အပိုင်း - ၁
(၁)
ဒုတိယအယ်ဒီချုပ် မယ်လ်ကမိတ်တလန်ကို နှုတ်ဆက်ခဲ့ပြီး ဥတ္တရအလင်း သတင်းစာတိုက်မှ ဟင်နရီပေ့ ထွက်လာချိန် မှာ ၈နာရီကျော်ပေပြီ။ စွတ်စိုသော ဖေဖော်ဝါရီလ၏ ညဦးပိုင်း။
တနင်္လာနေ့ အတွက် အယ်ဒီတာ့အာဘော် ခေါင်းကြီးပိုင်းကို ရေးရသည်မှာ ခါတိုင်းထက်ပို၍ အချိန်စားသည်။ သတင်းစာ လုပ်သက် နှစ်၂၀ကျော် ရှိလာပြီ ဖြစ်ပါလျက် သူ့ စာ အနှုန်းအဖွဲ့က ဟုတ်တိပတ်တိ မချောချင်။ ဗာနန်ဆမ် မာဗီးလ် ထံမှ ထူးထူးခြားခြား အကြောင်းကြားချက်ကလည်း အလုပ်ဖင့်ပြီး အာရုံပျံ့စေသည်။
ဇနီးသည်က ကားကိုယူထား၍ အိမ်သို့ လမ်းလျှောက်ပြန်မည်ဟု သူ အတွေးပေါက်မသေး၏။ မကြာမီ ကပင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် ဒေါက်တာဘတ်က သူ့ကို တိုက်တွန်းထားခဲ့သေး၏။ သို့သော် ယခုတော့ အချိန်လင့် နေပြီ။ ဓာတ်ရထားစီး၍ ပြန်ရန် ဆုံးဖြတ် လိုက်လေသည်။
စနေနေ့ ညပိုင်းဖြစ်၍ ဟက်ဒယ်လ်စတန်မြို့ဟောင်းပိုင်း အရောင်းအ၀ယ်ရပ်ကွက် ရိက္ခာဈေးတန် တွင် လူမစည်။ ဟင်နရီပေ့၏ သတင်းစာတိုက်နှင့် ပုံနှိပ်စက်ရုံ တည်ရှိရာ ၀ိတိုရိယ ကွက်လပ်တွင် လမ်းမြှောင် ကလေးများ၊ စင်္ကြံကလေးများ လက်ယှက်ထိုးနေသည်။ သတင်းစာတိုက် တစ်စိတ် တစ်ပိုင်း နေရာယူထားသည့် အဒမ်တိုက်တန်း ကား ရှေးဟောင်းမီးခိုးနှင့် ရာသီဒဏ် အညှိတက်ကာ ၁၈ရာစု ဇာတိရုပ်ကို လှစ်ပြနေလေ သည်။
ယာဉ်အသွားအလာ ရှင်းနေသည်။ ရိက္ခာဈေး၏ ကျောက်တုံးခင်းလမ်းများသည် ပိတ်ပိတ်သား ငြိမ်ဆိတ်နေ သည်။ ဟင်နရီပေ့အဖို့ ဤမြို့ဟောင်းပိုင်းကို သူတို့ ဆွေစဉ်မျိုးဆက် ငါးဆက်တိုင်တိုင် မှီတင်းနေထိုင် လုပ်ကိုင် စားသောက်ခဲ့ကြသည့် နော်သမ်ဘာလန်ခရိုင်၏ ဗဟိုချက်ချာ နေရာအလား ခါတိုင်းထက်ပို၍ ထင်ယောင်မြင်ယောင် ဖြစ်နေ မိသည်။ စိုထပ်ထပ် နံတန်တန် လေပြည်လေးကို ပင် အလိုလို ရှူရှိုက် မိရက်သား ဖြစ်သွားလေ၏။
ဒင်းလမ်းကြားအတိုင်း ဖြတ်လမ်း လိုက်လာခဲ့သည်။ လမ်းမကြီးပေါ်သို့ ရောက်လာသည်။ ဓာတ်ရထား မှတ်တိုင် တွင် တန်းစီးစောင့်နေသူတွေ မရှိ။ ဂူးတန်ဓာတ်ရထားမှာလည်း ခရီးသည် ကျိုးတို့ကျဲတဲ။ တစ်သက်လုံး စွဲလာသည့် အကျင့်လို ဖြစ်နေသည့်အတိုင်း ဓာတ်ရထားဆိပ်ရှိ ဥတ္တရ အလင်း သတင်းစာစောင်ရေ အကျန် ကို ရေတွက်ကြည့်လိုက်မိ၏။ မြင်ရသမျှ လေးစောင်သာ ကျန်တော့သည်။
အသက် ၆၀ခန့် အရွယ် အလုပ်သမားကြီးတစ်ဦးက တန်ဆာပလာအိတ်ကို ခြေရင်း၌ သံကိုင်း မျက်မှန်ကြီး ကိုတပ်၊ သတင်းစာကို လျှပ်စစ်မီးလုံး မှုန်ဝါးဝါးအနီး၌ ကပ်၊ ပါးစပ်တလှုပ်လှုပ်နှင့် စာလုံးပေါင်းရွတ်ကာ သူ့ခေါင်းကြီးပိုင်း ကို ဖတ်နေ၏။ လူကြီးပိုင်းကတော့ အကောင်းဆုံးပဲဟု သူ တွေးမိ၏။
သူ့ သားတော်မောင် ဒေးဗစ်က ထိုခေါင်းကြီးပိုင်းများကို သူ့ "ကြေညာချက်များ" ဟု ဆိုကာ လှောင်ပြုံးပြုံးချင်လေ သည်။ သူကလည်း သူ့အရေးအသား သူ့စာဟိတ် သူ့စာဟန်နှင့် စပ်လျဉ်း၍ အမြင် မမှောက်။ သို့သော် သူ့စာများက အညတရ မြို့သူမြို့သားများထံ ပေါက်ပေါက် ရောက်ရောက်ရှိပြီး သြဇာညောင်းနိုင်ခြင်း ကို တွေးလိုက်မိသည့်အခါမျိုးတွင်ကား စိတ်ချမ်းမြေ့ရ၏။ အညတရ မြို့သူမြို့သားများ အပေါ် တာဝန်သိသော စိတ်ဓာတ်ကို အစဉ်သဖြင့် တကြောင့်ကြကြ သူ မွေးမြူလေသည်။ ဟန်လေလမ်းတွင် သူ ဓာတ်ရထားပေါ် မှ ဆင်းသည်။ လမ်းထိပ်ရှိ အိမ်ကြီး အားလုံးပင် အယ်လ်ဒန်ကျောက်ကျင်းမှ သဲကျောက်နီ များဖြင့် ဆောက်ထားသည်။ သစ်သား ဘုံဆောင်ကလေးများမှအပ ကွဲပြားခြားနားသော ပုံပန်းသဏ္ဍာန် မရှိ သလောက် ဖြစ်သည်။ သူ့အိမ် ကတော့ ကောက်ကောက်ကွေးကွေး သွန်းသံမီးတိုင်နှစ်တိုင်ကြောင့် အလှပျက်နေ သည်။ မီးတိုင် များတွင် အပြာရောင် နောက်ခံဒိုင်းအပေါ်၌ ဘော်ဖြူရောင် ပျံလွှား သုံးကောင် ပျံသန်းနေ ဟန် ဟက်ဒယ်လ်စတန်မြို့ တံဆိပ်ကြီးကို ရွှေဗိန်းချ ဖောင်းကြွပုံဖော်ထားသည်။
ဟင်နရီပေ့သည် ဟန်ရေးပြ ပန်ရေးပြ မှန်သမျှကို စက်ဆုပ်သူ ဖြစ်၏။ သို့ရာတွင် ဤမြို့ကလေး၌ သူ မြို့တော်ဝန်နှစ်ကြိမ် ဖြစ်ခဲ့ဖူးခြင်းကြောင့် မြို့ထုံးတမ်းစဉ်လာကို လိုက်နာရန် လိုအပ်သည်ဟု ခံယူသည်။ ထို့ကြောင့် သူ မြို့တော်ဝန် အဖြစ် ဆောင်ရွက်ခဲ့သည့် နှစ်ကာလများအား သတိရစေ သည့် အမှတ်အသား များ ကို လက်ခံ ထားခြင်း ဖြစ်လေသည်။
အားလပ်သည့် အခိုက်အတန့်တိုင်း သူ စိတ်ပြေနပြေ လမ်းလျှောက်နေလေ့ ရှိသည့် ပန်းခြံတစ်ခု လုံး သည် နွေဦးအရိပ်အရောင်များကို အားရပါးရ လှစ်ပြနေလေပြီ။ အိမ်ရှေ့လှေကားထစ်များကို တစ်ထစ်ချင်း တက်ခဲ့ သည်။ ခန်းမထဲတွင် ကုတ်အင်္ကျီကို ချိတ်လိုက်သ်ည။ တအောင့် နားစွင့်လိုက် ၏။ ဧည့်ဝတ် ဆောင်ဝတ် ကိစ္စများ မရှိ။ စားသောက်ခန်းထဲသို့ ၀င်သွားသည်။ ညစာ အသင့်ပြင် ထား၏။ ကော်ဇောပေါ် တွင် ခြေထောက်ဖြင့် စမ်းပြီး လူခေါ် ခေါင်းလောင်းခလုတ်ကို ဖိနင်းလိုက် သည်။
ချက်ချင်းပင် အရိုးဂေါင်ပင် အရပ်ရှည်ရှည် အိမ်ဖော်မိန်းမတစ်ယောက်က သိုးသားတုံး၊ အားလူး၊ ဂေါ်ဖီ စသော စားစရာများ ကို ယူလာသည်။ သူ အမှုထမ်းလာသည့် နှစ်ပေါင်း ၂၀ကျော် တစ်လျှောက်လုံး လုပ်မြဲအတိုင်း ပါးစပ် ကို ရွဲ့ရုံကလေးရွဲ့ကာ ပြောသည်။
"မီးဖိုပေါ် မှာ တင်ထားတာတော့ အတော်ကြာနေပြီ မစ္စတာပေ့ ..."
"မြည်းကြည့်သေးတာပေါ့ကွယ်" ဟင်နရီပေ့က ပြောသည်။
"ကြက်ဥ နည်းနည်း ပြုတ်ပေးရဦးမလား" အိမ်ဖော်မိန်းမက မေးသည်။
"ဒုက္ခမရှာပါနဲ့တော့ ဟန်နာရေ။ လိုရ မယ်ရ ဘီစကွတ်နဲ့ ဒိန်ခဲကလေး နည်းနည်းလောက်သာ ယူခဲ့ပါတော့"
ဟန်နာ က သူ့ကို ငေါ့တော့တော့ အကြည့်ဖြင့် ကွက်ခနဲ ကြည့်လိုက်၏။ အလုပ်ရှင်၏ အမူအကျင့် အပေါ် အကဲဖြတ်ချက် ကို ခင်တွယ်မှုဖြင့်ရော ပဲ့ပြင်မှုဖြင့်ပါ ဖော်ပြသည့် အခွင့်ထူးခံ အိမ်ဖော်၏ အကြည့်မျိုး။
အဆီအပြား ခြောက်ခမ်းစွာ စားသောက်ရခြင်းအတွက် ဟင်ရနီပေ့က သူ့ကိုယ်သူသာ အပြစ်တင် သည်။ သူလို အချိန်မှန် အိမ်မပြန်သူအား မည်သူကမှ အခုတ်တရ ပြုစုနိုင်လိမ့်မည်မဟုတ်။ သူ သိသည်။ ည ၇နာရီတိတိ ညစာ စားရန် သူ ကိုယ်တိုင်ပင် သတ်မှတ်ထားခဲ့သည်။ ယနေ့ညတော့ သူ ဟုတ်တိပတ်တိ မဆာလှ။ ချက်ဒါဒိန်ခဲ၊ ဘီစကွတ်တို့ဖြင့်သာ ကိစ္စငြိမ်းလိုက်သည်။
ဟန်နာက သူ့ကွင်းထိုးဖိနပ်ကို ယူပေး၏။ အိမ်ခေါင်ထပ်ခိုး သူ့အလုပ်ခန်းသို့ တက်ပြီး အလုပ်မလုပ် မီ သူ့လုပ်မြဲအတိုင်း စာကြည့်ခန်းထဲသို့ ၀င်သွားလေသည်။
သူ့ဇနီး အဲလစ် က သမီးဒေါ်ရော်သီနှင့်အတူ ဆိုဖာပေါ်တွင် ထိုင်နေသည်။ အမေ့မေ့ အလျော့လျော့ နှင့် ခေါင်းပေါ် က ဦးထုပ် ကိုပင် မချွတ်သေး။ နှစ်ယောက်သား ပဟေဠိ ဖြေနေကြသည်။ သမီးဖြစ်သူ ကို အိမ် တွင် တွေ့ရ ၍ ပေ့စိတ်စိတ်ကျေနပ်သွားသည်။ တိုင်းကာဆယ်မြို့သို့သွားပြီး ပန်းချီ သင်တန်း တက်နေချိန်မှ စ၍ ၁၆နှစ်သမီး ဒေါ်ရော်သီတစ်ယောက် အိမ်ပြင်ထွက်လွန်း၊ အိမ်ပြန် နောက်ကျ လွန်း ဖြစ်နေခဲ့ သည်။
သူ ၀င်သွားချိန်တွင် ဒေါ်ရော်သီက သူ့ကို မော်မကြည့်ဘဲ ...
"ဖေဖေ တို့ ပဟေဠိကလည်း နည်းနည်းမှ အထက်တန်းမကျဘူး" ဟု ပြောသည်။
"တော်ရုံ တန်ရုံ ဥာဏ် ရှိတဲ့ လူတွေအတွက်လောက်သာ လုပ်ထားတာပဲ သမီးရယ်" ပေ့က မီးစေပြု နေသော မီးလင်းဖို ကို မီးဆွပေးလိုက်သည်။
"သမီး ဘာခက်နေလို့လဲ" မေးသည်။
"ရောဘတ်လူဝီစတီဗင်ဆင်ရဲ့ တောင်ပင်လယ် နာမည်ပေါ့"
"တူဆီတာလာ လို့ ထည့်ကြည့်စမ်း။ သမီးစာဖတ်များလာရင် အဲဒီစာရေးဆရာ အကြောင်း ကို ပိုသိ လာမှာပေါ့ကွယ်"
ဒေါ်ရော်သီ က သူ့ဆံပင်ကို ခါယမ်းလိုက်သည်။
"ဖေဖေက တိုက်မှာကတည်းက အဖြေကြည့်လာတာ သမီး သိပါတယ်။ သမီးလည်း သူ့ဝတ္ထုကို ရိုက်တဲ့ ရုပ်ရှင် ကို ကြည့်ဖူးပါတယ်။ ဒီပရတနာလေ"
ဟင်နရီပေ့ ငိုင်နေမိ ၏။ သူ့သားသမီးတွေ ဖီလာကြီး ကွဲပြားကြပုံကို တွေးနေမိ၏။ ဒေးဗစ်က ဥာဏ်ထက်သည်။ ကြိုးစား သည် ဒေါ်ရော်သီက တကယ့်နဝေတိမ်တောင်။ သူ့ဇနီးက ...
"ဒီနေ့ည ဒေါ်ရီ ဖိတ်စာ ရထားတယ်။ ၀ဲလ်စဘီအိမ်မှာ ရုပ်မြင်သံကြား ပါတီတက်ဖို့လေ" ဟု ပြောသည်။
ဘဏ်တိုက် လုပ်ငန်းရှင်၊ ဖိနပ်လုပ်ငန်းရှင် အာဆာချီဘော်လ်စဘီသည် ဟက်ဒယ်စတန်မြို့၏ ဆာဘွဲ့ရ လူကုံထံတစ်ဦး ဖြစ်၏။ သူ့ဇနီး အယ်လီနာသည် အဲလစ် ရွေးပေါင်းသူများအနက် တစ်ဦး ဖြစ်လေသည်။
"ဒါပေမဲ့ ၁၀နာရီ ထိုးခါနီးနေပါပေါ့လား"
ဟင်နရီပေ့က သူ့နာရီကို ကြည့်ပြီး ပြောလိုက်၏။
"သိပ်လည်း မချုပ်ချယ်ချင်ပါနဲ့ ဟင်နရီရယ်။ ကိုယ့်အိမ်မှာ ကလေးတွေဖို့ ရုပ်မြင်သံကြားမထားရင် တခြားအိမ် သွားကြည့်မှာပေါ့ရှင်"
ဒေါ်ရော်သီ ကတော့ တံခါးဝသို့ပင် ရောက်နေပြီ။
သမီးထွက်သွားတော့ ပေ့ စောဒကမတက်ဘဲ မနေနိုင်။
"မင့်သမီးက မနိုင်တော့ဘူးကွ။ ဘာဖြစ်လို့ သူ့ကို အနုပညာကျောင်း စုတ်သွားပို့ရတာလဲ။ ဒီကလေးတွေ ဘာမှ မလုပ်ဘူး။ ရုပ်ရှင်ထဲမှာ အချိန်မဖြုန်းရရင် တိုင်းကာဆယ်မြို့ထဲက လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်ပြီး အတင်းအဖျင်း ပြောကြတာပဲ။ သူ့မှာ ဘာအစွမ်းအစမှ မရှိတာ လည်း မင်းအသိပဲ"
"ရှိချင်မှ ရှိမှာပေါ့ရှင့်။ ဒါပေမဲ့ လူကောင်း သူကောင်းတွေနဲ့ တွေ့ရဆုံရတာပေါ့။ တချို့ဆိုရင် မျိုးကြီး ဆွေကြီးတွေရှင့်။ အယ်လာတန်ရဲ့သား ဆိုရင် ဒေါ်ရောသီနဲ့ တစ်တန်းတည်းပဲ။ ပြီးတော့ ဒီရက်ဆီရဲ့ သမီး လည်း အတူတူပဲ။ ဒါက တကယ်အရေးကြီးတာ။ ဘာပဲဖြစ်ဖြစ် ကျွန်မတော့ တစ်ပူပေါ် နှစ်ပူ မဆင့်ချင်တော့ပါဘူးရှင်"
ဟင်နရီက ခွန်းတုံ့မပြန်။ အဲလစ်က မဟေဠိကို ဘေးချလိုက်သည်။ ပန်းထိုးအပ်ကောက်ကိုင်လိုက် သည်။ ပန်းထိုးရင်း က နေ့လယ်ပိုင်းက သူ တက်ခဲ့သည့် ဧည့်ခံပွဲအကြောင်းကို ဆိုင်းမဆင့် ဗုံမဆင့် ဇာတ်ကြောင်း လှန်တော့သည်။ ဧည့်ခံပွဲတက်သူတို့ အကြောင်းကို အသေးစိတ်ပြောနေ၏။ သူတို့၏
ဝတ်စုံ များ၊ သူတို့၏ ဦးထုပ်များ၊ သူတို့၏ လက်စွပ်အိတ်များ၊ အမျိုးမျိုး အထွေထွေသော ဆံပင် ထုံးဖွဲ့ပုံများ စသည်။ ဟင်နရီ က အကျင့်ရနေပြီဖြစ်၍ နားထောင်ဟန်သာ လုပ်နေသည်။ တစ်လုံး တစ်ပါဒမျှ နားထဲမ၀င်။
ဗာနန်ဆမ်မာဗီးလ် ထံမှ တယ်လီဖုန်းအကြောင်းကြားချက် ကိစ္စက ပေ့၏ စိတ်ထဲတွင် စွဲနေဆဲ ရှိသေး၏။ သူ့ အဖို့ တွေးရခက်ကြီး ဖြစ်နေသည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က လန်ဒန်မြို့၌ ပြုလုပ် သည့် ထုတ်ဝေသူများ ညစာစားပွဲ တွင် ဆမ်မာဗီးလ်နှင့် မိတ်ဆက်ရုံ မိတ်ဆက်လိုက်ရဖူးသည်။ သူလို အညတရ နယ်သတင်းစာ အယ်ဒီတာချုပ်တစ်ဦး ကို ဆမ်မာဗီးလ်ကို လျှမ်းလျှမ်းတောက် ပုဂ္ဂိုလ်တစ်ဦးက အမှတ်ရလိမ့်မည်ဟု သူ ဘယ်တုန်း ကမှ မထင်ခဲ့။ ဥတ္တရအလင်း သတင်းစာ အပေါ် ဆမ်မာဗီးလ်၏ အထင်အမြင်က ကောင်းလှလိမ့်မည် ဟုလည်း မထင်ခဲ့။ နံနက်ပြန်တမ်း သတင်းစာ ပိုင်ရှင်ကြီးအဖို့ ပြောင်းတိပြောင်းပြန်သာ ထင်ဖို့မြင်ဖို့ ရှိသည်။
"ဟင်နရီ ... ရှင် နားထောင်နေတာမှ ဟုတ်ရဲ့လား"
ပေ့ ဆတ်ခနဲ တုန်သွားသည်။
"စိတ်မရှိပါနဲ့ အချစ်ရယ်"
"တကယ်ပဲ။ ရှင်ဟာလေ အကြင်နာတရား သိပ်ခေါင်းပါးတာပဲ"
"ဒီည ငါ့စိတ်ထဲ မှာ ခုလုခုလု ဖြစ်နေတာလေးတစ်ခု ရှိနေလို့ပါကွယ်" ဟင်နရီပေ့က တောင်းပန် သည်။
"ဘုရားရေ ... ဘာများပါလိမ့်ရှင်"
ယေဘုယျအားဖြင့် ဟင်နရီပေ့ သည် သတင်းစာကိစ္စကို အိမ်တွင် မပြော။ သူတို့ ညားစက တစ်ခါပြောမိခဲ့ဖူး၍ မတော်မတည့်တွေ ဖြစ်ခဲ့ဖူးပြီ။ သို့သော် ယနေ့ညအဖို့မူ တစ်စုံတစ်ယောက်ကို သူ ရင်ဖွင့်လိုက်ရမှ ဖြစ်တော့မည်။
အဲလစ်ကို သူ လှမ်းကြည့်နေ၏။ ကိုယ်ဟန်က ကနွဲ့လျ။ ပါးပါးလျားလျား။ အသားအရေက စိုစို ပြည်ပြည်။ ဆံပင်နှင့် လိုက်ဖက်သည်။ ပြာလဲ့လဲ့မျက်လုံးများက ထာဝရအံ့အားသင့်နေသယောင်။ ကွေးညွတ်ညွတ် မျက်ခုံးများအောက် မှ သူ့ကို စူးစူးစမ်းစမ်း ပြန်ကြည့်နေ၏။ နှစ်ပေါင်း၂၀ကျော် ပေါင်းသင်းလာခဲ့သည့် ကာလ အတွင်း ခင်ပွန်းသည်က စိတ်ပျက်အားငယ်ဖွယ် များစွာကို ဖန်တီးခဲ့ စေကာမူ ဒူပေနာပေ ခံနေသည့် မိန်းမသားတစ်ဦး၏ အကြည့်မျိုး။
"ဒီနေ့ တို့သတင်းစာတိုက်ကို ၀ယ်မယ့်လူ ပေါ်တယ်"
"၀ယ်မယ် ဟုတ်လား"
အဲလစ် ခါးဆန့်လိုက်သည်။ ဧည့်ခံပွဲအကြောင်းတွေကို မေ့ပျောက်သွားသည်။
"ဟန်ကျလိုက်တာရှင်။ ၀ယ်မှာက ဘယ်သူတဲ့လဲ"
"ပြန်တမ်း ပိုင်ရှင် ဆမ်မာဗီးလ်ပေါ့"
"ဗာနန်ဆမ်မာဗီးလ်။ သူ့မိန်းမက ဘလန်ချီဂီလီဖလားဝါးလေ။ မနှစ်က သူတို့ လင်မယားကွဲတယ်"
လူရည်တတ်အသိုင်းအ၀ိုင်း၏ ဆွေစဉ်မျိုးဆက်၊ သားချင်းတော်စပ်ပုံနှင့် အတွင်းရေးကလေးများကို နောကျေအောင် သိထားသူပီပိ အဲလစ်က အက်ဒင်ဘာရာမြို့၏ ထိပ်ထိပ်ကြဲ အပိုင်းဖြစ်သော မောနင်းဆိုက်ရပ်ကွက် လေယူလေသိမ်းဖြင့် ပြောနေသည်။
"ဟင်နရီ ဒီိကိစ္စက တကယ့်ကိစ္စကြီးရှင့်။ ကမ်းလှမ်းတာက"
အဲလစ် က ချိန်ချိန်ဆဆလုပ်ကာ စကားကို ဖြတ်လိုက်သည်။
"ကမ်းလှမ်းချက် ကို လက်မခံ လိုက်ပါဘူး အချစ်ရယ်။ ဒီတော့ မင်းသိလည်း ကိစ္စမရှိတော့ပါဘူး။ ပေါင် ငါးသောင်းပေး မယ်တဲ့" "ဘုရားရေ ... များလှချည့်လား"
အဲလစ် မျက်လုံးများ ငေးလာသည်။
"အဲဒီ ငွေတွေနဲ့ ဘာလုပ်နိုင်မလဲဆိုတာ စဉ်းစားကြည့်စမ်း။ ခရီးသွားနိုင်မယ်။ ကမ္ဘာလှည့်နိုင်မယ်။ အို ... ဟင်နရီ ရယ်။ ကျွန်မ တစ်သက်လုံး ဟာဝိုင်ယီကျွန်းဘက်ဆီကို သွားချင်တာ ရှင်သိပါတယ် ရှင်"
"စိတ်မကောင်းပါဘူး အဲလစ်ရယ်။ ဟာဝိုင်ယီကိစ္စကတော့ ဆိုင်းထားရဦးမှာပဲ"
"ရှင် လက်မခံဘူးလို့ ပြောတာလား"
"ဆမ်မာဗီးလ်မှာ သတင်းစာ သုံးစောင် ရှိတယ်။ သူ့ပေါက်လွှတ်ပဲစား ဂျာနယ်ရယ်။ တနင်္ဂနွေ မျက်လုံးရယ်၊ နံနက်ပြန်တမ်း ရယ်။ နောက်ထပ် သတင်းစာ မလိုတော့ပါဘူး။ ပြီးတော့ သူတို့ သရဲမရဲစီးပုံက တို့ သတင်းစာကလေး နဲ့ မကိုက်ပါဘူး" ဟု ပေ့က ပြောလိုက်လေသည်။
စကားစ ပြတ်သွားသည်။ "ဒါပေမဲ့ တကယ့် အခွင့်ကောင်းပဲရှင့်" အဲလစ်က စကားဆက်ပြောသည်။ အပ်ကြိုး ထိုးသည်။ လေသံက အေးအေးပေါ့ပေါ့၊ ချော့ချော့မော့မော့။
"ခုတစ်လော ရှင်နေထိုင်မကောင်းတာလည်း ရှင်အသိပဲ။ ဒေါက်တာဘတ်ကလည်း အလုပ်ပိလွန်း တာတို့၊ စားချိန်အိပ်ချိန်မမှန်တာတို့ ရှင်နဲ့ မဖြစ်ဘူးလို့ မပြတ် ပြောနေတာပဲ မဟုတ်လား"
"မင်းက ငါ့ကို အငြိမ်းစားသတင်းစာဆရာ လုပ်ခိုင်းချင်နေပြီပေါ့လေ။ ပင်လယ်ကမ်းခြေသွားပြီး အိမ်ကလေး တစ်လုံးနဲ့ ငြိမ်ကုတ်နေရတော့မှာလားကွာ။ အဲဒီလိုဆိုရင် ငါ့အဖို့တော့ ပြောမဖြစ် လောက်အောင်ကို စိတ်ဆင်းရဲ ရတော့မှာ မုချပဲ"
"ဒီလောက်တောင် လုပ်ဖို့အထိလည်း ပြောတာမဟုတ်ပါဘူးရှင်။ ရှင်လည်း အရွယ် ရှိပါသေးတယ်။ ကျွန်မတို့ နယ်မှာချည်း တစ်သက်လုံးတွယ်နေလို့ ဘယ်ဖြစ်မလဲ။ ရှင့်သြဇာတိက္ကမနဲ့ဆိုရင် ရာထူး လေး ဘာလေး တစ်နေရာရာတော့ ရနိုင်ပါတယ်။ ကုလသမဂ္ဂတို့ ဘာတို့မှာ ဆိုပါတော့ရှင်"
"ငါ့ကိုငါ စကားလုံးရဲတိုက်ကြီးထဲ လှောင်ပိတ်ထားရမှာလား။ ဒါမျိုးတော့ တစ်သက်လုံး မလုပ်ဘူး ဟေ့"
"ဒါပေမဲ့ ဟင်နရီရယ်၊ ကျွန်မတော့ ဟက်ဒယ်လ်စတန်မြို့ကိုရော၊ မြို့ထဲက လူတွေကိုပါ ငြီးငွေ့ လာပြီ။ ကျွန်မ အတွက် သင်သက်ပြောနေတာ မဟုတ်ပါဘူး။ ဒီအခွင့်အလမ်းက မစဉ်းစးထိုက်ဘူး လား။ လမ်းစပေါ် တိုင်း ရှင် ဘယ်တော့မှ ပိုင်ပိုင်ကြီး မနင်းဘူး။ ဒါလည်း ရှင်အသိပဲ။
ဟင်နရီပေ့က ခေါင်းခါလိုက်သည်။
သူ တကယ် ကြိုးစားရင် ဒုတိယအကြိမ် မြို့တော်ဝန်သက်တမ်းအပြီးတွင် ဆာဘွဲ့ရနိုင်သည်ဆို သော ဖန်တစ်ရာတေအောင် ကြားနေခဲ့ရသည့်အပြောမျိုးဖြင့် စောင်းပါးရိပ်ခြေစကား ချိတ်လိုက်ခြင်း ကို မကြားယောင်ပြုနေလိုက်၏။
"ငါ့ဘ၀ တစ်ခုလုံး ကို ဒီသတင်းစာမှာ မြှုပ်ထားတာပဲ အဲလစ်ရယ်။ ပြီးတော့ ဒီသတင်းစာကို ပီပီမြည်မြည် ဖြစ်လာအောင် လည်း ငါပဲ လုပ်လာခဲ့တာပဲဟ"
"ဒေးဗစ်ဆက်လုပ်လည်း ဖြစ်ပါတယ်ရှင်"
"ပေါက်ကရတွေ မပြောစမ်းပါနဲ့ အဲလစ်ရာ။ သတင်းစာကို ဆမ်မာဗီးလ် ၀ယ်ပြီးမှတော့ မင်းရဲ့ သားတော်မောင်က လုပ်ပါလိမ့်မယ်။ စိတ်ကြီးချနေ။ သူက လှည့်တောင် ကြည့်မှာ မဟုတ်ဘူး။ သူ့ကို ငါ ဘယ်လို မြေတောင်မြှောယက်နေတယ်ဆိုတာလည်း မင်းအသိပဲ။ သူ ပြန်ကောင်းလာရင် တော့ ..."
"ဒါပေမဲ့ ပေါင်ငါးသောင်း"
"အချစ်ရယ်။ ဒီငွေကို သိပ်များတယ်လို့ မင်းထင်နေရင် ငါ ရဲရဲကြီး အာမခံလိုက်မယ်။ တို့ပစ္စည်းက အဲဒီငွေရဲ့ နှစ်ဆမက တန်ပါတယ်ကွယ်"
ခဏတော့ အဲလစ်ခမျာ ကြက်သီးမွေးညှင်းပင် ထသွားသည်။
"ကဲပါလေ"
စကားဖြတ်ထားခိုက် အဲလစ်၏ စိတ်ပျက်လက်ပျက် မျက်နှာထားသည် အက်ဒင်ဘာရာ တရားရုံး၌ အဲလစ်၏ အဖေ လျှောက်လဲချက်ပေးတိုင်း ထားခဲ့သည့် အကင်းပါးပါး ရုပ်လက္ခဏာကို အတိုင်းသား ပြန်မြင်ယောင်စေ၏။ အဲလစ် ၏ မျက်နှာပေါ်တွင်မူ ထိုရုပ်လက္ခဏာက ရိုးစင်းလွန်းနေ၏။ ဟင်နရီကို စိတ်မယိုစေနိုင်။
"ဆွဲထားလိုက်ရင် ဈေးပိုပေးချင်ပေးမှာပေါ့လေ"
"မဟုတ်ဘူး။ အဲလစ် ..."
ဟင်နရီက ညင်ညင်သာသာ ပြောသည်။
"ဘယ်တော့မှ မရောင်းဘူးလို့ အပြတ်ပြောလိုက်ပြီးပြီ"
ထိုစကားကို ကြားရပြီးနောက်တွင် အဲလစ် နှုတ်ဆိတ်သွားသည်။ ထိုးမြဲ ထိုးနေသည်။ စိတ်ထဲတွင် ကား ထိုကိစ္စ ကို တနုံ့နုံ့တွေးနေ၏။ ဘယ်လို သဘောပိုက်ရမှန်း မသိသေး။ ဟင်နရီကိုင်စွဲသည့် သဘောထားကြောင့် စိတ်အားတက်ရမလိုလို။ စိတ်မကြည်မသာ ဖြစ်ရမလိုလို။
စကားအိုး တစ်ဦး ဖြစ်ပါလျက် ထူးထူးဆန်းဆန်း နှုတ်ဆိတ်ခြင်း၊ သုန်သုန်မှုန်မှုန်ကြည့်ခြင်း၊ သဘောမကြိုက်ညီမှု မှ ရှောင်ခွာခွာလုပ်ဟန်ပြခြင်းတို့သည် အမြဲတမ်းလိုလိုပင် အဲလစ်၏ မလိုတမာ လက္ခဏာများ ဖြစ်ချေ၏။
ဟင်နရီပေ့က သူ့ကိုယ်သူ ကျွဲမြီးတိုနေမိ၏။ အဲလစ်ရှေ့မှောက်မှာ ရင်ဖွင့်၍ အကျိုးမထူးမှန်း အတွေ့အကြုံများ အရ သူ သိဖို့ကောင်းသည်။ သို့ပါလျက် သူ့အလိုမပြည့်မှုက သူ့ကို ရင်ဖွင့်အောင် လုပ်သည်။ အကျိုး သက်ရောက်မှုကား ခါတိုင်းလိုပင်။ နားလည်မှု မရှိ။ သဘောညီမှု မရှိ။ မကျေမချမ်း ဖြစ်ရသည်သာ အဖတ် တင်သည်။ လန်းလန်းဆန်းဆန်း ဖြစ်အောင် ရေကန်ထဲ ခုန်ချပါ မှ ရေတိမ်ထဲ ခုန်ချမိလျက်သား ဖြစ်ရသူပမာ။
ခဏကြာ မှ အဲလစ်က တိုတိုတောင်းတောင်း ပြောသည်။
"ရှင် မနက်ဖြန် စလီဒန်သွားဦးမှာလား" "သွားမှာပေါ့ကွာ။ လကုန်ရက် ရောက်နေပြီပဲ။ မင်းကော လိုက်ဦး မှာလား"
အဲလစ်က ခေါင်းခါသည်။ သူ ငြင်းမည်မှန်းပေ သိသည်။ သားတော်မောင် အိမ်ထောင်ပြုခြင်းကို အဲလစ် မကျေနပ်။ စိတ်ပျက်နေဆဲ ရှိသေးသည်။ ရည်မှန်းချက် ပြိုကွဲပြီးနောက် ခံစားရသည့် စိတ်ပျက်မှုမျိုး။ ဒါကို အဲလစ် က "ဒုက္ခရောက်" သည်ဟု နှစ်ကိုယ်ကြား ပြောလေ့ ရှိသည်။ သူ့သားသမီးများကို ဆင်စီးမြင်းရံ ဖြစ်စေလိုသည်။ ကော်ရာ ကို တော်လေး၀၀င် မိန်းမသားမျိုး အဖြစ် ဟင်နရီပေ့က ထင်ထားသည်။ အဲလစ် ကမူ မောင်းမောင်း၊ ဖြူဖတ်ဖြူရော်၊ ရှိုးတိုးရှန့်တန့်၊ မျက်နှာစိမ်း မိန်းမတစ်ယောက်နှင့် ဒေးဗစ် ရုတ်တရက် တွဲခုတ်လာသည့် ပထမဆုံး ဆုံဆည်းမှု ကြောင့် အဲလစ် ခံစားခဲ့ရသော ရင်ဆို့မှု သည် ပြေပျောက်သွားခဲ့ပြီ။ သို့သော် အခက်အခဲတွေ ရှိသေးသည်။ ကန့်ကွက်ချက်တွေ ရှိသေးသည်။ အဲလစ် ၏ ဆွေကြီးမျိုးကြီးပီသသော ချုပ်တည်းမှု ကြောင့် သာ ထိုစကားလုံးကို ဖွင့်ဟမပြောခြင်း ဖြစ်၏။
ယခုမူ ပေ့ကြောင့် မျက်မာန်ပွားနေသဖြင့် အဲလစ် ဟောဟော ဒိုင်းဒိုင်း ပြောချလိုက်သည်။
"သူတို့ လင်မယား ကို မြို့ထဲလည်း မကြာမကြာလာအောင် ပင့်ပါဦး ရှင့်။ ကပွဲဖြစ်ဖြစ်၊ ဂီတပွဲဖြစ်ဖြစ် ပေါ့။ ကျွန်မ တို့နဲ့ လည်း သွားလား လာလား လုပ်ပါဦးလို့။ လူတွေက ပြောကြတယ်ရှင့်။ သိရဲ့လား။ တောကြီးမျက်မဲထဲ သွားပြီး အောင်းနေတာတော့ မတော်ဘူးပေါ့ရှင်။ ကျွန်မ အသိုင်းအ၀ိုင်းက ဘယ်လို အဓိပ္ပာယ် ကောက်မလဲ ဆိုတာ တွေးမိရင် ကြက်သီးတောင် ထမိတယ်"
ပေ့က အလိမ္မာ ဖက်ကာ ထိန်းထိန်းသိမ်းသိမ်းပင် ပြန်ပြောလိုက်လေသည်။
"ကောင်းပါပြီလေ ...၊ အချစ်ရယ်။ ပြောလိုက်ပါ့မယ်"
ဆက်ရန်
.

No comments:
Post a Comment