပါ။ အခု ကျောအပြောင်သားနဲ့"
သူက အိမ်ပေါ် မှ လှမ်းကြည့်ကာ ဣနြေ္ဒမပျက် ပြောငြား ကျီးဒန် မူ အဖီထဲမှ ပြေးထွက်သွား၏။ မောင်ဆေးရိုး၏ လှည်းပေါ်တွင် ဘေးချင်းယှဉ်လျက် ဆောင့်ကြောင့်ထိုင်ကာ လက်တကားကားဖြင့် ပြောလာ၏။

"ဟဲ့ အိမ်ရောက်မှ ပြောပါတော့ဟယ်။ ခရီးခတင်းက ပြန်လာသဲ့လူကို လမ်းမှာ ဆီးပြောရတယ်လို့"
ကျီးဒန် ကား သည်ပြင်နေရာတွင် စွာသော်ငြား၊ ယောက္ခမနှင့်မူ မစွာချေ။ ထိုအခါ မောင်ဆေးရိုးက သရော်သည်။
"အိမ်ရောက်မှဆိုရင် မေ့သွားမှာစိုးလို့ထင်ပါ့ဗျာ"
"နေပါဦး၊ နင် အိမ်က ထွက်သွားတုန်းက အင်္ကျီနဲ့ပါ။ အခု ဘယ်လိုဖြစ်ပြီး ကျော အပြောင်သား နဲ့ ဖြစ်လာရသာတုံး"
မောင်ဆေးရိုး သည် လှည်းနှင့်နွားကို ကျီးဒန်၏ လက်ထဲတွင် အပ်ထားခဲ့ပြီး အိမ်ပေါ်သို့ တက်လာ၏။ မအေ့ရှေ့ တွင် ထိုင်မည်ပြုပြီးမှ မအေ့ကျောဘက်ရှိ ကြိမ်ပုခက်ထဲတွင် သားကိုမြင် သဖြင့် ထသွား၏။
"သည်ကောင် မှက္ခရုနာ ပျောက်သွားပြီလား အမေ"
"ပျောက်ပါပြီဟယ်။ မှက္ခရုနာပျောက်အပြီးမှာ ဆော့လိုက်သမှ မျောက်ရှုံးသဟဲ့။ စားလိုက်သာ ကလည်း ဇူဇကာ ဟဲ့"
အိပ်နေသောသား ကို မောင်ဆေးရိုး ကြည့်ကာ သဘောကျနေ၏။

"လာစမ်းပါဟယ်၊ နိုးလာတော့ မှ ချီစမ်းပါ"
အမေက သား၏ လက်ကိုဆွဲကာ အထိုင်ခိုင်းသည်။ သို့ကြောင့် မောင်ဆေးရိုးမှာ မအေ့ရှေ့တွင် ထိုင်ကာ "အမေရေ့၊ ဓားပြနဲ့ စကားအပြောအဆိုမှားမှာစိုးလို့ ကျုပ်က ခေါင်းခံပြီး" ဟူ၍သာ ပြောရသေး၏။
"ဘာတယ်၊ ဓားပြ နဲ့ တွေ့တယ်၊ ဟုတ်လား"
မယ်ကြွယ်စိုး မှာ ရင်ကိုဖိရသည်က အလျင်။
"ပြောတာများ နားထောင်စမ်းပါဦး အမေရာ"
"ကိုင်း ပြော ပြော" ကျီးဒန်ကလည်း ဓားပြနှင့် တွေ့ခဲ့သည်ဆိုသဖြင့် စိတ်ဝင်တစား ချဉ်းကပ်လာ၏။

"သူတို့မှာက ဒူးလေးပါသယ် အမေရ။ အဲသာကြောင့် အစ်ကို အသာနေ။ ငါပြောမယ်ဆိုပြီး "အစ်ကိုကြီးတို့ရယ်၊ အစ်ကိုကြီး နေမကောင်း လို့ အရေးတကြီး ထွက်လာသာပါ" ပြောတာကို ကံဆိုးချင်တော့ ငထွန်းကားကို သွားစ သယ်လေ။ မင်းက ပါးစပ်မပါဘူးလားတဲ့" "ဖြစ်ရလေ ဓားပြရယ်"
မယ်ကြွယ်စိုး က သူ့သားအကြောင်းကို သိသောကြောင့် ထိုသို့မြည်တမ်းငြား  အကြောင်းမသိသော ကျီးဒန်ကမူ "အဲသည်တော့ ဘာဖြစ်ကြသတုံး" မေး၏။ အမေ ရင်ဖိုတတ်မှန်း လန့်ဖျပ် တတ်မှန် သိသော်ငြား မောင်ဆေးရိုး ပြောရတော့ သည်။
"ဓားပြကြီး လည်း ခြေကလန် လက်ကလန်နဲ့ ကျသွားရော ကျုပ်ကို လှည်းကို တရကြမ်း မောင်းပြေး တော့ ငထွန်းကား က အပြေးလိုက်လာရသာ အမေရဲ့"
ငထွန်းကားနှင့် ဓားပြတို့ သတ်ပုတ်ခန်းကို အကျဉ်းရုံးပြီး ထွက်ပြေးခန်းကို နောက်ကြောင်း ပြန်သည်။

"ဒူးလေးသမားတွေ နောက်ဆုတ်ပြီး လက်ရှောင်နေကြလို့ ပြောထားပါလျက်နဲ့ ကျုပ်က အကြောက်လွန်ပြီးပြေးသာ။ အဲသာမှားသာ"
"သူသူကိုယ်တိုင် အသက်ဘေးကိုးကွယ့်"
မယ်ကြွယ်စိုးက ဖြေသိမ့်ငြား၊ မောင်ဆေးရိုး ခေါင်းရမ်းသည်။
"မှားသယ် ဆိုသာက ဘယ်ရောက်လို့ ရောက်မှန်းမသိ ဖြစ်ကုန်သာ အမေ ရ။ တောင်ကြားလမ်း ထဲ ရောက်သွားသာဗျ။ ဧရာမတောင်အမြင့်ကြီးတွေ ဟိုဘက်သည်ဘက် ညှပ်ထားသာဗျ"
"အင်း ဟုတ်မှာပေါ့။ နင့်အစ်ကိုက လူစုံပဲဟာကို"
"အဖော်လှည်း လေးစီးတွေ့ပေမဲ့ ကြောက်စရာကြီးပါ အမေရာ၊ ရှေ့ကို မျှော်ကြည့်လည်း တောင်တန်းနှစ်ခု ညှပ်ထားတဲ့ လမ်းပဲ။ ကျေးသံ ငှက်သံ ကြားရပေမဲ့ နေရောင် မမြင်ရဘူး အမေရဲ့"
"တော်တို့က ဘယ်အချိန်ရောက်သွားသာတုံး" ကျီးဒန်၏ အမေး ဖြစ်သည်။

"ဓားပြတွေ့တော့ မိုးမလင်းသေးဘူး။ သာပေမဲ့ တောင်ကြားလမ်းအ၀ကို ငါတို့ရောက်သွားတော့ နေတောင် ထွက်နေပါပြီ ဟာ။ ရှေ့မှာ အဖော်လှညန်းနှစ်စီး၊ နောက်မှာ အဖော်နှစ်စီးမပါပေ  မဲ့ ကြောက်တာပဲဟ။ ခေါင်းပေါ် ကို မော့ကြည့်မှ နေရောင်ကွက်ကွက်ကလေးပဲ မြင်ရသာကလား"
"တောင်ကြားက မှောင်မည်းနေသလား"
"မြင်တော့မြင်ရပေ မဲ့ လင်းလင်းချင်းချင်း မဟုတ်ဘူး၊ အမေ။ အဲသာနဲ့ လှည်းငါးစီး တောင်ကြားလမ်း ထဲ ၀င်လာသော မွန်းလည်းတိမ်းရော အမေရေ။ ငလျင်လှုပ်ပြီး ဟနေတဲ့ တောင်ထိပ်တွေ စေ့သွားတော့တာပဲဗျို့"
"တော်တို့ အပေါ် ပြိုမကျဘူးလား"
"ကျတော့ ကျတယ်။ သို့ပေမဲ့ အန္တရာယ်ဖြစ်အောင် မများဘူး။ အဲသည်မှာ အပြိုအပျက်တွေ ဖယ်ဖယ်ပြီး တရွေ့ရွေ့ မောင်းလာကြသာ၊ နောက်တစ်နေ့ ဆွမ်းခံဝင်ချိန်ကျမှ တောင်ကြားထဲက ထွက်လာနိုင်တယ်ဟေ့"
ထိုအချိန် တွင် မယ်ကြွယ်စိုးရော ကျီးဒန်ပါ သက်ပြင်းချမိကြ၏။

"အဲသည်မှာ လှည်းနှစ်စီးက ဆန်ကောဆန်ကာက ဆိုသာပဲ သိတယ်။ မန်းကျည်းပင်ပုကို ဘယ်လို သွားရမှန်း မမေးလိုက် မိဘူး။ အဲသည်တော့ တောင်ကြားထဲက ထွက်သာလာတယ်။ ငထွန်းကား လည်း လမ်းမသိသေး ဘူး။ အဲသာနဲ့ သူခိုင်းတဲ့အတိုင်း မောင်းလာသာ စတုဒီသာရင်ကွဲဇရပ်ကြီးကို ရောက်ပါလေရော"
"ခုထက်ထိ အင်္ကျီအကြောင်း မရောက်သေးပါကလား" သူသိချင်သော အင်္ကျီအကြောင်းမပါသဖြင့် မယ်ကြွယ်စိုး ငေါက်ငမ်း ၏။ မောင်ဆေးရိုးက လက်ဝါးကာပြီး တောင်းပန်၏။
"ရောက်ပါပြီ အမေရာ၊ အဲသည် ရင်ကွဲဇရပ်ကြီးမှာ ရေတွင်း ရေကန် ရှိသလို၊ နေခိုနေတဲ့ လှည်းတွေလည်း မနည်း ပါဘူး အမေရ။ အဲသည်အထဲမှာ ဦးဘဒင်နဲ့ မောင်ဖိုးအိ ဆိုသဲ့ သုံးပုံဖဲ သမားတွေနဲ့ သွားတိုးကြတော့ သာကိုး" "ဖဲသမားတွေနဲ့တွေ့မှတော့ သွားပြီပေါ့"

မယ်ကြွယ်စိုးသည် သူ့သားအကြောင်းကို ကောင်းစွာ သိ၏။ မောင်ဆေးရိုး အင်္ကျီမပါရသည့် အကြောင်းကို ဆက် မမေးတော့ပေ။ သို့ရာတွင် သူ့ချွေးမ အကြောင်းပါလာသောအခါ စိတ်ဝင်စားမှု ကို ပြသ၏။
"အဲသည်က ဖဲသမားကြီး ဦးဘဒင် ရဲ့ ဇနီးနာမည်က မယ်အေးရှင်တဲ့ဗျ။ မျက်လုံး ဂနာမငြိမ်ရာမှာ တော့ အမေ့ချွေးမ မယ်ငြိမ်းစည် နဲ့ တစ်ထပ်တည်းပဲဗျို့" "အေးလေ၊ ငါ့သား ငထွန်းကား သနားပါတယ်"
အမေ သည် မာယာများသော မယားလုပ်သမျှ လှိမ့်ခံနေရမည့် သားကြီးကို မြင်ယောင်ရင်း မျက်ရည်သုတ်၏။
"အဲသည် မယ်အေးရှင် က အမေ့ချွေးမထက် တစ်ခုပိုသာက အသံသာတာ ပိုသဗျ"
"မိငြိမ်းစည်လည်း အသံသာပါတယ်" မယ်ကြွယ်စိုး၏ ထိုစကား ကို မောင်ဆေးရိုး သဘောမကျပေ။

"အမေ က အမေ့ချွေးမ အသံသာတယ်ပြောပေမဲ့ ကျုပ်ပြောတဲ့ ကျုပ်မှာ မနည်း ပြေးရ ရှောင်ရသဗျာ။ ပြီးတော့ လင်ကြီး ငုတ်တုတ်နဲ့" "လင်ကြီးငုတ်တုတ် မရှိရင် ပြစ်မှားမယ်ပေါ့လေ"
ကျီးဒန်၏ အကျကောက်စကား ဖြစ်သည်။ မနာလိုခြင်း၊ ရန်လိုခြင်းများ ပြည့်လျှံသော မျက်လုံဒဏ် ကို မောင်ဆေးရိုး မခံနိုင်။ "ဘယ်သိမတုံးဟ" မောင်ဆေးရိုးကလည်း မောင်ဆေးရိုးပင်။ သို့ဖြစ်သောကြောင့် အမေပါလာ ရတော့သည်။ အမေ့ကို ငုတ်တုတ်ထားပြီး ရန်ဖြစ်သ်ညမှာ တော်ရုံဒေါသ မဟုတ်ချေ။ သို့ရာတွင် "တော်ကြစမ်း" မယ်ကြွယ်စိုး တစ်ခွန်းငေါက်ကာ မျှဖြင့် ရန်ပွဲပြီး၏။

"မင့်တူတွေ တွေ့ခဲ့လား"
"ငကျော်နဲ့ ငသော်တဲ့။ လူသွက်တွေပဲ အမေ။ ငကျော်က ၆နှစ်၊ ငသော်က ၄နှစ်။ အဲ ငသော်ကို ခု ထက်ထိ ကျောင်းမထားသေးဘူး။ ကျောင်းသားကြီး အနိုင်ကျင့်မှာ၊ ကပ္ပိယ ခေါက်မှာ ထစ်မှာ စိုးလို့တဲ့ဗျာ"
"အဲသာမှာတော့ မင့်အဖေအတိုင်း ဖြစ်တယ် ဆိုရမှာပေါ့လေ"
ငထွန်းကားနှင့် မောင်ဆေးရိုးမှာ ကျောင်းနေကြ၏။ စာတော်၏။ ငထွန်းကား ကိုသာ ပေါက်ပေါက် ဆုပ် အစိတ်သား၊ ဆန်တစ်စလယ်ဖြင့် မည်မည်ရရ ကျောင်းအပ်ခဲ့သည်။ ဆေးရိုးသောကား အစ်ကိုနောက်သို့ လိုက် ရာက ကျောင်းရည်အ၀ တွင် ကပ္ပိယကြီးက ဖမ်းပြီး စာသင်၏။

ငထွန်းကားတို့ ညီအစ်ကို စာတော်သော်လည်း ရှောက်ပင်လယ်ပွဲကို သူတို့အဖေ တောတိုးရာတွင် တစ်တပ် တအား ပါဝင်ရေးအတွက် ကျောင်းထွက်ခဲ့ကြရ၏။ ယခု ငကျော်နှင့် ငသော်ကား ဖအေ၏ ကြောင့်ကြမှုဖြင့် ယခု ထက်တိုင် ကျောင်းမနေကြရသေး။ "ကလေးကြီး ခုထက်ထိ ကျောင်းမအပ်ရသေးတော့ သူတို့ အမေက ဘာပြောသလဲ၊ ဘာဆိုသလဲ" မောင်ဆေးရိုး ခေါင်းလည်သွား၏။

"အမေ့ချွေးမအကြောင်း အမေ သိပါတယ်ဗျာ။ ကျုပ်ပြောဖို့ မလိုပါဘူး"
မောင်ဆေးရိုး သည် အစ်ကို့မယားကို အစ်ကိုနှင့်တန်းတူ ရိုသေသော်ငြား သဘောမကျပေ။ အထူး သဖြင့် ယောက်ျားတွေနှင့် အရောဝင်လွန်ခြင်းကို အမေလည်း သဘောမကျ။ မောင်ဆေးရိုး လည်း သဘော မတွေ့။ အမေက ယောက္ခမမို့ ချွေးမကို သဘောမကျကြောင်း ပြောသော်ငြား မောင်ဆေးရိုး မပြောပေ။ မိန်းမ ချင်း ကိုယ်ချင်းမစာဘဲ မောင်ဆေးရိုးနှင့် အပြုံးကို လှော်လှယ်၏။ မောင်ဆေးရိုး သဘောမတွေ့ငြား ထူးထူးထွေထွေ ပြော မနေပေ။
"ကျုပ် သာလောက်ကြာနေသာက ငထွန်းကား ဖျားသေးတယ်ဗျာ့"
"ဟဲ့ ဟုတ်လား" ဆိုကာ မယ်ကြွယ်စိုး ရင်ကို ဖိ၏။ မျက်ကလဲ ဆန်ပြာ ဖြစ်၏။ ထိုအခါ ကွမ်းပြုတ် ရည် တည်ရမှန်း မသိ၊ မုန်ညင်းဥပြုတ်ရမှန်းမသိသော မရီးအကြောင်းကို ပြောသင့် မပြောသင့် မောင်ဆေးရိုး စဉ်းစား ရသည်။ ထိုမိန်းမ မကောင်းကြောင်း ကို အမေ သိပြီး ဖြစ်ရာ ထပ်မံပြီး အသေးစိတ်လျှင် အမေ ပိုပြီး စိတ်ဆင်းရဲမည်။ သို့ဖြစ်သောကြောင့် အပြုံး၏အမေ ဒေါ်ကျေး လိုက်လာပြီး ဆေးကုပုံများကို မပြောတော့ပေ။

"မင်းအစ်ကိုဆီမှာ စုံစမ်းလို့ မရသာ ကို မင့်မရီးဆီမှာ မေးမြန်းအစ်အောက်မကြည့်ခဲ့ဘူးလား"
"လှည်းပေါ်မှာ တစ်ခါမေးဖူးသဗျ၊ မဖြေဘူး။ တောပြော တောင်ပြော လုပ်ပစ်သဗျ။ မရီးကိုတော့ မမေးဘူး အမေ။ ရေနံချောင်းကို ပြောင်းသွားပြီးမှ မန်ကျည်းပင်ပုကို ပြန်လာရတဲ့အကြောင်းကို သူတို့ရွာကလည်း သိချင်ပုံ ပဲ အမေရ" ထိုအခါ မယ်ကြွယ်စိုးသည် "အင်း" ရှည်ကြီးဆွဲကာညည်းရင်း "မဟုတ်ကာမှလွဲရော၊ မင့်မရီး ထင်သာပဲ" ဟု မြည်းတမ်း၏။ "ကျုပ်လည်း သည်လိုပဲ ထင်သာပဲ အမေ"
ဤသို့ဖြင့် မယ်ငြိမ်းစည် အကြောင်းသည် ပြီးပြတ်သွားသော်ငြား မပြတ်သောအကြောင်းသည် ဖြစ်ပေါ်လာ၏။ ထိုအရာမှာ မိန်းမ တစ်ယောက် ဖြစ်သည်။ မယ်ငြိမ်းစည် တို့ ရွှေတဆုပ်ရွာဆက်၊ ရေနံချောင်း သူတစ်ယောက် သည် ငရုတ်သီးဆယ်တောင့် တွင် တစ်တောင့်ပင် ကောင်းစွာမစပ်သော ရွာ့တောင်ပိုင်းက ဒေါ်အေးပုံကို အကြောင်းပြုပြီး ရောက် လာ၏။

"သူ့နာမည်က မခြုံတဲ့ မကြွယ်စိုးရဲ့။ မယ်ငြိမ်းစည်ရဲ့ ယောက္ခမအိမ် ပို့ပေးစမ်းပါဆိုလို့။ ကဲကဲ အလုပ်ရှိသေး တယ်" ဒေါ်အေးပုံသည် မခြုံအမည်ရှိသည့် ဧည့်သည်ကို ထားပြီး ထွက်ခွာသွားလေ၏။ ထိုအမျိုးသမီး၏ ပုံပန်းကို မြင်ရုံဖြင့် သူ့မရီးနှင့် တစ်တန်းတစ်စားတည်းဟု မောင်ဆေးရိုး မှတ်ယူ၏။ သို့ရာတွင် အမေကား မယ်ငြိမ်းစည် အမည်ပါသဖြင့် ၀မ်းသာအယ်လဲ ဖြစ်နေ၏။ "တောဆိုတော့ တော်တို့မြို့မှာလို ကာဖီတွေ၊ ခေါက်ဆွဲတွေ မရှိ ဘူးနော်"
မယ်ကြွယ်စိုး သည် လက်ဖက်တစ်အုပ်၊ ရေနွေးတစ်ကရားဖြင့် ဧည့်သည်ကို ဧည့်ခံရင်း ပြော၏။ မခြုံကား ရွှန်းရွှန်းဝေအောင် ပြော တတ်၏။

"အမယ်လေး အစ်မကြီးရယ်၊ ခင်ရာဆွေမျိုး မြိန်ရာ ဟင်းကောင်းပါ။ ကာဖီတွေ ခေါက်ဆွဲတွေကို မခြုံလည်း မကြိုက် ပါဘူး" "ရေနံချောင်းမှာ ဘာ လုပ်သတုံး" "ကျွန်မခင်ပွန်းက ရေနံမြေစာရေးကြီးပါ။ ကျွန်မကို ခြေမွေး မီးမလောင်၊ လက်မွေး မီးမလောင် ထားပေမဲ့ အလကားမနေတတ်တဲ့အတွက် ဈေးထဲမှာ အထည်ဆိုင်တစ်ဆိုင် တည် ထားပါတယ်။ ရေနံချောင်းရောက်ရင် ဒေါ်ခြုံလို့သာမေး၊ ကလေးကစပြီး သိတယ် အစ်မကြီးရေ့"
သည်မျှဖြင့်ပင် မခြုံသည် မယ်ကြွယ်စိုး၏ ယုံကြည်မှုကို ရယူပြီးနောက်၊ မယ်ငြိမ်းစည် အကြောင်း သို့ ရောက် သွားသည်။

"ကျွန်မတို့ အိမ်ခြေရင်းမှာ အိမ်ငှားရောက်လာတော့ ရမ်းဘိုကုန်းက ဆိုတာနဲ့ စုံစမ်းကြည့်ရတာပေါ့။ အဲသည်တော့ မှ ခင်ပွန်းက ရမ်းဘိုကုန်းသား။ ဇနီးက ရုပ်ကလေး သနရုပ္ပနဲ့ ရွှေတဆုပ်ရွာက မယ်ငြိမ်းစည်တဲ့ အစ်မကြီး ရဲ့။ ရွှေတဆုပ်ရွာ ကို မသိပေမဲ့ ရမ်းဘိုကုန်းကတော့ ရွှေရွာမျိုး ရွာကလား"
ရေပက် မ၀င်အောင် ပြောတတ်သော မခြုံ၏စကားအလျဉ်တွင် မယ်ကြွယ်စိုး ပါရတော့သည်။ အမွှေးနံ့ သင်းသင်း ကို ရှူရှိုက်ရ၏။ ထိုရနံ့ သည် မခြုံထံမှ လာကြောင်း သိရသော တောသူမကြီး သည် မခြုံကို အထင်မကြီး ဘူးထား၊ အထင်မသေးသည်မှာ သေချာ၏။

"ရမ်းဘိုကုန်းက ဆိုတော့ ရပ်ဆွေရပ်မျိုး ဆိုပြီး ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မိန်းကလေးက မိန်းမတို့ ၀တ္တရား ငါးပါးတောင် မှ သိပုံမရပါဘူး။ သွားချင်ရာသွား၊ စားချင်ရာစားပဲ"
"သူ့မိဘ ကတော့ မျိုးကောင်းရိုးကောင်းပါကွယ်" မိဘကောင်းသော်လည်း သားသမီးမကောင်းသော  သာဓက များစွာ ရှိသည့် အတွက် မယ်ကြွယ်စိုးက ချင့်ချင့်ချိန်ချိန် ပြော၏။
"အဲပေါ့လေ၊ အသီးတောင့်တွေ ထွားထွားကျိုင်းကျိုင်း သီးရာက အဲသည်အသီးကိုစိုက်တော့ လှီလှီ ကင်းကင်း ကလေးတွေ သီးသလိုပေါ့။ အစ်မကြီးရယ်။ သူ့ယောက်ျား မောင်ထွန်းကား ရိုးသား ကြိုးစားသလောက် မယ်ငြိမ်းစည် က တယ်လည်း ဆန်းပြားတာပဲ" "ရေနွေးသောက်ပါဦး၊ လက်ဖက်ကလေး စားပါဦး"
ရေနွေးပန်းကန်နှင့် လက်ဖက်အုပ် ကို မယ်ကြွယ်စိုး ထိုးပေး၏။ "ဆက်ပါဦး" ဟူ၍လည်း တွန်းပေး၏။

"သူငယ်ကလေးက ကျွန်မယောက်ျားဆီ လာပြီး သံတိုမယ်နတွေရအောင် ကြံစည်နေတုန်းမှာ သူ့မိန်းမက စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်း မလုပ်ဘူး အစ်မကြီးရေ။ ဟိုအသည် လာဦး၊ သည်အသည် လာဦးပဲ။ အဲဒါထက် ဆိုးတာ ကတော့ ယောက်ျားဈေးသည်တွေ တမေ့တမော့ နေတာပဲ" မယ်ငြိမ်းစည် အကြောင်း ပြောချင် လွန်းသောကြောင့် ရေနံချောင်းမှ ရမ်းဘိုကုန်းသို့ အပင်ပန်းခံပြီ လာခဲ့ရသော မခြုံသည် စုံအောင်စေ့အောင် ပြောပြလေ ၏။ မခြုံပြော လည်း ပြောစရာပါပေ။ မင်းနှစ်ပါး လုယက်ရသည်အထိ ဆွဲဆောင် အားပြင်းထန်သော ပဉ္စပါပီ သည် မြစ်ကို ဖြတ်လျက် မင်းတစ်ပါးထံ မှ မင်းတစ်ပါးထံသို့ အသွားတွင် ကူးတို့ သမားနှင့် မြစ်လယ် တွင် ဖြစ်သော ဇာတ်လမ်းကို မယ်ငြိမ်းစည် အားကျ၏။

ရမ်းဘိုကုန်း တွင် ယောက္ခမမျက်စိအောက်၌ နေရသောအခါ ကျိတ်ပြီး ဖောက်ပြား၏။ ယောက္ခမ မျက်စိအောက်နှင့် လွတ်သောနေရာသို့ ရောက်သောအခါ မယ်ငြိမ်းစည်သည် ထန်းရည် ထည့်ရောင်း၏။ ထန်းရည်သောက် ရန် လာသော ယောက်ျားတိုင်းသည် မယ်ငြိမ်းစည်၏ အစာတွေ ဖြစ်သည်။
ထိုရွာမှ ထွက်ပြီး လက်မဲ သို့ လာသည်။ ရွာသည် ရွာ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းကို မစွန့်။ မယ်ငြိမ်းစည် ကလည်း သူ့အကျင့်ကို မစွန့် သောအခါ မန်ကျည်းပင်ပုသို့ ပြေးရပြန်သည်။ ထိုနေရာတွင် ချင်းတွေ၊ ရှမ်းတွေ၊ မြန်မာတွေ ရှိ သည်။ ယဉ်ကျေးသော ဓလေ့ထုံးတမ်းရှိရာ မယ်ငြိမ်းစည်နှင့် မကိုက်ပေ။
ရေနံချောင်း က မြို့ကြီး ဖြစ်သည်။ လူတွေ သိန်းဂဏန်းချီပြီး ရှိသည်။ နေချင်သလိုနေ၊ ပြောချင် သလိုပြော၊ ကျေးရွာ ထက် များစွာ လွတ်လပ်သည်။ သို့အတွက် မယ်ငြိမ်းစည် လွတ်လပ်စွာ သောင်းကျန်းခါမှ မခြုံနှင့် လာ တိုးရသည်။

"ကျွန်မကလည်း ရမ်းဘိုကုန်း အစွဲကလေးက ရှိနေလေတော့ သူ့ကို ရမ်းဘိုကုန်းသူထင်ပြီး မမှားတာ မမှား ရအောင် ပြောဆိုဆုံးမတာကို ကြိုက်ပုံမရဘူး။ လမ်းထဲလာတော့ ယောက်ျား ဈေးသည်တွေ တရုန်းရုန်းနေသလို အိမ်နီးနားချင်းယောက်ျားတွေ နဲ့လည်း တအုန်းအုန်းပါ။ ကြာလာတော့လည်း ယောက်ျားသိတာပေါ့။ အဲသာကို ကျွန်မ တို့ ကုန်းတိုက်ပါတယ် ဆိုပြိး စောင်းတာမြောင်းတာ အမေကြီးရဲ့" "သြော် အင်း အင်း"
မယ်ငြိမ်းစည် သည် သားက စပ်ပြီးတော်ရသော ချွေးမ ဖြစ်သည့်အတွက် မယ်ကြွယ်စိုးမှာ သည့်ထက်ပို၍ မပြော တတ်။

"သူငယ်ကလေးက တော်ရှာပါတယ်။ သူ့ဇနီးကို ပါးစပ်နဲ့ ဆုံးမပါတယ်။ ပထမတော့ မိန်းကလေးက နားထောင်ဟန် တူပါတယ်။ ဘာသံမျှ မကြားရဘဲကိုး။ အဲနောက်ပိုင်းမှာတော့ ကလန်ကဆန် ပြန်ပြောဟန် တူပါတယ်။ ထိပ်ပေါက်ခေါင်းကွဲ ဖြစ်အောင်ကို သူငယ်လေးက ဆုံးမတာရှင့်" "စိတ်မကောင်းစရာကြီးပါကလား"
မယ်ကြွယ်စိုး မဟုတ်။ ဧည့်သည် လာသည်ဆိုသောကြောင့် ကူညီချက်ပြုတ်လုပ်ကိုင်ရန် တစ်ကြောင်း၊ လိုအပ်သမျှ ပို့ရန် တစ်ကြောင်းဖြင့် ရောက်လာသော ခမည်းခမက်တော်သူ ဒေါ်ရွှေအိမ် ဖြစ်သည်။
"စိတ်မကောင်းစရာပေ မဲ့ ကျွန်မမှာလည်း ရမ်းဘိုကုန်းသွေးက ပါတော့ ပြောရဆိုရ တာပေါ့။ နောက်တော့ ပြောတာ ဆိုတာ မကြိုက်တဲ့ လက္ခဏာတွေ ပြလာသလို ရမ်းဘိုကုန်းသူ မဟုတ်ဘူး ဆိုတာ လည်း သိလာရတယ်။ ဒါပေမဲ့ ရုပ်ကလေး သနရုပ္ပနဲ့ဆိုတော့ မပျက်စီးစေချင်ဘူးလေ"
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ရှင်" မယ်ရွှေအိမ်ကပင် ကြားဝင်ပြီး ဖြည့်စွက်ပေးနေရာက မယ်ကြွယ်စိုးကို တီးတိုးမေး ၏။

"ဧည့်သည်ကို ထမင်းကျွေးမှာ မဟုတ်လား" မခြုံကလည်း အကင်းပါး၏။ ချက်ချင်း ခါးဆန့်၏။
"နေပါစေ၊ ရမ်းဘိုကုန်း တောင်ဖျားနဲ့ အလယ်ပိုင်း၊ ပြန်ပြီး စားရင် ရပါတယ်။ ထမင်းကျွေးဖို့ မစီစဉ် ကြပါနဲ့။ ဇွန်းငှားရ ပန်းကန်ငှားရနဲ့ ကရိကထ များပါတယ်။ နေပါစေ" ထိုသို့ ပြောရာက မခြုံသည် ထရန်ဟန်ပြင်ရာက စကား ဆက်ပြန်၏။
"အဲသလိုပြောလွန်းတော့ နားပူဟန်တူပါတယ်။ အနောက်ဘက်ကမ်းက ရွာတစ်ရွာကို ပြောင်းသွားတယ် ကြားရရာ မှာ ဇာတ်သိမ်းတော့တာပဲ"
"သူတို့အခုနေသာ မန်ကျည်းပင်ပုကို ပြောသာများလား"
"ဟုတ်မယ်ထင်ပါရဲ့" ဟု ပြောအပြီး၌ မခြုံ ထရပ်သည်။ရပ်နေရာက မသွားနိုင်သေးဘဲ ဆက်ပြောပြန်သည်။

သူတစ်ပါး ရဲ့ မကောင်းကျိုးပြစ် ကို မပြောချင်ပါဘူး။ ဒါပေမဲ့ ဒီရွာရောက်လို့ မယ်ငြိမ်းစည်ရဲ့ ခင်ပွန်းဘက် က လူတွေ အကြောင်းစုံစမ်းလိုက် တဲ့ အခါတကယ့်ဘူရိုးလူကောင်းတွေဆိုတာသိရတာကလား"
မယ်ကြွယ်စိုး ကို ယူကျုံးမရ ဖြစစေသော စကားဖြစ်ရာ မခြုံ ထိုင်ခဲ့သော သင်ဖျူးကိုရွှေ့ပေးသည်။
"မသွားသေးလည်းထိုင်ပါဦး ၊ ထိုင်ပြောပါ" မခြုံ ပြန်ပြီးထိုင်သည်။
"လူရိုးလူကောင်းတွေ ကို ဒီမိန်းမဆန်းကြောင့် မထိခိုက် မနစ်နာ စေချင်လို့ တမင်လာပြောတာပါ"
"ဆန်းသမှ မခြုံရေ၊ အလွန်ရိုးသားသန့်ရှင်းသဲ့ရမ်းဘိုကုန်းရွာမှာ အရက်သည် ထန်းရေသည်ရှိလာသဟာ သူက စသွားသာ" "အင်း ဖြစ်ရမယ် ဖြစ်ရမယ်" မခြုံ ရင်ကိုဖိရသည့်အလှည့် ဖြစ်ပေ၏။

"ရမ်းဘိုကုန်းမှာက မစားရရင် ငတ် ပီးသေမယ်။ မဟုတ်သာ မလုပ်ဘူး။ တစ်ယောက်ကျေးဇူး တစ်ဦးမှာပေကိုး။ မယ်ငြိမ်းစည် တို့က သည်သဘောမဟုတ်ဘူး။ရွာတောင်ပိုင်းက ဦးဘမှန်အိမ်ကို ဓားပြတိုက်အောင် လင်ထောက်ချတာ သူ" "သည်လိုကိုး ၊ ဒါကြောင့် ဒါလောက်ဆိုးတာကိုး" "ဟဲ့ လူလေး လာစမ်း၊ မင်းမရီး အကြောင်း ပြောနေသာ"
မယ်ကြွယ်စိုး က လှမ်းခေါ်ငြား မောင်ဆေးရိုး အိမ်ပေါ်တက်မလာဘဲ "သူများမကောင်းကြောင်း မကြားချင်ပါဘူး" ဆိုကာ  နွားတင်းကုပ်ထဲသို့ ၀င်သွား၏။ ကျီးဒန်မှာ မခြုံကို အားနာစွာကြည့်နေ သည်။ သို့ရာတွင် မခြုံ ၏ စကားမှာမူ ကျီးဒန်အတွက် အားနာစိတ် ပျယ်ဆေးဖြစ်၏။

"ရိုးသားတဲ့လူများကျတော့ သူများမကောင်းကြောင်း ပြောဘို့ဝေးလို့ ပြောတာတောင်မကြားချင်ဘူး"
ဤသို့ ရယ်သွမ်းသွေး ကာ ပြောပြီးမှ မခြုံ ဆင်၏။  "ကျွန်မက မယ်ငြိမ်းစည် မကောင်း လာပြောနေတော့"
"အို သည်လို မဟုတ်ပါဘူး" ဟု မယ်ရွှေအိမ် က ကပျာကသီ ပြောသည်တိုင် မယ်ကြွယ်စိုးကလည်း ဖြေပေးရ၏။

"စေတနာ နဲ့ လာပြောတာဘဲ။ သူတစ်ပါးကို နစ်နာစေချင်လို့မဟုတ်ဘူးဆိုသာ အစ်မသိပါသယ်ကွယ်"
"ကဲ ကဲ၊ ထမင်းစား လာခေါ်နေလို့ လိုက်သွားဦးမယ်နော်"
မခြုံ နှုတ်ဆက်ကာ ဆင်းသွားကာမှ မောင်ဆေးရိုး အလုပ် များသည်။ မခြုံထသွားတော့မှ မောင်ဆေးရိုး ငှက်ပျော တစ်ခိုင်  ပြေးဝယ်ရသည်။မခြုံ တည်းခိုသော အိမ်သို့ ပို့ပေးရသည်။ မယ်ငြိမ်းစည် မကောင်းကြောင်း ကို မယ်ငြိမ်းစည် ရမ်းဘိုကုန်းတောင်ပိုင်းသို့ ပြောင်းမသွားခင်ကတည်းက မောင်ဆေးရိုးသိသည်။ ထိုသို့သိပြီးနောက် ရွာ့တောင်ပိုင်း တွင် မယ်ငြိမ်းစည် မကောင်းကြောင်း၊ လက်မဲတွင်၊ရနံချောင်းတွင်၊ မန်ကျည်းပင်ပု တွင် မယ်ငြိမ်းစည် မကောင်းကြောင်း ပြောလာပါက မောင်ဆေးရိုး မကြားလိုပြီ။ သိပြီးကိစ္စကို ထပ်မံ မသိလိုပြီ။ သို့ဖြစ်သောကြောင့် မခြုံထံမှ စကာားကို လက်မခံဘဲ နွားတင်းကုပ်ထဲသို့ မောင်ဆေးရိုး ၀င်သွားခြင်းဖြစ် ၏။

"အစ်ကိုကလည်း လိုသယ်ထင်ပါသယ်အမေရာ"
မယ်ငြိမ်းစည်နှင့် စပ်လျဉ်းသော စကားများတွင် မယ်ငြိမ်းစည် မကောင်းကြောင်းချည်း ကရွက်ကင်းလျှောင် လည်နေ ၏။မယ်ငြိမ်းစည်၏ ခင်ပွန်း ငထွန်းကား ကို အပြစ်တင်ရမှန်း မသိခဲ့ကြ။ ငထွန်းကား ဘက်လှည့် သူများတွင် မောင်ဆေးရိုးသည် ပထမဆုံး ဖြစ်သည်။ ထိုအခါ မယ်ကြွယ်စိုးက နှုတ်ခမ်းတစ်လန် ပန်းတစ်လန် ဖြစ်၏။
"ဘာပြောသယ်၊ နင်ကငါ့သားကို လိုသလေးဘာလေးနဲ့""
"အမေ က သားတော်သလို ကျုပ်မှာလည်း အစ်ကိုပါ အမေရ"
ထိုကဲ့သို့ပြောသည်ကို မယ်ကြွယ်စိုး လက်မခံချင်။
"သူ့မိသူ့ဖက မဆုံးမ မသွန်ုသင် လိုက်လို့ သည်လောက်ဆိုးတာကို ငါ့သားကဘာလုပ်ရမှာတုံး"
"အမေ့ ဥစ္စာ မဟုတ်သေးပါဘူးဗျာ"
"ဘာမဟုတ်ရမှာတုံး၊ ငါ့သားဟာ ညီအစ်ကိုမောင်နှမတွေကို ဘာတစ်ခုမှမတွက်ကပ်ဘူး"

"အစ်ကိုငထွန်းကားရဲ့ ကျေးဇူးကို မမေ့ပါဘူး အမေရယ်။ မရှိမဲ့ ရှိမဲ့ ပိုက်ဆံငါးမူးကို ဖဲရူံးပစ်သယ်။ ကျုပ် မတုန် လူပ်ဘူး။ ကျုပ်ဝတ်သဲ့ အင်္ကျီ ချွတ်စမ်းကွာ ဆိုပြီး ငါးကျပ်နဲ့ ဖဲရူံးပစ်သယ်။ ကျုပ်ဘာမှမပြောသဲ့အပြင် ၀မ်းတောင် သာသေး အမေရ့"
ငထွန်းကား အပေါ်တွင် အငယ်ကောင်းပုံများကြားရသဖြင့် မယ်ကြွယ်စိုး ဒေါသပြယ်၏ ။ သို့တစေ မောင်ဆေးရိုး စကား မဆုံးသေး။
"မိန်းမသားတွေ အိမ်ထောင်ပြုသဲ့အချက် ကိုးချက်ထဲမှာ မလိမ်မာသဲ့ သမီးကို လိမ်မာအောင် ဆုံးမဘို့ အတွက်သမီး နဲ့ပေးစားသယ် ဆိုသဲ့အချက်တစ်ချက် ပါသယ်အမေ။ ကိုးချက်လုံးပြည့်အောင် အဖေတော့ ပြောတတ် မလားမသိဘူး"
"နင့်အဖေ က ကိုရင်သုံးဝါတောင် ဆိုခဲ့သာပဲ၊သိမှာပေါ့"
"အဲသည်ကိုးချက် ကို သတိရလို့ပြောသာပါ အမေရာ ၊ အစ်ကိုငထွန်းကားကို အပြစ်ပြောသာ မဟုတ် ပါဘူး။ ဟေ့ မယ်ငြိမ်းစည် လူတွေပြောလှပြီ။ မင်းကောင်းကောင်းနေစမ်း တစ်ခွန်း မာန်ကြည့်။ မရီး ပုံစံပြောင်း သွားမယ် အမေ"  "သူနှဲ့ကြုံတုန်းက မပြောခဲ့ဘူးလား"

မယ်ကြွယ်စိုးသည် သားကြီးအတွက် အလေးအနက် စိတ်ကူးများ ၀င်လာဟန်တူ၏။ မောင်ဆေးရိုး ကို မေးပုံ မှာ တွေးတွေး ဆဆ ရှိသည်။
"စိတ်ကူးက အခုမှပေါ်လာသော အမေရ။ သူတို့ရွာကို လှည်းတစ်စီးတည်း အတူစီးပြီးသွားတုန်းက မပေါ်သေး ဘူး"
"အေးဟယ်၊ သည်ကောင့်ကြောင့် စိတ်ရှုပ်သဟယ်"
မောင်ဆေးရိုး တစ်စုံတစ်ရာ ပြန်ပြောရန် ဟန်ပြင်သော်ငြား အိမ်ဝိုင်းထဲသို့ လှည်းတစ်စီးဝင်လာ သဖြင့် စကားပြတ် သွား ၏။ အိမ်ဝိုင်းထဲသို့ ၀င်လာသော လှည်းမှာ ရိုးရိုးလှည်း မဟုတ်။ လှမ်းကြမ်း တစ်စီး၏ ရှိရိုးရှိစဉ် ရံတိုင် ထက် လေးဆ ခန့် မြင့်သော ခြံပါသည့် အိုးလှည်း ဖြစ်နေ၏။

အိုးလှည်းသမားကို မောင်ဆေးရိုး မသိ။ ကျီးဒန်၏ အသိလော ဟု မောင်ဆေးရိုး လှမ်းကြည့်နေစဉ် လှည်းသမား က ကျီးဒန် သို့ စာတစ်စောင် ပေးသည်။ ကျီးဒန်မှာ မူလက စာမတတ်သော်ငြား မောင်ဆေးရိုး သင်ပေးသဖြင့် အရေး အဖတ် အတွက် တတ်မြောက်ခဲ့သည်။ သို့ပါလျက်နှင့် သူသည် စာကို သုံးလေးခေါက် ဖတ်ကြည့်ပြီး မှ မောင်ဆေးရိုးသို့ လှမ်းပေးသည်။
"ရေအိုး ငါးဆယ် နဲ့ သပိတ် နှစ်ရာ တင်ပေးလိုက်ပါ။ မအေးညွန့် နှင့် မရာညွန့်လို့ ပါတယ်၊ ဟုတ်လား"
"အေး ဟုတ်တယ်။ သူ့စာ ကို မပျောက်အောင် သိမ်းထားပေတော့"
သည့်နောက်တွင် ကား လှည်းသမားမှာ အိုးလှည်းထဲရှိ ကောက်ရိုးတွေနှင့် နပန်းလုံး၏။ မောင်ဆေးရိုးမူ အိုးချောင်နှင့် လှည်းကြား တွင် ပြေးလွှားနေရာ ကျီးဒန်မူ အိုးချောင်းထဲ၌ အလုပ်ရှုပ် တော့၏။
လှည်းသမား မှာ မောင်းဆေးရိုး ကမ်းပေးသမျှ ကို ကောက်ရိုးဖြင့် ထွေးပြီး နေရာ ချထားပေးရ၏။ မောင်ဆေးရိုး မှာ ကျီးဒန် ပေးသမျှ ကို သယ်လာရ၏။ လှည်းသမား မအားသေးလျှင် ရပ်စောင့်ရ၏။ ကျီးဒန်မှာ ဖိုထဲမှ ထုတ်ပြီး ကလေးမြေးငယ်နှင့် လွတ်ရာ တွင် ပုံထားသမျှ ကို ရွေးထုတ်ပေးရ၏။

ရေအိုး ငါးဆယ်နှင့် သပိတ် နှစ်ရာ။ ဤရွာ ဤမျှ မုချရှိရမည်ဟု မအေးညွန့်နှင့် မဇာညွန့်တို့က တွက်ပြီး သေချာပေါက် လွှတ်လိုက်ခြင်း ဖြစ်၏။ သို့ရာတွင် ချောစိန်မောင်နှမ ၀င်ရှုပ်သဖြင့် အလုပ်မတွင်ပေ။
"ပေး၊ မီးလည်း တက်မယ်"
သမီးကြီး ချောစိန် က သူ့ခေါင်းထက်ကြီးသော သပိတ်တွေ သယ်ချင်၏။
"သမီး မနိုင်ဘူး။ ကျကွဲမယ်"
ထိုသမီးကြီး ကို ပြောမရသောအခါ ကျီးဒန်မှာ သမီးကို ခါးထစ်ခွင် ချီထားရင်း ဟိုဟာယူ သည်ဟာမယူနဲ့ ပါးစပ်ဖြင့် သာ ညွှန်ကြားနေရ၏။ သည်ကြားထဲတွင် သားငယ် ဘညိန်းက တစ်မှောင့်။ သူက လက်သန်းခန့် တုတ်သော တုတ်ဖြင့် သပိတ်တွေ ကို ခေါက်သည်။ ပုံမှန် အကျက်မှန်သော သပိတ်တွေက အသံမြည်ရာ ဘညိန်း သဘောကျ ၏။

"သံပတ္တယား သံပတ္တယား ဟားဟား" ဖအေနှင့် မအေ ရယ်ချင်ရယ် မရယ်ချင်နေ။ ဘညိန်းကား သပိတ်တွေ ကိုခေါက်ကာ တဟားဟား ဖြစ်နေ၏။ ထိုအချိန်တွင် တစ်ယောက်ယောက် ပေါ်လာပြီး ကလေးနှစ်ယောက်လုံး မဟုတ်စေကာ မူ တစ်ယောက် ပင် ခေါ်သွားဦးတော့ အလွန်အဖိုးတန်မည်။ ယခုသော်ကား တစ်ကောင်တစ်မြီးမျှ မပေါ်လာ။
"နို့ချို့မယ် နို့ချို့မယ်"
သပိတ်တွေ ကို ခေါက်နေရာက ဘညိန်း ဖောက်ပြန်လာသည်။ အစ်မကို ခါးထစ်ခွင်ချီထားသော မအေ ကို ပြေးဖက်သည်။ "ကိုဆေးရိုးရေ၊ လုပ်ပါဦး၊ နို့စို့မလို့တဲ့" မောင်ဆေးရိုး မှာ နို့စို့မည်ဆိုသော အကောင် ကို ကောက်ချီရ၏။

"လူကြီး အလုပ်များနေသာ မင်း မမြင်ဘူးလား"
"နို့ချိုမယ် နို့ချို့မယ်"
ဘညိန်းသည် ဖအေ့ရင်ခွင်မှ အတင်းလျှောဆင်း၏။ အိုးလှည်းထဲက လှည်းသမားမှာ စီစရာ အိုးမရှိသဖြင့် ငုတ်တုတ်ထိုင်နေရ၏။ "ကျုပ်က အချိန်နဲ့ ပြန်ရမှာနော်"
ထိုရောအခါ မောင်ဆေးရိုးလင်မယားမှာ ကလေးနှစ်ယောက်ကို ဘယ်ချောင်တွငက် ထိုးရပါမည် နည်းဟု ချောင်ရှာရသည်။ ရွာမှာ လယ်သမား ချောင်းသမားရွာ မဟုတ်သော်ငြား လယ်ထဲယာထဲသို့ အငှား ဆင်းနေကြရ၏။ သို့ကြောင့် တစ်ရွာလုံး တိတ်နေ၏။

"သားရေ ထမင်းချိုးတွေ"
မောင်ဆေးရိုးက ချိုးကပ်ေ်နသော ထမင်းအိုးကို မီးဖိုထဲမှ ဆွဲထုတ်လာ၏။ ထမင်းချိုင့်ကို ဘညိန်း သာမဟုတ်၊ သမီးကြီး ချောစိန်ပါ သဘောကျသည်။ အားမည့်အားတော့ နှစ်ယောက်လုံး။
"ညည့်သားနဲ့ သမီးကို ပြောရတာနဲ့ ရေတောင်မရေမိတော့ဘူး"
မောင်ဆေးရိုး သပိတ်ကို မရေမိ။ "အကျန်ပဲရေမယ်လေ။ သပိတ်သုံးရာ ပုံထားသာ။ တစ်ရာကျန်ရင် လှည်းထဲ မှာ နှစ်ရာပေါ့" အခက်အခဲကြားတွင် အဆင်ပြေသော ထိုလင်မယားသ်ည အိုးဝယ်သူလာတော့မှ ရန်ဖြစ်တော့ သည်။
"ရွက်အိုးတစ်လုံး ရောင်းပါ" ညောင်ခွရွာမှ မိန်းမတစ်ယောက် ဖြစ်၏။ အရင်းနှီးကြီး မဟုတ်စေကာမူ ကျီးဒန် သိ ၏။ သိသည့် အတွက် မျက်နှာကြောမတည့်။ သို့ကြောင့် မရှိဘူး ဟု တုံးတိဖြေ၏။

"ဟဲ့ ရေအိုးတွေ ရှိသားပဲ"
မောင်ဆေးရိုး က နားစွန်နားဖျားဖြင့် ၀င်ပြောသည်။ "သူက ရွက်အိုး လိုချင်သယ်ပြောလို့ မရှိဘူး ပြောသာ" ဟု ဖြေလိုက် လျှင် ပြီးပါလျက် ကျီးဒန် မဖြေ။ မထီတရီ လုပ်နေသည့်အတွက် မောင်ဆေးရိုးက အိုးတစ်လုံး ဆွဲပေး၏။ "မဟုတ်ဘူး" "ရော် အိုးတစ်လုံးဆိုလို့ အိုးတစ်လုံးတည်း ထုတ်ပေးရသေးရဲက"
"ရွက်အိုးပြောသာ" မယ်ကြွယ်စိုးသာ ရေခပ်သွားရာက အချိန်မီပြန်မရောက်လျှင် ထိုအမျိုးသမီးနှင့် မောင်ဆေးရိုး သတ်ကိန်း။ ကျီးဒန် ကလည်း ဖျဉ်မည်မဟုတ်။ အမြင်ကတ်ကတ်ဖြင့် ကြည့်နေမည်သာ။
"ဟဲ့ ဘုရားကြီးကုန်းပွဲတော်မှာ ဆိုင်ထွက် ဖို့ ထင်တယ်"
မယ်ကြွယ်စိုး ကမေး မှ လှည်းသမားကလည်း "ဟုတ်ကဲ့" ဖြေ၏။ မောင်ဆေး၇ိုးလင်မယားမှာလည်း မြို့ဦးစေတီ ဘုရားပွဲ ကို ယခုမှ သိရတော့သည်။ ထမင်းချိုင့်ခွာစားနေသော ကလေးနှစ်ယောက် ကလည်း ဖွားအေ ထံ ပြေးလာကြ၏။

"ဘုရားပွဲသွားမယ်၊ ဘုရားပွဲ"
"ဟဲ့ ဟဲ့" ဆိုကာ မယ်ကြွယ်စိုးတွန်းပစ်ငြား မရပေ။ မြေးနှစ်ယောက်၏ ပါးစပ်မှ ထမင်းစေ့များ လက်မှအိုးမဲများ ကူးစက် ကုန်တော့သည်။ ပွဲတော်သတင်း ကပ်လိုက်သဖြင့် မကြည်လင်သောစိတ် လွင့်ပါးသွားရပြီ။
ဘုရားကြီးကုန်း မှာ မြို့ဦးဘုရားဖြစ်ကာ၊ ကဆုန်လပြည့်နေ့ မတိုင်မီ ၁၅ရက် ကြိုတင်ပြီး ကျင်းပ သည်။ လယ်သမား သုံး ထွန်သွားနှင့် ထမ်းပိုးတုံး၊ ထွန်သန်၊ ရိုင်ပယ်၊ ပုတ် ကအစ စုံစေ့အောင် ရောင်းချသောကြောင့် လယ်သမား ဘုရားပွဲ ဟု ခေါ်ကြ၏။ ဘုရားဝန်းကျင်ကို ရစ်ခွေပြီး ဖောက်လုပ် ထားသော မဲဇာလီမြောင်း မှာလည်း၊ ဘုရားပွဲတော်ရက်တွင် ရေတွေဗောင်းလန်အောင် လွှတ်ပေး သဖြင့် လယ်သမားများ သဘောကျ၏။

ဘုရားမှာ ကြီးကျယ်။ ဘုရားကြီး ကြီးကျယ်သည့်နှင့်အမျှ ပွဲတော်ကလည်း စည်ကား၏။ အရှေ့ ဘက်သို့ သွားလျှင် ဆုံကုန်း။ တောင်ဘက်သွားလျှင် ရေနံစု၊ အနောက်ဘက်သွားလျှင် မြို့ဈေး အထိ။ ရပ်ဝေးမှ စတိုးဆိုင်ကြီးတွေ ကုန်တိုက်ကြီးတွေ လာရောက်ရောင်းချ ၏။ ကြည့်ချင်ပွဲနှင့် ရုံပွဲသာမက၊ ဆပ်ကပ်၊ မျက်လှည့်၊ ဓာတ်ရှင်များပါ ပါသည့် အတွက် ပို၍စည်ကားသည်။
"ဘုရားပွဲ သွားမယ်၊ အမေကြီးလိုက်ပို့" ကလေးတွေသည် မယ်ကြွယ်စိုးကို ၀ိုင်းဝန်း ပူဆာကြသည်။
"ဟဲ့ ဘုရားပွဲက လိုသေးတယ်ဟဲ့" လိုသေးသည်ကို ကလေးများ နားမလည်။ မယ်ကြွယ်စိုးနှင့် ကလေးနှစ်ယောက် လုံးလည် လိုက်နေ စဉ် ဘမင်းရောက်လာ၏။ ဘမင်းအ၀င်း ညီအစ်ကို နှစ်ယောက် စလုံး က မောင်ဆေးရိုး၏ နှမမယ်မျှင် ကို ၀ိုင်းကြိုက်ကြ၏။ သို့ကြောင့် မယ်မျှင် ကို ကျောင်း ဆရာ မောင်မောင်အေးနှင့် ပေးစား လိုက်ရ၏။

သို့ဖြစ်သောကြောင့် မောင်ဆေးရိုးနှင့် ထိုညီအစ်ကိုမှာ မျက်နှာကြော မတည့်ကြ။ သို့ရာတွင် ကျီးဒန်၏ မျက်နှာ ရှိနေသဖြင့် မလာနဲ့ဟူ၍ကား မပြော။ မပြောသော်ငြား ဘမင်း သိသည်။ "ငါ့ ယောက်ဖ၊ မကြည်သာပါတကား" သို့ကြောင့်၊ တူမကြီး ချောစိန်နှင့် တူငယ် ဘညိန်း ကို အလိုလိုက် ၏။ စိတ်ရှည်၏။
"ဘုရားကြီးကုန်း ပွဲတော်က သိပ်ပျော်စရာကောင်းတာ"
"သွားမယ်သွားမယ် ခုလိုက်ပို့" "အခုသွားရင်၊ ဘုရားပွဲတော်ရက် မဟုတ်သေးတဲ့အတွက် ဆိတ်တွေနဲ့ ဖုန်တွေ သစ်ရွက်ခြောက် တွေပဲ တွေ့မယ်"
"ပွဲ အရှိဘူးလား" "ဘုရားပွဲတောင် မကျင်းပသေးတဲ့အတွက် လူမရှိဘူး။ လူမရှိတဲ့အတွက် ပွဲတို့ ဘိုင်စကုတ်တို့ ဇာတ်တို့ ရုပ်သေးတို့ ခေါက်ဆွဲဆိုင်တို့ လက်ဖက်ရည်ဆိုင်တို့ ကစားစရာဆိုင်တို့ မလာကြသေးဘူး"
ထိုစကား ကို အကြီးမ ချောစိန်က နားလည်သည်။ သို့ကြောင့် ထပ်ဆင့်မေးသည်။

"ပွဲတော်က ဘယ်တော့လုပ်မှာတုံး" "နောက် ငါးရက်လိုသေးတယ်"
ချောစိန်သည် ငါးကိုလည်း သိသည်။ လက်ငါးချောင်း ထောင်ပြလျက် သူကပင် ဘညိန်းကို ချော့မော့နေသေး၏။
"ဟောသည်မှာ ၅ရက် မောင်လေး ရဲ့။ တွေ့လား"
သူသည် လက်ချောင်းများ ကို ချိုးလျက် ရှင်းပြသည်။
ရပ်သူရွာသားများမှာ ဇာတ်ပွဲဆပ်ကပ်မျက်လှည့် စသည့်များ ကြည့်ခွင့်မကြုံကြပေ။ မြို့တွင် ဖြစ်သော ဘိုင်စကုတ်မှာ တစ်ပဲတန်း တစ်မူးတန်ဖြစ်ငြား မကြည့်နိုင်ကြ။ ရံဖန်ရံခါ ဇာတ်တွေလည်း လာရောက် ကပြသည်။ သူလည်း တစ်မူးတစ်ပဲအောက် မလျှော့။ ထို့ကြောင့် ယခုကဲ့သို့ ပွဲတော်ရှိမှ ဘိုင်စကုတ်ကြည့်နိုင် ပွဲကြည့်နိုင်ကြ ၏။

မောင်ဆေးရိုးတို့ မိသားစုကား လှည်းနွားရှိသောကြောင့် ဘုရားပွဲတော်သို့ လှည်းဖြင့် သွားကြသည်။ သို့လျှင် ဘုရားပွဲတော် သို့ သွားရာ၌လည်း တိုးတိုးတိတ်တိတ် မသွား။ အဖော်စပ် သေးသည်။ အဖော်ရပြန်သောအခါ အေးဆေးစွာ တန်းစီမသွား။ "ဟေး ကျန်နေခဲ့ပြီကွ"
"အောင်မောင်း၊ စိန်နပန် တဲ့ဟေ့"
လှည်းတစ်စီးနှင့် တစ်စီး ကျော်တက်သည်။ မခံချင်အောင် စသည်။ ကျော်အတက်မခံသောအခါ လှည်း အပြိုင်မောင်းပွဲဖြစ်တော့သည်။ ခြူသံတလွင်လွင်နှင့်မှ မြိုင်သောကြောင့် ခြူဆွဲပေးငြား လှည်းယဉ် မဟုတ်။ ခလောက်သံ ဒိုးဒိုးဒေါင်ဒေါင် မြည်သော်ငြား လှည်းကြမန်းများသာ ဖြစ်သည်။

ဘုရားကြီးကုန်း ပွဲတော်ကျင်းပချိန်တွင် လယ်လုပ်ငန်း မစသေးသောကြောင့် နွားတွေအားသည်။ သို့ကြောင့် မရိုက်ရဘဲ ပြေးသည်။ မငေါက်ရဘဲ ဒုန်းစိုင်းသည်။ ဘုရား၏အရှေ့ဘက် ရွာတော်ရှင် နတ်ကွန်းနား က ညောင်ပင်ကြီးသည် အရိပ်အာဝါသ ကောင်းလှသည်။ အနယ်နယ် အရပ်ရပ် မှလာသော နွားလှည်းတွေ စုဝေးကြ သည်။
ချောစိန်နှင့် ဘညိန်း မောင်နှမသည် ဘုရားကြီးကုန်းပွဲတော်သို့ ကြွကြွရွရွ လာခဲ့ငြား "အာတာပူစီ" တစ်ခုနှင့် ကျေနပ်ရသည်။ အာတာပူစီမှာ အပူပေးထားသော အိုးထဲမှ ထွက်လာပြီး၊ ဘေးမှာ ကပ်နေသော သကြားမျှင် များ ဖြစ်၏။
"ဂျီးဂွက်ရုပ် ၀ယ်မယ်" "ညင်းရုပ်ဝယ်ပေး"
မောင်နှမနှစ်ယောက် အပြိုင်ပူဆာငြား ကျီးဒန်သည် မောင်ဆေးရိုး အနားသို့ ကပ်ပြီး တွတ်ထိုး၏။

"ဆေးရွက်ကြီးကတော့ ဈေးလဲချို။ အသားလဲကောင်းတော့ တစ်မိုးစာ ၀ယ်ခဲ့ရအောင်၊ ဖက်လဲ များများ မ၀ယ်တောင် တစ်ထုပ်တော့"
"၀ယ်နိုင်ရင် ကောင်းသာပဲဟ၊ ငါလည်း ထွန်သွား ဆယ်ချောင်းလောက် ၀ယ်ချင်သေးသဟ။ ထင်းသမားကို မှာရသာ ဈေးလဲကြီး ကောင်းလဲ မကောင်းဘူး။ ကလေးတွေလည်း အမျှော်ပြေ ကလေးတော့ ၀ယ်ပေးမှဟ"
ကျီးဒန် သည် ခေါက်ဆွဲ မစားဖူးသောကြောင့် ခေါက်ဆွဲ စားချင်၏။ ပေါက်စီ၊ စမူဆာလည်း စားကြည့်ချင်၏။ သို့ရာတွင် ခေါက်ဆွဲတစ်လုံး (တစ်ပန်းကန်) တစ်မူး မှာ ဈေးများသည်။
"တစ်နှစ် မှ တစ်ခါပဲ စားရသာဟာ၊ စားချင်ရင် စားသာစား" မောင်ဆေးရိုးကား ချွေတာရန် ခြိုးခြံရန် သတိ မပေးပေ။ မအားမနား လုပ်ရ ပါလျက် ခေါက်ဆွဲ တစ်လုံး၊ ပေါက်စီတစ်ခု မျှ မစားဖူးသည်ကို မခံချင်။
"နောင်ခါလာ နောင်ခါဈေး ပဲဟေ့၊ လာကွာ၊ ဟေ့ ပေါက်ဖော် ခေါက်ဆွဲနှစ်လုံး"
ဆီကျက်ခေါက်ဆွဲ ဟူ၍ မပေါ်သေး "ဘဲသားနဲ့လား၊ ကြက်သားနဲ့လား" ဟူ၍လည်း မမေးသေးပေ။ မောင်ဆေးရိုးနှင့် ကလေးနှစ်ယောက် က တစ်ပန်းကန်။ ကျီးဒန်က တစ်ပန်းကန်။ သို့သော် တစ်ယောက်တည်းနှင့် တစ်ပန်းကန် ဆို အဘယ်မှာလျှင် ကျီးဒန် မျို၍ကျပါမည်နည်း။

ခေါက်ဆွဲတစ်လုံး (တစ်ပန်းကန်)သည် လယ်သမား၏ တစ်လုတ်စာ ဖြစ်၏။ ထမင်းတစ်စ လယ်ချက် ကောင်းကောင်း ကုန်သော ကျီးဒန်အတွက် ခေါက်တွဲတစ်လုံးမှာ ငါးခါထက် ပိုမလွေးရ ပေ။ သို့ရာတွင် "ရှစ်ပြားကြီးများတောင်" ပေးရသည့်အတွက် ကျီးဒန်အတွက် တန်ဖိုးကြီး နေ၏။ လူကြီးလိုက်ပို့ မှ ရောက်ရ၊ လူကြီးကျွေးမှ စားရသော ကလေးတွေ ကလည်း ပါနေပြန်ရာ ကျီးဒန် ဆန့်ငင်ဆန့်ငင် ဖြစ်နေ၏။
ကလေးနှစ်ယောက် ကား နှုတ်ခမ်းတပြောင်ပြောင်ဖြင့် စား၏။ သူတို့အမေကား တုန်ချည့်တုန်ချည့် ဖြင့် ဘာမျှ မစားနိုင်။ အရာရာ တွင် တွန့်ဆုတ်နေသည်။
"ညင်းရုပ်ဝယ်ပေး" မြင်းရုပ်ကို ကလေးတွေ မျက်စိကျ၏။ အရောင်က အဖြူရောင်။ ဇက်ကြိုးမှာ ခြေကြိုး လက်ကြိုး ပါ တပ်ထားသောအခါ တစ်မူးအောက်မပို။

"ခေါက်ဆွဲစားပြီးပြီပဲ သမီးရယ်။ ပလုတ်တုတ်ပဲ ယူပါ" ပလုတ်တုတ်သည် အသံလည်း မြည်၏။ အသီး ကလေး နှစ်ခုလည်းပါသဖြင့် မျက်စိနောက်စရာ ကောင်း၏။ ရွှေင်္ဟသာ၊ ရွှေဥဒေါင်း၊ မင်းသား၊ မင်းသမီး၊ သိကြားမင်း တို့လည်း ရှိငြား၊ ကျီးဒန် မလှမ်းရဲ။ သစ်သားတုံးတစ်တုံးတည်းဖြင့် လုပ်ထားသော ကျားရုပ်ကိုပင် ကျီးဒန် မကြည့်ရဲ သဖြင့် ပစ်တိုင်းထောင်ကို ကောက်ကိုင်ရ၏။  ဘယ်လိုပဲလုပ်လုပ်၊ ထောင်နေတာပဲ သားရဲ့"
ကျီးဒန် သည် ရယ်စရာမကောင်းဘဲနှင့် ရယ်မောပြ၏။ သို့ရာတွင် ဘညိန်းက ခေါင်းရမ်းပြီး ချိုးရုပ်ကို လက်ညှိုး ထိုးပြ၏။ ချိုးရုပ် မှာ ရွှံ့ဖြင့် လုပ်ပြီး မီးဖုတ်သည်။ ဆေးခြယ်ပုံက မသပ်ယပ်စေကာမူ အသက်အောင့်ထားပြီး ကျီးဒန် မေးရ ရှာသည်။

"ချိုးရုပ်က ဘယ်လောက်တုံးဟင်" "တစ်ပြား" ကျီးဒန် အသက်ရှုချောင် သွား၏။ ချိုးရုပ်တွေကို တစ်ခုပြီး တစ်ခု ကောက်ယူပြီး အမြီး မှ မှုတ်ကြည့်၏။ အသံစိတ်ကြိုက်ရတော့မှ ကျီးဒန်တစ်ပြား ထုတ်ပေး သည်။ ဈေးရောင်းသူ သည် ကျီးဒန် ကို သဘောမကျ။ ဆီမန်းမန်းပြီး ကျန်ရစ်ခဲ့သည်။ "၀ယ်တော့ တစ်ပြားတန် တစ်ခု တည်း။ လျှောက် ကိုင်တာက တစ်ဆိုင်လုံး"
ကလေးတို့ ခြေမညောင်းသော်လည်း ကျီးဒန် ညောင်းပြီ။ ဖအေပေါ်တစ်လှည့်၊ မအေပေါ်တစ်လှည့် လိုက် ပါခဲ့သော ကလေးများသည် သူအို သူနာရုပ်ကို သဘောကျနေသည်။

"တော့်ကလေးတွေနဲ့တော့ နေခဲ့ပေတော့။ ကျုပ် လှည်းကပြန်ပြီး စောင့်နေမယ်"
ကျီးဒန်သည် မိသားစုထဲမှ ဖဲခွာသွားရာ၊ ကလေးနှစ်ယောက်လုံး၏ ကစားစရာတွေကို ယူသွားသည်။ ကလေးများမှာ လူ့အရွယ် ရှိသည့် နိမိတ်ကြီးလေးပါးကို သဘောကျနေကြသည်။
ကလေးတို့သည် နံရိုးအဖြိုင်းသားဖြင့် တောင်ဝှေးထောက်ထားသော လူအိုရုပ်ကို သက်ရှိထင်နေ ကြ၏။ သူနာ၏ ကိုယ်ပေါ်တွင် နားနေသော ယင်ကောင်ကို ချောစိန်က ခဲဖြင့်ပစ်စဉ် ဘညိန်းက ပူဆာ၏။
"အဖေ ဖမ်းပေးပါ" သူသေ၏ ၀မ်းဗိုက်ပေါ်တွင် နားနေသော လင်းတကို ဘညိန်းက ငှက်အစစ်ထင်ပြီး ဖမ်းပေး ရန် ပူဆာသည်။ သို့ရာတွင် သံတိုင်များ ကာရံထားသဖြင့် မောင်ဆေးရိုး သက်သာရာရ၏။
"သံတိုင် ကို အဖေ မတတ်နိုင်ဘူးကွ" "သား တက်နိုင်တယ်"
ဘညိန်း က သံတိုင်တွေကို ကိုင်ပြီး တက်သည်။ ပေါင်ခွင်ထိုးပြီး တက်သည်။ ချော်၍ ကျသည်။ သူ မမောမချင်း မောင်ဆေးရိုး က ထိုင်ကြည့်နေသည်။ ဘညိန်းက တဟားဟား ရယ်မောသည့်နည်းတူ၊ ဘုရားဖူး အခြားသူများ အတွက် လည်း ဘညိန်းမှာ ဟဒယ ရွှင်ဆေး ဖြစ်ပေသည်။

"မောသယ်ဗျာ၊ ရှာလပတ်ရည်သောက်မယ်" ဘညိန်းက အထမ်းသမား ရှာလပတ်ရည်ကို လက်ညှိုး ထိုးပြ သည်။ မောင်ဆေးရိုးက စတုဒိယာ ရေချမ်းစင်သို့ ခေါ်သွားသည်။ ထို့နောက် ဆပ်ကပ်ရုံဘေးရှိ ကျားလှောင် အိမ်နှင့် မျောက်လှောင် အိမ် သို့ ခေါ်သွားသည်။
"အဲသာ ကျားခေါ်သယ် သားရဲ့။ ညကျရင် လူတွေကို ကျားက ကျွမ်းထိုးပြလိမ့်မယ်"
"သား ကြည့်ချင်တယ်"
နေ၀င်သည်နှင့် အိပ်ငိုက်သော သား ၏ အကျင့်ကို သိသောကြောင့် မောင်ဆေးရိုးသည် အလွန်စေတနာ ကောင်းစွာဖြင့် ပြော၏။

"ကြည့်ရမှာပေါ့ကွာ" "အဖေ သူတို့က ဘယ်မှာနေသာတုံးဟင်" ချောစိန်၏ အမေး ဖြစ်သည်။
"တောထဲ မှာ နေတယ် သမီး။ ဒါပေမဲ့ တောထဲကကျား ကို သွားကြည့်ရင် ကျားကိုက်ခံရမှာစိုးသဲ့ အတွက် တိရစ္ဆာန်ရုံ (တိရစ္ဆာန်ဥယျာဉ်)မှာ ထားတယ်" "သမီး ကြည့်ချင်လိုက်သာ" မောင်ဆေးရိုး မကြားဟန် ပြုနေစဉ် ဘညိန်း က မေး၏။

"မျောက်ကတော အဖေ" "သူကလည်း ညကျရင် ထီးဆောင်းပြီး ကမယ်။ မင်းသားလို ကပြမယ်"
"သား ကြည့်ချင်သယ်" "ကြည့်ရမှာပေါ့ကွယ်။ လာလာဟိုမှာ ဆင်ကြီးကို ကြံရိုးတွေ ကျွေးနေကြတယ်၊ သွားကြည် ရအောင်" ဆပ်ကပ်ဆင် မှာ ဆင်လိမ္မာဖြစ်ရာ၊ လူများဖြင့် အုံနေသည်။ ငှက်ပျောသီးကျွေးသူ၊ ကြံကျွေးသူ များ ဖြင့် စည်ကားနေ၏။
"သားလဲ ကျွေးချင်တယ်" ဘညိန်းက ပူဆာသော်ငြား ချောစိန်က "အဖေ့မှာ ပိုက်ဆံမှာ မပါသာ ဘာနဲ့ဝယ် မှာတုံး" ပြောတော့မှ ဘညိန်း သည် အမေကို သတိရ၏။

"အဖေ အမေကော"
"ညောင်းသယ်ဆိုပြီး ရွာပြန်သွားပြီ ထင်သာပဲ"
"ပြန်မယ်၊ အိမ်ပြန်မယ်" "ဟိုဘက်က ဇာတ်ရုံထဲမှာ ကားလိပ်တွေ ပြင်ဆင်ထားသာ၊ ဆိုင်းတွေ ပြင်ဆင်ထား သာ သွားကြည့်ကြဦးစို့"
"မကြည့်ဘူး၊ ပြန်မယ်"
ဘညိန်း သည် မအေကို သတိရသောကြောင့် ပြနလာသော်ငြား လမ်းအရှေ့ဘက် က ရေမြောင်း ဘေး ရှိ ညောင်ပင်အောက် တွင် အမေ့ကို တွေ့လေ၏။
"အမေ ဘာလုပ်" ဘညိန်းသည် မအေကို မြင်သည်နှင့် တစ်ပြိုင်နက်တည်း ပြေးပြီး နို့စို့တော့သည်။

"အပူအစပ်တွေ စားသဲ့ပါးစပ်ကြီးနဲ့ အမေ့နို့ကို လာစို့တော့ အနာဖြစ်မှာပေါ့ သားရဲ့၊ အမေ့ မသနားဘူးလား"
ဘညိန်း သည် နောက်သို့ ဆုတ်ပြီး ပါးစပ်ထဲမှ နို့သီးကို ထုတ်၏။ မအေကို မော့ကြည့်၏။ ကျီးဒန်ကို ရှုံ့မဲ့ပြသော အခါ ဘညိန်းသည် မအေ့နို့ကို အင်္ကျီဖြင့် ဖုံး၏။ "ဥုံဖွ-ဥုံဖွ" လည်း ပြော၏။
"သား ထမင်းစားပြီလား" ဘညိန်း ခေါင်းညိတ်ပြ၏။
"အမေ ထမင်းချက် ထားလိုက်မယ်။ ထမင်းနဲ့ စားရအောင် သားတို့သားအဖေတစ်တွေ မြမန်းသုပ် သွားဝယ်ချေ"
လိုရမည် သဘောဖြင့် ကျီးဒန်သည် ထမင်းကို ပခြုပ်ဖြင့် ထည့်ခဲ့၏။ ပွဲဈေးခင်းထဲတွင် လှည့်လည် စဉ်က မုန့်ဟင်းခါး၊ ခေါက်ဆွဲ ကို မြင်သောအခါ ကျီးဒန်သည် ပခြုပ်ထဲက ထမင်းကို မေ့၏။

ယခု ရုပ်ရှင်ပြရန် ပိတ်ကားကြီး ကို လှည်းရှေ့တွင် လာရောက်ထောင်ထားသောအခါ ထမင်းစားပြီး ဘိုင်စကုတ်ကြည့် မည်။ ပြီးမှ အိမ်ပြန်မည်ဟု စိတ်ကူးပေါက်လျက် ထမင်းပခြုပ်ကို ဖွင့်ခြင်း ဖြစ်ပေ၏။
ဘုရားပွဲတော် မှာ အဝေးပရိသတ်ဖြင့် နံနက်ပိုင်းတွင် စည်ကားခဲ့သည်။ ထိုပရိတ်သတ်များ ပြန်သွားသောခါ မြို့ပေါ် ပရိသတ်ဖြင့် စည်ကားပြန်သည်။ ထို့ကြောင့် ပွဲခင်းမှာ ဖုန်တထောင်းထောင်းဖြင့် စည်ကားမြဲ စည်ကားနေ သည်။ "အဖေ ဟိုဟာ ဘာတုံးဟင်" ဘညိန်းရော ချောစိန်ပါ လျှပ်စစ်မီးကို မမြင်ဖူးကြချေ။ ယခု ချောစိန် လက်ညှိုး ထိုးပြသောအရာ မှာ လမ်းကိုဖြတ်ပြီး သွယ်တန်းထားသော လျှပ်စစ်မီး ဖြစ်၏။

"အဲသာ အင်ဂျင်မီးလို့ခေါ်သယ် သမီးရဲ့" "အင်ဂျင်မီး" ဟု ချောစိန်ရော ဘညိန်းပါ မြည်တမ်းမိကြ၏။ ထိုအခါ သရက်ချင်တောင်ကျောင်း တွင် အင်ဂျင်စက်ရှိသည်ဆိုသော စကားကို ပြန်လည် သတိရကြ၏။ သူတို့ မောင်နှမ သည် အင်ဂျင်စက် အင်ဂျင်မီး ဟူသည် ဤသို့ပါတကားဟု ယခုမှ သိသည်။
မြမန်းသုပ်သည် ကို ရှာ၍ပင် မတွေ့ရတော့ပေ။ တောပရိသတ်သည် ပခြုပ်ဖြင့် ထည့်လာသော ထမင်းကို မုန့်ဟင်းခါးနှ င့် မြမန်းသုတ်ဖြင့် စားကြ၏။ မြမန်းသုပ်သည် မှာ သည်နားတွင် သည်တစ်သည်သာ ရှိ၏။ မောင်ဆေးရိုး သားအဖတစ်တွေသည် မြမန်းသုတ်မရသောအခါ ငါးပေါင်း ကြော်သည်ထံမှ ဘယာကြော် တစ်ပြား ဖိုး နှစ်ခုဝယ်ကာ ပြန်လာကြသည်။
သားအဖ တစ်တွေ ပြန်လာလျှင် အသင့်ဖြစ်စေရန် မကျီးဒန်က ပြန်ရောက်လာသောအခါ အသင့် ဖြစ်တော့သည်။ ဘယာကြော် တစ်ပြားဖိုးဖြင့် ထမင်းစားပြီးချိန်တွင် ဇာတ်ရုံမှ ဆိုင်းသံများ ရုပ်သေးစင်မှ ဆိုင်းသံများ ထွက်ပျံလာ သည်။

"သား ရုပ်သေးကြည့်မလား" ဘညိန်း ခေါင်းခါသည်။ "သမီး ရုပ်သေးပွဲကြည့် မလား" ချောစိန် လည်း ခေါင်းရမ်းသည်။
မကျီးဒန်သည် အညောင်းပြေ ရုပ်သေးစင်ဘက်သို့ လျှောက်ချင်သော်ငြား သားနှင့်သမီးကို အဖော်စပ်၍မရပေ။ သူတို့ အား ဖမ်းစားနေသော အရာမှာ ပိတ်သားအဖြူကြီး ဖြစ်၏။ သူတို့ မောင်နှမသည် ရုပ်သေးကို တစ်နှစ် တစ်ကြိမ် ကြည့်ဖူးကြငြား ဘိုင်စကုတ် ကိုကား တစ်ကြိမ်မျှ မကြည့်ဖူးကြချေ။ သူတို့ ရုပ်သေးပွဲသို့ သွားနေစဉ် ဘိုင်စကုတ် ထွက်မည်စိုးသဖြင့် မလိုက်ခြင်း ဖြစ်၏။
ရုပ်သေးစင်ဘက် သို့ စင်တိုင်သံ လွင့်ဝဲလာချိန်တွင် ဘိုင်စကုတ် စပြ၏။ ပိတ်သားအဖြူပေါ်တွင် အဖြူအမည်း ပြသခြင်း ဖြစ်၏။ ဆန်းလိုက် ဆပ်ပြာကြော်ငြားကားကို လက်ခုပ်လက်ဝါးတီးကာ လက်ခေါက် မှုတ်ကာ ကြိုဆိုကြ၏။ ဒေါ်ဂျမ်းစိန်နှင့် မြင့်ဆွေ-မေနူတို့ သုံးယောက်တည်း ပါဝင်သော "ဆန်းလိုက်ဖူးစာ" အပြီး တွင် မကျီးဒန် ဗွေပေါက် လာ၏။

"ပြန်ကြရအောင်။ လရှိတုန်း ပြန်ကြရအောင်" "အမေကလဲ"
"ဘာအမေ ကလဲ။ နင်တို့ ဘိုင်စကုတ်က ကြီးလာလိုက်၊ သေးသွားလိုက်၊ ပျောက်သွားလိုက်၊ ပေါ်လာလိုက်နဲ့ ဘာအသုံးကျ သတုံး ကိုဆေးရိုး ထ လှည်းတပ်"
အိမ်ပြန်မည့်ကိစ္စကို ကန့်ကွက်သူမှာ ချောစိန်တစ်ယောက်သာ ရှိ၏။ မောင်ဆေးရိုးမှာ ဘိုင်စကုတ် ကို ဇနီးနှင့် ကလေးများ ကြည့်ဖူးစေရန်နေခြင်း ဖြစ်၏။ ယခုသော်ကား ဘညိန်းလည်း အိပ်ပြီ။ အဓိကထားသော မကျီးဒန် က မကြည့်တတ်ဟု ဆို၏။ ချောစိန်လည်း ကြည့်ဖူးချေပြီ။

ဆက်ရန်
.

No comments: