Tuesday, June 12, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၃)

အ၀တ်အစား စသော ပစ္စည်းများကို မမက်မောတတ်သည့် ကျွန်မ စိတ်ဓာတ်သည်လည်း အင်တီအို့ခ်ျကြောင့် ပို၍ ခိုင်မာလာခဲ့ပြီ။ ကိုယ့်တန်ဖိုး ကိုယ်နားလည်အောင်လည်း သည်ကျောင်း ကပင် သင်ပေးခဲ့ ပါသည်။ နီဂရိုးလူမျိုးဖြစ်နေ၍ သိမ်ငယ်တတ်သော စိတ် ကို လည်း မောင်းထုတ်နိုင်ခဲ့ပြီ။ လူတစ်ဦး တစ်ယောက် အနေဖြင့်ရော တစ်ဦးချင်း အနေဖြင့် ပါ ပေးဆပ်ခြင်းနှင့် မျှဝေခံစားခြင်းဟူသည့် ခရစ်ယာန် အယူဖြင့် ရှေ့သို့ ဆက်လက်လျှောက် လှမ်း ရမည် ဟု ကျွန်မ အခိုင်အမာ ယုံကြည်နေပါပြီ။ ကို ဆက်ဖတ်ရန်......
(၃)

၁၉၅၁ ခုနှစ်တွင် အင်တီအို့်ခ်ျမှ ထွက်ခဲ့ပြီး ဂီတပညာကို ဆက်သင်ဖို့ ဆုံးဖြတ်လိုက်သည်။ ဘော်စတွန် ဂီတ အနုပညာကျောင်း တွင် ကျွန်မဝင်ခွင့်ရသည်။ သူငယ်ချင်း ဂျက်စီထရိက်ချလာ ၏ ကျေးဇူးကြောင့် ဒေါ်လာခြောက်ရာ့ငါးဆယ် ထောက်ပံ့ကြေး ရရှိခဲ့သည်။ သူငယ်ချင်း၏ အမေ မစ္စက်ထရိုက်ချလာ က ဘော့စတွန်မှ သူ့သူငယ်ချင်း မစ္စက်ဘားတိုးလ်ထံသို့ စာတစ် စောင် ရေးပေး လိုက်သေး သည်။ အမျိုးသမီးကြီးက ကျွန်မကို နေစရာ အခန်းနှင့် နံနက်စာကို တစ်ပတ် ခုနှစ်ဒေါ်လာ ယူပြီး ခွင့်ပြုသည်။

ရရှိသည့်ထောက်ပံ့ငွေက ကျောင်းလခနှင့် ကျူရှင်ခအတွက်ပင် အနိုင်နိုင်။ ကံကောင်း ချင်တော့ မြို့နယ် အသင်း တစ်ခုမှ မစ္စက်ဝမ်လေ ဖုန်းဆက်လာသည်။ အမျိုးသမီးကြီးကို သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေး သဖြင့် တစ်ခါသာ တွေ့ဖူး၏။ ဒါကြောင့် သူ့ဆီက ငွေရေးကြေးရေး အကူအညီ တောင်းဖို့ ကျွန်မ စိတ်မကူးရဲပါ။သို့သော် သူကပင် စပြီးပြော လာသည်။
ကျောင်းသွား ရင်း လမ်းကြုံသားပဲ အဒေါ်ဆီဝင်ခဲ့လေ မင်းအတွက် အဒေါ်ငွေ ထုတ် ပေးမယ် ပေးဆပ်နိုင်တာ နဲ့ တစ်ပြိုင်နက် ကျွန်မပြန်ပေးပါမည့်အကြောင်းပြောတော့ အမျိုးသမီး ကြီးက အရေးမထား သလို ပြန်ပြောသည်။

အိုကွယ် အဲဒီကိစ္စ တို့ရဲ့မြေးတွေ ပူကြပါစေ သူအိမ်မှထွက်လာပြီးမှ လမ်းတွင်သူ ပေးလိုက်သည့်် စာအိတ် ကိုဖွင့်ကြည့်လိုက်တော့ ဆယ့်ငါးဒေါ်လာကြီးများတောင်ပါလား။ မြေအောက်ရထားပေါ်ထိုင်ရင်း ကျွန်မ မျက်ရည်တွေကျလာသည်။
သြော် လောကကြီးမှာ သည်လို နှလုံးသားပိုင်ရှင်တွေလည်း ရှိပါသေးလား။ကျွန်မ အကျပ်တည်းဆုံး အချိန် မှာ စိတ်ဓာတ်တွေကျနေချိန်မှာ မစ္စက်ဝမ်လေက လာပြီး ဖေးကူလိုက် တာပါ။
ကျွန်မ က ကတိ အတိုင်း အခြေအနေပေးတာနဲ့ ပြန်ဆပ်ဖို့သွားတော့ သူကလက်မခံဘဲ ပြန်ပေးပါသည်။ ဘဝကို ရုန်းကန်နေ သည့် မိန်းကလေးတစ်ယောက်ကို ခုလို ကူညီဖော်ရသည့် စေတနာမျိုးကို ကျွန်မ တစ်သက်မမေ့နိုင်ပါ။

မစ္စက်ဘားတိုးလ်က ကျွန်မအခန်းနှင့် ငါးထပ်မှာ အိပ်ခန်း နှစ်ခန်းကို သန့်ရှင်း ရေး လုပ်ခွင့်ပေး သည်။ နောက်ပိုင်း ခန်းမဆောင်နှင့် လှေကားရှေ့ဝရန်တာများကို လုပ်ရ၏။ အိုင်းရစ်အိမ်ဖော် က လေးဖက်ထောက်ပြီး ကြမ်းတိုက်နည်း ကို သင်ပေးသည်။ သည်လို တိုက်မှ ကြမ်း တကယ်ပြောင် တာကိုး။ သည်လုပ်အားခအတွက်လည်း ကျွန်မ ခုနှစ်ဒေါ်လာရသည်။ အခန်းခနှင့် နံနက်စာဖိုး ကျေသည်။ သို့သော် တစ်နေ့တာ စားဖို့နှင့် အသေးသုံးအတွက် ကျွန်မမှာ ငွေလိုအပ်ဆဲပင်။ မစ္စက်ဘားတိုးလ်က မျက်နှာ သုတ်ပဝါနှင့် ခေါင်းအုံးစွပ်တွေ လျော်ခိုင်းသည်။ သည်အတွက် အပိုအလျှံ ကလေးများရ၏။ နိုဝင်ဘာလထဲတွင် မြို့နယ် အသင်းက စာပို့ကုမ္ပဏီတစ်ခုနှင့်ချိတ်ပေးသဖြင့် အချိန်ပိုင်း အလုပ် ရပြီး ကျွန်မ အသက်ရှူ ချောင်သွားသည်။

ဒုတိယနှစ်ဝက်တွင် မမျှော်လင့်ဘဲ အယ်လာဘားမားပြည်နယ်မှ ကျွန်မ အတွက် ထောက်ပံ့ကြေး ရောက် လာသည်။ ဤသည်မှာ ပြည်နယ်အစိုးရ ၏ ပေါ်လစီဖြစ်သည်။ လူမည်းကောလိပ်များတွင် မရနိုင်သည့် အသက်မွေး ဝမ်းကျောင်း ပညာရပ် တစ်ခုခုကို သင်ယူသည့် လူမည်းကျောင်းသားများ အား ထောက်ပံ့ကြေးပေး သည်။ ဤနည်းဖြင့် လူဖြူကောလိပ်များတွင် လူမည်းကျောင်းသားများ အခွင့်အရေး ရသည်ဟူသည့် အမြင်မျိုး မြင်စေချင်၍ ဖြစ်၏။ အသားရောင်ခွဲခြားမှုကို အကာ အကွယ်ပေးခြင်း တစ်မျိုး ဟု ယူဆနိုင်၏။
ဘာ့စတွန် သို့ ကျွန်မရောက်သွားခြင်းမှာ သည်မြို့တွင် မာတင်ရှိနေသောကြောင့်ဟု ကျွန်မ ယုံကြည်နေ သည်။ အရာရာ ဘုရားသခင်၏ အစီအမံတွေချည်း မဟုတ်ပါလား။ ဘုရားသခင်က ကိုယ်တော်၏ အလိုတော် ကို ဖြည့်ဆည်းဖို့ ကျွန်မတို့အား စေခိုင်းတော်မူခြင်း ဖြစ်သည်။ မေတ္တာတရားနှင့် ညီအစ်ကို စိတ်ဓာတ်ပွား များဖို့ ကျွန်မတို့အား စေခိုင်းတော် မူခြင်း ဖြစ်သည်။

ယောက်ျား ယူဖို့ ကျွန်မတွင် လုံးဝ အစီအစဉ်မရှိပါ။ ဂီတပညာကို ဆုံးခန်းတိုင် သင်ချင်သေးသည်။ သည်လိုအချိန် တွင် ကျွန်မဘဝထဲသို့ မာတင် ဝင်လာခြင်းဖြစ် ၏။ မေရီပိုဝယ်လ် ဆိုသည့် ကောင်မလေးနှင့် ပတ်သက်ပြီး သူနှင့် ကျွန်မ တွေ့ကြခြင်းဖြစ်သည်။ သူက အတ္တလန္တာမိုးဟောက်စ် ကောလိပ် မှ ဥက္ကဌ ဘင်ဂျမင်မေးစ်၏ တူနှင့် လက်ထပ်သည်။
 ဘော့စတွန် လူဖြူစားသောက်ဆိုင်များတွင် ဆိုင်းဘုတ်ချိတ်ပြီး တားမြစ်မထားသော် လည်း လူမည်းကျောင်းသား များကို မလိုလားကြပါ။ ထို့ကြောင့်တွေ့ဆုံပွဲများတွင် လုပ်လျှင် တစ်အိမ်အိမ်တွင် စုပြီး တောင်ပိုင်းဓလေ့အတိုင်း ကျင်းပကြရသည်။ ဤသို့ဖြင့် လူမည်း ကျောင်းသား အချင်းချင်း ဘော့စတွန် တွင် စည်းလုံးကြသည်။ အချင်းချင်း အတွဲများဖြစ်သွား တတ်ကြသည်။
ဤသို့ဖြင့် မာတင်က ကျွနိမကို မိတ်ဆက်ပေးဖို့ အောင်သွယ်လုပ်ပေးဖို့ မေရီကို ချဉ်းကပ်ခြင်းဖြစ် ၏။ ၁၉၅၁ ခုနှစ် ဇန်နဝါရီလထဲတွင် မေရီက မာတင်လူသာကင်း (အငယ်) အကြောင်း ကျွန်မကို စပြော သည်။ (ထိုစဉ်က သူ့ကို လူတိုင်းက အမ်အယ်လ်ဟု ခေါ်ကြသည်)။

သူက နှစ်ခြင်း ခရစ်ယာန် ခင်ကြီးတစ်ပါးဖြစ်ကြောင်း ဘော့စတွန်တက္ကသိုလ်တွင် ပါရဂူဘွဲ့ ယူဖို့ ကျောင်း လာနေခြင်းဖြစ်ကြောင်း စသည်စသည်။
 ဒေါက်တာမေးစ်က ပြောတယ်ကွ သူဟာ သိပ်အလားအလာ ရှိတဲ့ လူငယ်တစ်ယောက်တဲ့ သူက သာသနာ့ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိတာနဲ့ ကျွန်မလုံးဝစိတ်မဝင်စားတော့ပါ။ သူတို့ကို ခရစ်ယာန် သာသနာ့ဝန်ထမ်း များ အဖြစ် ကျွန်မလေးစားပါသည်။ သို့သော် အချို့မှာ ဝတ်စုံနက်ဝတ်ပြီး သိပ် မလေးနက် ကြပါ။ နောက်တစ်ခုမှာ ကျွန်မသည် ငယ်စဉ်က ဘာသာရေး ကိုင်းရှိုင်းခဲ့သူ ဖြစ်သော်လည်း ခုတော့ ဘုရားကျောင်းသို့ မရောက်သည်မှာကြာပြီ အာရုံ ရလာလျှင် ကိုယ့်အခန်းထဲမှာပဲ တစ်ယောက် တည်း ဝတ်ပြုသည်။

    မေရီက မာတင်ကို အတ္တလန္တာတွင် သိခဲ့ခြင်းဖြစ်သည်။ သူကမိုးဟောက်စ် တက္ကသိုလ်တွင် တက်နေ စဉ် မေရီက စပယ်လ်မန် ကောလိပ်ကျောင်းသူဘဝဖြစ်သည်။ တစ်နေ့တွင် သူက မေရီ ကို မေးသည်။ ဘော့စတွန်တွင် မိန်းကလေးတွေ အများကြီး တွေ့ခဲ့ကြောင်း သို့သော် ဘယ်သူကိုမျှ စိတ်မဝင်စား ခဲ့ကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ယောက်များမင်းမှာ ရှိသလား ဟု မေရီကို မေးသည်။ သည်တွင် မေရီက ကျွန်မ အကြောင်းပြောပြ လိုက်သည် တဲ့ ချောကြောင်းလှကြောင်း ထက်မြက်ကြောင်း ဘာညာဘာညာပေါ့။ ပြီးတော့ တစ်ခု သတိပေး လိုက်သည် တဲ့ ကျွန်မက ဘုရားကျောင်းမှန် မှန်မတက်သည့် ကိစ္စ။

နောက်ပိုင်း တွင် သူ ကျွန်မကို ပြန်ပြောပြသည်။ သည်ကိစ္စကို သူသိပ်အလေးအနက် မထားပါဘူးတဲ့။ ဘာသာရေး တွင် အာရုံနစ်နေသည့် မိန်းကလေးများကို သူ သိပ်သဘော မကျပါဘူးတဲ့။
သူ ကျွန်မဆီလာလည်သည်။ နောက်တစ်နေ့ နေလယ်စာစားဖို့ ဖိတ်သည်ကို ကျွန်မ လက်ခံ လိုက်သည်။ ကျောင်းဆင်းပြီးတော့ လှေကားထစ်တွင် သူ့ကို ကျွန်မစောင့်နေ လိုက်သည်။ ဇန်နဝါရီလမို့ ချမ်းလှသည် ကုတ်အင်္ကျီကြယ်သီးရင်စေ့တပ်ထားပြီး ခေါင်းကို စကတ်တစ်ထည်နှင့် စည်းထားရ၏။ သူကား ထိုးဆိုက်လာသည်။ ပထမဆုံး ကျွန်မ သတိထားလိုက်မိသည်မှာ သူ့တွင် ဘာမျှစိတ်ဝင်စားစရာ မရှိခြင်း ပင်။ အရပ်ကလည်းပုသ လိုလို။

ရှရပ်ဖ်စားသောက်ဆိုင် သို့ သူဦးတည်ပြီးမောင်းသည်။ ထိုနေ့က ကျွန်မ ဝတ်ထား သမျှုကို မှတ်မိနေ၏ စီးသည့် ဖိနပ်က အစ မှတ်မိနေ၏ အပြာနုရောင် ဝတ်စုံနှင့် ကုတ်အင်္ကျီအနက် ဝတ်သွားသည်။ ဆံပင်တွေ ကို သူသဘောကျပါသည်တဲ့။
ပထမတော့ မိန်းကလေးတို့ဣနြေ္ဒနှင့် ကျွန်မနေပါသည်။ သို့သော် သိပ်မလွယ်လှပါ မကြာခင်သူ အရပ်ပု သည့် ကိစ္စကို ကျွန်မမေ့သွားတော့သည်။ သူ၏ ရိုးသားမှုနှင့် သဘောဖြူပုံက ပေါ်လွင်နေပြီး ငယ်ငယ် ရွယ်ရွယ်နှင့် လူတွေကို ဆွဲဆောင်နိုင်စွမ်းက ကြီးမားလှသည် သူ့ကို သဘောမကျဘဲမနေနိုင်ကြောင်း ကိုယ့်ကိုယ် ကိုယ် သတိထားမိလိုက်သည်။
ကျွန်မ ကို ပြန်ပို့တော့ သူက ဗြုန်းစားကြီးပြောလာသည်။ လေအေးကလေးနှင့် ပြောခြင်းဖြစ်သော်လည်း သူ့လေသံ က အားပါသည်။

" မင်းမှာ ကိုယ်လိုချင်တဲ့ အရည်အချင်းတွေ အားလုံးရှိတယ်၊ ဇနီးကောင်း တစ်ယောက်မှာ ရှိအပ်တဲ့ အရည် အချင်းတွေလေ၊ အကျင့်စာရိတ္တ၊ အသိပညာ၊ လူရည်လူသွေး အားလုံးပဲ ပြီးတော့ ရုပ်ဆင်းရူပကာ … "
ကျွန်မ စိတ်လိုက်မာန်ပါ ပြန်မေးလိုက်သည်။
" ရှင် ဘယ်လို ပြောနိုင်လဲ၊ ရှင် ကျွန်မ အကြောင်း ဘာမှ မသိသေးဘဲနဲ့ "
" သေသေချာချာ ပြောနိုင်ပါတယ် "
လက်ထပ် ဖို့ ကိစ္စကို သူ အလောတကြီး ပြောသည့်အတွက် ကျွန်မအံ့သြမဆုံးဖြစ်နေသည်။ သို့သော် သူ့ကို ကြည့်ရသည်မှာ တည်တည်ငြိမ်ငြိမ်။ နှစ်ဆယ့်သုံးနှစ် အရွယ်တွင် လုံးဝရင့်ကျက်နေပုံမျိုး။ လက်ထပ် ဖို့ အသင့် ဖြစ်နေပုံမျိုး။ သူပြောနေပုံက အချိန် မရှိတော့သလိုလို။ မစောင့်နိုင်တော့သလိုလို။ ပြီးတော့ ဘယ်လမ်း သွားရမည်ကို မြင်ပြီးသားဖြစ်နေပုံ။ ကျွန်မတို့၏ သမီးရည်းစားဘ၀မှာ တစ်လျှောက် လုံး သိက္ခာ ရှိရှိ။ သူ့ဘ၀အတိုင်းပင်။ သူ သုံးဆယ့်ကိုးနှစ် အရွယ်အထိ၊ သူ လုပ်ဆောင်ချက်များကလည်း အားလုံး တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိပါပဲ။

အခန်းထဲ ပြန်ရောက်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသည်။ ၀ါသနာပါသည့် တက်လက်စ အနုပညာကို ရပ်ပစ် မလား၊ မရပ်နိုင်ပါ။ ရည်းစားသနာထားလျှင် ဘယ်လိုနေမလဲဟု ကျွန်မ စဉ်းစားကြည့်ဖူးပါသည်။ မရေမရာနိုင်သည့်ကိစ္စမျိုးဟု ထင်သည်။ သည်လို မရေရာ မသေချာ လျှင်သိပ် မပတ်သက် တာ ကောင်းမည် ထင်သည်။ သူနှင့် တွေ့လျှင် ငြင်းပယ်ဖို့ ခွန်အားတွေ ကျွန်မ နည်းနေမည်ထင်၏။
နောက်တစ်နေ့တွင် သူ ဖုန်းဆက်သည်။ စနေနေ့ တွေ့ဖို့ချိန်းသည်။ ကျွန်မ အလိုလို ခေါင်းညိတ်ပြီး သား ဖြစ်နေသည်။ သူငယ်ချင်းတွေ ဆုံသည့်ပွဲဖြစ်၏။ ဘော့စတွန် တစ်ဝိုက်တွင် အနာဂတ် အလားအလာ အရှိဆုံးဆိုသည့် ပုဂ္ဂိုလ်၊ သူအတွဲနှင့် ၀င်လာတော့ မိန်းကလေးပရိသတ် လှုပ်လှုပ် ရှားရှားဖြစ်သွားသည်။

သူ လူချစ်လူခင် များပုံကို ကြည့်ပြီး ကျွန်မ ပို၍ ကြွေချင်ချင် ဖြစ်သွားသည်။ နောက်တစ်နေ့တွင် သူနှင့် အခန်းဖော် ဖီးလစ် လီနဒ်ကို ခေါ်လာပြီး ကျွန်မနှင့် မိတ်ဆက်ပေးသည်။ ဖီးလစ်က မိုးဟောက်စ် တက္ကသိုလ် မှာ ကတည်းက မာတင်နှင့် တွဲခဲ့သူဖြစ်၏။ သူက မက်ဆာချူးဆက်မှ တရားဟောဆရာတဲ့။ ဖီးလစ် က တွေ့တွေ့ချင်း ကျွန်မနှင့် သဘောတူကြောင်းတွင်တွင်ပြောနေ၏။
မာတင် က ဆက်ကြိုးစားနေသည်။ ကျွန်မကလည်း ပြတ်ပြတသြားသား ငြင်းနေခြင်းမျိုးမဟုတ်။ သူနှင့် စကား ပြောရသည်မှာ ပျော်စရာကောင်းသည်။ သူ့နက်နဲမှုကို တဖြည်းဖြည်း ကျွန်မ သိလာသည်။ သူက ဂျာမန် တွေးခေါ်ရှင် ဟေဂယ်လ်ကို ဇောက်ချပြီး လေ့လာနေသူ။ သူ့အပေါ်တွင် ဘာသာရေး ခေါင်း ဆောင် ရိန်းဟိုးနီဘား ၏ အယူအဆတွေ လွှမ်းနေသည်။ ဂန္ဒီ အကြောင်း လေ့လာဖြစ်တော့ သူ ၏ ခရစ်ယာန် ကိုယ်ကျင့်နီတိတွေ၊ အယူအဆပြောင်းလာကြောင်း ကျွန်မ ကို ပြောပြသည်။ ဂန္ဒီ၏ အဟိံသ ၀ါဒကို ရနိုင်သမျှ သူ ရှာဖက်နေသည်ဆို၏။

နောင် သူရေးသည့် စာတမ်းတစ်စောင်တွင် "ယေရှုက ၀ိညာဉ်တော်အကြောင်း ဟောကြားသည်။ ဂန္ဒီက ၀ိညာဉ်တော် မည်သို့ အလုပ် လုပ်ခဲ့ကြောင်း ပြသခဲ့သည်" ဟု ရေးသားခဲ့သည်။
အကြမ်း မဖက်တဲ့နည်းနဲ့ ပြန်လည် ပေးဆပ်တဲ့၊ မေတ္တာတရားကို ဖြတ်သန်းပြီး လူမည်းတွေ လွတ်လပ် ရမယ်။ မင်းက မင်းကိုယ်မင်း အကာအကွယ်မယူဘဲ အရိုက်အနှက် ခံရင်း မင်းရဲ့ ဝေဒနာက သူတစ်ပါးကို ကယ်တင်နိုင် တယ်။ အမုန်းတရား ကို သန့်စင်ခြင်းနဲ့ ဖယ်ရှားပစ်ရမယ်။ အမုန်းသံသရာ ကို ဖြတ်တောက် ပစ်ရမယ်။ ဒါမှ ညီရင်းအစ်ကို လို ချစ်နိုင်ကြမယ်။
သမီးရည်းစား စကား ပြောရမည့်အချိန်မှာ သူပြောတတ်သော အကြောင်းအရာများ ဖြစ်ပါ၏။

သည်စာအုပ်ထဲတွင် ချစ်ခြင်းမေတ္တာအကြောင်း အများကြီး ပြောဖြစ်ပါလိမ့်မည်။ မာတင်ဆိုလိုသည့် အချစ် အကြောင်းကို ကျွန်မ တတ်နိုင်သမျှ သရုပ်ပေါ်အောင် ကြိုးစားပြီး ရေးရပါလိမ့်မည်။
အချစ် ဟူသည် အပြောကျယ်စွာ အထူးထူးအပြားပြားရှိလှသည်။ သို့သော် အင်္ဂလိပ်စကားလုံးတွင် Love တစ်လုံးတည်း ရှိသည်မှာ ကျွန်မအတွက် အံ့သြစရာဖြစ်နေပါသည်။
လူသားတွေ ကို မာတင် ချစ်ပုံက ဂရိလူမျိုးတွေနှင့် ရှေးဟောင်း ခရစ်ယာန်တွေ ပြောကြသည့် "လူသားအားလုံး အပေါ် ခွင့်လွှတ်ခြင်းဖြင့် ထားရှိသည့် မေတ္တာတရား" မျိုးဖြစ်ပါသည်။ အတုံ့အလှည့် ကို မျှော်ကိုးသည့် အချစ်မျိုးမဟ်ုတ်။ အိမ်နီးနားချင်း အပေါ် အကောင်းမြင်စေဖို့ အကြောင်း ရှာဖွေခြင်းမျိုးဖြစ်၏။ မာတင်က ရန်သူကိုပင် မေတ္တာထားနိုင်သူဖြစ်၏။
ဘာသာရေး အကြောင်းတွေ ကျွန်မတို့ အများကြီး ပြောဖြစ်ကြသည်။ သေခြင်း၏ အခြားမဲ့ကာလ၊ တမလွန် ကိစ္စကို မာတင် က သည်လိုပြောဖူးသည်။

" ကိုယ်ကတော့ ငရဲရဲ အပူရှိန်ကို စိတ်မ၀င်စားဘူး၊ ကောင်းကင်ဘုံရဲ့ ပြီးပြည့်စုံခြင်းကိုလည်း စိတ်မ၀င်စား ဘူး။ အရေးကြီးတာက ဒီနေ့ ဒီကမ္ဘာမြေပေါ်မှာ လူသားတွေ ဘာလုပ်နေကြသလဲဆိုတဲ့ ကိစ္စပဲ " " နှစ်ခြင်း " အကြောင်း ပြောဖြစ်ကြတော့၊ သူ့အယူအဆက တစ်မျိုး။
"မင်းကိုယ်နဲ့ လက်ထပ်ရင် ရေနှစ်ခံဖို့ မလိုဘူးလေ။ ရေထဲမှာ ဘာမှ မရှိပါဘူး "
ပထမဆုံး တနင်္ဂနွေတရားပွဲ ကို ကျွန်မ လိုက်နားထောင်ကြည့်သည်။ ဒွါဒသမ နှစ်ခြင်း ဘုရားကျောင်း တွင်ဖြစ်၏။ " ပြီးပြည့်စုံတဲ့ ဘ၀ရဲ့ စာမျက်နှာသုံးခု "ဆိုသည့် ခေါင်းစဉ်ကို သူ ရွေးပြောသည်။ နောင်တွင် လန်ဒန် ပရိသတ် အား ဟောသည့် တရားပင်ဖြစ်သည်။

ရာသီဥတု ငြိမ်သက်နေသလို တရားနာ ပရိသတ်မှာလည်း ငြိမ်ချက်သားကောင်းလှသည်။ သူက လေအေးကလေးဖြင့် ဖြည်းဖြည်း ညင်ညင်စကားပြောသည်။ နောက်ပိုင်း သည်တရား ကိုပင် တောင်ပိုင်းတွင် ဟောတော့ အားနှင့်မာန်နှင့် သူဟောသည်။ ကြက်ညှာချောင်းဆိုး ဖြစ်နေသည့် ကလေး တစ်ယောက် ချောင်းဆိုးသလို အသက်မရှူဘဲ ဆက်တိုက် ဟောပြောသည်။
ထိုအခါ တရားဆုံးသည်နှင့် "အာမင်" ဟူသည့် ကောင်းချီးပေးသံကြီးသည် ထုနှင့်ထည်နှင့် ဟိန်း ထွက်လာ လေတော့သည်။ သည်တရားဟောနည်းကို ရှေးလူကြီးများက ကြက်ညှာချောင်းဆိုး ဟောနည်း ဟု ခေါ်ကြ၏။
လက်ထပ်ပြီးတော့ မကြာခဏ သူ့ကို ကျွန်မစသည်။
" ဒီနေ့ ကြက်ညှာချောင်းဆိုးနေလားဟင် "ဟု မေးလျှင် သူက ရှက်ကိုးရှက်ကန်းဖြစ်နေတတ်သည်။ သို့သော် သူ ပျော်နေတတ်ပါသည်။ ကျွန်မလည်း ထိုနည်းတူစွာပင်။

ကျွန်မ ကို လက်ထပ်ဖို့ သူ နားပူနားဆာ လုပ်နေသော်လည်း အတ္တလန္တာတွင် မိဘ သဘောတူထားသည့် မိန်းကလေး ရှိနေကြောင်း ကျွန်မ ကြားထားသည်။ နောက်ပိုင်း သည်ကိစ္စ မာတင်က သူ ကိုယ်တိုင် ပြောပြ သည်။ မိန်းကလေးက တော်ပါသည်တဲ့။ နှစ်ဖက် မိဘချင်းလည်း နှစ်အိမ့်တစ်အိမ်တဲ့။
" အဖေ က သဘောတူနေတယ်။ ဒါပေမဲ့ ကိုယ်နဲ့ ပေါင်းရမယ့် မိန်းမကို ကိုယ် ကိုယ်တိုင် ရွေးမှာပါ "
ကျွန်မ၏ ဂီတသင်တန်းနှင့် ပတ်သက်၍တော့ သူ အပြောရခ်နေပုံရသည်။ မာတင်က မိန်းမနှင့် ယောက်ျား တန်းတူ အခွင့်အရေး ရှိသည်။ ဥာဏ်ရည်တူနိုင်သည်ဟု ယုံကြည်၏။ သို့သော် သူ့မိန်းမ ကို မူ အိမ်ရှင်မ တစ်ယောက်၊ မိခင်တစ်ယောက်သာ ဖြစ်စေချင်သည်။ ပြီးတော့ ပြောသေး သည်။

" ကိုယ်နဲ့ စကားပြောဖော် မဟုတ်တဲ့ မိန်းမမျိုး ကိုယ် မလိုချင်ဘူး "
နောက်ပိုင်း ပြင်ပ လှုပ်ရှားမှုများတွင် ကျွန်မ ပါဝင်လာတော့ သူသဘောကျပါသည်။ သို့သော် သူက ကျွန်မ ကို အိမ်ရှင်မပဲ လုပ်စေချင်ပါသည်တဲ့။ ပြီးတော့ သူ့ရည်မှန်းချက်ကို ပြောသေးသည်။

" ကိုယ်က တောင်ပိုင်း ရဲ့ ဧရာမ နီဂရိုးဘုရားကျောင်းကြီး တစ်ခုမှာ တရားဟောဆရာ ဖြစ်ချင်တာ၊ အဲဒီလို ဘ၀မျိုးနဲ့ ခွင့်ကျပါ့ မလား။ အန်တီဂျိန်းတို့နဲ့ မင်း အဆင်ပြေပါ့မလား"
ပညာမတတ်သည့် လူရိုးလူကောင်းများကို မာတင်က အန်တီဂျိန်းဟုခေါ်တတ်သည်။ သူတို့တွေကို မာတင်က ချစ်သည်။ အလေးအနက်ထားသည်။ ကရှူဏာသက်သည်။ စင်စစ် ကျွန်မ ကိုယ်တိုင်လည်း အန်တီဂျိန်း တို့ကြားတွင် ကြီးပြင်းလာသူဖြစ်ပါသည်။ သည်အတွက် ဘယ်တော့မှ သိမ်သိမ်ငယ်ငယ် မဖြစ်ခဲ့ပါ။ မာတင်ကတော့ ကျွန်မကို ဂီတပညာရှင် တစ်ယောက် အဖြစ်သာမြင်သည်။ တက္ကသိုလ် အသိုင်းအ၀ိုင်း၊ ဂီတအသိုင်းအ၀ိုင်းမှ မိန်းကလေးတစ်ယောက်အဖြစ်သာမြင်သည်။ ပြီးတော့ ကိုယ့် လူမျိုးတွေနှင့် ကင်းကွာသွားမှာကို သူစိုးရိမ်သည်။ သည်ကိစ္စတွင် နီဂရိုးတစ်ယောက်အနေဖြင့် ချိန်ဆရ မလွယ်ပါ။ လူမည်းအသိုင်းအ၀ိုင်းက နားလည်အောင် အတော် ကြိုးစားရပါသည်။ ကျွန်မက ဒါတွေ အတွက် မပူဖို့ သူ့ကို ပြောရသည်။

သူ့ကို အကဲဖြတ်ဖို့ ကျွန်မ အချိန် အတော်ယူရသည်။ ကျွန်မသွားချင်သည့် လမ်းကြောင်းက တစ်မျိုး၊ သူနှင့် တရင်းတနှီး ဖြစ်နေပေမဲ့ တရားဟောဆရာ တစ်ယောက်နှင့် လက်ထပ်ဖို့ကိုတော့ စဉ်းစားလို့ မရနိုင်ဆဲ ပဲ ဖြစ်နေပါသည်။ ကျွန်မက သီချင်းဆိုချင်သူ၊ သူက တရားဟောချင်သူ။
မာတင် သည် လူတော်လူကောင်းတစ်ယောက်ဖြစ်သည်ဆိုသည့် အချက်ကိုတော့ ဘယ်သူမျ မငြင်းနိုင်ကြ ပါ။ သူ့ဘက်က ချို့ယွင်းချက်ကလေး မဆိုစလောက်ရှိလျှင် သူ တောင်းပန်လို့ မဆုံးတော့။
နီဂရိုး လူလတ်တန်းစားတွင် သူ မွေးဖွားလာခြင်းမှာ ဘာမှ အရင်းမစိုက်ရဘဲ သူ့ အလိုလို ဖြစ်ခြင်းပါတဲ့။ နောက်ပိုင်း သူ့ကို တစ်ကမ္ဘာလုံးက ၀ိုင်းဝန်း ဂုဏ်ပြုသည့်အခါမှာလည်း သူ တစ်ယောက် တည်းကြောင့် ရတာမဟုတ်ပါဘူးတဲ့။

သူသည် သိပ်ကို နှိမ့်ချ ရိုကျိုးတတ်သည့် လူမျိုးဖြစ်သည်။ ပြီးတော့ သူ့ကိုယ်သူ ဘယ်တော့ မှ ပြည့်စုံသည် မထင်ဘဲ၊ အမြဲတမ်း လေ့လာနေသည်။ ကမ္ဘာက သူ့ကို သိလာသည့် နောက်ပိုင်းမှာပင် မရပ်မနား သင်ကြား နေဆဲဖြစ်၏။
သူက အမြဲတမ်း အသက်ဝင် လှုပ်ရှားနေသည်။ သူနှင့်တွဲရသည့် လူတိုင်း ပျော်ကြသည်။ ရယ်မော နောက်ပြောင်တတ်သူလည်း ဖြစ်၏။ ကျွန်မကို ကျီစယ်ပုံကို ကြည့်လေ။ ကျွန်မနှင့် သမီး ရည်းစားဖြစ်နေပြီး ခါမှ သူ့မှာ နောက်ထပ် ချစ်သူ တွေ့နေပါပြီတဲ့။ ဒေါသဖြစ်လွန်းလို့ ကျွန်မ မျက်လုံးတွေ မီး ၀င်းဝင်းတောက် လာမှ သူက အော်ရယ်သည်။

သူသည် အကကောင်းသူလည်းဖြစ်၏။ ဂီတကို ခံစားတတ်၏။ ဘော့စတွန် သံစုံတီးဝိုင်းကြီးကို ကျွန်မနှင့် အတူ သွားပြီး နားထောင်သည်။ ကျွန်မကို ကဇာတ်လိုက်ပြသည်။ စန္ဒရားဆရာ အာတာရှုဘင်စတိန်း၏ လက်သံ ကို နားထောင်ပြီး ကျွန်မနှင့် အတူ သူပျော်နေသည်။ သူက နှစ်ခြင်းဘာသာ တရားဟောဆရာ တစ်ယောက် ၏ ဇနီးဖြစ်ုဖိ့ လိုအပ်ချက်များကို ဖြည်းဖြည်းချင်းသင်ပေးသည်။
မာတင်သည် သူ့ကိုယ်သူ သေသေသပ်သပ်ဖြစ်အောင် အမြဲဂရုစိုက်သူဖြစ်၏။ ကျွန်မက သိပ် ဂရုစိုက်လှသူ မဟ်ုတ်။ မနက်စောစော ဆံပင်တစ်ခါ ဖြီးထားပြီးလျှင် တစ်နေ့လုံး သတိ မရတော့။ နှုတ်ခမ်းနီ ဆိုးရာတွင်လည်း အလားတူပင်။ မာတင် က ခပ်ဖြည်းဖြည်း ကျွန်မကို ပြောပြသည်။

" အမျိုးသမီးခန်း မှာ ခေါင်းလေးဘာလေး ပြန်ပြီး ဖြီးလိုက်ပါလား "
" နှုတ်ခမ်းနီလေး ရဲနေမှ မင်းက ပိုလှတာ " စသည်ဖြင့် … စသည်ဖြင့်။ ကျွန်မ ၏ ပုံပန်းသွင်ပြင်ကို သူသိပ်ဂရုစိုက်မှန်း တဖြည်းဖြည်း သဘောပေါက်လာသည်။ ကျွန်မတို့ ပျော်ကြရပါသည်။ သူကလည်း ချစ်ဖို့ကောင်းပါသည်။ သို့စဉ်လျက် မေးခွန်းတစ်ခုကို ကိုယ့်ဘာသာကိုယ် ထပ်တလဲလဲ မေးနေမိဆဲ။ ကျွန်မ လိုချင်တာ ဒါတွေလား။ နောက်ဆုံး ကျွန်မ စဉ်းစားသည်။ နှစ်ခြင်း ခရစ်ယာန် ဘာသာဝင် မိန်းမတစ်ယောက် အနေဖြင့် တရားဟော ဆရာ တစ်ယောက်ကို ဘာများ ငြင်းပယ်စရာရှိသလဲ။ အို … ဘုရားသခင် တပည့်တော်မ ကို အမှန်အတိုင်း ဆုံး ဖြတ်နိုင်အောင် ကူညီဖေးမတော်မူပါ။

ကျွန်မစိတ် စနိုးစနောင့် ဖြစ်နေသည့် အခြား ပြဿနာ တစ်ခုမှာ မာတင်အပေါ် သူ့အဖေ၏ လွှမ်းမိုးမှု ဖြစ် သည်။ မာတင် က သူ့အဖေကို သိပ်ချစ်သည်။ သိပ်လေးစားသည်။ ဖအေ မကြိုက်တာ ဘာတစ်ခုမျှ မလုပ်ဖူး သည့် သားမျိုးဖြစ်ကြောင်း မေရီက ကျွန်မကို ပြောဖူးသည်။ တွေးတွေးပြီး စိတ်ပူလေ၊ ကျွန်မ သူ့ကို တိုး ၍ တိုး၍ ချစ်မိလေလေ ဖြစ်လာသည်။ တော်တော် ထူးဆန်းသည့် ကိစ္စဖြစ်ပါ၏။ ထိုစဉ် အိပ်မက်တစ်ခု ကျွန်မ မြင်မက်သည်။ ထိုအိပ်မက်ကြောင့် ဆုံးဖြတ်ချက် ကျသွားခြင်းဖြစ်ပါ၏။
အိပ်မက် က စင်းစင်းကြီး။ အတ္တလန္တာတွင် ကျွန်မနှင့် မာတင့် အဖေတွေ့ကြသည်။ အနားတွင် သူ့ ချွေးမ တော်ချင်နေသည့် ကောင်မလေးလည်း ရှိနေ၏။ အဘိုးကြီးက ကျွန်မကို ပြုံးပြသည်။ ဒါဆို သူ ကျွန်မ ကို သဘောကျလို့ပေါ့။ အိပ်မက်မှ နိုးလာတော့ ကျွန်မ စိတ်တွေ လွတ်လပ်ပေါ့ပါးနေသည်။
ကျွန်မ သူ့ကို လက်ထပ် ဖို့ ဆုံးဖြတ်လိုက်သည်။

လုပ်ချင်သည့် အသက်မွေးဝမ်းကျောင်းမှုကိုတော့ အသာထားရဦးမည်ပေါ့။သို့သော် ဘွဲ့ယူဖို့တော့ ဆုံးဖြတ် ထားသည်။ ဆုံးဖြတ်ချက်ကို သူ့အား မပြောသေးဘဲ အသာချိုထားလိုက်သည်။ နွေရာသီတွင် အိမ် မပြန်ဘဲ ဘော့စတွန်တွင်ပင် ကျူရှင်ဆက်တက်နေမည်ဟု ဆုံးဖြတ်လိုက်၏။ မာတင်က ဇူလိုင်လ ထဲတွင် အတ္တလန္တာကို ပြန်ရမည်။ ကျွန်မ အိမ်ပြန်လာသည့်အခါ သူ့ဆီ ၀င်လည်ဖို့ ပြောသည်။
" ဒါမှ ကိုယ်ဘယ်လောက် လွမ်းနေတယ်ဆိုတာ မင်းသိမှာ "
" အို … ၀င်ဖြစ်မယ် မထင်ပါဘူး " ကျွန်မ ငြင်းတော့ သူ နှာကောက်သွားသည်။
" မလာချင် လည်း နေကွာ၊ ပြီးခဲ့တာတွေ အားလုံး မေ့ပစ်လိုက်တော့ "
သူ ရာဇသံပေးပုံ ကို နောင်တွင် ပြန်ပြောဖြစ်တိုင်း ကျွန်မတို့ ရယ်ပွဲဖွဲ့ဖြစ်ကြ၏။

အတ္တလန္တာ ၏ နီဂရိုး လူလတ်တန်းစားများ၏ လူမှုဆက်ဆံရေးလောကအကြောင်း ကျွန်မ ကြားဖူးထား သည်။ သူတို့၏ ကြီးကျယ် ခမ်းနားမှုတွေ အကြောင်း ကလပ်တွေအကြောင်း စသည် စသည်။
နောက်ဆုံး ကျွန်မ သဘောပေါက်လာသည်။ ကျွန်မ သွားရမည်။ သူ့မိသားစုနှင့် တွေ့ရမည်။ သူ တရားဟောသည့် ဘုရားကျောင်းကို လေ့လာရမည်။ သည်တော့မှ ကိုယ့်အခြေအနေနှင့် ယှဉ်ကြည့်ပြီး ဆုံး ဖြတ်ရမည်။
သြဂုတ်လ ထဲတွင် အတ္တလန္တာရထားနှင့် ကျွန်မ လိုက်ပါလာခဲ့သည်။ ရင်ထဲ တ ထိတ်ထိတ်နှင့်။ ရောက်တော့ မေရီ့ဆီမှာ သွားတည်းသည်။ အတိုင်းအတာ တစ်ခုအထိ အောင်မြင်သည့် ခရီး ဟု ဆိုရပါမည်။
ကျွန်မ ကို မာတင်နှင့် မေရီ ဘူတာရုံတွင် လာကြိုကြသည်။ မာတင်က ကားကို မက်ဆိုပင်လမ်းထဲသို့ ချိုးကွေ့ လိုက်သည်။ နှစ်ပြလောက် မောင်းမိတော့ တစ်နေရာတွင် ထိုးရပ်လိုက်သည်။ မာတင့် အမေ ကားပေါ်တက် လာ၏။ ကျွန်မ ကြောက်သွားသည်။ သည်လောက် မြန်မြန်ကြီး တွေ့ရမည် မထင်။ မစ္စက်ကင်း က ဖက်ရှင် ကျကျ ၀တ်ထား၏။ ကျွန်မ အမေနှင့် ဘာမျှမဆိုင်။ ကျွန်မ သူ့ကို ဘယ်လို အကဲခတ် ရမှန်း မသိ ဖြစ်နေသည်။ မာတင်က မိတ်ဆက်ပေးသည်။

" မေမေ ဒါ ကိုရီတာ စကော့တဲ့ "
အမျိုးသမီးကြီးက ယဉ်ကျေးစွာ တုံ့ပြန်သည်။ သို့သော် သိပ်အလေးအနက်မဟုတ်။
လမ်းကျယ်ကြီး ကို ဆက်မောင်းသွားပြီး မကြာခင် အုတ်တိုက်ဝါကြီးတစ်လုံးဆီသို့ ရောက်သည်။ လှပခမ်းနား လှသည့် ဧရာမတိုက်ကြီး။ ကင်းမိသားစု အိမ်ကြီးပေတည်း။ ကျွန်မလို အပြင်လူ တစ်ယောက် ကို လူရာသွင်းကြ ပါမည်လား။ သူတို့ မိသားစုမှာ ကိုယ့်ဘုရားကျောင်းမှ ကိုယ့် ဘုရားကျောင်း၊ ကိုယ့်အသိုင်းအ၀ိုင်း မှ ကိုယ့်အသိုင်းအ၀ိုင်း။ အခြားသူများကို သူတို့ ပေတံနှင့်သာ တိုင်းတတ် သူများဖြစ်ကြောင်း ကျွန်မ ကြိုသိမထားပါ။
မာတင့် အဖေ က ကျွန်မကို ယဉ်ကျေးဖော်ရွှေပါသည်။ သို့သော် နောင်နှစ်များစွာကြာမှ ထုတ်ပြောသည်။

" ကိုရီတာကို တွေ့စတုန်းက ငါ သိပ်အထင်မကြီးဘူး၊ မာတင်ကို ငါတို့ မျက်စိကျနေတဲ့ မိန်းကလေးနဲ့ပြ ပေးစားချင်တာ "
နောက်တစ်နေ့မှာ တနင်္ဂနွေနေ့ဖြစ်၍ ကျွန်မတို့ အားလုံး ဘုရားကျောင်းသို့ သွားကြသည်။ ကျွန်မရယ်၊ မေရီ ရယ်နှင့် သူတို့ မိသားစု အားလုံးပါသည်။ အစ်ကို အေဒီနှင့် မိသားစုလည်း ပါ၏။ (မာတင့် အစ်မ ခရစ္စတင်းမှာ ယခု စပဲလ်မန်း တက္ကသိုလ်တွင် ပါမောက္ခဖြစ်နေပြီ) အက်ဘင်နီဇာ ဘုရားရှိခိုးကျောင်း၏ နှစ်ခြင်း အသင်းတော်ကို အသင်းသားအနည်းငယ်ဖြင့် စခဲ့ပြီး ယနေ့ လေးထောင်ကျော်ဖြစ်နေပြီ။
ဘုရားကျောင်း အတွင်းပိုင်းမှာ ရိုးရိုးရှင်းရှင်း အဖြူရောင်သုတ်ထားသည်။ ပရိဘောဂတွေက ပါလစ်ရောင် ပြောင်နေ၏။ ဗိန္ဒုမှန်ပြတင်းပေါက်တွေက ကျက်သရေရှိလှသည်။

မာတင်က တရားဟောသည်။ သူသည် သမ္မာကျမ်းစာကို အရည်ကျိုသောက်ထားသူဖြစ်၏။ အရွယ်နှင့် မလိုက်အောင် တရားဟော ကောင်းသူဖြစ်၏။ အားလုံးက သူ့ကို လေးစားကြသည်။ ချစ်ကြသည်။
နိုဝင်ဘာလထဲတွင် သူ့မိဘတွေ မာတင်ရှိရာ ဘော့စတွန်သို့ လာလည်ကြသည်။ မာတင် တိုက်တွန်းသဖြင့် သူတို့ တိုက်ခန်းသို့ ကျောင်းဆင်းတိုင်း ၀င်လည်ရသည်။ ကျွန်မမှ အပ ဘယ်သူ့ကိုမျှ မာတင် စိတ်မ၀င်စားတော့ကြောင်း ဒက်ဒီကင်း အကဲခတ်မိသွားပုံရသည်။ သို့သော် အားလျှော့ပုံတော့မရ။ တစ်ညနေ မာတင် ရှေ့တွင် ကျွန်မကို လှမ်းပြောသည်။
" ကိုရီတာရေ … မာတင့်ကို သိပ်မယုံနဲ့နော်၊ အတ္တလန္တာမှာ မိန်းမချောကလေးတွေ ၀ိုင်းဝိုင်းလည်နေတာဗျား၊ အထက်တန်းလွှာက မိန်းကလေးတွေနော်၊ ခုတော့ စိတ်မ၀င်စားသလို လုပ်နေတယ်၊ အဲဒီ ကောင်မလေးတွေ က သူ့ကို အများကြီး ပေးနိုင်တယ်ကွဲ့ "
ကျွန်မ က ဒိုးဒိုးဒေါက်ဒေါက် ပြန်ပြောလိုက်သည်။

" ကျွန်မမှာလည်း ပေးစရာရှိပါတယ် "
သည်တုန်းကတော့ ကျွန်မ ပြောတာကို သူ အလေးအနက်ထားပုံမရပါ။ သို့သော် သူ မှတ်မိနေသည်။ ကျွန်မက မာတင့် လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ၀ငင်ကူနေတာ၊ တေးဂီတ ပြဇာတ်တွေမှာ ကျွန်မ အောင်မြင် နေတာတွေ သူတွေ့တော့ ဒေါက်တာကင်းက ကျွန်မကို ကျီစယ်သည်။
" ကိုရီတာက သူ့မှာလည်း ပေးစရာ ရှိတယ်တဲ့ကွ "
ကျွန်မ၏ စကားလုံးမှာ မိသားစု ဟာသဖြစ်လာတော့သည်။ အခြေအနေက ကောင်းနေသလိုလို။ သို့သော် မာတင့် အခန်းကလေးထဲတွင် ကျွန်မ မပြန်ခင် ဒက်ဒီကင်းက မကြာမကြာ ပြောတတ်သည်။
" အင်း … မာတင် တစ်ယောက် ဘယ်လို ဆုံးဖြတ်မယ် မသိဘူး၊ သူ့ကို ငါနားလည်သလောက် မင်းနားမလည် နိုင်ဘူး၊ ဒါကြောင့် သိပ် အလေးအနက် မထားစေချင်ဘူး "
သူ သည်လိုပြောလျှင် ကျွန်မ ရင်ထဲက ပြန်ပြောစမြဲ။ " မာတင့်ကို ဒက်ဒီ ကင်းထက် ကျွန်မ ပိုနားလည်တယ် "

သည်လိုအခါမျိုးတွင် မာတင်သည် ကျောင်းသားလေး တစ်ယောက်လို ခေါင်းငုံ့နေတတ်သည်။ သူက အဖေကို အရမ်းရိုသေသည်။ အဖေစိတ်ထိခိုက်အောင် သူ ဘယ်တုန်းကမျှ မလုပ်ဖူးခဲ့။
သည်လိုအခါတွင် သူထသွားပြီး အမေရှိရာ အတွင်းခန်းထဲ ၀င်သွားတတ်၏။ အမေကိုကျတော့ သူ ပြောရဲ သည်။ အမေ ရှေ့တွင် သူက ကြေညာသည်တဲ့။
" ကျွန်တော် ကိုရီတာက လွဲပြီး ဘယ်သူမှ မယူဘူး "
သို့သော် အဖေ့ကိုမူ ပြောရဲ၊ ကျွန်မအနေရ အထိုင်ရ ကျပ်မှာလည်း သူ စိုးသည်လေ။

နောက်နှစ်ရက်အကြာတွင် မထင်တာတွေ ဖြစ်လာသည်။ ဒက်ဒီကင်းက ဧရာမ သူ့လက်ဝါးကြီးနှင့် စားပွဲကို ပုတ်ပြီး
" နေပါဦး မင်းတို့ ခုလို တတွဲတွဲ လုပ်နေတော့ ကျောင်းစာတွေ ဘယ့်နှယ် လုပ်ကြမတုံး "
မာတင်က ခပ်အေးအေး ပြောသည်။
" ကျွန်တော်က ဒေါက်တာဘွဲ့ရမှာပါ၊ ရပြီးမှ ကိုရီတာကို လက်ထပ်မှာပါ "
" ကိုရီတာကရော မင်းဘွဲ့ရဖို့ အခြေအနေ "
" ခက်တော့ခက်တယ်၊ ဒါပေမဲ့ ကျွန်မ ကျောင်းပြီးအောင် လုပ်မှာပါ "
ဒက်ဒီကင်းက စားပွဲကို နောက်တစ်ချက် ပုတ်လိုက်ပြန်သည်။ တစ်ခုခုကို ရုတ်ခြည်း အကြံရလိုက်ပုံ။

" ကဲ … ကဲ … ဒါဆိုလည်း မင်းတို့ နှစ်ယောက် မြန်မြန် လက်ထပ်ကြတော့ "
လွန်ခဲ့သည့် လထဲကပင် သူပြောခဲ့သေးသည်။ မာတင် အဆုံးအဖြတ် မှားသွားမှာစိုးသည်တဲ့။ ခုတော့ သူ့လေသံ ပြောင်းသွားပြီ။ ကျွန်မ အပါအ၀င် အားလုံးရှေ့တွင် ကြေညာသည်။
" မာတင့် အတွက် ကိုရီတာထက် လိုက်ဖက်တဲ့ မိန်းကလေးမရှိနိုင်ဘူး။ သူဟာ တို့မိသားစုအတွက် အင်အားပဲ "

ကျောင်းတွင် အကသင်တန်းတွေကို လွှတ်လိုက်ပြီး ဂီတ တစ်မျိုးတည်းယူဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါသည်။ သူနှင့် အတူနေသည့် နေရာတွင် ကျွန်မ သင်ပေးနိုင်သည်။ အကပညာနှင့် အသက်မွေးလျှင် နယ်တကာလှည့်နေရလိမ့်မည်။ ဆင်ပြောင်ကြီးသွားရာ ဆင်မယဉ်သာ ဘ၀မျိုးဖြင့်၊ ခြေဖထ၀ါးထက်ကြပ်မကွာ သူနှင့် လိုက်နေဖို့ ကျွန်မ ဆုံးဖြတ်ပြီးပြီ။ သူ လုပ်သမျှ အလုပ်တွင် ကျွန်မ မယ်တစ်ရွက်ပါမည်။

ဘ၀၏ အရေးကြီးဆုံး ဆုံးဖြတ်ချက်ကို ချလိုက်တော့ အရာရာချောမွေ့နေလေသည်။ ရှေ့ဘာတွေ ဖြစ်လာ မည်ကို ကျွန်မ ကြိုမသိနိုင်သော်လည်း လောလောဆယ်တွင် ကျွန်မပျော်နေသည်။ ကြားလေအသွေးမခံနိုင် လို့ ကျွန်မတို့ အချစ်သည်းနေကြသည်။ သူနှင့် အကြင်လင်မယားဖြစ်ဖို့ကလွဲပြီး ကျွန်မ ဘာမျှ မသိတော့။
ကျွန်မနှင့် မာတင်ကို ကျွန်မ မိဘများအိမ်ရှေ့ မြက်ခင်းပြင်တွင် ဒက်ဒီကင်းက လက်ထပ်ပေးသည်။ ထိုနေ့မှာ ၁၉၅၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ဖြစ်သည်။ ကျွန်မတို့ အိမ်မှာ အဖေ့ စတိုးဆိုင်၏ နောက်ဘက်တွင် ရှိ၏။ ကျွန်မ လိုချင်သည့် ပုံစံအတိုင်း မင်္ဂလာအခမ်းအနား အကျဉ်းချုံးပြီး ကျင်းပသည်။ ကျွန်မက ထုံးစံအတိုင်း အဖြူရောင် သတို့သမီး ၀တ်စုံမ၀တ်ဘဲ အ၀ါနုရောင် ၀တ်စုံကို ဆင်မြန်းသည်။ ပန်းကန်ခွက်ယောက်တွေ ၀ယ်ရမှန်း မသိ။ နောက်ပိုင်းတွင်မှ ၀ယ်လို့ မဆုံးနိုင်အောင် ဖြစ်ရသည်။

ကျွန်မက အကျဉ်းချုံးချင်သော်လည်း မင်္ဂလာဆောင်မှာ မာရီယန်တွင် အကြီးဆုံးမင်္ဂလာဆောင် ဖြစ်သွား သည်။ ဧည့်သည် သုံးလေးရာဖြစ်သွားသည်။
အတ္တလန္တာမှ ကင်းမိသားစုတွေနှင့် မိတ်ဆွေတွေ အကုန်လာကြသည်။ သူတို့ အမျိုးထဲက ကျွန်မ မိဘတွေ နှင့် တွေ့ဖူးသူ တစ်ယောက်တလေမျှမရှိပါ။ ကျွန်မက ဧည့်သည်တွေကို လိုလေသေးမရှိ ဧည့်ခံချင်သည်။ သို့သော် အရပ်ထဲတွင် ကျွန်မတို့အိမ်လောက် ကောင်းသည့်အိမ်သိပ်မရှိ။
သူတို့ မိသားစုအတွက် ကျွန်မတို့အိမ်ကို အကောင်းဆုံး ပြင်ဆင်ထားသည်။ သို့သော် လိုတာထက် ပိုပြီး ကျွန်မ စိုးရိမ်စိတ်ကဲနေသည်။ အဖေနှင့် အမေက အားလုံး ပြင်ဆင်ထားပြီးသား။
မာတင်က ရောက်ရောက်ချင်း အမေ့ပါးကို နမ်းပြီး နှုတ်ဆက်သည်။

" ဟဲလို မေမေ "
ကျွန်မ ရင်ထဲမှ အလုံးကြီး ကျသွားသည်။ ဒက်ဒီကင်းကလည်း အမေ့ကို တရင်းတနှီးငြင်ငြင် သာသာနှုတ်ဆက် သည်။ ချက်ချင်း မင်္ဂလာရှိသွားသလို ထင်ရ၏။ အမေနှစ်ယောက်တို့ လည်း ချက်ချင်း ရင်းနှီးသွားကြ၏။
ကျွန်မတို့က တောချက် ချက်ပြီး တောဓလေ့အတိုင်း ညစာကျွေးသည်။ အချို့ဟင်းလျာများကို ကျွန်မကိုယ် တိုင် ချက်သည်။ ညီအစ်မတစ်သိုက် စဗျစ်နွယ်တွေ ဖြတ်ပြီး မင်္ဂလာမုခ်ဦးကို ပြင်ဆင်ကြသည်။ ကျွန်မအားလုံး ကိုယ်တိုင် လုပ်ချင်သည်။ သို့သော် သူတို့က အတင်း ၀င်ကူကြသည်။
ဒက်ဒီကင်းက ကျွန်မနှင့် မာတင်ကို နှစ်ယောက်တည်း ခေါ်ပြီး ခဏ စကားပြောသည်။ ဤသည်မှာ သူ လုပ်နေကျ အလုပ်ဖြစ်၏။

" အဖေ တရားဟောဆရာ လုပ်နေတာ မလုပ်ရ မနေနိုင်လို့ကွ မာတင်၊ မင်း အိမ်ထောင်ပြုတော့မယ်ဆိုရင် မင်းကိုယ်မင်း မေးရမယ်၊ အဖေ့လို မဟောရ မနေနိုင်အောင်ဖြစ်ကဲ့လားလို့ ခဏလေး စဉ်းစားလိုက်၊ အဲဒီလို ဖြစ်ပြီဆိုရင် ဆုံးဖြတ်လိုက်တော့ "
ကျွန်မနှင့် မာတင်က သည်ကိစ္စကို အစောကြီး စဉ်းစားပြီးသား၊ အဖြေ ထွက်ပြီးသား။ ဒက်ဒီကင်းကို ကျွန်မတို့ လွယ်လွယ်ကလေး အဖြေပေးလိုက်နိုင်သည်။
ကျွန်မတို့ နှစ်ယောက်စလုံး ပင်ပန်းလှပြီ။ မာတင်က ဘော့စတွန်မှ တောက်လျှောက် ကားမောင်းလာခဲ့ရ သည်။ ကျွန်မက အသေးစိတ်တွေ ပြင်ဟယ်ဆင်ဟယ်နှင့် ဖတ်ဖတ်မောနေပြီ။ ကျွန်မ အားလုံး ကွက်တိ ခွင်ကျဖြစ်စေချင်သဖြင့် ဆန္ဒတွေ စောနေသည်။ အားမလို အားမရတွေ ဖြစ်နေသည်။

ကျွန်မတို့ လက်ထပ်သည့်အခါ မြက်ဖျာပေါ်တွင် မတ်တတ်ရပ်ရမည်။ အချိန်မီ ရောက်မလာတော့ အဖေ့ကို ရန်တွေ့မိသည်။
" သမီးရယ် … အချိန်မီ ရောက်မလာရင်လည်း အခမ်းအနားကို နည်းနည်းလေး နောက်ဆုတ်လိုက်တာပေါ့ " ဟု ဆိုတော့ ကျွန်မ ဒေါပွသွားသည်။
" အို ဖေဖေ တစ်မိနစ်တောင် နောက်မဆုတ်နိုင်ဘူး "
ဒက်ဒီကင်းက ကျွန်မကို ကြည့်ပြီး ပါးစပ် အဟောင်းသားဖြစ်နေသည်။ နောက်မှ ကျွန်မကို ဝေဖန်သည်။ သည်တုန်းက သူ အရမ်းအံ့သြသွားသည်တဲ့။ ကျွန်မ ဒါလောက် စိတ်ဓာတ်ပြင်းထန်လိမ့်မြယ်လို့ သူ မထင်ခဲ့ဘူးတဲ့။

ကျွန်မ အစိုးရိမ်ကြီးပြီး ပျာယာခတ်နေပေမဲ့ မင်္ဂလာဆောင်နေ့ရောက်တော့ အားလုံး ချောချောမောမော ပြီး သွား သည်။ မင်္ဂလာဆောင်နှင်းပြီးတော့ ဧည့်ခံပွဲစသည်။ မာတင်သည် လူတန်းကြီးကို လိုက်လံ နှုတ်ဆက် နေရင်း မျက်တောင်စင်းလာသည်။
ဧည့်သည်တွေနှင့် အိမ်မှာ ပြည့်ကျပ်နေသဖြင့် အမျိုးတွေ အိမ်မှာ လူခွဲအိပ်ကြရသည်။ ကျွန်မနှင့် မာတင်က မိတ်ဆွေ တစ်ယောက် အိမ်တွင် အိပ်ကြရမည်။ အိပ်ပျော်နေသော သတို့သားကို ကျွန်မက ကားမောင်း ပြီး ခေါ်လာရသည်။

ကျွန်မတို့ သွားအိပ်မည့် အိမ်ရှင် နာမည်က ရောဘတ်တတ်စ်။ သူက တစ်မြို့လုံးနှင့်ခင်သည်။ သူ့အလုပ် က ခေါင်းတလားစပ်ရောင်းသည့် အလုပ်လေ။ နောင်တွင် မာတင်က မကြာ မကြာ ပြောတတ်သည်။
" တို့ မင်္ဂလာဦးည က သိပ်မင်္ဂလာရှိတာပဲနော်၊ သင်္ချိုင်းနားက ခေါင်းစပ်တဲ့အိမ်ကြီးမှာ "
အကြောင်း မသိသူများအတွက် ရယ်စရာဖြစ်နေမည်ထင်ပါသည်။ ကျွန်မတို့ မြို့တွင် မင်္ဂလာဆောင်ပြီးစ မင်္ဂလာဝတ်စုံနှင့် နီဂရိုးလူမျိုးသတို့သမီးနှင့် သတို့သား ဟိုတယ်တွင် တည်းခိုခွင့်မရှိပါ။
သောကြာနေ့ တွင် ကင်းမိသားစုက အတ္တလန္တာတွင် ဧည့်ခံပွဲ လုပ်သည်။ မာတင့် အပေါင်းအသင်းများနှင့် ကျွန်မ တွေ့ဆုံ ဖို့ စီစဉ်ခြင်းဖြစ်သည်။
ညနေပိုင်း တွင် ဘုရားကျောင်းသို့သွားကြသည်။ ဒက်ဒီကင်းက ဘာသာရေး၊ အစဉ်အလာအရ အကြင်လင် မယား အဖြစ် အသိအမှတ်ပြုသည့် အခမ်းအနား ကျင်းပပေးသည်။ ကျွန်မတို့ နှစ်ယောက် ပို၍ ပို၍ နီးစပ်လာသည်ဟု ခံစားရ၏။

တနင်္လာနေ့တွင် ဒက်ဒီကင်း ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည့် ကုမ္ပဏီတွင် စာရေးအဖြစ် ကျွန်မ အလုပ် စ၀င်သည်။ တစ်နွေလုံး သူတို့ အိမ်တွင် နေကြ ရမည်။ ဘော့စတွန် ကျောင်းတွေ က ဆောင်းတွင်းမှ ပြန်ဖွင့်လိမ့်မည်။
မာတင့် မိသားစုအကြောင်း ကျွန်မ တဖြည်းဖြည်း သိလာပြီ။ မာတင့် အဖေမှာ အတ္တလန္တာ နယ်စွန်နယ်ဖျားမှ တက်လာခြင်းဖြစ်သည်။ သူ့အဖေ မာတင့်အဘိုး က သူများမြေငှားပြီး သီးစားလုပ်ရသည့် ယာသမား၊ အဘိုး နာမည်က ဂျိမ်းကင်း။ သူတို့ခေတ်တွင် မြေရှင် မြေငှားစနစ်မှာ ဆိုးရွားလှသည်။ သည် ကြားထဲ ရာသီဥတု က ဖျက်လိုက်သေးသည်။ တစ်နှစ်ပတ်လုံး သူ ကြိုးစားပန်းစား လုပ်သော်လည်း စရိတ် မကျေဘဲ အရှုံးပေါ်တော့ ၏။ ဒေါ်လာ လေးရာ အကြွေးတင်သွားသည်။ နောက်နှစ်တွင် ထပ်ကြိုးစားသည်။ အရေခွံလန်အောင် အလုပ်လုပ်သည်။ လှုပ်လေမြုပ်လေ ဖြစ်လာ၏။ စိုက်ပျိုးရေး စရိတ်စကတွေ အားလုံး သူက စိုက်ထုတ်ရသည်။ ပစ္စည်းပစ္စယတွေကို မြေပိုင်ရှင်ဆီက ၀ယ်ရသည်။ ပြီးတော့ မြေပိုင်ရှင်နှင့် အမြတ်ခွဲဝေ ယူရသည်။

တစ်နေ့တွင် မြေပိုင်ရှင်နှင့် ဘိုးဘိုးကင်း နှစ်ချုပ် စာရင်းရှင်းနေသည်ကို ဒက်ဒီကင်းကလေး စောင့်ကြည့်နေ သည်။ မြေပိုင်ရှင်က ခပ်မြန်မြန် တွက်ပြသည်။
" ၀ါဂွမ်းထုပ်က ဒါလောက် ဒါလောက် ပေါင်း ငါးရာ။ တစ်ထုပ်ကို ဒေါ်လာ တစ်ရာနဲ့တွက်၊ နှစ်နဲ့စား၊ ရော့ မင်း ငါ့ကို ပေးစရာရှိတဲ့ ငွေတောင်းခံလွှာ၊ မင်း ငါ့ကို ဒေါ်လာ ငါးဆယ် ပေးရမယ် "
ဒက်ဒီကင်းက ငယ်ငယ်ကလေးပေမဲ့ ဥာဏ်သွားသည်။ သူက ဖအေကို တိုးတိုးကပ်ပြောသည်။
" ဖေဖေ ၀ါစေ့တွေရဲ့ တန်ဖိုးကို မမေ့နဲ့လေ "
ဝါစေ့တွေကို မြေပိုင်ရှင်က ရောင်းစားသည်။ တန်ဖိုးက ဒေါ်လာငါးဆယ်မက၊ အဘိုးကြီးက ချာတိတ်ကို ထွက်သွား ဖို့မျက်ရိပ် ပြလိုက်သည်။ ချာတိတ်ကသွားခါနီးတွင် ထပ်ပြောသွားလေသးသည်။
" ၀ါစေ့ဖိုးတွေကို မမေ့နဲ့နော် "

လူတွေ အံ့သြနေသည့် အချက်တစ်ခုရှိသည်။ မာတင့် ရင်ထဲမှ အကြမ်းမဖက်ရေးဝါဒသည် ဘယ်သူ့ဆီက ရသည့် အမွေ လဲ။ မိသားစုဆီကလား။
ဒက်ဒီကင်း က နောက်ဇာတ်လမ်းတစ်ပုဒ် ပြောပြသေးသည်။ သူ ငယ်ငယ်တုန်းက သူ့ကို အမေ ရေခပ်ခိုင်း သည်။ ရေပုံးထမ်းပြီး အိမ်ြ်ပန်အလာတွင် လူဖြဖူတစ်ယောက်က သူ့ကို ရပ်ခိုင်းပြီး အမိန့်ပေးသည်။
" ဟေ့ ချာတိတ် အဲဒီရေပုံး ငါ့ပေး " ဒက်ဒီကင်း က ပြန်ပြောသည်။
" ဘယ်ဖြစ်မလဲဗျ၊ အမေက ခပ်ခိုင်းတာ၊ ကျွန်တော် အိမ်အရောက်သယ်သွားရမှာပေါ့ "
လူဖြူက သူ့အ၀တ်တွေ ဆွဲဖြဲပြီး ရိုက်နှက်လွှတ်လိုက်သည်။ ဒက်ဒီကင်းက အိမ်ပြန်ရောက်တော့ အမေ့ကို အကျိုး အကြောင်းပြောပြပြီးတိုင်၏။
အမေ က သူ့ကို ပြောသည်။

" မင်းပါပါကို ဘယ်တော့မှ ပြန်မပြောနဲ့ကြားလား၊ လူသတ်မှု ဖြစ်မှာသေချာတယ်၊ သူ သွားသတ်မှာ "
အမေ က တင်းပုတ်တစ်ခုဆွဲသွားပြီး လူဖြူကို သူကိုယ်တိုင် ဆုံးမသည်။
ဒါကြောင့် သူ့ရင်ထဲ မှ အကြမ်းမဖက်ရေး ၀ါဒမှာ မိသားစုဆီမှ ဆင်းလာခြင်းမဟုတ်နိုင်။
မိသားစု က ဆင်းရဲမွဲတေလွန်းသဖြင့် ဒက်ဒီကင်း၏ ငယ်ဘ၀သည် မလှခဲ့ပေ။ မျှော်လင့်ချက် ကင်းနဲ့နေသည့် ဘ၀ မျိုး။ ထွက်ပေါက် မရှိတော့သည့်အခါ အဖေက အရက်ဖိသောက်လာသည်။ (သည့် အတွက် ဒေါက်တာကင်း တစ်ယောက် အရက်သေစာ ဆန့်ကျင်ရေးသမားဖြစ်သွားတာဟု ကျွန်မ ထင်ပါ သည်။)

မိသားစုတွင် ဒက်ဒီကင်းလုပ်ရသည့် အလုပ်မှာ မြည်းကျောင်းသည့် အလုပ်ဖြစ် ၏။ ကျောင်း တွင် ကောင်လေးတွေက သူ့ကို စကြနောက်ကြသည်။ သူကိုယ်က မြည်းစော်နံသည်တဲ့။ ဟုတ်မှာပါ။ ဖြစ်နိုင်ပါ သည်။ သူက ပြန်ပြောတတ်သည်။
" အေး ငါ့ကိုယ်က မြည်းစော်နံချင် နံနေလိမ့်မယ်။ ဒါပေမဲ့ ငါမြည်း တစ်ကောင်တော့ မဟုတ်ဘူး"။
သည်အချိန်ပိုင်း ကို သူ ပြန်ပြောတတ်သည်။

" အိမ်က ထွက်ပြေးလာတော့ ငါ သစ္စာဆိုခဲ့တယ်၊ ဘယ်တော့မှ သူ ကျွန်ဘ၀ကို မရောက်စေရဘူး၊ ဘယ်တော့မှ မြည်း နဲ့ လယ်ထွန်ရတဲ့ အလုပ်မျိုး မလုပ်ဘူးလို့ "
၁၆ နှစ်သား တွင် အိမ်မှ ထွက်ခဲ့ပြီး အတ္တလန္တာသို့ ဦးတည်လျှောက်သည်။ ဖိနပ်တစ်ရန်ကို ပခုံးတွင် သိုင်းလျက်။ တစ်နေရာတွင် ဧရာမ အုတ်တိုက်ကြီး တစ်တိုက်ကို လှမ်းမြင်ရသည်။ ဧရာမ ယာတောအိမ်ကြီး။ စိုက်ပျိုးရေး လုပ်ငန်းရှင်ကြီး တစ်ဦး၏ အိမ်ကြီးဖြစ်၏။ အိမ်ကြီးကို လှမ်းကြည့်ပြီး …
" တစ်နေ့မှာ ဒီလို အိမ်ကြီးမျိုးနဲ့ ငါနေနိုင်ရမယ်၊ သူ့လို ဘဏ်ဥက္ကဋ္ဌတစ်ယောက် ဖြစ်လာအောင် ငါလုပ်မယ်" ဟုစိတ်ထဲမှ ကြုံးဝါးခဲ့သည်။ နောက်ဆုံးတွင် ကျွန်မ၏ လူထူးလူဆန်း ယောက္ခမကြီးသည် သူ ကြုံးဝါးသည့် အတိုင်း သည်နှစ်မျိုးစလုံး လက်ဝယ်ပိုင်ပိုင် ရနိုင်ခဲ့လေသည်။

ထိုစဉ်ကမူ သူ့ရည်မှန်းချက်မှာ မြင့်လွန်းနေသည်။ ဖြစ်နိုင်ခြေမှာ နည်းပါးလွန်းလှသည်။ သူ ပညာအရည် အချင်း က တောကျောင်းတွင် ခြောက်တန်းအထိသာ သင်ခဲ့ရဖူးသည်။ သို့သော် သူက ဦးနှောက်ပြေးသည်။ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ဘောလုံးသမား တစ်ယောက်အတိုင်းပင်။ စိတ်ဓာတ်ကလည်း ခန္ဓာကိုယ်နှင့် အချိုးညီသည်။ ရသမျှ အလုပ်ကို ခွန်စိုက်အားစိုက်လုပ်သည်။ ညပိုင်းတွင် ပညာသင်သည်။ ဘာသာရေးကို အထူးအာရုံစိုက် လာသည်။ ဤသို့ဖြင့် သမ္မာကျမ်းစာကို နှုတ်တိုက်ရွရွကျက်ပြီး တရားစဟောသည်။
" မဟောရရင် မနေနိုင် ဖြစ်လာလို့ ဟောတာ " ဟု သူ မကြာမကြာပြောတတ်၏။

မာတင့် အဖေသည် အတ္တလန္တာ ပြင်ပမှ ဘုရားကျောင်းကလေးနှစ်ကျောင်းတွင် တရားဟောဆရာ ဖြစ်လာ သည်။ သည်ကာလမှာ အယ်လ်ဘာတာ ၀ီလျံနှင့် ဆုံစည်းခဲ့ခြင်းဖြစ်လေသည်။ မိန်းကလေး၏ အဖေက သိက္ခာတော်ရ တရားဟောဆရာ အဒမ်ဝီလျံ။ အက်ဘင်နီဇာ နှစ်ခြင်းအသင်းတော်တွင် တရားဟောဆရာ လုပ်လာသည်မှာ နှစ်ပေါင်းသုံးဆယ်ပြည့်ခဲ့ပြီ။
အယ်လ်ဘာတာက စပယ်လ်မန်း တက္ကသိုလ်မှ ဘွဲ့ရပြီး ကျောင်းဆရာ လုပ်နေသည်။ စပယ်လ်မန်းမှာ အတ္တလန္တာတွင် နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်၏။ ဆရာ ၀ီလျံ၏ အဆုံးအမဖြင့် လူငယ်လူရွယ်များ လက်ထပ်ကြသည်။ ဒက်ဒီကင်းက သမက်ဖြစ်လာတော့ ဆရာဝီလျံက သူ့ဆီလာပြီး လက်ထောက် ဓမ္မဆရာ လုပ်ဖို့ လှမ်းခေါ်သည်။
၁၉၃၁ ခုနှစ်တွင် ဆရာဝီလျံ နှလုံးရောဂါဖြင့် ကွယ်လွန်သည့်အခါ သူ့နေရာကို ဒက်ဒီကင်း ဆက်ခံရသည်။ ဒက်ဒီကင်း သည် အက်ဘင်နီဇာ၏ တရားဝင် ဓမ္မဆရာ ဖြစ်လာခဲ့ပေပြီ။ မာတင့် အဘွား ဂျင်ဝီလှံသည်လည်း အလွန်စိတ်နှလုံး နူးညံ့ပျော့ပျောင်းသူဖြစ်၏။

သည်အကြောင်းတွေ မာတင်က ကျွန်မကို ပြန်ပြောပြသည်။
" အပြစ်တစ်ခုခု လုပ်မိလို့ ကိုယ့်ကို အမေ ရိုက်ရင် ကိုယ်ဘယ်တော့မှ မျက်ရည်မကျဘူး။ ကြိတ်မှိတ်ခံတယ်။ အဘွားက ကြည့်ပြီး တရှုံ့ရှုံ့ ငိုတတ်တယ် "
မာတင့်အဖေ ဒက်ဒီကင်းသည် မိသားစု တာဝန်တွေ ဘုရားကျောင်းတာဝန်တွေ ကြားမှာ စာဆက်ကြိုးစား သည်။ မိုးဟောက်စ် တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ နောက်ဆုံးတွင် မိုးဟောက်စ် အတ္တလန္တာ တက္ကသိုလ်နှင့် မောရစ်ဘရောင်းကောလိပ်၏ အုပ်ချုပ်ရေးကောင်စီ လူကြီးဖြစ်လာခဲ့သည်။ တစ်ပြိုင်တည်းတွင် စီတီဇင် ထရပ်စ် ဘဏ် ၏ ဒါရိုက်တာ အဖွဲ့ဝင်လည်းဖြစ်လာခဲ့၏။
" တရားဟောဆရာ မလုပ်ဘဲ နေနိုင်ရင် အပြင်လောကမှာ ငါ ဒါ့ထက် အောင်မြင်နိုင်တယ်" ဟု ဒက်ဒီကင်း က ပြောတတ်သည်။
ဒက်ဒီကင်း က အသုံးအစွဲတွင် အလွန် သိပ်သည်းကျစ်လျစ်သည့် ကိစ္စနှင့် ပတ်သက်ပြီး အိမ်သားတွေက သူ့ကို စကြနောက်ကြသည်။

ဈေးသက်သာသည်ကြား လျှင် ဒက်ဒီကင်းက မြို့စွန်မြို့ဖျားအထိ ကားမောင်းသွားပြီး ၀ယ်သည်။ ဆယ်ဆင့် လောက် သက်သာလျှင် သူ ပျော်နေ၏။ ဓာတ်ဆီဖိုးကို သူ ဘယ်တော့မှ ထည့်မတွက်။
ကျွန်မ တို့က ကားကို ကားဝပ်ရှော့တွင် ရေဆေးခိုင်းလျှင် ကိုယ်တိုင် မ ဆေးရကောင်းလားဆိုပြီး အပြစ်တင် သည်။ မာတင် က ပြန်ရှင်းပြရသည်။
" အဖေရယ် သူ့နေရာနဲ့သူပေါ့၊ လူတိုင်း အလုပ်ရှိမှ အဆင်ပြေကြမှာပေါ့၊ ကျွန်တော့်ကား ကျွန်တော် ဘာသာ ဆေးရင် တစ်ယောက်ယောက် အလုပ် လက်မဲ့ဖြစ်သွားမှာပေါ့ "
ဒီလို အခါမျိုးတွင် ဒက်ဒီကင်းပြုံးသည်။

" ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ၊ မင်းမွဲပြာကျသွားရင် ပေးဖို့ ငါ စုထားပေးပါ့မယ် "
ဒါကိုတော့ ဘယ်သူမှ သံသယမရှီကြ။ ဒက်ဒီကင်းသည် အသုံးအစွဲ ချွေတာသော်လည်း စေတနာ သဒ္ဓါ တရားတော့ မနည်းပေ။
မာတင့်အမေ က ဘာလုပ်လုပ် အားစိုက်ခွန်စိုက် လုပ်တတ်သည်။ ပျော်ပျော်နေတတ်သည်။ သူတို့ ငယ်ဘ၀ကို ရယ်ရယ်မောမော ပြန်ပြောတတ်သည်။
တစ်နေ့ မှာ မင်းတို့ ဒက်ဒီ ကို ရွာကလေးတစ်ရွာက တရားဟောဖို့ ဖိတ်တယ်။ မေမေပါ လိုက်သွားတာပေါ့။ ရွာထဲ မှာ ဘုရားကျောင်း ရှာလို့ မတွေ့ ဖြစ်နေတုန်းမှာ နီဂရိုးအဘိုးအို တစ်ယောက်နဲ့တွေ့တယ်။ သူ့ကို မေးတော့ အဘိုးကြီး က ရှင်းပြတယ် "

" အဲ … နေဦး၊ သိပြီ၊ ဒီလမ်းအတိုင်း ဆက်လျှောက်သွား၊ နှစ်မိုင်လောက် လျှောက်ပြီးရင် ညာချိုး၊ အဲ … မဟုတ်သေးဘူး၊ မင်းတို့ ဘက်က ဆိုတော့ ဘယ်ချိုးရမှာ အဲ … ဒါလည်း မဟုတ်သေးဘူး နေပါဦး …"
" ပြောပြီး ခေါင်းကို ကုတ်တယ်၊ နောက်ဆုံးကျမှ လက်လျှော့လိုက်တဲ့ လေသံနဲ့ " အဲ … ကျုပ် မသိဘူးဗျ၊ ဘယ်လမ်းက သွားရမှန်း မသိဘူး "တဲ့။
" ဒါနဲ့ မေမေတို့လည်း ကျေးဇူးတင်ပါကြောင်း ပြောပြီး ဆက်လျှောက်သွားကြတာပေါ့။ နောက်က အော်ခေါ် သံကြား လို့ လှည့်ကြည့်လိုက်တော့ လူတစ်ယောက် ပြေးလိုက်လာနေတယ်။ ဖုန်တထောင်းထောင်း နဲ့ စောစောက အဘိုးကြီးပဲ၊ သူခမျာ မောလို့ အသက်မရှူနိုင်ဘဲ သူပြောတယ် " ကျုပ် မသိတာနဲ့ ကျုပ်ညီ ဆီကို ပြေးပြီး မေးတယ်၊ သူလည်း ဘုရားကျောင်းဘယ်မှာရှိတယ်ဆိုတာ မသိဘူးတဲ့ "

ဒက်ဒီကင်း က မာတင့် ကို ချစ်သည်။ ဟိုတစ်နေ့ကပင် သူ့သားအကြောင်း ပြန်ပြောပြနေသေးသည်။
" သူက ငယ်ငယ်ကလေး ကတည်းက ထူးခြားတာ။ ငါးနှစ်သားကတည်းက သမ္မာကျမ်းစာထဲက အပိုဒ်တွေကို အလွတ် ရွတ်နိုင်နေပြီ။ အဲဒီတုန်းက အေဘီစီတောင် သူ မတတ်သေးဘူး။ ခြောက်နှစ်သားမှာ ဓမ္မသီချင်းတွေ ဆိုနိုင်နေပြီ။ သူ့ကို ၀တ်ပြုပွဲတွေ ခေါ်ခေါ်သွားရတယ်။ သူအကြိုက်ဆုံး ဓမ္မတေးကို လူတွေက ၀ိုင်းပြီး ဆိုခိုင်း တတ်သည်။ "ယေရှုခရစ်တော်နဲ့ ကျွန်တော် တူချင်တယ်" ဆိုတဲ့ စာမျက်နှာ သူဆိုပြီးရင် လူတွေ မျက်ရည်ကျကြတယ်။

" နာမည်ကျော် တရားဟောဆရာတစ်ယောက်ယောက် ဟောတော့မယ်ကြားရင်၊ လိုက်ပို့ဖို့ ပူဆာတော့တာပဲ။ ဆယ်နှစ်သားလောက် မှာ တရားပွဲတစ်ပွဲကို ခေါ်သွားတယ်။ ဒီတရားဟောဆရာက စကားလုံး အကြီးကြီးတွေ နဲ့ ဟောတော့ "ဒက်ဒီ ကျွန်တော် ကြီးလာရင်လည်း သူလိုဟောမယ်" လို့ ပြောတယ်။
ဒက်ဒီကင်း ပြောသည့် သူ့သားအကြောင်းမှာ ယုံဖို့ ခက်ခက်ပင်။ သို့သော် ပြောလို့ ဆုံးသည်မရှိ။ အားကစား တွင်လည်း မာတင် ထူးချွန်သည်။ ဟာသဥာဏ်ကလည်း အပြည့်။ မိုးဟောက်စ်တက္ကသိုလ်တွင် သူက ကျောင်း လက်ရွေးစင်။
ကျွန်မတို့ သားတွေ ရလာတော့လည်း သူက ဘတ်စကက်ဘောသင်ပေးသည်။ သည်အတွက် တစ်ခါတစ်ခါ ကျွန်မ စိတ်ညစ်ရသည်။

အပြင်တွင် မိုးရွာနေရင် သားအဖတွေ အိမ်ထဲတွင် ဆော့ကြသည်။
" မာတင် ရယ် ကျေးဇူးပြုပြီး အိမ်ထဲမှာ မလုပ်ကြပါနဲ့ ရှိကြီးခိုးပါရဲ့"
ထိုအခါမျိုးတွင် သားအဖတစ်တွေ ကျွန်မကို စိတ်ပျက်ဝိုင်းကြည့်နေတတ်သည်။
" ဒါဆို ဘယ်မှာသွားကစားရမှာလဲ" ပြန်မေးလျှင် ဘယ်တော့မှ ကျွန်မ မဖြေတတ်။
မာတင် သည် ငယ်ငယ်ရွယ်ရွယ်ကလေးနှင့် လူမျိုးရေး ခွဲခြားမှုဒဏ်ကို ခံခဲ့ရသူဖြစ်သည်။ သူတို့ အိမ်နီးနား ချင်း လူဖြူကလေး များနှင့် ငယ်ငယ်က အတူကစားကြသည်။ ခြောက်နှစ်သား အရွယ် ရောက်လို့ ကျောင်းကတော့ တစ်ကျောင်းစီဖြစ်သွားကြသည်။ လူဖြူကောင်လေးတွေက သူ့ကို ခင်ကြသည်။ မျက်ရည် စက်လက်နှင့် သူ့ကို ပြောကြသည် တဲ့။

" နောက်ဆို တို့ အတူတူ မကစားကြရတော့ဘူး မာတင် "
" ဘာပြုလို့လဲကွ" မာတင်က တအံ့တသြ ပြန်မေးသည်။
" မင်းက လူမည်းမို့တဲ့ကွာ "

မာတင့် အတွက် ဒက်ဒီကင်းလို အဖေမျိုးရတာ ကံကောင်းပါသည်။ သူ့အတွက် နမူနာယူစရာဖြစ်လာသည်။ အဖေသည် သူ့အတွက် လမ်းပြကြယ်ဖြစ်လာသည်။
ဒက်ဒီကင်း က ပြောလေ့ရှိသည်။
" ငါ မတ်တတ်ထရပ်ပြီဆိုရင် လူတစ်ယောက် ရပ်နေတယ်ဆိုတာ လူတိုင်းမြင်စေရမယ်၊ လူမဲ စီးတဲ့ ဘတ်စ် ကား ကို စီးသွားရစေဦးတော့ ငါ့စိတ်ဓာတ်က ဘုံဖျားမှာ ရှိနေလိမ့်မယ် "
မာတင် ငယ်ငယ်ကလေးကတည်းက သည်လို အတွေ့အကြုံတွေ အများကြီးရှိခဲ့သည်။

" ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ သူ့ကျွန်မခံဘူးလို့ ဆုံးဖြတ်ချက်ရှိတဲ့ လူမျိုးကို ဘယ်သူကမှ ကျွန်မ မပြုနိုင်ဘူး "
တစ်ခါတွင် အဖေ့ကားနှင့် မာတင်လိုက်သွားသည်။ ရဲက တားပြီး ဒက်ဒီကင်းကို လိုင်စင် စစ်သည်။
" ကောင်လေး လိုင်စင် ပြ " အဖေက မာတင့်ကို လက်ညှိုးထိုးပြီးဖြေသည်။ " ကောင်လေးဆိုတာ ဒီအရွယ်၊ ကျုပ်က လူကြီး "

မာတင် ငယ်ငယ်က အတ္တလန္တာ တက္ကသိုလ် လေ့ကျင့်ရေးကျောင်းတွင် တက်ရသည်။ အထက်တန်း ရောက်တော့ ဘူကာတီ ၀ါရှင်တန်ကျောင်းသို့ ပြောင်းရ၏။ ဆယ့်တစ်တန်း နှစ်ကုန်တော့ မိုးဟောက်စ် ကောလိပ် ၀င်ခွင့်စာမေးပွဲ ဖြေရာ၊ အောင်သည်။ နီဂရိုး မိဘများသည် သူတို့ကလေးတွေ မိုးဟောက်စ် ၀င်ခွင့်ရခြင်းကို ဟားဗတ်သို့ ၀င်ခွင့်ရသည့် လူဖြူကလေးမိဘများနည်းတူ ဂုဏ်ယူတတ်ကြသည်။ မိုးဟောက်စ် ကို ရောက်သွားသည့်အတွက် သူ့ဘ၀တွင် အဓိပ္ပာယ်ရှိပုံကို မာတင်က မကြာခဏ ပြောပြတတ် သည်။ သားနှစ်ယောက် ကိုလည်း သည်ကျောင်းသို့ပင် သူက တက်စေချင်သည်။
မိုးဟောက်စ်ကို ရောက်ခါစက ဆရာဝန် သို့မဟုတ် ရှေ့နေလုပ်ဖို့ သူ့ စိတ်ကူးခဲ့၏။ သူ့လူမျိုးအတွက် သည် အလုပ်နှစ်ခုနှင့် အကျိုးပြုချင်သည်။ ဘုရားကျောင်းတွင် စိတ်လှုပ်ရှားစွာဖြင့် ဟောကြား ပို့ချမှုကို သဘောမကျ။ လူမှုရေး အခြေပြု သမ္မာကျမ်းစာကိုသာ ဟောကြားချင်သည်။ ကြားနာချင်သည်။ သည်လို ဟောကြားသည့် ဓမ္မဆရာက ထိုခေတ်တွင် ခပ်ရှားရှား။

၁၉၄၅ ခုနှစ် နွေရာသီတွင် အခြား မိုးဟောက်စ် ကျောင်းသားများနှင့် အတူ ကနက်တီးကတ် ဆေးကြီးခင်း ထဲတွင် မာတင် အလုပ် လုပ်ရသည်။
လွတ်လပ်မှု အရသာ ကို ခံစားရတော့မည်ဟု တွေးပြီး အပျော်ကြီး ပျော်နေခဲ့သည့် အကြောင်းကို သူ ပြောပြ တတ်သည်။ စားသောက်ဆိုင် များတွင် အဖြူအမဲ မခွဲဘဲ ၀င်ထိုင်နိုင်ပြီဟု အောက်မေ့ခဲ့သည်။ ရုပ်ရှင်ရုံများ တွင် လည်း အလားတူဟု ထင်ခဲ့သည်။
သူ စီးလာသည့် ရထား တောင်ပိုင်း ပြည်နယ်ထဲ ၀င်လာချိန်တွင် သူက စားသောက်ခန်းတွဲဆီကို ထလာခဲ့ သည်။ စားပွဲထိုးက သူ့ကို အစွန်ဆုံးခုံဆီကို ခေါ်သွားပြီး နေရာပေးသည်။ ပြီးသည်နှင့် ခန်းဆီး ဆွဲပိတ် လိုက် သည်။

" အဲဒီတုန်းက အဲဒီ ခန်းဆီးဟာ ကိုယ်တစ်ယောက်တည်းအပေါ် ခြုံအုပ်လိုက်သလိုပဲ "
ကနက်တီးကတ် တွင် သူငယ်ချင်းများက သူ့ကို ၀တ်ပြုဆုတောင်းပွဲတွင် ခေါင်းဆောင်ဖို့ ၀ိုင်းပြောကြသည်။ သည်မှာ စပြီး ဘာသာရေးကို ပို၍ စိတ်ဝင်စားလာခြင်းဖြစ်၏။ သို့သော် စိတ်ဆုံးဖြတ်ချက် ချဖြစ်ခြင်း မှာ ဒေါက်တာ မေးစ်ကြောင့်ဖြစ်သည်။ ဒေါက်တာမေးစ်မှာ မိုးဟောက်စ်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ၏ ကျေးဇူးရှင် ဆရာရင်းပါပဲ " ဟု မကြာခဏ ကျွန်မကို ပြန်ပြောပြသည်။
ဒက်ဒီကင်းက မိုးဟောက်စ် ဂေါပကအဖွဲ့ဝင် ဒေါက်တာမေးစ်နှင့် အလွန် ရင်းနှီးသူဖြစ်သည်။ သူက အမေရိကန်တွင် ထိပ်တန်းပညာရှင်ပါရဂူတစ်ဦး။ တစ်နိုင်ငံလုံး ချစ်သည့် ပုဂ္ဂိုလ်။ သူက တရားစင်မြင့်ပေါ်မှ တရား မျှတသော လူ့အဖွဲ့အစည်းအကြောင်း အမြဲတမ်း ဟောပြောနေသည်။ မာတင်၏ အတွေးအမြင် များသည် ဒေါက်တာမေးစ် ၏ သြဇာတွေ အများကြီးပါသည်။

ဒေါက်တာမေးစ်နှင့် ခရစ်ယာန်ဘာသာ လေ့လာမှုဌာနမှ ဌာနမှူး ဒေါက်တာ ဂျော့ကင်စလီ တို့၏ ဟောပြောပွဲများကို နားထောင်ပြီး တရားဟောဆရာ၊ သင်းအုပ်ဆရာ ဘ၀သည် လူရိုသေ ရှင်ရိုသေ အလုပ်မျိုး ဖြစ်ကြောင်း စိတ်လှုပ်ရှားစွာဖြင့် ကျေနပ်စရာကောင်းသော အလုပ်မျိုးဖြစ်ကြောင်း မြင်လာသည်။ စိတ်လှုပ်ရှားမှုနှင့် ဆင်ခြင်တုံတရားကို ချိန်ခွင်လျာ တည့်ပေးမည့် အလုပ်မျိုးဖြစ်ကြောင်း မြင်လာသည်။ အများအတွက် သည်ဘ၀ဖြင့် ရာသက်ပန် လျှောက်လှမ်းတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။
သူ့ကို နှစ်ခြင်း အသင်းတော်က အလိုရှိနေပြီဟု ခံစားနေရကြောင်း ဒက်ဒီကင်းကို မာတင် ပြောတော့ သူ့ အသက်မှာ ဆယ်ခုနစ်နှစ်မျှသာရှိသေးသည်။

ဒက်ဒီကင်း တစ်ယောက် စိတ်ထဲ ကျိတ်ပျော်သွားသည်။ သို့သော် ဇဝေဇ၀ါ ဖြစ်နေ၏။ နောက်ဆုံး အက်ဘင်နီဇာ ဘုရားကျောင်း၏ အခန်းငယ် တစ်ခုတွင် အစမ်းဟောကြည့်ဖို့ အကြံပေးသည်။ သို့ရာတွင် မာတင် လူသာကင်း တရားဟောမည် ဟူသည့် သတင်းပြန့်သွားတော့ တရားနာ ပရိသတ်အများကြီးဖြစ်လာ သဖြင့် ခန်းမဆောင်ကြီးထဲ တွင် တရားပွဲ ကျင်းပပေးရတော့၏။
သည်ဇာတ်လမ်း ကို မကြာခဏ ကြားရသဖြင့် ကျွန်မ မျက်စိထဲတွင် မြင်ယောင်နေတော့သည်။ အပြစ်ကင်းစင်ပြီး နုနယ်လွန်းသည့် လူငယ်ကလေး တစ်ယောက်၊ စိတ်ဓာတ်တက်ကြွမှု အပြည့်ဖြင့်။
နောက်ပိုင်းတွင် ဒေါက်တာမေးစ်က ချီးမွမ်းသည်။

" သူ ဟောသွားပုံက သူ့အရွယ်နဲ့ မမျှဘူး၊ ရင့်ကျက်နေတဲ့ လူကြီးတစ်ယောက်လို ဟိုဘက်သည်ဘက် မျှပြီး ဟောသွားနိုင်တယ် "
ဒက်ဒီကင်း တစ်ယောက် သားအတွက် ဂုဏ်ယူလို့ မဆုံးတော့ပေ။ ထိုညတွင် ဒူးထောက်၍ သည်လို သားမျိုး ပေးသနားသည့် အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါကြောင်း ရိုကျိုးစွာလျှောက်ထားမိလေသည်။

မာတင်သည် ထိုညကို အသည်းထဲ စွဲသွားအောင် အလေးအနက်ထားသည်။ တဖြည်းဖြည်းနှင့် သူ့ကိုယ်နှုတ် နှလုံး အမူအရာ အားလုံးပြောင်းလွဲသွားလေသည်။ ကပွဲတွေ မသွားတော့၊ ကောင်မလေးတွေ ကိုလည်း စိတ်မ၀င်စားတော့။ အားအားရှိလျှင် အခန်းအောင်း၍ သမ္မာကျမ်းစာ ကိုသာ ဖတ်နေလေတော့ သည်။ ကောင်မလေးများနှင့်လည်း ကင်းကင်းနေလိုက်၏။ သူ့ဝိညာဉ်ကို သူ့နည်းသူ့ဟန် ဖြင့် သန့်စင်အောင် လုပ်နေခြင်းဖြစ်နိုင်ပါသည်။

လူတွေကို လမ်းပြခေါင်းဆောင် လုပ်ချင်လျှင် လူတွေ စံနမူနာ ယူလောက်အောင် ကိုယ်ကျင့် တရား ကောင်းမွန် ရမည်ဟု မာတင်က ယုံကြည်ထားသည်။
နှစ်ခြင်းအသင်းတော်၏ ပညတ်ချက်များကလည်း တင်းကျပ်လှသည်။ ဥပမာ - မာတင် ပထမဆုံး တရား ဟောပြီး မကြာခင် ကပွဲတစ်ခုသို့ တက်ဖြစ်လိုက်သည်။ သည်အတွက် ဒက်ဒီကင်းက ဘုရားကျောင်းမှ သိက္ခာ တော်ရ ပုဂ္ဂိုလ်ကြီးများရှေ့တွင် ၀န်ချတောင်းပန်ခိုင်းသည်။
ဘာသာရေး ကိစ္စတွင် စိတ်ပါဝင်စားသဖြင့် ခရစ်ယာန် သာသနာပြု လုပ်ငန်းတွင် ပါဝင်တော့မည်ဆိုလျှင် လူသားတို့ အတွက် ဘ၀ကို မြှုပ်နှံမည်ဆိုလျှင် စိတ်ဓာတ်အားဖြင့် ဖြူစင်မြင့်မြတ်ရမည်။ အလိုအလျောက် ကြည်လင် သန့်ရှင်း လာရမည်ဟု မာတင်က ယုံကြည်လေသည်။

ကျွန်မနှင့် တွေ့သည့်အချိန်တွင်တော့ သူ ရင့်ကျက်နေပြီ၊ အလွန်အမင်း ကျင့်ကြံအားထုတ်နေခြင်းမျိုး မတွေ့ ရတော့။ လူသာမန် တစ်ယောက်လို နွေးထွေးနေသည်။ ပျော်ပျော်ရွှင်ရွှင် နေတတ်နေပြီ။ လူတော ပြန်တိုးနေပြီ။ စိတ်ကို အလွန်အမင်း ထိန်းချုပ်ထားခြင်းမျိုးမရှိတော့။ ဆယ်ခုနစ်နှစ် သား အရွယ်သည် နောက်တွင် ကျန်ခဲ့လေပြီ။
မိုးဟောက်စ် တက္ကသိုလ် မှ ဘွဲ့ရတော့ မာတင် ဆယ့်ကိုးနှစ်သားပဲရှိသေးသည်။ ခရစ်ယာန်ဘာသာ ပါရဂူဘွဲ့ ကို သူ ဆက်တက်လိမ့်မည်ဟု ဘယ်သူမျှ မျှော်လင့်မထားကြပေ။
နာမည်ကျော် သာသနာပြု တက္ကသိုလ်ကြီး လေးခုမှ သူ့ကို လက်ခံကြသည်။ သူက ပင်ဆီလ်ဗေးနီးယား ပြည်နယ်မှ ခရိုဇာ တက္ကသိုလ်ကို ရွေးလိုက်သည်။ မိုးဟောက်စ်တွင် ဘာသာရပ် တိုင်း အေ အဆင့် တောက်လျှောက် မရခဲ့သဖြင့် ခရိုဇာတွင် သူ သုံးနှစ်တက်ရမည်။ ထို့ကြောင့် သူ မီးကုန် ယမ်းကုန် ကြိုးစားတော့ သည်။ ပင်ဆီလ်ဗေးနီးယား တက္ကသိုလ်တွင် ဒဿနိက ဘာသာရပ်ကို သွားတက်သည်။ အပြင် စာတွေလည်း အားတိုင်း ဖတ်သည်။ ဤတွင် မဟတ္တမဂန္ဒီကို ပထမဥိးဆုံး ဖတ်ဖူးခြင်းဖြစ်၏။

အတန်းသားတွေက အတန်းခေါင်းဆောင်အဖြစ် သူ့ကို ရွေးချယ်တင်မြှောက်လိုက်ကြသည်။ သူသည် ပထမဆုံး လူမည်း အတန်းခေါင်းဆောင် ကျောင်းသားဖြစ်လေသည်။
၁၉၅၁ ခုနှစ် တွင် ပထမ အဆင့်ဖြင့် ဘွဲ့ရသည်။ ယေ.လ်နှင့် ဘော့စတွန် တက္ကသိုလ် နှစ်ခုမှ ပညာ ဆက်သင်ခွင့်ပြုသည်။ သူက ဘော့စတွန်ကို ရွေးလိုက်၏။ ဘော့စတွန် ဒဿနိက ဌာနတွင် ဆရာ အဂ္ဂါဘရိုက်မင်နှင့် ဆရာ ဟာရိုးဒီဝုဖ်တို့ထံမှ ပညာယူချင်သောကြောင့်ဖြစ်သည်။

၁၉၅၃ ခုနှစ်တွင် မာတင်နှင့် ကျွန်မ ဘော့စတွန်သို့ ပြန်လာခဲ့ကြသည်။ လေးခန်းပါသည့် တိုက်ခန်း တစ်ခန်း ငှားနေလိုက်၏။ မာတင်က စာကြည့်ခန်းငယ်ကလေးထဲတွင် စာကျက်သည်။ ကျွန်မက အိပ်ခန်းထဲတွင် ကျက်သည်။ သူ့ကို အနှောင့်အယှက် ဖြစ်မည်စိုး၍ အိမ်တွင် သီချင်းဆို မကျင့်၊ ကျောင်းမှာပဲ လေ့ကျင့်သည်။
ဂီတ ဘွဲ့တစ်ခု ရဖို့ ကျွန်မမှာ လုပ်စရာတွေ အများကြီး ကျန်သေးသည်။ စန္ဒရားနှင့် တယောအပြင် အဆို သင်တန်း လည်း တက်နေသေးသည်။ သံစုံတီးဝိုင်း အစီအစဉ်နှင့် ဦးဆောင်မှု ပညာရပ်လည်း ပါဝင်၏။ ကြိုးတပ် တူရိယာနှင့် လေမှုတ် တူရိယာတွေကိုလည်း ကလေးတွေကို ပြန်သင်နိုင်လောက်အောင် သင်ရသေး သည်။

ဒုတိယနှစ်ဝက် ရောက်တော့၊ ကျောင်းသုံးကျောင်းတွင် အစမ်းလေ့ကျင့်သင်ကြားရသည်။ သီချင်းဆိုလည်း သင်ရ၏။ ကျွန်မတို့ နှစ်ယောက် ကျောင်းပြီးသွားလျှင်တော့ အေးအေးဆေးဆေးနေနိုင်ပြီဟု အောက်မေ့ခဲ့၏။ ခုအချိန် အထိ အေးအေးနေရခြင်း အဓိပ္ပာယ်ကို ကျွန်မသိပ်မသိသေးပါ။
မာတင် ကလည်း အသေအလဲ ကြိုးစားနေ၏။ ကျောင်းစာတွေ မနိုင်မနင်းကြားမှ ဘုရားကျောင်းများတွင် ကြုံလျှင် ကြုံသလို၊ တရားပေးရသေးသည်။ သူ့ဂုဏ်သတင်း တဖြည်းဖြည်း ကြီးလာသည်။ ရှားရှားပါးပါး လူငယ် တစ်ယောက် အဖြစ် ယနေ့တိုင် ဘော့စတွန် တစ်ဝိုက်တွင် သူ့ကို သတိရနေကြဆဲဖြစ်လေသည်။ တက္ကသိုလ် စာကြည့်တိုက် တွင် သူ အချိန်ကုန်သော်လည်း အိမ်တွင်လည်း အနားမနေ။ ကျွန်မကလည်း ယားလို့မှ မကုတ်နိုင်တော့။ အိမ်အလုပ်တွေ သူချည်း ဒိုင်ခံလုပ်ရတော့၏။ ကြမ်းတိုက်လည်းသူ၊ အ၀တ်လျှော်လည်း သူဖြစ်လာ၏။ ကျွန်မက အ၀တ်တွေကို ဆပ်ပြာစိမ်ထားခဲ့လျှင် သူက အားသည့် အချိန်တွင် အပြေးအလွှားလျှော်သည်။ တစ်အိမ်လုံး ကြိုးတွေတန်း၊ မီးဖိုခန်းပါ မကျန် အ၀တ်တွေလှန်းနှင့် တီဗီကြော်ငြာ ရိုက်နေသည့်အလား။

ကြာသပတေးနေ့ ဆိုလျှင် ကျွန်မက ခြောက်နာရီအတန်းရှိသဖြင့် မိးဖိုချောင်ကိုပါ သူဝင်ရသည်။ မာတင်က သူချက်တတ်ပြုတ်တတ်သည့် အတွက် ဂုဏ်ယူတတ်သည်။
ဝက်သားစင်းကော ကောင်းကောင်း လုပ်တတ်၏။ သူ့ကြက်ကြော်မှာ အလွန်အရသာရှိသည်။ ၀က်နားရွက် ကိုတော့ ကျွန်မက မကြိုက်။ သည်နေရာတွင် သူက ဖအေ့သားဖြစ်၏။
" ကောင်းလည်းကောင်းတယ်၊ ဈေးလည်းပေါတယ်" ဟု ပြောတတ်သည်။
မာတင်သည် အိမ်တွင်းမှုတွေ လုပ်နေရသော်လည်း ဘယ်တော့မှ သိမ်ငယ်စိတ်မ၀င်။ သူ့ကိုယ်သူ သိပ်ယုံကြည်သူဖြစ်၏။ အမေရိကန် လူမည်းများတွင် ပြဿနာတစ်ခုရှိသည်။ ယင်းမှာ အလုပ် ကောင်းကောင်းရဖို့ လူမည်း အမျိုးသမီးများလောက် အခွင့်အလမ်း မရှိခြင်းဖြစ်သည်။ ထိုခေတ်က လူမည်း ယောက်ျား တို့က အိမ်ရှင်မ လုပ်ကြရပြီး အမျိုးသမီးများက အပြင်ထွက် အလုပ်လုပ်ကြရသည်။ သို့သော် မာတင်က လုံးဝမမှု။
လက်ထပ်ပြီး သိပ်မကြာခင် သူပြောတာ ကျွန်မ မှတ်မိနေ၏။

" ကိုယ်က အိမ်ထောင် ဦးစီးလေ၊ အိမ်ထောင် ဦးစီးတစ်ယောက်ကိုတော့ ကိုယ့် မိန်းမက လေးစားစေချင်တယ် "
ဟိတ်ကြီး ဟန်ကြီး လုပ်ချင်သည့် လေသံ ပါသွားသဖြင့် ကျွန်မတို့ နှစ်ယောက် ရယ်ကြရသေးသည်။
နောက်မှ သူ ဘာသာသူ လျှောချသွားသည်။
" အလကား နောက်တာပါ မိန်းမရာ လက်ထပ်တယ်ဆိုတာ ဘာမဆို အတူတူ ခွဲဝေခံစားဖို့ပါ၊ မောင်တစ်ထမ်း တယ်တစ်ရွက်ဆို မဟုတ်လား "
သူ ယုံယုံကြည်ကြည် ပြောခြင်းဖြစ်ပါသည်။ လင်မယား ဘ၀တွင် အလျှော့အတင်း ရှိဖို့ သူ ဆိုလိုရင်းဖြစ် သည်။ ကျွန်မလည်း ယုံကြည်ပါသည်။
သူက ကျွန်မအား အိမ်ရှင်မ ဘ၀ကို အောင်အောင်မြင်မြင် တည်ဆောက်စေချင်သည်။ အလုပ် လ်ုပ်ဖို့ လုံးဝ မတိုက်တွန်းပါ။
" မိသားစုအတွက် ကိုယ် ငွေရှာနိုင်ပါလိမ့်မယ်၊ ယုံပါကွာ၊ မိသားစုကို တင့်တောင့်တင့်တယ် ထားနိုင်မှာပါ "
သို့သော် သူက နိုင်ငံရေး လုပ်တော့ ကျွန်မ အလုပ်ထွက်လုပ်ရသည်။ ကျွန်မ၏ ၀င်ငွေသည် အိမ်စရိတ် ကောင်းကောင်း ဖူလုံလေသည်။

မာတင်က ဘော့စတွန် တက္ကသိုလ်တွင် အတန်းများ တက်နေစဉ်မှာပင် ဟားဗတ်မှ ပလေတို အတန်းနှင့် ခေတ်သစ် ဖြစ်တည်မှု ပဓာန သဘောတရား သင်တန်းတွေ သွားတက်သည်။ ဆတ်၊ ဂျက်စပါစ်၊ ဟိုက်ဒက်ဂါ တို့ကို လေ့လာသည်။ သို့သော် မာတင်သည် ပင်ကိုအရ ကိုယ်ပိုင် အတွေးအခေါ်ရှိပြီးသား ပုဂ္ဂိုလ်ဖြစ်သည်။
ဘော့စတွန် သည် ကိုယ်ပိုင် အတွေးအခေါ် တိုးတက်ရေးကို ဦးစားပေးသင့်သည့် တက္ကသိုလ်ဖြစ်သည်။ "အန္တိမသစ္စတရား ၏ အဓိပ္ပာယ်သည် လူတစ်ဦးချင်းဆီတွင်သာ သဲလွန်စ ကောက်နိုင်သည်" ဟူသည့် အဆိုကို လက်ကိုင်ထားသည့် တက္ကသိုလ်ဖြစ်သည်။
နောက်တွင် မာတင်က ဤသို့ဖွင့်ဆိုသည်။

" ကျွန်တော့် ပုဂ္ဂလိက အတွေးအမြင်ဟာ ကျွန်တော့် ကိုယ်ပိုင်ယုံကြည်မှုတွင် ရှိနေတဲ့ ဘုရားသခင်ရဲ့ အဆုံးအမမှာ အခြေခံပါတယ်။ သဘာဝဖြစ်တည်မှုကို အခြေပြုပြီး လူသားရဲ့ ဂုဏ်သိက္ခာ ရှာဖွေတာဟာ ကျွန်တော့် အခြေခံ အတွေးအမြင် ဖြစ်ပါတယ် "
မာတင်သည် စကြ၀ဋ္ဌာ အနိဌာရုံများကို အကောင်းဘက် ရောက်အောင် ဘုရားသခင်က ဖန်ဆင်းတော် မူသည်ဟု ယုံကြည်သူတစ်ယောက်ဖြစ်သည်။
သည်လို အမြင့်ကြီးတွေ တွေး၊ ဒဿနိကတွေပြော၊ ဘာသာရေးတွေ ဆွေးနွေးနေလို့ ကျွန်မတို့ အိမ်ထောင်ရေး ခြောက်ကပ်ကပ်ကြီးဖြစ်မနေပါ။ ကျွန်မတို့နှစ်ယောက်သည် လားအပ်ချိန်ကလေး ရသည်နှင့် ပျော်အောင် နေတတ်ကြပါသည်။ ကျွန်မ ဘွဲ့ယူသည့် နှစ်က အမေရောက်လာပါသည်။ ဥပမာ- သုံးယောက်သား ပန်းခြံထဲ သွားထိုင်ကြသည်။ ကမ်းခြေတွင် အချိန်သွားဖြုန်းသည်။ မာတင်က မကြည့်ရဲ လောက်အောင် မြင်းစီးပြသည်။ ပြီးတော့ သူနှင့် ကျွန်မ မေမေ ဧရာမ ရဟတ်ကြီးတွေ စီးကြသည်။ ရင်တမမ နှင့် ရယ်ကြမောကြ။ ထိုနေ့ မနက်တွင် မာတင့် တရားပွဲ ရှိသည်။ မေမေမှာ ယုံရခက်ကြီးဖြစ်နေ ၏။ စောစောက ရယ်မော ပျော်ရွှင်နေသော လူငယ်ကလေး။ ခုတော့ ဣနြေ္ဒ သိက္ခာအပြည့်ဖြင့် ပရိသတ်ကို တရားပေးနေသည်တဲ့။

ကျွန်မတို့၏ လူမှုဆက်ဆံရေးဘ၀က ဘော့စတွန်ရောက် တောင်ပိုင်းသား လူမည်းများနှင့် အဆက်အဆံ ရှိ သည်။ ဘော့စတွန် လူဖြူအသိုင်းအ၀ိုင်းက ကျွန်မတို့ အပေါ် အေးစက်စက်နိုင်လွန်းသောကြောင့် ဖြစ်၏။ မမြင်ရ သည့် အကန့်အသတ်တွေ ရှိနေခြင်းကြောင့်ဖြစ်၏။
တောင်ပိုင်းသားတို့၏ စရိုက်သည် ပွင့်လင်း၏။ ဖော်ရွေ၏။ ကျွန်မတို့က စလိုက်လျှင် လူဖြူတွေနှင့် ရောလို့ ရကြောင်းသိပါသည်။ သို့သော် ဘယ်သူမှမစကြပါ။ သူတို့နှင့် ကျွန်မတို့ စိတ်အေးချမ်းသာစွာနှင့် အတူ တကွ နေလို့မရကြောင်း သိနေသောကြောင့်ဖြစ်ပါ၏။
သို့သော် ဘော့စတွန်တွင် ကျွန်မတို့ နေခဲ့ရသော အချိန်ပိုင်းတွင် စိတ်ဝင်စားစရာ ကောင်းသော ဖြစ်ရပ် ကလေး တစ်ခုတော့ ရှိခဲ့သည်။ ဒဿနိက ကလပ်တွင် သောကြာနေ့တိုင်း စာတမ်းဖက်ပွဲရှိသည်။ စာတမ်း တစ်စောင် ဖတ်ပြီးလျှင် အဖွဲ့ဝင်များက ဆွေးနွေးကြရသည်။ ပြီးတော့ ဝေဖန်ကြသည်။ ပထမပိုင်းတွင်တော့ သည်ကလပ် တွင် လူမည်းတွေချည်းဖြစ်၏။ တဖြည်းဖြည်း သတင်းပြန့်သွားတော့ လူဖြူတွေပါ လာရောက် နားထောင်ကြသည်။

၁၉၅၃ ခုနှစ် ကုန်ပိုင်းတွင် မာတင်က စာတမ်းတင်ဖို့ အဆင်သင့် ဖြစ်နေပြီ။ တစ်ပြိုင်တည်းတွင် သင်းအုပ် ဆရာ အလုပ်ကို စုံစမ်းသည်။ ဘုရားကျောင်းလေးကျောင်းမှ သူ့ကို လိုချင်နေ၏။ လစာကောင်းကောင်း ရမည့် နေရာတွေ။ နှစ်ကျောင်းက မြောက်ပိုင်းမှာဖြစ်၏။ ထိုစဉ်တွင် ကောလိပ်ကျောင်း တစ်ကျောင်းမှ ကျောင်းအုပ်ရာထူးပေးသည်။ အခြားနှစ်ကျောင်းက စာသင်ဖို့ခေါ်သည်။ ပညာတတ် အသိုင်းအ၀ိုင်းတွင် နေရာရတော့မှာမို့ ကျွန်မတို့အတွက် ပျော်စရာပင်။ သို့သော် မာတင်က သူ့လူမျိုးအတွက် သူ အလုပ်လုပ် ချင်သေးသည်။ သူ နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့သည်ကလည်း တက္ကသိုလ်တွင် စာသင်ဖို့ဖြစ်၏။ သူ့ အတွေးအခေါ်တွေပိုပြီး ထက်မြက်လာအောင် လုပ်ဖို့ အကောင်းဆုံးနေရာ။
ကျွန်မ တို့ စဉ်းစားကြသည်။ ဘယ်ဘုရားကျောင်းမှာ အလုပ်ဝင်မည်လဲ။ ဤတွင် သူနှင့် ကျွန်မ သဘောထား ကွဲကြတော့သည်။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်မက တောင်ပိုင်းကို ပြန်ချင်ပါသည်။ ကိုယ့်အိမ်ရှိရာ ကိုယ့်ရပ်ကိုယ့်ရွာ မဟုတ်လား။ သို့သော် တစ်ကိုယ်ကောင်းဆန်မိလေလားမသိ၊ လောလောဆယ် ပို၍ လွတ်လပ်သော ပို၍ ယဉ်ကျေးမှု ထွန်းကားသော မြောက်ပိုင်းလေကို ဆက်ရှူချင်နေသေးသည်။
သို့သော် မာတင်က တောင်ပိုင်း နှစ်ခြင်း သာသနာပြု လုပ်ငန်းကိုသာ စိတ်ဝင်စားသည်။ တောင်ပိုင်းမှာပဲ သင်းအုပ်ဆရာဖြစ်ချင်သည်။ သည်အကြောင်း ကျွန်မတို့ သမီးရည်းစား ဘ၀မှာ ကတည်းက သူ မကြာခဏ ပြောဖူးသည်။
ဇန်န၀ါရီလထဲတွင် အယ်လာဘားမားပြည်နယ် မောင်ဂိုမာရီမြို့မှ ဒက်စတာ ရိပ်သာ နှစ်ခြင်း ဘုရား ကျောင်းမှာ တရားဟောဖို့ မာတင့်ကို ဖိတ်သည်။ ကွယ်လွန်သွားသည့် ဘုန်းတော်ကြီးဒေါက်တာဖာနွန် နေရာတွင် လူစား ထိုးဖို့ ရှာနေသည့် ဘုရားကျောင်းဖြစ်၏။

တရားပွဲမှာ အောင်မြင်သည်။ ကျွန်မက သည်ပွဲကို သိပ်ထင်မထားပေ။ မောင်ဂိုမာရီမှာ တောင်ပိုင်းတွင် လူမျိုးရေး အခွဲခြားဆုံး၊ လူမည်းတွေကို အနှိမ်ဆုံးမြို့ ဖြစ်သောကြောင့် မထင်ခြင်းဖြစ်၏။
ခုတော့ မာတင့်ကို သူတို့ သဘောကျသွားပြီး အားလုံးက လက်ခံသဖြင့် ဒေါက်တာဖာနွန်နေရာတွင် သင်းအုပ်ဆရာအဖြစ် ခန့်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။
ဧပြီလထဲတွင် ဒက်စတာ ဥပသကာ အဖွဲ့နှင့် အသေးစိတ်ကို ညှိနှိုင်းဖို့ တောင်ပိုင်းသို့ မာတင် ဆင်းသွား သည်။ အားလုံး ချောချောမွေ့မွေ့ ဖြစ်သွားသဖြင့် ၁၉၅၄ ခုနှစ် စက်တင်ဘာလထဲတွင် ဒက်စတာ၏ တရားဝင် သင်းအုပ်ဆရာ အလုပ်ကို မာတင် ရသွားသည်။ ဤသို့ဖြင့် မာတင် တစ်ယောက် ဘော့စတွန်နှင့် မောင်ဂိုမာရီကို တစ်နွေလုံး ကူးချည်သန်းချည် လုပ်နေရလေသည်။
ဤသို့ဖြင့် မောင်ဂိုမာရီသည် ကျွန်မတို့ ဘ၀၏ အရေးပါသော ကဏ္ဍဖြစ်လာသည်။ သို့သော် ရှေ့ရေး ကား ရေရေရာရာ မရှိလှသေး။ ကျွန်မတို့နှစ်ယောက်မှာ ဇာတ်သိမ်းခန်း ဇာတ်ညွှန်းကို မဖတ်ရသေးဘဲ သရုပ်ဆောင် ကပြနေရသည့် မင်းသား မင်းသမီးနှင့် တူနေသည်။ ဇာတ်သိမ်းခန်းမှာ ကျွန်မတို့ အလုပ် မဟုတ်ပါ။ ဘုရားသခင် အလိုတော် အတိုင်းသာဖြစ်ရပါလိမ့်မည်။

ဆက်ရန်
.

No comments: