Saturday, June 9, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ အပိုင်း (၁)

အဖွင့်

ပွင့်လင်းသော၊ ဟာသရွှင်သော၊ အကြင်နာတရား ကြီးမားသော ဇနီးဖြစ်သူ ကော်ရက်တာကင်း က ကမ္ဘာတ၀န်းလုံး က သိနေသော သူ့ခင်ပွန်းအကြောင်း ကို ရင်နှင့်အမျှ ရေးသားထားသည့် စာအုပ်ဖြစ် ပါသည်။ ကော်ရက်တာ (ကိုရီ)က မာတင် လူသာကင်း (အငယ်)ကို လက်ထပ်ဖို့ တွန့်ဆုတ်ခဲ့ကြောင်း၊ သူ့မိဘတွေ ကိုလည်း မ၀ံ့မရဲဖြစ်ခဲ့ကြောင်း သူတို့တွင် ရည်မှန်း ထားသော ချွေးမလောင်း ရှိပြီး ဖြစ်နေကြောင်းများကို စာဖတ်သူ များအား ပွင့်ပွင့် လင်းလင်း ရေးပြ ထားသည်။ ကိုရီက သူတို့၏ ဘ၀ပြဿနာ များ၊ သူတို့ လင်မယားနှင့်အပေါင်းအသင်း လုပ်ဖော်ဖက်များ၊ အလွန် ၀တ္ထုဆန်လွန်း သော အဖြစ်အပျက် များ၊ ထိတ်လန့် တုန်လှုပ်ဖွယ် သမိုင်း အချိုးအကွေ့များ ကို ဆေးရောင်စုံ ပန်းချီကား တစ်ချပ်လို လှလှပပ ရေးပြသွားသည်။

ခင်ပွန်းသည် ဒေါက်တာကင်း၏ ကမ္ဘာကျော် မိန့်ခွန်းများ၊ အဆိုအမိန့်များ၊ ဟောပြောပို့ချသည့် တရား များကို ပြည့်ပြည့်စုံစုံ ဖော်ပြသွားသည်။ တစ်ပြိုင်တည်းတွင် လွမ်းမောဖွယ် သူတို့၏ အိမ်ထောင်ရေး ဘ၀ ကိုလည်း ပွင့်ပွင့်လင်းလင်း လှလှပပ ရေးပြသွားသည်။
မာတင်လူသာကင်း ကို အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးဝါဒ ခေါင်းဆောင် တစ်ယောက်အဖြစ် လည်း ကောင်း၊ ခရစ်ယာန်ဝါဒ ၏ တမာန်တော် တစ်ဦးအဖြစ် လည်းကောင်း ပေါ်လွင်အောင် ခရစ်ယာန်ကောင်း တစ်ဦး အနေဖြင့် ရေးသားသွားလေသည်။

မာတင်သည် ဘော့စတွန် တက္ကသိုလ်မှ ပါရဂူဘွဲ့ ရခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရခဲ့ သည်။
အလွန် ချစ်စရာကောင်းသော ခင်ပွန်း၊ ချစ်သော သားသမီးများ၏ ကစားဖော် ဖခင်၊ အကြမ်းမဖက်ရေး ၀ါဒ ကို တစ်သက်လုံး ဆွဲကိုင်ခဲ့ သည့် ဘာသာရေး ခေါင်းဆောင်၊ ငြိမ်းချမ်းရေး သုခမိန်အကြောင်း စာအုပ်ဖြစ် သည်။ ကျွန်တော်များခေတ် ၏ အရေးကြီးဆုံး စာအုပ်ဖြစ်ပါကြောင်း။

ထုတ်ဝေသူ
Deader Digest
Association


လူမည်းလောကမှ သူလိုလူ

(၁)

၁၉၆၄ ခုနှစ် နွေရာသီမှာ ကျွန်မ၏ ခင်ပွန်းမာတင်လူသာကင်း (အငယ်)အတွက် ခက်ခဲပင်ပန်းလွန်းသော ကာလဖြစ်ပါသည်။ သူ့ကို လာရောက်တွေ့ဆုံသူများ၊ ဖုန်းဆက်သူများက မယုံကြည်နိုင်လောက်အောင် များပြား လာသည်။ သည်တစ်နွေလုံး သူအိမ်တွင် ကပ်ရသည်မရှိ။ မဲစာရင်းကိစ္စ၊ စည်းရုံးရေးကိစ္စများဖြင့် တစ်ချိန်လုံး ခရီးတွေ ဆက်တိုက် ထွက်နေရသည်။ အတ္တလန္တာ နေအိမ်တွင် ဖင်နွေးအောင် မနေရရှာ။ စိန့်ဂျိုးဇက် ဆေးရုံတွင် တက်ပြီး ဆေးစစ်ဖို့ အနားယူဖို့ ကျွန်မ အတင်း တိုက်တွန်းရသည်။

တစ်နေ့မနက်၊ သူ ဆေးရုံ ထွက်သွားစကလေးတွင် တယ်လီဖုန်းမြည်လာသည်။ ကျွန်မတို့ အိမ်က တယ်လီဖုန်း မှာ အမြဲလိုလို မြည်နေတာပါလေ။ အများအားဖြင့်တော့ သူ့ဆီက အကူအညီ လိုတဲ့ လုပ်ဖော် ကိုင်ဖက် တွေနဲ့ အမေရိကန် လူဖြူတွေရဲ့ မကြားဝံ့ မနာသာဆဲဆို ခြိမ်းခြောက်သံတွေပါပဲ။ သည်တစ်ခါ အသံရှင်က တော့ မကြားဘူးတဲ့ လူတစ်ယောက်ပါ။ " ကျွန်တော် အေပီ သတင်းဌာန ကပါ။ ဒေါက်တာကင်း နဲ့ စကား ပြောပါရစေခင်ဗျာ။ အစ်မကြီးရဲ့ အမျိုးသားအတွက် သတင်းကောင်း တစ်ခု ပါး ချင်လို့ပါ။ ဒီနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆု ဒေါက်တာကင်း ရသွားပါပြီခင်ဗျာ "
ကျွန်မ ကြောင်သွားပါသည်။ ဘာမှ နားမလည်နိုင်အောင် ဖြစ်သွား၏။ စိတ်ကို ငြိမ်အောင် ထိန်းပြီး သူ့ကို ခပ်အေးအေး ပြန်ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ရှင်၊ သူ့ကိုရှာပြီး ပြန်ဆက်သွယ်ခိုင်းပေးပါမယ် "
မာတင် က အကြမ်းမဖက်ရေးဝါဒနှင့် ကမ္ဘာကြီး၏ ဒုက္ခအဖုံဖုံ ကယ်တင်ဖို့ အကြောင်းကို အမြဲ ရေးသားဟောကြားနေ ခဲ့သော်လည်း ကမ္ဘာ့နိုဘဲလ် ငြိမ်းခမ်းရေးဆု ဟူသည် နိုင်ငံတကာ ငြိမ်းချမ်းရေး ကို ဆောင်ရွက်နေကြသည့် ကမ္ဘာကျော် ပုဂ္ဂိလ်ကြီးများနှင့်သာ ဆိုင်သည့် ကိစ္စဟု ကျွန်မတို့ လင်မယား နှစ်ယောက်စလုံး ယူဆထားခဲ့ကြသည်။ မာတင် ကို ဆေးရုံတွင် ကျွန်မ အဆက်အသွယ် ရသည်။ " ဘယ်လိုလဲ နိုဘဲလ်ဆုရှင်၊ ဒီမနက် နေကောင်းရဲ့လား " (နောင်တွင် မာတင်က ကျွန်မကို သည်မနက် အကြောင်း ပြန်ပြောပြသည်။ ထိုစဉ်က သူ့ကိုယ်သူ အိပ်ပျော် နေသည် ထင်ပြီး၊ ကျွန်မဆီက ဖုန်း ရတော့ အိပ်မက် မက်နေသည်ဟု ထင်နေသည်တဲ့။) " ဘာ ... ဘာ ...၊ မင်း ဘာပြောတယ် "

" အေပီ သတင်းဌာနက ဖုန်းဆက်တယ်၊ ဒီနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆု ယောက်ျားကို ရွေးလိုက်ပြီတဲ့၊ အဲဒါ အကြောင်းကြားတာ " သူ ခဏ ငြိမ်သွားသည်။
" ခဏနေဦး မိန်းမရေ ... တစ်ယောက်ယောက် နောက်တာများလား။ မောင် စုံစမ်းလိုက်ဦးမယ် "
ကျွန်မ ယောက်ျားအတွက် အလိုအပ်ဆုံး စိတ်ဓာတ်မြှင့်တင်မှုကြီးဖြစ်ပါလိမ့်မည်။ သည်သတင်း မှန်ပါစေ ဟု ကျွန်မ ဆုတောင်းလိုက်သည်။ တယ်လီဖုန်းချပြီး မျက်စိမှိတ်လိုက်၏။
" ကျေးဇူးကြီးမြတ် လှသော အဖဘုရားသခင်၊ တပည့်တော်မတို့၏ မိသားစုကို ဒုက္ခအပေါင်းမှ ကင်းလွတ် အောင်စောင့်မတော်မူပါ " သည်သတင်းကြားတော့ အတ္တလန္တာမှာ ရောမကက်သလစ် ဂိုဏ်းချုပ်ခင်ကြီး ဟော်လီနန် က မာတင်တက်နေသည့် စိန့်ဂျိုးဇက် ဆေးရုံသို့ လာတွေ့ပြီး ဂုဏ်ပြု စကား ဆိုသည်။

" ဆရာ မာတင် လူသာကင်းအတွက် ကျုပ် ဆုတောင်းပေးချင်ပါတယ်။ ဖြစ်နိုင်ပါ့မလား ဆရာ မာတင် "
" ကျေးဇူးတင် ပါတယ် ဖာသာ ဟော်လီနန် ခင်ဗျား " ကက်သလစ်ခင်ကြီး က မာတင့် ခုတင်နံဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။ မာတင် ပါးစပ် အဟောင်းသား ဖြစ်သွား၏။ ခင်ကြီးက ဆုတောင်း ပတ္တနာ ပြုပြီး ဦးညွှတ်၍ လက်ဝါးကပ်တိုင်သဏ္ဍာန် ပြုလုပ်လိုက်သည်။ " ကဲ ... ဆရာမာတင် အလှည့်၊ ကျုပ်ကို ဆုတောင်းပေးပါဦး " " မာတင် လူသာကင်းဆိုတဲ့ နှစ်ခြင်း တရားဟော သင်းအုပ်ဆရာကလေး က ပြည်နယ် ရောမ ကက်သလစ် ဂိုဏ်းချုပ်တစ်ပါးကို ဆုတောင်းပေးနေတဲ့ မြင်ကွင်းဟာ သိပ်လှ တဲ့ မြင်ကွင်း ပဲ " ဟု မာတင်က နောင်တွင် ကျွန်မကို ပြောပြသည်။

ကျွန်မ ထင်ထားသည့် အတိုင်းပင်၊ နိုဘဲလ်ဆု ဒေါ်လာ ၅၄၀၀၀ကို တရားဥပဒေ စိုးမိုးရေးနှင့် အသားရောင် မခွဲခြားရေး ထိပ်တန်း အဖွဲ့အစည်းများသို့ ခွဲဝေပေးဖို့ မာတင်က ဆုံးဖြတ်လိုက်သည်။
အားလုံး စိတ်လှုပ်ရှားမှု များ ငြိမ်သက်သွားသည့်အခါကျမှ ခေါင်းအေးအေးနှင့် ကျွန်မ ပြန်စဉ်းစားကြည့် သည်။ ဟုတ်ကော ဟုတ်ရဲကလား။ ဒါ တကယ့် အဖြစ်အပျက်လား။ သူ လုပ်နေသည့် အလုပ်က ကမ္ဘာနှင့် ချီပြီး အရေးပါလို့လား။ သည်အဖြစ်အပျက်၏ နောက်ကွယ်တွင် ကျွန်မတို့ နားမလည်နိုင်လောက် သည့် နက်နဲမှုမျိုးတွေ ရှိနေသလား။
ကျွန်မ တို့ အားလုံး အပျော်ကြီး ပျော်နေကြသည်တော့ အမှန်။ သို့သော် သည်ဆုကြီးက ကျွန်မ တို့ကို ခြောက် လှန့်နေသလိုလည်း ဖြစ်နေ၏။

မာတင်က တွေးတွေးဆဆ ပြောပြလို့ ကျွန်မ စိတ်သက်သာရာရသွားပါ၏။
" ကိုယ့်စိတ်ထဲမှာ တစ်မျိုး ခံစားနေရတယ်။ ကိုယ် မလုပ်ရသေးတဲ့ အလုပ်တစ်ခုအတွက် ကြိုပေးလိုက် သလိုပဲ။ ကိုယ် တို့ ယုံကြည်ချက်ကို ဆတက်ထမ်းပိုး တိုးပြီး လုပ်ဖို့ တာဝန်ပေးလိုက်တာပဲလို့ ကိုယ်ခံစား ရတယ် " ပထမဆုံး ပြဿနာက အော်စလိုကို ကျွန်မတို့နှင့်အတူ ဘယ်သူတွေ လိုက်ပါကြမှာလဲ။ ဘယ်သူတွေ လိုက် ပါခွင့် ရကြမှာလဲ။ ကျွန်မတို့က လူအများကြီးနှင့် သွားချင်သည်။ မာတင်က သည်ဆု ကို သူတစ်ဦးတည်း အတွက် ပေးသည်ဟု မထင်။ ပေးသည်ဆိုလျှင် သူနှင့် တိုက်ပွဲဝင် ရဲဘော်ရဲဘက်များကြောင့် ရရှိခြင်းဖြစ် မည်။ နှစ်ပေါင်းများစွာ ရှည်လျားလှသော တိုက်ပွဲပေါင်းများစွာ အန္တရာယ်ပြွမ်း သည့် လမ်းခရီးများစွာကို အတူတကွ လက်တွဲ ဖြတ်သန်းခဲ့ကြသည့် ရင်ဘတ် မိတ်ဆွေ များ၊ ရဲဘော်ရဲဘက် များ။ သူက ပြောသည်။

" ငါတို့ လုပ်နေ တဲ့ အလုပ်အတွက်ကလွဲပြီး၊ တစ်ပြား တစ်ချပ်မှ မသုံးဘူး။ လေယာဉ်ခက အစ ဒီငွေထဲ က မကျခံရဘူး "
ဘုရားကျောင်းတိုင်းမှ မာတင်၏ ဓမ္မမိတ်ဆွေများက ငွေတွေ စုပေးကြသည်။ ဤသို့ဖြင့် မာတင့်အဖေ သိက္ခာတော်ရ ဖေဖေကြီး ဒက်ဒီ လူသာကင်းနှင့် မေမေကြီး မစ္စက်ကင်းတို့ကို ခေါ်နိုင်ခဲ့သည်။ မာတင်နှင့် သူ့အဖေ မှာ သားအဖ ဆက်ဆံရေးမျိုးသာမက အလွန်ရင်းနှီးသည့် သူငယ်ချင်းလိုလည်း ရင်းရင်းနှီးနှီး ရှိကြ သည်။
ဖေဖေကင်း ကို ဒက်ဒီကင်းဟု ချစ်စနိုးခေါ်ကြ၏။ သူက အတ္တလန္တာမှ အော်ဘန်ရိပ်သာရှိ "အက်ဘင်နီဇာ" နှစ်ခြင်း ဘုရားကျောင်းမှ တရားဟောဆရာ။ သည်ကျောင်းတွင် သူ၏ သာသနာ့ ၀န်ထမ်း လုပ်သက်မှာ သုံးဆယ့်သုံးနှစ်ရှိခဲ့ပြီ။ သူသည် ခန္ဓာကိုယ် တောင့်တင်းသလောက် စိတ်ဓာတ် ခွန်အား ကြီးမားသူဖြစ်သည်။ တရားစင်မြင့်တွင် သူတက်ပြီး ရပ်လိုက်လျှင် အလွန် ခံ့ညားသည်။ အလွန် အား ရှိသည်။ သူသည် လူဖြူဖြစ် စေ၊ လူမည်းဖြစ်စေ ဘယ်သူ့ကိုမှ မကြောက်တတ်။ မေတ္တာဖြင့် ကျမ်းစာလာ တရားများကို ဟောကြားခဲ့ သည်။

သားဖြစ်သူ နိုဘဲလ်ငြိမ်းချမ်းရေး ဆုကြီးကို ရရှိခြင်းအတွက် ဂုဏ်ယူမဆုံးဖြစ်နေသည်။ သို့သော် မာတင့် အပေါ် နောက်ထပ် ကျရောက်လာမည့် တာဝန်တွေကို တွေးပြီး စိုးရိမ်နေသည့် အထဲတွင် သူလည်း ပါနေ၏။
ကျွန်မတို့ သွားမည့် ခရီးသည် စာရင်းတွင် နောက်ဆက်တွဲပါလာသူများက သိက္ခာတော်ရ ဆရာ ရော့ဖ် အေဘာနာသီနှင့် သူ့ဇနီးယော်နီတာ။ ရော့ဖ်က အတ္တလန္တာ အနောက်ပိုင်းနှစ်ခြင်း ဘုရားကျောင်း မှ တရားဟောဆရာ။ သူက ကျွန်မ အမျိုးသား၏ အရင်းနှီးဆုံး မိတ်ဆွေ။ ၁၉၅၅ ခုနှစ်ကတည်းက အယ်လာဘားမား ပြည်နယ် မောင်ဂိုမာရီတွင် ဖြစ်ပွားခဲ့သည့် ဘတ်စကား အရေးအခင်း ကာလကတည်းက မာတင်ကို အပြတ်ထောက်ခံလာခဲ့သူ။ ပြီးတော့ မာတင့် ညီ အေဒီ (အဲလ်ဖရက်၊ ဒင်နီယ်လ်)ကင်း။ သူက ညီမ လုပ်သူ ခရစ္စတင်း ဖားရစ်ကိုပါ ခေါ်လာသည်။ နောက်မိတ်ဆွေ အပေါင်းအသင်းတွေ အများကြီး။ အားလုံးလိုလို ကိုယ့်စရိတ်နှင့်ကိုယ် လိုက်သူတွေ။

ကျွန်မက အကြီးဆုံး ကလေးနှစ်ယောက်ကို ခေါ်သွားချင်သည်။ ယိုလင်ဒါ (ယိုကီ)က ကိုးနှစ် ပြည့်တော့မည်။ နံပါတ်နှစ် မာတီခေါ်သည့် မာတင်လူသာကင်း (တတိယ)က ခုနစ်နှစ်။ သည်နှစ်ယောက် က သူတို့ အဖေ ထောင်ထဲ ရောက်နေစဉ်ကာလအတွင်း အမျိုးမျိုး ခြိမ်းခြောက် ခံခဲ့ကြရသူ ကလေးတွေ။ လက်ပစ်ဗုံးနှင့် ပစ်သတ်မည်ဟု အကြောင်းကြားလာသူများပင်ရှိခဲ့၏။ သည်ကာလ ကို သူတို့နှစ်ယောက် မျက်နှာချီကာ ဖြတ်သန်းခဲ့ကြသည်။ ကမ္ဘာပေါ်တွင် အကြီးမြတ်ဆုံး ဆုကြီး ကို သူ့အဖေ ရယူမည့် ပွဲတွင် သူတို့ပါဝင်စေ့ချင်သည်။ မြင်စေ့ချင်သည်။ သို့သော် နိုဘဲလ်ဆုကော်မတီ က ကျွန်မတို့ကို လှမ်း အကြောင်း ကြားသည်။ ဆယ့်နှစ်နှစ်အောက် ကလေး များ ခေါ်လာခွင့် မရှိပါတဲ့။

ဒီဇင်ဘာ လဆန်းရက်တွင် လူသုံးဆယ်ခန့် ပါဝင်သည့် ကျွန်မတို့ အဖွဲ့အတ္တလန္တာမှ လေယာဉ်နှစ်စင်းဖြင့် ထွက်လာ ခဲ့ကြသည်။ ကလေးတွေ၏ လုံခြုံရေးကို စိတ်မချသဖြင့် မလွှဲသာမရှောင်သာသည့် ကိစ္စမှ လွဲ၍ ကျွန်မ တို့ လင်မယား ဘယ်တော့မှ အတူ ခရီး မထွက်ဖူးခဲ့ပါ။
လန်ဒန် တွင် တစ်ထောက်နားတော့ တနင်္ဂနွေနေ့နှင့် ဆုံသဖြင့် ဧရာမ ၁၇ နှစ်ရာစု စိန့်ပေါလ် ဘုရားရှိခိုး ကျောင်းကြီးတွင် ဘာသာရေး တရားပွဲတစ်ပွဲ ဟောခဲ့ရသေးသည်။ သည်ခရီး တွင် နိုဘဲလ်ဆု ပေးပွဲ အခမ်း အနားကြီးမှလွဲ၍ လန်ဒန်ပွဲမှာ အမှတ်ထင်ထင် အရှိဆုံးပွဲဖြစ်ပါသည်။ အင်္ဂလန် အသင်းတော် ၏ ၀တ်ပြု ဆုတောင်းပုံကို ကျွန်မတို့ တစ်ခါမှ မမြင်ဖူးကြသဖြင့် စိတ်လှုပ်ရှား စရာ ဖြစ်နေပါသည်။ ဘုန်းတော်ကြီးများ၏ ခံ့ညားလှသော ၀တ်ရုံများ၊ ခမ်းနားလှသည့် ၀တ်ပြုပွဲ။ ပြီးတော့ အမျိုးသားများချည်း ရွတ်ဆိုသည့် ဓမ္မတေး။

မာတင် တရား စဟောတော့ သူ၏ ကြည်လင် အောင်မြင်သည့် အသံသည် ဘုရားရှိခိုးကျောင်းကြီး တစ်ခုလုံး ဟိန်းထွက်သွားသည်။ သူသည် ငယ်ငယ်ကလေး ကတည်းက အမေရိကန် တောင်ပိုင်းနှစ်ခြင်း ဘုရားကျောင်း များတွင် အသင်းတော်၏ တရားဓမ္မကို နားရည်ဝသူဖြစ်၍ သူ့ လေသံနှင့် ဟန်ပန်မှာ နားဝင်ပီယံဖြစ်သည်။ စည်းဝါးကိုက်သည်။ ဂီတဆန်သည်။ သို့သော် အဟောအပြော ကောင်း၍ သူ့ကို လူတွေ သဘောကျကြခြင်းမဟုတ်။ တရားနာပရိသတ်ကို တရားပွဲတိုင်းတွင် သူ တစ်ခုခု ပေးနိုင်ခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ သူ့ရင်ထဲမှ လာသည့် သူ့ပါရမီဟုပင် ကျွန်မ ထင်ပါသည်။
ထိုနေ့က သူ ဟောသည့် ခေါင်းစဉ်မှာ သူ အကြိုက်ဆုံး တရားတစ်ပုဒ်ဖြစ်သည်။ " ပြီးပြည့်စုံသည့် ဘ၀တစ်ခု ၏ မျက်နှာစာ သုံးဖက် " ကျွန်မအတွက်တော့ သီးခြား အဓိပ္ပာယ်ရှိသည့် တရားဖြစ်ပါ၏။

သည်တရားကို မက်ဆာချူးဆက်မှ ရောက်စ်ဗျူရီ ဘုရားကျောင်းကလေးထဲတွင် ပထမဆုံး ကျွန်မ နားကြား ခဲ့ရခြင်းကြောင့်ဖြစ်ပါသည်။ အယ်လဘားမားပြည်နယ် မောင်ဂိုမာရီတွင်လည်း သည်တရားကို သူ စဟော ခဲ့သည်။ သည်တရားပွဲမှပင် သူ သင်းအုပ်ဆရာ ရာထူး ရခဲ့ခြင်းဖြစ်သည်။
တရား ၏ အနှစ်သာရကို မာတင်က အမြဲတမ်း ပုံသဏ္ဍာန် အသစ်များဖြင့် တရားနာ ပရိသတ် အား ဟောကြား တတ်၏။ သည်တရား၏ မူလ ဘူတမှာ ဗျာဒိတ်တော်ကျမ်း အခန်းကြီး ၂၁၊ အခန်းငယ် ၁၆ လာ " မြို့သည် စတုရန် လေးထောင့် ဖြစ်၏။ ထိုသူသည် ရွှေကျူလုံးနှင့် မြို့ကို တိုင်းထွာ၍ မြို့၏ အလျား၊ အနံ၊ အမြင့် ယူဇနာ တစ်ရာ့နှစ်ဆယ်စီရှိ၏" ဟူသည့် သမ္မာကျမ်းစာကို အခြေပြု၍ ဆန်းသစ် ထားခြင်းဖြစ်လေသည်။

မာတင်က ရှင်ယောဟန်ကိုလည်း ကိုးကားသည်။ " ဂျေရုဆလင်သည် ဘုရားသခင်က ကောင်းကင်ဘုံမှ ဖန်ဆင်းကာ ချပေးလိုက်ခြင်းဖြစ်၏" ဟု ဆိုသည်။ သို့ဆိုလျှင် ဤမြင့်မြတ်သော မြို့ကြီးသည် မညီမမျှ၊ မငြိမ်မသက် မဖြစ်စေရာ။ တစ်ဖက်တွင် သီလပါရမီနှင့် စွမ်းအားသတ္တိက အမြင့်အမား တည်နေပြီး တစ်ဖက် တွင်ကား သိက္ခာမဲ့စွာ အကျပ်ကိုင်မှုများ ရှိနေခြင်းမှာ မဖြစ်တန်ရာ။ သည်မြို့သစ်ကြီးသည် အလျား၊ အနံ၊ အမြင့်အညီအမျှ ရှိနေမှ မြင့်မြတ်ပေလိမ့်မည်။ မာတင်က ဤသို့ ဟောကြားသေးသည်။

" ကမ္ဘာကြီးတွင် တွေ့ကြုံနေရသည့် ဒုက္ခ သုက္ခများဟာ မပြည့်စုံမှုများကြောင့် ဖြစ်ရှိနေခြင်းဖြစ်သည်။ လူတိုင်း လူတိုင်း မိမိကိုယ်မိမိ ပြည့်စုံအောင် ကြိုးစားလုပ်ဆောင်ကြရမည်။ အစ္ဈတ္တ စွမ်းအား မြင့်မားအောင် လုပ်ကြရမည်။ အကောင်းဆုံး ဖြစ်အောင် မနားမနေ ကြိုးပမ်း ကြ ရမည်။ အောက်ကျို့ နှိမ်ချဖို့ ၀န်မလေးပါ" နှင့် ဟုသူကဆိုသည်။
" ကိုယ့်ကိုယ်ကိုယ် တွေ့အောင် ရှာဖွေပါ။ ဘာအတွက် လူဖြစ်လာတာလဲ။ ဘာလုပ်ဖို့လဲ။ အဲဒီအခြေ ရပြီ ဆိုလျှင် အဲဒီအတိုင်း ငုပ်မိသဲတိုင်လုပ်ပါ။ ဒီလို ကြည်ကြည်လင်လင် ဖြစ်လာပြီဆိုလျှင် အဲဒါဟာ လူ တစ်ယောက် ရဲ့ ဘ၀ " အလျား " ပါပဲ " ပြီးပြည့်စုံတဲ့ ဘ၀ရဲ့ "အနံ"ကို သူက လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက် များနှင့် ဆိုင်သည်ဟု ယူဆသည်။ တတိယ မျက်နှာစာက "အမြင့်"။ လူတစ်ယောက် ၏ မျှော်မှန်းချက်။ လူသားသည် ဘုရားသခင်ကိုစွမ်းစွမ်း တမံ ရှာဖွေရမည်။

" ဘုရားသခင်ကို ဘယ်မှာရှာမလဲ။ ကျွန်ုပ်တို့ရဲ့ ဘ၀ သခင်ဖြစ်တဲ့ သခင် အရှင်ယေရှုဆီက လွဲပြီး ဘယ်မှာ ရှိနိုင်မှာ လဲ။ အရှင်ယေရှုဟာ ထာဝရ ဘာသာစကားဖြစ်တယ်။ ယေရှုကို သက်ဝင် ယုံကြည်ရင် ဘုရားသခင် ရဲ့ မေတ္တာတော်ကို ပိုပြီး ခံစား နားလည်နိုင်ကြလိမ့်မယ်"
အင်္ဂလိပ်လူမျိုး တရားနာ ပရိသတ်သည် ခံ့ညား တည်ငြိမ်စွာ နာယူလျက်ရှိကြသည်။ နောင်တွင် မာတင် က ပြန်ပြောပြသည်။ သူတို့ ရင်ထဲမှ တုံ့ပြန်သံကို သူ ကြားနေရသည်တဲ့၊ သူတို့နှင့် အတူ သူ ရင်တွေ ခုန်နေ သည်တဲ့။ ဒက်ဒီကင်းက သူရွတ်နေကျ စကားလုံးများကို တဒွတ်ဒွတ် ရွတ်နေသည်။ ကျွန်မတို့ အရပ် က နှစ်ခြင်း ဘုရား ကျောင်းထဲမှာဆိုရင် သူ အော်ပြောမည် မုချ။
" ရိုးရိုးရှင်းရှင်း ပြော သား၊ လူပြိန်း နားလည်အောင် ပြော" ဟူ၍။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် လေယာဉ် နှစ်စင်းဖြင့် ကျွန်မတို့ အော်စလိုသို့ ဆက်လက် ထွက်ခွာလာခဲ့သည်။ အခြား နိုဘဲလ်ဆုများကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ချီးမြှင့်သည်။ သို့သော် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို နော်ဝေ ပါလီမန်က အဖွဲ့ဝင် ငါးဦးဖြင့် ရွေးချယ်ခြင်းဖြစ်သဖြင့် ယင်းဆု ကို အော်စလိုတွင် ပေးခြင်းဖြစ်သည်။ နိုဘဲလ်ဆု စပေးသည့် ၁၉၀၁ ခုနှစ်တွင် နော်ဝေနှင့် ဆွီဒင် မှာ ဘုရင်အုပ်ချုပ်သည့် တစ်နိုင်ငံတည်းဖြစ် သည်။
အော်စလို ရောက်တော့ လေက အရိုးခိုက်အောင် တိုက်ခတ်နေသည်။ သို့သော် ကြိုဆိုပွဲ က နွေးထွေးလှ၏။ ကျွန်မတို့က သက်ဆိုင်ရာ တာဝန်ရှိသူများသာ လာရောက် ကြိုဆို လိမ့်မည် အောက်မေ့ခဲ့ကြ၏။ ယခုတော့ အပြုံးကိုယ်စီဖြင့် လက်ကိုအားရပါးရ ဝှေ့ယမ်းကြိုဆိုနေသည့် ဧရာမ လူအုပ်ကြီး။

ရောက်သည့်ညတွင် ကျွန်မတို့မှာ မည်သည့် အစီအစဉ်မျှ မရှိသဖြင့် ကျွန်မတို့အဖွဲ့ထဲမှ မာရီယံလိုဂန် ၏ မွေးနေ့ပွဲကလေးကို ဟိုတယ်တွင်ပင် အရေးပေါ် ကျင်းပဖြစ်ခဲ့သည်။ အရေးပေါ် ဆိုပေမင့် ပွဲကြီးတစ်ပွဲ လို ဖြစ်သွားသည်။ တိုင်းတစ်ပါးတွင် တင်းတင်းကျပ်ကျပ်ကြီးဖြစ်နေရာမှ လွတ်လပ်ပေါ့ပါး ပျော်ရွှင်သွားကြ၏။
ညစာ စားပြီးတော့ မာတင်နှင့် သူ့ ရဲဘော်လေးယောက်တို့ သီချင်းဆိုကြသည်။ သီချင်းမှာ လွတ်မြောက်ရေး သီချင်းဖြစ်၏။ သူတို့ ငါးယောက်၏ အသံမှာ အတိုင်အဖောက် ညီလှ၏။ ဘယ်သံ ညာသံ စုံပြီး ထုနှင့်ထည်နှင့် စည်ဝေနေသည်။ သည်သီချင်းမှာ အလေးအနက် အငြင်းအခုံများဖြင့် ပြီးသည့် ထိပ်သီး အစည်းအဝေးများ ပြီးတိုင်း သူတို့ဆိုသည့် သီချင်းဖြစ်၏။ နောက်အကျော့တွင် ကျွန်မ တို့ အားလုံး သံပြိုင်ဝိုင်းဆိုကြသည်။ " ဘယ်သူမှ ငါ့ကို ပြန်လှည့်သွားအောင် မလုပ်နိုင်။

ငါရဲ့ ယေရှုယခင်ကို၊
ကားစင်တင်၍ ညှဉ်ါ်ဆဲသတ်ဖြတ်တဲ့အခါ
သင်အနားမှာ ရှိသလား၊
အိုဂီလဒ်ပြည်မှာ ငါလဇံပင် ရှိတယ်"
သည်စာကြောင်းက ကျွန်မယောက်ျား စိတ်ဓာတ်မကျအောင် တင်းတိုင်း ရွတ်ဆိုလေ့ရှိသည့် စာသားဖြစ် ပါသည်။ " ရံခါတွင် ကျွန်ုပ် စိတ်ဓာတ်ကျနေတတ်သည်။ ကျွန်ုပ်၏ လုပ်ဆောင်မှုတွေ အရာမထင်ဟူ၍ ထင်နေ တတ်သည်။

သို့သော် သည်လို အချိန်အခါမျိုးတွင်
ဘုရားရှင်က ကျွန်ုပ်၏ ၀ိညာဉ်ကို
ပြန်လည်အားဖြည့် အသက်သွင်းပေးတတ်သည်။
ဂီလဒ်ပြည်တွင် ဗာလဇံ ဆေးပင်ရှိသည်။
ဒဏ်ရာရသောသူများ ပျောက်ကင်းကြသည်။
ဂီလဒ်ပြည်တွင် ဗာလဇံဆေးပင်ရှိသည်။
မကောင်းမှုဖြင့် နာမကျန်းဖြစ်နေသူများအား
ပျောက်ကင်းစေလေသည်"ဟု သူ ရေးဖူးသည်။

နော်ဝေမြို့ခံအချို့က ဟိုတယ် ဧည့်ခန်းတွင် ကျွန်မတို့ကို စောင့်ပြီး ကြည့်နေကြသည်။ နားထောင်နေ ကြသည်။ သူတို့အားလုံး အလွန်အမင်း ဖော်ရွေကြသည်။ အားလုံးနှင့် တရင်းတနှီးဖြစ်သွားပြီး ကျွန်မတို့ အားလုံး ပျော်ရွှင်နေကြသည်။
နောက်ပိုင်း တွင် ဧည့်ခန်းကြီးထဲတွင် စုမိကြတော့၊ ဒက်ဒီကင်းက စကားပြောသည်။ လက်ညှိုး ကလေး ထောင်ကာ ထောင်ကာဖြင့် တရားစင်မြင့်ပေါ်မှ သူ ပြောနေကျပုံစံအတိုင်းပင်။
" အားလုံး သိပြီးဖြစ်ကြတဲ့အတိုင်း ကျွန်တော့် အဖေဟာ မြေငှားပြီး အလုပ်လုပ်ရတဲ့ လယ်သမား တစ်ယောက် ပါ။ ကျွန်တော်က အသက်ကြီးမှ ကျောင်းပြီးခဲ့တာပါ။ ဘွဲ့ရတော့ ကလေးသုံးယောက် အဖေ ဖြစ်နေပြီ။ ဘုရားသခင်ဆီမှာ ကျွန်တော် အဓိက ထားပြီး ဆုတောင်းခဲ့တာကတော့ ကျွန်တော့် ဘ၀ မှာ မလုပ်နိုင်ခဲ့တာတွေကို ကျွန်တော့်ကလေးတွေ လုပ်နိုင်စေဖို့ ပါပဲ။

" ကျွန်တော် က သည်သူငယ်ကို အတတ်နိုင်ဆုံး ပညာသင်ပေးခဲ့တယ်။သူကလည်း ကြိုးစားတယ်။ ဒါကြောင့် သူ ပီအိတ်ခ်ျဒီ ရခဲ့တယ် " ပြီးတော့ ဒက်ဒီကင်း ဆက်ပြောသည်။ သား၏ ဘ၀ ဘယ်လောက် အန္တရာယ် ရှိနေသည်ကို သိလျက်နှင့် နေနေရသည့် ဖခင် တစ်ယောက်၏ ဘ၀။ မည်၍မည်မျှ ခက်ခဲ ပင်ပန်းကြောင်း များ ရှင်းပြသည်။
" ခင်ဗျားကိုလည်း သတ်မယ်၊ ခင်ဗျားသားကိုလည်း သတ်မယ်လို့ အမေရိကန် လူစိမ်း တစ်ယောက်ရဲ့ ခြိမ်းခြောက်တာ ကို ခင်ဗျား တို့ မခံခဲ့ကြဖူးဘူး၊ ဒါကြောင့် ခင်ဗျားတို့ ခံစားကြည့်တတ်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ် " သူတို့သားအဖ ၏ ဖြစ်ထွေကို ကြားရတော့ အားလုံး ငိုကြသည်။ ဒက်ဒီကင်းသည် ဧရာမ ခန္ဓာကိုယ်ကြီး ကို မတ်မတ်ရပ်ပြီး ပြောနေခြင်းဖြစ်သည်။ သူ့လေသံမှာ ဒေါသသံမပါ၊ ခါးသီးမှု မစွက်။

" ဒါတွေ ကျွန်တော် ဘာကြောင့် ပြောနေမိသလဲဆိုရင် သားအတွက် ဒီည ဘယ်လောက် ပဲ ပျော်နေပျော်နေ မာန်မတက်ဘဲ နေနိုင်ဖို့ ဘုရားသခင်ထံ ကျွန်တော် ဆုတောင်း ရဦးမှာ မို့ပဲ။ မကောင်းဆိုးဝါးဟာ အလုပ်ရှုပ် နေတယ်။ အဲဒီ အချိန်မှာ ကျွန်တော့်သား ဘေးမသီ ရန်မခအောင် ကျွန်တော် တို့ ဆုတောင်းပေး ရမယ်"
မာတင် ဆုယူ ဖို့ ပြင်ဆင်ချိန်တွေ ကျွန်မတို့ အများကြီးရသည်။ နောက်မြီးခွဲ ကုတ်အင်္ကျီနှင့် အစင်းကြား ဘောင်းဘီ ၀တ်ပြီး သူ ဆုယူရမှာဖြစ်၏။ သူ့ကို ကျွန်မတို့ အ၀တ်အစား ပြင်ပေးနေစဉ် လူရွှင်တော်နှင့် တူ သည်။ သည်အ၀တ်တွေကို အခမ်းအနား ပြီးပြီးချင်း ချွတ်ပစ်စဉ် ဘယ်တော့ မှ ပြန် မ၀တ်တော့ဟု သူက အခိုင်အမာပြောသည်။ သို့သော် ဆုယူမည့် နေ့တွင် မာတင်တစ်ယောက် သိပ်ကြည့် လို့ ကောင်းနေသည်။ နုပျိုနေသည်။ ပြီးတော့ စိတ်လှုပ်ရှားကာ အားမာန်အပြည့်ဖြစ်နေသည်။

အခမ်းအနား ကို အော့စလို တက္ကသိုလ်တွင် ကျင်းပသည်။ ဧရာမ ခန်းမဆောင်ကြီးထဲတွင် ပရိသတ်က အပြည့်အလျှံ။ နော်ဝေ ဘုရင်မင်းမြတ်နှင့် သားတော် ဥပရာဇာ မင်းသား ကြွမြန်းလာတော့၊ ပရိသတ်အား လုံး မတ်တတ်ထ ကြိုဆိုကြသည်။ သံစုံတီးဝိုင်းကြီးမှ နော်ဝေ အမျိုးသား သီချင်းကို တီးမှုတ်ပေးကြလေ သည်။ နိုဘဲလ် ငြိမ်းချမ်းရေးဆုကော်မတီ ချယ်ယာမင် ဒေါက်တာ ဂန်နာဂျန်း က ဆု အပ်နှင်းကြောင်း ကြေညာစာ တမ်း ကို ဖတ်ပြီး တစ်ဆက်တည်း
" ဒေါက်တာကင်း ကသာ အကြမ်းမဖက်ရေး ၀ါဒကို စွဲစွဲမြဲမြဲ၊ ခိုင်ခိုင်မာမာ မကိုင်စွဲနိုင်ခဲ့ရင် အမေရိကန် အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲတွေ ဟာ သွေးချောင်းစီး ရန်ပွဲတွေဖြစ်မှာမြေကြီး လက်ခတ် မလွဲပါပဲ"
ဒေါက်တာဂျန်း က ဆုတံဆိပ်နှင့် ဆုလက်မှတ်ကို မာတင်အား ကမ်းပေးပြီးတော့ ဆုရှင်က တုံ့ပြန်စကား ဆို သည်။

" ဒီ ငြိမ်းချမ်းရေး နိုဘဲလ်ဆုဟာ ကျွန်တော်တို့ ခေတ်ရဲ့ အသားရောင် ခွဲခြားမှု အပြင်းထန်ဆုံး တိုက်ပွဲမှာ အကြမ်း မဖက်ရေး ၀ါဒကျင့်သုံးခဲ့ခြင်းအတွက် အလေးအနက် ပေးတဲ့ ဆုဖြစ်လို့ ကျွန်တော် အလေးအနက် လက်ခံပါတယ်။ လူသားအားလုံး နဲ့ အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို အစဉ် ယုံကြည်လေးစားသော အား ဖြင့် ကျွန်တော် လက်ခံရယူခြင်းဖြစ်ပါတယ်။
" လူသား ဟာ ဘ၀ရေစီးကြောင်းမှာ မျောပါနေတဲ့ သင်္ဘောပျက်တစ်ခုမဟုတ်ဘူး။ ပေါလော မျောနေတဲ့ စွန့်ပစ် ပစ္စည်း မဟုတ်ဘူး။ လူသားဟာ အသားရောင် ခွဲခြားမှုနဲ့ စစ်ရဲ့ ညအမှောင်မှာ အစမရှိ အဆုံးမရှိ ပိတ် မိနေတယ်။ ငြိမ်းချမ်းရေး နဲ့ ညီအစ်ကို ဘ၀ အလင်းရောင် ကို ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူး ဆို တဲ့ အယူအဆကို ကျွန်တော် လုံးဝ လက်မခံပါဘူး "
ဒက်ဒီကင်း ကြိုတင် သတိပေးထားသည့်ကြားက ကျွန်မ၏ ချစ်လင်အတွက် ဂုဏ်ယူမဆုံးဖြစ်ကာ မာန တက်ချင် သလိုလို ဖြစ်သွားသည်။ ကျွန်မ တိတ်တိတ်ကလေး ကျိတ်ဆုတောင်းလိုက်သည်။ "

တပည့်တော်မကို ခွင့်လွှတ်တော်မူပါ အရှင်။ တပည့်တော်မသည် ဂုဏ်ယူစိတ် တို့ဖြင့် ပြည့်လျှမ်း ကာ ပေါက်ကွဲ ထွက်လု မတတ် ဖြစ်နေပါပြီ။ ခွင့်လွှတ်တော်မူပါ "
ဟိုတယ် ကို ပြန်ရောက်တော့ တစ်ယောက်ယောက်က ရှမ်ပိန်ပုလင်းထုတ်ပြီး မာတင့်အတွက် ဂုဏ်ပြု ဆုတောင်း ရင်း သောက် ဖို့ ပြင်ဆင်သည်။ ကျွန်မတို့အားလုံး မသိမသာ စိတ်လှုပ်ရှားနေကြ၏။
ဒက်ဒီကင်းက - " ဟုတ်ပြီ၊ ဂုဏ်ပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ကို ကျွန်တော်တို့ ပထမဂုဏ်ပြု ဆုတောင်း ကြ ရမယ်။ ဘုရားသခင်ကို ရည်စူးပြီး သောက်ကြရအောင် "
ဒက်ဒီကား က အရက်သေစာ လုံးဝ သောက်စားသူမဟုတ်ပါ။ ထို့ကြောင့် ရည်စူးသောက်ကြရအောင် ဆိုတာ ကို သူ သဘောပေါက်ဟန်မတူပါဘူး။ ဒါကိုက ကျွန်မတို့ အားလုံးအတွက် ရယ်စရာ ဖြစ်နေတော့ သည်။ ပျော်စရာ လည်း ကောင်းနေသည်။ ရယ်ရယ်မောမောနှင့် အတန်ကြာမှ ပုံမှန် ရောက်ကြ၏။

ကျွန်မတို့ လင်မယားနှင့် အချို့က အော့စလိုရှိ နှစ်ခြင်း သာသနာပြုကောလိပ်သို့ သွားလည်ကြသည်။ ကျွန်မ တို့ကို သီချင်းဆိုခိုင်းတော့ " ကျွန်ုပ်တို့ အားလုံးကို ကျော်ဖြတ်မည်" သီချင်းကို ဆိုပြသည်။
" လူဖြူလူမည်း အတူတွဲ လို့ ... တိုက်ပွဲဆီသို့ ... ဆိုသည့် အပိုဒ်ရောက်တော့ ကျွန်မတို့နှင့်အတူ အားလုံး မတ်တတ် ထရပ်ကြသည်။ အလွန် စိတ်လှုပ်ရှားစရာ၊ ကြည်နူးစရာကောင်းသည့် တဒင်္ဂဖြစ်ပါ၏။
အခြားနိုဘဲလ် ဆုရှင် များနှင့် တွေ့ဖို့ စတော့ဟုမ်းသို့ သွားကြရသေးသည်။

ကင်ညာ ပထမ လွတ်လပ်ရေး နှစ်ပတ်လည် ကပွဲကို ဖိတ်သဖြင့် ကျွန်မတို့ သွားခဲ့ရသေးသည်။ ကမကထ ပြုသူများမှာ အာဖရိကန်ကျောင်းသူ ကျောင်းသားများဖြစ်၏။ ကပွဲ မတက်ခဲ့ရသည်မှာ တက္ကသိုလ် ကျောင်းမှ ထွက်လာကတည်းကဖြစ်သည်။ နှစ်ခြင်းသာသနာ့ဘောင်ကို ၀င်ကတည်းက ကပွဲတွေ ကို ရှောင်ဖို့ ဆုံးဖြတ် လိုက်ခြင်းဖြစ်၏။ ယခုတော့ ကျောင်းသားကျောင်း သူတွေ က တောင်းဆိုကြသဖြင့် ကျွန်မတို့ တွဲက ကြရသည်။ ပျော်စရာကောင်းပါ၏။ သို့သော် နောက်တစ်နေ့ ထုတ် သတင်းစာများတွင် မျက်နှာဖုံး သတင်း အဖြစ် ဓာတ်ပုံတွေနှင့် ပါလာ သည်။ ပြီးတော့ မဂ္ဂဇင်း များတွင်လည်း ဝေေ၀ဆာဆာ ပါလာပြန်သည်။ မာတင့် ဘုရားကျောင်းက မည်သို့ မျှ မဝေဖန်ဘဲ နေလို့ ကျွန်မတို့ အတွက် အပုံကြီး ခံသာသွားသည်။

အိမ်ပြန်ရောက်တော့ လူငယ်တွေက မိသားစု တွေ့ဆုံပွဲတွင် ကပွဲလုပ်ကြသေးသည်။ ကျွန်မနှင့် မာတင် သူတို့ စိတ်ကျေနပ်အောင် ၀င်ကကြရသေးသည်။ မေမေကင်းလည်း မနေရ။ သူတို့ အတင်းဆွဲပြီး ကခိုင်းကြ သည်။ ဒက်ဒီကင်းက " ငါ့ မိန်းကလေး က သိပ်အကကောင်းတာကွ၊ ဒါပေမဲ့ သူ့ခမျာ ကံဆိုး ချင်တော့ အဖေက သင်းအုပ်ဆရာ၊ ညားတော့လည်း သင်းအုပ်ဆရာနဲ့ လာညားတယ်။ သူ့ခမျာ ကပွဲတွေ နဲ့ လွဲခဲ့ရတယ်လေ " ဟု ဟာသနှောပြီး ပြောလေသည်။
နောင်တွင် ဘုရားကျောင်း တရားစင်မြင့်မှ ဒက်ဒီကင်း ထည့်ပြောသွားသည်။
" လူငယ်တွေ ကချင်ကြတယ်ဆိုတာ သဘောပေါက်ပါတယ်။ ခွင့်ပြုကြရမှာပဲ။ ဒါပေမဲ့ တခြားမှာ သွား မကကြပါနဲ့၊ ကိုယ့်အသိုက်အ၀န်း မှာပဲ ကိုယ် ကကြပါ။ ကပွဲခန်းမဆောင် တစ်ခု ဆောက်ပေးပါ့မယ် "

ကျွန်မ တို့၏ ဥရောပခရီးမှာ အောင်မြင်သည့် ခရီးစဉ် တစ်ခုဖြစ်ပါသည်။ နယူးယောက်ကိုသွားတော့ မာတင့် ကို သူရဲကောင်း တစ်ယောက်လို ကြိုဆိုသည်။ မြို့တော်ဝန် ကိုယ်တိုင် အမြင့်ဆုံး အခမ်းအနား မျိုးဖြင့် ကြိုသည်။ မီးရှူးမီးပန်းများ လွှတ်ကာ ဟဒ်ဆင်မြစ်ထဲတွင် လှေသင်္ဘောများအလှပြမီးတွေ ထွန်းလျက်။
ဟာလင်မ် တွင် မာတင် မိန့်ခွန်းပြောရသည်။ ပရိသတ်မှာ ကွင်းကြီးအပြည့်။ ကျွန်မတို့ကို ပန်းပုရုပ်တစ်ခု လက်ဆောင်ပေးသည်။ ဒူးရာ* ၏ လက်ရာ (Hands of Apostle)** ရုပ်တုဖြစ်၏။ ကျွန်မက သည်ရုပ်တု ကို ဂုဏ်ယူစွာဖြင့် ဧည့်ခန်းတွင် ထားသည်။ မာတင်၏ နယူးယောက်မိန့်ခွန်းမှာ သမိုင်းဝင် မိန့်ခွန်းဖြစ် သည်။

" ကျွန်တော် အခု တောင်ထိပ်ကို ရောက်နေပါတယ်။ ဒါပေမဲ့ တောင်ကြားထဲကို ကျွန်တော် ပြန် သွားရပါမယ်။ အဲဒီ တောင်ကြားကတော့ ကျွန်တော့် ညီအစ်ကို မောင်နှမတွေရှိရာ မစ္စစ်စပီ နဲ့ အယ်လာ ဘားမားဖြစ်ပါတယ်။ သူတို့ တစ်တွေဟာ တရားမမျှတမှု အပူရှိန်အောက်မှာ အလူး အလဲ ခံနေကြ ရပါတယ်။"
မာတင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရပြီး အထူးခြားဆုံး၊ အံ့သြစရာ အကောင်းဆုံး အဖြစ်မှာ သူ့ကို ဂုဏ်ပြု သည့် ထမင်းစားပွဲကြီး တစ်ခုအတ္တလန္တာအာဏာပိုင်များက ကျင်းပပေးခြင်းဖြစ်၏။ လူဖြူ အသိုက်အ၀န်း တွင် ရှုပ်ရှုပ် ထွေးထွေး ဖြစ်နေကြသည်။ အချို့က ကမ္ဘာကျော်ဆုကြီးကို သူတို့ မြို့သားတစ်ယောက် ရရှိသွားခြင်း အတွက် ဂုဏ်ယူနေကြသည်။ အချို့က သူ့ကို ဂုဏ်ပြုဖို့ ကြောက်ရွံ့နေကြသည်။

ပြဿနာဖြစ်ချင်တော့ မာတင်တို့၏ အမာခံဖြစ်သည့် တောင်ပိုင်းခရစ်ယာန်အဖွဲ့နှင့် စခရစ်တို ကုမ္ပဏီတို့ ထိပ်တိုက်တွေ့ ဖို့ ဖြစ်လာသည်။ စခရစ်တိုမှာ အတ္တလန္တာတွင် အကြီးဆုံးစက်ရုံကြီးဖြစ်သည်။

[*Durcr (၁၄၇၅-၁၅၂၈) ဂျာမန် ပန်းချီဆရာ၊ ပန်းပုဆရာ။
** Apostle သမ္မာကျမ်းစာ ဟောကြားရန် ခရစ်တော်က စေလွှတ်သည့် သာဝက ၁၂ ဦးအနက် တစ်ဦး။]

စက်ရုံအလုပ်သမားအများစု မှာ လူမည်းများဖြစ်သည်။ သူတို့အထဲမှ အများစုမှာ မာတင့် ဘုရားကျောင်း တွင် ၀တ်ပြုသူများဖြစ်ကြပြီး၊ သူတို့က အလုပ်သမားများ ဘ၀တိုးတက်ရေး အာမခံချက် ရရှိရေးအတွက် သမဂ္ဂ ဖွဲ့ စည်းချင်ကြသည်။
တောင်ပိုင်း ခရစ်ယာန်ခေါင်းဆောင်များအဖွဲ့က သူတို့ကို ထောက်ခံပြီး သပိတ်မှောက်ဖို့ တန်းစီ ချီတက်ကြတော့၏။ အမေရိကန်တောင်ပိုင်းတွင် အတ္တလန္တာသည် အသားရောင် ခွဲခြားမှု အနည်းဆုံး မြို့ အဖြစ် ဂုဏ်သိက္ခာကြီးမားသည့် မြို့ကြီးဖြစ်သည်။
ယခင် မြို့တော်ဝန်ဟောင်း ၀ီလျံဟတ်စဖီးလ်က ပြောဖူးသည်။ "အတ္တလန္တာဟာ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီး ဖို့ မေ့နေလောက်အောင် အလုပ်များတဲ့မြို့ကြီးဖြစ်ပါတယ် "
တစ် ကမ္ဘာလုံး က သူတို့ကို စောင့်ကြည့်နေကြကြောင်း အတ္တလန္တာမြို့သူမြို့သား အားလုံးသိထားကြ၏။ သည်ပွဲ ကို လူဖြူ လူမည်း တွဲလျက် ပါဝင်ဆင်နွှဲရမည်ဟု သဘောပေါက်ထားကြ၏။

မြို့မျက်နှာဖုံး လုပ်ငန်းရှင်ကြီး အချို့က သည် ညစာစားပွဲကို ကန့်ကွက်ကြသေးသည်။ သို့သော် သူတို့ပါ ပါဝင် လာအောင် အခြားသူများက စည်းရုံးနိုင်ခဲ့ကြ၏။ ဤသို့ဖြင့် နောက်ဆုံးတွင် ဒင်ကလာ ပလာဇာ ဟိုတယ် တွင် ညစာစားပွဲကြီး ၀ှဲချီးကျင်းပဖို့ ဖိတ်စာတွင် ဝေငှဖြစ်ခဲ့သည်။
ဇန်န၀ါရီလ ၏ ညချမ်းတွင် ဟိုတယ်ကြီးသည် ပို၍ လှပနေလေသည်။ လူ ထောင့်ငါးရာ တက်ရောက် သဖြင့် ခန်းမဆောင်ကြီး ပြည့်လျှံသွားသည်။ သုံးပုံနှစ်ပုံသော ရွှေပွဲလာများက လူဖြူများဖြစ်ကြ၏။ သို့သော် ရာပေါင်း များစွာ လှည့်ပြန်သွားကြသည်။

တရားသူကြီးများ၊ ထိပ်တန်းစက်မှုလုပ်ငန်းပိုင်ရှင်ကြီးများက နီဂရိုးအလုပ်သမားများနှင့် တစ်စားပွဲတည်း ၀ိုင်း ထိုင်ကြသည်။ လွန်ခဲ့သည့် တစ်နှစ်လောက်ဆိုလျှင် သည်လို မြင်ကွင်းမျိုး ဘယ်မှာမှမရှိနိုင်။ အမေရိကန်တောင်ပိုင်း မြို့ကြီး များတွင် မည်သို့မျှ မတွေးထင်ရဲသည့် ကိစ္စမျိုး။
မိန့်ခွန်း အသီးသီးပြောကြသည်။ မြို့တော်အနေဖြင့် မာတင့်ကို လက်ဆောင်တစ်ခုပေးအပ်သည်။ ဂုဏ်ပြုလွှာ တစ်ခု လည်းချီးမြှင့်၏။ သူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းပင်။
ကျွန်မ တို့ ကလေးသုံးယောက်လည်း ညစာစားပွဲသို့ ပါလာသည်။ သူတို့အတွက် အံ့သြ ကုန်နိုင်ဖွယ်တွေဖြစ် နေသည်။

သူတို့ကို ပရိသတ်နှင့် တစ်ယောက်ချင်း မိတ်ဆက်ပေးတော့ ယိုကီက အခံ့အညား ထပြီး လက်ဝှေ့ပြ သည်။ မာတီ က အသာ ဦးညွှတ်နှုတ်ဆက်သည်။ ဒက်စတာကလေးက လေးနှစ်သာရှိသေး၏။ ကုလားထိုင်ပေါ် တွင် မတ်တတ်ရပ်ပြရမည့်အစား ကုလားထိုင်အောက်တွင် ၀င်ပုနေသည်။
ညစာ စားပွဲ အပြီး တွင် အားလုံး လက်ချင်းချိတ်ပြီး " အားလုံးကို ကျော်ဖြတ်မည် " သီချင်းကို ၀ိုင်းဆိုကြ သည်။ ထိုည တွင်တော့ အတ္တလန္တာတွင် တကယ်ပင် လူဖြူလူမည်းတို့ လက်တွဲညီညီဖြစ်နေကြ၏။ ဘယ်သူ မျှ မမျှော်လင့်သည့် အဖြစ်တစ်ခု ထပ်တိုးသေးသည်။

စခရစ်တို ကုမ္ပဏီ အကြီးအကဲ မစ္စတာဂျိမ်းစ်ကားမိုက်ကယ်က ဒက်ဒီကင်း ဆီ လျှောက် လာပြီး ပြော သည်။ " ဆရာကင်း ခင်ဗျား၊ ကျွန်တော် ကိုယ်တိုင် ဖခင် တစ်ယောက်ဖြစ်လို့ ဆရာကင်း ဘယ်လောက် သား အတွက် ဂုဏ်ယူနေတယ်ဆိုတာ ကျွန်တော် မျှဝေခံစားနိုင်ပါတယ် ခင်ဗျား။ မျက်ရည်ကျတဲ့ အထိ လေးနက် တဲ့ ဒီည ကို မှတ်တမ်းတင် သိမ်းဆည်းထားဖို့ လိုပါတယ်။ ဒါကြောင့် ဒီညကို ဗီဒီယို မှတ်တမ်းတင် ထားကြဖို့ သက်ဆိုင်ရာကို ကျွန်တော် မေတ္တာရပ်ခံထားပါတယ် "
မာတင် လက်ခံ ရရှိ သည့် ဂုဏ်ပြုနည်းပေါင်းများစွာတွင် သည်ကိစ္စမှာ အမှတ်ထင်ထင် အရှိဆုံးဟု ကျွန်မ ထင် ပါသည်။

ဆက်ရန်
.

1 comment:

Anonymous said...

မှတ်မှတ်ရရပါ။ http://is.gd/zarganar