Wednesday, June 6, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၃ဝ)

"တစ်ခုခုကြောင့်များ အစ်ကို စိတ်သောက ရောက်နေရသလားဟင်" "တစ်နေ့လုံး ပင်ပန်း လာတယ်ကွာ။ ၂၄ နာရီအတွင်းမှာ ခရီးရှည်ကြီးတစ်ခုကို အသွားအပြန် ကား မောင်း ရတာ မသက်သာဘူး"
ထိုင်ရာမှ ထပြီး တစ်ဖက်သို့ သူ ထွက်သွားသည်။ စီးကရက်တစ်လိပ်ကို မီးညှိနေသည်။ မစ္စက်ဒင်ဗာနှင့် ဖြစ် သည့် ကိစ္စ ကျွန်မကို ပြောပြတော့မည် မဟုတ်ကြောင်း သိလိုက်ပါပြီ။
"ကျွန်မ လဲ နုံးနေတယ် အစ်ကိုရယ်…။ ဒီနေ့ဟာ တစ်မျိုးပဲ" ကျွန်မ ကလည်း တစ်လုံး ချင်း ပြန်ပြော လိုက်ပါသည်။
ကို ဆက်ဖတ်ရန်..........

အခန်း (၁၆)

ထိုနေ့သည် တနင်္ဂနွေနေ့ဖြစ်ကြောင်း ကျွန်မ မှတ်မိနေပါသေးသည်။ ဆန်းကြယ်သော အဝတ်အစား များ ဝတ်ပြီး တက်ရသည့် ပွတ်သဘင်ပွဲကြီး ကျင်းပရန် ထိုနေ့က အစပေါ်ခဲ့သည်။ ဖရင့်ခရော်လေသည် ထိုနေ့က ကျွန်မတို့နှင့်အတူ နေ့လယ်စာလာစားပါသည်။ နေ့လယ်စာစားပြီး ကျွန်မတို့သုံးယောက် သစ် အယ်ပင်အောက် မှာ အေးအေးဆေးဆေး ထိုင်စကားပြောနေကြပါသည်။ ထိုအချိန်မှာပင် ခြံတွင်း သို့ မော်တော်ကားတစ်စီး မောင်းဝင်လာသံကို ကြားလိုက်ရပါသည်။ ကျွန်မ တို့မှာ သေချင်စော်နံ သွားပါ တော့သည်။ ဖရစ်ကို သတိပေးချိန် မရလိုက်မီမှာပင် မော်တော်ကားက ကျွန်မတို့ နားသို့ ရောက်လာပါ တော့သည်။
 
မျှော်လင့်မထားသော ဧည့်သည်များကို ကျွန်မတို့ ခရီးကြိုပြကြရပါသည်။ နာရီဝက်လောက် ကြာတော့ နောက်ထပ်ကားတစ်ဦးဖြင့် ဧည့်သည်များ ထပ်ရောက်လာပြန်သည်။ အခြားဧည့်သည်သုံးဦးက ကားရစ်ဘက် မှ ကုန်းကြောင်းလျှောက်လာကြသည်။ ထိုဧည့်သည်များကို ဧည့်ထောက်ခံနေရသည်နှင့် ပင် ကျွန်မ တို့ ၏ငြိမ်းချမ်းသော နေ့လယ်ခင်းကလေး ပျက်စီးသွားရပါတော့သည်။
ကျွန်မ သည် ဧည့်သည်များကို လောကွတ်ပျူငှာပြုခြင်း၊ လက်ဖက်ရည်တည်ခင်းခြင်းများဖြင့် အလုပ် ရှုပ် နေပါသည်။ ဖရင့်ခရော်လေ က တတ်နိုင်သလောက် ကျွန်မကို ဝိုင်းဝန်းကူညီပါသည်။ မက်ဇင်မ် က တော့ ဘယ်အခါကြည့်လိုက် ကြည့်လိုက် အခန်း၏တစ်ဖက်ခြမ်းမှာ ငြီးငွေ့စွာထိုင်ရင်း ဧည့်သည် များ နှင့် ဝတ်ကျေတမ်းကျေ စကားပြောနေသည်ကိုသာ တွေ့ရပါသည်။ 

ဆန်းကြယ်သော အဝတ်အစားများဝတ်ပြီး တက်ရသည် ပွတ်သဘင်ပွဲကြီးအကြောင်းကို လေဒီခရိုင်ဝင် က အစဖော်ပေး လိုက်ခြင်းဖြစ်ပါသည်။ မက်ဇင်မ်ကို သူက မော့ကြည့်လိုက်ပြီး…
"ဒါထက် မစ္စတာဒီဝင်းတား… ရှင့်ကို တစ်ခုမေးချင်နေတာ ကြာလှပြီ။ အခုပဲ မေးပါရစေဦး။ ဆန်းကြယ် တဲ့ အဝတ်အစားတွေ ဝတ်ပြီး တက်ရတဲ့ ပွတ်သဘင်ပွဲကြီးတစ်ခု မန်ဒါလေစံအိမ်ကြီးမှာ ကျင်းပဖို့ အကြောင်းများ ရှိပါသလား" ဟု မေးပါသည်။
အဘွားကြီးက စကားပြောသောအခါ ခေါင်းကိုငဲ့ကာ စောင်းကာ ပြောတတ်သည်။ ကြီးမားသော သွား ကြီးများပေါ်အောင် လည်း ပြုံးတတ်သည်။  ကျွန်မက အသာကလေးပုပြီး အလုပ်များနေ ချင်ယောင် ဆောင် လိုက်သည်။ မက်ဇင်မ်က ရုတ်တရက် ပြန်မဖြေ။ ပြန်ဖြေသောအခါ သူ့လေသံက တည်တည် ငြိမ်ငြိမ်ကြီးဖြစ်နေသည်။
"ဒီအကြောင်း ကျွန်တော် မစဉ်းစားမိပါဘူးဗျာ။ တခြားလူတွေက စိတ်ကူးရကြမယ် မထင်ပါဘူး"
"အို… မဟုတ်တာဘဲ။ ကျွန်မတို့အားလုံး ဒီအကြောင်းကိုလဲ စဉ်းစားနေကြတာ။ ယခု လို နွေရာသီ ရောက်လာပြီဆိုရင် ဒီခရိုင်မှာရှိတဲ့လူတွေအားလုံး ဒီအကြောင်းကိုပဲ ပြောနေကြတယ်။ လူတွေ အားလုံး စိတ်ချမ်းသာအောင် လုပ်ပေးဖို့ ကောင်းပါတယ်ရှင်။ ပြန်စဉ်းစားပါဦးလို့ ကျွန်မ တိုက်တွန်း ပါရစေ"
"အင်း… ကျုပ်တော့ မပြောတတ်တော့ဘူး" မက်ဇင်မ်က ခြောက်ကပ်ကပ်ပြောသည်။ "ဒီလိုပွဲမျိုးဆိုတာ အတော် စီစဉ် ယူရတာ။ ဖရင့်ခရော်လေကို မေးကြည့်လေ။ သူ စီစဉ်ပေးနိုင်မလားလို့"
"အိုး… မစ္စတာခရော်လေ… ကျွန်မကို ကူညီပါနော်။ အဲဒီပွဲမျိုး ထပ်လုပ်နိုင်မယ်ဆိုရင် သိပ်ကောင်း မယ်။ မန်ဒါလေစံအိမ် ရဲ့ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျွန်မတို့ ဝေးနေကြတာကြာပြီ"
လေဒီခရိုဝင် က ဖရင့်ခရော်လေကို ကျားပိန်တွယ် တွယ်တော့သည်။ အခြားတစ်ယောက်နှစ်ယောက် ကလည်း ပါဝင်ဆွေးနွေး လာသည်။ ဖရင့်၏အေးချမ်းသော လေသံကို ကျွန်မ ကြားလိုက်ရပါသည်။
"ဒီပွဲမျိုး လုပ်ဖို့ မက်ဇင်မ်က မကန့်ကွက်ဘူးဆိုရင် ကျွန်တော့်အနေနဲ့ စီစဉ်ပေးရတာ အပန်းမကြီးပါဘူး။ ဒီကိစ္စ ဟာ သူနဲ့မစ္စက်ဒီဝင်းတားတို့အပေါ်မှာ တည်ပါတယ်။ တကယ်ကတော့ ကျွန်တော်နဲ့ဘာမှမဆိုင် ပါဘူး"
သူ့စကားဆုံးသည်နှင့် တစ်ပြိုင်တည်း ကျွန်မ ပတ်လည်မှာ ဝုန်းဒိုင်းကြဲပေါက်ကွဲလေတော့သည်။ လေဒီ ခရိုဝင် သည် သူ့ကုလားထိုင်ကို ကျွန်မအနားသို့ ရွှေ့ယူလာသည်။
"ကဲ… မစ္စက်ဒီဝင်းတား… ရှင့်ယောက်ျားကို ရှင်ပြောမှဖြစ်တော့မယ်။ ရှင်ပြောမှ သူ နားထောင်တော့မှာ ပါ။ သတို့သမီးဖြစ် တဲ့ ရှင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလိုပွဲကြီးမျိုး သူ ကျင်းပပေးသင့်ပါတယ်"
"သိပ်မှန်တာပေါ့ဗျာ…" ယောက်ျားတစ်ယောက်က ဝင်ပြောသည်။ "ခင်ဗျားတို့ မင်္ဂလာဆောင်နဲ့လဲ ကျွန် တော်တို့ လွဲခဲ့ရတယ်။ စိတ်တက်ကြွစရာကောင်းတာတွေနဲ့ လွဲရတာ ရှက်ဖို့ကောင်းပါတယ်။ မန်ဒါလေ မှာ အဆန်းတကြယ် အဝတ်တွေဝတ်ပြီး တက်ရတဲ့ ပွတ်သဘင်ပွဲကြီး ကျင်းပစေချင်တဲ့လူရှိရင် လက် ညှိုးထောင်ပါဗျို့။ ကဲ… မြင်ပြီး မဟုတ်လား မစ္စတာဒီဝင်းတား… တစ်ယောက်မကျန် အားလုံးထောက်ခံ ကြတယ်" အခန်းထဲမှာ ရယ်မောသံများနှင့် လက်ခုပ်သံများ ဆူညံသွားသည်။
မက်ဇင်မ်က စီးကရက်ကို မီးညှိနေသည်။ ပြီးတော့ လက်ဖက်ရည် ခရားပေါ်မှ ကျော်ပြီး ကျွန်မကို လှမ်း ကြည့်သည်။
"မင်း ဘယ်လိုသဘောရသလဲ" ဟု သူက မေးသည်။
"ကျွန်မ မသိဘူး။ ကျွန်မ ဘယ်လိုမှမပြောတတ်ဘူး" ဟု ကျွန်မက မတင်မကျ ပြန်ဖြေသည်။
"သူ့ကို ဂုဏ်ပြုပြီး ကျင်းပတဲ့ပွဲမျိုးလုပ်တာ သူ သဘောကျမှာပေါ့ရှင်။ ဘယ်လိုမိန်းကလေးက မနှစ်သက် ဘဲ နေပါ့ မလဲ။ ရှင်ဟာ အင်မတန်ကြည့်လို့ ကောင်းပါတယ် မစ္စက်ဒီဝင်းတား…။ သိုးကျောင်းသမလေး လို ဝတ်လိုက်ရင် သိပ်လှမှာပဲ။ ရှင့်ဆံပင်ကို စုချည်ပြီး သုံးမြှောင့်ဦးထုပ်ကြီး ကို ဆောင်း လို့လေ…" လေဒီခရိုဝင်က အားတက်သရော ပြောပြန်သည်။
သူပြောသည့် အတိုင်း သိုးကျောင်းသမ အဝတ်အစားများကို ကျွန်မ စိတ်ကူးကြည့်မိပါသည်။ ထိုသို့ဝတ် လျှင် ကျွန်မ တော်တော်အရုပ်ဆိုးပါမည်။ လေဒီခရိုဝင်သည် တော်တော်မိုက်မဲသည့် မိန်းမကြီးဖြစ်ပါ သည်။ သူ့အကြံပြုချက်ကို မည်သူကမျှ သဘောမတူကြပါ။ သည်နေရာမှာ စကားလမ်းကြောင်း လွှဲ ပြောင်းပေး လိုက်သည့် ဖရင့်ခရော်လေကို ကျေးဇူးတင်မိပါသည်။
"အကြောင်းပေါ် လာလို့ ပြောရဦးမယ် မက်ဇင်မ်…။ သတို့သမီးအတွက် အခမ်းအနား တစ်ခု လုပ်ပေးရင် ကောင်းမယ်လို့ ကျွန်တော့်ကို ပြောတဲ့လူရှိပါတယ်။ ကျွန်တော်တို့စံအိမ် အမှုထမ်း ထဲကပဲ ပြောတာဖြစ် ပါတယ်။ အစီအစဉ် ရှိ မရှိ ကျွန်တော် ဘာသိထားသလဲလို့ မေးတယ်။ မစ္စတာဒီဝင်းတား က ကျွန်တော့် ကို ဘာမှမပြောဖူးဘူးလို့ပဲ ပြန်ဖြေလိုက်ရပါတယ်" ဟု ဖရင့်ခရော်လေ က မက်ဇင်မ်ကို လှမ်းပြောသည်။
"ကိုင်း… ဘယ့်နှယ်ရှိစ…" လေဒီခရိုင်က အောင်ပွဲခံရသော လေသံဖြင့် ပြောသည်။ "ကျွန်မ မပြောဘူး လား မစ္စတာဒီဝင်းတား… ရှင့်လူတွေကကို တောင်းဆိုကုန်ကြပြီလေ။ ကျွန်မတို့ကို အလေး မထားချင် နေပါ။ ရှင့်လူတွေအတွက်တော့ ကျင်းပပေးသင့်ပါတယ်"
မက်ဇင်မ် က မသင်္ကာသော မျက်လုံးများဖြင့် ကျွန်မကို ကြည့်နေသည်။ ကျွန်မသည် အရှက်ကြီးတတ် သူဖြစ်သောကြောင့် ထိုပွဲမျိုးကျင်းပလျှင် နေတတ် ထိုင်တတ်မှရှိပါ့မလားဟု တွေးနေပုံရပါသည်။ သူ့မှာ သည် အတွေးမျိုး မပေါ်စေချင်ပါ။ ကျွန်မကြောင့် သူ ဂုဏ်သိက္ခာကျရသည့်အဖြစ်မျိုး အဖြစ်မခံနိုင်ပါ။

"ပျော်စရာတော့ ကောင်းမှာပဲလို့ ကျွန်မ ထင်ပါတယ်"
ကျွန်မက မက်ဇင်မ်ကို လှမ်းပြောလိုက်ပါသည်။ သူက ပခုံးနှစ်ဖက်ကိုတွန့်ပြီး ဖရင့်ခရော်လေဘက်သို့ လှည့်သွားသည်။
"ကောင်းပြီလေ… လိုအပ်တဲ့ အစီအစဉ်တွေလုပ်ပါ ဖရင့်…။ မစ္စက်ဒင်ဗာရဲ့အကူအညီကိုယူရင် ကောင်း မယ် ထင်တယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ သူ မှတ်မိပါလိမ့်မယ်"
"အဲဒီ အံ့သြစရာကောင်း တဲ့ မစ္စက်ဒင်ဗာဆိုတာ ရှင်တို့နဲ့ရှိနေတုန်းလား" ဟု လေဒီခရိုဝင်က မေးသည်။
"ရှိတယ်" မက်ဇင်မ်က တိုတိုပဲဖြေသည်။ "ကိတ်မုန့်ယူပါဦးလား။ ဝပြီလား။ ဒီလိုဆိုရင် ပန်းခြံထဲကို ဆင်းကြစို့"
ခြံထဲသို့ ဆင်းလာပြီး ကုန်းစောင်းကလေးမှာ ကျွန်မတို့လမ်းလျှောက်ကြသည်။ ပွဲအကြောင်း၊ မည်သည့် နေ့ တွင် ကျင်းပသင့်ကြောင်းများကို လူတိုင်းက ပြောဆိုဆွေးနွေးနေကြသည်။

နောက်ဆုံး သူတို့ပြန်ကြ ပါဦးမည်ဟု ပြောသောအချိန်သည် ကျွန်မအဖို့ စိတ်သက်သာရာ အရဆုံးသော အချိန် ဖြစ်ပါသည်။ ဧည့် သည်တွေ ပြန်တော့မှပင် ထမင်းစားခန်းထဲသို့ ပြန်လာပြီး လက်ဖက်ရည် ဆက်သောက်နေ မိသည်။ ဧည့် သည်များကို ဧည့်ခံရသော ကြီးမားသည့် တာဝန်ကြီး ပခုံးပေါ်မှ လျှောကျသွားသောကြောင့် အနေရ အထိုင်ရလည်း သက်သာသွားသည်။ ခဏကြာတော့ ဖရင့်ခရော်လေ လည်း အခန်းထဲသို့ ဝင်လာသည်။ မက်ဇင်မ်က အပြင်မှာ ဂျက်စ်ပါနှင့် ဆော့နေသည်။
"အခုလုပ်မယ့် ပွတ်သဘင်ပွဲနဲ့ပတ်သက်လို့ ရှင် ဘယ်လိုထင်သလဲ။ ကျွန်မကို အမှန်အတိုင်းပြောစမ်း ပါ" ဟု ကျွန်မ က သူ့ကို မေးသည်။ ဖရင့်က ရုတ်တရက် ပြန်မဖြေဘဲ အိမ်ပြင်မှာရှိနေသည့် မက်ဇင်မ်ကို တစ်ချက် လှမ်းကြည့်လိုက်သေးသည်။

"ကျွန်တော်လဲ မသိဘူး။ မက်ဇင်မ်ကတော့ ကန့်ကွက်ပုံမပေါ်ပါဘူး။ ဒီအကြံပေးချက်ကို ကျေကျေနပ် နပ် သူ လက်ခံတယ်လို့ ကျွန်တော် ထင်ပါတယ်"
"သူ့အဖို့ ငြင်းဖို့လဲ ခက်သွားတယ်လေ။ ဟိုမိန်းမကြီး လေဒီခရိုဝင်က ဇွတ်အဓမ္မတိုက်တွန်းနေတာ။ ဒီ ဒေသမှာ ရှိတဲ့လူတွေက အဲဒီပွဲကျင်းပဖို့ တကယ်လိုလားနေကြတယ်လို့ရော ရှင် တကယ်ယုံသလား"
"သူတို့ပျော်မယ် လို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုပွဲလမ်းသဘင်တွေနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ ဒီမှာ လုပ်လာကြတာ အင်မတန် တိကျသေချာတယ်။ အင်မတန်လဲ ကြီးကျယ်ပါတယ်။ အကြောင်းမဲ့လဲ လုပ်လေ့မရှိပါဘူး။ ခင်ဗျားကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီပွဲကြီးလုပ်ဖို့ လေဒီခရိုဝင် အကြံပေးတာဟာ ချဲ့ထွင် ပြီး အကြံပေးတာလို့ ကျွန်တော် မထင်ပါဘူး။ ခင်ဗျားက သတို့သမီးဖြစ်နေတယ်မဟုတ်လား"
"ကျွန်မက သတို့သမီးမှမဟုတ်တော့ဘဲ။ ထုံးစံရှိသလို ကျကျနန လက်ထပ်ခဲ့ရတာလဲ မဟုတ်ဘူးလေ။ မင်္ဂလာဝတ်စုံ ဝတ်လို့၊ သတို့သမီးအရံတွေက ခြံရံလို့ဆိုတာမျိုးမှ မဟုတ်ဘဲ။ ကျွန်မကို ဂုဏ်ပြုပြီး ကျင်း ပတဲ့ ပွဲမျိုးမှာလဲ ဘယ်သူနဲ့မှတွဲပြီး ကျွန်မ မကချင်ဘူး"

"ဒီမှာ ကျင်းပတဲ့ပွဲတွေဟာ အင်မတန်ကြီးကျယ်ပါတယ် မစ္စက်ဒီဝင်းတား… မြင်ပါလိမ့်မယ်ဗျာ… ခင်ဗျား အနေနဲ့လဲ ဘာမှထွေထွေထူးထူး လုပ်နေစရာ မလိုပါဘူး။ ဧည့်သည်တွေကို ကြိုဆိုနှုတ်ဆက်ရုံပါပဲ။ ဒါ ပေမဲ့ ကျွန်တော် နဲ့တော့ တစ်ခါလောက် ကပါနော်"
သြော်… ဖရင့်… ဖရင့်… သည်လိုသိတတ်ပုံကလေးများကိုတော့ ကျွန်မ သဘောကျပါသည်။
"တစ်ခါ မဟုတ်ပါဘူး။ ရှင် ကချင်သလောက် ကပါ။ ကျွန်မ လက်ခံပါ့မယ်။ ရှင်နဲ့ မက်ဇင်မ်နဲ့က လွဲလို့ တော့ ဘယ်သူနဲ့မှ မကဘူး"
"ဟင်… လူမြင်လို့ ဘယ်ကောင်းပါ့မလဲ။ လူတွေကဝိုင်းပြီး ဆူဆူပူပူ လုပ်ကြမှာပေါ့။ ကပါရစေလို့ပြော တဲ့ လူ နဲ့တော့ ခင်ဗျား တွဲကရမှာပေါ့ဗျာ" သူက အလေးအနက် ပြောနေသည်။
ကျွန်မ၏ အပြုံးကို သူမမြင်အောင် မျက်နှာကို တစ်ဖက်လှည့်လိုက်ရသည်။ သူ့ကို ကျွန်မ အကြောင် ရိုက်လိုက်ခြင်းဖြစ်ကြောင်း သူ မရိပ်မိ လိုက်သည့်အတွက် ကျွန်မအဖို့ ပျော်စရာတစ်မျိုးဖြစ်သွားပါသည်။
"သိုးကျောင်း သမကလေး လို ဝတ်ရမယ်လို့ လေဒီခရိုဝင် ပေးသွားတဲ့ အကြံဟာ သင့်မြတ်တယ်လို့ ထင် သလား"
ကျွန်မက ဟန်ဆောင်ပြီး မေးလိုက်သည်။

"ထင်ပါတယ်…။ အဲဒီအဝတ်မျိုးနဲ့ဆိုရင် ခင်ဗျား သိပ်ကြည့်ကောင်းမှာပဲ" ဟု သူက မပြုံးမရယ်ဘဲ တည် တည်ကြီး ပြောချ လိုက်သည်။
"ဟား… ဟား… ဟား… ဖရင့်… ရှင့်ကို ကျွန်မ ချစ်သွားပြီ" ဟု ကျွန်မက တဟားဟားရယ်ရင်း ပြောချ လိုက်သည်။
သူ့စိတ်ကို ဆွနေသည့် ကျွန်မ၏စကားများကို ကြားရသောအခါ သူ့မျက်နှာပေါ်မှာ ရှက်သွေးဖြာသွား သည်။ ပြီးတော့ ကျွန်မက တအားရယ်လိုက်သောကြောင့်လည်း အနည်းငယ် သူ စိတ်ထိခိုက်သွားပုံရ သည်။
"ကျွန်တော် ရယ်စရာလဲ မပြောမိပါလားဗျာ"
အခန်းထဲ သို့ မက်ဇင်မ် ဝင်လာသည်။ ဂျက်စ်ပါလည်း သူ့ခြေထောက်နားမှာ ပါလာသည်။

"ဘာတွေများ  ပွဲကျနေကြသလဲ"
"ဖရင့်က အင်မတန် ကြောင်တယ် အစ်ကို…။ သိုးကျောင်းသမလို ဝတ်သင့်တယ် လို့ လေဒီခရိုဝင် ပြောသွားတဲ့ စကားဟာ ဘာမှရယ်စရာမဟုတ်ဘူးတဲ့"
"အလကား သက်သက် နှောင့်ယှက်တဲ့ မိန်းမကြီး။ ဖိတ်စာကလေးလောက်ပဲ သူကိုယ်တိုင် ရေးရမယ်ဆို ရင်တောင် ဒါကြီးကို သူ စိတ်ဝင်စားတော့မှာမဟုတ်ဘူး။ မန်ဒါလေကို ဇာတ်ရုံကြီးများထင်နေကြသ လား မသိဘူး။ သူတို့ ပျော်ဖို့ရွှင်ဖို့ အကုန်လုံး လုပ်ပေးနေရတော့မယ့်အတိုင်းပဲ။ အခုကိစ္စကလဲ တစ် ခရိုင် လုံးမှာ ရှိတဲ့လူတွေ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဖိတ်ရမှာလား"
"ကျွန်တော့်ရုံး မှာ အလျင်မှတ်တမ်းတွေရှိပါတယ်။ သိပ်ပင်ပင်ပန်းပန်း လုပ်စရာတော့မရှိပါဘူး။ တံဆိပ် ခေါင်း ကို တံတွေးစွတ်ရတာပဲ ကြာမှာပါ" ဟု ဖရင့်က ပြန်ပြောသည်။
"အဲဒီတာဝန် ကိုတော့ မင်းကို ပေးရလိမ့်မယ်" ဟု မက်ဇင်မ်က ပြုံးပြီး ကျွန်မကို လှမ်းပြောသည်။

"အို… မဟုတ်တာခင်ဗျာ။ ရုံးမှာ ကျွန်တော်တို့လုပ်မှာပါ။ မစ္စက်ဒီဝင်းတားအနေနဲ့ ဒီကိစ္စမှာ ဘာမှခေါင်း ရှုပ်ခံစရာ မလိုပါဘူး"
သည်ပွဲကြီးတစ်ခုလုံးကို ကျွန်မက ခေါင်းဆောင်ပြီး စီစဉ်ပါ့မည်ဟု ကြေညာလိုက်လျှင် သူတို့ ဘာများ ပြောကြမည်နည်းဟုတွေးကြည့်မိပါသည်။ ရယ်ကြပေလိမ့်မည်။ ပြီးတော့ တခြား မဆိုင်သည့် အကြောင်း များကို ပြောကြပေလိမ့်မည်။ ဘာတာဝန်မှ ကျွန်မ ယူစရာမလိုဟုပြောသည့်အတွက် စိတ် သက်သာရာ ရသွားသည်ကတော့ မှန်ပါသည်။ သို့သော် တံဆိပ်ခေါင်း တံတွေးစွတ်သည့် အလုပ်ကလေးတောင် ကျွန်မ စွမ်းဆောင်နိုင်စွမ်းမရှိဟု သူတို့ ထင်ကြသည့်အတွက်တော့ စိတ်ထဲမှာ တစ်မျိုးဖြစ် မိသည်။

"ကိုယ်က ရိုးရိုးသာမန်အဝတ်အစားပဲ ဝတ်မှာပါ။ အိမ်ရှင်ကို ဒီအခွင့်အရေးပေးရမယ်မဟုတ်လား ဖရင့်…"
"သိုးကျောင်း သမအဝတ်ကြီးတော့ ကျွန်မ မဝတ်ချင်ဘူး။ ဘာဝတ်ရမှန်းလဲ မသိဘူး။ အဝတ်အစားနဲ့ ပတ်သက် လာရင် ကျွန်မက သိပ်ဆန်းဆန်းပြားပြား နားလည်တာလဲ မဟုတ်ဘူး"
"မင်းဆံပင် ကို ဖဲကြိုးကလေးနဲ့ စုချည်ပေါ့ကွယ်…။ ပြီးတော့ ထူးဆန်းသောနယ်မြေ က ကောင်မလေး လုပ်လိုက်ပေါ့။ အခုတောင် မင်း အတော်တူနေပြီ။ ပါးစပ်ထဲမှာ လက်ချောင်းကလေးထည့်ပြီး စုတ်နေ တာလေ…" ဟု မက်ဇင်မ်က အသောဖောက်သည်။

"ဒီလိုတော့ မနှိမ်ပါနဲ့နော်…။ ကျွန်မ ဆံပင်တွေ ဖြောင့်တန်းနေတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဒီလောက် လဲ မဆိုးပါဘူး။ အေးလေ… စောင့်ကြည့်တာပေါ့။ အစ်ကိုတို့နှစ်ယောက် တစ်သက်မှာ အအံ့ သြဆုံးဖြစ်သွားအောင် လုပ်ပြပါ့မယ်"
"လုပ်ပါဗျာ… လုပ်ပါဗျာ…။ မျက်နှာကို အိုးမည်းသုတ်ပြီး မျောက်က ကပြတာမျိုးကလွဲရင် ကြိုက်တာ သာ လုပ်ပါဗျာ။ ဟား… ဟား…" မက်ဇင်မ်က ရယ်နေသည်။
"ကောင်းပြီ… စိန်လိုက်နော်။ ကျွန်မရဲ့အဝတ်အစားအကြောင်းကို နောက်ဆုံးအချိန်အထိ လျှို့ဝှက်ထား မယ်။ အစ်ကို ကို့ လုံးဝအသိမပေးဘူး။ ဂျက်စ်ပါ… လာခဲ့။ သူတို့ပြောချင်တာ ပြောပေစေ…။ တို့ ဘာမှ ဂရုမစိုက်ဘူး"
ပန်းခြံထဲ သို့ ကျွန်မ ဆင်းလာခဲ့သည်။

မက်ဇင်မ် က တဟားဟားရယ်ရင်း ကျန်ရစ်ခဲ့သည်။ ဖရင့်ခရော် လေကို တစ်စုံတစ်ရာ လှမ်းပြောသည်။ ဘာပြောသည် ကို သဲသဲကွဲကွဲ မကြားလိုက်ရ။
ကျွန်မအပေါ် ကလေးငယ်တစ်ယောက်လို ဆက်ဆံနေတာ ကျွန်မ မကြိုက်နိုင်ပါ။ ကျွန်မကို ပညာ ဉာဏ်ကြီးသူဟု ထင်မှတ်ရအောင်၊ ပြီးတော့ ရင့်ကျက်ပြီးဖြစ်သူဟု ထင်မှတ်ရအောင် တစ်စုံတစ်ရာက ဖန်တီးပေး လျှင် ဘယ်လောက်ကောင်းမည်နည်းဟု ကျွန်မ တွေးမိပါသည်။ သည်လိုပဲ ကျွန်မတို့တစ် သက်လုံး နေသွားကြရတော့မည်လော။ သူက အမြဲတမ်း  ကျွန်မ ရှေ့က ပြေးလျက်။ သူ့ခံစားချက်နှင့် သူ။ ပြီးတော့ ဘာတွေ ခံစားနေရသည်ဆိုတာကိုလည်း ကျွန်မ လုံးဝသိခွင့်မရ။
သူနှင့် ကျွန်မ သည် ဘယ်တော့မှအတူရပ်တည်ခွင့် မရနိုင်တော့ပြီလော။ ဘယ်နေရာမှာမှ ပခုံးချင်းယှဉ် ကာ ရင်ဘောင်တန်းခွင့် မရတော့ပြီလော။ သူနှင့် ကျွန်မကြားမှာ ဘာကွာဟချက်မှမရှိဘဲ မနေနိုင်တော့ ပြီလေ။

ကျွန်မ ကလေးလေးဖြစ်မနေချင်ပါ။ သူ့ဇနီးဖြစ်ချင်ပါသည်။ အသက်အရွယ်ကြီးရင့်ချင်ပါသည်။
ကုန်းစောင်း က လှေကားထစ်ပေါ်မှာရပ်ပြီး လက်သဲများကို ကိုက်ရင်း အနောက်ဘက်ဆောင်မှ အခန်း အကြောင်း ကို စဉ်းစားနေမိပါသည်။ ထိုအခန်းကို ထိုအတိုင်း ပြင်ဆင်ထားဖို့ မက်ဇင်မ်ကများ အမိန့်ပေး ထား သလား။ သူကိုယ်တိုင်ကရော တစ်နေ့တစ်ခါတက်သွားပြီး ပြင်ဆင်ထားသည့်ပစ္စည်းများကို ကိုင် တွယ်ကြည့်နေလေသလား။
"ဂျက်စ်ပါရေ… လာဟေ့… ပြေးစမ်း… ပြေး… ပြေး…"
ကျွန်မ သည် ဂျက်စ်ပါကို အကျယ်ကြီးအော်ခေါ်ပြီး မြက်ခင်းများကို ဖြတ်ကာပြေးနေမိသည်။ စိတ်ထဲ မှာ ဒေါသလည်းဖြစ်နေသည်။ မျက်ရည်များကလည်း ဝေ့ဝဲလာသည်။

ဆန်းကြယ်သော အဝတ်အစားများဝတ်ပြီး တက်ရသည့်ပွတ်သဘင်ပွဲကြီး ကျင်းပတော့မည်ဆိုသည့် သတင်းသည် တောမီးလို ချက်ချင်းပျံ့ထွက်သွားသည်။ ကျွန်မ၏ကိုယ်ပိုင် အခိုင်းအစေ ကလားရစ်မှာ စိတ်ဝင်စားလွန်းသဖြင့် မျက်လုံးများ အရောင်တောက်နေသည်။ သည်ပွဲကြီး ကျင်းပမည်ဆိုသော ကြောင့် အိမ်ရှိ အစေခံအားလုံးလည်း ဝမ်းသာနေကြကြောင်း ကလားရစ်က ပြောပြသည်။
"အဲဒီညကျရင် မမ ဘာဝတ်မလဲဟင်"
"မသိသေးပါဘူးကွယ်…။ မစဉ်းစားရသေးပါဘူး"
"အမေက ပြောတယ်။ မန်ဒါလေမှာ နောက်ဆုံးကျင်းပခဲ့တဲ့ ပွတ်သဘင်ပွဲကြီးကို အမှတ်ရတယ်တဲ့။ ဘယ်တော့မှ သူ မေ့နိုင်မှာမဟုတ်ဘူးတဲ့။ မမဝတ်ဖို့ အဝတ်အစားကို လန်ဒန်မြို့က မှာဝတ်မှာလား ဟင်…"
"ဘာမှမဆုံးဖြတ်ရသေးဘူး ကလားရစ်…။ ဘာဝတ်မယ်လို့ ဆုံးဖြတ်ပြီးရင် မင်းကို ပြောပြမယ်။ တခြား ဘယ်သူ့ကို မှ မပြောဘူး။ တို့နှစ်ယောက်တည်း လျှို့ဝှက်ထားကြမယ်နော်"
"အိုး… မမရယ်… စိတ်ဝင်စားစရာကောင်းလိုက်တာ။ အဲဒီနေ့ကို အခုပဲ ရောက်ချင်လှပါပြီ"
ပွတ်သဘင် ပွဲကြီး ကျင်းပမည့်ကိစ္စနှင့်ပတ်သက်၍ မစ္စက်ဒင်ဗာ မည်သို့ခံစားရလေမည်နည်းဆိုသည်ကို ကျွန်မ သိချင်နေပါသည်။ ဟိုတစ်နေ့ခင်း ရဘက်ကာ၏အခန်းထဲမှာ သူနှင့်ကျွန်မ ဆုံခဲပြီးကတည်းက တစ်ယောက် ကို တစ်ယောက် ခပ်ရှောင်ရှောင် လုပ်နေခဲ့ကြသည်။ အိမ်တွင်းပြောဖုန်းဖြင့်လည်း အဆက် အဆံမရှိ။ ပြောစရာရှိသည်များကို ရောဘတ်ကနေတစ်ဆင့် ပြောနေကြသည်။

မက်ဇင်မ်၏အဘွားကို သွားတွေ့ခဲ့သည့်နေ့က စာကြည့်ခန်းထဲမှ ထွက်လာသော သူ့မျက်နှာအမူအရာ ကို ကျွန်မ မမေ့နိုင်ပါ။ သည်အိမ်သို့ ဂျက်ဖေဗယ် လာလည်သည့်အကြောင်း ကျွန်မက မက်ဇင်မ် ကို ပြန်တိုင်သည်ဟုများ သူ ထင်လေသလား။ ထိုသို့ထင်လျှင် ကျွန်မကို သူ မုန်းသည်ထက် မုန်းပေလိမ့် မည်။ ကျွန်မ၏အသား များကို သူ ထိခဲ့ ကိုင်ခဲ့သည်များကို ပြန်စဉ်းစားရင်း ယခုပင် ကျောထဲက စိမ့်မိ သေးသည်။ ထို့ကြောင့်လည်း အိမ်တွင်းပြောဖုန်းနှင့်ပင် စကားမပြောမိအောင် သူ့ကို ကျွန်မ ရှောင်နေ လိုက်ပါသည်။
ပွတ်သဘင်ပွဲကြီးအတွက် ပြင်ဆင်နေကြသည်။ ကျွန်မတို့ရုံးမှာ အားလုံးအလုပ်များနေကြသည်။ မက်ဇင်မ်နှင့် ဖရင့်သည် မနက်တိုင်း ရုံးသို့သွားပြီး စီစဉ်နေကြသည်။ ဖရင့်ပြောသကဲ့သို့ပင် ကျွန်မ အနေ ဖြင့် တံဆိပ်ခေါင်းကလေးတစ်ခုကိုမျှ တံတွေးဆွတ်စရာမလို။

ကျွန်မဝတ်ရမည့် အဝတ်အစား အတွက် မဆုံးဖြတ်နိုင်တိုင်း ကျွန်မ စိတ်ရှုပ်နေရပါသည်။ ပွတ်သဘင်ပွဲ ကြီးသို့လာကြမည့် လူများအကြောင်းကိုလည်း ကြိုတင်စဉ်းစားနေမိပါသည်။ ကားရစ်ဘက်က ဧည့် သည်တွေ လာကြမည်။ ဂိုဏ်းအုပ်ကြီး၏ဇနီး လာမည်။ ဘီယက်ထရစ်နှင့် ဂျိုင်းလ်စ်တို့လာမည်။ လေဒီ ခရိုဝင် လာမည်။ ယခုလောက်ဆိုလျှင်ပင် သည်ပွဲမှာ ကျွန်မ ဘာဝတ်မည်နည်းဆိုသည်ကို သူတို့ စိတ် ဝင်တစား ဆွေးနွေး ပြောဆိုနေကြလောက်ပြီ။
ကျွန်မကို ဘီယက်ထရစ် လက်ဖွဲ့ထားသည့် ပန်းချီစာအုပ်လေးတွဲကို သတိရမိသည်။ တစ်မနက်တွင် စာကြည့်ခန်း ထဲမှာထိုင်ပြီး ထိုစာအုပ်များထဲမှ ပုံများကို လှန်လှောကြည့်နေမိသည်။ ကောင်းနိုးရာ အဝတ်အစားပုံစံ ပါလိုပါငြား ရှာမိသည်။ ကောင်းမည်ထင်သည့် ပုံအချို့ကို ကူးဆွဲကြည့်သည်။ သို့ သော် လည်း ကျွန်မ စိတ်တိုင်းမကျပါ။ ထို့ကြောင့် ကူးဆွဲပြီးသည့် ပုံကြမ်းများကို အမှိုက်ခြင်းထဲသို့ ပစ် ထည့် လိုက်သည်။

ညနေပိုင်းတွင် ညစာစားဖို့ အဝတ်အစားလဲနေခိုက် တံခါးခေါက်သံကြားရသည်။ ကလားရစ်ဟု ထင် သ ဖြင့် ဝင်ခဲ့ပါဟု ခေါ်လိုက်သည်။ ဝင်လာသူမှာ ကလားရစ် မဟုတ်ပါ။ မစ္စက်ဒင်ဗာ ဖြစ်နေသည်။ လက် ထဲမှာ စာရွက်တစ်ရွက် ကိုင်ထားသည်။

ဆက်ရန်
.

No comments: