Monday, June 25, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၈)(ဇာတ်သိမ်း)


"လန်ဒန် ကို ပြန်ကြမယ်ထင်တယ်" "မှန်ပါတယ်ခင်ဗျာ" "အကောင်းဆုံးလမ်း ကတော့ ဟောဟို  ကျောက်တိုင် နားရောက် ရင် ဘယ် ကိုကွေ့… ပြီးတော့ ဘုရားရှိခိုးကျောင်း နားရောက်တော့ ညာ ကိုကွေ့... အဲဒီမှာ လမ်းဖြောင့် သွားပြီ" "ကျေးဇူးတင် ပါတယ်... သိပ် ကို ကျေးဇူးတင် ပါတယ်" ကားများဆီ ကို ကျွန်မတို့ ထွက်လာကြသည်။ ဒေါက်တာဘေကာ က ခွေးကို အခန်းထဲ ဆွဲသွင်းပြီး တံခါးပိတ် လိုက်သံ ကြားရသည်။
ခြေတု တစ်ဖက်နှင့် လူတစ်ယောက် က လမ်းဟိုဘက်စွန်း တွင် "ပစ်ကာဒီ မှ နှင်းဆီပန်းများ" သီချင်းကို ပလွေစမှုတ်နေသည်။ ကို ဆက်ဖတ်ရန်..............

အခန်း(၂၇)

ကားနားမှာ ကျွန်မတို့ ရပ်နေကြသည်။ ခဏကြာအောင် မည်သူမျှ စကားမပြောကြ။ ကာနယ်ဂျူလယန်း က သူ့စီးကရက်ဗူး ကို ထုတ်ပြီး လှည့်တည်နေသည်။
ဖေဗယ် ၏ မျက်နှာ မှာ ညို့မှိုင်းနေသည်။ တုန်တုန်ယင်ယင်လည်း ဖြစ်နေသည်။ မီးခြစ်ခြစ်တော့ သူ့လက်များ တုန်နေသည် ကို သတိထားလိုက်မိသည်။
ပလွေ မှုတ်နေသော ခြေတစ်ဖက်နှင့်လူက ဆက်မမှုတ်တော့ဘဲ ဦးထုပ် ကို လက်ထဲမှာကိုင်ကာ ကျွန်မ တို့ဆီ လျှောက် လာသည်။ မက်ဇင်မ် က နှစ်ရှီလင် ပေးလိုက်သည်။ သူ့နေရာသူ ပြန်သွား ပြီး ပလွေ ဆက် မှုတ်နေပြန် သည်။

ဘုရားရှိခိုးကျောင်း မှ ခြောက်နာရီထိုးသံ ကြားရသည်။ ဖေဗယ်က စကားစပြောသည်။ သူ့အသံက တစ်မျိုးဖြစ်နေ သည်။ ကျွန်မ တို့ကို သူမကြည့်ဘဲ စီးကရက်ကို လက်ကြားထဲမှာ လှည့်နေသည်။
"ကင်ဆာရောဂါ ဆိုတာ အင်မတန်ဆိုးတာပဲ... ဒီဥစ္စာ ကူးစက်တတ်တဲ့ ရောဂါမျိုးလား... ဘယ်သူ များသိသလဲ"
ကျွန်မ တို့က မဖြေဘဲ တိတ်နေကြသည်။ ကာနယ်ဂျူလယန်း က သူ့ပခုံးများကို တွန့်ပြရုံပြသည်။

"ကျုပ်တော့ နားကို မလည်တော့ဘူးဗျာ"ဖေဗယ်က ခပ်ထစ်ထစ် ပြောသည်။ "ဘယ်သူ့ကိုမှ ဖွင့်မ ပြောဘဲ သူ့လျှို့ဝှက် ထားတယ်။ ဒင်နီ ကိုတောင် မပြောဘူး။ အင်မတန်ကြောက်စရာကောင်းတာ ပဲ။ ဒီရောဂါမျိုး ရဘက်ကာ မှာ မဖြစ်သင့်ပါဘူး။ အရက်ကလေးများ မသောက်ချင်ကြဘူးလားဗျာ.. ကျုပ်တော့ စိတ်ထိခိုက် သွားပြီ။ ကင်ဆာ... ဘုရား... ဘုရား"
ကိုယ် ကို ရှေ့သို့ကိုင်းပြီး လက်ချောင်းများဖြင့် နေရောင်ကို ကွယ်ကာ တစ်ဖက်သို့ လှမ်းကြည့် သည်။

"ဟို ပလွေဆရာ ကို မောင်းထုတ်လိုက်ကြစမ်းပါဗျာ... နာမချမ်းသာလွန်းလို့..."
"ကျုပ် တို့ သွားကြစို့" မက်ဇင်မ်က ပြောသည်။ "မင်းကားမောင်းနိုင်ရဲ့လား။ မမောင်းနိုင်ရင် ဂျူလယန်း ကို မောင်းပို့ခိုင်းစေချင် သလား"
"ခဏာကြာရင် ကောင်းသွားမှာပါ။ မင်းတို့ နားမလည်ဘူး။ ဒီကိစ္စကြီးဟာ ငါ့ကို အကြီးအကျယ် တုန်လှုပ်ချောက်ချား သွားစေတယ်"
"ကိုယ့်စိတ်ကိုယ်ထိန်း ကိုယ့်လူ...." ကာနယ်ဂျူလယန်းက ပြောသည်။ "ခင်ဗျားအရက်သောက် လိုအပ် တယ် ဆိုရင် ဒေါက်တာဘေကာ ဆီ ပြန်သွားပြီ တောင်းသောက်ပေတော့။ ကယောင်ချောက်ချား ဖြစ်သွားတဲ့ လူကို ဘယ်လို ကုသပေးရမယ် ဆိုတာ သူသိတယ်။ လမ်းဘေးးမှာ မူယာမာယာတွေ လုပ်ပြမနေနဲ့"
"အင်း... ခင်ဗျားပြောတာ မှန်တယ်.. အင်မတန်ကောင်းတယ်"ဖေဗယ်က မက်ဇင်မ်နှင့် ဂျူလယန်း ကို တည့်တည့်စိုက်ကြည့်နေ သည်။

"မင်းအနေ နဲ့ နောက်ထပ် ဘာမှပူစရာမရှိတော့ဘူးပေါ့ကွာ... မဟုတ်ဘူးလား မက်ဇ်..မင်းဘက်က ဂိုးပေါက်ကြီး က ကောင်းကောင်းလုံသွားပြီလေ။ စိတ်ချမ်းသာစွာ နေပေတော့။ ဒေါက်တာ ဘေကာ ကလဲ မင်း လိုချင်တာ တောင်းလိုက်တာ နဲ့ အခကြေးငွေတစ်ပြားမှမယူဘဲ လိုတာတွေ အားလုံး ပို့ပေးပါ့လိမ့်မယ်။ မန်ဒါလေ စံအိမ်ကြီးမှာ တစ်ပတ်တစ်ခါ ညစာစားပွဲကြီး တည်ခင်းရင်း ဟိတ်ဟန်ကြီး တစ်ခွဲသား နဲ့ သာ နေပေတော့။ ခင်ဗျား ကိုလဲ မက်ဇ် က သူ့သားဦးကလေးကို စောင့် ရှောက် ထိန်းသိမ်းပေး ဖို့ ပြောဦး မှာ သေချာပါတယ်"
"ကျုပ် တို့သွားကြရအောင်... လမ်းကျတော့မှ အစီအစဉ်လုပ်တာပေါ့"ဟု ကာနယ်ဂျူလယန်းက ပြောသည်။

မက်ဇင်မ် က တံခါးဖွင့်သည်။ ကာနယ်ဂျူလယန်း က နောက်ခုံမှာ ၀င်ထိုင်သည်။ ကျွန်မက ရှေ့ခုံ မှာ ၀င်ထိုင် သည်။ ဖေဗယက် က ကားကိုမှီရပ်နေဆဲ ရှိသည်။ နေရာမှ မရွှေ့သေး။
"ကိုယ့်လူ... ကိုယ့်အခန်းကိုယ်တန်းပြန်ပြီး အိပ်နေလိုက်ဖို့ အကြံပေးပါရစေ"ဟု ကာနယ်ဂျူလယန်း က ဖေဗယ် ကို တိုတိုတုတ်တုတ်ပြောသည်။ "ပြီးတော့ မော်တော်ကား ကို ဖြည်းဖြည်းမောင်း။ မဟုတ်ရင် လူသတ်မှု့ နဲ့ ထောင်ထဲရောက် သွားလိမ့်မယ်။ တစ်လက်စတည်း မောင့်ရင့် ကို သတိပေးခဲ့ ရ ဦးမယ်။ နောက်ထပ် မောင်ရင့်မျက်နှာ ကို မမြင်ပါရစေနဲ့။ ကျုပ်တရားသူကြီး တစ် ယောက်အနေနဲ့ တစ်ခါ တည်းပြော ခဲ့မယ်။ ကားရစ် နဲ့ ကားရစ်ခရိုင်ထဲကို နောက်ထပ် ဘယ်တော့မှ ခြေချမယ်မကြံနဲ့။

ငွေညှစ်တယ် ဆိုတာ သမာအာဇီဝ လုပ်ငန်း မဟုတ်ဘူး ဖေဗယ်.. ငွေညှစ်တဲ့အမှုမျိုးနဲ့တွေ့ရင် ဘယ်လို ကိုင်တွယ်ဖြေရှင်း ရမယ် ဆိုတာ ကျုပ်တို့ ကောင်းကောင်း သိတယ်"
ဖေဗယ် က မက်ဇင်မ်ကိုကြည့်နေသည်။ သူ့မျက်နှာပေါ်က ညို့မှိုင်းနေသော အရိပ်အယောာင် များပျောက် သွားပြီ။ ယခင်က ပြုံးလေ့ရှိသော မလိုတမာအပြုံးမျိုး ပေါ်လာသည်။
တခြားနည်း နဲ့ ငါတရားစွဲ လို့ ရသေးတယ်။ မက်ဇင်မ် က ကားစက်နှိုးလိုက်သည်။
"မင်းပြောချင်တဲ့ စကား ရှိသေးသလား။ ပြောစရာရှိရင် အခုပြော" "မရှိပါဘူး...မရှိပါဘူး... မင်းတို့ကို ဆွဲ မထားတော့ ပါဘူး။ သွားနိုင်ကြပါပြီ"
နောက်သို့ သူဆုတ်လိုက်သည်။ မလိုတမာပြုံးမြဲ ပြုံးနေသည်။ မော်တော်ကားထွက်လာသည်။ လမ်းကွေ့ အရောက် ပြန်လှည့်ကြည့်သော အခါ ထိုနေရာမှာပင် သူရပ်နေဆဲရှိသည်။ ကျွန်မတို့ကို လက်မြှောက်ပြပြီး ရယ်နေ သည်။

စကားမပြောဘဲ ကျွန်မတို့ ဆက်လာကြသည်။ အတော်ကြာတော့မှ ကာနယ်ဂျူလယန်းက စပြော သည်။
"ဒီကောင် ဘာမှ မလုပ်နိုင်တော့ပါဘူး။ သူပြုံးနေတာက သက်သက် ဖြီးနေတာပါ။ ဒီလိုကောင်မျိုး တွေဟာ ဒီလိုချည်း ပဲ။ ဘာအပြစ် မှ သူထပ်ရှာလို့ မရတော့ဘူး။ ဒေါက်တာဘေကာ ရဲ့ သက်သေခံ ချက်က အားလုံး ကို ချေဖျက်ပစ်လိုက်မှာပဲ"
မက်ဇင်မ် က ပြန်မဖြေ။ သူ့မျက်နှာကို ဘေးတိုက်ကြည့်လိုက်မိသည်။ မည်သို့မျှ အကဲခတ်၍မရ။

"နောက်ဆုံးအဖြေ ဟာ ဒေါက်တာဘေကာဆီမှာပဲ ရှိတယ်လို့ တစ်လျှောက်လုံး ကျုပ်ထင်ခဲ့ တယ်။ တိတ်တိတ် ကလေး ချိန်းပြီး ဆရာဝန်နဲ့ သွားတွေ့တယ်။ မစ္စက်ဒင်ဗာ ကိုတောင် မပြောဘဲ ဖုံးထား တယ်။ မစ္စက်ဒင်ဗာ ကလဲ မသင်္ကာဘူး။ တစ်ခုခုမှားနေပြီဆိုတာ သူသိနေတယ်။ အင်မတန် ကြောက်စရာ ကောင်းတယ်။ တကယ် လန့်စရာ ပဲ။ ရဘက်ကာ လို မိန်းကလေး တစ်ယောက်အဖို့ သူ့ကိုယ်သူ သတ်သေလောက် တဲ့ ရောဂါပါပဲဗျာ"
လမ်းမကြီး အတိုင်း ကျွန်မတို့ မောင်းလာကြသည်။ တယ်လီဖုန်းကြိုးများ၊ ဘတ်စ်ကားများ၊ ပြိုင်ကားများ၊ တိုက်တာ အိမ်ခြေများကို ကျော်ဖြတ်လာကြသည်။ ကျွန်မ တစ်သက်လုံး မေ့နိုင်တော့ မည်မဟုတ်သော မြင်ကွင်း များ ဖြစ်ပါသည်။
"ခင်ဗျား လဲ လုံးဝ မစဉ်းစားမိဘူးမဟုတ်လား" "မစဉ်းစားမိပါဘူး"ဟု မက်ဇင်မ်က ပြန်ဖြေသည်။

"ဒီရောဂါမျိုး ကို လူတွေဟာ သေရမှာထက် ပိုကြောက်ကြတယ်။ အထူးသဖြင့် အမျိုးသမီးတွေက ပိုဆိုးတာပေါ့။ ခင်ဗျား မိန်းမဖြစ်တာ ကိုပဲ ကြည့်လေ...တခြားကိစ္စတွေနဲ့ပတ်သက်လာရင် သူဟာ သတ္တိခဲပဲ။ ဒါပေမဲ့ ဒီကိစ္စကျတော့ သတ္တိမခဲနိုင်တော့ဘူး။ နာကျင်ရမယ့် ဝေဒနာကို ရင်မဆိုင်ရဲ တော့ဘူးလေ... ဒါကြောင့် သူ့နည်းနဲ့သူ ဖြေရှင်းသွားတာပဲ"
"ဟုတ်ပါတယ်ခင်ဗျာ..."
"ရဘက်ကာ သတ်သေရတဲ့အကြောင်းရင်း ဒေါက်တာဘေကာ ပြောပြလိုက်တာတွေ ကားရစ်မှာ ပြန် အသိပေးရင် နောက်ထပ် စိတ်ဆင်းရဲဖို့ အကြောင်းမရှိတော့ပါဘူး။ ဒါမှမဟုတ်ရင် အတင်း အဖျင်းတွေ ပြောနေကြဦးမှာပဲ။ လူတွေဟာ ခက်တယ်။ ဒါကြောင့် မစ္စက်ဒီဝင်းတားအကြောင်း အမှန်အတိုင်း သိကြရင် ခင်ဗျား အတွက်လဲ အစစအရာရာ လွယ်ကူချောမွေ့သွားမယ်"
"မှန်ပါတယ် ခင်ဗျာ... ကျွန်တော်သဘောပေါက်ပါတယ်"
"ဒီဇာတ်လမ်း ကို တစ်ခရိုင်လုံး ဘယ်လောက်ကြာအောင်များ ပြောနေခဲ့ကြသလဲမသိဘူး။ ဘာကြောင့် သူတစ်ပါး အကြောင်း ပြောချင်ကြသလဲ မသိဘူး။ အကြောင်းကလေး တစ်ခုခု မဖြစ် စလောက် ပေါ်လာတာနဲ့ ၀ိုင်းပြီး ပုံကြီးချဲ့ ကြတော့တာပဲ။

ဒီိကိစ္စနဲ့ ပတ်သက်ပြီး ဒုက္ခတစ်ခုခု ပေါ်လာဦးမယ်လို့တော့ ကျုပ်မထင်ဘူး။ ဒါပေမဲ့ လိုအပ်တာတော့ ပြင်ဆင် ထားရ လိမ့်မယ်" "ဟုတ်ပါတယ် ခင်ဗျာ" "မန်ဒါလေနဲ့ ခင်ဗျားရဲ့ လုပ်ငန်းနယ်ပယ် အသိုင်းအ၀ိုင်းကို ခင်ဗျားနဲ့ ခရော်လေ က တာဝန်ယူ ဖြေရှင်းပါ။ ကားရစ် မှာတော့ ကျုပ်တာဝန်ယူမယ်။ ကျုပ်သမီးကို ပြန်ပြောရမယ်။ သူက လူငယ်ပေါင်းစုံ နဲ့ တွေ့နေတာ မဟုတ်လား။ လူငယ်တွေဟာ ဒါမျိုးပြောရတာ သိပ် ၀ါသနာကြီးတာ။ သတင်းစာတွေ ကလဲ ထပ်ပြီး ခင်ဗျား ကို ဒုက္ခ ပေးတော့မှာ မဟုတ်ပါဘူး။ ဒါလဲတော်တော်ကောင်း တာပဲ။ တစ်ရက်နှစ်ရက် အတွင်း ဒီဇာတ်လမ်းကို သူတို့ အရေးရပ်ကြတော့ မှာပါ"
"ဟုတ်ပါတယ်" လန်ဒန်မြို့၏ မြောက်ဘက် ဆင်ခြေဖုံးရပ်ကွက်များသို့ ရောက်လာသည်။ ပင့်ချလေနှင့် ဟင်မ့်စ တက်ရပ်ကွက်များ ကို ရောက်လာသည်။

"ခြောက်နာရီခွဲပြီ။ ခင်ဗျားတို့ ဘာလုပ်ချင်ကြသလဲ။ စိတ်ဂျွန်းဝုဒ်မှာ ကျုပ်ညီမ တစ်ယောက်ရှိ တယ်။ မမျှော်လင့် ဘဲ တွေ့လိုက်ရရင် အံ့အားသင့်သွားမယ်။ သူ့ဆီမှာ ညစာစားပြီး ပက်ဒစ်တန် ဘူတာ ကနေ နောက်ဆုံးရထား နဲ့ ပြန်မယ်။ ခင်ဗျားတို့နှစ်ယောက် ကို သူတွေ့ရင် ၀မ်းသာမှာပဲ"
"ကျေးဇူးတင်ပါတယ်ဗျာ... ဒါပေမဲ့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် နေလိုက်ချင်တယ်။ ဖရင့် ကိုလဲ ဖုန်းဆက် ရဦးမယ်။ တစ်နေရာမှာ ညစာစားပြီး ပြန်မယ်။ လမ်းက တည်းခိုခန်းတစ်ခုခု မှာဝင်အိပ်မယ် လို့ စိတ်ကူးထား တယ်" "ကောင်းပါပြီလေ... ကျုပ်နားလည်ပါတယ်။ ကျုပ်ညီမအိမ်ရှေ့မှာ ချထားပေးခဲ့ပါ။ ရိပ်သာလမ်း ထောင့်မှာ ဆင်းခဲ့မယ်" သူညွှန်ပြသည့် အိမ်ရှေ့သို့ ရောက်လာသည်။

"ဘယ်လို ကျေးဇူးတင်စကား ပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။ ဒီနေ့တစ်နေ့လုံး ကျွန်တော် တို့အတွက် လိုက်ပြီး ဒုက္ခခံနေ ရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုခံစားနေရတယ် ဆိုတာ သိပါတယ်နော်"
"ဒီမှာ ဒီဝင်းတား..ကျုပ်သိပ်ဝမ်းသာတာ တစ်ခုပဲရှိတယ်။ ဒီရောဂါကြောင့် ဒီအဖြစ်အပျက်တွေ ဖြစ်ရတာ မဟုတ်ဘူး ဆိုတာ ဒေါက်တာဘေကာ သေသေချာချာ သိတယ်။ သူသိနေတယ် ဆိုတာ ကို ကျုပ်တို့ သိကြတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ ကိစ္စမ၇ှိတော့ဘူး။ စိတ်မချမ်းသာစရာ ကောင်း တဲ့ ကံမကောင်း အကြောင်းမလှ တဲ့ ဒီအဖြစ်အပျက်ကြီး ကို နောက်ပိုင်းမှာ ထားခဲ့ပေတော့။ ခင်ဗျားကို ဖေဗယ်က ဘာဒုက္ခမှ ထပ် မပေးနိုင်တော့ဘူး ဆိုတာ သေချာပါတယ်။ သူတစ်ခုခုထပ် လုပ်ရင် ကျုပ်ကို ချက်ချင်း အသိပေးပါ။ ဒီငတိ ကို ဘယ်လို ဆက်ဆံရမယ် ဆိုတာ ကျုပ်ကောင်း ကောင်သိတယ်။"
"ကားပေါ်မှ သူဆင်းသည်။ သူ့ပစ္စည်းများကို တစ်ခုချင်း ကောက်ယူသည်။ ပြီးတော့ ကျွန်မတို့ ကို တည့်တည့်မကြည့် ဘဲ ပြောသည်။"

"ခဏဖြစ်ဖြစ်တော့ ခရီးထွက်သွားပါ။ အနားယူလိုက်ပါ။ နိုင်ငံခြားကို သွားရင် ပိုကောင်းမယ်"
ကျွန်မ တို့က ဘာမျှ ပြန်မပြော။ ကာနယ်ဂျူလယန်းသည် သူ့မြေပုံစာရွက်ကို ယမ်းပြန်နေသည်။
"ဒီအချိန် ဆိုရင် ဆွစ်ဇာလန်ဟာ အကောင်းဆုံးပဲ။ သမီးကျောင်းပိတ်ရက်တုန်းက ကျုပ်တို့သွားကြ တာအမှတ်ရနေသေး တယ်။ လမ်းလျှောက်ရတာ သိပ်အရသာရှိတယ်"
သူက စကားရပ်ပြီး လည်ချောင်း ရှင်းနေသည်။ "အခက်အခဲကလေး တစ်ခုနှစ်ခုတော့ ပေါ်ချင် ပေါ်လာနိုင် တယ်။ ဖေဗယ်ကြောင့်တော့ မဖြစ်နိုင်ပါဘူး။ ကျုပ်တို့ ခရိုင်ထဲက တစ်ယောက်မ ဟုတ် တစ်ယေက်ယောက် ဆီ က ပေါ်လာနိုင် တယ်။ သင်္ဘောတည်ဆောက်တဲ့ ဂျိမ်းစ်တက် ထပ်တလဲ လဲပြောခဲ့တာတွေကို ဘယ်သူမှ သိကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ မပူပါနဲ့လေ... လူတွေဟာ ပြောစရာ ကုန်သွားရင် အလိုလိုရပ်သွားကြမှာပဲ။ ချီးမွန်း ခုနှစ်ရက်...ကဲ့ရဲ့ ခုနှစ်ရက်ဆို မဟုတ်လား" သူက ခဏကြာအောင် ရပ်နေသည်။ ပြီးတော့ သူ့ပစ္စည်းများ ကို ရေသည်။

"ကျုပ်ပစ္စည်းတွေအားလုံး စုံပြီထင်တယ်။ မြေပုံ...မျက်မှန်..တုတ်ကောက်...ကုတ်အင်္ကျီ..စုံပြီ။ ကဲ. .နှစ်ယောက်စလုံး ကို နှုတ်ဆက်လိုက်ပါတ်။ သိပ်တော့ အပင်ပန်းမခံကြနဲ့တော့။ တစ်နေကုန် ပင်ပန်းလှပြီ"
နောက်လှည့်ပြီး ခြံထဲသို့ သူဝင်သွားသည်။ အမျိုးသမီးကြီးတစ်ယောက် ထွက်လာကာ သူ့ကိုပြုံး၍ လက်လှမ်းပြတာ တွေ့ လိုက်ရသည်။ ကျွန်မတို့ မော်တော်ကား မောင်းထွက်လာကြ သည်။ ကူရှင်နောက်မှီပေါ် သို့ မှီချလိုက်ရင်း မျက်လုံးကို မှိတ်ထားလိုက်သည်။ ကျွန်မ တို့နှစ်ယောက်တည်း ရှိတော့သည်။ စိတ်တင်းကျပ်မှုများ အားလုံး ပြီးပြေသွားပြီ။ ဘေးဒုက္ခ အပေါင်းတို့မှ လွတ်မြောက်လာပြီဆိုတော့လည်း ရုတ်တရက်တော့ အခံရ ခက်လှသည်။ မြုံနေ သည့် အိုင်းအနာကြီး ရုတ်တရက် ပေါက်သွားသလို ရှိသည်။

မက်ဇင်မ်က ကျွန်မ ကို လှမ်းကိုင်ထားသည်။ ပတ်ဝန်းကျင်ကို ကျွန်မ မမြင်။ မော်တော်ကားသံတွေ ဟွန်းတီးသံတွေ ကို ကြားနေရသည်။ လန်ဒန်မြို့ကြီး၏ မမောပန်းနိုင်သော ဆူညံသံများ။ သို့သော် ဒါတွေထဲမှာ ကျွန်မ မပါ။ ငြိမ်းချမ်းသည့် တစ်နေရာ မှာ ကျွန်မ အနားယူနေပြီ။ ဆူညံသံများသည် ကျွန်မကို ဒုက္ခ မပေးနိုင်တော့။ အခက်အခဲကြီး တစ်ခုအတွင်းမှ ကျွန်မတို့ လွတ်မြောက်လာကြပြီ မဟုတ်လား။
မော်တော်ကား ကို မက်ဇင်မ်ရပ်လိုက်တော့မှ မျက်လုံးဖွင့်ကြည့်ပြီး ကိုယ်ကို မတ်မတ်ထိုင်လိုက် သည်။ ဆိုဟို ရပ်ကွက် လမ်းကျဉ်းကလေးတစ်ခုထဲမှ စားသောက်ဆိုင်များ ရှေ့ရောက်နေသည်ကို တွေ့ရသည်။ ကျွန်မခေါင်းထဲ မှာ မူးဝေနောက်ကျိ နေသည်။

"ညီမလေး...မင်း သိပ်ပင်ပန်းနေပြီ။ အစာလဲမရှိ။ ပင်ကလဲ ပင်ပန်းဆိုရင်ဘာမှ လုပ်နိုင်မှာမဟုတ် ဘူး။ တစ်ခုခု စားလိုက်မှ ကောင်းသွား မှာ။ အစ်ကိုလဲ အတူတူပဲ။ ဒီထဲမှာ တစ်ခုခုဝင်စားကြရ အောင်... ဖရင့် ဆီကိုလဲ အစ်ကို ဖုန်းဆက် ရဦးမယ်"
ကားပေါ်မှ ဆင်းပြီး စားသောက်ဆိုင်ကလေးထဲသို့ ၀င်ခဲ့ကြသည်။ ဆိုင်ရှင်ရယ်၊ စားပွဲထိုး ရယ်၊ ကောင်တာနောက်မှ မိန်းကလေးတစ်ယောက်ရယ်ကလွဲပြီး မည်သူမျှ မရှိဘဲ ရှင်းလင်းနေ သည်။ ထောင့် က စားပွဲမှာ ကျွန်မ တို့ သွားထိုင်သည်။ မက်ဇင်မ်က အစားအသောက်များ မှာသည်။
"အရက်သောက်လိုက်ရရင် ကောင်းမယ်လို့ ဖေဗယ်ပြောတာ မှန်တယ်။ အစ်ကိုတို့ အရက်နည်း နည်းသောက်ကြရအောင်...  ဘရန်ဒီကလေး သောက်လိုက်နော်..."
စားသောက်ဆိုင်ပိုင်ရှင် လူဝကြီးက ပြုံးပြီးနှုတ်ဆက်သည်။ အစားအစာများ ယူလာပေးသည်။ ဘရန်ဒီနှင့် ဆိုဒါ သောက်လိုက်ရသဖြင့် နေသာထိုင်သာ ရှိသွားသည်။

"စားပြီးရင် အစ်ကိုတို့ ဖြည်းဖြည်းကလေး ကားမောင်းသွားကြမယ်။ ရာသီဥတုက အေးနေပါပြီ။ လမ်း တစ်နေရာရာ က တည်းခိုခန်းတစ်ခုခုမှာ အိပ်ကြတာပေါ့။ နောက်တစ်နေ့ မနက်မှ မန်ဒါလေ ကိုပြန်မယ်"
"ကောင်းပါတယ် အစ်ကို"
"ဂျူလယန်းညီမ နဲ့ ညစာအတူစားပြီး ရထားနဲ့ မပြန်ချင်ပါဘူးနော်"
"မပြန်ချင်ပါဘူး အစ်ကို"
မက်ဇင်မ်က သူ့ဖန်ခွက်ကို အကုန်သောက်လိုက်သည်။ သူ့မျက်လုံးများ ကျယ်လာသည်။ မျက် ကွင်းများ ညိုနေသည်။
"အဖြစ်မှန် ကို ဂျူလယန်း ရိပ်မိနေတယ် ထင်သလား"ဟု သူကမေးသည်။

သူ့ကို ငေးကြည့်ပြီး ကျွန်မ အကဲခတ်နေမိသည်။ ဘာမျှတော့ ပြန်မပြောဖြစ်။
"သူသိတယ်... ဟုတ်တယ်... သူသိတယ်"
"သူသိရင်လဲ ဒီအကြောင်းကို သူ ဘယ်သူ့မှ ထုတ်ဖော်ပြောမှာ မဟုတ်ပါဘူး အစ်ကို...."
"ဟုတ်တယ်... မပြောပါဘူး"
နောက်ထပ် အရက်တစ်ခွက် သူထပ်မှာသည်။ ကျွန်မတို့နှစ်ယောက် တိတ်ဆိတ်အေးချမ်းစွာ ထိုင်ပြီး အရက်သောက်နေ မိကြသည်။
"ရဘက်ကာ ဟာ ရည်ရွယ်ချက်နဲ့ အစ်ကိုတို့ကို ညာပြောတာ။ အင်မတန်ကြီးကျယ်တဲ့ သူ့ဘ၀ ရဲ့ နောက်ဆုံးလိမ်ညာမှုကြီးပေါ့။ သူ့ကို အစ်ကို သတ်ပစ်ချင်တယ်လေ... ပြီးတော့ ဘာတွေဖြစ် တော့မယ် ဆိုတာ သူကြိုမြင်ထားပြီးပြီ။ ဒါကြောင့် သူရယ်နေခဲ့တာပေါ့။ ဒါကြောင့် သူအသက်ကုန် သွားတဲ့အထိ အစ်ကိုရှေ့ မှာ ရပ်ပြီး ရယ်နေခဲ့ တာပေါ့"
ကျွန်မ က ငြိမ်နေသည်။ ဘရန်ဒီနှင့် ဆိုဒါ ကိုသာ ဆက်သောက်နေသည်။ အားလုံးပြီးသွားပါပြီ။ အားလုံး ဖြေရှင်းပြီး သွားပါပြီ။ ဘာမျှ ကိစ္စမရှိနိုင်တော့။ မက်ဇင်မ်အဖို့လည်း ဒုက္ခရောက်စရာ အကြောင်း မရှိတော့။

"ဒါဟာ သူရဲ့နောက်ဆုံး လက်တွေ့ပြက်လုံးကြီးပဲ။ အကောင်းဆုံး ပြက်လုံးကို နောက်ဆုံး ထုတ် သွား တာပေါ့လေ... သူအနိုင်ရမသွားဘူးလို့ မပြောနိုင်အောင် ဖြစ်နေတယ်။ အခုအချိန်အထိ အစ်ကို မသေချာဘူး"
"ဘာ ဆိုလိုတာလဲ.... ဘယ်လိုလုပ်ပြီး သူအနိုင်ရနိုင်မှာလဲ အစ်ကို"
"မသိဘူး... မသိတော့ပါဘူးကွယ်။ ကဲ… ဖရင့်ဆီကို ဖုန်းဆက်လိုက်ဦးမှ"ဟု အရက်လက်ကျန်ကို သောက်ပြီး ထိုင်ရာ မှ သူထသည်။
ကျွန်မ က ထိုင်မြဲထိုင်နေသည်။ စားပွဲထိုးက ပုစွန်ထုပ်ကြော်များ ယူလာပေးသည်။ အလွန်ပူပြီး အလွန်အရသာ ရှိသည်။ နောက်ထပ် ဘရန်ဒီနှင့်ဆိုဒါ တစ်ခွက် ရောက်လာသည်။ စိတ်ချမ်းသာစ ရာကောင်းလှသည်။ စားပွဲထိုး ကို ပြုံးပြလိုက်သည်။ ပေါင်မုန့်ထပ်တောင်းသည်။ သည်စားသောက် ဆိုင်ကလေးထဲမှာ အေးချမ်းလှပါသည်။ စိတ်ချမ်းသာစရာကောင်း လှပါသည်။ ကိုယ့်အိမ် ကိုယ့်ရာ မှ နေရသလိုလည်း ခံစားလာရသည်။
မက်ဇင်မ်နှင့်ကျွန်မ နှစ်ယောက် တည်း အတူတူရိှနေပြီ။ တစ်စိတ်တစ်ဝမ်းတည်း ရှိနေပြီ။

အားလုံးပြီးသွားပြီ။ အားလုံးရှင်းသွားပြီ။ ရဘက်ကာ သေသွားပြီ။ ကျွန်မတို့ ထိခိုက်နစ်နာအောင် ရဘက်ကာ ဘာမှ မလုပ်နိုင်တော့ပြီ။ မက်ဇင်မ် ပြောသလို သူ့ဘ၀၏နောက်ဆုံး ပြက်လုံးကို သူထုတ်သွားပြီ။ နောက်ထပ် သူဘာမျှ မလုပ်နိုင်တော့။ ဆယ်မိနစ်လောက်ကြာတော့ မက်ဇင်မ် ပြန်ထွက်လာသည်။
"ဘယ်လိုလဲ အစ်ကို... ဖရင့် ဘယ်လိုလဲ...."
"ဖရင့် ဘာမှမဖြစ်ပါဘူး။ ရုံးမှာ သူရှိနေတယ်။ ညနေလေးနာရီကစပြီး ဖုန်းထိုင်စောင့်နေတာ။ အဖြစ်အပျက်တွေ အားလုံး ပြောပြလိုက်တယ်။ သူဝမ်းသာသွားတယ်။ စိတ်သက်သာ သွားတယ်"
"ဟုတ်လား...." "တစ်ခုခုတော့ အဆင်မပြေသလို ဖြစ်နေသေးတယ်"
မက်ဇင်မ်က တစ်လုံးချင်းပြောသည်။ သူ့နဖူးပေါ်တွင်လည်း အရေးအကြောင်းများပေါ်လာသည်။

"မစ္စက်ဒင်ဗာတော့ ရှင်းသွားပြီ လို့ သူထင်တယ်တဲ့။ ထွက်သွားပြီတဲ့။ ပျောက်သွားပြီတဲ့။ ဘယ်သူ့ ကိုမှဘာမှမပြောဘဲ တစ်နေကုန် ထုပ်ပိုးပြင်ဆင်နေတယ်တဲ့။ ညနေလေးနာရီလောက် ကျတော့ ဘူတာရုံက လူတစ်ယောက်လာပြီး သူ့ပစ္စည်းတွေကို သယ်သွားတယ်တဲ့။ ဖရစ်က အဲဒီအ ကြောင်းသူ့ကို ဖုန်း ဆက်ပြောတယ်။ ဖရင့်က မစ္စက်ဒင်ဗာကို သူ့ရုံးလွှတ်လိုက်ပါလို့ ပြောတယ်။ ဖရင့်စောင့်နေပေမယ့် မစ္စက်ဒင်ဗာ လုံးဝပေါ် မလာတော့ဘူး။ အစ်ကို ဖုန်းမဆက်ခင် ဆယ်မိနစ် လောက်က ဖရစ်က ဖုန်းဆက်သေးတယ်တဲ့။ မစ္စက်ဒင်ဗာ ဆီကို ရပ်ဝေးက ဖုန်းလာတယ်တဲ့။ မစ္စက်ဒင်ဗာ ရဲ့ အခန်းကို လိုင်းပြောင်းပေးလိုက်တယ်တဲ့။ အဲဒီဖုန်း ကို မစ္စက်ဒင်ဗာ လက်ခံစကား ပြောသေးတယ်တဲ့။

အချိန်က ခြောက်နာရီနဲ့ ဆယ်မိနစ်လောက်ဖြစ်မယ်တဲ့။ ခြောက်နာရီနဲ့ လေးဆယ့်ငါးမိနစ်မှာ ဖရစ်ပြန်သွားပြီး မစ္စက်ဒင်ဗာ ရဲ့ အခန်းတံခါးကို ခေါက်ကြည့်တော့ အထဲမှာ ဘယ်သူမှမရှိတော့ဘူးတဲ့။ အိပ်ရာတွေလဲ ရှင်းနေတယ်တဲ့။ ဒါနဲ့ သူတို့လိုက်ရှာကြတယ်။ မတွေ့ ဘူး၊ သူထွက်သွားပြီလို့ သူတို့ထင်ကြတယ်။ အိမ်ရှေ့ခြံတံခါး က ထွက်တာမဟုတ်ဘဲ အိမ်နောက် ဘက်သစ်တောထဲကနေဖြတ်ပြီး ထွက်သွားတာဖြစ်မယ် လို့ ပြောတယ်"
"အဲဒါ အကောင်းဆုံးဖြစ်သွားတာပေါ့ အစ်ကိုရယ်...မဟုတ်ဘူးလား။ ဒုက္ခပေါင်းစုံထဲက ကျွန်မတို့ ကို ကယ်တင်လိုက်တာနဲ့ အတူတူပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ကလဲ သူ့ကို အလုပ်ထုတ် ပစ်ကြရတော့မှာ မဟုတ်လား။ ဒါကိုလဲ သူအကဲခတ်မိထားရောပေါ့။ မနေ့ညက သူ့မျက်နှာကို ကြည့်ရတာ ကျွန်မတော့ ဒီအတိုင်းပဲ ထင်တယ်။ အဲဒီအကြောင်းကိုတောင် ကျွန်မ စဉ်းစားနေမိ သေးတယ်"
ဒီလို တိတ်တိတ် ထွက်သွားတာ အစ်ကို မကြိုက်ဘူး။ နည်းနည်းကလေးမှ မကြိုက်ဘူး။

"သူ ဘာမှမလုပ်နိုင်တော့ပါဘူး အစ်ကိုရယ်... သူထွက်သွားတာဟာ အကောင်းဆုံးပေါ့။ သူ့ဆီကို ဖုန်းဆက်တယ် ဆိုတာ ဖေဗယ်ပဲ ဖြစ်ရမယ်။ ဒေါက်တာဘေကာ ရှင်းပြတာတွေကို ဖေဗယ် ဖုန်း ဆက် ပြောတာပဲ ဖြစ်ရမယ်။ ကာနယ်ဂျူလယန်း သတိပေး လိုက်တာလဲ သူပြောပြမှာပေါ့။ သူတို့ ဘာမှ မလုပ်ရဲကြတော့ ပါဘူး။ ဘာမှလဲ မလုပ်နိုင်ကြတော့ပါဘူးလေ။ ဒီအလုပ်မျိုးဟာ သိပ်ကို အန္တရာယ်ကြီးတယ် မဟုတ်လား"
"ငွေညှစ်တဲ့အကြောင်းကို အစ်ကို စဉ်းစားနေတာ မဟုတ်ပါဘူး"
"ငွေညှစ်တာ အပြင် သူတို့ ဘာများကော လုပ်နိုင်ကြဦးမှာလဲ အစ်ကို။ ကာနယ်ဂျူလယန်းပြော တဲ့အတိုင်း ကျွန်မ တို့ လုပ်ဖို့ပဲ ရှိတော့တယ်။ ဒါတွေကို မေ့ပစ်ရမယ်။ ဒီအကြောင်းတွေ ထပ်စဉ်း စားဖို့ မလိုတော့ဘူး။ အားလုံးပြီးသွားပါပြီ အချစ်ရယ်... ပြီးသွားပါပြီ။ ဘုရားသခင်ရှေ့တော် မှောက်မှာ ဒူးထောက်ပြီး ဒီကိစ္စကြီး အခုလိုပြီးဆုံးသွားတဲ့အတွက် ဂုဏ်ကျေးဇူးတော် ကို ရှိခိုးရမယ် အစ်ကို" မက်ဇင်မ် က ဘာမျှ ပြန် မပြော။ ရှေ့ကိုသာ ငူငူကြီး စိုက်ကြည့်နေသည်။

"ပုစွန်ထုပ်ကြော်တွေ အေးကုန်တော့မယ် အစ်ကို။ ပူနေတုန်း စားလိုက်ပါဦး အချစ်ရယ်... အစ်ကို့ ဗိုက်ထဲမှာ တစ်ခုခု ၀င်သွားရင် အစ်ကိုနေသာ ထိုင်သာ ရှိသွားမယ်။ အစ်ကို သိပ်ပင်ပန်းနေပြီ"
စောစောက ကျွန်မကို သူပြောခဲ့သည့်စကားများကိုပင် ကျွန်မက သူ့ကိုပြန်ပြောရတော့သည်။ ကျွန်မ နေသာထိုင်သာ ရှိလာသည်။ အားမန်တွေ ပြန်လည်ပြည့်ဖြိုးလာသည်။ အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းများ အားလုံး ပျောက်ကွယ်သွားပါပြီ။
ပေါ်ပေါက် လာသည့်အဖြစ်အပျက်က သူ့ကိုရောင်ပြန်ဟပ်လာခြင်းမှာ သူပင်ပန်းနေသောကြောင့် သာဖြစ် ပါသည်။ ပူပင်သောကရောက်စရာ ဘာအကြောင်းမျှမရှိတော့ပါ။ မစ္စက်ဒင်ဗာလည်း မရှိတော့ပြီ။ ကျွန်မတို့ အတွက် အရာရာ တို့သည် လွယ်ကူချောမောစွာ ဖြေရှင်းပြီးသား ဖြစ်နေပြီ။

"ပုစွန်ထုပ်တွေ စားလိုက်ပါဦး အစ်ကို"
ကျွန်မ တို့၏ အနာဂတ်သည် ယခင်ကနှင့် လုံးဝတူတော့မည်မဟုတ်။ ကျွန်မသည် အိမ်ဖော်တွေ ရှေ့မှာ မနေတတ် မထိုင်တက်နှင့် ရှက်ကိုးရှက်ကန်း ဖြစ်နေတော့မည်မဟုတ်။ မစ္စက်ဒင်ဗာ မရှိတော့သည့်အတွက် အိမ်ကြီး ကို ကျွန်မတာဝန်ယူ ထိန်းသိမ်းအုပ်ချုပ်ရတော့မည်။
မီးဖိုချောင်ထဲ ရှိ ထမင်းချက်များနှင့် တွေ့ရမည်။ ကျွန်မကို သူတို့ သဘောကျကြပါမည်။ လေးစား ကြပါလိမ့် မည်။ ကျွန်မတို့၏ ဥယျာဉ်ခြံမြေတွေအကြောင်းလည်း တဖြည်းဖြည်း လေ့လာရမည်။ ခြံတွေ ယာတွေ အကြောင်း ရှင်းပြဖို့ ဖရင့် ကိုပြောမည်။ သူ့ကို ခင်ပါသည်။ မည်သို့စီမံခန့်ခွဲ အုပ်ချုပ်ရသနည်း ဆို သည်များ ကို လေ့လာရမည်။

ပန်းခြံထဲက တချို့ဟာတွေကို အပြောင်းအလဲလုပ်ပစ်ရဦးမည်။ နံနက်ခန်းရှေ့တည့်တည့်ရှိ မြက်ခင်းအလယ်မှာ လူကိုယ်တစ်ပိုင်း ဆိတ်ကိုယ်တစ်ပိုင်း နတ်ရုပ်တစ်ရုပ်ရှိသည်။ ထိုနတ်ရုပ်ကို ကျွန်မ မကြိုက်ပါ။ ထို့ကြောင့် ဖယ်ရှားပစ်ရမည်။
ကျွန်မ လုပ်စရာတွေ အများကြီးရှိနေသည်။ တဖြည်းဖြည်းချင်း လေ့လာကာ နည်းနည်းချင်း လုပ်သွားရမည်။
လူတွေ လာလည်ကြပေလိမ့်မည်။ လာလည်ကြပါ။ ညအိပ်ကြပါ။ စားကြမည်။ သောက်ကြမည်။ စားကြပါ။ သောက်ကြပါ။ ကျွန်မ ကျေနပ်ပါသည်။
ကျွန်မ တို့ သားသမီးတွေလည်း မွေးရဦးမည်။ မှန်ပါသည်။ သားတွေ သမီးတွေလည်း မွေးရပါဦး မည်။ "၀ပြီလား... အစ်ကိုတော့ မစားနိုင်တော့ဘူး။ ကော်ဖီကြမ်းတစ်ခွက် ပေးစမ်းပါ။ ခါးခါးနော်.. .ပြီး တော့ ဘယ်လောက်ကျသလဲ။ ငွေရှင်းရအောင်" မက်ဇင်မ်က ရုတ်တရက် ကျွန်မကို ပြောပြီး တစ် ဆက်တည်း စားသောက်ဆိုင် ပိုင်ရှင်ကို လှမ်းပြောသည်။

ဘာကြောင့် ကျွန်မတို့ စောစောသွားရမည်နည်းဟု တွေးကြည့်နေမိပါသည်။ သည်စားသောက် ဆိုင်ကလေး အတွင်း မှာ နေသာထိုင်သာ ရှိနေသည်။ သည်နေရာမှာ ကျွန်မ ဆက်ထိုင်နေချင်သည်။ သည်နေရာကလေးမှာ ဘယ်လောက်ပဲကြာကြာ မထတမ်း ကျွန်မထိုင်နိုင်ပါသည်။
မက်ဇင့်မ်နောက်မှ ဆိုင်ပြင် သို့ ကျွန်မထွက်လိုက်လာခဲ့သည်။ ကျွန်မအနည်းငယ် ဒယီးဒယိုင်ဖြစ် နေသည်။ သမ်းလည်း သမ်းနေသည်။ "ကားနောက်က ကူရှင်မှာ ညီမလေး အိပ်လို့ရပါ့မလား။ အစ်ကို စောင် နဲ့ထွေးထားပေးမယ်။ အစ် ကို့ကုတ် အင်္ကျီလဲ ရှိတယ်"
"လမ်းတစ်နေရာရာ မှာ ဒီနေ့ည၀င်အိမ်မယ်လို့ ကျွန်မထင်နေတာ။ ဟိုတယ်သေးသေးကလေး တစ်ခုခု မှာလေ..."ဟု ကျွန်မက ပြန်ပြောသည်။
"ဟုတ်တယ်။ စောစောကတော့ အဲဒီလို စိတ်ကူးခဲ့တာပဲ။ ဒါပေမဲ့ ဒီနေ့ညကို အရောက်ပြန်မှဖြစ် မယ်လို့ အစ်ကို့စိတ်ထဲ မှာ ခံစားနေရတယ်။ နောက်ထဲမှာ ညီမလေးအိပ်လို့ ရပါ့မလား"
"ရပါတယ် အစ်ကို...ရမယ် ထင်ပါတယ်" ကျွန်မက မယုံတစ်ဝက်ယုံတစ်ဝက်နှင့် ပြန်ပြောမိပါသည်။

"အခု ရှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ် လိုသေးတယ်။ ဒီအချိန်ထွက်ရင် နှစ်နှာရီခွဲလောက် ရောက်သွား မယ်။ မော်တော်ကား အသွားအလာလဲ သိပ်များမှာ မဟုတ်ဘူး"
"အစ်ကို သိပ်ပင်ပန်းသွားမှာပေါ့။ အရမ်းကို ပင်ပန်းသွားမှာပေါ့ အစ်ကို"
သူက ခေါင်းယမ်းပြသည်။
"ကိစ္စမရှိပါဘူးကွာ...အစ်ကို ကောင်းသွားမှာပါ။ အိမ်ကို မြန်မြန်ပြန်ရောက်ချင်နေပြီ။ တစ်ခုခုမှား နေပြီ။ အစ်ကို သိတယ်။ ဒါကြောင့် အိမ်ကို ပြန်ရောက်ချင်ပြီ"
သူ့မျက်နှာပေါ် မှာ သောကရိပ်များကို မြင်ရသည်။ ကားတံခါးကိုဖွင့်ပြီး နောက်ခုံမှာ ကျွန်မ အိပ်နိုင် အောင် သူက ပြင်ပေးသည်။

"ဘာများ မှားနိုင်မှာမို့လဲ အစ်ကိုရယ်... ပြဿနာတော့ အားလုံးဖြေရှင်းလို့ ပြီးသွားပြီပဲ။ ဒီအချိန် မှာ ပူပင်သောက ရောက်နေတာ အပိုပေါ့။ ကျွန်မတော့ အစ်ကို့ ကို နားမလည်နိုင်တော့ဘူး"
သူ က တစ်စုံတစ်ရာ ပြန်မဖြေ။ နောက်ခုံမှာဝင်ပြီး ကျွန်မလှဲလိုက်သည်။ ခြေနှင့် လက်များ ကို ကွေးပေးလိုက်သည်။ သူကစောင်နှင့်ထွေးပေးသည်။ ကျွန်မ တွေးထင်ထားသည်ထက်ပင် ပိုပြီး နေသာ ထိုင်သာ ရှိပါသည်။ ခေါင်းအောက် သို့ ခေါင်းအုံးကို ကျွန်မထိုးသွင်းလိုက်သည်။

"ဘာမှမဖြစ်ပါဘူးနော်.. ဒီအတိုင်း အိပ်ပြီး လိုက်နိုင်တယ်နော်"
ကျွန်မ က သူ့ကိုပြုံးပြလိုက်ပါသည်။
"ဖြစ်ပါတယ် အစ်ကို...အဆင်ပြေပါတယ်။ ကျွန်မ အိပ်ပျော်သွားမှာပါ။ လမ်းပေါ်က ဟိုတယ်မှာ ကျွန်မ မနေချင်တော့ ပါဘူး။ အိမ်ပြန်ကြတာပဲ ပိုကောင်းပါတယ်။ နေမထွက်ခွင် အများကြီး စောပြီး မန်ဒါလေကို ကျွန်မ တို့ ရောက်သွားကြမှာပဲ"
ကားရှေ့ခန်း မှာ သူတက်ထိုင်ပြီး စက်နှိုးသည်။ ကျွန်မက မျက်လုံးကို မှိတ်ထားလိုက်မိသည်။ မော်တော်ကား စ ထွက်လာသည်။ ထိုင်ခုံမှ စပရိန်များက တငြိမ့်ငြိမ့်ခုန်နေသည်မှာ စည်းချက် လိုက်သလို ရှိနေသည်။
နောက်မှီကူရှင် မှာ မျက်နှာအပ်လိုက်သည်။ မျက်လုံးအစုံကို မှိတ်ထားသော်လည်း မျက်နှာပေါင်း များစွာ ကို မြင်ယောင်နေမိသည်။ မမေ့သေးသော အကြောင်းအရာများ မေ့ပျောက်နေသော အကြောင်းအရာများ တစ်ခုပြီး တစ်ခု ပြန်ပေါ်လာကြသည်။

မစ္စက်ဗန်ဟော့ပါး ၏ ဦးထုပ်မှ ငှက်တောင်တစ်ချောင်း၊ ဖရင့်ခရော်လေ၏ ထမင်းစားခန်း ထဲမှ နောက်မှီမာမာထောင့်ထောင့်နှင့် မတ်နေသော ကုလားထိုင်များ၊ မန်ဒါလေစံအိမ်ကြီး၏ အနောက် ဘက်ဆောင် မှ ပြတင်းပေါက်ကျုယ်ကြီး၊ မွန်တိကာလို တုန်းကလမ်းဘေးမှ လက်လှမ်းပြသည့် လယ်သူမ ကလေး။
မြက်ခင်းပေါ် တွင် လိပ်ပြာကလေးများနောက် သို့ ပြေးလိုက်နေသည့် ဂျက်စ်ပါကိုလည်း စိတ်ကူး ထဲမှာ မြင် ရသည်။
ဒေါက်တာဘေကာ ၏ အိမ်ကို ညွှန်ပြသော စာပို့သမား၊ ပြုံးပြနေသည့် စိတ်မနှံ့သူ ဘင်း၏မျက်နှာ၊ ကျွန်မကို လက်ဖက်ရည်သောက်သွားပါဦး ဟု ပြောနေသော ဂိုဏ်းအုပ်ကြီး၏ဇနီး၊ ပြီးတော့ ကျွန်မ အိပ်ပျော်သွားသည်။

နေရာကျဉ်းကျဉ်းကလေးမှာ အိပ်ရသည့်အတွက် ပြန်နိုးလာသည်ပြန်သည်။ အပြင်မှာ အမှောင်က ကြီးစိုးနေသည်။ မျက်နှာချင်းဆိုမှလာသော မော်တော်ကားမီးရောင်အချို့ကို မြင်ရသည်။
တောရွာကလေးများ ရှိ အိမ်များမှ ခန်းဆီးများကို ချထားသည်။ ခန်းဆီးနောက်မှ မီးရောင်ကို လှမ်း မြင်ရသည်။ ပက်လက် လှန်ပြီး နေရာပြင်လိုက်သည်။ ကျွန်မ အိပ်ပျော်သွားပြန်သည်။
မန်ဒါလေစံအိမ်ကြီး မှ လှေကားကြီးကို ကျွန်မမြင်ရသည်။ လှေကားထိပ်တွင် ဂါဝန်နက်ကြီးဝတ်ပြီး ရပ်နေသော မစ္စက်ဒင်ဗာ ကို မြင်ရည်။ သူ့ဆီကို ကျွန်မတက်လာရန် စောင့်နေခြင်းဖြစ်သည်။ ကျွန်မ တက်လိုက်သွားတော့ သူက နောက်ဆုတ်ပြီး ပျောက်ကွယ်သြွးသည်။ ကျွန်မရှာကြည့်ပါ သေးသည်။ သို့သော် မတွေ့တော့ပါ။ ပြီးတော့တံခါးပေါက် တစ်ခုမှနေ၍ ကျွန်မကို သူကြည့်နေ သည်။ ကျွန်မတအားအော်လိုမိသည်။ သူပျောက်ကွယ် သွားပြန်သည်။

"ဘယ်နှစ်နာရီထိုးပြီလဲဟင်... ဘယ်နှစ်နာရီထိုးပြီလဲ"
မက်ဇင်မ်က ကျွန်မကို လှည့်ကြည့်သည်။ သူ့မျက်နှာ ဖြူရော်ရော်ဖြစ်နေသည်။ ကားတွင်း အမှောင်ရိပ်မှာ သရဲသစ္ဆေ လို မည်းနေသည်။ "ဆယ့်တစ်နာရီခွဲ။ အစ်ကိုတို့ ခရီးတစ်ဝက် ကျိုးလာပြီး။ ပြန်အိပ်လိုက်ဦးနော်"
"ရေငတ်တယ် အစ်ကို" နောက်တစ်မြို့မှာ ကျွန်မတို့ ရပ်ကြသည်။ ဓာတ်ဆီဆိုင်တစ်ခုမှာ ယောက်ျားလုပ်သူက သူ့ဇနီး အိပ်ရာမ၀င်သေးသောကြေင့် လက်ဖက်ရည် ဖျော်ခိုင်းပေးမည်ဟု ပြောသည်။
ခြေတွေ လက်တွေ ကွေးထားရသောကြောင့် ခြေဆန့်လက်ဆန့် ဖြစ်အောင် အောက်သို့ဆင်း လိုက် သည်။ အေးစိမ့်နေသည်။ လေလည်း အနည်းငယ်တိုက်နေသည်။ ကျွန်မက ကုတ်အင်္ကျီ ကြယ်သီးများကို တပ် လိုက်သည်။ "ဒီနေ့ည အေးတယ်"ဟု ဆိုင်ရှင်က ပြောသည်။

"လန်ဒန်မှာ သိပ်ပူတာပဲ"ဟု ကျွန်မက ပြန်ပြောသည်။
"ဟုတ်လား...လန်ဒန် ရာသီဥတုကတော့ဗျာ...အေးရင် အလွန်... ချမ်းရင် အရမ်းပဲ။ ကျွန်တော် တို့ဆီမှာတော့ ဒါဟာ ပထမဆုံးစပြီး ရာဦဥတု ဆိုးတာပဲ"
မိန်းမလုပ်သူက လက်ဖက်ရည်ယူလာသည်။ အလွန်ညံ့ပါသည်။ သို့သော်လည်း ပူသဖြင့် တော်တော့သည်။ အားပါးတရ ကျွန်မ သောက်လိုက်မိသည်။ မက်ဇင်မ်က သူ့နာရီကို မြှောက် ကြည့်သည်။
"သွားကြမှ ထင်တယ်။ ဆယ့်နှစ်နာရီထိုးဖို့ ငါးမိနစ်ပဲ လိုတော့တယ်"
အပြင်သို့ ထွက်လာတော့ မျက်နှာကို လေအေးအေးက တိုးနေသည်။ ကားပေါ်သို့ တက်ကြ သည်။ နောက်ခုံစောင်များအောက်မှာ နေရာဝင်ယူရပြန်သည်။ မော်တော်ကားထွက်လာသည်။ မျက်လုံးများကို မှိတ်လိုက်ပြန်သည်။

"ပစ်ကာဒီမှ နှင်းဆီပန်းများ"သီချင်းကို ပလွေမှုတ်နေသည့် ခြေတစ်ဖက်နှင့် လူကို မြင်ရသည်။ ဖရစ်နှင့် ရောဘတ်က စာကြည့်ခန်းထဲသို့ လက်ဖက်ရည် ယူလာပေးသည်။ ကျွန်မတို့ ခြံဂိတ်ဝမှ အမျိုးသမီးက ကျွန်မကို ဆက်ကနဲ ခေါင်းညိတ်ပြသည်။ ပြီးတော့ သူ့ကလေးကို အိမ်ထဲသို့ ပြန်ခေါ်သွင်း နေသည်။
ပင်လယ်ကမ်းစပ် တိုက်ပုကလေးထဲမှ သင်္ဘောပုံစံငယ်များ၊ ထိုသင်္ဘောပုံစံငယ်များတွင် တွယ်ကပ်နေသည့် ပင့်ကူအိမ်များကို မြင်နေရသည်။ တိုက်ခေါင်မိုးပေါ်သို့ မိုးရေစက်များ ကျနေ သံနှင့် ပင်လယ်လှိုင်းပုတ်သံများကို ကြားရသည်။

ပျော်စရာတောင်ကြားသို့ ကျွန်မ သွားချင်သည်။ သို့သော်ပျော်စရာတောင်ကြားမရှိတော့။ သစ်တောကြီးသာ ရိှနေသည်။ မန်ဒါလေစံအိမ်ကြီးပေါ်မှာ လရောင်က ထိန်ထိန်သာနေသည်။ ပန်းခြံထဲ မှ ခွေးလှေးယား ပင်တွေ ပေါက်နေ သည်။ အမြင့်က ဆယ်ပေ...ပေနှစ်ဆယ်။
"အစ်ကို...အစ်ကို" ကျွန်မ အော်လိုက်မိသည်။ "ဘာလဲ ညီမလေး...အစ်ကို ဒီမှာရှိတယ်လေ..."
"ကျွန်မ အိပ်မက်မက်လို့...အိပ်မက်..." "ဘာတွေ မက်တာလဲ" "မသိဘူး...မသိဘူး"
ကူရှင်ပေါ် မှာ ကျွန်မ ပြန်လှဲပြန်သည်။ နံနက်ခန်းထဲက စာရေးစားပွဲမှာ ကျွန်မစာထိုင်ရေးနေ သည်။ ဖိတ်စာတွေ ပို့နေသည်။ ဖိတ်စာများကို အသွားထူသည့် ကလောင်တံအနက်ဖြင့် ကျွန်မ ကိုယ်တိုင် ရေးနေခြင်းဖြစ်သည်။ သို့သော် ပြန်ငုံ့ကြည့်လိုက်သောအါ ကျွန်မ၏လက်ရေးများ မဟုတ်။ ရှည်မျောမျောနှင့် လက်ရေးစောင်း များ ဖြစ်နေတော့သည်။ ဖိတ်စာတွေကို တွန်းထုတ် လိုက်ပြီး ၀ှက်ထားလိုက်သည်။ ထိုင်ရာမှထကာ မှန် သွားကြည့် သည်။

မှန်ထဲမှ ကျွန်မကို ပြန်ကြည့်နေသည့်မျက်နှာသည် ကျွန်မ၏မျက်နှာမဟုတ်ချေ။ မျက်နှာက ဖြူဖပ် ဖြူရော်၊ အလွန် ချစ်စရာကောင်းသော မျက်နှာ။ နက်မှောင်သော ဆံပင်များက တိမ်တိုက်လို ၀ဲပျံနေသည့်မျက်နှာ။ မျက်လုံး ကလေးတွေ က ကျဉ်းပြီး ကျွန်မကို ပြုံးပြနေသည်။ နှုတ်ခမ်းက ဟနေသည်။ ထိုမျက်နှာက ကျွန်မ ကိုကြည့်ပြီးရယ်နေသည်။
သူသည် သူ့အခန်းထဲက မှန်တင်ခုံမှာ ထိုင်နေခြင်းဖြစ်ကြောင်း ကျွန်မမြင်ရသည်။ မက်ဇင်မ်က သူ့ဘေးမှာရပ်ပြီး သူ့ဆံပင်များ ကို ဘီးနှင့်ဖီးပေးနေသည်။ ဆံပင်တွေကို စုကိုင်ကာ ဖီးရင်းကြိုး တစ်ချောင်းဖြစ်သွားအောင် ကျစ်နေ သည်။
ဆံပင်တွေ က ကြိုးတစ်ချောင်းဖြစ်သွားသောအခါ မြွေတစ်ကေင်လို လိမ့်တွန့်နေသည်။ ထိုကြိုးကို လက်နှစ်ဖက်နှင့် စုကိုင်ပြိး ရဘက်ကာကို ပြုံးပြသည်။ ပြီးတော့ ထိုကြိုးနှင့် သူ့လည်ပင်းကို သူပြန်ပတ် လိုက် သည်။

"မလုပ်နဲ့... မလုပ်နဲ့... မလုပ်ပါနဲ့"
ကြောက်လန့်တကြားဖြင့် ကျွန်မအသံကုန်အော်လိုက်မိတော့သည်။
"သွားမယ်... သွားမယ်... ကျွန်မတို့ ဆွစ်ဇာလန်ကိုသွားမယ်။ ကျွန်မတို့ဆွတ်ဇာလန်ကို သွားရ မယ်လို့ ကာနယ်ဂျူလယန်း ကလဲ ပြောတယ်" ကျွန်၏မျက်နှာပေါ် သို့ မက်ဇင်မ်၏လက်တစ်ဖက် ကျလာသည်။
"ဘာလဲ... ဘာဖြစ်တာလဲ ညီမလေး..." အိပ်ရာမှ ထထိုင်ပြီး မျက်နှာပေါ်မှာ ဖုံးနေသည့် ဆံပင်များကို သိမ်းဖယ်ပစ်လိုက်သည်။

"ကျွန်မ အိပ်လို့မရဘူး။ လှဲနေတာ အလကားပဲ"
"မင်း အိပ်လိုက်တာမှဗျာ… နှစ်နာရီလုံးလုံး အိပ်ပျော်နေတာ။ အခုနှစ်နှာရီနဲ့ ဆယ့်ငါးမိနစ်ရှိနေပြီ။ လာညွန်ကိုရောက် ဖို့ လေးမိုင်လောက်ပဲ လိုတော့တယ်"
စောစော ကထက် ပိုအေးလာသည်။ ကားတွင်အမှောင်ထဲမှာ ကျွန်မတုန်လာသည်။
"အစ်ကိုဘေးမှာ လာထိုင်မယ်နော်... သုံးနာရီထိုးရင် အိမ်ပြန်ရောက်ပြီပေါ့"
ရှေ့ခုံနောက်မှ ကို ကျော်တက်ပြီး သူ့ဘေးမှာ ကျွန်မ သွားထိုင်သည်။ ပြီးတော့ ရှေ့တည့်တည့်သို့ စိုက်ကြည့်နေ မိသည်။ သူ့ဒူးပေါ်မှာ လက်တင်ထားသည်။ ချမ်းလွန်းသဖြင့် သွားချင်းတဂတ်ဂတ် ရိုက်နေသည်။

"ညီမလေး သိပ်ချမ်းနေပြီ" "ဟုတ်တယ် အစ်ကို"
ရှေ့မှာ တောင်ကုန်းတွေကို မြင်နေရပြီ။ တဖြည်းဖြည်းကျွန်မတို့တက်လာသည် အမှောင်ထုက ပို ပြီးကြီးစိုးလာသည်။ ကြယ်တွေပျောက်သွားပြီ။ "ခုန အစ်ကိုပြောတာ ဘယ်နှစ်နာရီရှိပြီ..." "နှစ်နာရီနဲ့ မိနှစ်နှစ်ဆယ်" "ရယ်စရာကောင်းတယ်နော်...အရုဏ်က ဟိုဘက်ကလာနေသလိုပဲ၊ တောင်ကုန်းတွေ ဟိုဘက်က လေ... မဖြစ်နိုင်ပါဘူး... အစောကြီးရှိသေးတာပဲ" "ညီမလေး အရပ်မှားနေပြီ။ အဲဒါ အနောက် ဘက်...." "ကျွန်မ သိပါတယ်။ သိပ်ရယ်စရာကောင်းတယ်။ မဟုတ်ဘူးလား"
သူက အဖြေမပေးပါ။ ကျွန်မကတော့ ကောင်းကင်ကိုသာ စိုက်ကြည့်နေမိသည်။ စောစောကထက် ပိုပြီး လင်းလာသလိုရှိသည်။ အရုဏ်၏ပထမ ရောက်ခြည်ပေါ်လာသိုရှိသည်။ နည်းနည်းချင်း၊ နည်းနည်း ချင်း ကောင်းကင် ကို ဖြန့်ကျက်လာသည်။

"မြောက်ဘက်ခြမ်း မိုးကောင်းကင်က ကြယ်တွေကို ဆောင်းတွင်းကျမှ မြင်ရတာ မဟုတ်လား အစ်ကို... နွေရာသီမှာ မမြင်ရဘူးမဟုတ်လား"
"အဲဒါ မြောက်ဘက်ခြမ်းက ကြယ်တွေမဟုတ်ဘူး။ အဲဒါ မန်ဒါလေ"
သူ့ကို ကျွန်မမော့ကြည့်လိုက်သည်။ သူ့မျက်နှာကို မြင်ရသည်။ သူ့မျက်လုံးများကိုလည်း မြင်ရ သည်။
"ဘာလဲ အစ်ကို...အဲဒါ ဘာလဲဟင်..."
ကားကို သူမြန်မြန်မောင်းတော့သည်။ အလွန်မြန်အောင် မောင်းတော့သည်။
ရှေ့ကတောင်ကုန်းဆီသို့ ကျွန်မတို့ရောက်လာသည်။ ကျွန်မတို့အောက်မှာ ပြားပြားဝပ်နေသော မြို့ ကလေး ကို တွေ့ ရသည်။

ကျွန်မတို့၏ ဘယ်ဘက်ခြောက်မိုင်ခန့်အကွာဝင် အရောင်တောက်ပနေသော မြစ်တစ်စင်းက ကားရစ်မြို့ဘေး မှာ ရစ်ခွေ စီးဆင်းသွားသည်။
မန်ဒါလေ သို့သွားလည့် လမ်းမ်ြကီးက ကျွန်မတို့ရှေ့မှာ ဖြူးနေပါသည်။ လရောင်မရှိပါ။ မိုးကောင်းကင်မှာ မင်ရောင် လို နက်မှောင်နေ ပါသည်။
သို့သော် မိုးကုပ်စက်ဝိုင်းမှာမူ နက်မှောင်ခြင်းမရှိ။ ကြက်သွေးရောင် တောက်ပနေ ပါသည်။ သွေးများ ဖျန်း ပက်ထား သလို ရှိပါသည်။
အောက် မှ လေက ကျွန်မတို့ဆီသို့ ဦးတည်ပြီး ပင့်တိုက်လာသည်။ လေထဲတွင် ပင်လယ်ဆားနံ့ များ ရောနှော ပါလာသည်။

အထောက်တော်လှအောင်
ပြီးပါပြီ။
.

No comments: