Tuesday, June 12, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၃၅)

ကျွန်မတို့ နှစ်ယောက် အဆင်မပြေဖြစ်နေကြောင်း လူတွေမသိလျှင် တော်ပါပြီ။ ကျွန်မအပေါ်မှာ သူ မကြင်နာ လျှင် နေပါစေတော့။ ကျွန်မကို ဘယ်တော့မှ မနမ်းချင်လျှင်လည်း နေပါစေတော့။ မပြောမဖြစ် သည့်စကား မှ လွဲ၍ ဘာစကားမျှ မပြောချင်လျှင်လည်း နေပါစေတော့။ သည်အကြောင်း ကို အပြင်လူ တွေ လုံးဝမသိလျှင် ကျွန်မ ခံနိုင်ရည်ရှိပါသည်။ သည်အကြောင်း များ ကို ကျွန်မတို့ နှစ်ယောက်တည်း သာ သိနေသည်ဆိုလျှင် တော်ပါပြီ။ သည် သတင်းတွေ ပြင်ပ သို့ မပေါက်ကြားအောင် အိမ်ဖော်များ ကို လာဘ်ထိုးရလျှင်လည်း ထိုးရ ပါစေတော့။
လောကကြီး တွင် အိမ်ထောင်ရေး မသာယာခြင်းလောက် ရှက်စရာကောင်းသည်မှာ မရှိတော့။ အောက် တန်းကျသည် မှာ မရှိတော့။ ယခုတော့ မနေ့ညက အဖြစ်အပျက်များကြောင့် ကျွန်မ ကောင်းကောင်း သဘောပေါက် နားလည်ခဲ့ ပါပြီ။
ကို ဆက်ဖတ်ရန်.....

ကျွန်မတို့၏အိမ်ထောင်ရေးသည် အောင်မြင်သော အိမ်ထောင်ရေးမဟုတ်။ ဘာမျှလည်း ဟန်ဆောင်ဖုံး ကွယ်နေ ရန် အကြောင်းမရှိတော့။ သူနှင့် ကျွန်မသည် ဘဝဖော်များမဟုတ်နိုင်ပြီ။ ရှေ့သွားနောက်လိုက် မညီနိုင်ပြီ။ ကျွန်မသည် မက်ဇင်မ်အဖို့ သိပ်ကိုငယ်ရွယ်လွန်းပါသည်။ သိပ်ကို အတွေ့အကြုံနည်းလွန်း ပါသည်။ ထိုထက် ပိုဆိုးသည်မှာ ကျွန်မသည် သူ့ဘဝ၊ သူ့ပတ်ဝန်းကျင်၊ သူ့အဆင့်အတန်းနှင့် အံမဝင် ခွင်မကျနိုင်ခြင်း ပင် ဖြစ်ပါသည်။
သူ့ကို ကျွန်မ အရမ်းချစ်ပါသည်။ အသည်းနင့်အောင်ချစ်ပါသည်။ ချောက်ချောက်ချားချားကြီးကို ချစ်ပါ သည်။
သို့သော်လည်း ဒါက အကြောင်းမဟုတ်ပါ။ သူ လိုအပ်နေသည့် အချစ်မျိုးမဟုတ်ပါ။ သူ လိုအပ်နေ သည် က ကျွန်မ ပြုလုပ်စွမ်းဆောင်ပေးနိုင်ခြင်းမရှိသော အခြားအရာသာ ဖြစ်ပါသည်။ တစ်ချိန်တုန်းက သူ ရယူခဲ့ဖူးသော အရာမျိုးသာဖြစ်ပါသည်။ သူ ပျော်ရွှင် စိတ်ချမ်းသာအောင် ကျွန်မ ပြုလုပ်ပေးနိုင်လိမ့် မည် ထင်ပြီး သူ့ကို လက်ထပ်ခဲ့ခြင်းဖြစ်ပါသည်။

သို့သော်လည်း ဟိုတုန်းက သူ ရယူခဲ့ဖူးသော ပျော်ရွှင်ချမ်းမြေ့ခြင်းသည် ကျွန်မ ပေးစွမ်းနိုင်သည်ထက် ပိုမို ကြီးကျယ်ခဲ့ပါသည်။
"တစ်နေ့ကျရင် ဒီအတွက် မင်း ဝမ်းနည်းပက်လက်ဖြစ်မှာ ငါ စိုးတယ်။ အမှားကြီးတစ်ခုကို မင်း ကျူး လွန်လိုက်ပြီ လို့ ငါ ယုံတယ်" ဟု မစ္စက်ဗန်ဟော့ပါးက ကျွန်မကို ပြောခဲ့ဖူးပါသည်။
သည်တုန်း ကတော့ သူ့ပြောစကားကို ကျွန်မ နားမဝင်နိုင်ခဲ့ပါ။ ရက်ရက်စက်စက် ချိုးချိုး ဖဲ့ဖဲ့ပြောခြင်း သာ ဖြစ်သည် ဟု ထင်မှတ်မိခဲ့ပါသည်။ သို့သော်လည်း သူ မှန်ပါသည်။ သူ ပြောခဲ့သည်စကားများအားလုံး မှန်ကန်နေ ပါသည်။
"မင်းကို သူက ချစ်တယ်ဆိုလို့ စိတ်ကြီးဝင်ပြီး သွေးနားထင်တော့ ရောက်မသွားပါဘူးနော်။ သူဟာ အထီးကျန် ပါ။ အဲဒီအိမ်ကြီးထဲမှာ အထီးကျန်ဘဝနဲ့ သူတစ်ယောက်တည်း မနေနိုင်ဘူးလေ…" ဟု လည်း မစ္စက်ဗန်ဟော့ပါးက ပြောခဲ့ပါသေးသည်။

ထိုစကားကမူ မစ္စက်ဗန်ဟော့ပါး တစ်သက်ပြောခဲ့ဖူးသမျှ စကားများထဲတွင် အမှန်ကန် ဆုံး ဖြစ်နေ ပါ တော့သည်။
ကျွန်မ ကို မက်ဇင်မ် မချစ်ပါ။ ဘယ်တုန်းကမှ မချစ်ခဲ့ဖူးပါ။ အီတလီမှာ နေခဲ့သည့် ကျွန်မတို့၏ပျားရည် ဆမ်းအချိန်ကာလများသည် သူ့အတွက် ဘာမျှအဓိပ္ပာယ်မရှိပါ။ သည်မန်ဒါလေစံအိမ်ကြီးတွင် အတူတ ကွ နေထိုင်ကြခြင်းသည်လည်း ဘာမျှအဓိပ္ပာယ်မရှိပါ။

ကျွန်မကတော့ အချစ်ကိုသာ ဦးစားပေးနေမိသည်။ အချစ်ကိုသာ ရှေ့တန်းတင်နေမိသည်။ ချစ်လျှင် ပြီးစတမ်းဟု ထင်နေမိသည်။ တကယ်ကတော့ ကျွန်မက ဘယ်လောက်ချစ်ချစ် သူ့အတွက် ဘာ အဓိပ္ပာယ်မျှမရှိပါ။ သူသည် ယောက်ျားတစ်ယောက်ဖြစ်၏။ ကျွန်မက သူ့ဇနီးဖြစ်သည်။ အသက် အလွန် ငယ်သည်။ ပြီးတော့ သူက အထီးကျန်ဘဝ။ ကျွန်မကို သူ ရယူပိုင်ဆိုင်ခြင်း မရှိပါ။
ရဘက်ကာ ကိုသာ သူ ရယူပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်အထိ သူ့စိတ်ထဲမှာ ရဘက်ကာကြီးစိုး နေသည်။ ရဘက်ကာကြောာင့် ကျွန်မကို သူ ဘယ်တော့မှ ချစ်နိုင်တော့မည်မဟုတ်ပါ။ ရဘက်ကာ သည် မစ္စက်ဒင်ဗာပြောသကဲ့သို့ပင် ယခုအချိန်အထိ သည်စံအိမ်ကြီးထဲမှာ ရှိနေသည်။ အနောက် ဘက်ဆောင်က အခန်းထဲမှာ ရှိနေသည်။ စာကြည့်ခန်းထဲမှာ၊ နံနက်ခင်းထဲမှာ၊ ထမင်းစားခန်း ထဲမှာ၊ တော ထဲမှာ၊ ပန်းခြံထဲမှာ၊ ပင်လယ်ကမ်းခြေမှာ၊ ကမ်းခြေက တိုက်ပုကလေးမှာ… နေရာတကာမှာ သူ ရှိနေ သည်။

အိမ်ဖော်တွေအားလုံးကလည်း သူ့အမိန့်ကို နာခံနေကြတုန်းပင် ဖြစ်သည်။ သူကြိုက်သည့် အစားအစာ များ ကို ကျွန်မတို့ စားသောက်နေကြရဆဲဖြစ်သည်။ သူကြိုက်သည့် ပန်းများကို ပန်းအိုးထိုးနေကြ ရဆဲ ဖြစ်သည်။ ရဘက်ကာသည် ယခုအချိန်အထိ မန်ဒါလေစံအိမ်ကြီး၏အိမ်ရှင်မဖြစ်ပါသည်။ မစ္စက် ဒီဝင်းတားဖြစ် သည်။
"ရဘက်ကာ ဘယ်မှာလဲ…။ ရဘက်ကာကို ငါ တွေ့ချင်တယ်။ ရဘက်ကာကို မင်းတို့ ဘာလုပ်လိုက်ကြ သလဲ" ဟု မက်ဇင်မ်၏အဘွားက အော်ခဲ့သည်။ ကျွန်မကို သူ မသိပါ။ ကျွန်မကိုလည်း သူ ဂရုမစိုက်ပါ။ ဘာကြောင့် သူ သိရမည်နည်။ ဘာကြောင့် သူ ဂရုစိုက်ရမည်နည်း။ ကျွန်မသည် မက်ဇင်မ်ကို ပိုင်ဆိုင် သူ မဟုတ် ပါ။ မန်ဒါလေစံအိမ်ကြီးကိုလည်း ပိုင်ဆိုင်သူ မဟုတ်ပါ။
"မင်းဟာ ရဘက်ကာ နဲ့ ဘာမှမဆိုင်ဘူး။ တခြားစီပဲ" ဟု ဘီယက်ထရစ်ကလည်း ကျွန်မ ကို ခြေဆုံး ခေါင်းဖျား သေသေချာချာ အကဲခတ်ကြည့်ပြီး ပွင့်ပွင့်လင်းလင်း တဲ့တိုးကြီး မှတ်ချက်ချခဲ့ဖူး ပါသည်။
"ကျွန်တော့်တစ်သက် တွေ့မြင်ခဲ့ဖူးသမျှ မိန်းမချော မိန်းမလှတွေထဲမှာ ရဘက်ကာဟာ အချောဆုံး အလှဆုံးပါပဲ" ဟုလည်း ဖရင့်ခရော်လေ က ကျွန်မကို ပြောခဲ့သေးသည်။

ရဘက်ကာ… ရဘက်ကာ… နေရာတိုင်းမှာ ရဘက်ကာကို ရှောင်လို့မလွတ်။
မန်ဒါလေ စံအိမ်ကြီးအတွင်းမှာ၊ မန်ဒါလေဝင်းကြီးအတွင်းမှာ ဘယ်သွားသွား၊ ရဘက်ကာနှင့် မကင်းနိုင်၊ ကျွန်မ၏ စိတ်ကူးထဲ ကိုရော၊ အိပ်မက်ထဲကိုပါ ဝင်ရောက်ပြီး ကြီးစိုးနေတတ်သည်။
သည်လို ဖြစ်ဖန်များ လာတော့ သူ့ပုံပန်းသဏ္ဌာန်ကို ကျွန်မ ပုံဖော်လို့ရလာသည်။ သူ့အသံကို ကြား ယောင်လို့ရလာသည်။ သူ့အနံ့ကို ရှူရှိုက်လို့ရလာသည်။ ကျွန်မ၏စိတ်အာရုံထဲမှာ ရဘက်ကာကို ဘယ် လို ဖယ်ထုတ်ပစ်လို့မှမရခဲ့။

ကျွန်မ၏စိတ်အာရုံမှာ သူ ကြီးစိုးနေသလိုပင် သူ့အပေါ်မှာလည်း ကျွန်မ ကြီးစိုးကောင်း ကြီးစိုးနေပေ လိမ့်မည်။ ကျွန်မ သွားလေရာကို သူ လိုက်ပြီး ကြည့်ကောင်း ကြည့်နေပေလိမ့်မည်။ သူ့စာရေးစားပွဲမှာ ကျွန်မ ထိုင် လျှင် ကျွန်မဘေးမှာ ထိုင်ကောင်းထိုင်နေပေလိမ့်မည်။ သူ့အပေါ် ကျွန်မ မကျေမနပ်ဖြစ်နေ သလို ပင် သူကလည်း ကျွန်မအပေါ် မကျေမချမ်း ဖြစ်နေပေလိမ့်မည်။ သည်အိမ်ထဲမှာ မက်ဇင်မ် တစ် ယောက်တည်း နေနေတာကိုသာ သူ မြင်ချင် တွေ့ချင်နေသလား။

အသက်ရှင်နေသော လူသားတစ်ယောက်ကို ကျွန်မ တိုက်ခိုက်နိုင်ပါသည်။ တွန်းလှန်နိုင်ပါသည်။ သို့ သော်လည်း သေဆုံးသွားသူကိုတော့ ကျွန်မ မတိုက်ခိုက်နိုင်ပါ။ တွန်းလှန်နိုင်စွမ်း မရှိပါ။
လန်ဒန်မြို့ပေါ်မှာ မက်ဇင်မ် ချစ်ကြိုက်နေသည့် မိန်းမတစ်ယောက် ရှိသည်ဆိုပါစို့။ ထိုမိန်းမထံသို့ မက်ဇင်မ်က စာရေးခြင်း၊ သွားလည်ခြင်း၊ ညစာ အတူစားခြင်း၊ အတူအိပ်စက်ခြင်းများ ပြုသည်ဆိုပါစို့၊ သူ့ကို ကျွန်မ တိုက်ခိုက်နိုင်ပါသည်။ သူလည်းလူ ကျွန်မလည်း လူဖြစ်သည်။ လူလူချင်း ဘာမျှကြောက် စရာမလိုပါ။ ဒေါသတို့၊ မနာလို ဝန်တိုစိတ်တို့ဆိုသ်ညမှာ အနိုင်ယူနိုင်စွမ်းသော အရာများဖြစ်ပါသည်။ တစ်နေ့သောအခါတွင် ထိုမိန်းမသည် အသက်ကြီးရင့်သွားလိမ့်မည်။ သို့တည်းမဟုတ် မက်ဇင်မ်ကို သူ က ငြီးငွေ့လာလိမ့်မည်။ သို့တည်းမဟုတ် မက်ဇင်မ်က သူ့ကို မချစ်မနှစ်သက်တော့တာလည်း ဖြစ်နိုင် သည်။

သို့သော် ရဘက်ကာ ကတော့ သည်လိုမဟုတ်။ ဘယ်တော့မှ အိုမင်းရင့်ရော်သွားမည်မဟုတ်။ ရဘက် ကာ သည် အမြဲတမ်း သည်အတိုင်း ရှိနေပေလိမ့်မည်။ ပြီးတော့ သူ့ကို ကျွန်မ ခုခံတိုက်ခိုက်နိုင်စွမ်းလည်း မရှိ ပါ။ ကျွန်မ အဖို့ အလွန်တရာ ခွန်အားဗလကြီးမားသော အမျိုးသမီးဖြစ်နေတော့သည်။
ခုတင်ပေါ် မှ ဆင်းကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး ခန်းဆီးကိုဖယ်လိုက်သည်။ ပန်းခြံထဲမှာ အမှိုက်သရိုက် ရှင်းနေကြသည့် အလုပ်သမားများကို တွေ့ရသည်။ မနေ့ညက ပွဲအကြောင်းကို သူတို့ ပြောဆိုနေကြပေ လိမ့် မည်။

"မနေ့ညကပွဲကြီးက ခါတိုင်း အဆင့်အတန်းကို မီတယ်ထင်သလား"
"ထင်တာပဲ"
"တီးဝိုင်း က နည်းနည်းညံ့သွားတယ်ကွာ"
"ညစာကတော့ သိပ်ကို ကောင်းပါတယ်ကွာ"
"မီးရှူးမီးပန်းတွေလဲ မဆိုးလှပါဘူး"
"ဘီယက်ထရစ်ကတော့ ရုပ်ကျစပြုပြီနော်…"
"တို့ဆရာလဲ သိပ်ပျော်ပုံမရဘူးနော်…"
"ခါတိုင်းလဲ ဒီလိုပါပဲကွာ"
"ဆရာကတော်လေး ကိုရော ဘယ်လိုထင်သလဲ"
"သိပ်မဟုတ်လှပါဘူးကွာ… ခပ်ထုံထုံ ခပ်နုံနုံထဲကပါ"
"သူတို့အိမ်ထောင်ရေး အဆင်မှပြောရဲ့လားလို့ ငါ စဉ်းစားမိတယ်"
"ဟုတ်တယ်… ငါလဲ စဉ်း…"
ကျွန်မ ပြန်လှည့်လာခဲ့သည်။ တံခါးအောက်မှာ စာရွက်ကလေးတစ်ရွက် ရှိနေကြောင်း သတိထားလိုက် မိသည်။ သွားကြည့်တော့ ဘီယက်ထရစ်၏ လက်ရေးမှန်း သိရသည်။ ခဲတံဖြင့် ရေးခြစ်ထားခြင်းဖြစ် သည်။

ညီမလေးအခန်းတံခါးကို မမ လာခေါက်သေးတယ်။ ပြန်မထူးတာနဲ့ မမ ပြောတဲ့အတိုင်း အားရ ပါးရ အိပ်နေပြီလို့ တွက်လိုက်တယ်။ ဂျိုင်းလ်စ်က စောစောပြန်ဖို့ အကြောင်းပေါ်လာတယ်။ ခရစ်ကတ် ပြိုင်ပွဲမှာ လူတစ်ယောက်နေရာမှာ သူ အစားဝင်ပေးဖို့ ဟိုက ဖုန်းလှမ်းဆက်တယ်။ ပြိုင်ပွဲက ဒီနေ့ နေ့ခင်း ၂ နာရီမှာစမှာ။ မနေ့ညက အရက်တွ တအားသောက်ထားတာ သူ ဘယ်လိုများ ကစားမယ် မသိတော့ဘူး။
မမလဲ ခြေမသယ်ချင်၊ လက်မသယ်ချင်ဖြစ်နေတယ်။ အိပ်လိုက်တာလဲ အသေလိုပဲ။ မက်ဇင်မ် အစောကြီးဆင်းလာပြီး မနက်စာ သွားစားတယ်လို့ ဖရစ်က ပြောတယ်။ သူ့အရိပ်အယောင်လဲ မမ မတွေ့ဘူး။ မမတို့ နှုတ်ဆက်သွားတဲ့အကြောင်း ပြောပြလိုက်ပါ။

မနေ့ည ကပွဲအတွက် ညီမလေးတို့နှစ်ယောက်ကို ကျေးဇူးသိပ်တင်တယ်။ ဟိုဂါဝန်ကိစ္စ ဘာမှ ထပ်မစဉ်းစားနဲ့တော့။ (ယင်းနောက်ဆုံး ဝါကျ၏အောက်တွင် မျဉ်းထူထူ သားထားသည်)။ ညီမလေး ရဲ့… ဘီး။ (စာကြွင်း) မကြာခင် ညီမလေးတို့နှစ်ယောက်စလုံး လာခဲ့ကြဦး။
စာရွက်ထိပ်တွင် ၉ နာရီခွဲဟု အချိန်ရေးသွားသည်။ ယခု ၁၁ နာရီခွဲတော့မည်။ သူတို့ ထွက်သွားသည် မှာ နှစ်နာရီလောက် ကြာသွားပြီ။ ယခုလောက်ဆိုလျှင် သူတို့ အိမ်ပြန်ရောက်နေလောက်ပြီ။ မိသားစု များ ပျော်ပျော်ရွှင်ရွှင် ရှိနေကြပြီ။

သူတို့လင်မယားနှစ်ယောက်စလုံး လူလတ်ပိုင်း ရောက်ကြပြီ။ အချစ်ရေးတွင် စိတ်ကူးယဉ်နေကြရမည့် အရွယ်များမဟုတ်တော့။ သူတို့ အိမ်ထောင်သက်ကလည်း နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီ။ အောက်စဖို့ တက္ကသိုလ်သွားမည့် သား လူပျိုတစ်ယောက်နှင့်။ သူတို့ မိသားစု အင်မတန် ပျော်ရွှင်ကြသည်။ သူတို့ အိမ်ထောင်ရေးကလည်း သာယာသည်။ အောင်မြင်သည်။ ကျွန်မ လို လက်ထပ်ပြီး သုံးလအကြာတွင် ပျက်ပြားရသော အိမ်ထောင်ရေးမဟုတ်။

သည်အတိုင်း အိမ်ခန်းထဲမျာ ကျွန်မ ကြာကြာဆက်ထိုင်မနေနိုင်တော့ပါ။ အိမ်ဖော် များက ကျွန်မအိပ် ခန်းကို ရှင်းလင်းလိုကြပေတော့မည်။ မက်ဇင်မ်၏အိပ်ရာပေါ်တွင် မည်သူမှ အိပ်မသွားသည် ကို ကလား ရစ် သတိမပြုမိပါစေနှင့်ဟု ဆုတောင်းရတော့သည်။ အိပ်ရာခင်းများ တွန့်ကြေသွားအောင် ကျွန်မ လုပ် လိုက်သည်။ သို့မှသာ အိမ်ဖော်များ မရိပ်မိဘဲရှိမည်။

ရေချိုးပြီး အဝတ်အစားလဲကာ အောက်ထပ်သို့ ကျွန်မ ဆင်းလာခဲ့သည်။ ခန်းမထဲမှာ အားလုံးရှင်းလင်း ပြီဖြစ် သည်။ အခါတိုင်းလိုပင် ပြန်ပြင်ထားသည်။ တေးဂီတဆောင်မှာလည်း ယခင် အတိုင်း။ မြက်ခင်း တွေပေါ်က မီးရှူးမီးပန်း အကြွင်းအကျန်များ၊ ဧည့်သည်တို့ စွန့်ပစ်ခဲ့ကြသည့် အမှိုက်သရိုက်များ ကို လည်း ရှင်းလင်းဖယ်ရှားပြီးပြီ။ တစ်အိမ်လုံး ယခင်က အတိုင်း ခြေရာလက်ရာ မပျက် ပြန်ဖြစ်နေသည်။
သည်စံအိမ်ကြီးထဲ မှာ မနေ့ညကပင် ကြီးမားသော ပွတ်သဘင်ပွဲကြီး ခင်းကျင်းခဲ့သည်ဟု မည်သူမျှ မပြောနိုင်။ သည်ပွဲကြီးအတွက် အချိန်များစွာ ကြာအောင် ပြင်ဆင်ခဲ့ရသလောက် ဒါတွေကို ပြန်ဖျက်ရ သည်မှာ အင်မတန် အချိန်တိုတောင်းပါကလားဟု တွေးမိသည်။
ထမင်းစားခန်းထဲ က စားပွဲကို ရောဘတ်က တိုက်ချွတ်အရောင်တင်နေသည်။ သူလည်း မူလ အတိုင်း ပြန်ဖြစ်သွားပြီ။

"မင်္ဂလာပါ ရောဘတ်" ဟု ကျွန်မက လှမ်းနှုတ်ဆက်သည်။
"မင်္ဂလာပါ ဆရာကတော်"
"မစ္စတာ ဒီဝင်းတား ကို ဘယ်နားမှာ မြင်မိသလဲ"
"မနက်စာစားပြီး အပြင်ထွက်သွားပါတယ် ဆရာကတော်။ ဗိုလ်မှူးလေစီတို့ လင်မယား မပြန်ခင် ကပါ။ နောက်တစ်ခါ ပြန်ဝင်မလာသေးဘူး"
"ဘယ်သွားတယ် ဆိုတာ သိသလား"
"မသိပါဘူး ဆရာကတော်။ ကျွန်တော်လဲ မသိပါဘူး"
ခန်းမထဲသို့ ကျွန်မ ပြန်ဝင်လာခဲ့သည်။ ပြီးတော့ ထမင်းစားခန်းကိုကျော်ပြီး နံနက်ခန်းထဲသို့ ဝင်ခဲ့သည်။ ဂျက်စ်ပါ က ဝမ်းသာအားရ ပြေးလာကာ ကျွန်မလက်ကို လျှာဖြင့် လျက်နေပါသည်။ မနေ့က မွန်းလွဲပိုင်း လက်ဖက်ရည်သောက်ပြီး ကတည်းက သူနှင့်ကျွန်မ ထပ်မတွေ့ကြတော့။ သည်လောက် အချိန်ကလေး ကို သူ့ အနေဖြင့် အကြာကြီးဟု ထင်ကောင်းထင်ပေလိမ့်မည်။

တယ်လီဖုန်းကောက် ကိုင်ပြီး ကျွန်မတို့ရုံးကို တောင်းလိုက်သည်။ ဖရင့်နှင့်အတူတူ မက်ဇင်မ် ရှိချင် ရှိနေ ပေလိမ့်မည်။ နှစ်မိနစ်လောက်ပဲဖြစ်ဖြစ်  သူနှင့် ကျွန်မ စကားပြောချင်နေသည်။ မနေ့ညက အဖြစ် အ ပျက်သည် ကျွန်မ တင်ကူးကြံရွယ်ပြီး ပြုလုပ်ခြင်းမဟုတ်ကြောင်း သူ့ကိုရှင်းပြရမည်။ သူနှင့် နောက်ထပ် စကားမပြောရတော့ဟုဆိုလျှင်လည်း ရှိပါစေတော့။ သည်အကြောင်း ကလေးကိုတော့ ပြောဖြစ်အောင် ပြောပြရပေမည်။ စာရေးက ကျွန်မဖုန်းကို ပြန်ထူးသည်။ မက်ဇင်မ် မရှိကြောင်း ပြောသည်။
"မစ္စတာ ဖရင့်ခရော်လေတော့ ရှိပါတယ်။ မစ္စက်ဒီဝင်းတား သူနဲ့ စကားပြောလိုပါသလား ခင်ဗျား"
ကျွန်မ ငြင်းချိန် မရလိုက်ပါ။ စကားပြောခွက်ကို ပြန်မချမီမှာပင် ဖရင့်၏အသံကို ကြားရတော့သည်။

"ဘာကိစ္စပါလဲ မစ္စက်ဒီဝင်းတား"
သူ ပြောပုံက အနည်းငယ် ထူးဆန်းနေသည်။ မင်္ဂလာပါတို့၊ ကောင်းသောနံနက်ခင်းပါတို့၊ ညက အိပ် ပျော်ပါရဲ့လား တို့ လုပ်မနေ။ ဘာကိစ္စပါလဲဟု တန်းမေးသည်။ ဘာကြောင့် သူ ဒီလို မေးသနည်း။
"ဖရင့်… ကျွန်မပါ…။ မက်ဇင်မ် ဘယ်မှာလဲ"
"ကျွန်တော် မသိဘူး။ သူနဲ့မတွေ့ရသေးဘူး။ ဒီမနက် ရုံးကို သူ ရောက်မလာသေးဘူး"
"ရုံးကို တစ်ခေါက်မှ မရောက်သေးဘူးလား"
"မရောက်သေးပါဘူး"
"အင်း… နေပါစေလေ… ကိစ္စမရှိပါဘူး"
"မနက်စာစားတုန်း က မတွေ့ဘူးလား"
"မတွေ့ဘူး။ ကျွန်မ အိပ်ရာက မနိုးသေးဘူး"
"သူ ဘယ်မှာ အိပ်သလဲ"
ကျွန်မ တုံဆိုင်းဆိုင်း ဖြစ်သွားပါသည်။ ဖရင့်သိလိုသောအကြောင်း မဟုတ်ဟု သဘောထားလိုက်ပါ သည်။

"ညက အခန်း ကို သူ ပြန်မအိပ်ဘူး"
တစ်ဖက်က အသံ တိတ်သွားလေသည်။ ဘာပြန်ဖြေရမည်ကို စဉ်းစားနေသည့်သဘောမျိုးဖြစ်သည်။
"သြော်…" နောက်ဆုံးမှ ဖြည်းဖြည်းချင်း သူ ဆက်ပြောသည်။
"သြော်… ဒီလိုလား…။ တစ်ခါတလေတော့လဲ ဒီလိုဖြစ်တတ်ပါတယ်"
"ဖရင့်…" ကျွန်မက ချောက်ချားစွာ ခေါ်မိသည်။ "မနေ့ညက ဧည့်သည်တွေ ပြန်သွားပြီးတဲ့နောက် သူ ဘာပြောသေးသလဲ။ ရှင်တို့ ဘာလုပ်နေကြသေးသလဲ" "ကျွန်တော်က ဗိုလ်မှူးလေစီတို့လင်မယားနဲ့ ဆင်းဒဝစ် သွားစားနေပါတယ်။ မက်ဇင်မ် လိုက်မလာပါ ဘူး။ ကျွန်တော်တို့ကို တောင်းပန်ပြီး စာကြည့်ခန်း ထဲ ကို ဝင်သွားပါတယ်။ ပြီးတော့ ကျွန်တော်လဲ အိမ် ကို တန်းပြန်ခဲ့တယ်။ မစ္စက်လေစီ ကတော့ ခင်ဗျား ကို အကျိုးအကြောင်း ပြောပြနိုင်ကောင်းပါရဲ့"

"ပြန်သွားပြီ။ မနက်စာစားပြီး သူတို့ ပြန်သွားကြပြီ။ ကျွန်မကို စာတိုကလေးရေးပေးသွားတယ်။ သူတို့ လဲ မက်ဇင်မ် ကို မတွေ့သွားဘူးတဲ့"
"အို…" ဟု ဖရင့်က ရေရွတ်သည်။ သူ ရေရွတ်ပုံကို ကျွန်မ မကြိုက်ပါ။ တိုတိုတောင်းတောင်း ပြောပုံမျိုး ကို ကျွန်မ မကြိုက်ပါ။ "သူ ဘယ်သွားမယ်ထင်သလဲ"
"ကျွန်တော် လဲ မသိဘူး။ လမ်းလျှောက်သွားတာလဲ ဖြစ်နိုင်ပါတယ်"
သူ ပြောပုံက ဆေးရုံရှိ လူနာများကို လာရောက်စစ်ဆေးကြည့်ရှုရင်း ပြောသည့် ဆရာဝန်၏လေသံမျိုး လို ဖြစ်နေသည်။ "ဖရင့်… ကျွန်မ သူနဲ့တွေ့မှဖြစ်မယ်။ မနေ့ညက ဖြစ်ပုံကို ရှင်းပြမှဖြစ်မယ်"

ဖရင့်က ပြန်မဖြေပါ။ စိတ်ညစ်သွားသည့် သူ့အမူအရာကို ကျွန်မ မြင်ယေင်လိုက်မိပါသည်။ နဖူးပေါ်မှာ အရေးအကြောင်းတွေ ထင်လာမည်ကို စိတ်ကူးဖြင့် မြင်လိုက်ရပါသည်။
"ဒီကိစ္စဟာ ရည်စူးချက်နဲ့ ကျွန်မက တမင်လုပ်တာလို့ မက်ဇင်မ်က ထင်နေတယ်" ကျွန်မ၏အသံများ တုန်ယင်အက်ကွဲလာပြီ။ မနေ့ညက ကျွန်မ၏မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ပြည်နေခဲ့သည်။ သို့ သော် မကျခဲ့။ ယခု ဆယ့်ခြောက်နာရီလောက် နောက်ကျပြီးမှ ထိုမျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျ လာတော့သည်။ "ကျွန်မ ရယ်စရာလုပ်ပစ်လိုက်တယ်လို့ မက်ဇင်မ်က ထင်နေတယ်။ အသုံးမကျ တဲ့ ပြက်လုံးတစ်ခုကို ကျွန်မက လုပ်လိုက်တာလို့ သူ ထင်နေတယ်"
"မဟုတ်ပါဘူး… ဒီလိုမထင်ပါဘူး…"

"သူ ထင်ပါတယ်။ ကျွန်မ ပြောတာ ယုံပါ။ သူ့မျက်လုံးတွေကို ကျွန်မ မြင်သလို ရှင် မမြင်ခဲ့ရပါဘူး။ တစ် ညလုံး သူနဲ့ အတူတူယှဉ်ပြီး ကျွန်မ ရပ်နေခဲ့သလို ရှင် ရပ်မနေခဲ့ရပါဘူး။ ကျွန်မ ကို သူ လုံးလုံး စကား မပြောဘူးး ဖရင့်။ ကျွန်မကို လုံးလုံးတောင် မကြည့်တော့ဘူး။ ကျွန်မတို့ တစ်ညလုံး အတူရပ်နေကြ တယ်။ ဒါပေမဲ့ စကားတစ်ခွန်း မှ မပြောကြဘူး"
"ပြောချိန်လဲ ဘယ်မှာရမှာလဲဗျာ…။ ဧည့်သည်တွေက အများကြီးပဲဟာ…။ သူ ဘာဖြစ်နေတယ်ဆိုတာ ကျွန်တော် မြင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မက်ဇင်မ်ကို ကျွန်တော် ကောင်းကောင်းသိတယ်လို့ ခင်ဗျား မထင်ဘူးလား။ ဒီမှာ မစ္စက်ဒီဝင်းတား…" "သူ့ကို ကျွန်မ အပြစ်ဆိုနေတာ မဟုတ်ပါဘူး။ ရယ်စရာဖြစ်အောင် ကျွန်မ လုပ်တယ်လို့ သူ ထင်ချင် ထင်နိုင်ပါတယ်။ ကျွန်မကို ဘယ်တော့မှ စကား မပြောတော့ဘူး ဆိုရင်လဲ နေနိုင်ပါတယ်။ ကျွန်မနဲ့ ဘယ် တော့မှ မျက်နှာချင်း မဆိုင်တော့ဘူး ဆိုရင်လဲ နေနိုင်ပါတယ်"

"ဒီလိုမပြောသင့်ပါဘူးလေ…။ ကိုယ်ပြောတဲ့စကားအဓိပ္ပာယ် ဘယ်ရောက်သွားတတ်တယ်ဆိုတာ သတိထား ပါ။ ခင်ဗျားကို ကျွန်တော် လာတွေ့ပါရစေ။ ကျွန်တော် ရှင်းပြမယ်"
ဖရင့် က ကျွန်မနှင့်လာပြီးတွေ့သော်လည်း ဘာအကြောင်းထူးမည်နည်း။ နံနက်ခင်းထဲမှာ နှစ်ယောက် အတူ ထိုင်ပြီး သူက ကျွန်မကို နှစ်သိမ့်စကား ပြောနေသော်လည်း ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။ ဖရင့် သည် အလွန်လိမ္မာပါးနပ်သူဖြစ်သည်။ အကြင်နာတရားထားတတ်သူဖြစ်သည်။ သည်အချိန်မျိုးမှာ တော့ ဘယ်သူ့ဆီ က အကြင်နာတရားကိုမှ သူ မလိုချင်တော့ပါ။ အချိန်တွေ အများကြီး နောက်ကျသွား ပါပြီ။

"တော်ပါပြီ… တော်ပါပြီ… ဒီအကြောင်းတွေကို မပြီးနိုင် မစီးနိုင် ပြောမနေပါရစေနဲ့တော့။ ဒီအဖြစ် အပျက်ကြီး က ဖြစ်သွားပါပြီ။ မဖြစ်အောင် ပြန်ပြင်လို့ မရတော့ပါဘူး။ တစ်နည်းပြောရရင်တော့ အခုလို ဖြစ်သွား တာ ခပ်ကောင်းကောင်းပါပဲ။ ဟိုအစကတည်းက ကျွန်မ သိခဲ့ဖို့ကောင်းတယ်ဆိုတာ သဘော ပေါက် ခွင့်ရသွားတာပေါ့။ သူနဲ့လက်ထပ်တဲ့အချိန်တုန်းက စဉ်းစဉ်းစားစား လုပ်သင့်တယ် ဆိုတာ နောင် တရခွင့် ပေါ်လာတာပေါ့" "ဘာကိုဆိုလိုတာလဲ မစ္စက်ဒီဝင်းတား…"
သူ့အသံ က တိုတိုပြတ်ပြတ် ဖြစ်နေသည်။ ထူးဆန်းနေသည်။ ကျွန်မအပေါ်မှာ မက်ဇင်မ်က မေတ္တာမရှိ ဆိုခြင်းသည် သူ့အတွက် ဘာအရေးကြီးမည်နည်း။ သူက ဘာကြောင့် ကျွန်မ မသိစေချင်ရသနည်း။
"သူနဲ့ ရဘက်ကာအကြောင်းပေါ့"

ရဘက်ကာ၏နာမည်ကို ကျွန်မပါးစပ်မှ ထုတ်ဖော်ပြောမိပြန်ပါသည်။ သည်နာမည်ကို ထုတ်ဖော်ပြောရ သည့်အတွက် စိတ်ချမ်းသာမှု၊ စိတ်သက်သာမှုမျိုးလည်း မရပါ။ သို့သော်လည်း မိမိမှာရှိသည့်အပြစ်ကို ဖွင့်ဟဝန်ခံမိသူလို ကျွန်မ အရမ်းရှက်သွားပါသည်။
"ဘာကို ဆိုလိုတာလဲ… ဘာကိုဆိုလိုတာလဲ" သူကလည်း စောစောကထက် ပိုပြီး အသံပြတ်ပြတ်နှင့် မေးနေသည်။
"ကျွန်မ ကို သူ မချစ်ဘူး။ ရဘက်ကာကို သူ ချစ်တယ်။ ရဘက်ကာကို ဘယ်တော့မှ သူ မမေ့နိုင် ဘူး။ နေ့ရော၊ ညရော ရဘက်ကာအကြောင်းကိုပဲ သူ တွေးနေတယ်။ ကျွန်မကို သူ ဘယ်တုန်းကမှ မချစ် ခဲ့ ဘူး ဖရင့်။ သူ ချစ်တာ ရဘက်ကာ… ရဘက်ကာ… ရဘက်ကာ…" ဖရင့်၏အလန့်တကြားအော်သံကို ကျွန်မ ကြားလိုက်ရသည်။ သူ ဘယ်လောက်ပဲ တုန်လှုပ်ပါစေ၊ ကျွန်မ ဂရုမစိုက်နိုင်တော့ပါ။

"ကဲ… ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာ သိပြီမဟုတ်လား။ အခု ရှင် သဘောပေါက်ပြီမဟုတ် လား"
"ကျွန်တော် ပြောတာ နားထောင်ပါဦး။ ကျွန်တော် လာတွေ့ပါ့မယ်။ ဒါဟာယ သိပ်ကို အရေးကြီးတဲ့ ကိစ္စပါ။ တယ်လီဖုန်းနဲ့ ပြောနေလို့မဖြစ်ဘူး။ မစ္စက်ဒီဝင်းတား… မစ္စက်ဒီဝင်းတား…"
ဖုန်းကို ကျွန်မ ဆောင့်ချပစ်လိုက်သည်။ စာရေးစားပွဲမှ ထရပ်လိုက်သည်။ ဖရင့်နှင့် ကျွန်မ မတွေ့ချင်ပါ။ ကျွန်မ၏မျက်နှာ သည် ငိုထားသောကြောင့် နီရဲပြီး ရုပ်ပျက်နေသည်။ လက်ကိုင်ပဝါထောင့်စွန်းကို ကိုင် ရင်း အခန်းထဲ မှာ လျှောက်နေမိသည်။

မက်ဇင်မ်ကို ဘယ်တော့မှ ပြန်တွေ့ရတော့မည်မဟုတ်ဟူသော ခံစားချက်သည် ကျွန်မ၏ရင်ထဲက အကြီးမားဆုံးဖြစ်လာသည်။
အင်မတန် သေချာပါသည်။ မွေးရာပါဇာတိစိတ်က အလိုလို သိနေသည်။ တစ်ရပ်တစ်ကျေးသို့ မက်ဇင်မ် ထွက်သွားလေပြီ။ ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ပါ။
ဒီအကြောင်း ကို ဖရင့်သိပါသည်။ သို့သော်လည်း ကျွန်မကို သူ ဖွင့်ဟဝန်ခံမည်မဟုတ်ပါ။ ကျွန်မ တုန် လှုပ်ချောက်ချားသွားတာမျိုး သူ မဖြစ်စေချင်ပါ။ သူ့ကို ခု ဖုန်းလှမ်းဆက်လျှင် "အခုပဲ ထွက်သွားပါ တယ် မစ္စက်ဒီဝင်းတား" ဆိုသောအဖြေကိုသာ ရပေလိမ့်မည်။ သူ့မော်တော်ကားကလေးပေါ်သို့ တက် ပြီး ကတုန်ကယင်ဖြင့် မက်ဇင်မ် ကို လိုက်ရှာနေမည့် ဖရင့်၏အဖြစ်ကို စိတ်ကူးဖြင့် ကျွန်မ မြင်လိုက်ပါ သည်။

ဆက်ရန်
.

No comments: