Monday, June 11, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၃၄)

ပန်းချီပြခန်း ထဲမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုအချိန်တွင် အသံတစ်ခုကို ကြားလိုက်ရ ပါသည်။ လှည့်ကြည့်သော အခါ ဘာမျှမရှိပါ။ လူသူလည်း မတွေ့ရပါ။ ငြိမ်ငြိမ်ကလေး ရပ်နေသည့် ကြားထဲက တံခါးပိတ်သံ လိုလို အသံမျိုး ဘာကြောင့်ပေါ်လာရသနည်း ဟု တွေးနေ မိ ပါသည်။ ည၏ အပူရှိန်ကြောင့် သစ်သားတွေ က အသံမြည်တာပဲ ဖြစ်နိုင်ပါသည်။
ထမင်းစားခန်း ထဲမှ အသံများ ပိုမိုကျယ်လောင်လာပါသည်။ ထမင်းစားခန်းတံခါးပွင့်သွားသည်။ ဧည့်သည် များ အခန်းထဲမှထွက်လာကြသည်။ ကုလားထိုင်ရွှေသံများ၊ စကားပြောသံများ၊ ရယ်မောသံ များ ဖုံးလွှမ်းနေ သည်။ ပွင့်နေသည့် ထမင်းစားခန်း၏ တံခါးပေါက်ဘေးမှာ ရပ်နေသော ရောဘတ်ကို လှမ်းမြင် ရပါသည်။
ဧည့်သည် များနှင့် တွေ့ဆုံရန် လှေကားထစ်များအတိုင်း ဖြည်းညင်းစွာ ကျွန်မ ဆင်းလာခဲ့ ပါတော့ သည်။
ကို ဆက်ဖတ်ရန်....

ကျွန်မ၏ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် မန်ဒါလေစံအိမ်ကြီးတွင် ကျင်းပခဲ့သော ပွတ်သဘင်ပွဲ ကြီးအကြောင်းကို ပြန်စဉ်းစားကြည့်လျှင် အချို့အကြောင်းအရာများကို ကောင်းစွာ မှတ်မိနေပါသေး သည်။
တီးဝိုင်း က မရပ်မနားတီးနေသည်။ ကျွန်မနှင့် မသိကျွမ်းသော မျက်နှာပေါင်းများစွာကလည်း ပင်လယ်ပြင်ကြီး လို ကျယ်ပြောလွန်းလှပါသည်။ အတွဲပေါင်းများစွာတို့သည် စည်းချက်နှင့် အညီ ရွေ့လျား ရင်း တွဲ ကနေကြသည်။

မက်ဇင်မ်နှင့် ကျွန်မက လှေကားနားမှာ အတူယှဉ်ရပ်ပြီး နောက်ကျ ၍ ရောက်လာသော ဧည့်သည်များ ကို ဆီးကြိုနှုတ်ဆက်နေ ပါသည်။ လှည့်လည်ကရင်း ကျွန်မတို့အနားသို့ ရောက်လာကြသည့် အတွဲများ က ကျွန်မ ကို ပြုံးပြကြပါသည်။ အားလုံး သည်အပြုံးမျိုးချည်း ဖြစ်ပါသည်။ လူအုပ်ထဲမှာ ဘီယက်ထရစ် ကို လည်း တွေ့ရပါသည်။ သူ့အတွဲ၏ လက်မောင်းပေါ်မှကျော်ပြီး ကျွန်မကို ခေါင်းညိတ်ပြပါသည်။ ကျွန်မ ကို အားပေး သည့် သဘောဖြစ်ပါသည်။ သူ့လက်ကောက်ဝတ်မှ ခြူကလေးများက တချွင် ချွင်မြည် နေ ပါသည်။
ဖရင့် က ကြက်သားနှင့် ဝက်ပေါင်ခြောက်ပန်းကန်ကို ကျွန်မအတွက် ယူလာပေးပါသည်။ ကျွန်မ မစား နိုင် ပါ။ ပြီးတော့ ရှမ်ပိန်ခွက်ကိုကိုင်ပြီး ကျွန်မနားမှာ ရပ်နေပါသည်။ ကျွန်မ မသောက်ချင်ပါ။
"ဒါလေး သောက်လိုက် ပါ။ သောက်လိုက် ရင် ကောင်းမယ်ထင်တယ်" ဟု ဖရင့်က ညင်သာစွာပြောပါ သည်။

သောက်ချင်စိတ် မရှိသော် လည်း သူ စိတ်ကျေနပ်အောင် နည်းနည်းသောက်လိုက်ပါသည်။ ပင်လယ် ဓားပြ အဝတ်အစားနှင့် မျက်လုံးတစ်ဖက်ကို ဖုံးထားသည့် သူ့ရုပ်ကိုကြည့်ရသည်မှာ တစ်မျိုးတစ်ဖုံဖြစ်နေ သည်။ သူ့အသက် လည်း ပို၍အိုစာသွားသည်ဟု ထင်ရသည်။ နောက်ပြီးတော့ ယခင်က ကျွန်မ မမြင်ခဲ့ ဖူးသော အရေးအကြောင်းကလေး များသည် သူ့မျက်နှာပေါ်မှာ မြင်တွေ့နေရပါသည်။
ဖရင့် သည် အိမ်ရှင်တစ်ယောက် လို ဧည့်သည်များကြားမှာ ဥဒဟို သွားလာလှုပ်ရှားနေပါသည်။ ဧည့် သည်များ သက်တောင့်သက်သာရှိစေရန်အတွက် အရက်လိုအရက်၊ အစားလိုအစား၊ စီးကရက်လို စီးကရက် စသည်ဖြင့် ဖြည့်တင်းပေးနေပါသည်။ အမျိုးသမီးတစ်ယောက်နှင့် သူ တွဲကသောအခါ သူ့ မျက်နှာ က တည်တည်ကြီးဖြစ်နေပါသည်။ စိတ်ပါပုံမရပါ။ ထိုညက ကပွဲကို သူ မည်မျှ မုန်းတီး စက်ဆုပ် ကြောင်း ကျွန်မ လုံးဝမေးမကြည့်ခဲ့ဖူးပါ။ ထို့ကြောင့် ဘယ်တော့မှလည်း ကျွန်မ သိနိုင်တော့ မည် မဟုတ်ပါ။

တီးဝိုင်း က တီးမြဲတီးနေသည်။ အတွဲပေါင်းများစွာတို့ကလည်း ကမြဲကနေကြသည်။ သူတို့ကို ကျွန်မ ငေးကြည့်နေမိ ပါသည်။ သို့သော်လည်း သူတို့ကို ကျွန်မ မမြင်ပါ။ ကျွန်မ၏စိတ်ထဲမှာလည်း သူတို့ အကြောင်း မရှိပါ။

ကျွန်မဘေးမှာ အရုပ်လိုရပ်နေသူထံသို့ အာရုံများ ရောက်နေပါသည်။ သူ့မျက်နှာပေါ်မှ အပြုံးသည် သူ့ အပြုံး မဟုတ်ပါ။ မျက်နှာဖုံးဖုံးထားသည့် အပြုံးဖြစ်ပါသည်။ သူ၏မျက်လုံးများသည်လည်း ကျွန်မ ချစ် သော ကျွန်မသိသောသူ၏မျက်လုံးများ မဟုတ်ပါ။ ကျွန်မကို ကြည့်သော်လည်း သူ မြင်ပုံမရပါ။ ခံစား ချက် ကင်းမဲ့နေသော ထိုမျက်လုံးများသည် ကျွန်မ မသိနိုင်သော တစ်နေရာဆီသို့ လှမ်းကြည့်နေပုံရပါ သည်။ သူ့အသည်းနှလုံး များ နာကျင်စွာ ခံစားခဲ့ရသည့် ကျွန်မ မရောက်နိုင်သော၊ ဝေမျှခံစားနိုင်ခြင်း မရှိသော တစ်နေရာ သို့ ရောက်နေဟန်တူပါသည်။

ကျွန်မကို သူ လုံးဝ စကားမပြောပါ။ လုံးဝလည်း မတို့မထိပါ။ အိမ်ရှင်နှင့် အိမ်ရှင်မဖြစ်သော သူနှင့် ကျွန်မ သည် အတူယှဉ်ပြီး ရပ်နေကြသည်မှာ မှန်ပါသည်။ သို့သော်လည်း ကျွန်မတို့ အတူတူရှိမနေကြ ပါ။
ဝတ္တရား အရ ဧည့်သည်များနှင့် သူ ဆက်ဆံနေပုံကိုလည်း အကဲခတ်ကြည့်နေမိပါသည်။ ပထမ တစ် ယောက်ကို စကားလှမ်းပြောလိုက်ပုံ၊ ဒုတိယတစ်ယောက်ကို လှမ်းနောက်ပြောင်လိုက်ပုံ၊ တတိယ တစ် ယောက်ကို ပြုံးပြလိုက်ပုံ၊ စတုတ္ထတစ်ယောက်ကို အော်ခေါ်လိုက်ပုံများသည် စက်ရုပ်တစ်ခုလို အလိုအ လျောက် လှုပ်ရှားနေခြင်းသာဖြစ်ကြောင်း ကျွန်မမှတစ်ပါး မည်သူမျှ မသိနိုင်ပါ။

"ခင်ဗျားဇနီးအတွက် အဝတ်အစား အချိန်မီရောက်မလာဘူးလို့ ကြားရတယ်။ အပ်ချုပ်ဆိုင်တွေဟာ ဒီအတိုင်း ချည်းပဲ။ ကျွန်တော့်မိန်းမလဲ တစ်ခါတုန်းက ကြုံပြီးပြီ"
သင်္ဘောသား အဝတ်အစားဝတ်ဆင်ထားသူ တစ်ယောက် မက်ဇင်မ်ကို လာပြောသည်။
"ဟုတ်ပါတယ်ဗျာ… မတော်တဆဖြစ်ရတာပါ"
မက်ဇင်မ်က အလိုက်သင့် ပြန်ပြောသည်။
ထိုအချိန်မှာပင် အချိုရည်ဖန်ခွက်ယူပြီး ဖရင့် ရောက်လာသည်။
"မသောက်ချင်ဘူး ဖရင့်… ကျွန်မ ရေမငတ်ပါဘူး"
"ဘာဖြစ် လို့ မကတာလဲ…။ မကချင်ရင် ခဏဖြစ်ဖြစ် သွားထိုင်နေလိုက်ပါလား။ ဟောဟိုနားမှာ ထိုင်ခုံရှိ တယ်" ဟု ဖရင့်က ပြောသည်။

"အခုလို မတ်တတ်ရပ်နေရတာ ပိုကောင်းပါတယ်။ ကျွန်မ မထိုင်ချင်ဘူး"
"စားစရာတစ်ခုခု ကျွန်တော် ယူပေးရမလား…။ ဆင်းဒဝစ်ဖြစ်ဖြစ်၊ မက်မုန်သီးဖြစ်ဖြစ်လေ…"
"နေပါစေ… ကျွန်မ ဘာမှမစားချင်ဘူး"
တီးဝိုင်း မှ ကကြိုးပြောင်းသွားသည်။ ခြေသုံးလှမ်းစီလှမ်းပြီး လှည့်ကာ ပတ်ကာ ကရသော ကကြိုး တီး ဝိုင်းဖြစ်သည်။
ကျွန်မတို့ အနား သို့ ဘီယက်ထရစ် ရောက်လာပြန်သည်။ သူ့မျက်နှာပေါ်က မျက်နှာဖုံးကို နဖူးပေါ်သို့ လှန်တင်ထားချေပြီ။ ဂျိုင်းလ်စ် မျက်နှာပေါ်မှာ ဇောချွေးများပြန်နေသည်။ စောစောက သင်္ဘောသားက အတွဲသစ်နှင့် ကျွန်မတို့အနားသို့ ရောက်လာပြန်သည်။ ကျွန်မအနားမှာ သူတို့ ရပ်သည်။ အမျိုးသမီးက အနက်ရောင် ကတ္တီပါဝတ်ရုံကြီးကို ဝတ်ထားသည်။ သူ့ကို ကျွန်မ မသိပါ။
"ကျွန်မ တို့ဆီ ဘယ်တော့ အလည်လာဦးမလဲ" ဟု သူက ငယ်ပေါင်းကြီးဖော်များလို မေးသည်။

"ဟုတ်ကဲ့ရှင်… မကြာခင် ရောက်မှာပါ။ ဟိုတလောကပဲ ကျွန်မ ခင်ပွန်းနဲ့အတူ ဒီ အကြောင်း ပြောခဲ့ မိ သေးတယ်" ဟု ကျွန်မ ပြန်ပြောပါသည်။ မည်သို့မျှ အားမစိုက်ရဘဲ ကြည့်ကောင်းအောင် ဘာကြောင့် များ ရုတ်တရက် ပြန်ပြောလိုက်နိုင်ပါလိမ့်ဟု ကိုယ့်ဟာ ကိုယ် ပြန်တွေးနေ မိပါသည်။ "ရှင့်ကို အဝတ်ချင်း မှားပြီးပို့လိုက်လို့ဆို…" "ဟုတ်ပါတယ်ရှင်… ရယ်စရာကောင်း တယ်နော်…"
"အပ်ချုပ်ဆိုင်တွေဟာ အတူတူချည်းပါပဲ။ နည်းနည်းကလေးမှ စိတ်ချလို့မရဘူး။ ဒါပေမဲ့ ရှင် အခုဝတ် ထားတဲ့ အပြာရောင်ကလေးဟာ ရှင်နဲ့သိပ်လိုက်တာပဲ။ ရှင်တို့ ဇနီးမောင်နှံ ညစာစားဖို့ ကျွန်မတို့ နန်း တော်ကို ကြွခဲ့ကြပါဦး။ မမေ့ပါနဲ့နော်…" "ကျွန်မတို့ လာချင်ပါတယ်ရှင်…"

သူ ဘာကိုဆိုလိုတာပါလိမ့်။ ဘယ်ကိုလာရမယ်… ဘာနန်းတော်လဲ။ မင်းဆွေမင်းမျိုးတွေကိုများ ကျွန်မ တို့ ဧည့်ခံနေ မိပြီလား။ ထိုအမျိုးသမီးသည် သင်္ဘောသားနှင့်အတူကရင်း အဝေးသို့ ထွက်သွားသည်။ သူ၏ ကတ္တီပါဂါဝန်ကြီးက ကော်ဇောကို ဖုန်သုတ်သလို ကြမ်းပြင်ပေါ်မှာ ဒရွတ်တိုက် ပါသွား သည်။ နောက် ရက်အတော်ကြာမှ အိပ်မပျော်သောညတစ်ညတွင် ထိုအမျိုးသမီး သည် ဂိုဏ်းအုပ်ကြီး ၏ဇနီး ဖြစ်ကြောင်း ပြန်လည်အမှတ်ရတော့သည်။
ဘယ်နှစ်နာရီတွေ ထိုးကုန်ပြီလဲ ကျွန်မ မသိတော့ပါ။ တစ်စတစ်စ အချိန်တွေ ကုန်ဆုံးလာသည်။ သည် မျက်နှာတွေ ကိုသာ ထပ်ခါတလဲလဲ မြင်တွေ့နေရသည်။ သည်တေးသံတွေကိုသာ ထပ်ခါတလဲလဲ ကြားနေ ရသည်။ ကျွန်မအနားသို့ ဘီယက်ထရစ်ရောက်လာပြီး တိုးတိုးကလေး ပြောသည်။

"မင်း ဘာဖြစ်လို့ မထိုင်တာ လဲ… လူသေကောင်ရုပ်နဲ့ တူနေပြီ"
"ကျွန်မ နေကောင်းပါတယ်" ဂျိုင်းလ်စ်က ကျွန်မအနားသို့ ကပ်လာသည်။ သူ့မျက်နှာပေါ်မှာ လိမ်းခြယ် ထားသည့် မိတ်ကပ်များသည် ဇောချွေးများကြောင့် အရည်ပျော်ကာ စီးကျနေသည်။ သူ၏ အာရပ်စော်ဘွားအဝတ်ကြီး ကလည်း တောင့်တောင့်ကြီးဖြစ်နေသည်။
"ဟောဟို ကုန်းစောင်းက လှေကားထစ်ပေါ်ကနေပြီး မီးပန်းလွှတ်တာ သွားကြည့်ရအောင်…" ဟု ဂျိုင်းလ်စ် က ပြောသည်။
ဒုံးကျည်ဖြင့် လွှတ်တင်လိုက်သည့် မီးပန်းများ ကောင်းကင်မှာ ပေါက်ကွဲပြီး ပြန်ကျသွားသည်ကို လှေ ကားထစ် များပေါ်မှ ကျွန်မ ရပ်ကြည့်နေခဲ့သည်ကို မှတ်မိနေပါသေးသည်။ ထောင့်တစ်နေရာတွင် အမျိုး သားကလေး တစ်ယောက်နှင့် အကြည်ဆိုက်နေသည့် ကလားရစ်ကို လှမ်းမြင်လိုက်ရပါသည်။ စောစော က မျက်ရည် ဒီးဒီးကျခဲ့သည်ကို သူ မေ့သွားလေပြီ။

"ဟေး… ဒါမှ ပျော်စရာကောင်းတာကွ" ဂျိုင်းလ်စ်၏ကြီးမားသော မျက်နှာကြီးသည် အပေါ်သို့မော့နေ သည်။ သူ့ပါးစပ်ကြီး ကလည်း ဟပြဲကြီးဖြစ်နေသည်။
"လာပြန်ပြီဟေ့… နောက်မီးပန်းတစ်ခု။ ကျိတ်လိုက်ကွ… ကျိတ်လိုက်… ဒါမှ ပျော်စရာတကယ်ကောင်း တဲ့ပွဲ" တဖျစ်ဖျစ်အသံမြည်ပြီး ကောင်းကင်သို့ တက်သွားသည်။ ကောင်းကင်မှာ ပေါက်ကွဲသံတစ်ခု ကြားရ သည်။ မြစိမ်းရောင် ကြယ်ပွင့်ကလေးများ ယိုဖိတ်ကျလာသည်။ ပရိသတ်ကြီးဆီမှ ဝမ်းသာ အားရအော် သံများနှင့် လက်ခုပ်တီးသံများ ပေါ်ထွက်လာသည်။
"အောင်မယ်လေး… လှလိုက်တာတော်… ဟိုမှာကြည့်စမ်း… ကြည့်စမ်း… ဘယ်လောက်လှသလဲ။ ဟဲ့… သောက်ပလုတ်တုတ်… ဟိုဟာကြီး မကွဲဘူးတော့။ သတိထားကြ။ တို့ဘက်ကို ကျလာပြီ။ သေချင်းဆိုး တွေ… ဘယ်လိုများ လုပ်လိုက်တာပါလိမ့်တော်…" ဟု အော်လိုက်သည့် မိန်းမသံ တစ်ခုကိုလည်း ကြား ရပါသည်။

ခန်းမကြီးထဲမှ စုံတွဲတွေ အလျှိုလျှို အပြင်သို့ ထွက်လာကြသည်။ မြက်ခင်းများပေါ်မှာ လူတွေ မည်း မည်းလှုပ်နေ သည်။ မီးပန်းအရောင်များက မော့ထားသည့် သူတို့မျက်နှာများပေါ်မှာ လင်းထိန်နေသည်။
မီးရှုးမီးပန်း အရောင်များအောက်တွင် မန်ဒါလေစံအိမ်ကြီးသည် အရောင်တောက်နေ သည်။ ပြတင်း ပေါက်များမှာလည်း ထိန်ထိန်လင်းနေသည်။ နောက်ဆုံး မီးပန်းကို ပစ်တင်ပြီးသော အခါ တွင် မန်ဒါလေ စံအိမ်ကြီး၏ပတ်လည်မှ ည၏အရောင်သည် အခါတိုင်းကဲ့သို့ပင် မှိန်သွားလေတော့သည်။ တစ်စုံ တစ် ယောက်က ကျွန်မကို ရှန်ပိန်အရက် လာပေးပါသည်။ မော်တော်ကားများ စတင်မောင်းနှင်သံ ကို ကြားရ ပြီ။

ဧည့်သည်တွေ ပြန်စပြုကြပြီဟု ကျွန်မ တွေးလိုက်မိပါသည်။ ယခုလို ဧည့်သည်များ ပြန်ကြသည့်အ တွက် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို အောက်မေ့သတိရလိုက်မိပါသည်။ အိမ်ထဲသို့ ကျွန်မ ပြန် ဝင်ခဲ့ ပါသည်။ ဖရင့် က တီးဝိုင်းကို အချက်လှမ်းပြနေသည်။ ဧည့်ခန်းနှင့် ခန်းမကြီး အကူးစင်္ကြံတွင် ကျွန်မ မသိမသာ ယောက်ျားတစ်ယောက်ဘေးမှာ ကျွန်မ ရပ်နေမိသည်။ "အင်မတန် ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးပါပဲဗျာ" ဟု သူက ပြောသည်။
"ဟုတ်ကဲ့ရှင်…" "ကျွန်တော်တော့ စက္ကန့်တိုင်းမှာကို ပျော်နေတော့တယ်" "ဝမ်းသာပါတယ်ရှင်"
"ဒီပွဲကိုမတက်နိုင် လို့ မော်လီတော့ အကြီးအကျယ်ကို ဒေါသူပုန်ထနေလေရဲ့" ဟု သူက ဆက်ပြော သည်။

"ဟုတ်ပါသလားရှင်…"
တီးဝိုင်း မှ ပွဲသိမ်းတီးလုံးပေါ်ထွက်လာသည်။ ကျွန်မ၏ဘေးမှ ယောက်ျားက ကျွန်မ၏လက်တစ်ဖက်ကို ဆွဲကာ ဝှေ့ယမ်းရင်း "ကိုင်း… လာကြဗျို့… ဒီဘက်ကို တစ်ယောက်လာ… ဟိုဘက်ကို တစ်ယောက် သွား…"ဟု သူက အော်သည်။ လူတွေ ပြုံရောက်လာပြီး တစ်ယောက်လက် တစ်ယောက်ဆွဲ ဝိုင်းကြီး ပတ်ပတ် ကခုန်ကြသည်။ ပွဲသိမ်းသီချင်းကိုလည်း သံပြိုင်ဝိုင်းဆိုကြသည်။ အကျယ်နိုင်သမျှ အကျယ် နိုင်ဆုံး ဟစ်အော်သီဆိုကြခြင်းဖြစ်သည်။
ပြီးတော့ လူတစ်ယောက်ဟာ ကျွန်မထံလာပြီး လက်ဆွဲနှုတ်ဆက်သည်။
"နောက်လ ၁၄ ရက်နေ့ ကျွန်တော့်တို့ဆီမှာ ညစာလာစားကြဖို့ မမေ့ပါနဲ့နော်…" ဟု သူက ပြောသည်။

"ဟုတ်ပါသလားရှင်…" ကျွန်မက သူ့ကို ငေးကြည့်နေသည်။ သို့သော်လည်း သဲသဲကွဲကွဲ မြင်ရသည် မထင်။ "မှန်ပါတယ်ခင်ဗျာ… ခင်ဗျားယောင်းမ ကလဲ ကတိပေးပြီးပါပြီ"
"ည ၈ နာရီခွဲ၊ ဝတ်စုံပြည့် ညစားစားပွဲပါ။ အဲဒီကျတော့မှာပဲ တွေ့ကြတော့မယ်နော်"
"ဟုတ်… ဟုတ်ကဲ့ပါရှင်" ကျွန်မတို့ကို နှုတ်ဆက်ရန် ဧည်သည်များ တန်းစီးနေကြပြီ။ မက်ဇင်မ်က အခန်း၏ဟိုဘက်ခြမ်းတွင် ဖြစ် သည်။ ကျွန်မ၏မျက်နှာပေါ်မှာ အပြုံးကိုပြန်တင် ရပြန်ပြီ။ စောစော က ပျောက်ဆုံးခဲ့သည့် အပြုံးကလေး ကို ပြုံးရပြန်ပါပြီ။

"ကြုံခဲ့ဖူးသမျှထဲမှာတော့ အကောင်းဆုံးညပါပဲခင်ဗျား…"
"ဝမ်းသာပါတယ်ရှင်"
"ကြီးကျယ်တဲ့ပွတ်သဘင်ပွဲကြီးအတွက် ကျေးဇူးတင်ပါတယ်"
"ဝမ်းသာပါတယ်ရှင်"
"ပွဲသိမ်းလိုက်ရတာ စိတ်မကောင်းပါဘူးဗျာ…။ ဆက်ကနေကြရဦးမယ်ဆိုရင်တောင် မမောနိုင်အောင် ပါပဲ"
"ဝမ်းသာပါတယ်ရှင်"
"သွားတော့မယ်နော်…။ သိပ်ကို ကျေးဇူးတင်ပါတယ်"
"ဝမ်းသာပါတယ်ရှင်"

အင်္ဂလိပ်စကားမှာ "ဝမ်းသာပါတယ်ရှင်" ကလွဲပြီး တခြားစကားလုံးမရှိတော့ဘူးလား။ တစ်ယောက်လာ လည်း ဒီစကား။ နောက်တစ်ယောက်တွေ့ပြန်တော့လည်း ဒီစကားကိုသာ ပြောနေရသည်။
ခေါင်းကလေး ညွတ်ပေးရသည်။ အပြုံးကလေး ပြုံးပြရသည်။ သည်အပြုအမူတွေ အားလုံးကို သက်မဲ့ အရုပ်တစ်ရုပ်လို လုပ်နေရသည်။ သို့သော်လည်း ကျွန်မ၏မျက်လုံးများကမူ မက်ဇင်မ်ကိုပဲ အာရုံလှမ်း စိုက်နေမိသည်။ စာကြည့်ခန်းနားမှာ သူလည်း ဧည့်သည်တွေနှင့် လက်မလည်နိုင်။
ခန်းမကြီးထဲ မှာ တဖြည်းဖြည်း လူတွေပါးလာသည်။ စည်ကားသိုက်မြိုက်ခြင်းများကား တစ်စတစ်စ ကုန်ဆုံး သွားပေပြီ။ အပြင်မှာ ရောင်ခြည်လည်း ပေါ်စပြုပြီ။

မော်တော်ကားလမ်းပေါ်မှာရှိသော ဖရင့်ဆီသို့ မက်ဇင်မ် ဆင်းလိုက်သွားသည်။ ဘီယက်ထရစ်သည် ကျွန်မ ဆီ လျှောက်လာသည်။ တချွင်ချွင်မြည်နေသော သူ့အဝတ်အစားများကို ဆွဲမလာသည်။
"ဒါကြီးတွေ ကို တစ်စက္ကန့်လေးတောင် ဆက်မဝတ်ထားချင်တော့ဘူး။ မမလဲ မနားတမ်း ကလိုက်တာပဲ ဖတ်ဖတ်မော သွားတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီည ပွဲကတော့ အရမ်းအောင်မြင်တာပဲ ညီမလေးရယ်"
"ဟုတ်လား…"
"ညီမလေး သွားအိပ်လိုက် ဖို့ ကောင်းပြီထင်တယ်။ မင်းကို ကြည့်ရတာ ယဲ့ယဲ့ပဲကျန်တော့တယ်။ တစ်ည လုံး မင်း မတ်တတ်ရပ်နေတာ။ အမျိုးသားတွေ ဘယ်ရောက်ကုန်ကြပြီလဲ"
"ဟောဟိုကားလမ်းပေါ်မှာ…"
"ကော်ဖီ ကလေး ကြက်ဥကလေး စားလိုက်ဦးမှကွယ်…။ ညီမလေးရော စားဦးမလား"

"တော်ပြီ မမ… မစားနိုင်တော့ပါဘူး"
"ဂါဝန်အပြာလေးနဲ့ မင်း သိပ်ချစ်စရာကောင်းတာပဲ။ လူတိုင်းက ချီးမွမ်းကြတယ်။ ဟိုကိစ္စကိုလဲ ဘယ် သူမှ မရိပ်မိကြပါဘူး။ ဒါကြောင့် စိတ်မပူနဲ့နော်…"
"ဟုတ်ကဲ့…"
"မမသာ ဆိုရင်တော့ မနက်ဖြန် အိပ်ရေးဝအောင် အိပ်ပစ်လိုက်မိမှာပဲ။ စောစောမထနဲ့။ မနက်စာကို အိပ်ခန်းထဲ မှာ ယူစား… ကြားလား…"
"ဟုတ်ကဲ့ မမ" "ညီမလေး အပေါ်တက်သွားပြီလို့ မက်ဇင်မ်ကို ပြောလိုက်မယ်နော်"
"ဟုတ်ကဲ့ မမ… ပြောပေးပါရှင်"
"ကောင်းပြီ ညီမလေး… အိပ်ရေးဝအောင် အိပ်လိုက်"

ဘီယက်ထရစ်က ကျွန်မကို ခပ်သွက်သွက်နမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျွန်မ၏ပခုံးကို ပုတ် သည်။ ပြီးတော့ ထမင်းစားခန်းထဲသို့ ဝင်သွားသည်။
ကျွန်မ လည်း လှေကားအတိုင်း အပေါ်ထပ်သို့ တဖြည်းဖြည်း တက်လာခဲ့ပါသည်။ တီးဝိုင်းလည်း သိမ်း သွားပြီ။ စီးကရက်တိုတွေလည်း နေရာတကာမှာ ပျံ့နေသည်။ ကုလားထိုင်တစ်လုံး က ပြောင်းပြန်လှန် နေသည်။ စင်္ကြံအတိုင်း တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ အပြင်မှာ အရုဏ်ဦး၏ အရောင်များ တဖြည်းဖြည်း ကြီးစိုးလာသည်။ ငှက်ကလေးများလည်း အိပ်တန်းထကြပြီ။
အဝတ်အစား လဲရန် မီးမဖွင့်တော့ပါ။ ပွင့်နေသော ပြတင်းပေါက်မှ လေအေးကလေး တိုးဝင်နေသည်။ အခန်းထဲ မှာ မှောင်သွားအောင် ခန်းဆီးများကို ဆွဲချလိုက်သည်။ သို့သော်လည်း အရုဏ်ကျင်းသည့် အရောင် သည် ခန်းဆီးအစပ်များမှ တိုးဝင်နေသည်။

ခုတင်ပေါ်သို့ တက်လာသည်။ ခြေထောက်မျာ တောင့်ဆိုင်းနေသည်။ ကျောတွေ ရင်တွေ လည်းအောင့် နေသည်။ ပက်လက်လှန်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ သန့်ပြန့်သော အိပ်ရာခင်းကြောင့် နေသာ ထိုင်သာရှိသွားသည်။ ခန္ဓာကိုယ် နေသာထိုင်သာရှိသွားသလို စိတ်နားနေခွင့် ကိုလည်း ရယူချင် စမ်းလှပါသည်။
ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်သွားလိုပါသည်။
စကားပြောသံများကို မကြားလိုပါ။ တေးဂီတသံများကို နားမထောင်လိုပါ။ လူပေါင်းများစွာတို့၏မျက်နှာ ပင်လယ်ပြင်ကြီး ကို မမြင်တွေ့လိုပါ။ လက်နှစ်ဖက်နှင့် မျက်လုံးများကို ဖိထားလိုက်မိသည်။ သို့သော် လည်း မမြင်ချင်၊ မကြားချင်သည့် အရာများကား ပျောက်မသွား။

မက်ဇင်မ် ဘယ်မှာရောက်နေသနည်းဟု ကျွန်မ တွေးကြည့်နေမိပါသည်။ ကျွန်မဘေးမှာ သူ့အိပ်ရာ သည် သည်အတိုင်း ရှိနေသည်။ အေးစက်နေပေလိမ့်မည်။ ခဏကြာလျှင် သည်အခန်းထဲမှာ နေ၏ အလင်းရောင်တွေ လွှမ်းမိုးလာတော့မည်။ ငှက်ကလေးများလည်း အိပ်တန်း ထကြပြီမို့ တေးဆိုနေကြပြီ။ တေးဆိုသံများ တစ်စတစ်စ ပိုများလာသည်။ တစ်စတစ်စ ပိုကျယ်လာသည်။
ကျွန်မ၏ အိပ်ရာဘေးရှိ နာရီကလေးက တစ်မိနစ်ပြီး တစ်မိနစ် ရွေ့လျားနေသည်။ လက်တံသည် ဒိုင် ခွက်ထဲမှာ လှည့်နေသည်။ နာရီကလေးကို ကြည့်နေမိပါသည်။ တစ်နာရီ ပြည့်သွားပြန်တော့ နောက် တစ်နာရီ အတွက် ခရီးသစ်ကို ဆက်လက် ချီတက်နေပြန်ပါသည်။
သို့သော် မက်ဇင်မ်ကား ပြန်မလာသေး။

အခန်း (၁၈)

ခုနှစ်နာရီကျော်ကျော်လောက်တွင် ကျွန်မ အိပ်ပျော်သွားသည်ဟု ထင်ပါသည်။ တစ်ခန်းလုံး နေ၏ အလင်းရောင်ကြောင့် ထိန်ထိန်တောက်နေသည်ကို ကျွန်မ မှတ်မိနေပါသေးသည်။ ခန်းဆီး များက နေ ရောင် ကို တားဆီကာကွယ်ပေးထားနိုင်စွမ်း မရှိတော့ပါ။
နှင်းဆီခြံ ထဲမှ စားပွဲကုလားထိုင်များကို ရွှေ့ပြောင်းသယ်ယူနေကြသံများ ကြားရသည်။ သစ်ပင်များပေါ် မှာ ချိတ်ဆွဲ ထားသည့် ရောင်စုံမီးလုံးများလည်း သိမ်းဆည်းနေကြပြီ။ မက်ဇင်မ်၏အိပ်ရာကား သည် အတိုင်း ရှိနေသည်။ အိပ်ရာပေးမှာ ကျွန်မ ကန့်လန့်ဖြတ်အိပ်နေမိသည်။ မျက်လုံးများကို လက်နှင့် အုပ် ထားမိသည်။
ကျွန်မ အိပ်ရာမှနိုးသည့် အချိန်သည့် ဆယ့်တစ်နာရီကျော်ကျော် ရှိလေပြီ။ ကလားရစ်လည်း ကျွန်မ အိပ်ပျော်နေတုန်း အသံမကြားအောင်ဝင်လာခဲ့ပြီးပြီ။ အိပ်ရာဘေးမှာ လက်ဖက်ရည်ပွဲ ပြင်ပေးသွားပြီး ပြီ။ ည က ကျွန်မ ချွတ်ထားခဲ့ သည့် အဝတ်အစားများကိုလည်း သိမ်းဆည်းပေးသွားပြီးပြီ။

အချိန်တိုတောင်းသော်လည်း ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါသည်။ ထို့ကြောင့် လေးလံ ထိုင်းမှိုင်းနေ သည်။ လက်ဖက်ရည်သောက်ရင်း ဘာမျှမရှိသည့် အုတ်နံရံကြီးကို ငေးကြည့်နေမိသည်။ ဘယ်သူမျှ မရှိသော မက်ဇင်မ်၏အိပ်ရာက ကျွန်မကိုတုန်လှုပ်ချောက်ချားစေပါသည်။ မနေ့ညက ဖြစ် ပျက်ခဲ့ရသည် များကိုလည်း ပြန်လည် အမှတ်ရစေပါသည်။ သူ လုံးဝ ပြန်အိပ်ပုံမပေါ်။ သူ၏ညဝတ် အင်္ကျီ မှာ သည်အတိုင်းရှိနေသည်။
လက်ဖက်ရည်လာပို့သည် ကလာါ်ရစ်က ဒါတွေက မြင်သွားပြီး ဘယ်လိုများ ထင်သွားလေမည်နည်း ဟု တွေးနေမိသည်။ မက်ဇင်မ် ပြန်မအိပ်သည့်အကြောင်း ကလားရစ်က အခြားအိမ်ဖော်များကို ပြောပြ လိုက်ပြီလော။ အိမ်ဖော်တွေအချင်းချင်း သည်အကြောင်းကို ပြောဆိုနေကြပြီလော။ ပြောတော့ရော ဘာဖြစ် ရဦးမည်နည်း။ သည်လိုအတင်းအဖျင်း ပြောကြသည့်အတွက် ကျွန်မက ဘာကြောင့် စိတ်ထိ ခိုက်နေ ရသနည်း။ အတင်းအဖျင်း အပြောခံရမည်ကို ဘာကြောင့် ဒါလောက်တောင် ကျွန်မ မုန်းတီး စက်ဆုပ်နေမိ သနည်း။

မနေ့ညတုန်းက အိပ်ခန်းထဲမှာ ပုန်းမနေတော့ဘဲ ဂါဝန်အပြာကလေး ကောက်ဝတ်ပြီး အောက်ထပ်သို့ ကျွန်မ ဆင်းသွားခြင်းသည် ထိုအကြောင်းကြောင့်ပင်ဖြစ်ပါသည်။ သတ္တိရှိလွန်းသောကြောင့် မဟုတ်ပါ။ မက်ဇင်မ် မျက်နှာပျက်မှာ စိုးသောကြောင့် ဆင်းသွားခြင်းလည်းမဟုတ်ပါ။ ဘီယက်ထရစ် အလိုဆန္ဒ ကို ဖြည့်စွမ်းသည့်အနေဖြင့် ဆင်းသွားခြင်းလည်းမဟုတ်ပါ။ မန်ဒါလေစံအိမ်ကြီး၏အစဉ်အလာကို ထိန်း သိမ်းသည့် အနေဖြင့် ဆင်းသွားခြင်းလည်းမဟုတ်ပါ။

မက်ဇင်မ်နှင့် ကျွန်မ စကားများထားသည်ဟု လူတွေထင်မှာစိုးသောကြောင့် ဆင်းသွားခြင်းသာဖြစ်ပါ သည်။ သူတို့ အိမ်ပြန်သွားကြသောအခါ…
"သူတို့ နှစ်ယောက် အဆင်မပြေကြပါဘူး။ ယောက်ျားလုပ်တဲ့လူလဲ နည်းနည်းကလေးမှ စိတ်မချမ်းသာ ဘူး လို့ ကြားရတယ်" ဆိုတာမျိုး ပြောမှာစိုးသောကြောင့်သာ ကျွန်မ ဆင်းသွားခြင်းဖြစ်ပါသည်။
ကျွန်မ ၏ အနည်းငယ်မျှသာ ရှိသော ဂုဏ်သိက္ခာကို အသရေဆည်သည့်အနေဖြင့် ဆင်းသွားခြင်း သာ ဖြစ်ပါသည်။
လက်ဖက်ရည်သောက်နေ ရင်း ကျွန်မ များစွာစိတ်ထိခိုက်မိပါသည်။ သည်မန်ဒါလေစံအိမ်ကြီးထဲမှာပဲ မက်ဇင်မ် က တစ်နေရာ၊ ကျွန်မက တစ်နေရာ နေလို့ရမည်ဆိုလျှင် နေချင်ပါသည်။

ကျွန်မတို့ နှစ်ယောက် အဆင်မပြေဖြစ်နေကြောင်း လူတွေမသိလျှင် တော်ပါပြီ။ ကျွန်မအပေါ်မှာ သူ မကြင်နာ လျှင် နေပါစေတော့။ ကျွန်မကို ဘယ်တော့မှ မနမ်းချင်လျှင်လည်း နေပါစေတော့။ မပြောမဖြစ် သည့်စကား မှ လွဲ၍ ဘာစကားမျှ မပြောချင်လျှင်လည်း နေပါစေတော့။ သည်အကြောင်းကို အပြင်လူ တွေ လုံးဝမသိလျှင် ကျွန်မ ခံနိုင်ရည်ရှိပါသည်။ သည်အကြောင်းများကို ကျွန်မတို့ နှစ်ယောက်တည်း သာ သိနေသည်ဆိုလျှင် တော်ပါပြီ။ သည်သတင်းတွေ ပြင်ပသို့ မပေါက်ကြားအောင် အိမ်ဖော်များ ကို လာဘ်ထိုးရလျှင်လည်း ထိုးရပါစေတော့။
လောကကြီး တွင် အိမ်ထောင်ရေး မသာယာခြင်းလောက် ရှက်စရာကောင်းသည်မှာ မရှိတော့။ အောက် တန်းကျသည် မှာ မရှိတော့။ ယခုတော့ မနေ့ညက အဖြစ်အပျက်များကြောင့် ကျွန်မ ကောင်းကောင်း သဘောပေါက် နားလည်ခဲ့ ပါပြီ။

ဆက်ရန်
.

No comments: