Thursday, June 28, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၈)

"အေးဟ။ မင်းနွားနှစ်ကောင်ကို တွေ့ခဲ့သမောင်။ မယ်ငြိမ်စည်က နွားစာတွေ ဘာတွေ စဉ်းလို့ဗျာ။ အစောကြီးမို့ ငါက အားနာနေပေ မဲ့ မဟုတ်ဘူးတဲ့။ ဆန်အိတ်သယ်ရအောင်လာရာမှာ ငါ့ကို ခရီးကြုံ လိုက်ပို့သာတဲ့" မောင်ဆေးရိုး လွန်စွာ ကျေနပ်၏။ သည်ပုံအတိုင်းသာ "လှည်းငှား" လိုက်စားနေလျှင် ငါးဆယ် ကျပ် ဖြင့် ပေါင်နှံ ထားသော ဆယ်ဧကကျော် ကျယ်သည့် ယာကြီးကို မကြာမြင့် မီ ရွေးနိုင်တော့ မည် ယုံကြည်သောကြောင့် ဖြစ်၏။ ကို ဆက်ဖတ်ရန်..........
(၈)

မောင်ဆေးရိုး တို့ မိသားစုမှာ အံ့လည်း အံ့သြရ၏။ ၀မ်းလည်း မြောက်ရ၏။ အကြောင်းသော်ကား ငထွန်းကား တို့သားအဖ သုံးယောက်နှင့်အတူ မယ်ငြိမ်းစည်ပါ လိုက်ပါလာသောကြောင့်ပေတည်း။
တစ်ရပ်တစ်ကျေး မှ လူများသာရောက်လာငြား ဦးကျန်ကြီး မယ်ကြွယ်စိုးတို့မှာ မြေးရှင်ပြုအတွက် မည်သည့်အရာ မျှ အသင့်မရှိ။ ယုတ်စွအဆုံး "ကံဆောင်"
သို့သော် စိတ်ကူးကား ရှိသည်။ ငထွန်းကားသားအဖတစ်တွေ ရောက်လာပါက အလှူကြီး လှူမည်။ ငထွန်းကား သားအဖ တစ်တွေ မလာပါက ဘညိန်းကို "ရှင်ဖြစ်" သင်္ကန်းချီပေးပြီး ဆင်းတုတော် တစ်ဆူ ပူဇော်မည်ဟူ၍ ကြံစည် ထားသည်။ ယခု ငထွန်းကားသားအဖ သုံးယောက်သာမက မျှော်လင့်မထားသော မယ်ငြိမ်းစည်ပါ ပါလာသည့် အတွက် အလှူကြီး ဖြစ်လာတော့သည်။ မဏ္ဍပ်ထိုးသည်။ ဆိုင်းငှားသည်။ ခေါ်ကောက်ဇာတ်လည်း ပါသည်။

ရမ်းဘိုကုန်း ရွာသူရွာသားများကား ညီညွတ်၏။
"ကိုကျန်ကြီး မယ်ကြွယ်စိုးက မြေးရှင်ပြု နားသမင်္ဂလာအတွက် ရွာကို အပ်ပါတယ်"
ဇာမီးစာတပ် လက်ဆွဲမီးအိမ်ထွန်းကာ အိမ်ရှေ့တွင် ရွာလုံးကျွတ် အစည်းအဝေးခေါ်လိုက်ရုံဖြင့် ပြီးတော့ သည်။ နောက်တစ်နေ့တွင် လမ်းကိုပါ ခွငုံထားသော မဏ္ဍပ်ကြီးတစ်ဆောင် အိမ်ရှေ့တွင် ပေါ်ပေါက်လာ၏။
အလှူရှင် ဦးကျန်ကြီး၊ မယ်ကြွယ်စိုးမှာ ဘာမျှပြန်မကြည့်ရ။ ကော်ဇော်ငှားသူ၊ ကန့်လန်ကာငှားသူ၊ စား ပွဲခုံငှားသူ၊ ဖျာငှားသူ စသည် များကို သူ့လူနှင့်သူ ကြီးကြပ်ပြီးသားဖြစ်သည်။ သူ့ပရပိုက်နှင့်သူ ရေးမှတ် ပြီးဖြစ်ည်။

ဧည့်ပရိသတ်ကို ထမင်းကျွေးနေသော စားပုံခုံတွင်အဝတ်မခင်း။ သတင်းစာစက္ကူခင်းသည်။ မဏ္ဍပ်တိုင် ကို သတင်းစာ စက္ကူပတ်သည်။ ကျေးလက်တွင် စက္ကူသည် အထူးအဆန်းဖြစ်နေ၏။
သည်မျှ အလှူကြီး ကြီးကြီးကျယ်ကျယ်လုပ်သောအခါ ရွှေတစ်ဆုပ်ရွာနေ ဦးရဲတင်း ဒေါ်မင်းဘ်ာတို့ကို ဖိတ်ကြား ရတော့ သည်။ ရှင်လောင်း ကိုကျော် ကိုသော်တို့မှာ ဦးကျန်ကြီး မယ်ကြွယ်စိုးတို့၏ မြေးသာ မဟုတ်၊ ဦးရဲတင်း ဒေါ်မင်းသော်တို့၏မြေးလည်းဖြစ်ပေသည်။ သို့ကြောင့် ဖိတ်ကြားခြင်းဖြစ်သည်။
"လာချင်လာ မလာချင်နေ၊ လာတာ မလာတာ သူတို့သဘော။ ဖိတ်ကြားဖို့ အသိပေးဖို့က ကိုယ့်တာ ဝန်"
ထိုသို့သော သဘောထားဖြင့် မယ်ငြိမ်းစည်၏မိဘများကို ဖိတ်ကြားရာ လင်မယားနှစ်ယောက် စလုံး ရောက်လာကြသည်။ အလှူရှင် ဦးကျန်ကြီး မယ်ကြွယ်စိုးသာမက ဦးကြွက်နီ ဒေါ်ရွှေအိမ်တို့ပါ ရောက် လာပြီး ဝမ်းသာအားရ နှုတ်ဆက်ကြ၊ စကားပြောကြသည်။

အလွန်နှစ်သက်စရာ၊ အလွန်ဝမ်းမြောက်စရာကောင်းသော မြေးရှင်ပြ၊ မြေးနားထွင်းအလှူတွင် ဆိုင်းက ဧည့်ခံ သည်။ လာသော ဧည့်သည်တိုင်းက ထမင်းစားသည်။ ဘုန်းကြီးတရားနာခဲသဖြင့် ရှင်ပြုအလှူသို့ တရားနာ ကြရန် စုရုံးရောက် ရှိလာကြခြင်းဖြစ်၏။
မယ်ငြိမ်းစည် သည် "ရှင့်အမေ" ပေပဲဟု မပလွှား။ ရမ်းဘိုကုန်းရွာတွင်နာမည်ပျက်ထားသော မိမိကိုယ် ကို သိ သည်။ သို့ကြောင့် ကုပ်ကုပ်ကလေးနေခဲ့သည်။ သိုရာတွင် အဖေရင်းနှင့် အမေရင်းရောက်လာ သောအခါ သူ စဉ်းစား ရပြီ။ မျက်နှာပြသင့်၊ မပြသင့်။

"မိရင်း ဖရင်းကို မျက်နှာပြသင့်သယ်"
ဤဆုံးဖြတ်ချက်နှင့် အတူ မယ်ငြိမ်းစည်သည် မကျီးဒန်၏အိုးများကြားမှ ထွက်လာခဲ့သည်။ သူ့အဖေနှင့် အမေ ရှိနေသောနေရာ ကို လှမ်းကြည့်သည်။ အဖေနှင့် အမေတို့ သံဃာစင်ရှေ့တွင် ထိုင်နေကြသည်။
မယ်ငြိမ်းစည် သည် အဖေနှင့်အမေ့ရှေ့သို့ တည်ငြိမ်စွာ လျှောက်လာသည်။ ထို့နောက် ပုဆစ်ဒူးတုပ် လျက် ထိုင်ကာ သုံးကြိမ် ဝပ်ချသည်။
"အမေ နဲ့ အဖေ တို့ နေကောင်းကြပါရဲ့လား"
မယ်မင်းဘော် သည် ရုတ်တရက် ရောက်လာပြီး ကန်တော့နေသော သမီးကိုကြည့်သည်။ မျက်ရည်တွေ တွေ ကျလျက် ဦးရဲတင်း ကို လှမ်းကြည့်သည်။ ဦးရဲတင်းသည် သမီးကို မှတ်မိသဖြင့် မျက်နှာလွှဲနေ သည်။

ထိုအခါ မယ်မင်းဘော် ထရပ်သည်။ တတိယအကြိမ်မြောက် ဦးချအပြီးတွင် မော့လာသော မယ်ငြိမ်း စည်၏ မျက်နှာကို ဖြတ်ရိုက်သည်။
"ငါတို့ကို မထီမဲ့မြင် နှုတ်ဆက်ဦးဟဲ့"
မျက်လုံး ကို ခတ်မိသလော၊ မျက်နှာ ကို ရိုက်မိသလော ဘယ်နှချက်ရိုက်မိ သနည်း မယ်မင်းဘော် မသိ ပါ။ မိုက်လုံးကြီး လွန်းသော သမီးကို အားရပါးရ ရိုက်အပြီး၌ ပြန်ထိုင်သည်။
မယ်ငြိမ်းစည် သည် သုံးချက် အရိုက်ခံအပြီးတွင် မဏ္ဍပ်ထဲမှထွက်၏။ သွားရိုးသွားစဉ် လှမ်းရိုးလှမ်းစဉ် ထက် မြန်သဖြင့် ဆိုင်းဝိုင်းဘေး က ငထွန်းကား သတိထားမိသည်။
"မယ်ငြိမ်း ဘယ်တုံး"
မယ်ငြိမ်းစည် လှည့်မကြည့်ဘဲ အလယ်တံခါးမှ ထွက်သည်။ သာဒွန်းမြောင်းကို ဖြတ်သည်။ ဘုရားငါး ဆူတော ထဲအရောက် ၌ ငထွန်းကား မီလာသည်။

"မယ်ငြိမ်း ဒါ ဘယ်တုံး"
"အိမ်ပြန်မယ်"
"ရွာလယ်တံခါးကို ပြန်လိုက်ခဲ့။ ငါ လှည်းတပ်ချေဦးမယ်"
ငထွန်းကားသည် မယ်ငြိမ်းစည်ကိုလက်ဆွဲပြီး အလယ်တံခါးရှိ ကင်းတဲပေါ်တွင် ထားခဲ့သည်။ အိမ်ပြန် ပြီး လှည်းတပ်ကာ မည်သူ့ကိုမျှ နှုတ်မဆက်ဘဲ မောင်းထွက်ခဲ့သည်။
မဏ္ဍပ်ဘေး က ထမင်းစားရုံထဲတွင် သူဝင်ငါထွက်ဖြင့် စည်ကားနေ၏။ အလှူရှင်၏ကိုယ်စားလှယ်များ သည် "လာပါ၊ ကြွပါ၊ စားပါ" ဟု ခေါ်နေကြ၏။ ထမင်းစားပြီးသူများသည် သံဃာစင်ရှေ့တွင် လာထိုင် ကြ၏။  ထိုနေရာ တွင် ရေနွေးနှင့် ကွမ်းအစ်လက်ဖက်ပွဲများ အသင့်။

တောသူတောင်သားများသည် အမှန်ပင် မသေရုံစားကြရ၏။ အာဟာရဖြစ်သည်လည်းရှိ၊ မဖြစ်သည် လည်းရှိမည်။ သို့သော် ငါးပိဖုတ်ကလေး ငရုတ်သီးထောင်းကလေးဖြင့် မသေရုံ စားနေခဲ့ကြ၏။ ထိုသို့ နေခဲ့ရာက ယခု ကဲ့သို့သော အလှူမျိုးနှင့်ကြုံတော့မှ အားပါးတရ စားခွင့်ကြုံတော့သည်။ ထောင်းသိပ် သကဲ့သို့ စားသည်။ အားမနာ တမ်း စားသည်။ ထိုကဲ့သို့စားအပြီးတွင် အသင့်ပါလာသော ပခြုပ်ထဲသို့ တအားသိပ်ထည့်၏။ ဝက်သားဟင်း သိုး လိမ့်မည်။ မထည့်။ ငါးခြောက်ကြော် ကြက်သွန်ပါသဖြင့် သိုး နိုင်မည်။ မထည့်။ ငရုတ် သီးတောင့်ကြော်နှင့် ထမင်းချည်းထည့်သည်။ ထိုသို့ထုပ်သည်ကို အလှူရှင်၏ ကိုယ်စားလှယ်များ မြင်သည်၊ မတားမြစ်၊ မပြော။

"ယူကြပါစေ။ ထည့်ကြပါစေ။ သုံးလွန်းတင်ထမင်း၊ နှမ်းဖတ်ခဲထမင်းကို စားနေကြရာက တစ်ခါတစ်ရံမှ စားရသဲ့ ဆန်ထမင်း။ ယူကြပါစေ။ သယ်သွားကြပါစေ"
ဤကဲ့သို့ ဒါနအလှူကြီး ပေးထားစဉ် ဦးကျန်ကြီး မယ်ကြွယ်စိုး၊ ဦးရဲတင်း မယ်မင်းဘော်နှင့် ဦးကြွက်နီ မယ်ရွှေအိမ်၊ မောင်ဆေးရိုး မကျည်းဒန် တို့သည် လေးထပ်ကျောင်းသို့ သွားကြပြီ။ နားထွင်းသော သတို့ သမီး ချောစိန်မှာ မိန်းမချောတွေခြံရံလျက် အိမ်တွင် ကျန်ခဲ့ငြား ရှင်လောင်းသုံးပါး က ကျောင်း တွင် ရောက်နေကြပြီ။
နနွင်းလိမ်းထားသော ကတုံးကိုယ်စီနှင့် ရှင်လောင်းများသည် အဘိုး အဘွားနှင့် မိဘများကို ကြိုဆိုကြ ၏။ ထိုအထဲ မှ ကိုကျော်သည် မျက်နှာတွေကို တမော့မော့ဖြင့် မော့ကြည့်၏။ ကိုသော်မူ သူ့ပခုံးကို လာ ကိုင်သော ဦးရဲတင်းနှင့် ဒေါ်မင်းသော် တို့၏လက်များကို ဆုပ်ထား၏။ မော့မကြည့်။

မယ်မျှင်သည် တူကလေးနှစ်ယောက်ကိုကြည့်ကာ မျက်ရည်ဝိုင်း၏။
"အလှူအတန်းလုပ်နေသယ်လေ။ သတိထားမှပေါ့"
သူ့ဘေးတွင် ပါသော မောင်မောင်အေးကသာ သတိမပေးလျှင် မယ်မျှင် အော်ဟစ်ပြီး ငိုယိုဖွယ်ရှိသည်။ မယ်မျှင် သည် ရှင်လောင်းသုံးပါး၏အဒေါ်ဖြစ်စေကာမူ လူကြီးတွေကို ဦးစေားပေးသောအားဖြင့် နောက် စွန်းမှာနေ၏။ သို့ကြောင့် သူ မျက်ရည်ဝဲသည်ကို အခြားသူများ မသိ။
မောင်ရှင်လောင်းတွေ သင်္ကန်းအပ် သင်္ကန်းတောင်းပြီးနောက်၊ သင်္ကန်းဝတ်ကြသည်။ ခေါင်းကဝါ သင်္ကန်းက ဝါဝါမို့ ရွှင်လန်း ဝမ်းမြောက်နေကြ၏။ သာမဏေသုံးပါးတွင် "ရှင်စန္ဒ" ဘညိန်းမှာ အငယ်ဆုံး ဖြစ်၍ ရှင်ကုမာရ ကိုကျော် မှာ အကြီးဆုံးဖြစ်စေကာမူ ဣနြေ္ဒအရင့်ကျက်ဆုံးမှာ ရှင်သာသန ကိုသော် ဖြစ်သည်။

"ကိုရင် ထမင်းဆာ ရင် မငိုနဲ့နော်"
ကိုရင်ဘညိန်း ကို တစ်ယောက်ကပြောခြင်းဖြစ်ရာ "ဘာဖြစ်လို့ ငိုရမှာတုံး။ ကိုရင်ဝတ်မှာတော့ ညစာစား လို့ ဘယ်ဖြစ် မတုံးနော် ညီလေး" ဟု ဝင်ပြောသူမှာ ကိုရင်ကိုသော် ဖြစ်ပေ၏။
"တော်တော်လာသဲ့ ကိုရင်ပဲ" ဟု ပြောရန်မှတစ်ပါး ထိုကိုရင်အလတ်ကို ပြောနိုင်သူမရှိချေ။ အလှူ အတွက် ဆိုင်းငှားကတည်းက ခေါ်ကောက်မင်းသားနှင့် မင်းသမီးကို ငှားခဲ့ရန် တစ်ပါတည်း သဘောတူ ခဲ့သည်။ သို့ကြောင့် ကားလိပ်မပါ၊ ဇာတ်စင်မပါသော ကုတင် မင်းသား မင်းသမီး ပါသည်။ မင်းသားနှင့် မင်းသမီး မှာ ခေါ်ကောက်ခြင်းငြား လူရွှင်တော်များမှာ ဆိုင်းထဲက နောက်ထများကို အဆစ်ထည့်ပေးရ သည်။ မည်သို့ဖြစ်စေကာ မူ ပွဲကြည့်ပရိသတ်မှာ ညို့နေသည်။ ထိုပွဲသို့ ကိုရင်ကြီးနှင့် ကိုရင်ငယ်တို့ကြွ ငြား ကိုရင်လတ် ကျန်နေခဲ့သည်။

"ကတာ ခုန်တာ မကြည့်ရဘူး။ တီးမှုတ်တာ နားမထောင်ရဘူး၊ ဒဏ်ပေးတာခံနိုင်ရင် သွားကြပေါ့"
ဦးရဲတင်း ဒေါ်မင်းဘော်တို့သည် ထိုကိုရင်ကိုကွက်ပြီး ရွှေတဆုပ်ရွာသို့ ပင့်ကြ၏။
"ကိုရင့် ဘနဲ့ အမေကြီးကို ချီးမြှင့်သောအားဖြင့် ရွာကို လိုက်ခဲ့ပါ"
"ကိုရင်သုံးပါးဟာ ညီအစ်ကိုတွေဗျ။ သုံးပါးမှာ တစ်ပါးတည်းကွက်ပြီး ဖိတ်တာ ငရဲကြီးလိမ့်မယ်နော်"
ဦးရဲတင်း ဒေါ်မင်းဘော် တို့သည် ကိုရင်ငသော်ကို လိုချင်သောကြောင့် ကိုရင်ကြီးငကျော်နှင့် ကိုရင် ငယ် ဘညိန်း တို့ကိုပါ ရွှေတဆုပ်ရွာကို အလည်အပတ်ကြွကြရန် ဖိတ်ကြား၏။ ကိုရင်နှစ်ပါး သဘော မတူသောအခါ ကိုရင်လတ် က ဤသို့မိန့်ကြား၏။

"သည်မှာ လှူလည်း ကုသိုလ်ရပါတယ်ဗျာ"
ဦးရဲတင်း ဒေါ်မင်းဘော်တို့သည် တာလမ်းမရှိသော လယ်ကြိုလယ်ကြား ၅ မိုင်ခရီးကို အပင်ပန်းခံပြီး သုံးရက်ဆွမ်းပို့၏။
သည်ကလေးတွေလည်း လူ့ဘဝတွင် နံနက်စာစားကောင်းမှ စားကြရမည်။ သို့ရာတွင် သာမဏေဘဝ တွင်ကား "အရုဏ်ဆွမ်း" ဟူ၍ တသီးတသန့် ဆက်ကပ်လှူဒန်းကြရ၏။ မယ်မျှင်မှာ အနေဝေးသော ကြောင့် မလှူနိုင်စေ ကာမူ ချောစိန်နှင့် ဒေါ်ရွှေအိမ် မယ်ကြွယ်စိုးတို့က အပင်ပန်းခံကြ၏။
ငထွန်းကား သည် အလှူရေစက်ချတွင်လဲ မရှိ။ အလှူပြီး၍ ၁၅ ရက်ကြာမှ ရမ်းဘိုကုန်းသို့ ရောက်လာ ၏။
"၁၅ ရက် ရှိပြီပဲ။ ကိုရင် တို့ မထွက်သေးဘူးလား"
ငထွန်းကား၏လျှောက်ထားချက်ကို မပြောတတ်သောကြောင့် ကိုရင်ကြီးနှင့် ကိုရင်ငယ်က ကိုရင်လတ် ကို ကြည့်ကြ၏။

"ကိုရင်တို့ လူထွက်ချင်ထွက်ကြ။ တပည့်တော်တော့ မထွက်ဘူး"
ကိုရင်ကြီး ငကျော်နှင့် ကိုရင်ငယ် ဘညိန်းတို့မှာ အကြံအစည် အတွေးအခေါ် မရှိကြချေ။
"သို့သော် ကိုရင်လတ် အရုဏ်ဆွမ်းချက်ရတာ မသက်သာဘူး"
"သည်စကားကို ဒကာကြီးက ပြောတာလား၊ ဒကာမကြီးတွေက ပြောတာလား။ ကဲ ဖြေစမ်းပါဗျာ"
ငထွန်းကား အကျပ်အတည်း တွေ့တော့သည်။ ထိုစကားကို သူက လုပ်ကြံပြောဆိုခြင်းသာဖြစ်သည်။

"သည်ကိုရင်မျိုး မတွေ့ဖူးပါဘူးဗျာ"
ငထွန်းကား၏ ညည်းချင်းဖြစ်သည်။
"တခြားကလေးတွေဆိုရင် ငှက်မပစ်ရ၊ မဆော့ရတဲ့အတွက် လူထွက်ကြတယ်၊ သည်ကိုရင်ကတော့"
ကိုရင်တွေ လူထွက်ရေးကို ငထွန်းကား စိတ်အားသန်နေသောအခါ မောင်ဆေးရိုး ပါလာရသည်။
"သူ့ဘာသာ သူနေသာ အစ်ကိုက ဘာပြုလို့ လူထွက်ခိုင်းရသာတုံး"
"သူ့အမေက သူ့သားတွေ ခေါ်ပေးပါ ပြောနေတယ်ဟ"
"ကိုရင်ဝတ်နဲ့ ခေါ်သွားလို့မရဘူးလား"

ထိုအခါ ငထွန်းကား တွေသွားသည်။ ယင်းသို့ တွေသွားစဉ် မောင်ဆေးရိုးက ဆက်ပြော၏။
"ရွာမှာတုန်းက ကလေးတွေကို ကျီးစားစား ခွေးစားစားဆိုပြီး ပစ်ထားခဲ့ပြီးမှ အခု သိမ်သိမ်မွေ့မွေ့ သပ် သပ်ရပ်ရပ်နဲ့ ရှိနေတော့မှ မမြင်ရ မနေနိုင်ဖြစ်သာဟာ ရိုးမှ ရိုးသားရဲ့လား အစ်ကိုရာ"
"ငါ့မိန်းမ မရိုးသားတာ ကို အခုမှ သိသလား"
ထိုစကား အတွက် မောင်ဆေးရိုးမှာ အိုးတိုးအမ်းတမ်း ဖြစ်သွားရ၏။ သူ့အစ်ကို၏ဇနီးမှာ သူ့မရီးဖြစ်သ ဖြင့် ရိုသေနေ ရသည်။ သို့ကြောင့် "မင့်မိန်းမ မရိုးသားသာကို အစောကြီးကတည်းက သိပါသယ်" ဟု ဖြေ၍မဖြစ်။ အဖြေကို မောင်ဆေးရိုး ရှာမရဖြစ်နေစဉ် ငထွန်းကားက ဖော်ထုတ်၏။

"သည်မိန်းမကို မင်္ဂလာဆောင်ပြီး ယူမိတာ မှားပြီလို့ ငါ ဘယ်အချိန်မှာ နောင်တရသလဲ မင်း သိလား"
"မသိတော့လားကွာ"
"မင်္ဂလာဆောင်ပြီး ခုနစ်ရက်လည်းလည်ရော သည်မိန်းမကိုယူမိတာ မှားပြီလို့ ငါ သိတာပဲ မင်းသိလား"
စကားသည် လိုရင်းမှ ဘေးချော်ပြီး အခြားလမ်းသို့ ရောက်သွားပြီ။ သို့ရာတွင် အစ်ကိုရော ညီပါ သတိ မထားမိ။
"သာနဲ့များ အစ်ကို"
"ဟ ညီလေးရ။ ငါတို့ မယ်မျှင်ကို လူတစ်ယောက်က တောင်းရမ်းယူငင်ပြီး လေးငါးခြောက်ရက်အကြာမှ ပစ်ထားခဲ့ရင် မင်း ခံနိုင်မလား၊ မခံနိုင်ဘူး။ အဲသာကြောင့် နှမချင်းစာနာပြီး ဆက်ပေါင်းနေတာဟေ့"
"ဖြစ်ရလေ အစ်ကိုရာ"
မောင်ဆေးရိုးမှာ သည့်ထက်ပိုပြီး မပြောတတ်။

သို့သော် ငထွန်းကားမူ ပြောတတ်သည်။
"တက္ကသိုလ်ဆရာတစ်ဦးက မှာဖူးသည့် နှုတ်ချီ၊ အိမ်ထောင်ပြုဘုရားတည် ဆေးမင်ရည်စုတ်ထိုးဆိုတာ ဟာ မိန်းကလေးတွေကိုချည်း ရည်ရွယ်တာမဟုတ်ဘူးကွ၊ ငါတို့ယောက်ျားလေးတွေပါ ပါတယ်ကွ"
"ဟုတ်သယ် အစ်ကိုရေ့။ ကျုပ် သဘောပေါက်သွားပြီ"
"မကောင်းမှန်းသိလျက်နဲ့ ပေါင်းနေရတဲ့ အဲသည်မိန်းမဟာ၊ နွားမတန်းသား မခင်သလို လုပ်နေရာက အခုမှ လာပြီး သားတွေကို သွားခေါ်ပေးပါဆိုတာ အကြံရှိရမယ်။ အေးလေ တစ်ပါးယောက်ျားနဲ့ ဖောက် ပြန်ရုံထက် ဘာများ တတ်နိုင်ဦးမှာတုံး"
တစ်ထိုင်တည်းဖြင့် ငထွန်းကားသည် နှစ်ယောက်ဖြစ်သွားပြီ။ စောစောတုန်းက ငထွန်းကားသည် ရိုးရိုး ငထွန်းကား ဖြစ်သော်ငြား၊ ယခုလက်ရှိ ငထွန်းကားမူ ဆန်းပြားသွားပြီ။ ထို့ကြောင့် ဟက်ဟက်ပက်ပက် ရယ်မော သည်။

ဆောင်ဆေးရိုးသည် သူ့အစ်ကို၏မျက်နှာကို စေ့စေ့ကြည့်သည်။
"အစ်ကို့သားအကြီး ကိုရင်ကျော်က ဘယ်လိုပဲခေါ်ခေါ် လိုက်မှာပဲ၊ လူဝတ်လပြီးခေါ်ခေါ် ကိုရင်ဝတ်နဲ့ ခေါ်ခေါ်ပေါ့။ အဲ ကိုရင်သော်ကတော့ ခက်မယ်ဗျို့။ အိမ်က ကိုရင်တောင် သူ့ဓာတ်တွေ ကူးနေပြီဟ"
"လာကွာ၊ ကိုရင်သုံးပါးစုံညီရှိတုန်းမှာ သွားကြသေးတာပေါ့"
ငထွန်းကားဦးဆောင်ကာ လေးထပ်ကျောင်းသို့ လာခဲ့ကြ၏။ ထိုအချိန်က လေးထပ်ကျောင်းသည် တံ တားနှစ်စင်း၏ဦးခိုက်ရာ ဖြစ်သည်။ လေးထပ်ကျောင်း၏ခေါင်းရင်းတွင် အုတ်ပြာဿဒ်တစ်ဆူနှင့် မြေ စိုက်စေတီ အပြင် ရှစ်မျက်နှာဘုရားတစ်ဆူရှိသည်။ အုတ်ပြာဿဒ်၏မြောက်ဘက်ရှိ သစ်သားတန် ဆောင်းတွင် စည် တစ်လုံးနှင့် ကျောင်းခေါင်းရင်း ရှိ စည်ရုံတွင်လည်း စည်ရှိသည်။

သစ်သားတန်ဆောင်းထဲက စည်မှာ ဘုရားဖူးသူတို့ အသုံးပြုရန် ဖြစ်၏။ စည်ရုံမှ စည်ကြီးကား အနီးအ နားရွာများ ၏ သာရေးနာရေးတွင် သုံးစွဲသည် ဆိုကြပါစို့။ အလှူတွင် ဘုန်းကြီးတွေ ကြွလာပြီ။ တရား နာ တော့မည်။ ထိုစည်ရုံမှ စည်သံပေးသည်။ တရားနာတော့မည်။ အလုပ်နှင့်လက် ဖြတ်ရန်ဖြစ်သည်။ ဒုတိယ အကြိမ် စည်သံပေးပြန်ပြီ။ အလှူမဏ္ဍပ်သို့ သွားပေရော့။ တတိယစည် တီးပြန်ပြီ။ တရားနာ တော့မည်။

နာရေးတွင်လည်း စည်သုံးကြိမ်တီးသည်။ ပထမ စည်တီးသည်။ လယ်ပြင်ရောက်နေသူတွေ ယခုမှ အချင်းချင်း မေးမြန်းပြီး ပြေးလာကြရသည်။ ဒုတိယအကြိမ် စည်တီးပြန်ပြီ။ အသုဘပို့မည့်သူများ အသု ဘအိမ် သို့ တဖွဲဖွဲလာနေကြပြီ။ တတိယအကြိမ် စည်တီးပြန်ပြီ။ အသုဘပို့မည့်သူများစုံညီရောက်နေကြ ပြီ။ အချို့လည်း အပြေးအလွှား လာနေကြသည်။ ဤကား စည်နှင့် စည်ရုံတို့၏ အကျိုးကျေးဇူးတည်း။
ကျောင်းဦးဘုရား ၏တောင်ဘက် တွင် စေတီငယ်တစ်ဆူနှင့် တန်ဆောင်းငယ်ရှိသည်။ စေတီမှာ ငယ် သော်ငြား၊ နတ်လှေကား ပါသည်။ မုခ်လေးဘက်ပါရှိသေးသည်။ ယင်းနှင့်ကပ်လျက်စေတီကား ရှစ်မျက် နှာ ဘုရားပေ တည်း။ ရှစ်မျက်နှာစေတီ၏တောင်ဘက်တွင်ကား အုတ်တံတိုင်းနှင့် ခံ့ညားသော မုခ်ဦးတို့ ဖြင့် ကြီးမား ထည်ဝါသော မြေစိုက်စေတီနှင့် အုတ်ပြသာဒ်ပါဝင်သော "ပတီးပင်" ဘုရားတည်း။
ပတီးပင်ဘုရား ၏ အနောက်အရပ်တွင် ပတီးပင်ကျောင်း။ ထို့နောက် လေးထပ်ကျောင်းနှင့် ပတီးပင် ကျောင်း၏ကြားတွင် မြို့ဝန်မင်းနှင့် မိဖုရားကျောင်းတို့ တည်ရှိသည်။ ထိုသို့လျှင် စည်ကားခဲ့သော လေး ထပ်ကျောင်း သည် ညှိးမှိန်စပြုပြီ။ သို့ရာတွင် ဆင်ကြံလျှင် ကျွဲလောက်ကား ဖြီးနိုင်သေးရာ ရွှေကျောင်း ကြီးကား ရွှေရောင်တပြောင်ပြောင်ဖြင့် ရှိသေးသည်။

"ဒကာတို့ ထမင်းစားပြီးခဲ့ကြပြီလား"
လူတို့ ထမင်းစားချိန်ဖြစ်သည့်အတွက် ဖိုးသူတော်တစ်ပါးက ဆီးမေး၏။
"စားခဲ့ပြီးပါပြီ ဦးသူတော်"
"ဆွမ်းဘုဉ်းပေးအပြီးမှာ ဘုန်းကြီးကြီး ကျိန်းနေလောက်ပြီ။ ဒကာတို့ ဖူးခွင့်မရဘူး"
"ကိုရင် သုံးပါးနဲ့တွေ့ရအောင် လာသာပါ ဘုရား"
ဖိုးသူတော် သည် အထိုအခါကျမှ မောင်ဆေးရိုးနှင့် ငထွန်းကားကို မှတ်မိဟန်ပြသည်။

"သြော် တလောက ရှင်ပြုတဲ့ ဒကာတွေပဲ"
"ဟုတ်ပါသယ် ဘုရား။ သူက ကိုရင်ကုမာရနဲ့ ကိုရင်သာသန အဖေ ငထွန်းကားပါ။ တပည့်တော်က ကိုရင်စန္ဒရဲ့ဒကာကြီးပါ ဘုရား၊ ရမ်းဘိုကုန်းမှာ နေပါသယ် ဘုရား၊ ဆေးရိုးလို့ခေါ်ပါသယ် ဘုရား"
"ကောင်းပြီး ဒကာကြီးတို့ ကောင်းပြီ"
ဖိုးသူတော်သည် ကျောင်းသားများ သပိတ်ဆေး ဗျပ်ဆေးနေသည့်ကြားသို့ ရောက်နေသော ကိုရင်သုံး ပါးကို ဆွဲထုတ်လာ၏။
"သင်္ကန်းကို သပ်သပ်ရပ်ရပ် လက်ကန်တော့ထိုးကြလေ"
မကြာမီ ကိုရင်သုံးပါးသည် ငထွန်းကားတို့ညီအစ်ကိုနှစ်ယောက်၏ရှေ့သို့ ရောက်လာကြ၏။
"ကိုရင် တို့ ဒကာမကြီးက လွမ်းနေပြီ။ လူထွက်ဖို့ စိတ်မကူးသေးဘူးလား"
ငထွန်းကား၏အမေးကို ကိုရင်ကုမာရ ငကျော် မဖြေတတ်။ သို့ဖြစ်၍ ကိုရင်သာသန ငသော်ကို လှမ်း ကြည့်၏။

"ကိုရင်ကြီး ကိုကျော်တော့ ထွက်ချင်ပြီထင်တယ် ဒကာကြီး။ သူ့ကိုခေါ်သွားပေတော့"
"တစ်ယောက်တည်းခေါ်သွားလို့ ဘယ်ဖြစ်မတုံး ကိုရင်ရဲ့"
"ကျုပ်ကတော့ မထွက်တော့ဘူးဗျ"
"ဗုဒ္ဓေါ"
"ဟုတ်သယ်။ ကျုပ်လည်း ကိုရင်သာသနလိုပဲ သာသနာတော်မှာ ပျော်နေပြီဗျာ။ မထွက်တော့ဘူး"
ကိုရင်စန္ဒ ဘညိန်းက ထိုသို့ပြောသောအခါ၌ ငထွန်းကားမှာ နောက်ပြောင်ပြီး မအော်နိုင်တော့ပါ။ "ကိုရင်လတ်နဲ့ ကိုရင်လေး က ဘာပြုလို့ မထွက်ချင်ရသာတုံး၊ ထမင်း မဆာဘူးလား" ဟု မေး၏။
ထိုအခါ ကိုရင်လတ် ရှင်သာသနက လက်ကန်တော့ပြင်ထိုးပြီး ဣနြေ္ဒကြီးဖြင့် ပြောသည်။

"သာသနာတော်မှာ အရိုးထုတ်မယ်ပြောတာမဟုတ်ပေမဲ့ လောလောဆယ်မှာတော့ လူမထွက်ချင်ဘူး"
"လူမထွက်ချင်တဲ့အကြောင်းကို ပြောပါဦး ကိုရင်"
"ကျုပ်တို့ ကိုရင်ဝတ်လို့သာ "ကုဋီ" သုံးခွင့်ရတာလေ။ ကိုရင်မဟုတ်ရင် "ကုဋီ" သုံးခွင့် မရှိဘူးဗျ"
မောင်ဆေးရိုး အံ့အားသင့်ငြား၊ ငထွန်းကားမူ ပေါ့တန်စွာသာ ပြောဆိုဆဲ ရှိသေး၏။
"ဒါလေးများ ကိုရင် ရယ်။ ဘာများလဲလို့"
"လူ့ဘဝမှာ နောက်ဖေးသွားချင်ရင် ချုံရှာရသေးသဗျ။ ချုံထဲရောက်ပြန်တော့လည်း လူကိုကြည့်ရတဲ့ အပြင် ခြေထောက် ကို မပေအောင်လည်း ငုံ့ငုံ့ကြည့်ရသေးသဗျ"
ကိုရင်သာသန ငသော်ကား ငယ်ငယ်ရွယ်ရွယ်ဖြင့် မြင်တတ်၏။

မောင်ဆေးရိုး စိတ်ထဲက ကြိတ်ပြီး ချီး မွမ်းနေစဉ်၊ ကိုရင်သာသနက သာမဏေဘဝနှင့် လူ့ဘဝ၏ခြားနားပုံကို ဆက်လက်ပြော၏။
"ညမှောင်မှောင်မှာ ထပြီး နောက်ဖေးသွားတဲ့အခါ တော်တော်စိတ်ညစ်စရာကောင်းသဗျာ၊ လူ့ကိုယ်ထဲ က ထွက်လာတဲ့ မစင်က အေးစက်နေတာ မဟုတ်ဘူး၊ ပူနွေးနေတာ၊ စီးထားတဲ့ဖိနပ်ကလည်း အပါး ကလေး။ နောက်ဖေး ကလည်း ပျော့ပြဲနေမယ်ဆိုရင် ခြေထောက်ကို လာပေလို့ ပေမှန်းမသိဘဲ အိပ်ရာ ဝင်၊ ဟား အိပ်ရာ တစ်ခုလုံး ပေကျံနံစော်ကုန်တဲ့ ဒုက္ခဟာ ကိုရင်ဘဝမှာ မရှိဘူး ဒကာကြီး၊ ဘာကြောင့် တုံးဆိုတာ့ ကိုရင်က ကုဋီနဲ့ သွားတာကိုး"
"ပြီးတော့ တုတ်ခနှောင်းကကော"
ကိုရင်သာသန ငသော်၏ထူးခြားမှုသည် ကိုရင်စန္ဒ ဘညိန်းထံသို့ပါ ကူးစက်လာနေပြီ။ ယခု ကနုတံ အကြောင်းဝင်ပြောသူမှာ ကိုရင်စန္ဒ ဘညိန်းဖြစ်၏။

"ကျုပ်တို့လူမှာ ဘယ်သူကမျှ တုတ်ခနှောင်း ရှာမပေးပေမဲ့ ကုဋီထဲမှ ကနုတံက အသင့်ဗျ။ ကျုပ်တို့ တွေ့ကရာ ချုံထဲက ဆွဲယူသဲ့ တုတ်ခနှောင်းမှာ အဖုအထစ်တွေရှိပေမဲ့ ကုဋီထဲက ကနုတံကတော့ ချော နေသာပဲဗျာ၊ အဲသာကြောင့် ကျုပ်လည်း မထွက်ဘူးဗျာ"
"ကိုရင်လေးပြောတာ ကျုပ် သဘောကျတယ်"
ရှင်သာသနာက ဝင်ရောက်ထောက်ခံသောအခါ ရှင်ကုမာရ ငကျော်လည်း လူမထွက်သူ ဖြစ်သွားလေ ၏။
"ဟာ သည်လိုဆိုရင် ကျုပ်လည်း မထွက်ဘူးဗျာ"
"အရုဏ်ဆွမ်း ထချက်ရတာ တော်တော်ကရိကထများသနော်"
မောင်ဆေးရိုးက အကျပ်ကိုင်ခြင်းဖြစ်ငြား "အရုဏ်ဆွ် မစားဘူးဗျာ" ဟု ကိုရင်သာသန ငသော်က ထ ပြောသောအခါ ဆက်ပြောရမည့် စကားရှာမတွေ့ဘဲ ဖြစ်သွားလေ၏။

"ကိုရင်တို့ တစ်သက်လုံးက ချုံထဲမှာ နောက်ဖေးသွားလာခဲ့တာ၊ အခု သာမဏေဝတ်တော့မှ ကြီးကြီး ကျယ်ကျယ် ကုဋီနဲ့ ကနုတံ နဲ့ ကြီးကျယ်နေလိုက်တာ။ တောသားရဲ ဆွဲထုတ်"
ငထွန်းကား က ပြောမိပြောရာ ပြောသည်ကို ကိုရင်ကြီး ငကျော်နှင့် ကိုရင်ငယ် ဘညိန်းတို့က မတုံ့ပြန် စေကာမူ ကိုရင် ငသော် က သည်းမခံပေ။
"ဒကာကြီးကို ဂုန်အိတ်ပေါ်အိပ်မလား၊ ကတ္တီပါပေါ်အိပ်မလားမေးရင်း ဒကာကြီး ဘယ်လိုဖြေမတုံး"
"ကိုရင် စကားတတ်တိုင်း လျှောက်ပြောမနေနဲ့။ ကျုပ် ကိုရင်တို့ကို ထားခဲ့ပြီး ရွာကိုပြန်သွားမှာနော်"
ထိုကဲ့သို့ ခြိမ်းခြောက်ကာမျှဖြင့် ကိုရင်သော် မလှုပ်ရှားချေ။
"ဒကာကြီး ပြန်သွာလဲး ဘာဖြစ်သတုံး။ ကျုပ်က ဘုရားရဲ့ မြေးတော်ပဲ။ သပိတ်တစ်လုံးရှိရင် ဆွမ်း မငတ်ဘူးဗျ"
ထိုနေ့က ငထွန်းကား လက်လျှော့ပြီး ပြန်သွားရသည်။ ညီအစ်သူ မောင်ဆေးရိုးလည်း ကိုရင်သော်ကို နိုင်အောင် မပြောနိုင်။

"အဲသည် ကိုရင်လေးကို အမေတို့ဝိုင်းပြီး နားချကြပါဦး"
မယ်ကြွယ်စိုးသည် အနေမနီးစေကာမူ ငသော်ကို ပိုချစ်သည်။ ဖအေအရင့်အမာကြီးက သြချရသဖြင့် သဘောကျနေ ၏။
"ကိုရင့်အမေက အခေါ်ခိုင်းတယ်ပြောတာ မရဘူးဗျာ၊ ကိုရင် ဘဝမှာ ကုဋီနဲ့ နောက်ဖေးသွားရပြီး၊ လူ ထွက်လိုက်ရင် ကုဋီမရှိတော့ဘူးတဲ့။ အဲဒါကြောင့် မထွက်ဘူးတဲ့"
အိမ်ခေါင်းရင်း က အရိပ်တွင် ဓားမောက်တစ်ချောင်းဖြင့် ထန်းလျှောက်သပ်နေသော ဦးကျန်ကြီးသည် ဝင်မပြော ဘဲ မနေနိုင်။
"ကိုရင်ပြောသာ ဟုတ်သားပဲကွ"
"သူ့အမေ က သားတွေကို တွေ့ချင်လို့ခေါ်ပေးပါ ပူဆာနေတယ် အဖေရဲ့"
ချွေးမ ကို ဦးကျန်ကြီး သဘောမကျသော်ငြား၊ သည်မြေးနှစ်ယောက်၏အမေမှာ သူဖြစ်နေသောအခါ မပြော သာပေ။ ဦးကျန်ကြီး တန့်သွားသောအခါ ငထွန်းကားက မိခင်ကို ဆက်လက် အကူအညီတောင်း သည်။

"သူက ကလေးတွေရဲ့ အမေဖြစ်နေပါတယ်။ ဒါကြောင့် ကူပြောပေးပါဦး"
ဤသို့ဖြင့် မယ်ကြွယ်စိုးနှင့် မယ်မျှင် ဒေါ်ရွှေအိမ် ကျည်းဒန်တို့လေးထပ်ကျောင်းသို့ တစ်အုပ် တစ်မကြီး ရောက်လာ၏။ ကိုရင်ကျော်နှင့် ကိုရင်ဘညိန်းတို့ကို တွေ့ရန်လွယ်ကူငြား ကိုရင်သော်ကို တွေ့ရန် မလွယ်ကူပေ။ ကျောင်း မှာ စည်းကမ်းရှိသည်။   
မယ်ကြွေစိုးနှင့်မယ်မျှင်၊ ဒေါ်ရွှေအိမ် ကျည်းဒန်တို့သည် သည်ကျောင်းကြီးပေါ်သို့ ယခုမှရောက်၏။ သို့ရာတွင် ကျောင်းရှေ့ရှိ ကိုးခန်းဇရပ်ကြီးမှာလည်း ဤကျောင်းနှယ် နှစ်ဆင့်ဖြစ် သည်။
ဇရပ်ကြီး တွင် ၀ါတွင်းဥပုသ်နေ့များ၌ လူပြည့်နေသည်။ မာတုဂါမများသာနေရမည့် အဆင့်တွင် လူတွေပြည့်ကျပ်နေ သည်။ ထိုအဆင့်ထက်မြင့်သောနေရာသည် မကြပ်တည်းငြား၊ မာတုဂါမတွေ အတွက် မဟုတ်။

ယခု ဤကျောင်းကြီးတွင်လည်း မာတုဂါမတွေအတွက် အဆင့်တစ်ဆင့်ထားသည်။ ထိုအဆင့် ထက်မြင့် သောနေရာမှာ ဒါယကာတွေအတွက်ဖြစ်သည်။ သည့်ထက်မြင့်သော ဇေတ၀န်ဆောင်ရှိသေးရာ၊ ဒါယကာတွေ တက်ခွင့် ဝင်ခွင့်ရှိ၏။ ဒါယိကာမတွေ တက်ခွင့်မရှိချေ။
သို့ကြေင့် မယ်ကြွယ်စိုးတို့ လေးယောက်သား ဘုန်းကြီးမြင်သာသောနေရာ၌ ထိုင်ကြသည်။ မည်သည့် ဘုန်းကြီး၊ မည်သည့် ဦးဇင်း ကမျှ "ဒါယိကာမကြီးတို့ ဘာကိစ္စတုံး" မေးဖော်မရပေ။
"ကိုရင်ကျော်တို့ ညီအစ်ကိုသုံးယောက်ကို တွေ့ချင်လို့ပါ မောင်ကျောင်းသားရယ်"
ကျောင်းသား သည် "ဟုတ်ကဲ့" ပြောကာ၊ ကိုရင်ကျော်နှင့် ကိုရင်သော် ကိုရင်ဘညိန်းတို့ကို သွားရောက် သတင်းပေးကောင်းပေး မည်။ ဟုတ်ကဲ့ဟု အာမန္တောခံသွားပြီးမှ အခြားအာရုံဝင်လာကာ မေ့လျော့သွား နိုင်မည်။ သို့မဟုတ် မမေ့မလျော့ သွားရောက်ပြောကြားဦး လာချင်မှလာမည်။

အထူးသဖြင့် ကိုရင်သော်သည် အစိမ်းကားဆုံး အကြွပ်ဆတ်ဆုံးဖြစ်ငြား ဖိုးသူတော်ကြီးက ထမ်းပြီး မယ်ကြွယ်စိုးရှေ့ သို့ ပို့ပေး၏။
"ကျုပ်တို့ နဲ့ ဒကာမကြီးတို့နဲ့ ဘဝချင်းခြားကြပြီ၊ လိုရင်းပြောပြီး ပြောကြပေတော့"
ဤစကား ကို ပြောသူမှာ ငါ့သားမှ ဟုတ်ပါလေစဟု ငထွန်းကားထင်သည်။ စိတ်ဆတ်သည်။ သို့သော် အမယ်မယ်ကြွေစိုး က ဝင်ဟန့်၏။
"ငထွန်းကား နင့်ပါးစပ် ပိတ်ထားစမ်း"
ထိုသို့ပြောပြီး မှ မယ်ကြွယ်စိုးက ကိုရင်သော်ကို ပြော၏။

"ကိုရင်များ ဆာနေမလားလို့၊ ထညက်ကြော် လာကပ်သာပါ ဘုရား"
ထညက်ကြော်မှ "ထန်းလျက်"ကို ဆီဖြင့် ကြော်ထားခြင်းဖြစ်သည်။ သာမန်ထန်းလျက်ထက် ဆွဲဆောင် သော ရနံ့ရှိသည်။"ကျုပ်က ဘုန်းကြီးဝယ်မယ့်သူပဲ၊ ဒီလောက်တော့ သည်းခံရမှာပေါ့ တခြားကိုရင်တွေကို ကပ်ပါလေ"
"ကိုရင် ဘုန်းကြီးဝတ်ချင်ရင် ရွာကျောင်းမှာ ဝတ်ရင်လည်းရသာပဲ မဟုတ်လား၊ အဲသာကြောင့် ရွာကို ပြန်လိုက် သွားစေချင်ပါတယ်"
"ကျုပ်တို့ ဘာသာ သည်မှာ အေးအေးဆေးဆေး နေတာဗျာ"
"ရွာမှာလည်း ဘုန်းကြီးကျောင်းရှိသားပဲ ကိုရင်ရဲ့၊ ဒကာမကြီးကို သနားပါတယ် ကိုရင်ရယ်၊ သူ့ခမျာမှာ ဒေါ်မင်းဘော်က ပါးချလွှတ်လို့ ထွက်ပြေးရသာ၊ သူ့သားတွေကို မဖူးရသေးဘူး"
"ရွာကျောင်းက လူများတယ်ဗျ၊ သည်မှာ အေးတယ် ဒကာမကြီးရဲ့"

"ရွာမှာလည်း ညကျမှ ကျောင်းပြန်ပြီး ကျိန်းပေါ့ ကိုရင်ရာ၊ နေ့အချိန်မှာ နားအေးပါးအေး အိမ်လာနေ၊ ကုဋီလည်း ကျင်ငယ်စွန့်ဖို့ နဲ့ ကျင်ကြီးစွန့်ဖို့ နှစ်လုံးဆောက်ပေးပါမယ်"
ထိုအာမခံစကား ကို ငထွန်းကားက စီကာပတ်ကုံး လျှောက်ထားသောအခါ မယ်မျှင်က ဝင်ပြီးပြော၏။
"ဒကာမကြီးကို သနားပါတယ် ကိုရင်ရာ" "မွေးသဲ့အမေကို ရက်စက်ရင် ငရဲကြီးတတ်သနော်" ဟု မကျီးဒန် ကလည်း လှန့်ပြန်သည်။
"ရှင်စန္ဒ ကိုရင်ဘညိန်း လိုက်မလား"
"ကိုရင်တို့ရွာ ကိုလား လိုက်မယ်ဗျာ"
ကိုရင်ဘညိန်း ခေါင်းညိတ်သောအခါ မောင်ဆေးရိုးရော မကျီးဒန်ပါ မျက်လုံးပြူးကြရသည်။ "ကိုရင် လိုက်လို့ ဖြစ်မယ်မထင်ပါဘူး" ဟု ကန့်ကွက်သံပေး၏။

"သည်မှာနေခဲ့လဲ ကိုရင်ပဲ၊ ဟိုကိုလိုက်သွားလည်း ကိုရင်ပဲ ဒကာမကြီးရေ့၊ ကျုပ်က ကြုံတုန်းမှာ လိုက် ဖူးအောင် လိုက်သာပဲ"
သာမဏေသည် မိမိ၏ကလေးဖြစ်စေကာမူ မိမိထက်မြင့်မြတ်သူဖြစ်နေသောကြောင့် ရပ်ဓလေ့ရွာဓလေ့ အရ ရိုသေကြသည်။ သို့ကြောင့် ကိုရင်ဘညိန်းကို သူ့အဖေ မောင်ဆေးရိုးနှင့် မကျီးဒန်က မတားမြစ် နိုင်။
"အစားအသောက် ဆင်းရဲမယ်နော် ကိုရင်"
"ကိစ္စမရှိပါဘူး ဒကာမကြီး၊ သည်လိုမှ မလိုက်ရင် သည်ရွာကို ရောက်ဖူးမှာ မဟုတ်ဘူး"
ငထွန်းကားနှင့် သာမဏေနှစ်ပါးရွာသို့ ပြန်မည့်ခရီးသည် ဤသို့လျှင် အပြောင်းအလွဲဖြစ်လာ၏။ မယ်ရွှေ အိမ်နှင့် မကျီးဒန်က ကိုရင်ဘညိန်းကို ညရေးညတာ စိတ်မချ။ သို့ကြောင့် မောင်ဆေးရိုး လိုက်ရတော့ သည်။

မြောင်းပေါင်လမ်းသည် လွန်ခဲ့သော ဆယ့်ငါးနှစ်နှင့် မည်သို့မျှ မထူးခြားချေ။ ကင်ပွန်းခါးပင်အချို့နှင့် ကုက္ကိုပင် အချို့ ပျောက်ကွယ်သွားငြား၊ သန်းသတ်ပင်နှင့် ကုက္ကိုပင်၊ ကပ်ပွန်းခါးပင်အချို့ကား လမ်း ဘေးတွင် ဖရိုဖရဲပေါက်ရောက်နေကြ၏။
လွန်ခဲ့သော ဆယ့်ငါးနှစ်က ငွေလမင်းသည် သည်ငွေလမင်းပေပဲ။ သို့သော် မြောင်းပေါင် တစ်လျှောက် အော်မြည်နေသော ရင်ကွဲကောင်အော်သံ ပုရစ်အော်သံများကား ယမန်နှစ် က အကောင်တွေပင် မဟုတ်တော့ပြီ။
ကိုရင်သုံးပါး သည် လှည်းတစ်စီးဖြင့် အလုပ်ရှုပ်နေကြ၏။ ကိုရင်ဘညိန်းမှာ သူ့အစ်ကိုနှစ်ယောက်ထက် နွားနှင့် ရင်းနှီး သဖြင့် လှည်းပေါ်တွင် ဆရာကြီးတစ်ဆူ ဖြစ်နေ၏။

"သူတို့ပေးတဲ့ရေနဲ့ မလောက်လို့၊ ထန်းသားပြွန်တစ်ခု မြှောင်ဖို့ အရေး ဘယ်လောက်ပေးရသယ် မှတ် သတုံး"
ညီအစ်ကိုနှစ်ယောက် ဓားကိုယ်စီထမ်းလျက် လှည်းနောက်မှ စကားတပြောပြောနှင့် လိုက်လာကြစဉ်၊ ဝါတာကွတ် တစ်ခုဘေးတွင် မြောင်ထားသော ထန်းသားပြွန်ကို တွေ့သဖြင့် မောင်ဆေးရိုးက ပြော၏။ ငထွန်းကား ထံမှ ထင်မြင်ချက်မလာ။ "ဟေ့ ဘယ်ကလှည်းတုံ၊ ရပ်လိုက်စမ်း"  အော်သံကြီး ပေါ် လာ သောကြောင့် ဖြစ်၏။
ငထွန်းကား သည် မောင်ဆေးရိုးကိုကြည့်ပြီး လေသံမထွက်ရန် လက်ဟန်ဖြင့်ပြပြီး ရှေ့သို့မျှော်ကြည့်၏။ ကိုရင်ဘညိန်း မောင်းသော လှည်းပေါ်တွင် ကောက်ရိုးထူထူပေါ်တွင် ဖျာခင်းထားသည်။ ထိုဖျာပေါ် တွင် မှိန်းလျက် လိုက်ပါလာသော ကိုရင်နှစ်ပါးက လူးလဲထသည်။

"ကိုရင် ဘာဖြစ်တာတုံး"
လရောင်အောက်တွင် ကိုရင်သော်တို့ မပီမသတွေ့ရသော အရာမှာ သေနတ်တစ်လက်ထမ်းလျက် ဓား ကိုယ်စီ ကိုင်ထားသော လူတွေဖြစ်၏။
"ဟာ ဓားပြတွေပါလား"
ကိုရင်သော်၏အော်သံပေါ်လာသဖြင့် ငထွန်းကားသည် ညီ၏လက်ကိုဆွဲလျက် နောက်ဆုတ်၏။
"ကိုရင်တွေပါကလား၊ ကိုရင်တို့ ဘယ်သွားမှာတုံး၊ လူကြီးတွေ မပါဘူးလား"
ဓားပြခေါင်းက နွားလှည်းကို ကြည့်ပြီး မေး၏။

"လူကြီးတွေ ပါတယ်၊ ဒကာကြီးတို့အသံကြားတာနဲ့ ပြေးပြီပေါ့"
ကိုရင်သော်၏ဖြေကြားသံ ဖြစ်၏။
"ကျုပ်တို့ဟာ စားစရာမရှိလို့ ဓားပြထွက်တိုက်တာ၊ ဒါကြောင့် ကိုရင်တို့ကို ချမ်းသာမပေးနိုင်ဘူး၊ သင်္ကန်းတွေ ချွတ်းထားခဲ့"
"ဒကာကြီးတို့ ငရဲကြီးတတ်သယ်"
"ကိုရင် တော်တော် စကားများပါကလား၊ ရှင်မောဂ္ဂလန်လို ရဟန္တာကြီးကိုတောင် ရိုက်သေးတာ၊ ကိုရင် တို့လို ငချွတ်များတော့၊ ကဲ စကားမများနဲ့၊ ချွတ်စမ်း၊ ချွတ် ချွတ်"
ဓားပြတစ်ယောက်သည် လှည်းနားသို့ ကပ်လာ၏။ ကိုရင်သုံးပါး၏သင်္ကန်းတွေကို အချွတ်ခိုင်း၏။

"အအေးမိတော့မှာပဲဗျာ ခင်ဗျားတို့လုပ်ပုံနဲ့"
"ဟေ့ လက်မြှောက်၊ မပြေးနဲ့"
ခက်ထန်သော အမိန့်ပေးသံနှင့်အတူ သံချင်းထိခတ်သံများ ပေါ်လာ၏။ လှည်းဘေးမှ ဓားပြ သည် နောက်ဆုတ်ပြေး၏။ ခပ်လှမ်းလှမ်းမှ ရံနေသော ဓားပြများနှင့် သေနတ်ထမ်းထားသူပါ ပြေးတော့သည်။
"ဒကာကြီး၊ မပြေးနဲ့ တဲ့"
"သူ မပြေးနဲ့ပြောတိုင်း နေရမလား ကိုရင်ရဲ့"
ဓားပြများ ထွက်ပြေးစဉ် လှည်းဘေးသို့ ငထွန်းကားညီအစ်ကို ရောက်လာကြ၏။
"ကိုရင် မောင်း မောင်း"
ကိုရင်ဘညိန်းသည် နွားတွေကို ရိုက်မောင်း၏။ လှည်းဘေးမှ လူများလည်း လှည်းနဲ့အတူ ပြေးသည်။ တစ်ဖာလုံမျှ ပြေးပြီးမှ ကိုဆေးရိုးက မောဟိုက်သံကြီးဖြင့် မေး၏။

"လွန်ခဲ့သဲ့ ဆယ့်ငါးနှစ်တုန်းက မင်းနဲ့ငါ ဓားပြအတိုက်ခံရသာ သည်နေရာမဟုတ်လားကွ၊ ဟေ အစ်ကို"
"မမှတ်မိတော့ ဘူးကွ၊ တို့ကိုတိုက်တဲ့ ဓားပြတွေလည်း သေတဲ့လူသေ၊ အဘိုးကြီးဖြစ်တဲ့ လူ လည်း ဖြစ် ရောပေါ့ကွာ"
ငထွန်းကားက ညည်းညည်းတွားတွားပြောငြား ကိုဆေးရိုးက ခန့်မှန်းကြည့်၏။
"ငါထင်သာတော့ သည်ကောင်တွေဟာ ငါတို့ကို တိုက်ခဲ့သဲ့ ဓားပြကြီးတွေရဲ့ သားမြေးဖြစ်မယ်ထင် တယ်၊ မင်းနဲ့ လက်ပမ်းသတ်သဲ့ ဓားပြကြီးတောင် မရှိတော့ဘူး၊ မင်းလည်း သေဖို့ကောင်းပြီ"
ကိုဆေးရိုးက ရယ်ရယ်မောမော ပြော၏။

"အေးကွ၊ ငါ့တစ်ကိုယ်လုံးလည်း အရက်နံ့ ဖဲနံ့စွဲနေတာပဲကွ၊ သေဖို့ကောင်းနေပြီနော်၊ အေးကွ၊ သေမင်း က လူမိုကကို မခေါ်ဘူးတဲ့"
ငထွန်းကား၏ရယ်မောသံကြီးက ရေမြောင်းကြီး၏ ရေကျသွံများကို လွှမ်းမိုးသွားလေ၏။ သို့သော် လွန် ခဲ့သော ဆယ့်ငါးနှစ်ခန့်က ဓားပြအတိုက်ခံရသူများနှင့် ယနေ့ အတိုက်ခံရသူများ မတူပေ။ သို့ကြောင့် ကိုရင်ကျော်၊ ကိုရင်သော်တို့က ပြောသောကြောင့် တစ်ရွာလုံး အုတ်အော်သောင်းနင်း ဖြစ်၏။
"ငထွန်းကားတို့ ညီအစ်ကိုနဲ့ ကိုရင်တွေ ဓားပြအတိုက်ခံရလို့တဲ့"
ဓားပြတွေ လန့်ပြီး ထွက်ပြေးကြောင်းကို ကိုရင်ကျော်က ပြောပြသောအခါ ဖိုးသူတော်နှင့် ကပ္ပိယကြီး တွေ အံ့သြနေကြ၏။
"ဓားပြတွေ ထွက်ပြေးအောင် အော်တာ ဘယ်သူတုံး၊ ကိုရင်လား"
 ကိုရင်ကျော် မှာ "အင်း" ဟု ခေါင်းညိတ်လိုငြား "လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါးတဲ့နော်" ဟု ကိုရင်သော်က သတိပေး သဖြင့် ခေါင်းမညိတ်ရဲ။ သို့ကြောင့် "တခြားသူပါ" ဟု ဖြေရ၏။ နားထောင်နေသူများလည်း "ဟာ" ဆိုကာ လှည်ထွက်သွားကြလေတော့၏။

ကိုဆေးရိုးမှာ ဆယ်နှစ်သား ကိုရင်ကလေးကို စိတ်မချသောကြောင့် လိုက်လာရခြင်းခြင်းငြား အပြုံး၏ အန္တရာယ်ကို ကြိုပြီးတွက်ထားသည်။ သို့ကြောင့် ဘုန်းကြီးကျောင်းတွင် အနေများသောအခါ အပြုံး၏ ရန်မှ ရှောင်တိမ်းပြီးသား ဖြစ်သွားလေ၏။
ကိုဆေးရိုးမှာ ငယ်စဉ်ကအခါက မရီးအကြောင်းကို ကောင်းစွာမသိပေ။ ကြာများသည်၊ ပြီတီတီနိုင် သည်ဟုသာ ကြားဖူး၏။ အစ်ကိုကိုလိုက်ပို့ရင်း အနီးကပ်နေရသောအခါ အပြုံးနှင့်လှော်လှယ်ပေးသဖြင့် စိတ်ကောင်းမရှိသော မိန်းမအဖြစ်သိရပြန်၏။
ယခု ထပ်မံပြီး အနီးကပ်တွေ့ရပြန်သောအခါ ကိုဆေးရိုးမှာ သူ့မရီး မယ်ငြိမ်းးစည်ကို မိန်းမပျင်းအဖြစ် ထပ်ဆင့်တွေ့ရပြန်သည်။ မယ်ငြိမ်းစည်မှာ အိမ်မှုကိစ္စများစွာ လုပ်ဖွယ်မရှိ။ ယခု နွားတစ်ရှဉ်းရလာ သောအခါ ဝမ်းသာအားရမရှိ။

"မောင်ကြီးရဲ့သားတွေ ကိုရင်က အထွက်ခိုင်းပေါ့"
နွားစာရှာရန်၊ နွားစာမြက်ရိတ်ရန် မယ်ငြိမ်းစည် စက်ဆုပ်သည်။ ထို့ကြောင့် ကိုရင်တွေကို အထွက်ခိုင်း သည်။
"နင့်သားတွေ နင့်ဘာသာနင် အထွက်ခိုင်း"
ကိုရင်သော့်အကြောင်းကို မအေရင်းဖြစ်ပါလျက် မသိသော မယ်ငြိမ်းစည်သည် သူ့သားကိုသော် ကိုရင် သာသနဖြစ်တော့မှ သိတော့သည်။
"ကိုရင်တော့ ထွက်တော့လေ"
ကိုရင်ကုမာရ ကိုကျော်က တစ်စုံတစ်ရာမပြော။ အေးစက်စက် စိုစိစိသမားဖြစ်ရာ ညီကို ဆွဲခေါ်လာ၏။

"ကိုရင်ရေ၊ ငါတို့ကို အထွက်ခိုင်းနေတယ်ကွ"
"ဒကာမကြီးမှာ အိမ်အလုပ်လဲ ဘာမျှမရှိဘဲနဲ့၊ နွားကျွေးရမှာ ရေခပ်ရမှာစိုးလို့ ကျုပ်တို့ကို အထွက်ခိုင်း တာ မဟုတ်လား"
ဒကာမကြီး မယ်ငြိမ်းစည်သည် သင်္ကန်းဖြင့် တင့်တယ်နေသော သူ့သားကို ခုမှ အနီးကပ်ဖူးမြော်ရ၏။
"ကိုရင်က သိပ်ပြီး စကားများတာပဲ"
မယ်ငြိမ်းစည်သည် ကိုရင်သာသန၏ကြည်ညိုဖွယ်ရာကို မမြင်ပါ။ များစွာလျှာရှည်သူအဖြစ်သာမြင်၏။
"သူများမိဘမှာ ကိုယ့်သားတွေ သာသနာ့ဘောင်မှာပျော်အောင် ညနေစောင်းမှာ အဖျော်ယမကာနဲ့၊ အရုဏ်ဆွမ်း နဲ့၊ ကျုပ်တို့ဒကာမကြီးတော့ ဟုတ်ပေါင်ဗျာ"
"လှည်းနွား မရှိခင်တုန်း ကလည်း အခုလိုပဲ စားသောက်နေရတာပဲ မဟုတ်လား၊ ဒကာမကြီးတော့ လှည်း နွားရ လာတာ မကြိုက်ပေါင်"

"ဒကာမကြီးက ပျင်းတာကိုး"
"ကိုရင်နော် ဘုန်းကြီး လျှောက်ပြီး လူထွက်ခိုင်းရမလား"
ကိုရင်သာသနသည် သူ့ဒကာမကြီးသည် မိခင်ဖြစ်သောကြောင့် ပါးစပ်မှ ထုတ်မပြောစေကာမူ အလွန် အပျင်းကြီးသည်ဟု စိတ်တွင်းက မှတ်ချက်ချထားပြီ။ သူတို့ညီအစ်ကိုကို လူထွက်ခိုင်းခြင်းအတွက် ရမ်း ဘိုကုန်းမှာကတည်းက မကျေနပ်။ ယခုသော်ကား မျက်နှာချင်းဆိုင် ပြောခွင့်ရပြီမို့ ပြောပြီ။
မယ်ငြိမ်းစည်သည် လင်ကို နိုင်သော်ငြား၊ သားကို မနိုင်။ သည်အခိုက်၌ မတ်တော်မောင် ကိုဆေးရိုး ရောက်လာသည်။
"မရီးရဲ့သားနှစ်ယောက် ဘာပြုလို့ လူမထွက်တာလဲ သိလား"
"တော့်တူတွေ တော်ပဲ သိမှာပေါ့တော်"

"သာမဏေဘဝ မှာ ကုဋီနဲ့ နောက်ဖေးသွားရသယ်၊ လှပချောမွေ့သဲ့ ကနုတံကို သုံးရသယ်။ လူထွက် လိုက်ရင် တောကြိုအုံကြား မှာ နောက်ဖေးသွားရမယ်၊ အဖုအထစ်တွေရှိတဲ့ တုတ်ခနှောင်းကိုသုံးရမယ်"
"အိုတော်၊ တစ်သက်လုံး က ဒီလိုပဲ သုံးလာကြတာကို"
"ဟုတ်သယ်လေ၊ မရီး ရဲ့သားအငယ် ကိုရင်ဝတ်လိုက်တော့မှ အဲသလို အမြင်ပေါက်သွားသာကို ပြော သာပါ"
ကိုရင်သာသန ကို အပြစ်ပြောနေစေကာမူ မယ်ငြိမ်းစည် စဉ်းစားခန်းဝင်ရတော့သည်။
"သလိုဆိုလည်း သူကြီးအိမ်မှာလိုပဲ အိမ်ဝိုင်းထဲမှာ အိမ်သာဆောက်ပေးလိုက်ရမှာပေါ့တော်"
ဤသို့ဖြင့် ငထွန်းကား မယ်ငြိမ်းစည်တို့အိမ်တွင် အိမ်သာ ပေါ်ပေါက်လာသာအခါ ကိုရင်ကုမာရ ကိုကျော် လူထွက်သည်။ "အမေ့ကို သနားပါဦး သားရယ်" စသော အပြောတွေလည်း ပါသည်။ သိုရာ တွင် ကိုရင်သာသန က လူမထွက်။ ကြိုက်စရာလူ မရှိသူက မထွက်သော်ငြား၊ ကြိုက်စရာ ကောင်မလေး သည် တစ်နေ့တစ်ခြား အလှပန်းပွင့်သည် ကို မြင်သောသူက လူထွက်သည်။

ဆက်ရန်
.

No comments: